ဝူးထုန်ရှန်း
Vol. 6 Ch. 59
“ ခင်များရဲ့ ကြွယ်ဝမှု ၊ ဒါမှမဟုတ် ပြောင်းလဲသွားတဲ့ အကျင့်စရိုက်ပဲ ဖြစ်ဖြစ် အကုန်လုံးက ပြင်ပ အကြောင်းအရင်းတွေကြောင့်ပဲ …”
“ ဘာကြောင့်လဲ ဆိုတာတော့ ခင်များလည်း ကိုယ့်ကိုယ်ကို သိပါတယ် ….”
ချန်ယွီ့ လက်ပိုက်လျက် ဝမ်တဲ့ချွမ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ အဲ့ဒီ ရုပ်ထုကြောင့်များလား ….” ဝမ်တဲ့ချွမ် မဝံ့မရဲလေး မေးလိုက်သည်။
ချန်ယွီ့ ခေါင်းညိတ်ပြီး စကားဆက်၏။ “ ခင်များအမြင်မှာ အဲ့ဒီရဲ့ ကြေးရုပ်ထုက ဆင်းရဲတဲ့ ကျေးတောသား ခင်များကို ဟန်ကျိုးရဲ့ အကောင်ကြီးကြီး တစ်ယောက် ဖြစ်လာအောင် လုပ်ပေးတဲ့အရာ ….”
“ ဒီရဲ့ ရုပ်ထုကပဲ ခင်များကို တခြားလူတွေ တစ်သက်လုံး ကြိုးစားလို့ မရနိုင်တဲ့ ကြွယ်ဝမှုကို ပေးစွမ်းတယ်လို့ ခင်များ ထင်တယ် …”
“ ဒါပေမယ့် အရာရာတိုင်းက ခင်များ မျက်လုံးနဲ့ မြင်နေရသလို ၊ ဒါမှမဟုတ် ခင်များ စိတ်ထင်နေတဲ့အတိုင်းက မှန်ကန်နေတာချည်း မဟုတ်ဘူး ….”
“ အဲ့ ကြေးရုပ်ထုက အန္တရာယ်များတဲ့ ပစ္စည်းပဲ ….”
“ အန္တရာယ်များတယ် ဟုတ်လား ….”
ဝမ်တဲ့ချွမ် ကြက်သေသေသွားခဲ့သည်။
ခေတ္တကြာပြီးနောက် ဝမ်တဲ့ချွမ် အသိစိတ်ဝင်လာသည်။
အနှီ အန္တရာယ်များသည့် ပစ္စည်းဆိုသည်မှာ မကောင်းသည့် နတ်ဆိုးပစ္စည်း တစ်ခုခုကို ချန်ယွီ့ ပြောချင်နေတာပဲ ဖြစ်ရမည်။
ကြီးပွားရန်အတွက် ရုပ်ထုကို မှီခိုစဉ်ကစပြီး ဝမ်တဲ့ချွမ်သည် ဖုန်းရွှေပညာရပ်တွင် အကြီးအကျယ် စိတ်ဝင်စားခဲ့သည်။
လူတစ်ဦးကို ကံကောင်းစေပြီး အသက်ရှည်ခြင်းကို ပေးစွမ်းသည့် အဆောင်လက်ဖွဲ့များ၊ မန္တန်များအပြင် မကောင်းသည့် နတ်ဆိုးပစ္စည်းအများအပြားလည်း ဤလောကကြီးထဲတွင် ရှိသည်။
ချန်ယွီ့၏ အစွမ်းအစကို ဝမ်တဲ့ချွမ်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ထားပြီး …
အကယ်၍ ချန်ယွီ့က ရုပ်ထုသည် အန္တရာယ်များသည့် ပစ္စည်းဟု ဆိုလာပါက ထိုရုပ်တုသည် မကောင်းဆိုးရွား ပစ္စည်းပင် မဟုတ်လော။
“ ဒေါက်တာချန် …. မင်း ပြောချင်တာ ရုပ်ထုက မစင်ကြယ်ဘူးလို့ ပြောချင်တာလား …”
သို့ဆိုသည့်တိုင် ဝမ်တဲ့ချွမ် သေချာစေရန်အတွက် အတည်ပြုချင်သည်။
ချန်ယွီ့ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာသွင်ပြင်က ရင့်ကျက်လာသည့် ကိုယ့်ကလေးကို မိဘတစ်ဦးက အားရနေသည့် မျက်နှာမျိုးပင်။
“ ဟင်း ….” ဝမ်တဲ့ချွမ် အသံကြားနိုင်သည်အထိ ကျယ်လောင်စွာ သက်ပြင်းချလိုက်၏။
ဆိုရိုးစကားများအတိုင်း ဂိမ်းကို ကစားသည့်လူများက ကြည့်သည့်လူများထက် ပိုပြီး နားလည်ဖို့လိုသည်ဆိုသည်မှာ တကယ်ကို မှန်သည်။
ချန်ယွီ့ သူ့အား ဆောင်းပါးရိပ်ခြည် ပြောဆိုနေသည်များအား ဝမ်တဲ့ချွမ် နားမလည်ဘဲ ဘယ်နေလိမ့်နည်း။
သူ ကြွယ်ဝလာပြီးနောက်ပိုင်း သူ့အကျင့်စရိုက်က ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့သည်မှာ မထူးဆန်းတော့ချေ။
သူ အမြဲ တွေးထင်နေခဲ့သည်မှာ သူ ချမ်းသာလာ၍ အကောင်ကြီးကြီး ဖြစ်လာခဲ့ပြီး ပုံမှန် စိတ်အနှောင့်အယှက် ဖြစ်စရာ အပြုအမူတို့ ပေါက်ဖွားလာခြင်း ဖြစ်မည်ဟု ကိုယ့်ကိုယ်ကို ထင်နေခဲ့သည်။
ဂုဏ်မောက်မှု၊ မာနကြီးမှု ၊ ဝင့်ဝါမှု ။
သူ့စကားကို တခြားလူများ မေးခွန်းထုတ်သူကို သူလုံးဝ ခွင့်မပြု။ ထိုသည်ကိုလည်း သူ မှားယွင်းသည်လို့ မထင်။ ဘာကြောင့်လဲဆိုတော့ သူ့ အဆင့်အတန်းကြောင့် ဖြစ်၏။
“ ဒေါက်တာချန် … ဒီပစ္စည်းက မစင်ကြယ်တဲ့ အရာဆိုရင် ဘာလို့ ငါ့ဆီကို ကံကောင်းချင်းတွေ ယူလာခဲ့ပေးလဲ …” ဝမ်တဲ့ချွမ် မေးလိုက်သည်။
သူ ဘယ်လိုပဲ တွေးပါစေ လုံးဝ နားမလည်နိုင်ချေ။
ရုပ်ထုကို ပိုင်ဆိုင်ပြီးသည့်နောက် သူ၏ ကြွယ်ဝမှုက နှင်းဘောလုံး လှိမ့်သည့်သဖွယ် အရွယ်အစားက ကြီးမားသထက် ကြီးမားလာသည်။
သူ၏ ကံတရားသည်လည်း အလွန်အမင်း ကောင်းလွန်းသည့် ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့သည်။
“ ဟင်း … ကောင်းပြီလေ … ကျွန်တော် ခင်များကို အသေးစိတ် ပြောပြလိုက်မယ် ….”
ဒီတိုင်း ညွှန်ပြရုံမျှဖြင့် ဝမ်တဲ့ချွမ် နားလည်နိုင်မှာ မဟုတ်သည့် အတွက် ချန်ယွီ့က တစ်ချို့သော ဖြစ်ရပ်များဖြင့် ပြဿနာကို မီးမောင်းထိုးပြလိုက်သည်။
ရုပ်ထုက မည်သည့်အရာကို ကိုယ်စားပြုလဲဆိုတာ သူ စတင်ရှင်းပြ၏။
ကြေးရုပ်ထုတွင် ထွင်းထုထားသည့် နတ်မင်းငါးပါးကို ဝူးထုန်ရှန်း ဟု ခေါ်သည်။
သူတို့ကို ငရဲနတ်မင်း ငါးပါးဟုလည်း လူသိများကြသည်။
သူတို့၏ နာမည်ထဲတွင် နတ်မင်း ဆိုသည့် စကားလုံးပါဝင်နေသော်လည်း အကျိုးပြုမည့် နတ်မင်းကြီးများ မဟုတ်။
တစ်ခါတစ်ရံ ဒဏ္ဍာရီ ဇာတ်လမ်းများထဲ သူတို့ကို နတ်ဆိုးများအဖြစ်ပင် တင်စားခေါ်ဝေါ်လေ့ရှိကြသည်။
ရှေးခေတ် အချိန်အခါတုန်းက ရူးနှမ်းသည့် လူတို့ အများအပြား ရှိခဲ့ကြ၏။ တန်ခိုးအစွမ်းနှင့် ကြုံတွေ့ရသည့် အခါတိုင်း နတ်မင်းဟု အမည်သမုတ်ကာ ရုပ်ထုပြုလုပ်၍ ကိုးကွယ်ဝတ်ပြုကြသည်။
အကယ်၍များ သူတို့ကို လေးလေးစားစားနှင့် ကိုးကွယ်ဝတ်ပြုနေခဲ့သည့် နတ်မင်းကြီးတို့က အယောင်ဆောင်ထားသည့် နတ်ဆိုးများ ဖြစ်နေသည်ကို နည်းနည်းလေးလောက်ပဲ သိသင့်ခဲ့ဖို့ ကောင်း၏။
နတ်ဆိုးတော်တော်များများက နတ်ဘုရားသဖွယ် ဖန်ဆင်း အသွင်ယူရင်း လူတို့ ကိုးကွယ်လာအောင် လှည့်စားရသည်ကို နှစ်သက်ကြသည်။
ဝူးထုန်ရှန်းသည်လည်း ထို့အတူပင်။
သူတို့ကိုယ်သူတို့ ကြွယ်ဝသည့် နတ်မင်းကြီးများသဖွယ် ယောင်ဝါများ ဖန်ဆင်း၍ လူတို့၏ ယုံကြည်မှုနှင့် ကိုးကွယ်ဆည်းကပ်မှုကို ရယူကြသည်။
တစ်ချိန်တည်းတွင်လည်း လူတွေ အမှန်တကယ် လိုချင်ကြသည့် ကြွယ်ဝမှုကိုလည်း သူတို့ ပေး၏။
အနှီ နတ်ဆိုးတို့က ဝတ်ပြုသည့် လူ၏ ခန္ဓာကိုယ်ထဲသို့ မကောင်းသည့် စိတ်ခံစားချက်များ၊ ကံကြမ္မာများနှင့် စသည့် အရာရာတိုင်းကို တိတ်တိတ်လေး သွန်းလောင်းကြသည်။
၎င်းတို့အား အသုံးချ၍ သူတို့၏ ခွန်အားနှင့် ကျင့်ကြံမှုအဆင့်ကို မြင့်တင်ကြသည်။
ထန်မင်းဆက်မှ ချင်မင်းဆက်အဆုံးထိ ၊ ဝူးထုန်ရှန်းသည် အင်ပါယာ ရုံးတော်၏ ငရဲနတ်မင်းကြီးများအဖြစ် အမြဲတမ်း စာရင်းသွင်းခံခဲ့ရသည်။
ဝူးထုန်ရှန်းအား ကိုးကွယ်နေကြောင်း သိသည်နှင့် ၎င်းတို့၏ ဘုရားကျောင်းများနှင့် ရုပ်ထုများကို ချက်ချင်း ဖျက်စီးကာ ဆည်းကပ်ကြသူများအား မဆိုင်းမတွ ဖမ်းဆီးသည်။
ယနေ့ခေတ်တွင် ဝူးထုန်ရှန်းကို ကိုးကွယ်ဆည်းကပ်ကြသည့် ဒေသတို့က နည်းပါးသထက် နည်းပါးလာသည်။
လူအများစုဆိုလျှင် ဤလောကကြီးထဲ၌ ထိုသို့သော နတ်မင်းများ ရှိနေသေးကြောင်းကိုပင် မသိကြတော့ချေ။
ဆိုတော့ ဝမ်တဲ့ချွမ် ကံကောင်းခဲ့လား …
သူ ကံကောင်းခဲ့တယ် …
သို့ပေမယ့် အတိုင်းအတာ တစ်ခုအထိသာ ဖြစ်၏။
မဟုတ်လည်း ယခုဘဝတွင် သူက ချမ်းသာကြီးပွားဖို့ ကံဇာတာ ပါလာခဲ့သည့်လူပင်။ ဘာမျှ ထူးမခြားနားသွားပေ။
သို့သော် ဝူးထုန်ရှန်းကို ကောက်ရပြီးသည့်နောက် သူ၏ ကံကောင်းမှုတို့က အဆုံးစွန်သို့တိုင် တိုးမြင့်ခြင်း ခံလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်တဲ့ချွမ်၏ အခြားသော ဧရိယာအစိတ်အပိုင်းများတွင် နိမ့်ကျလာသည်။
ဆွေမျိုးမိတ်ဆွေ၊ ပေါင်းသင်းဆက်ဆံရေး၊ မိသားစု အပေါ် စိတ်နေသဘောထား။
အနှီ စိတ်ခံစားချက်တို့က စတင် လျော့နည်းလာခဲ့ပြီး သူ့ကို အလွန်အမင်း အေးစက်သူ တစ်ဦးသို့ ပြောင်းလဲသွားစေခဲ့သည်။
သူများ အကြံပေးတာကို ဆတ်ဆတ်ထိမခံ ဖြစ်လောက်သည်အထိ သူ့ကိုယ်သူ ဂုဏ်ဝင့်ပြီး မောက်မာလာမည်။
သူ၏ ရည်မှန်းချက်နှင့် လွန်ကဲသည့် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုတို့က ဝါးမျိုးသွားပြီး နောက်ဆုံးတွင် လူသားဆန်မှုပါ ပျောက်ဆုံးသွားလိမ့်မည်။
ဝူးထုန်ရှန်းက တန်ဖိုးရှိသည့် သူ၏ ကုသိုလ်များ၊ကံကောင်းမှုများနှင့် အနှစ်သာရအားလုံးကို စုပ်ယူလိုက်သည်နှင့် သူသည် ခွေးဖြစ် ၊ နွားဖြစ် ၊ ဖြစ်သွားလိမ့်မည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်တဲ့ချွမ်၏ အင်္ကျီနောက်ကျော တစ်ခုလုံး ချွေးအေးတို့ဖြင့် ရွှဲနစ်လာသည်။
ကျန်းကျန့်ရှစ်သည်ပင် မဆီမဆိုင် ချွေးအေးတို့ ရွှဲနစ်နေခဲ့တော့၏။
ချန်ယွီ့ ပြောပြသွားခဲ့သည်များက လိမ္မာပါးနပ်ပြီး သဘာဝလွန်ကိစ္စရပ်တို့နှင့် ဆက်စပ်နေကြောင်းကို တစ်ခွန်းတစ်လေသော်မျှ ပြောမသွားခဲ့ချေ။
နတ်ဆိုး သို့မဟုတ် နတ်မင်းဟူသည့် စကားလုံးများလည်း မသုံးနှုန်းသွားပဲ သွယ်ဝိုက်သည့် အလွှာလေးတစ်ခုခြား၍ အရာရာတိုင်းကို နားလည်အောင် ရှင်းပြသွားခဲ့သည်။
ဝမ်တဲ့ချွမ်က သူ့ကိုယ်သူ ကြွယ်ဝချမ်းသာစေမည့် ပစ္စည်းတစ်ခု ကောက်ရခဲ့သည်ဟု ထင်ထားခဲ့သော်လည်း တကယ့်လက်တွေ့၌ ချိန်ကိုက်ဗုံး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထိုချိန်ကိုက်ဗုံးက သူ့ကိုသတ်မည့် ချိန်ကိုက်ဗုံးပင်။
ထို့ပြင် ယင်းက မိမိတို့ ချစ်ခင်မြတ်နိုးရသူတို့ မိမိကို သစ္စာဖောက်စေပြီး လူသားဆန်မှုကို ဆုံးရှုံးသွားစေမည့် အထူးဗုံးပင်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ဖို့ ဆေးစာရေးပေးပါဦး … ငါနောက်ထပ် ဆယ့်ငါးမိနစ်လေးတောင် မစောင့်နိုင်တော့ဘူး ….”
“ မပူပါနဲ့ … ဒီရောဂါက သေချာပေါက် ကုသလို့ရတယ် ….”
ချန်ယွီ့ လက်ဝှေ့ယမ်းလိုက်ပြီး ဝမ်တဲ့ချွမ်ကို စိတ်ငြိမ်ငြိမ်ထားဖို့ ညွှန်ပြလိုက်သည်။
“ ကြေးဝါရုပ်ထု သူ့မှော်အစွမ်း မကုန်ဆုံးသေးခင် ခင်များ အိမ်ကို အဲ့လို အလားတူ ပစ္စည်းမျိုး ယူလာခဲ့သေးတယ်မလား ….”
“ ဟုတ်တယ် ဟုတ်တယ် … ငါ ရုပ်ထုအကြီးစားကြီးတွေ အများကြီး ဝယ်ခဲ့သေးတယ် …”
ဝမ်တဲ့ချွမ် မငြင်းဘဲ စတင် ရှင်းပြလာသည်။
ဝူထုန်ရှန်းက ဆောင်ကြဉ်းလာခဲ့ပေးသည့် ကံကောင်းမှုတို့ မကုန်ဆုံးမီ ဝမ်တဲ့ချွမ်၏ ရည်မှန်းချက်တို့က ထိန်းချုပ်မရနိုင်သည့် အဆင့်သို့တိုင် ရောက်ရှိနေပြီး ဖြစ်သည်။
ရုပ်ထု တစ်ခုတည်းကို အိမ်တွင် ထားပြီး ဆည်းကပ်ပူဇော်လေရာ သူသည် ဘီလီယမ်နာ တစ်ဦး ဖြစ်လာသည်။
ဆိုတော့ အကယ်၍များ သူသာ ရုပ်ထု ၁၀၀ ကို ပင့်ပြီး ပူဇော်ခဲ့မယ်ဆိုရင်ကော …
နိုင်ငံထဲမှာတောင် မဟုတ်၊ တစ်ကမ္ဘာလုံးမှာတောင် အချမ်းသာဆုံး ဖြစ်သွားလိမ့်ဦးမည်။
သူထိုသို့ တွေးခဲ့မိတာ ဖြစ်သည်။
ထို့ကြောင့်ပဲ သူ့ ရည်မှန်းချက်နှင့် လောဘ၏ အားပေးအားမြောက်မှုအောက်တွင် ဝမ်တဲ့ချွမ်သည် ရူးနှမ်းသည့် တစ်စုံတစ်ရာကို ပြုလုပ်ခဲ့သည်။
သူသည် ငွေအမြောက်အများသုံး၍ ဝိဉာဏ်ပစ္စည်းဟု အမည်တွင်သည့် လက်မှုပစ္စည်းများကို ဈေးကြီးပေးဝယ်ခဲ့သည်။
ထို့ကြောင့်လဲ ချန်ယွီ့က ကြေးဝါရုပ်ထုကို အန္တရာယ်များသည့် ပစ္စည်းဟု ဆိုလာသည်နှင့် ဝမ်တဲ့ချွမ်က မကောင်းသည့် ပစ္စည်းများကို ချက်ချင်း တွေးတောမိသွားခဲ့ခြင်းပင်။
သူ ပိုပြီး ဝယ်လေလေ၊ ထိုအပိုင်းတွင် သူ၏ အသိပညာတို့ကလည်း တိုးပွားလာလေလေပင်။
“ အဓိပ္ပာယ် မရှိတာတွေ …” ချန်ယွီ့ ဆိုဆုံးမသည့် လေသံဖြင့် “ အဆောင်လက်ဖွဲ့တွေ ၊ ဂါထာမန္တန်တွေ ၊ ရုပ်ထုတွေဆိုတာ အယူသည်း အကျင့်ပျက်တဲ့ လူလိမ်တွေရဲ့ ထုတ်ကုန်ပဲ …”
“ အများဆုံးမှ ကိုယ့်စိတ်ကို နှစ်သိမ့်ပေးရုံလောက်ပဲ ရှိမှာ ….”
“ သူများတွေက အများဆုံး တစ်ခု ၊ နှစ်ခုလောက်ပဲ ဝယ်မယ် … ဒါပေမယ့် ခင်များကတော့ ရာနဲ့ချီပြီးကို ဝယ်ခဲ့တယ် ….”
“ အဲ့ထဲမှာ အန္တရာယ်များတဲ့ ပစ္စည်းတွေ ရှိမနေနိုင်ဘူးလို့ ခင်များ ဘယ်လိုလုပ်ပြီး သိလဲ ….”
ဝမ်တဲ့ချွမ် ရင်ထိတ်သွားခဲ့သည်။
ဖြစ်နိုင်တာ သူ ဝယ်ခဲ့တဲ့ ပစ္စည်းတွေထဲမှာလည်း မကောင်းတဲ့ဟာတွေ ပါနေတာလား …
“ ခင်များ အခု အိမ်ပြန်ရောက်သွားတာနဲ့ ရဟတ်ယာဉ်တစ်စင်းရှာပြီး အဲ့ဒီ ကြေးရုပ်ထုကို ပင်လယ်ထဲ လွင့်ပစ်လိုက် ….”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ထပ်ဖြည့်ပြောလိုက်သည်။ “ ဝေးနိုင်သမျှ ဝေးအောင်ပစ် … သမုဒ္ဒရာအလယ်ထဲ ပစ်နိုင်ရင် အကောင်းဆုံးပဲ ….”
“ ငါနားလည်ပါပြီ … ငါ ချက်ချင်းပဲ လူလွှတ်စီစဉ်ခိုင်းလိုက်မယ် …”
ဝမ်တဲ့ချွမ် အဖန်တလဲလဲ ခေါင်းညိတ်လာခဲ့သည်။
“ ဒါနဲ့ ကျန်တဲ့ တခြားဟာတွေကိုရော ပင်လယ်ထဲ ပစ်ရမှာလား …”
ဝမ်တဲ့ချွမ် စကားအစ်လိုက်၏။
“ ပင်လယ်က စွန့်ပစ်စရာ အမှိုက်ပုံမှ မဟုတ်တာ … အသုံးမဝင်တဲ့ ပစ္စည်းတွေ အများကြီးကို တစ်ခါတည်းနဲ့ ခင်များ ဘယ်လိုတောင် စွန့်ပစ်ချင်နေတာ ….”
“ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ကလည်း လူတိုင်းမှာ တာဝန်ရှိတယ် ….”
“ ခင်များ ကျွန်တော့်ဆီ ပေးထားရင် ပေးထားလိုက် … “ ချန်ယွီ့ တည်ငြိမ်သည့် အမူအရာဖြင့် ဆက်ပြောလိုက်ပြီး “ ဒါမှမဟုတ် ခင်များဘာသာပဲ ဖြေရှင်းလိုက်ပေါ့ ….”
“ ငါ ဒေါက်တာနဲ့ပဲ လွှဲထားလိုက်ပါမယ် … အဲ့လိုမှပဲ ငါစိတ်အေးရမှာ …”
ဝမ်တဲ့ချွမ် နဖူးထက်ရှိ ချွေးစေးတို့အား သုတ်ပြီး ပြောလိုက်သည်။
“ မာစတာချန် … ဒီတော့ … ငါ့ရောဂါက ….”
“ ကြေးဝါရုပ်ထုကို လွင့်ပစ်လိုက်တာက ခင်များရောဂါရဲ့ ဇစ်မြစ်ကို ဆွဲနှုတ်လိုက်တာနဲ့ အတူတူပဲ …” ချန်ယွီ့ လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် ခင်များရဲ့ ရောဂါက အတော်လေး ရင့်နေခဲ့တာဆိုတော့ ရောဂါ အမြစ်ကို ဖယ်ရှားပြီးရင်တောင် ခင်များရဲ့ ခန္ဓာကိုယ်က အားနည်းနေလိမ့်ဦးမယ် ….”
“ အပြည့်အဝ ပြန်သက်သာလာဖို့ဆိုတာ ခင်များအတွက် မလွယ်ဘူး …”
“ စိတ်ကျန်းမာရေး နှစ်သိမ့်နည်းလမ်းနဲ့ ခင်များရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး ကုသလို့ရတယ် ….”
“ ဘယ်လို နှစ်သိမ့်တဲ့ နည်းလမ်းလဲ …” ဝမ်တဲ့ချွမ်က အလျင်အမြန် မေးလာသည်။