← Chapters

ခုန်းရှီနှင့် ပြန်လည်ဆက်သွယ်ခြင်း(၁)

Vol. 9 Ch. 132

ခုန်းရှီနှင့် ပြန်လည်ဆက်သွယ်ခြင်း(၁)

Vol. 9 Ch. 132

တစ်ညတာ ကျင့်ကြံပြီးနောက် ကျန်းရွှမ်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

ဂျွတ်...ဂျွတ်...

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် သူ၏အရိုးများမှ ကြည်လင်ပြတ်သားသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သူ၏ပါးစပ်မှ မသန့်စင်သောလေကို မှုတ်ထုတ်လိုက်ရာ အဖြူရောင်မျဥ်းကြောင်းတစ်ခုအလား ဆယ်မီတာကျော်အထိ ရှည်ထွက်သွားပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို လှည့်ပတ်ကာ လေကို ခြေလှမ်းငါးလှမ်းအကွာအထိ ထုတ်လွှတ်နိုင်ခဲ့လေပြီ။

ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့် ခန္ဓကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်...

ယမန်နေ့က ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးပြီးနောက် သူ၏ကျင့်ကြံမှုကို စတင်ခဲ့သည်။ သူ၏ကြိုးစားမှုသည် အသီးအပွင့်များကို ဆောင်ကြဥ်းပေးခဲ့လေ၏။ တစ်ညတာ ထိန်းညှိပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများသည် သံမဏိကဲ့သို့ မာကျောနေသည်ဟု ခံစားလိုက်ရသည်။ အသက်ရှူသွင်းလိုက်တိုင်း သူသည် မီးပြင်းဖိုတစ်ခုအလား ရင်းမြစ်စွမ်းအင်ကို သန့်စင်သောစွမ်းအားအဖြစ်သို့ ပြောင်းလဲကာ သူ့အား စဥ်ဆက်မပြတ် စွမ်းအင်ဖြည့်တင်းပေးနေသည့်အလားပင်။

ပုံမှန်အခြေအနေအရ ခန္ဓာကိုယ်တွင်းအင်္ဂါများကို ထိန်းညှိကျင့်ကြံပြီးနောက် သီးခြားခန္ဓာကိုယ်အတွင်းပိုင်းလည်ပတ်မှုတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ သူ၏လေကို လျှာဖျားတွင်ထိန်းထားခြင်းဖြင့် ထိုအရာကို ငါးမီတာအကွာအထိ ထုတ်လွှတ်နိုင်သည်။

ယခုအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်သည် ထိုလေကို ဆယ်မီတာကျော်အကွာအထိ ပေါ့ပေါ့ပါးပါး ထုတ်လွှတ်နိုင်ခဲ့သည်။ ကောင်းကင်လမ်းကျင့်ကြံနည်းစနစ်ဖြင့် သန့်စင်ထားသော သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများသည် သာမန်ကျင့်ကြံများထက် သိသိသာသာ သာလွန်နေသည်။

သူသည် လက်သီးတစ်ချက်ထိုးလိုက်ရာ လေထုအတွင်းတွင် ငှက်ပျောဖက်ပေါ်သို့ မိုးရေစက်များကျသည့်အလား တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာပေ၏။

‘မြင်းကောင်ရေအား ၉၉... ကံမကောင်းချင်တော့ ကောင်းကင်လမ်းကျင့်ကြံခြင်းနည်းစနစ်နဲ့တောင်မှ ရုပ်ခန္ဓာကိုယ်ရဲ့ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့က ခက်ခဲနေတုန်းပဲ...’

ပုံမှန်အားဖြင့် ကျောက်စိမ်းအရိုးနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသူများသာ မြင်းကောင်ရေအား ၉၉ အထိ သူတို့၏ခွန်အားကို ကျင့်ကြံနိုင်ပြီး ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ပင်။ သူတို့သည် ထပ်မံ၍တိုးတက်လိုပါက စိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ်ကို ပေါင်းစပ်ရန် လိုအပ်သည်။

ကောင်းကင်လမ်းကျင့်ကြံနည်းစနစ်သည် ဤကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်ဟု သူ တွေးထင်ခဲ့သော်လည်း ဤသည်မှာ မအောင်မြင်ခဲ့ချေ။

ယမန်နေ့ညက ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ဤခွန်အားကို ပိုင်ဆိုင်ပြီးသားဖြစ်သည်။ သို့ရာတွင် သူ အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည့်တိုင် သူ၏ခွန်အား၌ တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ချေ။

"ထူးဆန်းလိုက်တာ.."

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ယခင်က ပါမောက္ခကုန်းမြေတွင်ဖြစ်စေ၊ ကောင်းကင်ဘုံတွင်ဖြစ်စေ သူ၏ကျင့်ကြံဆင့် မြင့်တက်သွားသမျှ ကာလပတ်လုံး သူ

ခွန်အားနှင့်စိတ်စွမ်းအားသည်လည်း အလိုအလျောက် တိုးတက်လာခဲ့သည်။ သို့ရာတွင် ဤနေရာ၌ မြင်းကောင်ရေအား ၉၉ သည် သူ့အား မျက်နှာကျက်တစ်ခုအလား လုံးလုံးလျားလျား ပိတ်လှောင်ထားသကဲ့သို့ ခံစားနေရလေ၏။

ဝှစ်.....

လှုပ်ရှားမှုတစ်ခုနှင့်အတူ သူ ကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်သွားသည်။

ဂျွတ်...ဂျွတ်....

အချိန်တခဏအတွင်းမှာပင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် မြင်းကောင်ရေအားတစ်ရာကို ကျော်လွန်ကာ မြင့်တက်သွားသည်။

သူ ပြင်ပသို့ ပြန်ထွက်လာချိန်၌ မြင်းကောင်ရေအား တစ်ရာကျော်ရှိသော ခွန်အားသည် ၉၉သို့ ပြန်လည်ရောက်ရှိသွားသည်ကို သူ တွေ့လိုက်ရသည်။

"ရင်းမြစ်ကမ္ဘာမှာ ထူးခြားတဲ့ စွမ်းအားတစ်ခုက ကျင့်ကြံမှုကို ကန့်သတ်ထားပုံပဲ... နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်ကို မရောက်မချင်း မြင်းကောင်ရေအား ၉၉ ကို ကျော်လွန်ပြီး မြင့်တက်ခွင့်မပြုဘူးထင်တယ်..."

ကျန်းရွှမ်က တွေးတောနေမိသည်။

ယခင်က ဤသည်မှာ သူ၏ကျင့်ကြံမှုပြဿနာဟု တွေးထင်ခဲ့လျှင်ပင် စမ်းသပ်ပြီးနောက်တွင်မူ ဤကိစ္စသည် လုံးလုံးလျားလျားမဟုတ်ကြောင်း သူ အလျင်အမြန် နားလည်သဘောပေါက်သွားသည်။

ဤှသည်မှာ ရင်းမြစ်ကမ္ဘာ၏ပြဿနာဖြစ်ပြီး ကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ ထိုကန့်သတ်ချက် ဖယ်ရှားနိုင်ခဲ့သည်။

အမှန်အားဖြင့် ဤသည်မှာ သူ့အတွက် အရေးပါမှု မရှိပေ။ ကမ္ဘာသစ်ကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။ ဖန်တီးသူအနေဖြင့် သူ မြင်းကောင်ရေအားတစ်ရာကို ကျော်လွန်ရန်မှာ အလွန်လွယ်ကူပေ၏။ အဆုံးမဲ့ မြင်းကောင်ရေအားကို ထုတ်ဖော်ရန်မှာပင် ဆန်မုန့်တစ်ဖဲ့စားရသလောက် လွယ်ကူပေလိမ့်မည်။

"ထားလိုက်တော့....ခုန်းရှီကို ဆက်သွယ်ကြည့်ဦးမယ်..."

ရင်းမြစ်ကမ္ဘာ၏ စည်းမျဥ်းများကို နားလည်ပြီးနောက် လုံလောက်သော ကျင့်ကြံမှုမရှိဘဲ မဆင်မခြင် တိုးတက်ရန် ကြိုးစားပါက ကောင်းကင်လမ်း၏ အပြစ်ဒဏ်ကို ခံရနိုင်ကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် ကျန်းရွှမ်သည် ထိုကိစ္စကို ဆက်မတွေးတော့ဘဲ သူ၏လက်ညှိုးကို ဓားသဖွယ်ပြုကာ သူ့ရှေ့ရှိလေထုအတွင်းသို့ ထိုးစိုက်လိုက်သည်။

'ကောင်းကင်ဘုံ၏သောက....'

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ဒဏ်ရာမှ သက်သာခါစဖြစ်ပြီး ဤနည်းစနစ်ကို အသုံးပြုခဲ့ရာ တစ်ဖက်လူနှင့် ဆက်သွယ်နိုင်ခဲ့သော်လည်း သူ့အား တန်ပြန်သက်ရောက်မှုဖြစ်စေကာ သွေးအန်စေခဲ့သည်။

ယခုချိန်၌ သူသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး သူ၏စွမ်းအားသည် ဆယ်ဆနီးပါး တိုးတက်လာခဲ့လေပြီ။ ထို့ကြောင့် သူသည် ဤနည်းစနစ်၏စွမ်းအားကို အချိန်ပို၍ကြာကြာ ထိန်းထားနိုင်ပြီး သတင်းအချက်အလက်များ ပို၍ရရှိနိုင်ပေမည်။

ဓားထိပ်ဖျားသည် လေထုအတွင်းတွင် ဝဲဂယက်ငယ်လေးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ထိုအရာအတွင်းမှ ဆရာခုန်း၏ညင်သာသောအသံ ထွက်ပေါ်လာသည်။

"ကျန်းရွှမ်..."

"ခုန်းရှီ...ခုန်းရှီဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ"

ကျန်းရွှမ်က အလျင်အမြန် မေးမြန်းလိုက်သည်။

လွန်ခဲ့သောတစ်ကြိမ်က ခုန်းရှီသည် အခြေအနေမကောင်းဘဲ အန္တရာယ်ကျရောက်နေနိုင်သည်ဟု ပြောခဲ့သည်။ ထိုအန္တရာယ်ကို ဖြေရှင်းပြီးမပြီးကို သူ သိလိုပေ၏။

"ငါ မဖြေရှင်းရသေးဘူး.... ငါ နေရာတစ်ခုမှာ ပိတ်မိနေပြီးတော့ ထွက်ပြေးလို့မရဘူး...မင်းဘက်မှာ အဆင်ပြေနေရင် အမြန်လာပြီး ငါ့ကိုကယ်ပါ....ငါက ကျိုးယီအင်ပါယာရဲ့ ထျန်းမင်နတ်ဘုရားနယ်မြေမှာ ရှိနေတယ်..."

ခုန်းရှီ၏အသံ ထွက်ပေါ်လာသည်။

"ကျိုးယီအင်ပါယာ....ထျန်းမင်...."

ကျန်းရွှမ်က တည်နေရာကို မှတ်သားလိုက်သည်။

ထိုနေရာသည် သူ၏လက်ရှိနေရာနှင့် မည်မျှကွာဝေးသည်ကို သိရန်အတွက် စာကြည့်တိုက်တွင် နောက်မှစစ်ဆေးရန် စီစဥ်လိုက်သည်။

ယမန်နေ့က သူသည် စာကြည့်တိုက်တွင် မြေမျက်နှာသွင်ပြင်ဆိုင်ရာ စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီး သူ လက်ရှိနေထိုင်ရာ အဖြူရောင်ကျောက်တုံးမြို့သည် ဟန်ယွမ်အင်ပါယာအတွင်းရှိ မြို့တစ်မြို့ဖြစ်ကြောင်း သိရှိခဲ့သည်။

ရင်းမြစ်ကမ္ဘာတွင် အလားတူအင်ပါယာပေါင်း တစ်သိန်းထက်မနည်း ရှိပေသည်။ အကယ်၍ ပထမတန်းစား ဒုတိယတန်းစားနှင့် တတိယတန်းစားဟူ၍ ခွဲခြားမည်ဆိုလျှင် ဟန်ယွမ်အင်ပါယာသည် တတိယတန်းစားအဖြစ်ပင် သတ်မှတ်ခံရမည် မဟုတ်ချေ။ ဤအင်ပါယာသည် အလွန်အားနည်းပေ၏။

"မင်းရော ဘယ်လိုအခြေအနေရှိလဲ...ငါ မင်းကို သတိထားဖို့ ပြောခဲ့တယ်လေ...ကံကြမ္မာခန်းမရဲ့ အာရုံစိုက်တာကို မင်း မခံရသေးဘူး မဟုတ်လား"

ကျန်းရွှမ်၏စကားဆုံးသည်နှင့် ခုန်းရှီက မေးမြန်းလိုက်သည်။

"ဆရာခုန်းလည်း ကျွန်တော့်အကြောင်းကို သိသားပဲ... ကျွန်တော်က အမြဲတမ်း သိုသိုသိပ်သိပ် နေတတ်တယ်လေ..."

ကျန်းရွှမ်က ရိုသေကျိုးနွံစွာ ပြောဆိုသည်။

ခုန်းရှီဘက်မှ သိသိသာသာ တိတ်ဆိတ်သွားသည်။ အချိန်တခဏအကြာတွင် သူက တုံ့ပြန်ပြောဆိုလေ၏။

"သတိထားနေရင် ပြီးတာပဲ"

"ကံကြမ္မာခန်းမရဲ့ သတိထားမိတာကို ဘာလို့ ကြောက်နေရတာလဲ.... သူတို့က ငါတို့လို တက်လှမ်းလာသူတွေအပေါ် တကယ့်ကို မကောင်းတဲ့ရည်ရွယ်ချက် ရှိနေလို့လား"

ကျန်းရွှမ်က နားမလည်နိုင် ဖြစ်နေသည်။

သူ နားလည်ထားသည်အရ ကံကြမ္မာခန်းမဆောင်သည် ကံကြမ္မာဆရာသခင်များ နေထိုင်ရာနေရာပင်။ ကံကြမ္မာဆရာသခင်များသည် ရင်းမြစ်ကမ္ဘာတွင် အမြင့်မြတ်ဆုံးနှင့် အစွမ်းထက်ဆုံး အသက်မွေးဝမ်းကျောင်းပညာရပ် ဖြစ်ပေ၏။ သူတို့သည် သာမန်တက်လှမ်းလာသူတချို့ကို ကြောက်ရွံ့မှုကြောင့် ဖိနှိပ်ညှဥ်းပန်းမည် မဟုတ်ချေ။

"အတိအကျ အကြောင်းရင်းတော့ ငါ မသိဘူး... ဒါပေမဲ့ သူတို့က ငါ့ကို 'ဖရိုဖရဲကံကြမ္မာဆရာသခင်' လို့ နာမည်တပ်ပြီး လိုက်လံဖမ်းဆီးနေကြတယ်.... ကံကောင်းပြီးတော့ ငါက ဒီနေရာထဲ မတော်တဆ ရောက်လာခဲ့လို့သာပေါ့... မဟုတ်ရင် ငါ အဖမ်းခံရတာ ကြာလှပြီ"

ခုန်းရှီက ရှင်းပြသည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဖရိုဖရဲကံကြမ္မာဆရာသခင်...."

"အမှန်ပဲ...လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအကြာက ဒီလိုလူတစ်ယောက် ရှိခဲ့ဖူးပြီးတော့ သူက ကံကြမ္မာကို နှောင့်ယှက်ပြီး စွမ်းအင်ယန္တရားကို ဖျက်ဆီးခဲ့လို့ ရင်းမြစ်ကမ္ဘာတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်.... မင်း သတိထားပါ...ပြီးတော့ မင်းရဲ့စွမ်းအားတွေကို သိပ်ပြီးထုတ်ဖော်မပြနဲ့... အထူးသဖြင့် ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ စွမ်းအားတွေကိုပဲ..."

ခုန်းရှီက သတိပေးသည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။

"ခုန်းရှီပြောမှပဲ ငါ ထူးဆန်းတာတစ်ခုကို သတိထားမိတယ်.... မနေ့ညက ကံကြမ္မာအစောင့်အရှောက်တစ်ယောက် ရောက်လာပြီးတော့ ကျွန်တော့်ကို မြှောက်ပင့်ပြီး ကျောင်းသားပြိုင်ပွဲတစ်ခု ကျင်းပဖို့ စီစဥ်သွားတယ်"

ရှုရှင်းက ပြိုင်ပွဲကျင်းပရန် ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်းသည် အမှန်တကယ်ကို ထူးဆန်းလှသည်။ သူကိုယ်တိုင် အဖြေရှာမရသောကြောင့် ခုန်းရှီကိုမေးရန် ဆုံးဖြတ်လိုက်သည်။ ဤကိစ္စအတွက် ခုန်းရှီထံမှ ထိုးထွင်းသိမြင်မှုတချို့ ရကောင်းရနိုင်ကောင်းသည်။

မည်သို့ပင်ဆိုစေကာမူ ခုန်းရှီ လက်ရှိရောက်နေသော ကျိုးယီအင်ပါယာသည် ဟန်ယွမ်အင်ပါယာထက် သိသိသာသာ ပို၍အဆင့်မြင့်သဖြင့် သူ ရရှိနိုင်သော သတင်းအချက်အလက်များ ပိုများပေလိမ့်မည်။

"မင်း 'ကောင်းကင်ဘုံရဲ့သင်ပြမှု' စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့လား"

ခုန်းရှီက မေးမြန်းသည်။

" ပြသခဲ့တယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ဒါက ကံကြမ္မာရဲ့စွမ်းအားပဲ.... ဆရာတစ်ယောက်ရဲ့ ကံကြမ္မာလမ်းစဥ်ပေါ့.. ငါ ဒီစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့လို့ တိုက်ခိုက်ခံခဲ့ရတာပဲ...ကံကြမ္မာခန်းမက မင်းကို သတိထားမိနေလောက်ပြီ....မင်း သတိထားပါ...."

All Chapters