← Chapters

တန်ဖိုးကြီး ပစ္စည်းမှာ သူခိုးကာကွယ်ရေးနည်းလမ်းတွေ ပါသင့်တယ် မဟုတ်လား

Vol. 6 Ch. 60

တန်ဖိုးကြီး ပစ္စည်းမှာ သူခိုးကာကွယ်ရေးနည်းလမ်းတွေ ပါသင့်တယ် မဟုတ်လား

Vol. 6 Ch. 60

“ စိတ်ကျန်းမာရေး နှစ်သိမ့်နည်းလမ်း ဆိုတာ စိတ်ကို ဖြောင်းဖြနှစ်သိမ့်ပေးခြင်းလို့လည်း လူသိများတယ် …” ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ လူတစ်ယောက်က တစ်ချို့ အရာတွေ လုပ်တာကနေတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို ရနိုင်တယ် …”

“ တကယ်လို့ ခင်များရဲ့ စိတ်နဲ့ ခန္ဓာကိုယ်က ပျော်ရွှင်တယ်ဆိုရင် ခင်များရဲ့ ရောဂါလည်း ပျောက်ကင်းသွားလိမ့်မယ် ….”

“ ဒီလိုနှစ်သိမ့်မှုမျိုးကို ပရဟိတ လုပ်ငန်းတွေမှာ အကူအညီပေးရင်း ၊ လှူဒါန်းပေးရင်းလည်း ခင်များ ရနိုင်တယ် …”

“ ဒါမှမဟုတ် အထီးကျန်ပြီး နာမကျန်း ဖြစ်နေတဲ့လူတွေ … ဒါမှမဟုတ် နွမ်းပါးတဲ့ ဧရိယာတွေမှာ လိုအပ်တဲ့ ပစ္စည်း ထောက်ပံ့ပေးတာတွေ ….”

“ တံတားဆောက်တာ ၊ လမ်းပြင်ပေးတာ ၊ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးရင်လည်း ရတယ် ….”

“ ကောင်းမှုလုပ်တာက လူရဲ့စိတ်ကို အတွင်းထဲမှာ နွေးထွေးစေပြီး တခြားလူတွေကို ကူညီပေးရင်းနဲ့ ပျော်ရွှင်မှုကိုလည်း ခံစားနိုင်တယ် …” ချန်ယွီ့ စကားကို တစ်ခွန်းချင်း ရှင်းပြပေးသွားခဲ့သည်။

“ ကောင်းတဲ့အမှုတွေ ပြုရင်း ခင်များ ပျော်ရွှင်မှုနဲ့ စိတ်နှစ်သိမ့်မှု ရလာပြီဆိုရင် စိတ်ရောဂါ ပြန်ထဖောက်လာမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး ….”

“ မိသားစု၊ သူငယ်ချင်း ၊ စီးပွားဘက်ပါတနာတွေ ၊ ခင်များ ထိခိုက်နာကျင်အောင် အများဆုံး လုပ်ခဲ့မိတဲ့ ခင်များရဲ့ ဇနီးသည်ကပါ ခင်များရဲ့ ရောဂါ အပြည့်အဝ သက်သာသွားတာနဲ့ ခင်များကို ခွင့်လွှတ်ပေးကြလိမ့်မယ် ….”

ဝမ်တဲ့ချွမ် ဂရုတစိုက်နှင့် နားစွင့်နားထောင်နေပြီး ချန်ယွီ့၏ စကားတစ်ခွန်း လွတ်သွားမှာကို စိုးရိမ်နေခဲ့သည်။

ချန်ယွီ့က သူ့ကို ကောင်းမှုများ ပြုလုပ်၍ ကောင်းမွန်သည့် ကံတရားများ စုဆောင်းခိုင်းနေခြင်းပင်။

သူ၏ နည်းလမ်းတို့က မာစတာတစ်ယောက် သူတို့၏ နယ်ပယ်တွင် စေခိုင်းသည့် အရာနှင့် ထူးမခြားနားပေ။

ချန်ယွီ့က သူ့ကို လှူဒါန်းမှုတို့ ပြုလုပ်ခိုင်းသည်ကို ကြားတော့ ဝမ်တဲ့ချွမ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။

သူ စီးပွားရေး စတင်စဉ်ကတည်းက တစ်ပြားတစ်ချပ်လေးပင် မလှူဒါန်းခဲ့ဖူးချေ။

သူ့တွင် ထိုသို့သော အကြံဉာဏ်ရှိလာခဲ့သည့်အခါတိုင်း အတွေးတစ်ခုက ခေါင်းထဲ ဝင်ဝင်လာသည်။

ဆင်းရဲတဲ့ လူတွေ ဘာကြောင့်ဆင်းရဲလဲ ၊ ပျင်းလို့ ….

ထိုသို့သော လူစားမျိုးများကို ကူညီပေးဖို့ မလိုဟု သူထင်သည်။

ယခု ပြန်စဉ်းစားကြည့်လိုက်တော့ နတ်ဆိုးက သူ့ကို ကောင်းမွန်သည့် အရာများ ပြုလုပ်ခြင်းမှ ဟန့်တားနေခြင်း ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။

ထိုနတ်ဆိုးတို့က ဝမ်တဲ့ချွမ် ကောင်းသည့် အရာများ ပြုလုပ်ရင်း ကောင်းမွန်သည့် ကံတရားတို့ စုဆောင်းမိလာမှာကို အလိုမရှိ။ ထိုအစား သူ့ကို အသူရာ ချောက်နက်ကြီးထဲသို့သာ တွန်းပို့လိုကြသည်။

သွေးအေးရက်စက်ပြီး ပြန်လမ်းမဲ့သည့် လမ်းကြောင်းပေါ်သို့ပင်။

“ ဒေါက်တာချန် … ငါ့ နာမကျန်းမှုကို ကုသဖို့ ပိုက်ဆံ ဘယ်လောက်များများ လှူဒါန်းဖို့ လိုမလဲ ….”

ဝမ်တဲ့ချွမ် ဂရုတစိုက်နှင့် မေးမြန်းလိုက်သည်။

“ ခင်များရဲ့ နှလုံးသားနဲ့ ကောင်းမှုလုပ်ခိုင်းတာ … ပိုက်ဆံနဲ့မဟုတ်ဘူး … ခင်များ အဆင်ပြေမယ်ထင်သလိုသာလုပ် ….”

“ အာ ….”

ဝမ်တဲ့ချွမ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

အဆင်ပြေသလိုလုပ်ရမှာလား …

ဘယ်လောက်ပမာဏ လှူဒါန်းဖို့ လိုလဲဆိုတာကို သူက ဘယ်လိုလုပ် သိမှာလဲ …

တစ်ပြား နှစ်ပြား လှူဒါန်းတာကလည်း လှူဒါန်းတာပဲ …

ယွမ် ၁၀ ဘီလီယမ် လှူဒါန်းတာကလည်း လှူဒါန်းတာပဲ …

“ ဒါပေါ့ လူကြီးမင်းဝမ်ရ … မင်းသာ ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မယ်ဆို ပိုလို့တောင် ကောင်းတာပေါ့ ….”

ကျန်းကျန့်ရှစ်သည်လည်း ပရဟိတသမားပင်။ ထို့ကြောင့် ဝမ်တဲ့ချွမ်ကို ပရဟိတ ဖောင်ဒေးရှင်းတစ်ခု ဖွဲ့စည်းဖို့ရာ အကြံပြုလိုက်၏။

ထိုသို့သော နည်းလမ်းဖြင့် ကုမ္ပဏီ၏ အမြတ်ငွေ တစ်စိတ်တစ်ပိုင်းကို သူ၏ နာမည်နှင့် နှစ်စဉ် လှူဒါန်းနိုင်သည်။

“ ကောင်းပြီလေ … အဲ့လိုလုပ်ကြတာပေါ့ ….”

ဝမ်တဲ့ချွမ် လေးပင်စွာ ခေါင်းညိတ်လိုက်သည်။

နှစ်စဉ် ပရဟိတ ရန်ပုံငွေများ လှူဒါန်းသည်က ယွမ် သန်းရာဂဏန်းမှ ဘီလီယမ်အထိ ရှိနိုင်သော်လည်း သူ့ကျန်းမာရေး အတွက်ကောင်းမည်ဆိုပါက တန်သည်။

ထိုအခါ သူ၏ မိသားစု၊ သူ၏ မိတ်ဆွေသူငယ်ချင်း ၊ သူ၏ ဇနီးသည်ကလည်း သူ့ကို ခွင့်လွှတ်ပေးလိမ့်မည်။

“ ဒေါက်တာချန် … ငါအခု ပြန်သွားရတော့မယ် …. အဲ့ဒီ ပစ္စည်းတွေကိုတော့ … ငါ မကြာခင် လူလွှတ်ပြီး မင်းဆီ ပို့ခိုင်းထားလိုက်ပါ့မယ် …"

ဝမ်တဲ့ချွမ်တွင် လုပ်စရာကိစ္စတို့ အင်မတန်များ၏။

သူ့ကို သစ္စာဖောက်ထားသည့် သစ္စာဖောက်များကို ဖမ်းဆီးရမည့်အပြင် ဝူးထုန်ရှန်း ရုပ်ထုအား လွင့်ပစ်၍ ဇနီးဖြစ်သူကိုလည်း အရာအားလုံး ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုအပ်နေသည်။

“ သွားပါ …”

ဝမ်တဲ့ချွမ် ထွက်ခွာသွားသည့် မြင်ကွင်းကို ချန်ယွီ့ ကြည့်နေလိုက်သည်။

ထို့နောက် အတွေးနက်နေသည့် ကျန်းကျန့်ရှစ်ဘက်သို့ ကြည့်လိုက်၏။

“ ကျောင်းအုပ်ကျန်း … ခင်များလည်းပြောစရာ ရှိတယ်ဆိုရင် ပြောလေ ….”

ထိုစကားကြားတော့ ကျန်းကျန့်ရှစ် ရှက်ကိုးရှက်ကန်း ဖြစ်စွာ မေးလာသည်။ “ ဒေါက်တာချန် … ငါလည်း မင်းဆီကနေ ကုသရေး ပစ္စည်းလေး နည်းနည်းပါးပါး ဝယ်ချင်လို့ပါ … ငါ ဘယ်တစ်ခုကို ဝယ်သင့်တယ်လို့ ထင်လဲ …..”

ချန်ယွီ့နှင့် တွေ့ဆုံပြီးနောက် ကျန်းကျန့်ရှစ်၏ ကမ္ဘာကြီးအပေါ် ရှုမြင်သည့် ပုံစံတို့မှာ ကွဲပြားသွားခဲ့ပြီး လောကကြီးထဲ တစ္ဆေနှင့် နတ်ဘုရားတို့ တည်ရှိနေသည်ဆိုတာကို စပြီး ယုံကြည်လာခဲ့တော့သည်။

အထူးသဖြင့် ဝမ်တဲ့ချွမ်၏ ဖြစ်ရပ်ကို ကိုယ်တိုင် ကြားသိရပြီး နောက်တွင်ဖြစ်၏။ ကျန်းကျန့်ရှစ်လည်း အဆောင်လက်ဖွဲ့ ၊ ဒါမှမဟုတ် တစ်ခုခုကို ချန်ယွီ့ဆီကနေ ဝယ်ယူပြီး သူ့ကိုယ်သူ လုံခြုံအောင် ကာကွယ်ထားချင်သည်။

ကြိုတင်ကာကွယ်ထားသည်က ဘယ်တော့မှ မမှားပေ။

“ ခင်များက အခုလည်း ကျန်းမာရေးကောင်းနေတာကို ကျွန်တော် အထူးတလှယ်ကြီး ရွေးပေးဖို့ မလိုပါဘူး …”

“ ခင်များ ကြိုက်တာ ဝယ်သွား …”

ချန်ယွီ့ ပြုံးလျက် ဖြေလိုက်၏။

“ ငါ နားလည်ပြီ …”

ချန်ယွီ့ ဆိုလိုချင်သည်ကို ကျန်းကျန့်ရှစ် ချက်ချင်းပဲ နားလည်သွားခဲ့သည်။

ချန်ယွီ့ ပြောသည့် ကျန်းမာရေး ကောင်းမွန်သည်က သူသည် အချိန်တစ်ခုလောက်တော့ ထူးဆန်းသည့်အရာများ သို့မဟုတ် ကံမကောင်းသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့မှာ မဟုတ်ဟု ဆိုလိုနေခြင်းပင်။

ထိုသို့ဆိုတော့လည်း သူ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည့် ပစ္စည်းလေးအား ရွေးချယ်လိုက်တော့မည်။

စင်ရှေ့သို့ လျှောက်လှမ်းသွားရင်း ကျန်းကျန့်ရှစ် အရင်ဦးဆုံး သူ့ရှေ့ရှိ “ဆေးဝါး”များကို ကြည့်ရှုလိုက်သည်။

တခြားစင်သို့ သွား၍လည်း “ကုသရေးပစ္စည်း”များကို ကြည့်လိုက်သေး၏။

ပစ္စည်းအများစု၏ ဈေးနှုန်းက ယွမ် တစ်သိန်းပင်။

အနည်းငယ်သော တစ်ချို့တစ်လေကသာလျှင် ထို့ထက်ပိုပြီး ဈေးကြီး၏။

“ ဒေါက်တာချန် … ဒါလေးက ဘာကောင်းတာလဲတဲ့ ….”

ကျန်းကျန့်ရှစ်က ဆိတ်ပုံစံ ကာတွန်းမျက်နှာဖုံးကို လက်ထဲကိုင်ထားပြီး မေးလိုက်သည်။

ချန်ယွီ့ ခေါင်းမော့ကြည့်၍ ရှင်းပြလိုက်၏။ “ ပျော်ရွှင်တဲ့ သိုးလေးက ဉာဏ်ရွှင်တဲ့ ၊ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ၊ ရဲရင့်တဲ့ ၊ အရင်းအမြစ်ပေါများတဲ့ ကာတွန်း ဇာတ်ကောင်တစ်ကောင်ပဲ …”

“ တကယ်လို့ ခင်များ ဝတ်ဆင်မယ်ဆိုရင် ခင်များကိုယ်ခင်များ ပျော်ရွှင်တဲ့ သိုးလေးလို့ မြင်ယောင်ပြီး အိုင်ကျူမြင့်လို့ရတယ် ….”

“ အဲ့ပစ္စည်းက သုတေသန ပညာရှင်တွေအတွက် သင့်တော်တယ်….”

ပျော်ရွှင်တဲ့ သိုးလေး ကာတွန်းမျက်နှာဖုံးကို ကိုင်ကြည့်ရင်း ကျန်းကျန့်ရှစ် အံ့အားသင့်သွားခဲ့သည်။

မျက်နှာဖုံးတစ်ခုက ဉာဏ်ရည်တိုးမြင့်ပေးနိုင်တယ်တဲ့လား …

ဒီလိုမျိုး ကောင်းကင်ကို ဖီဆန်နေတဲ့ပစ္စည်းမျိုးက ရှိနိုင်လို့လား …

သူ ဆက်ပြီး ကြည့်လိုက်တော့ ကျန်းကျန့်ရှစ်၏ အမြင်အာရုံကို ယွမ် ၄ သိန်း တံဆိပ်ကပ်ထားသည့် ပစ္စည်းတစ်ခုက ဖမ်းစားသွားခဲ့၏။

အာထရာမန်း မျက်နှာဖုံးပင်။

ပျော်ရွှင်တဲ့ သိုးလေး မျက်နှာဖုံးက ယွမ် ၃ သိန်း ဖြစ်ပြီး အာထရာမန်း မျက်နှာဖုံးကတော့ ယွမ် ၄ သိန်းပင်။

ဤပစ္စည်းနှစ်ခုက ပုံမှန် ပစ္စည်းများ မဟုတ်သည်မှာ ကျိန်းသေသည်။

“ ဒါလေးကရော ဒေါက်တာချန် …..”

“ ဒါက တခြားတစ်ခု ….” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်ပြီး “ အာထရာမန်းက အလင်းရဲ့စွမ်းအား၊ တရားမျှတမှုကို ကိုယ်စားပြုတယ် … ခင်များရော အလင်းရဲ့ စွမ်းအားကို ယုံကြည်လား ….”

“ အာ …”

ကျန်းကျန့်ရှစ် အကြံအိုက်သွားခဲ့သည်။

သူက ဘာမို့လို့ အလင်းရဲ့ စွမ်းအားကို ယုံကြည်ရမှာ …

သူငယ်တန်းကလေးလည်း မဟုတ် ….

“ ခင်များ ယူမယ်ဆို ပျော်ရွှင်တဲ့သိုးလေး မျက်နှာဖုံးကို ယူသင့်တယ် ….”

အနှီ ပစ္စည်းများကို ချန်ယွီ့ကိုယ်တိုင် ဝိဉာဏ်စွမ်းအားများ ထည့်သွင်း၍ ဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းတို့ တစ်ခုချင်းစီတိုင်းတွင် ထူးခြားသည့် ဝိသေသတို့ ရှိသည်။

ပစ္စည်းတစ်ခုချင်းစီတိုင်းက အစွမ်းထက်သည့်အပြင် လူတိုင်း တတ်နိုင်သည့်အရာလည်း မဟုတ်ပေ။

အရာအားလုံးက သူ့ကြမ္မာနှင့်သူ ပါလာပြီးသားပင်။

ကျန်းကျန့်ရှစ်က အလင်းရဲ့ စွမ်းအားကို မယုံကြည်ပေ။ ဆိုလိုသည်မှာ သူနှင့် အာထရာမန်း မျက်နှာဖုံးက ရေစက်ပါမလာဟူ၍ပင်။

တစ်ခြားတစ်ဖက်ရှိ ပျော်ရွှင်တဲ့ သိုးလေးကတော့ သူနှင့် အင်မတန် လိုက်ဖက်ညီလှသည်။

အကယ်၍ ကောင်းမွန်စွာ အသုံးပြုမည်ဆိုပါက ကျန်းကျန့်ရှစ်၏ အလုပ်အကိုင် လမ်းကြောင်း တစ်လျှောက် ကောင်းကောင်းကြီး အသုံးတည့်နိုင်သည်။

ကျန်းကျန့်ရှစ်လည်း ချန်ယွီ့ အကြံပေးတာကို လက်ခံ၍ ပျော်ရွှင်တဲ့သိုးလေး မျက်နှာဖုံးကို ယွမ် ၃ သိန်းပေးပြီး ဝယ်လိုက်သည်။

“ ထွက်သွားဖို့ မလောနဲ့ဦးလေ ….”

ထွက်ခွာဖို့ ဟန်ပြင်နေသည့် ကျန်းကျန့်ရှစ်ကို မြင်တော့ ချန်ယွီ့ လှမ်းအော်လိုက်၏။

“ ခင်များကို အသုံးပြုရမည့် လမ်းညွှန်မပေးရသေးဘူး ….”

‘ ဒါ … ဒီဥစ္စာက အဲ့လို အသုံးပြုလမ်းညွှန် လိုအပ်တာလား …’

ကျန်းကျန့်ရှစ် စိတ်ထဲကြိတ်ပြီး စောဒကတက်လိုက်သည်။

မသိပါက တကယ့်ကို နည်းပညာ ပစ္စည်းတစ်ခုလိုပင်။

“ ပထမဦးဆုံး ခင်များ မှတ်ထားရမှာက ဘယ်လို ညစ်ညမ်းတဲ့ အရာမျိုးနဲ့မှ မျက်နှာဖုံးကို ပေးမထိဖို့ဘဲ …”

“ ဒုတိယ မှတ်ထားရမှာက ခင်များ ပထမဆုံးအကြိမ် မဝတ်ခင် ခင်များရဲ့ သွေးကို မျက်နှာဖုံး နောက်ကျောမှာ သုတ်ပြီး ကိုယ့်ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်ကို ရေးထားဖို့ လိုမယ်….”

“ တတိယ မှတ်ထားရမှာက ခင်များ ဒီပစ္စည်းကို သေချာသိမ်ထားပြီး ဘယ်သူ့ကိုမှ ငှားမပေးဖို့ပဲ ….”

တတိယ အချက်ကို ပြောပြနေသည့် အချိန်၌ ချန်ယွီ့၏ လေသံက အလွန်အမင်း လေးနက်တည်ကြည်နေလျက် ရှိသည်။

ကျန်းကျန့်ရှစ် အလျင်အမြန်ပဲ ကတိပေးလိုက်၏။ အကယ်၍ သူ့သားက လိုချင်လျှင်ပင် သူ ပေးမှာ မဟုတ်ချေ။

“ ကောင်းပြီ … ဒါဆို ဘာပြဿနာမှ မရှိတော့ဘူး ….”

“ ခင်များမှာ မေးစရာ ရှိသေးလား …” ချန်ယွီ့ မေးလိုက်သည်။

“ ရှိတယ် …”

“ ဒေါက်တာချန် … ငါ ပထမနဲ့ တတိယအချက်ကို နားလည်နိုင်သေးတယ် ….” ကျန်းကျန့်ရှစ် ကိုးရို့ကားယား ပြုံးလိုက်ပြီး “ ဒါပေမယ့် ဒုတိယအချက်ကိုတော့ နားမလည်ဘူး …”

“ ဘာလို့ ငါ့နာမည်နဲ့ မွေးနေ့ကို သွေးနဲ့ မျက်နှာဖုံးပေါ် ရေးရမှာလဲ ….”

“ သူခိုးကာကွယ်ဖို့လေ …”

“ ဟင် … သူခိုးကာကွယ်ဖို့လား ….”

ကျန်းကျန့်ရှစ် ကြက်သေသေသွားခဲ့သည်။

ချန်ယွီ့က ချက်ကျလက်ကျ လေသံဖြင့် “ ခင်များ ဒီမျက်ဖုံးကို ယွမ် ၃ သိန်းပေးဝယ်ခဲ့တယ် ဟုတ်တယ်ဟုတ် …”

“ ဟုတ်တယ်လေ ….”

“ ဒါ တန်ဖိုးကြီးတဲ့ ပစ္စည်း …”

“ အင်း အမှန်ပဲ …”

“ တန်ဖိုးကြီးတဲ့ ပစ္စည်းမှာ သူခိုးကာကွယ်တဲ့ နည်းလမ်းတွေ ထည့်ထားတယ်ဆိုတာ ဖြစ်သင့်တာပဲ မဟုတ်ဘူးလား ….”

ချန်ယွီ့ လက်ဖြန့်ပြလျက် ပြောလိုက်သည်။

ကျန်းကျန့်ရှစ် ငိုင်တွေသွားခဲ့သည်။ ချန်ယွီ့ ပြောသည်ကလည်း ယုတ္တိရှိနေသည်။

ဒါပေမယ့် သွေးနဲ့ရေးရမယ်ဆိုတာကြီးကတော့ …..

ထားလိုက်တော့ ထားလိုက်တော့ … ဘာနဲ့ပဲဖြစ်ဖြစ် ထားလိုက်တော့ …

သူသာ ချန်ယွီ့ကို စိတ်တိုအောင် လုပ်မိပြီး ပစ္စည်း မရောင်းတော့ဘူး ပြောလာပါက ပိုပြီး ကိုးရို့ကားယား နိုင်သွားလိမ့်မည်။

ကျန်းကျန့်ရှစ်က ပျော်ရွှင်နေတဲ့ သိုးလေး မျက်နှာဖုံးကို ကိုင်ပြီး ချန်ယွီ့၏ စိတ်ကျန်းမာရေး ဆေးခန်းထဲက ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ခွာသွားခဲ့၏။

တစ်နာရီ ကြာပြီးနောက် အနက်ရောင် SUV တစ်စင်းက ဆေးခန်းပေါက်ဝသို့ ထိုးရပ်လာသည်။

စာစဉ် (၆)ပြီး၏။

All Chapters