အခန်း (၈၇၁-၈၇၅)
Vol. 47 Ch. 871-875
Chapter 871
လုယွီက ကြီးမားသောကျောက်တုံးကြီးတစ်တုံးပေါ်၌ထိုင်နေပြီး သူ၏ဆံပင်ရှည်များကလူးလွန့်နေကာ သူ၏မျက်လုံးများက အေးစက်တင်းမာနေသည်။
လုယွီလှုပ်ရှားခြင်းမရှိသေးသည်ကိုကြည့်ပြီး ကျန်းဖေး၏စိတ်နှလုံးအတွင်း၌ ဇဝေဇဝါဖြစ်နေသည်။သို့ရာတွင် သူက လုယွီကြောက်ရွံနေသဖြင့် စကားမပြောနိုင်ခြင်းဟုသာ တွေးတောလိုက်၏။
"ငါ့ရဲ့ဆရာသခင်က မင်းကိုပြောနေတာလေ...မင်း နားမကြားဘူးလား"
ကျန်းဖေးက ဒေါသတကြီးအော်ငေါက်ပြီးနောက် သူ၏လက်မှ ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး လုယွီကို ခုတ်ပိုင်းလိုက်သည်။
သူသည် အစောပိုင်းက လုယွီကြောင့် ဤနေရာ၌ အရှက်ရခဲ့ရသည်။ယခုလက်ရှိအချိန်၌ သူ၏အရှက်ရခြင်းကို ပြန်လည်ဆေးကြောရပေမည်။
လုယွီက ကျန်းဖေးကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။
"သေစမ်း"
တိုးညှင်းသောအသံတစ်သံဖြင့်ပင် ကျန်းဖေး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး နေရာ၌ပင်တောင့်တင်းနေကာ တစ်လက်မမျှပင် ရှေ့သို့တိုးနိုင်ခြင်းမရှိတော့ချေ။
ကျန်းဖေး၏ဒွါရခုနစ်ပေါက်မှနေ၍ လေစီးကြောင်းများစီးထွက်လာပြီး သူ၏မျက်လုံးများ ပြူးကျယ်လာပြီးနောက် သူ့မျက်လုံးသူငယ်အိမ်များ တဖြည်းဖြည်းဝေဝါးလာရာမှ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ပတ်ဝန်းကျင်နေရာအနှံ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ ကြီးစိုးနေသည်။လူတိုင်းက ဤမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေပြီး ဆွံအနေကြ၏။
ကျန်းဖေး မည်မျှပင်အားနည်းသည်ဟုဆိုပါစေ သူသည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။မည်သည်ကြောင့် လူတစ်ယောက်၏စကားတစ်ခွန်းဖြင့် သေဆုံးသွားရသနည်း။
"မင်းက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူ မဟုတ်ဘူး"
နင်းဟွမ်ဘိုးဘေး၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူက လုယွီထံမှထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ဤသည်က သူ ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာကြာအောင် ကျင်လည်ကျက်စားခဲ့သော အတွေ့အကြုံအရ သိရှိလိုက်ခြင်းပင်။
သို့ရာတွင် သူရှေ့ရှိ ဆေးလုံးများသည် အလွန်ပင်ဆွဲဆောင်မှုအားကောင်းပေ၏။သူက ဤဆေးလုံးများကို အသုံးပြု၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တိုးမြှင့်အောင် ဆောင်ရွက်နိုင်ပေမည်။
သူ့အားပို၍ထိတ်လန့်စေသော အကြောင်းအရင်းမှာ ဆေးလုံးများ၏အရည်အသွေးပင်။လေဟာနယ်သန့်စင်ဂိုဏ်း၌ ဆေးဝါးသန့်စင်သူတချို့ရှိသော်လည်း ထိုသူတို့သည် အဆင့်အနိမ့်ဆုံးဆေးလုံးများကိုသာ သန့်စင်နိုင်ကြသည်။သူတို့က ထိုဆေးလုံးများကို အစဥ်တစိုက် ဝါးမြိုခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ လွန်စွာနည်းပါးသည်။
သို့ရာတွင် သူ့ရှေ့ရှိကောင်လေး၏နံဘေးပတ်လည်၌ မျောလွင့်နေသော ဆေးလုံးများမှ အသံများပင်ထွက်ပေါ်နေပြီး စိတ်ဝိညာဥ်အရှိန်အဝါများပင် ပါဝင်နေသည်။
စိတ်ဝိညာဥ်ဆေးလုံးများ...
ဤကဲ့သို့အရည်အသွေးမြင့်မားသော စိတ်ဝိညာဥ်ဆေးလုံးများသည် နင်းဟွမ်ဘိုးဘေး၏စိတ်ကို နောက်ကျိသွားစေသည်။စိတ်ဝိညာဥ်ဆေးလုံးတစ်လုံးကပင် သူ၏ကျင့်ကြံဆင့်ကို အကြီးအကျယ် တိုးတက်စေနိုင်သည်။
"ဒီပစ္စည်းတွေကို ငါတို့ဂိုဏ်းရဲ့ဖုန်းရွှေမှော်သံလိုက်အိမ်မြှောင်ကနေ အရင်ရှာတွေခဲ့တာ...ငါတို့ တစ်ယောက်တစ်ဝက်ဆီယူကြရအောင်"
နင်းဟွမ်ဘိုးဘေးက ညှိနှိုင်းလိုက်၏။
"သူက ဘယ်သူမလို့လဲ...နင်းဟွမ်ဘိုးဘေးကတောင် အလျှော့ပေးနေရတယ်"
"နတ်ဘုရားများ...သူ့ရဲ့စကားတစ်ခွန်းနဲ့တင် စီနီယာအကိုကျန်းဖေးက နေရာမှာသေဆုံးသွားခဲ့တယ်...သူ့ရဲ့အသက်အရွယ်က ငါတို့နဲ့ အတူတူလောက်ပဲရှိအုံးမှာ...သူက ဘာလို့ဒီလေါက်ထိ အစွမ်းထက်နေတာပါလိမ့်"
တခြားတပည့်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်နေကြ၏။
လုယွီက အပြုံးနှင့် ခေါင်းခါယမ်းပြလေသည်။
"တစ်ဝက်ဟုတ်လား...စိတ်မကောင်းပါဘူး...ဒီဆေးလုံးတွေအကုန်လုံးက ငါ့ဟာတွေ"
ထို့နောက် လုယွီက သူ၏လက်ကိုလှုပ်ရှားလိုက်သည်နှင့် သူ့နံဘေး၌မျောလွင့်နေသော ဆေးလုံးများအားလုံး သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းပြီးဖြစ်ပေ၏။
နင်းဟွမ်ဘိုးဘေး၏မျက်နှာ သုန်မှုန်သွားသည်။
"ကြည့်ရတာတော့ တာအိုမိတ်ဆွေလေးက ငါ့ကို မျက်နှာသာမပေးချင်ပုံပဲ"
ဝုန်း....
နင်းဟွမ်ဘိုးဘေးက အင်္ကျီလက်ကို ခါယမ်းလိုက်သည်နှင့် ဘူးသီးခြောက်က ပျံဝဲ၍ထွက်ပေါ်လာသည်။သူက ဘူးသီးခြောက်၏အဝကိုဖွင့်ပြီး လုယွီထံ တန်းတန်းမတ်မတ်ညွှန်ပြလိုက်၏။
"ငါက လေဟာနယ်သန့်စင်ဂိုဏ်းရဲ့စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူပဲ...မင်းက ငါ့ကို မျက်နှာသာမပေးချင်မှတော့ မင်းလည်း ငါ့မှော်လက်နက်ရဲ့သရဲတစ္ဆေဝိညာဥ်အဖြစ်နေပေတော့"
နင်းဟွမ်ဘိုးဘေးက အေးစက်စက်အော်ငေါက်ပြီး မန္တန်တစ်ပုဒ်ရွတ်ဆိုကာ ဘူးသီးခြောက်အား ရိုက်ပုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဘူးသီးခြောက်မှနေ၍ သရဲတစ္ဆေစိတ်ဝိညာဥ်များ ပျံဝဲထွက်လာပြီး လုယွီထံ တိုးဝင်သွားကြ၏။
ထိုသရဲတစ္ဆေစိတ်ဝိညာဥ်များ၏မျက်နှာအမူအယာများသည် ရှုံမဲ့နေပြီး သူတို့၏အော်ဟစ်မြည်တမ်းသံများသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။သူတို့ အသက်မသေဆုံးမီအချိန်တွင် အပြင်းအထန်နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံစားခဲ့ရမည်မှာ သိသာထင်ရှားလှ၏။
လုယွီ၏မျက်လုံးများ ချက်ချင်းပင် အေးစက်တင်းမာသွားသည်။သူက ရွေ့လျားခြင်းမပြုသော်လည်း သူထံတိုးဝင်လာသော သရဲတစ္ဆေဝိညာဥ်များကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။
"ရပ်ကြစမ်း"
ဝှစ်...
ဤအချိန်တခဏတွင် သရဲတစ္ဆေဝိညာဥ်များအားလုံး ရပ်တန့်သွားကြပြီး လှုပ်ရှားခြင်းမရှိကြတော့ချေ။
နင်းဟွမ်ဘိုးဘေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက မှော်မန္တန်တစ်ပုဒ်ကို ထပ်မံရွတ်ဆိုကာ ဘူးသီးခြောက်ကို ရိုက်ပုတ်လိုက်သည်။
သို့ရာတွင် ဤအချိန်တွင်မူ သရဲတစ္ဆေဝိညာဥ်များအားလုံးသည် ထိန်းချုပ်မှုလွတ်ကင်းသွားပုံဖြင့် နေရာ၌ပင် မတ်တတ်ရပ်နေကြ၏။
'ငါ ပြေးမှရမယ်'
နင်းဟွမ်ဘိုးဘေးသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီး နောက်ပြန်လှည့်၍ ထွက်ပြေးလေသည်။တစ်ဖက်လူသည် စကားလုံးတစ်လုံးဖြင့်ပင် သူ အလွန်အင်မတန် ဂုဏ်ယူအားထားရသော မှော်လက်နက်ကို အနိုင်ယူနိုင်ခဲ့ရာ ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို သူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"ပြေးချင်သေးတာလား"
နင်းဟွမ်ဘိုးဘေး၏နောက် မလှမ်းမကမ်းအကွာအဝေးမှနေ၍ လုယွီ၏အသံ ထွက်ပေါ်လာသည်။
Chapter 872
လုယွီ၏အသံသည် အသုဘခေါင်းလောင်းထိုးသံနှင့်တူညီနေပြီး နင်းဟွမ်ဘိုးဘေးကို စိတ်တည်ငြိမ်မှုပျက်ပြားပြီး တုန်ရီသွားစေသည်။သူက နောက်သို့ လှည့်ကြည့်လိုက်ရာတွင် လုယွီက ဒေါသတကြီးဖြင့် သူ့နောက်လိုက်လာခြင်းကို တွေ့မြင်မိသည်။
"ယင်ဝိညာဥ်အလံ"
နင်းဟွမ်ဘိုးဘေးက အံ့တင်းတင်းကြိတ်ပြီး နက်မှောင်နေသော အလံတစ်ခုကို ထုတ်ယူလိုက်၏။ယင်ဝိညာဥ်အလံ၏နံဘေးပတ်လည်တွင် အနက်ရောင်အခိုးအငွေ့များရစ်သိုင်းနေပြီး ရံဖန်ရံခါ အလံအတွင်းမှစူးရှရှအော်ဟစ်သံများ ထွက်ပေါ်နေပေရာအလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။
"မင်း ငါ့ကို ဖိအားပေးခဲ့တာပဲ"
နင်းဟွမ်ဘိုးဘေးကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်ပုံပေါက်နေသည်။သူက ရုတ်တရက် သူလျှာသူပြန်ကိုက်ပြီး သွေးများကို ယင်ဝိညာဥ်အလံပေါ်သို့ ပက်ဖြန်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ယင်ဝိညာဥ်အလံသည် သွေးနီရောင်သန်းစပြုလာပြီး ထူးဆန်းသောမှော်အင်္ကရာများ ၎င်းပေါ်၌ ထွက်ပေါ်လာသည်။သာမာန်လူများသည် ဤယင်ဝိညာဥ်အလံကိုကြည့်မိသည်နှင့် မူးဝေမှုကို ခံစားရပေမည်။
"သေစမ်း"
နင်းဟွမ်ဘိုးဘေးက သူ၏လက်နှစ်ဖက်လုံးဖြင့် လုယွီကို ညွှန်ပြလိုက်ရာ ချက်ချင်းဆိုသလိုပင် ယင်ဝိညာဥ်အလံက လုယွီထံ တိုးဝင်လာသည်။
ယင်ဝိညာဥ်အလံက လုယွီ၏ရှေ့သို့ရောက်ရှိလာပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ဆွဲငင်မှုအားလှိုင်းတစ်ရပ်ကို ထုတ်လွှက်လိုက်သည်။နင်းဟွမ်ဘိုးဘေးက လုယွီ၏စိတ်ဝိညာဥ်ကို အလံအတွင်းသို့ စုပ်ယူလိုပုံရသည်။
"နတ်ဆိုးကျင့်ကြံသူတွေရဲ့မှော်လက်နက်အဆင့်ကများ"
လုယွီ၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။ယင်ဝိညာဥ်အလံသည် နတ်ဆိုးကျင့်ကြံရေးမှော်လက်နက်အမျိုးအစားဖြစ်သည်။ယင်းအလံတစ်ခုဖန်တီးရန် လူများကို အဆက်မပြတ်ညှင်းပန်းနှိပ်စက်ပြီး ရန်ငြှိုးမုန်းတီးမှုများစုဆောင်းကာ မကျွတ်မလွတ်သောသရဲတစ္ဆေဝိညာဥ်များဖြစ်စေပြီးမှသာလျှင် အောင်မြင်စွာ သန့်စင်နိုင်သည်။
ဤကဲ့သို့မှော်လက်နက်များကိုဖန်တီးရန် အသက်ပေါင်းများစွာလိုအပ်ပြီး သန့်စင်ခြင်းလုပ်ငန်းစဥ်သည် အလွန်အမင်းသွေးပျက်ဖွယ်ပင်။
ယင်ဝိညာဥ်အလံ၏ဝါးမြိုခြင်းခံလိုက်ရသော ဝိညာဥ်များသည် ဆမ်ဆာရာစက်ဝန်းအတွင်းသို့ ဝင်နိုင်ခြင်းမရှိဘဲ ထာဝရနှိပ်စက်ညှင်းပန်းခံရ၏။
"ကျိုးပျက်စမ်း"
လုယွီ၏လက်သီးချက်က ယင်ဝိညာဥ်အလံပေါ်သို့ ကျရောက်သွားသည်။
ဝုန်း....
ကျယ်လောင်သောဆူညံသံနှင့်အတူယှဥ်တွဲ၍ ယင်ဝိညာဥ်အလံတစ်ခုလုံး မြောက်များစွာသောအပိုင်းအစများအဖြစ် ပေါက်ကွဲသွားတော့သည်။
သရဲတစ္ဆေစိတ်ဝိညာဥ်များသည်လည်း ယင်ဝိညာဥ်အလံမှ လွတ်မြောက်နိုင်သောအခွင့်အရေး ရရှိသွားပေ၏။
"ဘယ်လိုတောင်..."
ထိုအခြင်းအရာကိုကြည့်ပြီး နင်းဟွမ်ဘိုးဘေး၏စိတ်နှလုံးသားတစ်ခုလုံး တုန်ခါသွားသည်။ဤမှော်လက်နက်ကို သူ နှစ်ပေါင်းများစွာကြာ သန့်စင်ထားခြင်းဖြစ်သည်။သူနှင့်နယ်ပယ်တူ ကျင့်ကြံသူတစ်ယောက်ပင် ယင်ဝိညာဥ်အလံကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သူ့ရှေ့ရှိလူငယ်လေးကမူ လက်သီးတစ်ချက်ဖြင့်ပင် သူ၏မှော်လက်နက်ကို ကျိုးပဲ့စေခဲ့သလော။
"စီနီယာအကိုနှစ်ယောက်...ကျွန်တော်ကိုကူညီပါ"
နင်းဟွမ်ဘိုးဘေးက လေဟာနယ်သန့်စင်ဂိုဏ်းသို့ ပျံဝဲထွက်ပြေးပြီး ကြောက်လန့်တကြားအကူအညီတောင်းခံလိုက်၏။
"ဘယ်သူမှ ခင်ဗျားကို မကယ်တင်နိုင်ဘူး"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။သူက ခြေလှမ်းရှေ့တိုးလိုက်ပြီး ချက်ချင်းပင် နင်းဟွမ်ဘိုးဘေး၏နောက်သို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဤအချိန်တွင် နင်းဟွမ်ဘိုးဘေးသည် အလွန်ထိတ်လန့်ကြောက်ရွံနေသည်။သူ၏မှော်စွမ်းအင်အကာအကွယ်သည်လည်း အကျိုးသက်ရောက်မှုလုံးဝမရှိဘဲ ချက်ချင်းပေါက်ကွဲသွားပေ၏။
လုယွီ၏လက်သီးချက်စွမ်းအားသည် နင်းဟွမ်ဘိုးဘေး၏အရိုးများကို ထွင်းဖောက်သွားပြီး သူ၏အကြောအရွတ်များအားလုံး ပျက်စီးသွားတော့သည်။။
"တာအိုမိတ်ဆွေလေး...ဒါက နားလည်မှုလွဲမှားတာပါ...တကယ်လို့ မင်း ငါ့ကို လွတ်မြောက်ခွင့်ပေးမယ်ဆိုရင် ငါ စုဆောင်းထားသမျှအရာအားလုံး မင်းကိုပေးပါ့မယ်"
နင်းဟွမ်ဘိုးဘေး၏စိတ်ဝိညာဥ်က သူ၏ကျိုးပဲ့နေသောခန္ဓာကိုယ်မှ ပျံဝဲထွက်လာပြီး လုယွီ၏ခွင့်လွှက်မှုကိုရရှိရန် အသနားခံတောင်းပန်နေလေသည်။
ဤအချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး နောင်တများဖြင့် ပြည့်နှက်နေသည်။သူက ဤနေရာ၌ နိုင်ထက်စီးနင်းပြုမူနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၍ ယနေ့မှ သံပြားကြီးတစ်ပြားကို သူ ကန်ကျောက်မိမည်ဟု မျှော်လင့်မထားမိချေ။
ယခုလက်ရှိချိန်၌ သူ နောင်တရရှိနေခြင်းသည်လည်း အသုံးမဝင်တော့ချေ။
လုယွီက ရုတ်တရက် ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။
"ပစ္စည်းးတွေ လက်လွှဲပေးစမ်း"
နင်းဟွမ်ဘိုးဘေး၏မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသော်လည်း သူက သိုလှောင်အိတ်တစ်အိတ်ကို လုယွီထံ လက်ကမ်းပေးလေသည်။
လုယွီက သိုလှောင်အိတ်ပေါ်ရှိအမှတ်အသားကို ဖယ်ရှားပြီး အတွင်းသို့တစ်ချက်ကြည့်လိုက်၏။သိုလှောင်အိတ်အတွင်း၌ စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများရှိနေခြင်းကို လုယွီက တွေ့မြင်မိသည်။
"ဒီတစ်ကြိမ်မှာ ငါ ရိုင်းပျခဲ့မိပါတယ်...ငါက အရှုံးပေးပြီး နောင်တချိန်မင်းကိုပြန်တွေ့ရရင်တောင် အနှောက်အယှက်မပြုတော့ပါဘူး"
နင်းဟွမ်ဘိုးဘေးက ခေါင်းငုံ၍ပြောဆိုနေသော်လည်း သူ၏မျက်လုံးများအတွင်း၌ ရန်ငြှိုးမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူက ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရသည့်အပြင် သူ၏သိုလှောင်အိတ်ကိုပါ ပေးလိုက်ရခြင်းသည် သူ့အတွက် အကြီးအကျယ်ဆုံးရှုံးမှုပင်။
'ငါရဲ့မိတ်ဆွေဟောင်းတွေကို စုစည်းပြီးတဲ့အချိန်ကျရင် အတူစုပေါင်းပြီး မင်းကိုဖိနှိပ်ပြမယ်...ငါက မင်းရဲ့စိတ်ဝိညာဥ်ကိုကို မှော်လက်နက်ထဲထည့်သွင်းပြီး သေတာထက်ဆိုးအောင်လုပ်ပြမယ်"
နင်းဟွမ်ဘိုးဘေးက သူ၏စိတ်အတွင်းမှနေ၍ ကြုံးဝါးနေပေ၏။
Chapter 873
နင်းဟွမ်ဘိုးဘေးသည် ရုတ်တရက် အအေးဓာတ်တစ်လှိုင်းက သူ၏နှလုံးသားအတွင်းသို့ ပြေးဝင်လာခြင်းကို ခံစားမိသည်။အန္တရာယ်အငွေ့အသက်ကြောင့် သူ၏ဆံပင်များထောင်ထလာပြီး သူက လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်း ငါ့ကိုလွှက်ပေးမယ်လို့ ကတိပေးထားတယ်လေ"
လုယွီ၏အမူအယာက တည်ငြိမ်နေဆဲပင်။
"ကျုပ် ခင်ဗျားကို လွှက်ပေးမှာသေချာတာပေါ့...ဒါပေမယ့် သူတို့ ခင်ဗျားကို အလွတ်ပေးမပေးဆိုတာကတော့ ကျုပ်နဲ့မဆိုင်ဘူး"
လေစိမ်းတစ်ချက်တိုက်ခတ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်၌ ပုံရိပ်အများအပြားထွက်ပေါ်လာသည်။
ထိုပုံရိပ်များအားလုံးသည် နင်းဟွမ်ဘိုးဘေး သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများနှင့်သေမျိုးများပင်။ထိုလူများသည် နင်းဟွမ်ဘိုးဘေးက သူတို့ကို အပြင်းအထန်ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ခြင်းကြောင့် ရန်ငြိုးကြီးမားသောသရဲတစ္ဆေဝိညာဥ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သူတို့၏ရန်ငြိုးမုန်းတီးမှုများသည် ကောင်းကင်ယံတိုင် ထိုးတက်သွားပြီး တိမ်တိုက်များကိုပင်ဖောက်ထွင်းသွားပေ၏။
နင်းဟွမ်ဘိုးဘေးက သူ၏နံဘေးပတ်ဝန်းကျင်ကို ထိတ်လန့်တကြားကြည့်ရှုပြီး စူးရှရှအော်ဟစ်လိုက်သည်။
"မင်းတို့က ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့...မင်းတို့ကို ငါ ဖျက်ဆီးပစ်မယ်ဆိုတာ ယုံကြည်ထားလိုက်"
သူ၏ခန္ဓာကိုယ်သည် လုယွီ၏ဖျက်ဆီးခြင်းခံရပြီး သူ၏စိတ်ဝိညာဥ်သည်လည်း အပြင်းအထန်ဒဏ်ရါရရှိထားသဖြင့် သူ့ခွန်အားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
"ဒီနေရာကို မလာကြနဲ့...မင်းတို့ မလာကြနဲ့နော်"
နင်းဟွမ်ဘိုးဘေးက ကြောက်လန့်တကြား ထွက်ပြေးနေလေ၏။သို့ရာတွင် သူ့ကို မြောက်မြားစွာသော ရန်သူများက ဝန်းရံထားသဖြင့် သူနောက်ဆုတ်ရန် မြေမရှိချေ။
သရဲတစ္ဆေဝိညာဥ်တစ်ကောင်သည် ရုတ်တရက်အော်ဟစ်ကြုံးဝါးပြီး သူ၏ပါးစပ်ကြီးကိုဖွင့်ဟကာ နင်းဟွမ်ဘိုးဘေးကို ကိုက်ခဲလိုက်၏။
"ယုတ်ညံတဲ့ တိရစ္ဆာန်ကောင်ကများ"
နင်းဟွမ်ဘိုးဘေးသည် ဒေါသတကြီးဖြင့် ထိုသရဲတစ္တေဝိညာဥ်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။
သို့ရာတွင် ဤသည်က အစကဏဦးသက်သက်ပင်။
အချိန်တခဏအကြာမှာပင် သရဲတစ္ဆေစိတ်ဝိညာဥ်များက တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကြုံးဝါးပြီး နင်းဟွမ်ဘိုးဘေးကို စတင်၍ကိုက်ဖြတ်နေကြတော့သည်။
"ရပ်ကြစမ်း"
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုနှစ်ယောက် လေထုအတွင်းမှနေ၍ ပျံဝဲရောက်ရှိလာသည်။
ထိုအဖိုးနှစ်ယောက်သည် လေဟာနယ်သန့်စင်ဂိုဏ်းမှ ဘိုးဘေးနှစ်ယောက်ဖြစ်ပေ၏။တစ်ယောက်သည် ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးဖြစ်ပြီး ကျန်တစ်ယောက်မှာ မြေကမ္ဘာစိတ်ဝိညာဥ်ဘိုးဘေးဖြစ်သည်။
သူတို့သည် နင်းဟွမ်ဘိုးဘေးကို မြောက်များစွာသော သရဲတစ္ဆေဝိညာဥ်များက ကိုက်ဖြတ်နေခြင်းကို မြင်တွေ့ချိန်တွင် သူတို့က မှော်မန္တန်များကို အလျင်စလိုရွတ်ဆိုပြီး အကူအညီပေးရန် လုပ်ဆောင်လိုက်ကြသည်။
"သူက ဒီလိုမျိုးအဆုံးသတ်နဲ့ ထိုက်တန်တယ်...ခင်ဗျားတို့နှစ်ယောက်က နတ်ဆိုးကျင့်ကြံသူတွေမဟုတ်ဘူးဆိုတာ ကျုပ် မြင်နိုင်တယ်...ကြားဝင်မစွက်ဖက်ပါနဲ့"
လုယွီက တည်ငြိမ်စွာပြောဆိုလေသည်။
"မင်းက ဘယ်သူမလို့ ငါတို့ဂျူနီယာညီလေးကို တိုက်ခိုက်ရတာလဲ"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးက ပြောဆိုလိုက်၏။သူ၏လက်အတွင်း၌ မှော်စွမ်းအင်လှိုင်းများရှိနေပြီး သူက လုယွီကိုရိုက်နှက်ရန် ဟန်ပြင်လိုက်သည်။သို့သော် ထိုအချိန်မှာပင် သူက လုယွီ၏မျက်လုံးကို မြင်လိုက်မိသည်။
လုယွီ၏မျက်လုံးအတွင်းမှ အေးစိမ့်မှုက သူ၏နှလုံးသားအောက်ခြေထိ ထွင်းဖောက်သွားသကဲ့သို့ ခံစားမိသည်။ဤအခြင်းအရာသည် သူ့အား ရိုင်းစိုင်းသောမှော်သားရဲကြီးတစ်ကောင်က ပစ်မှတ်ထားနေသကဲ့သို့ ခံစားမိသည်။တခြားတစ်ဖက်က သူ့အားသတ်ဖြတ်ရန် လက်ညှိုးတစ်ချောင်းသာ လိုအပ်ပေမည်။
"သူက ဘယ်သူဖြစ်နိုင်လဲ"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေး၏လှုပ်ရှားမှုများ တဖြည်းဖြည်း တုံ့ဆိုင်းသွားသည်။သူက စွန့်စားမှုမပြုလုပ်ရဲချေ။
သူက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။
"နင်းဟွမ်ကို ဂိုဏ်းကနေထုတ်ပယ်လိုက်ပြီ...သူက လေဟာနယ်သန့်စင်ဂိုဏ်းရဲ့ဂိုဏ်းဝင်တစ်ယောက် မဟုတ်တော့ဘူး"
သူတို့က ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေး၏စိတ်ဝိညာဥ်ကို မြောက်မြားစွာသောသရဲတစ္ဆေများက ဝါးမြိုနေခြင်းကို တိတ်တဆိတ်စောင့်ကြည့်နေကြပြီး သူ၏အသနားခံမှုကို လျစ်လျှူရှုထားကြ၏။
စူးရှနာကျင်စွာအော်ဟစ်နေမှုများ ပျက်ပြယ်သွားချိန်တွင် သရဲတစ္ဆေဝိညာဥ်များအားလုံးလည်း ပြန့်ကျဲသွားတော့သည်။
နင်းဟွမ်ဘိုးဘေး၏စိတ်ဝိညာဥ်သည် တည်ရှိနေမှုအရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ဝါးမြိုခြင်းခံလိုက်ရတော့သည်။ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးနှင့် မြေကမ္ဘာစိတ်ဝိညာဥ်ဘိုးဘေးတို့ပင် ဤမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်နေကြ၏။
"ဖုန်မှုန့်ကနေ ဖုန်မှုန့်...မြေကြီးကနေ မြေကြီး...ပြန်လည်ဝင်စားခြင်းစက်ဝန်းအတွင်းသို့ ဝင်ရောက်စေ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြန့်ကျဲနေသောသရဲတစ္ဆေဝိညာဥ်များထံဦးတည်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းတစ်တန်းက လုယွီ၏နောက်၌ ထွက်ပေါ်လာလေ၏။တည်ကြည်လေးနက်ပြီး မြင့်မြတ်သောပုံပန်းသွင်ပြင်ကြောင့် လုယွီ၏အရှိန်အဝါမှာ အနည်းငယ်မြင့်တက်နေသည်။
ဤလှုပ်ရှားမှုသည် ဘိုးဘေးနှစ်ယောက်ကို ဆွံအသွားစေသည်။
"နတ်ဘုရားများ...ဒါက ဝိညာဥ်ကူးပြောင်းခြင်းပဲ...ဗုဒ္ဓလမ်းစဥ်ရဲ့မြင့်မြတ်ကျင့်စဥ်မဟုတ်လား...ကောင်းကင်ဘုံနယ်မြေက တာအိုသခင်တွေပဲ ဒီလက်ဟန်သင်္ကေတကိုအသုံးပြုနိုင်တယ်လို့ဆိုကြတယ်...သူက ဘယ်သူပါလိမ့်"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေး၏မျက်လုံးများ ပြူးကျယ်နေပေ၏။
ဤအချိန်တခဏတွင် သူတို့က နင်းဟွမ်ဘိုးဘေး၏ကိစ္စရပ်များတွင် ပါဝင်စွက်ဖက်ခြင်းမပြုခဲ့မိသည်အား အလွန်ပျော်ရွှင်နေကြ၏။ထိုလူငယ်လေးအား ရန်စစော်ကားရန် မလွယ်ကူခြင်းမှာ သိသာထင်ရှားသည်။
"ကျုပ် ခင်ဗျားတို့ကိုမေးပါရစေ...ဒီနေရာကဘယ်နေရာလဲ"
လုယွီက မေးမြန်းလိုက်၏။
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလေသည်။
"စီနီယာ...ဒီနေရာက အေးခဲဝါးတောအုပ်စီရင်စုပါ...တကယ်လို့ စီနီယာက မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင်တော့ မြောက်ဘက်နယ်စပ်ကိုရောက်သွားလိမ့်မယ်"
"ခင်ဗျားတို့မှာ မြေပုံရှိလား"
"ရှိပါတယ်"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးက မြေပုံတစ်ချပ်ကိုအလျှင်စလိုထုတ်ယူ၍ လုယွီကို လေးလေးစားစားပေးလိုက်၏။
Chapter 874
"မြောက်ဘက်နယ်မြေလား"
လုယွီက တီးတိုးရေရွတ်လိုက်၏။လုပင်မအိမ်တော်သည် မြောက်ဘက်နယ်မြေ၌ တည်ရှိသည်။သူ အလယ်ပိုင်းကုန်းမြေသို့ လာရသောအကြောင်းရင်းထဲမှ အရေးပါသောအချက်တစ်ချက်မှာ လုမိသားစုထံသွား၍ တိုက်ရိုက်မျိုးဆက်များကို ပြန်လည်အောင်မြင်စေရန်ဖြစ်သည်။
"ကျုပ် ဒီမြေပုံကိုယူသွားမယ်...နတ်ဆိုးကျင့်ကြံသူရဲ့တပည့်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတော့ ခင်ဗျားတို့သိမယ်လို့ ကျုပ်ထင်တယ်"
လုယွီ၏အမူအယာက အလွန်အမင်းအေးစက်နေပေ၏။
နတ်ဆိုးကျင့်ကြံခြင်းသည် သာမာန်ကျင့်ကြံခြင်းနှင့် လွန်စွာကွဲပြားသည်။ထိုလူများသည် သူတို့၏ကျင့်ကြံဆင့် တိုးတက်စေရန်အလို့ငှါ အရာရာတိုင်းပြုလုပ်ကြပြီး သာမာန်သေမျိုးများကိုပင် မဆင်မခြင်သတ်ပစ်ကြသည်။
နတ်ဆိုးကျင့်ကြံသူတို့ပြုလုပ်သော မှော်လက်နက်အများစုသည် တခြားသူများကို ညှင်းပန်းနှိပ်စက်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထိုမှော်လက်နက်များကို သန့်စင်သောနည်းလမ်းဟူသမျှသည် နတ်ဆိုးဆန်လှ၏။
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးက ချက်ချင်းပင် ပြန်လည်ပြောဆိုလိုက်၏။
"စီနီယာ စိတ်အေးအေးထားပါ...ကျွန်တော်တို့က နင်းဟွမ်ဘိုးဘေးရဲ့တပည့်တွေကို အမြစ်ပြတ်သုတ်သင်လိုက်ပါ့မယ်"
လုယွီက ခေါင်းညိမ့်ပြလိုက်၏။သူက လှိုဏ်ဂူအတွင်း၌ရှိနေစဥ်တွင် နင်းဟွမ်ဘိုးဘေးနောက်သို့လိုက်ပါလာသော တပည့်များထံမှ ပြင်းထန်သောရန်ငြိုးမုန်းတီးမှုအငွေ့အသက်များကို ခံစားမိသည်။
ထိုရန်ငြိုးမုန်းတီးမှုအငွေ့အသက်များသည် မြောက်များစွာသော အပြစ်ကင်းမဲ့သည့်လူများကို သတ်ဖြတ်ပြီးမှ သူတို့၏ခန္ဓာကိုယ်များ၌ စွဲကပ်ကျန်နေခြင်းပင်။
ထိုလူများအနက်မှ မည်သူမျှ အပြစ်ကင်းမဲ့မှုမရှိချေ။
လုယွီက မြေပုံကိုကောက်ကိုင်ပြီး သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်၏။ရုတ်တရက် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက အနောက်ဘက်သို့ပြန်လှည့်၍ ထွက်ခွါသွားတော့သည်။
"ကောင်လေး...မင်း အပြင်ထွက်လာပြီပေါ့"
စူးရှသည့် ဒေါသတကြီးအော်ငေါက်သံကြီးက အဝေးတနေရာမှ ထွက်ပေါ်လာသည်။
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးနှင့်ကမ္ဘာမြေစိတ်ဝိညာဥ်ဘိုးဘေးတို့သည် တပြိုင်နက်တည်း သွေးတစ်လုတ်ဆီ အန်ထုတ်လိုက်ရ၏။သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့ကဲ့သို့ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများကိုပင် အသံတစ်ချက်ဖြင့်သွေးအန်စေသူသည် မည်မျှထိအားကောင်းသူ ဖြစ်သနည်း။
လုယွီက အသံလာရာဆီသို့ကြည့်ပြီး ပြောဆိုလိုက်၏။
"လုံဝူကျီး...ခင်ဗျားက ကျွန်တော်ကိုရှာတွေ့သွားပြီပေါ့...ခင်ဗျားက လေလွင့်အင်မော်တယ်တစ်ယောက် တကယ်ဖြစ်ပုံပဲ"
လျှပ်ပြက်သကဲ့သို့ပုံရိပ်တစ်ရိပ်က မိုးကုတ်စက်ဝိုင်း၌ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်းကျယ်ပြန့်လာကာ အနက်ရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး မိုးကောင်းကင်၌ လှည့်ပတ်ပျံဝဲနေပေ၏။
လုံဝူကျီးသည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး နဂါးနက်ကြီးပေါ်၌ မတ်တတ်ရပ်နေကာ သူက လုယွီကို အေးစက်စက်စိုက်ကြည့်နေသည်။
"ဟား ဟား ဟား....ငါက မင်းနည်းနည်းဥာဏ်ကောင်းပြီး လင်ရှောင်းဂိုဏ်းထဲမှာပဲ ပုန်းအောင်းနေမယ်လို့ ထင်ထားခဲ့တာ...မင်းက ရူးသွပ်မိုက်မဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး...မင်းကိုငါမရှာနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား"
လုံဝူကျီးက နံဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လုယွီကို ပြောဆိုလိုက်သည်။
"ရုပ်အလောင်းဘယ်မှာတုန်း....မင်း ငါ့ကို ပြန်ပေးမယ်ဆိုရင် ငါ မင်းကိုလွှက်ပေးမယ်"
လုယွီ၏အမူအယာက ပြောင်းလဲသွားခြင်းမရှိချေ။
"ခင်ဗျားက ဒီလိုလှည့်ကွက်တွေတောင် သုံးတယ်ပေါ့...တကယ်လို့ ခင်ဗျား ရုပ်အလောင်းကို ပြန်လိုချင်တယ်ဆိုရင် ခင်ဗျားရဲ့အရည်အချင်းပေါ်မူတည်တယ်"
လုံဝူကျီး၏နှုတ်ခမ်းထောင့်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုးရှိနေသည်။
"ကောင်းပြီလေ"
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် နဂါးနက်ကြီးက လုယွီကိုဦးတည်၍ ကုတ်ဆွဲလိုက်သည်။ထိုလှုပ်ရှားမှုသည် လျှပ်ပြက်သကဲ့သို့လျှင်မြန်ပြီး လုယွီရှေ့၌ ချက်ချင်းထွက်ပေါ်လာပေ၏။
လုယွီ၏နောက်ရှိ မြေပြင်တွင် ဧရာမလက်သည်းကုတ်ရာကြီးတစ်ခု ပေါ်ထွက်လာသည်။
"ရှောင်ကြ"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးနှင့်မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလျင်စလိုရှောင်လွှဲလိုက်ကြသော်လည်း သူတို့ကို အားလှိုင်းအရှိန်၏ရိုက်ခတ်ခြင်းခံလိုက်ရပြီး သွေးများအန်ထုတ်လိုက်ရ၏။
မြေပြင်သည် ချက်ချင်းကျွံဝင်သွားပြီး မြောက်များစွာသောကျောက်တုံးများ ကွဲကြေကုန်ကာ အက်ကွဲကြောင်းကြီးများက ပင့်ကူအိမ်ကဲ့သို့ ထွက်ပေါ်လာသည်။
"ဒီလိုစွမ်းအားမျိုးက...."
လေဟာနယ်သန့်စင်ဂိုဏ်းမှ ဘိုးဘေးနှစ်ယောက်လုံး လေအေးများ တစ်ပြိုင်နက်တည်းရှိုက်သွင်းလိုက်ကြ၏။
အစောပိုင်းက သူတို့ရှိနေသောနေရာတွင် ကြီးမားသောချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာပေ၏။တောင်ကြီးတစ်လုံးလုံးသည် ချောက်နက်ကြီးအဖြစ် အမှန်တကယ်ကိုပင် အက်ကွဲသွားပေ၏။
ဖုန်မှုန့်များကြားမှနေ၍ လုယွီ၏ပုံရိပ်သည် လေထုကိုဖြတ်သန်းပြီး အဝေးသို့ရောက်ရှိသွားသည်။
"အမ် ...ဒီကောင်လေးက ကြီးထွားလာပြန်ပြီ"
လုံဝူကျီးက အေးစက်စက်နှာမှုတ်ပြီး သူ၏နဂါးကိုစီးနင်းကာ လုယွီထွက်ခွါသွားရာဘက်သို့ ဦးတည်၍သွားလေ၏။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးနှင့်မြေကမ္ဘာစိတ်ဝိညာဥ်ဘိုးဘေးတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
"ငါ နားကြားများမှားနေတာလား...ဒါက လေလွင့်အင်မော်တယ်နယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်လား"
ကောင်းကင်စိတ်ဝိညာဥ်ဘိုးဘေးက တုန်လှုပ်နေပေသည်။
"အမှန်ပဲ...တကယ်လို့ ငါကြားတာမမှားဘူးဆိုရင်...နဂါးကိုစီးနင်းတဲ့လူက မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရာဇ်မင်း လုံဝူကျီးဖြစ်မယ်"
ဤသည်က သိုင်းသူတော်စင်နယ်ပယ်၏အထက်၌ရှိသော အလယ်ပိုင်းကုန်းမြေ၏အထွတ်အထိပ် တည်ရှိမှုကြီးဖြစ်သည်။
လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ၏တိုက်ခိုက်မှုအောက်တွင်ပင် လွတ်မြောက်သွားသောကောင်လေးမှာ မည်သူဖြစ်သနည်း။
Chapter 875
အေးခဲဝါးတောအုပ်စီရင်စု....နမ့်ရှန်းဓားဂိုဏ်း...
ဤှသည်က လူရာဂဏန်းအနည်းငယ်သာရှိသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းပင်။ဂိုဏ်းခေါင်းဆောင်သည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံဆင့်သာရှိပြီး ထိပ်သီးကျင့်ကြံသူအမြောက်အများမရှိပေ။
ဤနေရာသည် အလယ်ပိုင်းကုန်းမြေ၏ဝေးလံခေါင်သီသောနေရာ၌ တည်ရှိသည်။သူတို့က ကျင့်ကြံသူများဖြစ်သော်လည်း တံခါးပိတ်နေလေ့ရှိသဖြင့် အလွန်တိတ်ဆိတ်ငြိမ်သက်သည်။
သို့ရာတွင် ယနေ့တွင်မူ တိတ်ဆိတ်ငြိမ်သက်ခြင်း ပျက်ပြားသွားလေ၏။
"ဂိုဏ်းခေါင်းဆောင်...နဂါးနက်က ထပ်ပြီးပေါ်ထွက်လာပြီ"
ဂိုဏ်းသားတစ်ယောက်က အလျင်စလိုပြေးလာပြီး စူးရှရှအော်ဟစ်လိုက်၏။
ဂိုဏ်း၏ပင်မခန်းမ၌ ထိုင်နေသော နမ့်ရှန်းဓားဂိုဏ်းခေါင်းဆောင်၏မျက်ခုံးများ တွန့်ကွေးသွားပြီး ချက်ချင်းပင် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
"မြန်မြန်....ဂိုဏ်းရဲ့အကာအကွယ်ဝင်္ကပါကို ဖွင့်လိုက်ကြစမ်း"
ရုတ်ချည်းဆိုသလိုပင် နမ့်ရှန်းဓားဂိုဏ်း၏ပတ်ဝန်းကျင်နေရာအနှံ့မှ မြောက်များစွာသောကျင့်ကြံသူများ ပျံဝဲထွက်လာပြီး ဂိုဏ်းအကာအကွယ်ဝင်္ကပါကို အသက်သွင်းလိုက်ကြ၏။
အကာအကွယ်ဝင်္ကပါကြီး ခင်းကျင်းပြီးချိန်မှာပင် ဂိုဏ်းတံခါးမကြီး၏ရှေ့ဘက် လီအနည်းငယ်ကွာဝေးသောနေရာမှနေ၍ ကျယ်လောင်သောဆူညံသံကြီးထွက်ပေါ်လာသည်။
လက်သည်းနက်ကြီးက ကောင်းကင်ယံမှကျဆင်းလာပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်မိလေ၏။နက်ရှိုင်းသောချိုင့်နက်ကြီးတစ်ခုက ချက်ချင်းပင်ထွက်ပေါ်လာသည်။
နံဘေးပတ်ဝန်းကျင်ရှိတောင်များမှ ကျောက်တုံးကျောက်စများသည် အကာအကွယ်ဝင်္ကပါပေါ်သို့ အဆက်မပြတ်ကျဆင်းနေသဖြင့် တချွမ်ချွမ်အသံများ ထွက်ပေါ်နေသည်။
မီးခိုးနှင့်ဖုန်မှုန့်များ ပျက်ပြယ်သွားချိန်တွင် လုယွီ၏ပုံရိပ်က ချိုင့်နက်ကြီး၏အစွန်း၌ ထွက်ပေါ်လာပေ၏။
"အရမ်းနှေးလွန်းတယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။
သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင် နဂါးနက်တစ်ကောင်ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ လှည့်ပတ်ပျံဝဲနေသည်။
ဤအချိန်တွင် လုံဝူကျီးက နဂါးဦးခေါင်းပေါ်၌ ထိုင်နေပေ၏။သူ၏စူးရှရှမျက်လုံးတစ်စုံက လုယွီကိုသာစိုက်ကြည့်နေပြီး သူထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်စွာထွက်ပေါ်နေသည်။
"မင်း ဘယ်လောက်ထိကြာကြာ ရှောင်တိမ်းနိုင်မှာမလို့လဲ"
လုံဝူးကျီးက ဒေါသတကြီးအော်ဟစ်ပြီး နဂါးနက်ကြီးကို လုယွီထံဦးတည်၍ စီးနင်းလိုက်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နဂါးနက်ကြီးက လုယွီ၏မျက်နှာအနီးသို့ ရောက်ရှိလာသည်။နဂါးနက်ကြီး၏စူးရှချွန်ထက်သောလက်သည်းများက မြေပြင်ပေါ်သို့ ကုတ်ခြစ်မိပြီး လုယွီ၏နောက်ချန်ပုံရိပ်ကိုသာ ထိခတ်မိသည်။
တစ်ချိန်တည်းမှာပင် လုယွီက လီထောင်ပေါင်းများစွာအကွာအဝေးသို့ ပျံဝဲ၍ရောက်ရှိနေလေပြီ။
"ကောင်လေး...ငါ မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"
လုံဝူကျီး၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများကြီးစိုးနေပေ၏။
သူက လုယွီ၏နောက်သို့ တစ်လလုံး လိုက်လံဖမ်းဆီးခဲ့သည်။
လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် လေဟာနယ်ကိုထိန်းချုပ်နိုင်ပြီး တခြားသူများ၏လေဟာနယ်လွတ်မြောက်ခြင်း အဆောင်လက်ဖွဲ့များအားလုံးကိုပင် ချိတ်ပိတ်ထားနိုင်သည်။တစ်စုံတစ်ယောက်သည် လေလွင့်အင်မော်တယ်တစ်ယောက်၏ချိတ်ပိတ်ခြင်းခံရပါက သာမာန်အားဖြင့် မည်သို့မျှလွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် လုယွီ၏အခြေအနေက အမှန်တကယ်ပင် ထူးခြားပေ၏။သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်ခံရသည့်အချိန်တိုင်း သူက အထူးနည်းစနစ်တစ်မျိုးကိုအသုံးပြု၍ ဖောက်ထွင်းသွားခဲ့သည်။
လုံဝူကျီးကို ပို၍အံ့အားသင့်စေသောအချက်တစ်ချက်မှာ လုယွီ၏မှော်စွမ်းအားများ ကုန်ခမ်းမသွားရခြင်းပင်။အချိန်အတော်ကြာ လိုက်လံဖမ်းဆီးခြင်းခံရသူသည် အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက ထိုသူ၏မှော်စွမ်းအားများ ကုန်ခမ်းသွားပေမည်။သို့ရာတွင် လုယွီ၏မှော်စွမ်းအားများကမူ အကန့်အသတ်ရှိပုံမရချေ။
"ကောင်းကင်နှင့်မြေပြင် ချိတ်ပိတ်ခြင်း"
လုံဝူကျီးသည် လုယွီထံဦးတည်၍ ထပ်မံဖိနှိပ်လိုက်ပြန်သည်။
လက်ချောင်းငါးချောင်းကျဆင်းလာမှုနှင့်အတူ လုယွီ၏နံဘေးပတ်ဝန်းကျင် အဘက်ဘက်ရှိလေဟာနယ်သည် ချိတ်ပိတ်ခြင်းခံရပြီး လုယွီမလှုပ်ရှားနိုင်တော့ချေ။
သို့ရာတွင် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီက ထပ်မံ၍လွတ်မြောက်သွားပြီး အဝေးသို့ထွက်ပြေးသွားလေ၏။
"ထပ်ပြီးတော့လား"
လုံဝူကျီးသည် ရူးသွပ်လုနီးပါးဖြစ်နေသည်။သူက လုယွီကို ဖမ်းဆီးနိုင်ရန် အကြိမ်ပေါင်းများစွာနီးစပ်ခဲ့သော်လည်း အကြိမ်တိုင်းလွတ်မြောက်သွားခဲ့သည်။
"သေလမ်းရှာနေတာပဲ"
လုံဝူကျီး၏မျက်လုံးများက အေးစက်စက်တောက်ပနေပြီး သူက ထပ်မံ၍အရှိန်မြှင့်လိုက်၏။
သူတို့ထွက်ခွါသွားချိန်တွင် နမ့်ရှန်းဓားဂိုဏ်းအတွင်းမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။ဤအချိန်တွင် သူတို့ဂိုဏ်း၏တံခါးမကြီးရှေ့ မြေကွက်လပ်၌ နက်ရှိုင်းသောလက်သည်းရာကြီးက ထိတ်လန့်တုန်လှုပ်ဖွယ်တည်ရှိနေပေ၏။
"ဧကရာဇ်လုံဝူကျီးက အဲ့ကောင်လေးနောက်ကို တစ်လလုံး လိုက်ဖမ်းနေတာ...ဒါပေမယ့် သူ ခုထိ မမိသေးဘူး"
နမ့်ရှန်းဓားဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ရှိုက်ရင်း ညည်းတွားပြောဆိုနေသည်။
အေးခဲဝါးတောအုပ်စီရင်စုရှိဂိုဏ်းများအားလုံး ဧကရာဇ်လုံဝူကျီးသည် လူငယ်လေးတစ်ယောက်အား လိုက်လံဖမ်းဆီးနေခြင်းကို သိရှိထားကြသည်။
လုံဝူကျီးဆိုသူသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၌ ထိပ်ဆုံး၌ရပ်တည်နေသော ကျင့်ကြံသူတစ်ယောက်ပင်။
ဤအကြောင်းကို လူအမြောက်အများက စုံစမ်းပြီးချိန်တွင် လူငယ်လေးသည် လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်နေရာမှ မြေအောက်လောကဖြစ်ကြောင်းကို သိရှိသွားကြသည်။
နမ့်ရှန်းဂိုဏ်းမှအကြီးအကဲတစ်ယောက်က သက်ပြင်းရှိုက်ရင်း ပြောဆိုလေ၏။
"ငါတို့ဂိုဏ်းနဲ့မနီးမဝေးနေရာမှာရှိတဲ့ ယွမ်ဂိုဏ်းက နဂါးနက်ရဲ့လက်သည်းဒဏ်ခံရပြီးတော့ ဂိုဏ်းရဲ့တစ်ဝက်လောက်ပျက်စီးသွားတယ်တဲ့...သူတို့ဂိုဏ်းမှာရှိတဲ့ တပည့်ရာနဲ့ချီပြီး သေဆုံးသွားခဲ့တယ်"
နမ့်ရှန်းဂိုဏ်းခေါင်းဆောင်က မရပ်မနားသက်ပြင်းချနေရင်းမှ
"ငါတို့ရဲ့အနီးအနားမှာရှိတဲ့ ဂိုဏ်းတွေအားလုံးကိုအကြောင်းကြားလိုက်...နတ်ဆိုးနှစ်ယောက် နောက်ဆုံးတော့ ထွက်ခွါသွားပြီဆိုတာကို"