အခန်း (၈၄၁-၈၄၅)
Vol. 45 Ch. 841-845
Chapter 841
ဟွမ်ဖူက သွေးမည်းတစ်လုတ်အန်ထုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပေ၏။ထို့နောက် ဟွမ်ဖူ၏ခန္ဓာကိုယ် နံဘေးပတ်လည်၌ ပြင်းထန်သောလေလှိုင်းများက စတင်၍ သိပ်သည်းလာသည်။
"ကောင်းလိုက်တာ...ဒါက စိတ်ပုံထွင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ့် လက္ခဏပဲ"
ရှန်းသုန်က အံ့အားတသင့်အော်ဟစ်လိုက်သော်လည်း သူက ဟွမ်ဖူကို မနှောက်ယှက်ဝံ့ချေ။သူက နံဘေး၌မတ်တတ်ရပ်ကာ လေလှိုင်းများဒဏ်ကို ကာကွယ်ပေးလိုက်သည်။
မြင့်မြတ်ဆရာသခင်များကလည်း ဤဖြစ်ရပ်ကိုမြင်ချိန်တွင် မတ်တတ်ထရပ်ပြီး ဟွမ်ဖူ အဆင့်ချိုးဖျက်ရာ၌ အနှောက်အယှက်မရှိစေရန် ကာကွယ်ပေးနေကြတော့သည်။
ဤအချိန်တွင် ဟွမ်ဖူ၏အရှိန်အဟုန်သည် ယခင်ထက်များစွာပို၍ မြင့်တက်လာပေ၏။
အကယ်၍ ယခင်ကသာ ဟွမ်ဖူကို အိုမင်းပြီးသေခါနီးဆဲဆဲလူဟု ဆိုကြပါက ယခုလက်ရှိဟွမ်ဖူသည် အပြည့်အဝပြောင်းလဲသွားသော လူတစ်ယောက်ပင်။သူ၏အရှိန်အဟုန်သည် ဆေဘာဓားတစ်ချောင်းနှင့်တူညီနေပြီး တခြားသူများက သူ့ကို စေ့စေ့မကြည့်ဝံ့ချေ။
မိုးကောင်းကင်ယံ၌ တိမ်စိုင်တိမ်လိပ်များက တလိမ့်လိမ့်တက်လာပြီး မိုးကြိုးလျှပ်စီးများ ဝင်းလက်လာပေ၏။
ဝုန်း...ဝုန်း....ဝုန်း...
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံမိုးကြိုးများက ဟွမ်ဖူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
မိုးကြိုးလှိုင်းများကြားမှ ဟွမ်ဖူ၏ပုံရိပ်သည် အလွန်အမင်းသေးငယ်နေသော်လည်း သူ၏အရှိန်အဟုန်မှာမူ ကောင်းကင်ဘုံမိုးကြိုးများ၏တိုက်ခိုက်မှုအောက်တွင် ပို၍ပို၍အားကောင်းလာပေ၏။
အချိန်နှစ်နာရီကြာ ကုန်ဆုံးပြီးနောက် ...
မူလက ပြန့်ပြူးနေသောမြေပြင်သည် ကောင်းကင်ဘုံမိုးကြိုးများ၏ ရိုက်ခတ်ခြင်းခံရမှုကြောင့် အက်ကွဲကြောင်းများ ထင်ကျန်ရစ်သည်။ဟွမ်ဖူသည် အက်ကွဲကြောင်းအတွင်း၌ ပလ္လင်ခွေထိုင်နေဆဲဖြစ်ပြီး သူ၏ဝတ်စုံမှာမူ စုတ်ပြတ်သတ်သွားပေသည်။
သို့ရာတွင် သူ၏နဖူးပေါ်၌ တောက်ပသောသင်္ကေတတစ်ခု ပေါက်ဖွားလာသည်။
စိတ်ပုံထွင်းနယ်ပယ်သို့ ဟွမ်ဖူ ချိုးဖျက်ဝင်ရောက်နိုင်သွားလေပြီ။
တတိယမင်းသားက လက်ခုပ်သြဘာတီးပြီး ချီးမွမ်းစကား ပြောဆိုလိုက်၏။
"စိတ်ပုံထွင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့အတွက် စီနီယာဟွမ်ဖူကို ဂုဏ်ပြုပါတယ်"
နန်းမွေလုပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့် မင်းသားများ၏နောက်လိုက်အများစုမှာ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။
စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများကို အလယ်ပိုင်းကုန်းမြေ၌ ထိပ်သီးအဆင့်ဟု သက်မှတ်နိုင်သည်။အကယ်၍ မိုးကောင်းကင်နဂါးတိုင်းပြည်မှ မင်းသားများဆိုလျှင်ပင် ထိုထိပ်သီးကျင့်ကြံသူများအား ခေါ်ယူနိုင်ရန်လွန်စွာခက်ခဲသည်။
ယခုလက်ရှိချိန်တွင် ဟွမ်ဖူသည် စိတ်ပုံထွင်းနယ်ပယ်ကို အောင်မြင်စွာချိုးဖျက်ဝင်ရောက်နိုင်ခဲ့သဖြင့် တတိယမင်းသား၏လက်အတွင်း၌ ဝှက်ဖဲတစ်ချက်ရရှိသွားလေပြီ။
တခြားမင်းသားများ စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူကို ဖိတ်ခေါ်ခြင်းမပြုနိုင်သရွေ့ သူ အနိုင်ရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
တခြားမြင့်မြတ်ဆရာသခင်များကလည်း မနာလိုအားကျခြင်းများဖြင့် ဟွမ်ဖူကို ဂုဏ်ပြုစကားပြောဆိုနေကြ၏။
သူတို့အားလုံးသည် စိတ်ဝိညာဥ်နယ်ပယ်အထွတ်အထိပ်၌ ရပ်တည်နေကြသူများဖြစ်ကြသော်လည်း ဤကဲ့သို့ကံကြမ္မာကောင်းမျိုးနှင့် ကြုံတွေ့ရခြင်းမရှိပေ။
ကျင့်ကြံသူအများစုသည် စိတ်ဝိညာဥ်နယ်ပယ်အထွတ်အထိပ်၌ နှစ်ပေါင်းများစွာကြာအောင် တစ်ဆို့နေပြီး ကျင့်ကြံဆင့် ထပ်မံတိုးမြှင့်လာခြင်းမရှိချေ။
လုယွီက ဆေးလုံးတစ်လုံးတည်းဖြင့် ဟွမ်ဖူကို ကျင့်ကြံဆင့်ချိုးဖျက်နိုင်စေခဲ့သည်။တခြားသူများက လုယွီကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်နေကြတော့သည်။
"ဆရာမြေအောက်လောကရဲ့ဆေးလုံးအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်"
ဟွမ်ဖူက လုယွီကို လေးလေးစားစား ပြောဆိုလိုက်၏။
လုယွီသည် သူ့ထက် များစွာပို၍ငယ်ရွယ်သော်လည်း လုယွီ၏ဆေးလုံးသည် သူ့အားများစွာ ကူညီပေးနိုင်ခဲ့သည်ဖြစ်ရာ သူ့အတွက် ကျေးဇူးရှင်တစ်ယောက်ပင်။
လုယွီက ပြောဆိုလေသည်။
"ကျွန်တော်ကို ကျေးဇူးတင်စရာမလိုပါဘူး...ကျွန်တော်အတွက် ဒီဆေးလုံးဖော်စပ်တာက ဘာမှအပန်းမကြီးဘူး...ပြီးတော့ တတိယမင်းသားက စီနီယာအတွက် တန်ကြေးပေးထားပြီးပြီလေ"
ဒေါက်...
ရုတ်တရက် စွန်းဟွမ်က လုယွီ၏ရှေ့၌ ဒူးထောက်ပြီး အကြိမ်အနည်းငယ် အရိုအသေပြုလိုက်၏။
"မင်းရဲ့ဆေးပညာစွမ်းရည်ကို သံသယဝင်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်....ငါ့ရဲ့ နိမ့်ကျတဲ့အပြုအမူတွေအတွက် ခွင့်လွှက်ပေးပါ"
စွန်းဟွမ်က ရှက်ရွံစွာ ပြောဆိုပြီး မတ်တတ်ထရပ်လေသည်။
"ဒီအဖိုးကြီးက ဆေးပညာတာအိုကို ကျင့်ကြံတာက အသက်အရွယ်နဲ့ဆိုင်တယ်လို့ တွေးထင်ထားတာ...တတိယမင်းသားရဲ့အိမ်တော်မှာ ငါ့ကိုယှဥ်ပြိုင်နိုင်တဲ့သူမရှိဘူးဆိုပြီး ငါ စိတ်ကြီးဝင်ခဲ့မိတယ်...အခုမှ ငါက ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင် ဖြစ်နေခဲ့တာကို နားလည်သဘောပေါက်သွားပြီ....အရှင့်သား...ဒီအဖိုးကြီးကို နန်းတော်ကနေထွက်ခွါပြီး နေရာဒေသစုံမှာ ဆေးပညာကိုကျင့်ကြံဖို့ ခွင့်ပြုပေးပါ...ကြည့်ရတာတော့ ကျွန်တော် သင်ယူရမယ့်အရာတွေ အများကြီးရှိသေးပုံပဲ"
တတိယမင်းသားက အံ့အားသင့်သွားပေ၏။
"သမားတော်စွန်း...ပြန်စဥ်းစားပါဦး"
"ဘာမှစဥ်းစားစရာ မလိုတော့ပါဘူး...ဒီနေရာမှာထိုင်ပြီး မိုးကောင်းကင်ကြီးကိုငေးမောကြည့်နေမယ့်အစား...ပြင်ပလောကကိုသွားပြီး လေ့ကျင့်တာက ကျွန်တော်အတွက် ပိုကောင်းလိမ့်မယ်...အရှင့်သား နှုတ်ဆက်ခဲ့ပါတယ်"
စွန်းဟွမ်က လက်မလျှော့စတမ်း ငြင်းဆန်ပြီး ထွက်ခွါသွားတော့သည်။လုယွီ၏ဆေးပညာစွမ်းရည်က သူ့အား အလွန်ထိတ်လန့်တုန်လှုပ်သွားစေသည်။
တတိယမင်းသားက သက်ပြင်းတစ်ချက်ရှိုက်၍ လုယွီဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။
"စီနီယာ မြေအောက်လောက...စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာကို စီနီယာဆီ ပို့ဆောင်ခိုင်းလိုက်ပါ့မယ်"
လုယွီက တတိယမင်းသားကို ဂါရဝပြုလိုက်၏။
"အရှင့်သား...ကျွန်တော်က နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုပါ"
တတိယမင်းသားက ခေါင်းခါယမ်းပြလေသည်။
"စီနီယာ မြေအောက်လောက...ကျွန်တော် တောင်းပန်ပါတယ်...စီနီယာက လူငယ်မျိုးဆက်သစ်တွေရဲ့ထိပ်သီးတစ်ယောက် ဖြစ်ပေမယ့်...နန်းမွေလုပွဲမှာက စိတ်ဝိညာဥ်နယ်ပယ်နဲ့စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေပဲ ပါဝင်ယှဥ်ပြိုင်ကြမှာ...စီနီယာရဲ့ကျင့်ကြံဆင့်နဲ့ ဒီပြိုင်ပွဲမှာ မပါဝင်သင့်ဘူး"
Chapter 842
လုယွီက မျက်မှောင်ကြုတ်နေပေ၏။
"အရှင့်သား...ကျွန်တော်ရဲ့အရည်အချင်းနဲ့ဆိုရင် မတော်တဆဖြစ်ပွါးမှု ရှိမလာနိုင်ပါဘူး"
သူက တတိယမင်းသားကို အလဟဿ ကူညီခဲ့ခြင်းမဟုတ်ပေ။သူ၏ရည်ရွယ်ချက်သည် အိမ်ရှေ့စံမင်းသားနောက်သို့လိုက်၍ နန်းတော်အတွင်းသို့ဝင်ကာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကိုရှာဖွေရန်ဖြစ်သည်။
မင်းသားအဆင့်အတန်းမျှဖြင့် နန်းတော်အတွင်းသို့ဝင်ရန် အရည်အချင်းမပြည့်မီပေ။ထိုမင်းသားက အိမ်ရှေ့စံမင်းသားဖြစ်လာမှသာ တော်ဝင်နန်းတော်အတွင်းသို့ ဝင်ခွင့်ရပေမည်။
တတိယမင်းသား၏မျက်နှာပေါ်၌ အပြုံးများ ထင်ဟပ်နေဆဲပင်။
"စီနီယာမြေအောက်လောကရဲ့ အလားအလာအရည်အချင်းကို ကျွန်တော်သိပါတယ်...ဒါပေမယ့် နန်းမွေလုပွဲက အသက်သေစေတဲ့အထိ တိုက်ခိုက်မှုတွေပြင်းထန်တယ်ဆိုတာကို စီနီယာသိရဲ့လား"
တတိယမင်းသားက တည်ကြည်လေးနက်စွာ ဆက်လက်ပြောဆိုလေသည်။
"စီနီယာရဲ့အရည်အချင်းက သာမာန်ထက် အများကြီးထူးချွန်တယ်...တကယ်လို့ ကျွန်တော်သာ ဧကရာဇ်မင်း ဖြစ်လာခဲ့ရင်...ကျွန်တော်အတွက် အစွမ်းထက်တဲ့ဝန်ကြီးတစ်ယောက်ရှိဖို့လိုအပ်တယ်...စီနီယာက အဲ့ဒီနေရာအတွက် အသင့်တော်ဆုံးလူပဲ...စီနီယာ ထိခိုက်ဒဏ်ရါရလို့ မဖြစ်ဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။ထိုသို့ဆိုပါက သူ တတိယမင်းသား နန်းမွေဆက်ခံနိုင်ရန်သာ သူ မျှော်လင့်နေရတော့မည်။
"စီနီယာ ဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်ကိုလည်း ကျွန်တော် သိထားပြီးသားလေ...စီနီယာက ဒီနေရာကို ရောက်ရောက်ချင်းမှာပဲ စီနီယာဟွမ်ဖူကို စိတ်ပုံထွင်းနယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့တယ်...ဒါက ကျွန်တော်ကို အမြင်ကျယ်စေခဲ့တယ်...စီနီယာကို ကျွန်တော်က စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာ ထပ်ပေးပါ့မယ်...ဒါဆိုရင် စီနီယာက စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာ ပိုင်ဆိုင်သွားပြီ"
တတိယမင်းသားက ပြောဆိုလိုက်၏။
စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာကို တပြိုင်နက်တည်းပေးနေသလော။ပြန်ပြောင်းတွေးကြည့်ပါက သူ ကျန်းမိသားစုဘိုးဘေးကိုကယ်တင်ခဲ့စဥ်တွင် စွမ်းအားများစွာ ကုန်ဆုံးခဲ့ရပြီး ခက်ခက်ခဲခဲတောင်းယူခဲ့ရသည်။သို့သော် တတိယမင်းသားကမူ သူ့အား လွယ်လင့်တကူ ပေးနေလေသည်။
လုယွီက ကူရာကယ်ရာမဲ့သွားသော်လည်း သူက တတိယမင်းသားကို တည်ငြိမ်စွာပြောဆိုလိုက်၏။
"အရှင့်သားကို ကျေးဇူးတင်ပါတယ်"
အကယ်၍ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းသုံးရာသာရရှိပါက သူ၏ကျင့်ကြံဆင့် မြင့်တက်လာနိုင်သည်။
ကံဆိုးသည်က တတိယမင်းသားသည် နန်းမွေလုပွဲ၌ သူ့အား ပါဝင်ယှဥ်ပြိုင်ခွင့်မပြုပေ။
လုယွီ၏လက်ရှိကျင့်ကြံဆင့်သည် နယ်ပယ်တူချင်းမဆိုထားနှင့် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
ဟွမ်ဖူကဲ့သို့သော စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးသည်မှာ မကြာမြင့်သေးသူများကိုပင် သူ လွယ်လင့်တကူအနိုင်ယူနိုင်သည်။
"စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာ...အကိုတော်က တော်တော်လက်ဖွာတာပဲ"
မင်းသမီးလော့ချီး၏မျက်လုံးများ ပြူးကျယ်နေပြီး သူမက ပါးစပ်အဟောင်းသားဖြစ်နေသည်။
သူမက ချက်ချင်းပင် တတိယမင်းသား၏နံဘေးသို့ရောက်ရှိလာပြီး ပြောဆိုလိုက်၏။
"အကိုတော်...ဘာလို့ မြေအောက်လောကကို နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့်မပြုတာလဲ...ဘယ်သူ သိနိုင်မှာလဲ...ယှဥ်ပြိုင်ပွဲမှာ သူက တခြားသူတွေကို အနိုင်ယူနိုင်ကောင်း ယူနိုင်မှာကို"
တတိယမင်းသားက လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။
"ပြဿနာ မရှာစမ်းနဲ့...တကယ်လို့ မင်းသာ ထပ်ပြီးသတိလက်လွတ်နေနေအုံးမယ်ဆို မင်း ဘယ်တော့မှ ပြန်ကောင်းလာမှာမဟုတ်ဘူး...စီနီယာမြေအောက်လောကရဲ့အရည်အချင်းက အရမ်းထူးချွန်နေရင်တောင် သူ့အသက်က အရမ်းငယ်ရွယ်သေးတယ်...သူက အချိန်တွေအကြာကြီး နာမည်ကျော်ကြားခဲ့တဲ့ စီနီယာမျိုးဆက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"
မင်းသမီးလော့ချီးက သူမ၏ရထားမောင်း ကျောကိုပုတ်ကာ ပြောဆိုလိုက်သည်။
"အကိုတော်က အဲ့ဒီလိုလား...ကျွန်မ အကိုတော်ကို ထပ်ပြီးဂရုမစိုက်တော့ဘူး...သွားမယ်"
တတိယမင်းသားက သူ၏ခေါင်းကိုခါယမ်းရင်းမှ လုယွီကိုကြည့်ကာ ပြောဆိုလေသည်။
"ကျွန်တော်ရဲ့ညီမတော်က အရမ်းဇွတ်တရွတ်နိုင်တယ်...စီနီယာ စိတ်ထဲမထားပါနဲ့"
လုယွီက ခေါင်းညိမ့်ပြလိုက်သည်။သူက ထိုအကြောင်းကို တွေးပင်မတွေးမိချေ။
.....
တတိယမင်းသားအိမ်တော်၏ထိပ်တန်းအဆင့်အဆောင်တစ်ခုအတွင်း၌....
လုယွီကို အိမ်တော်ထိန်းက ကြိုဆိုပြီး စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာကို ပေးအပ်လေသည်။
လုယွီပင် စိတ်အနည်းငယ်လှုပ်ရှားသွားသည်။ဤကဲ့သို့စိတ်ဝိညာဥ်ကျောက်တုံးပမာဏသည် ကျန်းမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုပင်လျှင် ခေါင်းခဲစေနိုင်သောပမာဏဖြစ်သည်။
မိုးကောင်းကင်နဂါးတိုင်းပြည်၏တတိယမင်းသားဖြစ်နေလျှင်ပင် ဤမျှများပြားသောစိတ်ဝိညာဥ်ကျောက်တုံးများကို တပြိုင်နက်တည်းပေးအပ်ရန် လွယ်ကူမည်မဟုတ်ချေ။
ထို့ပြင် လုယွီ၏အဆောင်ပတ်လည်တွင် ဧရာမစိတ်ဝိညာဥ်စွမ်းအားစုစည်းဝင်္ကပါများကို ခင်းကျင်းထားပြီး ပြင်ပလောကထက် ဆယ်ဆနီးပါး စိတ်ဝိညာဥ်စွမ်းအင်များ ပို၍ထူထပ်သိပ်သည်းသည်။
နဝမမင်းသားသည် သူ၏ကြင်ယာတော်များကို အိမ်ကြီးအိမ်ကောင်းများပေး၍ ထောက်ပံလေ့ရှိသည်။သို့ရာတွင် တတိယမင်းသားကမူ တခြားမင်းသားများနှင့်မတူညီဘဲ သူ၏စိတ်ဝိညာဥ်ကျောက်တုံးများအားလုံးသည် အရည်အချင်းရှိသူများအတွက်သာဖြစ်သည်။
ထိုမင်းသားနှစ်ယောက်ကြားရှိ ကွာဟချက်သည် အလွန်ကြီးမားပေ၏။
"ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ဆိုရင်...ငါ စိတ်ဝိညာဥ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မလားလို့ ကြိုးစားကြည့်တာပေါ့"
လုယွီက သူ၏သိုလှောင်အိတ်အတွင်းရှိ စိတ်ဝိညာဥ်ကျောက်တုံးများအားလုံးကိုထုတ်ယူ၍ စုပုံလိုက်သည်။
ယခင်က သူသည် ကျန်းအိမ်တော်မှနေ၍ စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးရာရရှိထားသည်။ယခု နောက်ထပ် သန်းသုံးရာနှင့်ပေါင်းပါက သူရှေ့၌ စိတ်ဝိညာဥ်ကျောက်တုံးသန်းခြောက်ရာရှိနေလေပြီ။
ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပြည့်နှက်သွားပေ၏။
Chapter 843
လုယွီ၏လက် တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ မြောက်များစွာသော စိတ်ဝိညာဥ်စွမ်းအားများက သူ၏မရီးဒါန်းများနှင့် နတ်ဘုရားစမ်းရေအိုင်အတွင်းသို့ စီးဝင်လာသည်။
နန်းမွေလုပွဲ၌ပါဝင်ယှဥ်ပြိုင်ရန် မျှော်လင့်ချက်မရှိတော့သဖြင့် လုယွီက တခြားနည်းလမ်းတစ်ခုရှာဖွေရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူ မည်သည့်နည်းလမ်းကိုသုံးနေပါစေ သူ၏အဆုံးသတ်ရည်ရွယ်ချက်သည် မိုးကောင်းကင်နဂါးတိုင်းပြည်၏ဧကရာဇ်နှင့် တွေ့ဆုံရန်သာဖြစ်သည်။
ဧကရာဇ်မင်းသည် ယခုလက်ရှိအချိန်၌ သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်းတွင် ကိုယ်ပိုင်နယ်မြေတစ်ခုကို အစပျိုးထိန်းချုပ်နိုင်လောက်ပေပြီ။
ဤသည်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွါးပုံရိပ်ယောင်နှင့် မတူညီဘဲ အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ သေဆုံးရပေမည်။
အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေပြီ။
နောက်ဆုံး၌ နန်းမွေလုပွဲမကျင်းပမီ တစ်ရက်အလိုတွင် လုယွီက ကျင့်ကြံခြင်းအခြေအနေမှ နိုးထလာသည်။
ဤအချိန်တွင် အခန်းအတွင်း၌ မူလကစုပုံနေသော စိတ်ဝိညာဥ်ကျောက်တုံးများအားလုံး ပျောက်ကွယ်သွားပေ၏။လုယွီ၏မျက်လုံးများအတွင်း၌ တောက်ပသောရောင်စဥ်တန်းတစ်ခု ရောယှက်နေသည်။
စိတ်ဝိညာဥ်ကျောက်တုံး သန်းခြောက်ရာလုံးကို သူ ဝါးမြိုပြီးလေပြီ။သို့ရာတွင် လုယွီ၏ကျင့်ကြံဆင့်သည် စိတ်ဝိညာဥ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိချေ။
လုယွီက သူ၏ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရာ သူ၏ခြေလက်များမှ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာပြီး ပြင်းထန်သောအားလှိုင်းတစ်ရပ်လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်တိုက်ခတ်သွားသည်။
"နတ်ဘုရားစမ်းရေအိုင်ထဲက မြေအောက်လောကတိုင်းပြည်က မြို့နှစ်ဆယ်စာပိုပြီးကျယ်ပြန့်လာပြီ...အခု ငါ့မှာ မြို့ခုနစ်ဆယ်စာခွန်အားရှိနေပြီ"
လုယွီက သူ၏လက်သီးကိုဝှေ့ယမ်းလိုက်ရာ လေထုအတွင်း၌ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာသည်။
မြို့ခုနစ်ဆယ်စာစွမ်းအားသည် စိတ်ဝိညာဥ်စွမ်းအင်နယ်ပယ် အလယ်ဆင့်ကျင့်ကြံသူခုနစ်ဆယ်၏စွမ်းအားနှင့် ညီမျှသည်။
ယခုလက်ရှိအချိန်တွင် သူ့ရှေ့၌ အစောပိုင်းစိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက် မတ်တတ်ရပ်နေပါက လက်သီးတစ်ချက်ဖြင့်ပင် လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်ပေမည်။
"ငါက စိတ်ဝိညာဥ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ခြေတစ်လှမ်းစာ လိုနေတုန်းပဲ...ဒါပေမယ့် စိတ်ဝိညာဥ်ကျောက်တုံးတွေ မလုံလောက်တော့ဘူး"
လုယွီက ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားနေရ၏။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားနှင့် ကောင်းကင်ဘုံဧကရာဇ်၏လျှို့ဝှက်နည်းစနစ်တို့ကြောင့် သူ ကျင့်ကြံဆင့်တစ်ဆင့်မြင့်တက်ရန် လိုအပ်သောစိတ်ဝိညာဥ်ကျောက်တုံးပမာဏကို ခန့်မှန်း၍မရချေ။
စိတ်ဝိညာဥ်ကျောက်တုံး သန်းခြောက်ရာသည် တခြားကျင့်ကြံသူများအတွက် အံ့အားသင့်တုန်လှုပ်ဖွယ်ပမာဏဖြစ်သော်လည်း လုယွီအတွက်မူ အသေးအဖွဲပင်။
ဝှစ်...
ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့စာလိပ်တစ်ခုက ပြင်ပမှပျံဝဲလာသည်။
ထိုအဆောင်လက်ဖွဲ့စာလိပ်သည် လုယွီရှေ့အရောက်တွင် တဖြည်းဖြည်း အလိပ်ပြေသွားသည်။စာလိပ်ပေါ်ရှိစာလုံးများကို လုယွီ ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် စာလိပ်လောင်ကျွမ်းသွားလေ၏။
"မင်းသမီးလော့ချီးက ငါ့ဆီကို ဘာအတွက်နဲ့လာတာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း မတ်တတ်ထရပ်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် မင်းသမီးလော့ချီးသည် အခန်းပြင်ပ၌ သူမ၏ရထားမောင်းနှင့်အတူမတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိသည်။သူမက သူကို စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေပုံရသည်။
"ခစ် ခစ်...ဒီနေရာမှာပဲ နေ့တိုင်းနေနေရတာ နင် မပျင်းဘူးလား"
မင်းသမီးလော့ချီးက ရယ်မောရင်း ပြောဆိုလေသည်။
လုယွီက မေးမြန်းလိုက်၏။
"မင်းသမီးအတွက် ငါ့ဘာများလုပ်ပေးရမလဲ"
မင်းသမီးလော့ချီးက လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။
"ငါက နင့်ကို ရက်အနည်းငယ်လောက် ငှါးယူထားချင်လို့ ...ဘယ်လိုပဲဖြစ်ဖြစ် နင်က အကိုတော်ကိုလည်း ကူညီစရာမလိုတော့ဘူးလေ....ဒါ့ကြောင့် ငါ့ဆီကို ရက်အနည်းငယ်လောက်လာနေပြီး ငါနဲ့အတူကစားပေးလို့ရမလား"
"ငါ့ကို ငှါးမှာလား"
လုယွီ၏အမူအယာ တောင့်တင်းသွားသည်။သူက ငှါးယူခံပစ္စည်း ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
မင်းသမီးလော့ချီးက အပြုံးနှင့် ပြောဆိုလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့အကိုတော်ရဲ့ နောက်လိုက်တစ်ယောက်ပဲ...နင်က စိတ်ဝိညာဥ်ကျောက်တုံးတွေကို ယူထားပြီးမှတော့...တစ်ခုခုပြန်လုပ်ပေးချင်စိတ်မရှိဘူးလား"
လုယွီက ပြောဆိုလိုက်၏။
"မင်း ဘာလိုချင်တာလဲ"
မင်းသမီးလော့ချီး၏မျက်လုံးအတွင်း၌ ဝမ်းနည်းကြေကွဲမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူမက ရထားမောင်း၏ပခုံးကိုပုတ်ပြီး လုယွီ၏အနီးသို့တိုးကပ်ခိုင်းကာ တီးတိုးပြောဆိုလိုက်၏။
"ငါက နင့်ကို နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်လို့ရအောင်လုပ်ပေးမယ်...နင် ဘယ်လိုသဘောရလဲ"
"မင်းကလား"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
"မင်းက နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီလို့လား"
မင်းသမီးလော့ချီးက ခေါင်းမော့ပြီး ပြောဆိုလေသည်။
"ငါက ဘာလို့မရရမှာလဲ...ငါကလည်း ဧကရာဇ်မင်းရဲ့သမီးတော်တစ်ပါးလေ...ငါက နန်းမွေလုပွဲကို ပါဝင်ယှဥ်ပြိုင်လို့ရတယ်"
လုယွီက ဇဝေဇဝါဖြစ်နေဟန်ဖြင့် မင်းသမီးလော့ချီးကို စောင်းငဲ့၍ကြည့်လိုက်မိသည်။ဧကရာဇ်မင်း၏သမီးတော်များကို သာမာန်အားဖြင့် ဘွဲ့အမည်နာမများပေးအပ်ထားလေ့ရှိသည်။
တတိယမင်းသားသည် မင်းသမီးလော့ချီးကို လွန်စွာချစ်မြတ်နိုးသည်ကို သူ မြင်တွေ့ရသော်လည်း ဝမ်းကွဲမောင်နှမဖြစ်နေမည်ဟု သူ တွေးထင်ခဲ့သည်။သူတို့က မောင်နှမအရင်းဖြစ်နေမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
အကယ်၍သာ မင်းသမီးလော့ချီးသည် ဧကရာဇ်မင်း၏သမီးတော်တစ်ပါးဆိုပါက မည်သည်ကြောင့် ဘွဲ့အမည်နာမမရှိရသနည်း။မည်သည်ကြောင့် သူမကို မင်းသမီးလော့ချီးဟုသာ ခေါ်ဆိုနေကြသနည်း။
မင်းသမီးလော့ချီးက ရထားမောင်း၏ပခုံးကိုပုတ်ပြီး ပြောဆိုလေသည်။
"လူထွားကြီး...သူ့ကိုပြောပြလိုက်"
Chapter 844
"ငါရဲ့မင်းသမီးက တကယ့်ကိုပဲ ဧကရာဇ်မင်းရဲ့သမီးတော်ပါ"
ရထားမောင်းက လေးနက်စွာ ပြောဆိုလေသည်။
"အရင်တုန်းက မင်းသမီးရဲ့ဘွဲ့အမည်နာမက 'ထျန်းယန်မင်းသမီး'ပဲ...ဒါပေမယ့် အဲ့ဒီဘွဲ့အမည်နာမက အရမ်းကိုအစွမ်းထက်လိုပြီး မင်းသမီးရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းပိုပို အားနည်းလာတယ်...ဒါကြောင့် မင်းသမီးက ဘွဲ့အမည်နာမကို သူ့ဆန္ဒနဲ့သူ စွန့်လွှက်လိုက်တယ်"
မင်းသမီးလော့ချီးက သူမ၏ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာမော့ပြီး ပြောဆိုလိုက်၏။
"ကောင်းပြီလေ...နင် အခုယုံပြီလား"
သူမက လုယွီကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုလေသည်။
"ငါက ကောင်းကင်နန်းတော်ပြိုင်ပွဲကတည်းက နင့်ကိုစောင့်ကြည့်နေတာ...ဂိုဏ်းကြီးတွေက အကြီးအကဲတွေကို နင် ရိုက်နှက်လိုက်တာ အရမ်းကြည့်ကောင်းတာပဲ...ကျွတ်...ကျွတ်...နင့်ကိုသာ နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုလိုက်ရင်...အရမ်းစိတ်ဝင်စားစရာကောင်းလိမ့်မယ်"
မင်းသမီးလော့ချီး၏မျက်လုံးတစ်စုံက တောက်ပနေပေ၏။
လုယွီက ကူကယ်ရာမဲ့စွာဖြင့် ရှက်ရွံသကဲ့သို့ ခံစားနေမိသည်။ဤမျှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်သော မိန်းကလေးမျိုးကို မည်သူက အားနည်းသည်ဟုပြောသနည်း။
လုယွီက ချက်ချင်းပင် အပြုံးနှင့်ပြောဆိုလိုက်သည်။
"မင်းက ငါ့ကို နန်းတော်ထဲ ခေါ်ဆောင်သွားနိုင်မလား"
မင်းသမီးလော့ချီးက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောဆိုလေသည်။
"ရတာပေါ့...ငါ့ရဲ့ဖခမည်းတော်က ငါ့ကိုအခွင့်အာဏာပေးထားပြီးသား...တကယ်လို့ အနောက်နန်းဆောင်ဆိုရင်တောင် ငါက အပိတ်ပင်အတားအဆီးမရှိဝင်လို့ရတယ်"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပသွားသည်။
"ကောင်းပြီလေ...ငါက မင်းအတွက် နန်းမွေလုပွဲမှာ ယှဥ်ပြိုင်တိုက်ခိုက်ပေးမယ်"
သူသည် ဧကရာဇ်မင်း မည်သူဖြစ်နေပါစေ စိတ်ဝင်စားခြင်းမရှိချေ။မင်းသမီးလော့ချီးကသာ သူ့အား နန်းတွင်းသို့ခေါ်ဆောင်သွားနိုင်ပါက သူ ဝေးဝေးလံလံတွေးတောနေမည်မဟုတ်ပေ။
"ကောင်းပြီလေ...နင် လုပ်နိုင်မှာပါ...ငါတို့သွားကြစို့...ငါ့ရဲ့အကိုတော် မရိပ်မိစေနဲ့"
မင်းသမီးလော့ချီးက စကားဆုံးသည်နှင့် လုယွီကိုခေါ်ဆောင်ပြီး နဝမမင်းသားအိမ်တော်မှ ထွက်ခွါခဲ့တော့သည်။
……
လော့ချီးအိမ်တော်သည် မိုးကောင်းကင်နဂါးတိုင်းပြည်၏မြို့တော်အတွင်း၌ တည်ရှိသည်။
လုယွီက ရထားလုံးအတွင်းမှဆင်းလိုက်သည်နှင့် သူ့ရှေ့၌ ကြီးမားသောဥယျာဥ်ကြီးတစ်ခုရှိနေခြင်းကို တွေ့မြင်မိသည်။
သူက နတ်ဘုရားစိတ်အာရုံဖြင့်အာရုံခံကြည့်ရာ လော့ချီးအိမ်တော်သည် တတိယမင်းသား၏အိမ်တော်ထက်ပင် ပို၍ခမ်းနားထည်ဝါနေခြင်းကို သိလိုက်ရသည်။အိမ်တော်ခြံဝန်းအတွင်း၌ လှပသောရှုမျှော်ခင်းများလည်း ရှိနေပေ၏။ကြည့်ရသည်မှာ မိုးကောင်းကင်နဂါးတိုင်းပြည်၏ဧကရာဇ်မင်းသည် သူ၏သမီးတော်ကို အမှန်တကယ်ပင်ချစ်မြတ်နိုးပုံရသည်။
"ငါက နန်းမွေလုပွဲအတွက် လူတွေစီစဥ်ပြီးသား...ဒါပေမယ့် သူတို့အားလုံးက ငါ့ရဲ့အိမ်တော်က အစေခံတွေ...သူတို့က အရည်အချင်းမရှိကြဘူး...ငါက နင့်အပေါ်ကိုပဲ မှီခိုအားထားရတော့မယ်"
မင်းသမီးလော့ချီးက လုယွီ၏ပခုံးကိုပုတ်၍ ပြောဆိုလိုက်၏။
သို့ရာတွင် သူမ၏လက်များသည် အနည်းငယ်တိုနေသဖြင့် သူမက လုယွီ၏ပခုံးကို ထိတွေ့ရုံသာ ထိတွေ့မိသည်။
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။
"ဘာမှစိုးရိမ်မနေပါနဲ့...ငါ ရှိနေတာနဲ့...မင်းက မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရီဖြစ်လာမှာ သေချာတယ်"
မင်းသမီးလော့ချီးက တခစ်ခစ်ရယ်မောနေပေ၏။
"နင် ရယ်စရာပြောနေတာလား...ငါက နင်အတွေ့အကြုံရအောင်လို့သာ ယှဥ်ပြိုင်ပွဲကို ခေါ်သွားမှာ...တကယ်လို့ နင်သာ ဟိုအဖိုးကြီးတွေနဲ့ယှဥ်ပြိုင်တိုက်ခိုက်မယ်ဆိုရင် နင် ဘာမှတက်နိုင်မှာမဟုတ်ဘူး"
ထိုအချိန်မှာပင် အိမ်တော်ထိန်းက အပြေးအလွှား ရောက်ရှိလာသည်။
"မင်းသမီး...ပြန်လာပြီလား"
"ဒေါ်လေးယန်...သူတို့အားလုံး အဆင်သင့်ပဲလား"
မင်းသမီးလော့ချီးက ပြောဆိုလိုက်၏။
အိမ်တော်ထိန်းက ပြောဆိုလေသည်။
"မင်းသမီးကို သတင်းပို့ပါတယ်...သူတို့အားလုံးက အကြွေပန်းရေကန်မှာ စောင့်ဆိုင်းနေကြတယ်"
"ကောင်းပြီလေ"
မင်းသမီးလော့ချီးက ရထားမောင်းကို ပြောဆိုလိုက်သည်။
"သွားကြစို့...လူထွားကြီး...အဲ့ဒီနေရာကို မြန်မြန်သွားကြရအောင်"
အချိန်တခဏအကြာမှာပင် လုယွီက မင်းသမီးလော့ချီးနောက်သို့လိုက်၍ ခမ်းနားတင့်တယ်သောရေကန်တစ်ခုနံဘေးသို့ ရောက်ရှိလာသည်။
ဤရေကန်တွင် ကြာပန်းများအပြည့်ပွင့်ဖူးနေပြီး ပန်းများ၏သင်းရနံ့က ရေကန်အနီးတဝိုက်လုံး ပျံ့နှံ့နေသည်။
ရေကန်၏နံဘေး၌ လှပချောမောသော မိန်းမပျိုတစ်စုက မတ်တတ်ရပ်နေကြပြီး ရယ်စရာတစ်ခုခုကို ပြောနေကြပုံဖြင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ခိုးခိုးခစ်ခစ်ရယ်မောသံများ ညံနေသည်။
လုယွီက အနည်းငယ်ဇဝေဇဝါ ဖြစ်သွားသည်။
"မင်းက ဒီလူစုနဲ့ နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်မှာလား"
မင်းသမီးလော့ချီးက ဒေါသတကြီး ပြောဆိုလေ၏။
"သူတို့အားလုံးက သူတို့ဆန္ဒနဲ့သူတို့ ပါဝင်ယှဥ်ပြိုင်ချင်တယ်လို့ ပြောကြတာလေ...ကြည့်ရတာတော့ သူတို့က ပျင်းရိပြီး အသစ်အဆန်းတစ်ခုခု ရှာဖွေချင်တာဖြစ်မှာပေါ့"
"မင်းသမီး"
မိန်းမပျိုတစ်စုက မင်းသမီးလော့ချီး ရောက်ရှိလာခြင်းကိုမြင်သည်နှင့် အရိုအသေပြုလိုက်ကြသည်။
မင်းသမီးလော့ချီးက တည်ငြိမ်စွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းပြလေ၏။
"ငါ နင်တို့ကို အရင်ကပြောထားတာတွေ အကုန်မှတ်မိကြလား"
"ဟုတ်ကဲ့...ကျွန်မတို့ မှတ်မိပါတယ်"
မိန်းမပျိုတစ်ယောက်က လေးလေးစားစားပြောဆိုလိုက်သည်။
"ကျွန်မတို့က စင်မြင့်ပေါ်ကို ရောက်တာနဲ့ တန်းပြီးအရှုံးပေးရမှာပါ...မင်းသမီး ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မတို့ လုပ်နိုင်ပါတယ်"
Chapter 845
မင်းသမီးလော့ချီးက စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းတယ်...ကောင်းတယ်"
ဤအချိန်တွင် လုယွီ၏မျက်နှာက သုန်မှုန်နေသည်။နန်းမွေလုပွဲ၌ မင်းသားများဘက်မှ ထိပ်သီးကျင့်ကြံသူများ ပါဝင်ယှဥ်ပြိုင်တိုက်ခိုက်ကြမည်ဖြစ်ရာ မင်းသမီးလော့ချီး၏အပြုအမူက အလွန်ဆိုးရွားနေပေ၏။
အစေခံမိန်းကလေးများသည် ကျင့်ကြံသူများဖြစ်သော်လည်း သူမတို့အနက်မှ အများစုမှာ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။တချို့မိန်းကလေးများဆိုလျှင် တာအိုပထမဆင့်ကျင့်ကြံသူများဖြစ်၍ စင်မြင့်ပေါ်၌ မတ်တတ်ရပ်ရန်ပင် အရည်အချင်းမပြည့်မီချေ။
မင်းသမီးလော့ချီးကဲ့သို့သော ဧကရာဇ်မင်း၏ချစ်မြတ်နိုးကိုရရှိထားသော မင်းသမီးသာလျှင် ဤကဲ့သို့ မဆင်မခြင်ကိစ္စမျိုး ပြုလုပ်နိုင်ပေမည်။
"မင်းသမီး...ငါ မင်းကို ကူညီတိုက်ခိုက်ပေးရင်...မင်း ငါ့ကို နန်းတော်ထဲ ခေါ်ဆောင်သွားမှာလား"
လုယွီက သူ၏လိုလားချက်ကို တဲ့တိုးပြောဆိုလိုက်သည်။
အမှန်အားဖြင့် သူ နန်းတော်အတွင်းသို့ဝင်ရသော အကြောင်းအရင်းကို မင်းသမီးလော့ချီးအား သူ ပြောပြလိုခြင်းမရှိပေ။
မင်းသမီးလော့ချီးက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒီအေးစက်စက်နန်းတော်ကြီးက ဘာတွေများကောင်းနေလို့လဲ...တကယ်လို့ နင် နန်းတော်ထဲကို ဝင်ချင်တယ်ဆိုရင် ငါ နင့်ကိုခေါ်သွားပေးမယ်...ဒါပေမယ့် နင်က နန်းမွေလုပွဲမှာ ကောင်းကောင်းတိုက်ခိုက်ပေးရမယ်နော်...အဲ့လိုလုပ်မှ ငါ့ရဲ့အကိုတော်က ငါ့ကိုအထင်မသေးမှာ"
မင်းသမီးလော့ချီးက လုယွီကို အစေခံများကို လေ့ကျင့်ပေးစေလိုသော်လည်း သူ၌ သင်ပြနေရမည့်အချိန်မရှိချေ။
အကယ်၍ သူ၌အချိန်ရှိပါက သူလေ့ကျင့်နေသည်က ပိုကောင်းသည်။
ထို့ပြင် လုယွီ၏ကျင့်ကြံဆင့်သည် ယခုလက်ရှိအချိန်၌ အတားအဆီးသို့ရောက်ရှိနေပြီဖြစ်၍ စိတ်ဝိညာဥ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် သိပ်မလိုတော့ချေ။
မင်းသမီးလော့ချီးက တဖျစ်တောက်တောက် ပြောဆိုနေပေ၏။
"ငါ မိန်းမလှလေးတွေနဲ့ နင့်ကို မိတ်ဆက်ပေးမယ်လေ"
"မလိုအပ်ဘူး"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြပြီး နေရာတစ်ခုရှာဖွေကာ ကျင့်ကြံနေတော့သည်။
နောက်တစ်နေ့ မနက်...
မင်းသမီးလော့ချီးက ခမ်းနားထည်ဝါသောရထားလုံးတစ်လုံးကို ပြင်ဆင်၍ နန်းတော်သို့ သွားလေသည်။
လုယွီသည် မင်းသမီးလော့ချီး၏အဓိကအင်အားဖြစ်သဖြင့် သူမ၏ရထားလုံးအတွင်း၌ အတူလာထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ရထားလုံးအတွင်းရှိနေရာသည် ကျယ်ဝန်းသဖြင့် လူနှစ်ယောက်အတူထိုင်နေသည့်တိုင် ကျပ်ညပ်နေခြင်းမရှိပေ။
"နန်းမွေလုပွဲက ဗာမီလီယန်မီးငှက်ခြံဝန်းရဲ့ရှေ့က မြေကွက်လပ်မှာ ကျင်းပတာ...တကယ်လို့ တစ်ယောက်ယောက်က အနိုင်ရသွားတာနဲ့ အိမ်ရှေ့စံမင်းသားအဖြစ် နန်းတော်ကိုဝင်ခွင့်ရလိမ့်မယ်"
မင်းသမီးလော့ချီးက လုယွီကို ရှင်းပြနေပေ၏။
လုယွီက ခေါင်းညိတ်ပြပြီး ပြတင်းပေါက်ပြင်ပကို ကြည့်နေတော့သည်။
အချိန်တခဏအကြာမှာပင် ခမ်းနားထည်ဝါသော ဗာမီလီယန်မီးငှက်ခြံဝန်းကို သူ မြင်တွေ့ရ၏။
ဗာမီလီယန်မီးငှက်ခြံဝန်း၏ရှေ့၌ မြေကွက်လပ်တစ်ခုရှိသည်။ဤအချိန်တွင် မြေကွက်လပ်အတွင်း၌ လူအများအပြား စုရုံးရောက်ရှိနေကြသည်။မှော်သားရဲများကလည်း အထက်ကောင်းကင်ယံ၌ ပျံဝဲနေကြ၏။စစ်သားများက ထိုမှော်သားရဲတစ်ကောင်ဆီပေါ်၌ နေရာယူပြီး ဤနေရာပတ်ဝန်းကျင်ကို စောင့်ကြပ်နေသည်။
"အချိန်က စောနေသေးတယ်...နန်းတော်ကို အရင်သွားကြရအောင်"
မင်းသမီးလော့ချီးက ရထားမောင်းကိုပြောဆိုလိုက်သည်နှင့် မြင်းများကခေါင်းပြန်လှည့်ကာ ရထားလုံးက နန်းတော်ထံဦးတည်၍ မောင်းနှင်လိုက်တော့သည်။
ဤတော်ဝင်ရထားလုံးပင်လျှင် ဧကရာဇ်မင်းက မင်းသမီးလော့ချီးကို ချီးမြှောက်ထားပုံရသည်။တခြား မင်းသား မင်းသမီးများပင်လျှင် မင်းသမီးလော့ချီးကဲ့သို့ ဆက်ဆံခြင်းမခံရပေ။
"ကျွန်တော်တို့ တောင်းပန်ပါတယ်...အရှင့်သမီးတော်က ဒီနေ့ နန်းတွင်းထဲကို ဝင်လို့မရပါဘူး"
နန်းတော်၏ပြင်ပ၌ စောင့်ကြပ်နေသောစစ်သားများက အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
မင်းသမီးလော့ချီးက ခန်းဆီးလိုက်ကာကိုမတင်ပြီး အော်ဟစ်ပြောဆိုလေသည်။
"ဘာလို့လဲ...ငါ့ရဲ့ခမည်းတော်က ငါ့ကိုအချိန်အခါမရွေး နန်းတော်ထဲကိုဝင်ဖို့ ခွင့်ပေးထားပြီးသားလေ"
စစ်သားများက သူတို့၏လက်သီးများကိုပူးဆုပ်၍ အရိုအသေပြုကာ ပြောဆိုလိုက်၏။
"ဒီနေ့က အိမ်ရှေ့စံမင်းသားနေရာ ဆက်ခံမယ့်သူကို အဆုံးအဖြတ်ပေးမယ့်နေ့ပါ....မဟာဆရာသခင်က နန်းတော်ရဲ့တံခါးတွေအားလုံး ပိတ်ထားဖို့ ကျွန်တော်တို့ကို အမိန့်ပေးထားတယ်...အိမ်ရှေ့စံမင်းသားနေရာ ဆုံးဖြတ်ပြီးတဲ့အချိန်ထိ ဘယ့်သူကိုမှ ဝင်ခွင့်မပြုပါဘူး"
မဟာဆရာသခင်ဟူသော အမည်ကိုကြားချိန်တွင် မင်းသမီးလော့ချီး၏မျက်နှာပေါ်၌ တွန့်ဆုတ်သွားသောအမူအယာက သိသာထင်ရှားစွာပေါ်ထွက်လာသည်။ထို့နောက် သူမက နှာတစ်ချက်မှုတ်ပြီး ပြောဆိုလိုက်သည်။
"ငါတို့ ဝင်လို့မရဘူးဆိုတော့လည်း...မဝင်ဘူးပေါ့"
လုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။သူ မူလက ကြံစည်ထားသည်မှာ မင်းသမီးလော့ချီးနောက်သို့လိုက်၍ နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန်ဖြစ်သော်လည်း ယခုမူ ဤမျှော်လင့်ချက်က သဲထဲရေသွန်ဖြစ်သွားပုံပင်။
လုယွီက ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို တိတ်တဆိတ်အာရုံခံကြည့်သော်လည်း နန်းတော်ပတ်လည်၌ အနည်းငယ်မျှပင် အရိပ်အယောင်မတွေ့မိချေ။
"ဒါက အတွင်းနန်းတော်ထဲမှာ မဟုတ်ဘူးလား"
လုယွီ၏စိတ်နှလုံးသား နောက်ကျိသွားပေ၏။သူ၏အစီအစဥ်အရ သူ နန်းတော်အတွင်းသို့ ဝိတ်တဆိတ်ခိုးဝင်ပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ယူဆောင်ရန်ဖြစ်သည်။
မင်းသမီးလော့ချီးက နန်းတော်ရှေ့မှထွက်ခွါခဲ့ပြီး နေရာတစ်နေရာရှာကာ ပြိုင်ပွဲစတင်ချိန်ကို စောင့်ဆိုင်းနေတော့သည်။
ဤအချိန်တွင် မြေကွက်လပ်အတွင်း၌ ထိပ်သီးကျင့်ကြံသူအမြောက်အများရှိနေကာ သူတို့ထံမှ ထုတ်လွှက်ထားသော အရှိန်အဝါများသည် လွန်စွာအားကောင်းလှ၏။
သူတို့က ရထားလုံးအတွင်းမှနေ၍ လှပချောမောသော အစေခံများထွက်လာသည်ကိုမြင်ချိန်တွင် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသော်လည်း မင်းသမီးလော့ချီးဟူသောအလံကိုမြင်ချိန်တွင် သူတို့က လျစ်လျှူရှုလိုက်ကြသည်။
တစ်ချိန်လုံး လှည့်ပတ်ကစားနေသော မင်းသမီးငယ်လေးက ဤနေရာသို့ပွဲလာကြည့်ခြင်းသာဖြစ်မည်ဟု သူတို့က တွေးတောလိုက်ကြ၏။
Thank For Reading.