← Chapters

အခန်း (၈၄၆-၈၅၀)

Vol. 46 Ch. 846-850

အခန်း (၈၄၆-၈၅၀)

Vol. 46 Ch. 846-850

Chapter 846

အချိန်တခဏအကြာမှာပင် မင်းသားအများအပြား ရောက်ရှိလာပေ၏။

လုယွီက နဝမမင်းသားအား လက်အောက်ငယ်သားတစ်စုနှင့်အတူ တွေ့မြင်မိသည်။ထိုလူစု၏ရှေ့ဆုံး၌ ဆရာယင်က ဂုဏ်ယူဝင့်ကြွားသောအမူအယာနှင့် လျှောက်လှမ်းနေသည်။

နဝမမင်းသားကဲ့သို့ ကြင်ယာတော်များမှမွေးဖွားထားသော မင်းသားများသည်လည်း သူတို့၏နောက်လိုက်နောက်ပါများ ခြံရံ၍မြေကွက်လပ်အတွင်းသို့ ဝင်လာကြ၏။

ဤအချိန်တခဏတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ အလံများလူးလွန့်နေပြီး လူအများစု၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။

"ငါက ဒီလိုမြင်ကွင်းမျိုးကို ငါ့ရဲ့ခမည်းတော် စစ်ထွက်တဲ့အချိန်မှာပဲ မြင်တွေ့ဖူးတယ်"

မင်းသမီးလော့ချီး၏မျက်လုံးများ ပြူးကျယ်နေပြီး သူမရှေ့ရှိမြင်ကွင်းကို အံ့အားတသင့်ကြည့်နေပေ၏။

လုယွီကမူ တည်ငြိမ်နေဆဲပင်။သူထံ၌ ကောင်းကင်ဘုံဧကရာဇ်၏မှတ်ဥာဏ်များ ရှိသည်ကိုမဆိုထားနှင့်။နယ်မြေသခင်တစ်ယောက် စစ်ချီထွက်သွားသောမြင်ကွင်းပင်လျှင် ဤမြင်ကွင်းထက် များစွာပို၍ ခမ်းနားထည်ဝါသည်။

မင်းသားများအားလုံး စုံစုံညီညီရောက်ရှိလာချိန်တွင် အရာရှိများကြားမှနေ၍ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသူတစ်ယောက်က တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ရှေ့သို့ထွက်လာသည်။

"အခုချိန်ကစပြီး နန်းမွေလုပွဲ စတင်ပြီ...လူတိုင်းပဲ တိတ်တိတ်နေကြ"

အဖိုးအို၏အောင်မြင်ခန့်ညားသော အသံကြီးက ပတ်ဝန်းကျင်နေရာတစ်နေရာလုံးအနှံ့ ပျံ့နှံ့သွားသည်။ဤအချိန်တွင် မင်းသားမင်းသမီးများဖြစ်စေ ထိပ်သီးကျင့်ကြံသူများဖြစ်စေ အားလုံးတိတ်ဆိတ်ငြိမ်သက်နေကြ၏။

အဖိုးအိုက တည်ကြည်လေးနက်သောလေသံဖြင့် ဆက်လက်ပြောဆိုလေသည်။

"ဧကရာဇ်မင်းရဲ့အမိန့်တော်အရ....ငါတို့က တော်ဝင်မိသားစုရဲ့မျိုးဆက်သစ်မင်းသားမင်းသမီးတွေထဲကနေ အိမ်ရှေ့စံ ရွေးချယ်မယ်...ဒီတစ်ကြိမ် နန်းမွေလုပွဲကို ငါကိုယ်တိုင်ကြီးကြပ်မှာဖြစ်ပြီးတော့ အရာအားလုံး တရားမျှတမှုရှိစေရမယ်...အခု နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ချင်တဲ့ မင်းသား မင်းသမီးတွေက ငါရှေ့ကိုလာပြီး မတ်တတ်ရပ်ကြ....မင်းတို့ ရွေးချယ်မှုလုပ်ပြီးတော့ ပြန်ရုတ်သိမ်းလို့မရဘူး...မင်းတို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အကောင်းဆုံးကြိုးစားကြ"

ပုံမှန်ဖြစ်ရိုးဖြစ်စဥ်များအရ အကယ်၍ နန်းမွေလုပွဲ၌ ပါဝင်ယှဥ်ပြိုင်သော မင်းသားတစ်ပါးသည် ရှုံးနိမ့်ခဲ့ပါက စိတ်ပျက်ဖွယ်အဆုံးသတ်နှင့် ရင်ဆိုင်ရပေမည်။

ထိုကြောင့် အကယ်၍ မင်းသားတစ်ပါးသည် သူ၏အင်အားမကောင်းမွန်ဟု ယူဆမိပါက ဤနေရာ၌ထွက်ခွါသွားသည်က အကောင်းဆုံးဆုံးဖြတ်ချက်ပင်။

သို့ရာတွင် အဖိုးအို၏စကားသံ ထွက်ပေါ်ပြီးသည်နှင့် သူ့ရှေ့၌ မင်းသားများအားလုံး မတ်တတ်ရပ်နေကြပြီး မည်သူမျှ နောက်၌ကျန်နေခြင်းမရှိပေ။

အဖိုးအိုက မင်းသားများကို ဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း သူက အံ့အားသင့်သွားပုံမရချေ။

"မင်းတို့က ရွေးချယ်ပြီးပြီဆိုမှတော့ ငါ အများကြီးမပြောတော့ဘူး...နန်းမွေလုပွဲမှာ စည်းမျဥ်းစည်းကမ်းအများကြီးမရှိဘူး...နန်းမွေလုပွဲကျင်းပတဲ့ စင်မြင့်ကနေ ထွက်ခွါလာတာပဲဖြစ်ဖြစ်...အရှုံပေးတာပဲဖြစ်ဖြစ်...သေဆုံးသွားတာပဲဖြစ်ဖြစ် အဲ့ဒီလူက ကျရှုံးတာပဲ...စင်မြင့်ပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူရဲ့ နောက်ကွယ်က မင်းသားက အိမ်ရှေ့စံအသစ်ဖြစ်လာမယ်"

မင်းသားများအားလုံးက ခေါင်းညိမ့်လိုက်ကြပြီး သူတို့၏နံဘေးရှိ ညီအကိုတော်များကို ရန်လိုစိတ်ရှိသောအမူအယာဖြင့် ကြည့်နေကြ၏။

မိုးကောင်းကင်နဂါးတိုင်းပြည်သည် အလယ်ပိုင်းကုန်းမြေ၌ အစွမ်းထက်သောကျင့်ကြံခြင်းတိုင်းပြည်ဖြစ်သည်။

အကယ်၍သာ မင်းသားတစ်ပါးသည် အိမ်ရှေ့စံအရာကို ဆက်ခံနိုင်ပါက ဂိုဏ်းပေါင်းတစ်သောင်းကျော်နှင့် ကျင့်ကြံသူစစ်တပ်ကို ထိန်းချုပ်နိုင်ပေမည်။အိမ်ရှေ့စံသည် ကြီးမားသောအင်အား ထောက်ပံမှုကိုရရှိကာ သူ၏ကျင့်ကြံဆင့်မှာလည်း အကြီးအကျယ်တိုးတက်လာနိုင်သည်။

"ဆရာ...ကျွန်မကရော...ကျွန်မ...."

ထိုအချိန်မှာပင် ဧရာမယုန်သားရဲကြီးပေါ်၌ ထိုင်နေသော မင်းသမီးလော့ချီးက မျှော်လင့်ချက်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

ယုန်သားရဲကြီး၏လက်အတွင်း၌ မုန်လာဥတစ်ဥကို ကိုင်ဆောင်ထားသည်။သူက ခုန်ဆွခုန်ဆွဖြင့် မင်းသားများနံဘေးသို့ ရောက်လာပြီး သူ၏လက်အတွင်းရှိမုန်လာဥကို ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားနေသည်မှာ အလွန်မောက်မာလှပေသည်။

"ပေါက်ကရတွေမလုပ်စမ်းနဲ့...ဒီနေရာက မင်းလာရမယ့်နေရာမဟုတ်ဘူး...ချက်ချင်းထွက်သွားစမ်း"

တတိယမင်းသားက အော်ဟစ်လိုက်၏။

မင်းသမီးလော့ချီးက ပြောဆိုလေသည်။

"အကိုတော်...ကျွန်မကလည်း ဖခမည်းတော်ရဲ့သမီးတော်တစ်ပါးပဲလေ...ဘာလို့ ကျွန်မ ပါဝင်ယှဥ်ပြိုင်လို့ မရတာလဲ...ကျွန်မ ဂရုမစိုက်ဘူး...ဒီပွဲကို ဝင်ပြိုင်မှာပဲ"

အဖိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်၏။

"မင်းသမီးလော့ချီး...မင်း စဥ်းစားထားတာကောင်းတယ်...တကယ်လို့ မင်း ပါဝင်ယှဥ်ပြိုင်ချင်တယ်ဆိုရင်...တစ်ဝက်တစ်ပြက်မှာ ရပ်လို့မရဘူးနော်...မင်းက မိန်းကလေးတစ်ယောက်ဖြစ်နေတာနဲ့ပဲ ငါက စည်းမျဥ်းတွေကို ချိုးဖျက်လို့မရဘူး"

မင်းသမီးလော့ချီးက ရယ်ပြုံးရင်း ပြောဆိုလေသည်။

"မဟာဆရာသခင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မက ဒီအကြောင်းတွေကို စဥ်းစားပြီးသားပါ"

တတိယမင်းသားက မျက်မှောင်ကြုတ်နေသော်လည်း အဖိုးအိုက စကားပြောဆိုလိုက်သည်ကိုမြင်ချိန်တွင် သူ ထပ်မံ၍စကားမဆိုတော့ချေ။

နန်းမွေလုပွဲတွင် မင်းသား မင်းသမီးများ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ရန်မလိုအပ်သဖြင့် အကယ်၍ မင်းသမီးလော့ချီး ပါဝင်ယှဥ်ပြိုင်လျှင်ပင် မည်သည့်ထိခိုက်ဒဏ်ရါမျှ ရမည်မဟုတ်ချေ။

"နားထောင်ကြစမ်း...တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး လော့ချီးကို ခြိမ်းခြောက်ဝံ့တဲ့သူရှိရင်...အဲ့ဒီလူက ငါ့ရဲ့ရန်သူပဲ"

တတိယမင်းသားက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။

တခြားမင်းသားများက အေးတိအေးစက်ပြုံးနေသော်လည်း ဒုတိယမင်းသားက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။

"မင်းရဲ့ညီမတော်ကိုသာ ဂရုစိုက်စမ်းပါ...အချိန်ကျလို့ သွေးထွက်သံယိုမြင်ကွင်းတွေ မြင်ရရင် သူ ကြောက်လန့်ပြီးငိုမနေစေနဲ့"

Chapter 847

"နန်းမွေလုပွဲ အခုချိန်ကစပြီး စတင်ပြီ"

အဖိုးအိုက လက်ညှိုးညွှန်လိုက်ရာတွင် မြေကွက်လပ်၏အလယ်ဗဟိုသို့ အလင်းတန်းများကျဆင်းလာပြီး မြေပြင်ပေါ်၌ စက်ဝိုင်းပုံဝိုင်းပတ်ထားသည်။

မင်းသားများ ဆယ်ယောက်ကျော်ရှိနေပြီး မင်းသားတစ်ယောက်ချင်းစီနောက်၌ ဆရာသခင်ဆယ်ယောက်ခန့် ပါရှိကြသည်။ထို့ကြောင့် သူတို့တိုက်ခိုက်ရန် ကျယ်ဝန်းသောနေရာလိုအပ်သည်။

"လေဟာနယ်ဝင်္ကပါလား...ဒါကိုကြည့်ရတာ မိုးကောင်းကင်တောင်ထိပ်က ဝင်္ကပါနဲ့ တစ်နေရာရာမှာ တူညီနေသလိုပဲ"

လုယွီက သူ့ရှေ့ရှိအဖိုးအိုသည် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ခြင်းကို အာရုံခံမိသည်။

ဤအချိန်မှာပင် မြေကွက်လပ်၏အလယ်ဗဟိုကို ဝင်္ကပါကြီးက လွှမ်းခြုံသွားသည်။ဝင်္ကပါအတွင်းရှိနေရာသည် လွန်စွာကျယ်ဝန်းပေ၏။

လုယွီက လူအုပ်ကြီး၏နောက်မှလိုက်၍ တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ခဲ့သော်လည်း သူ၏နံဘေးပတ်လည်၌ အစေခံမိန်းမပျိုလေးများက ဝန်းရံနေသည်။သူ့ကိုကြည့်ရသည်မှာ ကျင့်ကြံသူတစ်ယောက်ဖြင့်ပင် မတူညီတော့ချေ။

"အကိုကြီး မြေအောက်လောက....ကျွန်မတို့က အကိုကြီးနောက်ကိုလိုက်ရမယ်လို့ မင်းသမီးက ပြောထားတာ...နင်က ငါတို့ကို ကာကွယ်ပေးရမှာနော်"

အစေခံမိန်းမပျိုများက လုယွီ၏အနားသို့ ရောက်ရှိလာကြသည်။

သူမတို့သည် မင်းသမီးလော့ချီး၏အိမ်တော်တွင် ရယ်ရယ်မောမော နေခဲ့ကြသော်လည်း နန်းမွေလုပွဲ၌ အမှန်တကယ်ပါဝင်တိုက်ခိုက်ရချိန်တွင် ​ထိတ်လန့်ကြောက်ရွံနေကြ၏။

လုယွီက ခေါင်းတဆစ်ဆစ်ကိုက်လာသကဲ့သို့ ခံစားရကာ သူက ပြောဆိုလိုက်သည်။

"မင်းတို့ တိုက်ပွဲနေရာကိုရောက်တာနဲ့...ငါ့နောက်မှာပဲနေကြ"

သူတို့လူစု တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ပတ်ဝန်းကျင်နေရာ ပြောင်းလဲသွားခြင်းကို တွေ့မြင်မိသည်။

ပြင်ပမှကြည့်လျှင် တိုက်ပွဲကွင်းပြင်သည် အိမ်တစ်လုံးစာပမာဏသာရှိသော်လည်း အတွင်းတွင်မူ မြို့တစ်မြို့စာကျယ်ပြန့်သည်။

လုယွီတို့လူစု ဝင်ရောက်သွားချိန်တွင် လူတစ်ယောက်က သူ၏လက်သီးကိုဝှေ့ယမ်းပြီး တခြားသူများကို တိုက်ခိုက်နေခြင်းကို တွေ့မြင်ရပေ၏။

'ဘန်း'ခနဲ မြည်ဟီးသံနှင့်အတူ လူများစွာတို့သည် သတိလက်လွတ်နေနေကြသဖြင့် ထိုလူ၏ရိုက်နှက်ခြင်းကို ခံကြရသည်။

ထိုကျင့်ကြံသူများသည် တိုက်ပွဲကွင်းပြင်ပြင်ပထိ လွင့်ထွက်သွားကြသဖြင့် ဆက်လက်တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီတော့သဖြင့် သူတို့၏သက်ဆိုင်ရာမင်းသားများ စခန်းချနားနေသောနေရာသို့ မကြည်မသာမျက်နှာအမူအယာများဖြင့် ပြန်သွားကြပေ၏။

"တိုက်ခိုက်ကြဟေ့..."

"သူတို့ကို သတ်ကြစမ်း"

အစောပိုင်းက တိုက်ခိုက်ခံလိုက်ရသောလူများဘက်မှ ကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် သူတို့၏မှော်မန္တန်များကို အလျှင်အမြန်ရွတ်ဖတ်လိုက်ကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

မြောက်များစွာသောကျင့်ကြံသူများ တပြိုင်နက်တည်း တိုက်ခိုက်မှုကြောင့် မြေပြင်ကအပြင်းအထန်တုန်ခါနေပေ၏။

လုယွီက အစေခံမိန်းမပျိုများခြံရံ၍ တခြားကျင့်ကြံသူများ တိုက်ခိုက်နေခြင်းကို စောင့်ကြည့်နေသည်။

ကျင့်ကြံသူအများစုသည် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး လူနည်းစုကသာ စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများဖြစ်သည်။စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများသည် အဆောတလျင်ဦးဆောင်တိုက်ခိုက်ခြင်းမပြုဘဲ နံဘေးမှစောင့်ကြည့်နေကာ တခြားသူများတိုက်ခိုက်ပြီးချိန်ကို စောင့်ဆိုင်းနေကြ၏။

"အား..."

ရုတ်တရက် အစေခံမိန်းမပျိုတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

လုယွီက လှည့်ကြည့်လိုက်ချိန်တွင် ဦးခေါင်းပြတ်တစ်လုံးက သူမ၏ခြေထောက်နားသို့ လိမ့်လာခြင်းကို တွေ့မြင်မိသည်။

လူကြမ်းကြီးတစ်ယောက်က လေထုအတွင်းမှ ခုန်ဆင်းလာသည်။သူက အစေခံမိန်းမပျိုများကို တစ်ချက်ကြည့်ပြီး ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်သည်။

"ဒီနေရာမှာ ညှို့အားပြင်းတဲ့ မိန်းမပျိုလေးတွေရှိနေတာပဲ...ဟား ဟား ဟား...သနားဖို့ကောင်းတာက မင်းတို့ ယော်ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...ငါက မင်းတို့အားလုံးကို သတ်ရလိမ့်မယ်"

ထိုလူကြမ်းကြီးက ရုတ်တရက် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သော်လည်း ရုတ်တရက် လုယွီတို့လူစုရှေ့သို့ လူရိပ်တစ်ရိပ်က ဖျတ်ခနဲ ရောက်ရှိလာသည်။

ဤအချိန်တခဏတွင်...ဘုန်း...

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပေ၏။လုယွီတို့လူစုရှေ့၌ ကာကွယ်ဟန့်တားပေးသူမှာ ဟွမ်ဖူဖြစ်သည်။

"မင်းက ငါ့ကို တားဆီးရဲတယ်ပေါ့"

လူကြမ်းကြီးက နောက်ထပ်လက်သီးချက်တစ်ချက်ကို ဟွမ်ဖူထံ ပစ်သွင်းလိုက်၏။

ဟွမ်ဖူက အေးစက်စက်နှာမှုတ်ပြီး သူ၏နဖူးပြင်မှနေ၍ အလင်းရောင်တောက်ကနေသော မှော်စာလုံးများ ထွက်ပေါ်လာသည်။ထို့နောက် ဟွမ်ဖူက လူကြမ်းကြီးထံ လက်ညှိုးညွှန်လိုက်၏။

ထိုလက်ညှိုးက လူကြမ်းကြီးပေါ်သို့ ကျရောက်သည်နှင့် သူ၏နှလုံးသား ပေါက်ကွဲသွားပြီး ကြွက်သားနှင့်အရိုးအသားများလည်း ပြန့်ကျဲသွားကာ မြေပြင်ပေါ်၌ သွေးအိုင်ကြီးသာ ကျန်ရစ်တော့သည်။

"ဒီနေရာက မင်းတို့ အပျော်လာနေရမယ့်နေရာမဟုတ်ဘူး...မြန်မြန်မသွားကြသေးဘူးလား"

ဟွမ်ဖူက လုယွီတို့လူစုဘက်သို့လှည့်၍ အော်ငေါက်လိုက်၏။

အစေခံမိန်းမပျိုများသည် လိပ်ပြာလွင့်လုမတက် ကြောက်ရွံနေကြသည်။သူမတို့က ခေါင်းညိမ့်ပြပြီး အရှုံးပေးကြောင်းပြောဆိုကာ တိုက်ပွဲကွင်းပြင်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားတော့သည်။

ဟွမ်ဖူက လုယွီ ထွက်ခွါမသွားသည်ကိုမြင်သော်လည်း မည်သည့်စကားမျှမဆိုချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် ကောင်းကင်နန်းတော်ပြိုင်ပွဲမှ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်းကို သူ သိရှိပြီးဖြစ်သည်။အကယ်၍ လုယွီသည် ယခုလက်ရှိ စင်မြင့်ပေါ်မှလူများ၏ပြိုင်ဘက် မဖြစ်နိုင်လျှင်ပင် လွတ်မြောက်နိုင်သော စွမ်းရည်ရှိပေသည်။

စောင့်ကြည့်စင်မြင့်ပေါ်ရှိ မင်းသားများသည်လည်း သူတို့၏စိတ်နှလုံးသားများ တင်းကြပ်လာခြင်းကို ခံစားမိသည်။

တချို့မင်းသားများ၏နောက်လိုက်များသည် ပြိုင်ပွဲမှ အချိန်တခဏအတွင်းမှာပင် နှုတ်ထွက်လိုက်ရသည်ဖြစ်ရာ ထိုမင်းသားများ၏မျက်နှာများသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေပေ၏။

Chapter 848

ဤအချိန်တွင် တိုက်ခိုက်ကွင်းပြင်အတွင်း၌ မင်းသားများ၏အင်အားအကုန်အစင် ပေါ်လွင်လာသည်။

တတိယမင်းသားဘက်၌ ဟွမ်ဖူက သာမာန်ထက်သာလွန်သော အင်အားရှိသည့် ကျင့်ကြံသူအုပ်စုကို ဦးဆောင်ထားသည်။သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်အစွမ်းထက်သဖြင့် ကျင့်ကြံသူတချို့ကို လွယ်လင့်တကူ မောင်းထုတ်နိုင်ခဲ့သည်။

ဒုတိယမင်းသားဘက်တွင်မူ သားရဲတစ်ဝက်လူသားများရှိနေသည်။ထိုသူတို့သည် အလွန်အစွမ်းထက်ပေ၏။ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ သားရဲတစ်ဝက်လူသားများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။

သားရဲတစ်ဝက်လူသားများသည် သူတို့၏ပြိုင်ဘက်များ အရှုံးပေးသည်ဟု မအော်ဟစ်နိုင်မှာခင် သတ်ဖြတ်ပစ်ကြသည်။

မြေပြင်တစ်ပြင်လုံးအနှံ့ သွေးများဖုံးလွှမ်းနေပြီး ထိုသားရဲတစ်ဝက်လူသားများထံမှ နားအူလုမတက် အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်နေသည်။

"ဒုတိယအကိုတော်...ဒီသားရဲတစ်ဝက်လူသားတွေက ဘယ်ကရောက်လာတာလဲ....ခမည်းတော်က သားရဲတစ်ဝက်လူသားတွေကို မိုးကောင်းကင်နဂါးတိုင်းပြည်ကနေ မောင်းထုတ်ထားတာ ကျွန်တော်မှတ်မိသေးတယ်"

တတိယမင်းသား၏မျက်နှာက သုန်မှုန်နေပေ၏။

သားရဲတစ်ဝက်လူသားများသည် တောတွင်းလူရိုင်းများနှင့်မှော်သားရဲများ ပေါင်းစပ်မှုမျိုးဆက်ဖြစ်ပြီး မှော်စွမ်းအားအသုံးပြုရာတွင် ထူးချွန်ရုံသာမက ကိုယ်ကာယကြံခိုင်မှုကလည်း သာမာန်လူသားများထက်အားကောင်းသည်။

သားရဲတစ်ဝက်လူသားများသည် သာမာန်လူသားများ စိတ်ကူးယဥ်ပုံဖော်နိုင်သည်ထက် ပို၍အစွမ်းထက်ပေ၏။အဆင့်မြင့်သားရဲတစ်ဝက်လူသားများသည် မှော်သားရဲများ၏အရည်အချင်းများနှင့် ဒွန်တွဲ၍မွေးဖွားလာကြသည်။တချို့သားရဲတစ်ဝက်လူသားများသည် သက်တမ်းရှည်သည့်အပြင် ကျင့်ကြံမှုအရှိန်နှုန်းမှာလည်း လျှင်မြန်သည်။

ဒုတိယမင်းသားက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောဆိုလေသည်။

"ငါ မင်းကို ပြောပြမယ်....ငါက ကြေးကြီးကြီးသုံးပြီးတော့ သူတို့ကို မြောက်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ဆီးနှင်းထုတွေကြားကနေ ရှာဖွေခဲ့ရတယ်....တကယ်လို့ သူတို့သာ နန်းမွေလုပွဲမှာ ငါ့ကိုအနိုင်ရအောင်လုပ်ပေးနိုင်ရင် သူတို့ကိုလွတ်လပ်ခွင့်ပေးမယ်လို့ ငါ ကတိပေးထားတယ်"

တတိယမင်းသား၏မျက်နှာအမူအယာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။

"ခမည်းတော် အရင်က အမိန့်ပေးထားတာက သားရဲတစ်ဝက်လူသားတွေ မိုးကောင်းကင်နဂါးတိုင်းပြည်ထဲကို ဝင်လာတာနဲ့ သတ်ပစ်ရမယ်တဲ့...မင်းက သူတို့ကို တကယ်ပဲလွတ်မြောက်ခွင့် ပေးဝံ့တယ်ပေါ့"

"ဟက် ဟက်...ငါသာ အိမ်ရှေ့စံမင်းသားဖြစ်လာရင် တကယ်လို့ သူတို့ကို လွတ်မြောက်ခွင့်ပေးရင်တောင် ဘယ်သူက ဘာပြောရဲမှာလဲ"

ဒုတိယမင်းသားက ပြောဆိုလိုက်၏။

တိုက်ပွဲကွင်းပြင်၌....

ဤအချိန်တွင် သားရဲတစ်ဝက်လူသားများသည် ကမူးရှုးထိုး တိုက်ခိုက်နေကြပြီး ကျင့်ကြံသူအများစုသည် နေရာမှာပင် သေဆုံးသွားရ၏။

သားရဲတစ်ဝက်လူသားများ၏တိုက်ခိုက်မှုသည် အလွန်ရက်စက်ကြမ်းကြုတ်သဖြင့် ခြေပြတ်လက်ပြတ်များကလည်း မြေပြင်အနှံ့ပြန့်ကျဲနေသည်။တချို့ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များကိုစွန့်လွှက်၍ ထွက်ပြေးရန်ကြံရွယ်ကြသော်လည်း သူတို့ လေထုအတွင်းသို့ရောက်ရှိစဥ်မှာပင် သားရဲတစ်ဝက်လူသားများ၏ဖမ်းဆီးခြင်းကိုခံရပြီး သူတို့၏စိတ်ဝိညာဥ်များကို ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

"ဟား ဟား ဟား...ရူးသွပ်မိုက်မဲတဲ့ လူသားတစ်စုပဲ...သူတို့ကို သတ်ဖြတ်ရတာ လွယ်လွန်းနေတယ်"

"ဒီလူသားတွေက ငါတို့ရဲ့ကလေးတွေလောက်တောင် သန်မာမှုမရှိဘူး...ငါ ခုဏတုန်းက လှပချောမောတဲ့ လူသားမိန်းမတွေ မြင်လိုက်ပါတယ်...ဒါပေမယ့် သူတို့ လွတ်မြောက်သွားကြပြီ"

သားရဲတစ်ဝက်လူသားများသည် အကြောက်အလန့်မရှိဘဲ ပြောဆိုနေကြ၏။တချို့သားရဲတစ်ဝက်ကျင့်ကြံသူများသည် သူတို့၏လက်အတွင်း၌ ကျင့်ကြံသူတို့၏ဦးခေါင်းပြတ်များကို ကိုင်ဆောင်ထားသည်။ဤမြင်ကွင်းကိုကြည့်ရသည်မှာ အလွန်သွေးပျက်ဖွယ်ရာပင်။

သားရဲတစ်ဝက်လူသားများ၏အကြည့်သည် တိုက်ပွဲကွင်းပြင်ပေါ်၌ ကျန်ရှိနေသော ကျင့်ကြံသူများထံသို့ ကျရောက်လာသည်။

"ဟီး ဟီး...မင်းတို့က အရှုံးမပေးမှတော့...လူသားအမှိုက်ကောင်တွေ...မင်းတို့အားလုံး သေပေတော့"

သားရဲတစ်ဝက်လူသားများက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ကျင့်ကြံသူများထံ ပြေးဝင်လာကြသည်။

"သူတို့ကို ဟန့်တားထားကြစမ်း"

ဟွမ်ဖူက အော်ဟစ်ပြောဆိုပြီးနောက် ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူထံမှ စိတ်ပုံထွင်းနယ်ပယ်၏အရှိန်အဝါ ချက်ချင်းပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ရှေ့ဆုံးမှပြေးဝင်လာကြသော သားရဲတစ်ဝက်လူသားများ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

"လူကြီးမင်းတို့ ...ငါတို့အားလုံးပူးပေါင်းပြီး သားရဲတစ်ဝက်လူသားတွေကို မောင်းထုတ်ကြရအောင်...ပြီးမှအနိုင်အရှုံးဆုံးဖြတ်ကြတာပေါ့"

ဟွမ်ဖူက အော်ဟစ်ကြုံးဝါးလိုက်၏။

သူ၏စကားများသည် တခြားကျင့်ကြံသူများကို အသိဝင်သွားစေသည်။မည်သို့ပင်ဆိုစေကာမူ သားရဲတစ်ဝက်လူသားများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး လူသားကျင့်ကြံသူများဘက်မှ အရှုံးပေးသည်ဟု ပြောဆိုရန်ပင် အခွင့်အရေးမရချေ။

သားရဲတစ်ဝက်လူသားများက ခနဲ့တဲ့တဲ့ပြောဆိုလေသည်။

"လူသား အမှိုက်ကောင်တစ်သိုက်ကများ...တကယ်လို့ မင်းတို့အားလုံးပူးပေါင်းတိုက်ခိုက်ရင်တောင် ငါတို့ကိုအနိုင်ယူနိုင်မှာလား...ဟား ဟား ဟား"

ဟွမ်ဖူ၏ဘက်၌ ကျင့်ကြံသူအယောက်သုံးဆယ်ခန့် ရှိနေသည်။

သားရဲတစ်ဝက်လူသားများကမူ ဆယ်ယောက်သာရှိသော်လည်း သူတို့အားလုံးသည် အစွမ်းထက်ပြီး သွေးဆာလွန်းသဖြင့် ရင်ဆိုင်ရန်ခက်ခဲသည်။

"လူကြီးမင်းတို့...ငါတို့လူသုံးယောက်ဆီတစ်စုခွဲပြီး သားရဲတစ်ဝက်လူသားတစ်ယောက်ကို ရင်ဆိုင်ကြမယ်...သူတို့ အနိုင်ရသွားဖို့ အခွင့်အရေးမပေးကြနဲ့"

ဟွမ်ဖူက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်၏။

ဤအချိန်မှာပင် စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်သံတစ်သံက လူအုပ်ကြားမှ ထွက်ပေါ်လာသည်။

"ဒီလေါက်ထိ ဒုက္ခခံနေစရာမလိုပါဘူး...မင်းတို့အားလုံး နောက်ဆုတ်ကြ...ငါ ဒီသားရဲတစ်ဝက်လူသားတွေကို ရင်ဆိုင်ပြမယ်"

Chapter 849

ထိုစကားပြောဆိုလိုက်သူသည် နဝမမင်းသား၏နောက်လိုက် ဆရာယင်ဖြစ်သည်။

သူ၏နံဘေး၌ ဧရာမဝင်္ကပါကြီးကို ခင်းကျင်းထားပေ၏။ဆရာယင်၏ဝတ်စုံသည် သန့်ရှင်းသပ်ယပ်နေဆဲဖြစ်ပြီး သူထံ၌ မည်သည့်ထိခိုက်ဒဏ်ရါရရှိမှုမျှမရှိချေ။

ဆရာယင်သည် အလွန်မောက်မာသူဖြစ်သော်လည်း အရည်အချင်းရှိသူတစ်ယောက်ဟု ယူဆနိုင်သည်။

အစောပိုင်းက ဖရိုဖရဲတိုက်ပွဲအခြေအနေတွင် ဆရာယင်အား တိုက်ခိုက်ကြသူများအားလုံး ဝင်္ကပါအတွင်း၌ ချောင်ပိတ်မိနေပြီး တိုက်ပွဲကွင်းပြင်မှ မောင်းထုတ်ခြင်းခံလိုက်ရသည်။ထိုကျင့်ကြံသူများအားလုံးသည် အလွန်စိုးရိမ်ဖွယ်အနေအထားနှင့် ပြိုင်ပွဲမှထွက်ခွါခဲ့ရသည်။

ဒုတိယမင်းသား၏မျက်နှာပေါ်၌ ထူးဆန်းသောအရိပ်အယောင်တချို့ ထင်ဟပ်နေသည်။

"ရှောင်ကျိုး...မင်းက လူတော်တစ်ယောက်ကိုရှာထားမယ်လို့ ငါ ထင်မထားမိဘူး...ငါ့ရဲ့နန်းတော်ကနေ မောင်းထုတ်လိုက်တဲ့သူကို မင်းက ရွေးချယ်ထားတာလား"

"ဟား ဟား ဟား...အကိုတော်က ဘယ်လိုပြောလိုက်တာလဲ....အကိုတော်ရဲ့သားရဲတစ်ဝက်လူသားတွေက အရမ်းသန်မာတယ်...ဒီဝင်္ကပါပညာရှင်တစ်ယောက် ညီတော်ဆီရောက်လာတော့လည်း အကိုတော်အတွက် ဘာမှမထူးပါဘူး"

နဝမမင်းသားက သူ၏လုပ်ရပ်ကိုသူ ကျေနပ်နေမိသည်။

သူသည် မူလက အရေးမပါသော မင်းသားတစ်ပါးဖြစ်သည်။တခြားမင်းသားများနှင့်မတူညီဘဲ နန်းမွေလုပွဲ၌ သူ အနိုင်ရရန် ရေပန်းစားခြင်းမရှိချေ။

အကယ်၍ ဆရာယင်သာ အလုံအလောက်သန်မာပါက သူ အိမ်ရှေ့စံဖြစ်ရန်မှာ မဖြစ်နိုင်သောကိစ္စမဟုတ်တော့ပေ။

တိုက်ပွဲကွင်းပြင်၌....

ဆရာယင်က ဝင်္ကပါ၏အလယ်ဗဟို၌ထိုင်နေပြီး သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"လူကြီးမင်းတို့...တကယ်လို့ မင်းတို့က သားရဲတစ်ဝက်လူသားတွေကို အနိုင်ယူချင်တယ်ဆိုရင်...ငါတို့အားလုံးမပူးပေါင်းဘဲနဲ့ ဘယ်လိုမှမဖြစမနိုင်ဘူး ...သူတို့က ဝင်္ကပါရဲ့အားနည်းချက်ကို ရှာတွေ့သွားတာနဲ့ ငါတို့တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရနိုင်တယ်"

"ငါက ဝင်္ကပါကိုအသုံးပြုပြီး ခုခံနိုင်ပေမယ့်...ငါတစ်ယောက်တည်းနဲ့ သူတို့ကို ကြာရှည်ထိန်းမထားနိုင်ဘူး...မင်းတို့ဆီက မှော်စွမ်းအားအနည်းငယ်ဆီနဲ့ ဝင်္ကပါကိုအားဖြည့်ပေးဖို့ ငါ ပြောချင်တယ်...ဒါဆိုရင် ငါက ဝင်္ကပါကိုဖွင့်ပြီး သားရဲတစ်ဝက်လူသားတွေကို သတ်ဖြတ်နိုင်လိမ့်မယ်"

ဆရာယင်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။

"အဲ့ဒီသားရဲတစ်ဝက်လူသားတွေက ငါတို့လူသားတွေကို ရက်ရက်စက်စက် သတ်ခဲ့ကြတယ်....ငါတို့ရဲ့တာအိုမိတ်ဆွေတွေအများကြီး သူတို့ရဲ့လက်ထဲမှာ သေဆုံးသွားပြီ....သူတို့အတွက်သွေးကြွေးကို ငါတို့ပြန်ဆပ်ကြရအောင်"

တိုက်ပွဲကွင်းပြင်၌ ကျန်ရှိနေသောကျင့်ကြံသူများက အနည်းငယ်တွန့်ဆုတ်နေကြ၏။ဤနေရာ၌ သူတို့၏မှော်စွမ်းအင်များသည် အကန့်အသတ်ရှိပေရာ မည်သူကမျှ သူတို့၏မှော်စွမ်းအင်များကို တခြားသူအတွက် အသုံးမပြုလိုချေ။

ဆရာယင်က တည်ကြည်လေးနက်သောလေသံဖြင့် ထပ်မံပြောဆိုလေသည်။

"ငါက မြို့တော်မှာ နာမည်ဂုဏ်သတင်းရှိပြီးသားဆိုတာ မင်းတို့အားလုံး သိထားပြီးဖြစ်မှာပါ...မင်းတို့ရဲ့မှော်စွမ်းအင်တွေ ငါ့ကိုပေးအပ်ပြီးတာနဲ့...ငါ ကျိန်ဆိုတယ်...ငါက နန်းမွေလုပွဲကနေ နှုတ်ထွက်ပေးမယ်...ငါ ဆက်ပြီးမတိုက်ခိုက်တော့ဘူး"

ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူတချို့၏မျက်နှာထက်၌ ပျော်ရွှင်ဝမ်းမြောက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

အစောပိုင်းက တိုက်ပွဲအတွင်း၌ ဆရာယင်အစွမ်းထက်ကြောင်းကို လူတိုင်းက တွေ့မြင်ပြီးလေပြီ။

ထိုသားရဲတစ်ဝက်လူသားများသည် အလွန်အစွမ်းထက်သဖြင့် သူတို့က မှော်စွမ်းအားအနည်းငယ်သာအသုံးပြုပြီး မောင်းထုတ်နိုင်မည်ဆိုပါက သူတို့အနိုင်ရနိုင်သော အခွင့်အရေးမှာ အကြီးအကျယ်မြင့်တက်လာပေမည်။

"မင်း ဘာလုပ်နေတယ်ဆိုတာ မင်းသိရဲ့လား"

နဝမမင်းသားက ရုတ်တရက် သူ့ရှေ့ရှိစားပွဲခုံကို သူ၏လက်ဖြင့်ပုတ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။ဆရာယင်သည် တိုက်ပွဲကွင်းပြင်အတွင်း၌ ဤသို့ပြုလုပ်မည်ဟု သူ မျှော်လင့်မထားမိချေ။ဆရာယင်က သူ အနိုင်ရရန်အတွက် မျှော်လင့်ချက်ပင်။သူ နန်းမွေလုပွဲ၌ အနိုင်ရရန်ဟူသော မျှော်လင့်ချက် ဆိတ်သုဥ်းသွားပြီလော။

ဒုတိယမင်းသားက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေသည်။

"ရှောင်ကျိုး...မင်း နည်းနည်းလောက်စိတ်အေးအေးထားစမ်းပါ...သူက ငါ့ရဲ့သားရဲတစ်ဝက်လူသားတွေကို သတ်ဖြတ်ဖို့ ရည်ရွယ်နေတာ...ဟား ဟား ဟား...သူ ဘာတွေကြံစည်နေတာလဲဆိုတာ ငါ သိချင်မိတယ်"

ဤအချိန်တွင် ဆရာယင်က သူ၏နာမည်ဂုဏ်သတင်းကို အာမခံအဖြစ်ထားပြီးလေပြီ။တခြားသူများက ဆရာယင်ဟူသောအသံကိုကြားချိန်တွင် သူတို့အားလုံး သံသယမဝင်ကြတော့ချေ။

"ကောင်းပြီလေ...ငါ မင်းကို မှော်စွမ်းအား နည်းနည်းထောက်ပံပေးမယ်"

ဟွမ်ဖူက ဦးဆောင်၍ ဝင်္ကပါအတွင်းသို့ သူ၏မှော်စွမ်းအားများကို သွက်သွင်းလိုက်၏။

သားရဲတစ်ဝက်လူသားများကြားတွင် လူသားကျင့်ကြံသူများ၏စိတ်ပုံထွင်းနယ်ပယ်နှင့် အဆင့်တူများရှိနေသည်။ဟွမ်ဖူအနေဖြင့် ထိုသားရဲတစ်ဝက်လူသားများကို သူ တစ်ယောက်တည်းဖြင့် အနိုင်ယူရန် ယုံကြည်ချက်မရှိချေ။

ဟွမ်ဖူက ဦးဆောင်နေသဖြင့် တခြားသူများကလည်း သူတို့၏မှော်စွမ်းအားများကို ဝင်္ကပါအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် ဝင်္ကပါကြီးတစ်ခုလုံးမှနေ၍ ထူးထွေဆန်းပြားသော အလင်းရောင်များ ပွင့်အံ့ထွက်လာသည်။

"လူသားတွေက ဒီလိုမျိုး ရယ်စရာကောင်းတဲ့အရာကိုတောင် အသုံးပြုရဲတယ်...သူတို့က အသုံးမကျလိုက်တာ"

သားရဲတစ်ဝက်လူသားများက လှောင်ပြောင်သရော်နေကြ၏။သူတို့၏ အရိုင်းဆန်သောစွမ်းအားသည် မည်သည့်ဝင်္ကပါကိုမဆို ဖျက်ဆီးပစ်နိုင်သည်။

"အရမ်း မောက်မာမနေကြနဲ့...သွားသေကြစမ်း"

ဆရာယင်၏လက်ချောင်းများက ရုတ်တရက် ဝင်္ကပါ၏အလယ်ဗဟိုသို့ ကျရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောစုပ်ဝဲတစ်ခုက ကျင့်ကြံသူများအားလုံးထံသို့ ပျံ့နှံ့သွားပေ၏။

ထိုကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ အဆက်မပြတ်စုပ်ယူခြင်း ခံနေရသည်ကို ချက်ချင်းခံစားမိသွားသည်။

"မဟုတ်သေးဘူး...ရပ်စမ်း"

ဟွမ်ဖူက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် အလျင်စလိုအော်ဟစ်လိုက်၏။

Chapter 850

အမှန်အားဖြင့် ဟွမ်ဖူ သတိပေးရန်ပင်မလိုအပ်ချေ။ကျင့်ကြံသူများအားလုံးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ခံစားမိကြ၏။

ဆရာယင်သည် သူတို့ထံမှမှော်စွမ်းအား တချို့ဝဝက်ကို ငှါးယမ်းမည်ဟု ဆိုခဲ့သည်။စင်စစ်ဖြစ်ရပ်မှာ သူတို့၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများအားလုံး ဝင်္ကပါအတွင်းသို့ စီးဝင်နေခြင်းကို ရပ်တန့်၍မရချေ။

"မင်း ဘာလုပ်ချင်နေတာလဲ"

ဟွမ်ဖူက အော်ငေါက်လိုက်ပြီး ချက်ချင်းပင် သူ၏နဖူးပြင်မှ မှော်စာလုံးများ ထွက်ပေါ်လာသည်။

သူက ဝင်္ကပါထံသို့ သူ၏မှော်စွမ်းအားများစီးဝင်နေခြင်းကို ရပ်တန့်နိုင်ခဲ့သော်လည်း မှော်စွမ်းအားအများအပြား ကုန်ဆုံးသွားသဖြင့် သူ၏မျက်နှာတပြင်လုံး ဖြူရော်နေသည်။

"အခုချိန်က မင်းတို့အရှုံးပေးမှာလား ဒီနေရာမှာဆက်နေမှာလားဆိုတာ ကြည့်ရမယ့်အချိန်ပဲ"

ဆရာယင်၏မျက်နှာပေါ်၌ လှောင်ပြောင်သရော်ရိပ်များ ထင်ဟပ်နေသည်။

သူ၏နံဘေးပတ်လည်ရှိ ဝင်္ကပါကြီးသည် အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ ကျင့်ကြံသူများ၏မှော်စွမ်းအားများကို အရူးအမူးဝါးမြိုနေသည်။

"ရပ်လိုက်စမ်း"

"မင်း ယော်ကျားမဟုတ်ဘူးလား...ဘာလို့ ဒီလိုနည်းလမ်းကို အသုံးပြုတာလဲ"

ပတ်ဝန်းကျင်နေရာတစ်ခုလုံး ကြိမ်းမောင်းအော်ငေါက်သံများ ကျိန်ဆဲသံများနှင့် ပြည့်နှက်နေသော်လည်း ဆရာယင်က မကြားသကဲ့သို့ပင်။

သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေသည်။

"ရူးသွပ်မိုက်မဲတာက မင်းတို့လေ...တကယ်လို့ မင်းတို့သာ ဥာဏ်ကောင်းခဲ့မယ်ဆိုရင် ငါ့ရဲ့ထောင်ချောက်ထဲကျမှာမဟုတ်ဘူး"

"မင်းတို့ကောင်တွေ...မြန်မြန်မလှုပ်ရှားကြသေးဘူးလား"

ဆရာယင်က ရုတ်တရက် သားရဲတစ်ဝက်လူသားများရှိနေရာဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။

ဘာ....

လူတိုင်းက အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

သားရဲတစ်ဝက်လူသားများက ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

"တကယ်တမ်းတော့ ဒီလေါက်ထိဒုက္ခခံနေစရာမလိုပါဘူး...ငါတို့ရဲ့ခွန်အားနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

အရိပ်တစ်ရိပ်က ဖျတ်ခနဲ အဝေးသို့ပျံသန်းသွား၏။ဝင်္ကပါအတွင်း၌ပိတ်မိနေသော ကျင့်ကြံသူတစ်ယောက်၏စိတ်ဝိညာဥ်သည် ထွက်ပြေးခဲ့သော်လည်း သားရဲတစ်ဝက်လူသားများက အခွင့်အရေးမပေးချေ။သားရဲတစ်ဝက်လူသားတစ်ယောက်က သူ၏ပုဆိန်ကြီးကိုကိုင်မြှောက်ပြီး ထိုစိတ်ဝိညာဥ်ကို နှစ်ခြမ်းခွဲပစ်လိုက်၏။

"ငါ့ကိုမသတ်ပါနဲ့...ငါ အရှုံးပေးတယ်"

"အရှုံးပေးတယ်...ငါ့ကိုအပြင်ထုတ်ပေး"

ထိုမြင်ကွင်းကိုမြင်သည်နှင့် ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားပြီး သူတို့က အရှုံးပေးကြောင်းအော်ဟစ်လိုက်ကြ၏။

အချိန်တခဏအတွင်းမှာပင် အဖြူရောင်အလင်းတန်းများ ဆက်တိုက်တောက်ပလာပြီး အရှုံးပေးသည်ဟုအော်ဟစ်သော ကျင့်ကြံသူများကို ပြင်ပသို့ပို့ဆောင်လိုက်ရာ ထိုလူများသည် နန်းမွေလုပွဲအတွက် ဆက်လက်တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီတော့ချေ။

အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းချိန် မတိုင်မီမှာပင် ကျန်ရှိနေသောကျင့်ကြံသူများအားလုံး အရှုံးပေးပြီး ထွက်ခွါသွားကြတော့သည်။

ဤအချိန်မှာပင် ဟွမ်ဖူက ဆရာယင်ကို စူးစိုက်၍ ကြည့်လိုက်သည်။

"မင်းက နဝမမင်းသားဘက်ကလူ မဟုတ်ဘူးလား...တကယ်လို့ မင်းက ငါတို့အားလုံးကိုမောင်းထုတ်နိုင်ခဲ့ရင်တောင်...မင်းတစ်ယောက်တည်းနဲ့ သားရဲတစ်ဝက်လူသားတွေကို ဘယ်လိုရင်ဆိုင်မှာလဲ"

သူက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလေ၏။

ဆရာယင်က အေးစက်စက်ပြုံးနေပေသည်။

"ဒါက မင်း စိုးရိမ်နေစရာမလိုပါဘူး"

"အဖိုးကြီး...ခင်ဗျား ခုဏတုန်းက အရမ်းမောက်မာနေတာ မဟုတ်ဘူးလား...အခု ဒီနေရာကိုလာပြီး ခင်ဗျားရဲ့ဖိုးဖိုးကို လာတိုက်လေ"

သားရဲတစ်ဝက်လူသားတစ်ယောက်က ဟွမ်ဖူထံ တဟုန်ထိုး ပြေးဝင်လာသည်။သူက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ရာတွင် မြေပြင်တစ်ပြင်လုံး တုန်ခါသွားသည်။

သူကိုကြည့်ရသည်မှာ လျှို့ဝှက်နည်းစနစ်တစ်မျိုးကို အသုံးပြုထားပုံရသည်။သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ခန္ဓာကိုယ် ပို၍ကြီးမားလာပေ၏။သူက ဟွမ်ဖူရှေ့အရောက်တွင် သုံးမီတာမြင့်မားသော လူဘီလူးတစ်ကောင်ဖြစ်နေလေပြီ။

ဟွမ်ဖူက သူ၏ကြွင်းကျန်နေသော မှော်စွမ်းအားအနည်းငယ်ကိုအသုံးပြု၍ ခုခံကာကွယ်လိုက်၏။သို့ရာတွင် သားရဲတစ်ဝက်လူသား၏ခွန်အားသည် အလွန်သန်မာနေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဟွမ်ဖူ၏အကာအကွယ် မှော်စွမ်းအားအလွှာ ဖျက်ဆီးခြင်းခံလိုက်ရ၏။

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ဟွမ်ဖူသည် သားရဲတစ်ဝက်လူသား၏တိုက်ခိုက်မှုကြောင့် နောက်သို့လွင့်ထွက်သွားသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး အာမေဋိတ်သံများဖြင့် ပြည့်နှက်နေသည်။

စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူသည် မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ခုလုံး၌ ဘုရင်အဆင့်တည်ရှိမှုကြီးပင်။

သို့သော် ယခုလက်ရှိချိန်တွင် ထိုကျင့်ကြံသူသည် သားရဲတစ်ဝက်လူသားနှင့်ရင်ဆိုင်တိုက်ခိုက်ရာ၌ ပြန်လှန်တိုက်ခိုက်ခြင်းပင်မပြုနိုင်ချေ။

နဝမမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲ့ကောင်ဘာလုပ်နေတာလဲဆိုတာ ငါ သိချင်တယ်"

တတိယမင်းသား၏မျက်နှာက သုန်မှုန်နေပေ၏။ယခုလက်ရှိချိန်၌ တိုက်ပွဲကွင်းပြင်အတွင်းရှိ အခြေအနေသည် အလွန်သိသာထင်ရှားနေလေပြီ။သားရဲတစ်ဝက်လူသားများ၏တိုက်ခိုက်မှုကို ဟန့်တားနိုင်သောသူဟူ၍ မည်သူမျှမရှိတော့ချေ။

"ငါ...အရှုံးပေးတယ်"

ဟွမ်ဖူက ခါးသည်းစွာဖြင့် အရှုံးပေးကြောင်း အော်ဟစ်ပြီး တိုက်ပွဲကွင်းပြင်အတွင်းမှထွက်ခွါကာ နောက်သို့တစ်ချက်မျှ ပြန်လှည့်မကြည့်တော့ပေ။

အကယ်၍ သူ ထိုနေရာ၌ ဆက်နေပါက သူ၏အသက်ပင် ဆုံးရှုံးနိုင်သည်။

ဟွမ်ဖူထွက်ခွါသွားခြင်းကိုမြင်သည်နှင့် ဆရာယင်၏မျက်နှာပေါ်၌ ဝေခွဲရခက်သောအပြုံးမျိုး ချက်ချင်းပေါ်ထွက်လာသည်။

"ငါလည်းပဲ အရှုံးပေးတယ်"

ဆရာယင်က တဲ့တိုးပင် ပြောဆိုလိုက်၏။

All Chapters