← Chapters

အခန်း (၈၃၆-၈၄၀)

Vol. 45 Ch. 836-840

အခန်း (၈၃၆-၈၄၀)

Vol. 45 Ch. 836-840

Chapter 836

မင်းသမီးလော့ချီးက အပြုံးနှင့် ဝင်ရောက်ပြောဆိုလေသည်။

"အကိုတော်...သူ့ကို အနောက်ဘက်ခြံဝန်းကို ခေါ်ဆောင်သွားရအောင်...ဟိုအဘိုးကြီးတွေကို လူငယ်တွေထူးချွန်တယ်ဆိုတာ သွားပြကြစို့"

တတိယမင်းသားက အချိနိတခဏကြာ တွေဝေစဥ်းစားနေပြီးမှ ပြောဆိုလိုက်၏။

"အမှန်ပဲ...မြင့်မြတ်တဲ့ကျင့်ကြံသူတွေက လေ့ကျင့်နေကြတယ်...သူတို့ကို သွားကြည့်ကြရအောင်"

မင်းသမီးလော့ချီးက ချက်ချင်းပင် ရထားမောင်း၏ကျောပေါ်သို့ တက်လိုက်သည်။လုယွီက တတိယမင်းသားနောက်သို့လိုက်၍ အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိသွားခဲ့သည်။

တတိယမင်းသားအိမ်တော်၏အနောက်ဘက်ခြံဝန်းသည် ခမ်းနားထည်ဝါပြီး နဝမမင်းသားအိမ်တော်နှင့်မတူညီသော ရင်သပ်ရှုမောဖွယ် ဥယျာဥ်ရှုခင်းအလှများရှိသည်။အိမ်တော်ရှိ အဆောက်အအုံအများစုသည် ဂုဏ်သိက္ခာကြီးမြတ်ပြီး တည်ကြည်လေးနက်သောအသွင်ကိုဆောင်သည်။နေရာအများစုတွင် အကာအကွယ်ဝင်္ကပါများ ခင်းကျင်းထားပြီး ၎င်းတို့အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်ပါဝင်နေသည်။

အနောက်ဘက်ခြံဝန်းသို့မဝင်ရောက်မီအချိန်မှာပင် လုယွီက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသော အစွမ်းထက်သည့်အရှိန်အဝါနှစ်ခုကို အာရုံခံမိသည်။

အဝေးမှပင် ပြင်းထန်သောရိုက်ချက်များ၏အသံကိုကြားနေရပြီး လုယွီတို့လူစု နီးကပ်လာသည့်တိုင် တိုက်ခိုက်သံများက အဆက်မပြတ်ထွက်ပေါ်နေသည်။

"ဒီနေ့က ဆရာသခင်ဟွမ်ဖူနဲ့ဆရာသခင်ရှန်းသုန်တို့ တိုက်ခိုက်တဲ့နေ့ပဲ...တခြား ဆရာသခင်တွေကတော့ ဒီတိုက်ပွဲကို နံဘေးကနေ ကြည့်နေကြတယ်"

အိမ်တော်ထိန်းက လေးလေးစားစား ပြောဆိုလိုက်၏။

"သွားကြစို့...သူတို့ကို သွားကြည့်ရအောင်"

တတိယမင်းသားသည်လည်း ဤကိစ္စကို အလွန်စိတ်ဝင်စားသဖြင့် သူက ရယ်ပြုံးပြီး အနောက်ဘက်ခြံဝန်းအတွင်းသို့ ဝင်လိုက်တော့သည်။

အနောက်ဘက်ခြံဝန်းအတွင်း၌ မြေကွက်လပ်ကျယ်ကြီးတစ်ခုရှိသည်။

ဤအချိန်တွင် မြေကွက်လပ်ပေါ်၌ အဖိုးအိုနှစ်ယောက်က သူတို့၏အစွမ်းထက်ဆုံး မှော်မန္တန်များကိုအသုံးပြု၍ ရှေ့တိုးနောက်ငင် တိုက်ခိုက်နေကြသည်။

သူတို့၏မှော်စွမ်းအားများသည် အလွန်အားကောင်းပြီး သူတို့က စိတ်ဝိညာဥ်နယ်ပယ်အထွတ်အထိပ်ကျင့်ကြံသူများဖြစ်သည်။

ဝုန်း....

လေထုအတွင်း၌ ကျယ်လောင်သောအသံကြီး မြည်ဟီးလာပေ၏။မိုးကောင်းကင်သည် ကြည်လင်နေသော်လည်း သူတို့နှစ်ယောက်၏တိုက်ခိုက်မှု မှော်စွမ်းအားများအရှိန်ကြောင့် ဖုန်မှုန့်နှင့်မီးခိုးငွေ့များက အဘက်ဘက်သို့ပျံ့နှံ့သွားသည်။

ထိုလူနှစ်ယောက်သည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကြပြီး နောက်ဆုံး၌ အဖိုးအိုတစ်ယောက်၏လက် အနည်းငယ်တုန်ခါသွားသဖြင့် ကျန်တစ်ယောက်က အခွင့်အရေးရပြီး လွယ်လင့်တကူ အနိုင်ယူနိုင်သွားသည်။

"ရှန်းညီအကိုရဲ့ ကျင့်ကြံမှုက တကယ့်ကို နက်နဲသိမ်မွေ့တာပဲ...ငါက မင်းလောက် အရည်အချင်းမရှိလို့ အရှက်ရမိပါတယ်"

အဖိုးအိုတစ်ယောက်က ဂါရဝပြုရင်း ပြောဆိုလိုက်သည်။

တခြားအဖိုးအိုသည် နူးညံစွာပြုံးနေပြီး သူ၏မျက်နှာထက်၌ မည်သည့်စိတ်ကြီးဝင်နေမှုမျှမရှိပေ။

ဤကဲ့သို့အပြုအမူမျိုးသည် နဝမမင်းသားအိမ်တော်ရှိ ဆရာယင်ကဲ့သို့လူမျိုးနှင့် ကွာခြားနေသည်မှာ သိသာထင်ရှားလှ၏။

ကျင့်ကြံသူတစ်ယောက်သည် ကောင်းသည်နှင့်ကြုံတွေ့ရသည်ဖြစ်စေ ဆိုးသည်နှင့်ကြုံတွေ့ရသည်ဖြစ်စေ မယိမ်းမယိုင်ရှိနေသည်မှာ ကျင့်ကြံမှုအတွက်အကောင်းဆုံး စိတ်အခြေအနေပင်။

သို့ရာတွင် လုယွီက အဖိုးအိုတစ်ယောက်၏အော်ရာ၌ အမှားအယွင်းတစ်စုံတစ်ခုရှိနေခြင်းကို သတိပြုမိသည်။သူ၏အတွေ့အကြုံအရ အဖိုးအို၏ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရါများရှိနေကြောင်းကို ချက်ချင်းပြောနိုင်သည်။ထိုအဖိုးအိုသည် ဆေးဝါးအချို့ကို သုံးစွဲထားပုံရသည်။သို့ရာတွင် ထိုဆေးဝါးများသည် အဖိုးအို၏အတွင်းဒဏ်ရါများကို အရှင်းပျောက်ကင်းစေပုံမရချေ။

"အရှင့်သား"

"အရှင့်သားကို အရိုအသေပြုပါတယ်"

မြင့်မြတ်ဆရာသခင်များက တတိယမင်းသား ရောက်ရှိလာခြင်းကိုမြင်သည်နှင့် အလျင်စလ်ု အရိုအသေပြုလိုက်ကြ၏။

တတိယမင်းသားက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလေသည်။

"စီနီယာတို့က ယဥ်ကျေးနေစရာမလိုပါဘူး...ဆက်ပြီးလေ့ကျင့်နေကြပါ"

တတိယမင်းသား၏အကြည့်က အဖိုးအိုတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

"စီနီယာရှန်းကတော့ အမြဲတမ်း သန်မာနေတာပဲ...ဒီတစ်ကြိမ်နန်းမွေလုပွဲမှာ ကျွန်တော်ကတော့ စီနီယာကိုပဲ မှီခိုအားထားရတော့မယ်"

ရှန်းသုန်ဟုအမည်ရသော အဖိုးအိုက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပြောဆိုလိုက်၏။

"ညီအကိုဟွမ်ဖူကသာ ဒဏ်ရါရမထားရင်...ကျွန်တော်က ဘယ်လိုလုပ်ပြီးအနိုင်ရနိုင်မှာလဲ"

တတိယမင်းသားက အလျင်စလိုမေးမြန်းလေသည်။

"စီနီယာဟွမ်ဖူရဲ့အတွင်းဒဏ်ရါတွေက မသက်သာသေးဘူးလား"

ဟွမ်ဖူက ရယ်ပြုံးရင်း ပြောဆိုလိုက်သည်။

"အရှင့်သားရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ကျွန်တော် တစ္ဆေအင်မော်တယ်သမားတော်နဲ့ တွေ့ဆုံခဲ့ပြီးပြီ....သူဆီကနေ ကုသရေးရွှေရောင်ဆေးလုံးကို ရခဲ့တယ်...အဲ့ဒီဆေးက ကျွန်တော်ရဲ့ဒဏ်ရါတွေကို ပျောက်ကင်းစေမှာပါ"

"တစ္ဆေအင်မော်တယ်သမားတော်ဆီက ဆေးလား"

တတိယမင်းသားက အံ့အားတသင့် ပြောဆိုလေသည်။

ဤသည်က ဒဏ္ဍာရီလာသမားတော်ဖြစ်ပြီး အစဥ်အမြဲတံခါးပိတ်ကျင့်ကြံနေလေ့ရှိသူပင်။

ကံကောင်းထောက်မစွာဖြင့် ဟွမ်ဖူသည် တစ္ဆေအင်မော်တယ်သမားတော်နှင့် အဆက်အသွယ်ရရှိခဲ့သည်။ဤသည်က ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။

အကယ်၍ ဆရာသခင်ဟွမ်ဖူ၏နဂိုခွန်အားသာ ပြန်လည်ရရှိပါက နန်းမွေလုပွဲအနိုင်ရရန်ဟူသော သူ၏မျှော်လင့်ချက် ပို၍အောင်မြင်လာနိုင်သည်။

"ဆေးဝါးကို ပို့ဆောင်ပြီးဖြစ်ပေမယ့်...တစ္ဆေသမားတော်က ကျွန်တော်ရဲ့သွေးလည်ပတ်မှုတွေ အရှိန်ပြင်းပြင်းလှည့်ပတ်နေတဲ့အချိန်ကျမှ သောက်သုံးရမယ်လို့ အထူးမှာကြားထားတယ်...ဒါကြောင့် ကျွန်တော်က ညီအကိုရှန်နဲ့တိုက်ခိုက်နေတာ"

ဟွမ်ဖူက နံဘေး၌မတ်တတ်ရပ်နေသော အစေခံတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

အချိန်တခဏအကြာမှာပင် ထိုအစေခံက ဆေးရနံ့များ သင်းပျံနေသော ဆေးလုံးတစ်လုံးကို ယူဆောင်လာပေ၏။

တတိယမင်းသား၏နောက်၌ရှိနေသော လုယွီက ဆေးလုံးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ဤသည်က ရွှေရောင်ကုသရေးဆေးလုံးမဟုတ်ချေ။အဆိပ်ဆေးလုံးသာ ဖြစ်ပေ၏။

Chapter 837

ဟွမ်ဖူက စိတ်ကျေနပ်မှုအပြည့်ရနေပြီး သူက အပြုံးနှင့်ပြောဆိုလိုက်သည်။

"ကြည့်ရတာတော့ တစ္ဆေအင်မော်တယ်သမားတော်က သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ့်ကိုထိုက်တန်တာပဲ...အချိန်သုံးရက်တည်းနဲ့ သူက ငါ့ရဲ့ဒဏ်ရါတွေပျောက်ကင်းနိုင်မယ့်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်"

ရှန်းသုန်က စိတ်မထိန်းချုပ်နိုင်တော့ဘဲ အံ့အားသင့်စွာ ပြောဆိုလေသည်။

"ညီအကိုဟွမ်ဖူ...ဒီဆေးလုံးသန့်စင်ပေးဖို့ တစ္ဆေအင်မော်တယ်သမားတော်ကို မင်း ဘာပြန်ပေးလိုက်ရလဲ"

တစ္ဆေအင်မော်တယ်သမားတော်သည် ဆေးလုံးများသန့်စင်ရာ၌ တစ်ကြိမ်တစ်ခါမျှပင် ကျရှုံးခဲ့ခြင်းမရှိဟု နာမည်ကျော်ကြားသူဖြစ်သည်။

ဟွမ်ဖူသည် လွန်ခဲ့သောနှစ်နှစ်ခန့်က တစ်စုံတစ်ယောက်နှင့်တိုက်ခိုက်ခဲ့ပြီး သူ၏ခန္ဓာကိုယ်၌ အတွင်းဒဏ်ရါများ ကျန်ရှိခဲ့သည်။သူက မြောက်များစွာသောနည်းလမ်းများကိုအသုံးပြုပြီး နာမည်ကျော်ကြားသော သမားတော်များကိုရှာဖွေကာ တွေ့ဆုံခဲ့သော်လည်း သူ၏ဒဏ်ရါများပျောက်ကင်းခြင်းမရှိချေ။

သို့သော် ယခုလက်ရှိအချိန်တွင် တစ္ဆေအင်မော်တယ်သမားတော်က သူ့အားကုသပေးနေရာ သူ၏အတွင်းဒဏ်ရါပျောက်ကင်းနိုင်ပေမည်။

ဟွမ်ဖူက ရယ်မောရင်း ပြောဆိုလိုက်သည်။

"ဒါက အထွေအထူးမဟုတ်ပါဘူး...ငါ အသူရာကြေးချွတ်သန့်စင်ဘုံကို သွားခဲ့တုန်းက အဖိုးတန်ရှားပါးတဲ့ဆေးဖက်ဝင်ပစ္စည်းတွေ ရရှိခဲ့တယ်...အဲ့ဒီပစ္စည်းတွေက ငါ့အတွက် ဘာမှအသုံးမဝင်ပေမယ့် တစ္ဆေအင်မော်တယ်သမားတော်ကတော့ လိုအပ်တယ်လေ...ငါက အဲ့ဒီဆေးဖက်ဝင်ပစ္စည်းတွေ သူ့ကိုပေးလိုက်တယ်...အပြန်အလှန်အနေနဲ့ သူက ငါ့ရဲ့အတွင်းဒဏ်ရါပြဿနာကို ဖြေရှင်းဖို့ ဆေးလုံးတစ်လုံးသန့်စင်ပေးတာပဲ"

တတိယမင်းသားက ပြောဆိုလေသည်။

"ဒါက စီနီယာဟွမ်ဖူရဲ့ကံကြမ္မာကောင်းကြီးပဲ...တကယ်လို့ တခြားသူသာဆိုရင် ဒီလိုမျိုးကံကြမ္မာကောင်းနဲ့ ကြုံတွေ့နိုင်မှာမဟုတ်ဘူး"

ဟွမ်ဖူက စိတ်မရှည်စွာဖြင့် သူ၏လက်များကို ပွတ်သပ်နေပေ၏။

ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ရောဂါကို ကုသလိုပါက တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်နေရာကိုရှာ၍ ဆေးဝါး၏အစွမ်းကို ချေဖျက်ရပေမည်။

သို့ရာတွင် ဟွမ်ဖူ၏အတွင်းဒဏ်ရါများသည် အလွန်စိတ်ပျက်ဖွယ်ကောင်းပြီး သူ၏ကျင့်ကြံဆင့် တစ်လက်မမျှပင် မြင့်မားလာခဲ့ခြင်းမရှိရာ သူ လွန်စွာစိတ်ဓာတ်ကျခဲ့ရသည်။ထို့ကြောင့် သူက ဆေးလုံးကို ချက်ချင်းသောက်သုံးရန် ဆုံးဖြတ်လိုက်၏။

ဟွမ်ဖူက သူ၏လက်ကိုဆန့်တန်းပြီး ဆေးလုံးကိုလှမ်းယူကာ ဝါးမြိုရန်ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး ဟွမ်ဖူ၏လက်ကို ဖမ်းဆုပ်ထားပေ၏။

"စီနီယာက ဒီဆေးလုံးကိုမစားတာ ပိုကောင်းလိမ့်မယ်"

လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။

ဟွမ်ဖူ၏မျက်နှာအမူအယာ ရုတ်တရက် တောင့်တင်းသွား၏။ယခုလက်ရှိအချိန်၌ သူ၏အတွင်းဒဏ်ရါများကို ကုသနိုင်တော့မည်ဖြစ်၍ သူ အလွန်စိတ်လှုပ်ရှားနေသည်။

မည်သည်​ကြောင့် သူ့အား ကဖျက်ယဖျက်လုပ်ချင်သော လူတချို့ရှိနေရသနည်း။

"မင်းက...."

ဟွမ်ဖူ၏မျက်နှာက သုန်မှုန်နေပေ၏။

အစောပိုင်းတွင် သူ လုယွီကို သတိမပြုမိပေ။သူက လုယွီသည် တတိယမင်းသား၏နောက်လိုက်နောက်ပါတစ်ယောက်ဟုသာ တွေးထင်မိ၏။

နောက်လိုက်တစ်ယောက်က မည်သည်ကြောင့် သူ့အား နှောက်ယှက်ဝံ့သနည်း။ထိုကောင်က အသက်ရှင်ရသည်ကို ငြီးငွေ့နေသလော။

"စီနီယာဟွမ်ဖူ...သူက ကောင်းကင်နန်းတော်ပြိုင်ပွဲမှာဗိုလ်စွဲခဲ့ပြီး လျှို့ဝှက်နဂါးစာရင်းရဲ့နံပါတ်တစ်နေရာက လူငယ်ပါရမီရှင်ပါ"

တတိယမင်းသားက အလျှင်အမြန်မိတ်ဆက်ပေးလိုက်၏။

"အော်....သူက ယင်လော့သခင်လေးနဲ့လုဝူယာကို အနိုင်ယူခဲ့တဲ့ မြေအောက်လောကလား"

ဤတစ်ကြိမ်တွင် ဟွမ်ဖူ၏မျက်လုံးအတွင်း၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့သော် ဤမျှထက်မပိုချေ။

မြေအောက်လောကသည် လူငယ်မျိုးဆက်သစ်များ၏ဦးဆောင်သူဖြစ်နေလျှင်ပင် သူတို့နှင့် အကြီးအကျယ်ကွာဟချက်ရှိနေသည်။

တတိယမင်းသားက လုယွီကို ဖြေရှင်းချက်တောင်းခံလိုဟန်ဖြင့် ကြည့်လိုက်၏။

"​စီနီယာမြေအောက်လောကက...စီနီယာဟွမ်ဖူ ဆေးသောက်မှာကို ဘာလို့တားဆီးထားတာလဲ"

လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။

"စီနီယာက ပိုပြီးဂရုတစိုက်နေသင့်တယ်လို့ ကျွန်တော်ထင်တယ်...ဆေးလုံးတွေက တခြားပစ္စည်းတွေနဲ့ကွာခြားတယ်...ဒါကို မသောက်သုံးမီ အဆိပ်ရှိမရှိ စီနီယာက အရင်ဆုံးစစ်ဆေးသင့်တယ်"

"ဟမ့်....မင်းက အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်လို့ ငါ ကြားထားပေမယ့် မောက်မာပြီးရူးသွပ်နေတဲ့သူဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...တစ္ဆေအင်မော်တယ်သမားတော်ရဲ့နာမည်ဂုဏ်သတင်းကို မင်း ကြားဖူးရဲ့လား...ဟား ဟား ဟား...အဆင်အခြင်မဲ့လိုက်တာ"

ရှန်းသုန်က ပြက်ရယ်ပြုပြောဆိုလိုက်သည်။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက ထပ်မံ၍ ပြောဆိုလေ၏။

"တကယ်လို့ ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင်...စီနီယာရဲ့ခန္ဓာကိုယ်က အတွင်းဒဏ်ရါက အဆိပ်မိထားတာဖြစ်မယ်"

"စီနီယာ အဆိပ်မိတဲ့အချိန်တုန်းက....စီနီယာရဲ့ထူထပ်သိပ်သည်းတဲ့ မှော်စွမ်းအင်တွေနဲ့ အဆိပ်ကို ခန္ဓာကိုယ်အပြင်ရောက်အောင် တွန်းထုတ်ခဲ့လိမ့်မယ်...ဒါပေမယ့် နောက်ဆုံးတော့ စီနီယာက အရှင်းပျောက်အောင် မကုသနိုင်တော့ဘဲ အတွင်းဒဏ်ရါအဖြစ် ကျန်ခဲ့တယ်...တစ်လမှာတစ်ရက် စီနီယာရဲ့ခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့တဲ့အထိ အားနည်းနေမယ်...ကျွန်တော်ပြောတာ မှန်ရဲ့လား"

"ပြီးတော့ စီနီယာတိုက်ခိုက်တဲ့အချိန်မှာ စီနီယာရဲ့လက်က နည်းနည်းတုန်ခါနေတယ်....စီနီယာက ဒီလရဲ့အားနည်းတဲ့ရက်ကို ကျော်ဖြတ်ပြီးတာကြာသေးပုံမရဘူး..ဒါကြောင့် ခုချိန်ထိ စီနီယာရဲ့ခွန်အားအကုန်အစင် ပြန်မရသေးဘူးမလား...ကျွန်တော်ပြောတာတွေ မှန်ရဲ့လား"

ဟွမ်ဖူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ချက်ချင်းဖြတ်ပြေးသွားသည်။

"မင်း ဒီကိစ္စတွေကို ဘယ်ကနေသိလာတာလဲ"

သူ ဤကိစ္စကို မည်သူကိုမျှမပြောပြခဲ့ဘူးချေ။မည်သည်ကြောင့် သူ့ရှေ့မှလူငယ်က သိနေရသနည်း။

Chapter 838

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"အမှန်တော့ စီနီယာရဲ့အတွင်းဒဏ်ရါတွေက ကုသဖို့မခဲယဥ်းဘူး...ဒါပေမယ့် စီနီယာက သမားတော်တွေကိုရှာဖွေပြီး အာဟာရပြည့်စေမယ့်ဆေးဝါးတွေကို စီနီယာအတွက် သန့်စင်စေခဲ့တယ်...အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီဆေးအာနိသင်တွေက စီနီယာရဲ့နတ်ဘုရားစမ်းရေအိုင်ကို အနှောက်အယှက်ပေးတော့တာပဲ"

"လတိုင်းဖြစ်နေကြ စီနီယာရဲ့အားနည်းတဲ့ဝေဒနာက စီနီယာခန္ဓာကိုယ်ထဲမှာရှိတဲ့ နတ်ဘုရားစမ်းရေအိုင်ထဲက မှော်စွမ်းအားတွေ ချောချောမွေ့မွေ့ မစီးဆင်းနိုင်တော့တာရဲ့ ရလဒ်ပဲ...တကယ်လို့သာ စီနီယာက အဲ့ဒီဆေးအာနိသင်တွေကိုချိုးဖျက်နိုင်တဲ့ ဆေးကိုသာ အသုံးပြုနိုင်မယ်ဆိုရင်...စီနီယာရဲ့ခွန်အား ပြန်ကောင်းလာလိမ့်မယ်"

လုယွီက နံဘေးရှိအစေခံ၏လက်အတွင်းမှ ဆေးလုံးကို စောင်းငဲ့၍ ကြည့်လိုက်၏။

"ကံဆိုးချင်တော့...ဒါက အဆိပ်ဆေးလုံးပဲ...ဆေးလုံးကိုအပေါ်ယံကြည့်ရင်တော့ အဆိပ်ရှိပုံမပေါ်ပေမယ့် ဒါက အကြီးအကျယ်အာဟာရဖြည့်တင်းပေးနိုင်တဲ့ ဆေးလုံးဖြစ်နေတယ်...တကယ်လို့သာ စီနီယာက ဒီဆေးလုံးကိုသောက်ပြီး အတားအဆီးတွေကို မချိုးဖျက်နိုင်ခဲ့ရင် များပြားလွန်းတဲ့ အားဖြည့်မှုတွေကြောင့် ဆေးအာနိသင်တွေဖောင်းပွပြီး နေရာမှာပဲ သေဆုံးသွားရလိမ့်မယ်"

ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

တတိယမင်းသားပင်လျှင် အံ့အားသင့်တုန်လှုပ်နေသည်။

သူတို့သည် လုယွီ၏လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်နေရာဟူသော အဆင့်အတန်းကိုသိရှိကြသော်လည်း ဆေးပညာအကြောင်းကိုနားလည်နေမည်ဟု သူတို့ တွေးထင်မထားမိကြချေ။

ဟွမ်ဖူ၏မျက်နှာထက်၌ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်း ပြောတာတွေအားလုံးက အမှန်ပဲ...မင်းက ကန့်လန့်ကာတစ်ဖက်ခြမ်းက လူများဖြစ်နေမလား"

ဟွမ်ဖူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေသည်။

"ဒါက ရိုးရှင်းပါတယ်...စီနီယာနဲ့ကျွန်တော်ရဲ့ကြားမှာ ဘာရန်ငြှိုးရန်စမှမရှိဘူး...ဒါကြောင့်မို့ ကျွန်တော်က စီနီယာကိုထိခိုက်နစ်နာအောင်လုပ်ဖို့ မလိုအပ်ဘူး"

"ပိုပြီးအရေးကြီးတာတစ်ခုက ကျွန်တော်ကသတိအရမ်းကြီးတယ်...တစ်စုံတစ်ယောက်က လူသတ်လက်နက်ကိုကိုင်ပြီး စီနီယာရဲ့အနားချဥ်းကပ်လာတာကို စီနီယာဘာလို့မသိတာလဲ"

လုယွီက ရုတ်တရက် အပြုံးနှင့်ပြောဆိုလေသည်။

လူသတ်လက်နက်ဟု ဆိုသလော။

ရုတ်ချည်းဆိုသလိုပင် ဆေးလုံးယူလာသော အစေခံ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူက အင်္ကျီလက်မောင်းကြားမှ ဓားမြှောင်ကို ထုတ်ယူပြီး နံဘေးရှိတတိယမင်းသားကို ထိုးစိုက်လိုက်၏။

ဤသည်က အလွန်လျှင်မြန်သောလှုပ်ရှားမှုဖြစ်ပြီး လူအားလုံး မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။

"သေချင်နေတာလား"

ဟွမ်ဖူက အော်ဟစ်ကြုံးဝါးပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ဘုန်းခနဲအသံနှင့်အတူ အစေခံ၏ဝမ်းဗိုက်တွင် သွေးစို့ရာအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

အချိန်တခဏအတောအတွင်းမှာပင် ထိုသွေးစို့ရာအပေါက်မှ သွေးများယိုစီးကျလာပေ၏။

သို့ရာတွင် အစေခံက သူ၏ဒဏ်ရါကို အရေးမစိုက်ပေ။သူက သူမသေဆုံးမီ နောက်ဆုံးတုံ့ပြန်ချက်အနေဖြင့် သူ့လက်အတွင်းမှဓားမြှောင်ဖြင့် တတိယမင်းသားကို ထိုးစိုက်လိုက်တော့သည်။

ဝှစ်...

ဓားမြှောင်က တတိယမင်းသားပေါ်သို့ ချက်ချင်းကျရောက်သွားပြီး သူ့အား ထိုးစိုက်မိလုဆဲဆဲပင်။

ရုတ်တရက် တတိယမင်းသား၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုရွှေရောင်အလင်းတန်းများကြားမှနေ၍ နဂါးတစ်ကောင်၏ဟိန်းဟောက်သံ မြည်ဟီးလာပေ၏။

တတိယမင်းသား၏ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံပေါ်တွင် မြောက်များစွာသော ရွှေရောင်သင်္ကေတများကို ရေးထိုးထားသည်။ထိုသင်္ကေတများမှအစပြု၍ ဖြစ်ပေါ်လာသော ရွှေရောင်နဂါးတစ်ကောင်က တတိယမင်းသား၏ခန္ဓာကိုယ်ကို အုပ်မိုးထားသည်။

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်နဂါးကြီးက ဓားမြှောင်ကို ဝါးမြိုလိုက်တော့၏။

ဤအချိန်တခဏမှာပင် အစေခံ၏အသက်ရှုသံပျောက်ဆုံးသွားပြီး နေရာမှာပင် သေဆုံးသွားတော့သည်။

"အရှင့်သား...အဆင်ပြေရဲ့လား"

"လာကြစမ်း....လုပ်ကြံသူရှိတယ်"

အိမ်တော်အစောင့်အကြပ်များသည် အလျင်စလိုပြေးလာကြသော်လည်း သူတို့က နောက်ကျသွားလေပြီ။

"နောက်ပြန်ဆုတ်ကြစမ်း"

တတိယမင်းသား၏မျက်နှာအမူအယာ သုန်မှုန်နေပေ၏။တစ်စုံတစ်ယောက်က သူ မျက်လုံးအောက်၌ သူလျှိုလာလုပ်နေခြင်းကို သူ သတိမပြုခဲ့မိချေ။

"ခုချက်ချင်း သွားစစ်ဆေးကြစမ်း...တစ္ဆေအင်မော်တယ်သမားတော် ဘာတွေကြံစည်နေတာလဲဆိုတာ ငါ သိချင်တယ်"

တတိယမင်းသားက လေးလေးနက်နက် အမိန့်ပေးလိုက်သည်။

ဟွမ်းဖူက တောင်းပန်လိုသောမျက်နှာအမူအယာနှင့် ပြောဆိုလေသည်။

"အရှင့်သား...ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော်ကြောင့်သာမဟုတ်ရင်...အရှင့်သား ဒီလိုမျိုးအန္တရာယ်နဲ့ ကြုံတွေ့ရမှာမဟုတ်ဘူး"

"ငါ အဆင်ပြေပါတယ်"

တတိယမင်းသားက လုယွီဘက်သို့လှည့်၍ ပြောဆိုလိုက်၏။

"စီနီယာမြေအောက်လောကက စီနီယာဟွမ်ဖူရဲ့အတွင်းဒဏ်ရါတွေကို မြင်နိုင်နေမှတော့...ဘယ်လိုကုသရမယ်ဆိုတာကိုရော သိနေလား"

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေသည်။

"စီနီယာဟွမ်ဖူရဲ့အတွင်းဒဏ်ရါတွေက ကုသဖို့မခဲယဥ်းပါဘူး...ဒါပေမယ့် တကယ်လို့ ကျွန်တော် ကုသပေးရမယ်ဆိုရင်တော့...လုံလောက်တဲ့အကျိုးအမြတ်ပေးဖို့ လိုအပ်မယ်"

ဟွမ်ဖူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်း ဘာလိုချင်တာလဲဆိုတာသာ...ငါ့ကိုပြောပါ"

ယခုလက်ရှိအချိန်၌ သူ၏ခွန်အား ပြန်လည်ကောင်းမွန်လာရန်မှာ သေရေးရှင်ရေးတမျှ အရေးကြီးနေသည်။လုယွီ တောင်းဆိုသည့်အရာဟူသမျှကို သူ အတက်နိုင်ဆုံးဖြည့်ဆည်းပေးပေမည်။

"ကျွန်တော်က စိတ်ဝိညာဥ်ကျောက်တုံးတွေ လိုအပ်နေတယ်"

လုယွီက သူ၏လက်ချောင်းများကိုထောင်ပြီး ဆက်လက်ပြောဆိုလိုက်သည်။

"အဲ့ဒီဆေးလုံးအတွက် ကျွန်တော်က ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာ လိုချင်တယ်"

Chapter 839

ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာဟု ဆိုသလော။

ဟွမ်ဖူ၏မျက်နှာ ရှုံမဲ့သွားပေ၏။သူက ဤစိတ်ဝိညာဥ်ကျောက်တုံးပမာဏကို တက်နိုင်သော်လည်း ချွတ်ခြုံကျသွားမည်ဖြစ်၍ ခေါင်းကိုက်လာသကဲ့သို့ပင် သူ ခံစားနေရသည်။

တတိယမင်းသားက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏ ။

"ဒါက စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာပဲမလား...စီနီယာဟွမ်ဖူရဲ့အတွင်းဒဏ်ရါနဲ့ နှိုင်းယှဥ်ရင် ဒီပမာဏက အမှုထားစရာမရှိပါဘူး...အဲ့ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေကို ကျွန်တော်ပေးမယ်"

ဟွမ်ဖူက တတိယမင်းသားကို အလွန်အမင်း ကျေးဇူးတင်သွားသည်။

"အရှင့်သားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီဟွမ်ဖူက နန်းမွေလုပွဲမှာ အရှင့်သားအတွက် အနိုင်တိုက်ခိုက်ပေးပြီး အိမ်ရှေ့စံမင်းသား ဖြစ်စေရမယ်"

တတိယမင်းသား၏အကြည့်က လုယွီထံသို့ ထပ်မံ၍ကျရောက်လာသည်။

"ကျွန်တော်ရဲ့သိုလှောင်ရုံထဲမှာ အဖိုးတန်ရှားပါးတဲ့ ဆေးဖက်ဝင်ပါဝင်ပစ္စည်း မျိုးစုံရှိတယ်...တကယ်လို့ စီနီယာလိုအပ်တာရှိလို့ရှိရင်...ကျွန်တော်ကို ပြောပါ"

တတိယမင်းသား၏လေသံ၌ သံသယအရိပ်အယောင်များ ရောယှက်နေသည်။လုယွီသည် အဆိပ်ဆေးလုံး၏အသေးစိတ်အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သူ၏အသက်အရွယ်က အလွန်ငယ်ရွယ်နေပေ၏။

အလယ်ပိုင်းကုန်းမြေတခွင်လုံးရှိ နာမည်ကျော်ကြားသောသမားတော်များအားလုံးသည် အသက်အရွယ်အိုမင်းနေကြပြီး သူတို့၏အတွေ့အကြုံများလည်း ရင့်ကျက်ကြကာ ကြီးမားသောအောင်မြင်မှုများကို ရရှိထားသည်။

ဤကဲ့သို့ လူငယ်တစ်ယောက်က မည်သည့်နည်းဖြင့် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်မည်နည်း။

"ပြဿနာမရှိပါဘူး...ဒီဆေးလုံးက အရမ်းရိုးရှင်းပြီး ..ဘာအဖိုးတန်ရှားပါးတဲ့ ဆေးဖက်ဝင်ပါဝင်ပစ္စည်းမှမလိုအပ်ဘူး"

လုယွီက ဆေးညွှန်းကိုချက်ချင်းရေးသားပြီး နံဘေးရှိအစေခံတစ်ယောက်ထံ ပေးလိုက်၏။

ထိုအစေခံက ဆေးညွှန်းကိုယူဆောင်ပြီး ချက်ချင်းပင် သိုလှောင်ရုံသို့ သွားရောက်ယူဆောင်လိုက်သည်။

အချိန်တခဏအကြာမှာပင် အဖိုးအိုတစ်ယောက်က ဒေါသတကြီးဖြင့် အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိလာပေ၏။

"သမားတော်စွန်းကို ဂါရဝပြုပါတယ်"

အဖိုးအို၏နာမည်သည် စွန်းဟွေဖြစ်ပြီး နဝမမင်းသားအိမ်တော်၏အစောင့်အရှောက်တစ်ယောက်ဖြစ်ပေ၏။ထို့ပြင် သူသည် နာမည်ကျော်ကြားသော အင်မော်တယ်သမားတော်တစ်ယောက်လည်း ဖြစ်သည်။

"အရှင့်သား...ကျွန်တော်က စိတ်ကြီးဝင်နေတဲ့ကောင်လေးကို မြင်ချင်လို့လာခဲ့တာပါ...ဒီလို ဆေးညွှန်းမျိုးကိုတောင် ရေးရဲတယ်...ဒါ တကယ့်ကို အဆင်အခြင်မဲ့တာပဲ"

စွန်းဟွေက ဒေါသတကြီး ပြောဆိုလိုက်၏။

လူအားလုံး၏မျက်လုံးအကြည့်များက လုယွီထံ ကျရောက်နေသည်။

လုယွီက အမူအယာပြောင်းလဲခြင်းမရှိဘဲ ပြောဆိုလေသည်။

"ကျွန်တော်ရေးထားတဲ့ ဆေးညွှန်းအပေါ်...အကြီးအကဲက ထင်မြင်ချက်ပေးစရာများ ရှိနေလို့လား"

စွန်းဟွေက လုယွီကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ပြက်ရယ်ပြုလိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်းက တကယ့်ကို နို့နံမစင်သေးတဲ့ကောင်လေးပဲ...မင်းက ဆေးပညာကို ဘာမှမသိနားမလည်ဘဲ ဆေးညွှန်းရေးရဲတယ်ပေါ့လေ...မင်း သတ္တိကောင်းလှချည်လား"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"အကြီးအကဲက ကိစ္စတစ်ခုကို အလွယ်တကူကောက်ချက်မချဖို့ ကျွန်တော် အကြံပေးချင်တယ်....ဒီကမ္ဘာလောကကြီးထဲမှာ အကြီးအကဲမသိသေးတဲ့ ဆေးညွှန်းတွေ အများကြီးရှိနေတယ်"

စွန်းဟွေက အလွန်ဒေါသထွက်သွားသည်။

"ငါက ဆေးသန့်စင်လာတာ နှစ်တွေအများကြီး ကြာညောင်းနေပြီ...မင်းက ဘာကောင်မလို့လဲ...မင်းက ငါ့ကိုသင်ကြားပေးဖို့ အရည်အချင်းပြည့်မီလို့လား"

ထို့နောက် စွန်းဟွေက သူ့လက်အတွင်းရှိဆေးညွှန်းစာရွက်ကို လှုပ်ခါပြီး ဆက်လက်ပြောဆိုလေ၏။

"ဆေးပင်သုံးမျိုးတည်းနဲ့ မင်းက ဆေးဖော်စပ်ရဲတယ်ပေါ့...ဟား ဟား ဟား...ဒါက ရူးမိုက်လွန်းတာပဲ....အရိုးရှင်းဆုံး ချီစုဆောင်းဆေးလုံးတောင် မင်းရဲ့ဆေးညွှန်းထက် ပါဝင်ပစ္စည်းပိုများတယ်...တကယ်လို့ မင်း ဆေးဘယ်လိုဖော်စပ်ရမယ်ဆိုတာမသိရင်လည်း နည်းနည်းတော့လေ့လာထားသင့်တယ်...ဒီလို နိမ့်ကျလွန်းတဲ့အရည်အချင်းနဲ့များ မင်းက ဆေးသန့်စင်အုံးမယ်ပေါ့လေ"

ကောင်းကင်ဘုံနယ်မြေမှလူများသာ မြေအောက်လောကတာအိုသခင်သည် ဆေးဖော်စပ်တက်ခြင်းမရှိဟု တခြားသူများကပြောဆိုနေသည်ကို သိရှိသွားပါက သူတို့အားလုံး ရယ်မောနေကြပေမည်။

လုယွီက ပြောဆိုလိုက်၏။

"တကယ်လို့ ကျွန်တော်က စီနီယာဟွမ်ဖူရဲ့အတွင်းဒဏ်ရါပျောက်ကင်းစေတဲ့ ဆေးလုံးကိုသာ ဖော်စပ်နိုင်ခဲ့ရင်....အကြီးအကဲက ဘာပြန်လုပ်ပေးမလဲ"

စွန်းဟွေက သရော်တော်တော် ပြောဆိုလေသည်။

"တကယ်လို့ မင်းသာ ဆေးလုံးဖော်စပ်နိုင်မယ်ဆိုရင်....ငါ မင်းကို ဒူးထောက်အရိုအသေပြုပြီး တောင်းပန်မယ်....ဒါပေမယ့် မင်း ဆေးလုံးမဖော်စပ်နိုင်တာနဲ့ ဒီနေရာက ချက်ချင်းထွက်သွားရမယ်...ငါ့မျက်လုံးရှေ့မှာ မင်းကို ဆက်ပြီးမမြင်ချင်ဘူး"

"ကောင်းပြီလေ...ဆေးပင်တွေ ယူလာကြစမ်း"

စွန်းဟွမ်က လက်ဝှေ့ယမ်းလိုက်သည်နှင့် အစေခံတစ်ယောက်က ဆေးပင်များကိုသယ်ဆောင်၍ ရောက်ရှိလာသည်။

"မင်းကို မကူညီဘူးလို့တော့ ငါ့ကိုအပြစ်မတင်နဲ့နော်...ငါက ဆေးပင်တွေကို မင်းတောင်းထားတဲ့ပမာဏထက် ဆယ်ဆပိုပေးထားတယ်...မင်း အကြိမ်အနည်းငယ်ကျရှုံးရင်တောင် လုံလောက်တဲ့ပမာဏပဲ"

စွန်းဟွမ်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

"ဒီလေါက်ထိ အများကြီးမလိုအပ်ဘူး...ကျွန်တော်ရဲ့ဆေးညွှန်းမှာရေးထားတဲ့ ပမာဏဆို လုံလောက်ပြီ"

စကားဆုံးသည်နှင့် လုယွီက ဆေးပင်များထံသို့ လက်ညှိုးညွှန်လိုက်ရာ ဆေးပင်တချို့က ပျံဝဲ၍ သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

လုယွီ၏လက်ချောင်းထိပ်မှနေ၍ ရွှေရောင်မီးတောက်တစ်ခု မြင့်တက်လာပေ၏။

ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် လေထုအတွင်း၌ အဆက်မပြတ်သိပ်သည်းနေပြီး နောက်ဆုံး၌ မီးတောက်များတောက်လောင်နေသော ဆေးမီးဖိုတစ်ခုအသွင် ပြောင်းလဲသွားသည်။

လုယွီက တခြားတစ်ဖက်ရှိ ဆေးပင်များကို လက်ညှိုးညွှန်လိုက်ရာ ချက်ချင်းဆိုသလို ဆေးပင်တစ်ပင်ပြီးတစ်ပင် ဆေးမီးဖိုအတွင်းသို့ ကျရောက်သွားပြီး ဆေးပင်ရည်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဆေးပင်ရည်များက လေထုအတွင်း၌ အဆက်မပြတ်သိပ်သည်းနေပြီး အသက်ရှုချိန်အနည်းငယ်အတောအတွင်းမှာပင် ဆေးလုံးပုံသဏ္ဏန် ဖြစ်တည်လာသည်။

Chapter 840

ဆေးရနံ့များက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

စွန်းဟွမ်က လုယွီ၏ဆေးသန့်စင်နည်းစနစ်ကိုမြင်ချိန်တွင် သူ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေ၏။

"မီးတောက်ကို ဆေးမီးဖိုအသွင်ပြောင်းပြီး...လေထုထဲမှာ ဆေးသန့်စင်မှာလား"

သူက ဤနည်းစနစ်ကို ရှေးဟောင်းစာအုပ်များအတွင်း၌သာ တွေ့မြင်ဖူးခဲ့သည်။ထိုနည်းစနစ် ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေလေပြီ။အစွမ်းထက်သောအင်မော်တယ်သမားတော်တချို့သည် ဤနည်းစနစ်ကိုပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းကြသော်လည်း ကျရှုံးခဲ့ရ၏။

မည်သည်ကြောင့် ကောင်စုတ်လေးတစ်ကောင်က အသုံးပြုနေရသနည်း။

"ဒါက နည်းစနစ်ရဲ့လက်ဟန်သင်္ကေတကိုပဲ သင်ယူထားတာဖြစ်နိုင်တယ်...မင်း ဘယ်လိုဆေးမျိုးသန့်စင်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

စုန့်ဟွမ်က မည်သို့မျှ ယုံကြည်ခြင်းမရှိပေ။ဆေးပညာတာအိုတွင် ပါရမီအရည်အချင်းသည် အရေးပါသော်လည်း ပိုပြီးအရေးကြီးသောအချက်မှာ အတွေ့အကြုံရင့်ကျက်ရန်ဖြစ်သည်။

လုယွီ၏အသက်အရွယ်ဖြင့် နက်နဲသောအတွေ့အကြုံထောက်ပံမှုမရှိဘဲ အောင်မြင်မှုကြီးကြီးမားမား မည်သို့ရရှိနိုင်မည်နည်း။

လူအားလုံး၏အကြည့်များအောက်တွင် လုယွီ၏ဆေးလုံးပေါ်တွင် မီးတောက်စီးကြောင်းတစ်ကြောင်း တဖြည်းဖြည်းပေါ်ထွက်လာသည်။

ထိုမီးတောက်စီးကြောင်း ဖြစ်တည်ပြီးသည်နှင့် ဆေးလုံးတစ်လုံးလုံး တုန်ခါသွားပြီး ကျယ်လောင်သောဖီးနစ်အော်သံတစ်သံ မြည်ဟီးလာသည်။

ကျီ.....

အနောက်ဘက်ခြံဝန်း၏ပြင်ပတွင်ရှိနေသူများပင်လျှင် ဖီးနစ်အော်သံကို ကြားနေရ၏။

ထိုအသံနှင့်ယှဥ်တွဲ၍ အရောင်အသွေးစုံလင်သော ဖီးနစ်ငှက်တစ်ကောင်က မီးတောက်များကြားမှထွက်ပေါ်လာပြီး လေထုအတွင်း၌ အချိန်တခဏကြာပျံဝဲနေပြီးမှ ရုတ်တရက် ဆေးလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဝီ...ဝီ...

ပတ်ဝန်းကျင်ရှိလေထုက တုန်ခါစပြုနေသည်။လုယွီ၏လက်ပေါ်ရှိ ဆေးလုံးသည် လုံးဝန်းစပြုလာပြီး ထူးဆန်းသောဆေးရနံ့များက အဘက်ဘက်သို့ပျံ့နှံ့သွားပေ၏။

သာမာန်အစေခံများပင်လျှင် ဤဆေးရနံ့ကို တစ်ချက်ရှုရှိုက်မိရုံဖြင့် သူတို့၏ခြေလက်များ ပေါ့ပါးသွားခြင်းကို ခံစားရပြီး သူတို့၏မှော်စွမ်းအားများလည်း ပို၍သန့်စင်သွားပေသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မရှိခင်မှာပင် ဆေးလုံးဖော်စပ်မှု ပြီးမြောက်သွားလေပြီ။

အစောပိုင်းက လုယွီ၏လက်အတွင်း၌ရှိနေသော ဆေးပင်များ မရှိတော့ပေ။သူ၏လက်ချောင်းထိပ် လေထုအတွင်း၌ အနီရောင်ဆေးလုံးတစ်လုံးက မျောလွင့်နေပေ၏။ထိုအနီရောင်ဆေးလုံး၏အတွင်း၌ ဖီးနစ်ငှက်တစ်ကောင် နေထိုင်နေပုံရပြီး တည်ငြိမ်သောနှလုံးခုန်သံများ ထွက်ပေါ်နေသည်။

"စိတ်ဝိညာဥ်ချိတ်ဆက်အဆင့်ဆေးလုံးပါလား"

စွန်းဟွမ်၏နှလုံးက ကဆုန်စိုင်းခုန်နေတော့သည်။သူက စိတ်ဝိညာဥ်ချိတ်ဆက်အဆင့်ဆေးလုံးကို သန့်စင်နိုင်သော်လည်း အနည်းငယ်ကိုသာ အောင်အောင်မြင်မြင်သန့်စင်နိုင်ပြီး ကျရှုံးမှုကပိုများသည်။

သို့သော် သူ့ရှေ့မှလူငယ်သည် အချိန်အနည်းငယ်သာယူပြီး စိတ်ဝိညာဥ်ချိတ်ဆက်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။

ဤကွာခြားချက်ကို သူ စိတ်ကူးယဥ်ပုံဖော်၍ပင် မရချေ။

"ဒါက အမှန်ပဲလား"

စွန်းဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။

အကယ်၍ ယခင်ကသာ တစ်စုံတစ်ယောက်က သူထံလာ၍ စိတ်ဝိညာဥ်ချိတ်ဆက်ဆေးပြားကို လွယ်လင့်တကူသန့်စင်နိုင်သည်ဟုဆိုပါက ထိုသူကို သူ အော်ငေါက်ပစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ မယုံကြည်နိုင်သောကိစ္စက သူရှေ့၌ ဖြစ်ပွါးခဲ့ပေ၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒီဆေးက အကြီးအကဲသုံးဖို့မဟုတ်ဘူး...မှားမှား မှန်မှန် အကြီးအကဲနဲ့ဘာမှမဆိုင်ဘူး"

ထို့နောက် လုယွီက ဟွမ်ဖူကိုကြည့်လိုက်၏။

"စီနီယာဟွမ်ဖူ....စီနီယာက ကျွန်တော်ကို ယုံကြည်တာပဲဖြစ်ဖြစ်...မယုံကြည်တာပဲဖြစ်ဖြစ်...ကျွန်တော်က ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စက်ပြီးပြီ"

တတိယမင်းသားက တွေဝေမိန်းမောနေရာမှ ပြောဆိုလေသည်။

"စီနီယာ မြေအောက်လောက...ဒါက ပိုပြီးဂရုစိုက်သင့်တယ်မဟုတ်ဘူးလား...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဆေးသန့်စင်တာ..."

သူက စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ချေ။ဆေးသန့်စင်သောကိစ္စသည် အချိန်ယူ၍လုပ်ဆောင်ရသောကိစ္စဟု သူ ကြားသိထားသည်။မည်သူကမျှ လုယွီလောက် ဆေးသန့်စင်မှုတွင် လွယ်လင့်တကူဖြစ်နေခြင်း မရှိချေ။

"ဟား ဟား ဟား...မလိုတော့ပါဘူး ...ဒီအဖိုးကြီးက အတွင်းဒဏ်ရါကို ခံစားခဲ့ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ...ထပ်ပြီးမစောင့်နိုင်တော့ဘူး"

ဟွမ်ဖူက အနည်းငယ်မျှပင် တုံဆိုင်းနေခြင်းမရှိပေ။သူက လုယွီ၏လက်အတွင်းရှိဆေးလုံးကို လှမ်းယူပြီး သူ၏ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်၏။

ဆေးလုံးခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ဟွမ်ဖူ၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများ၌ ပြင်းထန်သောဆေးစွမ်းအားများ ပြည့်နှက်သွားခြင်းကို သူ ခံစားမိပေ၏။

သူက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ချလိုက်သည်။

ပြင်းထန်သောဆေးစွမ်းအားလှိုင်းများက သူ၏ပိတ်ဆို့နေသော မရီးဒါန်းများကို စတင်ချေဖျက်နေပေ၏။အသက်ရှုချိန်အနည်းငယ်အကြာတွင် ဟွမ်ဖူက ရုတ်တရက် သွေးမည်းတစ်လုတ် အန်ထုတ်လိုက်သည်။

All Chapters