စိတ်ထားနူးညံ့သော စွန်းချန်
Vol. 9 Ch. 128
"ဘာ...."
ရှုရှင်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ အေးစက်သောလှိုင်းတစ်လှိုင်း ချက်ချင်းစီးဆင်းသွားသည်။
ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ဦးနှင့် တူညီသော စွမ်းရည်ရှိသည်ဆိုလျှင်... ဤလူသည် ဖရိုဖရဲ ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်နေသလော သို့မဟုတ် ဤကဲ့သို့လူတစ်ဦးနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်မှုရှိနေသလော...
"ဒါဆိုရင်... ကျွန်တော် အခု ဘာလုပ်သင့်လဲ..."
ရှုရှင်း၏နှုတ်ခမ်းများ တုန်ရီနေသည်။
သူသည် မူလက အရှင်လင်း၏မျက်လုံးအတွင်းတွင် နေရာပိုရပြီး အသိအမှတ်ပြုမှုကို ပို၍ရရှိရန်အတွက် ကံကြမ္မာဆရာသခင်တစ်ဦးကို ရှာတွေ့နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ယခုချိန်တွင်မူ သူ အနည်းငယ် ကြောက်လန့်နေမိသည်။
ဆယ်စုနှစ်ပေါင်းများစွာက ဖရိုဖရဲကံကြမ္မာဆရာသခင်များ ပထမဆုံးပေါ်ပေါက်လာချိန်တွင် သူတို့သည် လောကကြီးကို ကသောင်းကနင်းဖြစ်စေကာ ပျက်စီးမှုများအား ဖန်တီးခဲ့သည်။ သူတို့သည် လူများကို သွေးဆောင်ကာ နောက်လိုက်များစွာကို ဖြစ်ပေါ်စေခဲ့ပြီး ကံကြမ္မာခန်းမတစ်ခုလုံးကို ပြိုလဲပျက်စီးစေလုနီးပါးပင်။ ဤအကြောင်းအရင်းကြောင့် ရင်းမြစ်ကမ္ဘာတစ်ခုလုံးသည် ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သတိဝီရိယရှိရှိနှင့် သတိထားစောင့်ကြည့်နေဆဲပင်။ ဤကဲ့သို့လူစားမျိုးကို တစ်ကြိမ်ရှာဖွေတွေ့ရှိသည်နှင့် ထိုလူကို ခြွင်းချက်မရှိ သုတ်သင်ရှင်းလင်းပေလိမ့်မည်။
ရက်အနည်းငယ်အကြာက ကျိုးယီအင်ပါယာတွက် ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ဦး ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီး လူများကို သွေးဆောင်နိုင်စွမ်း အလွန်ကြီးမားခဲ့သည်။ ရက်အနည်းငယ်အတွင်းတွင် သူသည် နောက်လိုက်တစ်စုကို ရရှိခဲ့ပြီး သူတို့သည် သူ့အတွက် မီးနှင့်ရေအတွင်း၌ပင် ဖြတ်သန်းရန် ဆန္ဒရှိကြကာ ကံကြမ္မာဆရာသခင်တချို့ပင်လျှင် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိခဲ့ကြသည်။ အရှင်လင်း ပျောက်နေခြင်းမှာ ဤလူကို အမဲလိုက်ရန် သွားသောကြောင့်ဖြစ်သည်...
သူသည် ဤတစ်ကြိမ်တွင် အပန်းဖြေပြီး ပျော်ပါးရန်သာ လာခဲ့သည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ... ကံကြမ္မာဆရာသခင်တစ်ဦးဟု ထင်ရသော ဤလူသည် ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ဦးနှင့် အမှန်တကယ် ဆက်စပ်နေနိုင်သည်။
"မင်း သူ့ကို အရင်ဆုံး မိတ်ဖွဲ့ပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်ထားစမ်း...ငါ ကိုယ်တိုင် သေချာစုံစမ်းပြီးမှ ဆုံးဖြတ်ချက်ချမယ်..."
အရှင်လင်းက မျက်ခုံးပင့်ပြီး ပြောဆိုသည်။
"ဒါပေမဲ့ မင်း အရမ်းစိုးရိမ်ဖို့ မလိုပါဘူး.. ဒါက မင်း တခြားသူတွေဆီက ကြားခဲ့တာပဲ ရှိသေးတယ်...ဖရိုဖရဲကံကြမ္မာဆရာသခင်တွေက အရမ်းရှားပါးတယ်... သမိုင်းစဥ်တလျှောက်မှာ နှစ်ယောက်ပဲ ပေါ်ပေါက်ခဲ့ဖူးတယ်....တစ်ဖက်မှာ အဲ့လိုလူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတဲ့အချိန် နောက်တစ်ဖက်မှာ တခြားတစ်ယောက် ထွက်ပေါ်လာဖို့က မဖြစ်နိုင်ဘူး... တကယ်တော့ သူက သာမန်ကံကြမ္မာဆရာသခင်တစ်ယောက်ပဲဖြစ်ဖြစ် ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက်ပဲဖြစ်ဖြစ် ဒီတစ်ခါတော့ မင်းက ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုကို လုပ်ပြီးသားပဲ"
"နားလည်ပါပြီ...."
ရှုရှင်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။
အရှင်လင်းက ဆက်လက်၍ ပြောဆိုသည်။
"ငါ သုံးရက်အတွင်း ရောက်လာအောင် ကြိုးစားမယ်... မင်း သူ့ကို သေချာစောင့်ကြည့်ထားတာ ပိုကောင်းတယ်...ပြဿနာတစ်ခုခုရှိရင် ငါ့ကို အသေးစိတ် သတင်းပို့နိုင်တယ်"
"ကျွန်တော်က... ဘယ်အချက်တွေကို စောင့်ကြည့်ရမလဲဆိုတာ မသေချာဘူး...အဲ့ဒါတွေကိုသိမှ ကျွန်တော် ကြိုတင်ပြင်ဆင်ထားလို့ရမယ်"
ရှုရှင်းက အလျင်အမြန် မေးမြန်းလိုက်၏။
အရှင်လင်းသည် အချိန်တခဏကြာ စဉ်းစားပြီးနောက် ပြောဆိုသည်။
"ကျိုးယီအင်ပါယာက ဖရိုဖရဲ ကံကြမ္မာဆရာသခင်ကလည်း သင်ကြားရေးမှာ ထူးချွန်ပြီးတော့ သင်ကြားတဲ့နေရာမှာ ကံကြမ္မာရဲ့လားရာကို ထိန်းချုပ်နိုင်ပုံရတယ်...သူက ဆရာတစ်ယောက်လို့ မင်း ပြောခဲ့တယ်မဟုတ်လား..ဒါဆို မင်း သူ့ရဲ့တပည့်တွေကို စမ်းသပ်ကြည့်လို့ရတယ်...သူတို့က ရတနာတွေအပေါ် မမှီခိုဘဲ သူ့ရဲ့အတန်းကိုတက်ရုံနဲ့ ကျင့်ကြံမှုမှာ အလျင်အမြန် တိုးတက်နိုင်တယ်ဆိုရင် သူက ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက် မဟုတ်ရင်တောင် အဲ့ဒီလူနဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတစ်ခု သေချာပေါက်ရှိလိမ့်မယ်"
"ကျွန်တော် သိပါပြီ"
ရှုရှင်းက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အလျင်အမြန် အရိုအသေပြုလိုက်သည်။
"အင်း...မင်း သတိထားမှရမယ်... ရန်သူကို သတိမပေးမိစေနဲ့..."
ထိုစကားဆုံးသည်နှင့် အရှင်လင်းသည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။ ထို့နောက် စာလိပ်မှ အလင်းရောင်နှင့်ပုံရိပ် ပျောက်ကွယ်သွားပြီး အခန်းအတွင်းတွင် ပျံ့နှံ့နေသော ကံကြမ္မာစွမ်းအားများ ချက်ချင်းလွင့်ပြယ်သွားသည်။
"တပည့်တွေကို စမ်းသပ်ရမှာလား...ဒါဆို ငါက ပြိုင်ပွဲတစ်ခုကို ကျင်းပမယ်...ဒီနည်းနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေ တိုးတက်လာသလား ဒါမှမဟုတ် ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာကို ဆုံးဖြတ်နိုင်လိမ့်မယ်... ဒါပေမဲ့ အဲဒီကိစ္စမတိုင်ခင်မှာ ငါက ပဋိပက္ခအားလုံးကို ဖြေရှင်းပြီး သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမယ်..."
စာလိပ်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှုရှင်းက အချိန်တခဏကြာခန့် စဉ်းစားတွေးတောလိုက်၏။
"လာကြစမ်း...ငါ့ကို အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ခေါ်သွားစမ်း...."
အရှင်လင်း၏ညွှန်ကြားချက်များအတိုင်း သူသည် တစ်ဖက်လူကို အရင်ဆုံး မိတ်ဖွဲ့ရန် စီစဉ်လိုက်သည်။ သူ သိသလောက် ဖရိုဖရဲကံကြမ္မာဆရာသခင်များသည် သူတစ်ပါးကို သွေးဆောင်ရာတွင်သာ ထူးချွန်ပြီး သွေးဆာသူများ မဟုတ်ချေ။ သူသည် မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ မပြသသရွေ့ ဘေးကင်းပေလိမ့်မည်။
....
စွန်းချန်သည် တည်ငြိမ်သော ကျင့်ကြံခြင်းအခြေအနေသို့ လုံးလုံးလျားလျား ဝင်ရောက်သွားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် သူ့ကို ဂရုမစိုက်တော့ဘဲ ပြင်ပသို့ ထွက်လာခဲ့သည်။
ကံကြမ္မာစွမ်းအင်အမျှင်သုံးထောင်ခန့် စုပ်ယူပြီးသောကြောင့် ယခုအချိန်၌ စာအုပ်တချို့ကိုဖတ်ရန် အချိန်ကောင်းဖြစ်သည်ဟု သူ တွေးတောလိုက်သည်။ သူ စာအုပ်များ ပို၍ကူးယူနိုင်သည်နှင့် သူသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်အတွက် ဓမ္မရုပ်သွင်နည်းစနစ်ကို တိုက်ရိုက်ဖွဲ့စည်းနိုင်ပြီး တစ်ချက်တည်းဖြင့် အဆင့်တက်နိုင်ပေလိမ့်မည်။
သူသည် သွေးကြောရှင်းလင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိပြီး မြင်းကောင်ရေအား ၆၀ ရှိသည်။ သူ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် မြင်းကောင်ရေအား၁၀၀ကို ဖောက်ထွက်နိုင်ပေလိမ့်မည်။ ကျောက်စိမ်းအရိုးနယ်ပယ် သို့မဟုတ် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူ တိုက်ခိုက်နိုင်ပေလိမ့်မည်။
သူထံတွင် ထိုသို့သော ခွန်အားမျိုးရှိနေပါက အဖြူရောင်ကျောက်တုံးမြို့၌ သူ အန္တရာယ်မှ ကင်းဝေးကာ လွတ်လွတ်လပ်လပ် နေနိုင်ပေမည်။
ကျန်းရွှမ် စာကြည့်တိုက်သို့ စာဖတ်ရန် သွားပြီးနောက် မကြာမီမှာပင် လျှူထျန်ကျန်းသည် အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူ ရှာဖွေနေသောလူသည် ခြံဝန်းအတွင်းတွင်မရှိဘဲ အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် ဟိုဟိုသည်သည် လျှောက်နေသည်ကို သူ မသိခဲ့ချေ။
ယနေ့နံနက်တွင် သူ၏သမီးအတွက် သူသည် ကျန်းရွှမ်နှင့်တိုက်ခိုက်ခဲ့လေ၏။ နေ့လည်အရောက်တွင် သူသည် ရှုရှင်းကို ခေါ်ဆောင်လာကာ စစ်ဆေးမေးမြန်းသည့် အရာရှိတစ်ဦးအလား ကျန်းရွှမ်ကို မေးခွန်းထုတ်ခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ကျန်းရွှမ်ကို လုံးလုံးလျားလျား စိတ်ခုစေခဲ့ပြီးဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ငါ ဆူပူကြိမ်းမောင်းခံရရင် ခံရပါစေ...ငါ အရှက်ခွဲခံရရင်တောင် ဒါက ငါ့အပြစ်နဲ့ငါပဲ"
လျှူထျန်ကျန်းသည် အံ့တင်းတင်းကြိတ်ပြီး တံခါးကိုခေါက်ကာ သူ၏ကျယ်လောင်သောအသံ မြည်ဟီးသွားသည်။
"ဆရာကျန်းရွှမ်...လျှူထျန်ကျန်းက လာရောက်တွေ့ဆုံပါတယ်...ငါက ဆရာနဲ့ စကားတစ်ခွန်းလောက် ပြောခွင့်ရချင်ပါတယ်..."
အခန်းအတွင်းတွင်ရှိနေသော စွန်းချန်သည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်၏။
သူသည် ရင်းမြစ်ကမ္ဘာမှ ယခုလေးတင် ရောက်ရှိလာပြီး မည်သူနှင့်မျှ မတွေ့ဆုံရသေးဘဲ သခင်လေးလည်း မရှိသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ဦးမှ လာရောက်တွေ့ဆုံသဖြင့် သူ အနည်းငယ် အကျပ်ရိုက်သွားသည်။
သူ မတွေ့လျှင် သူတို့ထံ၌ သခင်လေးနှင့် ဆွေးနွေးစရာတစ်ခုခုရှိနေပါက ကြန့်ကြာသွားနိုင်သည်။ သူ တွေ့လျှင်လည်း သူ သူတို့ကို မမှတ်မိသောကြောင့် မည်သို့ပြောဆိုဆက်ဆံရမည်ကို မသိချေ။
"ထားလိုက်ပါတော့...ငါ တွေ့လိုက်တာပဲ ကောင်းပါတယ်....သခင်လေးရဲ့အဆင့်အတန်းနဲ့ အစေခံတစ်ယောက်ကို လက်ခံထားတာက ပုံမှန်ပါပဲ..."
ဤသို့တွေးတောပြီးနောက် စွန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မတ်တတ်ထရပ်ကာ တံခါးဖွင့်လိုက်၏။
"ဆရာကျန်း..အမ်...မင်းက ဘယ်သူလဲ..."
သူ၏ရှေ့မှ မရင်းနှီးသော လူဝကြီးကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်းက ဇဝေဇဝါဖြစ်သွားသော အမူအယာဖြင့် ကြည့်လိုက်သည်။
စွန်းချန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဦးညွှတ်ကာ ပြောဆိုသည်။
"ငါက အိမ်တော်ထိန်း စွန်းချန်ပါ... မင်းက ဘယ်သူလဲ...သခင်လေးကို တွေ့ဖို့ ဘာအကြောင်းရှိလို့လဲဆိုတာ မေးခွင့်ရှိမလား..."
စွန်းချန်က ဤလူသည် ထိပ်သီးမိသားစုသုံးစုအနက်မှတစ်စုဖြစ်သော လျှူမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်ကြောင်း မသိခဲ့ချေ။
"အော်....မင်းက အိမ်တော်ထိန်းစွန်းကိုး..."
လျှူထျန်ကျန်းက တုံ့ပြန်အရိုအသေပေးပြီး ပြောဆိုသည်။
"ငါက လျှူထျန်ကျန်းပါ...ငါ သိချင်တာက... ဆရာကျန်း အိမ်မှာရှိလား..."
"သခင်လေးက မရှိလောက်ဘူးထင်တယ်"
စွန်းချန်က ခေါင်းခါလိုက်သည်။
လျှူထျန်ကျန်းက မေးမြန်းသည်။
"ဆရာကျန်း ဘယ်တော့ပြန်လာမယ်ဆိုတာ မင်း သိလား..."
စွန်းချန်က တုံ့ပြန်အဖြေပေးသည်။
"အဲ့ဒါတော့ ငါ မသိဘူး...တကယ်လို့ သခင်ကြီးလျှူမှာ အရေးကြီးတဲ့ကိစ္စတွေရှိရင် ငါနဲ့ အရင်ပြောနိုင်ပါတယ်... သခင်လေးပြန်လာတဲ့အချိန်ကျရင် ငါက သူ့ကို သတင်းပို့ပေးနိုင်တယ်..."
အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းပြီးနောက် လျှူထျန်ကျန်းက ပြောဆိုလိုက်၏။
"ဒီနေ့မနက်စောစောမှာ ငါက ဆရာကျန်းကို မတော်တဆ စိတ်ခုစေခဲ့မိတယ်...ဒါကြောင့် ငါကိုယ်တိုင် တောင်းပန်ဖို့အတွက် ဒီကို လာခဲ့တာပါ..."
"သခင်လေးကို စိတ်ခုစေခဲ့တာလား"
စွန်းချန်၏မျက်နှာပေါ်ရှိအပြုံး ချက်ချင်းပျောက်ကွယ်သွားပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"တောင်းပန်ပါတယ်..ဒါပေမဲ့ အဲ့ဒီလိုသတင်းစကားမျိုးကိုတော့ ငါ မပို့ပေးနိုင်ဘူး..."
သူသည် မည်သည့်ကိစ္စကိုမျှမသိဘဲ သူ၏ဆန္ဒအတိုင်း သဘောမတူနိုင်ချေ။ ထိုသို့မဟုတ်လျှင် သူသည် သခင်လေးကို အလွန်အမင်း စိတ်ခုစေလိမ့်မည်။ သူသည် ဤလူကို သခင်လေးနှင့်တွေ့ဆုံရန် သဘောတူလိုက်ပါက မည်သို့မျှ သင့်တော်မည်မဟုတ်ချေ။
"ဒါဆို သူ ပြန်လာတဲ့အထိ ခြံဝင်းထဲမှာ ငါ စောင့်နေလို့ရမလား...."
လျှူထျန်ကျန်း တွေဝေတုံ့ဆိုင်းသွားသည်။
"လုံးဝမရဘူး...."
စွန်းချန်က ခေါင်းခါပြလေသည်။
"ဆရာအဆောင်က အရမ်းကျဥ်းတာကြောင့် နေရာမရှိဘူး...သခင်ကြီးလျှူ ကျေးဇူးပြုပြီး ပြန်ပါတော့"
ထိုစကားနှင့်အတူ စွန်းချန်က ခြံဝန်းတံခါးကို ပြန်ပိတ်လိုက်သည်။
ခြံဝင်းတံခါး ပိတ်သွားသည်ကိုကြည့်ရင်း လျှူထျန်ကျန်းသည် အနည်းငယ်ကြောင်အသွားပြီး သူ မတုံ့ပြန်နိုင်ခဲ့ဟု ခံစားမိလေ၏။
သူသည် ထိပ်သီးမိသားစုသုံးစုအနက်မှ တစ်စုဖြစ်သော လျှူမိသားစု၏ခေါင်းဆောင်ဖြစ်ပြီး ကျန်းရွှန်အား လာရောက်တွေ့ဆုံရန် သူ၏မာနကို နှိမ့်ချခဲ့သည်။ သူ မည်သူနှင့်မျှ မတွေ့ဆုံနိုင်ခဲ့ရုံသာမက အစေခံတစ်ယောက်၏ တားဆီးခြင်းကိုလည်း ခံခဲ့ရသည်။ သူ ငယ်စဉ်ကတည်းက ဤကဲ့သို့ကိစ္စမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။
သူ၏မျက်နှာ နီမြန်းသွားသည်။ သူ ထွက်သွားသင့်သလော သို့မဟုတ် ဆက်နေသင့်သခောဟု စဉ်းစားနေစဉ်မှာပင် အစောပိုင်းက လူဝကြီး၏ အသံ အတွင်းမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"တောင်းပန်ဖို့ လာတာတဲ့လား... လက်ချည်းသက်သက်နဲ့လား... စေတနာတစ်စက်မှ မပါဘူး..."
ထိုအသံသည် အလွန်တိုးညှင်းပြီး သူ့ကိုယ်သူ တီးတိုးပြောနေသည့်အလားပင်။
လျှူထျန်ကျန်း၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဤသည်မှာ အမှန်ပင်။ သူ တောင်းပန်ဖို့လာခြင်းဖြစ်သောကြောင့် မာနထားနေလျှင် မည်သည့်ပြေလည်မှုမျှ ရမည်မဟုတ်ချေ။
ကံကြမ္မာဆရာသခင်တစ်ယောက်အတွက် သူ အရာအားလုံးကို စွန့်လွှတ်ရကျိုးနပ်ပေမည်။
လျှူထျန်ကျန်းသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်သည်။
အချိန်တခဏအကြာတွင် တံခါး နောက်တစ်ကြိမ်ပွင့်လာပြီး စွန်းချန်၏မျက်ခုံးများ တင်းတင်းကြပ်ကြပ် တွန့်ကွေးနေသည်။
"တခြားကိစ္စတစ်ခုခု ရှိသေးလို့လား..."
"ဒါက ဒီလိုပါ..."
လျှူထျန်ကျန်းက ပြုံးလိုက်ပြီး သူ၏အိတ်ကပ်အတွင်းမှ ကံကြမ္မာချပ်ပြားတစ်ချပ်ကို ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
"ဆရာကျန်းက ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူချင်တယ်ဆိုတာ ငါ သိနေတာကြောင့် တောင်းပန်တဲ့အနေနဲ့ ကံကြမ္မာချပ်ပြားတစ်ချပ်ကို အထူးပြင်ဆင်လာခဲ့တယ်..."
"ကံကြမ္မာချပ်ပြားလား..."
စွန်းချန်က ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး တံခါးကို နောက်တစ်ကြိမ် ပိတ်လိုက်သည်။ သူ၏အသံသည် ခြံဝင်းအတွင်းမှ ထွက်ပေါ်လာပေ၏။
"အင်း...ဘယ်သူက ငါကို စိတ်ထားနူးညံ့ပြီး ကောင်းမှုကုသိုလ်လုပ်ရတာ ကြိုက်ခိုင်းလို့လဲ... ငါ လက်ခံလိုက်ပြီ...သခင်လေးပြန်လာတဲ့အချိန်ကျရင် မင်းရဲ့ရည်ရွယ်ချက်တွေကို ငါ သတင်းပို့ပေးပါ့မယ်... စကားမစပ်...မင်းရဲ့နာမည် ဘယ်လိုခေါ်လဲဆိုတာ ပြန်ပြောပေးပါအုံး..."
"ငါ..."
အစောပိုင်းက ဖိနှိပ်ထားသော လျှူထျန်ကျန်း၏ ဒေါသများ နောက်တစ်ကြိမ် ထကြွလာသည်။
'မင်း ခုဏက စေတနာမရှိဘူးလို့ မကြားတကြားပြောခဲ့တာကြောင့် အခု ငါက မင်းကို ကံကြမ္မာချပ်ပြားတစ်ချပ် ပေးခဲ့ပြီ...ဒါပေမဲ့ မင်းက တံခါးကို ပိတ်ထားတုန်းပဲ.. ဒါက ဘာအဓိပ္ပာယ်လဲ'
'အဓိကအချက်က... လျှူမိသားစုခေါင်းဆောင်အနေဖြင့် အဖြူရောင်ကျောက်တုံးမြို့မှာ ဘယ်သူက ငါ့ကိုမသိမှာလဲ...ငါ့ရဲ့နာမည်ကို မေးတာက တမင်သက်သက် အရှက်ခွဲတာပဲ...'
သူ၏မျက်နှာ ဒေါသဖြင့် အနည်းငယ်စိမ်းဖန့်သွားသော်လည်း သူသည် တစ်ဖက်လူကို အမှန်တကယ် အပြစ်ပြု၍မရနိုင်ကြောင်းကိုလည်း သူ နားလည်သဘောပေါက်သည်။
ဤလူဝကြီးသည် အမှန်တကယ်ကို အရေးမပါသော်လည်း သူသည် ဆရာကျန်းကို တစ်ကြိမ်အပြစ်ပြုမိပြီးဖြစ်သောကြောင့် သူ့ကို ထပ်မံ၍စိတ်ခုစေလျှင် ပြန်လည်သင့်မြတ်ရန် အကြောင်းမရှိတော့ချေ။
ထို့ကြောင့် သူ၏ဒေါသများကို ချိုးနှိမ်လိုက်ပြီး သူ၏နာမည်ကို သတင်းပို့တော့မည်အပြုတွင် ခြံဝန်းအတွင်းမှ တိုးညှင်းသောအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
"တောင်းပန်တဲ့အနေနဲ့ ကံကြမ္မာချပ်ပြားတစ်ချပ်ပဲလား...ဒီခေတ်ကာလက လူတွေက တခြားလူတွေကို ဘယ်လိုလှည့်စားရမယ်ဆိုတာ တကယ်ကြီးသိထားကြတာပဲ"
လျှူထျန်ကျန်း၏ဒေါသများ ချက်ချင်းငြိမ်းသတ်ခံလိုက်ရသည်။
ကျန်းရွှမ် ကံကြမ္မာခန်းမသို့ ဝင်ရောက်ကာ စာရင်းသွင်းထားသော ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာသည်နှင့် သူ၏လက်အတွင်းမှ အခွင့်အာဏာသည် ကြီးမားလာပေလိမ့်မည်။ ထိုအချိန်တွင် သူ၏စကားတစ်ခွန်းဖြင့် လျှူမိသားစုသည် ကံကြမ္မာချပ်ပြားများ မရရှိနိုင်တော့သည့်အပြင် သူတို့ကို ထိပ်သီးမိသားစုသုံးစုမှ ဖယ်ရှားရန် လွယ်ကူသွားပေလိမ့်မည်။
သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး တံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်သည်။ ခြံဝန်းတံခါး ပွင့်လာချိန်၌ သူသည် အပြုံးနှင့် ဆက်လက်၍ပြောဆိုသည်။
"အိမ်တော်ထိန်းစွန်း...ငါက လျှူထျန်ကျန်းပါ.... ဒါက ဆရာကျန်းအတွက် ပြင်ဆင်ထားတဲ့ နောက်ထပ်ကံကြမ္မာချပ်ပြားတစ်ချပ်ပါ... အစကတော့ ငါကိုယ်တိုင် သူ့ကို ပေးချင်ခဲ့တာ... ဒါပေမဲ့ သူ ပြန်မရောက်သေးမှတော့ အိမ်တော်ထိန်းစွန်းကပဲ သူ့ကိုပေးပေးဖို့ အနှောင့်အယှက်ပေးပါရစေ..."
"အိုး ...စိတ်မပူပါနဲ့...ငါက သခင်လေးဆီကို သေချာပေါက် ပေးပေးပြီး မင်းရဲ့နာမည် လျှူထျန်ကျန်းဆိုတာကို ပြောလိုက်ပါ့မယ်...ဟုတ်တယ်မလား..."
စွန်းချန်သည် ဒုတိယကံကြမ္မာချပ်ပြားကို ယူလိုက်ပြီး သူ၏သဘောထားမှာ သိသိသာသာ တိုးတက်လာသည်။
လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်သည်။
"စကားမစပ်...မင်းက သခင်လေးကို ဘယ်လိုမျိုး စိတ်ခုစေခဲ့တာလဲ...ငါက မင်းအတွက် စကားကောင်းတချို့ပြောပြီး ကူညီပေးနိုင်မလားမသိဘူး..."
စွန်းချန်က သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။ "စိတ်မပူပါနဲ့...သခင်လေးက ငါ့ကို အရမ်းတန်ဖိုးထားတယ်...သူက ငါ့ရဲ့စကားကိုနားထောင်မှာ သေချာတယ်"
လူဝကြီး၏ယုံကြည်မှုကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်းသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။
"ဒါက ဒီနေ့မနက်စောစောက နားလည်မှုလွဲမှားသွားတာလေးပါ... ငါက ဆရာကျန်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခဲ့ကြတယ်..."
"အမ်...မင်းတို့က တိုက်ခိုက်ခဲ့ကြတာလား..."
စွန်းချန်၏ ဝဖြိုးသောမျက်နှာသည် ခါးသက်ဖရဲသီးကို စားမိသည့်အလား ရှုံမဲ့သွားသည်။
"ဒါက ဒုက္ခပါပဲ... ငါတို့သခင်လေးက သိုသိုသိပ်သိပ်နေတတ်တယ်...အပြင်ပန်းမှာ ယဉ်ကျေးပုံပေါ်ပေမယ့် သူ့မှာ မယုံနိုင်လောက်အောင် မာနကြီးတဲ့ နှလုံးသားရှိပြီးတော့ သူ့အပေါ် လက်ပါတဲ့သူကို ခွင့်လွှတ်ဖို့ ဆန္ဒမရှိဆုံးပဲ....တိုက်ခိုက်တာလိုမျိုး သေးငယ်ပုံရတဲ့အရာက သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်အဖြစ် အလွယ်တကူ အဓိပ္ပာယ်ကောက်ယူနိုင်တယ်... ထားလိုက်ပါတော့... ငါက မင်းအတွက် စကားကောင်း ပြောမပေးနိုင်တော့ဘူး... ငါက ဒီကံကြမ္မာချပ်ပြားနှစ်ချပ်ကို မင်းကို ပြန်ပေးမယ်...."
ထိုစကားကိုပြောဆိုရင်း စွန်းချန်က ကံကြမ္မာချပ်ပြားနှစ်ချပ်ကို ပြန်ပေးလိုက်သည်။
ဤစကားကိုကြားချိန်တွင် လျှူထျန်ကျန်းသည် ထိုအရာများကို ပြန်မယူရဲဘဲ သူ၏ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလေသည်။
"ကျေးဇူးပြုပြီး အိမ်တော်ထိန်းစွန်း... ငါ့ကို ကူညီပါ... ဒါက ခင်ဗျားအတွက် လက်ဆောင်ပါ...ခင်ဗျားရဲ့ဒုက္ခခံပေးမှုအတွက် ရင်းမြစ်ဒင်္ဂါး တစ်သောင်းပါ...'
သူသည် ထိုသို့ပြောဆိုရင်း တစ်ရွက်လျှင် ရင်းမြစ်ဒင်္ဂါးငါးထောင်တန်သော ငွေလက်မှတ်နှစ်ရွက်ကို လက်ကမ်းပေးလိုက်သည်။
ငွေလက်မှတ်များကို ယူပြီးနောက် စွန်းချန်ထံတွင် ဇဝေဇဝါဖြစ်နေသောအမူအယာ ရှိနေဆဲဖြစ်သော်လည်း ယခင်ကဲ့သို့ ပြင်းပြင်းထန်ထန် မငြင်းဆန်တော့ချေ။
"ကောင်းပြီလေ...ငါ ဆူခံရရင်တောင် ငါက မင်းအတွက် စကားနည်းနည်း ပြောပေးပါ့မယ်... ဒါပေမဲ့... ဒီကံကြမ္မာချပ်ပြားနှစ်ချပ်တည်းနဲ့တော့ အလုပ်ဖြစ်မယ်လို့ ငါ အာမမခံနိုင်ဘူး... မင်းမှာ နောက်ထပ်နည်းနည်းလောက်ထပ်ရှိရင် ငါ မင်းအတွက် ပြောပေးဖို့ အခွင့်အရေး ပိုကောင်းလာနိုင်တယ်"
လျှူထျန်ကျန်းက ခေါင်းခါလိုက်၏။
"ငါ့ဆီမှာ နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်....ဒါက အသုံးပြုပြီးသွားပြီ... ငါ့မှာ နောက်ထပ်မရှိတော့ဘူး"
သူသည် ကံကြမ္မာချပ်ပြားများကို ထပ်ပေးချင်သော်လည်း ထိုအရာသည် ရှားပါးပြီး အလွန်အဖိုးတန်သည်။ ရှုရှင်း၏ လာရောက်လည်ပတ်မှုသာမရှိပါက သူထံ၌ ဤကံကြမ္မာချပ်ပြားသုံးခုပင်လျှင် ရှိမည်မဟုတ်ချေ။
"ငါ့ကို ပေး...."
သူ၏စကားမဆုံးခင်မှာပင် နောက်ဆုံးကံကြမ္မာချပ်ပြားသည် လူဝကြီး၏လုယက်ခြင်းကို ခံရပြီး တံခါးကို နောက်တစ်ကြိမ် ပြန်ပိတ်လိုက်သည်။ ထို့နောက် အတွင်းမှနေ၍ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"စကားမစပ်...မင်းတို့ တိုက်ခိုက်တုန်းက သခင်လေးကို ထိခိုက်အောင် လုပ်လိုက်သေးလား..."
လျှူထျန်ကျန်း ရှက်ရွံ့သွားသည်။
"အဲ့ဒီလို မဟုတ်ဘူး....ငါက အရိုက်ခံခဲ့ရတာပါ..."
စွန်းချန် သက်ပြင်းရှိုက်လိုက်သည်။
"ဒါဆို အဆင်ပြေသားပဲ....."
"....."
လျှူထျန်ကျန်း ကြက်သေသေသွားသည်။
'ဘာလို့ ဒီမေးခွန်းမေးပုံကို ငါ မကြိုက်ရတာလဲ...'
'ခဏလေး...ငါက ကံကြမ္မာချပ်ပြားသုံးချပ်နဲ့ ရင်းမြစ်ဒင်္ဂါးတစ်ထောင် ပေးပြီးသွားပြီ...ဒါတောင် ငါက တံခါးရဲ့အပြင်ဘက်မှာ နေနေရတုန်းပဲလား...'
သူ နောက်တစ်ကြိမ် တံခါးခေါက်တော့မည်အပြုတွင် လူဝကြီး၏အသံက အတွင်းမှထွက်ပေါ်လာသည်။
"ဟူး...ဒီလူက ဒီလောက်ထိစေတနာကောင်းမှတော့ သခင်လေး ပြန်လာတဲ့အချိန်ကျရင် သူ့အတွက် စကားကောင်းတွေ သေချာပေါက် ပြောပေးရမယ်...ကောင်းကင်နဲ့မြေကြီးကြားမှာ ရှားပါးတဲ့လူတစ်ယောက်အဖြစ် သူ့ကို ချီးကျူးပေးဖို့ သေချာလုပ်ရမယ်"
"အမ်..."
အချိန်တခဏအတွင်းတွင် လျှူထျန်ကျန်းသည် တစ်စုံတစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားမိလေ၏။