မိုယန်ရွှယ်၏မျှော်မှန်းချက်များ
Vol. 9 Ch. 131
ယုရှောင်ယွီသည် သူမဖခင်၏စကားများမှအဓိပ္ပာယ်အတိအကျကို နားမလည်သော်လည်း သူသည် ကျင့်ကြံနည်းစနစ်ကို ကောင်းစွာမရှင်းပြနိုင်ခြင်းမှတဆင့် သူ နားလည်မှုလွဲမှားစွာ ညွှန်ပြနေကြောင်း သူမ သိလိုက်သည်။
သူမ၏ဖခင်ကို အရာအားလုံး၌ စွမ်းဆောင်နိုင်နိုင်သည်ဟု သူမ အစဥ်အမြဲယုံကြည်ခဲ့သော်လည်း ယခုချိန်၌ သူသည် ရိုးရှင်းသော ရှင်းပြချက်တစ်ခုကို မှားယွင်းသွားသဖြင့်.... သူ့ထံတွင် အရည်အချင်းရှိသေးသလော...
"ဒါက မဖြစ်နိုင်ဘူး..."
ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ယုရှောင်ယွီက ပြောဆိုသည်။
"ဒါဆိုရင် ဒီစာကြောင်းကို ရှင်းပြကြည့်ပါလား... 'ခွန်အားကို စက်ဝိုင်းတစ်ခုအဖြစ် စုစည်းပြီး ဒန်တျန်တွင် စုစည်းစေ' ဆိုတာကို အဖေ ရှင်းပြပေးပါ"
"ဒါက ရိုးရှင်းပါတယ်...ခွန်အားကို စက်ဝိုင်းတစ်ခုအဖြစ် စုစည်းပြီး ဒန်ထျန်ဆီကို လည်ပတ်စေတာကို ဆိုလိုတာပဲ..." ယုလုံချင်းက ရှင်းပြလိုက်သည်။
"ဒါဆို 'အသက်ရှုခြင်းကို မျှော်စင်တစ်ခုအဖြစ် စုစည်းပြီး စွမ်းအင်ကို စီးဆင်းနေသောရေကဲ့သို့ ဖြန့်ကျက်စေ' ဆိုတာကရော..."
ယုရှောင်ယွီက ဆက်လက်၍ မေးမြန်းသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။
"ဒါက မင်းရဲ့ခန္ဓာကိုယ်တွင်းက အသက်ရှုခြင်းကို စုစည်းပြီးတော့ မြင့်မားတဲ့မျှော်စင်တစ်ခုအဖြစ် ဖွဲ့စည်းတာကို ဆိုလိုတယ်...ပြီးတော့ မင်းက ဒါကို မထိန်းချုပ်နိုင်ရင် အစစ်အမှန်စွမ်းအားတွေက ရေလို စီးထွက်သွားလိမ့်မယ်..."
"မှားတယ် အားလုံးမှားတယ်"
ယုရှောင်ယွီက ခေါင်းခါရင်း အထင်သေးသောအကြည့်ဖြင့် ယုလုံချင်းကို ကြည့်လိုက်သည်။
"အဖေက ကျင့်ကြံခြင်းကို ကောင်းကောင်းနားလည်တယ်လို့ ထင်ခဲ့တာ.. ဒါပေမယ့် တကယ်တော့ အဖေက ဘာမှမသိတဲ့ ဆရာအတုအယောင်ပဲ"
သူ့သမီး၏ မထီမဲ့မြင်ပြုခြင်းကြောင့် အံ့အားသင့်သွားပြီး ယုလုံချင်း၏မျက်နှာ စိမ်းဖန့်သွားလေ၏။
"ငါ့ရဲ့ရှင်းပြချက်က မှားနေတယ်ဆိုရင် ဒီစာကြောင်းနှစ်ကြောင်းရဲ့ အဓိပ္ပာယ်ကို မင်းပြောပြစမ်း"
မည်သို့ပင်ကြည့်စေကာမူ သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့် နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်တွင်ရှိသော ထိပ်သီးကျင့်ကြံတစ်ဦးဖြစ်ပြီး အဖြူရောင်ကျောက်တုံးမြို့တွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပင်။ သူသည် ဤကျင့်ကြံနည်းစနစ်ကို ကူညီ၍ရှင်းပြရန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သော်လည်း သူ့သမီး၏ အဆက်မပြတ် သံသယဝင်ခြင်းကို ခံနေရသည်။
"ဒီစာကြောင်းနှစ်ကြောင်းကို ကျွန်မ ဆရာ့ကို အတန်းထဲမှာ မေးခဲ့ပြီးတော့ ဆရာက ဒီလိုရှင်းပြခဲ့တယ်"
သူမ ရှင်းမပြပါက သူမ၏ဖခင်သည် သူ မှားကြောင်း ယုံမည်မဟုတ်သည်ကို သိသောကြောင့် ယုရှောင်ယွီက ပြောဆိုလိုက်သည်။
"ပထမစာကြောင်း 'ခွန်အားကို စက်ဝိုင်းတစ်ခုအဖြစ် စုစည်းခြင်း' ဆိုတာက လူတစ်ယောက်ရဲ့ ခွန်အားကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံတာကို ရည်ညွှန်းတယ်...ဒါမှ ဒန်တျန်မှာ စုဝေးနိုင်မှာပါ... မဟုတ်ရင် ရင်းမြစ်စွမ်းအင်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ပြီးတော့ ထိန်းချုပ်မှုကို လွယ်လွယ်ကူကူ ဆုံးရှုံးသွားနိုင်တယ်....ဒါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်.... အပေါ့စားအနေနဲ့ ကျင့်ကြံမှုသွေဖည်သွားနိုင်ပြီး အပြင်းအထန်ဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်"
"ဒုတိယစာကြောင်း...'အသက်ရှုခြင်းကို မျှော်စင်တစ်ခုအဖြစ် စုစည်းပြီး စွမ်းအင်ကို စီးဆင်းနေသောရေကဲ့သို့ ဖြန့်ကျက်စေ' ဆိုတာက အစစ်အမှန်စွမ်းအားကို သန့်စင်တာကို ရည်ညွှန်းတယ်...ကျင့်ကြံသူတစ်ယောက်မှာ မျှော်စင်တစ်ခုကို တည်ဆောက်တဲ့ စိတ်ဓာတ်မျိုး ရှိရမယ်... ခိုင်မာတဲ့အခြေခံကို ချပြီးမှ အလွှာလိုက် တည်ဆောက်နိုင်မှာ... နဝမအလွှာကို တန်းခုန်လို့မရဘူး....ပထမအလွှာကနေ စရမယ်.... 'စွမ်းအင်ကို စီးဆင်းနေသောရေကဲ့သို့ ဖြန့်ကျက်စေ' ဆိုတာက ရင်းမြစ်စွမ်းအင်ကို မထိန်းချုပ်နိုင်ရင် အတင်းအကျပ်လုပ်မယ့်အစား ရေလို သဘာဝအတိုင်း စီးဆင်းခွင့်ပေးသင့်တယ်....မဟုတ်ရင် အချိန်ကုန်ပြီး လူပန်းရုံပဲရှိမယ်...ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူး..."
သူ့သမီး၏ရှင်းပြချက်ကို ကြားချိန်တွင် ယုလုံချင်းသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ရီလာပေ၏။
အရာရာတိုင်းကို သဘာဝအတိုင်း ဖြစ်စေခြင်း...
ဤသည်မှာ အမှန်ပင်။
ရေကို တောင်ပေါ်သို့ ဆွဲတင်ရန် ရေလမ်းဖောက်ခြင်းသည် မဖြစ်နိုင်သလောက် ဖြစ်သော်လည်း တောင်ထိပ်တွင် စမ်းရေတွင်းတူးပြီး သဘာဝအတိုင်း စီးဆင်းစေခြင်းသည် တောင်တစ်လုံးလုံး သောက်သုံးရေရရှိရန် သေချာစေနိုင်သည်...
ဤသည်မှာ သဘာဝအတိုင်း စီးဆင်းစေခြင်း၏အဓိပ္ပါယ်ပင်။
အချိန်တခဏအတွင်းမှာပင် သူ၏ကျင့်ကြံမှုတွင် သူ နားမလည်ခဲ့သော အပိုင်းများသည် ပေါင်းစပ်သွားပေ၏။ ထို့နောက် သူ၏ကျင့်ကြံမှုကို နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သော အတားအဆီးများသည် ကျယ်လောင်သောခေါင်းလောင်းသံကြောင့် ဖန်ခွက်တစ်ခွက်ကွဲသွားသည့်အလား ရုတ်တရက် ကြေမွှပျက်စီးသွားသည်။
ဘုန်း....
သူ၏နောက်တွင် ကြီးမားသောပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး လေထုအတွင်းတွင် ခန့်ညားထည်ဝါစွာ ပလ္လင်ခွေထိုင်နေသည်။
ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်...ဓမ္မရုပ်သွင်နယ်ပယ်...
သူ့သမီး၏ ကျင့်ကြံနည်းစနစ်မှ ရှင်းပြချက်များကို နားထောင်ပြီးနောက် သူသည် ဉာဏ်အလင်းပွင့်သွားပြီး သူ့ကို နှစ်ပေါင်းများစွာ ချည်နှောင်ထားခဲ့သော အတားအဆီးများကို တိုက်ရိုက် ချိုးဖျက်ကာ ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိသွားသည်။
ယုရှောင်ယွီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
သူမ၏ဆရာ ပေးခဲ့သော ကျင့်ကြံနည်းစနစ်သည် ရင်းမြစ်ရေအိုင်နယ်ပယ် တတိယအဆင့် ကျင့်ကြံမှုအတွက်သာ ဖြစ်သည်။ သူမ၏ဖခင်ကို ရှင်းပြခြင်းမှ သူ့ကို နားလည်သွားစေပြီး အောင်မြင်မှုရရှိစေခဲ့သည်။
'ဒါက ဘယ်အဆင့်မှာရှိတဲ့ နည်းစနစ်လဲ...ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အစွမ်းထက်နေတာလဲ'
အချိန်အတော်ကြာပြီးနောက် ယုလုံချင်းသည် သူ၏ကျင့်ကြံမှုကို နောက်ဆုံးတွင် တည်ငြိမ်အောင်လုပ်ကာ ဓမ္မဝိညာဉ်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဆွဲသွင်းပြီး သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ၏သမီးကို တစ်ဖန်ပြန်ကြည့်ချိန်တွင် သူ၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"ဆရာကျန်းက မင်းကို တခြား ဘယ်နည်းစနစ်တွေ သင်ပေးသေးလဲ...မြန်မြန်ရှင်းပြစမ်း... ဒီနည်းစနစ်က ကျင့်ကြံခြင်းရဲ့ အနှစ်သာရကို တိုက်ရိုက်ညွှန်ပြနေပြီးတော့ ငါ့အတွက် အရမ်းအထောက်အကူဖြစ်တယ်..."
မူလက သူ၏သမီးကို ရှင်းပြချက်များဖြင့် ကူညီလိုခဲ့သော်လည်း ယခုမူ သူက သူမကို သင်ကြားပေးရန် တောင်းဆိုရမည့် အခြေအနေသို့ ရောက်နေသည်။
"အဖေ... အသိစိတ်ဝင်ပါဦး... ဆရာ့ရဲ့နည်းစနစ်တွေကို မျှဝေလို့မရဘူး....အဖေက သမီးရဲ့အဖေဖြစ်နေရင်တောင် မရဘူး"
ယုရှောင်ယွီက ခေါင်းခါလိုက်သည်။
ထိုအချိန်ကျမှသာ ယုလုံချင်းသည် သူ၏စိတ်လှုပ်ရှားမှုမှ ပြန်လည်သတိဝင်လာပြီး သူ၏မျက်လုံးများအတွင်းတွင် မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေပေ၏။
"ရှောင်ယွီ... မင်း... ဆရာကျန်းကို ငါလည်း သူ့ရဲ့တပည့်ဖြစ်လို့ရမလားလို့ မေးပေးပါလား...စိတ်မပူနဲ့....ငါတို့ သီးသန့်အကန့်ခွဲထားကြမယ်... မင်းက ငါ့ကို အဖေလို့ခေါ်...ငါက မင်းကို စီနီယာအစ်မလို့ခေါ်မယ်..."
ယုရှောင်ယွီ သက်ပြင်းရှိုက်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ယုလုံချင်းသည် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်အသိဝင်လာသည်။
ဆရာကျန်းသည် ကျင့်ကြံခြင်းကို ဤမျှထိ နက်နဲသိမ်မွေ့စွာ နားလည်ပြီး သူ၏နည်းစနစ်များမှ သာမန်ရှင်းပြချက်များပင်လျှင် ဤမျှနက်နဲသည်ကိုသာ သူ သိခဲ့လျှင် သူသည် တပည့်ဖြစ်ခွင့်ကို ယခင်ကတည်းက တောင်းဆိုခဲ့မိပေမည်
'ဒီကောင်မလေးနဲ့ ဘာဆိုင်တော့မှာလဲ....'
"ဒီနည်းစနစ်ကို နှစ်ရက်ကျော် လေ့ကျင့်ပြီးတဲ့နောက်မှာ မင်းရဲ့ခွန်အားက ဘယ်အဆင့်ကို ရောက်ပြီလဲ"
ယုလုံချင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
သူ နောက်ဆုံးအကြိမ် သူ၏သမီးနှင့် ခွဲခွာချိန်က သူမတွင် မြင်းကောင်ရေအား ၀.၅ သာရှိခဲ့သည်။ ယခုချိန်တွင် သူမ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၆ သို့မဟုတ် ထို့ထက်ပို၍ ရောက်နေသလော....
"ဒီမှာ ခွန်အားတိုင်းဝင်္ကပါမရှိတော့ ကျွန်မလည်း မသေချာဘူး"
ယုရှောင်ယွီက ခေါင်းခါပြလေ၏။
"ငါ့ကို လက်သီးနဲ့ တစ်ချက်ထိုးလိုက်.... ငါ ခန့်မှန်းနိုင်တယ်"
ယုလုံချင်းက အပြုံးနှင့် ပြောဆိုသည်။
"ဟုတ်ကဲ့"
ယုရှောင်ယွီက ခေါင်းညိတ်ပြကာ ရှေ့သို့တက်ပြီး သူမ၏ဖခင်ထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ယုလုံချင်းက ခပ်ဖျော့ဖျော့ပြုံးပြီး ထိုလက်သီးချက်ကို တားဆီးရန် သူ၏လက်ကို မြှောက်လိုက်သည်။
နောက်ထပ်အချိန်တခဏတွင် မြို့အရှင်ယုလုံချင်းသည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏ပုံရိပ်သည် လေထုအတွင်းတွင် မျောလွင့်နေကာ ဓမ္မရုပ်သွင် ထွက်ပေါ်လာပြီး သူ ပြုတ်မကျအောင် ထိန်းသိမ်းပေးထားသည်။
"မင်း....မင်း..."
ယုလုံချင်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ဒါ... မင်းရဲ့ခွန်အားက မြင်းကောင်ရေအား ၃ ရှိတာလား"
တစ်ရက်ကျော်သာ ကျင့်ကြံပြီးနောက် သူမသည် မြင်းကောင်ရေအား ၀.၅ မှ အံ့အားသင့်ဖွယ်ကောင်းအောင် မြင်းကောင်ရေအား ၃သို့ ရောက်ရှိသွားသည်။
'ဒါက သာမန်ကျင့်ကြံမှုလား..'
ဓမ္မရုပ်သွင်နယ်ပယ်ရှိသော ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏စွမ်းအားသည် မြင်းကောင်ရေအား တစ်ရာကို ကျော်လွန်သွားလေပြီ။ အမှန်အားဖြင့် မြင်းကောင်ရေအားသုံး သည် သူ့ကို အနည်းငယ်မျှပင် မလှုပ်ခတ်စေသင့်ချေ။ သို့ရာတွင် သူသည် သူ၏သမီးထံ၌ အများဆုံးအနေဖြင့် မြင်းကောင်ရေအား ၀.၆ သာရှိမည်ဟု အစဥ်အမြဲ တွေးထင်ခဲ့သည်။ သူမ၏လက်သီးကို ခံယူခြင်းတွင်လည်း ထိုခွန်အားပမာဏကိုသာ သူ ခန့်မှန်းထားခဲ့ပေ၏။ သို့ရာတွင် သူသည် လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သည်။
"မြင်းကောင်ရေအား သုံးလား"
ယုလုံချင်းသာမက ယုရှောင်ယွီပင်လျှင် လုံးလုံးလျားလျား အံ့အားသင့်သွားသည်။
သူမသည် မူလက သူမ၏ဆရာ သင်ကြားပေးသော နည်းစနစ်များသည် အစပိုင်းတွင် တိုးတက်မှုလျှင်မြန်သော်လည်း နောက်ပိုင်းတွင် နှေးကွေးသွားမည်ဟု တွေးထင်ခဲ့သည်။ ယခုချိန်တွင်မူ သူမ၏တိုးတက်မှုသည် အမြဲတစေ လျင်မြန်နေသည်မှာ သိသာထင်ရှားပေ၏။
"အော် ဒါနဲ့ တော်ဝင်မြို့တော်က ကံကြမ္မာအစောင့်အရှောက် ရှုရှင်းက ကျောင်းသားတွေအတွက် သိုင်းပြိုင်ပွဲတစ်ခု ကျင်းပချင်နေတယ်... မင်း ပါဝင်ယှဥ်ပြိုင်ရမယ်.... ဒါက စိတ်ဝိညာဉ်ရင်းမြစ်ဝါး တစ်ပိုင်းပဲ...မင်း ဒါကို သန့်စင်ဖို့ နည်းလမ်းရှာသင့်တယ်...ဒါက မင်းရဲ့ခွန်အားတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်တယ်"
ယုလုံချင်းသည် ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်သက်သာလာပြီးနောက် အစိမ်းရောင်ဝါးလုံးတစ်လုံးကို ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
စိတ်ဝိညာဉ်ရင်းမြစ်ဝါး၏ အရွက်များသည် ကုန်သွားပြီဖြစ်သော်လည်း ဝါးလုံးကိုမူ အသုံးပြုနိုင်သေးသည်။ အနည်းဆုံးအနေဖြင့် ယုရှောင်ယွီအတွက် ထိုအရာသည် သိသာထင်ရှားသော အကူအညီကို ပေးစွမ်းနိုင်ပေလိမ့်မည်။
မိုးကောင်းကင်၌ ပျံ့လွင့်နေသော ရင်းမြစ်စွမ်းအင်ကို စုပ်ယူရုံဖြင့် သူမသည် တစ်ရက်ကျော်အတွင်း မြင်းကောင်ရေအား ၀.၅ မှ ၃ သို့ တိုးတက်သွားခဲ့သည်။ ဤရတနာနှင့်ဆိုလျှင် သူမ၏တိုးတက်မှုသည် သေချာပေါက် ပို၍ကြီးမားသွားပေလိမ့်မည်။
အချိန်တခဏအတွင်းမှာပင် ယုလုံချင်းသည် သူ့သမီး၏ပြိုင်ပွဲစွမ်းဆောင်ရည်ကို မျှော်လင့်နေမိသည်။
ကျောင်းအုပ်ကြီးရုံးခန်းအတွင်းတွင်...
"မင်းက ပါရမီရှင်တွေကို ရွေးချယ်ဖို့ ကျောင်းသားတွေအားလုံးအတွက် ပြိုင်ပွဲတစ်ခုကို ကျင်းပချင်တာလား"
ရှုရှင်း၏ တောင်းဆိုမှုကို ကြားပြီးနောက် လုမင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျင်းပလို့တော့ရတယ်.... ဒါပေမယ့် အချိန်နည်းနည်းတော့ ယူရလိမ့်မယ်... သုံးရက်အတွင်းတော့ သေချာပေါက် မဖြစ်နိုင်ဘူး"
ကျောင်းသားများအကြား၌ ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ သူတို့သည် ပြိုင်ပွဲရှိသည်ဟု ပြောလိုက်ရုံဖြင့် ချက်ချင်း စတင်နိုင်မည်လော။
ရှုရှင်းက ပြောဆိုသည်။
"ကုန်ကျစရိတ်အားလုံးကို လျှူမိသားစုက တာဝန်ယူပါလိမ့်မယ်... ထိပ်ဆုံးဆယ်ယောက်နေရာကို ရတဲ့လူတွေက ကြီးမားတဲ့ဆုလာဘ်တွေတွေ ရရှိပါလိမ့်မယ်"
"...."
လျှူထျန်ကျန်းသည် ဆွံ့အသွားပြီးနောက် ပြောဆိုလိုက်၏။
"အမ်... ဒါက အမှန်ပါပဲ"
"ဒါက ဆုလာဘ်တွေကြောင့်တင် မဟုတ်ဘူး... အချိန်က အရမ်းကျပ်တည်းလွန်းတယ်....ပြိုင်ပွဲအတွက် နေရာလိုတယ်...ဟုတ်တယ်မလား....ဒိုင်တွေလည်း လိုတယ်....တစ်ယောက်ယောက် ဒဏ်ရာရသွားရင် ဆေးကုသမှု လိုအပ်လိမ့်မယ်... ဘယ်သူက ဘယ်သူနဲ့ပြိုင်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်ကို စီစဉ်ဖို့လိုတယ်"
လုမင်ရုန်က ခေါင်းခါလိုက်သည်။
"အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ ကျောင်းသားသစ်တွေကနေ အဆင့်မြင့်အထိ ကျောင်းသားငါးသောင်းကျော် ရှိတယ်...ဒီပြိုင်ပွဲကနေ ရလဒ်ထွက်ဖို့ ဘယ်လောက်တောင် ကြာလိမ့်မလဲ... ဒါက မလွယ်ဘူး"
"သုံးရက်အတွင်း မလုပ်နိုင်ဘူးလို့ ပြောနေတာလား"
ရှုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်...လုံးဝမဖြစ်နိုင်ဘူး"
လုမင်ရုန်က ခေါင်းခါလိုက်၏။
ရှုရှင်းက သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ...မိသားစုခေါင်းဆောင်လျှူ... ကျေးဇူးပြုပြီးတော့ ဆရာကျန်းကို ဒီပြိုင်ပွဲ မကျင်းပဖြစ်တော့ဘူးလို့ အကြောင်းကြားပေးပါ..."
လျှူထျန်ကျန်းက ပျော်ရွှင်သောအမူအယာဖြင့် တုံ့ပြန်လိုက်သည်။
"ကောင်းပါပြီ"
"ဆရာကျန်း....ဆရာကျန်းရွှမ်လား"
လုမင်ရုန်က သူတို့ကို လှမ်းကြည့်လေသည်။
"အမှန်ပဲ...."
ရှုရှင်းက ခေါင်းညိတ်လိုက်သည်။
"ငါက ဆရာကျန်းဆီကနေ အခုပဲ လာခဲ့တာပါ...ပြိုင်ပွဲအကြောင်း ဆွေးနွေးခဲ့ပြီးတော့ သူက သဘောတူခဲ့တယ်...ဒါကြောင့် ကျောင်းအုပ်ကြီးလုက ထောက်ခံမယ်လို့ ထင်ခဲ့တာပါ...ဒါကို မလုပ်နိုင်ဘူးဆိုမှတော့ မကျင်းပဖြစ်တော့ဘူးလို့ သူ့ကို ပြန်ပြောရတော့မှာပေါ့..."
"ဘာလို့ မကျင်းပရမှာလဲ...ကျင်းပရမှာပေါ့"
လုမင်ရုန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကျင်းပရုံတင်မကဘူး... မနက်ဖြန် စမယ်... ကျောင်းသားပြိုင်ပွဲတစ်ခုပဲ မဟုတ်လား...အဖြူရောင်ကျောက်တုံးကျောင်းတော်က ဒီလိုပွဲတွေ အများကြီးကို စီစဉ်ခဲ့ပြီးပြီ...ငါတို့အတွက် ဒါက ရိုးနေတဲ့ကိစ္စပဲ...ဒါတွေအားလုံးက အသေးအမွှားကိစ္စလေးတွေပါ"
"အမ်..."
လျှူထျန်ကျန်းက ပြောဆိုသည်။
"ဒါပေမယ့် ပြိုင်ပွဲကျင်းပဖို့အတွက် နေရာလိုတယ်လေ..."
"အခုချက်ချင်း ဆောက်လိုက်မယ်"
"ဒိုင်တွေလိုတယ်..."
"ဆရာအားလုံး ကွင်းထဲဆင်းလိမ့်မယ်"
"ဆေးဆရာတွေလိုတယ်..."
"ကျောင်းတော်ရဲ့ သမားတော်ဌာနက ဆရာတွေတာဝန်ယူလိမ့်မယ်..."
"..."
ရှုရှင်းနဲ့ လျှူထျန်ကျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး စကားမပြောနိုင်ဖြစ်သွားကြသည်။
အစောပိုင်းက ဤကိစ္စကို မဖြစ်နိုင်ဟု ထင်ခဲ့ရသော်လည်း ဆရာကျန်း သဘောတူသည်ဟု ပြောလိုက်သည်နှင့် ကျောင်းအုပ်ကြီးလု၏သဘောထား ချက်ချင်းပြောင်းလဲသွားသည်။ ဤဆရာကျန်းသည် ကံကြမ္မာအစောင့်အရှောက်နဲ့ လျှူမိသားစုခေါင်းဆောင်နှစ်ယောက်ပေါင်းထက်ပင် ဩဇာအာဏာပိုရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
…
သူမသူငယ်ချင်း၏ခွန်အားသည် နောက်ဆုံးတစ်ကြိမ်တွေ့ဆုံပြီးနောက် ထပ်မံ၍နှစ်ဆတိုးသွားသည်ကို မသိရှိသော မိုယန်ရွှယ်သည် ကျင့်ကြံနေရာမှ သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ထို့နောက် မိုယန်ရွှယ်သည် သူမ၏ရှေ့မှ လက်အောက်ငယ်သားကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
"နင် ပြောတာက... ကျောင်းအုပ်ကြီးက မနက်ဖြန်ကျရင် ကျောင်းသားအားလုံးပါဝင်ရမယ့် ပြိုင်ပွဲကြီးတစ်ခု ကျင်းပမယ်လို့ အကြောင်းကြားထားတာလား. မြို့တော်ကလာတဲ့လူတစ်ယောက်က အရည်အချင်းရှိသူတွေကို ရွေးချယ်ဖို့မှာလား...."
"ဟုတ်ကဲ့....ကျောင်းအုပ်ကြီးလုက အခုလေးတင် ကြေညာလိုက်တာပါ....အခု ဒီကိစ္စ ကျောင်းတစ်ကျောင်းလုံး သိနေပါပြီ..."
လက်အောက်ငယ်သားက သူ၏အိတ်ကပ်အတွင်းမှ ကျောက်စိမ်းပုလင်းတစ်လုံးကို အလျင်အမြန်ထုတ်ယူပြီး လက်ကမ်းပေးလေသည်။
"မိသားစုခေါင်းဆောင်က ဒါက ရှားပါးတဲ့အခွင့်အရေးမှန်းသိလို့ သခင်မလေးအတွက် ဒီ 'ရွှေရောင်ရင်းမြစ်စိတ်ဝိညာဥ်ရည်' ပုလင်းကို အထူးတလည် ပို့လိုက်တာပါ...ဒါကိုသောက်သုံးပြီးတာနဲ့ အချိန်တိုအတွင်းမှာ မင်းရဲ့ခွန်အားကို သိသိသာသာ တိုးတက်စေပြီး အံ့အားသင့်စရာကောင်းတဲ့အဆင့်အထိ ရောက်ရှိစေနိုင်တယ်...."
ကျောက်စိမ်းပုလင်းကို လက်ခံယူပြီးနောက် မိူယန်ရွှယ်၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
'ရွှေရောင်ရင်းမြစ်စိတ်ဝိညာဥ်ရည်'သည် မိုမိသားစုကဲ့သို့ မိသားစုကြီးတစ်စုအတွက်ပင်လျှင် ရတနာတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ဤစိတ်ဝိညာဥ်ရည်တစ်ပုလင်း၏တန်ဖိုးသည် ရင်းမြစ်ဒင်္ဂါးတစ်သန်းကျော်ပေ၏။
သူမ၏ဖခင်သည် ဤပစ္စည်းကို ထုတ်ပေးသဖြင့် သူ ဤပြိုင်ပွဲကို အလွန်အလေးထားသည်ဟု ဆိုလိုခြင်းပင်။
"ဒါကိုသောက်ပြီးရင် ငါ့ရဲ့ခွန်အားက မြင်းကောင်ရေအား ၂ ကို ရောက်သွားသင့်တယ်... ရှောင်ယွီ...နင် မြန်မြန်ကြိုးစားထားအုံး... နင် ငါ့ကို လွယ်လွယ်လေးနဲ့ ရှုံးသွားတာကို ငါမလိုချင်ဘူး"
လက်အောက်ငယ်သားထွက်သွားပြီးနောက် မိုယန်ရွှယ်သည် ကျောက်စိမ်းပုလင်းကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေသည်။
ဤပစ္စည်းကို သူမ၏ကြိုးစားအားထုတ်မှုများနှင့် ကျောင်းအုပ်ကြီးလု၏လမ်းညွှန်မှုများဖြင့် ပေါင်းစပ်လိုက်ပါက မနက်ဖြန် ပြိုင်ပွဲမတိုင်ခင်တွင် သူမသည် မြင်းကောင်ရေအား ၂ ရှိသော ခွန်အားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ယုရှောင်ယွီ၏တိုးတက်မှု လျှင်မြန်နေလျှင်ပင် သူမနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း....
သူမကို မည်သည့်နည်းဖြင့် လိုက်မီနိုင်မည်နည်း....
ထိုသို့တွေးတောပြီးနောက် မိုယန်ရွှယ်သည် မနက်ဖြန် ကျောင်းတော်တွင်ကျင်းပမည့် ပြိုင်ပွဲတွင် ထိပ်သီးကျောင်းသားသစ်နေရာကို သူမ ရယူမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။