အခန်း (၇၇၆-၇၈၀)
Vol. 42 Ch. 776-780
Chapter 776
တိမ်မည်းများဖြင့်ဖွဲ့စည်းထားသောမျက်နှာကြီးမှပါးစပ်က ပွင့်ဟနေပြီး ရက်စက်ကြမ်းကြုတ်သောအမူအယာ ပေါ်လွင်နေသည်။
ဖူး..
လင်းရှောင်းဂိုဏ်းမှတပည့်တစ်ယောက်သည် ထိုမျက်နှာကြီးအား တစ်ချက်ကြည့်လိုက်မိရာတွင် သူ၏စိတ်ဝိညာဥ်တုန်ခါသွားပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
"ဥာဏ်အလင်းပွင့်နယ်ပယ်ရဲ့အောက်အဆင့် ကျင့်ကြံသူတွေအားလုံး...သူ့ကိုမကြည့်ကြနဲ့"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာတွင် လူအများ၏ရှေ့၌ အတားအဆီးတစ်ခု ထွက်ပေါ်လာသည်။သူပင်လျှင် မူးဝေမှုကိုခံစားနေရရာ သာမာန်တပည့်များအဖို့ ဆိုဖွယ်ရာပင်မရှိချေ။
တိမ်မည်းမျက်နှာကြီးမှနေ၍ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ထွက်လာသည်။
လူလတ်ပိုင်းကြီး၏မျက်နှာပေါ်၌ သွေးနီရောင်အမှတ်အသားများပါသော မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ထိုအမှတ်အသားများသည် အလွန်ရှုပ်ထွေးပြီး ၎င်းတို့အားကြည့်မိသူအဖို့ မူးဝေမှုအား ခံစားရစေသည်။
"နယ်မြေသခင် ဝူလျန့်..."
သီကျန်းက မတ်တတ်ရပ်နေရာမှ အော်ဟစ်ရယ်မောပြီး ပြောဆိုလေသည်။
"ဒီနေရာက မင်းရဲ့နယ်မြေဆိုတာ ငါ မေ့လုနီးပါးပဲ..ငါ တောင်းပန်ပါတယ်...ငါ့ရဲ့စစ်ပွဲမှာသေဆုံးသွားတဲ့ ငယ်သားတစ်ယောက်ရဲ့မျိုးဆက်က ဒီနယ်မြေမှာရှိနေတယ်...ငါက သူ့ကိုမြှင့်တင်ပေးချင်စိတ်နဲ့လာခဲ့တာ...မင်း ငြင်းဆိုချင်တာများ ရှိလား"
နယ်မြေသခင်ဝူလျန့်က ပြောဆိုလိုက်၏။
"ဗိုလိချုပ်သီက ဒီနေရာကိုလာမယ်ဆိုရင်လည်း ငါ့ကိုအကြောင်းကြားသင့်တယ်...ငါက ဗိုလ်ချုပ်ကိုကြိုဆိုဖို့ ငယ်သားတစ်ယောက်လွှက်ပေးမှာပေါ့"
သီကျန်းက သူ၏လက်ကိုဝှေ့ယမ်းလေသည်။
"မလိုအပ်ပါဘူး...မင်းက ကောင်းကင်ဘုံဧကရာဇ်ကို သစ္စာခံပြီးမှတော့...အရင်လို ရိုင်းပျတဲ့အမူအကျင့်တွေ ပျောက်ကွယ်သွားပြီလို့ ငါ ယုံကြည်တယ်"
ကြည့်ရသည်မှာ ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းပုံရသည်။
လူအများသည် ယခုမှသာ စိတ်သက်သာရာရသွားကြ၏။အကယ်၍ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကသာ ဤကြယ်နယ်မြေအား ဖျက်ဆီးလိုပါက ယခုလက်ရှိနေရာမှလူအားလုံး အနည်းငယ်မျှပင်ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ချေ။
လုယွီတစ်ယောက်တည်းသာလျှင် မျက်မှောင်ကြုတ်နေပေ၏။သူက နယ်မြေသခင်ဝူလျန့်အား ကောင်းစွာရင်းနှီးသိကျွမ်းသည်။သူသည် လုယွီ၏အတိတ်ဘဝတုန်းက မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေမှ နယ်မြေသခင်တစ်ယောက်ဖြစ်သည်။ဝူလျန့်၏လက်အောက်ခံ ကြယ်နယ်မြေများသည် ကျယ်ပြန့်သောပင်လယ်သမုဒ္ဒရါအလား အလွန်များပြားသည်။
လုယွီက သူ ပြန်လည်မွေးဖွားလာသောနေရာသည် ဝူလျန့်၏လက်အောက်ခံကြယ်နယ်မြေ ဖြစ်နေမည်ဟု မျှော်လင့်မထားမိချေ။
လုယွီ၏အတိတ်ဘဝတုန်းက ဝူလျန့်နယ်မြေသခင်သည် သူ၏အမိန့်အား နာခံမှုအရှိဆုံး ခွေးတစ်ကောင်ပင်။
တချို့လူများသည် လုယွီ၏နောက်ကွယ်၌ သူ့အား 'ရက်စက်ကြမ်းကြုတ်သောခွေး'ဟု ခေါ်ဝေါ်လေ့ရှိသည်။
ထိုအချိန်တုန်းက လုယွီ စေခိုင်းသောအရာများကို ဝူလျန့်က တသွေမတိမ်းပြုလုပ်လေ့ရှိပြီး မည်သည့်အထွန့်တက်မှုမျှမရှိချေ။
ကောလဟာလများအရပြောကြသည်မှာ အကယ်၍ လုယွီက ဝူလျန့်အား သူကိုယ်သူသတ်သေခိုင်းလျှင်ပင် သူက တွန့်ဆုတ်လိမ့်မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ သီကျန်း၏စကားအသွားအလာအရ ဝူလျန့်သည် လုယွီအား သစ္စာဖောက်သွားသည်မှာ သိသာထင်ရှားလှ၏။ဝူလျန့်သည် တာယွီအင်ပါယာသို့ ခိုဝင်လိုက်ရုံသာမက ရှန်းလင်းလုံကိုပင် သစ္စာခံထားသည်။
လုယွီက နေရာ၌ပင် မတ်တတ်ရပ်နေဆဲဖြစ်သော်လည်း သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
နယ်မြေသခင်ဝူလျန့်က အက်ရှသောအသံဖြင့် ပြောဆိုလေ၏။
"ငါကလည်း ဒီနေရာကိုလာခဲ့တာ မင်းနဲ့ရည်ရွယ်ချက်တူတူပဲ...ငါက မျိုးစေ့ကောင်းတစ်ခုကိုရှာတွေ့ထားတယ်...သူကိုပြုစုပျိုးထောင်ပြီး လေ့ကျင့်ပေးမလို့ ငါ လာခဲ့တာပဲ"
သူ၏စကားဆုံးသည်နှင့် ယင်လော့သခင်လေးက မတ်တတ်ထရပ်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
"ဆရာသခင်ကို အရိုအသေပြုပါတယ်"
နယ်မြေသခင်ဝူလျန့်သည် ယင်လော့သခင်လေး၏ဆရာသခင်ဖြစ်နေသည်။
ဤတစ်ကြိမ်တွင် အံ့သြတကြီးအော်ဟစ်လိုက်သံများသည် ကမ္ဘာငယ်လေးပြင်ပထိတိုင် ပျံ့လွင့်သွားသည်။
သူတို့သည် နယ်မြေသခင်ဝူလျန့်၏အဆင့်အတန်းအမှန်အား သိရှိကြခြင်းမရှိသော်လည်း သီကျန်းနှင့်တန်းတူယှဥ်ရပ်နိုင်သူသည် သာမာန်အဆင့်အတန်းမျိုးမဖြစ်နိုင်ချေ။
လုရွှမ်အာ၏မျက်လုံးများပင် ရွှန်းလဲ့တောက်ပသွားပေ၏။သူမသည် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ တပည့်ဖြစ်သွားသော်လည်း ယင်လော့သခင်လေး၏အကူအညီအား ထပ်မံရယူခြင်းမပြုဟု မဆိုလိုချေ။
မည်သို့ပင်ဆိုစေကာမူ သူမသည် ယင်လော့သခင်လေးနှင့် ဆက်ဆံရေးကောင်းရှိထားသည်။အကယ်၍ ယင်လော့သခင်လေး၏နောက်၌သာ အလွန်အစွမ်းထက်သော ကျောထောက်နောက်ခံရှိနေပါက သူမ ကောင်းကင်ဘုံနယ်မြေသို့ရောက်ချိန်တွင် သူ့အား သေချာပေါက်ဆက်သွယ်ရပေမည်။
"မင်းက ရှေးဟောင်းနယ်မြေရဲ့လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ခဲ့တဲ့သူလား"
ဝူလျန့်၏အသံ ထွက်ပေါ်လာသည်။
ယင်လော့သခင်လေး၏အသံသည် အလွန်စိတ်လှုပ်ရှားနေမှုကြောင့် အနည်းငယ်တုန်ခါနေသည်။
"ဒီတပည့်ပါ...."
ဝူလျန့်က ယင်လော့သခင်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောဆိုလိုက်သည်။
"ကောင်းပြီလေ...မင်းရဲ့အရည်အချင်းက နိမ့်ပါးပေမယ့် ငါ သေမျိုးနယ်မြေမှာချန်ထားခဲ့တဲ့ လျှို့ဝှက်နည်းစနစ်ကို နားလည်သဘောပေါက်ခဲ့တာမို့ မင်းရဲ့ဥာဏ်ရည်က မဆိုးဘူးလို့ဆိုနိုင်တယ်...ငါမှာ အမည်ခံတပည့်မရှိတာနဲ့အတော်ပဲ..မင်း ငါ့နောက်လိုက်မလား"
ယင်လော့သခင်လေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ အလျှင်အမြန်ပြောဆိုလေ၏။
"ဆရာသခင့်နောက်ကို ဒီတပည့်ကလိုက်ဖို့ ဆန္ဒရှိပါတယ်"
Chapter 777
"ယင်လော့သခင်လေးက အမည်ခံတပည့်ဖြစ်ရတာအရမ်းပျော်ရွှင်နေပုံပဲ...အဲ့ဒီမျက်နှာဖုံးစွပ်နဲ့လူရဲ့မူရင်းဇစ်မြစ်က ဘာများဖြစ်နေမလဲ"
"အဲ့ဒီလူရဲ့အဆင့်အတန်းက နိမ့်ပါးမှုမရှိဘူးလို့ ငါထင်တယ်...သူ ဘယ်လိုလူမျိုးလဲဆိုတာ ငါ မသိပေမယ့်...သူ ထွက်ပေါ်လာတဲ့အချိန်တုန်းက ငါ့ရဲ့စိတ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသလို ခံစားရတယ်"
"ဒါ သူရဲ့စိတ်ဝိညာဥ်က အရမ်းအစွမ်းထက်နေလို့ဖြစ်မယ်...မင်း သူ့ရဲ့မျက်လုံးကို မကြည့်မိစေနဲ့"
လူတိုင်းက တီးတိုးပြောဆိုနေကြသော်လည်း သူတို့အားလုံးက ယင်လော့သခင်လေးသည် အမည်ခံတပည့်အဖြစ်နေရန် လိုလိုလားလားသဘောတူလိုက်ခြင်းကို ဝေခွဲရခက်နေကြ၏။
အမည်ခံတပည့်ဆိုသည်မှာ အမှန်အားဖြင့် တပည့်တစ်ဝက်ဟု ခေါ်ဆိုနိုင်ပြီး အများစုသည် အစေခံတပည့်များဖြစ်ကြသည်။သူတို့အနက်မှတချို့သာလျှင် တိုက်ရိုက်တပည့်များအဖြစ် တက်လှမ်းသွားနိုင်သည်။
သို့ရာတွင် တပည့်ဟူသောအခေါ်အဝေါ်အောက်တွင် တည်ရှိနေသည်ဖြစ်ရာ ယင်လော့သခင်လေးသည် အမည်ခံတပည့်ပင်ဖြစ်နေပါစေ ထိုအစွမ်းထက်ပုဂ္ဂိုလ်၏လက်အောက်တွင် သူ၏အရည်အချင်းတိုးတက်သွားနိုင်သည်။
"ဥာဏ်တိမ်တဲ့ကောင်တွေ...."
ယင်လော့သခင်လေး၏ပါးစပ်ထောင့်၌ လှောင်ပြောင်သရော်လိုသောအပြုံးမျိုးရှိနေသည်။
ယင်လော့ဂိုဏ်း၏လျှို့ဝှက်ခန်းအတွင်း၌ ကောင်းကင်ဘုံနယ်မြေမှ လက်ဆင့်ကမ်းလာသော မြောက်များစွာသည့်ရှေးဟောင်းမှတ်တမ်းများရှိသည်။
ထိုမှတ်တမ်းများတွင် မပြည့်စုံသောကောင်းကင်ဘုံကျင့်စဥ်နည်းစနစ်များသာမက ကောင်းကင်ဘုံနယ်မြေ၏ယေဘုယျအခြေအနေအကြောင်းလည်းပါဝင်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာတုန်းက ယင်လော့ဂိုဏ်း၏ဘိုးဘေးတစ်ယောက်သည် ကြယ်နယ်မြေများကိုအုပ်ချုပ်သူများအကြောင်းပါဝင်သော ရှေးဟောင်းစာအုပ်တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။
မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ၏နယ်မြေသခင်တစ်ယောက်ဖြစ်သော ဝူလျန့်သည် ဤကြယ်နယ်မြေအား အုပ်ချုပ်သူဖြစ်သည်။ထို့ပြင် နယ်မြေသခင်ဝူလျန့်၏လက်အောက်တွင် ကြယ်နယ်မြေပေါင်းများစွာရှိသည်။
တခြားလူငယ်ပါရမီရှင်များ၏ဆရာသခင်များသည် မည်မျှအစွမ်းထက်သူဖြစ်နေပါစေ ဤကြယ်နယ်မြေကို အုပ်ချုပ်သူမဟုတ်သဖြင့် သူစိမ်းများဟုဆိုနိုင်သည်။
သူသည် မူလကတည်းက မြေအောက်လောကမှလာသူဖြစ်သဖြင့် နယ်မြေသခင်ဝူလျန့်၏လက်အောက်၌ သင်ယူခွင့်ရသည်က ဖြစ်သင့်သောကိစ္စပင်။
"ငါ မင်းကို နောက်ထပ်လျှို့ဝှက် ကျင့်စဥ်နည်းစနစ်တစ်ခု ထပ်ပေးခဲ့မယ်...တကယ်လို့ မင်း အဲ့ဒါကို နားလည်သဘောပေါက်နိုင်မယ်ဆိုရင်...ငါ ဒီနေရာကို ကိုယ်တိုင်လာခဲ့တာ အလဟာသမဖြစ်တော့ဘူး"
နယ်မြေသခင်ဝူလျန့်က သူ၏လက်ချောင်းများကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်တန်းက ယင်လော့သခင်လေး၏နှဖူးအတွင်းသို့ တိုးဝင်သွားသည်။
"အား......"
ယင်လော့သခင်လေးသည် ရုတ်တရက် မူးဝေလာသည်ကိုခံစားမိပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာကာ သူ့နဖူးအားဆုတ်ဖြဲနေသကဲ့သို့ နာကျင်မှုမျိုးအား ခံစားနေရသည်။
သူက မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း ထိုနာကျင်မှုက အားပျော့သွားခြင်းမရှိဘဲ ပို၍ပင်အားကောင်းလာသည်။
အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းပြီးချိန်ခန့်ကြာပြီးနောက်မှသာ ယင်လော့သခင်လေးခံစားနေရသော နာကျင်မှုလျော့နည်းသွားသည်။ဤအချိန်တွင် သူ၏နဖူးထက်၌ အနက်ရောင်ဦးခေါင်းခွံအမှတ်အသား ရှိနေသည်။
"ငါ့ရဲ့မှော်စွမ်းအားတွေက နှစ်ဆနီးပါး တိုးမြှင့်သွားပြီ"
ယင်လော့သခင်လေးကိုကြည့်ရသည်မှာ အားနည်းပုံပေါက်နေသော်လည်း သူက အံ့အားတသင့်ဖြင့် သူ၏လက်များကို ပြန်ကြည့်နေလေ၏။
သူ၏လက်များကြားမှ ကြမ်းတမ်းသောအားလှိုင်းတစ်လှိုင်းက စတင်၍သိပ်သည်းလာပြီးနောက် ပို၍ပို၍ ပြင်းထန်လာသည်။
"မဆိုးပါဘူး...ငါ မင်းကို လက်ခံပြီးမှတော့...ငါ့ကို စိတ်မပျက်စေနဲ့"
နယ်မြေသခင်ဝူလျန့်က အရေးမပါသောကိစ္စတစ်ခုကို ပြုလုပ်လိုက်သကဲ့သို့ သူ၏လက်ကိုဝှေ့ယမ်းရင်း ပြောဆိုလေသည်။
လူတိုင်းနီးပါးက မနာလိုအားကျသောအကြည့်များဖြင့် ယင်လော့သခင်လေးကို ကြည့်နေကြ၏။ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ကျောထေက်နောက်ခံရှိနေသဖြင့် ယင်လော့သခင်လေး၏ကျင့်ကြံမှုလမ်းကြောင်း ချောမွေ့နေမည်မှာ မလွဲဧကန်ပင်။
လုယွီတစ်ယောက်တည်းသာလျှင် အေးစက်တင်းမာသောအမူအယာဖြင့် မတ်တတ်ရပ်နေသည်။
ယင်လော့သခင်လေး၏နဖူးထက်ရှိ အမှတ်အသားကို အစားထိုးတစ္ဆေအမှတ်အသားဟု ခေါ်သည်။အကယ်၍ နောင်တစ်ချိန်၌ နယ်မြေသခင်ဝူလျန့်သည် သေစေလောက်သောအန္တရာယ်နှင့် ကြုံတွေ့ပါက ထိုအမှတ်အသားခတ်နှိပ်ခြင်းခံထားရသူ၏ခန္ဓာကိုယ်နှင့် လွယ်လင့်တကူလဲလှယ်နိုင်ပေသည်။
ဤအမှတ်အသားခတ်နှိပ်ခံထားရသူသည် အမှန်စင်စစ် အမြှောက်စာသက်သက်ပင်။
"ကောင်လေး....ခုဏတုန်းက မင်း အရမ်းမောက်မာနေတာ မဟုတ်ဘူးလား....ဘာလို့ မင်းကို သဘောကျတဲ့ ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်မှ မရှိတာလဲ"
ယင်လော့သခင်လေးက ရုတ်တရက် ပြက်ရယ်ပြုပြောဆိုလိုက်၏။
သူသည် အစောပိုင်းက လုယွီ၏ခြေဖြင့်ဆောင့်နင်းခြင်းကို ခံထားရပြီး ပြန်လည်ခုခံနိုင်ခြင်းမရှိသည့်အပြင် သူ မတ်တတ်ထနိုင်ရန်ပင် အတော်ရုန်းကန်ခဲ့ရသည်။
ဤကိစ္စက သူ့အား မျက်နှာပျက်စေသည်။
ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိအချိန်၌ သူက နယ်မြေသခင်ဝူလျန့်၏အမည်ခံတပည့်ဖြစ်သွားရာ သူ မျက်နှာအနည်းငယ်ပြန်ရသွားသည်။
"မင်းက ကောင်းကင်ဘုံနယ်မြေမှာနေတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတော့ လှည့်စားလို့မရဘူးမလား...မင်းက ကောင်းကင်ဘုံအရှင်သခင်ငှါးယူခြင်းနည်းစနစ်ကြောင့်သာ ငါ့ကိုအနိုင်ယူနိုင်တာပါ...မင်းလိုကောင်မျိုးက ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင်လို ဒီနေရာမှာပဲ တသက်လုံးနေရမှာ"
ယင်လော့သခင်လေးက ဆက်လက်၍ ပြက်ရယ်ပြုနေပေ၏။
Chapter 778
လုယွီက ယင်လော့သခင်လေးကို တစ်ချက်သာကြည့်ပြီး မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။သူ ရိုးရိုးသားသားဝန်ခံရလျှင် ဤနေရာသို့ တပည့်လက်ခံရန်လာရောက်ကြသူများအားလုံးအပေါ်တွင် သူ စိတ်ဝင်စားမှုမရှိပေ။
ကောင်းကင်ဘုံနယ်မြေမှနေ၍ ဤနေရာသို့ ရောက်ရှိလာသူအများစုသည် လောကီအင်မော်တယ်သူတော်စင်အဆင့်သာရှိပြီး နယ်မြေသခင်ဝူလျန့်သာလျှင် သီကျန်းနှင့်ယှဥ်ပြိုင်တိုက်ခိုက်နိုင်သော အရည်အချင်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူ ထိုလူနှစ်ယောက်အား ဆရာအဖြစ်အရိုအသေမပြုနိုင်ချေ။တစ်ယောက်သည် သူ၏ရန်သူတော်ဟောင်းဖြစ်ပြီး ကျန်တစ်ယောက်က သူ့အား သစ္စာဖောက်ထားသောသူဖြစ်နေသည်။
အကယ်၍ သူက ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားလျှင်ပင် ထိုသူနှစ်ယောက်အား မည်သည့်နည်းဖြင့် ဆရာဟုအရိုအသေပြုနိုင်မည်နည်း။
"မင်းကိုယ်မင်းသာ ဂရုစိုက်ပါ"
လုယွီက လက်နောက်ပစ်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
လုယွီ မတုန်မလှုပ်ရှိနေသည်ကိုကြည့်ပြီး ယင်လော့သခင်လေး၏စိတ်နှလုံးသားအတွင်းမှ လှောင်ပြောင်သရော်လိုမှုမှာ ပို၍ပင်တိုးပွါးလာသည်။သူ၏အမြင်အရ လုယွီသည် တည်ငြိမ်ဟန်ဆောင်နေခြင်းသာ ဖြစ်ပေမည်။
ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး ပြီးဆုံးခါနီးအချိန်သို့ ရောက်ရှိနေသည့်တိုင် ကောင်းကင်ဘုံနယ်မြေမှ မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်ကမျှ လုယွီအား လာရောက်ရှာဖွေခြင်းမရှိပေ။
"ထွီ...အရင်တုန်းကများ မြင့်မြတ်ချင်ယောင်ဆောင်နေလိုက်တာ...အခုတော့ မင်းအဆင့်ကို မင်းသိပြီမလား...ငါ မင်းအစား ရှက်လိုက်တာ"
ယင်လော့သခင်လေးက အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်၏။
မုန့်ကျူးယွင်ကလည်း သူမ၏ခေါင်းကို ခါယမ်းနေပေသည်။
"ဒီလို နိမ့်ကျတဲ့လူစားမျိုးက...ဒီလိုနေရာမျိုးမှာ မတ်တတ်ရပ်နေနိုင်တာက သူတို့ရဲ့ဘဝမှာ အကြီးမားဆုံးအောင်မြင်မှုဖြစ်မှာပဲ...ရှေ့ဆက်ပြီး သူ ဘာလုပ်နိုင်မှာမလို့လဲ"
သူမက ကျန်းယွမ်၏သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ထို့ထက်မပိုချေ။သေဆုံးသွားသောသူသည် အရေးမပါတော့ပေ။
သူမသည် ကိုးကောင်းကင်ဘုံ၌ ပျံဝဲနိုင်သည့် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံထားရသူဖြစ်ပြီး နောင်တစ်ချိန်တွင် ကောင်းကင်ဘုံနယ်မြေ၌ပင် ထင်ရှားကျော်ကြားလာမည့်သူဖြစ်သည်။
"ထူးဆန်းတယ်...ဘာလို့ ငါ မင်းကို အရင်ကမတွေ့ဖူးပါလိမ့်"
ရုတ်တရက် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က လုယွီ၏ရှေ့သို့ ပျံဝဲ၍ရောက်ရှိလာ၏။
"ငါက နဂါးအသွင်ပြောင်းဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ ကြယ်နယ်မြေသုံးခုကို အုပ်ချုပ်ရတယ်...မင်း ငါနဲ့အတူကျင့်ကြံဖို့ ဆန္ဒရှိလား"
ဤသည်က အစွမ်းထက်သော ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ပေ၏။
လူတိုင်း အံ့အားသင့်ကုန်ကြ၏။ထိုရွှယ်အင်မော်တယ်သည် ကောင်းကင်ဘုံနယ်မြေမှ ဤနေရာသို့ရောက်ရှိနေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သူကိုမျှ တပည့်အဖြစ်ခေါ်ယူခြင်းမရှိပေ။
သူက လုယွီအား တပည့်အဖြစ် ရွေးချယ်လိုသလော။
နဂါးအသွင်ပြောင်းဂိုဏ်းခေါင်းဆောင်၏ပါးစပ် ဖွင့်ဟလိုက်ချိန်တွင် လူတိုင်း၏အကြည့်က လုယွီပေါ်သို့ ကျရောက်လာသည်။
"ငါ အရင်က သူကိုသတိမပြုမိဘူး...ဒါက လွဲချော်မှုကြီးပဲ"
တခြားရွှယ်အင်မော်တယ်တစ်ယောက်ကလည်း ရောက်ရှိလာပေ၏။
အချိန်တခဏအတွင်းမှာပင် လုယွီ၏နံဘေးပတ်လည်သို့ ရွှယ်အင်မော်တယ်အများအပြား ရောက်ရှိလာသည်။
"မင်း...."
ယင်လော့သခင်လေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
အစောပိုင်းကပင် သူ လုယွီအား မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်ကမျှ တပည့်အဖြစ်ခေါ်ယူခြင်းမရှိသည်ကို လှောင်ပြောင်သရော်နေခဲ့၏။ယခုလက်ရှိမြင်ကွင်းက သူ့မျက်နှာအား အားပြင်းပြင်းဖြင့် ဖြတ်ရိုက်ခံရသကဲ့သို့ပင်။
"ဟမ့်...တကယ်လို့ သူ တပည့်အဖြစ်ရွေးချယ်ခံရရင်တောင် ဘာဖြစ်လာမှာမလို့လဲ...သူတို့က နယ်မြေသခင်ဝူလျန့်ရဲ့အဆင့်နဲ့ အရမ်းကွာဟတဲ့ ရွှယ်အင်မော်တယ်လေးတွေပဲ"
လုယွီက သူ၏နံဘေးပတ်လည်ရှိ ကောင်းကင်ဘုံနယ်မြေမှလူများကိုကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"ကျွန်တော်က အကြီးအကဲတွေဆီကနေ သင်ယူစရာ ဘာမှမရှိဘူး"
သူ ဟုတ်တိုင်းမှန်ရာကို ဆိုခြင်းပင်။
သူ၏စိတ်ဝိညာဥ်စွမ်းအားများသည် ယခုလက်ရှိနေရာသို့ရောက်နေသော ရွှယ်အင်မော်တယ်များထက် ပို၍အားကောင်းသည်။
"ဘာလဲ...သူ ငြင်းဆန်လိုက်တာလား"
အာမေဋိတ်သံများက ကမ္ဘာငယ်လေး၏အတွင်းရော အပြင်ပါမကျန် နေရာအနှံ့မှ ထွက်ပေါ်လာသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်သည် ထိုင်နေရာမှ ရုတ်တရက် ခုန်ထလိုက်၏။
"အဲ့ဒီကောင်လေး ဘာတွေစဥ်းစားနေတာလဲ...တကယ်လို့ သူသာ ဒီအခွင့်အရေးကိုလက်ခံလိုက်ရင် ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်ရဲ့လက်အောက်မှာ သင်ယူခွင့်ရမှာလေ...ဒါက သူ့အတွက် အကျိုးကျေးဇူးအများကြီးရလိမ့်မယ်"
အကြီးအကဲရှင်းက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေရင်းမှ အပြုံးနှင့်ပြောဆိုလေသည်။
"ဂိုဏ်းခေါင်းဆောင်...စိတ်မလောပါနဲ့အုံး...သူ့မှာလည်း သူ့ဆုံးဖြတ်ချက်နဲ့သူ ရှိနေမှာပါ"
လုယွီက ရွှယ်အင်မော်တယ်များအားလုံး၏ကမ်းလှမ်းမှုများကို ပယ်ချလိုက်သည်။
ယင်လော့သခင်လေးသည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ လုယွီကိုကြည့်ပြီး သရော်တော်တော်ပြောဆိုလေ၏။
"ရည်ရွယ်ချက်ကတော့ မြင့်မားလွန်းတယ်...နောင်တစ်ချိန်ကျရင် ဒီကိစ္စကို မင်း နောင်တရနေလိမ့်မယ်"
"အဲ့ဒီကောင်လေးက ဘယ်သူလဲ"
တိုးညှင်းပြီးနက်ရှိုင်းသောအသံတစ်သံက ယင်လော့သခင်လေး၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ယင်လော့သခင်လေးက နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏ဆရာသခင်ဖြစ်သော နယ်မြေသခင်ဝူလျန့်အား တွေ့မြင်မိသည်။သူက ချက်ချင်းပင် အပြုံးနှင့်ပြောဆိုလိုက်၏။
"ဆရာသခင်...အဲ့ဒီကောင်လေးက အမှိုက်ကောင်တစ်ကောင်ပါ...သူက ကောင်းကင်ဘုံအရှင်သခင်ငှါးယူခြင်းနည်းစနစ်ကိုအသုံးပြုမှသာ တပည့်ကိုယှဥ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တယ်"
နယ်မြေသခင်ဝူလျန့်က ယင်လော့သခင်လေးကို အာရုံစိုက်ခြင်းမရှိဘဲ လုယွီကိုသာ စူးစိုက်ကြည့်နေသည်။
ရုတ်တရက် နယ်မြေသခင်ဝူလျန့်က ဖျတ်ခနဲ လုယွီအနီးသို့ ရောက်ရှိလာ၏။
"မင်း ငါ့ရဲ့တိုက်ရိုက်တပည့်ဖြစ်ဖို့ ဆန္ဒရှိလား"
နယ်မြေသခင်ဝူလျန့်က အလေးအနက်ထားသော လေသံဖြင့် မေးမြန်းလေသည်။
Chapter 779
ယင်လော့သခင်လေး၏မျက်နှာထက်၌ မူလကရှိနေသော ဂုဏ်ယူဝင့်ကြွားနေသောအပြုံးသည် ရုတ်တရက်အေးခဲသွားပေ၏။
"ဆရာသခင်...လူများ မှားနေသလား...အဲ့ဒီကောင်က ကောင်းကင်ဘုံအရှင်သခင်ငှါးယူခြင်းနည်းစနစ်ကို အသုံးပြုခဲ့လို့သာ ခွန်အားကြီးနေတယ်ထင်ရတာ...တကယ်တမ်းတော့ သူက အမှိုက်ကောင်တစ်ကောင်ပဲ...ဆရာသခင်ရဲ့တိုက်ရိုက်တပည့်ဖြစ်ဖို့ သူက ဘယ်လိုလုပ်ပြီး အရည်အချင်းရှိမှာလဲ"
ယင်လော့သခင်လေးက အလွန်ပင်အံ့အားသင့်နေသည်။ရုတ်တရက် သူ့အား စူးရဲသောအကြည့်တစ်ချက် ထွင်းဖောက်သွားခြင်းကို သူ ခံစားမိသည်။
"မင်းရဲ့ညွှန်ကြားမှုကို ငါ လိုအပ်လို့လား"
နယ်မြေသခင်ဝူလျန့်၏အသံက အေးစက်တင်းမာနေသည်။
ယင်လော့သခင်လေး၏နဖူးမှနေ၍ ချွေးစေးများကျလာပြီး သူက ခေါင်းကိုအောက်ငုံကာ အလျှင်အမြန်ပြောဆိုလိုက်၏။
"ကျွန်တော် မလုပ်ဝံ့ပါဘူး"
နယ်မြေသခင်ဝူလျန့်က ယင်လော့သခင်လေးကို လျစ်လျှူရှုပြီး လုယွီအားကြည့်ကာ အပြုံးနှင့်ပြောဆိုလေသည်။
"ဒီနေရာမျိုးမှာ အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းတုံးလေးတစ်တုံးရှိနေတာ ငါ အရင်က သတိမထားမိဘူး..ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးပါရစေ...ငါ့နာမည်က ချန်ရှောင်..နယ်မြေသခင်ဝူလျန့်ပဲ...ငါက ကြယ်နယ်မြေထောင်ပေါင်းများစွာကို အုပ်ချုပ်ရတယ်...မင်း အခုလက်ရှိရှိနေတဲ့ ကြယ်နယ်မြေကလည်း ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်"
နယ်မြေသခင်ဝူလျန့်၏စကားဆုံးချိန်တွင် အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။သူတို့က နယ်မြေသခင်ဝူလျန့်၏အဆင့်အတန်း နိမ့်ပါးမှုမရှိသည်ကို ခန့်မှန်းမိသော်လည်း ဤမျှထိမြင့်မားမည်ကို မျှော်လင့်မထားမိကြချေ။
သူတို့ခြေဖဝါးအောက်ရှိ ကြယ်နယ်မြေသည်ပင် အလွန်ကျယ်ပြန့်သည်ဟု ဆိုနိုင်သည်။ဤကြယ်နယ်မြေပေါ်၌ အလွန်ကျယ်ဝန်းသော အလယ်ပိုင်းကုန်းမြေအပြင် စွန့်ပစ်နယ်မြေရှစ်ခုနှင့် တခြားလူမသိသူမသိ နယ်မြေအများအပြားတည်ရှိသည်။
ကြယ်နယ်မြေထောင်ပေါင်းများစွာ အုပ်ချုပ်ရသူသည် မည်မျှထိအစွမ်းထက်သောပုဂ္ဂိုလ်ဖြစ်နေသနည်း။
"ဒါက ငါတို့လင်ရှောင်းဂိုဏ်း ပြန်ထွန်းတောက်တော့မယ့် အချိန်လား"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး အနည်းငယ်နောင်တရနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာမှာရှိတဲ့ ပါရမီရှင်က ငါတို့ဂိုဏ်းကိုရောက်နေပေမယ့်...ငါ မမြင်ခဲ့မိဘူး"
"မင်းဘယ်လို သဘောရှိလဲ"
နယ်မြေသခင်ဝူလျန့်က အပြုံးနှင့် မေးမြန်းလေသည်။
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။
"ဘယ်လိုမှစဥ်းစားစရာ မလိုပါဘူး...စီနီယာက တခြားတစ်ယောက်ကိုသာ ရွေးချယ်လိုက်ပါ"
ချန်ရှောင်သည် အတိတ်တုန်းက သူ မြှင့်တင်ပေးခဲ့သောလူတစ်ယောက်သာဖြစ်သည်။သူသည် လုယွီ၏သစ္စာရှိနောက်လိုက်ခွေးမဟုတ်ဘဲ အင်အားကြီးသူ၏သစ္စာရှိနောက်လိုက်ခွေးသာဖြစ်ပေ၏။
ချန်ရှောင်ကဲ့သို့လူစားမျိုးသည် အစွမ်းထက်ဆုံးလူလက်အောက်၌ ခိုဝင်လေ့ရှိသည်။သူက ထိုနေရာအားရရှိရန် နည်းလမ်းပေါင်းစုံအသုံးပြု၍ တခြားသူများအား ဖယ်ထုတ်ပေမည်။
လုယွီသည် ချန်ရှောင်က မည်သည်ကြောင့် သူ့အား တပည့်အဖြစ်ရွေးချယ်ခဲ့ခြင်းကို ကောင်းစွာသိရှိထားသည်။
ချန်ရှောင်၏စရိုက်သဘာဝသည် အလွန်မြင့်မားပြီးပြင်းပြသော ရည်မှန်းချက်ရှိပြီး သူ၏တပည့်များအားလုံးနီးပါးသည် သူအသုံးချမည့် လက်နက်များသာဖြစ်ပေ၏။
ချန်ရှောင် တပည့်လက်ခံသည့်အချိန်တိုင်း ထိုတပည့်အား ကျေးကျွန်အမှတ်အသားခတ်နှိပ်ပြီး သူ၏အထူးကျင့်စဥ်နည်းစနစ်တစ်ခုကို လေ့ကျင့်ခိုင်းလေသည်။
ထိုလူတို့၏ကျင့်ကြံမှုသည် အလွန်လျှင်မြန်စွာ တိုးတက်လာသည့်တိုင် သူတို့၏အသက်စွမ်းအားမှာမူ အပြင်းအထန်ယုတ်လျော့သွားကုန်၏။
သူတို့၏ကျင့်ကြံဆင့် အတော်အတန်မြင့်မားလာချိန်တွင် ချန်ရှောင်သည် ကျေးကျွန်အမှတ်အသားမှတစ်ဆင့် ထိုတပည့်၏စိတ်ဝိညာဥ်ကို ဝါးမြိုပြီး သူ၏ကျင့်ကြံဆင့်ကို တိုးမြှင့်စေသည်။
ထိုကဲ့သို့ကျင့်ကြံနည်းစနစ်မျိုးသည် အလွန်ရက်စက်ကြမ်းကြုတ်သဖြင့် နောက်ပိုင်း၌ လုယွီ၏တင်းကြပ်သောစည်းမျဥ်းများအောက်၌ ချန်ရှောင်သည် ထိုနည်းစနစ်အား ရပ်နားခဲ့ရ၏။
သို့ရာတွင် လုယွီ သေဆုံးသွားပြီးချိန်တွင်မူ ချန်ရှောင်က ထိုနည်းစနစ်အား ပြန်လည်လေ့ကျင့်နေခြင်းမှာ သိသာထင်ရှားသည်။
"မင်း သိရဲ့လား...ငါက ဒီနယ်မြေရဲ့အုပ်ချုပ်သူပဲ...တကယ်လို့ မင်း ငါ့ကို ငြင်းပယ်လိုက်မယ်ဆိုရင်..မင်းရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး"
နယ်မြေသခင်ဝူလျန့်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ကျွန်တော် ဆန္ဒမရှိလို့ပါ"
လုယွီက တည်ငြိမ်စွာပြောဆိုလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ လှောင်ပြောင်သရော်နေမိသည်။
အကြောင်းအရင်းမှာ လုယွီ ကျင့်ကြံနေသောနည်းစနစ်သည် အတိတ်ဘဝတုန်းက သူကိုယ်တိုင်ဖန်တီးခဲ့သော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ဖြစ်ပြီး မည်သူ၏ထိန်းချုပ်မှုကိုမှမခံရနိုင်သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
ယခင်က လုယွီသည် မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်ရန်ရည်ရွယ်ချက်ဖြင့် နယ်မြေသခင်ဝူလျန့်အား မပြည့်စုံသောနဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ကို ပေးအပ်ခဲ့ဖူးသည်။
အကယ်၍သာ နဂါးကိုးကောင်အာဏာရှင်နည်းစနစ်ကို အပြည့်အဝနားလည်သွားပါက နယ်မြေသခင်ဝူလျန့်သည် သူ၏လက်ရှိကျင့်ကြံဆင့်ကို လွယ်လင့်တကူ ချိုးဖျက်နိုင်ပေမည်။
"နယ်မြေသခင်ဝူလျန့်...ငါလည်း ဒီကောင်လေးကို သဘောကျတယ်...သူ့ကို ငါ့ဆီပေးပါလား...မင်း ဘယ်လိုသဘောရလဲ"
ခက်ထန်ကြမ်းတမ်းသောအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအသံပိုင်ရှင်က သီကျန်းဖြစ်ပြီး သူက လုယွီကို တပည့်အဖြစ်ခေါ်ယူရန် ကြံရွယ်နေခြင်းပင်။
"ဗိုလ်ချုပ်...သူက ငါ့အတွက်အရမ်းအရေးကြီးတယ်...မင်း ငါနဲ့ယှဥ်ပြီး တပည့်တစ်ယောက်ကို မလုဘူးလို့ ငါ ထင်တာပဲ"
နယ်မြေသခင်ဝူလျန့်၏အသံက အေးစက်တင်းမာနေပေ၏။ဤအချိန်တခဏတွင် သူက ရန်သူတစ်ယောက်နှင့် ဆုံတွေ့ရသကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်နေသည်။
Chapter 780
ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်က လုယွီအား တပည့်အဖြစ်ခေါ်ယူရန် လုနေကြသလော။
ယင်လော့သခင်လေး၏မျက်လုံးများ ပြူးကျယ်နေပြီး သူတစ်ကိုယ်တည်း တီးတိုးပြောဆိုနေလေ၏။
"မဟုတ်ဘူး...ကျုပ်ကသာ အစစ်အမှန်ပါရမီရှင်လေ...ဘာလို့ ခင်ဗျားတို့ ကျုပ်ကိုမမြင်ကြတာလဲ"
သူက အမည်ခံတပည့်သာ ဖြစ်ခဲ့သော်လည်း နယ်မြေသခင်ဝူလျန့်က လုယွီအား တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုနေသည်။
ဤအဆင့်တန်းနှစ်ခုသည် မိုးနှင့်မြေတမျှ အလွန်ကွဲပြားခြားနားပြီး နှိုင်းယှဥ်ရန်ပင် မဖြစ်နိုင်ချေ။
သီကျန်းက ပြောဆိုလိုက်၏။
"ငါက ငါ့နောက်လိုက်ရဲ့မျိုးဆက်ကို တပည့်အဖြစ်လက်ခံခဲ့ပေမယ့် စိတ်ကျေနပ်မှုမရခဲ့ဘူး...ဒီလိုမျိုးစေ့ကောင်းလေးကို ငါ တွေ့မိမှတော့ မင်း သူ့ကိုဖျက်ဆီးပစ်မှာကို ငါ ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်မှာလဲ"
"သီကျန်း...."
နယ်မြေသခင်ဝူလျန့်က စူးရှရှအော်ဟစ်လေသည်။
"မင်း ငါနဲ့ ရန်သူဖြစ်ချင်နေတာလား"
"မင်းနဲ့ရန်သူဖြစ်တော့ရော ဘာဖြစ်လဲ...မင်းက ခွေးတစ်ကောင်ပဲလေ...မြေအောက်လောကတာအိုသခင်ရှိစဥ်တုန်းက မင်းက သူ့ရဲ့ကျွန်တစ်ယောက်ပဲလေ...အခုလက်ရှိအချိန်မှာ မင်းက ကောင်းကင်ဘုံအင်ပါယာရဲ့ကျွန်တစ်ယောက်...မင်းလိုကောင်က ငါ့ကိုပြန်ဟောင်ရဲတယ်လား"
သီကျန်းက နယ်မြေသခင်ဝူလျန့်အား အရေးစိုက်ပုံမရချေ။
"မင်း သေချင်နေတာလား"
ဤစကားလုံးသည် သူ့အား ထေ့ငေါ့သောစကားဟု ယူဆနိုင်သည်။နယ်မြေသခင်ဝူလျန့်သည် အလွန်ဒေါသထွက်သွားပြီး သူ၏လက်ကိုမြှောက်ကာ သီကျန်းအား စတင်တိုက်ခိုက်လိုက်၏။
သူတို့နှစ်ယောက်လုံးအား အရိပ်အဖြစ်သာ တွေ့မြင်နေရသည်။သူတို့နှစ်ယောက် တိုက်ခိုက်နေစဥ်တွင် လေပြင်းမုန်တိုင်းတစ်ခုက အစပျိုးလာပြီး ကျောက်တုံးစင်မြင့်ပေါ်၌ မူလက မတ်တတ်ရပ်နေသူများကို နံဘေးဝဲယာသို့ လွင့်ထွက်သွားစေသည်။
လုယွီက ထိုမြင်ကွင်းကို အေးစက်တင်းမာစွာ ကြည့်နေလေ၏။
သူတို့နှစ်ယောက်မှ တစ်ယောက်သည် သူ၏အတိတ်ဘဝက ရန်သူတော်ဟောင်းဖြစ်ပြီး တခြားတစ်ယောက်က သူ့အားသစ္စာဖောက်သွားသူဖြစ်သည်။အကယ်၍ ထိုသူနှစ်ယောက်လုံး အတူတကွသေဆုံးသွားလျှင်ပင် လုယွီ၏စိတ်နှလုံးသား မည်သို့မျှလှုပ်ခတ်မှုရှိမည်မဟုတ်ပေ။
"မိတ်ဆွေလေး...ငါနာမည်က ဖူကျစ်...ငါက ဒီနေရာကို ငါ့ဆရာသခင်ကိုယ်စား တပည့်လက်ခံပေးဖို့လာခဲ့တာ...မင်းက ကွန်ဖြူးရှပ်တာအိုကျင့်ကြံပုံရတယ်လို့ ငါ ထင်တယ်...မင်း ငါနဲ့အတူ ကွန်ဖြူးရှပ်တာအိုကျင့်ကြံဖို့ဆန္ဒရှိလား"
အဖြူရောင်ဝတ်စုံနှင့်ဖူကျစ်က လုယွီထံသို့ လျှောက်လှမ်းလာပြီး ပြောဆိုလေ၏။
လုယွီက အကြီးအကျယ်အံ့အားသင့်သွားသည်။သူက သူ၏အရှိန်အဝါကို အလွန်အမင်းထိန်းချုပ်ထားသည့်တိုင် ဖူကျစ်၏အမြင်ကို ရှောင်လွှဲနိုင်ခြင်းမရှိပေ။
လုယွီက အချိန်တခဏကြာ တွေးတောပြီးနောက် ပြောဆိုလိုက်သည်။
"ကောင်းပါပြီ...ကျွန်တော်က သူတော်စင်ရဲ့နောက်ကိုလိုက်ပြီး ကွန်ဖြူးရှပ်တာအိုကျင့်ကြံဖို့ ဆန္ဒရှိပါတယ်"
ဖူကျစ်က ဝမ်းသာလုံးဆို့သွားပေ၏။
"ကောင်းလိုက်တာ...ဂျူနီယာညီလေးက တကယ့်ကို တဲ့တိုးသမားပဲ...ဒါက ငါ့ဆရာသခင်ရဲ့ သင်္ကေတတံဆိပ်ပြားဖြစ်ပြီးတော့...တံဆိပ်ပြားထဲမှာ ဆရာသခင်ရဲ့နတ်ဘုရားစိတ်အာရုံတစိုးတစိပါဝင်တယ်...ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာချိန်ကျရင် မင်း ဒီတံဆိပ်ပြားထဲကို မင်းရဲ့မှော်စွမ်းအင်ထည့်သွင်းလိုက်တာနဲ့...ငါက ချက်ချင်းအာရုံခံနိုင်ပြီးတော့ မင်းကို လာခေါ်မယ်"
ထို့နောက်တွင်မူ ဖူကျစ်က သူ၏မျက်လုံးများကိုစုံမှိတ်၍ အချိန်တခဏကြာ တွေးတောဆင်ခြင်နေသည်။သူက သူ၏သိုလှောင်အိတ်အတွင်းမှ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး လုယွီထံ ပေးအပ်လိုက်၏။
"ဒီကဗျာစာအုပ်က အရင်တုန်းက ငါ့ကို ဆရာသခင်က ပေးထားခဲ့တာ...စာအုပ်ထဲက အကြောင်းအရာတွေအားလုံးကို ဆရာသခင်ကိုယ်တိုင် ရေးသားထားခဲ့တာ...ဒီစာအုပ်က တစ်ခါသုံးဖြစ်ပေမဲ့ တိုက်ပွဲနဲ့မင်း ကြုံတွေ့ရမယ်ဆိုရင် မင်းဘက်ကနေတိုက်ခိုက်ပေးမယ့် စစ်သည်ထောင်ပေါင်းများစွာကို ဆင့်ခေါ်နိုင်မယ်...ဂျူနီယာညီငယ်လေး..ငါ ဘာမှ မင်းအတွက် ကြိုတင်ပြင်ဆင်မလာမိလို့ ဒီစာအုပ်ကိုပဲ အရင်ဆုံးလက်ခံထားလိုက်ပါ"
စာအုပ်ကိုကိုင်ဆောင်ထားသော လုယွီသည် ၎င်း၏လေးလံမှုကို ခံစားမိသည်။တစ်ချိန်တည်းမှာပင် သူ၏စိတ်အတွင်း၌ နွေးထွေးမှုကို ခံစားမိပေ၏။ဖူကျစ်က ပေါ့ပေါ့ပါးပါးပြောဆိုနေသော်လည်း ဤကဲ့သို့ရတနာစာအုပ်မျိုးသည် လွယ်လင့်တကူရေးသား၍ရသောအရာမဟုတ်ချေ။စာအုပ်အတွင်းရှိ စာလုံးတိုင်းတွင် သူတော်စင်တစ်ယောက်၏ အစွမ်းထက်သော သွေး ချွေးများ ပါဝင်နေသည်။
ကောလဟာလများအရ သူတော်စင်တစ်ယောက်ပင်လျှင် ဤကဲ့သို့စာအုပ်မျိုးရေးသားရန် အလွန်ခက်ခဲပေရာ ၎င်းသည်အလွန်အဖိုးတန်ရှားပါးသော ရတနာဖြစ်ပေ၏။
လုယွီက စိတ်ရောကိုယ်ပါ ပြောဆိုလိုက်သည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်"
ဖူကျစ်က ဝမ်းသာပီတိဖြစ်စွာဖြင့်..
"အဲ့ဒီလိုတွေပြောဖို့ မလိုအပ်ပါဘူး...မင်းနဲ့ငါက ဆရာတူ ညီအကိုတွေဖြစ်နေပြီလေ...ဒီလို လောကီပစ္စည်းတွေက စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး"ဟုဆိုလေသည်။
စကားဆုံးသည်နှင့် ဖူကျစ်က ကောင်းကင်ယံ၌တိုက်ခိုက်နေကြသူနှစ်ယောက်အား အော်ဟစ်ပြောဆိုလိုက်တော့သည်။
"ဗိုလ်ချုပ်သီ...နယ်မြေသခင်ဝူလျန့်...ဒီဂျူနီယာလေးကို ကျွန်တော်တို့ဝမ်ယွမ်ခန်းမဆောင်ရဲ့တပည့်အဖြစ် လက်ခံလိုက်ပြီ"
ကောင်းကင်ယံ၌ တိုက်ခိုက်နေဆဲဖြစ်သောလူနှစ်ယောက် ချက်ချင်းပင် ရပ်တန့်သွားပေ၏။
သီကျင်းက ဖူကျစ်ကို တစ်ချက်ကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။သူက ရထားလုံးအတွင်းသို့ တိုက်ရိုက်ဝင်သွားပြီး ဤနေရာမှ ထွက်ခွါသွားတော့သည်။
နယ်မြေသခင်ဝူလျန့်၏မျက်နှာဖုံးအောက်မှ မျက်လုံးတစ်စုံတွင်မူ မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူက လုယွီအားစိုက်ကြည့်ပြီး အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်၏။
"ငါ မင်းကို မှတ်ထားမယ်"
အစောပိုင်းက လုယွီကို တပည့်အဖြစ်လက်ခံလိုကြသော ရွှယ်အင်မော်တယ်တစ်စုသည်လည်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားတော့သည်။
ဤအချိန်တွင် မိုးကောင်းကင်ယံတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူမျှရှိမနေတော့ချေ။