စွန်းချန် ရောက်ရှိလာခြင်း
Vol. 9 Ch. 121
ကမ္ဘာသစ်အတွင်းရှိ လေထုအတွင်းတွင် ပျံဝဲနေရင်း ကျန်းရွှမ်၏စိတ်အာရုံသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် ခမ်းနားကြီးကျယ်သော ခန်းမဆောင်တစ်ခုအတွင်းသို့ ကူးပြောင်းရောက်ရှိသွားသည်။
ခန်းမဆောင်၏ အလယ်ဗဟိုတွင် အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ရုပ်ထုတစ်ခုရှိသည်။ သူမသည် သူမ၏သွယ်လျသောခါးနှင့် အရပ်မြင့်သောကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသော အနီရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်ခုံးများမှ သူရဲကောင်းဆန်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေပေ၏။ ဤသည်မှာ ကျန်းရွှမ်၏ပထမဆုံးတပည့် ကျောက်ယာပင်။
လွန်ခဲ့သောငါးနှစ်က ကျန်းရွှမ်နှင့် သူ၏ယောက္ခမ နယ်ယွမ်တို့သည် ဤကမ္ဘာကို အတူတကွ ဖန်တီးခဲ့ကြသည်။ ဤကမ္ဘာကို ဖန်တီးပြီးနောက် သူတို့သည် ကျောက်ယာ ကျန်းယန်နှင့် တခြားသူများကို ဤနေရာသို့ခေါ်ဆောင်လာပြီး စည်းမျဉ်းများကို ပို၍နားလည်စေခဲ့သည်။ နောက်ဆုံးတွင် လွန်ခဲ့သောတစ်နှစ်က သူတို့သည် ကောင်းကင်နှင့်မြေပြင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဧကရာဇ်အဆင့်သို့ရောက်ရှိခဲ့ကြသည်။
အထူးအရည်အချင်းမရှိသော စွန်းချန်ပင်လျှင် ကျန်းရွှမ်၏အကြိမ်ကြိမ် စွမ်းအားဖြည့်တင်းပေးမှုများကြောင့် သူတို့နှင့်တူညီသော ကျင့်ကြံဆင့်ကို ရရှိခဲ့လေ၏။
ကမ္ဘာသစ်တွင် ဧကရာဇ်တစ်ပါးဖြစ်ခြင်းသည် ကောင်းကင်ဘုံနယ်မြေ၌ ဧကရာဇ်တစ်ပါးဖြစ်ခြင်းနှင့် ခွန်အားအရ မည်သည့်ကွဲပြားခြားနားမှုမျှ မရှိချေ။ တစ်နည်းဆိုရလျှင် စွန်းချန်သည် ယခုအချိန်တွင် နတ်မိမယ်လင်းလုံနှင့် သေခြင်းမဲ့ဧကရာဇ်တို့ကဲ့သို့သော ထိပ်သီးကျင့်ကြံသူများနှင့် တန်းတူအဆင့်တွင် ရှိနေလေပြီ။
"ငါ့ကို ရှာနေစရာ မလိုဘူး.. ငါ ဒီမှာရှိတယ်.. မင်းတို့အားလုံး ဒီဘက်ကို လာခဲ့ကြတော့..."
ကျန်းရွှမ်က လက်နောက်ပစ်ရင်း မတ်တတ်ရပ်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
မရေမတွက်နိုင်သောလူများ၏ အမွှေးတိုင်နှင့် ပူဇော်သက္ကာရများကို လက်ခံရရှိသော ခန်းမဆောင်အတွင်းမှ ရုပ်တုသည် ကျောက်ယာ၏အသိစိတ်အစအနတစ်ခုကို ထိန်းသိမ်းထားသည်။ ဤနေရာတွင် စကားပြောခြင်းဖြင့် သူသည် နယ်ယွမ်ဖန်တီးခဲ့သော ကောင်းကင်ဘုံတွင် သူမ ရှိနေပါက ချက်ချင်းဆက်သွယ်နိုင်ပေမည်။
ကောင်းကင်ဘုံရှိ စည်းဝေးခန်းမဆောင်အတွင်း၌...
နယ်လင်းရှီ လော့ချီးချီး သေခြင်းမဲ့ဧကရာဇ် ကျောက်ယာ ကျန်းယန်နှင့် တခြားလူများ စုရုံးနေကြပြီး သူတို့၏မျက်နှာအမူအယာများသည် တည်ကြည်လေးနက်နေကာ အခန်းအတွင်းရှိ လေထုသည် လေးလံနေပေ၏။
"သူတို့က တကယ်ပဲ ရင်းမြစ်ကမ္ဘာလို့ခေါ်တဲ့နေရာထဲကို စွန့်စားဝင်ရောက်သွားကြတာလား" နယ်လင်ရှီးက စိုးရိမ်ပူပန်မှုများပြည့်နေသော အမူအယာဖြင့် တီးတိုးပြောဆိုလိုက်သည်။
ကျန်းရွှမ်၏ ရုတ်တရက်ပျောက်ကွယ်သွားမှုသည် သူတို့အားလုံးကို စိုးရိမ်ပူပန်စေခဲ့သည်။ သူတို့သည် ဖြစ်နိုင်ခြေရှိသောနေရာတိုင်းကို အထက်အောက်လှန်လှောကာ နေရာအနှံ့အပြား၌ ရှာဖွေခဲ့ကြသော်လည်း သူ၏အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
"အဲ့ဒီနေရာက အန္တရာယ်တွေပြည့်နေတာ.. ဆရာသာ အဲ့ဒီကိုသွားခဲ့ရင် သူ့ရဲ့လုံခြုံရေးအတွက် ငါစိုးရိမ်မိတယ်…"
ယွမ်ထောင်က သက်ပြင်းတစ်ချက်ရှိုက်ရင်း ညည်းတွားလိုက်သည်။
"ဆရာကတော်က လမ်းသိရဲ့လား... တကယ်လို့ သိနေတယ်ဆိုရင် ကျွန်တော်တို့လည်း လိုက်သွားသင့်တယ်"
ကျန်းယန်၏မျက်လုံးများအတွင်းတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေပြီး သူ မတ်တတ်ထရပ်လိုက်သည်။
"ဟုတ်တယ်...ငါတို့အားလုံးအတူတူသွားတာ ပိုကောင်းတယ်...."
လျှူယန်က သဘောတူလိုက်၏။
ဆရာရှိရာနေရာတိုင်းသို့ သူတို့လည်း လိုက်ပါသွားရပေမည်။ ဤသည်မှာ သူတို့အတွက် ပင်ကိုစရိုက်တစ်ခု ဖြစ်နေခဲ့လေပြီ။
"ငါက ကြားဖူးရုံပဲရှိတာ...အဲ့ဒီနေရာကို ဘယ်လိုဝင်ရမလဲ....ဘယ်က စသွားရမလဲဆိုတာ ငါ မသိဘူး"
နယ်လင်းရှီက ခေါင်းခါလိုက်သည်။
"ငါတို့ စိတ်မလောကြရအောင်...သူသာအဆင်ပြေရင် သတင်းစကားတစ်ခုခုတော့ သေချာပေါက်ပို့မှာပဲ.... ငါတို့က သူ့ကို ရှာမတွေ့နိုင်မှတော့ ဒီမှာစောင့်နေတာက ပိုကောင်းတယ်"
"ဆရာကတော်ပြောတာ အမှန်ပဲ.... ငါတို့စောင့်သင့်တယ်"
ကျောက်ယာက ဖြောင့်ဖျလိုက်သည်။
သို့ရာတွင် သူမ၏စကား အဆုံးမသတ်သေးမီမှာပင် ရုတ်တရက် တစ်စုံတစ်ခုကိုခံစားမိသဖြင့် ဆတ်ခနဲမတ်တတ်ထရပ်လိုက်ကာ သူမ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပေ၏။
"ဘာဖြစ်တာလဲ...."
လူများအားလုံး သူမကို လှည့်ကြည့်လိုက်ကြသည်။
"ဆရာက ကမ္ဘာသစ်မှာရှိနေတယ်...သူ အခုပဲ ကျွန်မကို ဆက်သွယ်လာတယ်"
ကျောက်ယာက ရှင်းပြလိုက်သည်။
"ဒါဆို ဘာကိုစောင့်နေကြမှာလဲ....သွားကြစို့"
နယ်လင်းရှီသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ အလျှင်အမြန်ပျံသန်းသွားပြီး တခြားလူများအားလုံးလည်း ထပ်ချပ်မကွာလိုက်ပါသွားကြသည်။
သူတို့သည် မြင့်သထက်မြင့်အောင် ပျံတက်သွားကြပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဖရိုဖရဲအပျက်အစီးများအကြားတွင် မျောလွင့်နေသော ဧရာမတံခါးကြီးတစ်ခုထံသို့ ရောက်ရှိသွားပေ၏။
ဤသည်မှာ ကျန်းရွှမ်နှင့်နယ်ယွမ်တို့ အတူတကွ တည်ဆောက်ခဲ့သော လေဟာနယ်ဝင်္ကပါပင်။ ဤအရာသည် ကမ္ဘာသစ်နှင့်ကောင်းကင်ဘုံကြား လွတ်လပ်စွာသွားလာခွင့်ပြုသည်။
ကျောက်ယာက တံဆိပ်ပြားနှစ်ခုကိုထုတ်ယူပြီး တံခါးပေါက်၏ ဘေးတစ်ဖက်တစ်ချက်ရှိ အပေါက်များအတွင်းသို့ ထည့်လိုက်သည်။ နောက်ထပ်တစ်ခဏတွင် "ကျွီ..." ဟူသော အသံနှင့်အတူ တံခါးသည် ဖြည်းညှင်းစွာပွင့်သွားပြီး ထူးခြားသည့် အရာတစ်ခု လေထုထဲတွင် ပြည့်နှက်သွားသည်။
ကမ္ဘာသစ်နှင့်ကောင်းကင်ဘုံသည် ဆက်သွယ်ထားသော်လည်း မတူညီသော စည်းမျဉ်းများရှိသည့် သီးခြားကမ္ဘာနှစ်ခုဖြစ်နေဆဲပင်။ ထိုအရာနှစ်ခုကို လုံးလုံးလျားလျား ပေါင်းစပ်၍မရချေ။ ထိုသို့မဟုတ်ပါက ဆန့်ကျင်ဘက်ဖြစ်နေသော စည်းမျဉ်းများကြောင့် ကမ္ဘာနှစ်ခုလုံး ပြိုလဲသွားနိုင်သည်။
ဤအကြောင်းအရင်းကြောင့် ကျန်းရွှမ်သည် ကမ္ဘာတစ်ခု၏အရှင်သခင်အဆင့်သို့ ရောက်ရှိနေသော်လည်း ကောင်းကင်ဘုံသို့ ပေါ့ပေါ့ဆဆပြန်မသွားဝံ့ခဲ့ချေ။။
အမှန်အားဖြင့် 'ပေါ့ပေါ့ဆဆမဟုတ်'ဟူသည်မှာ လုံးလုံးလျားလျား ပြန်မသွားနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။
"သွားကြစို့..."
တံခါးပေါက်ပွင့်သွားသည်နှင့် ကျောက်ယာနှင့်တခြားသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ နောက်ထပ်အချိန်တခဏတွင် သူတို့အားလုံးသည် ကျောက်ယာ၏ရုပ်တုတည်ရှိရာ ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာကြပြီး သူတို့ လွမ်းဆွတ်တမ်းတနေခဲ့ရသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
"မင်းတို့အားလုံး ရောက်လာကြပြီပဲ.."
ကျန်းရွှမ်သည် သူတို့အနက် တစ်ယောက်မကျန်ရှိနေသည်ကို မြင်တွေ့ချိန်၌ ပြုံးလိုက်၏။
"ကျန်းရွှမ်..."
"ဆရာ...."
သူ ဘေးကင်းလုံခြုံနေသည်ကို မြင်တွေ့ချိန်၌ လူတိုင်း စိတ်အေးသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။
"ရှင် တကယ်ပဲ ရင်းမြစ်ကမ္ဘာကို သွားခဲ့တာပဲ... အဲ့ဒီမှာ ဘယ်လိုအခြေအနေရှိလဲ"
နယ်လင်းရှီက ကျန်းရွှမ်၏အရှိန်အဝါသည် ယခင်ထက် ပို၍ခိုင်မာပြီးနက်ရှိုင်းနေသည်ကို သတိပြုမိသဖြင့် သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။ သူမပင်လျှင် သူ၏စွမ်းအားအတိမ်အနက်ကို မခွဲခြားနိုင်ချေ။
"အဲ့ဒီက စည်းမျဉ်းတွေက ပိုပြီးတင်းကြပ်တယ်…"
ကျန်းရွှမ်က လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ပြောပြလိုက်သည်။ အမှန်အားဖြင့် သူ မြင်းတစ်ကောင်၏ရိုက်နှက်ခြင်း ခံခဲ့ရသည့်အပိုင်းကို ချန်လှပ်ထားခဲ့သည်။ သူ၏တပည့်များရှေ့တွင် ထိုအကြောင်းကို ပြောပြရန် မလိုအပ်ပေ။
"ဒီတစ်ခါ ငါလာတာက စွန်းချန်ကို ခေါ်သွားဖို့ပဲ... ငါတို့ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုခု ရှာလို့ရမလားဆိုတာ ကြည့်ချင်တယ်....ငါတို့မှာ လုံလောက်တဲ့အရင်းအနှီးနဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်ရပြီဆိုရင် မင်းတို့အားလုံးကိုလည်း ခေါ်သွားမယ်"
ကျန်းရွှမ်က သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။
"ကောင်းပါပြီ...ကျွန်တော် သခင်လေးနဲ့ လိုက်ခဲ့ပါ့မယ်"
စွန်းချန်က ရှေ့သို့တက်လာသည်။
"ဆရာ....ကျွန်မတို့လည်း လိုက်ချင်တယ်...." ကျောက်ယာက ချက်ချင်းပြောဆိုသည်။
"ကျွန်တော်တို့လည်း လိုက်ချင်တယ်"
ကျန်းယန်က စကားဝိုင်းအတွင်းသို့ ဝင်ရောက်ပြောဆိုလေ၏။
"ရင်းမြစ်ကမ္ဘာရဲ့ ကောင်းကင်ဘုံလမ်းက အာရုံခံနိုင်မှု အရမ်းမြင့်မားတယ်... ငါ သွားတုန်းကတောင် ငါ့ကို ရှာမတွေ့သွားအောင် ငါ့ရဲ့စွမ်းအားတွေအားလုံးကို ကမ္ဘာသစ်ထဲမှာ ဝှက်ထားခဲ့ရတယ်.... မင်းတို့အားလုံး အတူတူသွားရင် ရှာတွေ့ခံရနိုင်ခြေပိုများပြီးတော့ အကူအညီဖြစ်မယ့်အစား ငါ့အတွက် ပြဿနာတွေပဲ ပိုများလာလိမ့်မယ်..."
ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
ပတ်ဝန်းကျင်အသစ်တွင် ယုံကြည်စိတ်ချရသောလူတစ်စုရှိခြင်းသည် အမှန်တကယ်အကျိုးရှိသော်လည်း ရင်းမြစ်ကမ္ဘာသည် မတူညီချေ။ ထိုနေရာ၌ ခြေတစ်လှမ်းမှားလိုက်ရုံဖြင့် အရာအားလုံးပျက်စီးသွားနိုင်သဖြင့် သတိထားခြင်းသည် အဓိကအရေးပါဆုံး အချက်ပင်။
"နားလည်ပါပြီ…"
သူတို့သည် မလိုလားသော်လည်း မည်သူကမျှ စောဒကမတက်ဝံ့သောကြောင့် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"သခင်လေး... ကျွန်တော်က ခင်ဗျားနဲ့လိုက်ခဲ့မယ်"
ကြက်ပေါက်လေးက ရယ်မောပြီး ပြောဆိုသည်။
"ကျွန်တော်က အင်မော်တယ်တစ်ယောက် ဖြစ်ပြီးတော့ ကြက်တစ်ကောင်အဖြစ်လည်း ပြောင်းလဲနိုင်တယ်... ဒါကြောင့် တခြားလူတွေအာရုံစိုက်တာကို သိပ်မခံရလောက်ဘူး"
"မင်းလား... မင်း မလိုက်တာ ပိုကောင်းမယ်…"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။ ကြက်ပေါက်လေးသည် အန္တရာယ်မရှိဟု ထင်ရသော်လည်း အမှန်အားဖြင့် ဒုက္ခပေးတတ်သည်။ ပါမောက္ခကုန်းမြေမှ သူတို့၏ခရီးစဉ်ကတည်းက ထိုကြက်ပေါက်လေးသည် ပြဿနာများကို အနည်းငယ်ထက်မက ရှာခဲ့လေ၏။
"ကျွန်မ…"
နယ်လင်းရှီက စကားစပြောရန် ဟန်ပြင်လိုက်သော်လည်း ကျန်းရွှမ်က သူမကို ကြားဖြတ်ပြောဆိုလိုက်သည်။
"လင်းရှီး...မင်းအတွက် အလုပ်တစ်ခုရှိတယ်...ခုန်းရှီနဲ့ ငါ့ယောက္ခမတို့ အန္တရာယ်ကျရောက်နေနိုင်တယ်လို့ ငါ ထင်တယ်...သူတို့ဆီက သတင်းစကားတစ်ခုခု ရမလားဆိုတာ စောင့်ကြည့်နေပါ..တကယ်လို့ မင်း သတင်းရလာခဲ့ရင် နည်းလမ်းရှာပြီး ငါ့ကို ချက်ချင်းအကြောင်းကြားပါ"
နယ်လင်းရှီက ခေါင်းညိတ်လိုက်သော်လည်း သူမ၏နူးညံ့သော မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။
"ဒါပေမဲ့… ကျွန်မ ရှင်ကို ဘယ်လိုဆက်သွယ်ရမှာလဲ"
သူတို့အကြားတွင် ကမ္ဘာနှစ်ခု ခြားနားနေသောကြောင့် ယခုကဲ့သို့ အတွေးတစ်ချက်ဖြင့် ဆက်သွယ်နိုင်သည်နှင့် မတူဘဲ လွယ်ကူလိမ့်မည်မဟုတ်ချေ။
ကျန်းရွှမ်က သူ၏လက်ညှိုးကို ညွှန်ပြလိုက်ရာ သူ၏လက်ချောင်းထိပ်တွင် ဓားချီစွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။ ထိုအရာသည် သူ၏ဇနီးထံသို့ ပျံသန်းသွားပေ၏။
"ဒါက 'ကောင်းကင်ဘုံရဲလသောက' ထဲက ဓားချီစွမ်းအားလှိုင်းတစ်ခုပဲ... မင်း ငါ့ကို ဆက်သွယ်ဖို့လိုရင် မင်းရဲ့သတင်းစကားကို ဒီဓားချီစွမ်းအားထဲကို ထည့်လိုက်ပါ....ဘယ်လောက်ထိများတဲ့ကမ္ဘာတွေ ခြားနေပါစေ ငါ ချက်ချင်းလက်ခံရရှိလိမ့်မယ်...."
ဤသည်မှာ ကောင်းကင်လမ်းကို ကျော်လွန်နေသော စွမ်းအားတစ်ခုဖြစ်ပြီး ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးနိုင်သည်။
"ကောင်းပါပြီ..."
နယ်လင်ရှီက ခေါင်းညိတ်ပြီး နောက်ထပ် မည်သည့်စကားတစ်ခွန်းမျှ မပြောတော့ချေ။
"သွားကြစို့..."
လူများအားလုံးကို စိတ်အေးအောင် ပြုလုပ်ပေးပြီးနောက် ကျန်းရွှမ်သည် ထပ်မံ၍အချိန်မဖြုန်းတော့ချေ။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူနှင့်စွန်းချန်တို့သည် ခန်းမဆောင်မှပျောက်ကွယ်သွားပြီး ရင်းမြစ်ကမ္ဘာရှိ ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားကြသည်။
'ဒီလောက်ထိ အားပြင်းတဲ့ ဖိနှိပ်မှုစွမ်းအား…'
စွန်းချန်သည် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါင်ထောင်နှင့်ချီလေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ဒူးများ ခွေကျသွားပြီး မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားကာ မတ်တတ်မရပ်နိုင်တော့ချေ။
သူသည် ထိုဖိအားကိုခုခံရန်အတွက် သူ၏စွမ်းအားကို အသက်သွင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်၏အသံ ထွက်ပေါ်လာသည်။
"မင်းရဲ့စွမ်းအားကို မလှည့်ပတ်နဲ့"
ကျန်းရွှမ်က မျက်ခုံးပင့်ပြီး ဂရုတစိုက်ညွှန်ကြားလိုက်သည်။
"ရင်းမြစ်စွမ်းအင်က မင်းရဲ့ကျင့်ကြံမှုကို ချိတ်ပိတ်တာကို ခွင့်ပြုပေးရမယ်....မဟုတ်ရင် မင်းရဲ့စွမ်းအားက ဒီကမ္ဘာနဲ့ သဟဇာတမဖြစ်တာကြောင့်အလွယ်တကူ အာရုံစိုက်ခံရလိမ့်မယ်…"
ကမ္ဘာသစ်နှင့် ရင်းမြစ်ကမ္ဘာ၏စည်းမျဉ်းများသည် မတူညီနိုင်သော်လည်း ဧကရာဇ်အဆင့်ကျင့်ကြံမှုဖြင့် စွန်းချန်သည် ဖိအားကိုခုခံရန် သူ၏စွမ်းအားကိုအသက်သွင်းနိုင်သည်။ သို့ရာတွင် ဤသည်မှာ သူ ရှာဖွေတွေ့ရှိခံရရန် ပို၍လွယ်ကူသွားပေမည်။
ကျန်းရွှမ် ပထမဆုံး ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာစဉ်ကလည်း ထိုနည်းလမ်းအတိုင်း ပြုလုပ်ခဲ့ရသည်။ ထိုသို့မဟုတ်ပါက ကမ္ဘာတစ်ခု၏အရှင်သခင်တစ်ယောက်အနေဖြင့် သူသည် ရက်ပေါင်းများစွာ မြင်းတစ်ကောင်၏ရိုက်နှက်ခြင်းခံရပြီး အစာတစ်နပ်အတွက်ပင် ရုန်းကန်ရသည့် သနားစရာအခြေအနေသို့ ရောက်ရှိသွားမည်မဟုတ်ချေ
"ကျွန်တော် ထိန်းထားနိုင်ပါ့မလားမသိဘူး…"
စွန်းချန်က အံ့တင်းတင်းကြိတ်လိုက်သည်။
"ခဏလေး ထိန်းထားစမ်း"
ဖိအားသည် လေဟာနယ်ကွာခြားမှုကြောင့်ဖြစ်သည်ကို နားလည်သောကြောင့် ကျန်းရွှမ်က သူ၏နတ်ဘုရားစိတ်အာရုံကို အသက်သွင်းလိုက်ရာ ကောင်းကင်ဘုံစာကြည့်တိုက်ရှိ စာအုပ်ရာပေါင်းများစွာသည် သန့်စင်သောစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပြီး စွန်းချန်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
ကောင်းကင်ကံကြမ္မာစွမ်းအား....
ဤစွမ်းအားသည် ရွှမ်ကမ္ဘာနှင့် ရင်းမြစ်ရေအိုင်ကို ခိုင်မာစေနိုင်သောကြောင့် ပြင်ပဖိအားကို ခုခံရန် တစ်စုံတစ်ယောက်ကို သဘာဝကျကျကူညီပေးနိုင်သည်။
ထိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် စွန်းချန်သည် မသက်မသာဖြစ်မှုကို မခံစားရတော့ဘဲ ပြန်လည်၍ မတ်တတ်ထရပ်လိုက်သည်။
"သခင်လေး... ဒါက ရင်းမြစ်ကမ္ဘာလား... ကြောက်ဖို့ကောင်းလိုက်တာ…"
စွန်းချန်သည် သူ၏နဖူးမှ ချွေးများကိုသုတ်ရင်း ထိတ်လန့်တုန်လှုပ်နေဆဲပင်။
သခင်လေး ကြိုတင်ပြင်ဆင်ထားခဲ့သည်ကို သူ ကျေးဇူးတင်ရပေမည်။ ထိုသို့မဟုတ်ပါသ သူ ဤနေရာသို့ ရောက်ရောက်ချင်း သေဆုံးသွားနိုင်သည်။
"ရင်းမြစ်ကမ္ဘာမှာ ကျင့်ကြံနိုင်ဖို့အတွက် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဟင်းလင်းပြင်တစ်ခုကို ငါ ဖန်တီးပေးမယ်....ရင်းမြစ်စွမ်းအားတွေနဲ့ မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ထိန်းညှိပြီးရင် မင်း နေရတာအများကြီးပိုကောင်းသွားလိမ့်မယ်…"
စွန်းချန်၏အခြေအနေကို သိသောကြောင့် ကျန်းရွှမ်က ရှင်းပြလိုက်သည်။
ကျန်းရွှမ်ပင်လျှင် သူ၏ကိုယ်ပိုင်ရင်းမြစ်ရေအိုင်ကိုရှာဖွေရန် ရုန်းကန်ခဲ့ရသောကြောင့် စွန်းချန်သည်လည်း ရှာတွေ့နိုင်ခြေမရှိပေ။ ထို့ကြောင့် ကျန်းရွှမ်သည် စွန်းချန် ကျင့်ကြံနိုင်ရန်အတွက် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးပေးရပေမည်။
ဤသည်မှာ အလွန်ကြီးမားရန်မလိုအပ်ဘဲ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း ထောင်နှင့်ချီ၍ဆန့်ရုံမျှဖြင့် လုံလောက်လေပြီ။
ကျန်းရွှမ်သည် ရှင်းပြပြီးနောက် သူ၏စိတ်အာရုံကိုစုစည်းလိုက်ပြီး မကြာမီမှာပင် စွန်းချန်၏ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်းပြင်းငယ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
သို့ရာတွင် ဤဟင်းလင်းပြင်ကို ဖန်တီးပေးထားသော်လည်း ထိုအရာကို ခိုင်မာစေရန် ကောင်းကင်ကံကြမ္မာစွမ်းအင်မရှိသဖြင့် စွန်းချန်သည် ကျင့်ကြံနိုင်အုံးမည် မဟုတ်ချေ။
ကျန်းရွှမ်သည် မကြာသေးမီက ကျောင်းအုပ်ကြီးနှင့် လျှူမိသားစုခေါင်းဆောင်ထံမှ ရရှိခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း နှစ်သောင်းသည် စာအုပ်များဖတ်ရှုရင်း လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးကျန်ရှိသော စွမ်းအင်တန်းအနည်းငယ်ကို စွန်းချန်၏အခြေအနေအား တည်ငြိမ်စေရန် အသုံးပြုခဲ့လေ၏။
ရင်းမြစ်ရေအိုင်ကို ခိုင်မာစေရန် ကောင်းကင်ကံကြမ္မာစွမ်းအင် မရှိသဖြင့် စွန်းချန်သည် ရင်းမြစ်စွမ်းအင်ကို စုပ်ယူနိုင်မည် မဟုတ်သေးရာ သူ ကျင့်ကြံနိုင်ရနိသည် မဖြစ်နိုင်သလောက်နီးပါးပင်။
"ငါ နောက်ထပ် ဘယ်နေရာမှာ ရှာလို့ရနိုင်လဲ...."
ကျန်းရွှမ်က သူ၏နဖူးကိုပွတ်သပ်ရင်း လေးလေးနက်နက် စဥ်းစားတွေးတောလိုက်သည်။
သူ စိတ်အနှောင့်အယှက်ဖြစ်နေစဉ်၌ မြို့၏တစ်ဖက်ခြမ်းတွင် လျှူထျန်ကျန်းသည် လျှူအိမ်တော်သို့ ပြန်ရောက်သွားလေပြီ။
"ငါ ဒေါသထွက်လိုက်တာ…"
အခန်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် လျှူမိသားစုခေါင်းဆောင်သည် ဒေါသတကြီး အော်ဟစ်ကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ၏လက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ ပတ်ဝန်းကျင်မှအစေခံအားလုံးသည် ထိတ်လန့်တကြားဖြင့် နောက်သို့ဆုတ်သွားကြ၏။
"မိသားစုခေါင်းဆောင် ဘာဖြစ်တာလဲ"
အကြီးအကဲလျှူထျန်မင်က ချဉ်းကပ်လာသည်။
"အရှင်ရှု ဘယ်မှာလဲ..."
လျှူထျန်ကျန်းက အသက်ပြင်းပြင်းရှိုက်ပြီး လျှူထျန်းမင်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
'ဒါက အမှန်ပဲ...'
သူ စိတ်ပိုင်းဖြတ်ပြီးလေပြီ။ သူသည် ကျန်းရွှမ်၏အကြောင်းကို အသေးစိတ်တိုင်ကြားရပေမည်။
သူ၏သမီးကို လှည့်ဖြားဝံ့သည့်အပြင် သူမကို ဖခင်ဖြစ်သူအား ဆန့်ကျင်အောင်ပင် ပြုလုပ်ရဲသော ကျန်းရွှမ်သည် အကျိုးဆက်များကို ရင်ဆိုင်ရပေမည်။
'ငါ မင်းကို 'ဖရိုဖရဲ ကံကြမ္မာဆရာသခင်'လို့ ခေါင်းစဥ်တပ်ပြီး စွပ်စွဲမယ်...မင်း လျှူမိသားစုကို နောက်တစ်ခါ မလေးမစားလုပ်ရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့'