← Chapters

အခန်း (၈၂၁-၈၂၅)

Vol. 44 Ch. 821-825

အခန်း (၈၂၁-၈၂၅)

Vol. 44 Ch. 821-825

Chapter 821

အကျဥ်းထောင်မဟာအကြီးအကဲသည် သူ၏ခေါင်းကိုနောက်သို့လှည့်ကြည့်လိုက်ရာ သူ့အား သရော်တော်တော်အပြုံးနှင့်ကြည့်နေသော လုယွီကို တွေ့မြင်မိသည်။လုယွီကိုကြည့်ပြီး သူ၏ဝိညာဥ်လွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေမိ၏။

"လုယွီ...ဒီနေရာက လင်ရှောင်းဂိုဏ်းနော်...ဂိုဏ်းစည်းမျဥ်းအရဆိုရင် မင်းက ဂိုဏ်းဝင်အချင်းချင်းထိခိုက်နာကျင်အောင်လုပ်တဲ့ ပြစ်မှုကြီးကို ကျူးလွန်ထားတဲ့သူပဲ"

အကျဥ်းထောင်မဟာအကြီးအကဲက အော်ဟစ်ကြုံးဝါးလိုက်သည်။

လင်ရှောင်းဂိုဏ်းအတွင်း၌ စည်းမျဥ်းအမြောက်အများ ချမှတ်ထားသည်။ဤစည်းမျဥ်းများသည် တပည့်များ၏အပြုအမူများကို ကန့်သတ်ထားသည့်အပြင် ဂိုဏ်းခေါင်းဆောင်ပင်လျှင် လွန်ဆန်၍မရချေ။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုလေသည်။

"တောင်းပန်ပါတယ်...ငါ ခုပဲ မင်းကို လင်ရှောင်းဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီ"

သူက ရုတ်တရက် အကျဥ်းထောင်မဟာအကြီးအကဲကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။

"သူ့ကို မောင်းထုတ်လိုက်တော့"

ခရက်...

ကြွပ်ဆတ်ဆတ်အသံတစ်သံထွက်ပေါ်လာပြီးနောက် အကျဥ်းထောင်မဟာအကြီးအကဲ၏နံဘေးပတ်လည်၌ တစ်ချိန်လုံးရှိနေသော အဖြူရောင်တိမ်တိုက်များ လွင့်ပြယ်သွားတော့သည်။သူက အကျဥ်းထောင်မဟာအကြီးအကဲဟူသော အဆင့်အတန်းကို ဆုံးရှုံးလိုက်ရသည့်အပြင် လင်ရှောင်းဂိုဏ်းမှလည်း ထုတ်ပယ်ခြင်းခံလိုက်ရလေပြီ။

မူလက အကျဥ်းထောင်မဟာအကြီးအကဲကို ကာကွယ်ထောက်ပံပေးထားသော လင်ရှောင်းဂိုဏ်း၏မှော်မန္တန် ပျက်ပြယ်သွားပေ၏။

"ငါ့ကိုသတ်ဖို့ တွေးတောင်မတွေးကြနဲ့"

အကျဥ်းထောင်မဟာအကြီးအကဲက အလွန်အမင်း စိတ်ဓာတ်ကျနေသည်။သူက ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်ပြီး သွေးယဇ်ပူဇော်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်ရာ သူ့စိတ်ဝိညာဥ်၏စွမ်းအားများ ချက်ချင်းဆိုသလို တိုးပွါးလာပြီး နေရာမှပျောက်ကွယ်သွားပေ၏။

သို့ရာတွင် လုယွီက ပို၍လျှင်မြန်နေသည်။အကျဥ်းထောင်မဟာအကြီးအကဲ လှုပ်ရှားလိုက်သည်နှင့် လုယွီက သူ့ရှေ့၌ဟန့်တားထားပြီး သူ၏စိတ်ဝိညာဥ်ကို စုပ်ယူလိုက်တော့သည်။

အကျဥ်းထောင်မဟာအကြီးအကဲ၏စိတ်ဝိညာဥ်သည် လုယွီ၏ဝါးမြိုခြင်းခံလိုက်ရပြီး နတ်ဘုရားစမ်းအိုင်အတွင်းသို့ ကျရောက်သွားသည်။

သူ ကျရောက်သွားသောအချိန်တခဏတွင် အားလှိုင်းတစ်ရပ်က သူ့အားချိတ်ပိတ်ခြင်းကို ခံလိုက်ရသည်။

"ဒီကြယ်နယ်မြေမှာ ပြန်လည်ဝင်စားခြင်းစက်ဝန်းက ပြိုလဲနေတော့...ခင်ဗျားအတွက် သေခြင်းက အရမ်းသက်သာလွန်းတယ်"

လုယွီက ခနဲ့တဲ့တဲ့ပြောဆိုပြီး အကျဥ်းထောင်မဟာအကြီးအကဲ၏စိတ်ဝိညာဥ်ကို ချိတ်ပိတ်လိုက်၏။

အကျဥ်းထောင်မဟာအကြီးအကဲသည် တပါးသူအား ညှင်းပန်းနှိပ်စက်ရခြင်းကို ကြိုက်နှစ်သက်သူဖြစ်သည်။ထို့ကြောင့် လုယွီသည် သူ၏စိတ်ဝိညာဥ်ကိုချိတ်ပိတ်ကာ နှိပ်စက်ညှင်းပန်းမှု၏အရသာကို ခံစားခိုင်းရပေမည်။

ဤကြယ်နယ်မြေ၌ မြေအောက်လောကငရဲနယ်မြေမရှိသဖြင့် လုယွီက ​မြေအောက်လောကအုပ်ချုပ်သူတစ်ယောက်၏တာဝန်ကို ကောင်းစွာဆောင်ရွက်ရပေမည်။

မြောက်များစွာသောဆူးချွန်များက အကျဥ်းထောင်မဟာအကြီးအကဲ၏ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။အချိန်တိုင်းလိုလို သူ့စိတ်ဝိညာဥ်၏စွမ်းအားများကို ဆူးချွန်များက စုပ်ယူသွားရာ စူးရှနာကျင်စွာ အော်ဟစ်နေရ၏။

သို့ရာတွင် သူ၏အော်သံကို မည်သူမျှမကြားနိုင်ချေ။

အကျဥ်းထောင်မဟာအကြီးအကဲကိုချိတ်ပိတ်ပြီးနောက် လုယွီက သူ၏အရှိန်အဝါကိုပြန်လည်ရုတ်သိမ်းပြီး လင်ရှောင်းဂိုဏ်းခေါင်းဆောင်ဘက်သို့လှည့်ကာ အရိုအသေပြုလိုက်၏။

"ကျွန်တော်ကို ကူညီခဲ့တဲ့အတွက် ဂိုဏ်းခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ခေါင်းခါယမ်းပြလေသည်။

"ဒါက တိုက်ဆိုင်သွားတာသက်သက်ပါ...ယန်ဖုန်းရှန့်က လင်ရှောင်းဂိုဏ်းထဲမှာ ထင်ရာစိုင်းနေတာ နှစ်တွေအများကြီးကြာခဲ့ပြီ...ငါက သူ့ကို အမြစ်ပြတ်သုတ်သင်ဖို့ တွေးထားပြီးသား'

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က လုယွီကို ရုတ်တရက် စူးစိုက်၍ကြည့်လိုက်သည်။

"ရေခဲလှိုဏ်ဂူမှာတုန်းက ငါ အာရုံနည်းနည်းစိုက်မိပေမယ့် မင်းလိုကျောက်စိမ်းတုံးလေးကို မမြင်ခဲ့မိဘူး....ငါ့ရဲ့လင်ရှောင်းဂိုဏ်းက အားကောင်းပေမယ့် လူငယ်ပါရမီရှင်တွေကို လေ့ကျင့်ပေးရာမှာ အားနည်းနေတယ်...မင်း စိတ်ထဲမထားဖို့ ငါ မျှော်လင့်တယ်"

လုယွီက အံ့အားသင့်နေပေ၏။လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သူ့ကိုတောင်းပန်မည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီက တည်ငြိမ်စွာပြောဆိုလေသည်။

"ဂိုဏ်းခေါင်းဆောင်က ကျွန်တော်ကို ကြင်နာလွန်းနေပြီ...တကယ်လို့ ရေခဲလှိုဏ်ဂူမှာ ဂိုဏ်းခေါင်းဆောင်နဲ့အကြီးအကဲတွေထောက်ပံတဲ့ စိတ်ဝိညာဥ်စွမ်းအားကြောင့်သာမဟုတ်ရင် ကျွန်တော် ဥာဏ်အလင်းပွင့်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မှာမဟုတ်ဘူး...ဂိုဏ်းခေါင်းဆောင်ရဲ့ကြီးမားတဲ့ကြင်နာမှုကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်၏။

"ငါတို့လုပ်ခဲ့တဲ့အရာအားလုံးက မင်းရဲ့အောင်မြင်မှုနဲ့ဆိုရင် ရေပုံးထဲက ရေတစ်စက်စာပဲရှိတာ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူတော်စင်တစ်ယောက်ရဲ့တပည့်ဖြစ်နေပြီလေ...တကယ်လို့ ငါ မင်းကို ကျင့်ကြံခြင်းနည်းစနစ်တချို့ပေးမယ်ဆိုရင်လည်း မင်းအတွက်အသုံးဝင်မှာမဟုတ်ဘူး...ငါဆီမှာ ငါကိုယ်တိုင်ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့တစ်ခုရှိတယ်...အဲ့ဒီအထဲမှာ ငါ့ရဲ့မှော်စွမ်းအားတချို့ကိုချိတ်ပိတ်ထားတယ်...တကယ်လို့ မင်း အသက်အန္တရာယ်နဲ့ရင်ဆိုင်တွေ့မယ်ဆိုရင် အဲ့ဒီအဆောင်လက်ဖွဲ့ကိုဆင့်ခေါ်ပြီး ကာကွယ်နိုင်လိမ့်မယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ခရမ်းရောင်အဆောင်လက်ဖွဲ့တစ်ခုကို လုယွီထံ လက်ဆင့်ကမ်းပေးလေသည်။

လုယွီက ထိုအဆောင်လက်ဖွဲ့ကို အလေးအနက်ထား၍ ယူဆောင်လိုက်၏။ဤကဲ့သို့အဆောင်လက်ဖွဲ့မျိုးတွင် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏စွမ်းအားပါဝင်နေပေရာ အလွန်တန်ဖိုးရှိပေသည်။

ထို့ပြင် ဤသည်က ယခုလက်ရှိလုယွီ၏အခြေအနေဖြင့် လျှို့ဝှက်လူသတ်လက်နက်အဖြစ်လည်း အသုံးပြုနိုင်သည်။သူက ရန်သူနှင့်တိုက်ခိုက်ရာတွင် တိတ်တဆိတ်အသုံးပြုပါက ရန်သူသည် သတိလက်လွတ်ဖြစ်သွားနိုင်ပေ၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်"

လုယွီက အရိုအသေပြုရင်း ပြောဆိုလိုက်၏။

Chapter 822

မိုးကောင်းကင်နဂါးတိုင်းပြည်၏မြို့တော်တစ်နေရာ...

ဤနေရာသည် လင်ရှောင်းဂိုဏ်း၏မြောက်ဘက် မိုင်တစ်ထောင်ကျော်ကွာဝေးသောနေရာတွင်ရှိသည်။မိုးကောင်းကင်နဂါးမြို့တော်သည် ကုန်းပြင်မြင့်တစ်ခုတွင်တည်ရှိပြီး မူပေါင်းတစ်သိန်းခန့်ကျယ်ဝန်းသည်။မြို့တော်၏မြို့ရိုးများသည် မြင့်မားပြီး ခမ်းနားထည်ဝါလှ၏။

(1Mu=675 square meters)

မိုးကောင်းကင်နဂါးတိုင်းပြည်စတင်တည်ထောင်စဥ်ကပင် မြို့တော်၏မြို့ရိုးများကို အခိုင်အမာအုတ်မြစ်ချ၍ တည်ဆောက်ခဲ့သည်။

မြို့တော်၏မြေအောက်တွင် ကြီးမားသောနဂါးသွေးကြောကိုးခုရှိပြီး မြို့တော်ကို တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်စေရန် ထောက်ပံပေးနေသည်။

လုယွီက မြို့တော်အတွင်းမှလမ်းတစ်လမ်းရှိ ဝိုင်အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် မတ်တတ်ရပ်နေပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်အပိုင်းအစ အော်ရာကို အဆက်မပြတ် အာရုံခံနေသည်။

အကြီးအကဲရှင်း၏အဆိုအရ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို မိုးကောင်းကင်နဂါးဧကရာဇ်မှ ယူဆောင်ထားခြင်းဖြစ်သည်။

သို့ရာတွင် သူ မိုးကောင်းကင်နဂါးတိုင်းပြည်၏မြို့တော်သို့ ရောက်နေသည့်တိုင် သူမ၏စိတ်ဝိညာဥ်ကို အာရုံခံ၍မရချေ။

"ဘယ်နေရာမှာ ရှိနေပါလိမ့်"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ ရေရွတ်နေမိသည်။သူက ဝိုင်တစ်အိုးကိုမှာယူပြီး ရှုခင်းများကိုမြင်နိုင်သော ပြတင်းပေါက်နံဘေးရှိစားပွဲ၌ ထိုင်လိုက်သည်။

ထိုအချိန်မှာပင် လမ်းမကြီးပေါ်၌ တံပိုးခရာမှုတ်သံများ ရုတ်တရက်ထွက်ပေါ်လာပေ၏။

"စစ်တပ်ကြီး ပြန်လာပြီ"

"ဘယ်သူတွေလဲ...ငါ နတ်ဘုရားစိတ်အာရုံကိုအသုံးပြုပြီး ကြည့်လိုက်အုံးမယ်"

မိုးကောင်းကင်နဂါးတိုင်းပြည်သည် ကျင့်ကြံခြင်းနိုင်ငံဖြစ်သည့်အလျောက် လူတိုင်းနီးပါးက ကျင့်ကြံသူများဖြစ်သည်။

လူကြီးတစ်ယောက်က သူ့မျက်ခုံးနှစ်ဖက်ကြားအလယ်ဗဟိုတည့်တည့်ကို သူ၏လက်ညှိုးဖြင့် တို့ထိလိုက်၏။အချိန်တခဏအကြာတွင် သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

"နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး စစ်တပ်ကို စူးစမ်းရဲတယ်...တော်တော်အဆင်အခြင်မဲ့တဲ့ကောင်ပဲ"

တခြားသူများက သရော်တော်တော်ပြောဆိုပြီး ထိုသူကို လျစ်လျှူရှုထားပေ၏။

လုယွီက ပြတင်းပေါက်မှနေ၍ကြည့်လိုက်ရာ သံချပ်ကာဝတ်စစ်သားများ လမ်းမပေါ်၌လျှောက်လှမ်းနေခြင်းကို တွေ့မြင်မိသည်။

ထိုစစ်သားများသည် တောင့်တင်းသန်မာသောခန္ဓာကိုယ်ရှိရုံသာမက သူတို့ထံမှစိတ်ဝိညာဥ်စွမ်းအင်များနှင့်ခြိမ်းခြောက်နိုင်စွမ်းရှိသောအရှိန်အဝါများလည်း ထွက်ပေါ်နေသည်။

စစ်သားများအားလုံးသည် ကျင့်ကြံသူများဖြစ်ပေ၏။ကျင့်ကြံသူစစ်တပ်ကြီး လမ်းမကြီးကိုတဖြည်းဖြည်း ဖြတ်သန်းသွားချိန်တွင် အလံများက လေထုအတွင်း၌ လူးလွန့်နေပြီး စစ်ဗိုလ်ချုပ်တချို့၏မျက်နှာပေါ်တွင်လည်း ဂုဏ်ယူဝင့်ကြွားဟန်များ အပြည့်ရှိနေသည်။

"ဒါက ချင်ကျန်းအမတ်ကြီးရဲ့စစ်တပ်ပဲ...ကြည့်ကြစမ်း...သူတို့က ထပ်ပြီး တိုက်ပွဲကိုအနိုင်ရလာပြန်ပြီ"

"ကျွတ် ကျွတ်...ချင်ကျန်းအမတ်ကြီးက တတိယမင်းသားရဲ့လက်အောက်ငယ်သားလေ...သူက အခု အောင်ပွဲကို ရယူလာပြန်တော့...တတိယမင်းသားရဲ့ဂုဏ်သိက္ခာက ပိုပြီးမြင့်တက်သွားပြန်ပြီ"

"ငါ့ရဲ့အမြင်အရတော့ နန်းမွေလုပွဲမှာ အောင်မြင်ဖို့အလားအလာအရှိဆုံးက ဒုတိယမင်းသားနဲ့တတိယမင်းသားပဲ....တခြားမင်းသားတွေက အရည်အချင်းရှိပေမယ့် သူတို့နှစ်ယောက်ကိုမီဖို့ အဝေးကြီးလိုသေးတယ်"

ပတ်ဝန်းကျင်ရှိလူများက စတင်ပြီး တီးတိုးပြောဆိုနေကြ၏။

လုယွီက ထိုစကားသံများကို ကြားမိချိန်တွင် နန်းမွေလုမည့်ကိစ္စက သူ့အားဆွဲဆောင်နိုင်သွားသည်။ပြန်တွေးကြည့်လျှင် သူ မိုးကောင်းကင်နဂါးမြို့တော်ကို ရောက်စဥ်က ဧကရာဇ်နန်းတော်ကိုဖောက်ထွင်းဝင်ရန်ကြိုးပမ်းရာ အစောင့်အကြပ်အလွန်ထူပြောသည်ကို တွေ့ရှိမိ၏။အကယ်၍ သူ နန်းတော်အတွင်းသို့ အတင်းအကျပ်ဖောက်ထွင်းဝင်ရောက်ပါက ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကိုရှာဖွေနိုင်ရန်မလွယ်ကူချေ။

မည်သည်ကြောင့် သူ နန်းတော်အတွင်းသို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်၍မရရမည်နည်း။

မည်သို့ပင်ဆိုစေကာမူ မိုးကောင်းကင်နဂါးဧကရာဇ်သည် လေလွင့်အင်မော်တယ်အဆင့်ထိပ်သီးကျင့်ကြံသူဖြစ်သည်။လုယွီက ဤနေရာသို့လာရခြင်းမှာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ပြန်လည်ရယူရန်သာဖြစ်ပြီး ပြဿနာရှာလိုစိတ်မရှိချေ။

လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် စကားပြောဆိုနေကြသောလူများရှိရာ စားပွဲထံသို့ သွားလိုက်သည်။

"မိတ်ဆွေတို့...ငါက ဒီနယ်မြေရဲ့ပြင်ပကလာတဲ့ ကျင့်ကြံသူတစ်ယောက်ပါ...ခုဏက စစ်တပ်ကြီးဖြတ်သွားတာကို ငါ တွေ့မိတယ်...မင်းတို့ပြောနေတဲ့ နန်းမွေလုတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ငါ သိခွင့်ရှိမလား"

လုယွီက မေးမြန်းလိုက်၏။

ကျင့်ကြံသူတချို့က သူ့ကို အံ့အားသင့်စွာကြည့်နေကြသဖြင့် လုယွီက ရယ်မောပြီး ဆက်လက်ပြောဆိုလေသည်။

"ငါက သိချင်ရုံပါ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီနေရာမှာ ရေစက်ရှိလို့ဆုံတွေ့ရမှတော့ မင်းတို့စားပွဲရဲ့ကျသင့်ငွေကို ငါ ရှင်းပေးပါရစေ"

စားပွဲပေါ်ရှိဟင်းပွဲများသည် စိတ်ဝိညာဥ်စွမ်းအားပေါကြွယ်ဝစွာပါဝင်နေသဖြင့် စိတ်ဝိညာဥ်ကျောက်တုံးများစွာကျသင့်သည်။

လုယွီ၏စကားကိုကြားသော ကျင့်ကြံသူများက ပျော်ရွှင်သွားပုံဖြင့် အပြုံးနှင့်ပြောဆိုလိုက်၏။

"ငွေကြေးအကြောင်း မပြောစမ်းပါနဲ့...ညီအကို..မင်းက လူမှန်ရွေးပြီးမေးတက်သားပဲ...ငါတို့က စတင်ကျင့်ကြံချိန်ကတည်းက ဒီမြို့တော်မှာပဲနေခဲ့တာ...မြို့တော်မှာ ငါတို့မသိတဲ့ကိစ္စမရှိဘူး"

Chapter 823

"မင်းက တခြားအရပ်က လာတဲ့သူဆိုပေမယ့် ငါတို့တိုင်းပြည်ရဲ့ဧကရာဇ်မင်း အရမ်းအစွမ်းထက်တယ်ဆိုတာကိုတော့ မင်း သိတယ်မလား"

ကျင့်ကြံသူတစ်ယောက်က ရယ်မောရင်း ပြောဆိုလေသည်။

လုယွီက ခေါင်းညိမ့်ပြလိုက်၏။

"ဧကရာဇ်မင်းအကြောင်းတော့ ငါ ကြားဖူးတယ်"

ထိုသူက နံဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ခပ်တိုးတိုးလေသံဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ရဲ့ဧကရာဇ်မင်းက အစွမ်းထက်ပေမယ့် သူက နန်းတော်ထဲမှာမရှိတာ အချိန်အတော်ကြာနေပြီ...သူ့အကြောင်းသတင်းအချက်အလက်တွေအားလုံးကို နန်းတော်က တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်...ပြောနေကြတာကတော့ အတွင်းဆောင်က မိန်းမစိုးတွေတောင် ဧကရာဇ်မင်းကိုမတွေ့တာ အချိန်အတော်ကြာနေပြီဆိုပဲ"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"ဧကရာဇ်မင်းက ပျောက်ဆုံးနေတာလား"

ဤကိစ္စသာအမှန်ဆိုပါက သူ အခက်တွေ့နိုင်သည်။မည်သို့ပင်ဆိုစေကာမူ ကျီးချန်ယွီ၏စိတ်ဝိညာဥ်သည် မိုးကောင်းကင်နဂါးဧကရာဇ်ထံ၌ရှိနေသည်။အကယ်၍ ဧကရာဇ်မင်းသာ မြို့တော်၌မရှိပါက ကျယ်ပြန့်သောလောကကြီးတခွင်၌ လူတစ်ယောက်ကိုရှာဖွေရန်မှာ လွန်စွာခက်ခဲပေမည်။

ကျင့်ကြံသူက အလျှင်အမြန် သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

"မဟုတ်ဘူး....ဧကရာဇ်မင်းက ပျောက်ဆုံးမနေဘူး...သူက နန်းတော်ထဲမှာပဲရှိတယ်...ကောလဟာလတွေအရတော့ ဧကရာဇ်မင်းက အင်မော်တယ်နယ်ပယ်ကိုချိူးဖျက်ဝင်ရောက်နိုင်ဖို့ တံခါးပိတ်ကျင့်ကြံနေပြီး ကောင်းကင်ဘုံနယ်မြေကိုသွားဖို့ပြင်ဆင်နေတာလို့ ဆိုကြတယ်"

"ငါ ကြားထားတာတော့ ဧကရာဇ်မင်းက ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ဖို့ ကြံရွယ်နေတာ အောင်မြင်မှုရနေပြီတဲ့...ဒါကြောင့်မို့ သူ့ရဲ့အာဏာကိုစွန့်လွှက်ဖို့ မင်းသားတွေကို စုစည်းခိုင်းတယ်...သူက အမိန့်တော်တစ်ခုထုတ်ပြီး မင်းသားတွေကို နောက်ဆယ်ရက်အကြာမှာ ပြိုင်ပွဲတစ်ခုယှဥ်ပြိုင်ခိုင်းထားတယ်...အဲ့ဒီပွဲမှာ အနိုင်ရသူက အိမ်ရှေ့စံမင်းသားဖြစ်လာလိမ့်မယ်"

သူက ရုတ်တရက် ရယ်မောပြီး ဆက်လက်ပြောဆိုလေသည်။

"ဒါ့ပြင် ပြောနေကြတာက အိမ်ရှေ့စံမင်းသားဖြစ်လာတဲ့ ဘယ်မင်းသားမဆို အရှေ့နန်းဆောင်ကို ပြောင်းရွှေ့နေဖို့မလိုအပ်ဘဲ...နန်းတော်ကိုတိုက်ရိုက်အုပ်ချုပ်နိုင်တယ်တဲ့....အိမ်ရှေ့စံမင်းသားက ဧကရာဇ်မင်းရဲ့အခွင့်အာဏာကိုလည်း ချက်ချင်းလွှဲပြောင်းယူနိုင်မယ်လို့လည်း ဆိုကြတယ်...ဒါကြောင့်မို့ မင်းသားတွေအားလုံးက နောက်ဆယ်ရက်အကြာမှာကျင်းပမယ့် ယှဥ်ပြိုင်ပွဲအတွက် ရေကုန်ရေခမ်းကြိုးစားပြီး ပြင်ဆင်နေကြတယ်"

နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်မည်လော။လုယွီ၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားသော်လည်း သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"သူတို့က ဘယ်လိုမျိုးယှဥ်ပြိုင်ကြမှာလဲ"

"အရည်အချင်းနဲ့ပဲ"

ကျင့်ကြံသူက တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။

"မင်းသားတစ်ယောက်ဆီက လူဆယ်ယောက်ကိုရွေးချယ်ပြီးတော့ ယှဥ်ပြိုင်တိုက်ခိုက်ရမယ်...နောက်ဆုံးအနိုင်ရသူရဲ့နောက်ကွယ်မှာရှိတဲ့ မင်းသားက အောင်မြင်သူပဲ....ဒါက ဧကရာဇ်မင်းကိုယ်တိုင် အမိန့်ချမှတ်ထားတာ...ဧကရာဇ်မင်းက လက်ထပ်ပွဲနဲ့ချည်နှောင်တာတွေကို သဘောမကျဘူး...သူက အရည်အချင်းရှိတဲ့လူတွေနဲ့ သူ့အပေါ်သစ္စာစောင့်သိမယ့်လူကိုပဲ ရွေးချယ်လေ့ရှိတယ်"

"အခုချိန်မှာ မင်းသားတွေအတွက် တိုက်ခိုက်ပေးချင်တဲ့ ကျင့်ကြံသူတွေက အများကြီးရှိနေတယ်...သူတို့ကူညီတဲ့မင်းသားကသာ အောင်နိုင်သွားလို့ရှိရင် သူတို့ရမယ့်အကျိုးအမြတ်ကလည်း နည်းမှာမဟုတ်ဘူးလေ....တကယ်လို့ သူတို့က ယှဥ်ပြိုင်ပွဲမှာပါဝင်ခွင့်မရရင်တောင် သူတို့သွားရှာတဲ့မင်းသားသာ အိမ်ရှေ့စံမင်းသားဖြစ်သွားရင် သူတို့ရဲ့အဆင့်အတန်းကလည်း အနည်းနဲ့အများ မြင့်မားသွားနိုင်တယ်"

အချိန်အတန်ကြာ စကားပြောဆိုပြီးနောက် လုယွီက ထိုလူစုအား နှုတ်ဆက်လိုက်၏။ဝိုင်အရက်ဆိုင်မှ ထွက်ခွါလာပြီးနောက် လုယွီက အနည်းငယ်တွေးတောပြီး နန်းတော်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

နန်းတော်၏အရှေ့ဘက်၌ တော်ဝင်မျိုးနွယ်အများစုနေထိုင်ရာ လမ်းတစ်လမ်းရှိသည်။လုယွီက လမ်းကြောင်းကို မေးမြန်းစုံစမ်းပြီးနောက် ခြံဝန်းကျယ်ကြီးတစ်ခု၏တံခါးမကြီးရှေ့သို့ ရောက်ရှိလာသည်။

အနီရောင်တံခါးမကြီးကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး အစောင့်များကလည်း ထူထပ်စွာစောင့်ကြပ်နေပေ၏။တံခါးမကြီး၏ထိပ်ရှိ ကမ္ပည်းပြားတွင် "ဝူလီအမတ်ကြီး အိမ်တော်"ဟု စာလုံးကြီးများဖြင့် ရေးထွင်းထားသည်။

"ရပ်လိုက်စမ်း...ဒီနေရာက ဝူလီအိမ်တော်ဆိုတာ မသိဘူးလား"

အစောင့်စစ်သားတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ပြီး လုယွီကို ဟန့်တားလိုက်၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

"ငါက အမတ်ကြီးကိုတွေ့ဖို့ လာခဲ့တာ"

အစောင့်စစ်သားက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အံ့အားသင့်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ရဲ့အမတ်ကြီးက ခုချိန်မှာတံခါးပိတ်ကျင့်ကြံနေတယ်...ဘယ်ဧည့်သည်ကိုမှ လက်မခံဘူး"

တခြားအစောင့်စစ်သားများကလည်း ဇဝေဇဝါဖြစ်နေကြသည်။သူတို့မိသားစု၏အမတ်ကြီးသည် လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ခဲ့ရသဖြင့် တံခါးပိတ်ကျင့်ကြံနေရသည်။

ကောလဟာလများအရ အမတ်ကြီးကို စစ်တပ်မှတခြားသူများက တိုက်ခိုက်ခဲ့သည်ဟု ဆိုကြ၏။ယခုလက်ရှိအချိန်၌ ဝူလီအမတ်ကြီးသည် အိမ်တော်၌သာ တံခါးပိတ်ကျင့်ကြံနေပြီး မည်သည့်ဧည့်သည်ကိုမျှ လက်ခံတွေ့ဆုံခြင်းမရှိချေ။ပြင်ပလူစိမ်းများကမူ သူတို့၏ဂုဏ်သိက္ခာကြီးမြတ်သောအမတ်ကြီးကို တွေ့ဆုံပြီးဂါရဝပြုရန် အဆက်မပြတ် လာရောက်နေကြသည်။

လုယွီက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

"မင်းတို့က အမတ်ကြီးကို စကားတစ်ခွန်းပဲပြောပေးပါ...အရင်ရက်က သူ့ရဲ့တပ်ကိုပြန်ဆုတ်စေတဲ့လူ ရောက်လာတယ်လို့"

ဘာ....

အစောင့်စစ်သားများသည် အမတ်ကြီး၏နောက်သို့ လိုက်ပါသွားခဲ့ခြင်းမရှိသော်လည်း ယခင်ရက်များက အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်၏တားဆီးမှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရသည်ကိုမူ ကြားသိပြီးလေပြီ။

သူတို့က လုယွီကို ထပ်မံ၍ကြည့်လိုက်ရာ ကောလယာလများရှိ အဖြူရောင်ဝတ်စုံဝတ်လူငယ်နှင့် ကွာခြားခြင်းမရှိသည်ကို သတိပြုမိသွားပေ၏။

"မင်း ခဏစောင့်...ငါ အမတ်ကြီးဆီသွားပြီး သတင်းပို့လိုက်မယ်"

အစောင့်စစ်သားတစ်ယောက်က အိမ်တော်အတွင်းသို့ အလျှင်စလို ပြေးဝင်သွားသည်။

Chapter 824

တခြားအစောင့်စစ်သားများကလည်း စိတ်လှုပ်ရှားစွာဖြင့် လုယွီအား ကြည့်နေကြသည်။သူတို့ရှေ့မှလူငယ်သည် စစ်သင်္ဘောတစ်စီးကိုပင် လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖျက်ဆီးခဲ့သည်ဟု ဆိုကြ၏။အကယ်၍သာ ထိုလူငယ် သူတို့အားသတ်ဖြတ်လိုပါက မျက်တောင်တစ်ခတ်စာအချိန်ပင် ကြာမည်မဟုတ်ချေ။

အချိန်တခဏအကြာတွင် တံခါးမကြီးသည် ပြင်းထန်သောအားလှိုင်းတစ်ရပ်ကြောင့် ပွင့်ထွက်သွားပြီး အမတ်ကြီးဝူလီက လုယွီရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

"မင်းက...."

အမတ်ကြီးဝူလီ၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားပြီး သူက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှက်လိုက်သည်။

"မင်းက မိုးကောင်းကင်နဂါးတိုင်းပြည်ကို လာရဲတဲ့အထိ အတင့်ရဲတယ်ပေါ့....ငါက ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အကြောင်းကြားပြီး မင်းကိုသတ်မှာကို မင်း မကြောက်ဖူးလား"

လုယွီက မတုန်မလှုပ်ရှိနေဆဲပင်။

"ပထမဆုံး ကျုပ် ခင်ဗျားကိုပြောချင်တာက...ကျုပ်က ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းကလူမဟုတ်ဘူးဆိုတာ ကျုပ် ပြောထားပြီးသား...ဒါပေမယ့် ခင်ဗျားက မယုံကြည်ခဲ့ဘူး...ခင်ဗျား တပ်ပြန်ဆုတ်ဖို့ရွေးချယ်ခဲ့တာက ကျုပ်နဲ့ဘာမှမဆိုင်ဘူး"

"ဒုတိယအချက်က ကျုပ် ခင်ဗျားကိုကူညီဖို့ ဒီနေရာကိုလာခဲ့တာ"

လုယွီက ရုတ်တရက် ပြုံးလိုက်၏။

"ခင်ဗျား ဒီနေရာမှာပဲ ကျုပ်နဲ့စကားပြောဖို့တော့ ဆန္ဒမရှိပါဘူးနော်"

အမတ်ကြီးဝူလီက လုယွီကို အချိန်တခဏကြာ စူးစိုက်ကြည့်ပြီးမှ ပြောဆိုလေသည်။

"ကောင်းပြီလေ....မင်း ဘာလိုချင်တာလဲဆိုတာ ငါ နားထောင်ရတာပေါ့"

သူက လုယွီကို အိမ်တော်အတွင်းသို့ဝင်ရန် ဖိတ်ကြားလိုက်သည်။စာကြည့်ခန်းအတွင်း၌ အမတ်ကြီးဝူလီနှင့်လုယွီတို့သည် မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။

"ဒါဆိုရင်...မင်းက ယှဥ်ပြိုင်ပွဲမှာ ပါဝင်ချင်တာလား"

အမတ်ကြီးဝူလီက လုယွီကိုကြည့်ပြီး ပြောဆိုလေသည်။

လုယွီက ခေါင်းညိမ့်ပြသည်။

"အမှန်ပဲ...ကျုပ် စုံစမ်းပြီးသွားပြီ...တကယ်လို့ ကျုပ်က နန်းမွေလုပွဲမှာပါဝင်ယှဥ်ပြိုင်ချင်တယ်ဆိုရင်....ထိပ်တန်းအရာရှိတစ်ယောက်ရဲ့ထောက်ခံချက်ရဖို့ လိုအပ်တယ်...ခင်ဗျားက အရည်အချင်းပြည့်မီမယ်လို့ ကျုပ်ထင်တယ်"

"ထောက်ခံချက်လား...ဟား ဟား ဟား...ထောက်ခံချက်...မင်း ဒါအတွက်နဲ့ ငါ့ဆီရောက်လာမယ်လို့ ငါ ထင်မထားမိဘူး"

ရုတ်တရက် အမတ်ကြီးဝူလီက ရယ်မောလိုက်သည်။သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေ၏။

"ဒါပေမယ့် ငါက ဘယ်မင်းသားကို ထောက်ပံပေးနေတယ်ဆိုတာ မင်း သိရဲ့လား"

လုယွီက ပြောဆိုလေသည်။

"ကျုပ် ထင်တာတော့ နဝမမင်းသားပဲ...ဟုတ်တယ်မလား"

"မင်း အဲ့ဒါကိုသိမှတော့ အခုလက်ရှိ ငါ့ရဲ့အနေအထားကိုလည်း မင်း ရှင်းရှင်းလင်းလင်းသိထားသင့်တယ်...နဝမမင်းသားက သာမာန်အဆင့်အတန်းပဲရှိတဲ့ မင်းသားတစ်ယောက်...သူ့ရဲ့မယ်တော်က ကြင်ယာတော်အဆင့်တောင် ခန့်အပ်မခံရတဲ့ နန်းတွင်းအစေခံတစ်ယောက်ပဲ...နန်းတွင်းတစ်ခုလုံးမှာ ငါကလွဲပြီး သူ့ကိုထောက်ခံတဲ့သူ ဘယ်သူမှမရှိဘူး"

အမတ်ကြီးဝူလီက လုယွီကို စူးစူးဝါးဝါးကြည့်နေပေ၏။

"​မင်းရဲ့ရည်ရွယ်ချက်ကို ပြောစမ်း...မင်းက အခွင့်အာဏာကိုလိုချင်လို့ ငါ့ဆီလာတာတော့ မဖြစ်နိုင်ဘူး"

လုယွီ၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိပေ။

"ဒါက ရိုးရှင်းပါတယ်...ကျုပ် ခင်ဗျားကို အကြောင်းရင်းနှစ်ခုကြောင့် ရွေးချယ်ခဲ့တာ"

လုယွီက သူရှေ့ရှိစားပွဲကို သူ့လက်နှင့်ပုတ်ပြီး ပြောဆိုလိုက်သည်။

"လူအများစုက တခြားမင်းသားတွေဆီပဲ အပြေးသွားနေကြတယ်...တကယ်လို့ ကျုပ်ကသာ သူတို့ဆီသွားလိုက်ရင် အောင်မြင်မှုရဖို့မပြောနဲ့...ယှဥ်ပြိုင်ပွဲအတွက် နေရာတစ်နေရာရဖို့တောင် မသေချာဘူး...ဒါပေမယ့် ခင်ဗျားရဲ့အနေအထားက အဲ့ဒီလူတွေနဲ့မတူဘူး ..နဝမမင်းသားဘက်မှာ အခုချိန်ထိ လူအင်အားမပြည့်သေးဘူး...တကယ်လို့ ကျုပ်သာ ယှဥ်ပြိုင်ပွဲမှာ အနိုင်ရလို့ရှိရင် တခြားမင်းသားတွေဆီသွားတာထက် အဆများစွာ အကျိုးအမြတ်ရနိုင်တယ်"

အမတ်ကြီးဝူလီ၏မျက်နှာထက်တွင် ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။သူက လုယွီသည် နန်းမွေလုပွဲ၌ သူတို့အတွက်တိုက်ခိုက်ပေးမည်ဟု ယုံကြည်ခြင်းမရှိချေ။သို့ရာတွင် နဝမမင်းသား၌ လူအင်အားပြည့်စုံခြင်းမရှိသေးဟု လုယွီပြောသွားသည်မှာလည်း အမှန်တရားပင်။

နန်းမွေလုပွဲ၌ နောက်ပြန်ဆုတ်ရန်လမ်းမရှိချေ။နဝမမင်းသား၏လက်အောက်၌ သူ့အတွက်တိုက်ခိုက်ပေးလိုသော ကျင့်ကြံသူအများအပြားလည်းမရှိပေ။

"ကောင်းပြီလေ....ငါ့ဆီမှာ ထိပ်သီးကျင့်ကြံသူတချို့တော့ရှိတယ်...မင်း ပါဝင်မယ်ဆိုရင် အဆင်ပြေသွားပြီ...ငါ မင်းအတွက်ထောက်ခံချက်ရေးပေးမယ်"

အမတ်ကြီးဝူလီသည် သူ၏စိတ်နှလုံးသားအတွင်း၌ သံသယရှိနေသော်လည်း လုယွီ၏ခွန်အားကိုမူ သူ အထူးတလည်မေးခွန်းထုတ်နေရန်မလိုအပ်ချေ။

အချိန်တခဏအကြာမှာပင် လုယွီ၏လက်အတွင်းသို့ ထောက်ခံချက်တစ်စောင် ရောက်ရှိလာသည်။

"သွားရအောင်...နဝမမင်းသားနဲ့တွေ့ဖို့ ငါ မင်းကို ခေါ်သွားပေးမယ်"

အမတ်ကြီးဝူလီက လုယွီကို ခေါ်ဆောင်ပြီး နဝမမင်းသား၏နန်းဆောင်ထံ ထွက်ခွါခဲ့သည်။

အလွန်လျှင်မြန်စွာပင် အမတ်ကြီးဝူလီနှင့်လုယွီသည် ခမ်းနားထည်ဝါသော တော်ဝင်ဥယျာဥ်ခြံတစ်ခုရှေ့သို့ ရောက်ရှိလာသည်။ဤနေရာသည် နဝမမင်းသား၏နန်းဆောင်နေရာဖြစ်ပေ၏။နန်းဆောင်သည် ခမ်းနားထည်ဝါသော်လည်း တခြားနန်းဆောင်များနှင့်နှိုင်းယှဥ်ပါက အနည်းငယ်လူသူကင်းမဲ့နေသည်။

အိမ်တော်ထိန်းက သူတို့နှစ်ယောက်ကို အနောက်ဘက်ခြံဝန်းထံ ခေါ်ဆောင်သွားပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။

"အမတ်ကြီးဝူလီ...အရှင့်သားက ဒီရက်တွေအတောအတွင်းမှာ ထိပ်သီးကျင့်ကြံသူတချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်...အနောက်ဘက်ခြံဝန်းမှာ သူတို့လေ့ကျင့်တာကို အရှင့်သားက နေ့တိုင်းလာစောင့်ကြည့်နေတာ"

"ထိပ်သီးကျင့်ကြံသူတွေလား"

အမတ်ကြီးဝူလီက သိချင်စိတ်ပြင်းပြသွား၏။

Chapter 825

"အရှင့်သားက ထိပ်သီးကျင့်ကြံသူ ရှာတွေ့သွားပြီလား"

အမတ်ကြီးဝူလီက အကြီးအကျယ် အံ့အားသင့်သွားသည်။

နဝမမင်းသား၏သာမာန်ဆန်သော မျိုးနွယ်အကြောင်းသည် မြို့တော်အနှံ့ ပျံ့နှံ့နေသည်။ထို့ပြင် နဝမမင်းသားကိုထောက်ပံသော နန်းတွင်းအရာရှိလည်း ရှားပါးပြီး မည်သူကမျှ သူ့ကို နန်းမွေလုပွဲ၌ အနိုင်ရမည်ဟု မျှော်လင့်မထားကြချေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် နဝမမင်းသားအတွက် ယှဥ်ပြိုင်တိုက်ခိုက်ပေးလိုသူ ရှိနေသေးသလော။နန်းမွေလုပွဲ၌ အလွန်အရေးကြီးသောအချက်တစ်ချက်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် ဘက်မှား၍ရွေးချယ်ရပ်တည်မိပါက တစ်သက်လုံးတောက်ပနိုင်တော့မည်မဟုတ်ချေ။

မည်သူတစ်ဦးတစ်ယောက်ကမျှ နဝမမင်းသားပေါ်သို့ သူတို့၏အနာဂတ်ကို ပုံအပ်ထားလိုခြင်းမရှိပေ။

အိမ်တော်ထိန်းက တီးတိုးပြောဆိုလိုက်၏။

"ကျွန်တော်ကြားထားတာတော့ ဒီကျင့်ကြံသူက ဝင်္ကပါခင်းကျင်းမှုမှာ အရမ်းထူးချွန်ကြတယ်တဲ့...သူ တခြားမင်းသားတွေဆီမသွားတာက နန်းမွေလုပွဲအတွက် နေရာမရှိမှာစိုးရိမ်လို့ပဲ"

"အဲ့ဒီလိုလား"

အမတ်ကြီးဝူလီက ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး သူက လုယွီကို စောင်းငဲ့ကြည့်နေလေသည်။

ထိုကျင့်ကြံသူတို့၏အကြောင်းပြချက်သည်လည်း လုယွီနှင့်တူညီပေ၏။

အမတ်ကြီးဝူလီနှင့်လုယွီတို့ အနောက်ဘက်ခြံဝန်းသို့ရောက်ချိန်တွင် ကြီးမားသောရေကန်ကြီးပေါ်၌ ဝင်္ကပါကြီးတစ်ခုခင်းကျင်းထားခြင်းကို တွေ့မြင်မိကြသည်။

ဝင်္ကပါ၏အစွန်းဘက်၌ လူလတ်ပိုင်းကြီးတစ်ယောက်ထိုင်နေပြီး ဝင်္ကပါအား ထိန်းချုပ်နေသည်။လူလတ်ပိုင်းကြီးနှင့်မျက်နှာချင်းဆိုင် ဝင်္ကပါဘက်ခြမ်းတွင် ကျင့်ကြံသူသုံးယောက်က သူတို့၏မှော်လက်နက်များကိုကိုင်ဆွဲပြီး ဝင်္ကပါကိုအဆက်မပြတ်တိုက်ခိုက်နေပေ၏။

ထိုကျင့်ကြံသူသုံးယောက်၏ကျင့်ကြံဆင့်သည် သာမာန်မဟုတ်သည့်အပြင် သူတို့၏ခွန်အားမှာလည်း မြင့်မားသည်။သူတို့က တိုက်ခိုက်ရန် မှော်မန္တန်များကို အသုံးပြုလိုက်သည်နှင့် ဆူညံသောပေါက်ကွဲသံများက ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပဲ့တင်ထပ်နေသည်။

သို့ရာတွင် ဝင်္ကပါကြီးက တုန်ခါသွားရုံသာရှိပြီး ပြိုလဲသွားခြင်းမရှိပေ။

"ဟမ့်...ဒါလေါက်နဲ့ပြီးသွားမယ် ထင်နေတာလား"

ဝင်္ကပါကိုထိန်းချုပ်နေသော လူလတ်ပိုင်းကြီးက ရုတ်တရက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။ဝင်္ကပါကြီးထံမှ ဧရာမတူကြီးတစ်လက် ရုတ်တရက်ပျံဝဲထွက်လာပြီး ကျင့်ကြံသူသုံးယောက်ကို ရိုက်ခတ်လေသည်။

ထိုကျင့်ကြံသူသုံးယောက်သည် သတိလက်လွတ်နေနေမိသဖြင့် နောက်သို့လွင့်စင်သွားကြ၏။သူတို့က ဆိုးရွားသော အနေအထားဖြင့် ရေကန်အတွင်းသို့ ပြုတ်ကျသွားပြီး သူတို့၏ခန္ဓာကိုယ်များအနှံ့ ရေများစိုရွှဲကုန်ကြသည်။ထိုသူသုံးယောက်သည် ရေကန်အတွင်းမှ အလျှင်အမြန်ခုန်တက်ပြီး သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ရေများကို မှော်စွမ်းအားဖြင့် ခြောက်သွေ့စေရန် ပြုလုပ်နေကြတော့သည်။

"မင်းရဲ့အရည်အချင်းက တကယ့်ကိုထိပ်တန်းအဆင့်ပဲ...ငါတို့က မင်းလောက် အရည်အချင်းမရှိလို့ အရှက်ရမိပါတယ်"

ကျင့်ကြံသူသုံးယောက်က သူတို့၏လက်သီးများကိုပူးဆုပ်၍ ဂါရဝပြုပြောဆိုလိုက်၏။

"ဟား ဟား ဟား ဟား...မင်းတို့လည်း မဆိုးပါဘူး...ငါ့ရဲ့ဝင်္ကပါကို ဒီလေါက်ကြာကြာခုခံနိုင်တာကိုက မင်းတို့ရဲ့အရည်အချင်း တော်တော်ကောင်းလို့ပဲ"

လူလတ်ပိုင်းကြီးက ဝင်္ကပါ၏ထိပ်မှနေ၍ အောက်သို့ခုန်ချပြီး ဝင်္ကပါကြီးကို ပြန်လည်ရုတ်သိမ်းလေသည်။

ကန်ရေပြင်သည် တဖန်ပြန်၍ ငြိမ်သက်သွားပေ၏။လူလတ်ပိုင်းကြီး၏ ဝင်္ကပါပညာရပ်သည် တခြားသူများကို အံ့အားသင့်တုန်လှုပ်သွားစေသည်။

"ဆရာယင်ရဲ့အရည်အချင်းကတော့ ပြောစရာမလိုအောင်ကို ထူးချွန်တာပဲ...ငါ့ရဲ့ အရည်အချင်းနိမ့်ပါးတဲ ငယ်သားတွေက ဆရာယင်ကို စိတ်ပျက်စေမိပြီ"

အနက်ရောင်မြွေရေခွံဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လက်ခုပ်လက်ဝါးတီးပြီး အံ့အားသင့်မှုအပြည့်ဖြင့် ပြောဆိုလေ၏။

ထိုလူငယ်က နဝမမင်းသားပင်။

လူလတ်ပိုင်းကြီးသည် မကြာသေးမီကမှ သူ့အားလာရောက်ဆက်သွယ်ခဲ့သော ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သည်။

ဆရာယင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေပေ၏။

"အရှင့်သားက ဘာမှစိတ်ပူနေစရာမလိုပါဘူး...အရှင့်သားရဲ့လက်အောက်ငယ်သားတွေက အားနည်းပေမယ့် ပြဿနာမရှိဘူး...တိုက်ပွဲအချိန်ကျလာရင် ကျွန်တော်တစ်ယောက်တည်းနဲ့ လူတိုင်းကို ဖိနှိပ်ထားနိုင်တယ်...ဘယ်သူမှ ကျွန်တော်ကိုကူညီဖို့ မလိုအပ်ဘူး"

နဝမမင်းသားက စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

"ဆရာယင်ရဲ့အကူအညီနဲ့ဆိုရင်...ငါ အဲ့ဒီကိစ္စကို စိုးရိမ်ပူပန်မနေတော့ဘူး"

ဆရာယင်က မောက်မာဟန်ဖြင့် ပြောဆိုလိုက်သည်။

"အမှန်ပဲ...တခြားမင်းသားတွေက အမြင်ကျဥ်းပြီး ကျွန်တော်ရဲ့အရည်အချင်းအစစ်အမှန်ကို မမြင်ကြဘူး....အရှင့်သားကသာ လူကဲခတ်ထူးချွန်ခဲ့တယ်...ကျွန်တော်က အရှင့်သားရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ပါမယ်"

ထိုအချိန်မှာပင် အမတ်ကြီးဝူလီက လုယွီနှင့်အတူ ခြံဝန်းအတွင်းသို့ ရောက်ရှိလာသည်။

"အမတ်ကြီးဝူလီပါလား...ထိုင်ပါဦး"

နဝမမင်းသားက အပြုံးနှင့်ပြောဆိုလိုက်၏။

အမတ်ကြီးဝူလီသည် နန်းတွင်း၌ သူ့အားထောက်ပံသူအနည်းစုအနက်မှ တစ်ယောက်ဖြစ်သည်။နဝမမင်းသားက အမတ်ကြီးဝူလီကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလေသည်။လုယွီကိုမူ နဝမမင်းသားက လျစ်လျှူရှုထားပေ၏။

လုယွီ၏မှော်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းသည် အလွန်မြင့်မားပေရာ သူသာမှော်စွမ်းအင်ကိုထုတ်ဖော်အသုံးမပြုပါက သာမာန်ကျင့်ကြံသူများသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။

နဝမမင်းသားက လုယွီကို အမတ်ကြီးဝူလီ၏လက်အောက်ငယ်သားတစ်ယောက်ဟုသာ တွေးထင်ထားသည်။

"ငါ အမတ်ကြီးကို မိတ်ဆက်ပေးရအုံးမယ်...သူက ဆရာယင်...နောက်ဆယ်ရက်အကြာ နန်းမွေလုပွဲကျရင် ဆရာယင်က အောင်မြင်မှုကိုဆောင်ကျဥ်းပေးလိမ့်မယ်"

နဝမမင်းသားက မိတ်ဆက်ပေးလိုက်၏။

Thank For Reading.

All Chapters