← Chapters

အခန်း (၈၀၆-၈၁၀)

Vol. 44 Ch. 806-810

အခန်း (၈၀၆-၈၁၀)

Vol. 44 Ch. 806-810

Chapter 806

"ဒါက မိုးကောင်းကင်နဂါးတိုင်းပြည်က လူတွေမလား"

"ဒီမနက်ခင်းကမှ သူတို့တိုင်းပြည်ကနေထွက်ခွါလာတယ်လို့ ငါ သတင်းရထားတာ...လင်းမြို့ကို ချက်ချင်းရောက်လာမယ်လို့ ငါ ထင်မထားမိဘူး...သူတို့ရဲ့အရှိန်က မြန်လိုက်တာ"

လင်းမြို့အရှင်ခန်းမအတွင်းရှိ ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းကုန်ကြ၏။

လင်းမြို့အရှင်၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ရီနေပြီး သူက သူကိုယ်သူ တည်ငြိမ်စေရန်ဖိအားပေး၍ ပြောဆိုလိုက်သည်။

"အင်မော်တယ်သီ...ဒီတစ်ကြိမ်တော့ အရာအာလုံးက အင်မော်တယ်သီပေါ်ပဲ မူတည်နေပြီ"

"ဘာမှစိုးရိမ်မနေနဲ့...ဒီတစ်ကြိမ်တော့ ငါတို့ ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းရဲ့အင်အားကို မိုးကောင်းကင်နဂါးတိုင်းပြည်ကလူတွေသိအောင် ပြရမယ်"

သီဟူက ပြောဆိုလေ၏။

ခန်းမအတွင်းရှိ ကျင့်ကြံသူများသည် သူတို့၏မှော်လက်နက်များကိုဆွဲထုတ်၍ ပြင်ပသို့တဟုန်ထိုး ပြေးထွက်လ်ုက်ကြတော့သည်။

တပည့်များနှင့်အစေခံများ၏နံဘေး၌ ထိုင်နေသော လုယွီက သူတို့အား တစ်ချက်ကြည့်လိုက်သည်။ဤအချိန်တွင် ခန်းမကြီးတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေပြီး လုယွီ တစ်ယောက်တည်းသာလျှင် မူလထိုင်ခုံ၌ထိုင်နေသည်။

မြို့သခင်က နေမြဲနေရာ၌ ရှိနေသော လုယွီကို တစ်ချက်ကြည့်လိုက်၏။သူ၏စိတ်နှလုံးသားအတွင်းရှိ နောက်ဆုံးမျှော်လင့်ချက်တစ်မျှင်သည် ပါးလွှာသောလေထုကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

မည်သည်ကြောင့် ဤသို့ဖြစ်ရသနည်း။လုယွီဟူသောကောင်လေးသည် မြို့အရှင်အိမ်တော်၌ အလကားစားသောက်ရစေရန် ကျင့်ကြံသူယောင်ဆောင်နေခြင်းသာဖြစ်ပေမည်။ထို့ထက်ပို၍ မုန်းစရာကောင်းသည်က သူသည် လုယွီ၏အကြံအစည်ကို မြင်ခဲ့ခြင်းမရှိဘဲ သူ၏မြို့တော်သို့ပင် ခေါ်ဆောင်လာမိ၏။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ လုယွီကို သင်ခန်းစာပေးရန် အချိန်မရှိပေ။

"မင်းတို့ကောင်တွေ...သူ့ကို စောင့်ကြည့်ထားကြစမ်း..သူ ထွက်ပြေးမသွားစေနဲ့"

လင်းမြို့အရှင်က အစေခံတချို့ကိုခေါ်၍ လုယွီကိုညွှန်ပြကာ အမိန့်ပေးလိုက်သည်။

ထိုအစေခံများသည် မူလထိုင်ခုံ၌ထိုင်နေဆဲဖြစ်သော လုယွီကိုမြင်တွေ့ချိန်တွင် မအောင့်မအည်းနိုင်ကြတော့ဘဲ လှောင်ပြောင်သရော်လိုက်ကြ၏။

သူတို့က လုယွီသည် ကျင့်ကြံသူမဖြစ်နိုင်ဟု ဆုံးဖြတ်ချက်ချလိုက်ကြသည်။ထို့ကြောင့်သာလျှင် တခြားကျင့်ကြံသူများ ပြင်ပသို့ထွက်သွားစဥ်တွင် လုယွီက နေရာ၌ကျန်နေခြင်းဖြစ်ပေမည်။အကယ်၍ သူ အပြင်သို့ထွက်လိုက်ပါက သူ၏အစစ်အမှန်ခွန်အား ပေါ်ပေါက်သွားမည်ကို စိုးရွံနေသောကြောင့် ဖြစ်နိုင်သည်။

လင်းမြို့အရှင်က ပြင်ပသို့ ပြေးထွက်သွားလေသည်။သူက သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။

တိမ်စိုင်များအကြား၌ မြောက်များစွာသော ဧရာမစစစ်သင်္ဘောကြီးများက မိုးကောင်းကင်အနှံ့ ပြည့်နှက်နေသည်။ထိုစစ်သင်္ဘောများပေါ်တွင် မြောက်များစွာသော သံချပ်ကာစစ်သားများရှိနေပြီး ကျင့်ကြံသူအများအပြားကလည်း ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေကြသည်။

အမှန်အားဖြင့် စစ်ဗုံသံပင် ပေးနေစရာမလိုဘဲ စစ်သင်္ဘောပေါ်မှလူစုဖြင့်ပင် လင်းမြို့မှလူများအား ပြင်းထန်သောဖိအားကို ပေးစွမ်းနိုင်စွမ်းရှိနေသည်။

"မင်းတို့ကောင်တွေစဥ်းစားဖို့ ငါ အချိန်နည်းနည်းပေးမယ်...မြို့ကိုလက်လွှဲပေးမလား...ဒါမှမဟုတ် အသေခံမလား...အချိန်က ဘယ်သူကိုမှ မစောင့်ဘူး...မြန်မြန်စဥ်းစားကြ"

စစ်သင်္ဘောပေါ်မှ ကျင့်ကြံသူတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။

ဤအချိန်တွင် မိုးကောင်းကင်သဘာဝလွန်ပုံရိပ်ဂိုဏ်းဘက်၌ ကျင့်ကြံသူအယောက်သုံးဆယ်ခန့်ရှိနေသည်။

သို့ရာတွင် ထိုကျင့်ကြံသူများသည် စစ်သင်္ဘောများပေါ်ရှိ မိုးကောင်းကင်နဂါးတိုင်းပြည်ကလူများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်မှာ စစ်ရထားလှည်းကို ရှိခိုးကောင်နှင့်တိုက်ခိုက်ခိုင်းသည်နှင့်မခြားပေ။

"စီနီယာအကိုကြီး...ကျွန်တော်တို့ ဂိုဏ်းကို အကူအညီတောင်းခံသင့်လား"

ကျင့်ကြံသူတစ်ယောက်က တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်သည်။

"မင်းက ဘာလို့အကူအညီတောင်းချင်နေတာလဲ...ငါ ဒီနေရာမှာ ရှိနေမှတော့ မင်း ငြိမ်းငြိမ်းချမ်းချမ်းနေစမ်းပါ"

သီဟူက ယုံကြည်ချက်အပြည့်ရှိပုံဖြင့် ပြောဆိုလေသည်။

သူက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်၏။

"ငါတို့အရင်က သဘောတူထားတယ်လေ...ကျင့်ကြံသူအချင်းချင်းပဲတိုက်ခိုက်ကြမယ်ဆိုတာ...အနိုင်ရတဲ့သူပေါ်တာနဲ့...မြို့ထိန်းချုပ်ခွင့်ကို ရမယ်"

"မင်းတို့က ငါတို့နဲ့ တိုက်ခိုက်ချင်သေးတာလား"

စစ်သင်္ဘောပေါ်မှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

ရုတ်တရက် စစ်သင်္ဘောပေါ်မှ အလံများပြောင်းလဲသွားသည်။စစ်သင်္ဘော၏အလယ်မှနေ၍ 'အမတ်ကြီးဝူလီ'ဟူရေးသားထားသော အလံက ဖြည်းဖြည်းချင်း မြင့်တင်လာပေ၏။

"ဒါက မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့အမတ်ကြီးမလား"

"မဟုတ်သေးဘူး...ငါတို့ရထားတာ သတင်းအမှားဖြစ်နေတယ်...ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းကို ချက်ချင်း သတင်းပြန်ပို့ကြစမ်း"

ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။သူတို့က အမတ်ကြီးဝူလီဟူသော အလံကိုမြင်သည်နှင့် ခုခံတိုက်ခိုက်ရန် သတ္တိမရှိတော့ချေ။

တချို့သူများက သူတို့၏သံလိုက်အိမ်မြှောင်များကိုထုတ်၍ သတင်းပို့ရန် ကြိုးပမ်းလိုက်သော်လည်း ရုတ်တရက် လက်ကြီးတစ်ဖက် ရောက်ရှိလာပြီး ထိုသံလိုက်အိမ်မြှောင်များအားလုံးကို ဖျက်ဆီးလိုက်၏။

"သီဟူ...မင်း ဘာလုပ်တာလဲ"

ကျင့်ကြံသူများက အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရုတ်တရက် သီဟူက သူ၏ခေါင်းကိုနောက်ပြန်လှည့်ကာ ရက်စက်ယုတ်မာသောအမူအယာဖြင့် ပြောဆိုလိုက်သည်။

"အမတ်ကြီးကိုယ်တိုင်ရောက်လာမှတော့ ငါ ဘာမှပြောနေစရာမလိုတော့ဘူး...မင်းတို့ကောင်တွေကို ရွေးချယ်စရာနှစ်ခုပေးမယ်...ငါတို့မိုးကောင်းကင်နဂါးတိုင်းပြည်ကို သစ္စာခံမလား...ဒါမှမဟုတ် အသေခံမလား"

Chapter 807

ရုတ်တရက်ဖြစ်ပေါ်လာသော အလှည့်အပြောင်းကို ကြုံတွေ့ရသဖြင့် ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံး နေရာမှာပင် ကြက်သေသေသွားကြသည်။

သို့ရာတွင် အချိန်တခဏအတွင်းမှာပင် သူတို့က အသိပြန်ဝင်လာကြ၏။

"သီဟူ...မင်းက ဂိုဏ်းကိုသစ္စာဖောက်ရဲတယ်ပေါ့"

ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်တုန်လှုပ်စွာဖြင့် သီဟူကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုလိုက်သည်။

"သစ္စာဖောက်တာလား...ငါ ဘာလုပ်နေတာလဲဆိုတာ ငါ သိတယ်...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့စစ်တပ်ကြီးက အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်လာပြီ....ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းရဲ့ နောက်ဆုံးရလဒ်က မိုးကောင်းကင်နဂါးတိုင်းပြည်က စစ်သားတွေရဲ့ ဖျက်ဆီးခြင်းခံရမှာပဲ...မင်းတို့ အလကားသက်သက် ခုခံတိုက်ခိုက်မနေဖို့ ငါ အကြံပေးချင်တယ်"

သီဟူက သရော်တော်တော် ပြောဆိုလေသည်။

ထိုကျင့်ကြံသူက အလွန်အမင်း ဒေါသထွက်သွားပေ၏။

"သစ္စာဖောက်ကောင်...တကယ်လို့ ငါ သေသွားရင်တောင်...မင်းလိုကောင်မျိုးနဲ့အတူ မိုးကောင်းကင်နဂါးတိုင်းပြည်ကို သစ္စာမခံနိုင်ဘူး"

"ကောင်းပြီလေ...ဒါဆိုလည်း မင်း သေလိုက်တော့"

သီဟူက ကောက်ကျစ်စွာပြုံးပြီးနောက် သူ၏လက်ဝါးမှ ကျန်းချီများထွက်ပေါ်လာပြီး ထိုကျင့်ကြံသူပေါ်သို့ ချက်ချင်းကျရောက်သွားပေ၏။

ထိုကျင့်ကြံသူသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး သီဟူက စတင်တိုက်ခိုက်မည်ကိုလည်း မျှော်လင့်ထားပုံမရချေ။

"မင်း လုပ်ရဲတယ်ပေါ့"

သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ကျန်းချီများကို အလျှင်အမြန်လှည့်ပတ်လိုက်သည်။

သီဟူ၏မျက်နှာထက်၌ ထူးဆန်းသောအပြုံးမျိုးရှိနေပြီး သူ၏လက်ဖဝါးအတွင်းမှ မြွေနက်ငယ်လေးတစ်ကောင်က ထိုကျင့်ကြံသူ၏ဝတ်စုံအတွင်းသို့ တိုးဝင်သွားသည်။

ကျင့်ကြံသူသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ၏ကျန်းချီများကိုအသုံးပြု၍ မြွေနက်လေးကိုမောင်းထုတ်ရန် ကြိုးပမ်းလိုက်သည်။သို့ရာတွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူ၏ခန္ဓာကိုယ်အရေပြားက မည်းနက်စပြုလာသည်။

"အာ...အ..အ..."

သူက ပါးစပ်ဟလိုက်သော်လည်း ဗလုံးဗထွေးအသံများသာ ထွက်ပေါ်လာသည်။

ထို့နောက် ကျင့်ကြံသူသည် သွေးအိုင်အဖြစ် မြေပြင်ပေါ်သို့ အရည်ပျော်ကျသွားတော့သည်။

"တကယ်လို့ မင်းတို့ကောင်တွေ ခုထိ ဘာလုပ်ရမလဲဆိုတာမသိသေးရင်....မင်းတို့ သေရမှာပဲ"

သီဟူက ခနဲ့တဲ့တဲ့ပြောဆိုပြီး မြွေနက်လေးကို ပြန်လည်သိမ်းဆည်းလိုက်သည်။

တခြားကျင့်ကြံသူများ၏မျက်နှာများလည်း ဖြူရော်နေပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကြ၏။

အစောပိုင်းက အသက်ရှင်ပြီးအော်ဟစ်ပြောဆိုနေသူသည် ချက်ချင်းပင်သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလေရာ တွေ့မြင်ရသူများသည် သူတို့၏စိတ်နှလုံးသားများ ချမ်းစိမ့်လာသည်အထိ ထိတ်လန့်ကြောက်ရွံနေကြသည်။

"နေရာခွဲပြေးကြ...သူ ငါတို့အားလုံးကို လိုက်မဖမ်းနိုင်ဘူး"

ရုတ်တရက် ကျင့်ကြံသူတစ်ယောက်၏အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။

တခြားသူများကလည်း ချက်ချင်းအသိပြန်ဝင်လာကြပြီး သူတို့၏မှော်လက်နက်များကို စီးနင်းကာ ထွက်ပြေးရန်ကြံရွယ်လိုက်ကြသည်။သူတို့က ဥာဏ်တိမ်သူများမဟုတ်ပေ။အကယ်၍ သူတို့ ဤနေရာ၌ ဆက်နေပါက သူတို့အသက်မရှင်နိုင်မည်ကို ကြောက်ရွံနေသည်။

"သူတို့အားလုံးကိုသတ်"

စစ်သင်္ဘော၏အလယ်မှနေ၍ ရုတ်တရက် သြဇာအာဏာပြည့်ဝသောအသံတစ်သံ ထွက်ပေါ်လာသည်။ထို့နောက်တွင်မူ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က ကျင့်ကြံသူများခြံရံ၍ ထွက်လာပေ၏။

ထိုသူသည် မိုးကောင်းကင်နဂါးတိုင်းပြည်၏ အမတ်ကြီးဝူလီဖြစ်သည်။

ဝူလီ၏အမိန့်ကိုကြားသည်နှင့် စစ်သင်္ဘောမှနေ၍ လူရိပ်အမြောက်အများ ပျံဝဲထွက်လာပြီး ထွက်ပြေးရန်ကြံရွယ်နေသော ကျင့်ကြံသူများကို ဝန်းရံလိုက်တော့သည်။

မည်သည့်အပိုစကားမျှပြောနေရန် မလိုအပ်ဘဲ နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် စတင်တိုက်ခိုက်ကြလေ၏။

ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှလူများသည် သူတို့၏တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးနေသဖြင့် ပြန့်ကျဲနေသောသဲများနှင့်တူညီနေပြီး တစ်ယောက်ပြီးတစ်ယောက် မိုးကောင်းကင်နဂါးတိုင်းပြည်မှစစ်သားများ၏ အနိုင်ယူခြင်း ခံလိုက်ရတော့သည်။

မိုးကောင်းကင်နဂါးတိုင်းပြည်မှလူများ၏ တိုက်ခိုက်မှုသည် အလွန်ကြမ်းကြုတ်ရက်စက်ပေ၏။သူတို့နှင့်ရင်ဆိုင်တွေ့သော ကျင့်ကြံသူများသည် အပြင်းအထန်ဒဏ်ရါရရှိပြီး အရိုးများကျိုးပဲကာ မြေပြင်ပေါ်၌ လူးလိမ့်နေကြရသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိတော့ချေ။

သီဟူက မျက်နှာချိုသွေးသော လေသံဖြင့် ပြောဆိုလေ၏။

"အရှင်လီ...အရှင် ဘာဆက်လုပ်မယ်လို့ စဥ်းစားထားလဲ"

ဝူလီက အထင်အမြင်သေးသောအကြည့်ဖြင့် သီဟူကို ကြည့်လိုက်သည်။သူက ဤကဲ့သို့ပါမွှားကျင့်ကြံသူမဆိုထားနှင့် ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းတစ်ဂိုဏ်းလုံးကိုပင် အရေးမစိုက်ချေ။

သို့ရာတွင် တခြားတစ်ဖက်က ကိုယ်တိုင်ကိုယ်ကျ လည်စင်းပေးနေသည်ဖြစ်ရာ သူ အကျိုးအမြတ်တချို့ပေးရန် လိုအပ်သည်။နောင်တစ်ချိန်၌ အကယ်၍ သူ့အား အညံခံလိုသူတစ်စုံတစ်ယောက်ရှိလာပါက ဤသည်ကစံနမူနာပြဖြစ်လာနိုင်သည်။

အမတ်ကြီးဝူလီ၏အကြည့်က တုန်ရီနေသောမြို့အရှင်များထံသို့ ကျရောက်သွားသည်။

"ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းရဲ့လက်အောက်က မြို့အရှင်တွေအားလုံး ဒီနေရာမှာရှိလား"

သီဟူက ချက်ချင်းပင် အပြုံးနှင့် ပြောဆိုလိုက်သည်။

"ရှိပါတယ် အမတ်ကြီး...ဒီမြို့အရှင်တွေတင်မကဘူး ..မြို့တွေကိုစောင့်ကြပ်တဲ့ ကျင့်ကြံသူတွေပါ မိုးကောင်းကင်နဂါးစစ်တပ်ရဲ့သုတ်သင်ခြင်း ခံလိုက်ရပြီ...အမတ်ကြီးထွက်ပေါ်လာတာနဲ့...မြို့ပေါင်းသုံးဆယ်လုံး အမတ်ကြီးရဲ့လက်အောက်ကို ကျရောက်သွားတယ်...ကျွန်တော်က အမတ်ကြီးကို ဂုဏ်ပြုပါတယ်"

ဝူလီက အေးစက်စက်နှာမှုတ်ပြီး သီဟူကို အထင်အမြင်သေးသောအကြည့်ဖြင့် စူးစိုက်ကြည့်နေပေ၏။

"ငါတို့မိသားစုမှာ အစေခံတချို့လိုအပ်နေတယ်...ငါ့ရဲ့ကလေးတွေက ကြီးပြင်းလာပြီဖြစ်လို့...မင်း ငါ့ကလေးရဲ့အစေခံလုပ်ပေးနိုင်လား"

ဝူလက အေးစက်စက်ပြောဆိုလိုက်သည်။

သီဟူက စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ပြီး အဆက်မပြတ်အရိုအသေလိုက်၏။

"ဒီအစေခံက အရှင်သခင်ကို ဂါရဝပြုပါတယ်"

Chapter 808

မြို့အရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။လူများသည် နေရာ၌ပင် ကြောင်အနေကြပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေကာ မလှုပ်ရှားဝံ့ကြချေ။

မူလက သူတို့သည် သီဟူအပေါ်၌ အကြီးအကျယ်မျှော်လင့်ချက်ထားခဲ့သည်။ကံဆိုးစွာဖြင့် သီဟူက သူတို့ကို သစ္စာဖောက်ပြီး မိုးကောင်းကင်နဂါးတိုင်းပြည်၏လက်အောက်သို့ ခိုဝင်သွားသည်။

"အရှင်သခင်...ဒီသေမျိုးတွေကို ကျွန်တော် ဘာလုပ်လိုက်ရမလဲ"

သီဟူက လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။

ဝူလီက လက်ရှိနေရာ၌ရှိနေသော မြို့အရှင်များကို တစ်ချက်ကြည့်ပြီး သရော်တော်တော်ပြောဆိုလေသည်။

"ဒီလူတွေအားလုံးက ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှာ လေ့ကျင့်တာလို့ ငါ ကြားထားတယ်...ဒီလူတွေက ငါတို့ မိုးကောင်းကင်နဂါးတိုင်းပြည်အပေါ် သစ္စာရှိမှာမဟုတ်ဘူး...သူတို့အားလုံးကို သတ်ပစ်လိုက်"

"အမိန့်အတိုင်းပါ အရှင်သခင်"

သီဟူ၏မျက်နှာပေါ်၌ မျက်နှာချိုသွေးသောအပြုံးမျိုးရှိနေသည်။သူက မြို့အရှင်များဘက်သို့လှည့်၍ မြွေနက်လေးကို ပစ်လွှက်လိုက်သည်။

ဤသည်က သူမွေးမြူထားသော စိတ်ဝိညာဥ်သားရဲဖြစ်ပြီး လွန်စွာအဆိပ်ပြင်းပေ၏။ကျင့်ကြံသူများပင် ထိုမြွေနက်၏အဆိပ်ကို တောင့်မခံနိုင်ပေရာ သေမျိုးများဆိုလျှင် ဆိုဖွယ်ရာပင်မရှိပေ။

ဤအချိန်တခဏတွင် မြို့အရှင်များထံမှ စူးရှနာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။

မြို့အရှင်အများစု၏ခန္ဓာကိုယ်များ နက်မှောင်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားကာ သွေးအိုင်များအဖြစ်ပြောင်းလဲသွားပေ၏။

တခြားသူများက နောက်သို့ပြန်လှည့်၍ ထွက်ပြေးကြသော်လည်း သူတို့က သေမျိုးများဖြစ်၍ စိတ်ဝိညာဥ်သားရဲ၏နောက်ကလိုက်နေခြင်းမှ မည်သည့်နည်းဖြင့်လွတ်မြောက်နိုင်မည်နည်း။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေပြင်တစ်ခုလုံး နီစွန်းသောသွေးများဖြင့် ဖုံးလွှမ်းသွားသည်။

မြွေနက်လေးသည် လူသားသွေးကိုအရသာတွေ့သွားပုံဖြင့် တရွှီရွှီအသံနှင့်အတူ လင်းမြို့အရှင်ခန်းမအတွင်းသို့ ဝင်ရောက်သွားပေ၏။

ခန်းမအတွင်း၌....

လင်းမြို့အရှင်က ထိတ်လန့်ကြောက်ရွံစွာ မြေပြင်ပေါ်၌ ဝမ်းလျားမှောက်နေသည်။သူ၏အစေခံများသည် အခြေအနေမကောင်းသည်ကိုမြင်ကတည်းက ထွက်ပြေးနှင့်လေပြီ။

"အင်မော်တယ်သီ...အင်မော်တယ်သီကို ကျွန်တော် ကောင်းကောင်းပြုစုခဲ့ပါတယ်....ကျွန်တော်ကို မသတ်လို့မရဘူးလား"

လင်းမြို့အရှင် သနားငဲ့ညှာမှုရရန် တောင်းပန်တေပေ၏။

သီဟူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာ ပေါ်လွင်နေသည်။

"မင်းက ငါ့ကို ပြုစုခဲ့တာလား...တောင်းပန်ပါတယ်...ငါ မင်းကို မသိဘူး"

"ဘာ..."

လင်းမြို့အရှင်က သူ့အတွက် မျှော်လင့်ချက်များ ပိက်သုဥ်းသွားပြီကို သိရှိလိုက်၏။

"ငါက မိုးကောင်းကင်နဂါးတိုင်းပြည်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်...ငါ ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းကိုလည်း စွန့်ပယ်ပါ့မယ်...ငါ့ကို မသတ်ပါနဲ့"

လင်းမြို့အရှင်က ဒူးထောက်၍ အဆက်မပြတ်တောင်းပန်နေလေသည်။

သို့ရာတွင် သီဟူက လျစ်လျှူရှုထားပေ၏။

"ဘာမှအရေးမပါတဲ့ သေမျိုးတစ်ယောက်ကများ...မိုးကောင်းကင်နဂါးတိုင်းပြည်က မင်းလိုကောင်မျိုးကိုခေါ်ထားပြီး ဘာလုပ်ရမှာလဲ"

သီဟူက လင်းမြို့အရှင်ကို ကိုက်ဖြတ်ရန် သူ၏မြွေနက်ကို ထိန်းချုပ်လိုက်သည်။

လင်းမြို့အရှင်က စိတ်ဓာတ်ကျဆင်းသွားပေ၏။သူမှိခိုအားထားနေသော ကျင့်ကြံသူသည် သေရေးရှင်ရေးအခြေအနေ၌ သူ့အားသစ္စာဖောက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤအချိန်တွင် ခန်းမအတွင်း၌ လုယွီတစ်ယောက်တည်းသာလျှင် ပြေးလွှားခြင်းမရှိဘဲ မူလနေရာ၌ ထိုင်နေသည်။

မြို့အရှင်က လုယွီအပြင် သူ့အတွက် မှီခိုအားထားစရာလူမရှိတော့ချေ။သူက လုယွီနောက်သို့ အပြေးသွား၍ အသနားခံလိုက်သည်။

"အင်မော်တယ်ကြီး...ငါ့ကိုကူညီပါ...ငါ့ကိုကူညီပါအုံး"

သီဟူကလည်း လုယွီကို သတိပြုမိသွား၏။

သူက လုယွီသည် ထွက်ပြေးခြင်းမရှိဘဲ ထိုင်ခုံ၌ထိုင်ကာ လဖက်ရည်သောက်မပျက်သည်ကိုမြင်ချိန်တွင် အံ့အားသင့်သွားမိသည်။

ထိုကောင်လေး ရူးများနေသလော။

"ငါက မင်းကို ကောင်းကောင်းညှင်းပန်းနှိပ်စက်မလို့လဲ...ဒါပေမယ့် မင်းက မင်းကိုကာကွယ်ဖို့ အရူးတစ်ယောက်ကို ရွေးချယ်လိုက်မယ်လို့ ငါ ထင်မထားမိဘူး...မင်းရဲ့ဦးနှောက်က တွေးတောဖို့တောင် အသုံးမပြုနိုင်တော့ဘူးလား...ဘာမှော်စွမ်းအင်မှမရှိဘဲ သာမာန်သေမျိုးစစ်သားတစ်ယောက်ကတောင် အလွယ်တကူအနိုင်ယူနိုင်တဲ့ ကောင်လေးတစ်ယောက်ကို မင်းကိုကာကွယ်ပေးစေချင်တာလား...ဟား ဟား ဟား"

သီဟူက ရယ်စရာပြက်လုံးတစ်ခုကို ကြားရသကဲ့သို့ အူလှိုက်သည်းလှိုက်ရယ်မောနေသည်။

"အဖေ...ကျွန်တော်က ထွက်ပြေးလွတ်မြောက်သွားတဲ့ မြို့အရှင်ရဲ့မိသားစုတွေကို ရှင်းလင်းပြီးပြီ"

ထိုအချိန်မှာပင် လူတစ်ယောက်က ဓားပျံကိုထိန်းချုပ်စီးနင်းကာ ရောက်ရှိလာသည်။

သူက သီချန်းပင်။သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးများဖြင့်စီးကပ်နေပြီး မူလက ချောမောခန့်ညားသော သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်ပုံ ပေါ်လွင်နေသည်။

သီဟူက မြို့အရှင်တို့လူစုကိုကိုင်တွယ်နေချိန်တွင် သီချန်းကလည်း တခြားသူများကို လိုက်လံသတ်ဖြတ်နေပေ၏။သူကဲ့သို့ ကျင့်ကြံသူတစ်ယောက်အတွက် သေမျိုးများကို သတ်ဖြတ်ရသည်မှာ ခက်ခဲသောကိစ္စမဟုတ်ချေ။

"ဘာလို့ ဒီကောင်က ခုထိကျန်နေတာလဲ"

သီချန်းက လုယွီကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးများက အေးစက်တင်းမာသွားသည်။

"အဖေ....ဒီကောင်ကို ကျွန်တော် တာဝန်ယူဖြေရှင်းပါ့ရစေ...ကျွန်တော် သူ့ကို သတ်ချင်တယ်"

Chapter 809

သီဟူက လွယ်လင့်တကူ သဘောတူညီလိုက်သည်။

"အချိိန်အများကြီး မဖြုန်းနဲ့...အမတ်ကြီးရဲ့အချိန်က အဖိုးတန်တယ်"

"ဟား ဟား ဟား...အဖေ...ဘာမှမစိုးရိမ်ပါနဲ့...အဲ့ဒီနေ့တုန်းက ကျွန်တော် အငိုက်မိသွားလို့ သူ အခွင့်အရေးရသွားတာ...ဒီတစ်ကြိမ်တော့ သူ့ကို ကျွန်တော်အသေသတ်ပြမယ်"

သီချန်းက ယုံကြည်ချက်အပြည့်ရှိပုံဖြင့် ပြောဆိုလေသည်။

သီချန်း၏အင်္ကျီလက်မောင်းကြားမှနေ၍ အရောင်အသွေးစုံလင်သော ပင့်ကူတစ်ကောင်ထွက်လာသည်။ထိုပင့်ကူ၏​လက်တံများသည် လက်သီးဆုပ်စာ အရွယ်ပမာဏရှိပြီး ၎င်း၏နောက်ကျောတွင် ထိတ်လန့်ကြောက်ရွံနေသောလူမျက်နှာနှင့်တူသော ထူးဆန်းသည့်ပုံစံပါရှိသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ငါ ငါးရောင်ခြယ်အဆိပ်ပင့်ကူကို သန့်စင်ပြီးသွားခဲ့တယ်...ငါက သူ့အတွက် အထူးအစားအစာတွေ ကျွေးမွေးထားပေမယ့် ကျင့်ကြံသူတစ်ယောက်ရဲ့သွေးကိုတော့ မကျွေးဖူးသေးဘူး"

သီချန်းက သူ၏နှုတ်ခမ်းများကို သူ့လျှာဖြင့်သပ်ရင်းမှ လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်နေပေ၏။

"မင်းရဲ့အသွေးအသားက အရသာရှိမယ့်ပုံပဲ...ငါ မင်းကို သတ်ပြီးတာနဲ့...မင်းရဲ့မိန်းကလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါမယ်"

သူ၏စိတ်နှလုံးသားအတွင်း၌ ကျီးချန်ယွီ၏လှပချောမောသော မျက်နှာလေးကသာလျှင် အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်နေသည်။သူက သူမ၏အကြောင်းကိုတွေးမိသည်နှင့် သူ့နှလုံးသားအောက်ခြေမှ ရမ္မက်မီးလျှံများ မြင့်တက်လာပြီး ဖိနှိက်ထား၍ မရတော့ချေ။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် လုယွီက ရုတ်တရက် သက်ပြင်းချလိုက်၏။သူက သူ့လက်အတွင်းရှိ လဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အသာအယာတင်လိုက်သည်။

"မြို့အရှင်...မင်း ငါ့ကို တစ်ခါကူညီခဲ့တယ်...အခု ငါ မင်းကို ပြန်ပေးဆပ်မယ်...ဒါပြီးတာနဲ့ မင်းနဲ့ငါကြားမှာ ဘာပတ်သက်မှုမှမရှိတော့ဘူး"

လုယွီက တည်ငြိမ်စွာပြောဆိုလေသည်။

"ဘယ်လို...."

လင်းမြို့အရှင်၏မျက်လုံးများက ပြူးကျယ်နေပြီး လုယွီကို အံ့အားတသင့်ကြည့်နေလေသည်။သူက သူကိုယ်သူ သတ်သေရန်ပင် ဆုံးဖြတ်ထားပြီးလေပြီ။မည်သည်ကြောင့် အခုချိန်ကျမှ လုယွီက သူ့ကို ကယ်တင်မည်ဟု ဆိုသနည်း။ဤကိစ္စက မည်သို့ဖြစ်နိုင်မည်နည်း။

"ဟား...ဟား...အဲ့ဒီကောင်က အရူးတစ်ယောက်လို့ ငါ မင်းကိုပြောသားပဲ...သူ့မှာ ဘာမှော်စွမ်းအားမှတောင် ရှိတာမဟုတ်ဘူး....သူက ဘဝင်လေဟပ်နေတဲ့ကောင်ပဲ...ငါ့ထင်တာတော့ သူက လူတော်တော်များများကို အရူးလုပ်ပြီးတဲ့အပြင် သူကိုယ်သူတောင်ပြန်လှည့်စားနေတာပဲ"

သီချန်းက သူ၏လက်အတွင်းမှပင့်ကူကို လုယွီထံပစ်လွှက်လိုက်၏။

"မင်း ငါ့အတွက် သေပေးစမ်း"

ငါးရောင်ခြယ်အဆိပ်ပင့်ကူသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လုယွီထံသို့ ပျံဝဲသွားသည်။

သီချန်း၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် ပင့်ကူ၏ကိုက်ခြင်းခံရပြီး အဆိပ်မိသေဆုံးသွားပြီဟုသာ တွေးထင်ထားသည်။

သို့ရာတွင် လုယွီထံ ပျံဝဲသွားသော ပင့်ကူက ရုတ်တရက် တုန်ခါသွားသည်။ထို့နောက် ပင့်ကူက နေရာ၌ပင်ရပ်တန့်နေပြီး ထပ်မံ၍လှုပ်ရှားခြင်း မရှိတော့ချေ။

"ဘာတွေဖြစ်ကုန်တာလဲ"

သီချန်းက အံ့အားသင့်သွားပြီးနောက် သူက ဒေါသတကြီးဖြင့် မှော်မန္တန်တစ်ပုဒ်ကို ထပ်ခါထပ်ခါရွတ်ဆိုလိုက်၏။

သို့ရာတွင် သူ မှော်မန္တန်မည်မျှထိများများ ရေရွတ်နေပါစေ ပင့်ကူသည် လှုပ်ရှားခြင်းမရှိပေ။

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

ဤကဲ့သို့ အဆိပ်ပြင်းသတ္တဝါအမျိုးအစားသည် ဥာဏ်ရည်ဥာဏ်သွေးနိမ့်ပါးပြီး ၎င်းတို့ကိုထိန်းချုပ်ရာတွင်လည်း အကန့်အသတ်ရှိသည်။

လုယွီသည် ဥာဏ်အလင်းပွင့်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးစဥ်ကတည်းက သူ့စိတ်ဝိညာဥ်၏စွမ်းအားမှာ ပို၍အားကောင်းလာသည်။

တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ်မှ ထွက်ပေါ်လာသော ဖိအားအရှိန်အဝါအောက်တွင် ထိုအဆင့်နိမ့်အဆိပ်ပြင်းပိုးမွှားသည် လှုပ်ရှားဝံ့ခြင်းမရှိတော့ချေ။

"သူ့ကိုသတ်လိုက်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

ငါးရောင်ခြယ်ပင့်ကူသည် မြေပြင်ပေါ်၌ တခဏတာရပ်နားပြီး ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။

"ထူးဆန်းလိုက်တာ...ငါ့ရဲ့ပင့်ကူ ဘယ်ရောက်သွားတာလဲ"

သီချန်းသည် သူ၏နဖူးမှ ချွေးစေးများထွက်သည်အထိ ပင့်ကူအား ရှာဖွေနေချိန်မှာပင် ရုတ်တရက် သူ၏လည်ပင်းမှ စူးရှရှနာကျင်လာမှုကို ခံစားရသည်။

"ယုတ်ညံတဲ့ တိရစ္ဆာန်"

သီဟူက သူ၏မြွေနက်ကိုထိန်းချုပ်ပြီး သီချန်း၏လည်ပင်းကို ကိုက်နေသော ငါးရောင်ခြယ်ပင့်ကူကို ဝါးမြိုခိုင်းလိုက်သည်။

"အဟွက်..."

သီချန်းက မြေပြင်ပေါ်၌ လူးလိမ့်နေပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။

သူက လုယွီကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။

"ဘာလို့လဲ...အဆိပ်မိတဲ့သူက ဘာလို့ ငါဖြစ်နေရတာလဲ"

ဤသည်က မဖြစ်နိုင်ချေ။သူက အဆိပ်ကျင့်ကြံသူတစ်ယောက်ပင်။သူသာလျှင် အဆိပ်ရှိသောသက်ရှိများကို ထိန်းချုပ်နိုင်ပြီး လောကအတွင်းရှိ အဆိပ်များကို နိုင်နင်းရပေမည်။

မည်သည်ကြောင့် လုယွီက သူ၏အဆိပ်ပြင်းသတ္တဝါကို ထိန်းချုပ်နိုင်ရသနည်း။

"ဖူး..."

သီချန်း၏ပါးစပ်မှနေ၍ သွေးမည်းများ ထပ်မံအန်ထွက်လာသည်။

လုယွီ၏ထိန်းချုပ်မှုအောက်တွင် ငါးရောင်ခြယ်ပင့်ကူက ၎င်း၏အဆိပ်အားလုံးကို သီချန်း၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်သည်။

သီချန်းသည် အဆိပ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ ပြင်းထန်သောအဆိပ်ကို ကြာရှည်ခုခံနိုင်စွမ်းမရှိပေ။

ရုတ်ချည်းဆိုသလိုပင် သီချန်းသည်လည်း သေမျိုးများကဲ့သို့ပင် သွေးအိုင်အဖြစ် ပြောင်းလဲသွားတော့သည်။

"သားလေး...."

သီဟူက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်၏။သူ၏လက်အတွင်းမှ အဆိပ်ဖြေဆေး အသုံးမပြုရသေးခင်မှာပင် သီချန်းသည် မည်သည့်အချိန်အခါကမျှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားလေပြီ။

Chapter 810

"ဒါတွေအားလုံးက မင်းရဲ့အပြစ်ပဲ"

သီဟူက လုယွီဘက်သို့လှည့်၍ အော်ငေါက်လိုက်သည်။

သူက အဆိပ်နည်းစနစ်များကို လေ့ကျင့်သူဖြစ်သဖြင့် မိုးကောင်းကင်၏အမျက်ဒေါသကို ခံယူရကာ သားတစ်ယောက်တည်းသာ မျိုးဆက်ထွန်းကားခဲ့သည်။

ထိုအခြင်းအရာကြောင့် သီချန်းမည်မျှပင် ဆိုးရွားသောကိစ္စများ လုပ်နေပါစေ သူက မျက်စိတစ်ဖက်မှိတ်ပြီး မသိချင်ယောင်ဆောင်နေခဲ့ခြင်းပင်။

သို့သော် ယခုလက်ရှိအချိန်တွင် သူ၏သားဖြစ်သူ သေဆုံးသွားလေပြီ။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။

"သူက ဘယ်ဟာသူ့အတွက်ကောင်းမယ်မှန်း မသိတဲ့ကောင်ပဲ...ဘာလဲ...ခင်ဗျားလဲ သေချင်လို့လား"

"မင်း...အမှိုက်ကောင်ကများ...မင်း ငါ့သားကို ဘယ်လိုသတ်လိုက်တယ်ဆိုတာတော့ ငါမသိဘူး...ဒါပေမယ့် ငါမင်းကို ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်မယ်"

သီဟူက ရုတ်တရက် မြွေနက်ပေါ်သို့ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

မြွေနက်လေးသည် ကောင်းချီးမင်္ဂလာတစ်မျိုး ခံလိုက်ရသည့်အလား ၎င်း၏အရွယ်အစားသည် အလျှင်အမြန်ကြီးထွားလာသည်။

အသက်ရှုချိန်အနည်းငယ်အချိန်အတွင်းမှာပင် မြွေနက်လေးသည် ဧရာမစပါးကြီးမြွေအသွင်ပြောင်းလဲသွားပြီး ကြမ်းကြုတ်ရက်စက်သော မျက်နှာနှင့်အတူ ၎င်း၏လျှာကို လုယွီထံသို့ ဆန့်ထုတ်လိုက်သည်။

"သူ့ကိုသတ်စမ်း"

သီဟူက လုယွီကို လက်ညှိုးညွှန်လိုက်၏။

စပါးကြီးမြွေကြီးသည် အလွန်ကျယ်လောင်စွာ တွန်သံပေးပြီး ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟကာ လုယွီကိုကိုက်ရန် တိုးဝင်သွားတော့သည်။

ဤအချိန်တခဏတွင် မူလက တည်ငြိမ်နေသော လုယွီ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒါက လူသားတစ်ယောက်ရဲ့စိတ်ဝိညာဥ်ကို ချိတ်ပိတ်ထားတာပဲ...ခင်ဗျား သေသင့်တယ်"

လုယွီက သူ၏လက်အတွင်းမှ လဖက်ရည်ခွက်ကို ချေမွှပစ်လိုက်၏။

လဖက်ရည်ခွက် ကွဲကြေသွားသော အချိန်တခဏတွင် လုယွီက အကွဲစတစ်ခုကိုဖမ်းဆုပ်ပြီး သူ၏လက်ချောင်းဖြင့် စပါးကြီးမြွေကြီးထံ တောက်ထုတ်လိုက်သည်။

ဝှီး.....

ခွက်အကွဲစက စပါးကြီးမြွေ၏နဖူးကို ထွင်းဖောက်သွားသည်။စပါးကြီးမြွေကြီး၏ဧရာမခန္ဓာကိုယ်ကြီးသည် ခွက်ကွဲစကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားတော့သည်။

သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။

လဖက်ရည်ခွက်ကွဲစက ပြင်းထန်သောအရှိိန်ဖြင့် သီဟူထံ ဆက်လက်တိုးဝင်သွားပေ၏။

ဒုတ်...

သီဟူ၏နှလုံးသားသည် ထိုခွက်ကွဲစ၏ ထွင်းဖောက်သွားခြင်းခံလိုက်ရ၏။သူ၏ခန္ဓာကိုယ်ရှိ ကျန်းချီအကာအကွယ်သည် မည်သို့မျှအကျိုးသက်ရောက်မှုမရှိချေ။

"ဘာလို့လဲ...ဘာလို့ ဒီလိုဖြစ်သွားရတာလဲ"

သီဟူ၏မျက်လုံးများပြူးကျယ်နေပြီး ဤကိစ္စကို ယုံကြည်နိုင်စွမ်းမရှိချေ။

သူ၏အသက်စွမ်းအားများ အလျှင်အမြန်ကုန်ဆုံးနေသည်ကို သူ ခံစားမိပြီး လုယွီက ဤကဲ့သို့စွမ်းအားမျိုးရှိသည်ကို ယုံကြည်လက်ခံနိုင်ခြင်းမရှိပေ။

"တကယ်လို့ ကျုပ် ခင်ဗျားကိုမသတ်ရင်တောင်...တစ်နေ့နေ့မှာ ရန်ငြှိုးမုန်းတီးမှုတွေကြောင့် ခင်ဗျားသေရမှာပဲ"

လုယွီက အေးစက်စက်နှာမှုတ်လိုက်၏။သူ၏လက်ချောင်းကို အနည်းငယ်လှုပ်ခတ်လိုက်ပြီး အပိုင်းပိုင်းအစစဖြစ်နေသော စပါးကြီးမြွေကြီး၏ခန္ဓာကိုယ်မှ ဝေဝါးဝါးပုံရိပ်တစ်ရိပ်ကို ဆွဲထုတ်လိုက်သည်။

ထိုပုံရိပ်က လုယွီကို ဦးညွှတ်အရိုအသေပြုပြီး အဝေးသို့ ပျံဝဲထွက်သွားတော့သည်။ဤသည်က ကျင့်ကြံသူတစ်ယောက်၏စိတ်ဝိညာဥ်ပင်။သူက သီဟူနှင့်တိုက်ခိုက်ရာ၌ ရှုံးနိမ့်သွားပြီး ​သူ၏စိတ်ဝိညာဥ်ကို မြွေနက်လေး၏ခန္ဓာကိုယ်အတွင်း၌ ချိတ်ပိတ်ခြင်းခံထားရသည်။

မှော်သားရဲတစ်ကောင်၏ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဥ်ကို ချိတ်ပိတ်ခံရပါက ထိုသူသည် သီဟူ၏အမိန့်ကိုသာနာခံနေရပြီး သံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်စွမ်းမရှိတော့ချေ။

သီဟူက သူ့ခေါင်းကို ခက်ခက်ခဲခဲမော့ပြီး တုန်ရီနေသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဆရာသခင်...ကျွန်တော်ကို ကယ်တင်ပါ"

သို့ရာတွင် ဝူလီက မည်သည့်လှုပ်ရှားမှုမျှမပြုချေ။

သီဟူ၏လက်က မြေပြင်ကိုကုတ်ခြစ်ပြီး ရုန်းကန်နေရာမှ နောက်ဆုံး၌ သူ မလှုပ်ရှားနိုင်တော့ချေ။နာကျည်းမုန်းတီးမှုများက သီဟူ၏မျက်လုံးများအတွင်း၌ ထင်ဟပ်နေပြီး သူ၏ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟနေသည်။သူက တစ်စုံတစ်ခုကို ပြောလိုဟန်ရှိသော်လည်း သူ၌ အခွင့်အရေးမရှိတော့ချေ။

အမတ်ကြီးဝူလီက လုယွီကို စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းလို သေးငယ်တဲ့နေရာမျိုးမှာ ဒီလိုမျိုးထိပ်သီးကျင့်ကြံသူတစ်ယောက်ရှိနေမယ်လို့ ငါ ထင်မထားမိဘူး"

ဝူလီက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုလေ၏။

"တာအိုမိတ်ဆွေလေး....ခွေးတစ်ကောင်ကိုရိုက်မယ်ဆိုရင် ခွေးပိုင်ရှင်ရဲ့မျက်နှာကိုတော့ ကြည့်သင့်တယ်မဟုတ်ဘူးလား...မင်းက ငါ့သားရဲ့အစေခံကို ငါရှေ့မှာသတ်ပစ်ခဲ့တာကို ဖြေရှင်းချက်တစ်ခုတော့ ပေးသင့်တယ်"

ပတ်ဝန်းကျင်လေထုအတွင်း၌ရှိနေသော မိုးကောင်းကင်နဂါးတိုင်းပြည်မှ စစ်သင်္ဘောများသည် အလံများတလူလူဖြင့် ခမ်းနားထည်ဝါသောမြင်ကွင်းကို ပေးစွမ်းနေသည်။

"ဖြေရှင်းချက်လား"

လုယွီက သရော်တော်တော်ပြောဆိုပြီးနောက် သူ၏လက်ညှိုးကို အမတ်ကြီးဝူလီနောက်ရှိ စစ်သင်္ဘောများထံ ညွှန်လိုက်သည်။

ဝုန်း...

ကျယ်လောင်သောဆူညံသံကြီး မြည်ဟီးလာပြီးနောက် မြောက်များစွာသောကျင့်ကြံသူများသည် စစ်သင်္ဘောပေါ်မှနေ၍ လွင့်စင်ကျလာပေ၏။

ဧရာမစစ်သင်္ဘောကြီးပေါ်၌ မြောက်များစွာသော အကာအကွယ်အဆောင်လက်ဖွဲ့များ ကပ်ထားသည်။သို့ရာတွင် လုယွီ လက်ညှိုးညွှန်လိုက်သော အချိန်တခဏတွင် စစ်သင်္ဘောကြီးတစ်ခုလုံး အပိုင်းပိုင်းအစစအဖြစ်ပေါက်ကွဲသွားပြီး နေရာအနှံ့သို့ လွင့်စင်ကျလာပေ၏။

"ခင်ဗျား ဖြေရှင်းချက်လိုချင်သေးတာလား"

All Chapters