← Chapters

တံခါးဝအရောက် ပို့ဆောင်လာသော အခွင့်အရေး

Vol. 9 Ch. 123

တံခါးဝအရောက် ပို့ဆောင်လာသော အခွင့်အရေး

Vol. 9 Ch. 123

"အခန်းထဲမှာ သွားပုန်းနေတော့...လိုအပ်မှ ထွက်လာခဲ့..."

ကျန်းရွှမ်သည် စွန်းချန်ကို ညွှန်ကြားပြီးနောက် နောက်သို့လှည့်ကာ တံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။ သူ တံခါးဖွင့်လိုက်ချိန်တွင် လျှူထျန်ကျန်းသည် လူစိမ်းတစ်ယောက်နှင့်အတူ မတ်တတ်ရပ်နေသည်အား မြင်တွေ့လိုက်ရသည်။ ထိုလူစိမ်းသည် သူနှင့်ရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရလွယ်ကူသူမဟုတ်ကြောင်း ညွှန်ပြနေသော သုန်မှုန်သည့်အမူအယာရှိသည်။

သို့ရာတွင် ကျန်းရွှမ်သည် ထိုအကြောင်းကို စိုးရိမ်ပူပန်ခြင်းမရှိချေ။ သူသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နှုတ်ဆက်ပြီး ပြောဆိုလိုက်၏။

"ခင်ဗျားက လျှူမင်ယွဲ့ကို အိမ်ပြန်ခေါ်ဖို့ လာတာဆိုရင်တော့ ကျွန်တော် ကူညီနိုင်မှာမဟုတ်ဘူးလို့ စိတ်မကောင်းစွာနဲ့ ပြောပါရစေ...ခင်ဗျားက သူနဲ့ တိုက်ရိုက်စကားပြောရလိမ့်မယ်..."

လျှူထျန်ကျန်းက ခေါင်းခါလိုက်သည်။

"ဆရာကျန်း...ခင်ဗျား နားလည်မှုလွဲနေပြီ... ကျွန်တော်က အဲ့ဒီကိစ္စအတွက်လာတာ မဟုတ်ဘူး...ကျွန်တော့်ရဲ့သူငယ်ချင်းက ခင်ဗျားရဲ့အကြောင်းကို ကြားပြီးတော့ ကိစ္စတချို့နဲ့ပတ်သက်ပြီး ခင်ဗျားနဲ့တိုင်ပင်ဖို့ အထူးတလည်လာခဲ့တာပါ"

ကျန်းရွှမ်သည် နားမလည်နိုင် ဖြစ်သွားသည်။ တစ်စုံတစ်ယောက်သည် သူနှင့် မည်သည့်ကိစ္စအားတိုင်ပင်ရန် လိုအပ်နိုင်မည်နည်း။ သူ စတင်ကျင့်ကြံကတည်းက သိုသိုသိပ်သိပ်နေခဲ့သည်။ အချိန်တခဏကြာ တွေဝေစဥ်းစားပြီးနောက် သူခေါင်းခါလိုက်သည်။

"စိတ်မကောင်းပါဘူး... ဒါပေမဲ့ အသေးအမွှားကိစ္စတစ်ခုခုသာ ဆိုရင်တော့ ကျွန်တော် ငြင်းဆန်ရပါလိမ့်မယ်... ကျွန်တော် ဒီနေ့တော်တော်အလုပ်ရှုပ်နေတာကြောင့် အချိန်မရှိဘူး...."

ဤကဲ့သို့တုံ့ပြန်မှုကို မျှော်လင့်ထားသည့်အလား လျှူထျန်ကျန်းသည် ရင်းမြစ်ဒင်္ဂါးလက်မတ်တစ်ထပ်ကိုထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။

"ဆရာကျန်း...ဒီလောက်ထိ မြန်မြန်မငြင်းလိုက်ပါနဲ့အုံး...ခုဏက မင်ယွဲ့ကို အိမ်ပြန်ခေါ်ဖို့ အတင်းအကြပ်လုပ်ခဲ့တာနဲ့ ခင်ဗျားအပေါ် လက်ပါခဲ့မိတာက ကျွန်တော်ရဲ့အမှားပါ... ကျွန်တော်က စိတ်ရင်းနဲ့ တောင်းပန်ပါတယ်...အဖေတစ်ယောက်ရဲ့စိုးရိမ်ပူပန်မှုတွေကို ခင်ဗျား နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...ကျွန်တော့်ရဲ့နောင်တကို ဖော်ပြတဲ့အနေနဲ့ တောင်းပန်ချင်တာကြောင့် ရင်းမြစ်ဒင်္ဂါးငါးသောင်း ယူဆောင်လာခဲ့တယ်"

'ဒီငွေနည်းနည်းလောက်နဲ့ ငါက မင်းရဲ့မေးခွန်းတွေကိုဖြေဖို့ သဘောတူမယ်လို့ မင်း ထင်နေတာလား'

ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သော်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့...ကျွန်တော် လက်ခံပါတယ်..."

သူသည် ရင်းမြစ်ဒင်္ဂါးလက်မှတ်များကိုယူကာ ရေတွက်ပြီး စိတ်ကျေနပ်စွာဖြင့် သူ၏အိတ်အတွင်းသို့ထည့်လိုက်၏။ ထို့နောက်သူသည် အပြုံးနှင့် ခြံဝန်းအတွင်းသို့ဝင်ရန် လက်ဟန်ပြလိုက်သည်။

"ကျေးဇူးပြုပြီးတော့...လျှူမိသားစုခေါင်းဆောင်နဲ့မိတ်ဆွေတို့ အထဲကိုကြွပါ...."

ကောင်းကင်ဘုံကမ္ဘာတွင် လေးစားခံရသော ဆရာတစ်ယောက်အနေဖြင့် သူ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းခြင်းသည် အရေးကြီးသော်လည်း ငွေကိုငြင်းပယ်ရန် မလိုအပ်ချေ။ အထူးသဖြင့် သူ၏လက်အတွင်းသို့ အရောက်ပို့ပေးနေချိန်မှာပင်။

ဆရာများ၏တည်းခိုဆောင်တွင် ဧည့်ခန်းမရှိဘဲ အနည်းငယ်မှောင်နေသောကြောင့် ကျန်းရွှမ်သည် သူတို့ကို ခြံဝန်းအတွင်းရှိ အဋ္ဌဂံပုံစံတဲငယ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် တခြားလူများကိုလည်း သူ့နှင့်အတူထိုင်ရန် ဖိတ်ခေါ်လိုက်၏။

လူငယ်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ကျန်းရွှမ်သည် အချက်နှစ်ချက်ကို အတည်ပြုနိုင်ခဲ့သည်။

ပထမအချက်အနေဖြင့် လူငယ်၏အဆင့်အတန်းသည် လျှူထျန်ကျန်းထက် သိသာစွာမြင့်မားသည်။ လျှူထျန်ကျန်းသည် ဤလူငယ်မထိုင်မီအထိ ထိုင်ရန်မဝံ့ရဲခဲ့သဖြင့် သူ၏လေးစားမှုကို ပြသနေပေ၏။

ဒုတိယအချက်အနေဖြင့် လျှူထျန်ကျန်းသည် ကျန်းရွှမ်အကြောင်း ထူးဆန်းသောအရာတစ်ခုခုကို သတိပြုမိခဲ့ပြီး စုံစမ်းရန်အတွက် ဤလူငယ်ကို ခေါ်ဆောင်လာခဲ့ပုံရသည်။ လူငယ်သည် ရောက်ရှိလာကတည်းက တစ်စုံတစ်ခုကိုရှာဖွေရန် ကြိုးစားနေသည့်အလား ကျန်းရွှမ်ထံမှ မျက်လုံးမခွာခဲ့ချေ။

ကံကောင်းစွာဖြင့် ကောင်းကင်လမ်းနည်းစနစ်သည် ကျန်းရွှမ်အား သူ၏ကျင့်ကြံမှု ကျင့်ကြံနည်းစနစ်များနှင့် အစစ်အမှန်စွမ်းအား လည်ပတ်မှုအပါအဝင် သူ၏အရှိန်အဝါကိုလည်း ဖုံးကွယ်ထားနိုင်စေသည်။ မြို့အရှင်ယုကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင်လျှင် ကျန်းရွှမ် ထုတ်ဖော်ပြသခြင်းမရှိပါက မည်သည့်အရာကိုမျှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ချေ။

လျှူထျန်ကျန်းသည် သူတို့၏တိုက်ပွဲအတွင်းတွင် ထူးဆန်းသောအရာတစ်ခုခုကို သတိပြုမိသောကြောင့် နောက်ထပ်စုံစမ်းရန်အတွက် ဤလူကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်မည်ဟု ကျန်းရွှမ်က တွက်ဆလိုက်သည်။

"ငါ့ရဲ့ကောင်းကင်ကံကြမ္မာစွမ်းအားတွေ ကုန်သွားတာ နှမြောစရာပဲ...မဟုတ်ရင်က ငါက စာကြည့်တိုက်ကိုသုံးပြီး ဒီလူရဲ့နောက်ကြောင်းကို စစ်ဆေးလို့ရတယ်..."

ဤအတွေးများသည် သူ၏စိတ်အတွင်းတွင် ဖြတ်ပြေးသွားသော်လည်း ကျန်းရွှမ်သည် တည်ငြိမ်သောအမူအယာကို ထိန်းသိမ်းထားကာ မေးမြန်းလိုက်၏။

"လျှူမိသားစုခေါင်းဆောင်...ခင်ဗျားရဲ့သူငယ်ချင်းက မျက်နှာစိမ်းပဲ...ကျွန်တော် သူ့ကို အဖြူရောင်ကျောက်တုံးမြို့မှာ အရင်က မမြင်ဖူးဘူး...."

လျှူထျန်ကျန်းက ပြုံးလိုက်သည်။

"ဒါက တော်ဝင်မြို့တော်ကလာတဲ့ အရှင်ရှုရှင်းပါ...ဆရာကျန်းက ဒီလောက်ထိ ငယ်ရွယ်တဲ့အသက်အရွယ်နဲ့ ချန်းမိသားစုရဲ့ဧည့်အကြီးအကဲဖြစ်လာတဲ့အပြင် ခင်ဗျားရဲ့သင်ကြားရေးက ဘယ်လောက်ထိ ထူးချွန်တယ်ဆိုတာကို သူ ကြားသိပြီးတော့ ခင်ဗျားကို လာတွေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ"

"တော်ဝင်မြို့တော်ကလား..."

ကျန်းရွှမ်၏စိတ်အတွင်းတွင် ကဏဦးကောက်ချက်တစ်ခု စတင်၍ထင်ဟပ်လာသည်။

ထို့နောက် သူက ရှင်းပြလိုက်သည်။

"လျှူမိသားစုခေါင်းဆောင်... ခင်ဗျားက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပြီ..သင်ကြားရေးဆိုတာက ချက်ပြုတ်ရေးနဲ့ အတူတူပဲ...ဟင်းတစ်ခွက်က တစ်ယောက်ရဲ့အရသာနဲ့ကိုက်ညီပြီး နောက်တစ်ယောက်နဲ့ မကိုက်ညီတာမျိုး ဖြစ်နိုင်တယ်...ကျွန်တော့်ရဲ့အတန်းတွေက ခင်ဗျားရဲ့သမီးနဲ့ အံ့ဝင်ခွင်ကျဖြစ်နေလို့ သူ အိမ်ပြန်ဖို့တွန့်ဆုတ်နေတာ ဖြစ်နိုင်ပါတယ်...အချိန်ကြာလာတာနဲ့အမျှ သူက ခင်ဗျားရဲ့ရည်ရွယ်ချက်တွေကို နားလည်လာပါလိမ့်မယ်..."

ပါမောက္ခတစ်ယောက်အနေဖြင့် တပည့်များနှင့်သူတို့၏မိဘများကြား ဆက်ဆံရေးကိုကိုင်တွယ်ခြင်းသည် အလွန်အရေးကြီးသည်။ ကျန်းရွှမ်သည် မည်သူမျှ စိတ်မခုစေဘဲ အခြေအနေကိုပြေလည်အောင်လုပ်ရန် လိုအပ်သည်များကို ပြောဆိုသည့် အတတ်ပညာကို ကြာမြင့်စွာကတည်းက ကျွမ်းကျင်ပြီးဖြစ်သည်။

သူ့အတွက် လျှူမင်ယွဲ့က အနာဂတ်တွင် သူမ၏အဖေနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် သို့မဟုတ် ဖြတ်တောက်ရန် ဆုံးဖြတ်သည်မှာ သူ့ကိစ္စမဟုတ်ပေ။

"အမ်…"

လျှူထျန်ကျန်းသည် ခဏတာမှင်တက်သွားသော်လည်း ကျန်းရွှမ်၏စကားများသည် အဓိပ္ပာယ်များစွာရှိသည်ကို သဘောပေါက်သွားလေ၏။

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ချန်းမိသားစုရဲ့ဧည့်အကြီးအကဲ ဖြစ်လာတဲ့ကိစ္စအတွက်တော့ ကျွန်တော်က မြင်းတွေကိုယဉ်ပါးအောင်လုပ်တဲ့နေရာမှာ ပါရမီနည်းနည်းရှိရုံပါပဲ...အထွေအထူးတော့ မဟုတ်ပါဘူး..."

"ဒါတော့ ငါ လက်မခံနိုင်ဘူး.."

လျှူထျန်ကျန်းက တုံ့ပြန်ပြောဆိုလိုက်သည်။

"အဖြူရောင်ကျောက်တုံးမြို့မှာ ကျွမ်းကျင်တဲ့မြင်းထိန်းတွေ အများကြီးရှိတယ်... ဥပမာ ကျိုးချွင်ကိုပဲကြည့်...သူက တောရိုင်းလင်းယုန်နဲ့ သောက်လီတို့ နှစ်ကောင်လုံးကို ယဉ်ပါးအောင်လုပ်ခဲ့တယ်လို့ နာမည်ကြီးတယ်... ဘာလို့ ချန်းမိသားစုက သူ့အစား ခင်ဗျားကိုငှားရမ်းဖို့ ရွေးချယ်ခဲ့တာလဲ...ပိုပြီးအရေးကြီးတာက ကျိုးချွင်လို ကျွမ်းကျင်သူတွေက ဘာလို့ ခင်ဗျားကို ဒီလောက်ထိလေးစားပြီးတော့ ခင်ဗျားရဲ့လက်အောက်မှာ တပည့်ခံချင်ကြတာလဲ...."

"ဒါက…"

ကျန်းရွှမ် စကားမပြောနိုင်ဖြစ်သွားသော်လည်း သူ တုံ့ပြန်အဖြေပေးရန် မစဉ်းစားနိုင်မီမှာပင် ရှုရှင်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"မြင်းယဉ်ပါးအောင်လုပ်တာက အသေးအမွှားကျွမ်းကျင်မှုတစ်ခုပါပဲ... မြင်းတစ်ကောင်ကို ဘယ်လောက်ထိ ယဉ်ပါးအောင် လုပ်နိုင်ပါစေ...တကယ်တမ်းကျတော့ ဒါက ဘာအရေးပါလို့လဲ… ကျေးဇူးတင်ပါတယ်..."

သူ၏စကားမဆုံးသေးခင်မှာပင် တစ်စုံတစ်ယောက်က လက်ဖက်ရည်အိုးတစ်လုံးကို မယူပြီး သူ၏ခွက်အတွင်းသို့ အပြည့်ထည့်ပေးသည်ကို သူ သတိပြုမိသဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးကို ကိုင်ထားသူသည် လျှူထျန်ကျန်း၏ခွက်ထံသို့ ရွေ့လျားသွားလေ၏။

ရှုရှင်းသည် လက်ဖက်ရည်တစ်ငုံသောက်ရန် ဟန်ပြင်လိုက်စဉ် လျှူထျန်ကျန်း၏ထူးဆန်းသောအမူအယာကို သတိပြုမိပြီး သူ၏လက်မောင်းကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်ကို ခံစားလိုက်ရသည်။

"အရှင်ရှု…"

"ဘာဖြစ်တာလဲ..."

ရှုရှင်းက လျှူထျန်ကျန်းကို ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် လျှူထျန်ကန်း စိတ်လှုပ်ရှားနေခြင်း၏ရင်းမြစ်ကို သတိပြုမိသွားသဖြင့် သူ၏ခွက်ကိုလွှတ်ချလုနီးပါး ဖြစ်သွားလေ၏။

မြင်းတစ်ကောင်သည် သူ၏ရှေ့တွင်ရပ်ကာ ရေနွေးအိုးကို ပါးစပ်ဖြင့်ကိုက်၍ သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးနေသည်။ ရှုရှင်းကြည့်နေသည်ကို သတိပြုမိချိန်၌ မြင်း၏ကြီးမားသောမျက်လုံးများသည် ပြုံးနေသကဲ့သို့ဖြစ်ပြီး နှုတ်ဆက်သည့်ဟန်ဖြင့် ခေါင်းပင်ညိတ်ပြလေသည်။

ရှုရှင်း၏မျက်ခွံ လှုပ်ခတ်သွားပြီး သူ၏ရှေ့မှလူငယ်ကို အလျင်အမြန်ကြည့်လိုက်သည်။ ကျန်းရွှမ်၏အမူအယာသည် မကျေမနပ်ဖြစ်နေပြီး သူက မြင်းကို ကြိမ်းမောင်းလိုက်သည်။

"ဒီလက်ဖက်ရည်က အေးစက်နေပြီ.. ဘာလို့ လက်ဖက်ရည်အသစ် မဖျော်တာလဲ...ဧည့်သည်တွေကို ဒီလိုပဲ ဧည့်ခံရလား..."

မြင်းသည် ရှက်ရွံ့စွာဖြင့် မီးဖိုချောင်သို့ဆုတ်ခွာသွားပြီး ရေနွေးအိုးဆူစေရန် မီးဖိုအတွင်းသို့ ထင်းများထည့်နေသည်။

"...."

ရှုရှင်း ကြက်သေသေသွားသည်။

မြင်းသည် အစောပိုင်းက လက်ဖက်ရည်ငှဲ့ပေးပြီး ယခုချိန်၌ ရေနွေးတည်နေသည်။ ဤမြင်းသာ အလွန်ကြီးမားပြီး ကြွက်သားများထွားကြိုင်းမနေခဲ့လျှင် မြင်းအဖြစ် ဟန်ဆောင်ထားသော ကျင့်ကြံသူတစ်ယောက်ဟု သူ သံသယဝင်မိပေလိမ့်မည်။

"ဒါတောင် ခင်ဗျားက ဒါကို 'အထွေအထူး မဟုတ်ဘူး' လို့ ခေါ်နေသေးတာလား.."

ရှုရှင်းက စိတ်မထိန်းနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

သခင်များကို အသိအမှတ်ပြုသော မြင်းများ သခင်များကို မြှားဒဏ်မှ ကာကွယ်ပေးနိုင်သောမြင်းများကို သူ မြင်ဖူးသော်လည်း အစေခံတစ်ယောက်ကဲ့သို့ လက်ဖက်ရည်ငှဲ့ပေးနိုင်သော မြင်းကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

အစပိုင်းတွင် ကျန်းရွှမ်၏မြင်းယဉ်ပါးအောင်လုပ်သည့် စွမ်းရည်များသည် မြင်းများကိုနာခံအောင်လုပ်ခြင်းသက်သက်သာ ဖြစ်သည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်၏ "အထွေအထူး မဟုတ်ဘူး" ဟူသော အယူအဆမှာ ဤသို့ဖြစ်နေသည်ကို သူ မြင်တွေ့လိုက်ရပေ၏။

"ကျွန်တော်မှာ အစေခံတွေမရှိဘူး... ဒါကြောင့် သူ့အပေါ်ပဲအားကိုးရတယ်… ဒါ့ပြင် ဒီမြင်းကို လျှူမိသားစုက ယဉ်ပါးအောင်လုပ်ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့်ကိုလက်ဆောင်အဖြစ် ပေးခဲ့တာပါ..ဘာလို့ သူမှာ ဒီလောက်ထိကောင်းတဲ့ အရည်အချင်းမျိုး ရှိနေလဲဆိုတာ ကျွန်တော် သေချာမသိဘူး"

ကျန်းရွှမ်က လွှဲချလိုက်သည်။

"အဲ့ဒီလိုလား...."

ရှုရှင်းက လျှူထျန်ကျန်းကို ကြည့်လိုက်သည်။

"ဒါက အမှန်ပါပဲ...ဒီသောက်လီကို ဆရာကျန်းဆီ တစ်နေ့ကမှ ပေးခဲ့တာပါ"

လျှူထျန်ကျန်းသည် လိမ်ညာနိုင်ခြင်း မရှိချေ။

ရှုရှင်းက မေးမြန်းသည်။

"သူ ခင်ဗျားတို့နဲ့အတူရှိတုန်းက ဒီလိုလုပ်နိုင်ခဲ့လား....ဒီလို ရေနွေးတည်ပြီး လက်ဖက်ရည်ငှဲ့ပေးတာမျိုးတွေ လုပ်နိုင်လား"

လျှူထျန်ကျန်းက အလျင်အမြန် ခေါင်းခါပြလေ၏။

"မဟုတ်ဘူး...သူ မလုပ်နိုင်ခဲ့ဘူး...."

သောက်လီသည် လျှူမိသားစုနှင့်အတူ ရှိစဉ်က သူ့ကို အကြီးအကဲတစ်ယောက်ကဲ့သို့ ဆက်ဆံခံခဲ့ရပြီး သီးသန့်အစေခံများက သူကိုစောင့်ရှောက်ပေးခဲ့သည်။ သူက တခြားသူများကို ဝန်ဆောင်မှုပေးခဲ့သည်ဟု မည်သူမျှ မကြားဖူးခဲ့ချေ။

ကျန်းရွှမ်က ရှင်းပြသည်။

"ကျွန်တော်ထင်တာတော့ လျှူမိသားစုခေါင်းဆောင်က သူ့ကို အပြည့်အဝယဉ်ပါးအောင် မလုပ်နိုင်ခဲ့ဘူး ထင်တယ်...မြင်းတစ်ကောင်ကို အပြည့်အဝယဉ်ပါးအောင် လုပ်ပြီးသွားရင် လေ့ကျင့်ထားတဲ့ မျောက်တစ်ကောင်နဲ့ သိပ်မကွာခြားတော့ဘူး...သူ့ဘာသာသူအဝတ်အစားဝတ်နိုင်တယ် အစားအစာချက်ပြုတ်နိုင်တယ် ပြီးတော့ တခြားအရာတွေလည်းလုပ်နိုင်တယ်...သူ့ကိုရေနွေးတည်ပြီး လက်ဖက်ရည်ငှဲ့ခိုင်းတာက ကိစ္စကြီးမဟုတ်ပါဘူး..."

"ဒါဆိုရင်တော့ ဖြစ်နိုင်ပါတယ်…"

ရှုရှင်းနှင့်လျှူထျန်ကျန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် တစ်ခုခုမှားနေသကဲ့သို့ ခံစားနေရဆဲဖြစ်သော်လည်း ယခင်ကလောက် အံ့အားသင့်ဖွယ် မကောင်းတော့ချေ။

တချို့သော အစွမ်းထက်သားရဲများသည် အလွန်ဉာဏ်ရည်မြင့်မားပြီး အဆင့်မြင့်ဆုံးရင်းမြစ်သားရဲများသည် မှန်ကန်သော လေ့ကျင့်မှုဖြင့် လူသားများကဲ့သို့ပင် ပြုမူနိုင်ကာ အမျိုးမျိုးသောအလုပ်များကို လုပ်ဆောင်နိုင်သည်။ ဤမြင်းသည် သာမန်တိရစ္ဆာန်တစ်ကောင်သာဖြစ်သော်လည်း လုံလောက်သောလေ့ကျင့်မှုဖြင့် ဤကျွမ်းကျင်မှုများကို သင်ယူနိုင်သည်။

ဤအကြောင်းကို ဆက်တွေးနေ၍ အကျိုးမရှိကြောင်း သဘောပေါက်သဖြင့် ရှုရှင်းသည် သူ၏စိတ်အာရုံကို ကျန်းရွှမ်ထံသို့ ပြန်လှည့်လိုက်သည်။

"ခင်ဗျားရဲ့ကျင့်ကြံမှုက သုံးရက်အကြာက သိပ်မသန်မာသေးဘူး...ဒါပေမဲ့ အခု သူနဲ့တန်းတူတိုက်ခိုက်နိုင်ပြီလို့ လျှူမိသားစုခေါင်းဆောင်ဆီကနေ ကျွန်တော် ကြားခဲ့တယ်...ခင်ဗျားဘယ်လိုကျင့်ကြံခဲ့တယ်ဆိုတာ ရှင်းပြပေးနိုင်မလား.."

ဤမေးခွန်းကိုမေးရန်မှာ သူတို့လာရသည့် အစစ်အမှန်ရည်ရွယ်ချက်ဖြစ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် ရှက်ရွံ့ဟန်ဆောင်ရင်း သက်ပြင်းရှိုက်လိုက်၏။

"အမှန်အတိုင်းပြောရရင်… ကျွန်တော် ကျင့်ကြံနေတာ အချိန်အတော်ကြာပါပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့အခြေအနေတွေကြောင့် ကျွန်တော့်ရဲ့အရည်အချင်းတွေကို ထုတ်ပြဖို့ ခက်ခဲခဲ့တယ်.... အခု ကျွန်တော်ကို ကျောင်းအုပ်လုက ဆရာတစ်ယောက်အဖြစ် ခန့်အပ်လိုက်တာကြောင့် ကျွန်တော်ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ထားဖို့ မလိုတော့ဘူး"

ဤမျှတိုတောင်းသောအချိန်အတွင်း ထိုသို့သောခွန်အားကို မည်သို့ ရရှိခဲ့သည်အား ရှင်းပြရန်မဖြစ်နိုင်သောကြောင့် ကျန်းရွှမ်သည် သူ နှစ်ပေါင်းများစွာကျင့်ကြံခဲ့သည်ဟု အချိန်ကာလပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

သူ မြင်းထိန်းအဖြစ်လုပ်ကိုင်စဉ်က သိုသိုသိပ်သိပ်နေခဲ့သည်။ တစ်စုံတစ်ယောက်က နောက်ထပ်စုံစမ်းရန် ကြိုးစားလျှင်ပင် ရင်းမြစ်ကမ္ဘာ၌ သူ့ကိုခြေရာခံနိုင်သော သက်သေအထောက်အထားမရှိသောကြောင့် မည်သူမျှအမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

"ခင်ဗျားကျင့်ကြံနေတာ အချိန်အတော်ကြာပြီလား..."

ရှုရှင်းနှင့်လျှူထျန်ကျန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ကျန်းရွှမ်၏အသက်အရွယ်ကို ထောက်ရှုလျှင် သူသာ လျှူမင်ယွဲ့ကဲ့သို့ ဆယ့်ခြောက်နှစ်အရွယ်တွင် ကျင့်ကြံခြင်းစတင်ခဲ့ပြီး ယခုအခါ နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်ဝန်းကျင်ဖြစ်နေလျှင် သူ၏လက်ရှိခွန်အားသည် အံ့အားသင့်ဖွယ်မရှိချေ။

"ဒါက အမှန်ပါပဲ..."

ကျန်းရွှမ်က တည်ငြိမ်စွာ ရှင်းပြသည်။

"ကျွန်တော် ကျင့်ကြံနေတာ အချိန်အတော်ကြာနေပါပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့အရင်အဆင့်အတန်းကြောင့် ကျွန်တော့်ရဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးမရှိခဲ့ဘူး... အခု ကျွန်တော် ဆရာတစ်ယောက် ဖြစ်လာပြီဆိုမှတော့ ကျွန်တော့်ရဲ့အစစ်အမှန်ခွန်အားကို ပွင့်ပွင့်လင်းလင်း ပြသနိုင်ပြီ..."

ကျန်းရွှမ်သည် သူ၏ရှင်းပြချက်အပေါ် စိတ်ကျေနပ်သွားပြီးနောက် ရှုရှင်းကို နားမလည်သည့်အမူအယာဖြင့် ကြည့်လိုက်သည်။

"အရှင်ရှု...ခင်ဗျားက အသေးစိတ်မေးခွန်းတွေအများကြီးမေးနေတယ်...ကျွန်တော် တစ်ခုခုမှားလုပ်မိလို့လား ဒါမှမဟုတ် တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိလို့လား... ဒါကြောင့် ခင်ဗျားက ကျွန်တော့်ကို စုံစမ်းစစ်ဆေးနေတာလား...."

"အဲ့ဒီလို မဟုတ်ပါဘူး.."

လျှူထျန်ကျန်းက ပြုံးလိုက်ပြီး ရှုရှင်းနှင့်နောက်တစ်ကြိမ် အပြန်အလှန် ကြည့်လိုက်ကြသည်။ ရှုရှင်းထံမှ ခေါင်းညိတ်ပြမှုကို မြင်တွေ့ရချိန်၌ လျှူထျန်ကျန်းက ရှင်းပြသည်။

"တကယ်တော့ အရှင်ရှုရှင်းက ကံကြမ္မာအစောင့်အရှောက်တစ်ယောက်ပါ.. သူက ကံကြမ္မာခန်းမအတွက် အထူးလေ့ကျင့်ပေးဖို့ အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေဖို့ ဒီနေရာကိုရောက်နေတာပါ"

သူတို့က ကျန်းရွှမ်ကို 'ဖရိုဖရဲ ကံကြမ္မာဆရာသခင်'တစ်ယောက်ဟု ပြောင်ပြောင်တင်းတင်း စွပ်စွဲ၍ မရသောကြောင့် အရည်အချင်းရှိသူများကို ရှာဖွေနေသည်ဟု ပြောဆိုခြင်းသည် ပို၍လက်ခံနိုင်ဖွယ်ရှိသော ရှင်းပြချက်တစ်ခုပင်။

လျှူထျန်ကျန်းသည် ကျန်းရွှမ်ထံ၌ မည်သည့်တုံ့ပြန်မှုရှိမျိုး ရှိလာမည်ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ထိတ်လန့်သွားမည့်အစား သူ၏မျက်နှာပေါ်တွင် နားမလည်သော အရိပ်အယောင်များသာ ထင်ဟပ်နေပေ၏။

"ကံကြမ္မာအစောင့်အရှောက်...အဲ့ဒါက ဘာကြီးလဲ"

ကျန်းရွှမ်က စူးစမ်းလိုသော အမူအယာဖြင့်မေးမြန်းလိုက်သည်။

"ကံကြမ္မာအစောင့်အရှောက်တွေက ကံကြမ္မာဆရာသခင်တွေရဲ့ ကာကွယ်သူတွေပါ.."

လျှူထျန်ကျန်းက တိတ်တဆိတ်စောင့်ကြည့်ရင်း တုံ့ပြန်အဖြေပေးသည်။

"ဆရာကျန်း အရင်က သူတို့ရဲ့အကြောင်းကို မကြားဖူးဘူးလား"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

သူ၏ရိုးသားသောမျက်နှာကို မြင်တွေ့ချိန်၌ ရှုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရွှမ်သည် ကံကြမ္မာအစောင့်အရှောက်ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကိုပင် မသိရှိပါက သူသည် ကောလာဟာလထွက်နေသော ဖရိုဖရဲ ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်နိုင်မည်မဟုတ်ချေ။ မြင်းကိစ္စမှလွဲ၍ ကျန်းရွှမ်အကြောင်း အရာအားလုံးသည် လုံးလုံးလျားလျား ပုံမှန်ဖြစ်နေပေ၏။ သူတို့ မှားယွင်းပြီး ခန့်မှန်းမိခဲ့သလော....

All Chapters