← Chapters

အခန်း (၇၈၆-၇၉၀)

Vol. 43 Ch. 786-790

အခန်း (၇၈၆-၇၉၀)

Vol. 43 Ch. 786-790

Chapter 786

အချိန်တခဏအတွင်းမှာပင် ကောင်းကင်နန်းတော်ပြိုင်ပွဲကျင်းပရါတောင်ထိပ်၏ နံဘေးပတ်လည်၌ ရှေးဟောင်းနတ်ဆိုး ရာနှင့်ချီ၍ ထပ်မံထွက်ပေါ်လာပြန်၏။

လင်ရှောင်းဂိုဏ်းအကြီးအကဲများသည် ရုတ်တရက် နှစ်ဆတိုးလာသောဖိအားကို ခံစားရပြီး တချို့မဟာအကြီးအကဲများ၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားသည်။

ဝုန်း...ဝုန်း...ဝုန်း...

မြေပြင်တစ်ခုလုံး အပြင်းအထန်တုန်ခါနေပေ၏။တချို့လူများသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားမိပြီး ရှေ့သို့တန်းတန်းမတ်မတ်မကြည့်ဝံ့တော့ချေ။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဆိုးများသည် တောင်ထိပ်နှင့် တစတစနီးကပ်လာပေ၏။

ရှေးဟောင်းနတ်ဆိုးများ နီးကပ်လာသည်နှင့်အမျှ လူအများက အရိုးကွဲလုမတက် ချမ်းစိမ့်မှုကိုခံစားမိပြီး သူတို့၏စိတ်နှလုံးသားများ တုန်ခါလာသည်။

"ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ...ဘာလို့ ဒီနေရာမှာ ငါတို့ပါ ပိတ်မိနေရတာလဲ"

"ငါတို့ကို သွားခွင့်ပြုပါ...ဒီကိစ္စက လင်ရှောင်းဂိုဏ်းနဲ့ပဲဆိုင်တာ...ငါတို့နဲ့ ဘာမှမဆိုင်ဘူး"

တခြားအင်အားစုမှ ကျင့်ကြံသူများသည် ကြောက်စိတ်မွှန်စွာဖြင့် အော်ဟစ်နေကြ၏။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ငါ့ရဲ့ကတိစကားက မပြောင်းလဲသေးဘူး...တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီမိန်းကလေးကို သတ်နိုင်မယ်ဆိုရင်...ငါက အဲ့ဒီလူကို အလွတ်ပေးရုံတင်မက ကောင်းကင်ဘုံနယ်မြေကိုလည်း ခေါ်ဆောင်သွားမယ်...ငါ့ရဲ့ကတိစကားက နင်တို့အပေါ် မူတည်တယ်"

ထိုစကားသံထွက်ပေါ်လာသည်နှင့် ဤနေရာမှထွက်ခွါရန် ဟန်ပြင်နေကြသူများ ချက်ချင်း ရပ်တန့်သွားပေ၏။

အချိန်တခဏအကြာမှာပင် မူလက လူများ၏ကြောက်စိတ်မွှန်နေသောစိတ်ကို လောဘစိတ်က ထပ်မံ၍ အနိုင်ယူသွားပြန်သည်။

ဂိုဏ်းကြီးများမှ တချို့အကြီးအကဲများပင်လျှင် သူတို့၏မျက်လုံးများ တောက်ပလာပြီး အလွန်အမင်းစိတ်လှုပ်ရှားနေကြ၏။

သူတို့က ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာချိန်၌ နေရာရရန် အသေအကြေကြိုးစားရပေမည်။သို့ရာတွင် သူတို့ရှေ့ရှိ အစွမ်းထက်ပုဂ္ဂိုလ်က သူတို့အား ကောင်းကင်ဘုံနယ်မြေသို့ ခေါ်ဆောင်သွားမည်ဟု ဆိုပေရာ သူတို့အတွက် ကိစ္စတော်တော်များများကို သက်သာစေသောကမ်းလှမ်းချက်ပင်။

"သေစမ်းကွာ...ငါ လင်ရှောင်းဂိုဏ်းကို အပြစ်ပြုမိရင်တောင်...ငါ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်မယ့်ကိစ္စနဲ့ယှဥ်ရင် လင်ရှောင်းဂိုဏ်းက အရေးမပါတော့ဘူး"

"ငါတို့အားလုံး တိုက်ခိုက်ကြစို့"

တစ်စုံတစ်ယောက်က စတင်၍လှုပ်ရှားလိုက်သည်နှင့် တခြားသူများကလည်း နောက်မှလိုက်ပါသွားကြတော့သည်။

ရုတ်ချည်းဆိုသလိုပင် တလိမ့်လိမ့်တက်နေသော လူလှိုင်းလုံးကြီးက ပိုင်ဆုချင်အား သတ်ဖြတ်ရန် ရောက်ရှိလာကြ၏။

"သေချင်နေကြတာလား"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပြီး သူ၏အကြည့်က မိုးကောင်းကင်ယံတွင်ရှိနေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပုံရိပ်ယောင်ထံသို့ ကျရောက်နေသည်။

အင်အားစုများမှကျင့်ကြံသူများသည် အလွန်များပြားပေရာ အကယ်၍ သူက ထိုလူများအားလုံးကို သတ်ဖြတ်လိုလျှင်ပင် အချိန်တိုအတွင်းမဖြစ်နိုင်ချေ။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပုံရိပ်ယောင်အား ဖယ်ရှားရှင်းလင်းပစ်ခြင်းကသာလျှင် ဤကိစ္စအား အမှန်တကယ်ဖြေရှင်းနိုင်ပေမည်။

"ငါ တော်တော်သိချင်နေပြီ...နင်လို နိမ့်ကျတဲ့ကြယ်နယ်မြေက ပုရွက်ဆိတ်လေးတစ်ကောင်က နတ်ဆိုးချိတ်ပိတ်သူနဲ့ ဘယ်လိုသိကြလဲဆိုတာကို"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံက ရုတ်တရက် အေးစက်တင်းမာစပြုလာပြီး သူမ၏မျက်လုံးအကြည့်က အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ပုံ ပေါ်လွင်လာသည်။

"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာအမှန်ဆိုရင်...နင်က မြေအောက်လောကကိုအုပ်ချုပ်တဲ့ တာအိုသခင်ပဲဖြစ်ရမယ်...ခစ် ခစ်...အင်္သချေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ အစွမ်းထက်ဆုံးတာအိုသခင်လို့ကျော်ကြားတဲ့နင်က ဒီအခြေအနေထိနိမ့်ကျသွားမယ်လို့ ငါ ထင်မထားမိဘူး"

"တကယ်လို့ ငါသာ နင့်ရဲ့သတင်းကို နင့်ရဲ့ရန်သူတော်တွေကို ပြောလိုက်မယ်ဆိုရင်...သူတို့ ဘယ်လိုတုံ့ပြန်မယ်လို့ နင် ထင်လဲ"

လုယွီ၏မျက်လုံးအကြည့်က ချက်ချင်းပင် အေးစက်တင်းမာသွားသည်။ဤနတ်ဆိုးအိုမကြီးက အချိန်အကြာကြီး ကျော်ကြားခဲ့သည်မှာ အကြောင်းမဲ့ဟုတ်ပုံမရချေ။

"တိုက်ခိုက်ကြတာပေါ့"

လုယွီက ခပ်သဲ့သဲ့ပြောဆိုပြီးနောက် သူ၏ပုံရိပ်က ချက်ချင်းပင် ရွေ့လျားသွားသည်။

"ခစ် ခစ် ခစ်...နင့်ကိုယ်နင်လည်း ပြန်ကြည့်ပါအုံး...အခုချိန်မှာ နင့်ရဲ့နိမ့်ကျနေတဲ့အခြေအနေနဲ့ ..နင့်ကိုယ်နင် အစွမ်းထက်တယ်လို့ ထင်နေတုန်းပဲလား...အိမ်မက်မက်မနေနဲ့"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ပို၍ပင် ရဲတင်းလာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်လုယွီတို့ကြားရှိ စကားပြောဆိုနေမှုသည် သီးသန့်လေဟာနယ်အတွင်း ဆက်သွယ်နေကြသဖြင့် တခြားသူများက ကြားနိုင်ခြင်းမရှိချေ။

လုယွီ၏အဖြူရောင်ဝတ်စုံသည် နှင်းပွင့်ကဲ့သို့ဖြူဆွတ်နေပြီး သူက ဓားရှည်ဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား ချိန်ရွယ်ထားပေ၏။သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာသည်။

တာအိုသခင်အဆင့်၏စိတ်ဝိညာဥ်ကြောင့် ပတ်ဝန်းကျင်မှလေဟာနယ်ပင် တွန့်လိမ်စပြုလာပေ၏။လုယွီ၏လက်အတွင်းရှိ ဓားရှည်မှနေ၍ ပူပြင်းတောက်လောင်သော မီးတောက်များထွက်ပေါ်လာပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံသို့ တိုးဝင်သွားသည်။

ဤအချိန်တခဏတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသော အနီရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မီးတောက်များ၏ဝိုင်းရံခြင်းကို ခံထားရ၏။

"ဟား ဟား ဟား...ဒါက တကယ့်ကို တာအိုသခင်အဆင့်ရဲ့စိတ်ဝိညာဥ်ပဲ...တကယ်လို့ ငါသာ နင့်ကိုဝါးမြိုနိုင်မယ်ဆိုရင်...ငါက အကန့်အသတ်မဲ့စကြာဝဠာဆီကို ပြန်သွားနိုင်မှာသေချာတယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရယ်မောနေပြီး သူမ၏ဆံပင်ရှည်များသည် လေထုအတွင်း၌ ရေတံခွန်ကဲ့သို့ဖြာကျပြီး လူးလွန့်နေသည်။

Chapter 787

ရှဲ...ရှဲ

မီးလောင်ကျွမ်းနေသော အသံများ ရံဖန်ရံခါ ကြားနေရပြီး ညှော်နံများကလည်း နေရာအနှံ့ပျံနှံ့နေသည်။

အဆုံးအစရှိပုံမရသော ဆံပင်ရှည်များက ရွှေရောင်မီးတောက်များကိုဖြတ်သန်း၍ လုယွီထံသို့ တိုးဝင်လာပေ၏။

ထိုဆံပင်ရှည်များသည် စူးရှသောဓားသွားများနှင့်တူညီပြီး လုယွီအား ထွင်းဖောက်သွားတော့မယောင်ပင်။

"အားနည်းတယ်...အားနည်းလိုက်တာ...နင်က နယ်မြေတွင်အားလုံးကိုတုန်ခါစေတဲ့ မြေအောက်လောကမဟုတ်တော့ဘူးပဲ...နင့်ရဲ့ကံကြမ္မာက ငါ့အတွက်တော့ စိတ်ကျေနပ်စရာကောင်းတယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အားရပါးရရယ်မောနေပြီး မီးတောက်များက သူမကို အကျိုးသက်ရောက်ပုံမပေါ်ချေ။

သူမက ကိုယ်ပွါးသက်သက်ဖြစ်သော်လည်း ယခုလက်ရှိ လုယွီ၏အခြေအနေဖြင့် ခုခံတိုက်ခိုက်နိုင်မည့်သူမျိုး မဟုတ်ချေ။

လုယွီက ဤကိစ္စကို လျစ်လျှူရှုထားပြီး သူ၏လက်မှ ခေါင်းဖြတ်ဓားကိုကိုင်မြှောက်ပြီး ထပ်မံ၍ခုတ်ပိုင်းလိုက်ရာ မြောက်များစွာသောဓားချီများက အဘက်ဘက်သို့ပျံ့နှံ့သွားတော့သည်။

ဆံပင်ရှည်များသည် ဓားချီများဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရသော်လည်း အဆက်မပြတ်ပြန်လည်ရှည်ထွက်လာကာ မည်သို့မျှဖျက်ဆီးနိုင်မည့်ပုံမရချေ။

"ဒါဆိုလည်း ကြိုးစားကြည့်တာပေါ့"

လုယွီ၏မျက်နှာအမူအယာသည် အလွန်အမင်းတည်ငြိမ်အေးဆေးနေသော်လည်း သူ၏လက်ညှိုးထိပ်မှနေ၍ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ထိုရွှေရောင်မီးတောက်ကို ကြည့်ရသည်မှာ တခြားမီးတောက်များကဲ့သို့ ရုန့်ရင်းကြမ်းတမ်းပုံမရဘဲ လေအေးတစ်ချက်တိုက်ခိုက်သည်နှင့် အချိန်မရွေးငြိမ်းသေသွားမည့်ပုံ ပေါ်လွင်နေသည်။

သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိုမီးတောက်ကိုမြင်သည်နှင့် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

"အုပ်ချုပ်သူအရှင်သခင်အဆင့် မူလဘူတမီးတောက်"

အုပ်ချုပ်သူအရှင်သခင်နယ်ပယ်သည် တာအိုသခင်နယ်ပယ်ထက်ပင် ပို၍မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်ဖြစ်သည်။

"နင်ရဲ့လက်ထဲမှာ ဒီလိုရတနာမျိုးတောင်ရှိနေတယ်ပေါ့...နင်က တကယ်ကို သေသင့်တယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နောက်လှည့်၍ ထွက်ခွါလိုက်တော့၏။

အုပ်ချုပ်သူအရှင်သခင်မူလဘူတမီးတောက်အောက်တွင် သူမက လုယွီအား အနိုင်တိုက်ခိုက်ရန် ယုံကြည်ချက်မရှိပေ။

သို့ရာတွင် အကယ်၍ သူမကသာ အင်္သချေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိ အစွမ်းထက်ပုဂ္ဂိုလ်များအား ဤအကြောင်းကို သတင်းပေးပို့နိုင်ပါက လုယွီကိုရင်ဆိုင်နိုင်မည့်သူ ထွက်ပေါ်လာပေမည်။

"မင်းက ထွက်ပြေးချင်သေးတာလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တိုးသွားရာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့သို့ ရောက်ရှိသွားသည်။

ကောင်းကင်ဘုံဧကရာဇ်၏မူလဘူတမီးတောက်က ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဝိုင်းပတ်သွားပေ၏။

သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဤအခြေအနေကို ကြိုတင်ခန့်မှန်းမိပြီး ပြင်ဆင်ထားပုံရသည်။သူမထိန်းချုပ်ထားသော အနီရောင်ဝတ်စုံဖြင့်အမျိုးသမီး၏ခန္ဓာကိုယ်ဖြင့် မီးတောက်များကို ရိုက်ချလိုက်၏။

တစ်ချိန်တည်းမှာပင် အနီရောင်ဝတ်စုံနှင့်အမျိုးသမီး၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်မြူခိုးထုကြီး ထွက်ပေါ်လာပြီး ပျံဝဲသွားလေသည်။

"ရွှေရောင်ပုစဥ်းရင်ကွဲ အခွံစွန့်ခွါခြင်းလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်မှ သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။

အကယ်၍ ပိုင်ဆုချင်သာ ဤနေရာ၌ရှိနေပါက လုယွီ ဖွဲ့စည်းနေသော လက်သင်္ကေတသည် သူမ ဖွဲ့စည်းသည်နှင့် တူညီမှုတချို့ရှိနေသည်ကို တွေ့မြင်မိပေမည်။

ထိုလက်သင်္ကေတနှစ်ခုကြားရှိ တစ်ခုတည်းသောကွာခြားချက်မှာ လုယွီက မန္တန်ကိုအဆင့်မြှင့်တင်ထားသဖြင့် အသုံးပြုရာ၌ ပို၍လွယ်ကူချောမွေ့နေခြင်းပင်။

တာအိုသခင်တစ်ယောက်၏ တာအိုအပေါ်နားလည်သဘောပေါက်မှုသည် သာမာန်ကျင့်ကြံသူများထက် သာလွန်သဖြင့် ဤကဲ့သို့နည်းစနစ်မျိုးကို အဆင့်မြှင့်တင်ခြင်းကို အသေးအဖွဲကိစ္စဟု ယူဆနိုင်သည်။

မန္တန်အသုံးပြုပုံခြင်း တူညီသော်လည်း ပိုင်ဆုချင်က လက်ဟန်ပုံစံကိုသာ သင်ယူနိုင်ခဲ့ပြီး လုယွီကမူ အနှစ်သာရမြောက်သည်အထိ တက်ကျွမ်းနားလည်နိုင်ခဲ့သည်။

"ဝုန်း...စစ်သားတွေ...တိုက်ခိုက်စမ်း...ဒေါင်...အားလုံးပဲ...ဝင်္ကပါ...ထောင့်နေရာ...ရှေ့တန်း...သေချာပြီ"

ထိုစကားလုံးကိုးလုံးမန္တန်ကို နတ်ဆိုးချိတ်ပိတ်သူသည် ရှေးဟောင်းတာအိုကျမ်းစာတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။

ပိုင်ဆုချင်သည် ရှေးဟောင်းနတ်ဆိုးများကို ဟန့်တားတိုက်ခိုက်ချိန်တုန်းက စကားလုံးသုံးလုံးကိုသာ လက်သင်္ကေတဖော်ဆောင်နိုင်ခဲ့သည်။

လုယွီကမူ စကားလုံးကိုးလုံးလုံးကို အသုံးပြုနိုင်ပေသည်။

ထိုစကားလုံးကိုးလုံး ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောအားလှိုင်းတစ်ရပ်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကို ရိုက်ခတ်သွားသည်။

အနက်ရောင်မြူခိုးထုကြီးထံမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။စကားလုံးကိုးလုံးမန္တန်ကြောင့် မြူခိုးထုသည် ပျယ်ပြယ်သွားသော်လည်း ချက်ချင်းပြန်လည်သိပ်သည်းသွားသည်။သို့ရာတွင် ထိုအနက်ရောင်မြူခိုးထုသည် ယခင်ထက်အဆများစွာ ပါးလွှာသွားပေ၏။

လုယွီက ဤအခွင့်အရေးကို လက်လွတ်ခံခြင်းမရှိပေ။

သူက ခြေတစ်လှမ်းရှေ့တိုးပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ရှေ့သို့ ရောက်ရှိသွားသည်။

"ငါက ကိုယ်ပွါးသက်သက်ပဲ...တကယ်လို့ နင် ငါ့ကိုသတ်လိုက်ရင်တောင်...ငါ့ရဲ့ခန္ဓာကိုယ်အစစ်က နင့်ကိုပြန်သတ်မှာပဲ...နင် သေရမှာသေချာနေပြီ မြေအောက်လောက"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကြုံးဝါးပြောဆိုလေ၏။

"မင်းရဲ့ခန္ဓာကိုယ်အစစ်အမှန် ဒီနေရာကိုလာပြီး အသေခံတဲ့အချိန်ထိ စောင့်ကြသေးတာပေါ့...အခုကတော့ မင်းရဲ့ကိုယ်ပွါးက ငါ့အတွက် အာဟာရရှိစေမယ့်အစားအစာပဲ"

လုယွီ၏ရင်ဘတ်မှ ထိုက်ကျိအမှတ်အသား ရုတ်တရက် လည်ပတ်လာပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွါးစိတ်ဝိညာဥ်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်တော့သည်။

ထိုစိတ်ဝိညာဥ်အား စုပ်ယူပြီးသည်နှင့် လုယွီ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ဥာဏ်အလင်းပွင့်နယ်ပယ်အလယ်ဆင့်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွါးစိတ်ဝိညာဥ်အား လုယွီက အမှန်တကယ်ကိုပင် ဝါးမြိုခဲ့လေ၏။

တစ်ချိန်တည်းမှာပင် အဝေးတနေရာရှိကောင်းကင်ယံမှနေ၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။

Chapter 788

ထိုအော်ဟစ်ကြုံးဝါးသံသည် အဝေးမှထွက်ပေါ်နေသော်လည်း အချိန်တခဏတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်သွားသည်။

သိုင်းသူတော်စင်အဆင့်ရှေးဟောင်းနတ်ဆိုးများကလည်း သူတို့၏ပါးစပ်များကို တပြိုင်နက်တည်းဖွင့်ဟ၍ ယင်ချီစွမ်းအင်လှိုင်းများကို ထုတ်လွှက်လိုက်ကြသည်။

ထိုယင်ချီစွမ်းအင်များ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားချိန်တွင် မြက်ပင်များအားလုံး ညှိုးနွမ်းခြောက်သွေ့သွားသည်။

စိတ်ဝိညာဥ်စွမ်းအင်များနှင့်ပြည့်နှက်နေသော တချို့ဆေးဖက်ဝင်အပင်များဆိုလျှင် ယင်ချီနှင့်ထိတွေ့မိသည်နှင့် ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပေ၏။

ဤကဲ့သို့ ပြင်းထန်သောရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် လင်ရှောင်းဂိုဏ်းမှအကြီးအကဲများအားလုံး ဖိအားသက်ရောက်မှုကို ခံစားနေရသည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်သည် သိုင်းသူတော်စင်အဆင့် ရှေးဟောင်းနတ်ဆိုးသုံးကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေရပြီး သူ ထပ်မံ၍ ကြာကြာတောင့်ခံနိုင်မည့်ပုံ မပေါ်လွင်တော့ချေ။

ကောင်းကင်ယံမှအော်ဟစ်ကြုံးဝါးသံသည် အမိန့်ပေးသံအလား ရှေးဟောင်းနတ်ဆိုးများအားလုံးက လူများကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေကြ၏။

"ကောင်းကင်စစ်တုရင် ဖိနှိပ်ခြင်း"

အကြီးအကဲရှင်းက လက်ညှိုးကိုအောက်သို့ညွှန်ပြလိုက်ရာတွင် စစ်တုရင်နယ်ရုပ်တစ်ရုပ်က သိုင်းသူတော်စင်အဆင့်ရှေးဟောင်းနတ်ဆိုးတစ်ကောင်ကို ထိခတ်မိသည်။

ထိုရှေးဟောင်းနတ်ဆိုးသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသော်လည်း သူကိုကြည့်ရသည်မှာ ဒဏ်ရါရနာကျင်ပုံမရချေ။

ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အရေပြားများသည် အလွန်ကြမ်းတမ်းပြီးမာကျောကာ သူတို့၏ပြန်လည်ကုသနိုင်စွမ်းမှာလည်း အလွန်ကောင်းမွန်သည်။အကယ်၍ သူတို့အား တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်းမရှိပါက အသက်ရှုချိန်အနည်းငယ်အတောအတွင်းမှာပင် သူတို့က ချက်ချင်းပြန်လည်ကောင်းမွန်လာသည်။

သိုင်းသူတော်စင်အဆင့်ရှေးဟောင်းနတ်ဆိုးများသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် လင်ရှောင်းဂိုဏ်းအကြီးအကဲများကို ဖိနှိပ်ထားနိုင်သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်နေရာဘက်ပေါင်းစုံမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

အလင်းတိုင်လုံးဆယ့်ခြောက်တိုင်က ကောင်းကင်ယံတိုင်ထိုးတက်သွားသည်။ထိုအလင်းတိုင်လုံးများသည် နေမင်းကြီးတမျှ ပူပြင်းလောင်ကျွမ်းသောအရှိန်အဝါကို ထုတ်လွှက်ပေးနေ၏။

ရှဲ...ရှဲ

အချိန်မီရှောင်လွှဲနိုင်ခြင်းမရှိသော ရှေးဟောင်းနတ်ဆိုးများသည် အလင်းတိုင်လုံးများအတွင်း၌ ချောင်ပိတ်မိပြီး ပြာအဖြစ်အငွေ့ပျံသွားကြသည်။

"ဒါက နတ်ဘုရားအဆင့် ဝင်္ကပါပညာရှင်ပဲ"

အကြီးအကဲရှင်းက ကောင်းကင်ယံကိုမော့ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ အနည်းငယ်အံ့အားသင့်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤကဲ့သို့ကြီးမားသောဝင်္ကပါကြီးကို ခင်းကျင်းပြီး ရှေးဟောင်းနတ်ဆိုးများကို ဖိနှိပ်ရန်မှာ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်တည်းကသာ တက်နိုင်ပေ၏။

မိုးကောင်းကင်တောင်ထိပ်၏ အထက်ကောင်းကင်ယံ၌ မှုန်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် တံငါသည်တစ်ယောက်နှင့်တူညီပြီး သူက တိမ်များအကြား၌ ထိုင်နေလေ၏။သူ၏နံဘေးပတ်လည်၌ မှော်စွမ်းအင်လှိုင်းများ ထုတ်လွှက်နေသော အမှတ်အသားများ ပျံလွင့်နေသည်။

ဝင်္ကပါကြီး၏အဆက်မပြတ် ချဲ့ထွင်လာမှုအောက်တွင် ပတ်ဝန်းကျင်ရှိဝင်္ကပါများပါ အသက်ဝင်လာပြီး နောက်ဆုံး၌ ရှေးဟောင်းနတ်ဆိုးများအားလုံးကို လှောင်ပိတ်ထားတော့သည်။

ပိုင်ဆုချင်အား သတ်ဖြတ်ရန် ဦးတည်နေသော တချို့ကျင့်ကြံသူများပင်လျှင် ဝင်္ကပါအတွင်း ပိတ်မိနေပေ၏။

ထိုရှေးဟောင်းနတ်ဆိုးများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အမိန့်ပေးခြင်း ပျောက်ဆုံးသွားစဥ်ကတည်းက သူတို့က မြင်မြင်ကရာလူများအား ရူးသွပ်လုမခမ်းတိုက်ခိုက်နေကြသည်။လင်ရှောင်းဂိုဏ်းမှလူများဖြစ်စေ တခြားအင်အားစုမှလူများဖြစ်စေ လူအားလုံးသည် ရှေးဟောင်းနတ်ဆိုးများ၏တိုက်ခိုက်ခြင်းကို ခံနေရသည်။

"ဘာတွေဖြစ်နေတာလဲ...မင်းတို့က ငါတို့ကို မတိုက်ခိုက်ဖို့ ကတိပေးထားတယ်မလား"

"မင်းတို့ လင်ရှောင်းဂိုဏ်းကလူကိုသတ်မှာကို ငါတို့ကကူညီနေတာလဲ...ဘာလို့ ငါတို့ကို လာပြီးတိုက်ခိုက်နေတာလဲ"

လင်ရှောင်းဂိုဏ်းကိုအပြစ်ပြုမိထားသော လူများသည် အလွန်စိတ်ဆိုးဒေါသထွက်နေကြ၏။ရှေးဟောင်းနတ်ဆိုးများသည် သူတို့အား တိုက်ခိုက်မည်ဟု သူတို့ မျှော်လင့်ထားပုံမရချေ။

"မင်းတို့အားလုံး...လင်ရှောင်းဂိုဏ်းဝင်တိုင်းကို တိုက်ခိုက်ကြ ...ပိုင်ဆုချင်နဲ့မြေအောက်လောကကို ငါ ရှင်းလင်းသုတ်သင်နိုင်အောင် ကူညီပေးတဲ့ဘယ်သူမဆို...အဲ့ဒီလူရဲ့ဂိုဏ်းတစ်ခုလုံးကို ကောင်းကင်ဘုံနယ်မြေကို ခေါ်ဆောင်သွားမယ်"

ဧရာမပုံရိပ်ကြီးတစ်ခုက တိမ်စိုင်များအကြားမှနေ၍ ထွက်ပေါ်လာသည်။ထိုပုံရိပ်ကြီးသည် ကောင်းကင်ယံပင် ပိတ်ဖုံးလုမတက်အလွန်ကြီးမားပြီး မြောက်များစွာသောတိမ်စိုင်များကလည်း ဖုံးလွှမ်းနေပေရာ ပုံရိပ်ကြီး၏အစစ်အမှန်မျက်နှာကို မမြင်နိုင်ချေ။သို့ရာတွင် ထိုသို့ဆိုလျှင်ပင် လူအများ၏စိတ်နှလုံးသားကို တုန်ရီချောက်ချားသွားစေသည်။

ဤသည်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အစစ်အမှန်စိတ်ဝိညာဥ်ဖြစ်ပေ၏။

လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။

ဤစိတ်ဝိညာဥ်သည် အကြွင်းအကျန်စိတ်ဝိညာဥ်ဖြစ်သော်လည်း သူ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် အလှမ်းကွာဟသည်။

ရုတ်တရက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပုံရိပ်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

ထိုလက်ချောင်းက မိုးကောင်းကင်တောင်ထိပ်အနီးသို့ ညင်သာစွာကျရောက်လာသည်နှင့် 'ခရက်'ဟူသော အက်ကွဲသံတစ်သံနှင့်အတူ တောင်ထိပ်၏နံဘေးပတ်လည်ရှိ အလင်းတိုင်လုံးများအားလုံး ဘန်းခနဲပေါက်ကွဲသွားတော့သည်။

တိမ်တိုက်များကြား၌ထိုင်နေသော ပုံရိပ်သည် ဤကဲ့သို့ပြင်းထန်သောခွန်အားကို တောင့်မခံနိုင်တော့ပုံဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပေ၏။

"နင်က နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်လား...သနားဖို့ကောင်းတာတစ်ခုက နင် ငါ့ကို ဆန့်ကျင်မယ်ဆိုရင် နင် သေဆုံးရမှာပဲ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အေးစက်စက်ပြုံးရင်း သူမ၏လက်ညှိုးကို တိမ်တိုက်များကြားရှိ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ထံ ဦးတည်၍ဖိနှိပ်လိုက်၏။

Chapter 789

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် သူမ၏လက်ချောင်းတစ်ချောင်းပင်လျှင် အိမ်တော်တစ်လုံးမျှ အရွယ်အစားရှိသည်။

သူမ၏ရှေ့ရှိ နတ်ဘုရားအဆင့် ဝင်္ကပါပညာရှင်၏ပုံရိပ်သည် အလွန်သေးငယ်သဖြင့် နှိုင်းယှဥ်ပြစရာပင် မရှိချေ။

သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ချောင်းက နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ကို ထိတွေ့ခါနီးဆဲဆဲတွင် ရွှေရောင်အလင်းတန်းတစ်တန်းက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏နံဘေး၌ အကာအကွယ်ဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။

ထိုဝင်္ကပါ၏မျက်နှာပြင်တွင် ရှေးဟောင်းခေတ်ကာလများမှ ဆင်းသက်လာပုံရသော ရှုပ်ထွေးသည့်မန္တန်သင်္ကေတများ ရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်မိပါက မူးဝေမှုကို ခံစားမိပေမည်။

"တာအိုသခင် နတ်ဘုရားဝင်္ကပါ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

"တကယ်လို့ အထွက်အထိပ်အခြေအနေမှာရှိနေတဲ့ တာအိုသခင်တစ်ယောက် ဒီနေရာမှာရှိနေရင်တောင် ငါ့ကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး...နင့်အဆင့်နဲ့ ငါ့ကို ဟန့်တားဝံ့တာလား"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က ခွန်းတုံ့ပြန်ခြင်းမရှိပေ။ဤဝင်္ကပါကို အသုံးပြုလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် နဂိုထက်ပို၍ ညွတ်ကွေးသွားသည်။သို့ရာတွင် သူ၏အရှိန်အဝါကမူ ပို၍အားကောင်းလာပေ၏။

ဝှီး...ဝှီး...

လေထုအတွင်း၌ ပြင်းထန်သောဖိအားအရှိန်အဝါများ ရှိနေသည်။

အစွမ်းထက်သော အရှိန်အဝါနှစ်ခု ဖီလာဆန့်ကျင်ထိတွေ့မိချိန်တွင် ကျင့်ကြံဆင့်နိမ့်ပါးသူတချို့ သွေးများအန်ထွက်ပြီး မူးဝေနေကြ၏။

လုယွီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းနေသည်။နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် တာအိုသခင်နတ်ဘုရားဝင်္ကပါကို တတ်ကျွမ်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။

တချို့တာအိုသခင်များသည် လုယွီကဲ့သို့ပင် ဝင်္ကပါပညာရပ်၌ ထူးချွန်ကြသည်။သူတို့က နက်နဲသိမ်မွေ့သော ဝင်္ကပါများကို တိုးတက်အောင်ကြံဆောင်ပြီး မဟာတာအိုကို သဘောပေါက်နားလည်စေရန် ကြိုးစားကြလေ့ရှိသည်။

တချို့ဝင်္ကပါပညာရပ်များသည် ထိုသူတို့၏တပည့်များမှတဆင့် လက်ဆင့်ကမ်းပျံ့နှံ့သွားကြသည်။တချို့လူများကမူ ဤကဲ့သို့ဝင်္ကပါပညာရပ်မျိုး ရရှိသည့်တိုင် ၎င်းကိုနားလည်သဘောပေါက်နိုင်သော အရည်အချင်းရှိရန် လိုအပ်နေသည်။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ တာအိုဒုတိယဆင့်ကျင့်ကြံဆင့်နယ်ပယ်ဖြင့် တာအိုသခင်နတ်ဘုရားဝင်္ကပါကို နားလည်ရန် လွန်စွာခက်ခဲခဲ့ပေမည်။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ အချိန်ဆွဲထားမှုကြောင့် လုယွီက အနားယူရန် အချိန်ခဏရသွားခဲ့သည်။သူက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွါးစိတ်ဝိညာဥ်ကို ဝါးမြိုခဲ့သဖြင့် ချေဖျက်ရန် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်နေသည်။

သူ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဝိညာဥ်ကို ဝါးမြိုစဥ်က အချိန်ဆယ့်ခုနစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်တို့သည် တူညီသောကျင့်ကြံဆင့်နယ်ပယ်ရှိသူများပင်။

လုယွီက သူ၏မရီးဒါန်းများအားလုံး၌ မှော်စွမ်းအားများ ပြည့်နှင်နေခြင်းကို ခံစားမိသည်။သူက အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားနေရသည်။

သူ ကျင့်ကြံသော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ကြောင့်သာမဟုတ်ပါက သူ သေဆုံးနေလေပြီ။

"မင်းတို့ သေချင်နေကြတာလား"

လုယွီက ပိုင်ဆုချင်အနီးသို့ တရွေ့ရွေ့သွားနေသော လူတစ်စုကို တွေ့မြင်မိချိန်တွင် သူ၏မျက်လုံးများက အေးစက်စက်တောက်ပသွားသည်။သူ၏လက်နှစ်ဖက်အတွင်း၌ ရုတ်တရက် ဆေဘာဓားနှစ်ချောင်း ရောက်ရှိလာပြီး ပိုင်ဆုချင်ထံ အပြေးဝင်သွားပေ၏။သို့ရာတွင် သူ့ထက်လျှင်မြန်သူများ ရှိနေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဆံဖြူအဖိုးအိုကြီးသုံးယောက်သည် လုယွီ၏ရှေ့၌ မတ်တတ်ရပ်ပြီး ပိတ်ဆို့ဟန့်တားထားကြ၏။သူတို့ကိုကြည့်ရသည်မှာ ဂိုဏ်းငယ်တစ်ခုမှ မဟာအကြီးအကဲများဖြစ်ပုံရသည်။

"ဂျူနီယာ...ငါတို့ကိုအပြစ်မတင်နဲ့...တကယ်လို့ ငါတို့ မင်းကိုသတ်လိုက်ရင် ငါတို့ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံး ကောင်းကင်ဘုံနယ်မြေကို အရောက်သွားနိုင်မှာ...ငါတို့ မင်းကို မတိုက်ခိုက်ချင်တာမို့ ဒီနေရာမှာပဲရပ်နေပြီး မလှုပ်ရှားပါနဲ့"

ဆံဖြူအဖိုးအိုတစ်ယောက်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။

သူတို့သုံးယောက် အတူတကွ မတ်တတ်ရပ်နေစဥ်တွင် ပြင်းထန်သောစွမ်းအားလှိုင်းများက သူတို့၏နံဘေးပတ်လည်၌ ထွက်ပေါ်နေသည်။

ဤသည်က စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများ၏စွမ်းအားပင်။ဆံဖြူအဖိုးအိုသုံးယောက်အနက်မှ မည်သူပင်ဖြစ်နေပါစေ လုယွီထက် ကျင့်ကြံဆင့်ပို၍မြင့်မားသည်။

"ခင်ဗျားတို့လောက်နဲ့လား"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်မှဆေဘာဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်၏။

လုယွီက လက်ဦးမှုရယူပြီး စတင်တိုက်ခိုက်မည်ကို မျှော်လင့်ထားပုံမရသော ဆံဖြူအဖိုးအိုတစ်ယောက်က ခနဲ့တဲ့တဲ့ပြောဆိုလေသည်။

"စိတ်ကြီးဝင်နေတဲ့ ကောင်ငယ်လေးပဲ...မင်းက ငါတို့အဆင့်ကိုမှီဖို့ အဝေးကြီးလိုသေးတယ်"

သူက လုယွီ၏ဓားချက်ကို လက်ဗလာဖြင့် ဟန့်တားရန် ကြိုးပမ်းလိုက်သည်။သို့ရာတွင် လုယွီ၏ဆေဘာဓားချီနှင့် ထိတွေ့မိသည်နှင့် ဆံဖြူအဖိုးအို၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက အလျှင်အမြန်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မှော်စွမ်းအားများထုတ်လွှက်၍ ကာကွယ်လိုက်တော့သည်။

သို့ရာတွင် ဤကြိုးပမ်းမှုက အလွန်နောက်ကျသွားလေပြီ။

ဝှစ်...

ဆံဖြူအဖိုးအို၏လက်မောင်းရင်းမှ သွေးများဖြာထွက်လာပြီး သူ၏လက်သည် လုယွီ၏ဖြတ်တောက်ခြင်းခံလိုက်ရ၏။

ဝှစ်...ဝှစ်...

လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ သူ၏ပြင်းထန်သော ဆေဘာဓားချီများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။တခြားဆံဖြူအဖိုးအိုနှစ်ယောက်သည်လည်း ခြေလက်များ ပြတ်တောက်ကုန်ပြီး လုယွီအား ယှဥ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ဝေခွဲရခက်စွာ အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

Chapter 790

"သူက သာမာန်ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူ မဟုတ်ဘူး...ဂရုစိုက်ကြ"

ဆံဖြူအဖိုးအိုတစ်ယောက်က သူ၏ကျိုးပြတ်နေသော လက်မောင်းကိုဆုပ်ကိုင်ပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။

တခြားသူများက ဤမြင်ကွင်းကိုမြင်ချိန်တွင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။

ထိုသူသည် စိတ်ပုံထွင်းနယ်ပယ်ထိပ်သီးကျင့်ကြံသူ မဟုတ်လော။ဤှကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်ရှိသူသည် အလယ်ပိုင်းကုန်းမြေ၌ ထိပ်ဆုံးမှရပ်တည်နိုင်သူဟု သတ်မှတ်နိုင်သည်။ထိုကဲ့သို့လူစားမျိုးသည် လုယွီ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံယူနိုင်ခြင်းမရှိဟု သူတို့ မည်သည့်အချိန်ကမျှ တွေးတောမိခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအချက်မှာ လုယွီသည် ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော လူငယ်တစ်ယောက်ဖြစ်နေသည်။

ယခင်က သူတို့အားလုံးသည် လုယွီအား များစွာအထင်ကြီးခြင်းမရှိပေ။လုယွီက လုဝူယာနှင့်ယင်လော့သခင်လေးကို အနိုင်ယူလိုက်သည့်တိုင် ကောင်းကင်ဘုံအရှင်သခင်ငှါးယူခြင်းနည်းစနစ်ကို အသုံးပြုခဲ့၍ဟုသာ သူတို့က တွေးထင်ခဲ့ကြသည်။

သို့သော် ယခုလက်ရှိဖြစ်ရပ်က လုယွီသည် အမှန်တကယ်သန်မာသူဟု သူတို့အား ညွှန်ပြနေသည်။

ဆေဘာဓားနှစ်လက်ဖြင့်ပင် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူ၏လက်ကို ဖြတ်တောက်နိုင်ခဲ့သည်။လုယွီ ဤကဲ့သို့ပြုလုပ်နိုင်မည်ဟု သူတို့ တွေးအင်မတွေးတောမိချေ။

"ဟွန့်....ဒါက ခဏလေး သရဲစီးနေတဲ့ခွန်အားသက်သက်ပဲ ..သူက ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ...ဥာဏ်ရည်မမှီတဲ့အရူးကောင်က ဘာမှအသုံးမဝင်ဘူး"

မုန့်ကျူးယွင်က သူမ၏ခေါင်းကိုခါယမ်းပြီး လုယွီအားကြည့်နေခြင်းကို ရပ်တန့်လိုက်၏။

သူမကဲ့သို့ မောက်မာသူတစ်ယောက်က လုယွီ အလွန်သန်မာခြင်းကို ဝန်ခံပါ့မလော။

လုရွှမ်အာကလည်း စောင့်ကြည့်နေပေ၏။ဤအချိန်တွင် သူမ၏မျက်နှာတစ်ခုလုံး ဖြူရော်နေပေ၏။သူမ၏ဦးခေါင်းတစ်ခုလုံး ထုံကျင်ကိုက်ခဲနေပြီး လုယွီအား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။သူမ၏ဝမ်းကွဲဖြစ်သူသည် အလယ်ပိုင်းကုန်းမြေမှ ထိပ်သီးကျင့်ကြံသူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သူဖြစ်နေသည်။

သို့ရာတွင် သူမ၏မောက်မာမှုနှင့်စိတ်ကြီးဝင်မှုများကြောင့် သူမတို့နှစ်ယောက်သည် သူစိမ်းကဲ့သို့ ဖြစ်နေပေ၏။အကယ်၍ သူမ၏မိခင်ဖြင့်သာ ဆက်နွယ်မှုမရှိပါက လုယွီသည် သူမအား အနည်းငယ်မျှပင် ဂရုစိုက်မည်မဟုတ်ချေ။လုရွှမ်အာသည် အချိန်အတော်ကြာသည်အထိ စိတ်ပျက်အားငယ်ခြင်းကို ခံစားနေရသော်လည်း နောက်ဆုံး၌ သူမ၏စိတ်ကိုပြန်လည် ထိန်းညှိလိုက်၏။

သူမက အလွန်မာနကြီးသူဖြစ်၍ လုယွီက လွန်စွာအလွန်သန်မာနေသည့်တိုင် မည်သည့်ကြောင့် သူမ၏စိတ်နေသဘောထားကို သက်ရောက်နိုင်မည်နည်း။

"ငါ ကောင်းကင်ဘုံနယ်မြေကိုရောက်တဲ့အခါကျရင်....သူ့ထက်ပိုပြီးအဆင့်မြင့်တဲ့ နည်းစနစ်တွေ လေ့ကျင့်လို့ရပြီ...ပြီးတော့ ငါ့ရဲ့အရည်အချင်းက သူ့ထက်ပိုကောင်းတယ်...သူက ငါ့ရဲ့ဘဝမှာ တခဏဆုံတွေ့ရတဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်ထက်မပိုဘူး"

လုရွှမ်အာက သူမ၏စိတိအတွင်းမှနေ၍ ခနဲ့တဲ့တဲ့ပြောဆိုနေပေ၏။

အစောပိုင်းက လုယွီ သူမကိုကယ်တင်ခဲ့သော်လည်း လုရွှမ်အာက အမြင့်သို့တက်လှမ်းရန်သာ အတွေးရှိနေသည်။သူမက နေရာတစ်နေရာ၌ ပုန်းအောင်းပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပေ၏။

တခြားတစ်ဖက်တွင်မူ ကြိုးကြားဖြူတောင်မှတပည့်မများသည် အလွန်အမင်း စိုးရိမ်ပူပန်တကြီးဖြစ်နေကြသည်။

သူမတို့က တိုက်ပွဲအတွင်းသို့လည်း မဝင်ရောက်ဝံ့ချေ။အကြောင်းအရင်းမှာ သူမတို့ ဝင်ပါလိုက်ပါက ပိုင်ဆုချင်အား နောက်ဆံတင်းစေမည်ကို သူမတို့သိနေခြင်းကြောင့်ပင်။

ယခုလက်ရှိချိန်တွင် ပိုင်ဆုချင်သည် ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်တိုင် များပြားသောလူအုပ်ကြီးနှင့်ရင်ဆိုင်ရချိန်တွင် သူမက နောက်သို့အဆက်မပြတ်ဆုတ်ခွါနေရ၏။

"ငါနဲ့လာမလုကြနဲ့...သူက ငါတို့ အေးစက်ဓားမိသားစုရဲ့အပိုင်ပဲ"

"ငါတို့ နတ်ဆိုးသုံးကောင်ဂိုဏ်းနဲ့ ယှဥ်လုဝံ့တဲ့ဘယ်သူမဆို ငါတို့ဂိုဏ်းရဲ့ရန်သူပဲ"

"ထွက်သွားကြစမ်း....ငါတို့ဖျင်ရှာဂိုဏ်းက ကောင်းကင်ဘုံနယ်မြေကို သွားနိုင်တော့မှာ"

ပိုင်ဆုချင်သေဆုံးခြင်းမရှိသေးသော်လည်း သူမ၏ဦးခေါင်းပိုင်ရှင်နှင့်ပတ်သက်၍ စတင်အငြင်းပွါးနေကြ၏။

ဝုန်း

ရုတ်တရက် ပြင်းထန်သောဓားချီတစ်လှိုင်းက လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ ကျဆင်းလာသဖြင့် လူအုပ်ကြီးပြန့်ကျဲသွားသည်။

မူလက ညီညာပြန့်ပြူးနေသောမြေပြင်ပေါ်တွင် နက်ရှိုင်းသောဓားရာကြီး ထွက်ပေါ်လာပေ၏။

တချို့လူများသည် အချိန်မီရှောင်လွှဲနိုင်ခြင်းမရှိသဖြင့် ဆေဘာဓားချီနှင့် ရိုက်ခတ်မိပြီး အပိုင်းပိုင်းအစစကွဲထွက်သွားတော့သည်။

"တကယ်လို့ မင်းတို့ ငါ့စကားကိုနားမထောင်ဘူးဆိုရင်...မင်းတို့အားလုံး ဒီနေရာမှာ သေရမယ်"

လုယွီ၏လက်အတွင်းရှိ ဆေဘာဓားနှစ်လက်က သွေးနီရောင်တောက်ပနေသည်။

မိုးကောင်းကင်ယံသည် သွေးနီရောင်သန်းနေပေ၏။

လုယွီသည် သူတော်ကောင်းတစ်ယောက်မဟုတ်ပေ။ထိုလူများသည် သူ ထပ်ခါထပ်ခါသတိပေးနေခြင်းကို လိုက်နာခြင်းမရှိသဖြင့် သူတို့၏အသက်ကို လုယွီ အလေးစိုက်တော့မည်မဟုတ်ချေ။

"သူ့ကိုထိန်းထားကြ...ငါတို့ ဟိုမိန်းကလေးကိုသတ်မယ်"

တစ်စုံတစ်ယောက်က အခွင့်ကောင်းယူ၍ အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လူအများအပြားက လုယွီကို ဝိုင်းရံထားကြပြီး တချို့လူများကမူ ပိုင်ဆုချင်ထံ တိုးဝင်သွားကြသည်။

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"

လုယွီက ဒေါသတကြီးအော်ဟစ်လိုက်ရာတွင် ဧရာမမြေအောက်လောက နတ်ဘုရားပုံရိပ်ကြီးက သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီးနောက် သူ၏လက်မှဓားနှစ်လက်ဖြင့် လူအုပ်ကြီးထံသို့ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တော့သည်။

အေးစက်စက်အလင်းရောင် ဖျတ်ခနဲလက်သွားခြင်းနှင့်အတူ လူဆယ်ယောက်ကျော်သည် ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရ၏။

ဓားချက်မှ ကံကောင်းထောက်မ၍ လွတ်မြောက်လာသူများသည် ကြောက်ရွံထိတ်လန့်နေကြသဖြင့် ရှေ့သို့မတိုးဝံ့တော့ချေ။

All Chapters