အခန်း (၈၁၆-၈၂၀)
Vol. 44 Ch. 816-820
Chapter 816
စူးရှကျယ်လောင်သောအော်ငေါက်သံသည် အကျဥ်းထောင်တောင်ထိပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပေ၏။
အသက်ရှုချိန်အနည်းငယ်ခန့်အကြာတွင် မြောက်များစွာသောကျင့်ကြံသူများ အကျဥ်းထောင်တောင်ထိပ်မှ ပျံဝဲ၍ထွက်လာကြသည်။
"ငါတို့အကျဥ်းထောင်တောင်ထိပ်ကို ဘယ်ကောင်လာပြီး ပြဿနာရှာနေတာလဲ"
ထိုသူများ၏လက်အတွင်း၌ သံကြိုးကြီးများကိုကိုင်ဆောင်ထားပြီး သူတို့က ချက်ချင်းပင် လုယွီကို ဝိုင်းရံလိုက်ကြသည်။
သို့ရာတွင် သူတို့က လုယွီ မည်သူမည်ဝါဖြစ်မှန်း သဲသဲကွဲကွဲမမြင်ရသေးခင်မှာပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်ကြောင့် လွင့်ထွက်သွားပေ၏။
လုယွီက စူးရှရှလေချွန်ပြီး လေထုအတွင်းသို့ လက်ဝါးရိုက်ချက်များ ရိုက်ထုတ်လိုက်သည်။
ဖတ်..ဖတ်...ဖတ်......
မြောက်များစွာသော ဖီလာဆန့်ကျင်ရိုက်ခတ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီးနောက် အကျဥ်းထောင်တောင်ထိပ်မှတပည့်များ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြခြင်းပင်။
အသက်ရှုချိန်အနည်းငယ်အတောအတွင်းမှာပင် လုယွီ၏ရှေ့၌ မည်သူမျှ မတ်တတ်ရပ်လျက် ကျန်ရှိမနေတော့ချေ။
"အတင့်ရဲလှချည်လား...အကျဥ်းထောင်တောင်ထိပ်ကို ကျူးကျော်ဝင်ရောက်လာတာက သေဒဏ်ဆိုတာ မင်းမသိဘူးလား"
ကျင့်ကြံသူတစ်ယောက်က အော်ငေါက်လိုက်သော်လည်း သူက လုယွီအနီးသို့ မကပ်ဝံ့ပေ။
လုယွီက ထိုခြိမ်းခြောက်စကားများကို မကြားသကဲ့သို့ပင်။သူက ထိုလူစုကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒီကိစ္စက မင်းတို့နဲ့ဘာမှ မသက်ဆိုင်ဘူး...ငါ့ရှေ့ကနေ ထွက်သွားကြစမ်း"
"သူ...သူက ကောင်းကင်နန်းတော်ပြိုင်ပွဲက မြေအောက်လောက မဟုတ်လား"
"သူ လား...သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုရှိတာ ငါ မအံသြတော့ဘူး"
"အဲ့ဒီနေရာကိုမသွားကြနဲ့...သူက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်ခဲ့တာ...ငါတို့က သူ့ကိုဘယ်လိုမှ ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
လုယွီရှေ့ရှိ အကျဥ်းထောင်တောင်ထိပ်မှလူများအားလုံး ထိတ်လန့်ကြောက်ရွံနေကြပြီး မည်သူကမျှ သူ့အား မတားဆီးဝံ့ကြတော့ချေ။
သို့ရာတွင် တချို့လူများက အကျဥ်းထောင်မဟာအကြီးအကဲနှင့်ယန်ကျင်းတို့ထံ အပြေးသွား၍ အကြောင်းကြားလိုက်ကြသည်။
ဤအချိန်တွင် အကျဥ်းထောင်တောင်ထိပ်၏အနောက်ဘက်တစ်နေရာ၌....
ခမ်းနားထည်ဝါသောအိမ်တော်တစ်ခုအတွင်းတွင် အကျဥ်းထောင်မဟာအကြီးအကဲနှင့်ယန်ကျင်းတို့က ပလ္လင်ခွေထိုင်နေသည်။
သူတို့နှစ်ယောက်၏ဘေး၌ အကျဥ်းသားတစ်ယောက်က မြေပြင်ပေါ်၌ ဒူးထောက်လျက်အနေအထားဖြင့်ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ မှော်အက္ခရာများဖြင့် ပြည့်နှက်နေပေ၏။
အကျဥ်းသား၏ခန္ဓာကိုယ်ပေါ်၌ ထိုမှော်အက္ခရာများကို ဓားဖြင့်ရေးခြစ်ထားပုံရပြီး ဒဏ်ရါများမှ သွေးများယိုစီးကျနေသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။
အကျဥ်းထောင်မဟာအကြီးအကဲက ပြောဆိုလိုက်သည်။
"စလိုက်ကြရအောင်"
"ယန်ဖုန်းရှန့်...တကယ်လို့ ငါ သေသွားရင်တောင် မင်းကိုအလွတ်မပေးဘူး...မင်းတို့သားအဖနှစ်ယောက်လုံး သေချင်းဆိုးနဲ့သေပါစေလို့ ငါ ဆုတောင်းတယ်"
အကျဥ်းသား၏မျက်နှာက ရှုံမဲ့နေပြီး သူက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးနေပေသည်။
သူမည်မျှပင် အော်ဟစ်နေပါစေ ယန်ကျင်းတို့သားအဖနှစ်ယောက်က သူ့စကားကို ကြားပုံမရချေ။
ရုတ်တရက် ယန်ကျင်း၏နှုတ်မှနေ၍ ရှုပ်ထွေးသော ရှေးဟောင်းမန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်၏။
မန္တန်ရွတ်ဆိုသံက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်နေပြီး လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်က အကျဥ်းသားထံမှမှော်စွမ်းအားများကို ဆွဲထုတ်နေသည်။
"အား...အား...အား...."
အကျဥ်းသားသည် စူးရှနာကျင်စွာ အော်ဟစ်နေပြီး သူက ရုန်းကန်နေပေ၏။သို့ရာတွင် သူ၏ခြေလက်များကို လေးလံသောသံကြိုးကြီးများဖြင့် တုပ်နှောင်ထားသဖြင့် သူ မည်သို့မျှလှုပ်ရှား၍မရချေ။
အကျဥ်းသား၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းအားနည်းလာပြီး သူ၏အသံသည်လည်း တိမ်ဝင်သွားသည်။မူလက တောင့်တင်းသန်မာသော သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပိန်ပါးလာပြီး နောက်ဆုံး၌ အရိုးစုအဖြစ်သာကျန်ရှိတော့၏။
သူထံမှဆွဲထုတ်ခံထားရသော မှော်စွမ်းအားများအားလုံး ယန်ကျင်းထံသို့ ကျရောက်သွားသည်။ယန်ကျင်းက ကျင့်ကြံနည်းစနစ်တစ်မျိုးကို သူ၏ခန္ဓာကိုယ်တလျှောက်လှည့်ပတ်ပြီး ထိုမှော်စွမ်းအားများကို စုပ်ယူလိုက်၏။
ဤအချိန်တခဏတွင် ယန်ကျင်းက အသစ်ပြန်လည်မွေးဖွားလာသည့်အလား ခံစားနေရပြီး သူ၏ကျင့်ကြံဆင့်မှာလည်း များစွာတိုးတက်လာသည်။
အကျဥ်းထောင်မဟာအကြီးအကဲက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောဆိုလေသည်။
"ကျင်းအာ...မင်းရဲ့အရည်အချင်းက ကောင်းမွန်ပြီးတော့ အခုချိန်မှာ မင်းက ကောင်းကင်ဘုံနယ်မြေမှာနေတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ရဲ့တပည့်ဖြစ်နေပြီ...မင်းရဲ့ကျင့်ကြံမှုကို အာရုံစူးစိုက်ပြီးတော့သာလေ့ကျင့်ရင် ကောင်းကင်ဘုံနယ်မြေမှာတောင် မင်းက နာမည်ကျော်ကြားလာလိမ့်မယ်"
ထို့နောက် အကျဥ်းထောင်မဟာအကြီးအကဲက မြေပြင်ပေါ်ရှိ အရိုးစုကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောဆိုလေ၏။
"ဒီ အကျဥ်းသားတွေက...သူ့တို့ရဲ့မှော်စွမ်းအားတွေကို ထောင်ထဲမှာအလဟာသဖြစ်ခံနေမယ့်အစား...ငါ့သားလေး စုပ်ယူပစ်တာ ပိုကောင်းတယ်...မင်း ဘာမှစိုးရိမ်မနေနဲ့...ငါ့ရဲ့အကျဥ်းထောင်ထဲမှာ အကျဥ်းသားတွေပြတ်လပ်တယ်လို့မရှိဘူး"
ယန်ကျင်း၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာပေ၏။သို့ရာတွင် သူက အနည်းငယ်စိုးရိမ်ပူပန်နေဟန်ဖြင့် ပြောဆိုလိုက်သည်။
"အဖေ...ကျွန်တော်ရဲ့ဆရာသခင်ဖြစ်တဲ့ ကောင်းကင်ဘုံနယ်မြေကပုဂ္ဂိုလ်က ဂိုဏ်းခေါင်းဆောင်နဲ့နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ကို အပြစ်ပြုမိထားတယ်...သူတို့က ကျွန်တော်ကို ပြဿနာလာရှာမှာကို စိုးရိမ်နေမိတယ်"
အကျဥ်းထောင်မဟာအကြီးအကဲက အပြုံးနှင့် ပြောဆိုလေ၏။
"မဖြစ်နိုင်ဘူး...မင်းက ကောင်းကင်ဘုံနယ်မြေကလူရဲ့တပည့်ဖြစ်တာမို့ ကောင်းကင်ဘုံနယ်မြေကလူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်...ဂိုဏ်းခေါင်းဆောင်တောင်မှ မင်းကို သူတစ်ခုခုလုပ်လိုက်ရင် ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ် လက်စားပြန်ချေမှာကို ကြောက်ရွံပြီး ဘာမှလုပ်ရဲမှာမဟုတ်ဘူး"
ထိုအချိန်မှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။
"မဟာအကြီးအကဲ...ပြဿနာကြီးတစ်ခုရှိနေတယ်"
Chapter 817
"ဘာကိစ္စရှိလို့ ဒီလေါက်တောင်ပြာယာခတ်နေတာလဲ"
အကျဥ်းထောင်မဟာအကြီးအကဲက ဒေါသတကြီးအော်ငေါက်လိုက်၏။သူသည် ဤနေရာသို့ တခြားသူများဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်သည်။
သို့ရာတွင် ဤနေရာသို့ ကျူးကျော်ဝင်လာဝံ့သော တပည့်များရှိနေဆဲဖြစ်မည်ဟု သူမျှော်လင့်မထားမိချေ။
"မြေအောက်လောက...သူ ရောက်နေတယ်"
တပည့်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏အသံ ချက်ချင်းရပ်တန့်သွားပေ၏။
"မြေအောက်လောကလား"
"သူ အမှန်ပဲ"
အကျဥ်းထောင်မဟာအကြီးအကဲနှင့်ယန်ကျင်းတို့က တပြိုင်နက်တည်းမတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်၌ အနည်းငယ်အံ့အားသင့်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
လုယွီသည် ကူးပြောင်းရေးဝင်္ကပါ၏တစ်ဖက်ခြမ်း ပျက်စီးသွားစဥ်ကတည်းက သေဆုံးသွားပြီဟု လူတိုင်းနီးပါး တွေးထင်ထားကြသည်။လုယွီ အသက်ရှင်သန်နေရန်မှာ မဖြစ်နိုင်ချေ။
မည်သည်ကြောင့် သူက အသက်ရှင်သန်နေရသနည်း။
"မင်းက ဘာလို့ ကြောက်စိတ်မွှန်နေရတာလဲ...သူက ဂျူနီယာတစ်ယောက်လေ...ငါက သူ့ကို ကြောက်နေရမှာလား"
အကျဥ်းထောင်မဟာအကြီးအကဲက အေးစက်စက်နှာမှုတ်ပြီး သူက တံခါးကိုတွန်းဖွင့်ကာ ပြင်ပသို့ထွက်ရန် ဟန်ပြင်လိုက်သည်။
ဝုန်း....
ထိုအချိန်မှာပင် တံခါးက ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရ၏။
လုယွီက တံခါး၏ရှေ့၌ တည်ငြိမ်သောမျက်နှာအမူအယာဖြင့် မတ်တတ်ရပ်နေပြီး သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အကျဥ်းထောင်တောင်ထိပ်မှတပည့်သည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
လုယွီ၏နောက်တွင်လည်း အကျဥ်းထောင်တောင်ထိပ်မှ တပည့်အမြောက်အများ မြေပြင်ပေါ်၌ လဲကျနေပေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ယန်ကျင်းက ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။သူ၏မျက်လုံးအကြည့်ကို အနည်းငယ်ရှောင်လွှဲလိုက်၏။
မည်သို့ပင်ဆိုစေကာမူ မိုးကောင်းကင်တောင်ထိပ်၌ သူ အတွေ့အကြုံကောင်းစွာရရှိခဲ့သည်။လုယွီက တစ်ယောက်တည်းနှင့် လူရာနှင့်ချီကို ရင်ဆိုင်တိုက်ခိုက်ကာ ဘက်ပေါင်းစုံမှတိုးဝင်လာသူများကိုသတ်ဖြတ်ပြီး ထိုသူများ၏စိတ်ဝိညာဥ်များကို ပြန့်ကျဲစေခဲ့သည်။
ထိုနေ့ရက်မှမြင်ကွင်းသည် ယန်ကျင်း၏စိတ်နှလုံးသားအတွင်း၌ တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ စွဲထင်ကျန်ရစ်သည်။
"အကျဥ်းထောင်မဟာအကြီးအကဲလည်း ဒီနေရာမှာရှိနေမယ်လို့ ကျုပ် ထင်မထားမိဘူး....ကောင်းပြီလေ...ကျုပ် ခင်ဗျားကိုပဲ တဲ့တိုးပြောတော့မယ်"
လုယွီက ရုတ်တရက် အကျဥ်းထောင်မဟာအကြီးအကဲကို စူးစိုက်၍ကြည့်လိုက်သည်။
"ဒီနေရာကို ရှေးဟောင်းနတ်ဆိုးတွေ လမ်းပြခေါ်လာတဲ့အတွက်...စည်းမျဥ်းအရ ခင်ဗျားတို့ သေရမယ်"
"အတင့်ရဲလှချည်လား ..ငါက မဟာအကြီးအကဲတစ်ယောက်...မင်းလိုကောင်မျိုးက ဒီနေရာကိုလာပြီး စကားပြောခွင့်ရှိလို့လား...ငါ့ရဲ့အကျဥ်းထောင်တောင်ထိပ်ကို ကျူးကျော်ဝံ့ခွင့် မင်းကို ဘယ်သူက ပေးလိုက်တာလဲ...မင်း စကားပြောတာ ရိုင်းလိုက်တာ"
အကျဥ်းထောင်မဟာအကြီးအကဲက သူ၏အရှိန်အဝါကို ထုတ်လွှက်လိုက်သည်။သူ၏နဖူးပြင်၌ ပုဆိန်အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။
ထိုပုဆိန်အမှတ်အသားသည် သာမာန်အတိုင်းပေါ်ပေါက်လာပုံမရသော်လည်း မြောက်များစွာသောမှော်စွမ်းအားများစုစည်း၍ ရိုက်နှိပ်ထားပုံရသည်။
စိတ်ဝိညာဥ်နယ်ပယ်၏အထက်တွင်ရှိသော စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများသည် စိတ်ဝိညာဥ်ကို ပြည့်စုံသည်အထိ လေ့ကျင့်ထားပြီးသူများဖြစ်သည်။ဤကဲ့သို့ပြင်းထန်သောစွမ်းအားမျိုးသာ သာမာန်တပည့်တစ်ယောက်ပေါ်သို့ ကျရောက်သွားပါက ထိုသူ၏စိတ်ဝိညာဥ်လွင့်ပြယ်သွားပြီးဖြစ်ပေမည်။
သို့ရာတွင် လုယွီကမူ အကျဥ်းထောင်မဟာအကြီးအကဲကို တစ်ချက်သာကြည့်ပြီး လျစ်လျှူရှုထားခဲ့သည်။စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူသည် အစွမ်းထက်သော်လည်း လုယွီ၏အမြင်တွင်မူ အသေးအဖွဲပင်။
လုယွီက ယန်ကျင်းကိုကြည့်ပြီး သရော်တော်တော်ပြောဆိုလိုက်သည်။
"ရှေးဟောင်းနတ်ဆိုးတွေက သန့်စင်တဲ့လူတစ်ယောက်ကို ဘယ်တော့မှတပည့်အဖြစ်လက်မခံဘူး...မင်းက ရှေးဟောင်းနတ်ဆိုးတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မယ့် ကိစ္စတစ်ခုကိုလုပ်ခဲ့မယ်လို့ ငါ ထင်တယ်....ဟုတ်တယ်မလား"
ယန်ကျင်းက လုယွီနှင့်အကြည့်ချင်းမဆုံစေရန် ရှောင်လွှဲနေပြီး သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။
"လုယွီ...မင်း တစ်လက်မမှ ရှေ့တိုးမလာနဲ့နော်"
လုယွီက ခြေလှမ်းများစွာရှေ့တိုးပြီး တည်ငြိမ်စွာပြောဆိုလေသည်။
"ငါက မင်းကို လာရှာဖို့ အစီအစဥ်မရှိခဲ့ဘူး...မင်းက ငါ့ရဲ့အာရုံစိုက်မှုကိုခံယူဖို့ ထိုက်တန်တာမှမဟုတ်တာ...ဒါပေမယ့် မင်း....ရှေးဟောင်းနတ်ဆိုးတွေကို လမ်းပြပြီးခေါ်ဆောင်လာမယ်လို့ ငါ ထင်မထားမိဘူး....ပိုပြီးဆိုးရွားတာက မင်း ခေါ်လာတဲ့ ရှေးဟောင်းနတ်ဆိုးက ငါ့နံဘေးကလူတွေကို ထိခိုက်ဒဏ်ရါရစေတာပဲ"
လုယွီက စကားတစ်ခွန်းပြောဆိုလိုက်တိုင်း ယန်ကျင်းက ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေတစ်လှမ်းချင်း ဆုတ်နေမိသည်။သူ၏မောက်မာဝံ့ကြွားနေမှုများသည် လုယွီ၏ရှေ့၌ အရာမဝင်ခြင်းကို ချက်ချင်းပင် သူ သိရှိနားလည်သွားသည်။သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို ကြောက်ရွံနေမှုက ရှိနှင့်ပြီးလေပြီ။လုယွီ၏ရှေ့၌ သူ ဒေါသထွက်နေရန်ပင် သတ္တိမရှိပေ။
လုယွီ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် အပြုံးရှိနေသည်။
"ဒါကြောင့်မို့ မင်းလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့အာရုံစိုက်ခံရတာလဲဆိုတာ ငါ အံ့အားသင့်စပြုလာခဲ့တယ်"
"တော်သင့်ပြီ"
အကျဥ်းထောင်မဟာအကြီးအကဲက ရုတ်တရက် လုယွီကို စတင်တိုက်ခိုက်လေသည်။
"မင်းက သူတော်စင်တစ်ယောက်ရဲ့တပည့်ဖြစ်နေရင်တောင်...ဒီနေရာကိုလာပြီး ရိုင်းစိုင်းဝံ့တဲ့အတွက် ငါ မင်းကို သတ်ရလိမ့်မယ်"
သူက ဤလက်ဝါးရိုက်ချက်တွင် သူ၏ခွန်အားပြည့်ထည့်သွင်းအသုံးပြုထားသည်။သူက လုယွီကို သတ်ဖြတ်လိုသည်မှာ သိသာထင်ရှားပေ၏။
Chapter 818
ဝုန်း...
ပြင်းထန်သောမှော်စွမ်းအားလှိုင်းတစ်ရပ်ကြောင့် ခမ်းနားထည်ဝါသောအိမ်တော်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားပေ၏။
မြောက်များစွာသောအုတ်များနှင့်ကျောက်ပြားများ ဘက်ပေါင်းစုံသို့ ပျံလွင့်နေခြင်းနှင့်အတူ လုယွီ၏ရှေ့သို့ ဧရာမလက်ဖဝါးကြီးရောက်ရှိလာသည်။
"ကောင်းသားပဲ...အခုလက်ရှိ ငါ့ရဲ့ခွန်အား ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ချင်နေတာနဲ့အတော်ပဲ"
လုယွီ၏အင်္ကျီလက်များက လေတိုက်ခတ်မှုနှင့်အတူ ဖောင်းကားလာပြီး သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဤအချိန်တခဏတွင် ကောင်းကင်နှင့်မြေကြီးကြားရှိ အလင်းရောင်ပင် ပျောက်ကွယ်သွားသည်။
ထို့နောက်နားအူလုမတက်မြည်ဟီးသံကြီးနှင့်အတူ လူနှစ်ယောက်၏လက်ဝါးရိုက်ချက်နှစ်ခုသည် ဖီလာဆန့်ကျင်ရိုက်ခတ်မိပေ၏။
သူတို့နှစ်ယောက်ကြား အလယ်ဗဟိုရှိမြေပြင် ကျွံဝင်သွားသည်။
ခရက်....
နံဘေးပတ်ဝန်းကျင်ရှိတောင်နံရံများ အက်ကွဲလာပြီး ကျောက်တုံးကျောက်စများပြုတ်ကျလာကာ ဖုန်မှုန့်များက တထောင်းထောင်းထနေသည်။
ဖုန်မှုန့်များကြားမှနေ၍ လုယွီ၏ပုံရိပ်က တဖြည်းဖြည်းပေါ်ထွက်လာသည်။
ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူနှင့်စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတို့ တိုက်ခိုက်ကြခြင်းပင်။လုယွီနှင့်အကျဥ်းထောင်မဟာအကြီးအကဲတို့သည် ကျင့်ကြံဆင့်နယ်ပယ်ကြီးနှစ်ဆင့်ကွာဟပေ၏။
လုယွီက နေရာမှနေ၍ ရွေ့လျားသွားခြင်းမရှိပေ။အကျဥ်းထောင်မဟာအကြီးအကဲကမူ နောက်သို့ခြေလှမ်းဝက်ဆုတ်လိုက်ရ၏။
"ကောင်းလိုက်တဲ့ ခန္ဓာကိုယ်စွမ်းအား"
အကျဥ်းထောင်မဟာအကြီးအကဲ၏အမူအယာ တည်ကြည်လေးနက်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့နှစ်ယောက်ကြားရှိကွာဟချက်သည် ကောင်းကင်နှင့်မြေပြင်တမျှ ခြားနားသည်။သို့ရာတွင် လုယွီက သူ့ကို ခြေလှမ်းဝက်နောက်ဆုတ်ရန် ဖိအားပေးနိုင်ခဲ့သည်။
"မင်းက ကောင်းကင်ဘုံအရှင်သခင်ငှါးရမ်းခြင်းနည်းစနစ်ကို ထပ်ပြီးအသုံးပြုပြန်ပြီလား"
အကျဥ်းထောင်မဟာအကြီးအကဲက အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏စိတ်ဝိညာဥ်ထွက်ပေါ်လာပြီး ရှည်လျားသောပုဆိန်ကြီးတစ်ခုအသွင်ပြောင်းလဲသွားသည်။
အသက်ရှုချိနိအနည်းငယ်အတွင်းမှာပင် ပုဆိန်ပုံစံသိပ်သည်းသွားပြီး နံဘေးပတ်ဝန်းကျင်သို့ ပြင်းထန်သောအားလှိုင်းတစ်ရပ်က ဝေ့ဝိုက်၍တိုက်ခတ်နေသည်။
ထို့နောက် ပုဆိန်ကြီးက လုယွီထံဦးတည်၍ ကျဆင်းလာတော့သည်။
ဘုန်းခနဲအသံကြီးနှင့်အတူ အကျဥ်းထောင်မဟာအကြီးအကဲ၏ရှေ့၌ နှစ်ကျန်းခန့်ရှည်လျားသော မြောင်းရာကြီး ချက်ချင်းပေါ်ထွက်လာပေ၏။ထိုမြောင်းရာမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့လွင့်နေသည်။
"မှော်စွမ်းအားက မလုံလောက်တဲ့အပြင် ခင်ဗျားအသုံးပြုတဲ့မှော်မန္တန်ကလည်း ပြည့်စုံမှုမရှိဘူးပဲ...ကြည့်ရတာတော့ ခင်ဗျားရဲ့ကျင့်ကြံနည်းစနစ်က အဆင့်နိမ့်ပုံရတယ်...ဒီအဆင့်နဲ့များ ခင်ဗျားက ကျုပ်ကို သတ်ချင်သေးတယ်ပေါ့လေ"
လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
ဘာ....
အကျဥ်းထောင်မဟာအကြီးအကဲက ထိတ်လန့်တကြားအော်ဟစ်ပြီး သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ လုယွီက သူ့နောက်သို့ရောက်နေခြင်းကို တွေ့မြင်မိသည်။
လုယွီက လက်နောက်ပစ်လျက်အနေအထားဖြင့်ရှိနေပြီး သူ၏အဖြူရောင်ဝတ်စုံပင် စွန်းထင်းနေခြင်းမရှိချေ။
လုယွီက ရုတ်တရက် သူ၏လက်ယာလက်ကိုဆန့်ထုတ်ပြီး သူ၏လက်ချောင်းတစ်ချောင်းကို မြှောက်ကာ ဓားချီပုံစံသိပ်သည်းလိုက်သည်။
"ခင်ဗျား...ဒီဓားချက်ကိုခံယူစမ်း"
လုယွီက အကျဥ်းထောင်မဟာအကြီးအကဲကို သူ၏လက်ညှိုးဖြင့် အသာအယာညွှန်ပြလိုက်သည်။
ကောင်းကင်ဘုံဧကရာဇ်မင်း၏ဥပဒေသ...မြေအောက်လောက၏ငရဲဥပဒေသ...မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဥပဒေသ...
ဤဥပဒေသသုံးခုလုံးသည် လောကကြီးတခွင်၌ ထိပ်ဆုံး၌ရပ်တည်နေသော ဥပဒေသများပင်။လုယွီ၏ဓားချီ၌ ဤဥပဒေသသုံးခုကို စုစည်း၍သိပ်သည်းထားသည်။
ဆယ်မီတာခန့်ရှည်လျားသော ဓားချီက လုယွီ၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။ထို့နောက် အောက်သို့ ကျဆင်းသွားပေ၏။
ဓားတစ်ချက် ခုတ်ပိုင်းခြင်း...
မိုးကောင်းကင်၏အရောင်ပင် ဤဓားချက်ကြောင့် ပြောင်းလဲသွားပုံရသည်။
အကျဥ်းထောက်မဟာအကြီးအကဲ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ထိုဓားချက်ကို သူ၏ပုဆိန်ဖြင့် ပိတ်ဆို့ဟန့်တားလိုက်၏။
ခရက်...ခရက်...
ဓားချီနှင့်ပုဆိန်ပုံရိပ် ထိတွေ့မိသောအချိန်တခဏတွင် အစွမ်းထက်ပြီးပြိုင်ဘက်ကင်းပုံရသော ပုဆိန်ပုံရိပ်ကြီး ချက်ချင်းပျက်ပြယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အကျဥ်းထောင်မဟာအကြီးအကဲ၏လက်ယာလက် ဓားချီကြောင့် ပြတ်တောက်သွားပြီး သွေးများယိုစီးကျလာပေ၏။
"ဒီကိုလာခဲ့...ပြေးကြမယ်"
အကျဥ်းထောင်မဟာအကြီးအကဲက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ယန်ကျင်းသည် စိတ်ဝိညာဥ်လွင့်လုမတက် ကြောက်ရွံနေပြီးဖြစ်၍ မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူက နောက်လှည့်၍ထွက်ပြေးတော့သည်။
"ပြေးချင်သေးတာလား"
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် အကျဥ်းထောင်မဟာအကြီးအကဲ၏နောက်ကို လက်သီးဖြင့်ထိုးနှက်ကာ ယန်ကျင်းနောက်သို့ လိုက်လံဖမ်းဆီးလေ၏။
"ငါ့ကိုမသတ်ပါနဲ့...ငါ့ကိုမသတ်ပါနဲ့"
ယန်ကျင်း၌ ခုခံတိုက်ခိုက်ရန်ပင် သတ္တိမရှိတော့ချေ။
သူက ရူးသွပ်နေသူကဲ့သို့ ပျာယာခတ်နေသဖြင့် ထွက်ပြေးရန်ပင်လမ်းရှာမတွေ့ပေ။သူက အကျဥ်းထောင်တောင်ထိပ်မှ ထွက်ခွါလုဆဲဆဲအချိန်တွင် သူ၏မသိစိတ်မှစေ့ဆော်မှုကြောင့် နောက်သို့လှည့်ကြည့်လိုက်မိသည်။
သူ၏နောက်၌ ဗလာဟင်းလင်းဖြစ်နေပြီး မည်သူမျှရှိမနေချေ။
"မင်း...ငါ့ကိုရှာနေတာလား"
လုယွီ၏အသံက ရုတ်တရက် သူ၏နားအတွင်း၌ မြည်ဟီးလာသည်။
ယန်ကျင်းက အသနားခံတောင်းပန်ရန် ကြံရွယ်လိုက်သော်လည်း သူ၏လည်ပင်းကို တစ်စုံတစ်ယောက်က ဆွဲညှစ်ထားသည်ကိုသာခံစားနိုင်ပြီး သူ အသံမထွက်နိုင်တော့ပေ။
"ငါ ကြည့်ပါဦးမယ်...မင်း ဘာများဖုံးကွယ်ထားလဲဆိုတာ"
လုယွီက သူ၏တခြားလက်တစ်ဖက်ကို ယန်ကျင်း၏နဖူးပေါ်သို့ ဖိတင်လိုက်၏။
Chapter 819
လုယွီက ယန်ကျင်းအားသတ်ဖြတ်ရန် ရည်ရွယ်ထားပြီးဖြစ်၍ သူက ညင်သာနေခြင်းမရှိတော့ချေ။လုယွီ၏လက်ဝါးမှနေ၍ မှော်စွမ်းအားများထွက်ပေါ်လာပြီး ပြင်ပသို့ချက်ချင်းပျံ့နှံ့သွားကာ ယန်ကျင်း၏ခေါင်းကို တမဟုတ်ချင်းလွှမ်းခြုံသွားပေ၏။
ယန်ကျင်း၏မျက်လုံးသူငယ်အိမ်များ လည်နေပြီး သူ၏အသိစိတ်ပျောက်ဆုံးသွားသည်။
"ငါ့သားကို လွှက်ပေးလိုက်စမ်း"
အကျဥ်းထောင်မဟာအကျဥ်းအကဲက ရုတ်တရက်ပျံဝဲရောက်ရှိလာပြီး လုယွီကို ရိုက်ပုတ်လိုက်သည်။
လုယွီက အကျဥ်းထောင်မဟာအကြီးအကဲကို အေးစက်စက်တစ်ချက်ကြည့်လိုက်၏။သူ၏လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မီးများတောက်လောင်နေသောယန်ကြွယ်ဓားက အကျဥ်းထောင်မဟာအကြီးအကဲထံ တိုးဝင်သွားတော့သည်။
ဝှီး...
ရုတ်ချည်းဆိုသလိုပင် အကျဥ်းထောင်မဟာအကြီးအကဲကို မီးတောက်များက ဝိုင်းရံသွားပေ၏။
"မင်းက သေသင့်တယ်"
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏လက်ကို အနည်းငယ်အားစိုက်လိုက်ရာ ယန်ကျင်း၏ခေါင်းအစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
ယန်ကျင်းထံမှသွေးများ ဒီရေအလားစီးထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်၏သက်ရောက်မှုအောက်တွင် မည်သည့်ကိစ္စကိုမျှ ဖုံးကွယ်ထား၍မရချေ။
လုယွီက အကျဥ်းထောင်မဟာအကြီးအကဲနှင့်ယန်ကျင်းတို့ပြုလုပ်ခဲ့သမျှ ကိစ္စအားလုံးကို သိရှိပြီးလေပြီ။
"ခင်ဗျားလည်း သူနဲ့အတူ သွားသေလိုက်တော့"
တစ်ချိန်တည်းမှာပင် လုယွီက သူ၏ယန်ကြွယ်ဓားဖြင့် အကျဥ်းထောင်မဟာအကြီးအကဲကို ခုတ်ပိုင်းလိုက်သည်။
ထိုဓားချီသည် အရာအားလုံးကိုဖျက်ဆီးနိုင်ပုံရသော စွမ်းအားလှိုင်းကိုသယ်ဆောင်၍ အကျဥ်းထောင်မဟာအကြီးအကဲထံသို့ တိုးဝင်လာပေ၏။
"ဖူး..."
အကျဥ်းထောင်မဟာအကြီးအကဲက ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ယန်ကြွယ်ဓား၏အရှိန်အဝါသည် သူ ခုခံတိုက်ခိုက်နိုင်မည့်အရာမျိုးမဟုတ်ချေ။သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထွက်ပေါ်လာပေ၏။
လုယွီဟူသောကောင်လေးသည် သာမာန်ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်မဟုတ်ခြင်းမှာ သေချာသည်။အကျဥ်းထောင်မဟာအကြီးအကဲသည် အကြီးအကျယ်နောင်တရနေမိ၏။အကယ်၍ သူ လုယွီဖြင့်သာ ဆက်လက်တိုက်ခိုက်ပါက သူ သေဆုံးသွားနိုင်သည်။
"ပြေးချင်သေးတာလား"
လုယွီက အေးစက်စက်ပြုံးပြီးနောက် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ သူတို့နှစ်ယောက်ကြားရှိ လေဟာနယ်ပင် တွန့်ခေါက်သွားသည်။
ဘုန်း...အကျဥ်းထောင်မဟာအကြီးအကဲသည် ထိုလက်သီးချက်ဖြင့် ထိုးနှက်ခြင်းခံလိုက်ရ၏။လုယွီ၏လက်သီးချက်သည် ဤမျှထိပြင်းထန်မည်ဟု သူ မျှော်လင့်မထားမိချေ။သူက သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို စွန့်လွှက်လိုက်ရတော့သည်။
အကျဥ်းထောင်မဟာအကြီးအကဲ၏စိတ်ဝိညာဥ်သည် ခန္ဓာကိုယ်မှထွက်ခွါပြီး အဝေးသို့ထွက်ပြေးသွားပေ၏။
သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် လုယွီ၏လက်သီးထိုးနှက်ချက်ကို ခံရပြီးနောက် သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့သည်။
သူသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ဆုံးရှုံးသွားလျှင်ပင် အသက်ရှင်သန်နိုင်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ခင်ဗျားကိုဒီနေ့ရအောင်သတ်မယ်"
လုယွီထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်းမြင့်တက်လာပြီး သူက အကျဥ်းထောင်မဟာအကြီးအကဲ ထွက်ခွါသွားရာဘက်သို့ အပြေးလိုက်သွားသည်။သူက အကျဥ်းထောင်တစ်ခုရှေ့သို့အရောက်တွင် မည်သည့်အစောင့်မျှမရှိခြင်းကို တွေ့မြင်မိ၏။
ဤနေရာကိုစောင့်ကြပ်သောတပည့်များသည် အစဥ်အမြဲလွတ်လပ်နေကြသဖြင့် သော့ပိတ်ထားသော သံတံခါးကြီးသာရှိနေသည်။
လုယွီက သံတံခါးကြီးကို ညင်သာစွာထိတွေ့လိုက်ရာတွင် မူလက အကာအကွယ်ဝင်္ကပါဖြင့် သော့ပိတ်ထားသောတံခါးကြီးသည် လွယ်လင့်တကူပွင့်သွားသည်။
ဝုန်း...
လေးလံသောသံတံခါးကြီး တဖြည်းဖြည်းပွင့်သွားချိန်တွင် ပြင်းထန်သောသွေးညှီနံများထွက်ပေါ်လာသည်။
လုယွီက အကျဥ်းထောင်အတွင်းသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း တိုးဝင်သွားချိန်တွင် စူးရှနာကျင်စွာအော်ဟစ်သံများကိုကြားမိ၏။
ဤနေရာက လင်ရှောင်းဂိုဏ်း၏အမှောင်မိုက်ဆုံးထောင့်တစ်နေရာပင်။
မြေလျှိုးမိုးပျံနိုင်စွမ်းရှိသော ကျင့်ကြံသူများပင်လျှင် ဤအကျဥ်းထောင်အတွင်း၌ ဝက်များ ခွေးများကဲ့သို့ ချုပ်နှောင်ခြင်းခံထားရသည်။
ဤသည်က အကျဥ်းထောင်တောင်ထိပ်၏ မဟာအကျဥ်းထောင်ဖြစ်သည်။
လုယွီက လမ်းတလျှောက်တွင် သံတိုင်များကာရံထားသော အကျဥ်းခန်းများ နံဘေးဝဲယာ၌ရှိနေခြင်းကို တွေ့မြင်မိသည်။
ဤအချိန်တွင် အစဥ်အမြဲမောက်မာလေ့ရှိသော ကျင့်ကြံသူများသည် ညစ်ပတ်သောအကျဥ်းခန်းများအတွင်း၌ ထိုင်နေကြပြီး သူတို့၏ခန္ဓာကိုယ်များပေါ်၌ အဆောင်လက်ဖွဲ့များဖုံးလွှမ်းနေပေ၏။ရံဖန်ရံခါ၌ သူတို့ထံမှ ညည်းညူသံများကို ကြားနေရသည်။
လုယွီသည် အကျဥ်းထောင်နံရံ၌ သွေးများစိုရွှဲနေသော လက်မောင်းပြတ်များ တွဲလောင်းဆွဲထားခြင်းကို တွေ့မြင်မိသည်။လုယွီသည် အတိတ်ဘဝတွင် မြေအောက်လောကငရဲနယ်မြေ၏အုပ်ချုပ်သူဖြစ်ခဲ့၍ လမ်းတလျှောက်လုံး သူ၏အကြည့်များက တည်ငြိမ်နေပြီး ထိတ်လန့်တကြားဖြစ်သွားခြင်းမရှိပေ။
ဤနေရာရှိ လူအများစုသည် သေခြင်းနှင့်ထိုက်တန်သူများဖြစ်သော်လည်း တချို့သူများကမူ ဤနေရာ၌ မရှိသင့်ပေ။
လုယွီက နံရံတစ်ခုထံသို့ လျှောက်လှမ်းသွားပြီး လက်သီးဖြင့်ထိုးနှက်လိုက်ရာ နံရံကြီးပြိုလဲသွားပေ၏။
ပြင်းထန်သောသွေးညှီနံက လေထုအတွင်း၌ တထောင်းထောင်းထနေသည်။
လုယွီက အခန်းအတွင်းသို့ ဝင်လိုက်၏။ညစ်ပေနေသော ခုတင်တစ်လုံးပေါ်တွင် မိန်းကလေးအများအပြားရှိနေပြီး သူမတို့၏ခြေလက်များကို ဖြတ်တောက်ခြင်းခံထားရကာ သံကြိုးကြီးများဖြင့်လည်း သူမတို့၏လည်ပင်းများကို ချည်နှောင်ခြင်းခံထားရသည်။
ဤနေရာသည် အလွန်မှောင်မိုက်ပြီး တိုးညှင်းသောညည်းညူသံသဲ့သဲ့များသာလျှင် ကြားနေရသည်။
လုယွီ အခန်းအတွင်းသို့ ဝင်လာသည်ကိုပင် ထိုမိန်းကလေးများက ခံစားမိပုံမရချေ။
သူမတို့အားလုံးသည် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများရှိသော မိန်းကလေးများဖြစ်ပေ၏။သူမတို့ကို တခြားတစ်ယောက်၏ကျင့်ကြံဆင့် တိုးမြှင့်နိုင်ရန်အတွက် လူသားဆေးပြင်းဖိုအဖြစ် အသုံးပြုထားခြင်းပင်။
ယန်ကျင်းတို့သားအဖသည် ဤနေရာ၌ သူမတို့ကို တိတ်တဆိတ် ချုပ်နှောင်ထားပြီး သူမတို့၏ခြေလက်များကိုဖြတ်တောက်ကာ မျက်လုံးနှင့်နားများကို ဖျက်ဆီးထားသဖြင့် သူမတို့သည် အဆုံးအစမရှိသော အမှောင်ထုအတွင်း၌သာ အသက်ဆက်ရှင်သန်နေရ၏။
ဤကိစ္စများသည် အကျဥ်းထောင်မဟာအကြီးအကဲက သူ့သား၏ကျင့်ကြံဆင့် မြင့်မားစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ခင်ဗျားက သေသင့်တယ်"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။
အကျဥ်းထောင်မဟာအကြီးအကဲ မည်မျှဝေးကွာသောနေရာသို့ ထွက်ပြေးနေပါစေ သေကိုသေရပေမည်။
Chapter 820
လုယွီက ရုတ်တရက်သူ၏လက်ကို ဆန့်ထုတ်လိုက်ရာတွင် အားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး ထိုမိန်းကလေးများ၏လည်ပင်းရှိ သံကြိုးကြီးများ ပြတ်တောက်သွားသည်။
ထို့နောက် လုယွီက မိန်းကလေးတစ်ယောက်ထံသွား၍ သူ၏လက်ကိုဆန့်ထုတ်ကာ သူမ၏အခြေအနေကို စစ်ဆေးလိုက်သည်။
သူမ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အခြေအနေသည် ယခုလက်ရှိအချိန်၌ လွန်စွာဆိုးရွားနေပေ၏။
ယန်ကျင်းတို့သားအဖ၏အချိန်အတော်ကြာ နှိပ်စက်ညှင်းပန်းထားမှုကြောင့် မိန်းကလေးများ၏မရီးဒါန်းများအားလုံးနီးပါး ပျက်စီးနေပြီး အရှုပ်အထွေးများဖြစ်နေသည်။သူမတို့၏ယခုလက်ရှိအခြေအနေသည် သာမာန်သေမျိုးတစ်ယောက်ခန့်ပင် ကောင်းမွန်ခြင်းမရှိပေ။
"ဟူး...."
သူမတို့က အနီး၌တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိပုံဖြင့် သူမတို့၏ခန္ဓာကိုယ်များ ရုတ်တရက် တဆတ်ဆတ်တုန်ရီလာကြသည်။သူမတို့က အတူတကွစုစည်းပြီး ကုတင်၏ထောင့်တစ်နေရာ၌ ထိတ်လန့်တုန်လှုပ်စွာ လဲလျောင်းနေပေ၏။
လုယွီက ပြောဆိုလိုက်သည်။
"ယန်ကျင်းကသေပြီ...ငါ မင်းတို့ကို ကူညီပေးမယ်"
သို့ရာတွင် မိန်းကလေးများက သူ၏စကားကိုကြားနိုင်စွမ်းမရှိချေ။လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးပြားတချို့ကိုထုတ်ယူကာ သူမတို့ကို တိုက်ကျွေးလိုက်၏။
ထိပ်တန်းအဆင့်ဆေးပြား၏အစွမ်းထက်သော ဆေးအာနိသင်သည် မိန်းကလေးများ၏ခန္ဓာကိုယ်အတွင်း ချက်ချင်းပင် လှည့်ပတ်သွားသည်။
သူမတို့၏ခန္ဓာကိုယ်ပေါ်မှဒဏ်ရါများ ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာပြီး သူမတို့ဆုံးရှုံးခဲ့ရသော အမြင်အာရုံနှင့်အကြားအာရုံများလည်း တဖြည်းဖြည်း ပြန်လည်သိပ်သည်းလာသည်။
သူမတို့က လုယွီက မြင်တွေ့ကြရ၏။
"ယန်ကျင်း သေပြီ...မင်းတို့အားလုံး ဒီကနေလွတ်မြောက်နိုင်ပြီ"
လုယွီက ပြောဆိုလေသည်။ထို့နောက် သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ ယန်ကျင်း၏အလောင်းက သူ၏နံဘေး၌ ထွက်ပေါ်လာသည်။
ထိုအလောင်းကိုမြင်သည်နှင့် မိန်းကလေးတချို့သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။သို့ရာတွင် မိန်းကလေးအများစု၏မျက်လုံးများအတွင်း၌ ဒေါသထွက်သောအရိပ်အယောင်များရှိနေသည်။
"ရှင့်ရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီသေချင်းဆိုးကောင် သေဆုံးတာကိုမြင်ရလို့ ကျွန်မတို့ နောင်တရစရာမရှိတော့ဘူး"
မိန်းကလေးအများစုသည် လက်များဆုံးရှုံးထားရသဖြင့် သူမတို့၏မျက်လုံးမှ မျက်ရည်များစီးကျနေသည့်တိုင် သုတ်နိုင်စွမ်းမရှိပေ။
ရုတ်ချည်းဆိုသလိုပင် လုယွီက မရီဒါန်းများပေါက်ကွဲသံများကို ဆက်တိုက်ဆိုသလို ကြားလိုက်ရ၏။ထိုမိန်းကလေးများသည် သူမတို့၏မှော်စွမ်းအားများ အနည်းငယ်ပြန်လည်စုစည်းမိသည်နှင့် တစ်ယောက်ပြီးတစ်ယောက် သတ်သေသွားကြတော့သည်။
လုယွီက သူမတို့ကို အသက်ရှင်ရန်အခွင့်အရေးတစ်ခုပေးခဲ့သော်လည်း သူမတို့ကအသက်ရှင်သန်ရန်ဆန္ဒမရှိတော့ဘဲ သူမတို့ကိုယ်သူမတို့သတ်သေရန်သာ ရွေးချယ်လိုက်ကြ၏။
လုယွီက သူမတို့၏ရွေးချယ်မှုကို လေးစားသဖြင့် ဟန့်တားခြင်းမပြုချေ။သူက အခန်းပြင်ပသို့ ထွက်ခဲ့တော့၏။
တခြားတစ်ဖက်ရှိ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ဆုံးရှုံးထားသော အကျဥ်းထောင်မဟာအကြီးအကဲသည် ရူးသွပ်လုမခမ်းထွက်ပြေးနေသည်။သူသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။သူ၏စိတ်ဝိညာဥ်သက်သက်ဖြင့်ပင် တစ်ရက်အတွင်း မိုင်ထောင်ပေါင်းများစွာ ခရီးသွားလာနိုင်သည်။
"သောက်ချေးပဲ...ဘာလို့ အဲ့ဒီကောင်က ဒီလေါက်ထိအားကောင်းနေရတာလဲ"
လုယွီအကြောင်းကို တွေးတောမိချိန်တွင် အကျဥ်းထောင်မဟာအကြီးအကဲသည် သူ၏စိတ်နှလုံးသားမှချမ်းစိမ့်စိမ့်ဖြစ်လာသကဲ့သို့ ခံစားမိသည်။
"ကျင်းအာသေသွားတာ ပြဿနာမရှိဘူး...ငါ အခု လုမိသားစုဆီသွားမှဖြစ်မယ်...သူတို့က ငါ့ကိုလက်ခံမှာသေချာတယ်...အချိန်ကျလာရင် ငါ့ကိုပြုစုခစားမယ့် အမျိုးသမီးကျင့်ကြံသူတွေရလာမှာပဲ"
ထိုအကြောင်းကိုတွေးတောမိသည်နှင့် အကျဥ်းထောင်မဟာအကြီးအကဲသည် သူ နောက်ဆုံးဆွဲထားသင့်သည့် ကောက်ရိုးတမျှင်ကို တွေ့ရှိသွားသည်။
သူ၏ကျင့်ကြံနည်းစနစ်သည် လုမိသားစု၏လူသားဆေးပြင်းဖိုနည်းစနစ်ဖြစ်ပေ၏။မည်သို့ပင်ဆိုစေကာမူ လုမိသားစုသည် အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးအင်အားစုတစ်ခု ဖြစ်နေဆဲပင်။အကယ်၍ သူ လွတ်မြောက်နိုင်ပါက လုယွီသည် သူ့အား မည်သို့မျှရန်ရှာဝံ့တော့မည်မဟုတ်ချေ။
"ထူးဆန်းလိုက်တာ...ငါ ဘာလို့ ခုထိလင်ရှောင်းဂိုဏ်းထဲကနေ ထွက်လို့မရသေးတာလဲ"
ရုတ်တရက် အကျဥ်းထောင်မဟာအကြီးအကဲက တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ခံစားမိသည်။
သူသည် လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံး၏ပတ်ဝန်းကျင်အနေအထားကို အလွန်အမင်းရင်းနှီးကျွမ်းဝင်ပေ၏။သူ၏အရှိန်နှုန်းဖြင့်ဆိုလျှင် လင်ရှောင်းဂိုဏ်းအတွင်းမှ ထွက်ခွါပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်ပေပြီ။မည်သည်ကြောင့် သူက အကျဥ်းထောင်တောင်ထိပ်၏နံဘေးပတ်ဝန်းကျင်၌သာ တဝဲလည်လည်ဖြစ်နေရသနည်း။
"ယန်ဖုန်းရှန့်...မင်း ဘယ်ကိုသွားမလို့လဲ"
ခပ်ဖျော့ဖျော့အသံတစ်သံ ထွက်ပေါ်လာပေ၏။
အကျဥ်းထောင်မဟာအကြီးအကဲက ထိုအသံကိုကြားချိန်တွင် တိမ်တိုက်များထံသို့မော့ကြည့်ပြီး အော်ငေါက်လိုက်သည်။
"လင်ရှောင်းကျီ....မင်းက ငါ့ကိုဟန့်တားဝံ့တာလား"
တိမ်စိုင်များကြားမှ လင်ရှောင်းဂိုဏ်းခေါင်းဆောင် ထွက်ပေါ်လာသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က အကျဥ်းထောင်မဟာအကြီးအကဲကို စူးစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုလေ၏။
"ငါက သာမာန်ကာလျှံကာ လုပ်လိုက်တာပါ...မင်းကိုသတ်မှာက တခြားတစ်ယောက်လေ"
အကျဥ်းထောင်မဟာအကြီးအကဲက နောက်သို့ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။
လုယွီသည် အကျဥ်းထောင်မဟာအကြီးအကဲ၏နောက်၌ ရောက်ရှိနေပြီး သူ၏မျက်နှာသည် ဆီးနှင်းတမျှအေးစက်နေပေ၏။
"ခင်ဗျား ဘယ်ကိုမှထွက်သွားဖို့ မစဥ်းစားနဲ့...ဒီနေ့ ခင်ဗျားရဲ့အသက်ကို ဒီနေရာမှာထားခဲ့ရမယ်"