အခန်း (၉၆-၁၀၀)
Vol. 7 Ch. 96-100
Chapter 96
ယဲ့ပေ၏အရှိန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
မကြာမီမှာပင် ယဲ့ပေသည် ပင်ကျင်းမြို့သို့ ရောက်ရှိသွားသည်။ လုချင်ရှန်း၏မှတ်ဥာဏ်များအတွင်းရှိ လမ်းကြောင်းမှတဆင့် သူသည် သိုင်းပညာခန်းမထံသို့ တဟုန်ထိုးပြေးသွားခဲ့သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ကို တစ်ချက်ခုန်လိုက်ရာ သေးငယ်သောသိုင်းပညာခန်းမ၏တံခါးရှေ့သို့ ရောက်ရှိသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရေဆိုးပြွန်အဖုံးအောက်၌ ဖိနှိပ်ခြင်းခံထားရသော အရိုးစု၏ဦးခေါင်းမှပါးစပ် ပွင့်ဟလာသည်။
"အာ့ ဘား ဘား ဘား..."
ထိုအသံကျရောက်လာသည်နှင့် သိုင်းပညာခန်းမအတွင်း၌ မမြင်နိုင်သောအပြောင်းအလဲများစွာ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် မည်သည့်ပြောင်းလဲမှုများ အတိအကျဖြစ်သွားသည်ကို မည်သူမျှ မမြင်တွေ့နိုင်ချေ။
ထိုပြောင်းလဲမှုများဖြစ်သွားပြီးနောက် အရိုးစုခေါင်းသည် သူ၏ပါးစပ်ကိုဟကာ ရေဆိုးပြွန်အဖုံးကို သူ၏သွားဖြင့်တတိတိကိုက်ဝါးကာ ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။
"ဟမ့်...."
"ဒီဆိုင်းဘုတ်ကိုတပ်ထားတဲ့ သိုင်းခန်းမမှာရှိနေတဲ့လူက ပြိုင်ဘက်ကင်းဆရာကြီး ဖြစ်နိုင်ပါ့မလား"
ယဲ့ပေသည် ဆိုင်းဘုတ်ပေါ်ရှိ ဝူအက္ခရာစာလုံးကိုကြည့်ကာ အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးနောက် အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
ဤဆိုင်းဘုတ်တွင် မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါမျှ ရှိမနေချေ။ ဤသည်က အလွန်အမင်းရိုးရှင်းသော သာမာန်ဆိုင်းဘုတ်တစ်ခုပင်။
ထိုအကြောင်းကိုတွေးတောရင်း သူသည် မရိုးမဖြောင့်အမူအယာဖြင့် သိုင်းပညာခန်းမအတွင်းသို့ လျှောက်လှမ်းဝင်လိုက်သည်။
လှေကားထစ်များကိုဖြတ်သန်းချိန်တွင် သူသည် တခဏခန့်ရပ်တန့်ကာ တံခါးအောက်ခံကျောက်တုံးကို ငုံကြည့်လေသည်။ သူ၏နုတ်ခမ်းထောင့်တွန့်ကွေးသွားကာ ရေရွတ်လိုက်၏။
"ဒီလူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ...ဒါပေမယ့် ဒီလောက်ပါပဲ...အသုံးမကျတဲ့လူအိုကြီးချင်ရှန်းက အရမ်းစိတ်ကူးယဥ်လွန်ပြီးတော့...အဲ့ဒီလူ ဘယ်လောက်ထိအံ့အားသင့်ဖို့ကောင်းတယ်ဆိုတာကို ချဲ့ကားပြောနေတယ်...ငါ့အထင်တော့ အဲ့ဒီလူက ငကြွားတစ်ယောက်သက်သက်ပဲ"
သူသည် အေးစက်စက်ရယ်မောကာ ခြေလှမ်းကျဲကြီးတစ်လှမ်းဖြင့် အရှေ့ခန်းမအတွင်းသို့ ခြေချခဲ့သည်။
သူ ပထမဆုံးဝင်ရောက်လိုက်စဥ်တွင် သူ အနည်းငယ်သတိထားနေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ လုချင်ရှန်း၏မှတ်ဥာဏ်များအရ အရှေ့ခန်းမအတွင်းရှိ နတ်ဘုရားလက်နက်ပန်းချီစာလိပ်ဆယ့်ရှစ်လိပ်သည် ပြောရမည်ဆိုလျှင် အလွန်အစွမ်းထက်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုပန်းချီစာလိပ်များရှိနေသော်လည်း စွမ်းအားအရှိန်အဝါ လှုပ်ခတ်နေခြင်း လုံးလုံးလျားလျားမရှိချေ။ အလှဆင်ရုံမှအပ ထိုအရာများသည် အသုံးမဝင်သော စာရွက်အတိုအစများသာဖြစ်သည်။
ယခုချိန်၌ သူ သေချာသွားသည်မှာ ဤပြိုင်ဘက်ကင်းဆရာကြီးဟု ခေါ်ဆိုခံရသူသည် လုချင်ရှန်း၏ ညံဖျင်းသောအကဲခတ်မှုနှင့်ဆိုးရွားသောအတွေးများမှ ထွက်ပေါ်လာသော စိတ်ကူးသက်သက်ပင်။
အမှန်အားဖြင့် ထိုလူထံတွင် မည်သည့်ကျင့်ကြံမှုမျိုးမျှရှိမနေချေ။
ဤနေရာရှိတံခါးအောက်ခံကျောက်တုံးသည် ဧကရာဇ်အဆင့်ရတနာ ကောင်းကင်တုန်ဟီးကျောက်တုံးဖြစ်နေသည်။ ထို့ပြင် လုချင်ရှန်း၏မီးဖိုချောင်သုံးဓား...
သို့ရာတွင် ဤသည်မှာ ယဲ့ပေ၏ရည်ရွယ်ချက်နှင့် ပို၍ကိုက်ညီပေ၏။
"မင်းက လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်ချင်နေမှတော့ ဒီအစုတ်အပြတ်သိုင်းပညာခန်းမကို ကန်ကျောက်ပြီးတော့ ဖျက်ဆီးပစ်မယ်"
ယဲ့ပေက အေးစက်စက်ရယ်မောကာ ခုန်ပေါက်ပြီး အရှေ့ခန်းမ၏အလယ်ရှိ စည်ကြီးပေါ်သို့ တစ်ချက်ကန်လိုက်သည်။
"ဘုန်း...ဘုန်း...ဘုန်း..."
နားအူလုမတတ် ကျယ်လောင်သောအသံကြီးက သိုင်းပညာခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ခန်းမအတွင်း၌ ရီဖုန်း ရှိမနေချေ။
အိမ်ပျော်နေသောအောင်းချင်သာ စည်သံကြောင့် နိုးလာလေ၏။ သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကာ အရှေ့ခန်းမထံသို့ စောင်းငဲ့၍ကြည့်လိုက်သည်။
ကြည့်ရသည်မှာ သိုင်းဧကရာဇ်တစ်ယောက် ဖြစ်ပုံပင်။
'ပြဿနာမရှိဘူး....ဒါက ငါ့အလုပ်မဟုတ်ဘူး'
သူ ပြန်အိပ်နေသည်က ပို၍ကောင်းပေမည်။ ဤသည်က သေခြင်းတရားကို လာရောက်ရှာဖွေသော နောက်ထပ်အရူးတစ်ကောင်သက်သက်ပင်။
ခွေးသည် ပျင်းရိငြီးငွေ့စွာသန်းဝေကာ ပြန်လည်လှဲချပြီး သူ၏မျက်လုံးကိုပြန်မှိတ်လိုက်၏။
"ကျွီ...ကျွီ...ကျွီ..."
ရေဆိုးပြွန်အဖုံးအောက်ရှိ အရိုးစုခေါင်းသည်လည်း ဆက်၍ကြိတ်ဝါးနေဆဲဖြစ်သည်။
ကြည့်ရသည်မှာ ယဲ့ပေရောက်ရှိလာကာ စည်ကိုကန်ကျောက်လိုက်မှုသည် သိုင်းပညာခန်းမ၏တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ရန်အတွက် လုံးလုံးလျားလျား ကျရှုံးသွားပုံပင်။ ခွေးတစ်ကောင်ကပင် ဤသည်ကို လျစ်လျှူရှုထားသည်။
စည်သံကြောင့် မည်သည့်တုံ့ပြန်မှုမျှမရှိသဖြင့် ယဲ့ပေ၏မျက်နှာအမူအယာ သုန်မှုန်စပြုလာသည်။
သူက စည်ကို နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးနှက်လိုက်၏။
ဘုန်း..
ယခင်ထက်ပို၍ပြင်းထန်သော အသံတစ်သံ မြည်ဟီးသွားသည်။
ရီဖုန်းသည် ဟင်းနုနွယ်ရွက်ခြင်းတောင်းကို သယ်ဆောင်၍ အလျင်စလိုပြန်လာချိန်မှသာ သူက အော်ဟစ်လိုက်သည်။
"လာပြီ...လာပြီ...ဘာလို့ စည်ကိုတစ်ချိန်လုံးတီးနေတာလဲ"
ရီဖုန်း အရှေ့ခန်းမအတွင်းသို့ ဝင်လာစဥ်တွင် ယဲ့ပေ၏အကြည့်က သူ့ထံသို့ ချက်ချင်းရောက်ရှိသွားသည်။
သူက လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။
အမှန်တကယ်ကိုပင် သူသည် ရီဖုန်းထံမှနေ၍ မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါကိုမျှ အာရုံခံ၍မရချေ။
သို့ရာတွင် ယဲ့ပေသည် အံ့အားသင့်သွားခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လုချင်ရှန်း၏မှတ်ဥာဏ်များအရ ရီဖုန်းသည် သေမျိုးတစ်ယောက်ကဲ့သို့ အယောင်ဆောင်ရန်အတွက် ထူးဆန်းသောနည်းစနစ်တချို့ကို တက်မြောက်ထားသည်မှာ ဖြစ်နိုင်ချေမြင့်မားကြောင်း သူ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
"မင်းက ဒီနေရာရဲ့ပိုင်ရှင်ဆိုတာ ငါ သိတယ်"
ယဲ့ပေက သူ၏မျက်နှာကိုမော့ကာ မောက်မာဝံ့ကြွားစွာဖြင့် ပြောဆိုသည်။
"ငါက ဒီနေ့ အားလပ်နေတယ်...ဒါကြောင့် ငါက မင်းရဲ့သိုင်းပညာခန်းမကိုလာပြီးတော့ စိန်ခေါ်တာပဲ"
"ငါ့ရဲ့သိုင်းပညာခန်းမကို လာပြီးစိန်ခေါ်တာလား"
စျေးဝယ်တစ်ယောက် ရောက်လာခြင်းဖြစ်မည်ဟု တွေးတောခဲ့သော ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူ၏အသံသည်လည်း အေးစက်တင်းမာမှုသို့ ပြောင်းလဲသွားသည်။
"ဒီသိုင်းပညာခန်းမကို စိန်ခေါ်တာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲဆိုတာ မင်း သိတယ်မဟုတ်လား"
"ငါ သိတာပေါ့"
ယဲ့ပေ၏နုတ်ခမ်းထောင့် တွန့်ကွေးသွားကာ သူက မောက်မာဝံ့ကြွားစွာဖြင့် ပြောဆိုသည်။
"ခန်းမကိုစိန်ခေါ်တာက သေရေးရှင်ရေးလိုအရေးကြီးတဲ့ကိစ္စတစ်ရပ်ပဲ...အရှုံးသမားရဲ့သိုင်းပညာခန်းမကလည်း ပိုင်ရှင်ပြောင်းလဲသွားလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။
ထိုလူပြောဆိုသည်မှာ အမှန်ပင်။ ဤသည်မှာ ဤကမ္ဘာလောက၏စည်းမျဥ်းဖြစ်ပြီး ဤနေရာရှိ သိုင်းပညာခန်းမများ၏ ထုံးတမ်းသဖွယ်လိုက်နာသော စည်းမျဥ်းလည်းဖြစ်သည်။
ထို့ကြောင့် ဤကမ္ဘာလောကအတွင်း၌ အလွန်နည်းပါးသူတချို့သာ သိုင်းပညာခန်းမများကို စိန်ခေါ်ကြ၏။
ထို့ပြင် သူသည် ဤသိုင်းပညာခန်းမကို စတင်ဖွင့်လှစ်ချိန်မှစ၍ ပထမဆုံးစိန်ခေါ်သူနှင့် ကြုံတွေ့ရခြင်းပင်။
"မင်း ထွက်သွားသင့်တယ်....ငါ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး"
ရီဖုန်းသည် ယဲ့ပေကို ခြေဆုံးခေါင်းဆုံးကြည်းကာ လုံးလုံးလျားလျား စိတ်မဝင်စားပုံဖြင့် ပြောဆိုသည်။
"မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"
"မင်းက တော်တော်လေး စိတ်ကြီးဝင်နေတာပဲ"
ဤကဲ့သို့ ခြေဆုံးခေါင်းဆုံး ကြည့်ခံရပြီးနောက် ယဲ့ပေ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပွင့်အံ့ထွက်လာကာ သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ငါ ဒါကို ရှင်းလင်းအောင် လုပ်မှရမယ်...ငါ ဒီနေရာကို အထူးသီးသန့်လာခဲ့တာ...ငါက မင်းရဲ့ခန်းမကိုလက်လွှဲယူဖို့ စိတ်ပိုင်းဖြတ်ပြီးပြီ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက ခေါင်းခါယမ်းလိုက်သည်။
ဤသည်မှာ သိုင်းပညာခန်းမဖြစ်သဖြင့် လာရောက်စိန်ခေါ်သူများသည် သေမျိုးများဖြစ်မည်မှာ သေချာပေါက်ပင်။
သူသည် သေမျိုးများကိုတိုက်ခိုက်ရန် အနည်းငယ်မျှပင် ကြောက်ရွံခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သောက်ရေးမပါသော သိုင်းပညာရပ်ဆယ့်ရှစ်မျိုးကို နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သည့်အဆင့်ထိ ကျွမ်းကျင်စွာတက်မြောက်ထားသည်။ ဤကောင်စုတ်သည် သူ့အား လာရှုပ်၍ရမည့်သူဟု ထင်နေသလော။
"ကောင်းပြီလေ....မင်းက တိုက်ခိုက်ချင်နေမှတော့ မင်းသဘောအတိုင်းပဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လက်တစ်ဖက်ဖြင့် ဟင်းနုနယ်ရွက်ခြင်းတောင်းကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ယဲ့ပေကို လက်ယပ်ခေါ်လိုက်၏။
"မင်း..."
"ကောင်းတယ်...ကောင်းတယ်...ဟင်းရွက်ခြင်းတောင်းကိုတောင် အောက်မချဘဲနဲ့...မင်းက အရမ်းတည်ငြိမ်ချင်ယောင်ဆောင်နေတယ်...ဒါပေမယ့် နောက်ကျမှ မင်း မငိုနဲ့"
ဤကဲ့သို့အထင်အမြင်သေးခံရမှုကိုမြင်သော ယဲ့ပေက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီးပြောဆိုသည်။
ထို့နောက် သူ၏လက်ဝါးကိုလှုပ်ရှားကာ ရုတ်တရက် ရှုပ်ထွေးပွေလီသော လက်စည်းတံဆိပ်များကို ရိုက်ထုတ်လိုက်သည်။ သူ၏မရီးဒါန်းများအားလုံးအတွင်းရှိ စွမ်းအားများကို လှည့်ပတ်ကာစုစည်းထားသည်။ နောက်ဆုံးလက်စည်းတံဆိပ် ကျရောက်သွားစဥ်တွင် သိုင်းဧကရာဇ်တစ်ယောက်၏သိပ်သည်းထားသောစွမ်းအားများ ရောယှက်နေကာ ရီဖုန်းထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
သူသည် ဤရိုက်ချက်အတွင်းတွင် မည်သည့်အရာကိုမျှ ထိန်ချန်ထားခြင်းမရှိချေ။
မည်သည့်ဟန်ရေးပြနေခြင်းမျှမရှိဘဲ သူသည် ရိုက်ချက်တစ်ချက်တည်းဖြင့် ရီဖုန်းကို ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားစေလိုသော ရည်ရွယ်ချက်တစ်ခုတည်းသာရှိသည်။
Chapter 97
"သေစမ်း...."
ယဲ့ပေ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားကာ သူ၏တိုက်ခိုက်မှုသည် ရီဖုန်းနှင့်တစတစ ပို၍နီးကပ်သွားလေပြီ။
သူ၏အမြင်အရ သိုင်းဧကရာဇ်တစ်ယောက်၏စွမ်းအားများဖြင့်ပြည့်နှက်နေသော သူ၏ခွန်အားပြည့်တိုက်ခိုက်မှုသည် ယခုထိတိုင် မောက်မာဝံ့ကြွားနေဆဲဖြစ်သော ရီဖုန်းကဲ့သို့ အတုအယောင်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန်လုံလောက်သည်။
"ဟန်ရေးပြနေတဲ့ အကွက်တွေ..."
သို့ရာတွင် ရီဖုန်းက သူ့ကိုစောင်းငဲ့၍ကြည့်ကာ အထင်အမြင်သေးစွာ ပြောဆိုသည်။
ဝတ်စုံဖြူဝတ်လူငယ်ကိုကြည့်ရသည်မှာ ဟိတ်ဟန်ကောင်းသော်လည်း ရီဖုန်း၏မျက်လုံးအတွင်း၌ သူ၏သိုင်းကွက်အတွင်းတွင် ဟာကွက်များဖြင့် ပြည့်နှက်နေသည်။ ထိုလူငယ်သည် သူ၏တပည့်ကျုံးချင်ကိုပင် အနိုင်ယူနိုင်မည်မဟုတ်ချေ။
ဖြောင်း....
ဤတိုက်ခိုက်မှုသည် ရီဖုန်း၏ရင်ဘတ်ပေါ်သို့ ကျရောက်လုဆဲဆဲအချိန်တွင် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းစောင်းလိုက်သည်။ ထို့နောက် သူသည် တိုက်ခိုက်မှုကိုရှောင်တိမ်းကာ အေးဆေးတည်ငြိမ်စွာဖြင့် ထိုလူငယ်ကို ပါးဖြတ်ရိုက်လိုက်၏။
"ဘာလဲဟ..."
မူလက အေးစက်စက်မျက်နှာပိုင်ရှင် ယဲ့ပေသည် ထိုပါးရိုက်ခံရခြင်းကြောင့် ကြက်သေသေသွားသည်။ နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူသည် ကြောက်မက်ဖွယ်အင်အားကြောင့် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။
မည်သည်ကြောင့် ဤသို့ဖြစ်နိုင်မည်နည်း....
မြေပြင်နှင့်ရိုက်ခတ်ခံရပြီးနောက် မယုံကြည်နိုင်သောအမူအယာများသည် ရေးသားထားသည့်အလား ယဲ့ပေ၏မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
သူ ဂုဏ်ယူဝင့်ကြွားခဲ့ရသော စွမ်းအားပြည့်တိုက်ခိုက်မှုသည် ဤကဲ့သို့ လွယ်လင့်တကူ ပျက်ပြယ်သွားခဲ့သလော။ သူ၏သိုင်းဧကရာဇ်အဆင့်စွမ်းအားနှင့်ပင် ဤတိုက်ခိုက်မှု မည်ကဲ့သို့ပျက်ပြယ်သွားသည်ကို သူ မမြင်တွေ့လိုက်ရချေ။
သို့ရာတွင် သူ၏မျက်နှာပေါ်ရှိ စပ်ဖျဥ်းဖျဥ်းနာကျင်မှုသည် သူ့အား အရှက်ရစေသည်။
သူ ယဲ့ပေသည် မွေးဖွားလာစဥ်ကတည်းက ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သူပင်။ သူ၏အသက်သုံးဆယ်အရွယ်တွင် သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေချနိုင်ခဲ့ကာ နန်ရှားနယ်မြေအတွင်းတွင် အသက်အငယ်ဆုံးသိုင်းဧကရာဇ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူသည် ဤကဲ့သို့အရှက်ခွဲခံရခြင်းမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ ခံစားဖူးခြင်းမရှိချေ။
"သေစမ်း"
ယဲ့ပေ၏မျက်လုံးများ သွေးနီရောင်သန်းနေကာ သူက အော်ဟစ်လိုက်၏။ သူ၏ကျယ်ပြန့်သောမရီးဒါန်းများအတွင်း၌ သိုင်းဧကရာဇ်တစ်ယောက်၏စွမ်းအားများ တလိမ့်လိမ့်ထလာကာ သူ၏နက်နဲသိမ်မွေ့သော အရှိန်အဝါနှင့်အတူ ပွင့်အံ့ထွက်ရန် အဆင်သင့်ဖြစ်သွားလေပြီ။
သို့ရာတွင် သူ၏တိုက်ခိုက်မှုကို မထုတ်လွှတ်ရသေးမီမှာပင် ဟင်းရွက်ခြင်းတောင်းဖြင့် သူ၏ခေါင်းအား ရိုက်နှက်ခြင်းခံရကာ သူ့ကို မြေပြင်ပေါ်သို့ ထပ်မံ၍လဲကျသွားစေသည်။ သူ၏အရှိန်အဝါနှင့် သိုင်းဧကရာဇ်တစ်ယောက်၏စွမ်းအားများသည်လည်း ဟင်းရွက်ခြင်းတောင်းဖြင့် ရိုက်နှက်ခံရခြင်းကြောင့် အင်အားပြည့်ဆုတ်ယုတ်သွားခဲ့သည်။
ဖူး....
သူ၏စွမ်းအားများ ပြန်ကန်စီးဆင်းလာခြင်းကြောင့် ယဲ့ပေသည် ချောင်းဆိုးပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူ၏မရီးဒါန်းများ ဖရိုဖရဲဖြစ်သွားလေ၏။
"မင်းရဲ့ နုံချာတဲ့အရည်အချင်းလောက်နဲ့များ...ဘေးအိမ်က အမဲသားရောင်းတဲ့ဝမ်သယီကတောင် မင်းကို ရိုက်နိုင်လိမ့်မယ်...ငါ့ကိုစိန်ခေါ်ဖို့သတ္တိမျိုး မင်းကို ဘယ်သူကပေးလိုက်တာလဲ"
ရီဖုန်းက ဟင်းနုနွယ်ရွက်ခြင်းတောင်းကိုကိုင်ပြီးနောက် ယဲ့ပေကို အထင်အမြင်သေးစွာ ပြောဆိုသည်။
"မင်း...မင်း အရမ်းလွန်မလာနဲ့"
ဤအရှက်ခွဲသောစကားလုံးများသည် ယဲ့ပေကို ဒေါသထွက်ကာ တုန်ရှသွားစေသည်။ သူသည် မတ်တတ်ပင် ထမရပ်နိုင်တော့ချေ။ သူ၏လက်ကို တစ်ချက်လှုပ်ခတ်လိုက်မှုနှင့်အတူ သူ ဆင့်ခေါ်ထားသည့် ကြည်လင်သော ပုတီးစေ့တစ်စေ့ ထွက်ပေါ်လာသည်။
"စိတ်ဝိညာဥ်ပုတီးစေ့...သူ့ကို သတ်စမ်း"
ယဲ့ပေ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပနေကာ သူသည် ရီဖုန်းကိုတိုက်ခိုက်ရန် စိတ်ဝိညာဥ်ပုတီးစေ့ကို ချက်ချင်းဆင့်ခေါ်လိုက်၏။
ဤသည်က သူ၏အဆုံးသတ်သတ်ဖြတ်ခြင်း လှုပ်ရှားမှုပင်။
ဤစိတ်ဝိညာဥ်ပုတီးစေ့သည် အဖိုးတန်ရှားပါးသော ရတနာတစ်ခုဖြစ်သည်။ ဤရတနာဖြင့် ရီဖုန်းကို မသတ်ဖြတ်နိုင်ဟု သူ မယုံကြည်ချေ။
သို့ရာတွင် ရီဖုန်းသည် သူ၏ခြေထောက်ကို ရိုးရှင်းစွာပင် တစ်ချက်ဆောင့်နင်းလိုက်၏။
ခရက်....
ယဲ့ပေသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ကြက်သေသေသွားကာ ရီဖုန်း၏ခြေထောက်ကိုဆောင့်နင်းပြီး သူ၏မျက်လုံးများပြူးကျယ်နေသည်။
စိတ်ဝိညာဥ်ပုတီးစေ့....
ရတနာတစ်ခု....
ခြေထောက်ဖြင့်တစ်ချက်ဆောင့်နင်းရုံဖြင့် ကြေမွှပျက်စီးသွားသလော....
ဂေ့...
ယဲ့ပေသည် သူ၏လည်ပင်းအတွင်း၌ ငါးရိုးတစ်ချောင်းစူးသွားသည့်အလား ခံစားလိုက်ရသည်။
"ပုတီးစေ့အစုတ်အပြတ်တစ်ခုနဲ့ လူတစ်ယောက်ကို သတ်ချင်နေတာလား...မင်း စိတ်မနှံ့ဘူးလား"
ရီဖုန်း၏စကားများသည် ယဲ့ပေ၏ပျက်ယွင်းနေသော မျက်နှာအမူအယာကို ပို၍ရုပ်ဆိုးသွားစေသည်။
သူသည် ရတနာတစ်ခုဖြစ်သောစိတ်ဝိညာဥ်ပုတီးစေ့ကို ပုတီးစေ့အစုတ်အပြတ်ဟု အမှန်တကယ် ခေါ်ဆိုခဲ့သလော...
ရီဖုန်း၏အေးစက်စက်နှင့် အစစ်အမှန်အထင်သေးနေသောအကြည့်ကို မြင်တွေ့ချိန်တွင် ယဲ့ပေသည် ရုတ်တရက် တစ်စုံတစ်ခုကို သိနားလည်သွားပေ၏။
ဤလူသည် လုချင်ရှန်း ခန့်မှန်းထားသကဲ့သို့ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် အမှန်တကယ်ဖြစ်နေသည်။
'ဂလု....'
ထိုအတွေးကြောင့် ယဲ့ပေ၏စိတ်နှလုံးသား အောက်ခြေထိလေးလံသွားသည်။
သူသည် ဤကဲ့သို့ စိတ်ကူးကြည့်ရန်ပင်မဖြစ်နိုင်သော ရန်သူတစ်ယောက်ကို ရန်စခဲ့မိသည့်အတွက် ချက်ချင်းနောင်တရသွားပေ၏။ သို့ရာတွင် သူ ထွက်မပြေးနိုင်သေးမီမှာပင် ရီဖုန်း၏ခြေထောက်က သူ၏ရင်ဘတ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
ခရက်...
ထိုခြေဆောင့်နင်းခြင်းသည် ယဲ့ပေ၏နံရိုးများအားလုံးကို ကျိုးပဲ့သွားစေသည်။ ပြင်းထန်သောနာကျင်မှုကြောင့် သူ့အား စကားမပြောနိုင်ဖြစ်စေသည်။
သို့ရာတွင် ရီဖုန်းသည် သူ့အားလွှတ်ပေးရန် ရည်ရွယ်မထားချေ။
ဤကောင်စုတ်သည် အားနည်းသော်လည်း ရီဖုန်းသည် ထိုအတွက်ကြောင့်နှင့် သူ့ကို အလွန်မပေးနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤလူငယ်သည် သူ့အားစိန်ခေါ်ရန် ရောက်လာခြင်းဖြစ်သဖြင့် အခဲမကျေသောရန်သူများ ဖြစ်သွားလေပြီ။
သနားငဲ့ညှာမှုကို ပြသရမည်လော...
မဖြစ်နိုင်ချေ။
ရီဖုန်းသည် ကြက်များကိုပင် သတ်ဖြတ်ခြင်းပြုဝံ့သူမဟုတ်သော်လည်း လူသတ်ခြင်းသည် ဤကွဲပြားခြားနားသော ကမ္ဘာလောကအတွင်း၌ သူ အနည်းငယ်ခန့်သတ်ဖြတ်ခြင်းကို တိတ်တဆိတ်ပြုလုပ်၍ရပေမည်။
Chapter 98
ထို့နောက် ရီဖုန်းက ယဲ့ပေကို ဖမ်းကိုင်လိုက်သည်။ ယဲ့ပေ၏တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင်ပင် သူ၏လက်ကို ရီဖုန်းက ရိုက်ချိုးလိုက်ပြီး သူ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လွှင့်ပစ်လိုက်၏။
ယဲ့ပေ၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။
သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အကုန်အစင်အသုံးပြုခဲ့သည့်တိုင် ရီဖုန်း၏တိုက်ခိုက်မှု သူ့ပေါ်သို့ ကျရောက်လာသည့်အချိန်တိုင်း သူ အမှန်တကယ်နာကျင်သွားသည်။ သူသည် မြေပြင်ပေါ်၌ သေလုမျောပါးအခြေအနေဖြင့် လူးလိမ့်နေရလေ၏။
"စီနီယာ...ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ"
သူက အက်ရှရှလေသံဖြင့် ပြောဆိုသည်။
သူ၏မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေကာ သူသည် ခွင့်လွှတ်မှုရရှိရန်အတွက် အသနားခံတောင်းပန်လေသည်။
"မင်းကို ခွင့်လွှက်ရမှာလား"
ရီဖုန်းသည် အေးစက်စက်လေသံဖြင့် လျှောက်လှမ်းလာကာ ယဲ့ပေ၏ခန္ဓာကိုယ်ပေါ်သို့ ထပ်မံ၍ခြေဆောင့်နင်းလိုက်သည်။ သူသည် အလွန်ဒေါသထွက်နေကာ ဤကောင်စုတ်ကို သတ်ဖြတ်ခြင်းမပြုဘဲ မည်ကဲ့သို့ဖြေရှင်းရမည်ကို တွေးတောနေစဥ်မှာပင် ရုတ်တရက် ဘုတ်ခနဲမြည်သံတစ်သံက အတွင်းခန်းမှ ထွက်ပေါ်လာသည်။
"တပည့်လား..."
ထိုအသံကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာပေါ်၌ ရုတ်တရက် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် ယဲ့ပေကို အဝတ်အစားများအထိ စူးစိုက်ကြည့်ပြီးနောက် အချိန်တခဏခန့် စဥ်းစားတွေးတောကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ငါ ဒါကို မှတ်ထားမယ်...အခုတော့ ငါ မင်းကို လွှတ်ပေးလိုက်မယ်...ဒါပေမယ့် နောက်ရက်အနည်းငယ်အတွင်းမှာ ငါကိုယ်တိုင် မင်းကိုလာရှာမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ယဲ့ပေကို လျစ်လျှူရှုကာ အခန်းအတွင်းသို့ စိုးရိမ်ပူပန်တကြီး ပြေးဝင်သွားတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဘုန်းကြီးတစ်ပါးသည် ထွက်ပြေးနိုင်သော်လည်း ဘုရားကျောင်းသည် သူနှင့်အတူ ထွက်မပြေးနိုင်ချေ။
*ဤကောင်စုတ်လေးသည် သူ့အား စိန်ခေါ်ရန်ရောက်လာခဲ့သဖြင့် သူ အချိန်ရသည်နှင့် ပြန်လည်တိုက်ခိုက်ရပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကျုံးချင်နှင့်နှိုင်းယှဥ်ပါက ဤအမှိုက်ကောင်သည် အနည်းငယ်မျှသာ အရေးပါသည်။
သူ အတွင်းခန်းသို့ ဝင်ရောက်သွားချိန်တွင် ကျုံးချင် နိုးနေသည်ကို သူ မြင်တွေ့မိလေ၏။ သို့ရာတွင် သူ၏အသိစိတ်သည် ရှင်းရှင်းလင်းလင်းမဖြစ်သေးဘဲ အိပ်ယာပေါ်မှ ပြုတ်ကျနေသည်။
ရီဖုန်းသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် ကျုံးချင်ကို ပွေ့ချီကာ အိပ်ယာပေါ်သို့ ပြန်တင်လိုက်သည်။
ရီဖုန်းထွက်ခွာသွားသည်ကိုကြည့်ပြီး ယဲ့ပေသည် သူ၏လည်မျိုကို တစ်ခုခုဖြင့်ထိုးစိုက်ခံရသည့်အလား ယဲ့ပေ၏စိတ်နှလုံးသားအတွင်း၌ နာကျင်နေသည်။ သူ၏ဒဏ်ရာများကို လျစ်လျှူရှု၍ သူသည် ချာခနဲနောက်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သို့ရာတွင် သူ၏ပြင်းထန်သောဒဏ်ရာများကြောင့် သူသည် ယိုင်တိုင်တိုင်ဖြစ်နေကာ မတ်တတ်ထရပ်ပြီးနောက် တဖန်ပြန်၍လဲကျသွားခဲ့သည်။ သူ ထပ်မံအားတင်း၍ ပျံသန်းလိုက်သော်လည်း အချိန်တခဏခန့်အကြာမှာပင် ပြန်ပြုတ်ကျသွားပေ၏။ သူသည် မြို့အတွင်းမှဖြတ်၍ ပျံသန်းနေစဥ်တွင် ယိုင်တိုင်တိုင်ဖြစ်လိုက် ပြုတ်ကျလိုက်နှင့် ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။
သူ ပေထျန်းဂိုဏ်းသို့ ပြန်ရောက်စဥ်တွင် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံဆင့်နှင့်ပင် သူ အမောဆို့လုမတတ်ပင်။
သူ၏ဒဏ်ရာများ အနည်းငယ်သက်သာစေရန် သူက ဆေးလုံးနှစ်လုံးကိုထုတ်ယူ၍ သောက်သုံးလိုက်သည်။ သူသည် အနားယူခြင်းမပြုဘဲ မဟာဝင်္ကပါကြီးရှိရာသို့ အပြေးသွားခဲ့သည်။
"ဂိုဏ်းချုပ်...ဂိုဏ်းချုပ်က တကယ့်ကို အံ့အားသင့်စရာပဲ"
ထိုအချိန်မှာပင် လူသုံးယောက်သည် ယဲ့ပေထံသို့ အပြေးရောက်လာကာ ပြောဆိုသည်။ သူတို့သည် ပေကျင်းကုန်သည်အဖွဲ့အစည်းတွင် ရှိနေခဲ့သော သိုင်းဝိညာဥ်အဆင့် ကျင့်ကြံသူသုံးယောက်ပင်။
သူတို့ကျင့်ကြံသော လျှို့ဝှက်နည်းစနစ်များကြောင့် သူတို့သည် လုချင်ရှန်းထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ပေထျန်းဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူတို့သည် ခန္ဓာကိုယ်အသစ်များကိုလုယူကာ အသစ်တဖန်မွေးဖွားလာကြသည်။ သူတို့၏မျက်နှာများကိုကြည့်ရသည်မှာ အလွန်အားနည်းနေဆဲဖြစ်သော်လည်း သူတို့သုံးယောက်သည် အမှန်တကယ်ကိုပင် အသက်ပြန်ရှင်လာခဲ့သည်။
"လုချင်ရှန်းတို့လူစုရဲ့ သနားစရာကောင်းတဲ့ပုံစံကိုမြင်ရတာ တကယ့်ကို စိတ်ကျေနပ်စရာပဲ"
"ဟား...ဟား...ဟား...အမှန်ပဲ..မဟာဝင်္ကပါကြီးကနေ သူတို့ကို လူရုပ်မပေါ်အောင် နှိပ်စက်ပြီးတဲ့အချိန်ထိစောင့်ရမယ်...ပြီးတာနဲ့ သူတို့ကိုထုတ်ပြီးတော့ ငါကိုယ်တိုင် သူတို့ကို ပြင်းပြင်းထန်ထန် နှိပ်စက်ချင်တယ်"
"မှန်တာပေါ့..ပြီးတော့ သူတို့ရဲ့နောက်မှာ ရီဖုန်းလို့ခေါ်တဲ့ကောင်ရှိနေတာကို ငါ လုချင်ရှန်းဆီကနေ ကြားခဲ့ရတယ်...ဒီကိစ္စတွေ အစပျိုးလာတာက သူ့ကြောင့်ပဲ...ငါတို့က သူ့ကို လက်စားချေရမယ်...တကယ်လို့ အခွင့်အရေးသာရရင် ငါက သူ့ရဲ့အသွေးအသားတွေကို သေချာပေါက် စားပစ်မယ်"
"ဒါပေမယ့် ဒါတွေအားလုံးက ဂိုဏ်းချုပ်ကို ကျေးဇူးတင်ရမယ်"
သူတို့သုံးယောက်၏မျက်နှာများပေါ်တွင် ကောက်ကျစ်ယုတ်မာသော အပြုံးများထင်ဟပ်နေပြီး ယဲ့ပေကိုမြှောက်ပင့်စကားပြောဆိုနေစဥ်တွင် သူတို့၏အမုန်းတရားများကို တဖက်လှည့်ဖြင့်ဖွင့်ထုတ်နေကြသည်။
"လာကြစမ်း...ဒီကောင်သုံးကောင်ကို ဖမ်းလိုက်ကြစမ်း"
သို့ရာတွင် ရုတ်တရက် ယဲ့ပေ၏ဒေါသများ ပေါက်ကွဲလာကာ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်...ကျွန်တော်...ကျွန်တော်တို့ ဘာလုပ်မိလို့လဲ"
သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသုံးယောက်၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားကာ သူတို့က မယုံကြည်နိုင်စွာဖြင့် ယဲ့ပေကို ကြည့်လိုက်ကြသည်။ သို့ရာတွင် သူတို့သည် အစောပိုင်းကမျှ ပြန်လည်မွေးဖွားလာခြင်းဖြစ်သဖြင့် သူတို့၏ခွန်အားအကုန်အစင်ကို ပြန်မရသေးလေရာ သူတို့အား ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
"ဘာလုပ်မိတယ်ဆိုတာကို မင်းတို့ မေးရဲသေးတာလား....."
ထိုစကားကိုကြားချိန်တွင် ယဲ့ပေသည် ပို၍ဒေါသထွက်သွားလေ၏။ သူသည် မှုန်တေတေအကြည့်ဖြင့် ထိုလူသုံးယောက်ကိုစူးစိုက်ကြည့်ကာ သုန်မှုန်နေသောအသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
အကယ်၍ ဤလူသုံးယောက်သာ ထိုကိစ္စကို မဖြစ်ပွားစေပါက မည်သည်ကြောင့် သူ့အား ဤကဲ့သို့အရှက်ရစေကာ သူ၏အသက်ပင်ဆုံးရှုံးလုနီးပါးဖြစ်စေသည့် သိုင်းပညာခန်းမသို့ မဆင်မခြင် အပြေးသွားမိမည်နည်း။
ယဲ့ပေ ထိတ်လန့်ကြောက်ရွံနေဆုံးအရာမှာ ရီဖုန်း၏နောက်ဆုံးစကားတစ်ခွန်းပင်။
ရီဖုန်းသည် သူ့အား မကြာခင် လာရှာပေလိမ့်မည်။
ထိုကိစ္စသာ ဖြစ်ပွားလာပါက ပေထျန်းဂိုဏ်း ပျက်စီးသွားပေလိမ့်မည်။
သူ ထိုအကြောင်းကို တွေးတောမိလေလေ သူ၏ဒေါသများ ပို၍ကြီးထွားလာလေလေပင်။ ယဲ့ပေသည် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူသုံးယောက်၏လက်ဝါးများကို ဆုတ်ဖြဲပြီး သူတို့၏စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများကို လျစ်လျှူရှုကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"အခုချက်ချင်း ဒီကောင်သုံးကောင်ကို ပိတ်လှောင်ထားလိုက်စမ်း....ငါ့ရဲ့အမိန့်ရမှ သူတို့ကို ခေါ်လာခဲ့"
ထိုသို့ပြောဆိုပြီးနောက် ယဲ့ပေက မဟာဝင်္ကပါကြီးထံသို့ အလျင်စလို ထွက်ခွာခဲ့တော့သည်။
ယဲ့ပေ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ လုချင်ရှန်းသည် သူ့အား နာကျည်းမုန်းတီးသောအကြည့်ဖြင့် စူးစိုက်၍ကြည့်လိုက်သည်။
သူ၏စိတ်ဝိညာဥ်ကို ရှာဖွေခြင်းသည် သူ့အား ပြင်းထန်စွာ အရှက်ခွဲခြင်းပင်။
ထို့ထက်ပို၍ သူ သည်းမခံနိုင်သောကိစ္စမှာ ယဲ့ပေသည် ဆရာကြီးကို နည်းလမ်းမျိုးစုံဖြင့် စော်ကားပြောဆိုခဲ့သည်။ ဤသည်ကို သူ မည်သည့်နည်းနှင့်မျှ သည်းမခံနိုင်ချေ။
သို့ရာတွင် ယခုချိန်၌ သူသည် အကျဥ်းသားတစ်ယောက်သာဖြစ်သဖြင့် လက်စားချေရန် မျှော်လင့်ချက်မရှိသည်ကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ယဲ့ပေ...တကယ်လို့ မင်း ငါတို့ကိုသတ်ချင်တယ်ဆိုရင် သတ်လိုက်စမ်း...ငါတို့ကို ခုလိုမျိုး နှိပ်စက်ညှင်းပန်းနေစရာ မလိုဘူး"
သို့ရာတွင် ယဲ့ပေ၏အပြုအမူများ ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏အေးစက်စက်မျက်နှာပေါ်တွင် လူတိုင်း၏မယုံကြည်နိုင်သော မျက်လုံးအကြည့်များအောက်၌ မျက်နှာချိုသွေးသောအပြုံးမျိုး ထင်ဟပ်လာသည်။
"အိုး...အကိုလု...မင်း ဘာတွေပြောနေတာလဲ...ဒါတွေအားလုံးက နားလည်မှုလွဲတာပါ...နားလည်မှုလွဲတာလေးပါ"
"ဟား ဟား ဟား..."
"လာကြစမ်း...မဟာဝင်္ကပါကြီးကို မြန်မြန်လေး ဖယ်ရှားကြစမ်း...အကိုလုတို့ကို အပြင်ထုတ်ပေး လိုက်တော့"
ထိုမြင်ကွင်းသည် လုချင်ရှန်းနှင့်တခြားလုများအားလုံးကို ကြက်သေသေသွားစေခဲ့သည်။
*(တရုတ်အီဒီယမ်ပါ...ဒီအချိန်မှာ မင်းပြေးနိုင်ပေမယ့် မင်းပြန်လာရမယ် ဒါမှမဟုတ် ငါ မင်းကို အနှေးနဲ့အမြန်ရရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတွေရှိပါတယ်)
Chapter 99
"ယဲ့ပေ...မင်း ဒါက ဘာကိုဆိုလိုတာလဲ"
လုချင်ရှန်းသည် ယဲ့ပေ၏အပြုအမူများကြောင့် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေကာ သူစကားပြောဆိုနေစဥ်တွင် သူ၏မျက်နှာပြာနှမ်းနေသည်။
"အဟွတ်...အကိုချင်ရှန်း...မင်း ဘာလို့ခုလိုမျိုးပြောတာလဲ"
ယဲ့ပေ၏မျက်နှာပေါ်တွင် အပြုံးများဖြင့်ပြည့်နှင်နေကာ သူ၏လက်ကို လုချင်ရှန်း၏ပခုံးပေါ်တင်ကာ စပ်ဖြဲဖြဲနှင့်ပြောဆိုသည်။
"ဒါတွေအားလုံးက နားလည်မှုလွဲတာပါလို့ ငါ ခုဏက ပြောခဲ့တယ်မဟုတ်လား....မင်းရဲ့လူတွေကို မဟာဝင်္ကပါကြီးထဲမှာ လှောင်ပိတ်ထားခဲ့မိတာက ငါ သတိမထားလိုက်မိလို့ဖြစ်သွားတာပါ...ငါ တောင်းပန်ပါတယ်...ငါ တောင်းပန်ပါတယ်"
ထို့နောက် ယဲ့ပေသည် လိမ္မာယဥ်ကျေးစွာဖြင့် လုချင်ရှန်းတို့လူစုကို မဟာဝင်္ကပါကြီးအတွင်းမှ ထုတ်ပေးလိုက်၏။
"လာကြစမ်း...အကောင်းဆုံးဝိုင်နဲ့အသားတွေကို ယူခဲ့ကြစမ်း...ငါတို့ပေထျန်းဂိုဏ်းက ချင်ရှန်းဂိုဏ်းက ညီအကိုတွေကို ဧည့်ခံရမယ်"
လုချင်ရှန်းသည် မူမမှန်သောယဲ့ပေ၏အပြုအမူများနှင့်ပတ်သက်၍ သံသယအပြည့်ရှိနေဆဲပင်။
ယဲ့ပေသည် လှည့်စားမှုများ ပြုလုပ်မည်ဟု သူ တွေးထင်မိသည်။ ထိုအချိန်မှာပင် ယဲ့ပေသည် ပေထျန်းဂိုဏ်း၏တံခါးများကိုဖွင့်၍ ချင်ရှန်းဂိုဏ်းမှလူများအားလုံးကို အတွင်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်သဖြင့် သူ အံ့အားသင့်သွားသည်။
ဤလှုပ်ရှားမှုသည် လုချင်ရှန်းကို အံ့အားသင့်တုန်လှုပ်သွားစေသည်။
ဤကဲ့သို့ တံခါးများကိုဖွင့်ပေးသည်မှာ ယဲ့ပေထံတွင် မြင့်မားသောစွမ်းအားမျိုးရှိနေသည့်တိုင် ပေထျန်းဂိုဏ်း၏ဝမ်းဗိုက်ကို ချင်ရှန်းဂိုဏ်း၏ဓားသွားပေါ်တင်ပေးလိုက်သည့်ကိစ္စမျိုးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ဆရာဦးလေး....ယဲ့ပေ ဘာတွေကြံစည်နေတာလဲ"
ကျူးယွမ်က လုချင်ရှန်း၏နံဘေးသို့ ချဥ်းကပ်သွားကာ သတိကြီးစွာထား၍ မေးမြန်းလိုက်၏။
"သူ ကျွန်တော်တို့ကို ထိခိုက်နာကျင်အောင်လုပ်ဖို့ ကြိုးစားနေတာများလား"
လုချင်ရှန်းက မျက်မှောင်ကြုတ်ကာ သူ၏ခေါင်းကို ခါယမ်းလေသည်။
"သူ ဘာတွေ အကွက်ချကြံစည်နေတယ်ဆိုတာ ငါ မသိပေမယ့်...ငါတို့က မဟာဝင်္ကပါကြီးထဲမှာ ပိတ်မိနေခဲ့တာ...သူ ခုလောက်ထိ အပိုတွေလုပ်ဖို့မလိုဘူး"
ကျူးယွမ်က ခေါင်းညိတ်လိုက်သည်။
သူတို့သည် ခရားအတွင်းမှ လိပ်များဘဝသို့ရောက်ရှိပြီးဖြစ်သဖြင့် သူတို့အား ထိခိုက်နာကျင်စေရန်အတွက် တခြားလှုပ်ရှားမှုများကိုလုပ်ဆောင်ရန် မလိုအပ်ချေ။
"ဒါဆိုရင်...."
ကျူးယွမ်က လုချင်ရှန်းကို ကြည့်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ်....ယဲ့ပေက သိုင်းဧကရာဇ်တစ်ယောက်....ပြီးတော့ ငါတို့တပည့်တွေရဲ့အသက်က သူ့ရဲ့လက်ထဲမှာရှိနေတယ်...အခုချိန်မှာ သူ့နောက်ကိုလိုက်သွားပြီးတော့ ခြေတစ်လှမ်းချင်းလှမ်းပြီး အချိန်အခါကိုကြည့်ကြရအောင်"
ထိုသို့ပြောဆိုပြီးနောက် လုချင်ရှန်းနှင့် သူ၏ဂိုဏ်းမှထိပ်သီးအကြီးအကဲများသည် ပေထျန်းဂိုဏ်းအတွင်းသို့ဝင်ရန် ဖိတ်ခေါ်ခြင်းခံကြရသည်။
ပေထျန်းဂိုဏ်း၏ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းပြင်အတွင်းတွင် ယဲ့ပေ၏အမိန့်အရ စားသောက်ပွဲကျင်းပရန် စားပွဲခုံတစ်သိန်းကျော်ကို ခင်းကျင်းပြီး ချင်ရှန်းဂိုဏ်းမှလူများကို ဧည့်ခံရန် ပြင်ဆင်ထားသည်။
ထိပ်ဆုံးစားပွဲဝိုင်း၌ ယဲ့ပေနှင့်လုချင်ရှန်းတို့က ဦးဆောင်ကာ ဘေးတစ်ဖက်တစ်ချက်တွင် ဂိုဏ်းနှစ်ဂိုဏ်းမှ ထိပ်သီးအကြီးအကဲများ ထိုင်နေကြ၏။
စားပွဲပေါ်တွင် တောင်ပုံရာပုံဖြစ်နေသော ရတနာဟင်းလျာများ ပင်လယ်စာများကိုကြည့်ပြီး လုချင်ရှန်း၏စိတ်အခြေအနေနှင့်ပင် မအံ့သြဘဲမနေနိုင်တော့ချေ။ ဤစားပွဲရှိ ဟင်းလျာအများစုကို ယခင်က သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
ဤစားပွဲတစ်လုံး၏တန်ကြေးကို အဖိုးမဖြတ်နိုင်ချေ။
"ဟား ဟား ဟား..အကိုချင်ရှန်း...မင်းက ငါ့ရဲ့ပေထျန်းဂိုဏ်းကို ပထမဆုံးအကြိမ် ရောက်လာမှတော့....မင်း ကောင်းကောင်းသောက်စားပြီးမှ ပြန်ရမယ်"
ယဲ့ပေက အပြုံးများပြည့်နှက်နေသောမျက်နှာနှင့် ပြောဆိုသည်။
ထိုစကားကိုပြောပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အစေခံတွေ...ငါ့ရဲ့တန်ဖိုးအကြီးဆုံးရတနာကို အကိုချင်ရှန်းကို လက်ဆောင်ပေးဖို့အတွက် ယူလာခဲ့စမ်း"
ထို့နောက် အစေခံဖြစ်ပုံရသော မိန်းကလေးတစ်ယောက်သည် ကျောက်စိမ်းလင်ပန်းတစ်ချပ်ကိုသယ်ဆောင်လာသည်။ ထိုကျောက်စိမ်းလင်ပန်းပေါ်၌ လက်ရာမြောက်သော အနီရောင်သေတ္တာတစ်လုံးရှိနေလေ၏။
"ဒီသေတ္တာက...."
လုချင်ရှန်းသည် ထိုသေတ္တာကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။ အကြောင်းအရင်းမှာ ဤသေတ္တာ၏လက်ရာသည် အရည်အသွေးမြင့်ပြီး အဖိုးတန်ရှားပါးသောစန္ဒကူးနီနှင့် ပြုလုပ်ထားသည် ဖြစ်သောကြောင့်ပင်။
"အကိုချင်ရှန်း...ဒါက ပစ္စည်းကောင်းတစ်ခုပဲ"
ယဲ့ပေက အနီရောင်သေတ္တာကိုကောက်ယူကာ ပြောဆိုသည်။
"ဒီထဲမှာ ငါတို့ပေထျန်းဂိုဏ်းရဲ့ဆေးပညာရှင်တွေက ပင်လယ်သစ်မွှေး စိတ်ဝိညာဥ်သစ်ရွက်စတဲ့ အဖိုးတန်ရှားပါးတဲ့ ပါဝင်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ သစ်မွှေးအမွှေးတိုင်ရှိနေတယ်...ဒါကို ဟွားကျစ်သစ်မွှေးအမွှေးတိုင် ဒါမှမဟုတ် အတိုကောက်ပြောရရင် ဟွားကျီလို့ခေါ်တယ်"
"အကို...ငါက ချဲ့ကားပြောနေတာမဟုတ်ဘူး...တစ်နှစ်မှာ ဟွားကျီအမွှေးတိုင် အချောင်းနှစ်ဆယ်ပဲ ထုတ်ပေးနိုင်တယ်...မင်းက တစ်ချက်ရှုရှိုက်လိုက်တာနဲ့ မျောလွင်ပြီးတော့ နူးညံသိမ်မွေ့မှုကိုခံစားရလိမ့်မယ်..ဒါက မင်း ပြင်းပြင်းထန်ထန် ဆယ်ရက်ကျင့်ကြံတာနဲ့ ညီမျှစေရမယ်လို့ ငါ အာမခံခံတယ်...ငါက ပုံမှန်အတိုင်းဆိုရင် ဒါကို ထုတ်သုံးလေ့မရှိဘူး...ဒါပေမယ့် ဒီနေ့ မင်းက ဒီနေရာကိုရောက်လာမှတော့ ငါက မင်းကို လိုလိုလားလား ထုတ်ပေးတာပဲ"
သူသည် စကားပြောဆိုနေရင်း စန္ဒကူးနီသေတ္တာအတွင်းမှ ဟွားကျီတစ်ချောင်းကို ဆွဲထုတ်လိုက်၏။
ဟွားကျီထွက်ပေါ်လာစဥ်တွင် သင်းပျံ့သောမွှေးရနံ့များကို ပေးစွမ်းနိုင်ကာ ထိုအရာကိုတစ်ချက်ရှုရှိုက်မိရုံဖြင့် တစ်စုံတစ်ယောက်၏ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ပုံရသည်။
"အစေခံတွေ...အကိုချင်ရှန်းအတွက် ဟွားကျီကို ထွန်းညှိပေးကြစမ်း"
လုချင်ရှန်းသည် သူ့ရှေ့ရှိဟွားကျီကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ တစ်ချက်ရှုရှိုက်ကြည့်ချင်စိတ်ကို ထိန်းမထားနိုင်တော့ချေ။ သို့ရာတွင် ယဲ့ပေ၏အပြုအမူများသည် ပုံမှန်မဟုတ်လေရာ အကြောင်းတစ်ခုကြောင့် ဤကိစ္စများဖြစ်ပေါ်လာခြင်းဖြစ်ပေမည်။ ထို့ကြောင့် ဖြားယောင်းသွေးဆောင်ခြင်းခံနေရမှုမှ သူ့ကိုယ်သူ ထိန်းချုပ်ကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ယဲ့ပေ....မင်း ဘာပြောချင်တာတုန်း..ငါ့ကို တဲ့တိုးပြောစမ်း"
"အကိုချင်ရှန်း....ဘာတွေပြောနေတာလဲ"
ယဲ့ပေက သူ၏မျက်နှာကို တမင်သက်သက် တင်းမာခက်ထန်ထားကာ ဒေါသထွက်နေဟန်ဖြင့် ပြောဆိုသည်။
"မင်းရဲ့ဂျူနီယာတစ်ယောက်အနေဲ့...မင်းကို ဘာကွယ်ဝှက်ထားတဲ့ရည်ရွယ်ချက်မျိုးမှ မရှိဘဲနဲ့ ထမင်းတစ်နပ်တောင် ဧည့်ခံကျွေးမွေးခွင့်မရှိဘူးလား"
လုချင်ရှန်းသည် သူ၏တင်းမာခက်ထန်သော မျက်နှာအမူအယာကို ထိန်းသိမ်းထားဆဲပင်။
"ကောင်းပြီလေ...အကိုချင်ရှန်း...ငါ မင်းကို အမှန်အတိုင်းပြောပြမယ်...ငါ ယဲ့ပေ အရင်က မှားသွားခဲ့တယ်...ငါက ရှင်းရှင်းလင်းလင်း မစုံစမ်းဘဲနဲ့ မင်းတို့လူစုကို မဟာဝင်္ကပါကြီးထဲမှာ ပိတ်လှောင်ထားခဲ့မိတယ်"
ယဲ့ပေသည် စကားပြောဆိုနေရင်း ဒေါသထွက်လာကာ ပြင်းထန်သောလေသံဖြင့် ပြောဆိုလိုက်၏။
"နောက်ပိုင်းကျမှ အဲ့ဒီခွေးသူတောင်းစားတွေက တိတ်တဆိတ် ခိုးထွက်သွားပြီးတော့ ငါ့ရဲ့နောက်ကွယ်မှာ မကောင်းတဲ့ကိစ္စတွေလုပ်နေတာကို ငါ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်....ဟူး....ဒါက အရမ်းရှက်ဖို့ကောင်းတာပဲ....."
ယဲ့ပေ၏ဖြောင့်မတ်မှန်ကန်ပုံရသော စကားများကြောင့် လုချင်ရှန်း အံ့အားသင့်သွားသည်။
"အစေခံတွေ...အဲ့ဒီခွေးသူတောင်းတွေကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း"
ယဲ့ပေက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
မကြာမီမှာပင် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသုံးယောက်သည် ခေါ်ဆောင်လာခြင်းခံရကာ သူတို့၏မျက်နှာများပေါ်တွင် ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။ ယဲ့ပေကိုကြည့်ပြီး သူတို့က အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်....ဒါက ဘာသဘောလဲ....မင်းက ငါတို့ကို ကာကွယ်ပေးပြီး ငါတို့အတွက် လက်စားချေဖို့ ကူညီပေးမယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား"
"ဟမ့်....အရှက်မရှိတဲ့ခွေးသူတောင်းစားတွေ...အခုချိန်ထိတောင် မင်းတို့က မဆင်မခြင်ပြောဝံ့သေးတာလား"
ယဲ့ပေသည် စကားပြောဆိုနေရင်း သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ခေါင်းသုံးလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ထိုလူသုံးယောက်သည် မည်သို့ဖြစ်ပျက်သွားသည်ကိုပင် နားမလည်လိုက်ဘဲ သေဆုံးသွားကြသည်။
"အဟွတ်....အဟွတ်...အကိုချင်ရှန်း...ဒီခေါင်းသုံးလုံးက မင်းအတွက်ပဲ"
ယဲ့ပေက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
ယဲ့ပေ၏ဆက်တိုက်လှုပ်ရှားမှုများသည် လုချင်ရှန်းအား စိတ်ကျေနပ်သွားစေသည့်အပြင် သူ့အား အနည်းငယ်ရှက်ရွံမှုကိုပင် ခံစားရစေသည်။ သူသည် ဤလူကို လျှော့တွက်ခဲ့မိပုံရသည်။
"အကိုချင်ရှန်း..အခု မင်း အခု ဟွားကျီကို စမ်းကြည့်နိုင်ပြီမလား"
ထိုလူသုံးယောက်ကို ဖြေရှင်းပြီးနောက် ယဲ့ပေသည် ဟွားကျီသေတ္တာကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ အပြုံးနှင့်ပြောဆိုသည်။
"ကောင်းပြီလေ"
လုချင်ရှန်းက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယဲ့ပေသည် အလွန်ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သဖြင့် သူ လက်သင့်မခံပါက သူ့အတွက် အနေခက်စရာဖြစ်သွားပေမည်။ ထို့ကြောင့် သူသည် ဟွားကျီကို လက်ခံလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ပေသည် ဟွားကျီတစ်ချောင်းကို လုချင်ရှန်းအတွက် အလျင်စလို ထွန်းညှိလိုက်သည်။
ဟွားကျီကိုတစ်ချက်ရှုရှိုက်ပြီးနောက် သူ၏နှလုံးနှင့်အဆုတ်များအတွင်းသို့ စိမ့်ဝင်သွားကာ သိပ်သည်းသောအခိုးအငွေ့များကို ပါးစပ်အပြည့် ရှုထုတ်လိုက်သည်။ တိကျသေချာစွာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မူလဘူတစွမ်းအားများ စုရုံးသွားကာ သူ၏ကျင့်ကြံဆင့် ပို၍သန့်စင်သွားသည်။
"တကယ့်ကို ပစ္စည်းကောင်းတစ်ခုပဲ"
လုချင်ရှန်းသည် မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
"ဟား ဟား ဟား...အကိုချင်ရှန်းက ကြိုက်တယ်ဆိုမှတော့...ငါ ဒီသေတ္တာတစ်ခုလုံး မင်းကိုပေးမယ်...ကျေးဇူးပြုပြီးတော့ ဒါကို လက်ခံပေးပါ"
ယဲ့ပေက ရက်ရောသောအမူအယာဖြင့် ပြောဆိုသည်။
"ဒါက....ငါ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ...."
လုချင်ရှန်းသည် ရှက်ကို့ရှက်ကန်းဖြင့် ငြင်းဆန်လိုက်သော်လည်း သူ၏လက်မှနေ၍ ထိုအနီရောင်သေတ္တာကိုယူဆောင်ကာ သူ၏အင်္ကျီလက်ကြားအတွင်းသို့ ထည့်ပြီးလေပြီ။ ဤကဲ့သို့ပစ္စည်းကောင်း တစ်သေတ္တာလုံးကို သူ ရှုရှိုက်ရပါက သူ တစ်နှစ်ခန့် ပြင်းပြင်းထန်ထန်ကျင့်ကြံရခြင်းမှ သက်သာသွားပေမည်။
ထို့နောက် ဝိုင်အရက်များ လွတ်လပ်ပျော်ရွှင်စွာ သောက်သုံးရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။
ဤဝိုင်အရက်ကို ကျင့်ကြံသူများအတွက် အထူးသီးသန့် ဖျော်စပ်ထားခြင်းဖြစ်သဖြင့် အချိန်တစ်နာရီမပြည့်မီမှာပင် လုချင်ရှန်းတို့လူစု၏ခြေလှမ်းများ ယိမ်းယိုင်လာကာ သူတို့၏မျက်နှာများ နီမြန်းနေသည်။
"အစေခံတွေ...ဒီညီအကိုတွေကို အနားယူဖို့အတွက် ခေါ်သွားကြစမ်း"
ယဲ့ပေက လုချင်ရှန်းတို့လူစုအတွက် မဆိုင်းမတွ စီစဥ်လိုက်၏။
မကြာမီမှာပင် အစေခံအမြောက်အများ ရောက်ရှိလာကာ လုချင်ရှန်းတို့လူစုကိုတွဲ၍ အခန်းများထံသို့ ပို့ဆောင်လိုက်ကြသည်။
လုချင်ရှန်းတို့လူစု၏ ဝေးကွာသွားသောနောက်ကျောပြင်များကိုကြည့်ပြီး ယဲ့ပေ၏နှုတ်ခမ်းထောင့် ဖြည်းညှင်းစွာ မြင့်တက်သွားသည်။
သူ ယဲ့ပေသည် အသက်သုံးဆယ်အရွယ်တွင် သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ပေထျန်းဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်လာသည်မှာ သူ၏ပါရမီအရည်အချင်းတစ်ခုတည်းကြောင့် မဟုတ်ချေ။
အခြေအနေအရ လိုက်လျောညီထွေဆောင်ရွက်ရမည်ကို သိရှိသော သူ၏အကျင့်စရိုက်ကို မှီခို၍ဖြစ်သည်။
အချိန်နှင့်ဒီရေကို သိခြင်းသည် သူရဲကောင်းတစ်ယောက်၏ အမှတ်သင်္ကေတပင်။
ဤသည်မှာ သူ စွဲမြဲယုံကြည်ထားသော ဆိုရိုးစကားဖြစ်ပေ၏။
"ဂိုဏ်းခေါင်းဆောင်...ဒါက လုရှင်ရှန်း ကျူးယွမ်နဲ့ တခြားချင်ရှန်းဂိုဏ်းအကြီးအကဲတွေရဲ့ ပင်ကိုစရိုက် ဝါသနာ အမူအကျင့်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပါ"
ထိုအချိန်မှာပင် အကြီးအကဲတစ်ယောက်သည် ယဲ့ပေ၏နံဘေးသို့ အလျှင်အမြန်ရောက်ရှိလာကာ စာရွက်တစ်ထပ်ကို ထုတ်ပေးလေသည်။
ယဲ့ပေသည် ထိုအချက်အလက်များကိုကြည့်ပြီးနောက် သူ၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။
"အရမ်းကောင်းတယ်...မင်းတို့ ဘာဆက်လုပ်ရမလဲဆိုတာ ငါ သင်ပေးစရာမလိုလောက်ပါဘူး...ဟုတ်တယ်မလား"
"ကျွန်တော် သိပါပြီ"
ထိုအကြီးအကဲက ခေါင်းညိတ်ပြလိုက်သော်လည်း သူ ထွက်ခွာခါနီးအချိန်တွင် အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသည်။
"ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်....ချင်ရှန်းဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုပဲလေ...ဘာလို့ သူတို့ကို ခုလောက်ထိအလေးအနက်ထားပြီး ဆက်ဆံဖို့လိုတာလဲ"
ထိုစကားကိုကြားချိန်တွင် ယဲ့ပေ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
"ဒါက အရမ်းလိုအပ်လို့ပဲ...."
"ဘာလို့လဲဆိုရင် သူတို့က ငါတို့ပေထျန်းဂိုဏ်းရဲ့......"
"အသက်ကယ်ကောက်ရိုးတစ်မျှင် ဖြစ်နေလို့ပဲ...."
Chapter 100
လုချင်ရှန်းသည် သူ၏အခန်းသို့ ပြန်ရောက်လာခဲ့သည်။
သူသည် အနည်းငယ်မူးဝေနေသော်လည်း တစ်စုံတစ်ခု မူမမှန်သကဲ့သို့ ပို၍ခံစားနေရသည်။
အကယ်၍ ယဲ့ပေသည် အမှားနှင့်အမှန်ကို ခွဲခြား၍သိလျှင်ပင် ထိုသိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသုံးယောက်ကို သူ့ထံလွှဲပြောင်းပေးကာ သူ၏ချင်ရှန်းဂိုဏ်းကို ပိတ်လှောင်ထားမှုမှ လွှတ်ပေးသည်က အကောင်းဆုံးဖြစ်ပေမည်။ ဤမျှထိ ကြီးမားသောတောင်းပန်မှုကိုပြသရန် သို့မဟုတ် ဟွားကျီကဲ့သို့ရတနာမျိုးကိုထုတ်ပေးရန် မလိုအပ်ချေ။
အမှန်အားဖြင့် ယဲ့ပေသည် သိုင်းဧကရာဇ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။ သူ့ကဲ့သို့ သိုင်းဘုရင်တစ်ယောက်ကို ယခုမျှထိ လိုက်လိုက်လျောလျောဆက်ဆံနေရန် လုံးလုံးလျားလျား မလိုအပ်ပေ။
ထို့ပြင် ယဲ့ပေသည် သူ၏ပြိုင်ဘက်ကင်းနတ်ဘုရားဓားကိုလည်း ပြန်ပေးခဲ့သည်။ ဓားကို သူ၏လက်အတွင်း၌ ဂရုတစိုက်ကိုင်ဆောင်ရင်း လုချင်ရှန်းသည် ပို၍ပင်စိတ်မအေးသကဲ့သို့ ခံစားမိလေ၏။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် လိမ်လည်လှည့်ဖျားခြင်းနှင့်သစ္စာဖောက်ခြင်းတို့သည် ဖြစ်ရိုးဖြစ်စဥ်ကိစ္စများပင်။
အထူးသဖြင့် ရတနာများဖြင့် ရင်ဆိုင်ကြုံတွေ့ရစဥ်တွင် သူတို့သည် လူကောင်းတစ်ယောက်ဟု မည်သူကမျှ အာမခံနိုင်မည်မဟုတ်ချေ။ သို့ရာတွင် ယဲ့ပေသည် ဤကဲ့သို့ထိပ်တန်းအဆင့်ရတနာတစ်ခုကိုပင် သူ့အားပြန်ပေးခဲ့လေရာ မူမမှန်လှချေ။
"ဖြစ်နိုင်တာတော့ သူက ဆရာကြီးနဲ့တွေ့ပြီးသွားတာများလား"
ရုတ်တရက် လုချင်ရှန်းက တွေးတောမိသွားသည်။
ယဲ့ပေသည် သူ၏စိတ်ဝိညာဥ်ကို ရှာဖွေပြီးနောက် ပေကျင်းမြို့ထံသို့ အပြေးထွက်သွားသည်ကို သူ မှတိမိနေဆဲပင်။
အစောပိုင်းက စားသောက်နေစဥ်အတောအတွင်းတွင် ယဲ့ပေသည် ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း ဒဏ်ရာရရှိထားပြီး ပြင်းပြင်းထန်ထန်ခံစားနေရသည်ကို သူ အာရုံခံမိလေ၏။
ထိုအချက်များကိုဆက်စပ်ကြည့်ပါက ယဲ့ပေသည် ဆရာကြီးနှင့်တွေ့ရှိသွားပြီး သေလုမျောပါးရိုက်နှက်ခံရကာ ပြန်ပြေးလာခြင်းဖြစ်ပေမည်။ ယဲ့ပေသည် ပြန်ရောက်လာပြီးနောက် သူ၏ချင်ရှန်းဂိုဏ်းကို ချုပ်နှောင်ထားရာမှလွှတ်ပေးကာ သူ့အား တစ်ချိန်လုံး 'အကိုချင်ရှန်း'ဟု ခေါ်ဆိုနေခဲ့သည်။ ယဲ့ပေသည် အသက်ကိုကာကွယ်နိုင်ရန် သူ လုချင်ရှန်းကို အသုံးပြုလိုခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ထိုအကြောင်းကို တွေးတောမိချိန်တွင် လုချင်ရှန်းသည် သူ့ပေါင်သူပြန်ရိုက်ကာ သူ၏မူးယစ်နေမှုများအားလုံး လွင့်ပြယ်သွားပုံရသည်။
"ငါ ဘယ်လောက်တောင် သတိလက်လွတ်နေခဲ့မိပါလိမ့်"
သူ၏မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေသည်။
ဆရာကြီး၏ရှေ့တွင် သူ လုချင်ရှန်းသည် ပမွှားတစ်ကောင်ပင်။ အကယ်၍ ဆရာကြီးသည် တစ်စုံတစ်ယောက်အား သတ်ဖြတ်လိုပါက သူ လုချင်ရှန်းသည် မည်သို့တတ်နိုင်မည်နည်း။
ထိုအစား ယဲ့ပေကြောင့် သူ့အတွက် သေခြင်းတရားကို သူကိုယ်တိုင်ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားပေမည်။
"ခွေးသူတောင်းစားယဲ့ပေ...ယုတ်မာကြံစည်လိုက်တဲ့အကြံအစည်..."
လုချင်ရှန်းသည် နာကျည်းမုန်းတီးစွာဖြင့် ကျိန်ဆဲကာ ဟွားကျီကို ယဲ့ပေထံ မည်ကဲ့သို့ပြန်ပေးရမည်ကို စတင်၍စဥ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် ချင်ရှန်းဂိုဏ်းတပည့်များကိုဦးဆောင်၍ ဤနေရာမှအမြန်ဆုံးထွက်ခွာရန် ကြံရွယ်လိုက်သည်။
အကြောင်းအရင်းမှာ ဤပင်လယ်ဓားပြသင်္ဘောပေါ်သို့ သူ မတက်သင့်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
သို့ရာတွင်...
သူ စိတ်ပိုင်းဖြတ်လိုက်စဥ်မှာပင် အခန်းတံခါး ရုတ်တရက်ပွင့်သွားသည်။
လုချင်ရှန်းက မျက်မှောင်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သူ ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားလေ၏။
ဖြူဖွေးသောအသားအရေရှိသည့် နုပျိုသောမိန်းကလေးနှစ်ယောက်သည် တံခါးကိုဖြတ်ကျော်၍ ဝင်ရောက်လာသည်ကို သူ မြင်တွေ့မိသည်။ သူမတို့ကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပြီး ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ကျစ်လစ်ကာ ကလေးဘဝရှိအဆီပိုတချို့ပင် ရှိနေဆဲပင်။
သို့ရာတွင် သူတို့၏ဝတ်စားဆင်ယင်မှုသည် မျက်စိဖမ်းစားနိုင်ဆုံးဖြစ်သည်။ မိန်းကလေးတစ်ယောက်သည် အဖြူရောင်စကတ်တိုကို ဝတ်ဆင်ထားကာ သူမ၏နောက်ကျောတွင် မြေခွေးအမြှီးငယ်တစ်ခုကို တပ်ဆင်ထားသည်။ တခြားတစ်ယောက်ကမူ အနက်ရောင်ကိုယ်ကျပ်ကြောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ဆံပင်ကိုစုစည်းထားသောဆံပင်ပေါ်တွင် ကြောင်ဘီးကုပ်ကို တပ်ထားလေ၏။
"အကြီးအကဲ...ကျွန်မတို့ရဲ့သခင်က ရှင့်ကိုပြုစုပေးဖို့ ကျွန်မတို့ကို လွှတ်လိုက်တာပါ"
မိန်းကလေးနှစ်ယောက်က တညီတညွတ်တည်း ပြောဆိုသည်။
ထိုစကားကိုပြောဆိုရင်း အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် လုချင်ရှန်းကိုကြည့်၍ သူမ၏နုတ်ခမ်းကိူစူလိုက်သည်။ တခြားအနက်ရောင်ဝတ်စုံဝတ်မိန်းကလေးကမူ ကြမ်းပြင်ပေါ်၌တွားသွားကာ ကြောင်တစ်ကောင် မြိုင်ပေါ်နေချိန်(ဟိတက်တာ)တွင် ဆွဲဆောင်မှုမျိုးကို သရုပ်ပြနေသည်။
ဖူး....
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုချင်ရှန်းသည် သူ၏သွေးများဆူပွက်လာသကဲ့သို့ ခံစားမိလေ၏။ သိုင်းဘုရင်နယ်ပယ်ကျင့်ကြံဆင့်ရှိသော သူပင်လျှင် တောင့်မခံနိုင်လုနီးပါးဖြစ်နေကာ ဤအချိန်အခိုက်အတန့်တွင် သူ၏နှာခေါင်းသွေးများ ယိုစီးကျလာသကဲ့သို့ပင်။
"သောက်ချေး ယဲ့ပေ...ငါ ဒီလိုမျိုးတွေ ကြိုက်တာကို သူ ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ"
လုချင်ရှန်းသည် မျက်လုံးအပြူးသားနှင့် စူးစိုက်ကြည့်နေသော်လည်း မကြာမီမှာပင် သူ နားလည်သဘောပေါက်သွားသည်။ ဤသည်မှာ ယဲ့ပေ ပြုလုပ်ထားသည့် အပေါ်ယံရွှေမှုန်ကြဲထားသောအခွံမာပင်။ အကယ်၍ သူသည် ဤဖြားယောင်းမှုအတွင်းသို့ ကျရောက်သွားပါက ဤပင်လယ်ဓားပြလှေပေါ်မှနေ၍ ရုန်းထွက်ရန် ဖြစ်နိုင်တော့မည်မဟုတ်ချေ။
"စိတ်အေးအေးထား...စိတ်အေးအေးထားစမ်း"
"ငါက ဒီနှစ်တွေအတွင်းမှာ မုန်တိုင်းတွေ လှိုင်းလုံးတွေမျိုးစုံကို မြင်တွေ့ခဲ့ရတဲ့ လူအိုကြီးတစ်ယောက်ပဲ...ငါ တည်ငြိမ်နိုင်ရမယ်"
လုချင်ရှန်းသည် အင်တင်တင်ဖြင့် မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီးနောက် သူ၏မျက်လုံးကို တင်းတင်းကြပ်ကြပ်စုံမှိတ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပလ္လင်ခွေထိုင်ကာ သူ အသက်ရှုရှိုက်လိုက်ခြင်းနှင့်အတူ ကျင့်ကြံခြင်းမှော်မန္တန်များကို ဗလုံးဗထွေးရေရွတ်လိုက်၏။
"အကြီးအကဲ...ဘာလို့လဲ....ဘာလို့ ကျွန်မတို့ညီအမနှစ်ယောက်ကို လျစ်လျှူရှုထားတာလဲ"
"ဟုတ်တယ်...ကျွန်မတို့ညီအမနဲ့နှစ်ယောက်နဲ့ လာကစားပါလား"
မိန်းကလေးနှစ်ယောက်၏ ညှို့ငင်သောအသံများက သူ၏နားအတွင်း၌ မြည်ဟီးနေသည်။ သူမတို့၏နူးညံသိမ်မွေ့သော ကျောက်စိမ်းရောင်လက်လေးများဖြင့် လုချင်ရှန်း၏နားများကို ဖြည်းညှင်းစွာပွတ်ဆွဲနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးမွေးညှင်းထသွားစေသည်။ သူ၏နဖူးပြင်ပေါ်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေပေ၏။
"ဖူး...."
မိန်းကလေးနှစ်ယောက်သည် လုချင်ရှန်း၏နားထံသို့ လေများမှုတ်ကာ သူမတို့၏လက်ချောင်းများဖြင့် သူ၏ရင်ဘတ်ကို တို့ထိကစားနေကြသည်။
ဤသည်က လုချင်ရှန်းကို နေရာမှာပင် ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။
"ခွေးမသားယဲ့ပိုင်...ငါ မင်းရဲ့အဖွားကို မူစကူဒူး မယ်...ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းတဲ့ကောင်လဲ"
လုချင်ရှန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။ သူ၏ခန္ဓာကိုယ် အထက်သို့တိုးတက်သွားကာ အခန်းခေါင်မိုး၌ အပေါက်ကြီးတစ်ပေါက်အဖြစ် ပွင့်ထွက်သွားသည်။ သူသည် အလင်းတန်းတစ်တန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ သူသည် ပေထျန်းဂိုဏ်း၏အနီးရှိ ရေအိုင်တစ်အိုင်အတွင်းသို့ သူ၏ခေါင်းကိုစိုက်ကာ ထိုးဆင်းလိုက်သည်။