← Chapters

အခန်း (၇၆၁-၇၆၅)

Vol. 41 Ch. 761-765

အခန်း (၇၆၁-၇၆၅)

Vol. 41 Ch. 761-765

Chapter 761

လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။

လုယွီ၏မျက်ခုံးနှစ်ခုကြားမှနေ၍ အလွန်ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာသည်။

"သူ...သူက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူလား"

ဝူရွှင်းယွင်က အံ့အားသင့်စွာဖြင့် လုယွီအား စိုက်ကြည့်နေမိ၏။

ဓမ္မရုပ်ထုနယ်ပယ်နှင့်ဥာဏ်အလင်းပွင့်နယ်ပယ်၏ အကြီးမားဆုံးကွာခြားချက်မှာ ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူသည် ဓမ္မပုံရိပ်အား သူ၏မျက်ခုံးကြားမှ ဆင့်ခေါ်နိုင်ခြင်းပင်။ထိုကျင့်ကြံသူရေရွတ်သော မှော်မန္တန်များသည်လည်း ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူထက် ပို၍အားကောင်းပေ၏။

လုယွီက မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ရှေ့ လေထုအတွင်း၌ မျောလွင့်နေပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဖြင့်ပင် တူညီနေသည်။

"လာခဲ့စမ်း"

လုဝူယာက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူက ပျော်ရွှင်ကြီးနတ်ဆိုးနတ်ဘုရားပုံရိပ်အား ထပ်မံဆင့်ခေါ်၍ လုယွီထံ ဦးတည်ပြေးဝင်လိုက်သည်။

လေထုအတွင်း၌ ကြီးမားသောဓမ္မပုံရိပ်နှစ်ခု ဖီလာဆန့်ကျင် ရိုက်ခတ်မိရာတွင် ကျယ်လောင်သောအသံကြီး မြည်ဟီးသွားသည်။

နားအူလုမတက်အသံကြီးက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လေပြင်းမုန်တိုင်းတစ်ခုက ကျောက်တုံးစင်မြင့်အား ဗဟိုပြု၍ တိုက်ခတ်လာသည်။

ကျောက်တုံးစင်မြင့်ပေါ်ရှိလူများသည် လေတိုက်ခတ်မှုကြောင့် လွင့်ပါမသွားစေရန် သူတို့၏မှော်စွမ်းအားများကို အသုံးပြု၍ ကာကွယ်လိုက်ရ၏။

ဝုန်း....

လုဝူယာက ရုတ်တရက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မှော်ဝတ်စုံသည်လည်း စုတ်ပြတ်သတ်နေပြီး မူလက သူ၏ညှို့ဓာတ်အပြည့်ရှိသော ပုံပန်းသွင်ပြင်လည်း ပျောက်ဆုံးသွားပေ၏။

လုဝူယာ အမှန်တကယ်ကိုပင် ရှုံးနိမ့်သွားသလော။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။အစောပိုင်းက တစ်ချိန်လုံးလှောင်ပြောင်သရော်နေသော ဝူရွှင်းယွင်ပင်လျှင် အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ငူငူငိုင်ငိုင်ဖြစ်နေပေ၏။

ယခင်က ယင်လော့သခင်လေးသည် လုယွီအား ရှုံးနိမ့်ရခြင်းမှာ ဒဏ်ရါရထားခြင်းကြောင့်ဟုဆိုလျှင် ယခု လုဝူယာရှုံးနိမ့်သွားခြင်းမှာ အမှားအယွင်းတစ်ခုဖြစ်နိုင်သလော။

လုဝူယာအား အစောပိုင်းက တိုက်ခိုက်နေသည့် ပိုင်ဆုချင်ပင်လျှင် အနိုင်မယူနိုင်ပေ။

မည်သည်ကြောင့် သူက လုယွီ၏တိုက်ခိုက်မှုသုံးခုကိုပင် ခံယူနိုင်ခြင်းမရှိသနည်း။

ဝူရွှင်းယွင်က တီးတိုးရေရွတ်နေပေ၏။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလေ....သူက သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူမဟုတ်ဘူးလား...သူက အစကတည်းက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာများလား"

ထိုအချိန်မှာပင် ပတ်ဝန်းကျင်၌ တအံတသြ ပြောဆိုနေသံများ ထွက်ပေါ်လာသည်။

ထိပ်သီးအင်အားစုများမှ သတင်းစုံစမ်းရန်လွှက်လိုက်သော ငယ်သားများ ပြန်လည်ရောက်ရှိလာကြလေပြီ။

လုယွီသည် လျှို့ဝှက်နဂါးစာရင်း၏ပထမနေရာ၌ရှိသော မြေအောက်လောက ဖြစ်ကြောင်းကို သူတို့က စုံစမ်းတွေ့ရှိခဲ့သည်။

ယင်လော့သခင်လေးနှင့်လုဝူယာအား ဖိအားပေးတိုက်ခိုက်နိုင်သူမှာ လျှို့ဝှက်နဂါးစာရင်း၏ပထမနေရာမှလူသာ ဖြစ်နိုင်သည်မဟုတ်လော။

"သူက..."

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်ရာ သူ၏လက်အတွင်းမှ လဖက်ရည်ခွက်ပင် ကျကွဲသွားသည်။

ဤနှစ်များအတွင်း လင်ရှောင်းဂိုဏ်းသည် လူငယ်မျိုးဆက်သစ်များကြား၌ ကွာဟချက်ကြီးမားလာပြီး ထူးချွန်သူများအား မွေးထုတ်မပေးနိုင်ချေ။

ရေခဲလှိုဏ်ဂူအတွင်း၌ မမျှော်လင့်ဘဲ သူတို့ ကူညီလိုက်မိသောလူငယ်က လျှို့ဝှက်နဂါးစာရင်း၏ပထမဖြစ်နေသလော။

အကြီးအကဲရှင်း၏မျက်လုံးများက အံ့အားသင့်တုန်လှုပ်မှုဖြင့် တောက်ပနေသည်။

"ဒီကောင်လေးက ဝင်္ကပါပညာမှာထူးချွန်ရုံသာမက ခွန်အားလည်းမဆိုးဘူးလို့ ငါ ထင်မထားမိဘူး...ဟူး...ငါ့ကို ဆရာအဖြစ် အရိုအသေမပြုချင်တာ အံ့အားသင့်စရာမရှိတော့ဘူး...ငါ့မှာ သူကိုသင်ကြားပေးစရာ တကယ့်ကို ဘာမှမရှိဘူး"

ကျောက်တုံးစင်မြင့်ပေါ်၌ လုဝူယာက မြေပြင်ပေါ်သို့ စိုးရိမ်ဖွယ်အနေအထားဖြင့် ဆင်းသက်လာသည်။

သူက အော်ဟစ်ကြုံးဝါးလိုက်၏။

"ဒါက မင်းရဲ့ခွန်အား မဖြစ်နိုင်ဘူး...မင်းက ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို အသုံးပြုနေတာပဲဖြစ်မယ်"

ယင်လော့သခင်လေးကလည်း မတ်တတ်ထရပ်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။

"ကောင်းကင်ဘုံနယ်မြေကအင်အားကို ဌားယူအသုံးပြုတဲ့သူတွေအားလုံး မိုးကောင်းကင်တာအိုရဲ့သတ်ဖြတ်ခြင်းကို ခံရတယ်...မင်းရဲ့ကံကြမ္မာက မဆိုးပါဘူး...မင်းကို ဒီလိုစွမ်းအားမျိုး ဌားရမ်းပေးမယ့် အစွမ်းထက်ပုဂ္ဂိုလ်ရှိနေပြီးတော့ မိုးကောင်းကင်တာအိုကိုတောင် မျက်ကွယ်ပြုရဲတယ်...အခုလက်ရှိချိန်မှာ မင်း မောက်မာထားဦးပေါ့"

ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်သည် မှော်နည်းစနစ်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ခွန်အားကို ငှါးယူအသုံးပြုခြင်းမျိုးဖြစ်သည်။

လုဝူယာနှင့်ယင်လော့သခင်လေးတို့သည် လူငယ်မျိုးဆက်သစ်များကြား၌ ပြိုင်ဘက်ကင်းပါရမီရှင်ဟု ကျော်ကြားသူများဖြစ်၍ သူတို့၏အရှုံးကို ဝန်ခံလိုစိတ်မရှိကြချေ။

လုယွီက ကောင်းကင်ဘုံမိုးကြိုးအား ဆင့်ခေါ်လိုက်စဥ်တွင် သူတို့၏အတွေးများ ပို၍သေချာသွားသည်။

ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကြောင့်သာမဟုတ်ပါက မျိုးဆက်တူလူငယ်များတွင် သူတို့အားဖိနှိပ်နိုင်သူ မည်သို့ရှိနိုင်မည်နည်း။

"စည်းကမ်းဖောက်တဲ့ လူယုတ်မာကောင်...မင်းက ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ မင်းရဲ့ကိုယ်ပိုင်ခွန်အားကိုပဲ အသုံးပြုသင့်တယ်လေ...မင်းက ခုချိန်မှာ ငါတို့ကို အနိုင်ရသွားပေမယ့် တသက်လုံး အနိုင်ရသွားတာ မဟုတ်ဘူး"

လုဝူယာက ဒေါသတကြီး အော်ဟစ်လိုက်၏။

ယင်လော့သခင်လေးသည်လည်း ဒေါသထွက်နေပုံပင်။

သူတို့သည် ပါရမီရှင်များဖြစ်သော်လည်း အစစ်အမှန်ထိပ်သီးကျွမ်းကျင်သူများနှင့် အဆင့်ကွာဟပေ၏။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ကြည့်ရတာတော့ ငါ မင်းတို့ကို မျှော်လင့်ထားတာ များသွားတဲ့ပုံပဲ"

Chapter 762

လုဝူယာသည် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်အား ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။

အမှန်အားဖြင့် လုယွီက သူ၏ခွန်အားအစစ်အမှန် ချပြလိုက်ခြင်းမှာ လုဝူယာ နောက်ဆုတ်သွားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဤတစ်ကြိမ် သူ ကောင်းကင်နန်းတော်ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရသည့် အကြောင်းအရင်းမှာ ကောင်းကင်ဘုံနယ်မြေရှိတစ်စုံတစ်ယောက်မှနေ၍ သူ့အား ဤကြယ်နယ်မြေမှခေါ်ထုတ်သွားရန် သူ မျှော်လင့်ထားခြင်းကြောင့်ပင်။

ကောင်းကင်ဘုံနယ်မြေရှိ စိတ်ဝိညာဥ်စွမ်းအားများသည် ဤနေရာထက် ဆယ်ဆမက ပို၍ထူထပ်သိပ်သည်းပေ၏။

ယင်လော့သခင်လေးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"မင်းက ကောင်းကင်ဘုံအရှင်သခင်ငှါးယူခြင်းနည်းစနစ်ကို အသုံးပြုနေမှတော့....ငါ မင်းနဲ့ စကားဆက်ပြောစရာအကြောင်းမရှိတော့ဘူး"

သူက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေရောင်တောက်ပနေသော အဆောင်လက်ဖွဲ့တစ်ခုအား ထုတ်ယူလိုက်၏။

"ငါကို ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ထိပ်သီးပုဂ္ဂိုလ်က တပည့်အဖြစ်လက်ခံပြီးတာ ကြာလှပြီ...ငါက ငါ့ငယ်သားတချို့အတွက် ကောင်းကင်နန်းတော်ပြိုင်ပွဲကိုလာခဲ့တာ...ကံဆိုးချင်တော့ မင်းက ငါ့ကို အကြီးအကျယ်ဒုက္ခပေးလိုက်တာပဲ"

ယင်လော့သခင်လေး၏မျက်လုံးများအတွင်း၌ နာကျည်းမှုအရိပ်အယောင်များ ပြည့်နှက်နေသည်။

သူက အဆောင်လက်ဖွဲ့အတွင်းသို့ သူ၏မှော်စွမ်းအားများကို ထည့်သွင်းလိုက်ရာတွင် ရုတ်တရက် စူးရှရှလေပြင်းများ တိုက်ခတ်လာပေ၏။

ကျီ...ကျီ...ကျီ....

အနက်ရောင်ဦးခေါင်းခွံကြီးက လေထုအတွင်းမျောလွင့်လာကာ ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟပြီး အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနယ်မြေရှိလူများထံမှ အမိန့်တော်လက်ခံရရှိထားသူတချို့သည် ရုတ်တရက် ဖိအားလှိုင်းတစ်ရပ် သက်ရောက်လာခြင်းကို ခံစားမိကြသည်။

"ကြည့်ရတာတော့ ယင်လော့သခင်လေးလက်ထဲက ကောင်းကင်ဘုံအမိန့်တော်က အဆင့်နိမ့်ပါးပုံမရဘူး"

မုန့်ကျူးယွင်က တီးတိုးရေရွတ်လိုက်၏။

သူမသည် အစောပိုင်းက လုယွီကို အာရုံစိုက်နေမိသော်လည်း ယင်လော့သခင်လေးနှင့်လုဝူယာတို့၏စကားများအား ကြားချိန်တွင် စိတ်သက်သာရာရသွားသည်။

အတိတ်တုန်းက ကောင်းကင်နန်းတော်ပြိုင်ပွဲကျင်းပချိန်တွင် ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို အသုံးပြုခဲ့သော ကျင့်ကြံသူတစ်ယောက်ရှိခဲ့ဖူးသည်။ထိုသူအား တိုက်ပွဲတိုင်း၌ မည်သူမျှအနိုင်မယူနိုင်ပေ။

ကံအကြောင်းမလှစွာဖြင့် ထိုကျင့်ကြံသူ နတ်ဘုရားအလင်းတန်းအတွင်း၌ မတ်တတ်ဝင်ရပ်လိုက်စဥ်တွင် မိုးကောင်းကင်တာအိုက ထွင်းဖောက်၍မြင်သွားခဲ့သည်။

ထိုသူပေါ်သို့ ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာလေရာ ပြာအဖြစ်ပြောင်းလဲသွားပြီး သူ၏စိတ်ဝိညာဥ်ပင် မကျန်ရှိခဲ့ပေ။

သူ၏နောက်ရှိ ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်ပင်လျှင် မိုးကောင်းကင်တာအို၏ပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရသည်။သူ၏ကျင့်ကြံမှုအား ဖျက်ဆီးလိုက်သဖြင့် သေမျိုးဘဝသို့လျောကျပြီး နောက်ဆုံး၌ စိတ်ပျက်အားငယ်စွာ သေဆုံးသွားပေ၏။

ထိုနေ့မှစ၍ ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်သည် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏တားမြစ်ချက်ဖြစ်လာသည်။

"အဲ့ဒီကောင်က သေရေးရှင်ရေးအခြေအနေမှာတောင် မောက်မာနေသေးတယ်...သူ နတ်ဘုရားအလင်းတန်းထဲ ဝင်ရောက်တဲ့အချိန်ကျရင် သူ နောင်တရသွားလိမ့်မယ်"

ကျန်းယွမ်က သရော်တော်တော်ပြောဆိုလိုက်၏။

မုန့်ကျူးယွင်က အေးစက်စက် နှာမှုတ်နေပေသည်။

"ဟွန့်...သူလိုကောင်မျိုးက နောင်တရဖို့တောင် အချိန်မှီမှာမဟုတ်ဘူး....ဘာလို့လဲဆိုတော့ နတ်ဘုရားအလင်းတန်းထဲကို ဝင်ပြီးတာနဲ့...သေလူဖြစ်သွားပြီလေ"

ယင်လော့သခင်လေးနှင့် လုဝူယာတို့၏စကားများသည် ကမ္ဘာငယ်လေးပြင်ပထိ ရောက်ရှိသွားသည်။

သို့ရာတွင် ပြင်ပလောကရှိလူများက ထိုကိစ္စအား ယုံကြည်ခြင်းမရှိကြချေ။

"လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာကလူက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို အသုံးပြုမှာလဲ....သူရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုသွားတာ အသိသာကြီးကို!

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ခနဲ့တဲ့တဲ့ ပြောဆိုနေပေ၏။

"လုဝူယာရဲ့အရည်အချင်းက မဆိုးလှပေမယ့် သူ့ရဲ့စိတ်နေသဘောထားက အတော်ဆိုးရွားတာပဲ...တကယ်သို့ သူက သူအရှုံးကိုတောင် ဝန်မခံချင်ရင် သူ လုယွီကို ဘယ်တော့မှနိုင်မှာမဟုတ်ဘူး"

တခြားထိပ်သီးအင်အားစုများမှ အကြီးအကဲများကလည်း ထောက်ခံလိုက်ကြ၏။

သူတို့အားလုံးသည် ထိပ်သီးကျင့်ကြံသူများဖြစ်၍ အခြေအနေကို ကျောက်တုံးစင်မြင့်ပေါ်မှလူများထက် ပို၍ရှင်းရှင်းလင်းလင်း သိမြင်သည်။

ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို အသုံးပြူရန်မှာ အချိန်အတော်ကြာပြင်ဆင်ရပြီး မှော်မန္တန်ရွတ်ဆိုရန်ပင် အချိန်အတော်လိုအပ်သည်။

လုယွီ အနိုင်ရခဲ့သော ရလဒ်မှါ ရိုးရှင်းပြီး တိကျပြတ်သားပေ၏။

"ကောင်းကင်ဘုံနယ်မြေကလူတွေက တပည့်လက်ခံဖို့ဆိုတာ အရမ်းခက်ခဲတယ်...ဒီကျောက်စိမ်းရိုင်းလေးကို ကောင်းကင်ဘုံနယ်မြေက တစ်ယောက်ယောက် တွေ့မြင်မိပါစေလို့ ငါတော့ ဆုတောင်းတယ်"

အကြီးအကဲရှင်းက တီးတိုးရေရွတ်နေသည်။

......

ယင်လော့သခင်လေးသည် ကောင်းကင်ဘုံအမိန့်တော်အား အသုံးပြုပြီးနောက် အနက်ရောင်အခိုးအငွေ့များက သူ့အားလွှမ်းခြုံသွားပြီး ကျောက်တုံးစင်မြင့်၏ပြင်ပသို့ ပို့ဆောင်လိုက်၏။

လုဝူယာက အေးစက်စက်နှာမှုတ်ပြီးနောက် သူက မန္တန်တစ်ပုဒ်ကို စတင်ရွတ်ဆိုလေသည်။

ထိုလူငယ်ပါရမီရှင်နှစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များ၏ တပည့်အဖြစ် ရွေးချယ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေပုံရသည်။

လုဝူယာ၏ကျွန်များနှင့်ယင်လော့ဂိုဏ်းသားများသည် ကျောက်တုံးစင်မြင့်ပေါ်မှနေ၍ ကမ္ဘာငယ်လေးပြင်ပသို့ ထွက်ခွါသွားကြတော့သည်။

လုဝူယာ၏ကျွန်များသည် သူတို့အရှင်သခင်၏အမိန့်အား နာခံကြရသည်။ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို အသုံးပြုနေသဖြင့် သူတို့က မည်သည့်နည်းနှင့်မျှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။

ကျောက်တုံးစင်မြင့်ပေါ်၌ ကြိုးကြာဖြူတောင်မှ တပည့်မများအပြင် လုရွှမ်အာသာ ကျန်ရစ်တော့သည်။

မည်သူကမျှ လုရွှမ်အာကို အာရုံစိုက်ခြင်းမရှိကြချေ။

ယင်လော့သခင်လေးသည် လုယွီ၏ခြေဆောင့်နင်းခြင်း ခံရချိန်ကတည်းက အလွန်စိတ်ဆိုးဒေါသထွက်နေပြီး လုရွှမ်အာကို အမှတ်မရတော့ချေ။

လုဝူယာကမူ သူမ၏အဆင့်အတန်းအား တတိယတန်းစားအစေခံအဖြစ် လျော့ချလိုက်သည်ဟု အမိန့်ပေးခဲ့၏။

ဤအချိန်တွင် လုရွှမ်အာက အထီးကျန်နေပြီး ပင်ပန်းနွမ်းနယ်ခြင်းနှင့်အတူ နောင်တရရှိနေသည်။

Chapter 763

လုယွီက သူမ၏ဝမ်းကွဲဖြစ်နေသော်လည်း သူမ စကားမပြောဝံ့ပေ။

အကယ်၍သာ သူမ၏အပြုအမူသည် လုယွီပေါ်၌ အစကတည်းက အနည်းငယ်ကောင်းမွန်ခဲ့ပါက ယခုလက်ရှိချိန်၌ သူက သူမအား ကူညီပေလိမ့်မည်။

ထိုကဲ့သို့သာ ပြုမူဆက်ဆံခဲ့ပါက သူမဟူသော လုရွှမ်အာသည် ယင်လော့သခင်လေးအား မျက်နှာချိုသွေး၍ ခယပြီး ဆက်ဆံရမည်မဟုတ်ချေ။

"သွားမယ်...ဒီနေရာက ငါ ရှိသင့်တဲ့နေရာမဟုတ်ဘူး"

လုရွှမ်အာ၏မျက်နှာပေါ်၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမက နောက်လှည့်၍ ထွက်ခွါရန်ဟန်ပြင်လိုက်စဥ်မှာပင် လုယွီက ဟန့်တားလိုက်၏။

"နေဦး"

"နင်...နင် ငါကိုရိုက်နှက်ချင်လို့လား...လာခဲ့စမ်းပါ...ငါက နင်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ပေမယ့်ပေါ့"

လုရွှမ်အာက နေရာ၌ပင် ရပ်တန့်လိုက်သည်။

လုယွီက ပြောဆိုလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ဒေါ်လေးရဲ့သမီးပဲလေ...သူ့မျက်နှာကိုထောက်ပြီး ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

သူ၏အဒေါ်ဖြစ်သူ လုဝမ်ရှင်းနှင့် သူ၏ဖခင် လုခိုင်ရှမ်တို့သည် အလယ်ပိုင်းကုန်းမြေအား အတူစွန့်ခွါ၍ တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ ရောက်ရှိလာကြသူများဖြစ်သည်။

လုယွီသည် လုဝမ်ရှင်း၏ကြင်နာမှုအား အမှတ်ရနေဆဲပင်။

လုရွှမ်အာ သူ့ကို မည်မျှထိ ရန်စစော်ကားပြီး မည်မျှထိ လှောင်ပြောင်သရော်နေပါစေ လုယွီက ကလေးတစ်ယောက် စိတ်ကောက်နေသည်ဟုသာ သဘောထားပြီး အငြှိုးအတေးထားခြင်းမရှိချေ။

"နတ်ဘုရားအလင်းတန်း...မင်း နေရာတစ်နေရာယူနိုင်တယ်"

လုယွီက ပြောဆိုလိုက်၏။

"ငါ လား"

လုရွှမ်အာက အံ့အားသင့်တုန်လှုပ်သွားသည်။သူမ ထိုရလဒ်အား မျှော်လင့်မထားမိချေ။ယင်လော့သခင်လေး၏မျက်နှာသာပေးမှုကိုရရန် သူမက နည်းလမ်းပေါင်းစုံသုံးပြီး ဆွဲဆောင်ခဲ့ရ၏။သူမ၏နံဘေး၌ အလျှင်မြန်ဆုံးဖြတ်လမ်းနည်း ရှိနေမည်ဟု သူမ တွေးထင်မထားမိပေ။ထိုအစား သူမက လုယွီအား လျစ်လျှူရှုထားခဲ့သည်။

ဤအချိန်တခဏတွင် လုရွှမ်အာ၏စိတ်နှလုံးသားတစ်ခုလုံး ရောထွေးနေသောစိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပြီး သူမက မည်သို့ဆက်လုပ်ရမည်ကိုပင် မသိတော့ချေ။

"ငါ တောင်းပန်ပါတယ်"

လုရွှမ်အာက လေသံယဲ့ယဲ့ဖြင့် ပြောဆိုပြီး သူမ၏ခေါင်းကို အောက်သို့ငုံထားလိုက်သည်။သူမက လုယွီအား စေ့စေ့ပင် မကြည့်ဝံ့တော့ပေ။

အမျိုးသမီးတပည့်တချို့က လုရွှမ်အာကို မနာလိုအားကျနေကြ၏။

ထိုမိန်းကလေးနှင့်လုယွီ မည်သို့သိကျွမ်းသည်ကို သူမတို့ မသိသော်လည်း လုရွှမ်အာက နတ်ဘုရားအလင်းတန်းနေရာရရှိသွားခြင်းကို တွေ့မြင်ကြရသည်။

"ပိုင်ဆုချင်...ကျီးချန်ယွီ...ဖန်ရှို့ယွင်...မင်းတို့လည်း နတ်ဘုရားအလင်းတန်း နေရာတစ်နေရာဆီ ယူနိုင်တယ်"

လုယွီက ဆက်လက်ပြောဆိုလိုက်၏။

မိန်းကလေးသုံးယောက်၏မျက်နှာအမူအယာများက မတူညီကြသော်လည်း သူမတို့အားလုံးက လုယွီကို အရိုအသေပြုလိုက်ကြသည်။

ကမ္ဘာငယ်လေးပြင်ပရှိ ဝူရွှင်းယွင်၏စိတ်နှလုံးသားတစ်ခုလုံး နောင်တများ ဖိစီးနေသည်။အကယ်၍ သူမသာ ရလဒ်က ဤသို့ဖြစ်မည်ကို ကြိုတင်သိရှိပါက လုယွီ ကြိုးကြာဖြူတောင်သို့ စတင်ရောက်စဥ်ကတည်းက ယဥ်ကျေးပျူငှါစွာ ဆက်ဆံခဲ့ပေမည်။

ထိုသို့ဆိုလျှင် လုယွီနှင့် ဆက်ဆံရေးကောင်းရှိသွားမည်ဖြစ်ပြီး သူမလည်း နတ်ဘုရားအလင်းတန်းနေရာအား ရရှိပေမည်။

"ကိစ္စမရှိဘူး...ကိစ္စမရှိဘူး..နေရာဆယ်နေရာက သူတို့အားလုံးအတွက် မလုံလောက်ဘူး"

ဝူရွှင်းယွင်က သူမ၏နဂိုနေရာဖြစ်သော ကြိုးကြာဖြူတောင်မှတပည့်မများအား မနာလိုအားကျစွာကြည့်ပြီး မကျေမချမ်းရေရွတ်နေပေ၏။

နတ်ဘုရားအလင်းတန်းနေရာသည် သူမတို့အားလုံးအတွက် လုံလောက်မှုမရှိပေ။

တစ်စုံတစ်ယောက် နတ်ဘုရားအလင်းတန်းနေရာကို စွန့်လွှက်လိုက်သည်ကို မြင်တွေ့ရပါက သူမ၏စိတ်နှလုံးသား အနည်းငယ်ခံစားရသက်သာပေမည်။

လုယွီက ကြိုးကြာဖြူတောင်မှတပည့်မများဘက်သို့ လှည့်ကြည့်လိုက်ရာ အယောက်နှစ်ဆယ်ကျန်ရှိနေခြင်းကို တွေ့မြင်မိ၏။

"ကျန်တဲ့နေရာတွေအတွက်ကတော့....."

လုယွီ၏စကားမဆုံးခင်မှာပင် ကြိုးကြာဖြူတောင်မှတပည့်မအများစုက နောက်သို့ဆုတ်လိုက်ကြသည်။

"ငါရဲ့အရည်အချင်းက မမြင့်မားဘူး...နတ်ဘုရားအလင်းတန်းနေရာကို ငါ့ရဲ့ဂျူနီယာညီမလေးတွေကိုပဲ ပေးလိုက်ပါ"

"စီနီယာအမရဲ့ကျင့်ကြံဆင့်က အတားအဆီးကိုရောက်နေပြီ...စီနီယာအမ နတ်ဘုရားအလင်းတန်းထဲကိုဝင်လိုက်တာနဲ့ အဆင့်ချိုးဖျက်နိုင်လိမ့်မယ်...စီနီယာအမက ဒီနေရာကိုယူသင့်တယ်"

ကြိုးကြာဖြူတောင်မှတပည့်မများသည် အမှန်တကယ်ကိုပင် စိတ်သဘောထားမွန်မြတ်ကြ၏။

ဝူရွှင်းယွင်က ခနဲ့တဲ့တဲ့ ဆက်လက်ရေရွတ်နေသည်။

"ဦးနှောက်မရှိတဲ့ ငတုံးမတွေ...ဒါက ကောင်းကင်ဘုံနယ်မြေကို သွားခွင့်ရမယ့်အခွင့်အရေးလေ...သူတို့က အသုံးမချတက်ကြဘူး"

အကယ်၍ သူမသာဆိုလျှင် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ဤအခွင့်အရေးအား လက်လွတ်ခံမည်မဟုတ်ချေ။

လုယွီက ပြောဆိုလိုက်၏။

"လူတိုင်းအတွက် အခွင့်အရေးရှိတယ်"

သူက ရုတ်တရက် မိုးကောင်းကင်ကိုလက်ညှိုးညွှန်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ဒါတွေက မလုံလောက်ဘူး"

ကြိုးကြာဖြူတောင်မှ တပည့်မများဖြစ်စေ ကမ္ဘာငယ်လေးပြင်ပမှ စောင့်ကြည့်နေကြသူများဖြစ်စေ လူအားလုံး ကြက်သေသေသွားကြ၏။

လုယွီ မည်သည့်အရာကို ပြုလုပ်နေသနည်း။

ထိုအချိန်မှာပင် မိုးကောင်းကင်အားဖြတ်သန်း၍ ကျယ်လောင်သောအသံကြီး မြည်ဟီးလာသည်။

ထို့နောက် တုန်ခါနေသောအသံလှိုင်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

နတ်ဘုရားအလင်းတန်းနှစ်ဆယ်ကျော်က မြင့်မားသောကောင်းကင်ယံမှ ကျဆင်းလာပေ၏။

Chapter 764

နတ်ဘုရားအလင်းတန်းနှစ်ဆယ်ကျော်က ကောင်းကင်ယံမှ တပြိုင်နက်တည်း ကျဆင်းလာသည်။

ရုတ်ချည်းဆိုသလိုပင် ကျောက်တုံးစင်မြင့်တစ်ခုလုံး နတ်ဘုရားအလင်းတန်းများ၏အလင်းရောင်ကြောင့် လင်းထိန်သွားပေ၏။

"မဖြစ်နိုင်ဘူး"

"မိုးကောင်းကင်တာအိုက သူ တောင်းဆိုတာကို တကယ်ပေးတာလား...သူက ဘယ်သူမလို့လဲ"

ကမ္ဘာငယ်လေး၏ပြင်ပမှနေ၍ စောင့်ကြည့်နေကြသော အင်အားစုများမှလူများ မတ်တတ်ထရပ်ပြီး ကြည့်နေကြ၏။အစောပိုင်းက တည်ငြိမ်အေးဆေးနေသူများပင်လျှင် ဤအချိန်၌ သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်နေသောအရိပ်အယောင်များ ထင်ဟပ်သွားသည်။

ကျင့်ကြံဆင့်ပို၍မြင့်မားလာသည်နှင့်အမျှ သူတို့သည် ဤကြယ်နယ်မြေရှိမိုးကောင်းကင်တာအို မည်မျှအစွမ်းထိအစွမ်းထက်ကြောင်းကို သိရှိပြီးဖြစ်ပေ၏။

မိုးကောင်းကင်တာအိုသည် စွန့်ပစ်နယ်မြေရှစ်ခု၌ တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သူမရှိစေရန် ဖိနှိပ်ထားသည်။ထို့ကြောင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေကဲ့သို့နယ်မြေမျိုးတွင် ကျင့်ကြံသူတစ်ယောက်သည် မည်မျှထိခက်ခက်ခဲခဲကြိုးစားနေပါစေ အမြင့်ဆုံး အဝိုင်းကြီးကျင့်ကြံဆင့်နယ်ပယ်ထိသာ ရောက်ရှိနိုင်သည်။

ထို့ပြင် ဤကြယ်နယ်မြေတစ်ခုလုံး၌ သိုင်းသူတော်စင်အဆင့်ထက် ပို၍မြင့်မားသော ကျင့်ကြံသူမရှိစေရန် မိုးကောင်းကင်တာအိုက ဖိနှိပ်ထားပြန်သည်။ထို့ကြောင့် မြောက်များစွာသောထိပ်သီးကျင့်ကြံသူများသည် ကောင်းကင်ဘုံလမ်းကြောင်းမှတဆင့် ကောင်းကင်ဘုံနယ်မြေသို့ သွားရောက်ပြီးမှသာ တာအိုတတိယဆင့်အား တက်လှမ်းနိုင်ကြ၏။

အစွမ်းထက်သောသိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ မိုးကောင်းကင်တာအိုအား ကြောက်ရွံနေကြသည်။

သို့သော် ယခုလက်ရှိအချိန်တွင် လုယွီက အော်ဟစ်ပြီး မိုးကောင်းကင်တာအိုမှနေ၍ နတ်ဘုရားအလင်းတန်းများ ထပ်မံ၍သက်ဆင်းလာစေသည်။

ဤသည်က သူတို့ မကြုံဖူး မကြားဖူးသော ဖြစ်ရပ်ပင်။

သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့ကိစ္စအား စိတ်ကူးမယဥ်ဝံ့ကြချေ။

"ဒါက တိုက်ဆိုင်သွားတာ ဖြစ်မှာပါ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ဤကိစ္စအား ဝန်ခံလိုခြင်းမရှိပေ။

မြောက်များစွာသောလူများ၏အကြည့်များအောက်တွင် ကျောက်တုံးစင်မြင့်ပေါ်၌ နတ်ဘုရားအလင်းတန်းများက နေရာယူထားပေသည်။

"ကောင်းပြီလေ...မင်းတို့အားလုံး နတ်ဘုရားအလင်းတန်းထဲ ဝင်လိုက်ကြတော့"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

ကြိုးကြာဖြူတောင်မှတပည့်မများက ဝမ်းသာလုံးဆို့နေကြသည်။သူမတို့သည် မူလက အတွေ့အကြုံရရှိရန်သာရည်ရွယ်၍ ဤနေရာသို့လာခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကံကြမ္မာကောင်းရရှိလိမ့်မည်ဟု မျှော်လင့်မထားမိကြချေ။

"ဂျူနီယာမောင်လေးလုကို ကျေးဇူးတင်ပါတယ်"

မိန်းကလေးများက လုယွီအား ကျေးဇူးတင်စကား ပြောဆိုကြလေသည်။

အမှန်အားဖြင့် လုယွီ ကြိုးကြာဖြူတောင်သို့ ပထမဆုံးရောက်လာစဥ်က သူမတို့အားလုံးသည် ဂျူနီယာမောင်လေးအပေါ် အာရုံစိုက်မှုမရှိခဲ့ပေ။သို့ရာတွင် လုယွီက သူမတို့အား နတ်ဘုရားအလင်းတန်းနေရာကို ပေးအပ်ခဲ့သဖြင့် သူမတို့က အားတုံ့အားနာဖြစ်ခြင်းကို ခံစားနေရသည်။

ကလေးမလေးချင်အာက ခေါင်းကိုအောက်သို့ငုံပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။အချိန်တခဏကြာမှသာ သူမက တီးတိုးပြောဆိုလိုက်၏။

"ကျွန်မ တောင်းပန်ပါတယ်"

လုယွီသည် သူမ၏ဆရာသခင်အား လှည့်စားပြီး ပင်မတပည့်ဖြစ်လာသည်ဟု သူမက တွေးထင်ခဲ့မိ၏။သို့သော် အဆုံးသတ်၌ သူမ အမြင်မှားယွင်းခဲ့သည်။လုယွီသည် သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ပင်မတပည့်ဖြစ်လာခြင်းပင်။

ခရက်....

ထိုအချိန်မှာပင် ဝူရွှင်းယွင်က ကျောက်တုံးတစ်တုံးကို ချေမွှလိုက်၏။သူမ၏လှပချောမောသောမျက်နှာပေါ်တွင် မနာလိုခြင်း ဒေါသထွက်ခြင်းများနှင့် ပြည့်နှက်နေသည်။မည်သည်ကြောင့် နတ်ဘုရားအလင်းတန်းများက သူမအတွက် ဖြစ်မလာရသနည်း။

အကယ်၍သာ လုယွီ ကြိုးကြာဖြူတောင်သို့စတင်ရောက်လာချိန်အား ပြန်လှည့်၍ရပါက သူမက လုယွီအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေမည်။

ထိုသို့သာဆိုလျှင် နတ်ဘုရားအလင်းတန်းအောက်၌ သူမလည်း မတ်တတ်ရပ်နိုင်လေပြီ။

ထိုအချိန်မှာပင် ကောင်းကင်ယံ၌မျောလွင့်နေသော မျက်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ဗုံတီးသံကဲ့သို့အသံများက ပဲ့တင်ထပ်လာပြီး အက်ကွဲကြောင်းတစ်ကြောင်းက ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ထွက်လာပေ၏။

အက်ကွဲကြောင်းကြီးက ပိန်းပိတ်သည်အထိနက်မှောင်နေသည်။ထိုအက်ကွဲကြောင်း၏နောက်၌ လူရိပ်တချို့ ရှိနေသည်။

"ကောင်းကင်ဘုံနယ်မြေကလူတွေ ရောက်လာကြပြီ"

"မြန်မြန်...ဒီတစ်ကြိမ် ဘယ်သူအကျိုးအမြတ်အရဆုံးလဲဆိုတာ ကြည့်ကြရအောင်"

ကမ္ဘာငယ်လေးပြင်ပရှိလူများက ဟန်မဆောင်နိုင်တော့ဘဲ အရူးအမူး ကြည့်လိုက်ကြ၏။

ထိုအက်ကွဲကြောင်းမှနေ၍ အဖြူရောင်အလင်းတန်းထွက်ပေါ်လာပြီး အမျိုးသမီးတပည့်တစ်ယောက်ထံသို့ ကျရောက်သွားသည်။

ထိုအမျိုးသမီးတပည့်၏အရည်အချင်းသည် အလွန်ထူးချွန်ခြင်းမရှိပေ။သူမက အသက်သုံးဆယ်ပြည့်ရန် နီးကပ်နေပြီဖြစ်သော်လည်း သူမ၏ကျင့်ကြံဆင့်မှာ ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်သာ ရှိသေးသည်။

အဖြူရောင်အလင်းတန်းက တဖြည်းဖြည်းသိပ်သည်းသွားပြီး နောက်ဆုံး၌ ကျမ်းစာတစ်အုပ်အဖြစ်ဖွဲ့စည်းသွားသည်။

အမျိုးသမီးတပည့်၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုများ ထင်ဟပ်သွားသည်။ဤသည်က မိုးကောင်းကင်တာအိုမှပေးသောဆုလဒ်ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေမှ တပည့်အဖြစ်လက်ခံခြင်းမဟုတ်ပေ။

ဤအခြင်းအရာကိုကြည့်ခြင်းဖြင့် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်သည် သူမ၏ပါရမီညံဖျင်းမှုကို သိရှိသဖြင့် တပည့်အဖြစ်လက်ခံရန်အား ရုတ်သိမ်းလိုက်ပုံရသည်။

သူမက ကျမ်းစာကို ဖြည်းဖြည်းချင်းဖွင့်ကြည့်ပြီးနောက် ရုတ်တရက် ထိတ်လန့်တကြားရေရွတ်လိုက်သည်။

"ကောင်းကင်ဘုံနယ်မြေက ကျင့်ကြံနည်းစနစ်လား"

ကျမ်းစာပေါ်၌ သင်္ကေတတစ်ခုကိုရေးထိုးထားသည်။ဤကျမ်းစာကို ကြယ်နယ်မြေအုပ်ချုပ်သူအဆင့် ကျင့်ကြံသူတစ်ယောက်က ရေးသားထားပေ၏။

သူမက ကျမ်းစာကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖွင့်ကြည့်လိုက်၏။ထိုကျမ်းစာမှ စာမျက်နှာများအား လှန်လှောကြည့်ပြီးနောက် သူမက လေထုအတွင်း၌ ပုံရိပ်ယောင်များကို တွေ့မြင်မိသည်။ဤသည်က အလွန်ကြီးကျယ်ခမ်းနားသောမြင်ကွင်း ဖြစ်ပေ၏။

Chapter 765

ဝှစ်...ဝှစ်...ဝှစ်...

ကောင်းကင်ယံရှိ အက်ကွဲကြောင်းမှနေ၍ အဖြူရောင်အလင်းတန်းများ အဆက်မပြတ်ကျဆင်းနေသည်။

ထိုအဖြူရောင်အလင်းတန်းများသည် ရုပ်ဝတ္ထုပစ္စည်းများအသွင်သိပ်သည်းသွားပြီး သက်ဆိုင်ရာအမျိုးသမီးကျင့်ကြံသူတို့၏လက်အတွင်းသို့ ကျရောက်သွားကြ၏။

"ဒါက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာပဲ"

"ငါက နဝမအဆင့်အစစ်အမှန်မီးတောက်ရတယ်....အဲ့ဒီမီးတောက်ကို ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ရမယ်"

"ဒါက ရှေးဟောင်းဓမ္မဝတ်ရုံပဲ...ဒီဝတ်ရုံနဲ့ဆိုရင် ငါက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူရဲ့တိုက်ခိုက်မှုကိုတောင် ခုခံနိုင်မယ်"

ကြိုးကြာဖြူတောင်မှတပည့်မများသည် အဖိုးတန်သောမှော်ရတနာများကိုရရှိသဖြင့် ပျော်ရွှင်နေကြသည်။

ကောင်းကင်ဘုံနယ်မြေမှ တပည့်အဖြစ်လက်ခံပြီးသူများ၏အမူအယာများကမူ သူတို့နှင့် ကွာခြားနေသည်။

မုန့်ကျူးယွင်က လှောင်ပြောင်သရော်နေပေ၏။

"တကယ်လို့ ဒီပစ္စည်းတွေ သူတို့ပိုင်ဆိုင်ရရင်တောင် ဘာဖြစ်လာမှာမလို့လဲ...သူတို့က ကောင်းကင်ဘုံနယ်မြေကို သွားနိုင်မှာမဟုတ်တဲ့ ရေတွင်းအောက်ခြေက ဖားသူငယ်အဆင့်ပဲရှိမှာ"

ကျန်းယွမ်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

"ဒီဘဝမှာ သူတို့ရဲ့ကျင့်ကြံဆင့်က ဘာမှတိုးတက်လာမှာမဟုတ်တော့ဘူး...ဒါပေမယ့် ငါတို့ကတော့ သူတို့နဲ့မတူဘူး...ပြောကြတာတော့ ငါ့ရဲ့ဆရာသခင်ဖြစ်လာမယ့်သူက ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့အင်အားကြီးနိုင်ငံတစ်ခုက အရာရှိတဲ့...အနာဂတ်မှာ မင်းနဲ့ငါက ကောင်းကင်ဘုံနယ်မြေမှာ အောင်မြင်မှုတွေရမယ်ဆိုတာ သေချာတယ်"

သူတို့နှစ်ယောက်တွင် ရည်မှန်းချက်များ အပြည့်ရှိနေသည်။သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ တခြားတပည့်များရရှိသော ပစ္စည်းများကို လောဘတက်နေကြသော်လည်း အပေါ်ယံတွင်မူ ထိုသူတို့အား အထင်အမြင်သေးဟန်ဖြင့် ခေါင်းတခါခါလုပ်နေကြ၏။

အကယ်၍ သူတို့သာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားပါက ဤပစ္စည်းများသည် အသေးအဖွဲသာဖြစ်သွားပေမည်။

ဝှီး....

ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ပြင်းထန်သောလှိုင်းတစ်လှိုင်း ဂယက်ထလာသည်။

"ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်လာနေပြီ"

ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော လူငယ်တချို့က ရေရွတ်လိုက်၏။

ရုတ်တရက် လေထုအတွင်း၌ ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် အလွန်ချောမောလှပပြီး ချစ်စဖွယ်ကောင်းသော မျက်နှာအမူအယာရှိကာ ကျော့ရှင်းသောကိုယ်နေဟန်ထားရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပေ၏။

သူမ၏မျက်နှာ ထွက်ပေါ်လာချိန်တွင် ကြည့်လိုက်မိသောလူအများစု၏အသက်ရှုသံများ မြန်ဆန်သွားသည်။တချို့လူများဆိုလျှင် သူမ၏မျက်နှာကိုမြင်တွေ့သည်နှင့် စိတ်မထိန်းနိုင်တော့ဘဲ တဟီးဟီးရယ်မောနေကြ၏။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ ညှို့ဓာတ်လဲ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ရုတ်တရက် မျက်မှောင်ကြုတ်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

လင်ရှောင်းဂိုဏ်း၏အကြီးအကဲများသည် သူတို့၏စိတ်ခံစားမှုအား ထိန်းချုပ်နိုင်ရန် နှလုံးသားကျမ်းစာအား ကျင့်ကြံလေ့ရှိသည်။

လှပချောမောသောအမျိုးသမီးက စင်မြင့်ပေါ်၌ရှိနေသောမိန်းကလေးများကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုလိုက်၏။

"ငါက တပည့်သစ်တစ်ယောက်ရွေးချယ်ဖို့လာခဲ့တာ....ဒီနေရာမှာ မိန်းကလေးတွေအများကြီးရှိနေမယ်လို့ ငါ ထင်မထားမိဘူး...ဒါက တကယ်ကို ရွေးချယ်ရခက်ခဲစေတယ်"

ထို့နောက် သူမ၏အကြည့်က ပိုင်ဆုချင်ထံ ကျရောက်သွားသည်။

"ငါမြင်တာတော့ သူတို့တွေကြားမှာ မင်းက အထူးချွန်ဆုံးပဲ...မင်း ငါနဲ့အတူလိုက်ပြီး ကောင်းကင်ဘုံနယ်မြေမှာကျင့်ကြံဖို့ ဆန္ဒရှိလား"

ပိုင်ဆုချင်က ထိုအမျိုးသမီးကို အချိန်တခဏတာမျှ ကြည့်ရှုပြီး သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"တောင်းပန်ပါတယ်...ဒါပေမယ့် ကျွန်မတို့က လမ်းကြောင်းမတူကြဘူး"

အမျိုးသမီးက အေးစက်စက်နှာမှုတ်လိုက်၏။သူမ၏မျက်နှာအမူအယာ တင်းမာနေပြီး စိတ်မကျေမနပ်ဖြစ်သွားခြင်းမှာ သိသာထင်ရှားသည်။

သူမက ဖန်ရှို့ယွင်အား ကြည့်လိုက်၏။

"ဒါဆို မင်းကရော..."

ဖန်ရှို့ယွင်က သူမ၏ဆရာသခင်ကို တစ်ချက်ကြည့်ပြီး နူးညံသိမ်မွေ့စွာ ပြောဆိုလေသည်။

"စီနီယာ...ကျွန်မ တောင်းပန်ပါတယ်...ကျွန်မက စီနီယာရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒမရှိပါဘူး"

"မောက်မာလိုက်တာ"

ထိုအမျိုးသမီး၏အကြည့်က ကျီးချန်ယွီထံသို့ ကျရောက်သွားပြန်သည်။

"မင်းလည်း မဆိုးဘူး...မင်းကရော ငါ့နောက်ကိုလိုက်ပြီး ကောင်းကင်ဘုံနယ်မြေမှာကျင့်ကြံဖို့ဆန္ဒရှိလား"

ကျီးချန်ယွီက လုယွီကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"ကျွန်မနဲ့အတူ သူ့ကိုပါ ကောင်းကင်ဘုံနယ်မြေ ခေါ်သွားလို့ရမလား"

ချောမောလှပသောအမျိုးသမီးက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရယ်မောနေပေသည်။

"ငါ တွေးကြည့်တာတော့ သူက မင်းရဲ့ချစ်သူဖြစ်ရမယ်...ခစ် ခစ်...သူရဲ့အရည်အချင်းက ကောင်းပေမယ့် ငါတို့က မိန်းကလေးတွေကိုပဲလက်ခံတာ...တကယ်လို့ သူသာ မိန်းကလေးဆိုရင် ငါ သူကိုပဲရွေးချယ်မိမှာ"

ကျီးချန်ယွီက ဆုံးဖြတ်ချက်ချလိုက်ပုံဖြင့် သူမ၏ခေါင်းကိုခါယမ်းလိုက်တော့သည်။

"ဒါဆို ကျွန်မလည်း စီနီယာနောက် မလိုက်တော့ဘူး"

"မင်းတို့က တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ"

သူမက အလွန်ဒေါသထွက်နေသဖြင့် သူမ၏ပခုံးများပင် တုန်ခါနေသည်။

ထို့နောက် သူမက အမျိုးသမီးတပည့်များအားကြည့်၍ အော်ငေါက်လိုက်၏။

"မင်းတို့ကိုယ်မင်းတို့ အရည်အချင်းရှိလှပြီလို့ ထင်နေကြတာလား...ကောင်းကင်ဘုံနယ်မြေမှာ မင်းတို့ထက်သာတဲ့သူတွေ အများကြီးရှိတယ်....တကယ်လို့ မင်းတို့ကသာ လှပချောမောမနေဘူးဆိုရင် ငါ ဂရုစိုက်နေမှာကိုမဟုတ်ဘူး"

သူမ မည်မျှပင်ပြောဆိုနေပါစေ ကြိုးကြာဖြူတောင်မှတပည့်မများသည် သူမတို့၏မူလစိတ်ကူးကိုသာ အကောင်အထည်ဖော်ရန်ကြိုးစားနေကြ၏။

"စီနီယာ...."

ထိုအချိန်မှာပင် နံဘေးတစ်နေရာမှနေ၍ ဖျော့တော့တော့အသံတစ်သံထွက်ပေါ်လာသည်။လုရွှမ်အာက သူမ၏နှုတ်ခမ်းကိုကိုက်ထားရာမှ အားတင်း၍ ပြောဆိုလိုက်၏။

"ကျွန်မက စီနီယာရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်"

Thank For Reading.

All Chapters