← Chapters

အခန်း (၇၉၆-၈၀၀)

Vol. 43 Ch. 796-800

အခန်း (၇၉၆-၈၀၀)

Vol. 43 Ch. 796-800

Chapter 796

ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပုံရိပ် မှုန်ဝါးဝါးဖြစ်သွားပေ၏။

မိုးကောင်းကင်တောင်ထိပ်တွင် မိုးကြိုးတန်းများကြောင့် လင်းလက်တောက်ပနေသည်။

"နင့်လို့ စွန့်ပစ်ကြယ်နယ်မြေတစ်ခုရဲ့ မပြည့်စုံတဲ့ မိုးကောင်းကင်တာအိုကများ...ငါ့ကို ဟန့်တားဝံ့တယ်ပေါ့...နင် စောင့်နေ...ငါ့ရဲ့ခွန်အားတွေ ပြန်ရလာတဲ့တစ်နေ့ကျရင်...နင့်ကိုငါ ဝါးမျိုပစ်မယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒေါသတကြီးဖြင့် စကားအနည်းငယ်ပြောပြီးသည်နှင့် မိုးကောင်းကင်တောင်ထိပ်မှ ထွက်ခွါသွားတော့သည်။

ဖုန်မှုန့်များ လွင့်ပြယ်သွားလေပြီ။

မူလက ခမ်းနားထည်ဝါသောနေရာဖြစ်သည့် မိုးကောင်းကင်တစ်ခုလုံး ယခုအချိန်၌ အပျက်အယွင်းများသာ ကျန်ရစ်တော့သည်။

နေရာအနှံ့ ညည်းတွားသံများ ကြားနေရပြီး ပိုင်ဆုချင်ကိုသတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြသူများသည် ဤနေရာ၌ ဆက်၍မနေဝံ့ကြတော့သဖြင့် ထွက်ပြေးသွားကြ၏။

မြေပြင်ပေါ်၌ အလောင်းများ ပြန့်ကျဲနေသည်။ထိုအလောင်းများ၏ အနည်းစုမှာ ရှေးဟောင်းနတ်ဆိုးများ၏သတ်ဖြတ်ခြင်းခံရပြီး အများစုမှာ လုယွီ၏လက်ချက်ပင်။

ဤတိုက်ပွဲသည် အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးအင်အားစုများမှလူများကို အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားစေ၏။

စိတ်ဝိညာဥ်နယ်ပယ်အကြီးအကဲများပင်လျှင် သူတို့၏စိတ်နှလုံးသားအတွင်းမှ ချမ်းစိမ်းလာသကဲ့သို့ ခံစားနေရသည်။

ယခုလက်ရှိချိန်တွင် လုယွီ၏အသက်အရွယ်သည် အလွန်ငယ်ရွယ်သေးပြီး အသက်သုံးဆယ်မပြည့်မီမှာပင် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်။အကယ်၍ သူသာ ကြီးပြင်းလာပါက မည်ကဲ့သို့အနေအထားထိ သူ ရောက်ရှိနိုင်မည်နည်း။

နောင်တစ်ချိန်၌ အလယ်ပိုင်းကုန်းမြေတစ်ခုလုံးတွင် နံပါတ်တစ်ထိပ်သီးကျင့်ကြံသူဖြစ်လာနိုင်သော အစွမ်းအစရှိသည့် လူငယ်ကျင့်ကြံသူမျိူးသည် လင်ရှောင်းဂိုဏ်း၌ ကျင့်ကြံနေမည်ဟု မည်သူကမျှ စိတ်ကူးယဥ်တွေးတောမိခဲ့ခြင်းမရှိချေ။

ဤကဲ့သို့ လူစားမျိုးကို ဆန့်ကျင်မိသူများသည် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

"လာကြစမ်း...ဒီတစ်ကြိမ် မိုးကောင်းကင်တောင်ထိပ်မှာ အကြီးအကဲပိုင်ကို တိုက်ခိုက်ခဲ့ကြတဲ့လူအားလုံးကို ရေးမှတ်ထားလိုက်ကြ...ငါတို့ လင်ရှောင်းဂိုဏ်းက အဲ့ဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက်ရှာဖွေပြီး စာရင်းရှင်းရလိမ့်မယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်လုံးအကြည့်က အေးစက်တင်းမာနေသည်။

အစောပိုင်းက တိုက်ပွဲ၌ ဝင်ရောက်လှုပ်ရှားခဲ့ခြင်းမရှိသူများပင်လျှင် လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏အေးစက်တင်းမာနေသောအကြည့်ကို ရဲရဲတင်းတင်းပြန်မကြည့်ဝံ့ချေ။

ထိုအချိန်မှာပင် အကြီးအကဲရှင်းက ရုတ်တရက် လေထုအတွင်းမှ ဆင်းသက်လာသည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

"ပိုင်ဆုချင်နဲ့မြေအောက်လောက ဘယ်နေရာမှာရှိနေလဲ"

အကြီးအကဲရှင်းက စိတ်ပျက်အားငယ်သောလေသံဖြင့် ပြောဆိုလေသည်။

"နတ်ဘုရားအရှင်သခင်က အပြင်းအထန်ဒဏ်ရါရရှိပြီးတော့ ထောက်ပံမှုအများကြီးမပေးနိုင်ခဲ့ဘူး...ကူးပြောင်းရေးဝင်္ကပါပျက်စီးသွားပြီးတော့ သူတို့ ဘယ်နေရာကိုရောက်နေလဲဆိုတာ အရှင်သခင်လည်းမသိဘူးလို့ပြောတယ်...ဒါပေမယ့် သေချာတာတစ်ခုကတော့ သူတို့အားလုံး အသက်ရှင်နေတုန်းပဲ"

အကြီးအကဲရှင်း၏လက်အတွင်း၌ ကျီးချန်ယွီ၏အသက်ကျောက်ပြားကို ကိုင်ဆောင်ထားသည်။၎င်းပေါ်၌ ကျီးချန်ယွီ၏အစစ်အမှန်သွေးတစ်စက်ရှိနေပေရာ အကယ်၍ သူမသာ သေဆုံးသွားပါက အသက်ကျောက်ပြားလည်း ကျိုးပဲ့သွားပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ အသက်ကျောက်ပြားသည် အကောင်းပကတိအတိုင်းရှိနေလေရာ ကျီးချန်ယွီ မည်သည့်မတော်တဆဖြစ်ရပ်နှင့်မျှ ကြုံတွေ့ခဲ့ခြင်းမရှိကြောင်းကို ညွှန်ပြနေသည်။

"သူတို့ ဘေးကင်းမယ်လို့ ငါ မျှော်လင့်မိတယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

......

လင်းမြို့ ...

ဤနေရာသည် သေမျိုးမြို့တစ်မြို့ဖြစ်ပြီး ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်း၏ ပိုင်နက်ပင်။

လင်းမြို့၌နေထိုင်သော ကျင့်ကြံသူများ၏ထိပ်ဆုံးကျင့်ကြံဆင့်နယ်ပယ်သည် ကမ္ဘာမြေသင်္ကေတနယ်ပယ်သာရှိကြ၏။မြို့အတွင်း၌ရှိသော ကျင့်ကြံသူအများစုကမူ လုံချီနယ်ပယ်သာရှိသည်။

သေမျိုးမြို့တစ်မြို့ဖြစ်သဖြင့် လင်းမြို့သည် အလွန်ငြိမ်းချမ်းပြီး လူတချို့သာလျှင် ကျင့်ကြံရန်အာရုံစူးစိုက်ကြသည်။

မြို့ပြင်ရှိ သစ်တောအုပ်အတွင်းမှ လမ်းတစ်လမ်းပေါ်၌ မြင်းခွါသံများ ကြားနေရသည်။

မြောက်များစွာသောလူများက မြင်းများကိုစီးနှင်ပြီး ခမ်းနားထည်ဝါသောရထားလုံးတစ်လုံးကို စောင့်ကြပ်ကာ လင်းမြို့သို့ ဦးတည်သွားနေကြသည်။

ရုတ်တရက် ယာဥ်တန်းကြီးတစ်ခုလုံး ရပ်တန့်သွားသည်။

ထိုလူစုက အလျှင်အမြန်သွားရောက်စစ်ဆေးကြည့်ရာတွင် မိန်းကလေးနှစ်ယောက်နှင့်လူငယ်တစ်ယောက်က မြေပြင်ပေါ်၌ လဲကျနေခြင်းကို တွေ့မြင်မိကြသည်။မြေပြင်ပေါ်၌ ကြီးမားသောချိုင့်ကြီးတစ်ချိုင့်လည်း ရှိနေပေ၏။

မိန်းကလေးနှစ်ယောက်သည် သတိလစ်မေ့မျောနေပြီး လူငယ်သည် နိုးထနေသော်လည်း ဖြူရော်ပြီး အလွန်အမင်းအားနည်းနေခြင်းကို သူတို့က တွေ့မြင်မိကြသည်။

"မြို့အရှင်...ဒီလူတွေက သံသယဖြစ်စရာကောင်းတယ်...တခြားမြို့တွေက စေလွှက်လိုက်တဲ့ သူလျှိုတွေများ ဖြစ်နေမလား"

စစ်သားတစ်ယောက်က သတင်းပို့လိုက်၏။

မြင်းရထားလုံးမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ထွက်လာသည်။ထိုလူသည် အလွန်ဝဖိုင့်ပြီး လမ်းလျှောက်ရန်ပင် ခက်ခဲနေသည်။

သူက မြေပြင်ပေါ်၌လဲကျနေသူများကိုကြည့်ပြီး ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်သည်။

"မင်းတို့က...ငါ့ရဲ့လင်းမြို့ကလူတွေ မဟုတ်ဘူးမလား"

လုယွီက ထိုလူစုသည် သာမာန်လူများဖြစ်သည်ကို သတိပြုမိ၏။

သူ ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ဝင်စဥ်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရိုက်ချက်က သူ့အားထိမှန်ခဲ့သည်။ထိုအချိန်မှစ၍ သူ၏မရီးဒါန်းများမှ နာကျင်လာမှုကိုခံစားရပြီး မှော်စွမ်းအားအနည်းငယ်ကိုပင် အသုံးပြုနိုင်စွမ်းမရှိတော့ချေ။

Chapter 797

"ကျွန်တော်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ...တခြားသူတွေရဲ့ချုံခိုတိုက်ခိုက်တာကိုခံရလို့ ထွက်ပြေးလာရင်းနဲ့ ဂျူနီယာညီမလေးတွေက ဒီနေရာအရောက်မှာ သတိလစ်မေ့မျောသွားကြတယ်"

လုယွီက သူ၏လက်သီးနှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်၏။

လုယွီ၏စကားကိုကြားချိန်တွင် ရထားလုံးဘေး၌စောင့်ကြပ်နေကြသော စစ်သားများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ထိုလူငယ်အုပ်စုသည် ကျင့်ကြံသူများဖြစ်ပေ၏။ဤကဲ့သို့မြင့်မားသောနေရာမှ ပြုတ်ကျလာသည့်တိုင် အသက်အန္တရာယ်မရှိကြသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

မြို့အရှင်က လုယွီကို အံ့အားသင့်ပုံဖြင့် ကြည့်ရှုနေသည်။ဤကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ကျင့်ကြံသူအား တွေ့မြင်သည်က သူ့အတွက် အံ့အားသင့်စရာဖြစ်နေပေ၏။

မည်သို့ပင်ဆိုစေကာမူ သူကလည်း လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"ကျွန်တော်က လင်းမြို့ရဲ့မြို့အရှင်ပါ...တကယ်လို့ ထိပ်သီးအင်မော်တယ်က စိတ်မရှိဘူးဆိုရင်...မြို့ကို ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပြီး အနားယူပါလား"

"ကောင်းပြီလေ"

လုယွီက ဟန်လုပ်ခြင်းမရှိဘဲ သဘောတူညီလိုက်၏။

ယခုလက်ရှိချိန်တွင် သူ၏ခွန်အားပြန်လည်ကောင်းမွန်လာစေရန်အတွက် နေရာတစ်ခုလိုအပ်ရုံသာမက မိန်းကလေးနှစ်ယောက်၏ဒဏ်ရါများမှာလည်း နှောင့်နှေးကြန့်ကြာ၍မရချေ။

တောတောင်များအတွင်းထက် နေရာတစ်နေရာ၌ အနားယူသည်က ပို၍ကောင်းမွန်ပေမည်။

"လာကြစမ်း...ထိပ်သီးအင်မော်တယ်ကို ငါ့ရဲ့ရထားလုံးထဲကို ခေါ်ဆောင်သွားကြ...ငါ မြင်းစီးမယ်"

လင်းမြို့အရှင်က သူ၏စစ်သားများကို အမိန့်ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်"

လုယွီက ငြင်းပယ်ခြင်းမရှိဘဲ လင်းမြို့အရှင်၏အကူအညီကိုယူ၍ မိန်းကလေးနှစ်ယောက်ကို ရထားလုံးအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။

သူက ယခုလက်ရှိအချိန်၌ အလွန်အားနည်းနေပြီး နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ကြောင့်သာ အနည်းငယ်ထူထူထောင်ထောင်ရှိနေခြင်းဖြစ်သည်။

သို့ရာတွင် သူ၏အခြေအနေသည် စစ်သားများ၏အမြင်၌ သံသယဝင်စရာဖြစ်နေသည်။

မိန်းကလေးနှစ်ယောက်လုံးသည် ရုပ်ရည်အရရော ခန္ဓာကိုယ်အချိုးအစားအရပါ အပြစ်ပြောစရာမရှိသည်အထိ ချောမောလှပသူများဖြစ်နေသည်။

ကျင့်ကြံသူများပင်လျှင် သူမတို့အားမြင်တွေ့ချိန်၌ အံ့အားတသင့်ကြည့်ရှုကြရာ သာမာန်လူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

လုယွီတို့သုံးယောက်သည် မြင်းရထားလုံးအတွင်းသို့ဝင်ပြီးသည်နှင့် ယာဥ်တန်းကြီးနှင့်အတူ လင်းမြို့သို့ ခရီးဆက်ကြတော့သည်။

လင်းမြို့အရှင်၏ယုံကြည်ရသောငယ်သားတစ်ယောက်က မြို့အရှင်အနီးသို့ကပ်၍ တီးတိုးပြောဆိုလိုက်၏။

"မြို့အရှင်...သူတို့ကိုကြည့်ရတာ ထိပ်သီးအင်မော်တယ်တွေနဲ့လည်းမတူဘူး...ကျွန်တော်တို့ကိုလိမ်နေတာများ ဖြစ်နေမလား"

လင်းမြို့အရှင်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလေသည်။

"ငါ့ရဲ့အရာရှိသက်တမ်းတလျှောက်လုံး ဖြောင့်မတ်မှန်ကန်ပြီး မြို့သူမြို့သားတွေကို ကြင်ကြင်နာနာဆက်ဆံခဲ့တယ်...အခုချိန်မှာ သူတို့က လမ်းပေါ်မှာလဲကျနေတာ...ငါလိုလူစားမျိုးက သူတို့ကို မျက်နှာလွှဲနေလို့ဖြစ်မလား"

"ကျွန်တော် စကားရှည်မိသွားတယ်"

ထိုငယ်သားက ခေါင်းကိုအောက်သို့ငုံ၍ ပြောဆိုလိုက်သည်။

လင်းမြို့အရှင်က မြင်းရထားလုံးကိုတစ်ချက်ကြည့်ပြီး တီးတိုးပြောဆိုလေသည်။

"ငါတို့ မြို့ကိုပြန်ရောက်တဲ့အချိန်ကျရင်...တခြားအရာရှိတွေလည်း သူတို့ကို တွေ့မြင်ရမှာပဲ...တကယ်လို့ သူတို့သာ အစစ်အမှန်အင်မော်တယ်တွေဖြစ်နေရင်...ငါတို့လင်းမြို့ရဲ့ခုခံကာကွယ်ရေးမှာ နည်းနည်းအားဖြစ်တာပေါ့"

ယာဥ်တန်းကြီးက လင်းမြို့အတွင်းသို့ ဝင်ရောက်လာလေပြီ။

သာမာန်သေမျိုးမြို့များကဲ့သို့ပင် လင်းမြို့သည် အလွန်စည်ပင်ဝပြောသော်လည်း လင်ရှောင်းမြို့၏ခမ်းနားထည်ဝါမှုနှင့် အလှမ်းကွာဟသည်။

မြို့အတွင်းသို့ဝင်ရောက်ပြီးနောက် အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်တွင် မြို့အရှင်အိမ်တော်သို့ ရောက်ရှိခဲ့ကြတော့သည်။

"အင်မော်တယ်ကြီးတွေ...ကျေးဇူးပြုပြီး အနားယူပါအုံး...ညနေခင်းကျရင် ကျွန်တော်က ညစာစားပွဲတစ်ခုစီစဥ်ထားတယ်...အင်မော်တယ်က မငြင်းဆန်ဘဲ တက်ရောက်မယ်လို့ ကျွန်တော် မျှော်လင့်မိတယ်"

လင်းမြို့အရှင်က လုယွီကို ဖိတ်ကြားလိုက်၏။

လုယွီက အချိန်တခဏကြာ တွေဝေသွားသည်။သူ၏ကျင့်ကြံဆင့် ပြန်လည်ကောင်းမွန်လာစေရန် အလျှင်လိုနေသဖြင့် ထိုညစာစားပွဲကဲ့သို့ရှုပ်ထွေးသောအလုပ်မျိုးကို လုပ်လိုစိတ်မရှိချေ။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လင်းမြို့အရှင်သည် သူတို့အား ကယ်တင်လာခဲ့သူဖြစ်၍ ဤကိစ္စအား ငြင်းပယ်ရန်မသင့်တော်ပေ။

လုယွီက ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ဒါပေမယ့် ကျွန်တော်ရဲ့ဂျူနီယာညီမလေးနှစ်ယောက်က သတိလစ်မေ့မျောနေတယ်...သူတို့နှစ်ယောက်ကို ကျွန်တော်အရင်ဆုံး ကုသပေးရဦးမယ်"

လင်းမြို့အရှင်က အပြုံးနှင့် ပြောဆိုလေသည်။

"ဒါက ဖြစ်သင့်ပါတယ်...အင်မော်တယ်ကြီးက ညစာစားပွဲတက်ရောက်မယ်ဆိုတာကကို...ကျွန်တော်တို့လင်းမြို့အတွက် ဂုဏ်ယူစရာပါပဲ"

အစေခံတစ်ယောက်က လုယွီတို့ကို ကျယ်ဝန်းသောဧည့်သည်ခန်းတစ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပေ၏။

"လူကြီးမင်းတို့...ဒါက မြို့အရှင် ဧည့်သည်တော်တို့အတွက် အထူးသီးသန့်ပြင်ဆင်ပေးထားတဲ့အခန်းပါ...ဒီနိမ့်ကျတဲ့သူက ဧည့်သည်တော်တွေကို အနှောက်အယှက်မပြုတော့ပါဘူး"

အစေခံက ရိုသေလေးစားစွာ ပြောဆိုလေသည်။

လုယွီက ခေါင်းညိမ့်ပြပြီး မိန်းကလေးနှစ်ယောက်ကိုခေါ်ဆောင်၍ အခန်းအတွင်းသို့ ဝင်လိုက်တော့သည်။

....

အခန်းအတွင်း၌....

လုယွီက မိန်းကလေးနှစ်ယောက်ကို အိပ်ယာပေါ်သို့တင်ပြီးနောက် ချက်ချင်းပင် သူ၏မှော်စွမ်းအားဖြင့် သူမတို့၏အခြေအနေကို စစ်ဆေးလိုက်သည်။

လုယွီ၏နဖူးမှ ချွေးစေးများပင် စီးကျလာပေ၏။သူမတို့နှစ်ယောက်လုံး၏ဒဏ်ရါအခြေအနေသည် အလွန်ပြင်းထန်သဖြင့် သူ အမှားအယွင်းအနည်းငယ်လုပ်မိသည်နှင့် အကျိုးဆက်အား မတွေးဝံ့ချေ။

ထိုအချိန်မှာပင် အခန်း၏တံခါးမကြီးနှင့်ပြတင်းပေါက်တံခါး အနည်းငယ်တုန်ခါသွားသည်။

ရုတ်တရက် အနက်ရောင်လေစီးကြောင်းတစ်ကြောင်းက မိန်းကလေးနှစ်ယောက်ထံသို့ ရောက်ရှိလာသည်။

ဤသည်က ကောင်းကင်နှင့်မြေကြီးကြားမှ ငရဲဥပဒေသဖြစ်ပေ၏။

Chapter 798

သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ သူတို့၏အသက်ဝိညာဥ်ကင်းကွာလုဆဲဆဲအချိန်တွင် ငရဲဥပဒေသရောက်ရှိလာပြီး ထိုသူတို့၏ဝိညာဥ်များကိုခေါ်ဆောင်ကာ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းအတွင်းသို့ ပို့ဆောင်ပေးပေမည်။

မိန်းကလေးနှစ်ယောက်၏စိတ်ဝိညာဥ်များသည် ပြိုကွဲလုနီးနီးအခြေအနေသို့ရောက်ရှိနေသဖြင့် ငရဲဥအဒေသ ရောက်ရှိလာခြင်းပင်။

"ထွက်သွားစမ်း"

လုယွီ၏မျက်လုံးမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ တာအိုသခင်စိတ်ဝိညာဥ်၏အရှိန်အဝါ ထွက်ပေါ်လာပေ၏။

"ငါ သူတို့ကို သေခွင့်မပြုရင်...သူတို့မသေရဘူး"

လုယွီ၏အေးစက်စက်အော်ငေါက်သံသည် အလွန်အမင်းအစွမ်းထက်သော တာအိုသခင်တစ်ယောက်နှင့် အလားတူညီနေသည်။

ငရဲဥပဒေသသည် တွန့်ဆုတ်သွားပေ၏။အနက်ရောင်လေစီးကြောင်းသည် မိန်းကလေးနှစ်ယောက်အနီး ခြေဖဝါးတစ်ဖက်စာခန့်အကွာတွင် ရပ်တန့်လိုက်သည်။သူက လုယွီ၏အရှိန်အဝါကို အလွန်ကြောက်ရွံနေသည်။

အတိတ်ကိုပြန်တွေးကြည့်ပါက လုယွီသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေနှင့် ပြန်လည်မွေးဖွားခြင်းစက်ဝိုင်း၏အုပ်ချုပ်သူဖြစ်စဥ်က ငရဲဥပဒေသကို သူ နားလည်သဘောပေါက်ခဲ့သည်။

ဤကြယ်နယ်မြေ၌ ငရဲဥပဒေသရှိနေသော်လည်း လုယွီ နောက်ဆုံးအကြိမ် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေသို့ရောက်ရှိစဥ်က နယ်မြေတစ်ခုလုံးပျက်စီးနေသဖြင့် ဥပဒေသသည်လည်းအပြည့်အစုံမဟုတ်တော့ချေ။

"ငါ မင်းကို အသက်ရှုချိန်သုံးကြိမ်စာ အချိန်ပေးမယ်"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

အသက်ရှုချိန်တစ်ကြိမ်စာ...

အသက်ရှုချိန်နှစ်ကြိမ်စာ...

ငရဲဥပဒေသသည် ထပ်မံ၍တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ဝေခွဲရခက်ဟန်ဖြင့် ပြန်လည်ထွက်ခွါသွားတော့သည်။

အခန်းတစ်ခန်းလုံး ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွား၏။

မိန်းကလေးနှစ်ယောက်၏စိတ်ဝိညာဥ်များအား သူ ယာယီထိန်းသိမ်းထားနိုင်လေပြီ။

လုယွီက သူ၏စိတ်ကိုတည်ငြိမ်စေရန် ပြန်လည်ထိန်းညှိပြီးနောက် သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ မိန်းကလေးနှစ်ယောက်ကို စတင်၍ကုသပေးနေတော့သည်။

....

ညအချိန်၌

လုယွီက ရုတ်တရက်နိုးထလာပြီး သူ၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေပေ၏။သူ၏လက်ကျန်မှော်စွမ်းအားများကို မိန်းကလေးနှစ်ယောက်၏အသက်ကို ယာယီဆွဲဆန့်ထားနိုင်ရန် အသုံးပြုခဲ့ရသဖြင့် ယခုလက်ရှိအချိန်၌ သူတွင် အလွန်နည်းပါးသောမှော်စွမ်းအင်သာ ကျန်ရှိတော့သည်။

ဒေါက်...ဒေါက်...ဒေါက်...

အခန်းတံခါးခေါက်သံ ထွက်ပေါ်လာပြီးနောက် အစေခံတစ်ယောက်၏အသံကို သူ ကြားလိုက်ရသည်။

"မြင့်မြတ်တဲ့ဧည့်သည်တော်...ညစာစားပွဲက မကြာခင်စပါတော့မယ်...ကျေးဇူးပြုပြီး ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ"

လုယွီက အခန်းတံခါးဖွင့်ပြီး ပြောဆိုလိုက်၏။

"သွားကြစို့"

အစေခံသည် လုယွီကို မြို့အရှင်အိမ်တော်အတွင်းရှိ ခမ်းနားထည်ဝါသောအဆောင်တစ်ခုသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

ညစာစားပွဲကို ခင်းကျင်းပြင်ဆင်ထားပြီးဖြစ်သည်။မြို့အရှင်၏လက်၌ ဝိုင်ခွက်တစ်ခွက်ကိုင်ဆောင်ထားပြီး သူက အဓိကထိုင်ခုံ၌ထိုင်နေကာ လူတစ်ယောက်နှင့် စကားပြောဆိုနေသည်။

"ထိပ်သီးအင်မော်တယ် ရောက်လာပြီလား....ကျေးဇူးပြုပြီး ထိုင်ပါဦး"

မြို့အရှင်က နေရာတစ်နေရာကိုညွှန်ပြပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။

ထိုနေရာသည် မြို့အရှင်၏နေရာနှင့်အနီးတွင် ရှိသော်လည်း အထူးဧည့်သည်တော်နေရာမဟုတ်ဘဲ ချောင်ကျသောနေရာဖြစ်သည်။

လုယွီက ဂရုမစိုက်ချေ။လင်းမြို့အရှင်က သူတို့အား မြို့အတွင်းသို့ခေါ်ဆောင်လာခဲ့သည်ကပင် လုယွီအတွက် ကျေးဇူးတင်စရာဖြစ်နေသည်။

သူက ထိုင်ခုံနေရာသို့သွားပြီး ပလ္လင်ခွေထိုင်ကာ သူ၏မှော်စွမ်းအားများ ပြန်လည်ကောင်းမွန်လာစေရန် တိတ်တဆိတ်ကုစားနေတော့သည်။

"မြို့အရှင် လင်း...သူကဘယ်သူလဲ"

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က သုန်မှုန်နေသောမျက်နှာအမူအယာနှင့် မေးမြန်းလိုက်သည်။

သူက လင်းမြို့အရှင်၏နောက်၌ထိုင်နေပြီး မြောက်များစွာသည့်လူတို့က သူ့အားချီးမွမ်းမြှောက်ပင့်ကာ အရိုအသေပြုနေကြ၏။ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ထိုလူ၏အဆင့်အတန်းမှာ မြင့်မားပုံရသည်။

လင်းမြို့အရှင်က အပြုံးနှင့် ပြောဆိုလေသည်။

"ငါ မြို့တော်ကို ပြန်လာတဲ့လမ်းခရီးမှာ အခွင့်ကောင်းကြုံပြီး ဒီထိပ်သီးအင်မော်တယ်နဲ့ တွေ့ဆုံခဲ့ရတယ်...သူက အပြင်းအထန်ဒဏ်ရါရရှိထားတာမို့ ဒီနေရာမှာ ယာယီနေနေတာ"

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက မအောင့်အည်းနိုင်တော့ဘဲ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။

"တာအိုမိတ်ဆွေက ဘယ်နေရာကလာတာလဲဆိုတာ ငါ သိခွင့်ရှိမလား"

လုယွီက သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလေသည်။

"ငါက လေလွင့်ကျင့်ကြံသူတစ်ယောက်ပါပဲ"

"အော်"

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက လုယွီကို စူးစိုက်ကြည့်ရင်း ပြောဆိုလိုက်၏။

"အခုချိန်မှာ ရန်သူစစ်တပ်အခြေအနေက အရေးပေါ်ဖြစ်နေတယ်...မြို့အရှင်က လူစိမ်းတွေကို မြို့ထဲကို ခေါ်မလာသင့်ဘူး"

သူက လုယွီကို စေ့စေ့စပ်စပ်ကြည့်ခဲ့သော်လည်း မည်သည့်မှော်စွမ်းအင်ကိုမျှ အာရုံခံမိခြင်းမရှိချေ။သူက ခေါင်းမော့ရင်ကော့ပြီး လုယွီကို အော်ငေါက်လိုက်၏။

"မင်းက နေရာတစ်နေရာရှာပြီး တိတ်တဆိတ်ကျင့်ကြံနေတာ ပိုကောင်းလိမ့်မယ်...တခြားသူတွေကို အနှောက်အယှက်မဖြစ်စေနဲ့....မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ဆိုရင် ဘယ်သူမဆို မင်းကိုရိုက်နှက်သွားနိုင်တယ်...အရေးကြီးဆုံးအရာကတော့ မင်းက ကိုယ့်အကန့်အသတ်ကို ကိုယ်သိသင့်တယ်"

လုယွီက အနက်ရောင်ဝတ်စုံနှင့်လူကို တစ်ချက်ကြည့်လိုက်သော်လည်း တုံ့ပြန်ပြောဆိုခြင်းမရှိချေ။

သူက သူ၏ကျင့်ကြံဆင့်ကို ပြန်လည်ရရှိလာစေရန် တဖြည်းဖြည်းပြန်လည်ကုစားနေသည်ဖြစ်သဖြင့် တခြားသူများကို အာရုံစူးစိုက်ရန် သူ အချိန်မရှိပေ။

Chapter 799

လင်းမြို့အရှင်က ရယ်မောရင်းပြောဆိုလိုက်သည်။

"မင်းတို့အားလုံးက အင်မော်တယ်တွေပဲလေ...မင်းတို့အချင်းချင်း သဟဇာတဖြစ်အောင် နေသင့်တယ်...ဟား ဟား ဟား"

အနက်ရောင်ဝတ်စုံနှင့်လူက လုယွီစကားတုံ့ပြန်ပြောဆိုခြင်းမရှိသည်ကိုကြည့်ပြီး သူ၏စွမ်းအားကို ကြောက်ရွံနေခြင်းကြောင့်ဟုထင်ကာ စိတ်ကြီးဝင်သွားပေသည်။

"ဒီညစါစားပွဲကို တည်ခင်းရတဲ့ မြို့အရှင်ရဲ့အစီအစဥ်ကို ငါ သိချင်တယ်...မြို့အရှင်က တခြားမြို့ကအရှင်သခင်တွေနဲ့လည်း စကားပြောဆိုပြီးပြီလို့ ငါကြားထားတယ်...အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲရဲ့ရလဒ်က ဘယ်လိုဖြစ်သွားလဲ"

အနက်ရောင်ဝတ်စုံနှင့်လူက မေးမြန်းလေသည်။

"ဒီကိစ္စက အင်မော်တယ်တွေကို ငါ ပြောလိုတဲ့အရာပဲ"

လင်းမြို့အရှင်က သူ၏လက်များကိုပွတ်သပ်ရင်းမှ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။

"ငါက လင်းမြို့ရဲ့အနီးအနားမှာရှိတဲ့ မြို့အရှင်ဆယ်ယောက်ကျော်နဲ့ဆက်သွယ်ခဲ့တယ်...မိုးကောင်းကင်နဂါးတိုင်းပြည်ကစစ်တပ် ရောက်လာတဲ့အချိန်ကျရင်...ငါတို့အားလုံးက မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့စစ်တပ်ကို ရှေ့တန်းကနေခုခံတိုက်ခိုက်ကြမယ်"

"မြို့အရှင်ဆယ်ယောက်ကျော်လား"

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက အချိန်တခဏကြာ စဥ်းစားတွေးတောနေပေသည်။

"အဲ့ဒီအရေအတွက်က မလုံလောက်မှာ ငါ စိုးရိမ်မိတယ်"

"ဘာလို့လဲ"

အနက်ရောင်ဝတ်စုံနှင့်လူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ခြိမ်းခြောက်နိုင်စွမ်းက အရမ်းကြီးမားတယ်...နောင်ငါးရက်အကြာကျရင် အနည်းဆုံး မြို့ပေါင်းသုံးဆယ်ကျော်ကို ဆက်သွယ်ထားနိုင်မှ ငါတို့ ဒီစစ်ပွဲကို အနိုင်ယူနိုင်မှာ"

သူက မတ်တတ်ထရပ်ပြီး ထပ်မံပြောဆိုလေသည်။

"မိုးကောင်းကင်နဂါးတိုင်းပြည်က ကျင့်ကြံသူတွေကို ငါ ထိန်းထားနိုင်ပေမယ့် စစ်ပွဲမှာပါဝင်မယ့် သေမျိုးတွေကလည်း အရေးကြီးတယ်...မြို့အရှင်ရဲ့လူနည်းနည်းလေးနဲ့ တိုက်ပွဲမှာအနိုင်ရဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်"

လင်းမြို့အရှင်က အနည်းငယ်အခက်တွေ့နေပုံဖြင့် ပြောဆိုလိုက်သည်။

"ငါက စစ်ပွဲမှာပါဝင်ဖို့လူတွေကို ဆင့်ခေါ်ခဲ့ပေမယ့်...အဲ့ဒီလူတွေက ငါ့စကားကိုနားမထောင်မှာကို ငါ စိုးရိမ်မိတယ်"

အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စက်ရယ်မောလိုက်၏။

"ဒါက မြို့အရှင်ရဲ့အရည်အချင်းနဲ့ဆိုင်တာလေ...လင်းမြို့ကိုကာကွယ်နိုင်ဖို့က မြို့တွင်းမှာရှိတဲ့ စစ်သည်အင်အားနဲ့မလုံလောက်ဘူး"

"ဒါပေမယ့် မြို့အရှင်စိတ်အေးအေးထားပါ...ငါက ငါ့ရဲ့ဂျူနီယာလေးတွေကို ဆက်သွယ်ထားတယ်...သူတို့အားလုံးသာ တိုက်ပွဲကို ဝင်တိုက်ခိုက်ပေးမယ်ဆိုရင် မြို့အရှင် စိတ်ချလက်ချနေလို့ရပြီ"

လင်းမြို့အရှင်က အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူ၏ အာမခံစကားကိုကြားချိန်တွင် ဝမ်းသာလုံးဆို့သွားပေ၏။

"ဒါဆိုရင်လည်း အရာအားလုံးက အင်မော်တယ်ကြီးပေါ်ကိုပဲ မှီခိုရတော့မှာပဲ"

လင်းမြို့အရှင်က လေးလေးစားစားပြောဆိုလေသည်။

သူတို့ပြောဆိုသမျှစကားအားလုံးကို လုယွီက ကြားနေရသော်လည်း သူက ဂရုမစိုက်ချေ။

မိုးကောင်းကင်နဂါးတိုင်းပြည်ဟူသော စကားလုံးကိုကြားချိန်၌သာလျှင် သူက တစ်စုံတစ်ခုကို တွေးတောမိသွားသည်။

သူ လင်ရှောင်းဂိုဏ်း၏တပည့်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်စဥ်က အကြီီးအကဲရှင်းက ကျီးချန်ယွီ၏ဖခင်သည် တစ်ချိန်တုန်းက မိုးကောင်းကင်နဂါးတိုင်းပြည်၏အရာရှိတစ်ယောက်ဖြစ်ခဲ့ခြင်းကို ပြောဆိုခဲ့ဖူးသည်။ကံဆိုးစွာဖြင့် သူသည် လူတစ်စု၏ထောင်ချောက်အတွင်း၌ သေဆုံးသွားခဲ့ရ၏။

ညစာစားပွဲတွင် လူအများစုက အနက်ရောင်ဝတ်စုံနှင့်လူကိုသာ လေးလေးစားစားဆက်ဆံနေကြပြီး လူနည်းစုကသာ လုယွီအကြောင်းကို မေးမြန်းကြသည်။

တချို့လူများဆိုလျှင် လုယွီက ကျင့်ကြံသူဖြစ်သည်ဟူသောအချက်ကိုပင် သံသယဝင်နေပေ၏။

....

ညစာစားပွဲက ဆက်လက်၍ကျင်းပနေဆဲပင်။

အခန်းအတွင်း၌ ပိုင်ဆုချင်က တဖြည်းဖြည်းနိုးထလာသည်။သူမ၏ဒဏ်ရါများသည် ပြင်းထန်သော်လည်း ကျီးချန်ယွီနှင့်နှိုင်းယှဥ်ပါက အပေါ်ယံသာဖြစ်သည်။

ပိုင်ဆုချင်က မှော်စွမ်းအားများကို အလျှင်အမြန်လှည့်ပတ်လိုက်သော်လည်း သူမ၏မရီးဒါန်းများကို တစ်ခုခုက ပိတ်ဆို့ဟန့်တားထားပုံဖြင့် မှော်စွမ်းအားများကို လှည့်ပတ်၍မရချေ။

ကျွီ ..

ရုတ်တရက် တံခါးဖွင့်သံတစ်သံ မြည်ဟီးလာသည်။

ပိုင်ဆုချင်၏စိတ်နှလုံးသားများ တုန်ရီသွားပြီး သူမက အိပ်ယာပေါ်မှခုန်ထကာ အသံကြားရာသို့ သွားလိုက်၏။

"ငါပါ...အဲ့ဒီနေရာမှာပဲနေ"

လုယွီက ပိုင်ဆုချင်၏လက်ကောက်ဝတ်ကို ကိုင်လိုက်၏။

လုယွီကိုမြင်သည်နှင့် ပိုင်ဆုချင်၏မျက်နှာအမူအယာ နူးညံပျော့ပျောင်းသွားပြီး သူမက ပြောဆိုလေသည်။

"ငါတို့ ဘယ်နေရာကိုရောက်နေတာလဲ"

"ဒီနေရာက လင်ရှောင်းမြို့နဲ့တော့ အရမ်းကွာဝေးတဲ့ သေမျိုးမြို့တစ်မြို့ပဲ...ရှေးဟောင်းနတ်ဆိုးတွေက သတင်းအနံခံတာကောင်းပေမယ့်...ဒီနေရာမှာတော့ ငါ ရှေးဟောင်းနတ်ဆိုးတွေကို မတွေ့မိဘူး"

လုယွီက ညင်သာစွာပြောဆိုလိုက်၏။

ပိုင်ဆုချင်က အိပ်ယာပေါ်၌ ပြန်၍ထိုင်လိုက်သည်။သာမာန်နေ့ရက်များဆိုလျှင် သူမက ယော်ကျားသားများအပေါ် အလွန်သတိပြု၍ ဆက်ဆံပြီး မည်သည့်ယော်ကျားသားကိုမျှ သူမအား ထိကိုင်ခွင့်မပြုချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီက သူမကိုထိတွေ့ခြင်းအား သူမ စိတ်မနှောက်အယှက်မဖြစ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူမ၏စိတ်နှလုံးသားပင် အနည်းငယ်တုန်ခါနေသည်။

"မင်းရဲ့ဒဏ်ရါတွေက အပြည့်အဝပြန်မကောင်းသေးဘူး...အခုချိန်မှာ မှော်စွမ်းအားကို အသုံးမပြုနဲ့အုံး...မဟုတ်ရင် မင်း ပြန်လည်ကောင်းမွန်ဖို့ကို အနှောက်အယှက်ဖြစ်လိမ့်မယ်"

လုယွီက ပိုင်ဆုချင်ကို ညင်သာစွာထွေးပွေ့၍ အိပ်ယာပေါ်၌ ပြန်လည်လဲလျောင်းစေသည်။

သူက သူ၏လက်မောင်းကြားရှိ အလှပဂေးလေး၏မျက်နှာတစ်ပြင်လုံး နီမြန်းနေခြင်းကို သတိပြုမိခြင်းမရှိချေ။

Chapter 800

"မင်းရဲ့ခန္ဓာကိုယ်ပေါ်က ဓားဒဏ်ရါက အရေးမကြီးဘူး...ပိုပြီးအရေးကြီးတာက မင်းရဲ့စိတ်ဝိညာဥ် ထိခိုက်ထားတာပဲ...တကယ်လို့ မင်း အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင်...မင်းရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းကို ထိခိုက်စေလိမ့်မယ်"

"အခုချိန်မှာ ငါရဲ့မှော်စွမ်းအင်ဆယ်ပုံတစ်ပုံလောက်တော့ ပြန်ကောင်းသွားပြီ...မင်းရဲ့စိတ်ဝိညာဥ်ကို ငါ နည်းနည်းလောက်ကုစားပေးပြီးတာနဲ့ ပြဿနာမရှိတော့ဘူး"

လုယွီက ပိုင်ဆုချင်၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရါ၏တည်နေရာကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"ငါ အပြစ်ပြုမိပြီ"

စကားဆုံးသည်နှင့် လုယွီက ပိုင်ဆုချင်၏အင်္ကျီကို ဆုတ်ဖြဲလိုက်တော့သည်။

အင်္ကျီပြဲသွားသည်နှင့် ပိုင်ဆုချင်၏ဖြူဖွေးနူးညံပြီး ပြားချပ်နေသော ဝမ်းဗိုက်ပိုင်းပေါ်ထွက်လာသည်။ထိုဝမ်းဗိုက်သားလေးပေါ်တွင် ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရှည်လျားသည့်ဓားဒဏ်ရါကြီးရှိနေသည်။

ပိုင်ဆုချင်၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေသော်လည်း သူမက ထိုဒဏ်ရါကိုမြင်ချိန်တွင် သူမ၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသည်။

အလှအပကို မနှစ်သက်သော အမျိုးသမီးဟူ၍မရှိချေ။သာမာန်ဆန်သောမိန်းကလေးများပင်လျှင် သူမတို့၏ခန္ဓာကိုယ်ပေါ်၌ အမာရွက်ကြီးရှိနေခြင်းကို လိုလားကြမည်မဟုတ်ပေ။

"စိတ်အေးအေးထား...စကားမပြောနဲ့"

လုယွီက တီးတိုးပြောဆိုပြီးနောက် သူက အာရုံစူးစိုက်လိုက်ကာ သူ၏လက်ကို ပိုင်ဆုချင်၏ဝမ်းဗိုက်ဒဏ်ရါပေါ်သို့ ညင်သာစွာတင်လိုက်သည်။

လုယွီထံမှမှော်စွမ်းအားများက သူ၏လက်ဖဝါးမှတဆင့် ပိုင်ဆုချင်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။

ပိုင်ဆုချင်၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီနေသော်လည်း သူမက လုယွီ၏အလေးအနက်ထားနေသော အမူအယာကိုမြင်တွေ့ချိန်တွင် သူမ၏စိတ်နှလုံးသားတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်လိုက်သည်။

အချိန်တစ်နာရီ ကုန်ဆုံးသွားလေပြီ။

လုယွီက ပိုင်ဆုချင်၏စ်တ်ဝိညာဥ်မှဒဏ်ရါကို ဖယ်ရှားပေးပြီးနောက် သူ၏နဖူးတပြင်လုံး ချွေးများရွှဲနစ်နေပေ၏။

ပိုင်ဆုချင်သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။လုယွီ သူမအား ကုသပေးနေသည့်ဖြစ်စဥ်တလျှောက်လုံးတွင် သူမ၏မရီးဒါန်းများအတွင်း၌ အားလှိုင်းတစ်ရပ်စီးဆင်းနေခြင်းကို သူမက ခံစားမိသည်။သူမ၏လျှို့ဝှက်ချက်များအားလုံးသည် လုယွီ၏ အမြင်မှ လွတ်မြောက်ပုံမရချေ။

ဤခံစားချက်သည် သူမအား ရှက်ရွံစေသော်လည်း လုယွီ လက်ပြန်ရုတ်လိုက်သည်နှင့် သူမက အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။

"ဒါက ထိပ်တန်းအဆင့်ဆေးပြားပဲ...မင်းရဲ့ဒဏ်ရါကို ဆေးကြောသန့်စင်ပြီးတာနဲ့ အဲ့ဒီဆေးပြားကိုထုချေပြီး သမအောင်လိမ်းပေးရမယ်"

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးပြားတချို့ကို ထုတ်ယူလိုက်သည်။

ထိုဆေးပြားများထွက်ပေါ်လာချိန်တွင် သင်းပျံသောဆေးရနံသည် အခန်းအတွင်း၌ ပျံ့နှံ့သွားပြီး သာမာန်ဆေးပြားမျိုးမဟုတ်ခြင်းကို ဖော်ပြနေသည်။

ပိုင်ဆုချင်က ဆေးပြားများကိုယူပြီးနောက် အနည်းငယ်ဝေခွဲရခက်နေပုံဖြင့် မေးမြန်းလေ၏။

"ငါတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးခင်မင်တာလည်းမဟုတ်ဘူး...နင် ငါ့အတွက် ဘာလို့ဒီလေါက်အများကြီး လုပ်ပေးနေတာလဲ"

"မင်းက ငါ့ကို အရင်ကူညီခဲ့တာ မဟုတ်ဘူးလား...တကယ်လို့ မင်းကြောင့်သာမဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး လင်ရှောင်းဂိုဏ်းရဲ့ပင်မတပည့်ဖြစ်လာမှာလဲ"

လုယွီက အချိန်တခဏကြာ တွေဝေသွားသော်လည်း သူက အကြောင်းရင်းမှန်ကို ထုတ်ဖော်ပြောဆို၍ မဖြစ်ချေ။

နတ်ဆိုးချိတ်ပိတ်သူက သေဆုံးပြီးဖြစ်သည့်တိုင် ပိုင်ဆုချင်၏အတွေးအတွင်း၌ သူမ၏ဖခင် အသက်ရှင်နေသည်ဟုသာ ထင်စေလိုခြင်းကြောင့် သူ ဤကိစ္စကို သူမအားမပြောနိုင်ပေ။

ပိုင်ဆုချင်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

"တကယ်လို့ ငါ မကူညီခဲ့ဘူးဆိုရင်တောင်...နင့်ရဲ့ခွန်အားနဲ့ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ်တောက်ပနေမှာပါ"

သူမ၏အကြည့်က သတိလစ်မေ့မျော့နေဆဲဖြစ်သော ကျီးချန်ယွီထံ ကျရောက်သွားသည်။

"သူ့ရဲ့ဒဏ်ရါက ငါ့ထက်ပိုဆိုးတယ်မဟုတ်ဘူးလား...နင် သူ့ကို အရင်ကုသပေးသင့်တယ်"

လုယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ယင်ဘေးကပ်ဆိုးခန္ဓာကိုယ် အပြည့်အဝပေါက်ကွဲရာကထွက်လာတဲ့ ယင်ချီတွေကို ထိန်းချုပ်ဖို့မလွယ်ကူဘူး...ငါက သူ့ရဲ့ဒဏ်ရါတွေကို ယာယီဖိနှိပ်နိုင်ပေမယ့် ကုသပေးဖို့ကတော့ အချိန်လိုအပ်လိမ့်မယ်"

လုယွီက ပိုင်ဆုချင်ကို ကြည့်လိုက်၏။

"အခုချိန်မှာ မင်း လင်ရှောင်းဂိုဏ်းကိုပြန်မသွားသေးတာ ပိုကောင်းလိမ့်မယ်...မင်းရဲ့ဒဏ်ရါက ကြီးကြီးမားမားပြဿနာမဟုတ်တော့ပေမယ့် လင်ရှောင်းဂိုဏ်းနားမှာ ရှေးဟောင်းနတ်ဆိုးတွေရှိနေနိုင်တယ်...မင်းပြန်သွားတာနဲ့ သူတို့ရဲ့ထောင်ချောက်ထဲကို ရောက်သွားနိုင်တယ်"

ပိုင်ဆုချင်က လုယွီကိုကြည့်ပြီးနောက် ရုတ်တရက် သူမက ရယ်မောလိုက်ရာတွင် သူမ၏မျက်လုံးတစ်စုံက ဆန်းသစ်စလကဲ့သို့ တွန့်ကွေးနေသည်။

"ငါက အတွင်းစည်းအကြီးအကဲတစ်ယောက်ပါ...နင်က တပည့်တစ်ယောက်နော်...နင် ဘာလို့ ငါကို ဒီလေါက်အများကြီးဂရုစိုက်နေတာလဲ"

ပိုင်ဆုချင်က ရုတ်တရက် ကြိမ်းမောင်းပြောဆိုလေ၏။

ရနံ့သင်းသင်းတစ်ချက် ဝေ့ခနဲတိုက်ခတ်လာခြင်းနှင့်အတူ လုယွီရှေ့ရှိ အလှပဂေးလေး၏နှုတ်ခမ်းက သူ၏နှုတ်ခမ်းသို့ ရောက်ရှိလာသည်။

သာမာန်ထက်လွန်ကဲသော တုန့်ပြန်မှုအသိစိတ်ရှိသည့် လုယွီက ဤအချိန်၌ နေရာမှာပင်တောင့်တင်းပြီး ကြက်သေသေနေပေ၏။

အချိန်တခဏကြာပြီးနောက်တွင် နှုတ်ခမ်းတစ်စုံတို့ ကင်းကွာသွားလေသည်။

ပိုင်ဆုချင်၏လှပသောမျက်နှာလေးသည် နီမြန်းနေသည်။

"ဒီတကြိမ်အတွက် ငါ နင့်ကို ကျေးဇူးအရမ်းတင်တယ်"

သူမက ရုတ်တရက် လုယွီ၏မီးဝင်းဝင်းတောက်နေသော မျက်လုံးအကြည့်ကိုမြင်ချိန်တွင် ချက်ချင်းပင် မတ်တတ်ထရပ်ပြီး အဝေးသို့ပြေးထွက်သွားတော့သည်။

ပိုင်ဆုချင်ထွက်ခွါသွားသည်ကို ကြည့်နေသော လုယွီ၏စိတ်နှလုံးသား တုန်ခါနေမှုသည် အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်မသွားချေ။

All Chapters