အခန်း (၇၉၁-၇၉၅)
Vol. 43 Ch. 791-795
Chapter 791
လုယွီတစ်ကိုယ်တည်း လူရာနှင့်ချီပြီးတိုက်ခိုက်ရသော်လည်း နောက်တွန့်ခြင်းမရှိပေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီကို ဝိုင်းရံထားသော လူများအနက်မှ တော်တော်များများ သေဆုံးသွားခဲ့သည်။
သို့ရာတွင် အကြောက်တရားသည် ထိုလူများ၏စိတ်နှလုံးသားအတွင်း၌ အချိန်တခဏသာ တည်ရှိပြီးနောက် အလျှင်အမြန်ပျက်ပြယ်သွားပြီး လောဘတရားများကသာ ကြီးစိုးနေသည်။
လုယွီအား သူတို့ ရင်ဆိုင်နိုင်ခြင်းမရှိသည်ကို ရိပ်စားမိသော ကျင့်ကြံသူတချို့သည် သူတို့၏ပစ်မှတ်ကို ပိုင်ဆုချင်အား သတ်ဖြတ်ရန် ပြောင်းလဲလိုက်ကြသည်။
"ဟား ဟား ဟား...ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံနယ်မြေကို ပျံဝဲနိုင်တဲ့အခွင့်အရေးက ငါ့အတွက်ပဲဖြစ်ရမယ်"
ကြမ်းကြမ်းတမ်းတမ်းလူတစ်ယောက်က ရိုင်းပျစွာရယ်မောပြီး ပိုင်ဆုချင်ထံ တိုးဝင်သွားပေ၏။
ဤအချိန်တွင် ပိုင်ဆုချင်ထံ၌ မှော်စွမ်းအားများကုန်ဆုံးနေသဖြင့် ထိုလူကြမ်းကြီးက ဓားကိုင်မြှောက်၍ သူမထံတိုးဝင်လာခြင်းကို စောင့်ကြည့်နိုင်ရုံသာ တက်နိုင်တော့သည်။သူမက စိတ်ပျက်အားငယ်မှုများဖြင့် သူမ၏မျက်လုံးများကို စုံမှိတ်လိုက်၏။
"အမေ...ကျွန်မ ကျဥ်းထဲကျပ်ထဲ ရောက်နေပြီ"
ပိုင်ဆုချင်က သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တီးတိုးရေရွတ်နေလေသည်။သူမက အလွန်ဝမ်းနည်းနေပေ၏။သူမ၏ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သောမှော်စွမ်းအင်များကို ချိတိပိတ်ထားသော်လည်း ယခုလက်ရှိအချိန်၌ သူမ၏ရန်သူများကိုသတ်ဖြတ်ရန် သူမ၌လုံလောက်သောခွန်အားမရှိတော့ချေ။
ဝှစ်....
ခန္ဓာကိုယ်တစ်ခုပေါ်သို့ ဓားချက်တစ်ချက်ကျဆင်းလာသော ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
ပိုင်ဆုချင်က နာကျင်မှုကို ခံစားရခြင်းမရှိပေ။သူမရှေ့ရှိ မြင်ကွင်းကို တွေ့မြင်မိချိန်တွင် သူမက စိတ်မထိန်းချုပ်နိုင်တော့ဘဲ သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။
လုယွီက ရုတ်တရက် ပိုင်ဆုချင်၏ရှေ့သို့ ပျံဝဲရောက်ရှိလာပြီး သူမထံ ကျဆင်းလာသောဓားချက်ကို တားဆီးလိုက်ခြင်းပင်။
လုယွီ၏ခန္ဓာကိုယ်သည် အလွန်အမင်းမာကျောကျစ်လစ်သဖြင့် ဓားချက်က အလွန်ပြင်းထန်နေသည့်တိုင် များစွာနာကျင်သွားခြင်းရှိပုံမရချေ။
သို့သော် ထိုသို့ဆိုလျှင်ပင် လုယွီ၏ပခုံးတွင် စူးရှသောဓားသွားစိုက်ဝင်နေမှုကြောင့် ဒဏ်ရါရှည်ကြီးတစ်ခုကျန်ရစ်ပြီး သွေးများဖြာထွက်နေပေ၏။
"အစစ်အမှန်မီးတောက်...လောင်ကျွမ်းစမ်း"
လုယွီက လက်ညှိုးညွှန်လိုက်သည်နှင့် ရွှေရောင်မီးတောက်များက ချက်ချင်းပင် ထိုလူကြမ်းကြီးအား ဝါးမြိုသွားတော့သည်။
ထိုလူသည် အော်ဟစ်ခြင်းပင်မပြုနိုင်ဘဲ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကြောင့် ပြာအဖြစ်လောင်ကျွမ်းသွားရသည်။
လုယွီက သူ၏ပခုံး၌ စိုက်ဝင်နေသောဓားကို ဆွဲနှုတ်လိုက်၏။သွေးစီးကြောင်းတစ်ခုက ယိုစီးကျလာပြီး အလျှင်အမြန်ရပ်တန့်သွားသော်လည်း လုယွီ၏ပခုံး၌ ဒဏ်ရါကျန်ရှိနေဆဲပင်။
ပိုင်ဆုချင်က လုယွီ၏ဒဏ်ရါကို သူမ၏လက်ကိုင်ပဝါဖြင့် အလျှင်အမြန်ဖုံးအုပ်ပေးပြီး ဝမ်းနည်းကြေကွဲနေသောလေသံဖြင့် ပြောဆိုလေသည်။
"နင် ငါ့ကို ဘာလို့ဒီလေါက်ထိ ကာကွယ်ပေးနေရတာလဲ...နင် ဘေးထွက်ပြီးနေနေလို့ရတယ်လေ"
လုယွီက သူရှေ့ရှိ လှပချောမောသောမျက်နှာလေးကို တစ်ကြိမ်တစ်ခါမျှ တွေ့မြင်ဖူးခြင်းမရှိသော သူစိမ်းတစ်ယောက်ကဲ့သို့ ငေးမောကြည့်နေမိသည်။
အတိတ်နေ့ရက်များဝယ် သူ့အတွက် တရားမျှတမှုကိုရှာဖွေရန် နတ်ဆိုးချိတိပိတ်သူသည် တာယွီအင်ပါယာထံသွား၍ ရှန်းလင်းလုံကိုပင် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
လုယွီသည် နတ်ဆိုးချိတ်ပိတ်သူ၏မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သဖြင့် သူ၏တစ်ဦးတည်းသောသမီးကို ကာကွယ်စောင့်ရှောက်ရပေမည်။
"သူ ဒဏ်ရါရသွားပြီ...အခွင့်အရေးရတုန်း ငါတို့အတူတိုက်ခိုက်ကြစို့"
သူတို့က လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရါကိုမြင်ချိန်တွင် အပျော်လွန်သွားကြပြီး မူလက ထိတ်လန့်ကြောက်ရွံနေခြင်းများသည် လျော့ပါးသွားသည်။
ဤအချိန်တခဏတွင် မရေမတွက်နိုင်သောမှော်နည်းစနစ်များ လုယွီထံသို့ ကျရောက်လာသည်။ထိုသူများအကြားတွင် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများ ပါဝင်နေသဖြင့် လုယွီပေါ်သက်ရောက်သော ဖိအားမှာ နှစ်ဆတိုးနေပေ၏။
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က ပိုင်ဆုချင်၏နောက်သို့ ရောက်ရှိလာ၏။သူမက ဝူရွှင်းယွင်ဖြစ်ပြီး သူမ၏လက်၌ဓားတစ်ချောင်းကိုကိုင်မြှောက်ကာ စူးရှရှအော်ဟစ်လိုက်သည်။
"ဆရာသခင်...ကျွန်မ ဆရာ့ကို ကူညီပေးမယ်"
ပိုင်ဆုချင်၏စိတ်နှလုံးသား လှုပ်ရှားသွားပြီး သူမက စိုးရိမ်ပူပန်တကြီး ပြောဆိုလေ၏။
"နင် ဘာလို့ ဒီနေရာကိုလာတာလဲ...မြန်မြန်အဝေးကို ထွက်မသွားသေးဘူးလား"
ရုတ်တရက် ပိုင်ဆုချင်၏အသံ ရပ်တန့်သွားသည်။
ဝူရွှင်းယွင်က သူမကိုင်ဆောင်လာသောဓားရှည်ဖြင့် ပိုင်ဆုချင်၏နှလုံးနေရာအား ထိုးစိုက်လိုက်ခြင်းပင်။
"သေစမ်း...သေစမ်း...တကယ်လို့ နင်သာ ငါ့ကို ကြိုးကြာဖြူတောင်က မောင်းမထုတ်ရင်...ငါလည်း နတ်ဘုရားအလင်းတန်းထဲဝင်ခွင့်ရမှာ...ငါက ပါရမီရှင်တစ်ယောက်....ငါက နတ်ဘုရားအလင်းတန်းထဲကို ဝင်ရောက်နိုင်ပြီဆိုတာနဲ့...ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့အာရုံစူးစိုက်မှုကို ငါ ခံယူရမှာပဲ...အစွမ်းထက်တဲ့တည်ရှိမှုကြီးတွေ လာပြီးရှာဖွေခံရတဲ့သူက ငါပဲဖြစ်သင့်တယ်"
ဝူရွှင်းယွင်၏မျက်နှာအမူအယာက တဖြည်းဖြည်းရှုံမဲ့လာပြီး သူမက ပိုင်ဆုချင်ကို ဒေါသအမျက်ချောင်းချောင်းထနေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။
ငါ နာကျင်ရတာတွေအားလုံးက နင့်ကြောင့်ပဲ...
နင်က သေသင့်တယ်...
သေပေတော့...
ဝူရွှင်းယွင်သည် ရူးသွပ်နေသူကဲ့သို့ပင် သူမ၏ဓားဖြင့် ပိုင်ဆုချင်၏ခန္ဓာကိုယ်အား တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေသည်။
"မင်း သေလမ်းရှာနေတာလား"
လုယွီက ရုတ်တရက် အလွန်ဒေါသထွက်စွာဖြင့် ဝူရွှင်းယွင်ထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။
သို့ရာတွင် လုယွီ၏ရှေ့၌ လူအမြောက်အများရှိနေသဖြင့် သူ၏လက်သီးထိုးချက်သည် ပြင်းထန်သော်လည်း သူ့အနီးရှိ လူတချို့သာလွင့်ထွက်သွားပြီး ဝူရွှင်းယွင်ကို သက်ရောက်မှုမရှိချေ။
Chapter 792
လုယွီ၏လက်သီးချက်သည် ဝူရွှင်းယွင်ကို ထိခိုက်နာကျင်စေခြင်းမရှိသော်လည်း သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများကို ဒဏ်ရါရရှိသွားစေသည်။
လုယွီက ပိုင်ဆုချင်ကို ငေးစိုက်၍ ကြည့်နေမိသည်။အစောပိုင်းကပင် သူမသည် သူရှေ့၌ မတ်တတ်ရပ်နေသော်လည်း ယခုလက်ရှိချိန်တွင်မူ ထက်ရှသောဓားကြောင့် ထိခိုက်ဒဏ်ရါရထားသည်။
ပိုင်ဆုချင်၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေပြီး သူမ၏တပည့်ဟောင်းကို စူးစိုက်ကြည့်နေသည်။
အတိတ်တုန်းက ဝူရွှင်းယွင်၏အရည်အချင်းသည် သာမာန်သာဖြစ်ပေ၏။အကယ်၍ ပိုင်ဆုချင်ကြောင့်သာမဟုတ်ပါက သူမသည် လင်ရှောင်းဂိုဏ်းသို့ဝင်ရောက်ရန်ပင် အရည်အချင်းပြည့်မီခြင်းမရှိချေ။
သို့ရာတွင် ဝူရွှင်းယွင်၏စိတ်နေသဘောထားသည် အလွန်မောက်မာပြီး သူမက လင်ရှောင်းဂိုဏ်းကို သူမ၏ကိုယ်ပိုင်အရည်အချင်းနှင့် ဝင်ရောက်နိုင်ခဲ့သည်ဟုသာ တွေးထင်ထားသည်။
ဤအချိန်တွင် ဝူရွှင်းယွင်၏စိတ်နှလုံးသားတစ်ခုလုံး လောဘနှင့်မနာလိုခြင်းများကသာ ကြီးစိုးနေသည်။သူမက ဝမ်းဗိုက်ပိုင်းတစ်ခုလုံးသွေးများစိုရွှဲနေသည့် ပိုင်ဆုချင်ကိုကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ငါ သူ့ကိုသတ်ပြီးတာနဲ့...ငါက ကောင်းကင်ဘုံနယ်မြေကို သွားနိုင်ပြီးတော့ ပါရမီရှင်တစ်ယောက်ဖြစ်လာတော့မှာ...ဟား..ဟား...ဟား..ဟား"
ပိုင်ဆုချင်က ဝူရွှင်းယွင်၏ရက်စက်ကြမ်းကြုတ်ပြီး ရှုံမဲ့နေသောမျက်နှာကို ငေးစိုက်ကြည့်နေသည်။သူမက မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိတော့ဘဲ မျက်လုံးကိုသာ စုံမှိတ်လိုက်တော့သည်။
သူမ အလွန်ပင်ပန်းနေလေပြီ။ယခုလက်ရှိအချိန်တွင် သူမ သေဆုံးသွားပါက သူမ၏မိခင်ဖြစ်သူနှင့် ငရဲပြည်၌ ပြန်လည်ဆုံတွေ့နိုင်ပေမည်။
"မင်းက သေချင်နေတာပဲ"
မိုးကောင်းကင်ယံတစ်ခုလုံး အော်ဟစ်ကြုံးဝါးသံတစ်သံက ပဲ့တင်ထပ်သွားသည်။
လုယွီက အမှန်တကယ်ကိုပင် ဒေါသထွက်နေပေ၏။
သူ၏အတိတ်ဘဝတွင် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်တိုင် မိတ်ဆွေဟူ၍ အမြောက်အများမရှိပေ။နတ်ဆိုးချိတ်ပိတ်သူသည် သူ၏အကောင်းဆုံးမိတ်ဆွေဟု သတ်မှတ်နိုင်ပြီး သူ့အတွက် ဘေးဒုက္ခများကိုရင်ဆိုင်ကာ သေဆုံးသွားခဲ့ရ၏။
သူက သူ့အကောင်းဆုံးမိတ်ဆွေ၏သမီး သူ့ရှေ့၌ သေဆုံးရမည်ကို မည်သည့်နည်းဖြင့် ကြည့်နေနိုင်မည်လော။
"မိုးကုပ်စက်ဝိုင်းနဲ့ အနီးဆုံး"
လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။ထိုသံလိုက်အိမ်မြှောင်သည် လုံချွမ်တိုင်းပြည်တွင် သူရရှိခဲ့သော မှော်ရတနာဖြစ်ပေ၏။လုယွီ၏မှော်စွမ်းအားများ ထည့်သွင်းပြီးနောက် သံလိုက်အိမ်မြှောင်စတင်လည်ပတ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်က ဖရိုဖရဲဖြစ်လာသည်။
လုယွီ၏နံဘေးပတ်လည်၌ရှိနေသော လူရာကျော်ခန့်သည် သံလိုက်အိမ်မြှောင်စတင်လည်ပတ်သည့် အချိန်တခဏမှာပင် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင်မူ လုယွီ၏ဆေဘာဓားချီက နတ်ဘုရားအပြစ်ဒဏ်အလား လေထုကိုထိုးခွင်း၍ ပြင်းထန်စွာကျရောက်သွားသည်။
ဝုန်း...
ကြောက်မက်ဖွယ်ဆူညံသံကြီးက လေထုအတွင်း၌ ပဲ့တင်ထပ်မြည်ဟီးနေပြီး ဆေဘာဓားချီတစ်လှိုင်းက ပိုင်ဆုချင်၏နံဘေးရှိ ဝူရွှင်းယွင်၏ခန္ဓာကိုယ်ကို ဖြတ်ပိုင်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် ဝူရွှင်းယွင်၏ခန္ဓာကိုယ်သည် ခါးလယ်မှဖြတ်တောက်ခြင်းခံရသဖြင့် နှစ်ခြမ်းကွဲထွက်သွားပေ၏။သူမ၏မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း အေးစက်တောင့်တင်းသွားပြီး ပြင်းထန်သောနာကျင်မှုက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ပျံ့နှံ့လာသဖြင့် သူမက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။
"ကောင်းကင်ဘုံနယ်မြေက အကြီးအကဲ...ကျွန်မက ပိုင်ဆုချင်ကို သတ်ဖြတ်ပြီးပြီ...ကျွန်မကို ကယ်တင်ပေးပါအုံး"
ဝူရွှင်းယွင်က ကြောက်ရွံထိတ်လန့်စွာဖြင့် အော်ဟစ်နေပေသည်။
"နတ်ဆိုးချိတ်ပိတ်သူရဲ့အကြွင်းအကျန် သေဆုံးသွားပြီလား...ဟား ဟား ဟား...ကောင်းတယ်...နင်က ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"
မိုးကောင်းကင်တောင်ထိပ်၏ပြင်ပမှနေ၍ လက်တစ်ဖက်က ရုတ်တရက် ဝူရွှင်းယွင်ရှိနေသောနေရာသို့ ကျဆင်းလာသည်။
ကြည့်ရသည်မှာ ဝူရွှင်းယွင်ကို ဤနေရာမှခေါ်ထုတ်ခံရတော့မည့်ပုံ ပေါ်လွင်နေသည်။
"လွတ်မြောက်ချင်သေးတာလား"
လုယွီ၏လက်ရှိ ဆေဘာဓားမှနေ၍ မီးတောက်များထွက်ပေါ်လာပြီး ဝူရွှင်းယွင်ကို ပတ်ဝိုင်းသွားပေ၏။
ရှဲ...ရှဲ ...
ရုန့်ရင်းကြမ်းတမ်းသောမီးတောက်များက ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မီးတောက်များက ဝူရွှင်းယွင်ကို လွှမ်းခြုံသွားတော့သည်။
သူမ၏ဖြတ်တောက်ခြင်းခံထားရသော ခန္ဓာကိုယ်တစ်ပိုင်းသည် မီးသွေးခဲအဖြစ် ပြောင်းလဲသွားပေ၏။
"အား...အား...အား"
ဝူရွှင်းယွင်၏စိတ်ဝိညာဥ်သည် မီးတောက်များကြားမှ လွတ်မြောက်နိုင်ရန်အတွက် ရုန်းကန်နေသည်။
အကယ်၍ လုယွီကသာ ကောင်းကင်ဘုံဧကရာဇ်၏ မူလဘူတအစစ်အမှန်မီးတောက်ကို အသုံးပြုပါက ဝူရွှင်းယွင်သည် အသက်ရှုချိန်တစ်ကြိမ်စာပင် တောင့်ခံနိုင်ခြင်းရှိမည်မဟုတ်ဘဲ ချက်ချင်းပြာဖြစ်သွားပေမည်။
သို့ရာတွင် လုယွီက ထိုသို့ပြုလုပ်ရန် ရည်ရွယ်မထားပေ။သူ၏ယန်ကြွယ်ဆေဘာဓားသည် ငရဲမီးတောက်များလောင်ကျွမ်းနေပြီး စိတ်ဝိညာဥ်ကို သေလောက်အောင်နာကျင်စေသည်။
သူက ဝူရွှင်းယွင်ကို ငရဲမီးတောက်၏အရသာကို ခံစားစေလိုခြင်းပင်။
အချိန်တခဏအကြာတွင် ဝူရွှင်းယွင်၏စိတ်ဝိညာဥ်သည် အဆုံးမရှိသောနောင်တများနှင့်အတူ လေထုအတွင်း၌ ပျောက်ကွယ်သွားပေ၏။
လုယွီက ဝူရွှင်းယွင်အား ထပ်မံ၍အာရုံစူးစိုက်ခြင်း မရှိတော့ပေ။သူ၏လက်ဖြင့် ပိုင်ဆုချင်အား ထွေးပွေ့ထားရာ သူမထံမှ အားပျော့နေသောအသက်ရှုသံကို သူ ခံစားမိသည်။
ပိုင်ဆုချင်၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စပြုလာသည်။အကယ်၍ သာမာန်လူတစ်ယောက်သာ ဤကဲ့သို့ တိုက်ခိုက်ခံရပါက ချက်ချင်းသေဆုံးသွားပေမည်။ပိုင်ဆုချင်သည် ကျင့်ကြံဆင့်မြင့်မားသူဖြစ်၍ ဓားချက်တော်တော်များများ ထိုးသွင်းခံထားရသည့်တိုင် သေအံ့မူးမူးအနေအထား၌ ရှိနေသည်။
သို့ရာတွင် သူမကိုကြည့်ရသည်မှာ တောင့်ခံနိုင်မည့်ပုံမရှိတော့ချေ။
"အဖေ...အမေ...အနည်းဆုံးတော့ သမီး လာတွေ့နိုင်ပြီ"
ပိုင်ဆုချင်၏မျက်လုံးထောင့်မှ ကြည်လင်သောမျက်ရည်တစ်ပေါက် ကျဆင်းလာသည်။
Chapter 793
ပိုင်ဆုချင်၏စကားသံကို လုယွီကြားချိန်တွင် တည်ငြိမ်နေသောသူ့နှလုံးသားကို ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားမိသည်။
သူမက သနားစရာမိန်းကလေးတစ်ယောက်ပင်။
သူမ၌ ဇနီးသည်နှင့်သမီးကို ကာကွယ်မပေးနိုင်ခဲ့သည့် အလွန်အစွမ်းထက်သော ဖခင်တစ်ယောက်ရှိသည်ကို သူမ မည်သည့်အချိန်မျှ သိရှိမည်မဟုတ်တော့ချေ။
သူမ၏ဖခင်ဖြစ်သူသည် တစ်ကိုယ်တည်းနေပြီး သူမတို့အား မည်သည်ကြောင့်စွန့်ပစ်ခဲ့သည်ကိုလည်း သူမ သိရမည်မဟုတ်ပေ။
သူမ၏ဖခင် ကာကွယ်ပေးလိုခဲ့သော လူသားများသည် ကောင်းကင်ဘုံနယ်မြေသို့ သွားရောက်နိုင်ရန်တစ်ခုအတွက်နှင့် သူမ၏အသက်ကိုရယူလိုခဲ့သည်ကိုလည်း သူမ သိလိမ့်မည်မဟုတ်ချေ။
"အိပ်မောကျမသွားစေနဲ့...မင်းရဲ့စိတ်ဝိညာဥ်ကို ထိန်းသိမ်းထားနိုင်သမျှ ငါ မင်းကို ကယ်တင်နိုင်တယ်"
လုယွီက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
သူက အင်္ကျီလက်မောင်းကြားမှ ဆေးပြားတချို့ကို ထုတ်ယူပြီး ပိုင်ဆုချင်၏ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်သည်။
ထိုဆေးပြားများ ပိုင်ဆုချင်၏အစာအိမ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူမ၏နာကျင်မှု တဖြည်းဖြည်းလျော့နည်းလာသည်။သို့ရာတွင် ဤသည်က ရေငတ်ပြေရန် အဆိပ်သောက်လိုက်သည်နှင့်သာ တူညီနေပြီ။
သေသင့်သောဝူရွှင်းယွင်က စိတ်ဝိညာဥ်ထိခိုက်စေသောလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းပင်။
ဤအချိန်တွင် ပိုင်ဆုချင်၏စိတ်ဝိညာဥ် အလွန်အမင်းနာကျင်နေပြီး သူမက ယခင်ထက်များစွာပို၍ အားနည်းသွားသည်။
"ငါ မင်းကို ရအောင်ကယ်တင်မယ်"
လုယွီက သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ ပိုင်ဆုချင်၏မရီးဒါန်းများအတွင်းသို့ ထပ်ခါထပ်ခါ အားဖြည့်ပေးနေသည်။
ထိုအချိန်မှာပင် လေထုအတွင်း၌ ကျယ်လောင်သောဆူညံသံတစ်သံ ထွက်ပေါ်လာသည်။
တိမ်စိုင်များအကြား၌ထိုင်နေသော နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လာပေ၏။
တာအိုသခင်နတ်ဘုရားဝင်္ကပါသည် တုန်ခါစပြုနေပြီး ၎င်း၏မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းကြီးများပင် ရှိနေသည်။
"စွန့်ပစ်ကြယ်နယ်မြေတစ်ခုမှာ အရည်အချင်းရှိတဲ့လူတချို့တော့ ရှိနေသေးသားပဲ...ဒါပေမယ့် နင်က ဝင်္ကပါပညာရပ်မှာ ငါ့ကိုမှီဖို့ အဝေးကြီးလိုသေးတယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အထင်အမြင်သေးပြောဆိုသံသည် သူမ၏လက်ချောင်းတစ်ချောင်း ကျဆင်းလာခြင်းနှင့်အတူ ထွက်ပေါ်လာသည်။၊
ဧရာမလက်ချောင်းတစ်ချောင်းက လုယွီထံဦးတည်၍ ကျဆင်းလာပေ၏။
"နှမြောဖို့ကောင်းတာတစ်ခုက နင်က ခန္ဓာကိုယ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲ...ဒါပေမယ့် မြေအောက်လောက...နင်က ငါအလေးအနက်ထားပြီး ရင်ဆိုင်ရတဲ့သူတစ်ယောက်ပဲ...နင်လိုလူစားမျိုးကို အကောင်းဆုံးရင်ဆိုင်တဲ့နည်းလမ်းက နင်ကိုနောက်ထပ်အခွင့်အရေးမပေးဘဲ တခါတည်းအသေသတ်ပစ်တာပဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ချောင်း နံဘေးပတ်လည်မှ လေဟာနယ်သည် တွန့်လိမ်စပြုလာသည်။
အကန့်အသတ်မရှိသော လေဟာနယ်ဖိအားက လုယွီပေါ်သို့ သက်ရောက်နေရာ သူက ဤတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ပါမည်လော။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏ယခုလက်ရှိခွန်အားသည် ဥာဏ်အလင်းပွင့်နယ်ပယ်အလယ်ဆင့်ကျင့်ကြံဆင့်သာရှိသည်။ဤထိတ်လန့်တုန်လှုပ်ဖွယ်အင်အားပါဝင်သော လက်ချောင်းကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ သူ၏ခွန်အားနှင့် အလွန်အလှမ်းကွာဟနေသည်။
လုယွီ၏မျက်နှာသည် ယခင်ထက်ပို၍ လေးနက်တည်ကြည်သွားပေ၏။သူ၏ရန်သူသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော မြေကမ္ဘာနတ်ဆိုးဘိုးဘေးဖြစ်သည်။သူ၏တာအိုသခင်အဆင့် အထွတ်အထိပ်အခြေအနေမှာပင် သူမအား အနိုင်တိုက်ခိုက်နိုင်ရန် မသေချာပေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုဖြစ်နေသည့်တိုင် လုယွီ၏လက်ရှိအခြေအနေဖြင့် ထိုလက်ညှိုးသာ ကျရောက်လာပါက အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
"ဒီလိုမျိုး အဆုံးသတ်ရတော့မှာလား"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ တက်နိုင်သောအရာမရှိသောကြောင့် သူ၏ကံကြမ္မာကို သူ လက်ခံရပေမည်။
သူ ကြိုတင်ပြင်ဆင်ထားသောအရာတစ်ခု ရှိနေသည်။သူ၏လက်ဖဝါးအတွင်း၌ ကောင်းကင်ဘုံဧကရာဇ်၏မူလဘူတအစစ်အမှန်မီးတောက်နှင့် ငရဲမီးတောက်ကို ရောနှောထားသော မီးတောက်ဘောလုံးတစ်လုံးရှိပေ၏။
ထိုမီးတောက်ဘောလုံးသည် လွန်ကဲသောစွမ်းအားများဖြင့် ပြည့်နှက်နေသည်။အကယ်၍ ၎င်းသာပေါက်ကွဲသွားပါက သူနှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေးလည်း ခံစားရမည်မှာ သေချာသည်။
အကယ်၍ သူ သေဆုံးရလျှင်ပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးလည်း အပြင်းအထန်ဒဏ်ရါရရှိသွားပေမည်။
သို့သော် ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က ဧရာမလက်ချောင်းကြီး၏ရှေ့၌ ထွက်ပေါ်လာသည်။
လှပချောမောသော မိန်းမပျိုလေးက နူးညံညင်သာစွာ လှုပ်ရှားနေပြီး သူမ၏ဆံနွယ်ရှည်များက လေထုအတွင်း၌ တဖျပ်ဖျပ်လွင့်ပျံနေပေ၏။
ဧရာမလက်ချောင်းကြီးနှင့်နှိုင်းယှဥ်ပါက သူမသည် အလွန်အမင်းသေးငယ်နေသော်လည်း သူမက နောက်တွန့်မည့်ပုံမရချေ။
သူမက ကျီးချန်ယွီပင်။
"အကိုလုယွီ...ရှင်က ကျွန်မကို တစ်ကြိမ်ပြီးတစ်ကြိမ် ကယ်တင်ခဲ့တယ်...ဒီတစ်ကြိမ်တော့ ရှင့်အတွက် ကျွန်မကို တစ်စုံတစ်ခုပြုလုပ်ခွင့်ပြုပါ"
ကျီးချန်ယွီ၏မျက်နှာထက်မှ မျက်နှာလွှားဇာပြုတ်ကျသွားပြီး သူမ၏လှပချောမောသောမျက်နှာလေး ထွက်ပေါ်လာသည်။
လှပသောမျက်ဝန်းတစ်စုံက လုယွီကို စိုက်ကြည့်နေပြီးနောက် သူမ၏ခန္ဓာကိုယ်အား ဧရာမလက်ချောင်းကြီးထံ အပြင်းအထန်ဝင်ဆောင့်လိုက်၏။
ဤဖီလာဆန့်ကျင်ထိတွေ့မှုတွင် ယင်ချီများက မိုးကောင်းကင်ယံတိုင် ထိုးတက်သွားသည်။
"ဒါက ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်လား"
လေထုအတွင်း၌ရှိနေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံက မယုံကြည်နိုင်မှုများဖြင့် အက်ရှနေသည်။
ယင်ချီများက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ချောင်းကို ပိတ်ဆို့ဟန့်တားပြီး ရေခဲလွှာကြီးများအဖြစ် ချက်ချင်း ဖွဲ့စည်းသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဧရာမလက်ချောင်းကြီးသည် လေထုအတွင်း၌ပင်အေးခဲသွားပြီး ထပ်မံ၍လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
Chapter 794
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ချောင်း အေးခဲနေသောအချိန်တခဏတွင် ကျီးချန်ယွီက ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
လုယွီက လေထုအတွင်းသို့ပျံဝဲတက်သွားပြီး ကျီးချန်ယွီကို ဆီးဖမ်းလိုက်၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်နေသော်လည်း လုယွီက နားမကြားသကဲ့သို့နေနေပြီး အသက်ရှုသံပျောက်ကွယ်လုနီးပါးဖြစ်နေသော ကျီးချန်ယွီကိုသာ စူးစိုက်ကြည့်နေမိသည်။
အတိတ်တုန်းက ယဲ့ရွှယ်လန်သည် သူ၏နောက်မှနေ၍ တိတ်တဆိတ်ကူညီပေးခဲ့သော်လည်း သူမအားကာကွယ်ရန် သူ ကျရှုံးခဲ့သည်။
အတိတ်မှ မိတ်ဆွေကောင်းတစ်ယောက်၏တစ်ဦးတည်းသောသမီးသည် သူ၏ရှေ့၌ လုပ်ကြံခံရသော်လည်း သူ တားဆီးရန် ကျရှုံးခဲ့သည်။
ယခု သူ့အတွက် အသက်စွန့်ရန်ဆန္ဒရှိနေသော ကျီးချန်ယွီကို ကာကွယ်ပေးရန်လည်း သူ ကျရှုံးခဲ့ဆဲပင်။
"ငါ အတိတ်တုန်းက မင်းတို့အားလုံးကို မသတ်ခဲ့ရတာကို...ငါ တကယ်နောင်တရမိတယ်"
လုယွီက သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ရာတွင် အားကောင်းသောအေးစက်စက်အလင်းရောင်များ ဖြာထွက်နေပေ၏။
သူက မြေအောက်လောက၏အရှင်သခင်ပင်။။သူသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ၌ရှိသော ကျင့်ကြံသူများအားလုံး ကြောက်ရွံရသည့် တည်ရှိမှုကြီးဖြစ်သည်။
သူ ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ခွန်အားကို ပြန်လည်ရရှိစေရန်သာ ကြံရွယ်ထားပြီး မည်သူနှင့်မျှ ယှဥ်ပြိုင်တိုက်ခိုက်လိုစိတ်မရှိပေ။
သို့ရာတွင် သူ နှိမ့်ချနေခဲ့ခြင်းကြောင့် တစ်ချိန်က သူ့ကို မော့မကြည့်ဝံ့သူများသည် သူ၏အနီးစပ်ဆုံးမိတ်ဆွေများကို နာကျင်စေရန် ထပ်ခါထပ်ခါ ကျူးလွန်ခဲ့ကြသည်။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...ခင်ဗျားက သေလမ်းရှာနေတာပဲ"
လုယွီက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ၏လက်အတွင်းမှ မီးတောက်ဘောလုံးကို မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံချိန်ရွယ်၍ တွန်းထုတ်လိုက်တော့သည်။
ဝုန်း....
ထိုမီးတောက်ဘောလုံး၏အရွယ်အစားသည် ကြီးမားခြင်းမရှိသော်လည်း လေထုအတွင်းသို့ရောက်ရှိသွားသည်နှင့် ၎င်းကပေါက်ကွဲသွားပေ၏။
အဆုံးမရှိသောမီးတောက်များက မိုးကောင်းကင်ယံတခွင်လုံး ပြည့်နှက်သွားသည်။အမျိုးအစားမတူညီသောမီးတောက်နှစ်ခု ရောနှောပေါင်းစပ်ထားမှုကြောင့် မိုးကောင်းကင်ပင်လျှင် အနက်ရောင်ပြောင်းလဲသွားပေ၏။
"မြေအောက်လောက....."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စူးရှရှအော်ဟစ်လိုက်သည်။သူမသည် မီးတောက်ကြောင့် ဒဏ်ရါရရှိခဲ့ရသည်။
သူမသည် အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုသာဖြစ်သော်လည်း ဤကြယ်နယ်မြေပေါ်မှ သက်ရှိများနှင့် အဆင့်ကွာဟသည်။
သို့ရာတွင် သူမက လုယွီ၏လက်ချက်ကြောင့် ဒဏ်ရါရရှိခဲ့သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ ခံစားနေရ၏။သို့ရာတွင် သူမသည် သာမာန်ကျင့်ကြံသူတစ်ယောက်မဟုတ်သဖြင့် မီးတောက်ပင်လယ်ကြီးကို တောင့်ခံ၍ လုယွီထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
ဝုန်း....
ထိုလက်သီးချက်သည် မီတာထောင်ပေါင်းများစွာ အကွာအဝေးမှနေ၍ လုယွီပေါ်သို့ ကျရောက်လာသည်။
လုယွီသည် မီးတောက်နှစ်ခုကိုရောယှက်၍ ပစ်လွှက်လိုက်စဥ်တွင် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ အနည်းငယ်ကုန်ခမ်းသွားသည်။
ယခုလက်ရှိအချိန်တွင် ပြင်းထန်သောလက်သီးထိုးနှက်ချက်ကို သူခံယူလိုက်ရသဖြင့် သူက နောက်သို့လွင့်ထွက်သွားတော့သည်။
ဖူး..
လုယွီ၏ပါးစပ်ထောင့်မှနေ၍ သွေးတစ်လုတ်အန်ထုတ်လိုက်ရသော်လည်း သူ၏မျက်နှာထက်၌ ရူးသွပ်မှုများ ထင်ဟပ်နေသည်။
"ကျုပ်ရဲ့လက်ရှိအခြေအနေနဲ့ ခင်ဗျားကို ဘာမှမလုပ်နိုင်ဘူး...ဒါပေမယ့် ခင်ဗျားရဲ့မျိုးဆက်တွေကတော့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်ခွါမသွားနိုင်စေရဘူး"
လုယွီက သူ၏ဆေဘာဓားကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောဆေဘာဓားချီလှိုင်းတစ်လှိုင်းက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ချက်ချင်းပင်ဝေ့ဝိုက်တိုက်ခတ်သွားတော့သည်။
ဤတစ်ကြိမ်တွင်တော့ သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်းမရှိတော့ချေ။
ကိုးကြိမ်တိုင်တိုင်ဖိနှိပ်ထားသောကျင့်ကြံမှုနယ်ပယ်...ခွန်အားဆယ်ဆမြှင့်တင်ခြင်း....ထို့ပြင် တာအိုသခင်စိတ်ဝိညာဥ်၏ထောက်ပံမှု....
ဆယ်မီတာခန့်ရှည်လျားသည့် မြောက်များစွာသောဓားချီများသည် ကောင်းကင်ယံတိုင်ထိုးတက်သွားပြီး လေထုအတွင်းရှိ ရှေးဟောင်းနတ်ဆိုးများထံသို့ ကျရောက်သွားသည်။
ရှေးဟောင်းနတ်ဆိုးအများစုသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံဆင့်ရှိသူများဖြစ်သည်။
သို့ရာတွင် လုယွီ၏ဓားချီလှိုင်းများအောက်၌ ထိုရှေးဟောင်းနတ်ဆိုးများသည် စက္ကူပြားများနှင့်သာတူညီနေပြီး သွေးမြူများအဖြစ် ပေါက်ကွဲသွားကြသည်။
ဝှစ်.....ဝှစ်....ဝှစ်...
မြောက်များစွာသောသွေးများ ဖြာကျနေခြင်းနှင့်အတူ ရှေးဟောင်းနတ်ဆိုးများသည် လုယွီ၏ဓားချီအောက်၌ အတုံးအရုံးသေဆုံးနေသည်။
သူတို့က လုယွီကို မည်သို့မျှယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
ဤအချိန်တွင် လုယွီက သူ၏အစွမ်းရှိသမျှအားလုံးနီးပါးကို အသုံးပြုနေသည်။
ထိပ်သီးအင်အားစုများမှ အကြီးအကဲများပင်လျှင် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားအရှိန်အဝါကြောင့် နေရာ၌ပင် ရပ်တန့်နေကြ၏။
"ဒီကောင်လေးက ဒီလေါက်ထိသန်မာတာလား"
အကြီးအကဲတစ်ယောက်၏မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
တခြားအကြီးအကဲများကလည်း တွန့်ဆုတ်နေကြပြီး တိုက်ပွဲအကြား၌ ဝင်ရောင်စွက်ဖက်ဝံ့ခြင်းမရှိတော့ချေ။
ဤတိုက်ပွဲအတွင်းတွင် မြောက်များစွာသောလူများသည် လုယွီ၏လက်အတွင်း၌ သေဆုံးခဲ့ရ၏။
နောင်တစ်ချိန်တွင် 'မြေအောက်လောက'ဟူသော နာမည်သည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေမည်မှာ သေချာပေသည်။
"ငါ နင့်ကို အရှင်လတ်လတ် အရေခွံခွါပြီး ဝါးမြိုပစ်မယ်"
ရုတ်တရက် ကောင်းကင်ယံမှနေ၍ ကျယ်လောင်သောအော်ငေါက်သံကြီး ထွက်ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားတစ်ရပ်က လုယွီထံ သက်ရောက်လာသည်။
Chapter 795
မြောက်များစွာသောရှေးဟောင်းနတ်ဆိုးများကို လုယွီက သတ်ဖြတ်လိုက်သည်ကိုမြင်ချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်ဒေါသထွက်သွားပေ၏။
သူမက မီးပင်လယ်ကြီးကို ရင်ဆိုင်နေရင်းမှ တာအိုသခင်နတ်ဘုရားဝင်္ကပါကိုလည်း အရူးအမူးစတင်တိုက်ခိုက်နေတော့သည်။
ဝုန်း...ဝုန်း...ဝုန်း...
ပေါက်ကွဲသံတချို့နှင့်ယှဥ်တွဲ၍ တာအိုသခင်နတ်ဘုရားဝင်္ကပါ၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာသည်။
"မြန်မြန် ဒီနေရာကထွက်ခွါတော့...ငါ ထပ်ပြီးအချိန်ကြာကြာ တောင့်မခံနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ဖျော့တော့တော့အသံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
လုယွီက ဤတစ်ကြိမ်တွင် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။တာအိုသခင်နတ်ဘုရားဝင်္ကပါကို ထိန်းချုပ်နေသော နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် သူ၏အကန့်အသတ်ကို ရောက်ရှိနေလေပြီ။
ဤတာအိုသခင်နတ်ဘုရားဝင်္ကပါသည် အစစ်အမှန်ဝင်္ကပါကြီး၏တစိတ်တဒေသသါဖြစ်သော်လည်း အားကောင်းသောတာအိုသခင်တစ်ယောက်၏အသက်အနှစ်သာရ ပါဝင်နေသဖြင့် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ကျင့်ကြံဆင့်ဖြင့် ထိန်းချုပ်နိုင်ရန် မလွယ်ကူချေ။
"မိုးကောင်းကင်တောင်ထိပ်ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ကျိုင်းပင်ကြီးအောက်မှာ ငါ မင်းအတွက် ကူးပြောင်းရေးဝင်္ကပါတစ်ခု ဖွင့်ပေးထားတယ်...ဒီနေရာက မြန်မြန်ထွက်သွားတော့...ထပ်ပြီးတော့ တိုက်ခိုက်မနေနဲ့"
နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏အသံက အလွန်ပင်ဖျော့တော့နေသည်။
လုယွီက တိမ်စိုင်များအကြားရှိ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ကို လေးလေးနက်နက်ကြည့်ပြီး သူ၏စိတ်ကို တည်ငြိမ်စေရန် ပြန်လည်ထိန်းညှိလိုက်သည်။
ယခုလက်ရှိအချိန်က သူ ရူးသွပ်မိုက်မဲနေရမည့် အချိန်မဟုတ်ပေ။
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
လုယွီက နောက်ဆုံးကျန်နေသော ရှေးဟောင်းနတ်ဆိုးတစ်ကောင်၏ ခေါင်းကိုဖြတ်ပြီးနောက် မှော်စွမ်းအင်လှိုင်းတစ်လှိုင်းကို ထုတ်ဖော်လိုက်သည်။
သူ၏မှော်စွမ်းအားများက ပိုင်ဆုချင်နှင့်ကျီးချန်ယွီကို လွှမ်းခြုံသွားပြီး သူ့နံဘေး၌ မျောလွင့်နေစေသည်။
ဝုန်း...
ရုတ်တရက် ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး အနီးရှိ ကျင့်ကြံသူများအားလုံး လွင့်စင်သွားကြသည်။
ထိုကျင့်ကြံသူများသည် လုယွီက ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရသဖြင့် အသိစိတ်လွတ်ကင်းသကဲ့သို့ ခံစားနေရပြီး သူတို့၏မျက်လုံးများအတွင်း၌ ကြောက်ရွံမှုများ ထင်ဟပ်နေသည်။
လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။ယခုလက်ရှိအချိန်၌ ထိုလူများနှင့်အချိန်ဖြုန်းနေရန် အချိန်မရှိတော့ချေ။
လုယွီက သူ၏မှော်စွမ်းအားများဖြင့် မိန်းကလေးနှစ်ယောက်ကို လွှမ်းခြုံပြီး အနောက်တောင့်ထောင့်ရှိ ကျိုင်းပင်ကြီးထံသို့ ရောက်ရှိလာသည်။
ကျိုင်းပင်ကြီးအောက်၌ မှော်စွမ်းအင်များလှုပ်ခတ်နေသော ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိနေသည်။လုယွီတို့က ဝင်္ကပါအတွင်းသို့ ခြေချလိုက်သည်နှင့် ချက်ချင်းပင် ဤနေရာမှ ထွက်ခွါသွားနိုင်ပေမည်။
"နင်တို့က ထွက်သွားချင်သေးတာလား"
အေးစက်စက်အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ ကွဲအက်နေသော တာအိုသခင်နတ်ဘုရားဝင်္ကပါကြီး ပြိုကွဲသွားတော့သည်။
လေထုအတွင်းရှိ မြေကမ္ဘာနတ်ဆိုးဘိုးဘေးက လုယွီထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဤအချိန်တွင် ကူးပြောင်းရေးဝင်္ကပါက သက်ဝင်လှုပ်ရှားစပြုနေလေပြီ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဧရာမလက်ဝါးကြီးက လေပြင်းများနှင့်ရောနှော၍ ရောက်ရှိလာသည်။
ဘုန်း...
ထိုလက်ဝါးကြီးက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာပေ၏။
မြေပြင်တစ်ခုလုံး ကျွံဝင်သွားပြီး ကူးပြောင်းရေးဝင်္ကပါ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
သို့ရာတွင် ကူးပြောင်းရေးဝင်္ကပါ ပျက်စီးသွားသည့်တိုင် လုယွီတို့က ဤနေရာမှ ထွက်ခွါခဲ့ပြီးလေပြီ။
"ငါ နင်တို့အားလုံးကို သတ်ပစ်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒေါသအမျက်ချောင်းချောင်းထနေပေ၏။
သူမက ပိုင်ဆုချင်၏တည်နေရာအတိအကျကို သတင်းရရှိခဲ့သဖြင့် သူမ၏ငယ်သားများကို ခေါ်ဆောင်၍ လာခဲ့ခြင်းပင်။သို့ရာတွင် သူမ၏ငယ်သားများ ဆုံးရှုံးသွားသည့်တိုင် ပိုင်ဆုချင်နှင့်လုယွီသည် လွတ်မြောက်သွားပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဒေါသများ နောက်ဆုံး၌ ပေါက်ကွဲလာခဲ့သည်။
"နတ်ဆိုးတာအို ဆင်းသက်လော့"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်မောင်းရှည်ကြီးနှစ်ဖက်က လေထုအတွင်းသို့ မြင့်တက်သွားပြီး သူမ၏လက်ဖဝါးအတွင်း၌ ပြင်းထန်သောအနက်ရောင်စွမ်းအားထုကြီးကို စုစည်းလိုက်သည်။
အချိန်တခဏအကြာမှာပင် ပြင်းထန်သော ဖိအားလှိုင်းတစ်ရပ်က မိုးကောင်းကင်တောင်တစ်တောင်လုံးကို လွှမ်းခြုံသွားသည်။
ဆုလဒ်မျါးကိုလိုချင်သဖြင့် ပိုင်ဆုချင်အား သတ်ဖြတ်ရန် ကြံရွယ်နေကြသူများလည်း နောက်ဆုံး၌ အသိပြန်ဝင်လာကြ၏။
သူတို့က ရူးသွပ်မိုက်မဲနေသူများ မဟုတ်ကြချေ။သူတို့ရှေ့မှလူသည် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်မဟုတ်ဘဲ သတ်ဖြတ်ခြင်းကိုမွေ့လျော်သောနတ်ဆိုးတစ်ကောင်ဖြစ်ခြင်းကို သူတို့က ရှင်းရှင်းလင်းလင်း သိရှိထားသည်။
"မိုးကောင်းကင်တောင်ကို ကာကွယ်ကြ"
မိုးကောင်းကင်တောင်ထိပ်မှအကြီးအကဲများသည် သွေးများအန်ထွက်နေသည့်တိုင် အသည်းအသန်ကာကွယ်နေကြပြီး နောက်မတွန့်ကြချေ။
"ငါ နင်တို့ကို အရင်ဆုံးသတ်ပစ်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ဝါးက အောက်သို့ ကျဆင်းလုဆဲဆဲပင်။
သို့သော် ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ဝါးကို ပိတ်ဆို့ဟန့်တားလိုက်၏။
"မိုးကောင်းကင်ရဲ့စွမ်းအားလား...နင်က ငါ့ကို ဟန့်တားဝံ့တယ်ပေါ့"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
သူမအား အဖြေပေးသည့်အနေဖြင့် မိုးကောင်းကင်ယံမှ မိုးကြိုးများကျဆင်းလာသည်။
ဘုန်း...ဘုန်း...ဘုန်း...
အကန့်အသတ်ရှိပုံမရသော မိုးကြိုးများက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ချက်ချင်းပင်လွှမ်းခြုံသွားတော့သည်။