ခုန်းရှီနှင့် ပြန်လည်ဆက်သွယ်ခြင်း(၂)
Vol. 9 Ch. 133
ထိုအချိန်မှာပင် ဝဲဂယက်သည် နောက်တစ်ကြိမ် တုန်ခါသွားပြီးနောက် ပြိုကွဲသွားကာ အသံသည်လည်း ပျောက်ကွယ်သွားပေ၏။
ညည်းသံတစ်ချက်နှင့်အတူ ကျန်းရွှမ်သည် ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ယိုင်သွားပြီး သူ၏မျက်နှာ နီမြန်းနေကာ သူ၏ပါးစပ်ထောင့်များမှ သွေးများယိုစီးကျလာသည်။
သူ၏ကျင့်ကြံမှု သိသိသာသာတိုးတက်လာသော်လည်း ကောင်းကင်လမ်းကို ဆန့်ကျင်သည့် ဤကဲ့သို့ သာလွန်ထူးကဲသော ဓားနည်းစနစ်ကို ထိန်းသိမ်းထားရန်မှာ အလွန်ခက်ခဲနေဆဲပင်။
"နောက်တစ်ခါမှပဲ ထပ်မေးတော့မယ်...."
သူ ပြန်လည်သက်သာလာသည်အထိ စောင့်ဆိုင်း၍ ခုန်းရှီကို ဆက်သွယ်ရန်မှာမဖြစ်နိုင်တော့ကြောင်း သိသဖြင့် ကျန်းရွှမ်သည် အချိန်တခဏကြာ သူ့ကိုယ်သူ ထိန်းညှိလိုက်သည်။ သူ သက်သာသွားပြီးနောက် သက်ပြင်းရှိုက်လိုက်၏။
သူတို့၏စကားပြောဆိုမှုသည် တိုတောင်းသော်လည်း သူ့အတွက် အရာများစွာကို ရှင်းလင်းသွားစေခဲ့သည်။
ပထမအချက်အနေဖြင့် ပါမောက္ခစွမ်းရည်သည် ကံကြမ္မာစွမ်းအား အမျိုးအစားတစ်ခုပင်။
ဒုတိယအချက်အနေဖြင့် ခုန်းရှီသည် "ဖရိုဖရဲကံကြမ္မာဆရာသခင်" အဖြစ် သတ်မှတ်ခံထားရပြီး ကံကြမ္မာခန်းမ၏လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်။
တတိယအနေဖြင့် ကံကြမ္မာနှင့်သက်ဆိုင်သော စွမ်းအားများကို သူ ပေါ့ပေါ့ဆဆ မထုတ်ဖော်သင့်ချေ။ ထိုသို့မဟုတ်လျှင် သူ့အား သံသယဝင်ခံရရန် အလွန်လွယ်ကူပေမည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤကာလအတွင်း သိုသိုသိပ်သိပ် နေခဲ့သည်။ ကောင်းကင်ဘုံ၏သင်ပြမှုကို သူ အသုံးပြုခဲ့သော်လည်း လူအမြောက်အများ မသိရှိခဲ့ကြချေ။ အရေးအကြီးဆုံးအချက်မှာ သူသည် တခြားစွမ်းရည်များကို များများစားစား အသုံးမပြုခဲ့သောကြောင့် အာရုံစိုက်မှုများစွာ မရရှိခဲ့ခြင်းပင်။
လာမည့်ပြိုင်ပွဲအတွင်း သူ သိုသိုသိပ်သိပ်နေကာ ယုရှောင်ယွီနှင့်တခြားသူများသည်လည်း ပေါ်လွင်ထင်ရှားခြင်းမရှိအောင် နေမည်ဆိုလျှင် အဆင်ပြေသွားပေလိမ့်မည်။
ထိုသို့တွေးတောပြီးနောက် သူသည် မတ်တတ်ထရပ်ပြီး အခန်း၏ပြင်ပသို့ ထွက်လာခဲ့သည်။
"ဟီး...ဟီး....ဟီး..."
ခြံဝန်းအတွင်းတွင် သောက်လီသည် ပျော်ရွှင်စွာ ရှေ့သို့ပြေးလာပြီး နှာမှုတ်ကာ သူ၏ခွာများဖြင့် ညွှန်ပြလိုက်သည်။
ခန်းမဆောင်အတွင်းရှိ စားပွဲတစ်ခုပေါ်တွင် ဟင်းလျာများကို ခင်းကျင်းပြင်ဆင်ထားပြီးဖြစ်သည်။
ဤမြင်းသည် မနက်စောစောကတည်းက ချက်ပြုတ်နေခဲ့ပုံရပေ၏။
"စွန်းချန် ဘယ်မှာလဲ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဟီး... ဟီး..."
သောက်လီက ကိစ္စတချို့ကို ရှင်းပြလိုက်သည်။
ကျန်းရွှမ်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
"သူက စားပြီးသွားပြီ.... ငွေရှာဖို့အတွက် နည်းလမ်းရှာဖို့ ထွက်သွားတာလား... ကောင်းပြီလေ..."
သူ ကျင့်ကြံနေခဲ့သောကြောင့် အချိန်ကိုမသိတော့ခြင်းပင်။ သူ၏ယခင်ဘဝ အသိအမြင်အရဆိုလျှင် ယခုအချိန်သည် နံနက်ဆယ်နာရီခန့် ရှိနေလောက်လေပြီ။ ဤမျှနောက်ကျနေသဖြင့် စွန်းချန် အိမ်တွင်မရှိခြင်းမှာ ပုံမှန်သာဖြစ်သည်။
"အော်... ယုရှောင်ယွီ လျှူမင်ယွဲ့နဲ့ ဟုန်ရီတို့ကို သွားခေါ်လိုက်...ငါ သူတို့ကို တွေ့ချင်တယ်လို့ ပြောလိုက်စမ်း"
သူသည် စားပွဲတွင်ထိုင်၍ စားသောက်ရင်း အမိန့်ပေးလိုက်၏။
သောက်လီသည် ခေါင်းညိတ်ပြပြီး တံခါးကို တွန်းဖွင့်၍ ထွက်သွားကာ မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
.....
ယခုအချိန်၌ အခန်းအတွင်းတွင် မိုယန်ရွှယ်သည် မျက်လုံးစုံမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။ ရုတ်တရက် သူမ၏ လှပသောမျက်လုံးများ ပွင့်လာပြီး အသံတိုးတိုးဖြင့် အော်ဟစ်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။
ဘန်း....
လေထုအတွင်းမှ အက်ကွဲသံများထွက်ပေါ်လာပြီး လေစီးကြောင်းတစ်ခုသည် ရှေ့သို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားပေ၏။
"တကယ့်ကိုပဲ ငါ့ရဲ့ခွန်အားက မြင်းကောင်ရေအား နှစ်အထိ ရောက်သွားပြီ"
မိုယန်ရွှယ်က လက်သီးဆုပ်ထားပြီး သူမ၏မျက်လုံးများ တောက်ပနေသည်။
တစ်ညတာ ကြိုးစားလေ့ကျင့်ပြီးနောက် သူမသည် ရွှေရောင်ရင်းမြစ်စိတ်ဝိညာဥ်အရည်ကို အပြည့်အဝ စုပ်ယူပြီးလေပြီ။ ဤနေရာ၌ ခွန်အားတိုင်းဝင်္ကပါမရှိသော်လည်း သူမ၏အတွေ့အကြုံအရ သူမ လိုချင်သော ပန်းတိုင်သို့ သေချာပေါက် ရောက်ရှိသွားပြီဖြစ်ကြောင်း သိနေသည်။
ကျောင်းအပ်ပြီး သုံးရက်အတွင်းတွင် သူမ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၄၅ မှ ၂ သို့ တိုးတက်လာခဲ့ပြီး လေးဆခွဲနီးပါး တိုးတက်လာမှုပင်။ ဤတိုးတက်နှုန်းကို ယခင်က မြို့အရှင်ယုပင်လျှင် ယှဥ်ပြိုင်နိုင်ရန် ခက်ခဲပေမည်။ သူမကို အဖြူရောင်ကျောက်တုံးမြို့၏ နှစ်တစ်ရာအတွင်း ပါရမီအရှိဆုံးလူဟု သတ်မှတ်နိုင်သည်။
"ငါ ရှောင်ယွီကို သွားရှာပြီး သူရဲ့ကျင့်ကြံမှု ဘယ်အဆင့်ကို ရောက်ပြီလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"
လွန်ခဲ့သောတစ်ကြိမ်က ယုရှောင်ယွီ၏ လက်သီးချက်ဖြင့် လွင့်ထွက်သွားပြီးနောက် သူမ၏စိတ်အတွင်းတွင် မကျေမနပ်ဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် သူမ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူနိုင်မည်မှာ သေချာပေါက်ပင်။
မိုယန်ရွှယ်သည် အခန်းအတွင်းမှ ထွက်လာပြီး ယုရှောင်ယွီ၏အဆောင်သို့ မရောက်သေးမီတွင် မြင်းတစ်ကောင်က သူမထံ ပြေးလာနေသည်ကို မြင်တွေ့မိလေ၏။
မြင်း၏လမ်းကို ပိတ်ဆို့ပြီး မိုယန်ရွှယ်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"နင့်ကို ဆရာကျန်းဆီ ရောင်းလိုက်ပြီ မဟုတ်လား...နင်က ဒီနေရာမှာ ဘာလာလုပ်နေတာလဲ..."
သောက်လီသည် ထိုမိန်းကလေးကို တစ်ချက်သာကြည့်ပြီး ခေါင်းမော့ကာ သူမကို လျစ်လျူရှုလိုက်သည်။
သူသည် ဤမိန်းကလေးကို မှတ်မိပေ၏။ သူ ငယ်စဥ်က သူ့ကို လီတစ်ထောင်မြင်းအဖြစ် မွေးမြူခဲ့သူပင်။
"ဟုတ်သားပဲ...မြင်းတွေက လူစကား နားမလည်ဘူး..."
မြင်း၏အမူအယာကို မြင်တွေ့ချိန်တွင် မိုယန်ရွှယ်က သဘောပေါက်သွားပြီး ခေါင်းခါမည်အပြုတွင် သောက်လီသည် မျက်လုံးအပြူးသားဖြင့် သူမကို စူးစိုက်ကြည့်နေကို မြင်တွေ့မိသည်။ မြင်းသည် အနည်းငယ် ဒေါသထွက်နေပုံရပြီး 'ဘယ်သူက လူစကားနားမလည်တာလဲ'ဟု မေးခွန်းထုတ်နေသည့်အလားပင်။
"နင်က နားလည်တာလား"
မြင်း၏အမူအယာကို မြင်တွေ့ချိန်တွင် မိုယန်ရွှယ် စိတ်ရှုပ်ထွေးသွားသည်။
"ဟီး......"
သူမ၏ ဆက်လက်သံသယဖြစ်နေမှုကို သတိပြုမိချိန်၌ သောက်လီသည် မကျေမနပ်ဖြစ်လာပြီး ဟီသံရှည်ကြီးတစ်ချက် ပေးလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့ခွာကို မြှောက်ကာ မိုယန်ရွှယ်ထံ ကန်ကျောက်လိုက်ပြီး သူမ၏ သံသယများအတွက် အပြစ်ပေးလိုပုံရပေ၏။
"ငါ့ကို တိုက်ခိုက်တာလား...သောက်လီ နင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ....ငါက လွန်ခဲ့တဲ့သုံးရက်အကြာကနဲ့ မတူတော့ဘူး... ငါက အခု ဆရာကြီးတစ်ယောက် ဖြစ်နေပြီ"
သောက်လီ၏ရိုင်းစိုင်းမှုကို မြင်တွေ့ချိန်၌ မိုယန်ရွှယ်က ပြုံးလိုက်ပြီး ခေါင်းခါကာ သူမ၏လက်သီးကို ဆုပ်ပြီး မြင်း၏ခွာကို ပြန်ထိုးလိုက်သည်။
သူမသည် အစောပိုင်းကမှ ကျင့်ကြံဆင့်ချိုးဖျက်ခဲ့ကာ သူမ၏ခွန်အားကို မစမ်းသပ်ရသေးချေ။ ဤမြင်းသည် သူမကို ရိုင်းပျစွာ ဆက်ဆံနေသဖြင့် သူမ၏စွမ်းအားကို ထုတ်ဖော်ပြသရပေမည်။
ဤသည်မှာ သူမ၏ကျင့်ကြံမှုကို စစ်ဆေးရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။
သူမ၏လက်သီးနှင့် မြင်းခွာတို့ ထိခတ်သွားချိန်၌.....
မြင်းကောင်ရေအားနှစ်ကို ကျော်လွန်သော မိုယန်ရွှယ်၏ ကြီးမားသောစွမ်းအားသည် ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားပေ၏။ သူမ၏စွမ်းအားသည် မြင်းထံ မရောက်မီမှာပင် မြင်းခွာမှလာသော စွမ်းအားကြောင့် ပင်ပေါင်ဘောလုံးတစ်လုံးမှ ခဲဘောလုံးနှင့် တွေ့သကဲ့သို့ နောက်သို့လွင့်စင်ကာ ကြေမွှပျက်စီးသွားသည်။
နောက်ထပ်အချိန်တခဏတွင် မိုယန်ရွှယ်သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုနိုင်သေးမီမှာပင် သူမသည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဒါက....."
မိုယန်ရွှယ်သည် နာကျင်မှုကို အံတုရင်း မတ်တတ်ထရပ်လိုက်ကာ သူမ
ရှေ့မှ မြင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
မြင်းကောင်ရေအားဆိုသည်မှာ မြင်းတစ်ကောင်၏အစစ်အမှန်ခွန်အားကို ရည်ညွှန်းသည်။ လီတစ်ထောင်မြင်းတစ်ကောင်ပင်လျှင် အလွန်သန်မာအားကောင်းခြင်းမရှိပေ။ သူမသည် သူမ၏မြင်းကောင်ရေအား၂ထက် ကျော်လွန်သော ခွန်အားဖြင့် သောက်လီကို ရင်ဆိုင်ပါက လူသားကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြသနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူမ လွယ်လင့်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
"ဟီး....ဟီး...."
သူမ ပြင်းထန်စွာ လဲကျသွားသည်ကို မြင်တွေ့ချိန်၌ သောက်လီသည် သွားဖြီးပြကာ စီရီနေသောသွားတန်းကြီးနှစ်တန်းကို ဖော်ပြလိုက်ပြီး သူမ၏အနီးမှ မာန်ပါပါဖြင့် လျှောက်လှမ်းသွားလေသည်။
'ဒီမိန်းကလေးက သန်မာအားကောင်းသလိုမျိုး ဟန်များနေလိုက်တာ...တကယ့်ကို ရယ်ဖို့ကောင်းတယ်...'
"နင်..."
မြင်း၏မျက်လုံးအတွင်းမှ မထီမဲ့မြင်ပြုသောအကြည့်ကို သတိပြုမိချိန်၌ မိုယန်ရွှယ်၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ရီသွားသော်လည်း သူမထံတွင် ပြန်လည်ချေပရန် နည်းလမ်းမရှိခဲ့ချေ။
"သောက်လီက မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းရှိပြီးတော့ သူ မွေးကတည်းက မြင်းကောင်ရေအား၂ထက် ပိုတဲ့ခွန်အားကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်တယ်...."
သူမကိုယ်သူမအတွက် သင့်တော်သော ဆင်ခြေတစ်ခု ရှာတွေ့ပြီးနောက် မိုယန်ရွှယ်သည် များစွာစိတ်သက်သာရာရသွားလေ၏။
သူမ၏လေ့ကျင့်မှုသည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကဲ့သို့သော သူမနှင့် သက်တူရွယ်တူများဖြင့် ယှဥ်ပြိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ သားရဲတစ်ကောင်နှင့် ယှဥ်ပြိုင်ခြင်းသည် မည်သို့ အရေးပါမည်နည်း။
ထိုပြင် သူမ ရှုံးနိမ့်ခဲ့သည် မဟုတ်လော....