အခန်း (၈၅၆-၈၆၀)
Vol. 46 Ch. 856-860
Chapter 856
လုယွီက နဂါးကိုးကောင်နယ်မြေအတွင်းသို့ ခြေချမိသည်နှင့် ပတ်ဝန်းကျင်ရှိ ယင်ချီများက သူ့ကို လွှမ်းခြုံသွားသည်။
ဤနေရာရှိလေထုအပူချိန်သည် ပြင်ပထက် များစွာပို၍နိမ့်ပါးပြီး လေထုဖိအားသည်လည်း အလွန်အားပျော့သည်။လုယွီ ရုတ်တရက် ရောက်ရှိလာမှုကြောင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေပေ၏။
"သိပ်သည်းလိုက်တဲ့ ယင်ချီတွေပါလား"
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။ဤအချိန်တွင် ပတ်ဝန်းကျင်ရှိယင်ချီအရှိန်အဝါများသည် ထိတ်လန့်တုန်လှုပ်ဖွယ်အခြေအနေသို့ ရောက်ရှိနေလေပြီ။
အကယ်၍ လုယွီသည်သာ အဆင့်တူများထက်ကျော်လွန်သော မှော်စွမ်းအားမျိုးမရှိပါက ဤနေရာ၌ တိုက်စားနေသော ယင်ချီများကို ခုခံနိုင်မည်မဟုတ်ချေ။
"တတိယမင်းသားက အစွန်အဖျားမှာပဲနေဖို့ ငါ့ကိုသတိပေးခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ကြည့်ရတာတော့ မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရာဇ်မင်းက ဒီနေရာမှာ အကြီးအကျယ်ခံစားနေရပုံပဲ"
လုယွီက သူမထွက်ခွါမီ တတိယမင်းသား သူ့ကိုသတိပေးလိုက်သည်ကို ပြန်လည်အမှတ်ရမိ၏။သူက လုယွီကို နဂါးကိုးကောင်နယ်မြေ၏နက်ရှိုင်းသောနေရာထိ မဝင်ရောက်ရန် အတန်တန်သတိပေးခဲ့သည်။
လုယွီက ချက်ချင်းပင် သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ထုတ်လွှက်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်မီးတောက်များက ဝိုင်းရံသွားပေ၏။
ကောင်းကင်ဘုံဧကရာဇ်၏ မူလဘူတအစစ်အမှန်မီးတောက် အမှောင်ထုအတွင်း၌ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိယင်ချီများအားလုံး တွန့်ဆုတ်သွားသည်။ယင်ချီများသည် သူတို့၏သလာဝရန်သူအား တွေ့လိုက်ရပုံဖြင့် နောက်ဆုတ်သွားကြ၏။
ဝှီး...ဝှီး...
နဂါးသွေးကြောများသည် ရည်ရွယ်ချက်မဲ့စွာဖြင့် လုယွီကို လှည့်ပတ်နေပြီး သူတို့ထံ၌ မည်သည့်သက်ဝင်နိုးကြားသော အရိပ်အယောင်မျှရှိမနေချေ။
ထိုအချိန်မှာပင် လူသေလောင်းတစ်လောင်းက လုယွီ၏ရှေ့သို့ မျောလွင့်လာသည်။
ဤအလောင်းကောင်သည် ယော်ကျားတစ်ယောက်ဖြစ်ပုံရသည်။သူ၏ခန္ဓာကိုယ်ပင် ခြောက်ကပ်နေပြီး ပါးစပ်ကြီးက ကျယ်လောင်စွာ ပွင့်ဟနေသည်။အလောင်းကြီး၏မျက်လုံးတစ်စုံသည် အပြည့်အဝပင် နက်မှောင်နေပေ၏။
သူက မှော်ရတနာတစ်ခုဖြစ်ပုံရသော မှော်ဝတ်ရုံကို ဝတ်ဆင်ထားရာ အမှောင်ထုအတွင်း၌ အလင်းရောင်များဖြာထွက်နေသည်။
လုယွီက ထိုအလောင်းကောင်ကို ညင်သာစွာထိတွေ့လိုက်သည်နှင့် ကြေမွပျက်စီးပြီး ပြာအဖြစ်လွင့်စင်သွားတော့သည်။
"အဲ့ဒီလူက ဒီနေရာမှာသေဆုံးနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ မသိဘူး...သူက ကျင်းနက်ကြီးရဲ့နက်ရှိုင်းတဲ့နေရာထိဝင်ဖို့ ကြိုးစားခဲ့ပေမယ့်...ယင်ချီတွေ သူ့ခန္ဓာကိုယ်ထဲကျူးကျော်ဝင်ရောက်တာကို မခုခံနိုင်တော့လို့ သေဆုံးသွားပုံရတယ်"
လုယွီ၏ခန္ဓာကိုယ်က ရွေ့လျားနေပြီး သူ၏မျက်လုံးအကြည့်က ကျင်းနက်ကြီး၏အောက်ခြေသို့ ကျရောက်နေသည်။
ထိုနေရာ၌ ယင်ချီအရှိန်အဝါများ ထွက်ပေါ်နေသည်။ထိုအချိန်မှာပင် ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး ကျင်းနက်ကြီးအတွင်းမှနေ၍ ဧရာမလက်သည်းကြီးတစ်ဖက် ထွက်လာပြီး လုယွီကို ကုတ်ဆွဲလိုက်၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်သည်းကြီးက လုယွီထံရောက်လာပြီး ကြီးမားသောပါးစပ်ကြီးက လုယွီအားကိုက်ရန် တိုးဝင်လာသည်။
"သေလမ်းရှာနေတာလား"
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် ချက်ချင်းပင် သူ၏လက်ဖဝါးအတွင်းမှ မီးတောက်များထွက်ပေါ်လာပြီး ထိုအရိပ်ကြီးကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ကောင်းကင်ဘုံဧကရာဇ်၏မူလဘူတအစစ်အမှန်မီးတောက်သည် အချိန်တခဏအတွင်းမှာပင် ပုံရိပ်ကြီးအား လောင်ကျွမ်းသွားစေသည်။အရိပ်ကြီးက စူးရှနာကျင်စွာအော်ဟစ်ပြီးနောက် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် နဂါးကိုးကောင်စုဝေးနေသောနေရာ၌ သေဆုံးမှုအငွေ့အသက်များက ပျံ့လွင်နေသည်။ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများက အမှောင်ထုအတွင်းမှနေ၍ လုယွီထံသို့ တွားသွားလာနေကြသည်။
"ယင်မှော်သားရဲတွေကများ...ဟမ့်.."
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။
ထို့နောက် သူက ယန်ကြွယ်ဆေဘာဓားကို ဆင့်ခေါ်ပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ရုတ်ချည်းဆိုသလိုပင် ပူပြင်းလောင်ကျွမ်းသော မီးတောက်များက အဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
မှော်သားရဲများသည် ချက်ချင်းဆိုသလိုပင် မီးတောက်များ၏လွှမ်းခြုံခြင်းခံလိုက်ရပြီး အော်ဟစ်ညည်းတွားသံများ အဆက်မပြတ်ထွက်ပေါ်လာပေ၏။
ထိုမှော်သားရဲများသည် လုယွီ၏လက်အတွင်းမှ မီးတောက်ကို ထိတ်လန့်ကြောက်ရွံနေပုံရသည်။မှော်သားရဲများသည် ဒီရေအလားနောက်ဆုတ်သွားကြသော်လည်း ထွက်ခွါသွားခြင်းမရှိဘဲ မလှမ်းမကမ်းအကွာအဝေးမှနေ၍ လုယွီကို စောင့်ကြည့်နေကြ၏။
လုယွီ၏လက်ဖဝါးပေါ်ရှိ မီးတောက်များပျောက်ကွယ်သွားသည်နှင့် သူတို့က တဖန်ပြန်၍ တိုးဝင်လာသည်။
ထိုမှော်သားရဲများသည် ဤနေရာရှိပြင်းထန်သောယင်ချီများမှ ဖြစ်တည်လာခြင်းပင်။သူတို့၏ဥာဏ်ရည်ဥာဏ်သွေးသည် အလွန်နိမ့်ပါးပြီး သူတို့က သတ်ဖြတ်သည်မှတပါး အခြားမရှိချေ။
လုယွီသည် ဤမှော်သားရဲများနှင့် အချိန်ဖြုန်းနေရန် ကြံရွယ်ထားခြင်းမရှိပေ။ဤနေရာ၌ ယင်ချီများ အလွန်ပြင်းထန်သဖြင့် ထိုမှော်သားရဲများကို ကုန်စင်အောင် သူ သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
လုယွီသည် အမှောင်ထုအတွင်း၌ သွားနေရင်း နောက်ဆုံး၌ အလင်းရောင်ဖျော့ဖျော့ထွက်ပေါ်နေသည့်နေရာကို တွေ့မြင်မိသည်။သူက ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်၏။
ဧရာမယဇ်ပလ္လင်ကြီးတစ်ခုက မြေပြင်ပေါ်၌ မားမားမတ်မတ် တည်ရှိနေသည်။
မြောက်များစွာသောသရဲတစ္ဆေများကို သံကြိုးကြီးများဖြင့်ချည်နှောင်ထားပြီး ယဇ်ပလ္လင်ပေါ်၌ ယင်ချီများဝိုင်းရံနေသော အလောင်းကောင်တစ်ကောင်ရှိနေသည်။
"နောက်ထပ် စိတ်ဝိညာဥ်တစ်ခုလား...ငါက ဒီအင်မော်တယ်ရဲ့ခန္ဓာကိုယ်ကို ရကိုရရမယ်"
တစ်စုံတစ်ယောက်က ရူးသွပ်နေသည့်အလား စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လုယွီက ထောင့်တစ်နေရာ၌ ပုန်းအောင်းပြီး အလောင်းကောင်ကို တစ်ချက်ကြည့်လိုက်ရာ ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသည်က ကောင်းကင်ဘုံဧကရာဇ်၏အလောင်းဖြစ်နေသည်။
Chapter 857
"ဒီနေရာမှာရှိတဲ့ ယင်ချီအရှိန်အဝါတွေက ဧကရာဇ်ရဲ့အလောင်းကောင်ကို ဖုံးကွယ်ဖို့အတွက်ပဲ"
လုယွီက ယဇ်ပလ္လင်ပေါ်မှ အလောင်းကောင်ကို ကြည့်လိုက်၏။
ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် ပတ်ဝန်းကျင်ရှိယင်ချီများကြားတွင် ပိတ်ဖုံးနေပြီး ပြင်ပသို့ အနည်းငယ်မျှပင် ယိုစိမ့်ထွက်ခြင်းမရှိပေ။
ယဇ်ပလ္လင်၏နံဘေးတွင် လူကြီးတစ်ယောက်ကထိုင်နေပြီး မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုကာ ယင်ချီများကို ကောင်းကင်ဘုံဧကရာဇ်၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်နေစေသည်။
အကယ်၍ ထိုယင်ချီများသာ သာမာန်ကျင့်ကြံသူတစ်ယောက်၏အလောင်းကောင်ပေါ်သို့ ကျရောက်ပါက အချိန်တခဏအတွင်းမှာပင် ပြာအဖြစ်ပြောင်းလဲသွားပေမည်။ကံဆိုးစွာဖြင့် ယင်ချီများသည် ယဇ်ပလ္လင်ပေါ်ရှိ အလောင်းကောင်ပေါ်သို့ကျသည့်တိုင် လေအေးတစ်ချက်တိုက်ခတ်ခံရသည့်အလား မည်သည့်ပြောင်းလဲမှုမျှမရှိချေ။
ဤသည်က ကောင်းကင်ဘုံဧကရာဇ်၏စွမ်းအားပင်။
"ငါက ယင်ချီတွေကိုအသုံးပြုပြီး နေ့နေ့ညညကြိုးစားထိုးဖောက်ခဲ့တယ်...နောက်ဆုံးတော့ ဒီအလောင်းကောင်ပေါ်မှာ ငါ ဒဏ်ရါတစ်ခု ချန်ထားနိုင်ခဲ့ပြီ"
"တကယ်လို့သာ နောက်ထပ်သရဲတစ္ဆေတွေ ပိုရှိနေရင်...ငါက ဒဏ်ရါကို ချဲ့ထွင်နိုင်မယ်...ငါက ဒီခန္ဓာကိုယ်ကိုရယူနိုင်တာနဲ့ အင်မော်တယ်ဖြစ်ပြီပဲ"
ထိုလူကြီး၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏အသံတွင် ရူးသွပ်နေသောအရိပ်အယောင်များ ပေါ်လွင်နေသည်။
ရုတ်တရက် သူက သူ၏လက်ကို သိုလှောင်အိတ်တစ်ခုအတွင်းသို့ထည့်ပြီး အတွင်းမှနေ၍ သရဲတစ္ဆေတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။
ထိုသရဲတစ္ဆေသည် အပြင်းအထန်ဒဏ်ရါရထားပုံပေါ်သော်လည်း သူ၏ဒေါသက လျော့ပါးခြင်းမရှိချေ။သူက ရူးသွပ်နေသောလူကြီးကိုမြင်သည်နှင့် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"လုံဝူကျီး...မင်းက ငါ့ကို ချောင်းမြောင်းပြီးတိုက်ခိုက်ဝံ့တယ်ပေါ့...တကယ်လို့ မင်း ငါ့ကိုထိတာနဲ့...ငါ့ရဲ့တိုင်းပြည်မှာရှိတဲ့ ကျင့်ကြံသူသန်းပေါင်းများစွာက မိုးကောင်းကင်နဂါးတိုင်းပြည်ကို တိုက်ခိုက်လိမ့်မယ်...မင်း တည်ထောင်ထားတဲ့တိုင်းပြည်ကိုတော့ မပျက်စီးစေချင်ဘူးမလား"
လုံဝူကျီးက ရယ်မောနေပေ၏။
"ဟား ဟား ဟား...တိုင်းပြည်ဆိုတာဘာလဲ...ရာဇပလ္လင်ဆိုတာကရော အရေးပါလို့လား...တကယ်လို့ ငါသာ အင်မော်တယ်တစ်ယောက်ဖြစ်လာရင် မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ပြည်လုံး ပျက်စီးသွားလည်း အရေးစိုက်စရာမရှိဘူး"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏ခန္ဓာကိုယ်ကို ပို၍လုံခြုံစွာဖုံးကွယ်လိုက်သည်။သူက သူရှေ့ရှိလူကြီး၏အစစ်အမှန် အဆင့်အတန်းကို သိရှိထားပေ၏။
ထိုသူက မိုးကောင်းကင်နဂါးတိုင်းပြည်၏ဧကရာဇ် လုံဝူကျီးပင်။
ကောလဟာလများအရ မိုးကောင်းကင်နဂါးတိုင်းပြည်၏ဧကရာဇ်သည် တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆိုကြ၏။သို့ရာတွင် ကျင့်ကြံခြင်းတိုင်းပြည်တစ်ပြည်၏ဧကရာဇ်သည် ဤကဲ့သို့ရူးသွပ်နေပုံပေါက်နေခြင်းကို မည်သူမျှ မျှော်လင့်ထားမိမည်မဟုတ်ပေ။
ဧကရာဇ်လုံဝူကျီး၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်နှာတပြင်လုံးတွင်လည်း မုတ်ဆိတ်မွှေးငုတ်တိုများဖြင့် ပြည့်နှက်နေသည်။အကယ်၍ သူ၏နံဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်နေသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသာမရှိပါက သူတောင်းစားတစ်ယောက်နှင့်ပင် ခြားနားခြင်းမရှိတော့ချေ။
"မင်းက ငါ့ကိုသတ်ချင်နေတာလား"
သရဲတစ္ဆေက ရုတ်တရက် အော်ဟစ်ကြုံးဝါးပြီး သူ၏စိတ်ဝိညာဥ်သည် နဂိုထက်နှစ်ဆကြီးထွားလာကာ လုံဝူကျီးထံသို့ ပြေးဝင်လိုက်၏။
"အရည်အချင်းမရှိတဲ့ ကောင်ကများ"
လုံဝူကျီးက အထင်အမြင်သေးစွာပြောဆိုပြီး သူ၏လက်ကို ဆန့်တန်းလိုက်၏။သူ၏လက်ဖဝါးအတွင်းမှနေ၍ လေဟာနယ်အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
သရဲတစ္ဆေ၏စွမ်းအားသည် ထိုလေဟာနယ်လှိုင်းအတွင်း၌ ကန့်သတ်ခံထားရပုံပေါ်ပြီး မည်သို့မျှ မလှုပ်ရှားနိုင်တော့ချေ။
"ငါ့ရဲ့အင်မော်တယ်ဖြစ်မယ့်လမ်းကြောင်းမှာ မင်းက ခြေနင်းကျောက်တုံးဖြစ်ရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"
လုံဝူကျီးထံမှ ထူးဆန်းသောရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။သူ၏မှော်စွမ်းအားများဖြင့် သရဲတစ္ဆေကို ပိတ်လှောင်ပြီး ယဇ်ပလ္လင်၏အောက်သို့ ပို့ဆောင်လိုက်၏။
ဤအချိန်တွင် ယဇ်ပလ္လင်၏အောက်ခြေ၌ မြောက်များစွာသော သရဲတစ္ဆေများကို သံကြိုးကြီးများဖြင့် ချိတ်ဆွဲထားသည်။ထိုသရဲတစ္ဆေများထံမှ ယင်ချီများက ပတ်ဝန်းကျင်လေထုအတွင်းသို့ ပျံ့နှံ့နေပေ၏။
သရဲတစ္ဆေများကို အားကောင်းသောမှော်စွမ်းအင်အသုံးပြု၍ ယဇ်ပလ္လင်၌တုတ်နှောင်ထားပုံရသည်။သူတို့က ယဇ်ပလ္လင်မှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ယင်ချီစီးကြောင်းများကိုသာလျှင် အဆက်မပြတ်ထုတ်လွှက်ပေးနေရ၏။
"ဒါက အကြံကောင်းတစ်ခုပဲ"
လုယွီက မအောင့်အည်းနိုင်တော့ဘဲ သူ၏စိတ်အတွင်းမှနေ၍ ချီးမွမ်းလိုက်မိသည်။ဧကရာဇ်လုံဝူကျီးသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်မဟုတ်ပေ။အကယ်၍ သူ့အား နှစ်တစ်ရာကျော်အချိန်ပေးလျှင်ပင် ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းကို မည်သို့မျှ ထိခိုက်နာကျင်အောင် လုပ်နိုင်စွမ်းမရှိချေ။
အတိတ်ဘဝတွင် မြေအောက်လောကတာအိုသခင်သည် သူ၏နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြု၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို သူနှင့်အတူ သေရွာသို့ဆွဲခေါ်ခဲ့သည်။ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်း အပြည့်အစုံရှိနေလျှင်ပင် အမာရွက်များကျန်ရှိနေနိုင်သည်။
ဧကရာဇ်လုံဝူကျီးက ထိုအမာရွက်များအနက်မှတစ်ခုကို ယင်ချီများဆယ်နှစ်ကြာ အဆက်မပြတ်အသုံးပြု၍ ဒဏ်ရါပြန်ဖြစ်စေရန် ချဲ့ထွင်နေခြင်းဖြစ်သည်။
သူက ထိုဒဏ်ရါမှတဆင့် ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းအတွင်းသို့ဝင်ရောက်ကာ ခန္ဓာကိုယ်အပိုင်စီးရန် ကြံရွယ်ထားပုံပင်။
လုယွီပင်လျှင် မနေနိုင်မထိုင်နိုင် ချီးကျူးလိုက်မိ၏။ဤသည်က အမှန်တကယ်ကို အကြံကောင်းတစ်ခုပင်။
ရုတ်တရက် လုယွီ၏မျက်လုံးအကြည့်ကို ယဇ်ပလ္လင်အောက်ခြေရှိ သရဲတစ္ဆေတစ်ကောင်က ဆွဲဆောင်နိုင်သွားသည်။
ထိုသရဲတစ္တေ၏ပုံပန်းသွင်ပြင်သည် လုယွီ၏နှလုံးသားအတွင်း၌ ခတ်နှိပ်ထားပြီးဖြစ်ပေ၏။
ဤသည်က ကျီးချန်ယွီ၏စိတ်ဝိညာဥ်ပင်။
Chapter 858
"မင်းက ဒီနေရာမှာပေါ့"
လုယွီ၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။သူ မိုးကောင်းကင်နဂါးတိုင်းပြည်သို့ လာရခြင်းမှာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ရှာဖွေရန်အတွက်ပင်။
သူမ၏အခြေအနေသည် သေရေးရှင်ရေးအနေအထားသို့ ရောက်ရှိနေသည်။လုယွီက ငရဲဥပဒေသကို ဖိအားပေး၍မောင်းထုတ်ခဲ့သော်လည်း အကယ်၍ ကျီးချန်ယွီ သတိလစ်မေ့မျောနေခြင်းသာ အချိန်ကြာမြင့်သွားပါက နောင်တစ်ချိန်၌ သူမပြန်လည်နိုးထနိုင်ချေမှာ လျော့နည်းသထက် လျော့နည်းသွားပေမည်။
အခွင့်အရေးတစ်ခုကိုရှာဖွေ၍ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ဤယဇ်ပလ္လင်မှနေ၍ သူ ဆွဲထုတ်ရလိမ့်မည်။
"ဒီနေ့က ငါ အင်မော်တယ်တစ်ယောက် ဖြစ်လာမယ့်နေ့ပဲ"
ဧကရာဇ်လုံဝူကျီးက မြောက်များစွာသောယင်ချီများကို ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းမှ ဒဏ်ရါအတွင်းသို့ တလိမ့်လိမ့်တွန်းပို့လိုက်သည်။
ယင်ချီများတိုက်စားထားသော ဒဏ်ရါမှ ရုတ်တရက် တရှဲရှဲမြည်သံနှင့်အတူ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
အချိန်နှစ်နာရီခန့် ကုန်ဆုံးသွားလေပြီ။
ရုပ်အလောင်းမှဒဏ်ရါသည် သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် တဖြည်းဖြည်းကျယ်ပြန့်လာပြီး အရိုးများထိ မြင်နိုင်ခဲ့သည်။
"အချိန်ကျပြီ"
ဧကရာဇ်လုံဝူကျီးက ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုမှနေ၍ သူနှင့်ဆင်တူသော ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာပြီး ရုပ်အလောင်းမှဒဏ်ရါထံသို့ ဦးတည်၍ သွားနေသည်။
အကယ်၍ ကောင်းကင်ဘုံဧကရာဇ်သာ သက်ရှိထင်ရှားဖြစ်ပါက လေလွင့်အင်မော်တယ်တစ်ယောက်ကို မဆိုထားနှင့် ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် ထိတ်လန့်တုန်လှုပ်ပြီး ဧကရာဇ်အနီးသို့ ချဥ်းကပ်ဝံ့မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းသည် ယင်ချီများတိုက်စားမှုဒဏ်ကို နှစ်ပေါင်းကြာမြင့်စွာ ခံယူထားရသဖြင့် ၎င်းထံမှအရှိန်အဝါများလည်း ပျောက်ဆုံးသွားလေပြီ။
ထို့ကြောင့်သာ ဧကရာဇ်လုံဝူကျီးကဲ့သို့ လေလွင့်အင်မော်တယ်တစ်ယောက်သည် ကောင်းကင်ဘုံဧကရာဇ်၏အနီးသို့ တိုးကပ်နိုင်ခြင်းဖြစ်သည်။
"ဒီအင်မော်တယ် မသေဆုံးခင်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပုံရတယ်...ငါက သူ့ဆီကနေ ငါတွေ့ဖူးတဲ့ ကောင်းကင်ဘုံနယ်မြေကလူတွေထက် အဆများစွာအစွမ်းထက်တဲ့ အရှိန်အဝါမျိုး ခံစားမိတယ်"
"ငါက ဒီခန္ဓာကိုယ်ကို အပိုင်စီးပြီးတာနဲ့....ကောင်းကင်ဘုံနယ်မြေကိုသွားရောက်နိုင်ပြီး ထိပ်တန်းအဆင့်တည်ရှိမှုကြီး ဖြစ်လာတော့မှာ"
ဧကရာဇ်လုံဝူကျီး၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန်လှုပ်ရှားနေပြီး သူက ဒဏ်ရါရှိရာသို့ ခုန်ဝင်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူက ဒဏ်ရါ၏အစွန်အဖျားသို့ ရောက်ရှိလာသည်။
ဝှစ်...
ထိုအချိနိမှာပင် ဆေဘာဓားချီလှိုင်းတစ်လှိုင်းက အမှောင်ထုကိုထွင်းဖောက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ကျဆင်းလာပေ၏။
ထိုဆေဘာဓားချီသည် အလွန်အမင်းထက်ရှပြီး ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်ပုံရသည်။ရုတ်ချည်းဆိုသလိုပင် ယဇ်ပလ္လင်တစ်ခုလုံး ဖြတ်ပိုင်းခံလိုက်ရ၏။
ခရက်...ခရက်...
နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခြင်းနှင့်အတူ ယဇ်ပလ္လင်တစ်ခုလုံး ပြိုကျသွားတော့သည်။
ယဇ်ပလ္လင်ကြီးပြိုကျသွားခြင်းနှင့်အတူ ယဇ်ပလ္လင်၏အောက်ခြေမှ သံကြိုးများသည် ဘန်းခနဲအသံနှင့်အတူ ပြတ်တောက်သွားပေ၏။
"လုံဝူကျီး...ငါပြန်လာမယ့်အချိန်ကို မင်းစောင့်နေ"
သံကြိုးကြီးများ၏ထိန်းချုပ်ခံရမှု ပျက်ပြယ်သွားသည်နှင့် မူလကလှောင်ပိတ်ခံထားရသော သရဲတစ္ဆေများ လွတ်မြောက်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် အသိစိတ်ရှိသေးသော စိတ်ဝိညာဥ်များသည် အဝေးသို့ထွက်ပြေးကြကုန်၏။အသိစိတ်ကင်းကွာနေသေည စိတ်ဝိညာဥ်များသည် ဦးတည်ချက်မရှိဘဲ ပတ်ဝန်းကျင်၌ လှည့်လည်သွားလာနေကြသည်။
"ဘယ်ကောင်လုပ်တာလဲ"
ဧကရာဇ်လုံဝူကျီးက ဒေါသတကြီး အော်ငေါက်လိုက်ရာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါသွားသည်။
သူက အမှန်တကယ် ဒေါသထွက်နေပေ၏။သူက ဤအခြေအနေသို့ရောက်ရန် အချိန်ဆယ်နှစ်ကြာ ပြင်ဆင်ခဲ့ရသည်။
ကျင့်ကြံသူများ၏သက်တမ်းသည် ရှည်လျားသော်လည်း ဤဆယ်နှစ်အချိန်ကာလအတွင်း သူ ကျင့်ကြံခဲ့ခြင်းမရှိချေ။ထို့အစား သူက ယင်ချီများကိုအသုံးပြု၍ အင်မော်တယ်၏ရုပ်အလောင်းကိုတိုက်စားစေခြင်းကိုသာ ပြုလုပ်နေခဲ့သည်။
သူ အောင်မြင်လုဆဲဆဲအချိန်မဟုတ်လော။
ရုတ်တရက် ဧကရာဇ်လုံဝူကျီးက လုယွီ၏ပုံရိပ်ကို တွေ့မြင်လိုက်၏။
"ဒီနေရာကို ဘယ်သူကိုမှဝင်ခွင့်မပြုဘူးလို့ ငါ အမိန့်ပေးထားတာလေ...အခုချက်ချင်း ထွက်သွားစမ်း"
လုံဝူကျီးက အော်ဟစ်ကြိမ်းမောင်းလေသည်။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပြီး သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ခြင်းမရှိပေ။ထိုအစား သူက ရှေ့သို့သာ ဆက်တိုးလိုက်၏။
"မင်းက ငါ့ရဲ့တော်ဝင်မိသားစုကလူ မဟုတ်ဘူး"
လုံဝူကျီးက ရုတ်တရက် လုယွီ၏အရှိန်အဝါကို ခံစားမိသွားသည်။သူက တစ်စုံတစ်ခုကို တွေးတောမိကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီး အင်မော်တယ်ရုပ်အလောင်းမှဒဏ်ရါထံသို့ တဟုန်ထိုး ပြေးဝင်လိုက်သည်။
အင်မော်တယ်၏ခန္ဓာကိုယ်ကို ရယူနိုင်သည်နှင့် သူ ဤလောက၌ ပြိုင်ဘက်ကင်းဖြစ်လေပြီ။တစ်စုံတစ်ယောက်က အင်မော်တယ်ရုပ်အလောင်းကို ခိုးယူလိုလျှင်ပင် မည်သို့အသုံးပြုနိုင်မည်နည်း။
သို့သော် ထိုအချိန်မှာပင် အင်မော်တယ်ရုပ်အလောင်းက ရုတ်တရက်တုန်ခါသွားသည်။
"ဘာ......"
လုံဝူကျီးက ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ၏အရှိန် အနည်းငယ်နှေးကွေးသွားသည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီက ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းနှင့် ယဇ်ပလ္လင်အောက်ခြေမှစိတ်ဝိညာဥ်ကိုဆွဲယူကာ ချက်ချင်းပြေးထွက်လိုက်တော့သည်။
Chapter 859
"မင်းက ထွက်သွားချင်တာလား"
လုံဝူကျီးက အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏စိတ်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်အတွင်းသို့ပြန်လည်ထည့်သွင်းပြီး လိုက်လံဖမ်းဆီးလေ၏။
ထိုအသံကိုကြားသည်နှင့် လုယွီက တုံ့ဆိုင်းခြင်းမရှိဘဲ နဂါးကိုးကောင်နယ်မြေမှ တဟုန်ထိုးပြေးထွက်လိုက်သည်။
သူ ထွက်ပြေးလာသောအချိန်တခဏတွင် အော်ဟစ်သံတစ်သံက ကျင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။
"လျှိုကျုံး....သူ့ကိုတားဆီးထားစမ်း"
ဝှစ်...
အနက်ရောင်အရိပ်တစ်ရိပ်က ရုတ်တရက် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။ထိုသူသည် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တစ်ခေါင်းလုံးဆံပင်ဖြူနေသော မိန်းမစိုးတစ်ယောက်ဖြစ်သည်။
မိန်းမစိုးက သူ၏လက်ချောင်းငါးချောင်းကိုဆန့်ထုတ်လိုက်ရာ လက်ကြားမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။သူ၏လက်ချောင်းထိပ်များသည် အလွန်ရှည်လျားလာပြီး လက်သည်းရှည်ကြီးများထွက်လာပေ၏။
ဤသိုင်းသူတော်စင်အဆင့်၏အရှိန်အဝါကို နဂါးကိုးကောင်နယ်မြေအတွင်းသို့ ဝင်ရောက်လာစဥ်ကတည်းက လုယွီ ခံစားမိပြီးဖြစ်သည်။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"
လုယွီက အော်ဟစ်ကြုံးဝါးလိုက်သည်နှင့် သူခန္ဓာကိုယ်မှ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများနှင့်အတူ မြို့ခုနစ်ဆယ်စာစွမ်းအားက ပွင့်အံထွက်လာသည်။
ဤတိုက်ခိုက်မှုက လောကကြီးတစ်ခုလုံးကိုပင် အရောင်ပြောင်းလဲသွားစေသည်။ရှည်လျားသောဓားချက်တစ်ချက်က မိုးကောင်းကင်ယံမှကျဆင်းလာပြီး မိန်းမစိုးထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။
ဝုန်း....
စွမ်းအားနှစ်ခု အပြင်းအထန် ထိပ်တိုက်ထိတွေ့မိရာတွင် လုယွီက သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးအရွတ်များတုန်ခါသွားခြင်းကို ခံစားမိသည်။
လုယွီက ကူကယ်ရာမဲ့စွာ သွေးတစ်လုတ်အန်ထုတ်ပြီး နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။
ဤကြယ်နယ်မြေ၌ အစွမ်းထက်ဆုံးဟု သတ်မှတ်ထားသော သိုင်းသူတော်စင်အဆင့်ကို သာမာန်စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများပင် ယှဥ်ပြိုင်နိုင်ရန် အလှမ်းကွာဟသည်။
လုယွီသည် ဥာဏ်အလင်းပွင့်နယ်ပယ်၌ အဆင့်နူချင်းတွင် ပြိုင်ဘက်ကင်းဖြစ်ပြီး စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများပင် သူ၏ပြိုင်ဘက်မဟုတ်သော်လည်း သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရချိန်တွင်မူ သူ နိမ့်ပါးနေဆဲပင်။
"ဘာလီု့ ငါ့ရဲ့လက်သီးချက်က မင်းကိုမသတ်နိုင်ရတာလဲ"
မိန်းမစိုးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။သို့ရာတွင် သူက များစွာတွေးတောမနေဘဲ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်အတူ လုယွီထံ ထပ်မံတိုးဝင်လာသည်။
"လျှိုကျုံး...မင်း ခုထိ သူ့ကို မဖမ်းဆီးနိုင်သေးဘူးလား"
နဂါးကိုးကောင်နယ်မြေမှထွက်လာသော လုံဝူကျီး၏အသံက အေးစက်တင်းမာနေသည်။
မိန်းမစိုးက အလျှင်အမြန်ပင် သူ့ပါးသူ ပြန်ရိုက်လိုက်သည်။
"ဒီ ကျွန်အိုကြီးက အသုံးမကျတော့ပါဘူး...အရှင်မင်းကြီးအတွက် ရယ်စရာဖြစ်နေပြီ"
"ငါ့ဟာငါပဲ ကိုင်တွယ်ဖြေရှင်းလိုက်တော့မယ်"
လုံဝူကျီးက လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ရုတ်ချည်းဆိုသလိုပင် မူလက သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသော နဂါးသွေးကြောများ အသက်ပြန်ဝင်လာပြီး သူ၏နံဘေးသို့ ပျံဝဲလာကြသည်။
လုံဝူကျီးသည် လေထုအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏နံဘေးပတ်လည်၌ နဂါးကိုးကောင်က လှည့်ပတ်ပျံဝဲနေပေရာ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်နေပြီး နတ်ဘုရားတစ်ပါး၏တည်ရှိမှုနှင့် တူညီနေသည်။
"ကောင်စုတ်လေး...မင်းရဲ့နောက်က ရုပ်အလောင်း ငါ့ကိုပြန်ပေးစမ်း...ငါ ဒီကိစ္စကို ဘာမှမဖြစ်သလို ထားလိုက်မယ်"
လုံဝူကျီးက အလေးအနက်ထား၍ ပြောဆိုလိုက်၏။သူ၏မျက်လုံးအကြည့်သည် လုယွီ၏နောက်ရှိ ရုပ်အလောင်းထံတွင်သာ အခိုင်အမာကျရောက်နေသည်။
ရုပ်အလောင်းက အမှန်တကယ်ကိုပင် လှုပ်ရှားနေသည်။သူသည် နည်းလမ်းများစွာကိုရှာဖွေပြီး မှော်မန္တန်အမြောက်အများကိုအသုံးပြု၍ ရုပ်အလောင်းကို ထိန်းချုပ်ရန်ကြိုးစားခဲ့သော်လည်း လှုပ်ရှားလာခဲ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ထိုကောင်လေးထံမှ ရုပ်အလောင်းပြန်လည်ရရှိရန်မှာ သူ့အတွက် အရေးအကြီးဆုံးကိစ္စဖြစ်သည်။သူက ဤကိစ္စကြီးကို အနည်းငယ်မျှပင် အတိမ်းအစောင်းမခံနိုင်တော့ချေ။
လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။
"မိုးကောင်းကင်နဂါးဧကရာဇ်က ဒီရုပ်အလောင်းကို တကယ်စိတ်ဝင်စားနေတာပဲ"
လုံဝူကျီးက အလွန်ဒေါသထွက်နေပေ၏။
"မင်းက ငါ့ရှေ့မှာလာပြီး ရိုင်းပျဝံ့တယ်ပေါ့"
သူ၏လက်အားရိုက်ချလိုက်ခြင်းနှင့်အတူ သူ့နံဘေးရှိ နဂါးပုံရိပ်များက လုယွီထံ တဟုန်ထိုးပြေးဝင်လာသည်။
ဤအချိန်တခဏတွင် လုယွီ၏နံဘေးပတ်လည်ရှိ လေဟာနယ်ကို အပြည့်အဝပိတ်ပင်ထားသည်။
ဤသည်က လေလွင့်အင်မော်တယ်တစ်ယောက်၏စွမ်းအားပင်။သူတို့သည် လေဟာနယ်ကို ထိန်းချုပ်နိုင်ပြီး သူတို့၏လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် အတိုင်းအတာပမာဏတစ်ခုထိ လေဟာနယ်ကို ချိတ်ပိတ်ထားနိုင်သည်။
မိုးကောင်းကင်တာအိုတည်ရှိနေခြင်းကြောင့် ကောင်းကင်ဘုံနယ်မြေမှ အင်မော်တယ်များသည် သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်လွှက်အသုံးပြုနိုင်ခြင်းမရှိသဖြင့် ဤကြယ်နယ်မြေ၌ လေလွင့်အင်မော်တယ်အဆင့်ကသာ အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သည်။
လုယွီ၏လက်ချောင်းများလှုပ်ခတ်လိုက်ခြင်းနှင့်အတူ လေထုအတွင်း၌ မြောက်များစွာသောဓားချီများ ထွက်ပေါ်လာသည်။
ဝုန်း..ဝုန်း...
စွမ်းအားနှစ်ခု ဖီလာဆန့်ကျင်ထိတွေ့မိချိန်တွင် လုယွီ၏လက်ဖဝါးအတွင်းရှိ ဆေဘာဓားချီ ချက်ချင်းပေါက်ကွဲသွားသည်။
"ငရဲကိုသွားစမ်း"
လုံဝူကျီး၏မျက်လုံးမှ အေးစက်စက်အလင်းရောင်များထွက်ပေါ်လာပြီး နဂါးပုံရိပ်များက လုယွီကိုဝါးမြိုရန် ကြိုးပမ်းကြတော့သည်။
ရုတ်တရက် လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ပေးလိုက်တဲ့ အဆောင်လက်ဖွဲ့က လေလွင့်အင်မော်တယ်ရဲ့စွမ်းအားကို ခုခံနိုင်မလား မခုခံနိုင်ဘူးလားဆိုတာပေါ်ပဲ မူတည်တော့မယ်"
လုယွီက တီးတိုးရေရွတ်ပြီး သူ၏လက်ညှိုးဖြင့် အဆောင်လက်ဖွဲ့ကို ထိတွေ့လိုက်၏။
ထိုအဆောင်လက်ဖွဲ့သည် လင်ရှောင်းဂိုဏ်းခေါင်းဆောင်မှ သူ့အား ပေးအပ်ထားခြင်းဖြစ်သည်။
ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့သည် အပြည့်အဝအသက်ဝင်လာပြီး မြောက်များစွာသော ရွှေရောင်အလင်းတန်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
Chapter 860
ခရမ်းရောင်အဆောင်လက်ဖွဲ့က ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားသည်။ဤအချိန်တခဏတွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင်အလင်းတန်းများက လွှမ်းခြုံသွားပေ၏။
ဝုန်း...
ပြင်းထန်စွာထိတွေ့မိသော အသံတစ်သံထွက်ပေါ်လာပြီးနောက် လုံဝူကျီးထိန်းချုပ်ထားသော နဂါးပုံရိပ်များသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသည်။
လုယွီ၏ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းတန်းများက ကာကွယ်ပေးထားသော်လည်း ပြင်းထန်သောစွမ်းအားလှိုင်း သက်ရောက်လာမှုကြောင့် သူ၏ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားနေရသည်။
"မင်းက ငါပိုင်တဲ့အရာကိုထိရဲမှတော့...ကြည့်ရတာ မင်း အသက်ဆက်ပြီးမရှင်ချင်တော့ပုံပဲ"
လုံဝူကျီးက လုယွီကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ရန်ရည်ရွယ်ပြီး လေဟာနယ်စွမ်းအားကို ထိန်းချုပ်လိုက်၏။
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒီပစ္စည်းက ခင်ဗျားပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး"
ဤအချိန်တွင် ခရမ်းရောင်အလင်းတန်းများသည် ပို၍တောက်ပလာပြီး မြောက်များစွာသောအလင်းရောင်ကွင်းများက လုယွီ၏နံဘေးပတ်လည်၌ မျောလွင့်နေသည်။
လုယွီ၏ဝတ်စုံသည် လေပြင်းတိုက်ခတ်ခံရမှုကြောင့် လူးလွန့်နေပြီး သူ၏ပုံရိပ်က တဖြည်းဖြည်းမှုန်ဝါးလာပေ၏။
"မင်းက ထွက်ပြေးချင်တာလား"
လုံဝူကျီးက ပြက်ရယ်ပြုနေသည်။လုယွီ၏နံဘေး၌ သူက လက်ဟန်သင်္ကေတတစ်ခုကို အကြိမ်အနည်းငယ်ရေးဆွဲပြီး ပြောဆိုလိုက်သည်။
"မိုးကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ နေရာအားလုံး ချိတ်ပိတ်စမ်း"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏နံဘေးပတ်လည်ရှိ အရပ်မျက်နှာရှစ်ဖက်ရှိလေဟာနယ်များအားလုံး ချိတိပိတ်ထားခြင်းခံလိုက်ရတော့သည်။သူက လေထုအတွင်း၌ မြေစေးပန်းပုရုပ်ကဲ့သို့ တောင့်တင်းပြီး မလှုပ်ရှားနိုင်တော့ချေ။
"ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေပြင်ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာမသိတဲ့ ကောင်လေးပဲ...မင်းက ငါ့ရှေ့ကိုလာပြီး အတင့်ရဲနေမှတော့ မင်းသေဖို့ထိုက်တန်တယ်"
လုံဝူကျီးက လက်ဆန့်တန်းပြီး လုယွီ၏နောက်မှ ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းကို ဆွဲယူလိုက်သည်။
လုယွီ သေသလော ရှင်သလောကိုမူ သူ ဂရုစိုက်ခြင်းမရှိချေ။
သူက အင်မော်တယ်ရုပ်အလောင်းကို ရရှိသည်နှင့် သူ အင်မော်တယ်တစ်ယောက်ဖြစ်လာပေမည်။
ခရက်...ခရက်...
ရုတ်တရက် လုံဝူကျီး ပိတ်လှောင်ထားသော လေဟာနယ်မှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ကျစ်လျစ်သိပ်သည်းနေသော လေဟာနယ်တွင် မြောက်များစွာသော အက်ကွဲကြောင်းများ ရုတ်တရက်ထွက်ပေါ်လာပေ၏။ထိုအက်ကွဲကြောင်းများသည် ဆုတ်ဖြဲခြင်းခံရသကဲ့သို့ ပွင့်ထွက်သွားပြီး လုယွီက လေဟာနယ်ပိတ်လှောင်မှုမှ လွတ်မြောက်သွားတော့သည်။
လင်းရှောင်းဂိုဏ်းခေါင်းဆောင်ပေးလိုက်သော ခရမ်းရောင်အဆောင်လက်ဖွဲ့သည် စွမ်းအားအပြည့်အဝစုစည်းမိသွားပုံဖြင့် ပြင်းထန်သောအရှိန်အဝါများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
"သိုင်းသူတော်စင်အဆင့် အဆောင်လက်ဖွဲ့လား...ဟမ့်"
လုံဝူကျီးက အထင်အမြင်သေးစွာ လှောင်ပြောင်သရော်ပြီး နဂါးသွေးကြောကို ထပ်မံ၍ထိန်းချုပ်ခြင်းမပြုတော့ဘဲ လုယွီထွက်ခွါသွားရာဘက်သို့ လက်ညှိုးညွှန်လိုက်သည်။
သူ၏လက်ချောင်းထိပ်မှနေ၍ ကြက်သွေးရောင်ဓားချီထွက်ပေါ်လာခြင်းနှင့်အတူ ကြယ်ရောင်တစ်ချက်လင်းလက်သွားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားလှိုင်းတစ်ရပ်က လုယွီရှိရာဘက်သို့ တိုးဝင်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ခရမ်းရောင်အဆောင်လက်ဖွဲ့သည် အလွန်အစွမ်းထက်သော်လည်း တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ဓားမုန်တိုင်းအောက်တွင် ပျောက်ကွယ်သွားတော့သည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ခရမ်းရောင်လက်ဖွဲ့မှမှော်စွမ်းအားများ ကုန်ခမ်းသွားသည်။
လုယွီသည် လေလွင့်အင်မော်တယ်အဆင့်ကျင့်ကြံသူကို ရန်စမိမည်ဟု လင်ရှောင်းဂိုဏ်းခေါင်းဆောင် တွေးထောထားမိမည်မဟုတ်ချေ။
အဆောင်လက်ဖွဲ့၏စွမ်းအား ကုန်ခမ်းသွားသောအချိန်တခဏတွင် လုယွီက ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းကို သူ့ရှေ့သို့ရွှေ့လိုက်သည်။
ကလမ်...ကလမ်...ကလမ်...
ဓားမုန်တိုင်းကြီးက ကောင်းကင်ဘုံဧကရာဇ်ပေါ်သို့ ကျရောက်သည်နှင့် သတ္ထုအချင်းချင်းထိခတ်သံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းသည် ယိုယွင်းပျက်စီးသွားခြင်းမရှိချေ။
"နှုတ်ဆက်ခဲ့ပါတယ်....မိုးကောင်းကင်နဂါးဧကရာဇ်"
လုယွီက လေသံဖျော့ဖျော့ဖြင့် ပြောဆိုလိုက်၏။သူ၏ခြေဖဝါးအောက်၌ ကူးပြောင်းရေးဝင်္ကပါတစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားသည်။သူနှင့်အတူ ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းလည်း ပျောက်ကွယ်သွားပေ၏။
"အရှက်မဲ့တဲ့သူခိုးကောင်...သေစမ်း...သေစမ်း"
လုံဝူကျီးက အလွန်ဒေါသထွက်သွားသဖြင့် သူ၏အော်ဟစ်ကြုံးဝါးသံကြီးက ကောင်းကင်ယံတိုင် ထိုးဖောက်ဝင်ရောက်သွားပြီး သူက မြေပြင်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်သည်။
ဤအချိန်တခဏတွင် ပြင်းထန်သောစွမ်းအားလှိုင်စတစ်ရပ်က လေထုကိုထိုးဖောက်သွားသဖြင့် မိုးကောင်းကင်နဂါးမြို့တော်တစ်ခုလုံး တုန်ခါသွားသည်။
ရုတ်ချည်းဆိုသလိုပင် လေထုကိုချိုးဖျက်လာသံ အမြောက်အများထွက်ပေါ်လာပြီး မိုးကောင်းကင်နဂါးတိုင်းပြည်မှ အရေးပါသောပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
သူတို့က လုံဝူကျီးကိုမြင်တွေ့ချိန်တွင် သူတောင်းစားတစ်ယောက်ဟုသာ တွေးတောမိကြသည်။သို့ရာတွင် သူတို့အားလုံး လုံဝူကျီး၏ရုပ်သွင်ကိုမြင်ချိန်တွင်မူ ထိတ်လန့်ကြောက်ရွံစွာ မြေပြင်ပေါ်ဒူးထောက်လိုက်ကြ၏။
"ငါ့ရဲ့အမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်...အဲ့ဒီကောင်ကို တွေ့အောင်ရှာကြ...သူ မြေကြီးအောက်မှာကျင်းတူးပြီးပုန်းနေရင်တောင် ရအောင်တူးထုတ်ခဲ့ကြစမ်း"
လုံဝူကျီးက လေဟာနယ်အတွင်းသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
လေဟာနယ်မှနေ၍ သွေးမြူများပွင့်အံ့ထွက်လာသည်။ထိုသွေးမြူများသည် လုယွီ၏ပုံပန်းသွင်ပြင်အတိုင်း သိပ်သည်းသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။
"ကျွန်တော် သူ့ကိုသိတယ်....သူက လင်ရှောင်းဂိုဏ်းက မြေအောက်လောကပဲ"
"လင်ရှောင်းဂိုဏ်းလား"
လုံဝူးကျီး၏အသံက အလွန်အမင်းအေးစက်နေပြီး သူက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ချက်ချင်းပင် လေထုအတွင်း၌ပျောက်ကွယ်သွားတော့သည်။