တောင်းပန်ဖို့ ရောက်လာတာပါ
Vol. 9 Ch. 129
"ခဏနေဦး...ငါ အလှည့်စားခံလိုက်ရသလို ခံစားနေရတယ်..."
လျှူထျန်ကျန်းသည် မကြာမီမှာပင် ဤအသိတရားကို ရရှိသွားသည်။ သူသည် ကျန်းရွှမ်ကို တောင်းပန်ရန် ဤနေရာကို ရောက်လာခြင်းဖြစ်လျှင်ပင် ကံကြမ္မာချပ်ပြားသုံးပြားကို ပေးအပ်ရန် မလိုအပ်ချေ။ ဤကံကြမ္မာချပ်ပြားတစ်ချပ်ချင်းစီသည် ရင်းမြစ်ဒင်္ဂါးသုံးသန်းတန်ဖိုးရှိပြီး လျှူမိသားစုပင်လျှင် ဤမျှလောက် ထိ ပေးလိုက်ရခြင်းအတွက် ထိခိုက်နစ်နာမှုကို ခံစားရပေလိမ့်မည်။
ယခင်က သူသည် ရှုရှင်းအား ကံကြမ္မာချပ်ပြားတစ်ချပ်ပေးရန် သဘောတူခဲ့သည်မှာ အမြတ်အစွန်းဖြင့် လွယ်လွယ်ကူကူ ရောင်းချနိုင်သောကြောင့်ပင်။ သို့ရာတွင် ယခုချိန်တွင်မူ သူသည် မည်သည့်အရာမျှပြန်မရဘဲ ထိုအရာအားလုံးကို ပေးအပ်လိုက်ရသည်။ ယခုအချိန်၌ တခြားကိစ္စများရှိလာပါက သူ မည်သို့ ဖြေရှင်းနိုင်မည်နည်း။
"အဓိကသော့ချက်ကတော့ ရှုရှင်းက အရှင်လင်ရဲ့ ကံကြမ္မာအစောင့်အရှောက် ဖြစ်နေတာပဲ.... ငါက တခြားကံကြမ္မာဆရာသခင်ကို မျက်နှာလုပ်ဖို့ ကြိုးစားနေတာကို သူ သိသွားရင် သူ ဒေါသထွက်သွားမှာ သေချာတယ်"
သူ၏စိတ်အတွင်းသို့ စိုးရိမ်ထိတ်လန့်မှုလှိုင်းလုံးတစ်ခု တိုးဝင်လာသည်။
ကျန်းရွှမ်သည် အမှန်တကယ်ကို ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်ကြောင်း ရှုရှင်းထံမှ အတည်ပြုချက်ကို ရပြီးနောက် သူသည် ထိတ်လန့်သွားပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် ဤနေရာသို့ အလျင်အမြန်လာခဲ့သည်။ သူသည် ကံကြမ္မာချပ်ပြားတစ်ချပ်တည်းဖြင့် လုံလောက်မည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် စွန်းချန်သည် စိတ်ခံစားချက်များကို ကစားရာတွင် အလွန်ကျွမ်းကျင်ပြီး စကားအနည်းငယ်ဖြင့် သူ့ကို လုံးလုံးလျားလျားပြိုလဲသွားစေကာ သူ၏ကံကြမ္မာချပ်ပြားများအားလုံးကို မရည်ရွယ်ဘဲ ပေးအပ်မိစေခဲ့သည်။
ယခုအချိန်၌ ပြန်လည်ရောင်းချရန် ကံကြမ္မာချပ်ပြားများ မရှိတော့သဖြင့် သူ ဤငွေကို မည်သို့ ပေးချေနိုင်မည်နည်း။ ရှုရှင်းသည် သူ့ကို ဤအတွက် မပေးချေခိုင်းဘဲ နေမည်လော...
"ငါ ပြန်သွားပြီး ရှုရှင်းကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားသင့်တယ်ထင်တယ်..."
သူ၏စိတ်အတွင်းတွင် ထိုသို့စဉ်းစားနေစဉ်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူ့ထံသို့ ချဉ်းကပ်လာသဖြင့် သူ၏မျက်လုံးကို အလျင်အမြန်ပွတ်သပ်ပြီး အတည်ပြုလိုက်သည်။
"အရှင်ရှုရှင်း...ခင်ဗျား... ခင်ဗျားက ဒီကို ဘာလာလုပ်တာလဲ"
ထိုလူမှာ သူ နှစ်သိမ့်လိုသော ရှုရှင်းပင်။
လျှူထျန်ကျန်းလည်း ရှိနေသည်ကို မြင်တွေ့ချိန်၌ ရှုရှင်းသည် အချိန်တခဏကြာမျှ ရပ်တန့်သွားပြီးနောက် အမှန်အတိုင်း တုံ့ပြန်အဖြေပေးလိုက်သည်။
"ငါက ဆရာကျန်းရွှမ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ဒီကိုလာတာပါ... မင်းကရော ဘာလို့ အထဲကို မဝင်သေးတာလဲ"
"ဆရာကျန်း ဒီမှာမရှိဘူး... ခြံထဲမှာ သူ့ရဲ့အိမ်တော်ထိန်းပဲ ရှိတယ်..."
လျှူထျန်ကျန်းက အလျင်အမြန်ရှင်းပြသည်။
ရှုရှင်းထံမှ အံ့အားတသင့်ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါဆိုရင် အထဲကိုဝင်ပြီး ထိုင်စောင့်ကြတာပေါ့...ဘာလို့ မင်းက ဒီအပြင်မှာ မတ်တတ်ရပ်နေတာလဲ"
"ကျွန်တော် အခုပဲ တံခါးခေါက်လိုက်ပါ့မယ်..."
လျှူထျန်ကျန်းသည် ရှင်းပြနေရင်း သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
သူ ဝင်လို့မရသော်လည်း ရှုရှင်းကမူ သေချာပေါက် ဝင်လို့ရပေမည်။ ရိုသေလေးစားခံရသော ကံကြမ္မာအစောင့်အရှောက်တစ်ယောက်အနေဖြင့် သူ ခြံဝန်းအတွင်းသို့ ဝင်ရောက်ရန် ပြဿနာရှိမည် မဟုတ်ချေ။ သူတို့အတူတူ ဝင်သွားနိုင်ပါက အပြင်မှာမတ်တတ်ရပ်ပြီး လူအများ၏အာရုံစိုက်ခြင်းကို ခံရသည်မှ ရှောင်ရှားနိုင်ပေမည်။
ဤသို့တွေးတောပြီးနောက် သူသည် တံခါးထံသို့ သွားပြီး ထပ်မံ၍တံခါးခေါက်လိုက်သည်။
"အိမ်တော်ထိန်းစွန်း...ငါ ပါ... အရှင်ရှုရှင်းက ဆရာကျန်းကို လာတွေ့တာပါ....ငါတို့ကို ခြံဝင်းထဲမှာ စောင့်ခွင့်ပေးဖို့ ငါ မျှော်လင့်မိတယ်"
တံခါးပွင့်လာပြီး စွန်းချန်၏ဝဖိုင်ဖိုင်မျက်နှာ ထွက်ပေါ်လာကာ အနည်းငယ်စိတ်ရှုပ်ထွေးသောအမူအယာ ရှိနေသည်။
"အရှင်ရှုရှင်း...ဟုတ်လား..."
"အမှန်ပဲ... ဒါက ကံကြမ္မာခန်းမဆောင်က ကံကြမ္မာအစောင့်အရှောက် အရှင်ရှုရှင်းပါ..."
လျှူထျန်ကျန်းက ရှင်းပြလိုက်သည်။
စွန်းချန်က သတိကြီးစွာထားပြီး သူတို့ထံသို့ လှမ်းကြည့်လေသည်။
"သူလည်း သခင်လေးကို စော်ကားမိလို့လား"
လျှူထျန်ကျန်း မတုံ့ပြန်မီမှာပင် ရှုရှင်းက အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်သည်။
"ဒါက စော်ကားတာတော့ မဟုတ်ပါဘူး... ငါ အရင်က သူ့ကို မေးခွန်းတချို့မေးခဲ့ပြီးတော့ မလေးမစား လုပ်ခဲ့မိတယ်...ဒီတစ်ခေါက်က ငါ သူနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုပြီး အထင်လွဲမှုတွေကို ဖြေရှင်းဖို့ လာတာပါ..."
"အင်း...."
စွန်းချန်က ခေါင်းညိတ်လိုက်သည်။
"အတူတူဝင်ကြစို့...."
ရှုရှင်းသည် ရှင်းပြပြီးနောက် လျှူထျန်ကျန်းကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်သား ခြံဝန်းအတွင်းသို့ လျှောက်လှမ်းသွားကြ၏။ သူတို့ ချဉ်းကပ်သွားစဉ်မှာပင် တံခါးသည် ရုတ်တရက် ဝုန်းခနဲပိတ်သွားပြီး သတိလက်လွတ်နေမိသော သူတို့နှစ်ယောက်၏မျက်နှာဖြင့် ဆောင့်မိသွားခဲ့သည်။
"မင်း ဘာလုပ်တာလဲ"
ရှုရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကံကြမ္မာအစောင့်အရှောက်တစ်ဦးအနေဖြင့် သူသည် မည်သည့်မြို့သို့ သွားသည်ဖြစ်စေ မြို့အရှင်ကကြိုဆိုပြီး အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခံရသည်။ သေးငယ်သော ခြံဝန်းတစ်ခုအတွင်းသို့ ဝင်ရန် တံခါးပိတ်ခံရခြင်းသည် သူ့အတွက် ရှက်ရွံဖွယ်ကောင်းရုံသာမက သူ၏မျက်နှာကို အားပြင်းပြင်းပါးဖြတ်ရိုက်လိုက်သည့်အလားပင်။
သူ ဒေါသထွက်နေစဉ်မှာပင် စွန်းချန်၏အသံက အတွင်းမှ ထွက်ပေါ်လာသည်။
"မင်းတို့နှစ်ယောက် အပြင်မှာပဲ စောင့်နေကြပါ"
ဤမျှရုန်ရင်းဆန်ခတ် ဖြစ်ပြီးနောက်တွင် သူတို့သည် တောင်းပန်ရန်သာ ရောက်လာကြခြင်းဖြစ်သဖြင့် သူသည် ယခုထက်ပို၍ ယဉ်ကျေးပြနေရန် မလိုအပ်တော့ချေ။
"မင်း..."
ရှုရှင်းသည် အံ့ကြိတ်ကာ တံခါးကို ရိုက်ချိုးပြီး အရည်အချင်းမရှိသော အိမ်တော်ထိန်းကို ဆုံးမရန် ပြင်လိုက်စဉ်မှာပင် အတွင်းမှ လူဝကြီး၏တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။
"ငါက သခင်လေး သဘောကျတဲ့အရာတွေနဲ့ အလေ့အထတွေကို ပြောပြပြီးတော့ သူတို့ကို အဆင်ပြေအောင်နဲ့ သခင်လေးရဲ့မျက်နှာသာရအောင် ကူညီပေးမလို့ပဲ... ဒါပေမယ့် အခု ပြန်စဉ်းစားကြည့်တော့ ထားလိုက်တော့...ငါကပဲ စိတ်ပူနေတာ...တစ်ဖက်လူက ငါ့ကို ကျေးဇူးတောင် တင်ချင်မှတင်လိမ့်မယ်..."
ရှုရှင်း ဆွံ့အသွားသည်။
'ဒါက ငွေညှစ်တာလား... မဟုတ်ဘူး...ဒါက ပြောင်ပြောင်တင်းတင်း လုယက်နေတာပဲ...'
လျှူထျန်ကျန်း၏မျက်ခွံများလည်း တဆတ်ဆတ်တုန်သွားသည်။
'ဒီလူဝကြီးက ရူးနေတာလား...'
သူက ရှုရှင်းသည် ကံကြမ္မာအစောင့်အရှောက်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်တိုင် လူဝကြီးသည် ဤကဲ့သို့စကားမျိုးကို ပြောဆိုဝံ့သလော...
သူ အရိုက်ခံရမည်ကို မကြောက်ရွံသလော...
ရှုရှင်းသည် ဤကိစ္စအတွက် ဒေါသထွက်သွားလိမ့်မည်ဟု သူ တွေးထင်နေစဉ်မှာပင် သူ့ဘက်သို့လှည့်ကြည့်လာသည်ကို မြင်တွေ့လိုက်ရသည်။
"မိသားစုခေါင်းဆောင်လျှူ...ငါ့ကို ရင်းမြစ်ဒင်္ဂါးတစ်သိန်းပေးပါ...အဲ့ဒီငွေကို ငါ့ကိုပေးရမယ့် စာရင်းထဲကနေ နှုတ်လို့ရတယ်"
သာမန်အားဖြင့် အကယ်၍ အိမ်တော်ထိန်းတစ်ယောက်က ဤသို့ပြောဆိုရဲပါက ရှုရှင်းသည် သေချာပေါက် ဒေါသပုန်ထသွားပေမည်။ သို့ရာတွင် အရှင်လင်းမှ ကျန်းရွှမ်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် သူ့ကို အတိအလင်း ညွှန်ကြားထားသည်။ ထို့ကြောင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်ခြင်းကဲ့သို့ သေးငယ်သော ကိစ္စအတွက် သူသည် ထိုအိမ်တော်ထိန်းကို စိတ်ဆိုးအောင် လုပ်၍မဖြစ်ချေ။ ထိုသို့မဟုတ်ပါက နောက်ပိုင်းကိစ္စများ အဆင်ပြေအောင် ဖြေရှင်းရန်အတွက် ခက်ခဲသွားပေလိမ့်မည်။
"ကောင်းပါပြီ..."
လျှူထျန်ကျန်းက အိတ်ကပ်အတွင်းမှငွေကို ထုတ်ယူနေရင်း သူ အလွန်အမင်း အံ့အားသင့်နေသည်။
အကယ်၍ ယခင်က ကျန်းရွှမ်သည် ကံကြမ္မာဆရာသခင်တစ်ဦး ဟုတ်မဟုတ် အတည်ပြုရန် သူ တွေဝေတုံ့ဆိုင်းခဲ့လျှင်ပင် ယခုချိန်၌ သူ ရာနှုန်းပြည့် သေချာသွားလေပြီ။
ရှုရှင်း၏သဘောထားကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ သာမာန်အိမ်တော်ထိန်းတစ်ယောက်သည် သူ့သခင်လေး၏ စွမ်းအားနှင့် အရည်အချင်းကို မသိပါက ကံကြမ္မာအစောင့်အရှောက်တစ်ဦးကို ဤသို့ ပြောဆိုရဲမည်မဟုတ်ချေ။
ဤသို့တွေးတောပြီးနောက် သူ ကံကြမ္မာချပ်ပြားသုံးချပ်ကို ပေးလိုက်ရခြင်းသည် အမှန်တကယ်ပင် တန်ဖိုးရှိသည်ဟု ယူဆမိလေ၏။
ရင်းမြစ်ဒင်္ဂါးများကို ရရှိပြီးနောက် ရှုရှင်းသည် တံခါးကို တစ်ဖန်ပြန်ခေါက်ပြီး ငွေလက်မှတ်များကို တံခါးကြားမှ ထိုးထည့်လိုက်သည်။ "အိမ်တော်ထိန်းစွန်း...ဒါက ငါ ကျေးဇူးတင်ကြောင်းပြတဲ့ လက်ဆောင်လေးတစ်ခုပါ...မင်းက ဒါကိုလက်ခံပေးပြီးတော့ ဆရာကျန်းကို ငါ့အကြောင်း စကားကောင်းလေးတွေ ပြောပေးဖို့ ငါ မျှော်လင့်မိတယ်..."
"အင်း...အရှင်ရှုရှင်းကတော့ နားလည်တတ်သားပဲ...တချို့လူတွေလို သခင်လေးအကြောင်းပဲ စဉ်းစားပြီး ကျွန်တော်တို့လို အောက်ခြေလူတွေကို လူလို့မထင်တဲ့သူတွေနဲ့ မတူဘူး..."
စွန်းချန်က ငွေလက်မှတ်များကို လက်ခံရင်း တုံ့ပြန်ပြောဆိုသည်။
လျှူထျန်ကျန်း၏မျက်နှာသည် ရှုံမဲ့သွားပြီး သူ၏ဒေါသများ ပေါက်ကွဲတော့လုမတတ်ပင်။
'ငါ သူ့ကို ရင်းမြစ်ဒင်္ဂါးတစ်ထောင် ပေးလိုက်တာ မဟုတ်ဘူးလား..ဒါတောင် သူ့ကို လူလိုမဆက်ဆံသေးဘူးလား...သူ့ကို လူတစ်ယောက်လို ဆက်ဆံခံရဖို့ ငါ ဘာတွေများ ထပ်လုပ်ပေးရအုံးမှာလဲ...'
"အိမ်တော်ထိန်းစွန်း စိတ်မဆိုးပါနဲ့...ငါက ဒီနေ့ ငွေအများကြီး ယူမလာခဲ့ဘူး...ရင်းမြစ်ဒင်္ဂါးနှစ်သောင်းပဲ ကျန်တော့တယ်...အဲ့ဒါတွေ မင်းကို အကုန်ပေးလိုက်မယ်...ငါ့အတွက် ဆရာကျန်းရဲ့ရှေ့မှာ မင်းက စကားကောင်းလေးတွေ ပြောပေးဖို့ မျှော်လင့်မိတယ်..."
သူ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း သူ့ထံတွင် အခြားရွေးချယ်စရာမရှိပေ။ ရှုရှင်းက ပေးပြီးဖြစ်သောကြောင့် သူ ငြင်းဆန်၍မရချေ။
သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာသူ၏ပစ္စည်းများကို မွှေနှောက်ပြီး နောက်ဆုံးလလက်ကျန် ရင်းမြစ်ဒင်္ဂါးနှစ်သောင်းကို တံခါးကြားမှ ထိုးထည့်ပေးလိုက်သည်။
တစ်ဖက်လူက ငွေလက်မှတ်များကို ယူသွားသည်ကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်းသည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"အိမ်တော်ထိန်းစွန်းက အကြံဉာဏ်တစ်ခုခုများ ပေးနိုင်မလား"
"ဒါက တကယ်တော့ အရမ်းရိုးရှင်းပါတယ်"
စွန်းချန်၏အသံသည် အတွင်းမှ ထွက်ပေါ်လာပေ၏။
"မင်းတို့က တောင်းပန်ဖို့ လာကြတာဆိုတော အပြင်မှာ စောင့်နေသင့်တယ်... ဒါမှ ရိုးသားမှုကို ပြသရာရောက်တယ်... 'တံခါးဝမှာ နှင်းထဲရပ်စောင့်ခြင်း' ဆိုတာကို မကြားဖူးဘူးလား... သခင်လေး ပြန်လာပြီးတော့ မင်းတို့နှစ်ယောက်ကို ဒီလိုတွေ့သွားရင် သူ စိတ်လှုပ်ရှားသွားမှာ သေချာတယ်... ငါလုပ်သမျှက မင်းတို့အတွက်ချည်းပဲ..."
"အမ်..."
ရှုရှင်းနှင့်လျှူထျန်ကျန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သဘောတရားအရ ထူးဆန်းနေသကဲ့သို့ သူတို့ ခံစားနေရသော်လည်း မည်သည်ကြောင့်ဟုမသိရဘဲ နားမလည်နိုင်လောက်အောင် မှန်ကန်နေသကဲ့သို့ တွေးထင်သည်။
သူတို့သည် တောင်းပန်နေခြင်း ဖြစ်သောကြောင့် သဘောထားတစ်ခု ပြသရန်လိုအပ်ပြီး တံခါးဝတွင် စောင့်နေခြင်းသည် ထိုသဘောထားကို ပြသခြင်းပင်။ ဤအိမ်တော်ထိန်းသည် အိမ်တော်ထိန်းတစ်ဦးသာ ဖြစ်သော်လည်း သူ၏စကားများသည် အဓိပ္ပာယ်ရှိပေ၏။
သို့ရာတွင်... အစောပိုင်းက သူတို့ ပေးလိုက်သော ငွေများ အလဟဿဖြစ်သွားသကဲ့သို့ သူတို့ မည်သည်ကြောင့် ခံစားနေရသနည်း။
မြို့အရှင်ယုလုံချင်းသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၏ တံခါးမကြီးထံသို့ အရေးတကြီးပုံစံဖြင့် ပြေးဝင်လာသည်။
ကျောင်းဝန်း၏ချောမွေ့ညီညာသော လမ်းများအတိုင်း ပြေးလာပြီးနောက် မလှမ်းမကမ်းတွင် သူ့သမီးဖြစ်သူ၏ ဆရာသည် စာကြည့်တိုက်မှ ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
"မြို့အရှင်ယုလား... ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"
ဆရာက သူ့ကို နှုတ်ဆက်ရင်း မေးမြန်းလိုက်သည်။
ယုလုံချင်းက သက်ပြင်းရှိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
"ဆရာကျန်း...ငါ့မှာ ဆွေးနွေးစရာ ကိစ္စတစ်ခုရှိလို့ မင်းကို အထူးတလည် လာရှာတာပါ"
ကျန်းရွှမ်သည် သူ့ကို စိတ်ရှုပ်ထွေးသောအမူအယာဖြင့် ကြည့်လိုက်၏။
အကယ်၍ မြို့အရှင်က အထူးတလည် လာခဲ့သည်ဟုဆိုလျှင် ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပေမည်။
ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။
"ခုဏကက လျှူမိသားစုခေါင်းဆောင် လျှူထျန်ကျန်းက ကံကြမ္မာခန်းမဆောင်က ကံကြမ္မာအစောင့်အရှောက်တစ်ယောက်ကို မြို့အရှင်အိမ်တော်ကို ခေါ်လာပြီးတော့ မင်းရဲ့ အခြေအနေကို လာစုံစမ်းတယ်... ငါက... မင်းမှာ ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းရှိတယ်ဆိုတာကို မတော်တဆ ပြောလိုက်မိတယ်"
"ငါလား...ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းလား"
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။
"အမှန်ပဲ...မင်းက ကျောင်းသားတွေကို ကြိုးစားပမ်းစား ကျင့်ကြံစရာမလိုဘဲ မင်းရဲ့ သင်ကြားမှုကနေတစ်ဆင့် ကိုယ်ပိုင်အသိဉာဏ်နဲ့ လေ့လာနိုင်အောင် လုပ်ပေးနိုင်တယ်... ဒါက ကံကြမ္မာရဲ့ စွမ်းအားပဲ"
ကျန်းရွှမ် မသိချင်ယောင်ဆောင်နေသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်းက ထပ်မံ၍ ပြောဆိုလိုက်သည်။
"မင်းက သိုသိုသိပ်သိပ်နေရတာကို ပိုကြိုက်မှန်းငါ သိပါတယ်....ဒါပေမယ့် အခု ငါက ပြောပြီးသွားပြီဆိုတော့ ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး..."
ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် ကံကြမ္မာဆရာသခင်များအကြောင်းကို ကြားဖူးသော်လည်း သင်ကြားနိုင်စွမ်းသည် ကံကြမ္မာတစ်မျိုးဖြစ်ကြောင်း ပထမဆုံးအကြိမ် သိရှိခြင်းပင်။
'ဒါကြောင့် မင်းက ယုရှောင်ယွီကို ငါ့ဆီ လွှတ်ခဲ့တာကိုး... ပြီးတော့ ကျောင်းအုပ်ကြီးလုကလည်း ငါ့ကို ဆရာတစ်ယောက်ဖြစ်ဖို့ ဖိတ်ခေါ်ခဲ့တာပဲ...ဒါတွေအားလုံးက ဒီအကြောင်းကြောင့်ပဲလား... ဒါပေမယ့် ခဏလေး... ငါက ဒီစွမ်းရည်ကို အရင်က တစ်ခါမှ မသုံးဖူးဘူး....'
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဤအဆင့်မြင့်တည်ရှိမှုကြီးနှစ်ဦးသည် သူ့အပေါ် အလွန်အမင်း ကြင်နာနေသည်ဟု ခံစားခဲ့ရသော်လည်း အကြောင်းအရင်းကို ယခုအချိန်ထိ နားမလည်နိုင်ခဲ့ပေ။
"ရှောင်ယွီကို ဆရာကျန်းဆီ လွှတ်ရတဲ့အကြောင်းရင်းကတော့ မင်းမှာ သူတော်စင်အဆင့် ရင်းမြစ်ရေအိုင် ပိုင်ဆိုင်ပြီးတော့ ထူးကဲတဲ့ အရည်အချင်းရှိလို့ပါ..."
ယုလုံချင်းက ရှင်းပြလိုက်သည်။
"သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်လား"
ကျန်းရွှမ်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေ၏။
ယခင်က သူ၏ကံကြမ္မာစွမ်းအင် စုပ်ယူမှုကို သူတို့ သတိမပြုမိဘဲ မနေခဲ့ကြောင်း သိသာထင်ရှားသည်။ သူသည် ဤကိစ္စကို ကောင်းစွာဖုံးကွယ်ထားနိုင်သည်ဟု တွေးထင်ခဲ့သော်လည်း သူတို့သည် သူ့ကို ထွင်းဖောက်မြင်နေခဲ့သည်။
အကယ်၍ သူ၏စွမ်းအင်စုပ်ယူမှုဆိုသည်မှာ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် သိမ်းဆည်းရန်နှင့် ရွှမ်ကမ္ဘာကို ခိုင်မာအောင် လုပ်ရန်သာဖြစ်ပြီး သူသည် ရင်းမြစ်ရေအိုင်ကိုပင် ရှာမတွေ့နိုင်ကြောင်း သူတို့ သိသွားပါက သူ့ကို ပါရမီရှင်ဟု မှတ်ယူကြမည် မဟုတ်ချေ။
အမှန်အားဖြင့် ဤသည်မှာ သူ ထုတ်ဖော်ပြောဆို၍မရသော ကိစ္စတစ်ခုပင်။
ဤကိစ္စကို ဆက်မပြောလိုတော့သဖြင့် ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။
"ရှုရှင်းက ဒီအကြောင်းကို သိသွားရင် ပြဿနာတစ်ခုခု ရှိလို့လား"
"ဒါက ရှိတာပေါ့"
ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။
"မင်းက သူတို့နဲ့ ပြိုင်ဆိုင်မှုမရှိရင် ကိစ္စမရှိဘူး ဒါပေမယ့် ပြိုင်ဆိုင်မှုရှိလာရင်တော့ ပြိုင်ဘက်ကင်းကံကြမ္မာဆိုတာ ရှိတယ်....သူတို့စောင့်ရှောက်တဲ့ ကံကြမ္မာဆရာသခင်က မင်း မကြီးထွားခင်မှာပဲ မင်းကို အရေးယူပြီး အန္တရာယ်တွေကို အပင်ပေါက်ဘဝမှာတင် ဖယ်ရှားရှင်းလင်းလိမ့်မယ်..."
"ပြိုင်ဘက်ကင်းကံကြမ္မာ ဟုတ်လား... ဒါက ဘာအဓိပ္ပာယ်လဲ"
ကျန်းရွှမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက ကံကြမ္မာတစ်ခုချင်းစီက တစ်မူထူးခြားတယ်လို့ ဆိုလိုတာပါ...သူတို့က ကံကြမ္မာပါတဲ့ ကျင့်ကြံသူတွေ အားလုံးကို ရှင်းလင်းရမယ် ဒါမှမဟုတ် အဲ့ဒီလူတွေကို အညံ့ခံခိုင်းရမယ်... မဟုတ်ရင် သူတို့ အထွတ်အထိပ်ကိုရောက်ဖို့ မဖြစ်နိုင်ဘူး..."
ယုလုံချင်းက အတိုချုပ်၍ ရှင်းပြလေ၏။
ဤစကားများကို နားထောင်ပြီးနောက် ကျန်းရွှမ်သည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။
"မင်း စိတ်ပူနေတာက ရှုရှင်းက ငါ့ကိုဒုက္ခပေးဖို့ စုံစမ်းနေတယ်လို့ ထင်နေတာမလား"
ဤကျိုးကြောင်းဆင်ခြင်မှုသည် အမှန်တကယ်ပင် အဓိပ္ပာယ်ရှိသည်။ ထိုလူနှစ်ယောက်သည် သူ့ထံသို့ မေးခွန်းများစွာ မေးရန် ရောက်လာခဲ့သည်။ သူသည် အသေးစိတ် ရှင်းပြခဲ့သော်လည်း တစ်ဖက်လူက သူ့ကို မယုံကြည်နိုင်ချေ။ ထိုသို့မဟုတ်ပါက သူတို့သည် ယုလုံချင်းကို ရှာရန် အပြေးသွားကြမည် မဟုတ်ချေ။
"အမှန်ပဲ"
ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။
"အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့အရှင်...ငါ သတိထားပါ့မယ်"
တစ်ဖက်လူတွင် စေတနာကောင်းရှိကြောင်း သိသောကြောင့် ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ သူတို့ စကားပြောနေစဉ်မှာပင် သူ၏ နေအိမ်တံခါးဝသို့ ရောက်ရှိလာကြ၏။ သူ ခြံဝန်းအတွင်းသို့ လျှောက်လှမ်းသွားမည်အပြုတွင် သူတို့ ဆွေးနွေးနေခဲ့သော ရှုရှင်းနှင့် လျှူထျန်ကျန်းတို့သည် အမှားလုပ်ထားသော ကလေးများကဲ့သို့ တိတ်တဆိတ် မတ်တတ်ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ထံတွင် ချွေးများစိုရွှဲနေသော်လည်း ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။
"သောက်ချေးပဲ... သူတို့က လှုပ်ရှားဖို့ ကြံစည်နေကြတာပဲ..."
ယုလုံချင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
သူ၏စကားမဆုံးမီမှာပင် ရှုရှင်းနှင့်လျှူထျန်ကျန်းသည်လည်း သတိပြုမိသွားပြီး သူတို့၏မျက်နှာများ တောက်ပသွားကာ ရှေ့သို့ချဉ်းကပ်လာကြသည်။
"ဆရာကျန်း....နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျွန်တော်တို့က ဒီတစ်ခေါက်မှာ တောင်းပန်ဖို့ ဒီနေရာကို လာခဲ့ကြတာပါ..."
ရှုရှင်းက ဦးညွှတ်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"တောင်းပန်ဖို့...."
ယုလုံချင်းနှင့်ကျန်းရွှမ်တို့နှစ်ဦးလုံး အံ့အားသင့်သွားသည်။