← Chapters

အခန်း (၇၄၆-၇၅၀)

Vol. 41 Ch. 746-750

အခန်း (၇၄၆-၇၅၀)

Vol. 41 Ch. 746-750

Chapter 746

ဝူရွှင်းယွင်က အံ့အားသင့်တုန်လှုပ်သွားဟန်ဖြင့် ပြောဆိုလိုက်၏။

"စီနီယာအကိုယန်က ကောင်းကင်ဘုံနယ်မြေမှာနေတဲ့ အစွမ်းထက်ထိပ်သီးကျင့်ကြံသူရဲ့ တပည့်ဖြစ်နေပြီပေါ့...သာမာန်ကျင့်ကြံတွေ ဒီလိုအခွင့်အရေးမျိုးမရမှာ ကျွန်မစိုးရိမ်မိတယ်"

ယန်ကျင်းက စိတ်ကြီးဝင်နေဟန်ဖြင့် ပြောဆိုလေသည်။

"တကယ်တော့...ခုဏက တိုက်ခိုက်မှုက ငါ လူမသတ်ချင်လို့ သည်းခံလိုက်တာ...ငါရဲ့ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့ရဘူး...မဟုတ်ရင် တကယ်လို့ ငါသာ အားကုန်သုံးလိုက်ရင်....အဲ့ဒီကျွန် သေသွားမှာ"

ဝူရွှင်းယွင်က ယန်ကျင်းအား အရိုအသေပြုလိုက်၏။

"စီနီယာအကိုယန်က တကယ်ကို ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံတစ်ယောက်ပဲ....တကယ်လို့ စီနီယာ ကောင်းကင်ဘုံနယ်မြေကို သွားတော့မယ်ဆိုရင်...ကျွန်မကို မေ့မသွားပါနဲ့နော်"

စုန့်ဟန်သည်လည်း ဝမ်းသာလုံးဆို့နေပေ၏။အကယ်၍ ယန်ကျင်းကိုသာ ကောင်းကင်ဘုံနယ်မြေမှထိပ်သီးကျင့်ကြံသူက တပည့်အဖြစ် အမှန်တကယ်လက်ခံထားပါက သူသည်လည်း အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

"ကံကောင်းချင်တော့....ငါက ဒီအခွင့်အရေးကို အစောကြီးကတည်းက ဆုပ်ကိုင်ထားဖို့ ဥာဏ်ကောင်းခဲ့လို့သာပဲ"

စုန့်ဟန်သည် တွေးတောနေရင်းမှ ပိုင်ဆုချင်တို့လူစုအား သရော်တော်တော်အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျောက်တုံးစင်မြင့်ပေါ်၌ လုဝူယာက ဝေါယာဥ်ပေါ်မှနေ၍ တခြားကျင့်ကြံသူများကို ငုံကြည့်လိုက်၏။

"ငါ ဒီတစ်ကြိမ် ဆယ်နေရာလုံးလိုချင်တယ်...ငါ မင်းတို့ကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်...မင်းတို့သဘောနဲ့မင်းတို့ ထွက်သွားဖို့ ရွေးချယ်နိုင်တယ်....တကယ်လို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်သွားပြီးတာတောင် စင်ပေါ်မှာ ဆက်ပြီးမတ်တတ်ရပ်နေတဲ့သူကတော့ လုမိသားစုကိုဆန့်ကျင်တာပဲ"

လုဝူယာ၏အသံ ထွက်ပေါ်လာသည်နှင့် လုမိသားစုမှငယ်သားတစ်ယောက်က မြေပြင်ပေါ်သို့ အမွှေးတိုင်တစ်ချောင်းစိုက်ထူပြီး မီးညှိလိုက်သည်။

အမွှေးတိုင်က လျှင်မြန်စွာ လောင်ကျွမ်းနေသည်။

မည်သူကမျှ လှုပ်ရှားမှုမပြုကြချေ။

ဤနေရာသို့ ရောက်ရှိလာသူတိုင်းသည် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရ၏။မည်သူကမျှ အခွင့်အရေးကောင်းကြီးကို လွယ်လင့်တကူ လက်လျော့မည်မဟုတ်ပေ။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးနောက်...

စင်မြင့်ပေါ်မှနေ၍ မည်သူမျှထွက်ခွါသွားခြင်းမရှိပေ။

လုဝူယာက မတ်တတ်ထရပ်ပြီး နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"မင်းတို့အားလုံးက သေချင်နေမှတော့...ငါ မင်းတို့ကိုကူညီပေးမယ်"

ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က ကျောက်တုံးစင်မြင့်တစ်ခုလုံးပေါ်သို့ သက်ရောက်လာသည်။

လုဝူယာကို ဗဟိုပြု၍ ​မြေပြင်က အတွင်းသို့ကျွံဝင်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။

"သူက တစ်ယောက်တည်းလေ...ငါတို့အားလုံးစုပေါင်းပြီး သူ့ကိုအတူတိုက်ခိုက်ကြရအောင်"

တစ်စုံတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားကို တောင့်မခံနိုင်တော့သဖြင့် ထိတ်လန့်တကြား အော်ဟစ်လေ၏။

ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူရာနှင့်ချီ၍ လုဝူယာ၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုကျင့်ကြံသူများသည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများဖြစ်ကြ၍ သူတို့၏ဓမ္မပုံရိပ်များ တစ်ခုပြီးတစ်ခုအား ထုတ်ဖော်ပြသလိုက်ကြသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျောက်တုံးစင်မြင့်တစ်ခုလုံး ဓမ္မပုံရိပ်များဖြင့် ပြည့်နှက်သွားပေ၏။

"သူ့ကို မကြောက်ကြနဲ့....ငါတို့က လူအင်အားများတယ်"

လေးပင်လယ်ဂိုဏ်းမီတပည့်တစ်ယောက်က အော်ဟစ်ပြောဆိုလိုက်သည်။

ထိုစကားသံထွက်ပေါ်လာချိန်တွင် ကျင့်ကြံသူများ၏ယုံကြည်ချက်များ မြင့်တက်လာသည်။

လုဝူယာ တစ်ယောက်တည်း ဟူသည်မှာ အမှန်ပင်။

သူတို့၌ လူအင်အားအများအပြားရှိလေရာ လုဝူယာအား မည်သည်ကြောင့် ကြောက်ရွံနေရမည်နည်း။

ရုတ်ချည်းဆိုသလိုပင် လူတချို့က လုဝူယာအား သတ်ဖြတ်ရန် ကြံရွယ်ထားပုံဖြင့် သူထံသို့ ပြေးဝင်လာကြ၏။

လုဝူယာက သရော်တော်တော်ပြုံးပြီး သူ၏နောက်ရှိ သူ့ကျွန်တစ်စုအား ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး...ဘယ်သူမှလှုပ်ရှားဖို့မလိုဘူး...ငါ တစ်ယောက်တည်းနဲ့ လုံလောက်တယ်"

"လုဝူယာ...မင်း လူတွေကို အရမ်းကြီးအထင်မသေးပါနဲ့...ငါတို့အားလုံးက မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ထင်နေတာလား...မင်း ကြည့်နေစမ်းပါ"

"အဲ့ဒီကောင် ဘာပြောလိုက်တာလဲ...ငါတို့ပူးပေါင်းပြီး သူ့ကိုသတ်ကြရအောင်"

ဝုန်း....ဝုန်း...

မြောက်များစွာသောလူငယ်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှ မှော်စွမ်းအားများ ပွင့်အံထွက်လာပြီး ချက်ချင်းပင် ဓမ္မပုံရိပ်များက လုဝူယာထံသို့ ဒီရေအလား တိုးဝင်သွားကြသည်။

သူတို့၏မှော်နည်းစနစ်များသည် ကျောက်တုံးစင်မြင်တစ်ခုလုံး ပြည့်နှက်နေပြီး လုဝူယာ နောက်ဆုတ်ရန်ပင် မြေမရှိချေ။

လုဝူယာသည် မျိုးဆက်တူလူငယ်များ၏ခေါင်းဆောင်ဖြစ်နေလျှင်ပင် ဤကဲ့သို့ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် အမှုန်အမွှားဖြစ်သွားနိုင်သည်။

လုဝူယာကမူ သရော်တော်တော်ပြုံးနေဆဲပင်။ရုတ်တရက် သူက ကျယ်လောင်စွာ အော်ငေါက်လိုက်ရာတွင် အော်ဟစ်ကြုံးဝါးသံက ကောင်းကင်ယံတိုင် ပဲ့တင်ထပ်နေသည်။

ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူ ကောင်းကင်ယံ၌ အနက်ရောင်တိမ်စိုင်တချို့ ရွေ့လျားလာသည်။တိမ်စိုင်များတလိပ်လိပ်ထလာခြင်းနှင့်အတူ မိိုးခြိမ်းသံသဲ့သဲ့ပင် ကြားနေရသည်။

လုဝူယာ၏မျက်ခုံးနှစ်ခုကြားမှ ဧရာမနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာပေ၏။

နတ်ဆိုးနတ်ဘုရားပုံရိပ်၏ခန္ဓာကိုယ်တစ်ခုလုံးသည် နက်မှောင်နေသော်လည်း သူ၏မျက်နှာက အလွန်ချောမောပြီး နွေးထွေးပုံရသည်။သူ၏ပုံပန်းသွင်ပြင်မှာ လူတစ်ယောက်နှင့်တူညီပြီး သူ့မျက်လုံးများတွင် ညှို့ဓာတ်များဖြင့် ပြည့်နှက်နေသည်။

"နတ်ဆိုးနတ်ဘုရားရဲ့ပျော်ရွှင်မှု...အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအား"

လူဝူယာသည် သူ၏နတ်ဆိုးနတ်ဘုရားပုံရိပ်နှင့် ရောယှက်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။ထိုလက်ဝါးချက်၏အရှိန်အဟုန်သည် ​မြေပြင်တစ်ခုလုံး တုန်ခါသွားစေပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဓမ္မပုံရိပ်များအားလုံး ရပ်တန့်သွားသည်။

ထို့နောက် ကျယ်လောင်သောအသံတစ်သံ ထပ်မံ၍မြည်ဟီးလာသည်။လုဝူယာကို ဝိုင်းရံထားသော ဓမ္မပုံရိပ်များအားလုံး ချက်ချင်းပင် လွင့်ပြယ်သွားတော့၏။

Chapter 747

"မင်းတို့ရဲ့ခွန်အားက ဒါအကုန်ပဲလား"

လုဝူယာက ကျယ်လောင်စွာအော်ငေါက်ပြီး ရှေ့သို့တိုးလိုက်၏။

ဤအချိန်တွင် သူသည် မည်သူမျှဖက်ပြိုင်အံ့တုနိုင်စွမ်းမရှိသော နတ်ဆိုးလောကရှိ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။

လုဝူယာအနီးသို့ ချဥ်းကပ်သွားသော ကျင့်ကြသူများသည် ဤရလဒ်အား မျှော်လင့်ထားပုံမရချေ။

ဘုန်း...ဘုန်း...

လုဝူယာ၏ကြီးမားသော ခြေထောက်ကြီးနှစ်ဖက်ကျရောက်သွားသည်နှင့် မြေပြင်သည် ကျွံဝင်သွားပြီး နက်ရှိုင်းသောခြေဖဝါးရာနှစ်ဖက် စွဲထင်ကျန်ရစ်ခဲ့၏။

လုဝူယာ၏တိုက်ခိုက်မှုအား အချိန်မီရှောင်ရှားနိုင်ခြင်းမရှိသော ကျင့်ကြံသူများသည် သူတို့၏ဓမ္မပုံရိပ်များနှင့်အတူ ဤနေရာ၌ မြှုပ်နှံခံရပြီး သေဆုံးသွားတော့သည်။

"မြောက်ပင်လယ်ရဲ့အမိန့်တော်...စည်းမျဥ်းတွေကို ကန့်သတ်မယ်"

လေးပင်လယ်ဂိုဏ်းမှကျင့်ကြံသူများသည် အံ့တင်းတင်းကြိတ်ပြီး လုဝူယာအား ဝိုင်းရံလိုက်ကြ၏။

ထိုကျင့်ကြံသူများသည် ဝင်္ကပါအခင်းအကျင်းအား လေ့လာထားပုံရသည်။သူတို့က အတူတကွချိတ်ဆက်ပြီး ပူးပေါင်းလိုက်ရာတွင် လေထုအတွင်း၌ ရေနွေးငွေ့စီးကြောင်းများ တလိမ့်လိမ့်တက်လာပြီး လုဝူယာအား ပိတ်လှောင်လိုက်၏။

"ဘာလို့ မှော်စွမ်းအင်တွေက အရမ်းအကုန်မြန်နေရတာလဲ"

လေးပင်လယ်ဂိုဏ်းမှဝင်္ကပါအား ဦးဆောင်နေသော ကျင့်ကြံသူ၏မျက်နှာမှာ ဖြူဖျော့နေသည်။

သူတို့ ပိတ်လှောင်ထားသော လုဝူယာကမူ ပန်းခင်းအတွင်း၌ လမ်းလျှောက်နေသကဲ့သို့ တည်ငြိမ်အေးဆေးနေပေ၏။

"အရည်အချင်း နည်းလိုက်ကြတာ"

လုဝူယာက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး ဝင်္ကပါအား ပုတ်လိုက်သည်။

ဝုန်း....

ကြည်လင်ပြတ်သားသောမြည်ဟီးသံနှင့်အတူ မူလက ကျစ်လျစ်သိပ်သည်းပြီးခိုင်မာပုံရသော ရေနွေးငွေ့အကျဥ်းထောင်ကြီး ပေါက်ကွဲသွားတော့သည်။

ဤှသည်က လုဝူယာ၏တိုက်ခိုက်မှု အဆုံးသတ်မဟုတ်သေးချေ။သူက ခြေတစ်လှမ်းရှေ့တိုးပြီး အချိန်မီရှောင်ရှားနိုင်ခြင်းမရှိသော ကျင့်ကြံသူတချို့ကိုဖမ်းဆွဲပြီး သူတို့၏ခေါင်းများအား သူ၏လက်ဝါးဖြင့် ရိုက်နှက်လိုက်၏။

ခွပ်....ခွပ်...

ထိုကျင့်ကြံသူများ၏ဦးခေါင်းများသည် ဖရဲသီးခွဲလိုက်သကဲ့သို့ ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ် ပြန့်ကျဲသွားသည်။

"လုဝူယာ...တကယ်လို့ မင်း ငါ့လူတွေကို ထပ်ပြီးထိဝံ့မယ်ဆိုရင်....ငါတို့လေးပင်လယ်ဂိုဏ်းက လက်စားချေမှာကို မင်းမကြောက်ဘူးလား"

လေးပင်လယ်ဂိုဏ်းအား ဦးဆောင်သော ကျင့်ကြံသူက စူးရှရှအော်ဟစ်လိုက်၏။

လုဝူယာက အရေးစိုက်ပုံမရဘဲ ထိုကျင့်ကြံသူရှေ့သို့ လျှောက်လှမ်းသွားပေသည်။

"တကယ်လို့ လေးပင်လယ်ဂိုဏ်းခေါင်းဆောင် ဒီနေရာကိုရောက်လာပြီး ခုလိုစကားမျိုးပြောရင် သိပ်မဆိုးဘူး...မင်း အဆင့်နဲ့ကတော့...ဒီလိုစကားမျိုးပြောနိုင်ဖို့ အဝေးကြီးလိုသေးတယ်"

လုဝူယာက ထိုကျင့်ကြံသူ၏ဝမ်းဗိုက်အား ခြေထောက်ဖြင့် ဖြတ်ကန်လိုက်၏။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ပြီး ကွေးကောက်နေသည်။သူက ကျောက်တုံးစင်မြင့်မှ လွင့်စင်သွားသဖြင့် ကမ္ဘာငယ်လေး၏ပြင်ပသို့ ရောက်ရှိသွားတော့သည်။

"အမှိုက်တစ်သိုက်ပဲ...ငါရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်မရှိကြဘူး...ကျန်တဲ့ကောင်တွေကို မင်းတို့ပဲ တာဝန်ယူလိုက်တော့"

လုဝူယာ၏မျက်နှာပေါ်၌ စိတ်ပျက်သွားသော အရိပ်အယောင်များ အထင်းသားထင်ဟပ်နေသည်။

မူလက လူငယ်ပါရမီရှင်ဆိုသူများသည် သူနှင့်လက်ရည်တူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု သူ တွေးထင်ထားခဲ့သည်။ကံဆိုးစွာဖြင့် သူ၏ခန့်မှန်းချက် မှားယွင်းသွားပေ၏။

ဤနေရာသို့ ရောက်ရှိလာသူများသည် အလယ်ပိုင်းကုန်းမြေမှ လက်ရွေးစင်လူငယ်ပါရမီရှင်များဖြစ်သည်။သူတို့က တခြားလူငယ်ကျင့်ကြံသူများအား ဖိနှိပ်ထားနိုင်ပေ၏။

သို့ရာတွင် ထိုလက်ရွေးစင်လူငယ်များသည် ဟန်သာရှိပြီး အဆံမရှိကြချေ။

"အမိန့်အတိုင်းပါ သခင်လေး"

လုမိသားစုမှငယ်သားများက အော်ဟစ်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် လုမိသားစုမှရောက်ရှိလာသူများသည် လုဝူယာ၏ကျွန်များဖြစ်သည်။

ကျင့်ကြံသူအုပ်စုသည် လုဝူယာ၏ကျွန်များက တိုက်ခိုက်ရန် ဟန်ပြင်နေသည်ကိုမြင်ချိန်တွင် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။

သို့ရာတွင် သူတို့အားလုံး ပူးပေါင်း၍ အတူတကွတိုက်ခိုက်ကြသော်လည်း လုဝူယာ၏ကျွန်များအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြောင်းကို သိရှိလိုက်ရသည်။

"အား...အား...ငါ့ရဲ့လက်မောင်း..."

"ငါ့ရဲ့နတ်ဘုရားစမ်းရေအိုင် ကွဲအက်သွားပြီ...မကောင်းတော့ဘူး...ငါ့ကျင့်ကြံဆင့်က အဝိုင်းသေးနယ်ပယ်ထိ လျောကျသွားတယ်"

"ငါ အရှုံးပေးပြီ...ငါ့ကိုအပြင်ပို့ပေးကြပါ"

ကျောက်တုံးစင်မြင့်ပေါ်မှ ထိတ်လန့်တကြားအော်သံများ အဆက်မပြတ်ထွက်ပေါ်နေပြီး လုဝူယာ၏ကျွန်များအား ကြောက်ရွံနေကြသည်။

ဤကျွန်တစ်စုသည် ထိပ်သီးအင်အားစုကြီးများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရ၏။

သူတို့အင်အားစုများ၏လူငယ်ပါရမီရှင်များသည် လုဝူယာ၏ကျေးကျွန်များမှ မောင်းထုတ်ခြင်းကို ခံလိုက်ရသလော။

ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

"ရပ်ကြစမ်း...ငါ့မှာ ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူရဲ့ အမိန့်တော်ရှိတယ်"

ထိုသူက သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။

အားလှိုင်းတစ်ရပ်က ချက်ချင်းပင် သူ့အား ရစ်သိုင်းသွားပြီး နတ်ဘုရားအလင်းတန်း၏နံဘေးသို့ ပို့ဆောင်ပေးလေ၏။

နံဘေးပတ်ဝန်းကျင်ရှိလူများသည် ထိုလူ့အား မနာလိုအားကျသောအကြည့်မျိုးဖြင့် ကြည့်နေကြသည်။

တချို့လူများသည် ကံကြမ္မာကောင်းများနှင့် ကြုံတွေ့ခဲ့ရပြီး ကောင်းကင်ဘုံနယ်မြေမှထိပ်သီးကျင့်ကြံသူများ၏ တပည့်အဖြစ်သတ်မှတ်ခြင်းခံရကာ အမိန့်တော်များ ရရှိထားကြသည်။

ဓမ္မအမိန့်တော်အား လက်ခံရရှိထားသူသည် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး၏ချီးမြှောက်ခြင်းအား အလိုအလျောက်ရရှိသွားပေ၏။အချိန်ကျသည်နှင့် ကောင်းကင်ဘုံအက်ကွဲသွားပြီး ထိုသူ၏ဆရာသခင်က ကျင့်စဥ်နည်းစနစ်ဖြစ်စေ ဆေးဝါးဖြစ်စေ ချီးမြှောက်ပေးသနားပေမည်။

Chapter 748

ယန်ကျင်းကလည်း စိတ်ကျေနပ်စွာ ပြုံးနေပေ၏။သူက သူ့အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူလိုက်ရာ ချက်ချင်းပင် အနက်ရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ယံတိုင် ထိုးတက်သွားသည်။

ထို့နောက် ပြင်ပလောကရှိခြိမ်းခြောက်မှုမှန်သမျှမှ ကာကွယ်ပေးနိုင်သော သဘာဝအတားအဆီးအလွှာတစ်လွှာတစ်ခုကဲ့သို့ အားလှိုင်းတစ်ရပ်က သူ့အားလွှမ်းခြုံသွားသည်။

"စီနီယာအကိုယန်...တကယ်လို့ စီနီယာက ကောင်းကင်ဘုံကဆရာသခင်ဆီကနေ လမ်းညွှန်မှုရမယ်ဆိုရင်....ကျွန်မတို့ကို မေ့မသွားပါနဲ့နော်"

ဝူရွှင်းယွင်က အသနားခံ ပြောဆိုလိုက်၏။

စုန့်ဟန်၏မျက်နှာထက်တွင် မျက်နှာချိုသွေးသောအပြုံးမျိုးရှိနေပြီး ယန်ကျင်းအား အဆက်မပြတ်မြှောက်ပင့်ပြောဆိုနေပေ၏။သူက ယန်ကျင်း၏နံဘေး၌ကပ်၍ လိုက်ပါလိုသည်။

လုဝူယာ၏ကျွန်များသည် စင်မြင့်ပေါ်ရှိ လူငယ်ကျင့်ကြံသူများအား မောင်းထုတ်လိုက်ခြင်းကို သူ မြင်တွေ့ထားပြီးဖြစ်သည်။

သူသာ လုဝူယာ၏ကျွန်များဖြင့် တိုက်ခိုက်ရပါက ပြိုင်ဘက်မဖြစ်နိုင်သည်မှာ သိသာထင်ရှားပေ၏။

ယန်ကျင်းသည် ကောင်းကင်ဘုံနယ်မြေမှ ထိပ်သီးကျင့်ကြံသူ၏တပည့်အဖြစ် လက်ခံခြင်းခံထားရသဖြင့် နောင်အချိန်နှစ်နှစ်ကြာပြီးနောက်တွင် ကောင်းကင်ဘုံနယ်မြေသို့ သွားရပေမည်။

အကယ်၍သာ သူ ယန်ကျင်းနှင့် ဆက်ဆံရေးကောင်းတည်ဆောင်ထားနိုင်ပါက နောင်လာမည့်နှစ်နှစ်အကြာတွင် သူ အကျိုးကျေးဇူးကြီးစွာရရှိနိုင်သည်။

ယန်ကျင်းက ရယ်ပြုံးရင်းမှ သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"ဘာမှစိုးရိမ်မနေနဲ့...ဒါက အသေးအဖွဲကိစ္စတွေပါ"

ကျောက်တုံးစင်မြင့်ပေါ်၌ ကောင်းကင်ဘုံနယ်မြေမှထိပ်သီးကျင့်ကြံသူများ၏အမိန့်တော်အား ရရှိထားသူများမှလွဲ၍ တခြားသူများကို လုဝူယာ၏ကျွန်များက တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်နေသည်။

လင်ရှောင်းဂိုဏ်းမှလူများကိုမူ ယခင်က လုဝူယာပြောထားခဲ့သော စကားများကြောင့် သူ၏ကျွန်များက လာရောက်တိုက်ခိုက်ခြင်းမရှိပေ။

လုယွီ၏မျက်လုံးအကြည့်က ရုတ်တရက် လူတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

ထိုသူသည် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏လက်အတွင်း၌ ကောင်းကင်ဘုံနယ်မြေမှအမိန့်တော်အားကိုင်ဆောင်ထားကာ သူ့မျက်နှာပေါ်၌ ယုံကြည်ချက်ရှိသောအပြုံးမျိုး ထင်ဟပ်နေသည်။

သူသည် လုယွီ ကျန်းမိသားစု၌ တွေ့ဆုံခဲ့ဖူးသော ကျန်းယွမ်ဖြစ်ပေ၏။သူ၏လက်အတွင်း၌ ကိုင်ဆောင်ထားသည်မှာ ကျန်းယုချင်၏ကောင်းကင်ဘုံအမိနိ့တော်ဖြစ်နေသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။သူက တာယွီကောင်းကင်ဘုံအင်ပါယာမှမီဖေးသည် ကျန်းယုချင်အား သူမ၏တပည့်အဖြစ် အသိအမှတ်ပြုထားခြင်းကို တွေ့မြင်ပြီးဖြစ်သည်။

သူနှင့်တာယွီအင်ပါယာသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်သော်လည်း ကျန်းယုချင်အတွက် တာယွီအင်ပါယာ၌သွားရောက်၍ကျင့်ကြံခြင်းက သူမအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သူ ဝန်ခံရပေမည်။

သို့ရာတွင် ကျောက်တုံးစင်မြင့်ထက်၌ သူ ကျန်းယုချင်၏အရိပ်အယောင်ကိုပင် မမြင်ရချေ။

လုယွီက မေးမြန်းရန် ကြံရွယ်လိုက်စဥ်မှာပင် ရုတ်တရက် ပတ်ဝန်းကျင်ရှိလေထုက တုန်ခါလာသည်။

လေဟာနယ်အတွင်း၌ အနက်ရောင်တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

လေဟာနယ်သည် ဆုတ်ဖြဲခြင်းခံလိုက်ရပြီး ၎င်းအတွင်းမှနေ၍ လက်မောင်းတစ်ဖက်က ဆန့်ထွက်လာပေ၏။

ထိုလက်မှနေ၍ ရှည်လျားသောကော်ဇောကြီးထွက်လာကာ ကျောက်တုံးစင်မြင့်ပေါ်သို့ ဖြန့်ခင်းလိုက်ပြီး တွင်းနက်ကြီးမှနေ၍ လူအမြောက်အများ ထွက်လာသည်။

ထိုလူစုအား ဦးဆောင်လာသူသည် အနက်ရောင်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသည်။ဝတ်စုံပေါ်၍ ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲသော ထူးဆန်းသည့်စာသားများကို ပန်းထိုးထားသည်။သူ၏ လက်ဝဲလက်ယာဘက်၌ ယပ်တောင်များကိုကိုင်ဆောင်ထားသော လူအမြောက်အများ မတ်တတ်ရပ်နေပေ၏။

လူစု၏နောက်တွင် 'ယင်လော့'ဟု ရေးထိုးထားသော အလံများကို ကိုင်ဆောင်ထားသော လူတစ်စုရှိနေသည်။

ယင်လော့ဂိုဏ်း ရောက်ရှိလာလေပြီ။

အလယ်ပိုင်းကုန်းမြေ၏ နံပါတ်တစ်ထိပ်သီးအင်အားစုသည် လင်ရှောင်းဂိုဏ်းဟုဆိုကြသော်လည်း ယင်လော့ဂိုဏ်းအား မမှီချေ။

မည်မျှထိအဆင့်မြင့်မားသော ကျင့်ကြံသူဖြစ်ပါစေ ယင်လော့ဂိုဏ်းဟူသော အသံကိုကြားလိုက်သည်နှင့် သူတို့၏ကျောရိုးများအတွင်းထိ ချမ်းစိမ့်လာမှုကို ခံစားမိကြသည်။

အကြောင်းအရင်းမှာ ယင်လော့ဂိုဏ်းသည် မြေအောက်လောကငရဲ၏အုပ်ချုပ်သူ ဖြစ်နေခြင်းကြောင့်ပင်။

အနက်ရောင်ပိုးထည်ဝတ်စုံအား ဝတ်ဆင်ထားသူသည် ယင်လော့သခင်လေးဖြစ်သည်။

သူ တွင်းနက်ကြီးအတွင်းမှ ထွက်လာသည်နှင့် နံဘေးပတ်ဝန်းကျင်ရှိ ဆူညံသံများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လုဝူယာက လှောင်ပြောင်သရော်လိုက်၏။

"ယင်လော့သခင်လေးက ကောင်းကင်နန်းတော်ပြိုင်ပွဲရဲ့ဒုတိယအဆင့်မှာတင် လက်လျှော့လိုက်တာလားလို့ ငါ တွေးနေတာ...ကောင်းကင်နန်းတော်ပြိုင်ပွဲရဲ့စည်းမျဥ်းတွေပြောင်းလဲပြီး မင်းအတွက် အနောက်တံခါးဖွင့်ပေးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ငါ ဘယ်လိုပဲလာလာ မင်းအတွက် ပြဿနာရှိလို့လား"

ယင်လော့သခင်လေးက ခပ်ယဲ့ယဲ့ပြုံးပြီး သူ၏နောက်ဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ချက်ချင်းပင် ယင်လော့သခင်လေး၏လက်မောင်းအား ဆုပ်ကိုင်လိုက်လေ၏။

သူမက လုရွှမ်အာ ဖြစ်ပေသည်။

"လုမိသားစုက မိန်းကလေးလား"

လုဝူယာသည် လုရွှမ်အာ၏ဝတ်စုံပေါ်ရှိ 'လု'ဟူသောစာလုံးကိုမြင်သည်နှင့် ချက်ချင်းပင် သူ၏မျက်ခုံးများ တွန့်ကွေးသွားသည်။

သို့သော် အချိန်တခဏကြာပြီးနောက်တွင် လုဝူယာက သရော်တော်တော်ပြောဆိုလိုက်၏။

"ဘာလဲ...မင်းက မိန်းကလေးတစ်ယောက်နဲ့ကစားနေလို့ နောက်ကျနေတာလား"

Chapter 749

ယင်လော့သခင်လေးက သူ၏လက်ဖြင့် လုရွှမ်အာ၏တင်သားများကို ကြမ်းကြမ်းတမ်းတမ်း ဖျစ်ညှစ်ကာ ကာမရမ္မက်နိုးဆွနေပုံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့လုမိသားစုရဲ့မိန်းကလေးက တကယ်မဆိုးဘူး"

လုရွှမ်အာသည် နာကျင်သွားသော်လည်း သူမက မျက်မှောင်အနည်းငယ်တွန့်ကွေးသွားရုံမှအပ စောဒကမတက်ဝံ့ချေ။

လုဝူယာ၏မျက်နှာ သုန်မှုန်နေသည်။သူသည် ယင်လော့သခင်လေးထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသော်လည်း ဤကဲ့သို့ဆိုးဆိုးရွားရွား အနေအထားမျိုးအား မျှော်လင့်မထားမိပေ။

ဤအချိန်တခဏတွင် ကျောက်တုံးစင်မြင့်ပေါ်၌ ကောင်းကင်ဘုံနယ်မြေမှအမိန့်တော် လက်ခံရရှိထားသူများမှအပ တခြားသူအားလုံးနီးပါး လုဝူယာ၏ကျွန်များမှ မောင်းထုတ်ပြီးလေပြီ။

ကျောက်တုံးစင်မြင့်ပေါ်၌ ကျန်ရှိနေသူများသည် အရည်အချင်းတချို့ရှိနေခြင်းမှာ သိသာထင်ရှားသည်။လေလွင့်ကျင့်ကြံသူများကမူ နောက်ခံအင်အားလည်းမရှိကြသဖြင့် စောစီးစွာပင် ဖယ်ထုတ်ခြင်း ခံထားကြရသည်။

ထိုအချိန်မှာပင် ကျွန်တစ်ယောက်က လုဝူယာ၏နားအနီးသို့ကပ်ပြီး တီးတိုးပြောဆိုလိုက်သည်။

လုဝူယာ၏မျက်နှာပေါ်၌ ခနဲ့တဲ့တဲ့အပြုံးမျိုး ထွက်ပေါ်လာပေ၏။

"ဒါဆို သူက ပင်မလုအိမ်တော်ကလာတဲ့ ခွေးမတစ်ကောင်ပေါ့...ကြည့်ရတာတော့ သူက မင်းကိုမှီပြီး အမြင့်တက်ချင်နေပုံပဲ...မဆိုးပါဘူး...သူ့မှာ မင်းကုတင်ပေါ်တက်နိုင်တဲ့ အရည်အချင်းတော့ရှိသားပဲ"

ထို့နောက် လုဝူယာက လုရွှမ်အာကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။

"ငါက ဒီမိန်းမရဲ့အဆင့်အတန်းကို တတိယတန်းစားအစေခံအထိ လျော့ချတယ်...မင်းက ငါတို့လုမိသားစုရဲ့ခွေးမတစ်ကောင်အဆင့်ထက် မပိုဘူး...လုအိမ်တော်မှာ စားသောက်သွားတဲ့အတွက် ငါ့ကို မင်း ကျေးဇူးတင်သင့်တယ်"

တတိယတန်းစားအစေခံသည် လုမိသားစုတွင် အဆင့်အနိမ့်ဆုံးကျေးကျွန်ဖြစ်ပေ၏။

လုဝူယာ၏နံဘေးမှကျွန်များပင်လျှင် တတိယတန်းစားအစေခံများ၏ သေခြင်းရှင်ခြင်းအား ဆုံးဖြတ်နိုင်သည်။

လုရွှမ်အာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အံ့တင်းတင်းကြိတ်ထားသော်လည်း သူမက ငြင်းပယ်စကား မဆိုဝံ့ချေ။

သူမသည် ယင်လော့သခင်လေးအား လက်ဆက်ရသည်မှာ လင်ရှောင်းလုမိသားစုခွဲမှ အကြီးအကဲတချို့၏ဆုံးဖြတ်ချက်ဖြစ်သည်။

သို့ရာတွင် လုဝူယာအတွက်မူ သူ့အား ယင်လော့သခင်လေးမှ အရှက်ခွဲစရာကိစ္စဖြစ်သွားပေ၏။

"ဟား ဟား ဟား...ငါကြားထားတာတော့ လုဝူယာမှာ မိန်းကလေးတွေအများကြီး ရှိတယ်ဆိုပဲ...တကယ်တမ်းတော့ မင်းက သူတို့ကို ချစ်မြတ်နိုးပုံမဘူး...ငါက မင်းနဲ့ မတူဘူး...ငါက မိန်းကလေးတွေကို အရမ်းချစ်တက်တယ်"

ယင်လော့သခင်လေးက လုရွှမ်အာ၏အနီးသို့ကပ်ပြီး နူးညံညင်သာစွာပြောဆိုလေသည်။

"ဒီနေရာမှာပဲနေခဲ့...လုမိသားစုကကောင်ကို ငါ ဘယ်လိုအနိုင်ယူမလဲဆိုတာ မင်း စောင့်ကြည့်နေ"

"ကောင်းပြီလေ"

လုရွှမ်အာက ခေါင်းငုံ၍ ပြောဆိုလိုက်ပြီး သာမက လုဝူယာအား ထပ်မံ၍မကြည့်ဝံ့တော့ချေ။

သူမသည် လင်ရှောင်းလုမိသားစုခွဲမှ လာခဲ့သော်လည်း လုမိသားစု၏ကောင်းကင်ဘုံချီးမြှောက်ခံ လုဝူယာအား မမြင်တွေ့ဖူးပေ။

ယင်လော့သခင်လေးဖြစ်စေ လုဝူယာဖြစ်စေ ထိုသူနှစ်ယောက်စလုံးသည် ဤလူငယ်မျိုးဆက်၏အထူးချွန်ဆုံး ပါရမီရှင်များဖြစ်သည်။

"ဒီလိုလူငယ်ပါရမီရှင်မျိုးနဲ့ လက်ထပ်တာက...ငါ တကယ်လုပ်သင့်တဲ့ကိစ္စပဲ"

လုရွှမ်အာ၏စိတ်အတွင်း၌ နောင်တဟူ၍ တစိုးတစိမျှပင်မရချေ။

သူမ ပင်မလုအိမ်တော်သို့ ပြန်သွားပင် မည်သို့မျှထူးခြားမလာနိုင်ပေ။ပျက်စီးပြိုလဲပြီး ပြန့်ကျဲနေသော အိမ်တော်သည့် မည်သည့်နည်းဖြင့် ကျော်ကြားသောလုမိသားစုအိမ်တော် ထပ်မံဖြစ်လာနိုင်မည်နည်း။

ကမ္ဘာငယ်လေး၏ပြင်ပ၌ လူတိုင်းသည် ထိပ်သီးလူငယ်မျိုးဆက်သစ်နှစ်ယောက်၏တိုက်ပွဲအား အာရုံစိုက်နေကြ၏။

လျှို့ဝှက်နဂါးစာရင်း၏ဒုတိယနေရာမှ လုဝူယာ...

လျှို့ဝှက်နဂါးစာရင်း၏တတိယနေရာမှ ယင်လော့သခင်လေး...

မည်သူက ပို၍သန်မာသနည်းကို လူအများက သူတို့၏စိတ်အတွင်းမှနေ၍ မှန်းဆနေကြသည်။ယခုလက်ရှိအချိန်သည် အဖြေထွက်ပေါ်လာတော့မည့်အချိန်ဖြစ်ပေ၏။

"ကံဆိုးချင်တော့ အဲ့ဒီထိပ်သီးလူငယ်ပါရမီရှင်နှစ်ယောက်လုံးက ငါတို့လင်ရှောင်းဂိုဏ်းက မဟုတ်တာပဲ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

လင်ရှောင်းဂိုဏ်းသည် အမှန်တကယ်ပင် အားကောင်းသော်လည်း လူငယ်ပါရမီရှင်များ မွေးထုတ်ပေးသောနေရာတွင် ညံဖျင်းပေ၏။

"လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာက မြေအောက်လောကဆိုတဲ့သူကို ငါ အမှတ်ရနေတယ်...သူ ဘာလို့ ဒီပြိုင်ပွဲကိုဝင်ပြီး မယှဥ်ပြိုင်တာပါလိမ့်"

အကြီးအကဲရှင်းက တီးတိုးရေရွတ်လိုက်သည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ကျောက်တုံးစင်မြင့်ပေါ်မှ လူငယ်များအားကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းနေပေသည်။

"လုဝူယာနဲ့ယင်လော့သခင်လေးကို ဖိနှိပ်ထားနိုင်တဲ့ လူငယ်ပါရမီရှင်က သာမာန်လူစားမျိုးတော့ မဖြစ်နိုင်ဘူး...ငါထင်တာတော့ အဲ့ဒီပါရမီရှင်က တနေရာရာမှာ သူ့ရဲ့ခွန်အားတိုးမြှင့်အောင် ကျင့်ကြံနေတာပဲဖြစ်မယ်"

လျှို့ဝှက်နဂါးစာရင်းသည် ကျင့်ကြံသူတစ်ယောက်၏လက်ရှိကျင့်ကြံဆင့်ကို မူတည်၍သတ်မှတ်ထားခြင်းမဟုတ်ဘဲ ထိုသူ၏အလားအလာအရ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ဤသည်က ကောင်းကင်ဘုံနယ်မြေမှပြုလုပ်သော ဆုံးဖြတ်ချက်ပင်။

ထို့ကြောင့် ပိုင်ဆုချင်၏ကျင့်ကြံဆင့်သည် ယင်လော့သခင်လေးနှင့်လုဝူယာတို့နှင့် တန်းတူခန့်ရှိသည်မှာ သိသာထင်ရှားသော်လည်း သူမက လျှို့ဝှက်နဂါးစာရင်း၌မပါဝင်ခြင်း ဖြစ်ပေ၏။

အကြောင်းအရင်းမှာ နတ်ဆိုးချိတ်ပိတ်သူသည် ပိုင်ဆုချင်၏ခန္ဓာကိုယ်အတွင်း၌ အားကောင်းသောမှော်စွမ်းအားများကို ချိတ်ပိတ်ထားခဲ့သည်။သူမ၏ကျင့်ကြံမှုမြန်ဆန်နေခြင်းသည် ထိုစွမ်းအားများအပေါ် အမှီသဟဲပြု၍ တိုးတက်လာခြင်းပင်။

"စကားနောက်မှ ပြောကြတာပေါ့...သူတို့ တိုက်ခိုက်ကြတော့မယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ရုတ်တရက် ပြောဆိုလိုက်၏။

Chapter 750

ကျောက်တုံးစင်မြင့်ပေါ်၌ ယင်လော့သခင်လေးနှင့် လုဝူယာတို့ တိုက်ခိုက်နေကြ၏။

သူတို့နှစ်ယောက်သည် မျိုးဆက်တူလူငယ်ပါရမီရှင်များဖြစ်၍ တစ်ဖက်သား၏အစွမ်းအစကို သိရှိထားပြီးဖြစ်သည်။ထို့ကြောင့်သူတို့က တစ်ယောက်နှင့်တစ်ယောက် လျှော့မတွက်ကြချေ။

ယင်လော့သခင်လေးက တိုက်ခိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ထူထပ်သောအနက်ရောင်မြူခိုးများက လွှမ်းခြုံသွားသည်။သူက လက်ချောင်းတစ်ချောင်း​ထောင်ပြီး လုဝူယာရှိနေသောနေရာသို့ ချိန်ရွယ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ယင်လော့ဂိုဏ်းသခင်လေး၏လက်ချောင်းထိပ်မှ အနက်ရောင်မြူခိုးတန်းကြီး ထွက်ပေါ်လာသည်။ခပ်အုပ်အုပ်အသံနှင့်အတူ အနက်ရောင်မြူခိုးတန်းက လုဝူယာ၏သိပ်သည်းသော အကာအကွယ်မှော်စွမ်းအင်လွှာအား ထွင်းဖောက်သွားသည်။

"မင်းရဲ့ခွန်အားက ဒီလေါက်ပဲရှိတာလား"

ယင်လော့သခင်လေးက လှောင်ပြောင်သရော်နေပေ၏။သူက စတင်တိုက်ခိုက်သည်နှင့် ယင်လော့ဂိုဏ်း၏ဝှက်ဖဲအား အသုံးပြုလိုက်ခြင်းပင်။

ထိုလက်ချောင်းနည်းစနစ်သည် တစ်ဖက်လူ၏ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေမည်မဟုတ်ဘဲ စိတ်ဝိညာဥ်အားသာ ရည်ရွယ်ပေသည်။တိုက်ခိုက်မှုကြာမြင့်သည်နှင့် ထိုလူ၏စိတ်ဝိညာဥ်အားနည်းလာပြီး တဖြည်းဖြည်းပျောက်ဆုံးသွားရပေမည်။

အပေါ်ယံ၌ ထိုလူသည် နဂိုအတိုင်းရှိနေမည်ဖြစ်သော်လည်း စိတ်ဝိညာဥ်ပျောက်ဆုံးသွားချိန်တွင် ရုပ်သေးရုပ်တစ်ရုပ်နှင့်သာ တူညီပေတော့မည်။

လုဝူယာက အေးစက်စက်နှာမှုတ်လိုက်၏။သူ၏အသိစိတ်ပင်လယ်အတွင်း၌ ပျော်ရွှင်ခြင်းနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးကို တိတ်တဆိတ်ပုံဖော်နေခဲ့သည်။

ယင်လော့သခင်လေး၏လက်ချောင်းမှ အနက်ရောင်မြူခိုးတန်းသည် ပျော်ရွှင်ခြင်းနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးအား ထိလုဆဲဆဲတွင် အတားအဆီးတစ်ခုတွေ့သွားပုံဖြင့် အနည်းငယ်မျှပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။

ထို့နောက် လုဝူယာက သူ၏အင်္ကျလက်များကို ခါယမ်းလိုက်ရာ ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး လူနှစ်ယောက်လုံး အနည်းငယ်တုန်ခါသွားသည်။

ဘုန်း....

သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း နောက်သို့ခြေလှမ်းအနည်းငယ်ဆီ ဆုတ်လိုက်ရ၏။သူတို့က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြသည်။

"ထပ်လာခဲ့စမ်း"

ယင်လော့သခင်လေးက ရယ်မောပြီး လုဝူယာနှင့်တိုက်ခိုက်ရန် မီတာပေါင်းများစွာမြင့်မားသော အရိုးစုကြီးတစ်ခုကို ဆင့်ခေါ်လိုက်၏။

သူတို့နှစ်ယောက်ကြားမှတိုက်ပွဲသည် ကျောက်တုံးစင်မြင့်ကြီးတစ်ခုလုံးအား အပြင်းအထန် တုန်ခါနေစေသည်။

ပတ်ဝန်းကျင်၌လည်း တိုက်ခိုက်မှုအရှိန်ကြောင့် လေပြင်းများက ဝေ့ဝိုက်၍တိုက်ခတ်နေသည်။အချိန်မီရှောင်လွှဲနိုင်ခြင်းမရှိသော လူငယ်တချို့သည် လေပြင်းများ၏သက်ရောက်မှုအား ခံလိုက်ရသည်။ထိုလူငယ်များသည် အော်ဟစ်ချိန်ပင်မရဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားရ၏။

ထိုလူနှစ်ယောက်တိုက်ခိုက်နေစဥ်တွင် သူတို့၏ငယ်သားများကလည်း အလဟဿမနေချေ။နှစ်ဘက်လုံးမှငယ်သားများက တခြားသူများအားတိုက်ခိုက်နေကြ၏။

ယင်လော့ဂိုဏ်း၏နောက်လိုက်များသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်သည်။အကယ်၍ သူတို့အား ခုခံဝံ့သောသူအား တွေ့ရှိပါက ထိုသူ၏ခန္ဓာကိုယ်အား ဖျက်ဆီးပစ်သည့်အပြင် စိတ်ဝိညာဥ်များကိုပင် ဖယ်ရှားပစ်လေသည်။

ထိုယင်လော့ဂိုဏ်းသားများသည် ရှည်လျားသောမီးအိမ်ကြီးများကို ကိုင်ဆောင်ထားကြ၏။စိတ်ဝိညာဥ်တစ်ခုအား ဆွဲထုတ်ပြီးသည်နှင့် သူတို့၏နှုတ်မှနေ၍ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဤနေရာပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ဝိညာဥ်များအားလုံးသည် မီးအိမ်ရှည်ကြီးအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။

သေဆုံးသွားသောကျင့်ကြံသူများ၏ဝိညာဥ်များသည် ယင်လော့ဂိုဏ်း၏ဖမ်းဆီးခြင်း ခံကြရသည်။ထိုသူတို့သည် ပြန်လည်ဝင်စားနိုင်ရန်အတွက် သံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်တော့ချေ။

နံဘေးမှစောင့်ကြည့်နေကြသူတချို့သည် သူတို့၏ဆံပင်များပင် ထောင်ထလာကြ၏။

"ငါ အရှုံးပေးတယ်"

"ငါ့ကိုအပြင်ထုတ်ပေးပါ...ငါ အရှုံးပေးပြီ"

အချိန်တခဏအတွင်းမှာပင် စင်မြင့်ပေါ်ရှိလူအမြောက်အများသည် ကောင်းကင်နန်းတော်ပြိုင်ပွဲမှသူတို့၏အခွင့်အရေးများကို စွန့်ပစ်ပြီး အဝေးသို့ထွက်ပြေးကြတော့သည်။

ယင်လော့ဂိုဏ်းမှလူများ တိုက်ခိုက်နေစဥ်တွင် ဝူရွှင်းယွင်နှင့်စုန့်ဟန်တို့နှစ်ယောက် ထိတ်လန့်ကြောက်ရွံနေကြ၏။

သူတို့သည် မူလက ယန်ကျင်းအား အမှီပြုရန်ကြံရွယ်ထားကြသည်။သို့ရာတွင် ယန်ကျင်းက နတ်ဘုရားအလင်းတန်းအနီးသို့ရောက်ရှိသွားသည်နှင့် သူတို့အား လှည့်ကြည့်ခြင်းမရှိတော့သည်ကို တွေ့မြင်လိုက်ရ၏။

စုန့်ဟန်က အံ့တင်းတင်းကြိတ်ပြီး ကြိုးကြာဖြူတောင်မှတပည့်မအုပ်စု၏နောက်သို့ ပြေးဝင်လိုက်သည်။

ဝူရွှင်းယွင်ကမူ ပို၍ပင်ရှက်ရွံနေသည်။သူမအား ကြိုးကြာဖြူတောင်မှမောင်းထုတ်ခြင်း ခံထားရသည်။သို့သော် ယခုလက်ရှိချိန်တွင် သူမက ကြိုးကြာဖြူတောင်အား အကာအကွယ်အဖြစ် မှီခိုနေရသဖြင့် အလွန်ပင်ရှက်ရွံဖွယ်ကောင်းလှ၏။

"ငါ ဒီပြိုင်ပွဲအတွင်းမှာ ရှင်သန်နိုင်တာနဲ့...ကြိုးကြာဖြူတောင်နဲ့ပတ်သတ်စရာ အကြောင်းမရှိတော့ဘူး...အချိန်ကျလာရင် ငါက စီနီယာအကိုယန်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရမယ်...အဲ့ဒီအချိန်ကျမှ ငိုယိုပြီး ငါ့ကိုလာမတောင်းပန်ကြနဲ့"

ဝူရွှင်းယွင်၏စိတ်နှလုံးသားအတွင်း၌ မုန်းတီးမှုရန်ငြှိုးများ ပြည့်နှက်နေသည်။

ယင်လော့ဂိုဏ်းသားများသည် လူများအား လင်ရှောင်းဂိုဏ်းမှဟုတ်မဟုတ်ကို စိတ်မဝင်စားကြပေ။သူတို့က လူအုပ်စုတစ်စုကျန်နေသည်ကို မြင်တွေ့ချိန်တွင် တရကြမ်းတိုးဝင်လိုက်ကြ၏။

"ထွက်သွားကြစမ်း"

ပိုင်ဆုချင်က သူမ၏လက်အတွင်းရှိ မြင်းမြှီးကျာပွတ်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်မှော်စွမ်းအားများ ပျံ့လွင့်သွားသည်။သူမတို့လူစုထံသို့ပြေးဝင်လာသော ယင်လော့ဂိုဏ်းသားများအားလုံး နောက်သို့လွင့်ထွက်သွားကြ၏။

All Chapters