← Chapters

သီချင်းဆိုသော လက်အိတ်(၁)

Vol. 9 Ch. 124

သီချင်းဆိုသော လက်အိတ်(၁)

Vol. 9 Ch. 124

ရှုရှင်းနှင့်လျှူထျန်ကျန်းတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ဖက်သား၏မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးမှုနှင့်နားမလည်နိုင်မှုတို့ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

တစ်စုံတစ်ခု မှားယွင်းနေလေပြီ။ သူသည် ကောင်းကင်ကံကြမ္မာစွမ်းအားကို အလွန်ထိရောက်စွာ စုပ်ယူနိုင်ခဲ့သဖြင့် ကံကြမ္မာချပ်ပြားတစ်ပြားလုံးကို အချိန်တိုအတွင်း ကုန်ခမ်းသွားအောင် ပြုလုပ်နိုင်ခဲ့သည်။

အချိန်တခဏအကြာတွင် လျှူထျန်ကျန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန် စကားစလိုက်သည်။

"မင်းရဲ့ မြင်းယဉ်ပါးအောင် လုပ်နိုင်တဲ့ အရည်အချင်းကို ရှင်းပြရတာ လွယ်ပေမယ့်...ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူနိုင်စွမ်းကတော့ ရှင်းပြရ ပိုခက်တယ်... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကံကြမ္မာချပ်ပြားအတွက် ငါက ရင်းမြစ်ဒင်္ဂါးနှစ်သန်းတောင် သုံးခဲ့ရတယ်..ပြီးတော့ အဲ့ဒါက တစိုးတစိမကျန်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာ လုံးဝကုန်ခမ်းသွားခဲ့တယ်..."

လျှူထျန်ကျန်းက နောက်ဆုံးတွင် ဤအကြောင်းအရာကို ထုတ်ပြောလာသည်အား မြင်တွေ့ချိန်၌ ကျန်းရွှမ်၏မျက်လုံးများ အရောင်တောက်လာပြီး ထိုလူကို တိတ်တဆိတ် ချီးကျူးလိုက်သည်။

အစောပိုင်းက ကျန်းရွှမ်သည် စွန်းချန်နှင့် သူ၏ပြောဆိုချက်များကို ပို၍ယုံကြည်ဖွယ်ဖြစ်စေရန် ခိုင်မာသော နောက်ခံဇာတ်ကြောင်းတစ်ခု လိုအပ်ကြောင်း ဆွေးနွေးနေခဲ့ပြီး ယခုအချိန်တွင်မူ အခွင့်အရေးကို ရွှေခွက်နှင့်တကွ ကမ်းပေးခြင်း ခံလိုက်ရသည်။ သူ မတွေးဘဲ မနေနိုင်တော့ချေ။

'လျှူထျန်ကျန်း....ခင်ဗျားက တကယ့်ကို ကြင်နာတတ်တဲ့လူပဲ..."

"ဒါက..."

သူ၏စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသော်လည်း ကျန်းရွှမ်သည် စကားပြောရန် ဝန်လေးနေဟန်ဖြင့် အခက်တွေ့နေသော အမူအယာကို ပြုလုပ်လိုက်သည်။ သူသည် စကားလုံးများ ရှာဖွေရုန်းကန်နေရင်း သူ၏မျက်နှာ နီမြန်းလာပေ၏။

"ဒါက ကျွန်တော့်ရဲ့ကျင့်ကြံမှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေလို့ပါ... ကျွန်တော်က ဆရာ့ကို ထုတ်ဖော်မပြောဘူးလို့ ကတိပေးထားလို့ပါ"

လျှူထျန်ကျန်း အံ့အားသင့်သွားသည်။

"မင်းမှာ ဆရာတစ်ယောက် ရှိနေတာလား..."

"အမှန်ပါပဲ"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။

"ကျွန်တော် အရင်က သာမန်မြင်းထိန်းတစ်ယောက်ပါ...ဆရာရဲ့တပည့်တစ်ယောက် ဖြစ်လာဖို့ ထူးခြားတဲ့အခွင့်အရေးတစ်ခုသာ မရခဲ့ဘူးဆိုရင် မြင်းယဉ်ပါးအောင်လုပ်နိုင်တာ သင်ကြားပေးနိုင်တာတွေအပြင် အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ ဆရာတစ်ယောက်ဖြစ်လာတဲ့အထိ...ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ရှိအခြေအနေကို ရောက်လာနိုင်မှာလဲ..."

'ဒါဆို ပိုပြီးအဓိပ္ပာယ်ရှိသွားပြီ'

ဤစကားကိုကြားချိန်တွင် လျှူထျန်ကျန်းနှင့်ရှုရှင်းတို့ နှစ်ဦးစလုံး သဘောပေါက်သွားကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ယခင်က ကျန်းရွှမ်၏ဇာတ်လမ်းအတွင်းတွင် မကိုက်ညီမှုတချို့ ရှိနေသေးသော်လည်း ယခုချိန်တွင်မူ အရာအားလုံး နေသားတကျ ဖြစ်သွားလေပြီ။

သာမန်မြင်းထိန်းတစ်ဦးသည် ထူးခြားသော ဆရာတစ်ဦးနှင့် တွေ့ဆုံပြီး ကျင့်ကြံမှုတွင် ကြိုးစားပမ်းစားလုပ်ဆောင်ကာ သူ၏ကံကြမ္မာကို ပြောင်းလဲခဲ့သည်။ သူသည် ငယ်ရွယ်စဉ်မှာပင် ကျောက်စိမ်းအရိုးနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သော ခွန်အားကို ရရှိခဲ့ရုံသာမက အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် ဆရာတစ်ဦး ဖြစ်လာခဲ့သည်။

သူ၏တပည့်များကို ပို၍ကောင်းမွန်စွာ လမ်းညွှန်နိုင်ရန် သူသည် ထိပ်သီးမိသားစုသုံးစု၏ မိသားစုခေါင်းဆောင်များကို စိန်ခေါ်တိုက်ခိုက်ရန်ပင် နောက်မတွန့်ခဲ့ချေ။

သူသည် စစ်ဆေးမေးမြန်းခံရမှုများအောက်တွင် တည်ငြိမ်နေဆဲဖြစ်ပြီး ပြောင်ပြောင်တင်းတင်းမေးခွန်းထုတ်ခံရခြင်း သို့မဟုတ် ရန်စခံရခြင်းတို့ ကြုံတွေ့ရသည့် အချိန်မျိုးတွင်ပင် သူ၏အရည်အချင်းနှင့်ဆုံးဖြတ်ချက်များကို လုပ်ရပ်ဖြင့် တိတ်တဆိတ် သက်သေပြခဲ့သည်။

ဤသည်မှာ ကျိုးကြောင်းဆီလျော်ရုံသာမက အားကျစရာလည်း ကောင်းပေ၏။

'မင်းက ဒီလိုအားကျစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဖရိုဖရဲ ကံကြမ္မာဆရာသခင်လို့ စွပ်စွဲချင်သေးတာလား'

ရှုရှင်းက လျှူထျန်ကျန်းကို မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေသော အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ ပျော်ရွှင်နေစဉ်တွင် လျှူထျန်ကျန်းက သူ့ကိုခေါ်လိုက်သောကြောင့် သူ အနည်းငယ်စိတ်တိုနေခဲ့လေ၏။ ယခုချိန်၌ ဤနားလည်မှုလွဲမှားခြင်းကို သိရှိပြီးနောက် သူသည် အခြေအနေတစ်ခုလုံးကို ပို၍ပင် စိတ်ပျက်ဖွယ်တွေ့ရှိခဲ့သည်။ လျှူထျန်ကျန်းသည် အတော်လေး အားကိုးမရပုံရသည်။

ရှုရှင်း၏မျက်လုံးများအတွင်းမှ မကျေမနပ်ဖြစ်မှုကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်း၏မျက်နှာ ဖြူဖျော့သွားသည်။ သူ ကျန်းရွှမ်အကြောင်း သံသယဖြစ်စရာ တစ်ခုခုကို ထပ်ရှာလိုသော်လည်း အရာအားလုံးသည် အကြွင်းမဲ့ကျိုးကြောင်းဆီလျော်နေပုံရသည်။

"ခဏလေး....နောက်တစ်ခုကျန်သေးတယ်... မနေ့က ယုရှောင်ယွီမှာ မြင်းကောင်ရေအား ၀.၅ ပဲရှိခဲ့တယ်....ဒါပေမဲ့ ဒီနေ့ သူ ကျွန်တော့်ကို လက်သီးထိုးပြတုန်းက သူ့ခွန်အားက အနည်းဆုံး မြင်းကောင်ရေအား ၁.၅ ရှိပြီး ကြာပွတ်အားနဲ့တောင် ညီမျှတယ်"

တခြားအဓိကအချက်တစ်ချက်ကို သတိရသွားသဖြင့် လျှူထျန်ကျန်းက အလျင်အမြန် ပြောဆိုသည်။

"အထူးနည်းလမ်းတစ်ခုခုမရှိဘဲနဲ့ သူ့ရဲ့ခွန်အားက တစ်ညတည်းနဲ့ ဒီလောက်ထိ သိသိသာသာ ဘယ်လိုလုပ်ပြီး တိုးလာနိုင်မှာလဲ..."

"ယုရှောင်ယွီဆိုတာက....."

ရှုရှင်းက မေးမြန်းသည်။

"သူက မြို့အရှင်ယုလုံချင်းရဲ့သမီးဖြစ်ပြီးတော့ ဆရာကျန်းရဲ့ တပည့်တွေထဲက တစ်ယောက်ပါ"

လျှူထျန်ကျန်းက ရှင်းပြလေ၏။

ရှုရှင်းက ခေါင်းညိတ်ပြီး ကျန်းရွှမ်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။

"တစ်ညတည်းနဲ့ မြင်းကောင်ရေအား နှစ်ဆကျော်တိုးတာက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်က လူတစ်ယောက်အတွက်တောင် တကယ်ကို ထူးခြားပါတယ်...ဆရာကျန်း ဒါကို ဘယ်လို ရှင်းပြမလဲ..."

ကျန်းရွှမ်၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။

"အဲဒါက... အမှန်တော့ ကျွန်တော့်ရဲ့ လှည့်ကွက်လေးတစ်ခုပါ"

"လှည့်ကွက်လား....."

လျှူထျန်ကျန်း နားမလည်နိုင်ဖြစ်သွားသည်။

ကျန်းရွှမ်က တွေဝေတုံ့ဆိုင်းနေပြီး အနေခက်သောအမူအယာဖြင့် သူ၏လက်ချောင်းများကို ပွတ်သပ်လိုက်သည်။

"ကျွန်တော်က လက်ထောက်ဆရာလေးတစ်ယောက်ပါ.... တပည့်တချို့ စုဆောင်းနိုင်ခဲ့ရင်တောင် ကျွန်တော့်ရဲ့သင်ကြားနိုင်စွမ်းကို မေးခွန်းထုတ်မယ့်လူတွေ မရှားဘူးဆိုတာ ကျွန်တော်သိပါတယ်....လျှူမိသားစုခေါင်းဆောင် ခင်ဗျားလည်း ဒါကို သိမှာပါ"

လျှူထျန်ကျန်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ချန်းဟောင်မှစ၍ လျှူထျန်ကျန်းကိုယ်တိုင်အထိ လူတိုင်းက ကျန်းရွှမ်၏ သင်ကြားနိုင်စွမ်းကို မေးခွန်းထုတ်ခဲ့ကြသော်လည်း သူသည် သူတို့မှားယွင်းကြောင်း အမြဲတစေ သက်သေပြနိုင်ခဲ့သည်။

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ဒီလိုသံသယတွေကို ချေဖျက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကျွန်တော်ရဲ့တပည့်တွေ တခြားသူတွေထက် အများကြီးသာလွန်နေဖို့အတွက် မြန်မြန်ဆန်ဆန် တိုးတက်လာအောင် လုပ်ပေးဖို့ပဲ...ဒါပေမဲ့ ကျွန်တော်က သာမန်မြင်းထိန်းတစ်ယောက်ပါ...ကျွန်တော့်ဆရာရဲ့ နည်းစနစ်တွေက ထူးချွန်ပေမယ့် ဒီလိုလျင်မြန်တဲ့ ရလဒ်တွေရဖို့က ခက်ခဲနေဦးမှာပဲ.... ဒါကြောင့် မနေ့က ကျွန်တော် ဒေါသထွက်ဟန်ဆောင်ပြီး သူတို့တစ်ယောက်ချင်းစီကို ပိုးထည်အိတ်တစ်လုံးစီ ပေးခဲ့တယ်"

"ဟုတ်တယ်.... အဲဒီအချိန်က ငါလည်း အဲ့ဒီနေရာမှာရှိခဲ့တယ်....အဲဒီအိတ်တွေမှာ ထူးခြားတာတစ်ခုခု ရှိနေလို့လား..."

လျှူထျန်ကျန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ထိုအချိန်က ပိုးထည်းအိတ်များကို တခြားမိသားစုခေါင်းဆောင်နှစ်ယောက် ကျောင်းတော်၏ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများအပါအဝင် လူတိုင်း မြင်ခဲ့ကြသည်။ မည်သည့်လှည့်ကွက်မှ ပါဝင်နေပုံမရချေ။

ကျန်းရွှမ်က ရှင်းပြသည်။

"ပိုးထည်အိတ်တွေမှာ ဘာအမှားမှ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော် အိတ်ထဲမှာ ထည့်ထားတဲ့ သတ်မှတ်ထားတဲ့ အခြေအနေတွေက အဓိကပဲ.... ကျွန်တော် မမှားဘူးဆိုရင် လျှူမိသားစုခေါင်းဆောင် ခင်ဗျား မနေ့က အိတ်ကိုဖွင့်ပြီး အထဲကအခြေအနေတွေကို ဖတ်ခဲ့တယ် မဟုတ်လား....ဘာရေးထားတယ်ဆိုတာ မှတ်မိသေးလား"

အမှန်တကယ်ကိုပင် ဤကိစ္စအား လျှူထျန်ကျန်း မှတ်မိသည်။ ထိုပိုးထည်အိတ်အတွင်းရှိ တောင်းဆိုချက်အရ လျှူမင်ယွဲ့သည် ယနေ့နံနက်တွင် မြင်းကောင်ရေအား ၁.၂ သို့ ရောက်ရှိမှသာ သူ၏တပည့်အဖြစ် ဆက်နေခွင့်ရမည်ဟု ဖော်ပြထားလေ၏။

ဤကိစ္စကို ပြန်လည်သတိရသွားခြင်းနှင့်အတူ လျှူထျန်ကျန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားပြီး သူ၏အသံ တုန်ရီသွားသည်။

"ခင်ဗျားဆိုလိုတာက ပိုးထည်အိတ်တွေထဲက တောင်းဆိုချက်တွေက ကျွန်တော်နဲ့ မြို့အရှင်တို့ မြင်အောင် လုပ်ထားတာလား... အဲ့ဒါတွေက တပည့်တွေအတွက် ခင်ဗျားရဲ့သင်ကြားချက်တွေကို လိုက်နာဖို့ တကယ်ရည်ရွယ်တာ မဟုတ်ဘဲနဲ့ သူတို့ကို မြန်မြန်ဆန်ဆန် အဆင့်တက်အောင် ကူညီပေးဖို့ နည်းလမ်းရှာခိုင်းတာလား..."

"ဟုတ်တာပေါ့...ဒါက အသိသာကြီး မဟုတ်လား...ခင်ဗျားက ကျပန်းကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို လိုက်လုပ်ရုံနဲ့ သူတို့ရဲ့ခွန်အားက တစ်ညတည်းနဲ့ နှစ်ဆတိုးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား...."

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ကျင့်ကြံခြင်းတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး....ဒါပေမဲ့ အထူးရတနာတစ်ခုနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်။....ကျွန်တော်က မြို့အရှင်အိမ်တော်နဲ့ လျိုမိသားစုနှစ်ခုစလုံးမှာ ဒီလိုရတနာတွေရှိမယ်လို့ တွေးထင်ခဲ့တယ်.... ဒါပေမဲ့ လျှူမင်ယွဲ့က ဖြတ်လမ်းမရှာဘဲ သာမန်ကျင့်ကြံနည်းအတိုင်း ခေါင်းမာမာနဲ့ လိုက်လုပ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ခဲ့ဘူး"

လျှူထျန်ကျန်းသည် အမှန်တရားကို နားလည်သဘောပေါက်သွားကာ ကြက်သေသေသွားလေ၏။

'ငါ့ရဲ့သမီးက ငါ့ကို ဘာလို့ ဒီလောက်ထိ စိတ်ဆိုးနေပြီးတော့ အိမ်ပြန်မလာချင်တာလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်.... ကျန်းရွှမ်က ဒီလောက်ထိ ရှင်းလင်းတဲ့ အရိပ်အမြွက်ပေးခဲ့ပေမယ့် ငါကတော့ သူကို ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်ကို ခေါင်းမာမာနဲ့ သင်ယူခိုင်းခဲ့တယ်...'

'သူရဲ့တိုးတက်မှု နှေးကွေးတာ မဆန်းတော့ဘူး...'

ကျင့်ကြံသူတစ်ဦးကို စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ အလျင်အမြန် မြှင့်တင်ပေးနိုင်သော ရတနာများသည် များများစားစားမရှိချေ။ သို့ရာတွင် အချိန်တိုအတွင်း၌ ခွန်အားကို နှစ်ဆတိုးပေးနိုင်သော ရတနာများစွာ ရှိသည်။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များအတွင်းက မြို့အရှင်ယု ရရှိခဲ့သော စိတ်ဝိညာဉ်ရင်းမြစ်ဝါးပင်ထံတွင် ထိုသို့သောအာနိသင်ရှိသည်။

All Chapters