အဖေမှာ တကယ်ရော အရည်အချင်း ရှိရဲ့လား
Vol. 9 Ch. 130
ယုလုံချင်းက တစ်ဖက်လူများ လှုပ်ရှားရန် ကြံစည်နေသည်ဟု ပြောလိုက်ချိန်မှာပင် အခြေအနေသည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခဲ့ရာ မည်သူမဆို အနည်းငယ် စိတ်ရှုပ်ထွေးသွားပေလိမ့်မည်။
"သတိထားအုံး...ဒါက လှည့်ကွက်တစ်ခု ဖြစ်နေနိုင်တယ်... ဘယ်သူက လက်ဗလာနဲ့ လာပြီးတောင်းပန်မှာလဲ"
ယုလုံချင်းက တီးတိုးပြောဆိုလိုက်သည်။
ကျန်းရွှမ်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
'ဘယ်သူက ပါးစပ်နဲ့ပဲ တောင်းပန်မှာလဲ....သူတို့က လက်ဆောင်တစ်ခုခုကို သေချာပေါက် ယူလာရမယ်လေ"
ထိုအချိန်တွင် ခြံဝန်းတံခါးသည် ကျွီခနဲပွင့်လာပြီး ပြုံးဖြီးနေသော စွန်းချန်သည် သူ၏လက်ဖဝါးကိုဖြန့်ကာ ပစ္စည်းတစ်ပုံကိုပြသရင်း ပြေးထွက်လာသည်။
"သခင်လေး ပြန်လာပြီလား.... ဒါက သခင်ကြီးလျှူ ပို့လိုက်တဲ့ လက်ဆောင်ပါ...ရင်းမြစ်ဒင်္ဂါး သုံးသောင်း...ကံကြမ္မာချပ်ပြားသုံးချပ် ပြီးတော့ အရှင်ရှုရှင်းဆီက ရင်းမြစ်ဒင်္ဂါးတစ်သိန်းပါ..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
ရင်းမြစ်ဒင်္ဂါးကဲ့သို့သော အရာများသည် ယခုလတ်တလောတွင် သူ့အတွက် မလိုအပ်သေးသော်လည်း ကံကြမ္မာချပ်ပြားသုံးချပ်သည် အလွန်အဖိုးတန်ပေ၏။ ထိုအရာများအတွင်း၌ ပါရှိသော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် သူ ကျောက်စိမ်းအရိုးနယ်ပယ်နှင့် ထို့ထက်မြင့်သောနယ်ပယ်များသို့ ကျင့်ကြံရန် လုံလောက်သည်။
ကျန်းရွှမ်၏စိတ်လှုပ်ရှားမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယုလုံချင်းက သူ၏မျက်လုံးများကိုမှေးစင်း၍ ကြည့်လိုက်သည်။
'ဒါက ကျန်းရွှမ်ရဲ့ ကံကြမ္မာဆရာသခင်ဆိုတဲ့ အရည်အချင်းကို အတည်ပြုလိုက်တာပဲ...သူတို့က သူ့ကို မိတ်ဖွဲ့ဖို့ သူတို့မှာရှိသမျှ အရာအားလုံးကို အသုံးချဖို့ စီစဉ်နေကြတယ်...မဟုတ်ရင် ဘာလို့ သူတို့က ဒီလောက်ထိ အဖိုးတန်တဲ့ ရတနာတွေကို လက်ဆောင်ပေးကြမှာလဲ'
'သောက်ချေးပဲ... ငါ အရင်က အသာစီးရထားတာတွေကို သူတို့က ကျော်တက်သွားတော့မယ်.... ငါလည်း ရတနာတွေ စုဆောင်းပြီး သင့်တော်တဲ့ သဘောထားနဲ့ လက်ဆောင်ပေးဖို့ လိုအပ်လာပြီထင်တယ်'
"ခင်ဗျားတို့က အားနာတတ်လွန်းနေပြီ"
ကျန်းရွှမ်က စွန်းချန်ကို ပစ္စည်းများအား သိမ်းထားရန် အမူအရာပြရင်း အပြုံးနှင့် ပြောဆိုလိုက်သည်။
"ကျေးဇူးပြုပြီး အထဲကို ဝင်ကြပါအုံး..."
"ကျေးဇူးတင်ပါတယ် ဆရာကျန်း..."
ရှုရှင်းနှင့်လျှူထျန်ကျန်းတို့သည် ယခုချိန်မှသာ သက်ပြင်းချနိုင်ကြတော့သည်။
သူတို့သည် ပြင်ပတွင် တစ်နာရီနီးပါး မတ်တတ်ရပ်နေခဲ့ရပြီး သူတို့၏ခြေထောက်များပင် ထုံကျင်လာပေ၏။
ခြံဝန်းငယ်လေး၏ ခန်းမဆောင်အတွင်းတွင် သောက်လီသည် လူတိုင်းအတွက် လက်ဖက်ရည်ကြမ်း တည့်ခင်းဧည့်ခံရန် အလုပ်ရှုပ်နေသည်။
ရှုရှင်းနှင့်လျှူထျန်ကျန်းတို့သည် ဤကိစ္စကို မြင်တွေ့ဖူးပြီးဖြစ်သောကြောင့် အံ့အားသင့်ခြင်း မရှိချေ။ ယုလုံချင်းကမူ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
သူက တစ်ဖက်လူသည် သားရဲထိန်းကျောင်းခြင်းတွင် ကျွမ်းကျင်သည်ကို သိသော်လည်း ဤမျှထိ အဆင့်မြင့်မားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
'ငါ အိမ်ပြန်ရောက်ရင် အမဲလိုက်လင်းယုန်ကို စမ်းကြည့်ရမယ်... ဒီကောင်က စားတာနဲ့ ကြွားတာကလွဲပြီး ဘာမှမလုပ်ဘူး...သူ့ကို အလုပ်နည်းနည်း လုပ်ခိုင်းရမယ့်အချိန် ရောက်ပြီ..'
'အဲ့ဒီကောင်က ချက်ပြုတ်တာ ရေနွေးတည်တာ တွေ မလုပ်နိုင်ရင်တောင် လက်ဖက်ရည်ငှဲ့တာတော့ ရလောက်မှာပါ...ဟုတ်တယ်မလား...'
"မင်းတို့နှစ်ယောက်က အရမ်းယဉ်ကျေးလွန်းနေပြီ... ဒါက အထင်လွဲမှုတစ်ခုပါပဲ..ဒီကိစ္စ ရှင်းရှင်းလင်းလင်း ဖြစ်သွားရင် ပြီးတာပါပဲ..."
သူတို့၏ ရည်ရွယ်ချက်ကို ကြားပြီးနောက် ကျန်းရွှမ်သည် စိတ်ရှုပ်ထွေးနေသော်လည်း တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ကျန်းရွှမ်သည် အလွန်ဒေါသထွက်နေခြင်း မရှိသည့်အပြင် သူတို့အပေါ်တွင်လည်း အဆိုးမြင်စိတ် မရှိသည်ကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်းနှင့်ရှုရှင်းတို့သည် စိတ်သက်သာရာရသွားကြ၏။
အမှန်အားဖြင့် လျှူထျန်ကျန်းသည် ကျန်းရွှမ်၏ ဖြစ်လာနိုင်ဖွယ်ရှိသော လက်စားချေမှုကို စိုးရိမ်နေကာ ရှုရှင်းကမူ ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်နှင့် အခွင့်အရေးယူပြီးစုံစမ်းရန် စဉ်းစားတွေးတောနေသည်။
"ငါ သိချင်တာက...မင်းတို့နှစ်ယောက်မှာ တခြားကိစ္စတွေ ရှိသေးလား... မရှိဘူးဆိုရင်တော့ ငါ့မှာ လုပ်စရာလေးတွေ ရှိလို့ပါ..."
အချိန်တခဏကြာခန့် စကားစမြည်ပြောဆိုပြီးနောက် ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ကံကြမ္မာချပ်ပြား အလုံအလောက်ရှိနေပြီဖြစ်သောကြောင့် သူသည် အစောပိုင်းက စုဆောင်းခဲ့သော ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်အတွက် နည်းစနစ်များကို ကောင်းကင်ဘုံလမ်းနည်းစနစ်များအဖြစ် ဖန်တီးနိုင်ပေမည်။
သူ စာကြည့်တိုက်တွင် အချိန်ကုန်ဆုံးခဲ့သော တစ်နာရီကျော်အတွင်း၌ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်အတွင်း ကျင့်ကြံနည်းစနစ်စာအုပ်ပေါင်း တစ်ထောင်ကျော် စုဆောင်းခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ကောင်းကင်လမ်းနည်းစနစ်ကို ဖန်တီးရန် လုံလောက်သင့်ပေ၏။
ဤသို့ ဝေးလံခေါင်ဖျားသော နေရာတွင် ကံကြမ္မာအစောင့်အရှောက်တစ်ဦးက သူ့ကို ရုတ်တရက် သတိပြုမိလာခြင်းသည် သူ့အပေါ် အလွန်ဖိအားသက်ရောက်စေသည်။ တစ်ဖက်လူ၏သဘောထားသည် ကောင်းမွန်ပြီး သူ့ကို စိတ်ရင်းမှန်ဖြင့် တောင်းပန်ရန်ရောက်လာသော်လည်း သူသည်စိတ်မအေးနိုင်သေးဘဲ သူ၏ကျင့်ကြံမှုကို တတ်နိုင်သမျှ အမြန်ဆုံး တိုးတက်လိုသည်။
ထို့ပြင် အဓိကအချက်မှာ သူသည် ခုန်းရှီဘက်တွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ရှာဖွေဖော်ထုတ်၍ ကူညီပေးရပေမည်။
"တကယ်တော့ ဆရာကျန်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိနေတယ်..."
ရှုရှင်းက အပြုံးနှင့် ပြောဆိုသည်။
"ကျေးဇူးပြုပြီး ပြောပါ အရှင်ရှုရှင်း"
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုရန် အမူအယာပြလိုက်သည်။
အချိန်တခဏကြာမျှ စဥ်းစားနေပြီးနောက် ရှုရှင်းက ပြောဆိုသည်။
"ငါက ကံကြမ္မာခန်းမဆောင်ကို ကိုယ်စားပြုပြီးတော့ ကံကြမ္မာအစောင့်အရှောက်တွေ ဖြစ်လာနိုင်တဲ့ ဒါမှမဟုတ် ကံကြမ္မာဆရာသခင် အရည်အချင်း ပိုင်ဆိုင်တဲ့ အရည်အချင်းရှိသူတချို့ကို ရွေးချယ်ဖို့ ဒီကို ရောက်လာတာပါ...ဒါကြောင့်မလို့ မကြာခင်မှာ ငါက ကျောင်းသားတွေကြားမှာ ပြိုင်ပွဲတစ်ခု ကျင်းပဖို့ ကျောင်းအုပ်ကြီးလုနဲ့ ဆွေးနွေးမှာပါ...မင်း လက်ခံထားတဲ့ တပည့်သုံးယောက်က အရမ်းကို ထူးချွန်တယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် သူတို့ကို ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုပြီးတော့ မင်း မငြင်းဆန်ဖို့ ငါ မျှော်လင့်မိတယ်..."
သူ၏ ရည်ရွယ်ချက်ကို မသိသော ကျန်းရွှမ်သည် ဤသို့ ကိစ္စငယ်လေးအတွက် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ဒါက ရပါတယ်...ဒါပေမယ့် ငါ့ရဲ့တပည့်တွေက ကျင့်ကြံမှုကို အခုမှ စတင်တာဆိုတော့ ကျောင်းသားသစ်တွေထဲမှာ မဆိုးဘူးလို့ သတ်မှတ်နိုင်ပေမယ့် ကျောင်းသားဟောင်းတွေနဲ့ ယှဉ်ရင်တော့ အားနည်းနေသေးတယ်"
ကျင့်ကြံခြင်းသည် လေ့ကျင့်ရုံသာမက လျင်မြန်စွာ တိုးတက်ရန်အတွက် တိုက်ပွဲအတွေ့အကြုံ အမျိုးမျိုး လိုအပ်သည်။ သူသည် သူ၏တပည့်များ သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကန့်ကွက်မည်မဟုတ်ချေ။
"စိတ်ချပါ ဆရာကျန်း...ဒါက ရွေးချယ်မှု လုပ်ရုံပါပဲ....ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"
ရှုရှင်းက အလျင်အမြန် ပြောလိုက်သည်။
အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါတို့ကို သွားခွင့်ပြုပါအုံး"
ရှုရှင်းသည် ပြောစရာရှိသည်ကို ပြောပြီးနောက် လျှူထျန်ကျန်းကို အချက်ပြကာ ခြံဝန်းငယ်လေးအတွင်းမှ ထွက်ခွာသွားတော့သည်။
သူတို့၏ရည်မှန်းချက် အောင်မြင်ပြီဖြစ်သောကြောင့် စကားများများပြောလေလေ သူတို့၏အကြံအစည်များ ပေါ်သွားလေလေ ဖြစ်ပေလိမ့်မည်။
သူတို့ ထွက်သွားသည်နှင့် ယုလုံချင်းသည်လည်း ဆက်နေရန်အကြောင်းမရှိတော့သဖြင့် နှုတ်ဆက်ရန် မတ်တတ်ထရပ်လိုက်သည်။
"ခဏနေပါဦး မြို့အရှင်ယု... ငါ့မှာ အကူအညီတောင်းစရာလေးတစ်ခု ရှိလို့ပါ"
ကျန်းရွှမ်က ပြောဆိုသည်။
ယုလုံချင်းက ပြန်လှည့်ကြည့်လိုက်သည်။
"ငါ တတ်နိုင်သလောက် ဘယ်အရာကိုမဆို ငြင်းဆန်မှာ မဟုတ်ပါဘူး"
လျှူထျန်ကျန်းသည် လက်ဆောင်များစွာ ပေးအပ်ခဲ့ပြီး နာမည်ကြီး ကံကြမ္မာအစောင့်အရှောက်တစ်ဦးပင်လျှင် ငွေများယူဆောင်လာခဲ့သောကြောင့် ယုလုံချင်းအပေါ်တွင် ဖိအားအလွန်သက်ရောက်နေသည်။ သူသည် တစ်ဖက်လူက တောင်းဆိုမည်ကို မကြောက်ဘဲ မည်သည့်အရာကိုမျှ ထုတ်မပြောမည်ကိုသာ စိုးရိမ်နေသည်။
အကယ်၍ တောင်းဆိုမှုတစ်ခု ရှိပါက ကူညီရန် နည်းလမ်းတစ်ခု ရှိမည်ဖြစ်ပြီး ဤသည်မှာ တစ်ဖက်လူ၏စိတ်အတွင်းတွင် သူ၏အရေးပါမှုကို မြင့်တက်သွားစေနိုင်သည်။
"ဒါက ငါ့ရဲ့အိမ်တော်ထိန်းစွန်းချန် အတွက်ပဲ... သူကလည်း ခြေသလုံးအိမ်တိုင်တစ်ယောက် ဖြစ်နေတယ်..မင်းက သူ့ကို သင့်တော်တဲ့ အထောက်အထားတံဆိပ်ပြားတစ်ခု ပေးနိုင်မလားလို့ပါ"
ကျန်းရွှမ်က အလျင်အမြန် ပြောဆိုလိုက်သည်။
ခြေသလုံးအိမ်တိုင်များသည် ရင်းမြစ်ကမ္ဘာတွင် ရှင်သန်ရန် ခက်ခဲပြီး ပစ္စည်းများ ဝယ်ယူရာတွင်လည်း အလွန်အမင်းအဆင်မပြေချေ။ ဤအကြောင်းကြောင့်ပင် သူသည် မိုမိသားစု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။
ထိုစဉ်က နည်းလမ်းမရှိခဲ့သော်လည်း ယခုချိန်တွင်မူ မြို့အရှင်သည် သူ့ရှေ့တွင် ရှိနေပြီး သူနှင့်ဆက်ဆံရေးကောင်း တည်ဆောက်ရန် ကြိုးစားနေသောကြောင့် သူ ဖွင့်ဟပြောဆိုလိုက်သည်။
"ဒါက လွယ်ပါတယ်"
ယုလုံချင်းက အပြုံးနှင့် တုံ့ပြန်သည်။
သာမန်အခြေအနေတွင် ခြေသလုံးအိမ်တိုင်များကို အထောက်အထားတံဆိပ်ပြား ထုတ်ပေးခြင်းသည် ရှုပ်ထွေးနိုင်သော်လည်း မြို့အရှင်ဖြစ်သော သူ့အတွက်မူ ဤသည်မှာ အသေးအမွှားကိစ္စတစ်ခုပင်။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်..အော် ဒါနဲ့ ကျွန်တော်က အစေခံတွေအဖြစ်သုံးဖို့ ခြေသလုံးအိမ်တိုင်တချို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်ထားတယ်...မြို့အရှင်က နောက်ထပ်နည်းနည်းလောက် စီစဉ်ပေးနိုင်မလား...."
ယုလုံချင်းသည် အလွန်တည်ငြိမ်စွာ တုံ့ပြန်သည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က အခွင့်အရေးယူပြီး ပြောဆိုလိုက်၏။
"တကယ်လို့ အဲ့ဒီကိစ္စအတွက် အလှူငွေတွေ ဒါမှမဟုတ် အသုံးစရိတ်တွေ ပေးဖို့လိုအပ်ရင် ငါ စီစဉ်ပေးနိုင်ပါတယ်"
ယခုချိန်၌ ဤနေရာသို့ စွန်းချန် ရောက်ရှိလာပြီဖြစ်သောကြောင့် ကျောက်ယာ ကျန်းယန်နှင့် တခြားသူများကိုလည်း ခေါ်ဆောင်လာရန် လိုအပ်ပေမည်။ သူသည် တစ်ကြိမ်တောင်းဆိုပြီးဖြစ်သောကြောင့် အရာအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖြေရှင်းလိုက်ခြင်းက ပို၍ကောင်းမွန်ပေမည်။
"ဘာမှ လုပ်စရာမလိုပါဘူး"
ယုလုံချင်းက ရယ်မောလိုက်သည်။
"ငါက ညကျရင် အထောက်အထားတံဆိပ်ပြား အခုနှစ်ဆယ် ပို့ပေးလိုက်မယ်...ဒါက မလောက်ဘူးဆိုရင် နောက်ထပ်ပို့ပေးပါ့မယ်"
"ဒါဆို လုံလောက်ပါပြီ"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် မြို့အရှင်...မင်း အထောက်အထားတံဆိပ်ပြားတွေ အများကြီး ပေးထားမှတော့ ငါက မင်း အပေါ်မှာ အခွင့်အရေး မယူနိုင်ဘူး...မင်းက အဖိုးတန် ရင်းမြစ်သားရဲတစ်ကောင်ကို ဖမ်းမိပြီးတော့ ယဥ်ပါးအောင်လုပ်ချင်တယ်ဆိုရင် ငါ့ကို ခေါ်လိုက်ပါ"
"ကျေးဇူးတင်ပါတယ် ဆရာကျန်း"
တစ်ဖက်လူထံမှ ဤကဲ့သို့ ကတိကဝတ်မျိုးကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ယုလုံချင်း၏ မျက်လုံးများ တောက်ပသွားသည်။ အချိန်တခဏကြာမျှ စကားစမြည်ပြောပြီးနောက် သူက ဦးညွှတ်ကာ လက်နှစ်ဖက်ကိုပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင်တော့ ငါက မနှောင့်ယှက်တော့ဘူး"
ထို့နောက် သူသည် ခြံဝန်းငယ်လေးမှ ထွက်ခွာပြီး သူ့သမီးဖြစ်သူ၏အဆောင်ထံသို့ ဦးတည်သွားလိုက်၏။
သူမကို မတွေ့ရသည်မှာ တစ်ရက်ကျော် ကြာသွားသဖြင့် သူမသည် ဆရာကျန်း၏နည်းစနစ်များကို လိမ္မာစွာ ကြိုးစားပမ်းစား ကျင့်ကြံနေခြင်းရှိမရှိနှင့် တိုးတက်မှုများရှိမရှိ သူ သိလိုသည်။ သူ ဤနေရာသို့ ရောက်ရှိနေသဖြင့် သူမအား စစ်ဆေးရန်အတွက် အချိန်ကောင်းပင်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် သူ၏အာရုံကို ကံကြမ္မာချပ်ပြားသုံးချပ်နှင့် စွန်းချန် လက်ကမ်းပေးသော ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ပုံပေါ်သို့ လွှဲပြောင်းလိုက်ပြီး သူ၏မျက်နှာအမူအယာသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပေ၏။
လျှူထျန်ကျန်းက သူ့ကို စော်ကားခဲ့လျှင်ပင် ဤမျှထိ ကြီးကျယ်ခမ်းနားသော လက်ဆောင်မျိုးကို ပေးသည်အထိ မဖြစ်သင့်ချေ။ သူ၏ကံကြမ္မာ အလွန်ကောင်းမွန်နေသလော....
"ဒါက ဒီလိုပါ..."
ကျန်းရွှမ်၏အမူအယာကို မြင်တွေ့သဖြင့် စွန်းချန်သည် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြောပြလိုက်သည်။
ကျန်းရွှမ်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
လျှူထျန်ကျန်းသည် မူလက ကံကြမ္မာချပ်ပြား တစ်ချပ်ကိုသာ ပေးရန် ရည်ရွယ်ခဲ့သော်လည်း ဤအိမ်တော်ထိန်း၏ လှည့်စားခြင်းကို ခံလိုက်ရပြီး တစ်ချပ်ပြီးတစ်ချပ် ထပ်ပေးမိသည်မှာ သိသာထင်ရှားသည်။
"မင်း ကောင်းကောင်းလုပ်ခဲ့တယ်"
ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်များကို လက်ကမ်းပေးလိုက်သည်။
"ဒါတွေကို မင်းယူလိုက်...မင်း ကြိုက်သလို သုံးလို့ရတယ်... မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကျရင် ငါ့ကို လွှဲပေးပါ"
"ဟုတ်ကဲ့..."
စွန်းချန်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးသည် ထျန်ရွှမ်အင်ပါယာတွင် ရှိစဉ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အလွန်အမင်း သဟဇာတဖြစ်နေကြလေပြီ။ ထို့ကြောင့် သူတို့အကြားတွင် စကားများများ ပြောဆိုရန် မလိုအပ်ချေ။
ကျန်းရွှမ်သည် ကံကြမ္မာချပ်ပြားသုံးချပ်ကို ကြည့်ရှုပြီး သူ၏အခန်းအတွင်းသို့ ပြန်သွားကာ နာရီဝက်အတွင်းမှာပင် စွမ်းအားများအားလုံးကို စုပ်ယူလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် စာအုပ်အသစ်ပေါင်း နှစ်သောင်းခုနစ်ထောင်ကျော် ရရှိခဲ့လေ၏။
"ပေါင်းစပ်...."
အတွေးတစ်ချက်ဖြင့် သူ ယခင်က ဖတ်ရှုခဲ့သော ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံနည်းစနစ်များသည် ချက်ချင်းပေါင်းစပ်သွားပြီး ကောင်းကင်လမ်းနည်းစနစ် စာအုပ်တစ်အုပ်က သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။
သူ ထိုစာအုပ်ကို ထိတွေ့လိုက်သည်နှင့် ကျင့်ကြံနည်းစနစ်သည် သူ၏စိတ်အတွင်းသို့ စီးဝင်လာပေ၏။
'ခန္ဓာကိုယ်တွင်းအင်္ဂါများသည် လူသားများ၏ ခွန်အားရင်းမြစ်ပင် ခန္ဓာကိုယ်တွင်းအင်္ဂါများတွင် သက်စောင့်စွမ်းအား ပို၍များပြားလေလေ စွမ်းအားများကို ပို၍ကြာရှည်စွာ ထိန်းသိမ်းထားနိုင်လေလေပင်...'
ဤနိဒါန်းဖြင့် စာအုပ်ကို စတင်ထားပြီး နောက်ပိုင်းတွင် ကျင့်ကြံနည်းစနစ်ကို အသေးစိတ် ဖော်ပြထားသည်။ ကျန်းရွှမ်သည် ကျင့်ကြံရန် အလျင်မလိုဘဲ တခြားအချက်တစ်ချက်ကို အာရုံစိုက်လိုက်သည်။ စာအုပ်တစ်ထောင်သည် လောင်ကျွမ်းသွားပြီး ရုတ်တရက် ပုံရိပ်ငယ်လေးတစ်ခု ပေါ်လာကာ ကောင်းကင်လမ်းနည်းစနစ်အတိုင်း စွမ်းအားများကို အတိအကျလည်ပတ်စေသည်။
စနစ်တကျ ကောင်းကင်လမ်းနည်းစနစ်...
စွမ်းအားလည်ပတ်ပုံလမ်းကြောင်းကို မှတ်သားပြီးနောက် ကျန်းရွှမ်သည် ပလ္လင်ခွေထိုင်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်မှ ချက်ချင်းစုဝေးလာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။
ကျန်းရွှမ် ကျင့်ကြံနေစဉ် ယုလုံချင်းသည် သူ့သမီး၏အဆောင်သို့ ရောက်ရှိလာသည်။
ယမန်နေ့က သူသည် သူ၏သမီးကို အခွင့်အရေး အား လွဲချော်ခဲ့သည့်အတွက် ဆူပူခဲ့ပြီး ဆရာကျန်း သင်ကြားပေးသော နည်းစနစ်များကို ကောင်းမွန်စွာ လေ့ကျင့်ရန် ပြောခဲ့သည်။ ယခု တစ်ရက်ကျော် ကြာမြင့်သွားပြီဖြစ်သောကြောင့် သူမသည် အတော်အသင့် တိုးတက်နေသင့်သည်။
"အရင်က သူမှာ မြင်းကောင်ရေအား ၀.၅ ရှိခဲ့ပြီးတော့ ....တစ်ရက်ကျော်နဲ့ သူ့ရဲ့ခွန်အားက မြင်းကောင်ရေအား၀.၆အထိ တိုးတက်နိုင်ခဲ့ရင်... ဒါက ဆရာကျန်းရဲ့ နည်းစနစ်တွေက အမှန်တကယ် အစွမ်းထက်တယ်ဆိုတာကို ပြသတာပဲ"
ယုလုံချင်းက တံခါးကိုတွန်းဖွင့်ပြီး အခန်းအတွင်းသို့ ဝင်သွားသည်။
"အဖေ"
သူမ၏ဖခင် ဝင်လာသည်ကို မြင်တွေ့ချိန်၌ ယုရှောင်ယွီသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်၏။
"မင်း ဘယ်လိုနေလဲ...နားမလည်တာ တစ်ခုခုရှိလား.... ငါ ကူညီပြီး လမ်းညွှန်ပေးဖို့ လိုအပ်လား"
ယုလုံချင်းက အပြုံးနှင့် မေးမြန်းသည်။
"သမီး နားမလည်တာတချို့တော့ ရှိတယ်... ဒါပေမယ့် ဆရာသင်ပေးတဲ့ နည်းစနစ်တွေကို ပေါက်ကြားလို့မရဘူး...နည်းစနစ်တွေကို တိုက်ရိုက် ပြလို့မရဘူး...သမီး သိပ်နားမလည်တဲ့ နေရာတွေပဲ မေးလို့ရမယ်"
ယုရှောင်ယွီက တုံ့ပြန်အဖြေပေးသည်။
"ဒီအချက်ကို ငါ နားလည်ပါတယ်...စိတ်မပူပါနဲ့... မင်း ပြရင်တောင် ငါ ကြည့်မှာမဟုတ်ဘူး" သူ၏သမီး စိုးရိမ်နေသည်ကို သိသောကြောင့် ယုလုံချင်းက ခေါင်းခါလိုက်သည်။
ဆရာတိုင်းတွင် သူတို့၏ထူးခြားသော ကျွမ်းကျင်မှုများ ရှိပြီး တပည့်များသည် ဤလျှို့ဝှက်ချက်လေးကို မထိန်းသိမ်းနိုင်ပါက အနာဂတ်တွင် မည်သည့်ဆရာက ကျောင်းသားများကို လက်ခံရဲမည်နည်း။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ"
ယုရှောင်ယွီက သက်ပြင်းရှိုက်လိုက်သည်။အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမသည် သူမ၏ဆရာ ပေးအပ်သော လျှို့ဝှက်ကျင့်ကြံနည်းစနစ်မှ နားမလည်သော စာပိုဒ်တစ်ခုကို မေးမြန်းလိုက်သည်။
"ရင်းမြစ်စွမ်းအင်တွေက အရပ်မျက်နှာအဘက်ဘက်က စုဝေးလာပြီးတော့ ရုပ်ခန္ဓာကိုယ်က ရွှံ့စေးနှင့်တူပြီး ပြင်းထန်တဲ့မီးတောက်တွေကဒါကို ကြွေထည်အဖြစ် ပြောင်းလဲစေတယ်... ဒီဟာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲဆိုတာ သမီး သိပ်နားမလည်ဘူး"
"ဒါက ရိုးရှင်းပါတယ်...မင်းရဲ့ ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ်ရှစ်ခုကို အသုံးချပြီးတော့ ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူရမယ်... ပြီးတော့ မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို သန့်စင်ရမယ်..ဒါက ကြွေထည်လုပ်သလိုပဲ....ရွှံ့စေးခန္ဓာကိုယ်ကို ခိုင်မာတဲ့ ကြွေထည်အဖြစ် ပြောင်းလဲဖို့ အကြိမ်ကြိမ် ထုနှက်ပြီး သန့်စင်ဖို့ လိုအပ်တယ်..."
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ယုလုံချင်းက ရှင်းပြသည်။
ယုရှောင်ယွီက ခေါင်းညိတ်ပြီး ပလ္လင်ခွေထိုင်ကာ သူမဖခင်၏ ရှင်းပြချက်အတိုင်း လေ့ကျင့်လိုက်သည်။ အချိန်တခဏအကြာတွင် ရုတ်တရက် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မဟုတ်ဘူး...အဖေပြောတဲ့ နည်းလမ်းက သမီးရဲ့ အရင်လေ့ကျင့်မှုနဲ့ သိပ်မကိုက်ညီဘူး... ရင်းမြစ်စွမ်းအင်ကို လုံးဝစုပ်ယူလို့မရဘူး... သမီးက မေးခွန်းတစ်ခုပဲ မေးလိုက်တာကို အဖေ ရှင်းပြတာ မှားနေတယ်"
ယုရှောင်ယွီက ခေါင်းခါလိုက်ပြီး သူမ၏ မျက်လုံးအတွင်းတွင် တစ်ချိန်က ခွန်အားကြီးသော သူရဲကောင်းဖြစ်ခဲ့သော သူမ၏ရှေ့မှ လူကို စိတ်ရှုပ်ထွေးမှုများဖြင့် ကြည့်လိုက်သည်။
"အဖေ....အဖေမှာ တကယ်ရော အရည်အချင်းရှိရဲ့လား"