← Chapters

သတင်းစကားပေးပို့ခြင်း

Vol. 9 Ch. 127

သတင်းစကားပေးပို့ခြင်း

Vol. 9 Ch. 127

"ဘာသီချင်းဆိုနေတာလဲ.... ကျီဟွေးလက်အိတ် ပျက်သွားတာပဲ ဖြစ်ရမယ်"

ရှုရှင်းက ခေါင်းခါလိုက်သည်။

အရည်အချင်းစမ်းသပ်မှုအတွက် လက်တစ်ချောင်းလင်းသည်ဖြစ်စေ နှစ်ချောင်းလင်းသည်ဖြစ်စေ လက်ချောင်း မည်မျှထိ လင်းသည်ဖြစ်စေ ထိုအရာများသည် တည်ငြိမ်ပြီး မပြောင်းလဲဘဲ ရှိနေသင့်သည်။ သို့ရာတွင် ယခုချိန်တွင်မူ နီယွန်မီးလုံးကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပေ၏။ အတုံးအဆုံးလူပင်လျှင် ဤှသည်မှာ တစ်ခုခုမှားယွင်းနေသည်ကို သိနိုင်ပေလိမ့်မည်။

တစ်ခုတည်းသော ရှင်းပြချက်မှာ ကျီဟွေးလက်အိတ် ပျက်စီးသွားခြင်းပင်...

အစွမ်းအထက်ဆုံး ရတနာများပင်လျှင် ကြာရှည်စွာအသုံးပြုပြီးနောက် ပြဿနာများရှိလာတတ်သည်။

လျှူထျန်ကျန်းသည် ရုတ်တရက် နားလည်သွားပြီး အနည်းငယ်ရှက်ရွံ့သွားသည်။

"ဒါဆိုရင် အခု ဘာလုပ်သင့်လဲ"

သီချင်းအနည်းငယ်ဖြင့် အဆိပ်သင့်ခံထားရသောကြောင့် ထိုနံပါတ်များကို မြင်တွေ့ချိန်တွင် သူသည် အလိုအလျောက် တေးသွားညည်းနေမိသည်။

ရှုရှင်းက ပြောဆိုသည်။

"ဒီလက်အိတ် ပျက်စီးသွားတာကြောင့် တစ်ဖက်လူရဲ့အရည်အချင်းကို တိုင်းတာလို့မရတော့ဘူး။ ငါတို့ တခြားတစ်ယောက်ကို သွားမေးကြည့်ရအောင်... ဒီလိုအရည်အချင်းမျိုးရှိတာက ညအမှောင်ထဲက ပိုးစုန်းကြူးတစ်ကောင်လိုပဲ...အရမ်းတောက်ပပြီး ထူးချွန်ပြောင်မြောက်လွန်းလို့ ဖုံးကွယ်ထားလို့မရဘူး... သူတို့က နည်းနည်းလေး လိမ္မာပါးနပ်ရင် သူ့ရဲ့ဟာကွက်တွေကို သေချာပေါက် သတိပြုမိမှာပဲ..."

"အမှန်ပဲ"

လျှူထျန်ကျန်းက ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားသည်။

"ခင်ဗျားပြောမှပဲ ကျွန်တော်တို့ မြို့အရှင်ယုလုံချင်းကို သွားရှာသင့်တယ်လို့ ထင်တယ်...သူ တစ်ခုခုတော့ သိထားမှာ သေချာတယ်"

ဤလူသည် သူ၏သမီးကို ကျန်းရွှမ်၏တပည့် ဖြစ်လာစေရန် အလွန်အပင်ပန်းခံခဲ့ကာ အားထုတ်ခဲ့သည်။ အစပိုင်းတွင် ဤကိစ္စသည် အရေးမပါဟု သူ ထင်ခဲ့သော်လည်း ယခုချိန်၌မူ နေရာတိုင်းတွင် ဟာကွက်များကို တွေ့နေရလေ၏။

ထို့ပြင် ချန်းမိသားစုခေါင်းဆောင် ချန်းရှောင်... ကျန်းရွှမ်သည် မြင်းတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ပြီးနောက် သူ့အား ဧည့်အကြီးအကဲဖြစ်စေခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူ၏သားချန်းဟောင် တစ်ရက်လုံး ဒူးထောက်နေရသည်ကိုပင် ဂရုမစိုက်ဘဲ ရင်းမြစ်ဒင်္ဂါးသုံးသိန်းကိုပင် ကူညီပေးသေးခဲ့လေ၏။ ယခုကြည့်ရတာ ဤှကိစ္စသည်လည်း တစ်စုံတစ်ခု လွဲချော်နေပုံပင်။

သို့ရာတွင် ကျန်းရွှမ်ထံ၌ ကံကြမ္မာဆရာသခင်တစ်ယောက်၏အရည်အချင်းကို ပိုင်ဆိုင်ထားသည်အား သူတို့ ကြိုသိနေခဲ့လျှင် အရာအားလုံး အဓိပ္ပာယ်ရှိသွားပေမည်။

"သွားကြစို့..."

ရှုရှင်းက ခေါင်းညိတ်ပြပြီး လက်အိတ်များကို ချွတ်ကာ ကံကြမ္မာချပ်ပြားကို ပြန်ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ရည်ရွယ်ထားသောနေရာသို့ ထွက်ခွာသွားကြ၏။

'မင်းတို့ ဒီအတိုင်းပဲ ထွက်သွားကြတော့မှာလား.... နည်းနည်းလောက် ထပ်မနေကြတော့ဘူးလား....ငါ ဒီကံကြမ္မာချပ်ပြားထဲက စွမ်းအင်တွေအားလုံးကို စုပ်ယူပြီးမှ မင်းတို့ သွားကြပါလား...'

ကျန်းရွှမ်သည် ဤကဲ့သို့ အော်ပြောချင်သော်လည်း စကားပြောရန် ရှက်ရွံ့နေသဖြင့် နောက်ဆုံး၌ သူ သိုသိုသိပ်သိပ်နေရန် ရွေးချယ်လိုက်သည်။

အစောပိုင်းက တခြားဖက်မှလူများ သံသယမဝင်စေရန် သူသည် လျှင်မြန်မှုနှင့်နှေးကွေးမှုတို့ကို ပေါင်းစပ်၍လှုပ်ရှားကာ လက်အိတ်များ ပျက်စီးသွားသည်ဟု သူတို့ကို မှားယွင်းစွာ ယုံကြည်စေခဲ့သည်။ အကျိုးသက်ရောက်မှု ရရှိခဲ့သော်လည်း သူ၏ စွမ်းအင်စုပ်ယူမှုအရှိန်နှုန်းမှာမူ သိသာရှင်းလင်းစွာ နှေးကွေးသွားပေ၏။ ဤမျှထိ ဒုက္ခခံပြီးနောက် သူသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သုံးထောင်ခန့်သာ စီးဝင်စေခဲ့သည်။ ဤသည်မှာ နည်းစနစ်တစ်ခုကို တစ်ကြိမ်ကူးယူရန်ပင် မလုံလောက်ချေ။

"သူတို့မှာ ဘာအားနည်းချက်တွေရှိလဲဆိုတာ ကြည့်ရအောင်...နောက်ပိုင်းမှာ အသုံးဝင်နိုင်တယ်..."

သူတို့နှစ်ဦးလုံးတွင် ကံကြမ္မာချပ်ပြားများရှိပြီး ကံကြမ္မာစွမ်းအင်တန်းအမြောက်အများ ရှိနေနိုင်သည်ကို သိသောကြောင့် ကျန်းရွှမ်၏စိတ်အတွင်းတွင် အတွေးတစ်ခုပေါ်လာသည်။ သူက "အားနည်းချက်များ" ဟု ညင်သာစွာ ရွတ်ဆိုလိုက်၏။

စာကြည့်တိုက်သည် အနည်းငယ်တုန်ခါသွားပြီး စာအုပ်တစ်အုပ် ဖြစ်ပေါ်လာသည်။

သူ၏လက်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်နှင့် စာအုပ်သည် သူ၏လက်ဖဝါးအတွင်းသို့ ကျရောက်လာပြီး ထိုစာအုပ်ပေါ်တွင် "ရှုရှင်း" ဟု ရေးထားသည်။

တစ်ဖက်လူသည် သူ၏အရည်အချင်းကို ဆန်းစစ်ရန် ကျီဟွေးလက်အိတ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ရှုရှင်းသည် ထိုသို့ပြုလုပ်ရန် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သဖြင့် သူ အားနည်းချက် ရှာဖွေနိုင်သည်။ လျှူထျန်ကျန်းမှာမူ မည်သည့်စွမ်းအားမျှ မသုံးခဲ့သောကြောင့် စာအုပ် ဖြစ်ပေါ်လာခြင်းမရှိချေ။

သို့ရာတွင် ဤလူတစ်ဦးတည်းရှိရုံဖြင့် လုံလောက်နေလေပြီ။ အဖြူရောင်ကျောက်တုံးမြို့သို့ရောက်လာသော ကံကြမ္မာအစောင့်အရှောက်တစ်ဦးအနေဖြင့် ဤလူထံတွင် အကြွင်းမဲ့အာဏာရှိသည်။

သူ စာအုပ်ကို ညင်သာစွာ ဖွင့်လိုက်သည်။

"ရှုရှင်း...ဟန်ယွမ်အင်ပါယာ၏ တော်ဝင်မြို့တော်မှ ကံကြမ္မာအစောင့်အရှောက်...မွေးရာပါ ပန်းသေခြင်း..."

"...."

ကျန်းရွှမ် နေရာမှာပင် ကြက်သေသေသွားသည်။

'မွေးရာပါ...'

'ဒီလူမှာ ရောဂါတစ်ခု ရှိနေတာပါလား...'

'သူ့ကို ကုသပေးနိုင်ရင် ကံကြမ္မာချပ်ပြားတချို့ ရယူဖို့ အခွင့်အရေးရနိုင်လောက်တယ်'

'အင်း...ငါ ဒါကို စီစဉ်ရမယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကုသပေးတာကလည်း သူတစ်ပါးကို ကူညီတဲ့ နည်းလမ်းတစ်ခုပဲ မဟုတ်လား...'

ကျန်းရွှမ် ခြံဝန်းအတွင်းသို့ ပြန်ရောက်လာချိန်တွင် စွန်းချန်သည် သူ၏စွမ်းအင်စုပ်ယူမှုကို ပြီးဆုံးသွားပြီး သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ဘယ်လိုနေလဲ...ဘယ်လောက် စုပ်ယူနိုင်ခဲ့လဲ" ကျန်းရွှမ်က မေးမြန်းသည်။

စွန်းချန်က တုံ့ပြန်အဖြေပေးသည်။

"သခင်လေးကို အစီရင်ခံပါတယ်...စွမ်းအင်တန်း တစ်ထောင်ကျော်လောက်ပါ.."

"လုံလောက်ပြီ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။

စွန်းချန်ထံတွင် ရင်းမြစ်ရေအိုင်မရှိသဖြင့် သူ ဖွင့်ပေးထားသော ဟင်းလင်းပြင်နေရာကိုသာ အသုံးပြုနိုင်သည်။ အချိန်တိုအတွင်းတွင် ထိုနေရာသည် ဤမျှလောက်သာ ဆံ့နိုင်သဖြင့် စွန်းချန်၏သာမန်ကျင့်ကြံမှုအတွက် လုံလောက်နေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပထမတန်းစားရင်းမြစ်ရေအိုင်သည် ကံကြမ္မာစွမ်းအင်တန်း ၂၅၆တန်းကိုသာ စုပ်ယူနိုင်သည်။

"ဒါက မူလဘူတမြေဝါစွမ်းအင်ပဲ... ငါ အခု မင်းရဲ့ မီးပြင်းဖိုကို ထွန်းညှိဖို့ ကူညီပေးမယ်....အဲဒီနောက်မှာ မင်း ရင်းမြစ်စွမ်းအင်ကို စုပ်ယူပြီးတော့ မင်းကိုယ်ပိုင် အသုံးပြုဖို့အတွက် သန့်စင်နိုင်ပြီ"

စွန်းချန် လက်သီးတစ်ချက်ထိုးပြီးနောက် စာကြည့်တိုက်နှင့် စနစ်တကျကောင်းကင်လမ်းတို့၏ အကူအညီဖြင့် သူ့အတွက် သင့်တော်သော နည်းစနစ်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကျန်းရွှမ်က လက်ညှိုးညွှန်လိုက်ရာ ကြွယ်ဝသော မူလဘူတမြေဝါရောင်စွမ်းအင်သည် စွန်းချန်၏ရင်းမြစ်ရေအိုင်အတွင်းသို့ တိုးဝင်သွားပေ၏။

ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် တခြားသူများကို မီးပြင်းဖို ထွန်းညှိပေးခဲ့စဥ်၌ သူသည် သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရသဖြင့် မူလဘူတမြေဝါစွမ်းအင်ကို အမြောက်အများ အသုံးမပြုဝံ့ချေ။ သူနှင့် ကောင်းစွာသိကျွမ်းသော စွန်းချန်အတွက်မူ သူ ထိုသို့ စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။

မူလဘူတမြေဝါစွမ်းအင်သည် စွန်းချန်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အထူးမီးပြင်းဖိုတစ်ခုဖြစ်ပေါ်စေရန် ချက်ချင်းထွန်းညှိခံလိုက်ရသည်။ အချိန်တခဏအကြာတွင် ရင်းမြစ်စွမ်းအင်စီးကြောင်းတစ်ခုသည် စွန်းချန်၏စုပ်ယူခြင်းခံရပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

သူ၏မီးပြင်းဖိုသည် မည်သည့်အဆင့်သို့ ရောက်ရှိသွားသည်ကို မသိနိုင်သော်လည်း ဤသည်မှာ ယုရှောင်ယွီနှင့်တခြားသူများထက် များစွာပို၍သာလွန်သည်မှာ သေချာပေါက်ပင်။ သူ ရင်းမြစ်စွမ်းအင်ကို စုပ်ယူသည့်အရှိန်နှုန်းသည် ကျန်းရွှမ်ထက် များစွာနိမ့်ကျသော်လည်း အားနည်းနေသည်တော့ မဟုတ်ချေ။

ထိုအချိန်တွင် လျှူထျန်ကျန်းနှင့်ရှုရှင်းတို့သည် မြို့အရှင်အိမ်တော်သို့ ရောက်ရှိသွားလေပြီ။

အပြန်အလှန်မိတ်ဆက်ပြီးနောက် ယုလုံချင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ငါ သိချင်တာက... အရှင်ရှူနဲ့ လျှူမိသားစုခေါင်းဆောင်က ဘာလို့ ဒီကို ရောက်လာကြတာလဲ..."

လျှူမိသားစုသည် ကံကြမ္မာခန်းမမှ ကံကြမ္မာဆရာသခင်တချို့နှင့် အဆက်အသွယ်ရှိသည်ကို သူ သိရှိသော်လည်း သက်သေမရှိဘဲ သူ မည်သည့်အရာကိုမျှ မပြောနိုင်ပေ။ ယခုချိန်တွင် ကံကြမ္မာခန်းမမှလူကိုယ်တိုင် လာရောက်စုံစမ်းမေးမြန်းခြင်းသည် ဖဲချပ်များကို ဖွင့်ပြ၍ ကစားသည့်အလားပင်။

"ဒါက ငါတို့မှာ မင်းကို မေးစရာတစ်ခု ရှိနေလို့ပါ"

လျှူထျန်ကျန်းသည် အပိုစကားမပြောဘဲ တိုက်ရိုက်ပြောလိုက်၏။

"မြို့အရှင်ယုက ယုရှောင်ယွီကို ကျန်းရွှမ်ရဲ့တပည့်ဖြစ်အောင် အသည်းအသန် ကြိုးစားခဲ့တာ မဟုတ်လား...ဒါက သူ အမဲလိုက်လင်းယုန်ကို အလွယ်တကူ ယဉ်ပါးအောင် လုပ်နိုင်ရုံ တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး...."

"အမဲလိုက်လင်းယုန်ကို ယဉ်ပါးအောင်လုပ်ခဲ့တာကို မင်း သိတာလား...လျှူမိသားစုခေါင်းဆောင်က တော်တော်လေး သတင်းစုံတာပဲ....အမှန်အတိုင်းပြောရရင် အမဲလိုက်လင်းယုန်က အခု အပြည့်အဝ ယဥ်ပါးသွားပြီ..."

ယုလုံချင်းက အပြုံးနှင့် ပြောဆိုသည်။

"မြို့အရှင်ယု...အရှင်ရှူက မင်းကို လာရှာတာ ကိစ္စတစ်ခုကို သိချင်လို့ပါ....အဲ့ဒီလို မဟုတ်ရင် သူကိုယ်တိုင် ဒီနေရာကို လာမှာမဟုတ်ဘူး.."

လျှူထျန်ကျန်းသည် ကွေ့ဝိုက်ပြောရန် ပျင်းရိနေပေ၏။

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီကျန်းရွှမ်က ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတယ် မဟုတ်လား...."

"မင်း..."

ယုလုံချင်း၏မျက်ခုံးများ တွန့်ကွေးသွားသည်။

ဤကိစ္စကို သူနှင့်ကျောင်းအုပ်ကြီးလုတို့သာ ခန့်မှန်းခဲ့ကြသည်။ လျှူထျန်ကျန်းသည် ဤကိစ္စကို ကြိုသိနေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မခဲ့ချေ။ အဓိကအချက်မှာ လျှူထျန်ကျန်းသည် ဤကိစ္စကို ကံကြမ္မာခန်းမ၏လူများထံသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းပင်။

အကယ်၍ ဤကဲ့သို့ဖြစ်လာပါက ဤရက်များအတွင်းတွင် သူတို့ ဖုံးကွယ်ရန် ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ယုလုံချင်း၏အမူအယာကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်းသည် ကြိုသိနှင့်ပြီးသားဟု ဟန်ဆောင်နေသော်လည်း သူ၏စိတ်အတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါက ဒီကိစ္စကို သိရုံတင်မကဘူး...ငါ ခန့်မှန်းတာ မှန်တယ်ဆိုရင် မင်းရဲ့စိတ်ဝိညာဉ်ရင်းမြစ်ဝါးပင်က အသုံးပြုပြီးသွားပြီ မဟုတ်လား..."

"ဒါ..."

ယုလုံချင်း အံ့အားသင့်သွားသည်။

ကျန်းရွှမ်တွင် ကံကြမ္မာဆရာသခင်တစ်ဦး၏ အရည်အချင်းရှိသည်ဟု မှန်းဆခြင်းကို အသေးအမွှားဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် လျှူထျန်ကျန်းသည် စိတ်ဝိညာဉ်ရင်းမြစ်ဝါးပင်အား အသုံးပြုပြီးကြောင်းကိုပင် သိရှိနေခြင်းမှာ အနည်းငယ်ကြောက်ရွံဖွယ်ကောင်းပေ၏။

"အမှန်ပဲ..."

ယုလုံချင်း၏ ထိတ်လန့်တုန်လှုပ်မှုနှင့်မတူဘဲ လျှူထျန်ကျန်းသည် စကားအနည်းငယ်အတွင်း အချက်နှစ်ချက်ကို အတည်ပြုပြီးသားဖြစ်သည်။

ပထမအချက်မှာ ကျန်းရွှမ်သည် ကံကြမ္မာဆရာသခင်တစ်ဦး၏အရည်အချင်းကို အမှန်တတကယ် ပိုင်ဆိုင်ထားသည်။ ဒုတိယအချက်မှာ သူသည် ယုရှောင်ယွီ၏ ခွန်အားကို တိုးမြှင့်ပေးရန် စိတ်ဝိညာဉ်ရင်းမြစ်ဝါးပင်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ဤမျှတိုတောင်းသော အချိန်အတွင်း သူမ၏ခွန်အား နှစ်ဆတိုးလာခဲ့ခြင်း ဖြစ်သဖြင့် ဤသည်မှာ ကျန်းရွှမ် လိမ်ညာပြောခဲ့ခြင်းမရှိဟု ဆိုလိုသည်။

"ဆရာကျန်းက ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းကို ပိုင်ဆိုင်သလားဆိုတာ ငါက ခန့်မှန်းထားရုံပဲ တတ်နိုင်ပြီးတော့ အတည်မပြုနိုင်သေးဘူး... ဒါပေမဲ့ သူ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် မပိုင်ဆိုင်တာပဲဖြစ်ဖြစ် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်တာက မြို့အရှင်အိမ်တော်က ငါတို့အတွက် ကောင်းတဲ့အရာတစ်ခုပါ...ရှောင်ယွီကို သူ့ရဲ့တပည့်ဖြစ်စေချင်တာက အဲဒီအကြောင်းပြချက်ကြောင့်ပဲ..."

တစ်ဖက်လူသည် အရာအားလုံးနီးပါး သိရှိသွားသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ ရှင်းပြလိုက်၏။

"ခန့်မှန်းချက်လား.... မင်းကို ဘာက အဲ့ဒီလိုထင်စေတာလဲ...."

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရှုရှင်းက ယုလုံချင်းကိုကြည့်ပြီး မေးမြန်းသည်။

ဤလူသည် ကံကြမ္မာဆရာသခင်များနှင့် ပတ်သက်ဆက်နွှယ်နေသည်ကို သိသောကြောင့် ယုလုံချင်းက ရိုးသားစွာ ပြောဆိုလိုက်သည်။

"သူ ရှောင်ယွီကို သင်ကြားပေးတုန်းက သူ သင်ကြားပေးဖို့ပဲ လိုအပ်တယ်...တပည့်က ဆန္ဒရှိရှိမရှိရှိ ကိုယ်ပိုင်အသိစိတ်ရှိရှိမရှိရှိ သူရဲ့သင်ကြားမှုကို နားထောင်ရုံနဲ့ ရင်းမြစ်စွမ်းအင်ကို သူတို့ရဲ့ရင်းမြစ်ရေအိုင်ထဲ ဝင်ရောက်စေပြီး ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လည်ပတ်မှုကို ပြီးမြောက်စေနိုင်တယ်... ဒါကြောင့် ဒါက ကံကြမ္မာနဲ့ ပတ်သက်ရမယ်လို့ ငါ ခန့်မှန်းခဲ့တာပါ"

"တပည့်က သင်ယူချင်စိတ်မရှိဘဲ အတန်းကို နားထောင်ရုံနဲ့ အလိုအလျောက် ကျင့်ကြံနိုင်တယ်....ဟုတ်လား...."

ဤတစ်ကြိမ်တွင်မူ ရှုရှင်း ထိတ်လန့်တုန်လှုပ်သွားသည်။

သင်ကြားပေးရုံမျှဖြင့် တပည့်များသည် ကံကြမ္မာစွမ်းအင်ကို စုပ်ယူနိုင်လျှင် တစ်ဖက်လူသည် ကံကြမ္မာဆရာသခင်တစ်ဦး၏ အရည်အချင်းကို အမှန်ပင် ပိုင်ဆိုင်ထားကြောင်း အတည်ပြုပြီးသား ဖြစ်ပေမည်!

ကံကြမ္မာဆိုသည်မှာ တစ်စုံတစ်ယောက် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ကို လိုက်နာစေနိုင်သောအရာ ဖြစ်သည်။

ကံကြမ္မာကို ဆန့်ကျင်၍ မရချေ။

ထိုအကြောင်းအရင်းကြောင့် ကံကြမ္မာဆရာသခင်များသည် လူအများ၏ကြောက်ရွံ့ခြင်းနှင့် ရိုသေလေးစားခြင်းတို့ကို ခံယူရလေ၏။

"မင်းတို့က ဒီအကြောင်းကြောင့် ခန့်မှန်းနိုင်တာ မဟုတ်ဘူးလား..."

ရှုရှင်း မည်သည့်အရာကိုမျှ မသိသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်း နားမလည်နိုင်ဖြစ်သွားသည်။

"ဒါက တခြားအကြောင်းအရာတချို့ကြောင့်ပါ..."

ရှုရှင်းသည် အသေးစိတ်မပြောဘဲ မြို့အရှင်ယုကို သတင်းအချက်အလက်များ ထပ်မံ၍မေးမြန်းလိုက်သည်။

ယုလုံချင်းသည် ရှုရှင်းက သူ့ထံမှ သတင်းအချက်အလက်များကို စုံစမ်းလိုသည်အား သိရှိသွားသောကြောင့် သူ မသိချင်ယောင်ဆောင်လိုက်တော့သည်။ ထို့ကြောင့် အချိန်အကြာကြီးမေးမြန်းသည့်တိုင် ရှုရှင်းသည် အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မရရှိခဲ့ပေ။ ရှုရှင်းသည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ မြို့အရှင်အိမ်တော်မှ လျှူထျန်ကျန်းနှင့်အတူ ထွက်ခွာသွားသည်။

"အခုတော့ သူက ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားရုံတင်မကဘူး....သူက အစစ်အမှန်ကံကြမ္မာဆရာသခင်တစ်ယောက်တောင် ဖြစ်နိုင်တယ်ဆိုတာ ရာနှုန်းပြည့်သေချာသွားပြီ... သွားကြစို့....ငါက အရှင်လင်ဆီကို ချက်ချင်း သတင်းစကားပို့မယ်...ငါတို့က ဒီလိုလူမျိုးကို ငါတို့ဘက်ကို ဆွဲသွင်းရမယ်"

မြို့အရှင်အိမ်တော်၏အပြင်ဘက်ရှိ ရထားလုံးအတွင်းတွင် ရှုရှင်း၏ မျက်လုံးများ အရောင်တောက်နေသည်။

လူရှိသည့်နေရာတိုင်းတွင် ကမ္ဘာတစ်ခုရှိသည်။ တူညီသောကံကြမ္မာခန်းမရှိ ကံကြမ္မာဆရာသခင်များပင်လျှင် လုံးလုံးလျားလျား စည်းလုံးညီညွတ်ခြင်းမရှိချေ။ ထို့ကြောင့် အရှင်လင်သည် ကံကြမ္မာခန်းမ၏နောက်ကွယ်တွင် လျှူမိသားစုထံသို့ ကံကြမ္မာချပ်ပြားများကို တိတ်တဆိတ်ရောင်းချပြီး သူ၏ကိုယ်ပိုင်အင်အားစုကို မွေးမြူရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ဤကျန်းရွှမ်တွင် ကံကြမ္မာရှိကြောင်း အတည်ပြုပြီးသည်နှင့် ကံကြမ္မာခန်းမတွင် နေရာတစ်နေရာ သေချာပေါက် ရရှိပေလိမ့်မည်။ အကယ်၍ အရှင်လင်ကသာ ကျန်းရွှမ်ကို အရင်ဆုံးသိမ်းသွင်းနိုင်လျှင် တခြားလူများထက် အားသာချက်များရရှိမည်မှာ သေချာပေါက်ပင်။

ထို့ပြင် အရှင်လင်၏အစောင့်အရှောက်ဖြစ်သော သူ့အနေဖြင့်လည်း ကြီးမားသောအကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။

"သူက တကယ့်ကို ကံကြမ္မာဆရာသခင်တစ်ယောက်လား..."

ရှုရှင်း၏အတည်ပြုချက်ကို ကြားချိန်တွင် လျှူထျန်ကျန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

ကံကြမ္မာဆရာသခင်တစ်ဦးကို ဆရာအဖြစ်ထားရှိလျှင် အနာဂတ်အောင်မြင်မှုများသည် စိတ်ကူးယဉ်ကြည့်၍ မရနိုင်အောင်ပင်...

'ပြောရမယ်ဆိုရင် ငါ့သမီးရဲ့အမြင်က ငါ့ထက် အများကြီး ပိုကောင်းမနေဘူးလား....'

သူ ဤကိစ္စကို တားဆီးနေခဲ့ခြင်းသည် ရယ်ရွှင်ဖွယ်ကောင်းပေ၏။ တစ်ဖက်လူ၏ခေါင်းမာမှုသာ မရှိခဲ့လျှင် သူသည် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ဖျက်ဆီးမိပြီး ဖြစ်ပေမည်။

သူသည် မင်ယွဲ့ကို ချော့မော့ရုံသာမက ဆက်ဆံရေးကိုလည်း ပြေလည်အောင်လုပ်ရမည့်ပုံပင်။

လျှူထျန်ကျန်းက သူ၏နားထင်များကို ပွတ်သပ်လိုက်သည်။

'ဒါက ဘာလဲ...တစ်ဖက်လူမှာ ဒီလိုအရည်အချင်းမျိုးရှိမှန်းသာ သိခဲ့ရင် ငါက ငါ့ရဲ့သမီးကို သူ့တပည့်ဖြစ်အောင် အပြေးအလွှားလုပ်ခဲ့မိမှာပဲ... အခုလိုအခြေအနေမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ'

ယခုချိန်၌ နှစ်ဖက်စလုံး ချောင်ပိတ်မိသောအခြေအနေ၌ ဖြစ်နေပြီး သူ မည်သို့လုပ်ရမည်ကို မသိတော့ချေ။

'စကားမစပ်... ဒီလူက ကံကြမ္မာစွမ်းအင်ကို လိုချင်နေတာ မဟုတ်လား... ငါ ကျန်းရွှမ်ဆီကို ကံကြမ္မာစွမ်းအင်တချို့ပို့ပေးလိုက်ရင် အရင်ကပဋိပက္ခတွေ ပြေလည်သွားနိုင်တယ်...'

သူ၏စိတ်အတွင်းတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။

တစ်ဖက်လူသည် ကံကြမ္မာစွမ်းအင်ကို နေရာအနှံ့ ရှာဖွေနေကာ သူထံတွင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကံကြမ္မာချပ်ပြားတချို့ ရှိနေသောကြောင့် တိုက်ရိုက်ပို့ပေးလိုက်လျှင် မည်သို့ဖြစ်လာနိုင်သနည်း....

ကံကြမ္မာချပ်ပြားတစ်ချပ်ချင်းစီသည် အလွန်ဈေးကြီးသော်လည်း ကံကြမ္မာဆရာသခင်တစ်ဦးကို လျှူမိသားစုအတွက် သိမ်းသွင်းနိုင်ခြင်း၏ အကျိုးကျေးဇူးများသည် ရင်းမြစ်ဒင်္ဂါး ဆယ်သန်း သန်းနှစ်ဆယ်ထက်ပင် သေချာပေါက် သာလွန်ပေလိမ့်မည်။

ဤသို့စဉ်းစားပြီးနောက် လျှူထျန်ကျန်းသည် နောက်ဆုံးတွင် စိတ်အေးသွားလေ၏။

လျှူအိမ်တော်သို့ ပြန်ရောက်သောအခါ သူ တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူသည် ကံကြမ္မာချပ်ပြားများကို အလျင်အမြန်ယူကာ အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ အပြေးအလွှားသွားခဲ့သည်။ ရှုရှင်းကမူ သူ၏နေအိမ်သို့ ပြန်သွားကာ ဝတ်လစ်စလစ်အမျိုးသမီးတစ်စုကို မောင်းထုတ်ပြီးနောက် လက်ဖဝါးအရွယ် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ဤသည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ သေးငယ်သော်လည်း အထူးအရှိန်အဝါတစ်ရပ် ပါဝင်နေသည်။

ကံကြမ္မာစာလိပ်...

အဓိကကံကြမ္မာဆရာသခင်များသာ ဤသို့သောအရာများကို ဖန်တီးနိုင်ပြီး ထိုအရာတွင် ကံကြမ္မာ၏စွမ်းအားပါဝင်ကာ စာလိပ်ကိုဖန်တီးသူနှင့် အဝေးမှ ဆက်သွယ်နိုင်သည်။

အရှင်လင်းဟုခေါ်သော ပုဂ္ဂိုလ်က သူ့ကို ကံကြမ္မာအစောင့်အရှောက်တစ်ဦးအနေဖြင့် ဤနေရာသို့ စုံစမ်းစစ်ဆေးရန် လာခွင့်ပြုရသည့် အကြောင်းရင်းမှာ သူ အဝေးမှ သတင်းစကားပို့ရန် ဤစာလိပ်ရှိနေသောကြောင့်ပင်။

စာလိပ်ပေါ်ရှိ ကြိုးကို ညင်သာစွာ ဆွဲလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ် ချက်ချင်းလှိုင်းထသွားကာ ကံကြမ္မာစွမ်းအားများ ရောက်ရှိလာပြီး ခုခံ၍မရနိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

ကံကြမ္မာစွမ်းအား....

စာလိပ်သည် ဖြည်းညှင်းစွာ ဖွင့်သွားပြီး အဖြူရောင်အလင်းတန်းတစ်တန်း အတွင်းမှ ထွက်ပေါ်လာကာ လူအိုကြီးတစ်ဦး၏ မျက်နှာ ရုတ်တရက် ထင်ဟပ်လာသည်။

"အရှင်လင်း..."

ဤလူ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်၌ ရှုရှင်းသည် အလျင်အမြန် ဒူးထောက်လိုက်၏။

သူသည် ဤသို့သော သတင်းစကားပို့ခြင်းမျိုးကို အကြိမ်များစွာ ပြုလုပ်ခဲ့ဖူးသော်လည်း ထိုပုံရိပ်ကိုမြင်တိုင်း သူ ကြည်ညိုလေးစားမှုကို ခံစားရဆဲပင်။

"အင်း...အထူးတလည် အကြောင်းပြချက်မရှိဘဲ စာလိပ်ကို မဖြုန်းတီးနဲ့လို့ ငါ မပြောခဲ့ဘူးလား... ဒီအရာကို ငါ သန့်စင်နိုင်ရင်တောင် လုပ်ရတာ မလွယ်ဘူး"

အရှင်လင်းက မကျေမနပ်ဖြစ်သော အမူအယာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ရှုရှင်းက သူ၏လက်နှစ်ဖက်ကို အလျင်အမြန်ပူးဆုပ်ပြီး ပြောဆိုသည်။

"ခွင့်လွှတ်ပါ အရှင်လင်း...အရေးကြီးတဲ့ကိစ္စတစ်ခု အစီရင်ခံစရာရှိလို့ ကျွန်တော် ဆက်သွယ်ခဲ့တာပါ... ကျွန်တော်က အဖြူရောင်ကျောက်တုံးမြို့မှာ အစွမ်းထက်ကံကြမ္မာဆရာသခင် ဖြစ်နိုင်တဲ့ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိတယ်"

အရှင်လင်း အံ့အားသင့်သွားသည်။

"အခြေအနေကို အသေးစိတ်ပြောပြစမ်း"

"ဟုတ်ကဲ့"

ရှုရှင်းသည် သူ ဤကိစ္စကို မည်သို့ရှာဖွေတွေ့ရှိခဲ့ပုံနှင့် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို အလျင်အမြန် အသေးစိတ်ပြောပြလိုက်သည်။

သူ၏စကားများကို ကြားပြီးနောက် သခင်လင်း၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားပြီး သူ၏အသံ အနည်းငယ်တုန်ရီသွားသည်။

"မင်းဆိုလိုတာက... မင်းတွေ့ခဲ့တဲ့ ဒီကံကြမ္မာဆရာသခင်က ကျောင်းသားတွေကို သူတို့ရဲ့ကိုယ်ပိုင်အသိစိတ်အပေါ် မမှီခိုဘဲ သင်ကြားပေးရုံနဲ့ အလိုအလျောက် ကျင့်ကြံခွင့်ပေးနိုင်တယ် ဟုတ်လား..."

"ဒီလက်အောက်ငယ်သားက ဒါကို မြို့အရှင်ယုဆီက ကြားခဲ့တာပါ... အသေးစိတ်အခြေအနေကိုတော့ သေချာမစုံစမ်းရသေးပါဘူး..."

ရှုရှင်းက သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

"အရှင်လင်’...ဒါက ကံကြမ္မာရဲ့စွမ်းအား မဟုတ်ဘူးလား... ဒါမှမဟုတ် တစ်ခုခုမှားနေလို့လား..."

ကျောင်းသားများကို အလိုအလျောက် ကျင့်ကြံခွင့်ပေးနိုင်စွမ်းနှင့် သူ ပြောသမျှစကားတိုင်း ကံကြမ္မာကို ဆင့်ခေါ်နိုင်ပြီး အရာအားလုံး အလိုအလျောက် လိုက်နာလာသည့် စွမ်းရည်မှာ အမှန်တကယ်ကို ကံကြမ္မာဆရာသခင်များသာ ပိုင်ဆိုင်သော စွမ်းအားတစ်ခုဖြစ်သည်။

သို့ရာတွင်...

အရှင်လင်းက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ဒီစွမ်းရည်က မကြာသေးခင်က ကျိုးယီအင်ပါယာကနေ ထွက်ပေါ်လာခဲ့တဲ့ ဖရိုဖရဲကံကြမ္မာဆရာသခင်ရဲ့စွမ်းရည်နဲ့ တစ်ထပ်တည်းတူတယ်...နည်းနည်းလေးတောင် မကွာဘူး...."

All Chapters