အင်ပါယာဆယ့်ခုနစ်ခု မဟာမိတ်အဖွဲ့
Vol. 9 Ch. 135
တပည့်သုံးဦး၏အစီအစဉ်များကို မသိသော ကျန်းရွှမ်သည် စာကြည့်တိုက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။
ကျောင်းသားပြိုင်ပွဲသည် သူ့အတွက် မည်သည့်ဆွဲဆောင်မှုမျှ မရှိပေ။ သူ တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ အရေးမကြီးပေ။ ယခုချိန်လျှူမိသားစုခေါင်းဆောင်မှ လက်ဆောင်ပေးခဲ့သော ကံကြမ္မာချပ်ပြားသုံးချပ်ကြောင့် သူ့ထံတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်များ လုံလောက်စွာ ရှိနေလေပြီ။ သူ၏ ရည်မှန်းချက်မှာ ခုန်းရှီ၏အခြေအနေကို သေချာစုံစမ်းရန်နှင့် သူ၏ခွန်အားနှင့်ကျင့်ကြံမှုတို့ကို လျှင်မြန်စွာ မြှင့်တင်ရန်ပင်။
ကျောင်းတော်စာကြည့်တိုက်သည် စာအုပ်များဖြင့် ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေသော်လည်း ဤတစ်ကြိမ်တွင် ကျန်းရွှမ်သည် ကျင့်ကြံနည်းစနစ်များရှိရာသို့ တန်းတန်းမတ်မတ် မသွားခဲ့ပေ။ ထိုအစား သူသည် မြေမျက်နှာသွင်ပြင်နှင့်ယဉ်ကျေးမှုဆိုင်ရာအပိုင်းသို့ သွားခဲ့လေ၏။
ဟန်ယွမ်အင်ပါယာ၏ မြေမျက်နှာသွင်ပြင် ခြုံငုံသုံးသပ်ချက်...အင်ပါယာကြီးဆယ်ခု၏သမိုင်းကြောင်း....အင်ပါယာများအကြောင်း မိတ်ဆက်...ဟန်ယွမ်အင်ပါယာနှင့် အနီးတစ်ဝိုက်ရှိ တိုင်းပြည်သုံးခုကြားမှ နာကြည်းမှုများနှင့် ချစ်ခင်မှုများ....
တစ်ချက်ကြည့်ရုံဖြင့် အထွေထွေစာအုပ်အမြောက်အများရှိသည်ကို သူ တွေ့လိုက်ရသည်။
ကျန်းရွှမ်သည် ထိုအရာများကို စာရင်းပြုစုရန် အလျင်မလိုဘဲ တစ်အုပ်ချင်းစီကို စစ်ဆေးကြည့်ရှုခဲ့သည်။ စာအုပ်စင်တန်းနှစ်တန်းကို ဖြတ်ကျော်ပြီးသည့်တိုင် သူ လိုချင်သော သတင်းအချက်အလက်ကို ရှာမတွေ့သောကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။
ဤစာအုပ်များအနက်မှအများစုသည် ဟန်ယွမ်အင်ပါယာနှင့် အနီးတစ်ဝိုက်ရှိ အင်ပါယာဆယ်ခုကျော်အကြောင်း မှတ်တမ်းများဖြစ်သော်လည်း မည်သည့်စာအုပ်တွင်မှ ကျိုးယီအင်ပါယာအကြောင်း သတင်းအချက်အလက်များ မပါဝင်ချေ။ ထိုအင်ပါယာသည် လုံးလုံးလျားလျား မတည်ရှိသည့်အလားပင်။
သူ နားမလည်နိုင်ဖြစ်နေစဉ် စုချောင်က သူ၏အနီးသို့ ချဉ်းကပ်လာသည်။
"ဆရာကျန်း....ဘယ်လိုစာအုပ်မျိုးကို ရှာနေတာလဲ..."
စာကြည့်တိုက်၏တာဝန်ခံတစ်ဦးဖြစ်သော စုချောင်သည် ယခင်က ကျန်းရွှမ်၏ရင်းမြစ်စွမ်းအင် စုပ်ယူမှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော ဂယက်ကို အလွန်အထင်ကြီးလေးစားနေဆဲပင်။ ဤကဲ့သို့ အလားတူအဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန် သူ ကြိုတင်မေးမြန်းလိုပေ၏။
"ငါက ဒီကုန်းမြေတစ်ခုလုံးအကြောင်းကို မိတ်ဆက်ပေးနိုင်တဲ့ စာအုပ်တချို့ကို ရှာနေတာပါ... ဒီနေရာမှာ အဲ့ဒီလိုစာအုပ်မျိုးတွေ ရှိလား"
ကျန်းရွှမ်က မေးမြန်းသည်။
စုချောင်က ခေါင်းခါပြလေသည်။
"ဟန်ယွမ်အင်ပါယာတည်ရှိတဲ့ ကုန်းမြေက ကြီးမားကျယ်ပြန့်ပြီးတော့ အဆုံးအစမရှိဘူး....ငါတို့က သမုဒ္ဒရာထဲက ရေတစ်စက်လေးပါပဲ ပြောပလောက်တာမဟုတ်ပါဘူး ဒီလိုစာအုပ်မျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ကံကြမ္မာခန်းမလို အင်အားကြီးအဖွဲ့အစည်းတစ်ခုကသာ ရရှိနိုင်မှာပါ"
ကျန်းရွှမ် နားလည်သွားသည်။
သူ ထျန်းရွှမ်အင်ပါယာတွင် ရှိနေစဉ်က စာအုပ်အားလုံးကို ရှာဖွေခဲ့သော်လည်း သူတော်စင်ကျန်းမိသားစု သို့မဟုတ် နယ်ခြားဝိညာဉ်မျိုးနွယ်အကြောင်း တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိခဲ့ခြင်းနှင့် ဆင်တူသည်။ ဤသည်မှာ ခေတ်ကာလနောက်ကျနေသောကြောင့် မဟုတ်ဘဲ ထိတွေ့ရန် အလွန်ဝေးကွာနေသောကြောင့်ပင်။
ဟန်ယွမ်မင်းဆက်အတွက်လည်း အလားတူပင်။ ဤအင်ပါယာနှင့်အနီးတစ်ဝိုက်ရှိ အင်ပါယာဆယ်ခုသည် အရွယ်အစားတူညီကြပြီး နယ်မြေများမှာလည်း အနည်းငယ် ဆင်တူကြသည်။ စာအုပ်ပြုစုသူတစ်ဦးအတွက် ကုန်းမြေတစ်ခုလုံးအကြောင်း ရေးသားရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
"အကြီးအကဲစု...ကျိုးယီအင်ပါယာအကြောင်းကို ကြားဖူးလား..."
ကျန်းရွှမ်သည် ဤအချက်ကို နားလည်သွားပြီးနောက် မေးမြန်းလိုက်၏။
"ကျိုးယီအင်ပါယာလား"
စုချောင်က အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် သူ၏ခေါင်းကို ခါလိုက်သည်။
"ငါ မကြားဖူးဘူး...ဒါက အင်ပါယာဆယ့်ခုနစ်ခု မဟာမိတ်အဖွဲ့ထဲမှာ မပါဝင်လောက်ဘူး"
"တိုင်းပြည်ဆယ့်ခုနစ်ခု မဟာမိတ်အဖွဲ့...ဒါက ဘာလဲ...."
ကျန်းရွှမ်က မေးမြန်းသည်။
စုချောင်က အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"ကုန်းမြေပေါ်က တိုင်းပြည်တွေကို ပထမတန်းစား ဒုတိယတန်းစားနဲ့ တတိယတန်းစားဆိုပြီး ခွဲခြားထားပါတယ်....ပထမတန်းစားက အမြင့်ဆုံးဖြစ်ပြီး တတိယတန်းစားက အနိမ့်ဆုံးပါ... အဆင့်ဝင်တဲ့သူတွေသာ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေကို ရရှိနိုင်ပါတယ်... ဟန်ယွမ်အင်ပါယာက တတိယတန်းစားအဖြစ်တောင် အရည်အချင်းမမီပါဘူး....အင်ပါယာတွင်းကလူတွေကို ရင်းမြစ်ရေအိုင်ရှာဖွေပြီး ကျင့်ကြံသူတွေဖြစ်လာခွင့်ပေးဖို့ သူတို့က အဆင့်မရှိတဲ့ တခြားအင်ပါယာ တစ်ဆယ့်ခြောက်ခုနဲ့ ပေါင်းစည်းပြီး ဒီမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ"
ဤမဟာမိတ်အဖွဲ့သည် အန္တရာယ်ကြုံသည့်ချိန်တွင် အတူတကွ တိုက်ခိုက်ပြီး အကျပ်အတည်းကြုံသည့်အခါ အချင်းချင်း ကူညီကြသည်။ ဤသည်မှာ ညီအစ်ကိုများ အချင်းချင်း ထောက်ပံ့ကြသည့်အလားပင်။ ဤသည်မှတဆင့် သူတို့ကို တတိယတန်းစား အင်ပါယာအဆင့်အတန်းကို တောင်းဆိုခွင့်ရနိုင်စေပြီး ကံကြမ္မာခန်းမတွင် နေထိုင်နိုင်သည့်အခွင့်အလမ်းကို ရရှိစေခဲ့သည်။
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်ပြီးသူ၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသည့် အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ကျင့်ကြံခြင်းအရည်အချင်း ဒါမှမဟုတ် ကံကြမ္မာခန်းမမှာ နေထိုင်ခွင့်အခွင့်အလမ်းဆိုတာကို ကျွန်တော် နားမလည်ဘူး..."
ကျင့်ကြံရန် အရည်အချင်းကို လိုအပ်ပါသလော...
ရင်းမြစ်ရေအိုင်ရှိသရွေ့ ကျင့်ကြံ၍ မရသလော...
မည်သည်ကြောင့် အင်ပါယာ၏အဆင့်အတန်းနှင့် ပတ်သက်နေသနည်း....
"မင်း မသိဘူးလား..."
စုချောင်သည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း ထူးဆန်းသည်ဟု တွေးထင်မိသော်လည်း သူက ဆက်လက်၍ ရှင်းပြသည်။
"ရင်းမြစ်စစ်သည်တော်တွေက ကျင့်ကြံဖို့အတွက် ရင်းမြစ်ရေအိုင်ရှာရတယ်... လူတိုင်းက အဲ့ဒါကို ရရှိနိုင်တာမဟုတ်ဘူး....ကျင့်ကြံခြင်းကံကြမ္မာမရှိရင် ရင်းမြစ်ရေအိုင်ကို တသက်လုံးရှာရင်တောင် ဘယ်တော့မှ အသက်သွင်းနိုင်မှာမဟုတ်ဘူး...ကျင့်ကြံဖို့ဆိုတာ ဝေးရော... ငါတို့ ဟန်ယွမ်အင်ပါယာမှာ အရင်က ကျင့်ကြံသူတွေက သူတို့ရဲ့ဘဝတလျှောက်လုံး ရင်းမြစ်ရေအိုင်ကို ရှာဖွေခဲ့ကြပေမယ့် ကံကြမ္မာမရှိလို့ ဘာမှမတွေ့ခဲ့ဘူး.... ဒါက 'ဖြစ်လာဖို့ ကံပါရင် ဖြစ်လာမှာပဲ... ကံမပါရင် အတင်းအကျပ်မလုပ်သင့်ဘူး' ဆိုတဲ့ စကားပုံလိုပဲ"
"ကံကြမ္မာခန်းမက ကံကြမ္မာကို ထိန်းချုပ်တယ် ဒီမှာ ဌာနခွဲခန်းမတစ်ခု တည်ထောင်မှသာ ဒီကလူတွေက ကျင့်ကြံခြင်းကံကြမ္မာနဲ့ အရည်အချင်းတွေကို ရရှိပြီး ရင်းမြစ်ရေအိုင်တွေကို ရှာတွေ့နိုင်မှာပါ"
"ခဏလေး..."
ကျန်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူ့ထံတွင် မည်သည်ကြောင့် ရင်းမြစ်ရေအိုင် မရှိသည်ကို သူ အမြဲတစေ နားမလည်နိုင်ဖြစ်ခဲ့သည်။ ဤမျှထိကြာမြင့်ပြီးမှ သူသည် မည်သည့်အင်ပါယာနှင့်မှ မသက်ဆိုင်သဖြင့် ကျင့်ကြံခြင်းကံကြမ္မာကို မပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ကို သိလိုက်ရပေ၏။
သို့သော် ရွှမ်ကမ္ဘာမှတစ်ဆင့် သူသည် ရင်းမြစ်ရေအိုင်တစ်ခုကို အတင်းကြပ် ဖန်တီးခဲ့သည်။
ဤသည်မှာ ကံကြမ္မာကိုဆန့်ကျင်ခြင်း မဟုတ်လော.....
"ဒါတင် မကဘူး...ကျင့်ကြံခြင်းက ကံကြမ္မာကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်"
စုချောင်က ဆက်လက်၍ ပြောဆိုသည်။
"ဥပမာအနေနဲ့ မင်းက စိတ်ဝိညာဉ်ဆေးပင်တွေကို ဘယ်လောက်ထိများများ စားသုံးပါစေ... ဘယ်လောက်ထိ အစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံပါစေ...မင်းရဲ့စိတ်ဝိညာဉ်က အဆင့်မတက်သရွေ့ မင်းရဲ့စွမ်းအားက မြင်းကောင်ရေအား ကိုးဆယ့်ကိုးမှာ ကန့်သတ်ခံထားရပြီးတော့ ဒါကို ကျော်လွန်လို့မရဘူး.... ဒါက ကံကြမ္မာရဲ့စွမ်းအားပဲ.... ဒါက ကျင့်ကြံခြင်းနယ်ပယ်တစ်ခုချင်းစီက ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် စွမ်းအားသိပ်မကွာခြားရတဲ့ အကြောင်းအရင်းလည်း ဖြစ်တယ်"
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
သူသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် သိသာရှင်းလင်းစွာ ရှိနေသော်လည်း မြင်းကောင်ရေအား ၉၉ ကို ပိုင်ဆိုင်ထားသည်။ သူ အထွတ်အထိပ်အဆင့်သို့ ရောက်သည့်အချိန်တွင်ပင် သူ၏ခွန်အားသည် မြင်းကောင်ရေအား ၉၉ တွင် ကန့်သတ်ခံထားရဆဲဖြစ်သည်ကို တွေးတောမိသည်။ ဤသည်မှာ သူ၏ကျင့်ကြံမှုတွင် ပြဿနာရှိနေခြင်းမဟုတ်ဘဲ ဤအကြောင်းအရင်းကြောင့် ဖြစ်နေပေ၏။
ကံကြမ္မာက တစ်စုံတစ်ယောက် စိတ်ဝိညာဉ်တွင် အဆင့်တက်ခြင်းမရှိဘဲ စွမ်းအားသည် မြင်းကောင်ရေအား ၉၉ ကို မကျော်လွန်နိုင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကောင်းကင်လမ်း ကျင့်ကြံနည်းစနစ်ပင်လျှင် ဤကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
"ကံကြမ္မာက ဘယ်အချက်တွေကို လွှမ်းခြုံထားတာလဲ....."
ကျန်းရွှမ်သည် ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်သက်သာလာပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက အများကြီးရှိတယ်... ဆရာကျန်းကျွမ်းကျင်တဲ့ သားရဲယဉ်ပါးအောင်လုပ်ခြင်းက ကံကြမ္မာပုံစံတစ်မျိုးပဲ....ဆေးလုံးဖော်စပ်ခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်းတို့လည်း ပါဝင်တယ်.... သေခြင်းရှင်ခြင်း အိမ်ထောင်ရေးနဲ့ ဒုက္ခဆင်းရဲတွေတောင် ပါဝင်တယ်....အရာအားလုံးက ကံကြမ္မာရဲ့အောက်မှာပဲ"
စုချောင်က ရှင်းပြသည်။
'ဒါဆို... လူတစ်ယောက်ရဲ့ ဘဝတလျှောက်လုံးက ကံကြမ္မာရဲ့ ချုပ်ချယ်မှုတွေကို ခံနေရတာလား'
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ထိုသို့ဖြစ်လျှင် လူတစ်ယောက် အသက်ရှင်ခြင်းဆိုသည်မှာ ချုပ်ချယ်ခံနေရခြင်းဖြစ်သဖြင့် ဘဝတွင် မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း....
"ကံကြမ္မာမရှိဘဲတောင် ချည်နှောင်ခံနေရတုန်းပဲ...."
ကျန်းရွှမ် နားမလည်သည်ကို မြင်တွေ့ချိန်၌ စုချောင်က အသေးစိတ်ရှင်းပြသည်။
"တူနဲ့ထမင်းစားတာ...အိပ်ဖို့အိပ်ရာရှာတာ.... ရေသောက်ဖို့ခွက်သုံးတာ... ဒီသာမန်လုပ်ရပ်တွေကလည်း စည်းမျဉ်းတွေကို လိုက်နာနေတာပဲ...တခြားသူတွေနဲ့ ရန်ဖြစ်တာက မရင့်ကျက်ခြင်းရဲ့ လက္ခဏာပဲ...အနိုင်ကျင့်ခံရပြီး လက်တုံ့မပြန်တာက စိတ်ထားမွန်မြတ်ခြင်းကိုပြတယ်... မိန်းကလေးတွေအများကြီးနဲ့ တွဲတာက လူယုတ်မာဖြစ်ပြီးတော့ အိမ်ထောင်ဖက် ဆုံးရှုံးပြီးတဲ့နောက်မှာ တစ်ကိုယ်တည်းနေတာက အကျင့်သီလတစ်ခုပဲ... ဒါတွေက မင်းရဲ့နှလုံးသားထဲမှာ မသိမသာစွဲမြဲနေတဲ့ စည်းမျဉ်းတွေပဲ....မင်း အသက်ရှင်နေသရွေ့ ဘယ်လိုလုပ်ပြီး မလိုက်နာဘဲ နေနိုင်မှာလဲ..မင်း ကြိုက်သလို ပြုမူလို့ရပေမယ့် စည်းမျဥ်းတွေကို လိုက်နာရမယ်...."
"အမှန်ပဲ...."
ကျန်းရွှမ် တိတ်ဆိတ်သွားသည်။
ဤရှုထောင့်မှကြည့်လျှင် စည်းမျဉ်းများသည် နေရာတိုင်းတွင် ရှိနေပြီး သူကဲ့သို့ ကမ္ဘာတစ်ခု၏ အရှင်သခင်တစ်ပါးပင်လျှင် မလွတ်မြောက်နိုင်သည်မှာ သိသာထင်ရှားသည်။
စုချောင်က ဆက်လက်၍ ပြောဆိုလေ၏။
"စည်းမျဉ်းတွေက လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ... အင်ပါယာတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အပြင် လောကကြီးရဲ့အခြေခံပဲ.... ဒါတွေမရှိရင် အရာအားလုံး ဖရိုဖရဲဖြစ်သွားလိမ့်မယ်...."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
စည်းမျဉ်းများမရှိလျှင် မည်သည့်အရာမျှ ပုံသဏ္ဌာန် မတည်မြဲနိုင်ချေ။ လူတိုင်းသာ ဆန္ဒအလျောက် ပြုမူနေလျှင် လောကကြီးအတွင်းတွင် ဖရိုဖရဲဖြစ်နေကာ အကြမ်းဖက်မှုများ သွေးထွက်သံယိုမှုများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်တော့မည် မဟုတ်သည့်အပြင် သူတို့ထံတွင် ကြိုးစားအားထုတ်မှုလည်း ရှိမည်မဟုတ်ချေ။
နောက်ထပ် အကြောင်းအရာအနည်းငယ်ခန့် မေးမြန်းပြီးနောက် ကျန်းရွှမ်သည် ကံကြမ္မာခန်းမနှင့် ကံကြမ္မာဆရာသခင်များအပေါ် အတိုင်းအတာတစ်ခုထိ နားလည်မှုရရှိခဲ့သည်။ ထို့နောက် သူသည် ကျေးဇူးတင်စွာဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"ငါ့ရဲ့သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် အကြီးအကဲစုကို ကျေးဇူးတင်ပါတယ်"
"ဆရာကျန်းက အရမ်းအားနာတတ်တာပဲ... ငါက ဒီစာကြည့်တိုက်မှာ ဆယ်စုနှစ်တွေအများကြီးကြာအောင် နေခဲ့တာပါ...မင်း ဘယ်လိုစာအုပ်မျိုးပဲ ရှာချင်ရှာချင် ငါ့ကိုသာ ပြောလိုက်ပါ... ငါသိသမျှကို မခြွင်းမချန် မျှဝေပေးပါ့မယ်"
စုချောင်က ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲစု...ဒီလိုပြောမှတော့ ငါ့မှာ မေးစရာတစ်ခုတော့ ရှိတယ်.... ငါက ကျောက်စိမ်းအရိုးနယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်တွေကို ကြည့်ချင်ပေမယ့် ဒီစာကြည့်တိုက်မှာ မရှိဘူးထင်တယ်..."
စာကြည့်တိုက်တွင် ကျိုးယီအင်ပါယာအကြောင်း သတင်းအချက်အလက်မရှိကြောင်း သိလိုက်သဖြင့် ကျန်းရွှမ်သည် ရှာဖွေခြင်းကို ရပ်တန့်လိုက်၏။
ရင်းမြစ်ရေအိုင် ဆဋ္ဌမအဆင့် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးသောကြောင့် သူသည် ပို၍မြင့်မားသော နယ်ပယ်များကို စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေလေပြီ။ သူ့ထံတွင် လုံလောက်သော ခွန်အားရှိမှသာ သူ ဟန်ယွမ်အင်ပါယာမှ ထွက်ခွာနိုင်ပြီး တိုင်းပြည်ဆယ့်ခုနစ်ခု မဟာမိတ်အဖွဲ့မှ ထွက်ခွာကာ ခုန်းရှီကို ရှာဖွေ၍ကယ်တင်နိုင်ရန် နည်းလမ်းအား ရှာဖွေနိုင်ပေမည်။
"ကျောက်စိမ်းအရိုးနယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်တွေက ကျောင်းတော်အကြီးအကဲတွေအတွက်ပဲ ရနိုင်ပြီးတော့ စာကြည့်တိုက်ရဲ့တတိယထပ်မှာ ထားရှိတယ်...အဲ့ဒါတွေကို သင်ယူဖို့ဆိုရင် အရင်ဆုံး အကြီးအကဲတစ်ယောက် ဖြစ်ရမယ်...သာမန်ဆရာတွေက အရည်အချင်းမမီပါဘူး"
စုချောင်က ရှင်းပြသည်။
ကျန်းရွှမ်က မေးမြန်းသည်။
"အကြီးအကဲတစ်ယောက် ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ မင်း သိလား..."
"ဒါက ရိုးရှင်းပါတယ်....ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ ခွန်အားကို ပိုင်ဆိုင်ပြီး ကျောင်းတော်ရဲ့အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်သရွေ့ မင်းက အကြီးအကဲအဖြစ် ခန့်အပ်ခံရဖို့ အရည်အချင်းမီတယ်.... ဟိုဘက်မှာ အကြီးအကဲခန်းမရှိပြီးတော့ အကဲဖြတ်မှုတွေအတွက် တာဝန်ခံတဲ့ ဆရာတွေရှိတယ်...မင်းက သူတို့ကို သွားတိုင်ပင်နိုင်ပြီးတော့ သူတို့က ဘာလုပ်ရမယ်ဆိုတာကို အသေးစိတ် အသိပေးပါလိမ့်မယ်... ဒါပေမဲ့ ဆရာကျန်း... မင်းက မကြာသေးခင်ကမှ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာ မဟုတ်လား... ဘာလို့ ဒီအကြောင်းကို မေးနေတာလဲ...."
ကျန်းရွှမ်သည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ကျင့်ကြံစဉ်၌ ရင်းမြစ်နဂါးဝါးမြိုခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့သည့် ကိစ္စသည် စုချောင်၏စိတ်အတွင်းတွင် နက်ရှိုင်းသော အထင်ကြီးလေးစားမှုကို ချန်ထားနိုင်ခဲ့ဆဲပင်။
"ဒါက...ငါက အကြီးအကဲဖြစ်ဖို့ အကဲဖြတ်စစ်ဆေးမှုကို ဖြေဆိုနိုင်မလားဆိုတာ ကြည့်ချင်လို့ပါ..."
ကျန်းရွှမ်သည် ရှင်းပြပြီးနောက် အကြီးအကဲခန်းမဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။
"အကြီးအကဲဖြစ်ဖို့ အကဲဖြတ်စစ်ဆေးမှု ဖြေဆိုမလို့လား...သူက ခန္ဓာတွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပြီလား...."
စုချောင်သည် အချိန်တခဏကြာခန့် ထိတ်လန့်တုန်လှုပ်ပြီးနောက် သူသည် မယုံကြည်နိုင်စွာ နားလည်သဘောပေါက်သွားသည်။
လွန်ခဲ့သောသုံးရက်အကြာက သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် တတိယအဆင့်တွင် ရှိနေခဲ့ပြီး ယနေ့တွင်မူ သူသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပေ၏။ ကျန်းရွှမ်သည် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူ သိသော်လည်း ဤသည်မှာ အမှန်တကယ်ကို အလွန်ထူးခြားသည်။
"ကျောင်းအုပ်လုကို မြန်မြန်အကြောင်းကြားရမယ်..."
အကြီးအကဲအကဲဖြတ်စစ်ဆေးမှုသည် အရေးကြီးသော ကိစ္စဖြစ်ပြီး ဤပါရမီရှင်သည် ကျောင်းတော်အတွက် မည်သည့်သဘောကို ဆိုလိုသည်အား သိရှိသောကြောင့် စုချောင်သည် လေ့ကျင့်ရေးကွင်းပြင်ဘက်သို့ အလျင်အမြန် ပြေးသွားသည်။
ယနေ့တွင် ကျောင်းသားပြိုင်ပွဲကို ကျောင်းအုပ်ကြီးက ကြီးမှူးကျင်းပမည်မှာ သေချာပေါက်ပင်။
လေ့ကျင့်ရေးကွင်းပြင်နှင့် မနီးမဝေးအကွာရှိ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားသူများ ထိုင်နေကြပြီး အောက်တွင် ယှဉ်ပြိုင်နေကြသော ကျောင်းသားများကို ကြည့်ကာ သူတို့၏မျက်လုံးများအတွင်း၌ သဘောကျနှစ်ခြိုက်မှုများဖြင့် ပြည့်နှက်နေသည်။
ဤပြိုင်ပွဲကို အဆင်ပြေချောမွေ့စေရန် သူတို့သည် တစ်ညတည်းဖြင့် စင်မြင့်ကိုးခု တည်ဆောက်ခဲ့ပြီး သိုင်းယှဥ်ပြိုင်ပွဲဆယ်ပွဲကို တစ်ပြိုင်နက်တည်း စတင်နိုင်စေကာ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ခဲ့သည်။ ထိုသို့မဟုတ်ပါက ယှဥ်ပြိုင်သူထောင်ပေါင်းများစွာရှိနေသဖြင့် ပြိုင်ပွဲပြီးဆုံးရန် အနည်းဆုံး အချိန်လဝက်ခန့် ကြာမြင့်ပေလိမ့်မည်။
မနီးမဝေးတွင်ရှိနေသည့် ရှုရှင်းသည် သူတို့ကို သုံးရက်သာ အချိန်ပေးခဲ့ပြီး ဤသည်မှာ ပြိုင်ပွဲအားလုံးသည် ဤအချိန်အတိုင်းအတာအတွင်း ပြီးဆုံးရမည်ဖြစ်ပြီး ရလဒ်များ ထွက်ပေါ်ရမည်ဟု ဆိုလိုသည်။
"ကျောင်းအုပ်လု...ယုရှောင်ယွီနဲ့လျှူမင်ယွဲ့တို့က သိသိသာသာ တိုးတက်လာကြတယ်..."
သူတို့၏ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူခဲ့သော ယုရှောင်ယွီနှင့် အခြားသူများကို ကြည့်ရှုရင်း ဝူယွင်ကျိုးက အံ့အားတသင့်ပြောဆိုလိုက်သည်။
သူတို့သည် သူတို့၏စွမ်းအားအားလုံးကို အစွမ်းကုန်ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း ဆယ်နှင့်ချီသော လူများကို ချွေးမထွက်ဘဲ အဆက်မပြတ်အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့၏ကျင့်ကြံမှုသည် နောက်ဆုံးတွေ့ဆုံခဲ့သည့်အချိန်မှစ၍ သိသိသာသာ တိုးတက်လာကြောင်း သိသာရှင်းလင်းစွာ ညွှန်ပြနေပေ၏။
"အမှန်ပဲ....ဆရာကျန်းက ကျွမ်းကျင်တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပုံရတယ်..."
လုမင်ရုန်က ခေါင်းညိတ်လိုက်ကာ ကံကြမ္မာဆရာသခင်လမ်းစဉ်နှင့် ပတ်သက်သော ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍မရသော်လည်း သူ၏သင်ကြားမှုကို ချီးကျူးခြင်းမှာ လက်ခံနိုင်ဖွယ်ရှိသည်ဟု တွေးထင်ထားသည်။
"သူက သူ့ရဲ့တပည့်တွေကို ကျောင်းတော်ရဲ့ စွမ်းအင်ပြန်လည်စုစည်းခြင်းနည်းစနစ်ကို မသင်ပေးဘဲနဲ့... သူ ကိုယ်တိုင် လေ့လာလုပ်ထားတဲ့ ကျင့်ကြံနည်းစနစ်တွေကို သင်ကြားပေးတယ်လို့ ငါ ကြားတယ်..."
ဝူယွင်ကျိုးက စိုးရိမ်ပူပန်သောလေသံဖြင့် ဝင်ရောက်ပြောဆိုသည်။
"သူ့ ကျင့်ကြံမှု စတင်တဲ့အချိန်မှာ သူက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှာ ရှိနေပြီးတော့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကိုတောင် မရောက်သေးဘူး ထင်တယ်... ဒီလောက်ထိ အစွမ်းထက်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုကို ဖန်တီးနိုင်တာကြောင့် ဒီဆရာကျန်းက သင်ကြားရေးမှာ ထူးချွန်ရုံတင်မကဘူး ကျင့်ကြံနည်းစနစ်တွေအပေါ်မှာလည်း အံ့အားသင့်စရာကောင်းတဲ့ နားလည်သဘောပေါက်မှုရှိတယ်... ဒီနားလည်မှုနဲ့ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတွေ ပေါင်းစပ်လိုက်ရင် သူက တစ်လအတွင်းမှာခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်ကို ရောက်နိုင်လောက်တယ်..."
"တစ်လအတွင်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကိုလား..."
အနီးတွင်ရှိနေသော ယန်ချင်းရှူက ခေါင်းခါလိုက်သည်။
"ငါ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကနေ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ဖောက်ထွက်တုန်းက ငါးနှစ်တင်းတင်း ကြာမြင့်ခဲ့တယ်....ကျင့်ကြံခြင်းဆိုတာ တဖြည်းဖြည်းသွားရတဲ့ လုပ်ငန်းစဉ်အတိုင်း လိုက်နာရတယ်..... သူက ပါရမီရှင်တစ်ယောက်ဖြစ်ရင်တောင် အဲဒီလောက်မြန်လို့မရဘူး"
"ဒါလည်း ဟုတ်တာပဲ..."
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်၏။
ကျင့်ကြံခြင်းသည် အိမ်တစ်လုံးဆောက်ခြင်းနှင့်တူသည်။ လူတစ်ယောက်၏ အရည်အချင်း မည်မျှထိ မြင့်မားသည်ဖြစ်စေ ခိုင်မာသော အခြေခံအုတ်မြစ်မရှိလျှင် ရေပေါ်မျောနေသော ကျူပင်တစ်ပင်နှင့် တူညီနေကာ ကြာရှည်မခံနိုင်ချေ။
ကျန်းရွှမ်သည် ရင်းမြစ်စွမ်းအင်များကို စုပ်ယူစဥ်၌ ရင်းမြစ်နဂါးဝါးမြိုခြင်းဖြစ်စဉ်ကို ဖန်တီးနိုင်သည်မှာ သူ၏ ငြင်းပယ်မရနိုင်သော ပါရမီအရည်အချင်းကို ပြသနေသည်။ သို့ရာတွင် သူ၏ပါရမီအရည်အချင်း မည်မျှထိ ထူးခြားသည်ဖြစ်စေ သူသည် အလွှာတစ်ခုပြီးတစ်ခု ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် လုပ်ရမည်ဖြစ်ကာ ထိပ်ဆုံးသို့ တိုက်ရိုက်ခုန်တက်သွား၍မရပေ။
"အရင်တုန်းက မြို့အရှင်ယုက ရာစုနှစ်အတွင်းမှာ အတော်ဆုံးပါရမီရှင်လို့ လူသိများခဲ့ပေမယ့် သူက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကနေ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို မြှင့်တင်ဖို့ နှစ်နှစ်တိတိကြာခဲ့တယ်.... ကျန်းရွှမ်ရဲ့အရည်အချင်းက သူ့ထက် ပိုကောင်းတယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် တစ်နှစ်အောက်နဲ့ အဲ့ဒီကိစ္စကိုကို အောင်မြင်ဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်..."
လုမင်ရုန် စကားပြောနေစဉ်မှာပင် စုချောင်က အပြေးအလွှားရောက်လာပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်ကို ရုတ်တရက် သတိပြုလိုက်မိသည်။
"ကျောင်းအုပ်ကြီး....ဆရာကျန်း... သူက အကြီးအကဲခန်းမကို သွားပါပြီ....သူက အရည်အချင်း ပြည့်မီတာကြောင့် အကြီးအကဲအကဲဖြတ်စစ်ဆေးမှုကို ဖြေဆိုဖို့ ကြိုးစားနေပါတယ်....."
"အကြီးအကဲအကဲဖြတ်စစ်ဆေးမှုကို ဖြေဆိုမှာလား"
လုမင်ရုန်တို့လူစုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချိန်တခဏကြာခန့် ကြက်သေသေသွားကြသည်။ ထို့နောက် မယုံနိုင်စွာ ရေရွတ်လိုက်သော အသံတစ်သံက သူတို့၏နှုတ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပေ၏။
"ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်... ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်လား...."