အခန်း (၈၅၁-၈၅၅)
Vol. 46 Ch. 851-855
Chapter 851
ဆရာယင်က အရှုံးပေးကြောင်းအော်ဟစ်ပြီးသည်နှင့် သူ့ကို တိုက်ပွဲကွင်းပြင်၏ပြင်ပသို့ ချက်ချင်းပို့ဆောင်ခံလိုက်ရ၏။
သို့ရာတွင် ဆရာယင်က နဝမမင်းသား စခန်းချနားနေသောနေရာသို့ ဒုတိယမင်းသားရှိနေရာသို့ သွားရောက်ခဲ့ကာ သူ၏မျက်နှာထက်၌ အပြုံးများဝေဆာနေသည်။
လှည့်စားခံလိုက်ရသလော။
နဝမမင်းသားသည် ကုလားတိုင်ပေါ်သို့ ချက်ချင်းဖင်ထိုင်ကျသွားပြီး သူ၏မျက်နှာတပြင်လုံး ဖြူရော်နေပေ၏။
သူ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သော ဆရာယင်သည် ဒုတိယမင်းသား၏နောက်လိုက်ဖြစ်နေခြင်းမှာ သိသာထင်ရှားလှသည်။
ဒုတိယမင်းသားက လက်ခုပ်လက်ဝါးတီးပြီး အပြုံးနှင့်ပြောဆိုလေ၏။
"ရှောင်ကျိုး...မင်း ဘာမှစိတ်ဓာတ်ကျမနေနဲ့...မင်းအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်နေရာ ငါ စီစဥ်ထားတယ်...အဲ့ဒီနေရာမှာ အမတ်ကောင်းတစ်ယောက်သွားလုပ်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်"
နဝမမင်းသားသည် မူလက မင်းသားတစ်ယောက်ဖြစ်သော်လည်း ဒုတိယမင်းသားက သူ့အား အမတ်တစ်ယောက်အဖြစ် အဆင့်လျော့ချရန် ကြံရွယ်နေသည်။
နဝမမင်းသားသည် စိတ်အတွင်း၌ အလွန်ဒေါသထွက်နေသော်လည်း မည်သို့မျှ တုံ့ပြန်ပြောဆိုခြင်း မပြုဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဒုတိယမင်းသားသာ အိမ်ရှေ့စံဖြစ်လာပါက မိုးကောင်းကင်နဂါးတိုင်းပြည်၏ဧကရာဇ်မင်း ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၍ သူ့အား ဧကရာဇ်ဟု ယူဆနိုင်သည်။
မြောက်များစွာသော ကျင့်ကြံသူများနှင့် သားရဲတစ်ဝက်လူသားများကို ထိန်းချုပ်သွားသော ဒုတိယမင်းသား၏စွမ်းအားကို နဝမမင်းသားက ထိတ်လန့်ကြောက်ရွံနေပေ၏။
ဒုတိယမင်းသားက သူ၏ခေါင်းကို တတိယမင်းသားဘက်သို့ လှည့်လိုက်သည်။
"တတိယညီတော်...နယ်စပ်မှာ ရှောင်ကျိုးတစ်ယောက်တည်းဆိုရင် သူ အရမ်းပျင်းရိနေမှာ...ဘာလို့ မင်းလည်း သူနဲ့အတူ လိုက်မသွားရတာလဲ"
တတိယမင်းသား၏မျက်နှာအမူအယာ ပျက်ယွင်းသွားသော်လည်း သူက မည်သည့်စကားမျှမဆိုချေ။ယခုလက်ရှိချိန်၌ သူ မည်သည့်စကားဆိုပါစေ အချည်းနှီးသာဖြစ်ပေမည်။
ဒုတိယမင်းသားက ယခုလက်ရှိနေရာ၌ရှိနေသော မင်းသားများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ငါက အိမ်ရှေ့စံ ဖြစ်သွားပြီ...အခု ငါ့ကို သစ္စာခံဖို့ မင်းတို့ကို ငါ အခွင့်အရေးတစ်ခုပေးမယ်...ဒီနှစ်တွေအတွင်းမှာ မင်းတို့အားလုံးက စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီး သိုလှောင်ထားကြတယ်ဆိုတာ ငါ သိပြီးပြီ...မင်းတို့ကို အဲ့ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေရဲ့ ဆယ်ပုံတစ်ပုံ ယူထားခွင့်ပြုမယ်...ကျန်တာကတော့ ငါ့အိမ်တော်ကို ပေးပို့ရလိမ့်မယ်"
ဒုတိယမင်းသား၏မျက်လုံးအကြည့်က ခြိမ်းခြောက်မှုအရိပ်အယောင်များ ရောယှက်နေသည်။
"အဲ့ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေကို ငါ အိမ်ရှေ့စံအဖြစ်နဲ့ နန်းမွေဆက်ခံပွဲမတိုင်မီ မြင်ရဖို့ ငါ မျှော်လင့်တယ်...မဟုတ်ရင်တော့လား...ဟမ့်...မင်းတို့အားလုံး မင်းသားအဖြစ်ဆက်နေဖို့ အခွင့်အရေးမရှိစေရဘူး"
စိတ်ဝိညာဥ်ကျောက်တုံး ဆယ်ပုံကိုးပုံပေးရမည်ဟု ဆိုလိုက်သလော။
ဤနေရာ၌ရှိနေသော မင်းသားများအားလုံး၏မျက်နှာများ သိသိသာသာရှုံမဲ့သွားကြသည်။သူတို့က နန်းမွေလုပွဲ၌ပါဝင်မည့် ထိပ်သီးကျင့်ကြံသူများအတွက် သူတို့၏စိတ်ဝိညာဥ်ကျောက်တုံးများ အသုံးပြုခဲ့ရသဖြင့် သိုဝှက်ထားသည်များသာ ကျန်ရစ်တော့သည်။
အကယ်၍ သူတို့၏စိတ်ဝိညာဥ်ကျောက်တုံး ဆယ်ပုံကိုးပုံကိုသာ ပေးအပ်ရပါက သူတို့၏ဝှက်ဖဲများပင်မကျန် ခါလီဖြစ်သွားပေမည်။
သို့ရာတွင် ဒုတိယမင်းသားသည် အိမ်ရှေ့စံမင်းသား အစစ်အမှန် မဖြစ်သေးချေ။အိမ်ရှေ့စံမင်းသားတွင်သာ မင်းသားများအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အာဏာရှိသည်။ယခုလက်ရှိ ဒုတိယမင်းသား၌ ဤကဲ့သို့အခွင့်အာဏာမရှိသေးချေ။
"ဟွန့်...ပွဲက ခုထိမပြီးသေးတာကို...ဘာလို့ နင်က အရမ်းပျော်နေတာလဲ"
ကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာသည်။
မင်းသမီးလော့ချီးက ယုန်သားရဲပေါ်၌ လဲလျောင်းနေရင်းမှ အထွန့်တက်ပြောဆိုလိုက်ခြင်းပင်။
ဒုတိယမင်းသားက ဝေခွဲရခက်သောအပြုံးမျိုး ပြုံးလိုက်သည်။
"ရှောင်လော့ချီး...ငါက မိန်းကလေးတွေဆီက ပစ္စည်းကိုယူတက်တဲ့အကျင့်မရှိဘူး...မင်းဆီမှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ငါ့ကိုပေးစရာမလိုဘူး"
ရုတ်တရက် ဒုတိယမင်းသားက တတိယမင်းသားကို လက်ညှိုးညွှန်လိုက်၏။
"ဒါပေမယ့် တတိယညီတော်ပေးရမယ့် ပမာဏက နှစ်ဆတိုးသွားပြီ...ငါက မင်းရဲ့ညီမတော်ကို အလွတ်ပေးတဲ့အတွက် မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်"
"ကျေးဇူးတင်ပါတယ် အကိုတော်"
တတိယမင်းသားက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ အံ့ကြိတ်၍ပြောဆိုလေသည်။သူက ဒုတိယမင်းသားကို အလွန်ပင်မုန်းတီးလှ၏။
မင်းသမီးလော့ချီးက အော်ဟစ်ပြောဆိုလေသည်။
"ငါပြောနေတာက ပွဲမပြီးသေးဘူး ပွဲမပြီးသေးဘူးလို့....ငါ့ရဲ့လူက ခုထိတိုက်ပွဲကွင်းပြင်မှာ ကျန်နေသေးတယ်"
စကားဆုံးသည်နှင့် မင်းသမီးလော့ချီးက တိုက်ပွဲကွင်းပြင်ဘက်သို့လှည့်၍ အော်ငေါက်လိုက်သည်။
"မြေအောက်လောက...နင် ခုထိ ဘာမှမလှုပ်ရှားသေးဘူးဆိုရင်...ငါ နင့်ကို ဂရုမစိုက်တော့ဘူး"
ဤအချိန်တွင် မင်းသားများအားလုံးက ကူကယ်ရာမဲ့စွာဖြင့် တိုက်ပွဲကွင်းပြင်ထံသို့ ကြည့်လိုက်ကြသည်။
သူတို့က တိုက်ပွဲကွင်းပြင်၏အစွန်ဘက်၌ ပလ္လင်ခွေထိုင်နေသော လုယွီကို တွေ့မြင်မိကြ၏။
"အဲ့ဒီကောင်က တိုက်ပွဲကွင်းပြင်ထဲမှာတောင် ကျင့်ကြံနေတာလား"
"မင်းသမီးလော့ချီးက ဘယ်လိုလူမျိုးကို ရှာလာတာပါလိမ့်"
တခြားသူများက ပြောဆိုဆွေးနွေးနေကြချိန်တွင် သားရဲတစ်ဝက်လူသားများကလည်း လုယွီကို သတိပြုမိသွားသည်။
"မင်းတို့လူသားတွေက တကယ့်ကို အမှိုက်ကောင်တွေပဲ...ဒါပေမယ့် ခုဏက မင်းနဲ့အတူ မိန်းမလှလေးတွေရှိနေတာကို ငါ မြင်မိတယ်...ပဲညှောင့်ပေါက်လေး...တကယ်လို့ မင်းကသာ အဲ့ဒီမိန်းမလှလေးတွေကို ငါတို့ဆီခေါ်လာမယ်ဆိုရင်...ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
သားရဲတစ်ဝက်လူသားတစ်ယောက်က ရှေ့သို့တိုးလာပြီး သရော်တော်တော်ပြောဆိုလေသည်။
Chapter 852
လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ အဆက်မပြတ်လှည့်ပတ်နေသည်။ပတ်ဝန်းကျင်ရှိမှော်စွမ်းအားများ လုယွီထံတိုးဝင်လာချိန်တွင် သူ၏အင်္ကျီလက်များသည် လေတိုက်ခတ်ခြင်းမရှိဘဲ တဖျပ်ဖျပ်ခတ်နေပေ၏။
"ဒါက နည်းနည်းတော့ထူးဆန်းတယ်"
သားရဲတစ်ဝက်လူသားတစ်ယောက်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာလို့ ကြောက်နေတာလဲ...အဲ့ဒီကောင်ရဲ့ခန္ဓာကိုယ်ကိုကြည့်ရတာ စက္ကူတစ်ချပ်လို ပါးလှပ်နေတာကိုများ...လူသားမျိုးနွယ်တွေအကုန်လုံးက အမှိုက်တွေချည်းပဲ...ဒီလို အားနည်းတဲ့ကောင်ကတော့...ငါ့ရဲ့လက်တစ်ဖက်နဲ့တင် ရိုက်ချိုးပစ်လို့ရတယ်"
တခြားသားရဲတစ်ဝက်လူသားတစ်ယောက်က လုယွီထံလျှောက်လှမ်းလာရင်း အော်ငေါက်လိုက်၏။
"ဟိတ်ကောင်...မင်း နားကန်းနေတာလား...ငါ မင်းကိုပြောနေတာလေ"
ဤအချိန်တွင် လုယွီ၏မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။လေအေးတစ်ချက်တိုက်ခတ်သွားခြင်းနှင့်အတူ လုယွီ၏အနက်ရောင်ဆံပင်များ လူးလွန့်သွားသည်။ဤအချိန်တွင် လုယွီ၏အဖြူရောင်ဝတ်စုံသည် နှင်းပွင့်တမျှဆွတ်ဆွတ်ဖြူနေပြီး သူက လက်နောက်ပစ်ရက်အနေအထားဖြင့် သားရဲတစ်ဝက်လူသားတစ်ယောက်ရှေ့၌ ချက်ချင်းထွက်ပေါ်လာသည်။
"ငါ့ကို စကားပြောတာ မင်းလား"
လုယွီ၏လေသံက တည်ငြိမ်အေးဆေးနေသည်။
"အမှန်ပဲ...ငါ မင်းကို ပြောနေတာ အမှိုက်ကောင်ရဲ့...မင်းနဲ့အတူပါလာတဲ့ မိန်းကလေးတွေက အရမ်းလှတယ်..ငါ လိုချင်......"
သားရဲတစ်ဝက်လူသား၏စကားများက ပို၍ ပို၍ညစ်ညမ်းလာပေ၏။
လုယွီက ထိုသူ့ကို စကားဆုံးသည်အထိ ပြောခွင့်မပေးချေ။သူက ချက်ချင်းပင် ခြေတစ်လှမ်းရှေ့တက်ပြီး သားရဲတစ်ဝက်လူသား၏နှလုံးသားနေရာကို သူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။
လုယွီ၏လက်သီးချက်ကိုကြည့်ပြီး သားရဲတစ်ဝက်လူသားက နောက်ဆုတ်ခြင်းမပြုဘဲ လှောင်ပြောင်သရော်နေသည်။
"ဟား ဟား...မင်းလို လူသားအမှိုက်ကောင်ကများ...ဒီခွန်အားလောက်နဲ့ ငါ့ကိုတိုက်ခိုက်ချင်တာလား...သွားသေလိုက်စမ်း"
သူကလည်း သူ၏လက်သီးဖြင့် လုယွီကို တုံ့ပြန်တိုက်ခိုက်လိုက်သည်။
လက်သီးချက်နှစ်ချက် ဖီလာဆန့်ကျင်ထိတွေ့မိလေ၏။
ခရက်....
အက်ကွဲသံတစ်သံနှင့်အတူ သားရဲတစ်ဝက်လူသား၏ခန္ဓာကိုယ်မှနေ၍ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
သားရဲတစ်ဝက်လူသား၏ ကြီးမားသောခန္ဓာကိုယ်ကြီး ပြိုလဲကျသွားသည်မှာ သာမာန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သည်။သူ၏ခန္ဓာကိုယ်မှ အရိုးအရွတ်များအားလုံး ကြှေမွပျက်စီးသွားက သူက လုယွီရှေ့သို့ ဒူးထောက်ရက်သားပြုတ်ကျရာမှ ရွှံအိုင်အဖြစ်ပြောင်းလဲသွားတော့သည်။
သူမသေဆုံးမီအချိန်၌ သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ အပြည့်ထင်ဟပ်နေသော်လည်း သူ မည်သည့်စကားကိုမျှ ပြောဆိုနိုင်ခဲ့ခြင်းမရှိချေ။
လုယွီ၏လက်သီးချက်သည် သူ၏ခန္ဓာကိုယ်မှ အရိုးအရွတ်များကို ကျိုးပဲ့စေသည့်အပြင် သူ၏နှလုံးသားကို ကွဲအက်စေသဖြင့် သူ သေဆုံးခဲ့ရခြင်းပင်။
"ခွေးမသား"
"လူသားအရိုင်းအစိုင်းကောင်ကများ...ငါတို့ရဲ့ရဲရင့်တဲ့စစ်သည်တော်ကို သတ်ရဲတယ်ပေါ့"
တခြားသားရဲတစ်ဝက်လူသားကိုးယောက်သည် သူတို့၏အပေါင်းအဖော် သေဆုံးသွားခြင်းကိုမြင်ချိန်တွင် လုယွီထံသို့ အလျင်စလို ပြေးဝင်လာကြ၏။
လုယွီ၏အဖြူရောင်ဝတ်စုံသည် လေတိုက်ခတ်မှုကြောင့်လူးလွန့်နေပြီး သူ၏မျက်နှာအမူအယာက အလွန်အမင်းအေးစက်တင်းမာနေသည်။
လုယွီက သူထံပြေးဝင်လာသော သားရဲတစ်ဝက်လူသားများကိုကြည့်ပြီး သူက ရှောင်လွှဲခြင်းမပြုဘဲ နေရာမှာပင် မတ်တတ်ရပ်နေလေ၏။ထို့နောက် သူ၏လက်ဖဝါးအတွင်းမှနေ၍ ဆေဘာဓားချီများ ထွက်ပေါ်လာသည်။
ဆေဘာဓားချီသည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာရာ တစ်မီတာ နှစ်မီတာမှသည် ငါးမီတာထိရောက်ရှိသွားသည်။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်နှင့် ဆေဘာဓားချီသည် လေထုကိုဆုတ်ဖြဲပြီး ရှေ့သို့ပြေးထွက်သွားသည်။
ထိုဆေဘာဓားချီသည် သားရဲတစ်ဝက်လူသားများ၏အကာအကွယ်အလွှာကို ချက်ချင်းပြိုကွဲစေပြီး အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်၏။
ဖောက်...ဖောက်...ဖောက်...
ခက်အုပ်အုပ်အသံများ အဆက်မပြတ် ထွက်ပေါ်လာပေ၏။သားရဲတစ်ဝက်လူသားများသည် ထိုဆေဘာဓားချီနှင့် ဖြတ်တောက်ခြင်းခံလိုင်ရသဖြင့် သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသွေးမြူများသည် လေထုအတွင်း၌ မျောလွင့်နေပေရာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး သွေးညှီနံများဖြင့် ပြည့်နှက်နေပေ၏။
သားရဲတစ်ဝက်လူသားကိုးယောက်လုံး သေဆုံးသွားလေပြီ။
"ငါ....ငါ မြင်တာများ မှားနေတာလား"
"အဲ့ဒီကောင်လေးက ဘယ်သူလဲ...သူ့ရဲ့အသက်က အရမ်းမကြီးသေးတာတောင် ဒီလိုခွန်အားမျိုးရှိနေပြီ"
"အဲ့ဒီသူတွေက စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတောင် နောက်ဆုတ်ပေးလိုက်ရတဲ့ သားရဲတစ်ဝက်လူသားတွေလေ...အဲ့ဒီကောင်လေးက သူတို့ကို အလွယ်တကူ သတ်ပစ်လိုက်တာလား"
တိုက်ပွဲကွင်းပြင်ပြင်ပရှိ မှုးကြီးမတ်ရာများနှင့် ကျင့်ကြံသူများအားလုံးသည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ပြောဆိုနေကြသည်။
သို့ရာတွင် ဆရာယင်ကမူ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ပြိုလဲကျကာ ကြောင်စီစီဖြစ်နေပေ၏။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိချိန်၌ မည်သူကမျှ သူ့အား အာရုံစူးစိုက်ခြင်းမရှိပေ။
လူအားလုံးထံမှအကြည့်များက လုယွီထံသို့သာ ကျရောက်နေသည်။
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာတွင် အပြာနုရောင်အလင်းမှော်စွမ်းအားလွှာတစ်လွှာက သူ့ခန္ဓာကိုယ်၏နံဘေးပတ်လည်၌ ထွက်ပေါ်လာပြီး သူ့ဝတ်စုံကို သွေးများစွန်းထင်းမှုမရှိစေရန် ကာကွယ်ပေးထားသည်။
ထို့နောက် လုယွီက ကောင်းကင်ယံ၌ မတ်တတ်ရပ်နေသော မဟာဆရာသခင်ကိုကြည့်၍ ပြောဆိုလိုက်သည်။
"ကျွန်တော်...အနိုင်ရပြီလား"
လုယွီ၏အသံသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။
"အနိုင်ရသူရဲ့ နောက်ကွယ်ကလူက မင်းသမီးလော့ချီးပဲ"
မဟာဆရာသခင်က ပြောဆိုလေသည်။
သူက စကားဆုံးသည်နှင့် လုယွီရှိနေရာဘက်သို့ လက်ညှိုးညွှန်လိုက်ရာ တိုက်ပွဲကွင်းပြင်ကိုကာရံထားသော ဝင်္ကပါကြီး ပျက်ပြယ်သွားတော့သည်။
"ဧကရာဇ်မင်းရဲ့အမိန့်တော်အရ...မင်းသမီးလော့ချီးက ငါတို့မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသမီးဖြစ်သွားပြီ"
Chapter 853
မဟာဆရာသခင်၏လေးနက်တည်ကြည်သော အသံက နန်းတော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပေ၏။
မိုးကောင်းကင်နဂါးတိုင်းပြည်မှ အမတ်ကြီးများအားလုံး အံ့အားသင့်နေကြ၏။သူတို့က ရရှိထားသောသတင်းများကိုအခြေခံ၍ မြောက်များစွာသောအဆုံးသတ်များကို တွေးတောခဲ့ကြသော်လည်း ဤကဲ့သို့ရလဒ်ကိုမှု မျှော်လင့်မထားမိကြချေ။
"ကျွန်မလား"
မင်းသမီးလော့ချီးက ပါးစပ်အဟောင်းသားဖြစ်နေပြီး သူမ၏မျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ဒုတိယမင်းသားက ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။
"ငါ လက်မခံနိုင်ဘူး"
နဝမမင်းသားကလည်း အော်ဟစ်ပြောဆိုလေသည်။
"သူက တိုင်းရေးပြည်ရေးကို ဘာမှနားမလည်တဲ့ကလေးမလေးတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံဖြစ်နိုင်မှာလဲ"
တခြားမင်းသားများကလည်း မတ်တတ်ထရပ်ပြီး သဘောမတူညီကြောင်း အော်ဟစ်ပြောဆိုနေကြ၏။
"မင်းတို့ရဲ့ပါးစပ်တွေကို ပိတ်ထားလိုက်ကြစမ်း...မင်းသားတွေအားလုံးပဲ....ဧကရာဇ်ရဲ့အမိန့်တော်ကို ဖီဆန်ချင်နေတာလား"
မဟာဆရာသခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒုတိယမင်းသားက ပြောဆိုလေသည်။
"ကျွန်တော်က အမိန့်တော်ကို ဖီဆန်ချင်တာမဟုတ်ပါဘူး...ဒါပေမယ့် ဒါက အိမ်ရှေ့စံရွေးချယ်ပွဲလေ...ကျွန်တော်တို့ရှုံးနိမ့်သွားတာကို ဘယ်သူမှသက်သေပြနိုင်တာမှမဟုတ်တာ...မဟာဆရာသခင်က ကျွန်တော်တို့ကို ထပ်ယှဥ်ပြိုင်ခိုင်းပြီး အိမ်ရှေ့စံအသစ်ရွေးချယ်ပေးပါလား"
"ငါ့ရဲ့ညီမတော်က အိမ်ရှေ့စံဖြစ်လာတာ ကောင်းတယ်လို့ ငါတော့ခံစားမိတယ်...ဒုတိယအကိုတော်...မင်းက မင်းကိုယ်မင်း အိမ်ရှေ့စံဖြစ်နေပြီလို့ ထင်နေတာမလား...အခု ငါ့ညီမတော်အလှည့်ကျမှ မင်း ဘာတက်နိုင်သေးလို့လဲ"
တတိယမင်းသားက ခနဲ့တဲ့တဲ့ပြောဆိုလိုက်၏။သို့ရာတွင် သူသည်လည်း လော့ချီးသည် အိမ်ရှေ့စံနေရာနှင့် မသင့်လျော်ဟု တွေးတောနေမိသည်။
ကျင့်ကြံခြင်းတိုင်းပြည်နှင့် သေမျိုးတိုင်းပြည်၏အနေအထားမှာ အလွန်ကွဲပြားခြားနားသည်။ကျင့်ကြံခြင်းတိုင်းပြည်များတွင် ခွန်အားရှိသူကိုသာ လေးစားကြသည်ဖြစ်၍ မိန်းကလေးတစ်ယောက်ပင်လျှင် ဧကရီတစ်ပါးဖြစ်နိုင်သည်။
သို့ရာတွင် လော့ချီးကမူ ကျင့်ကြံမှုမပြုနိုင်ရုံသာမက သူမ၏ခန္ဓာကိုယ်သည်ပင် သန်စွမ်းခြင်းမရှိချေ။
အကယ်၍ သူမသာ အိမ်ရှေ့စံဖြစ်လာပါက မည်သူကမျှ သူမ၏အမိန့်ကို နာခံမည်မဟုတ်ပေ။သို့ရာတွင် ထိုသို့ဆိုလျှင်ပင် ဒုတိယမင်းသား အိမ်ရှေ့စံဖြစ်လာမည်ထက် ပို၍သာလွန်ပေသည်။
မဟာဆရာသခင်၏အေးစက်တင်းမာသောအကြည့်က လူအားလုံးထံသို့ ဝေ့ဝိုက်၍ကျရောက်လာပြီး သူက ပြောဆိုလိုက်၏။
"ကောင်းကင်ဘုံရဲ့လိုအင်ဆန္ဒအရဖြစ်လာတဲ့ ဧကရာဇ်ရဲ့အမိန့်တော်ကို ပြောင်းလဲလို့မရဘူး...မင်းသမီးလော့ချီးဟာ မိုးကောင်းကင်နဂါးတိုင်းပြည့်ရဲ့ အိမ်ရှေ့စံဆိုတဲ့အချက်ကို ဘယ်သူမှပြောင်းလဲလို့မရတော့ဘူး"
ထို့နောက် မဟာဆရာသခင်၏လက် တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ နန်းမွေလုပွဲကိုတက်ရောက်လာကြသော မူးကြီးမတ်ရာများက သံစဥ်တစ်ပုဒ်ကို ချက်ချင်း တီးမှုတ်လိုက်ကြသည်။သာယာနာပျော်ဖွယ် တေးဂီတံသံစဥ်က ချက်ချင်းပင် အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
တခြားမင်းသားများက ဤသံစဥ်ကိုကြားချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ထိုသံစဥ်သည် အမျိုးမျိုးသောမှော်လက်နက်များကို ဖြတ်သန်း၍ထွက်ပေါ်လာကာ မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ပြည်လုံးအနှံ့ပျံ့နှံ့သွားပြီး အိမ်ရှေ့စံမင်းသားအသစ်တင်မြှောက်မည့်အကြောင်းကို အသိပေးခြင်းပင်။
လုယွီက မင်းသမီးလော့ချီး၏နံဘေးသို့ လျှောက်လှမ်းလာပြီး ပြောဆိုလိုက်၏။
"ကံကောင်းထောက်မပြီး ငါ မရှုံးနိမ့်ခဲ့ဘူး"
မင်းသမီးလော့ချီးက ယခုလက်ရှိအချိန်ထိ ရူးသွပ်လုနီးပါး ခံစားနေရသည်။
"နင့်ရဲ့လုပ်ဆောင်မှုက အရမ်းကောင်းတာပဲ...နင်က ငါ့ကို အိမ်ရှေ့စံဖြစ်အောင် လုပ်ပေးတာလား"
သူမက လုယွီ၏တိုက်ခိုက်မှုကို ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ တွေ့မြင်ဖူးခဲ့သည်။ထို့ကြောင့် သူမသည် တခြားမင်းသားများအား ဆိုးဆိုးရွားရွားမရှုံးနိမ့်စေရန်ရည်ရွယ်၍ လုယွီကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မင်းသမီးလော့ချီးသည် သူမ၏ဖခမည်းတော်နှင့် အကိုတော်တို့၏ ချစ်မြတ်နိုးမှုဖြင့် ကြီးပြင်းလာခဲ့ရ၍ ဤကဲ့သို့ မျှော်လင့်မထားသောအခြေအနေမျိုးကို ရင်ဆိုင်နိုင်စွမ်းမရှိချေ။သူမက စိတ်အနည်းငယ် ရှုပ်ထွေးနေပေ၏။
"စိတ်အေးအေးထား...အခုချိန်မှာ မင်းက အိမ်ရှေ့စံဖြစ်နေပြီ...အရင်ကလို သာမာန်မင်းသမီးမဟုတ်တော့ဘူး"
လုယွီက နံဘေးရှိ တတိယမင်းသားကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"ပြီးတော့ မင်းရဲ့အကိုတော်ကတော့ အရင်ကအတိုင်း မင်းအပေါ်မပြောင်းလဲဘဲ ဆက်ဆံနိုင်မယ်လို့ ငါ ထင်တယ်"
တတိယမင်းသား၏မျက်နှာအမူအယာက ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး သူက ပြောဆိုလေသည်။
"ငါက အိမ်ရှေ့စံကို အကောင်းဆုံး ကာကွယ်ပေးသွားမှာပါ"
သူက လုယွီကိုတစ်ချက်ကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။
မူလက မင်းသမီးလော့ချီးသည် လုယွီကိုထောက်ခံပေးစဥ်တွင် တတိယမင်းသားက ပြဿနာလာရှာသည်ဟုသာ တွေးတောခဲ့မိ၏။လုယွီသည် တခြားကျင့်ကြံသူများထက် သာလွန်သောခွန်အားရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
တတိယမင်းသားက အနည်းငယ်နောင်တရနေသော်လည်း သူက အလွန်အမင်းစိတ်ပျက်နေခြင်းမျိုးမရှိပေ။သူ၏ညီမတော် အိမ်ရှေ့စံဖြစ်လာခြင်းသည် သူ့အတွက်ဆိုးရွားသောကိစ္စမဟုတ်သည့်အပြင် သူ အခွင့်အာဏာကိုထိန်းချုပ်ရန်အတွက် ပို၍ပင်အခွင့်သာနိုင်သည်။
ဒုတိယမင်းသား၏မျက်နှာ ဖြူရော်နေပြီး တခြားမင်းသားများ၏အဝေး၌သာနေနေကာ လူများအနီးသို့ မချဥ်းကပ်ဝံ့တော့ချေ။
သူက မင်းသားများအားလုံးထံမှ စိတ်ဝိညာဥ်ကျောက်တုံးများ တောင်းယူခဲ့သဖြင့် ယခုချိန်တွင် လူအားလုံး၏ပစ်မှတ်ဖြစ်နေသည်။အကယ်၍ မူးကြီးမတ်ရာများသာ ဤနေရာ၌ရှိမနေပါက သူ အဝေးသို့ထွက်ပြေးရန် အဆင်သင့်ဖြစ်နေလေပြီ။
ထို့ပြင် စိတ်နှလုံးသားအတွင်း၌ နာကျင်မှုအခံစားနေရဆုံးသူမှာ နဝမမင်းသားဖြစ်သည်။သူက လုယွီကို မှတ်မိပေ၏။ထိုအချိန်တုန်းက အမတ်ကြီးဝူလီပြောခဲ့သော စကားလုံးများက သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေသည်။လုယွီသည် ဆရာယင်ထက်ပို၍သန်မာသူဖြစ်နေပေ၏။
"တကယ်လို့ ငါသာ အမတ်ကြီးဝူလီရဲ့စကားကို နားထောင်ခဲ့မယ်ဆိုရင်...ငါသာ သူ့ကို အထူးဧည့်သည်တစ်ယောက်အဖြစ်နဲ့ ဆက်ဆံခဲ့မယ်ဆိုရင်..."
နဝမမင်းသား၏စိတ်နှလုံးသားအတွင်း၌ သွေးများတစ်စက်စက် ယိုစီးနေသကဲ့သို့ နောင်တများ ဖိစီးနေတော့သည်။
Chapter 854
"နန်းတော်တံခါးကိုဖွင့်ပြီး အိမ်ရှေ့စံကို နန်းတော်ထဲကို ကြိုဆိုမယ်"
ဝုန်း...
မဟာဆရာသခင်၏အသံနှင့် အတူယှဥ်တွဲ၍ မူလက ပိတ်ထားသောနန်းတော်တံခါးများ ချက်ချင်းပွင့်သွားသည်။
တတိယမင်းသားသည် မင်းသမီးလော့ချီးကို ခမ်းနားထည်ဝါသောရထားလုံးတစ်စီးပေါ်သို့တင်ပေးပြီး သူမကိုထိုင်စေသည်။ယုန်သားရဲက သူ၏သခင်ဖြစ်သူထံသို့ အစာတောင်းရန်ပြေးလာသည်။သူ့အား စစ်သားများက နံဘေးဘက်သို့ ဆွဲထုတ်လိုက်၏။
လုယွီသည် မင်းသမီးလော့ချီးကို ကူညီခဲ့သူဖြစ်သဖြင့် သူလည်း နန်းတော်အတွင်းသို့ ဝင်ခွင့်ရခဲ့သည်။
တော်ဝင်နန်းတော်တစ်ခုလုံးကို အကာအကွယ်အလွှာတစ်လွှာဖြင့် တားဆီးထားပြီး ပြင်ပလောကနှင့် ပိုင်းခြားထားသည်။
"ဒီလေါက်တောင် ထူထပ်သိပ်သည်းတဲ့ ယင်ချီတွေ..."
လုယွီက တော်ဝင်နန်းတော်အတွင်းသို့ ဝင်မိသည်နှင့် သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တိုင်းပြည်တစ်ပြည်၏တော်ဝင်နန်းတော်ဆိုသည်မှာ နဂါးအရှိန်အဝါများ စုဝေးနေပြီး နေမင်းကြီးထံမှစွမ်းအားများလည်းရရှိကာ ဧကရာဇ်မင်း၏ဘုန်းတန်ခိုးအာနုဘော်စွမ်းအားများ အဆက်မပြတ်ထုတ်လွှက်နေရမည့် နေရာဖြစ်သည်။
သို့ရာတွင် သူ့ရှေ့ရှိတော်ဝင်နန်းတော်ကမူ အနက်ရောင်အရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။နန်းတော်အတွင်း၌ လမ်းလျှောက်နေသောစစ်သားများပင်လျှင် ကျင့်ကြံသူများဖြစ်သော်လည်း သူတို့၏မျက်နှာအမူအယာများမှာ မကောင်းလှချေ။ထိုစစ်သားများသည် ယင်ချီကျူးကျော်ခြင်းဒဏ်ကို ခံစားနေရသည်မှာ အချိန်အတော်ကြာမြင့်နေပုံရသည်။
မိုးကောင်းကင်နဂါးတိုင်းပြည်၏တော်ဝင်နန်းတော်သည် သာမာန်အနေအထား၌ရှိမနေချေ။
ရထားလုံးသည် စစ်သားအများအပြားစောင့်ကြပ်နေသော မဟာအနောက်နန်းဆောင်ရှေ့သို့အရောက်တွင် ရပ်တန့်သွားသည်။
လူများက ဤနေရာ၌ စောင့်ဆိုင်းနေရ၏။လုယွီက ဤအခြေအနေကို အခွင့်ကောင်းယူပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်တည်နေရာကို အာရုံခံလိုက်သည်။
သို့ရာတွင် သူ၏အာရုံခံမှု၌ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို မတွေ့မိပေ။သူ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ်သည် အပြည့်အဝပိတ်ဆို့ဟန့်တားခံထားရပုံပေါ်လွင်နေကာ မည်သည့်အကြွင်းအကျန်စိတ်ဝိညာဥ်ကိုမျှ သူ အာရုံခံမိခြင်းမရှိချေ။
လုယွီက မျက်မှောင်ကြုတ်နေပေ၏။သူက သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ပို၍ထုတ်လွှက်ခါနီးဆဲဆဲအချိန်တွင် ရုတ်တရက် သူ၏နံဘေး၌ လေအေးတစ်ချက်တိုက်ခတ်သွားခြင်းကို သူ ခံစားမိသည်။
"အရှင်မင်းကြီးကို ကြိုဆိုနှုတ်ဆက်ပါတယ်"
အမတ်ကြီးများ၏အသံနှင့်အတူ အားကောင်းသော ဖိအားလှိုင်းတစ်ရပ်က လုယွီထံသို့ သက်ဆင်းလာသည်။သို့ရာတွင် လုယွီက သူ့စိတ်ဝိညာဥ်၏စွမ်းအားကြောင့် ဤဖိအားကို ခုခံနိုင်သည်။
ကြွင်းကျန်သောလူများကမူ မြေပြင်ပေါ်၌ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်နေကြပြီး လူနည်းစုသာ မတ်တတ်ရပ်လျက်အနေအထားရှိနေသည်။
ခန်းမကျယ်ကြီးအတွင်းမှနေ၍ နဂါးဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က ဖြည်းဖြည်းချင်းထွက်လာသည်။
ထိုလူလတ်ပိုင်းကြီး၌ မြင့်မြတ်သောကိုယ်နေဟန်ထားနှင့် တည်ကြည်လေးနက်သောအမူအယာရှိသည်။သူထံမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများ ထွက်ပေါ်နေပေ၏။
"ဖခမည်းတော်"
တတိယမင်းသားက လော့ချီးကို ရထားလုံးအောက်သို့ဆင်းနိုင်ရန် ကူညီပေးပြီး သူတို့နှစ်ယောက်လုံး ဒူးထောက်လိုက်ကြသည်။
တခြားမင်းသားများကမူ နန်းမွေလုပွဲ၌ ရှုံးနိမ့်ခဲ့သဖြင့် တော်ဝင်နန်းတော်အတွင်းသို့ဝင်ရောက်ရန် အခွင့်အရေးမရကြချေ။
ဤနန်းတော်သည် ယခုလက်ရှိချိန်၌ သူတို့မောင်နှမနှစ်ယောက်၏အပိုင်ဟုပင် ဆိုနိုင်သည်။
"မင်းက အိမ်ရှေ့စံဖြစ်လာမှတော့ တိုင်းပြည်ရဲ့အုပ်ချုပ်သူ ဖြစ်လာပြီ...မင်းက တိုင်းပြည်ကို ကောင်းကောင်းစီမံခန့်ခွဲရမယ်..."
ဧကရာဇ်မင်း၏အသံက အက်ရှရှဖြစ်နေပေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။ဤသည်က ဧကရာဇ်မင်း၏အစစ်အမှန်ခန္ဓာကိုယ် မဟုတ်သည့်အပြင် ကိုယ်ပွါးတစ်ခုပင်မဟုတ်ချေ။
ဤသည်က ပုံရိပ်ယောင်သက်သက်ပင်။
မိုးကောင်းကင်တောင်ထိပ်၌ တွေ့ဆုံခဲ့သော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပုံရိပ်ယောင်နှင့် မတူညီသည်က ဧကရာဇ်မင်းသည် ဤစကားများကို ကြိုတင်ပြင်ဆင်ထားပုံရသည်။
လေလွင့်အင်မော်တယ်အဆင့်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အဆင့်နှင့် အလှမ်းကွာဟသည်။အကျိုးဆက်အနေဖြင့် သူ့ရှေ့ရှိပုံရိပ်ယောင်တွင် မည်သည့်ဥာဏ်ရည်ဥာဏ်သွေးမျှ မပါရှိချေ။
သို့ရာတွင် ဤကိစ္စကို ယခုလက်ရှိနေရာ၌ရှိနေသော မည်သည့်ကျင့်ကြံသူမျှ သတိပြုမိပုံမရချေ။
ပုံရိပ်ယောင်၏စကားဆုံးသည်နှင့် တော်ဝင်အမိန့်တော်တစ်ခုက လော့ချီး၏လက်အတွင်းသို့ ကျရောက်လာသည်။
"သားတော်က အမိန့်တော်ကို နာခံပါ့မယ်"
ကြီးမားသောဖိအားအရှိန်အဝါအောက်တွင် တတိယမင်းသားနှင့်မင်းသမီးလော့ချီးတို့သည် သူတို့၏ခေါင်းများကိုပင် မော့မကြည့်ဝံ့ဘဲ တော်ဝင်အမိန့်တော်ကို လက်ခံရယူလိုက်၏။
ဧကရာဇ်မင်း၏ပုံရိပ်ယောင်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားအော်ရာနှင့်အတူ ပျက်ပြယ်သွားတော့သည်။
လုယွီက ခေါင်းခါယမ်းနေပေ၏။ကျီးချန်ယွီ၏စိတ်ဝိညာဥ်သည် ဧကရာဇ်မင်းထံ၌ ရှိမနေချေ။
သူက တခြားနေရာများသို့သွား၍ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ရှာဖွေရန် ကြံရွယ်လိုက်၏။ရုတ်တရက် သူက ဧကရာဇ်မင်း၏ပုံရိပ်ယောင် ပျောက်ကွယ်သွားသောဘက်တွင် မနှစ်မြို့ဖွယ်ရာခံစားချက်မျိုးကို ရရှိမိသည်။
ထိုဦးတည်ရာဘက်၌ လုယွီက အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ် ယင်ချီအရှိန်အဝါများရှိနေခြင်းကို ခံစားမိလေ၏။
တော်ဝင်နန်းတော်အတွင်း၌ ဤမျှများပြားသော ယင်ချီအရှိန်အဝါများ ရှိနေသလော။
"အရှင့်သား...အဲ့ဒီနေရာက ဘာနေရာလဲ"
လုယွီက ယင်ချီများထွက်ပေါ်နေရာဘက်သို့ လက်ညှိုးညွှန်၍ မေးမြန်းလိုက်သည်။
"အဲ့ဒီနေရာက နဂါးအရှိန်အဝါတွေ စုစည်းနေတဲ့နေရာပဲ...ပုံမှန်အခြေအနေဆိုရင်တော့ အဲ့ဒီနေရာကို တော်ဝင်မိသားစုဝင်တွေပဲ ဝင်ခွင့်ရှိတယ်"
တတိယမင်းသားက ချက်ချင်းပင် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
"စီနီယာ မြေအောက်လောကက အဲ့ဒီနေရာမှာ ကျင့်ကြံချင်တယ်ဆိုတာကို ကျွန်တော် မှတ်မိတယ်...စီနီယာ စိတ်အေးအေးထားပါ...ကိစ္စအားလုံးအခြေကျတာနဲ့ စီနီယာကို အဲ့ဒီနေရာဝင်ခွင့် ပေးပါ့မယ်"
Chapter 855
တတိယမင်းသား၏စွမ်းဆောင်ရည်သည် အလွန်အမင်း မြန်ဆန်ပေ၏။နေ့ဝက်အချိန်အတွင်းမှာပင် မိုးကောင်းကင်နဂါးတိုင်းပြည်၏အိမ်ရှေ့စံနေရာကို အခိုင်အမာရယူနိုင်ခဲ့သည်။
တတိယမင်းသားသည် အိမ်ရှေ့စံ၏ကိုယ်စားအုပ်ချုပ်သူဖြစ်လာပြီး စစ်ရေးဆိုင်ရာကိစ္စများကို တာဝန်ယူခဲ့သည်။
မင်းသမီးလော့ချီး အိမ်ရှေ့စံအဖြစ် ခံယူလိုက်စဥ်တွင် နဂါးများအားလုံးက သူတို့၏ခေါင်းများကို မိုးကောင်းကင်ယံသို့မော့ကြည့်ပြီး ဟိန်းဟောက်လိုက်ကြ၏။
အလွန်ကြီးမားသော ထောက်ပံစွမ်းအားများက မင်းသမီးလော့ချီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။သူမ၏ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်းမရှိသည့်တိုင် သူမက နှိုင်းယှဥ်ပြစရာမရှိသော သက်တောင့်သက်သာရှိမှုမျိုးကို ခံစားနေရသည်။
ဤှသည်က လောကကြီး၏ထောက်ပံမှုစွမ်းအားပင်။
ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံမှုကိုရပ်တန့်ပြီး ကျင့်ကြံခြင်းတိုင်းပြည်များ၌ အရာရှိများအဖြစ် ဝင်ရောက်အမှုထမ်းကြခြင်းမှာ ထောက်ပံမှုစွမ်းအားကို အလိုရှိသောကြောင့်ဖြစ်သည်။
တတိယမင်းသားက သူ၏စိတ်ကို သူမထိန်းချုပ်နိုင်တော့ဘဲ လေချွန်နေပေ၏။သူ၏ကျင့်ကြံဆင့်သည် မူလက အစောပိုင်းစိတ်ဝိညာဥ်နယ်ပယ်ဖြစ်သည်။လောကကြီး၏ထောက်ပံမှုစွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် သူက စိတ်ဝိညာဥ်နယ်ပယ်အလယ်ဆင့်သို့ ရောက်ရှိသွားသည်။
ဤအဆင့်တက်ခြင်းသည် သာမာန်ဟုထင်ရသော်လည်း သာမာန်ကျင့်ကြံသူများအဖို့ ကျင့်ကြံဆင့်နယ်ပယ်မြင့်မားလာသည်နှင့်အမျှ အဆင့်ငယ်တစ်ခုကိုချိုးဖျက်နိုင်ရန်ပင် အချိန်များစွာကြာမြင့်သည်။
အဆုံးသတ်အနေဖြင့် တတိယမင်းသားနှင့်ရင်းနှီးသော မင်းသားတချို့သည် သူတို့၏အဆင့်အတန်းကိုဆက်လက်၍ ထိန်းသိမ်းထားနိုင်ခဲ့သည်။
တချို့မင်းသားများကမူ ဆိုးရွားသောအခြေအနေနှင့် ရင်ဆိုင်တွေ့ရသည်။မင်းသားအများစုသည် အမတ်များအဖြစ် အဆင့်လျော့ချခြင်းခံရပြီး ဝေးလံခေါင်သီသောနေရာများ၌ တာဝန်ထမ်းဆောင်ရန် စေလွှက်ခြင်းခံကြရသည်။
အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်ရသူမှာ ဒုတိယမင်းသားပင်။သူ၏တော်ဝင်ရာထူးအဆင့်အတန်းများအားလုံး ရုတ်သိမ်းခြင်းခံရပြီး အိမ်တော်အတွင်း၌ အကျယ်ချုပ်ချထားခြင်းခံလိုက်ရ၏။
အကယ်၍ ဧကရာဇ်မင်း တံခါးပိတ်ကျင့်ကြံနေရာမှ ပြန်ထွက်လာမှသာ ဒုတိယမင်းသား ပြန်လည်လွတ်မြောက်ကောင်းလွတ်မြောက်နိုင်ပေမည်။
"စီနီယာမြေအောက်လောကရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော်ရဲ့အိမ်တော်မှာတုန်းက စီနီယာအပေါ် ဆက်ဆံရေးညံဖျင်းခဲ့မှုအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်...ဒီလို လုပ်ကြရအောင်...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ပထမဆင့်အမတ်နေရာ ခန့်ပိုင်ခွင့် ကျွန်တော်မှာရှိတယ်...တကယ်လို့ စီနီယာသာ ဆန္ဒရှိတယ်ဆိုရင်...အဲ့ဒီရာထူးနေရာက စီနီယာအတွက်ပဲ"
တတိယမင်းသားက လုယွီကို လေးလေးစားစား ပြောဆိုလိုက်၏။
လုယွီသည် အသက်ငယ်ငယ်လေးနှင့် ဤမျှထိအစွမ်းထက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်သော သားရဲတစ်ဝက်လူသားများကို လုယွီက သတ်ဖြတ်ခဲ့သည့်ကိစ္စကို ဘေးဖယ်ထားလျှင်ပင် သူ၏အသက်အရွယ်သည် တခြားသူများကိုအနိုင်ယူနိုင်ပေ၏။
ထိပ်သီးကျင့်ကြံသူများသည် အစွမ်းထက်သည်မှာမှန်သော်လည်း အများစုမှာ အိုမင်းနေကြလေပြီ။အကယ်၍ သူတို့ကသာ ထပ်မံ၍အဆင့်ချိုးဖျက်နိုင်ခြင်းမရှိပါက နောက်လာမည့်နှစ်အနည်းငယ်အတောအတွင်း၌ သူတို့၏သက်တမ်းကုန်ဆုံးသွားပေမည်။
သို့ရာတွင် လုယွီ၏အလားအလာကမူ အကန့်အသတ်မရှိပေ။
လုယွီက ပြောဆိုလိုက်၏။
"အရှင့်သား...ငါက ငါ့ရဲ့ခွန်အားကိုမြှင့်တင်ချင်လို့ ဒီနေရာကိုလာခဲ့တာ...အဲ့ဒီလိုအရာရှိတာဝန်တွေက ငါ့ကို အဟန့်အတားဖြစ်စေမယ်...ကျေးဇူးပြုပြီး ငါ့ကိုနားလည်ပေးပါ"
တတိယမင်းသားက သက်ပြင်းရှိုက်ပြီး သူ၏ကမ်းလှမ်းမှုကို ရပ်တန့်လိုက်သည်။စကားအနည်းငယ်ဖြင့်ပင် လုယွီက မည်သို့မျှ လက်ခံမည်မဟုတ်ကြောင်းကို သူ ခန့်မှန်းမိပေ၏။
"ကောင်းပြီလေ...ကျွန်တော်က ကျွန်တော်ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးမယ်...နဂါးသွေးကြောရှိနေတဲ့နေရာကို တော်ဝင်မိသားစုတွေပဲ ဝင်နိုင်ပေမယ့်...အခုချိန်မှာ ကျွန်တော်က ကိုယ်စားအုပ်ချုပ်သူဖြစ်နေတော့...ကျွန်တော်ရဲ့အမိန့်က တော်ဝင်အမိန့်တော်နဲ့ အတူတူပဲ...စီနီယာအတွက် ကျွန်တော် အမိန့်ထုတ်ပြန်ပေးထားတယ်...ဒီအမိန့်တော်ကိုယူပြီး သွားလို့ရပြီ"
တတိယမင်းသားက တော်ဝင်အမိန့်တော်တစ်စောင်ကို လုယွီထံသို့ လက်ကမ်းပေးလေသည်။
လုယွီက ပြောဆိုလိုက်၏။
"အရှင့်သားကို ကျေးဇူးတင်ပါတယ်"
မိန်းမစိုးတစ်စု၏လမ်းညွှန်မှုနှင့် လုယွီသည် နဂါးသွေးကြောများ စုဝေးရာနေရာသို့ ရောက်ရှိလာသည်။လုယွီက လမ်းတစ်ဝက်သို့ရောက်ချိန်တွင် အားကောင်းသောစိတ်ဝိညာဥ်စွမ်းအင်များ ယိုစိမ့်နေခြင်းကို အာရုံခံမိသည်။
ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် အလွန်ထူထပ်သိပ်သည်းပြီး လေထုအတွင်း၌ ပြည့်နှက်နေရာ အနည်းငယ်ရှုရှိုက်မိရုံဖြင့်ပင် လူများကို တက်ကြွလန်းဆန်းစေသော ခံစားချက်မျိုးရရှိနိုင်သည်။
လုယွီက တံခါးကိုစောင့်ကြပ်နေသော အစောင့်အကြပ်ထံသို့ တော်ဝင်အမိန့်တော်ကို လက်ကမ်းပေးလိုက်၏။ထိုသူက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
ဤနေရာ၏အစောင့်အကြပ်သည် သိုင်းသူတော်စင်အဆင့်ဖြစ်နေခြင်းကို တွေ့မြင်မိသည့်အတွက် လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။
ထိုသူသည် သိုင်းသူတော်စင်အဆင့်အရှိန်အဝါကို ထုတ်လွှက်မထားသော်လည်း လုယွီက အာရုံခံမိသည်။
"နဂါးသွေးကြောက တိုင်းပြည်တစ်ပြည်ရဲ့အရေးကြီးတဲ့နေရာ ဖြစ်နေမှတော့ ထိပ်သီးကျင့်ကြံသူတစ်ယောက် စောင့်ကြပ်ဖို့လိုအပ်တာ ပုံမှန်ပါပဲလေ"
လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် သူရှေ့ရှိ နက်ရှိုင်းသောကျင်းနက်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
ဤနေရာသည် အလွန်နက်ရှိုင်းသဖြင့် လူများက အောက်ခြေအထိ မမြင်နိုင်ချေ။လေထုအတွင်း၌လည်း နဂါးအော်ရာများ ပြည့်နှက်နေပေ၏။နဂါးတချို့၏အရိပ်အယောင်များကိုပင် လေထုအတွင်း၌ ဝိုးတိုးဝါးတား တွေ့မြင်နိုင်သည်။
တခြားသူများ၏အမြင်တွင် မိုးကောင်းကင်နဂါးတိုင်းပြည်သည် နေရာအနှံ့စည်ကားသိုက်မြိုက်နေပြီး တစ်ရက်ပြီးတစ်ရက် တိုင်းပြည်၏အရှိန်အဝါ ပို၍တိုးတက်လာသည်ဟု ထင်မြင်ကြပေမည်။
သို့ရာတွင် လုယွီ၏အမြင်အရ မိုးကောင်းကင်နဂါးတိုင်းပြည်သည် ခြောက်ကပ်လုနီးနီးစမ်းချောင်းတစ်ခုကဲ့သို့ပင်။
နဂါးပုံရိပ်များသည် သူတို့၏ဥာဏ်ရည်ဥာဏ်သွေးများ ပျောက်ကွယ်သွားပုံရပြီး သူတို့၏ခန္ဓာကိုယ်များမှ စိတ်ဝိညာဥ်စွမ်းအားများ အဆက်မပြတ်ထွက်ပေါ်နေသည်။
ဤသည်က တိုင်းပြည်တစ်ပြည် ပျက်သုဥ်းလုဆဲဆဲအချိန်၌သာ တွေ့မြင်ရသောမြင်ကွင်းမျိုးဖြစ်သည်။
တခြားတိုင်းပြည်တစ်ပြည်တွင် နဂါးသွေးကြောများ ဤမျှထိလှုပ်ခတ်နေခြင်းမျိုးမှာ သာမာန်အခြေအနေ၌ အလွန်တွေ့မြင်ရခက်သောမြင်ကွင်းပင်။
"မိုးကောင်းကင်နဂါးဧကရာဇ်က ဘာတွေဖြစ်နေတာပါလိမ့်"
လုယွီက မျက်မှောင်ကြုတ်ပြီး ကျင်းနက်ကြီးအတွင်းသို့ ခြေချလိုက်၏။