ခုန်းရှီနှင့် ပြန်လည်ဆက်သွယ်ခြင်း(၃)
Vol. 9 Ch. 134
"ပြိုင်ပွဲကျရင် ငါ သေချာပေါက် နာမည်ကျော်ကြားရမယ်...."
သူမသည် တီးတိုးရေရွတ်ရင်း လေ့ကျင့်ရေးကွင်းပြင်သို့ သွားရန်အပြုတွင် သောက်လီသည် အရှိန်ပြင်းစွာဖြင့် ပြေးလာသည်ကို တွေ့လိုက်ရပြီး သူ၏နောက်တွင် ဟုန်ရီက ထပ်ချပ်မကွာလိုက်ပါလာသည်။ သူတို့နှစ်ယောက်လုံး အလောတကြီး ဖြစ်နေပုံရပေ၏။
မိုယန်ရွှယ်က ဟုန်ရီကို ကြည့်လိုက်သည်။ ဟုန်ရီသည် လွန်ခဲ့သောသုံးရက်အကြာက အနိမ့်ဆုံးအရည်အချင်းဖြင့် အောက်ဆုံးတွင် အဆင့်သတ်မှတ်ခံခဲ့ရသူပင်။ ယခုချိန်တွင်မူ သူ၏အရှိန်အဝါသည် ကြီးမားကျယ်ပြန့်ကာ တည်ငြိမ်နေပြီး သူ ခြေတစ်လှမ်းလှမ်းတိုင်း ခုနစ်မီတာ ရှစ်မီတာခန့်အကွာသို့ ရောက်ရှိသွားသည်။ သူမ သူ့ကို သေချာမမြင်လိုက်ခင်မှာပင်သူသည် သူမ၏အနီးမှ ပြေးထွက်သွားခဲ့လေပြီ။
"မယုံနိုင်စရာ အရှိန်နှုန်းပဲ...."
မိုယန်ရွှယ်၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
မိုမိသားစု၏ သခင်မလေးအနေဖြင့် သူမသည် ငယ်စဥ်ကတည်းက ကျွမ်းကျင်သော လေ့ကျင့်ဖော်များ ရှိခဲ့သည်။ သူမသည် ကျင့်ကြံမှုကို ယခုမှ စတင်ခဲ့သော်လည်း ကျင့်ကြံမှုခြင်းနှင့်ပတ်သက်သော အရာများစွာကို ကောင်းစွာသိရှိပေ၏။ သူမသည် ကျင့်ကြံသူတချို့၏ ခွန်အားကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်။
ဤအချိန်အခိုက်အတန့်တွင် ဟုန်ရီသည် အရှိန်ပြင်းပြင်းပြေးလွှားနေကာ ခြေတစ်လှမ်းတွင် ဤမျှအကွာအဝေးကို ခုန်ပျံသွားနိုင်ပြီး သူ၏အသက်ရှုခြင်းမှာ မောဟိုက်ခြင်းမရှိဘဲ စွမ်းအားအနည်းငယ်ပင် ပိုနေသည်။ သူ၏စွမ်းအားသည် သူမထက် မနိမ့်ကျချေ။
လွန်ခဲ့သော သုံးရက်က သူသည် မြင်းကောင်ရေအား ၀.၂ သာရှိပြီး မည်သည့် ကျင့်ကြံမှုအရင်းအမြစ်မျှ မရှိခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် သူမထက်သာလွန်သော ခွန်အားကို ပိုင်ဆိုင်နေသလော။
"ငါ အမြင်မှားနေတာပဲ ဖြစ်မယ်..."
မိုယန်ရွှယ်သည် ခေါင်းခါလိုက်ပြီး ကောင်းကင်ခြေလှမ်းကို အသုံးပြုကာ ရှေ့သို့ ခုန်တက်ရန် ကြိုးစားလိုက်၏။ သူမ၏ခြေထောက်မှ စွမ်းအားများကို တိုးမြှင့်လိုက်သည်နှင့် မြေပြင်မှ ဖုန်များပျံ့လွင့်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် သူမသည်လည်း ဟုန်ရီကဲ့သို့ ပြေးထွက်သွားသည်။
အချိန်တခဏကြာခန့်ရှေ့သို့ရွေ့လျားပြီးနောက် သူမသည် သူမ၏ခြေရာအကွာအဝေးကို တိုင်းတာရန် ရပ်တန့်လိုက်သည်။
'၆ မီတာ.....'
ဆိုလိုသည်မှာ ဟုန်ရီ၏ပြေးနှုန်းသည် သူမ အားကုန်သုံး၍ ရရှိနိုင်သည်ထက်ပင် ပိုမြန်နေခြင်းပင်။
သူမသည် မြင်းတစ်ကောင်ကို ရှုံးနိမ့်ရုံသာမက တစ်ချိန်က အဆင့်နိမ့်ဆုံးဖြစ်ခဲ့သူကိုလည်း ရှုံနိမ့်ခဲ့သလော....
အချိန်တခဏအတွင်းတွင် မိုယန်ရွှယ်ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး ထိုနှစ်ယောက်သွားရာ လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်သွားတော့သည်။ မကြာမီမှာပင် ထိုမြင်းသည် ယုရှောင်ယွီ၏ အခန်းဝင်ပေါက်တွင် ရပ်တန့်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
အချိန်တခဏကြာပြီးနောက် သူမ၏သူငယ်ချင်းသည် ခေါင်းလောင်းသံ တချွင်ချွင်ဖြင့် ထွက်ပေါ်လာပြီး သောက်လီနှင့်ဟုန်ရီတို့၏နောက်သို့ အလျင်စလို လိုက်ပါသွားသည်။
"ရှောင်ယွီရဲ့ အရှိန်က... ပိုတောင်မြန်နေပုံပဲ..."
အဝေးတစ်နေရာမှကြည့်နေသော မိုယန်ရွှယ်သည် သူမ၏လက်သီးကို အလိုအလျောက် တင်းတင်းကြပ်ကြပ် ဆုပ်မိသွားသည်။
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်တွင် ခွန်အားနှင့် အရှိန်နှုန်းသည် တိုက်ရိုက်အချိုးကျလေ၏။ တစ်စုံတစ်ယောက်၏ အရှိန်နှုန်းပို၍မြန်လေလေ ပေါက်ကွဲအား ပို၍ပြင်းထန်လေလေပင်။ ဤသည်မှာ ငြင်းဆန်မရသော အမှန်တရားဖြစ်သည်။
ထိုနှစ်ယောက် ထွက်ခွာသွားပြီးနောက် မိုယန်ရွှယ်သည် သူတို့ဖြတ်သွားခဲ့သော နေရာသို့ ရောက်ရှိလာပြီး ကျန်ခဲ့သော ခြေရာများကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် စိတ်အတွင်းမှ တိတ်တဆိတ် တွက်ချက်ပြီးနောက် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
ခြေတစ်လှမ်းတိုင်းသည် ဆယ်မီတာအကွာအဝေးရှိသည်။
ထို့ပြင်.....သူမသူငယ်ချင်း၏ ယခင်ခြေလှမ်းနှုန်းအရ ဤသည်မှာ သူမ၏ အကန့်အသတ်နှင့် များစွာကွာခြားနေသည်။
ယုရှောင်ယွီ၏ ခွန်အားသည် မြင်းကောင်ရေအား ၂ ကို ကျော်လွန်သွားခြင်း ဖြစ်နိုင်သလော...
'ဒါက မဖြစ်နိုင်ဘူး...'
သူမသည် ရွှေရောင်ရင်းမြစ်စိတ်ဝိညာဥ်အရည်ကို အသုံးပြုကာ ကျောင်းအုပ်ကြီးလု၏ လမ်းညွှန်မှုကို တသွေမတိမ်းလိုက်နာခဲ့သည်။ သူမ ရရှိခဲ့သော တိုးတက်မှုသည် ရာစုနှစ်တစ်ခုအတွင်း အကောင်းဆုံးဟု သတ်မှတ်နိုင်ရာ မည်သူက သူမကို ကျော်လွန်နိုင်မည်နည်း။
"အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ်....ပြိုင်ပွဲစတာနဲ့ ငါ သေချာပေါက် သိရမှာပါ..."
အံ့အားသင့်နေသော်လည်း အနည်းငယ် သံသယဝင်နေဆဲဖြစ်သော မိုယန်ရွှယ်သည် အံ့တင်းတင်းကြိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းပြင်ထံသို့ လှည့်ထွက်သွားသည်။
သူမ၏သူငယ်ချင်း မည်သည်ကြောင့် ဤမျှထိ လျှင်မြန်စွာ ပြေးနိုင်သည်ဖြစ်စေ သူမသည် ကျောင်းသားသစ်များအနက် ထိပ်ဆုံးနေရာကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။ သူမသည် မည်သူ့ကိုမျှ ဤနေရာအား လုယူခွင့်ပြုမည် မဟုတ်ပေ။
"ဆရာ...."
ခြံဝန်းငယ်လေးအတွင်းတွင် သောက်လီက ခေါ်ဆောင်လာသော တပည့်သုံးယောက်သည် ကျန်းရွှမ်၏ရှေ့၌ လျင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။
တစ်နေ့တစ်ည ကျင့်ကြံပြီးနောက် လူတိုင်း သိသိသာသာ တိုးတက်လာခဲ့ကြသည်။ သူတို့၏ဆရာကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန်၌ သူတို့ထံတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
"လာမယ့်ပြိုင်ပွဲအကြောင်း မင်းတို့အားလုံး သိလောက်ရောပေါ့...ဟုတ်တယ်မလား...."
သူ၏တူကို ချလိုက်ရင်း ကျန်းရွှမ်က သူတို့ကိုကြည့်ကာ မေးမြန်းလိုက်၏။
"ဟုတ်ကဲ့..."
ယုရှောင်ယွီတို့လူစုသည် သူတို့၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ တညီတညွတ်တည်း တုံ့ပြန်အဖြေပေးလိုက်ကြသည်။
"ငါ မင်းတို့ကို ခေါ်လိုက်တာက ဒီပြိုင်ပွဲမှာ နာမည်မကြီးအောင် သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲလို့ ပြောချင်လို့ပဲ.... ခွန်အားကို အများကြီး ပြသစရာမလိုဘူး...ကိုယ်လုပ်သင့်တယ်ထင်သလောက်ပဲ လုပ်ရမယ်..."
ကျန်းရွှမ်က အကြံပေးလိုက်သည်။
ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် ဟုန်ရီတို့သည် အချင်းချင်းကြည့်လိုက်ကြကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကြသည်။
ဆရာကျန်းသည် သူတို့၏တပည့်များကို ထင်ရှားပေါ်လွင်စေကာ သူတို့၏သင်ကြားမှုစွမ်းရည်ကို သက်သေပြလို့သော တခြားဆရာများနှင့်မတူချေ။ ဆရာကျန်းသည် သူတို့အား အလွန်ပေါ်လွင်ထင်ရှားအောင် မလုပ်ရန် ညွှန်ကြားခဲ့လေ၏။
ဤသို့သော ကိုယ်ကျိုးစွန့်မှုသည် လေးစားဖွယ်ရာပင်။
အချိန်တခဏအတွင်းတွင် သူ့အပေါ် သူတို့၏လေးစားမှု ပို၍နက်ရှိုင်းသွားသည်။
"ကောင်းပြီ....တခြားဘာကိစ္စမှမရှိရင် ပြိုင်ပွဲအတွက် သွားပြီးပြင်ဆင်ကြတော့"
ကျန်းရွှမ်သည် ညွှန်ကြားချက်များ ပေးပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ခြံဝန်းငယ်လေးအတွင်းမှ ထွက်ခွာသွားပြီးနောက် သူတို့သုံးယောက်သည် နောက်တစ်ကြိမ် အကြည့်ချင်းဆုံသွားပေ၏။
"နင်တို့ ဘယ်လိုသဘောရလဲ"
လျှူမင်ယွဲ့က ဆက်ပြီးမထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။
ယုရှောင်ယွီက ပြောဆိုသည်။
"ဆရာက အရာရာတိုင်းမှာ ကောင်းပေမဲ့ သူက အရမ်းကို သိုသိပ်လွန်းတယ်....ဒီလိုလုပ်ကြစို့... ငါတို့ ပုံမှန်အတိုင်း ယှဥ်ပြိုင်မယ်..ဘယ်သူမှ ငါတို့တွေကို လာပြီးစိန်မခေါ်ရင် ဆရာ့ရဲ့အစီအစဥ်အတိုင်း အတိုင်းအတာတစ်ခုအတွင်းမှာပဲ နေကြမယ်...တစ်ယောက်ယောက်ကများ စည်းမရှိကမ်းမရှိ လာလုပ်ခဲ့ရင်တော့ ဆရာ့နာမည်ကို ထိန်းသိမ်းပြီး သူ့ရဲ့ သွန်သင်ပြသမှုတွေက ပြိုင်ဘက်ကင်းတယ်ဆိုတာကို အဖြူရောင်ကျောက်တုံးမြို့ တစ်မြို့လုံး သိသွားအောင် လုပ်ပြရမယ်"
"ယုရှောင်ယွီ.... ငါ နင့်ကို သဘောမကျပေမဲ့ ဒီအကြံပြုချက်ကိုတော့ သဘောတူတယ်"
လျှူမင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
ဟုန်ရီက ပြောဆိုသည်။
"ငါက စီနီယာအစ်မနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်"
"ဒါဆိုရင် ဒီလိုပဲ သတ်မှတ်လိုက်ပြီ"
ယုရှောင်ယွီက သဘောတူညီသည့်အနေဖြင့် လက်ခုပ်တီးလိုက်သည်။