သီချင်းဆိုသော လက်အိတ်(၂)
Vol. 9 Ch. 125
ယုရှောင်ယွီ၏ အလျင်အမြန် တိုးတက်လာမှုသည် ဤရတနာကြောင့် ဖြစ်နိုင်သည်။
ဤကိစ္စကို ထိုရတနာသည် မြို့အရှင်၏လက်ဝယ်တွင် ရှိမရှိ မေးမြန်းခြင်းဖြင့် လွယ်လင့်တကူ အတည်ပြုနိုင်သည်။
"နောက်ထပ် သံသယဖြစ်စရာ တစ်ခုခုရှိသေးလား...."
ရှုရှင်း၏လေသံတွင် ယခုအချိန်၌ သိသာထင်ရှားသော စိတ်တိုမှုများ ပါဝင်နေသည်။
ဤစကားပြောဆိုမှုမှတဆင့် ရှုရှင်းက ကျန်းရွှမ်သည် အမှန်တကယ်ကို လိမ္မာပါးနပ်ပြီး အရည်အချင်းအနည်းငယ်ရှိသည်ကို မြင်နိုင်သော်လည်း သူ လုပ်ခဲ့သမျှအားလုံးသည် ဖြစ်နိုင်ခြေရှိသော ဘောင်အတွင်းတွင်သာ ရှိသည်။ သူသည် ဖရိုဖရဲ ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်ရန် အလှမ်းကွာဟပေ၏။
တစ်နည်းဆိုသော် ကျန်းရွှမ်၏ထူးချွန်သော သင်ကြားမှုနှင့် သူ့တပည့်များ၏ အထင်ကြီးဖွယ် တိုးတက်မှုတို့သည် လုံးလုံးလျားလျားကျိုးကြောင်းဆီလျော်သည်။ လျှူထျန်ကျန်းသည် ဤအခြေအနေကို ကိုယ်ရေးကိုယ်တာရန်ငြိုးအား ဖြေရှင်းရန် အသုံးချနေသည်မှာ သိသာထင်ရှားသည်။
လျှူထျန်ကျန်းသည် ထိတ်လန့်သွားပြီး တစ်စုံတစ်ခုကို ထပ်မံ၍ ပြောဆိုချင်သော်လည်း စကားလုံးများ ရှာမတွေ့တော့ချေ။ သူသည် သူ ပြောသမျှအရာအားလုံး အထင်လွဲခံရမည့် မဖြစ်နိုင်သော အခြေအနေတစ်ခုတွင် ရောက်နေသည်ဟု ခံစားနေရသည်။
ယခုအချိန်၌ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါးဖြစ်နေသော လျှူထျန်ကျန်းကို လျစ်လျူရှုကာ ရှုရှင်းသည် ကျန်းရွှမ်ဘက်သို့ ပြန်လှည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ကျွန်တော်သိသလောက်တော့ ကံကြမ္မာဆရာသခင်တွေကသာ ကောင်းကင်ကံကြမ္မာစွမ်းအင် အမြောက်အများကို စုပ်ယူထိန်းချုပ်နိုင်တာ... ခင်ဗျားရဲ့ဆရာက ကံကြမ္မာဆရာသခင်တစ်ယောက်များ ဖြစ်နေမလား..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ် အရှင်ရှူ.... ဒါပေမဲ့ ကျွန်တော့်ရဲ့ဆရာက သိုသိုသိပ်သိပ်နေရတာကို ပိုကြိုက်တယ်...သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ ကျွန်တော်က သူ့ရဲ့အထောက်အထား ဒါမှမဟုတ် အလုပ်အကိုင်ကို ထုတ်ဖော်လို့မရပါဘူး... ခင်ဗျား နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"
"ကျွန်တော်က စပ်စုသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်"
ရှုရှင်းက ခေါင်းညိတ်ပြပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။
"အခု နားလည်မှုလွဲတာတွေ ရှင်းသွားပြီဆိုတော့ ကျွန်တော်တို့ ဆရာကျန်းကို ထပ်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး"
"အရှင်ရှူ...."
လျှူထျန်ကျန်းသည် ကြောင်သွားပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ သိသာထင်ရှားစွာ ထင်ဟပ်နေသည်။
'ဒီလောက်ပဲလား...ဘာစစ်ဆေးမေးမြန်းတာမှ မရှိတော့ဘူးလား...သူ လိမ်နေရင် ဘယ်လိုလုပ်မလဲ...'
"ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူး အရှင်ရှူ"
ကျန်းရွှမ်က လေးစားသည့်အနေဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး တုံ့ပြန်အဖြေပေးသည်။
ရှုရှင်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ လျှူထျန်ကျန်းကို တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားရန်အတွက် နောက်သို့လှည့်လိုက်သည်။
ရှုရှင်း စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်ကြောင်း သိလိုက်သဖြင့် လျှူထျန်ကျန်းသည် ဤကိစ္စကို ထပ်မံဖိအားပေးလျှင်လည်း အချည်းနှီးသာဖြစ်မည်ကို သိရှိပေ၏။ သူသည် ရှုရှင်း၏နောက်သို့ အလျင်အမြန်လိုက်သွားပြီး ခြံဝန်းအတွင်းမှ ထွက်ခွာပြီးသည်နှင့် သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"အရှင်ရှူ....သူက တကယ်ပဲ ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက် မဟုတ်ဘူးလား..."
"သူ့ရဲ့ရှင်းပြချက်တွေက တသမတ်တည်းရှိပြီးတော့ အတည်ပြုနိုင်တယ်... ဒါက သူ လိမ်မနေဘူးဆိုတာကို ညွှန်ပြတယ်...ဒါပေမဲ့ သူက ဖရိုဖရဲကံကြမ္မာဆရာသခင်ဟုတ်မဟုတ်ဆိုတာကိုတော့ ငါတို့ မသေချာသေးဘူး...ဒီလိုပုဂ္ဂိုလ်တွေက အရမ်းရှားပါးပြီးတော့ အစစ်အမှန်ကံကြမ္မာဆရာသခင်တစ်ယောက်ကသာ မသိသာတဲ့ မူမမှန်မှုတွေကို ထောက်လှမ်းနိုင်တယ်.... ကံကြမ္မာအစောင့်အရှောက်တစ်ယောက်အနေနဲ့တောင် ငါ့မှာ အဲဒီဆုံးဖြတ်ချက်ကို ချဖို့ အရည်အချင်းမရှိဘူး"
လျှူထျန်ကျန်းသည် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။
"ဒါဆို ငါတို့ ဒီလောက် အဝေးကြီးထိ လာခဲ့ရတာ အလကားဖြစ်သွားပြီလား...."
"အတိအကျတော့ မဟုတ်ဘူး"
ရှုရှင်းက ခေါင်းခါလိုက်သည်။
"သူက ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက် မဖြစ်နိုင်ပေမယ့် သူက ကံကြမ္မာနဲ့ သိသာထင်ရှားတဲ့ ဆက်စပ်မှုတစ်ခုတော့ ရှိပုံရတယ်.... အဲ့ဒီလိုမဟုတ်ရင် သူက ဒီအသက်အရွယ်နဲ့ ဒီလောက်ထိ ခွန်အားရှိမှာ မဟုတ်ဘူး...သာမန်မြင်းတစ်ကောင်ကို ဒီလိုလူသားဆန်တဲ့ပုံစံနဲ့ ပြုမူနိုင်အောင် လေ့ကျင့်ပေးနိုင်မှာလည်း မဟုတ်ဘူး"
လျှူထျန်ကျန်းက ထောက်ခံလိုက်သည်။
"အမှန်ပဲ.... ဒါက အဓိပ္ပာယ်ရှိတယ်"
အားကောင်းသောမိသားစု၏ ကျောထောက်နောက်ခံရှိသော်လည်း လျှူထျန်ကျန်းသည် အသက်နှစ်ဆယ့်ငါးနှစ် နှစ်ဆယ့်ခြောက်နှစ်တွင်မှ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ကျန်းရွှမ်နှင့် နှိုင်းယှဉ်လျှင် သူသည် ရှင်းလင်းစွာ အဆင့်နိမ့်ကျနေသောကြောင့် ကျန်းရွှမ်ကို လမ်းညွှန်ပေးနေသော ထိပ်သီးဆရာတစ်ဦး ရှိနေလျှင်ပင် သူ၏ပင်ကိုပါရမီအရည်အချင်းသည် ထူးခြားနေဆဲပင်။
ထို့နောက် လျှူထျန်ကျန်းက မေးမြန်းလိုက်သည်။
"တကယ်လို့ သူက ကံကြမ္မာနဲ့ ဆက်စပ်မှုရှိတယ်ဆိုရင်...ဒါက ဘာကို ဆိုလိုချင်တာလဲ..."
ရှုရှင်းက သူ၏မှန်းဆချက်ကို မျှဝေလိုက်သည်။ "သူက ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ငါ သံသယဝင်တယ်...သူ့ရဲ့ဆရာက သူ့ရဲ့အဖိုးတန်တဲ့ အရည်အချင်းကို အာရုံစိုက်မှုမခံရအောင်နဲ့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ကာကွယ်ဖို့အတွက် ဒီအကြောင်းတွေကို ဖုံးကွယ်ထားခဲ့တာဖြစ်နိုင်တယ်"
"မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ....ခင်ဗျားဆိုလိုတာက... ပြိုင်ဘက်ကင်းကံကြမ္မာဆိုတဲ့ သဘောတရားလား..."
လျှူထျန်ကျန်းက တည်ကြည်လေးနက်စွာ မေးလိုက်သည်။
"ပြိုင်ဘက်ကင်းကံကြမ္မာဆိုတဲ့ သဘောတရားက ကံကြမ္မာဆရာသခင်တိုင်းရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုပဲ.... ဒါကြောင့် သူတို့က အရမ်းသတိထားကြတယ်...ကံကြမ္မာဆရာသခင်အများစုက စုံစမ်းထောက်လှမ်းမခံရအောင် သူတို့အရည်အချင်းတွေရဲ့ အစိတ်အပိုင်းတချို့ကို ဖုံးကွယ်ထားကြတယ်....သူတို့ရဲ့ အစစ်အမှန်အလားအလာကို ရှာဖွေတွေ့ရှိသွားရင် သူတို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်....တူညီတဲ့ကံကြမ္မာကို မျှဝေခံစားဖို့ ပိုအားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆန္ဒကို လက်အောက်ခံလိုက်တာ ဒါမှမဟုတ် ဖယ်ရှားခံရတာ... ကျန်းရွှမ်ရဲ့ဆရာက ကံကြမ္မာဆရာသခင်တွေအကြောင်း သတင်းအချက်အလက်တွေကို ဒီအကြောင်းပြချက်ကြောင့် ဖုံးကွယ်ထားခဲ့တာဖြစ်နိုင်တယ်....သူက သူ့တပည့်ကို မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ထိတွေ့စေမှာကို စိုးရိမ်နေလို့ပဲ"
လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်ပြီး ဤရှင်းပြချက်သည် ကျန်းရွှမ်၏ထူးခြားမှုများမှ ရှုပ်ထွေးနေသော အချက်များအားလုံးကို ဖြေရှင်းပေးနိုင်သည်အား နားလည်သဘောပေါက်သွားသည်။
"ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ မှန်းဆချက်သက်သက်ပဲ....ကျွန်တော်တို့ ဘယ်လိုအတည်ပြုနိုင်မလဲ..." လျှူထျန်ကျန်းက မေးမြန်းလိုက်၏။
"အတည်ပြုဖို့က မခက်ခဲပါဘူး"
ရှုရှင်းက အနည်းငယ်စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ငါ အစောက မင်းကိုပေးခဲ့တဲ့ ကံကြမ္မာချပ်ပြားတွေထဲက တစ်ချပ်ပြန်ပေးပါ"
လျှူထျန်ကျန်းသည် နားမလည်နိုင်ဖြစ်နေသော်လည်း ရှုရှင်း တောင်းဆိုသည့်အတိုင်းလုပ်ဆောင်ကာ ရင်းမြစ်ဒင်္ဂါးသုံးသန်းတန် ကံကြမ္မာချပ်ပြားများအနက်မှ တစ်ချပ်ကို လက်ကမ်းပေးလိုက်သည်။
ကံကြမ္မာချပ်ပြားကို ယူလိုက်ပြီးနောက် ရှုရှင်းသည် ခရမ်းရောင်လက်အိတ်တစ်စုံကို ထုတ်ယူကာ ထိုအရာများဖြင့် ချပ်ပြားကို ညင်သာစွာ ပွတ်သပ်လေသည်။ သူ ထိုသို့ပြုလုပ်သည်နှင့် ကံကြမ္မာချပ်ပြားသည် သူ၏လက်ဖဝါးပေါ်တွင် ဂျင်ကဲ့သို့ ဖြည်းညှင်းစွာ လည်ပတ်နေကာ အရှိန်သည် အလွန်နှေးကွေးပေ၏။
"အရှင်ရှု...ခင်ဗျား ဘာလုပ်နေတာလဲ..."
လျှူထျန်ကျန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါတွေက ကျီဟွေးလို့ခေါ်တဲ့ အထူးပုံစံထုတ်ထားတဲ့ လက်အိတ်တွေပဲ...ဒါကို အရှင်လင်က ဖန်တီးခဲ့တာ....ဒါက ကံကြမ္မာချပ်ပြားကို အသက်သွင်းဖို့အတွက် နဂါးကိုးကောင်တိုင်လုံးတွေနေရာမှာ အစားထိုးနိုင်တယ်..ဒီလက်အိတ်နဲ့ ကံကြမ္မာချပ်ပြားကို အသာအယာထိလိုက်ရုံနဲ့ အထဲက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်..... တကယ်လို့ ကျန်းရွှမ်မှာ ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းရှိတယ်ဆိုရင် ကျီဟွေးလက်အိတ်ကနေ တောက်ပတဲ့အလင်းတန်းတစ်တန်း ထုတ်လွှတ်လိမ့်မယ်... လက်တစ်ချောင်းလင်းရင် နဝမတန်းစား အရည်အချင်း... နှစ်ချောင်းလင်းရင် အဋ္ဌမတန်းစား...ဒီလိုနဲ့ပဲ လက်အိတ်က လက်ချောင်းများများလင်းလေ လေ အရည်အချင်းမြင့်လေလေပဲ...."
လျှူထျန်ကျန်းက နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီး မေးမြန်းလိုက်သည်၏။ "တကယ်လို့ လက်ဆယ်ချောင်းလုံး လင်းရင်ကော....."
ဤစမ်းသပ်မှုသည် ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုနှင့် တူညီကာ စွမ်းအင်များများစုပ်ယူလေ အရည်အချင်းမြင့်လေလေပင်။ ဤနေရာတွင် နဂါးကိုးကောင်တိုင်လုံးကိုးလုံးအစား လက်အိတ်မှလက်ဆယ်ချောင်းဖြင့် အစားထိုးထားသည်။
ရှုရှင်းက ခေါင်းခါလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး...ဟန်ယွမ်အင်ပါယယရဲ့ ကံကြမ္မာခန်းမမှာ အမြင့်ဆုံးမှတ်တမ်းက လက်ငါးချောင်းပဲ... အဲ့ဒါက လွန်ခဲ့တဲ့ နှစ်ငါးရာကျော်က အောင်မြင်ခဲ့တာ.. လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ဘယ်သူမှ လက်လေးချောင်းထက် ပိုမလင်းစေနိုင်ခဲ့ဘူး"
လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်သည်။
"သူ့မှာ ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းရှိမရှိနဲ့ ဘယ်လောက်ထိ အားကောင်းလဲဆိုတာကို ငါတို့ မကြာခင်သိရတော့မယ်"
ရှုရှင်းက ပြောဆိုပြီး ကျီဟွေးလက်အိတ်ကို ကံကြမ္မာချပ်ပြားပေါ်သို့ ဖိလိုက်သည်။ သူ ထိုသို့ပြုလုပ်သည်နှင့် ချပ်ပြားသည် တောက်ပစွာ လင်းလက်လာပြီး ကောင်းကင်ကံကြမ္မာစွမ်းအင် စီးကြောင်းများကို ထုတ်လွှတ်လိုက်ကာ ကျန်းရွှမ်၏ခြံဝန်းဘက်သို့ ဖြောင့်ဖြောင့်တန်းတန်း စီးဆင်းသွားသည်။