အခန်း (၈၀၁-၈၀၅)
Vol. 43 Ch. 801-805
Chapter 801
ပိုင်ဆုချင်က ဓားပျံကိုဆင့်ခေါ်ပြီး လင်ရှောင်းဂိုဏ်းသို့ဦးတည်၍ ပျံဝဲထွက်ခွါခဲ့ပေ၏။သူမက အမြဲတစေ တည်ငြိမ်သူတစ်ယောက်ဖြစ်သည့်တိုင် မည်သည်ကြောင့် ဤကဲ့သို့အပြုအမူမျိုး ပြုလုပ်မိခဲ့ခြင်းကို သူမကိုယ်တိုင်ပင်စဥ်းစားမရချေ။
"ဒါက...ငါ ဘာလို့လုပ်မိခဲ့ပါလိမ့်"
အစောပိုင်းက သူမပြုလုပ်မိသောကိစ္စကို ပြန်လည်တွေးတောမိချိန်တွင် သူမ၏လှပသောမျက်နှာလေး ပူလောင်လာသကဲ့သို့ ခံစားမိသည်။
ရုတ်တရက် သူမနှင့်မလှမ်းမကမ်းအကွာအဝေးတွင် လူငယ်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်က လမ်းခုလတ်၌ အကြည့်ခြင်းဆုံမိကြ၏။
လူငယ်ကျင့်ကြံသူကလည်း ဓားပျံကို ထိန်းချုပ်၍ စီးနင်းနေသည်။သူ၏ကျင့်ကြံဆင့်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဖြစ်ပြီး သူက ပိုင်ဆုချင်၏မျက်နှာကိုမြင်တွေ့ချိနိတွင် ရုတ်တရက် ကြက်သေသေသွားသည်။
သူ အသိပြန်ဝင်လာချိန်တွင် ပိုင်ဆုချင်က ဓားပျံကိုစီးနင်း၍ အဝေးသို့ရောက်ရှိသွားလေပြီ။
"ဘယ်လောက်တောင်လှတဲ့ မိန်းကလေးလဲ...ဒီလိုမိန်းမလှမျိုးကသာ ငါ သီချန်းနဲ့ထိုက်တန်တာ"
လူငယ်ကျင့်ကြံသူ၏မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။
သူက ဓားပျံကိုပြန်ကွေ့ပြီး ပိုင်ဆုချင်၏နောက်သို့ ဒုန်းစိုင်း၍ လိုက်လေ၏။သို့ရာတွင် သူက ပိုင်ဆုချင်၏အရိပ်အယောင်ကိုပင် မြင်တွေ့ရခြင်းမရှိပေ။
"စိတ်ပျက်စရာပဲ...စိတ်ပျက်စရာ....."
သီချန်းက စိတ်မကောင်းဖြစ်နေသကဲ့သို့ခံစားမိပြီး ဤကဲ့သို့အလှပဂေးလေးသည် လင်းမြို့၌ မည်သည်ကြောင့်ပေါ်ထွက်လာရခြင်းကို သူ အံ့အားသင့်နေမိသည်။
လင်းမြို့...မြို့အရှင်အိမ်တော်...
သီချန်းက လေထုအတွင်းမှဆင်းသက်လာသည်နှင့် အစေခံတစ်စုက သူ့အားဝိုင်း၍ ကြိုဆိုလိုက်ကြ၏။
"သခင်လေးသီ...ပြန်လာပြီလား"
အစေခံများက ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
သီကျန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပါက အသက်နှစ်ဆယ်ခန့်သာရှိသေးသည်။သူက မြို့အရှင်အိမ်တော်သို့ အချိန်မရွေးဝင်ထွက်သွားလာနိုင်ပြီး ရိုသေလေးစားခံနေရခြင်းမှာ သူသည် ကျင့်ကြံသူသီဟူ၏သားဖြစ်နေခြင်းကြောင့်ပင်။
သီဟူသည် ညစာစားပွဲ၌ မြို့အရှင်နှင့်စကားပြောဆိုနေသော အနက်ရောင်ဝတ်စုံနှင့်လူဖြစ်သည်။
ထို့ပြင် သီချန်းသည်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သေမျိုးနိုင်ငံတွင် သူ၏အဆင့်အတန်းမှာ မြင့်မားပေ၏။
သီချန်းက ဒူးထောက်နေသောအစေခံ၏ဝတ်စုံပေါ်တွင် သူ၏ဖိနပ်များကိုတင်၍ အောက်ခြေ၌ကပ်နေသောမြေသားများကို သန့်ရှင်းလိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်နှလုံးသားအတွင်းရှိ ရမ္မက်မီးသည် ယခုချိန်ထိ ပျက်ပြယ်ခြင်းမရှိသေးချေ။
"ခွေးမသားတွေ...အစောပိုင်းက မိန်းကလေးတစ်ယောက်ကို မြင်ခဲ့တယ်...မင်းတို့ သူ့ကို ဖမ်းထားသင့်တယ်မဟုတ်ဘူးလား"
သီကျန်းက မိန်းမလှလေးအကြောင်း တွေးမိလေလေ သူ ပို၍စိတ်မပျော်မရွှင်ဖြစ်လာလေလေပင်။
သူက ရုတ်တရက် အစေခံတစ်ယောက်ကို လက်ညှိုးညွှန်၍ မေးမြန်းလိုက်သည်။
"ဒီနေ့ ငါ့ကိုပြုစုဖို့ ဘယ်သူတာဝန်ယူထားလဲ"
"ကျောက်စိမ်းနီစားသောက်ဆိုင်ရဲ့နံပါတ်တစ်မိန်းမလှလေးပါ သခင်လေး"
အစေခံက ရိုသေလေးစားစွာ ပြောဆိုလေ၏။
သီချန်းက သရော်ပြုံးပြုံးရင်းမှ ပြောဆိုလိုက်သည်။
"ကျောက်စိမ်းနီစားသောက်ဆိုင်က မိန်းကလေးတွေအားလုံး ငါ့ဆီခေါ်လာခဲ့...မဟုတ်သေးဘူး...ဒီနေ့ ငါကိုယ်တိုင် ကျောက်စိမ်းနီစားသောက်ဆိုင်ကိုသွားမယ်...မင်းတို့ ငါ့အဖေကို သွားမပြောကြနဲ့"
"အမိန့်အတိုင်းပါ သခင်လေး"
အစေခံက အမိန့်နာခံကြောင်း ပြောဆိုလေသည်။
သီချန်းသည် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ လင်းမြို့၌ အထိန်းအကွပ်မရှိသူဖြစ်သည်။မိန်းကလေးမည်မျှများများသည် သီချန်းကြောင့် ပျက်စီးခဲ့ရခြင်းကို မည်သူမျှမသိနိုင်ပေ။
သို့ရာတွင် သူ၏ကျင့်ကြံသူဟူသော အဆင့်အတန်းကြောင့် သေမျိုးလောကမှအရာရှိများသည် သူ့အား မည်သို့မျှအရေးယူဝံ့ခြင်းမရှိချေ။
"အခုလက်ရှိအချိန်မှာ လင်းမြို့ထဲ ဘယ်မိန်းမလှလေးရှိနေသေးလဲ"
သီချန်းက အမှုမဲ့အမှတ်မဲ့ မေးမြန်းလိုက်၏။
အမှန်အားဖြင့် ကျောက်စိမ်းနီစားသောက်ဆိုင်မှ နံပါတ်တစ်မိန်းမလေးကိုလည်း သူကစားနေရသည်မှာ ငြီးငွေ့နေလေပြီ။
အစေခံက သူ့ခေါင်းသူကုပ်ပြီး အချိန်တခဏကြာ စဥ်းစားနေပေသည်။ရုတ်ချည်းဆိုသလိုပင် သူက တစ်စုံတစ်ယောက်ကို တွေးတောမိသွားသည်။
"သခင်လေး....အခုချိန်မှာ လင်းမြို့ထဲကို မိန်းမလှနှစ်ယောက်ရောက်နေတယ်...သူတို့ရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစားက...ကျွတ် ကျွတ်...ကျွန်တော်တစ်သက်မှာ ဒီလေါက်ထိလှတဲ့မိန်းကလေးမျိုး ဘယ်တုန်းကမှ မမြင်တွေ့ဖူးဘူး"
"ကျွန်ကောင်ကလည်း...ငါ့ကို သူတို့အကြောင်းမြန်မြန်မပြောသေးဘူးလား"
သီချန်းက အသည်းအသန်မေးမြန်းလေ၏။
အစေခံက အနည်းငယ်အခက်တွေ့နေဟန်ဖြင့် ပြောဆိုလိုက်သည်။
"သခင်လေး...သူတို့က ကျင့်ကြံသူတွေလို့ ကျွန်တော်ကြားထားတယ်...ကျွန်တော်က သူတို့အကြောင်းကို မစုံစမ်းရဲဘူး...မဟုတ်လို့ကတော့ ကျွန်တော်က သူတို့ကို သခင်လေးအတွက် ဖမ်းဆီးပေးထားပြီးပြီ"
"ကျင့်ကြံသူတွေလား"
သီချန်းက အထိန်းအကွပ်မဲ့သူဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်သည် ကျင့်ကြံခြင်းလောက၌ အရာမရောက်ကြောင်းကို သိရှိထားသည်။
အကယ်၍ သူ၏ဖခင်သာ ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်း၏အပြင်စည်းအကြီးအကဲတစ်ယောက်မဟုတ်ပါက သူ မဆင်မခြင်ပြုမူနေဝံ့မည်မဟုတ်ချေ။
"သူတို့ရဲ့နောက်ခံကိုရောသိလား"
သီချန်းက မေးမြန်းလိုက်၏။
အစေခံက အချိန်တခဏကြာတုံ့ဆိုင်းနေပြီးမှ ပြောဆိုလေသည်။
"ပြောနေကြတာတော့ သူတို့က လေလွင့်ကျင့်ကြံသူတွေတဲ့...သူတို့ကို တခြားသူတွေကချုံခိုတိုက်ခိုက်ခံရပြီး ဒဏ်ရါရလာကြလို့ မြို့အရှင်အိမ်တော်မှာကူသနေကြတာ"
Chapter 802
"လေလွင့်ကျင့်ကြံသူလား...ဟမ့်...သူတို့နဲ့တွေ့ဖို့ ငါကိုခေါ်သွားပေးစမ်း"
အစေခံ၏စကားကိုကြားသည်နှင့် သီချန်း၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကျင့်ကြံသူများအတွက် ကျောထောက်နောက်ခံရှိရန် လိုအပ်သည်။ကျင့်ကြံခြင်းနည်းစနစ်များဖြစ်စေ စိတ်ဝိညာဥ်ကျောက်တုံးများဖြစ်စေ ကျင့်ကြံသူများအတွက် ရရှိနိုင်ရန်မှာ လွန်စွာခက်ခဲသည်။
သူ့နောက်၌ ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းရှိနေသဖြင့် လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်ရွံနေရန် မလိုအပ်ချေ။
"သခင်လေး....ကျောက်စိမ်းနီစားသောက်ဆိုင်ကို မသွားတော့ဘူးလား"
အစေခံက ဇဝေဇဝါဖြစ်သွားပုံဖြင့် မေးမြန်းလိုက်သည်။
သီချန်းက သူ၏လက်ကို ဝှေ့ယမ်းပြလေ၏။
"ငါမှာ အများသုံးတဲ့ အောက်တန်းစားမိန်းမတွေကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး...မင်းပြောတဲ့မိန်းကလေးကိုပဲ ငါ တွေ့ချင်တယ်"
အစေခံများသည် ငြင်းဆန်ခြင်းမပြုဝံ့ကြသဖြင့် သီချန်းကို လုယွီတို့အခန်းထံသို့ ခေါ်ဆောင်သွားတော့သည်။
လုယွီ၏အခန်းအတွင်း၌....
ဤအချိန်တွင် လုယွီက အခန်းအတွင်း၌ ပလ္လင်ခွေထိုင်နေပြီး ကျီးချန်ယွီ၏ခန္ဓာကိုယ်မှယင်ချီများကို ဖိနှိပ်နိုင်ရန် ကူညီပေးနေသည်။
ကျီးချန်ယွီသည် သူမ၏ယင်ဘေးကပ်ဆိုးခန္ဓာကိုယ် ပေါက်ကွဲမှုကြောင့် ယင်ချီများက သူမ၏ခန္ဓာကိုယ်အနှံ့ ပျံနှံ့နေသည်။
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်းယန်ဓာတ်ကြွယ်ဝသော ကောင်းကင်ဘုံဧကရာဇ်၏မူလဘူတအစစ်အမှန်မီးတောက်ရှိနေသော်လည်း သူက ဂရုတစိုက်ထိန်းချုပ်နေရသည်။အကယ်၍ သူ သတိလက်လွတ်ဖြစ်သွားပါက ထိုမီးတောက်သည် ကျီးချန်ယွီ၏မရီးဒါန်းများကို လောင်ကျွမ်းသွားလျှင် ဆိုးရွားသောအကျိုးဆက်များဖြစ်လာနိုင်သည်။
ဒေါက်...ဒေါက်...ဒေါက်...
ထိုအချိန်မှာပင် အခန်းတံခါးခေါက်သံက ထွက်ပေါ်လာသည်။အခန်းတံခါးခေါက်သံသည် အလွန်ကြမ်းတမ်းပြီး အလျှင်စလိုနိုင်သဖြင့် လုယွီ၏လက်ချောင်းများပင် အနည်းငယ်တုန်ခါသွားသည်။
ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေတွင် ကြားဖြတ်နှောင့်ယှက်ခြင်းခံရပါက သူတို့နှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရါရရှိသွားနိုင်သည်။
လုယွီက မျက်မှောင်ကြုတ်နေပြီး သူ၏မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ တံခါးဖွင့်လိုက်သည်နှင့် ပြင်ပ၌မောက်မာသောမျက်နှာထားများနှင့် မတ်တတ်ရပ်နေသည့် သီချန်းနှင့်အစေခံတစ်စုကို တွေ့မြင်မိ၏။
"ဘာကိစ္စရှိလို့လဲ"
လုယွီက တိုတိုပြတ်ပြတ်မေးမြန်းလိုက်သည်။
မိန်းကလေးနှစ်ယောက်ကို ဆက်တိုက်ကုသပေးပြီးနောက် လုယွီ၏မှော်စွမ်းအားများအားလုံး ကုန်ဆုံးလုဆဲဆဲဖြစ်သွားသည်။ယခုလက်ရှိအချိန်၌ သူ၏မျက်နှာတပြင်လုံး ဖြူရော်ပြီး သူ၏အသက်ရှုသံကလည်း အလွန်အားနည်းနေသည်။
လုယွီ၏ယခုလက်ရှိအခြေအနေကိုကြည့်ပြီး သီချန်း၏မျက်လုံးများအတွင်း၌ အထင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါက သီချန်း...ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်...တာအိုမိတ်ဆွေ ဒီနေရာမှာအနားယူနေတာသိလို့ ငါ လာတွေ့တာ"
သီချန်းက အပြုံးနှင့်ပြောဆိုလိုက်၏။
သူ၏အပြုံးက အလွန်ပင်ကလေးကလားဆန်လှသည်။
လုယွီက သီချန်းကို တစ်ချက်ကြည့်လိုက်၏။ညသန်းခေါင်ယံ နောက်ကျနေသောအချိန်၌ သူထံလာရောက်လည်ပတ်သည်ဟုဆိုသလော။ဤှသည်က ကောင်းသောလာခြင်းမဟုတ်သည်မှာ သိသာထင်ရှားသည်။
လုယွီ စကားပြန်မပြောသည်ကိုကြည့်ပြီး သီချန်းက သူ့အား ကြောက်ရွံနေသည်ဟု တွေးထင်နေမိ၏။
သီချန်း၏မျက်လုံးက အခန်းအတွင်းသို့ ဝေ့ဝိုက်၍ကျရောက်သွားရာတွင် သူက အိပ်ယာထက်၌ သတိလစ်မေ့မျောနေသော ကျီးချန်ယွီကို တွေ့မြင်မိသည်။
သီချန်းက ကျီးချန်ယွီအား တစ်ချက်ကြည့်လိုက်မိရုံဖြင့်ပင် သူ၏မျက်လုံးများက တောက်ပလာပြီး သူ၏စိတ်နှလုံးသားအတွင်းမှ ရမ္မက်မီးကို ထိန်းချုပ်၍မရတော့ချေ။
အစောပိုင်းက လုယွီ၏ဖိနှိပ်ထားမှုကြောင့် ကျီးချန်ယွီ၏အေးစက်စက်ယင်ချီများသည် ထွက်ပေါ်နေခြင်းမရှိချေ။သို့ရာတွင် ကြားဖြတ်နှောင့်ယှက်ခြင်းခံလိုက်ရသဖြင့် ကျီးချန်ယွီထံမှ ယင်ချီအော်ရာများ တလိမ့်လိမ့်ထွက်နေပေ၏။
သူမ၏နူးညံသော ပုံပန်းသွင်ပြင်သည် တွေ့မြင်ရသောမည်သူမဆို စိတ်လှုပ်ရှားသွားစေသည်။
လုယွီက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် သူက နောက်ပြန်လှည့်၍ ကျီးချန်ယွီထံသွားလိုက်၏။
"တာအိုမိတ်ဆွေ...ဘာမှစိုးရိမ်မနေပါနဲ့...မင်းရဲ့ဂျူနီယာညီမက ဘာဖြစ်တာလဲ...ငါ သူ့ကို ကူညီပေးလို့ရမလား"
ဤတစ်ကြိမ်တွင် သီချန်းသည် လုယွီ၏တားဆီးခြင်းခံလိုက်ရ၏။
လုယွီက သီချန်းကို စူးစိုက်ကြည့်ပြီး ပြောဆိုလေသည်။
"ထွက်သွားစမ်း"
သီချန်းက လုယွီ၏စကားကို လျစ်လျှူရှုပြီး စိတ်ကြီးဝင်နေပုံဖြင့် ဆက်လက်ပြောဆိုနေသည်။
"ဒီဂျူနီယာညီမလေးကိုကြည့်ရတာ ဒဏ်ရါအပြင်းအထန်ရရှိထားပုံပဲ...မင်းရဲ့ကျင့်ကြံဆင့်က နိမ့်ပါးတာကို ငါမြင်မိတယ်...သူ့ကို ငါ ကုသပေးမယ်လေ...ငါက မင်းတို့ကိုကူညီပေးချင်တာပါ...ကျေးဇူးတင်စရာ မလိုပါဘူး"
လုယွီက သီချန်းနှင့်စကားပြောဆို၍ အချိန်ဖြုန်းရန်ဆန္ဒမရှိချေ။သူက သီချန်း၏အင်္ကျီဂုတ်ကို ဖမ်းဆွဲလိုက်၏။လုယွီ၏လက်သည် လျှပ်ပြက်သကဲ့သို့လျှင်မြန်သည်။
သီချန်းက သူ၏ကျန်းချီများကိုထုတ်လွှက်၍ အလျှင်အမြန်ကာကွယ်လိုက်သော်လည်း နောက်ကျသွားလေပြီ။
ဘန်း...
သီချန်းသည် လုယွီ၏လွှင့်ပစ်ခြင်းကို ခံလိုက်ရ၏။
"အစောပိုင်းက ငါ့အခန်းတံခါးကို ဘယ်ကောင်ခေါက်တာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
Chapter 803
အစေခံများသည် သေမျိုးများဖြစ်၍ လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို တောင့်ခံနိုင်စွမ်းမရှိပေ။
"အား...အင်မော်တယ်ကြီး...ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"
အစေခံများက တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပြီး သူတို့၏နဂိုမူလ မောက်မာဝံ့ကြွားနေသောဟန်များမရှိတော့ချေ။
"ဒီနေရာက ထွက်သွားကြစမ်း"
လုယွီ၏လက်ညှိုးထိပ်မှနေ၍ မှော်စွမ်းအင်လှိုင်းတစ်လှိုင်းထွက်ပေါ်လာခြင်းနှင့်အတူ အစေခံများအားလုံး လွင့်ထွက်သွားတော့သည်။
ထို့နောက် အခန်းတံခါးက 'ကျွီ'ဟူသောအသံနှင့်အတူ ပြန်ပိတ်သွားပေ၏။
သီချန်းက မြေပြင်ပေါ်မှ ရုန်းကန်ထလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
"သခင်လေး...အဆင်ပြေရဲ့လား"
အစေခံများက သီချန်း၏အနီးသို့ ဝိုင်းအုံ၍ရောက်ရှိလာကြသည်။
"အမှိုက်ကောင်တွေ...ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း"
သီချန်းက ဒေါသတကြီးဖြင့် လုယွီ၏အခန်းကို စိုက်ကြည့်နေပေ၏။
သို့ရာတွင် အခန်းအတွင်းသို့ သူ ထပ်မံ၍မဝင်ရဲတော့ချေ။
"သူက ခန္ဓာကိုယ်သန်မာတာကို မှီခိုနေတဲ့ကောင်ပဲ...လေလွင့်ကျင့်ကြံသူတစ်ယောက်က ငါ့ကို စိန်ခေါ်ဝံ့တယ်ပေါ့"
သီချန်း၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပြီး သူက အင်္ကျီလက်ကိုခါယမ်းပြီး ထွက်ခွါသွားတော့သည်။
အစေခံများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။သီချန်းပင်လျှင် လုယွီ၏ပြိုင်ဘက်မဟုတ်ပေရာ သူတို့က ရှေ့သို့ခြေတစ်လှမ်းမျှ မတိုးဝံ့ကြချေ။
....
အခန်းအတွင်း၌....
လုယွီက ယန်ချီစွမ်းအင်များကို ကျီးချန်ယွီထံသို့ ထည့်သွင်းပေးနေပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ ယင်ချီဓာတ်များ ပျက်ပြယ်သွားစေရန် ဖိနှိပ်ပေးနေသည်။
ဤအချိန်တွင် ကျီးချန်ယွီ၏ခန္ဓာကိုယ်အတွင်းရှိ အေးစိမ့်မှုမှာ ပို၍ပို၍ပြင်းထန်လာသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီထံ၌ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ရှိနေသည်။ထိုမီးတောက်၏အကူအညီဖြင့် သူက ကျီးချန်ယွီ၏ခန္ဓာကိုယ်အတွင်းမှ ယင်ချီများကို ယာယီဖိနှိပ်ထားနိုင်သည်။
ယင်ချီများ တဖြည်းဖြည်းတည်ငြိမ်သွားချိိန်တွင် ကျီးချန်ယွီ၏အသက်ရှုနှုန်းသည် အနည်းငယ်ပုံမှန်ပြန်ဖြစ်လာသည်။
"ငါ့ရဲ့ခန္ဓာကိုယ်မှာ မှော်စွမ်းအားနည်းနည်းပဲကျန်တော့တယ်...ဒီကိစ္စတွေက ငါ့ရဲ့မှော်စွမ်းအားတွေ ခုလောက်ထိကုန်ဆုံးစေမယ်လို့ ငါ ထင်မထားမိဘူး"
လုယွီက ခေါင်းခါယမ်းပြီး စိတ်ပျက်လက်ပျက်ရယ်မောလိုက်မိသည်။
သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် သူ့အတွက်မှော်စွမ်းအားများမှာ အကန့်အသတ်မရှိသည့်အပြင် သုံးမကုန်လုနီးပါးပင်။
သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ မိန်းကလေးနှစ်ယောက်ကိုဆက်တိုက်ကုသပေးပြီးနောက် သူ၏မှော်စွမ်းအားများ ကုန်ဆုံးလုဆဲဆဲဖြစ်သွားခဲ့သည်။
"ဖျက်ဆီးခံရရင် တဖန် ပြန်မြင့်တက်လာစေရမယ်...မြေကမ္ဘာနတ်ဆိုးဘိုးဘေး...မင်း ငါ့ကိုစိတ်မပျက်စေနဲ့"
လုယွီက အခန်းပတ်ဝန်းကျင်၌ အကာအကွယ်ဝင်္ကပါတစ်ခုကိုခင်းကျင်းပြီး သူက အိပ်ယာပေါ်၌ ပလ္လင်ခွေထိုင်လိုက်၏။
မိုးကောင်းကင်တောင်ထိပ်တွင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွါးစိတ်ဝိညာဥ်ကို ဝါးမြိုထားလေ၏။
ထိုစိတ်ဝိညာဥ်သည် သာမာန်ရှေးဟောင်းနတ်ဆိုး အုပ်ချုပ်သူသူတော်စင်များ၏စိတ်ဝိညာဥ်နှင့် ကွာခြားသည်။ကိုယ်ပွါးစိတ်ဝိညာဥ်ပင်လျှင် မဟာတာအိုလမ်းကြောင်း၏အငွေ့အသက်များ ပါဝင်နေသည်။
ဤကိုယိပွါးစိတ်ဝိညာဥ်ကိုဝါးမြိုရခြင်းသည် အလွန်အကျိုးကျေးဇူးများပြားပြီး သိသာထင်ရှားဆုံးအချက်မှာ ကျင့်ကြံဆင့်ကို တိုးတက်စေခြင်းပင်။
ထိုအခြင်းအရာကြောင့် လုယွီက ကိုယ်ပွါးစိတ်ဝိညာဥ်ကို ဝါးမြိုပြီးသည်နှင့် ဥာဏ်အလင်းပွင့်နယ်ပယ်အလယ်ဆင့်သို့ ချက်ချင်းချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်တုန်းက လုယွီသည် မလူးသာမလွန့်သာ အခြေအနေအတွင်း ကျရောက်နေသဖြင့် ပိုလျှံနေသောစွမ်းအားများကို ချိတ်ပိတ်ထားခဲ့သည်။
ယခုလက်ရှိအချိန်က ချိတ်ပိတ်မှုကိုဖြေလျော့ရန်အချိန်သို့ ရောက်ရှိလေပြီ။
"ပွင့်စမ်း"
လုယွီက သူ၏မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုသို့ အနည်းငယ်ထိတွေ့လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအားများက သူ၏ခန္ဓာကိုယ်မှ မရီးဒါန်းများအတွင်းသို့ တိုးဝင်သွားသည်။
မူလက ခြောက်ခမ်းလုနီးပါးဖြစ်နေသော နတ်ဘုရားစမ်းရေအိုင်အတွင်းသို့ စိတ်ဝိညာဥ်စွမ်းအင်များသည် ဧရာမပင်လယ်ကြီးတလိမ့်လိမ့်စီးဝင်လာသည့်အတိုင်း ဝင်ရောက်လာပေရာ သူ၏ခန္ဓာကိုယ်မရီးဒါန်းများ ချက်ချင်းပင်ဖောင်းကားသွားသည်။
လုယွီက နာကျင်မှုကိုတောင့်ခံရင်း သူ၏ခန္ဓာကိုယ်အားဆန့်ထုတ်လိုက်ရာ သူ့အရိုးများမှနေ၍ အက်ကွဲသံများ ထွက်ပေါ်နေသည်။
ဤကဲ့သို့စွမ်းအားမျိုး သူ၏မရီးဒါန်းများအတွင်းသာ ပုံမှန်စီးဝင်နေပါက သူ၏စိတ်ဝိညာဥ်သည် ယခုထက်ပို၍ သန်မာလာနိုင်သည်။
ကောင်းကင်ဘုံဧကရာဇ်၏စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်သည် ပို၍သန်မာအားကောင်းစပြုလာသည်။
ဤအချိန်တွင် မမြင်နိုင်သောဖိအားလှိုင်းတစ်ရပ်က လုယွီကိုဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့နှံ့နေသည်။ဤသည်က မဟာတာအိုလမ်းကြောင်းကို အသက်ဝင်စေရာ၌ ထွက်ပေါ်လာသောစွမ်းအားများဖြစ်ပေ၏။
ဝီ...ဝီ...
လေထုက အနည်းငယ်တုန်ခါသွားမှုနှင့်အတူ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် အတားအဆီးကိုကျော်ဖြတ်၍ ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်ခဲ့သည်။
မှော်စွမ်းအားများက သူ၏ခန္ဓာကိုယ်တွင်း စီးဆင်းနေဆဲဖြစ်သည့်တိုင် လုယွီက အဆင့်ချိုးဖျက်ခြင်းကို ယာယီရပ်တန့်ထားပြီး သူ၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများကိုသာ သန့်စင်နေပေ၏။
"ကိုယ်ပွါးစိတ်ဝိညာဥ်သက်သက်နဲ့တောင်...ဒီလေါက်ထိများပြားတဲ့ စွမ်းအားတွေပိုင်ဆိုင်ထားတယ်...မြေကမ္ဘာနတ်ဆိုးဘိုးဘေး...မင်းက ငါ့မင်းကိုသတ်ဖို့ကို တွန်းအားပေးလိုက်တာပဲ"
လုယွီ၏မျက်လုံးတစ်စုံက မီးဝင်းဝင်းတောက်နေသည်။
သူ၏ခွန်အားကို တိုးမြှင့်နိုင်ရန်အတွက် ဤသည်က ဖြတ်လမ်းနည်းပင်။
"ကံဆိုးတာက မိုးကောင်းကင်တောင်ထိပ်မှာ ငါ ရှေးဟောင်းနတ်ဆိုးတွေကို တခါတည်းသတ်ဖြတ်ခဲ့မိတာပဲ...တကယ်လို့ ငါသာ အဲ့ဒီရှေးဟောင်းနတ်ဆိုးတွေရဲ့စိတ်ဝိညာဥ်တွေကို ဝါးမြိုနိုင်ခဲ့ရင်...ငါ စိတ်ဝိညာဥ်နယ်ပယ်ကိုရောက်နေလောက်ပြီ"
လုယွီက အနည်းငယ် နောင်တရနေမိသည်။
Chapter 804
လင်းမြို့အရှင်အိမ်တော်အတွင်း၌...
သီချန်းက သူ၏အခန်းအတွင်းသို့ပြန်ရောက်သည်နှင့် အချိနိအတော်ကြာကျင့်ကြံနေသော်လည်း သူ၏စိတ်နှလုံးသားတည်ငြိမ်မှုမရချေ။
ယခုလက်ရှိအချိန်တွင် သူ၏စိတ်ကို အိပ်ယာထက်၌လဲလျောင်းနေသော မိန်းကလေး၏ဖြူရော်နေသောမျက်နှာလေးကသာ လွှမ်းမိုးထားသည်။
"သေစမ်းကွာ...အရင်က ဒီလေါက်လှတဲ့မိန်းကလေးမျိုး ငါ ဘာလို့ရှာမတွေ့ခဲ့ပါလိမ့်"
ဤအတွေးနှင့်အတူ သီချန်းက သူ၏နှလုံးသားယားယံလာသကဲ့သို့ ခံစားနေရသည်။
ယခင်က သူ လင်းမြို့တစ်မြို့လုံးရှိမိန်းမလှများနှင့်ပျော်ပါးနေခဲ့သော်လည်း သူမတို့အားလုံးက သေမျိုးများသာဖြစ်သည်။ကျင့်ကြံသူမိန်းကလေးများနှင့် နှိုင်းယှဥ်ပါက သူမတို့သည် သူ့အား ညှို့ငင်နိုင်စွမ်းမရှိချေ။
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က သူ၏အခန်းတံခါးပြင်ပသို့ ရောက်ရှိလာသည်။
ထိုလူရိပ်သည် အစောပိုင်းက လင်းမြို့အရှင်နှင့်အတူ ညစာစားပွဲ၌ရှိနေခဲ့သော သီဟူဖြစ်သည်။သီဟူသည် မြို့သခင်၏ရှေ့၌ ရယ်မောနေသော်လည်း ယခုချိန်၌ သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။
"အဖေ...ရောက်လာပြီလား"
သီချန်းက အခန်းပြင်ပသို့ထွက်၍ သူ၏ဖခင်ကို ကြိုဆိုလိုက်သည်။
"မင်းက လေလွင့်ကျင့်ကြံသူကို ပြဿနာသွားရှာလို့ မောင်းထုတ်ခံထားရတယ်လို့ ငါ ကြားထားတာအမှန်ပဲလား"
သီဟူက တင်းမာသောလေသံဖြင့် မေးမြန်းလေ၏။
သီချန်းက ထိတ်လန့်တုန်လှုပ်သွားပြီး အလျှင်အမြန်ပြောဆိုလိုက်၏။
"အဲ့ဒီကောင်က ခန္ဓာကိုယ်သန်မာမှုကို အဓိကထားကျင့်ကြံတဲ့ကောင်ပါ...ကျွန်တော် သတိလက်လွတ်ဖြစ်သွားလို့ ခံလိုက်ရတာ"
"ငါ မင်းကို ဘယ်နှစ်ခါပြောရမှာလဲ...သတိထားပါဆိုတာကို...အဲ့ဒီကောင်က အမှိုက်တစ်စဖြစ်နေရင်တောင် ခုချိန်မှာ မင်း သူကို ရန်သွားမစသင့်ဘူး"
သီဟူက ရုတ်တရက်အော်ငေါက်လိုက်၏။
သီချန်းက ချက်ချင်းပင် ဒူးထောက်ချပြီး ပြောဆိုလေသည်။
"အဖေ...သားအမှားကို သားသိပါပြီ"
သီဟူက သူ၏မျက်လုံးများကိုမှိတ်ပြီး အချိန်တခဏကြာတွေဝေစဥ်းစားနေပေ၏။
"ငါက အဲ့ဒီကောင်လေးရဲ့ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ပြီးပြီ...သူ့ရဲ့ခန္ဓာကိုယ်မှာ ဘာမှော်စွမ်းအင်လှုပ်ခတ်မှုမှ ငါ ခံစားလို့မရဘူး...သူက လုံချီနယ်ပယ်အဆင့်ပဲရှိတဲ့ အမှိုက်ကောင်လို့ ငါ ထင်တယ်...ဒီလို နိမ့်ကျတဲ့ကောင်မျိုးကို ငါတို့အာရုံစိုက်နေစရာမလိုအပ်ဘူး...ပိုပြီးအရေးကြီးတဲ့ကိစ္စက ငါတို့က အခုချိန်မှာ နှိမ့်ချနေဖို့လိုတယ်...ငါတို့ရဲ့အစီအစဥ်အောင်မြင်သွားတာနဲ့...လင်းမြို့မှာ မင်း လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်"
သီချန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက အံ့အားတသင့်ပြောဆိုလိုက်သည်။
"အဖေ...အဲ့ဒီလူတွေနဲ့ ဆက်သွယ်ပြီးပြီလား"
ဖြန်း....
သီဟူက သူ၏သားကို ပါးပိတ်ရိုက်လိုက်၏။
"တိတ်တိတ်နေစမ်း...အဲ့ဒီကိစ္စကို တခြားသူတွေသာကြားသွားမယ်ဆိုရင်...ငါ မင်းကို အရေခွံခွါပစ်မယ်"
.....
သီချန်းတို့နေထိုင်သောနေရာ၏နံဘေးပတ်လည်တွင် အသံအတားအဆီးဝင်္ကပါ ခင်းကျင်းထားသည်။သေမျိုးများမဆိုထားနှင့် ကျင့်ကြံဆင့်နိမ့်ပါးသော ကျင့်ကြံသူများပင်လျှင် သူတို့ပြောဆိုသည်များကို မကြားနိုင်ချေ။
သို့ရာတွင် သူတို့နှင့် မီတာတစ်ထောင်ကျော်ခန့် အကွာအဝေးတွင်ရှိနေသော လုယွီသည် သူတို့၏ပြောဆိုနေမှုများကို ရှင်းရှင်းလင်းလင်းကြားနေမည်ဟု သူတို့ တွေးပင်တွေးမိမည်မဟုတ်ပေ။
"သူတို့နှစ်ယောက် ဘာတွေကြံစည်နေတာပါလိမ့်"
လုယွီက အနည်းငယ်အံ့အားသင့်သွားသော်လည်း ထို့ထက်ပို၍ ပါဝင်စွက်ဖက်လိုစိတ်မရှိပေ။
ယခုလက်ရှိအချိန်တွင် ကျီးချန်ယွီ နိုးထလာစေရန်သာ သူ့အတွက် အရေးကြီးသောကိစ္စဖြစ်သည်။သူတို့ မည်သည့်ကိစ္စကိုကြံစည်နေပါစေ သူနှင့်မည်သို့မျှ မသက်ဆိုင်ချေ။
"ငါက ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးပြီ...နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်ကို ငါ တက်နိုင်သမျှမြန်မြန်ချိုးဖျက်ရမယ်"
လုယွီ၏မျက်လုံးအကြည့်က ပို၍တည်ကြည်လေးနက်သွားသည်။
သူ ကောင်းကင်ဘုံတောင်ထိပ်တွင်ရှိစဥ်က မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏သရုပ်မှန်ကို သိရှိသွားသည်။
ရှေးဟောင်းနတ်ဆိုးများအား အင်္သချေကောင်းကင်ဘုံနယ်မြေမှအုပ်ချုပ်သူအများစုက မောင်းထုတ်ထားသည့်တိုင် သူလျှိုများရှိနေနိုင်သည်။
သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ကောင်းကင်ဘုံနယ်မြေမှလူများနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
ခွန်အား....
အကယ်၍ ရှန်းလင်းလုံ သူ့အားသတိမပြုမိစေရန် နေလိုပါက သူ၏ခွန်အား မြှင့်တင်ရန်လိုအပ်သည်။
လုယွီက သူ၏စိတ်ကို ပြန်လည်ထိန်းညှိပြီး သူ၏အတွေးများကိုရှင်းထုတ်ကာ ကျင့်ကြံမှုကို အာရုံပြန်စူးစိုက်လိုက်၏။
လုယွီက အခန်းအတွင်း၌ အချိန်ခုနစ်ရက်ကြာ ကျင့်ကြံနေသည်။ဤခုနစ်ရက်အတောအတွင်းတွင် လုယွီက ကျီးချန်ယွီ၏ယင်ချီများကို ဖိနှိပ်ထားသည့်အပြင် သူမ၏ခန္ဓာကိုယ်အတွင်း၌ ယန်ချီများစီးဆင်းနိုင်ရန် မရီးဒါန်းတစ်ခုကိုပင် အထူးဖန်တီးပေးခဲ့သည်။
ထိုမရီးဒါန်း၏အကူအညီဖြင့် ကျီးချန်ယွီ၏ကျင့်ကြံမှုအရှိန် အကြီးအကျယ်မြင့်တက်သွားပြီး သူမက သတိလစ်မေ့မျောနေသည့်တိုင် ဥာဏ်အလင်းပွင့်နယ်ပယ်အလယ်ဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့သည်။
မနက်အာရုဏ်တက်ချိန်၌ လုယွီက သူ၏အခန်းပြင်ပ၌ တစ်စုံတစ်ယောက်မတ်တတ်ရက်နေသည်ကို အာရုံခံမိသည်။
Chapter 805
"အင်မော်တယ်ကြီး...မြို့အရှင်က အိမ်တော်ရဲ့ပင်မခန်းမကိုလာဖို့ အင်မော်တယ်ကြီးကို ဖိတ်ကြားလိုက်ပါတယ်"
အခန်းတံခါးပြင်ပရှိ အစေခံက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
လုယွီသည် သီချန်းနှင့်အစေခံတစ်စုကို မောင်းထုတ်ပြီးစဥ်ကတည်းက လင်းမြို့အရှင်အိမ်တော်တစ်ခုလုံးရှိ အစေခံများက လုယွီကို ယခင်ထက်ပို၍လေးလေးစားစား ဆက်ဆံလာကြသည်။သူတို့၏အမူအယာများပင် မျက်နှာချိုသွေးမှုများဖြင့် ပြည့်နေပြီး လုယွီကို အထင်သေးသည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြသဝံ့တော့ချေ။
လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။
"ကောင်းပြီလေ....ငါ အခုလာခဲ့မယ်"
မည်သို့ပင်ဆိုစေကာမူ လင်းမြို့အရှင်သည် ထိခိုက်ဒဏ်ရါရရှိထားသော သူတို့လူစုကို လင်းမြို့အတွင်းသို့ ခေါ်ဆောင်လာခဲ့သူဖြစ်သည်။
လုယွီက သေမျိုးများ၏ကိစ္စရပ်များကို ပါဝင်စွက်ဖက်လိုစိတ်မရှိသော်လည်း သူက လင်းမြို့အရှင်၏ကြင်နာမှုကို ပြန်ပေးဆပ်ရပေမည်။ဤသည်က လုယွီ၏စည်းမျဥ်းပင်။
မြို့အရှင်အိမ်တော်၏ပင်မခန်းမ...
လုယွီ ရောက်ရှိသွားချိန်တွင် ခန်းမတစ်ခုလုံး လူများဖြင့်ပြည့်နှက်နေသည်။လုယွီက အနည်းငယ်အာရုံစိုက်ကြည့်လိုက်ရာ ခန်းမအတွင်းရှိလူများအားလုံးသည် ကျင့်ကြံသူများဖြစ်သည်ကို သူ တွေ့မြင်မိ၏။ထိုကျင့်ကြံသူများအားလုံးသည် တာအိုပထမဆင့်ကျင့်ကြံသူများသာဖြစ်သည်။ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်ရှိသူများသည် အလယ်ပိုင်းကုန်းမြေရှိထိပ်သီးအင်အားစုများ၌ အရာမဝင်သော်လည်း အင်အားစုငယ်များအတွက်မူ သာမာန်ထက်ထူးချွန်သူများဖြစ်သည်။
သေမျိုးမြို့အရှင်တချို့ ခန်းမအတွင်း၌ရှိနေသော်လည်း သူတို့သည် သေမျိုးလောကမှလူများဖြစ်၍ ဒုတိယတန်းစားခုံများ၌ ထိုင်နေကြသည်။
လုယွီ ရောက်ရှိလာချိန်ကိုမြင်တွေ့ချိန်တွင် လူများက တစ်ချက်ကြည့်လိုက်ကြသော်လည်း များစွာအာရုံစူးစိုက်ခြင်းမရှိကြပေ။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏မှော်စွမ်းအားများကို ဖုံးကွယ်ထားမှုကို သူတို့ ထွင်းဖောက်မြင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
"အင်မော်တယ်ကြီး...ဒါက အင်မော်တယ်ကြီးရဲ့နေရာပါ"
လုယွီကို အစေခံတစ်ယောက်ကနေ၍ ခန်းမထောင့်တစ်နေရာရှိ ထိုင်ခုံကို ညွှန်ပြလိုက်သည်။
ထိုနေရာသည် ကျင့်ကြံသူများ၏တပည့်များနှင့်အစေခံများအတွက်ဖြစ်သည်။လုယွီ၏အသက်အလွန်ငယ်ရွယ်သေးသည်ကို ကြည့်ပြီး နံဘေးပတ်ဝန်းကျင်ရှိလူများက အံ့အားသင့်နေကြ၏။သူတို့က လုယွီ၏နောက်ခံအဆင့်အတန်းကို ခန့်မှန်းနိုင်ရန် ကြိုးစားနေကြသည်။
"တာအိုမိတ်ဆွေတို့...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့စစ်တပ်က ငါတို့ ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းရဲ့နယ်မြေကို ကျူးကျော်ဝင်ရောက်လာတာ မင်းတို့အားလုံး သိပြီးပြီလို့ ငါ ထင်တယ်...ဒါကြောင့် ငါတို့အားလုံးက ဒီနေရာမှာစုဝေးပြီး မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ကျူးကျော်မှုကို ခုခံဖို့ တိုင်ပင်ဆွေးနွေးကြရမယ်"
အဓိကထိုင်ခုံ၌ထိုင်နေသော သီဟူက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
ခန်းမအတွင်းရှိ ကျင့်ကြံသူများသည် သီဟူ၏အဆင့်အတန်းကို သိရှိထားပြီးဖြစ်ပုံဖြင့် ရိုသေလေးစားစွာ နားထောင်နေကြသည်။
သီဟူက ဆက်လက်ပြောဆိုလိုက်သည်။
"ရှေ့တန်းမှာရှိနေတဲ့ ကင်းထောက်တွေက မိုးကောင်းကင်နဂါးတိုင်းပြည်ကစစ်တပ် မကြာခင်လင်းမြို့ကို ရောက်လာတော့မယ်လို့ သတင်းပို့ထားတယ်...ငါက တစ်ဖက်ရန်သူစစ်တပ်နဲ့ ဆွေးနွေးပြီးသွားပြီ...ငါတို့ ကျင့်ကြံသူတွေ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြချိန်မှာ သေမျိုးတွေပါဝင်စွက်ဖက်စရာမလိုဘူး....တကယ်လို့ တစ်ဖက်ဖက်က ရှုံးနိမ့်သွားတာနဲ့ သေမျိုးတွေကို တိုက်ခိုက်ခိုင်းမယ့်အစား မြို့ကိုလက်လွှက်ပေးရမယ်"
သူ ထိုစကားများကို ပြောချိန်တွင် မြို့အရှင်အများစု၏မျက်နှာအမူအယာများ ကြောင်အသွားသည်။
သို့ရာတွင် သူတို့က ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားကြ၏။ဤသည်က သူတို့အတွက် အလွန်ကောင်းမွန်သည့်ကိစ္စမဟုတ်လော။
အင်အားစုနှစ်စုကြား တိုက်ပွဲဖြစ်ပျက်ချိန်တိုင်း မရေမတွက်နိုင်သည့်သေမျိုးများ သေဆုံးခဲ့ရ၏။ယခု သီဟူ၏စကားအရ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသာ ယှဥ်ပြိုင်တိုက်ခိုက်ပြီး အနိုင်အရှုံးဆုံးဖြတ်ကြမည်ဖြစ်ရာ လူများသေဆုံးမှု လျော့နည်းသွားမည်ဖြစ်၍ မြို့အရှင်များက ပျော်ရွှင်နေခြင်းပင်။
ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။
"ဒါပေမယ့်...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ကျင့်ကြံသူတွေက အရမ်းအားကေင်းတယ်လို့ ကျွန်တော် ကြားထားတယ်...တကယ်လို့ ကျွန်တော်တို့က တိုက်ခိုက်မယ်ဆိုရင် ကြက်ဥနဲ့ကျောက်တောင်ကိုပေါက်သလို ဖြစ်မနေဘူးလား"
သီဟူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဂျူနီယာညီငယ်လေး...ဘာမှစိုးရိမ်မနေပါနဲ့ ..ဒီနေရာမှာ ငါရှိနေရင် မင်းတို့ဘာမှစိုးရိမ်ပူပန်စရာမလိုဘူး"
လင်းမြို့အရှင်က ရိုသေလေးစားသောလေသံဖြင့် အလျှင်အမြန် ဝင်ရောက်ပြောဆိုလေသည်။
"အင်မော်တယ်သီရဲ့မှော်စွမ်းအားက အရမ်းမြင့်မားနေပြီ...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့လူတစ်စုက အင်မော်တယ်သီရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
တခြားမြို့အရှင်များကလည်း ဝိုင်းဝန်းမြှောက်ပင့်နေကြသဖြင့် သီဟူ၏မျက်နှာပေါ်မှ အပြုံးက ပို၍ ပို၍ ပီပြင်ထင်ရှားလာသည်။
ထိုအချိန်မှာပင် အဝေးတစ်နေရာရှိကောင်းကင်ယံမှနေ၍ ရုတ်တရက် မိုးခြိမ်းသံတမျှကျယ်လောင်သော စစ်ဗုံသံများ မြည်ဟီးလာသည်။
ထို့နောက် ကြောက်မက်ဖွယ်မှော်သားရဲတစ်ကောင်၏ဟိန်းဟောက်သံက လင်းမြို့အစွန်မှနေ၍ ပဲ့တင်ထပ်ပျံလွင့်လာပေ၏။
မူလက သီဟူကို မျက်နှာချိုသွေးမြှောက်ပင့်နေကြသော မြို့အရှင်များ၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး အသံလာရာဘက်သို့ သူတို့က လှည့်ကြည့်လိုက်ကြသည်။
လေထုအတွင်း၌ အနက်ရောင်စစ်သင်္ဘောများ တစ်စီးပြီးတစ်စီး ထွက်ပေါ်လာခြင်းကို သူတို့အားလုံး တွေ့မြင်ကြရ၏။
ထိုစစ်သင်္ဘောများ၏ထိပ်တွင် မြောက်များစွာသောအလံများက လူးလွင့်နေသည်။စစ်သင်္ဘော၏ရွက်ပေါ်တွင် တောက်ပနေသော ရွှေရောင်နဂါးတစ်ကောင်၏ပုံကို ရေးထွင်းထားသည်။
Thank for Reading.