← Chapters

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

Chapter 101

"ဘယ်လို အခြေအနေရှိလဲ"

ပေထျန်းဂိုဏ်း၏အနောက်ဘက်တောင်၌ ယဲ့ပေက သူ၏လက်ကိုနောက်ပစ်၍ မတ်တတ်ရပ်နေသည်။

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်...လုချင်ရှန်းနဲ့ပတ်သတ်တဲ့ ကိစ္စတွေကတော့ ချောချောမွေ့မွေ့ ဖြစ်မသွားဘူး"

သူ၏နောက်ရှိ အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"အင်း...."

ယဲ့ပေ၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားကာ သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင်...လုချင်ရှန်းက ငါ့ရဲ့ရည်ရွယ်ချက်တွေကို သိသွားလောက်ပြီ....ဟွားကျီသေတ္တာကိုတောင် သူက ပြန်ပေးခဲ့တယ်"

"ဒါဆိုရင် ဂိုဏ်းချုပ်...ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

ထိုအကြီးအကဲက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

"ပြီးတော့ အဲ့ဒီလူက ဂိုဏ်းချုပ်ပြောသလိုမျိုး တကယ်ကြောက်ဖို့ကောင်းတာလား"

"ကြောက်ဖို့ကောင်းလားဆိုတာ..."

ယဲ့ပေက ခါးသည်းစွာပြုံးကာ ထိုနေ့ကို ပြန်အမှတ်ရသွားပုံဖြင့် သူ၏မျက်နှာအမူအယာရှုံမဲ့သွားကာ တည်ကြည်လေးနက်စွာပြောဆိုသည်။

"ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ စကားလုံးက သူ့ကိုဖော်ပြဖို့အတွက် မလုံလောက်ဘူး"

"ဟူး....ငါ ယဲ့ပေရဲ့ဘဝတလျှောက်လုံးမှာ ငါရဲ့လှုပ်ရှားမှုတွေတိုင်း သတိကြီးကြီးထားခဲ့တယ်...ခုလိုမျိုး ဆိုးရွားတဲ့အမှားမျိုးကို ငါ လုပ်မိမယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားမိဘူး"

"ငါ အဲ့ဒီကိစ္စကို အစပျိုးခဲ့မိတာကို နောင်တရမိတယ်...အား...."

"ဒါဆိုရင် သူ့ရဲ့ခွန်အားက ဘယ်အဆင့်မှာလဲ"

ထိုအကြီးအကဲက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလေ၏။

"အနိမ့်ဆုံး သိုင်းအင်ပါယာတစ်ယောက်...ဒါမှမဟုတ်..."

"အင်မော်တယ်တစ်ယောက်ပဲ..."

အကြီးအကဲ၏နှလုံးခုန်နှုန်များ ပြင်းထန်သွားသည်။ အချိန်တခဏအကြာတွင် သူ ပြန်လည်တည်ငြိမ်သွားကာ ရိုသေလေးစားစွာဖြင့် ပြောဆိုသည်။

"ဂိုဏ်းချုပ်...ဂိုဏ်းချုပ်ရဲ့ ကြင်နာတဲ့ရည်ရွယ်ချက်ကို ကျွန်တော် အခုနားလည်ပါပြီ...ဒါပေမယ့် အဲ့ဒီခေါင်းမာတဲ့လူအိုကြီးချင်ရှန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"

"ကျူးလေးနဲ့ယိုလေးတို့ကို...သူတို့ရဲ့ညှို့ငင်နည်းစနစ်တွေနဲ့ လုချင်ရှန်းကို တိုက်ခိုက်ဖို့တဲ့နေရာမှာ ဘာကိုမှထိန်ချန်မထားဖို့ ပြောလိုက်ပါ"

ယဲ့ပေက တည်ကြည်လေးနက်စွာ ညွှန်ကြားလိုက်၏။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုချင်ရှန်းက သိုင်းဘုရင်နယ်ပယ်မှာပဲ ရှိနေတယ်...သူက ဒီလိုမျိုးကို တကယ်ကြီးကြိုက်နှစ်သက်တယ်ဆိုပေမယ့်...အကောင်းမမြင်မှာကို ကျွန်တော်စိုးရိမ်မိတယ်"

အကြီးအကဲက အလေးအနက်ထား၍ ပြောဆိုသည်။

"ဘာမှမစိုးရိမ်နဲ့...တကယ်လို့ ငါတို့က လုချင်ရှန်းကို တိုက်ခိုက်လို့မရရင်တောင်...ချင်ရှန်းဂိုဏ်းက တခြားသူတွေ ရှိသေးတယ်မဟုတ်လား"

ယဲ့ပေ၏နုတ်ခမ်းထောင့်မြင့်တက်သွားကာ ပြောဆိုလိုက်သည်။

"အဲ့ဒီအကြီးအကဲတွေနဲ့ဂိုဏ်းချုပ်ကျူးယွမ်...."

"ဂိုဏ်းချုပ်ပြောတာ အမှန်ပဲ"

အကြီးအကဲက ခေါင်းညိတ်ပြလေသည်။

"ပြောရမယ်ဆိုရင်...အဲ့ဒီကျူးယွမ်က နည်းနည်းပြင်းထန်တဲ့အရသာကို ကြိုက်ပုံပဲ"

"ဒါက...."

ထိုအချက်အရောက်တွင် ယဲ့ပေသည် ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ...ဒါပေမယ့် ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ငါတို့က သူ စိတ်ကျေနပ်မှုရအောင် လုပ်ပေးရမယ်...ကြည့်ရတာတော့ ငါ့ရဲ့ညီမငယ်လေးကို ပို့ပေးရမယ့်ပုံပဲ"

"ကျွန်တော် နားလည်ပါပြီ...ဂိုဏ်းချုပ်"

ထို့နောက် အကြီးအကဲသည် ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင် အချိန်နှစ်ရက် ကုန်ဆုံးသွားလေပြီ။

ယဲ့ပေသည် ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခံစားနေရကာ သူ့ထံသို့ ထိုလူ မည်သည့်အချိန်ရောက်ရှိလာမည်ကို စဥ်းစားတွေးတောကာ သူ ကြောက်ရွံစိုးရိမ်နေသည်။

"သောက်ချေး ယဲ့ပေ..."

ထိုအချိန်မှာပင် လုချင်ရှန်းသည် ပျံသန်းလာစဥ်လမ်းတလျှောက် ကျိန်ဆဲနေခဲ့လေ၏။ လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူ့အား နှိပ်စက်ညှင်းပန်းခံရသည့်အဆင့်မှာ သူ သေဆုံးသွားပါစေဟု ဆုတောင်းခဲ့ရသည့်အထိပင်။

ပေထျန်းဂိုဏ်းမှ ထိုမိန်းကလေးနှစ်ယောက်သည် သူ၏အရိုးများအတွင်းရှိလောက်ကောင်များအလား သူ့အား လုံးလုံးလျားလျားတွယ်ကပ်နေကာ သူ ဆူပူကြိမ်းမောင်း၍လည်းမရ မောင်းထုတ်၍လည်းမရချေ။

သူ ထိုမိန်းကလေးနှစ်ယောက်ကို ရိုက်နှက်ရမည်လော။ မည်သို့ပင်ဆိုစေကာမူ ချင်ရှန်းဂိုဏ်းရှိလူအမြောက်အများ ဤနေရာတွင် ရှိနေဆဲပင်။ ထိုမိန်းကလေးနှစ်ယောက်ကိုကြည့်ရသည်မှာ ပေထျန်းဂိုဏ်းအတွင်း၌ အဆင့်အတန်းနိမ့်ပုံမ ချေ။ အကယ်၍ သူ အမှန်တကယ် လှုပ်ရှားမှုလုပ်လိုက်ပါက အခြေအနေများ ဆိုးရွားသွားမည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် ဤအချိန်အရောက်တွင် သူ အမှန်တကယ်ကို ဆက်၍သည်းမခံနိုင်တော့သဖြင့် ယဲ့ပေကို သွားရှာ၍ ကိစ္စများကိုရှင်းလင်းအောင်လုပ်ရန် ဆုံးဖြတ်လိုက်၏။

"ယဲ့ပေ ပုန်းနေတာရပ်လိုက်စမ်း....မင်း အနောက်ဘက်တောင်မှာပုန်းနေတာ ငါ သိတယ်...ဒီနေရာကို ထွက်လာခဲ့စမ်း"

လုချင်ရှန်းသည် အလွန်အမင်းဒေါသထွက်နေသောကြောင့် ယဲ့ပေသည် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အဟွတ်...အဟွတ်...အကိုချင်ရှန်း....ဘာဖြစ်လို့လဲ"

ယဲ့ပေသည် ကိုးရိုးကားရားအမူအယာနှင့် ထွက်ပေါ်လာကာ ပြောဆိုသည်။

"ကောင်းတယ်...ယဲ့ပေ...ဘာဖြစ်လို့လဲဆိုတာ မင်းက ငါ့ကို ပြန်မေးနေတာလား...မင်း ဘာအကွက်တွေရွှေ့နေတယ်ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား"

လုချင်ရှန်းက ဒေါသတကြီး ပြောဆိုလေ၏။

"ငါ မင်းကို မေးပါရစေ...မင်းက စီနီယာကို အပြစ်ပြုပြီးမှ...မင်းရဲ့ပင်လယ်ဓားပြလှေပေါ် ငါ့ကိုပါ ဆွဲခေါ်ချင်နေတာလား"

"အကိုချင်ရှန်း...မင်း သိသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...."

ယဲ့ပေက သူ၏နှာခေါင်းကိုပွတ်သပ်ကာ အဓိပ္ပါယ်အပြည့်ပါသောအပြုံးနှင့် ပြောဆိုသည်။

"ဒါပေမယ့်...ဒီလောက်ထိ စိတ်မကျေမနပ်တဲ့လေသံနဲ့ မပြောပါနဲ့...စီနီယာရဲ့ရှေ့ရောက်ရင် မင်းက ငါ့အတွက် စကားကောင်းလေးနည်းနည်းလေး ပြောပေးစေချင်ရုံလေးပါပဲ"

"ဟမ့်...စကားကောင်းပဲဖြစ်ဖြစ် ဆိုးရွားတဲ့စကားပဲဖြစ်ဖြစ် ငါက မင်းအတွက်နဲ့ စီနီယာကို အပြစ်ပြုမှာမဟုတ်ဘူး"

လုချင်ရှန်းက နီမြန်းသောမျက်နှာနှင့် ဒေါသတကြီးအော်ဟစ်လိုက်၏။

"ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...တကယ်လို့ မင်း ငါ့ကို သတ်ချင်ရင်သတ်လိုက်...ဒါပေမယ့် ငါ့ကိုသိမ်းသွင်းဖို့တော့ မင်း စိတ်မကူးနဲ့...ငါ့ရဲ့ချင်ရှန်းဂိုဏ်းက မင်းတို့ပေထျန်းဂိုဏ်းလိုဂိုဏ်းတစ်ဂိုဏ်းနဲ့ ဘယ်တော့မှ ပတ်သက်မှာမဟုတ်ဘူး"

"အကိုချင်ရှန်း...ဒါက..."

ယဲ့ပေက အဓိပ္ပါယ်ရှိရှိဖြင့် သူ၏နှာခေါင်းကိုပွတ်သပ်ကာ ပြောဆိုသည်။

"မင်းမှာ ရွေးချယ်စရာမရှိတော့မှာကို ငါ စိုးရိမ်မိတယ်...မင်း မပူးပေါင်းချင်ရင်တောင်...မင်းရဲ့ချင်ရှန်းဂိုဏ်းက လူတစ်ယောက်က လုပ်ပြီးသွားပြီ"

"မင်း ဘာကို ဆိုလိုတာလဲ"

လုချင်ရှန်းက စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"ယောက်ဖ...ထွက်လာခဲ့တော့"

ယဲ့ပေက ပျင်းတိပျင်းရွဲလေသံဖြင့် အော်ခေါ်လိုက်၏။

"ယောက်ဖ..."

"ဘာယောက်ဖလဲ..."

လုချင်ရှန်းသည် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေစဥ်မှာပင် ကျူးယွမ်သည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ထွက်လာသည်ကို မြင်တွေ့မိသဖြင့် သူ မယုံကြည်နိုင်ဖြစ်သွားသည်။ ကျူးယွမ်၏ပခုံးပေါ်တွင် အရပ်ရှစ်ပေကျော်ရှည်ပြီး ပေါင်သုံးရာကျော်ဝဖြိုးသည့် မိန်းကလေးတစ်ယောက်က မှီထားသည်။

"မင်း...မင်း ဘာတွေဖြစ်နေတာလဲ"

လုချင်ရှန်းက စူးစူးဝါးဝါးစိုက်ကြည့်ကာ အလျှင်အမြန် မေးမြန်းလိုက်၏။

ကျူးယွမ်က ခေါင်းငုံနေပြီး သူ၏မျက်နှာပေါ်တွင် တောင်းပန်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ပြောဆိုသည်။

"ဆရာ....တောင်းပန်ပါတယ်...ကျွန်တော်..ကျွန်တော်......"

"ယောက်ဖက အရမ်းရှက်နေမှတော့...ငါက သူ့ကိုကူညီပြီးတော့ ရှင်းပြပါရစေ"

ယဲ့ပေက အပြုံးနှင့်ပြောဆိုလေ၏။

"တစ်ခါတစ်ရံမှာ ကံကြမ္မာနဲ့ကြုံလာရင် မင်းလည်း တားဆီးလို့မရဘူး...အရင်ရက်တွေအတွင်းမှာ ညီလေးကျူးယွမ်က ငါတို့ဂိုဏ်းမှာ နေခဲ့တယ်...သူက ငါ့ရဲ့ညီမနဲ့ ကံကြမ္မာရေစက်ဆုံပြီးတော့ သူတို့နှစ်ယောက်ကြားမှာ အချစ်မီးတောက်တွေ မြန်မြန်ဆန်ဆန် တောက်ပသွားတယ်...ဒါကြောင့် အခုချိန်မှာ ချင်ရှန်းဂိုဏ်းနဲ့ပေထျန်းဂိုဏ်းက ဆွေမျိုးတော်စပ်သွားပြီ"

ဘာ...

ထိုစကားကိုကြားချိန်တွင် လုချင်ရှန်းသည် ဒေါသကြောင့် သွေးအန်ထွက်လုနီးပါးပင်။ သူက ကျူးယွမ်ကို လက်ညှိုးထိုးကာ ဒေါသတကြီးအော်ငေါက်လိုက်သည်။

"မင်း...မင်း....မင်းကို ငါ့ရဲ့ချင်ရှန်းဂိုဏ်းမှာ ဂိုဏ်းချုပ်နေရာပေးထားတာ အလကားပဲ...ဒီလိုအဖိဖမ်းခံရတဲ့အထိ မင်း အသုံးမကျဘူးလား...ဒါက...."

သူ စကားပြောဆိုနေစဥ်တွင် လုချင်ရှန်းသည် ယဲ့ပေ၏ညီမကို မတောတဆ တစ်ချက်ကြည့်လိုက်မိရာ သူ၏မျက်လုံးများကို ချက်ချင်းမှိတ်လိုက်ရသည်။

သူ ထိုမိန်းကလေးကို ကြည့်နိုင်စွမ်းမရှိချေ။

အား...ငါ့မျက်လုံးတွေ နာလိုက်တာ...

Chapter 102

"ယဲ့ပေ...မင်းက စက်ဆုပ်ဖို့ကောင်းတဲ့ကောင်ပဲ"

လုချင်ရှန်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ဟေး အကိုချင်ရှန်း...ဒီအတွက် မင်း ငါ့ကို အပြစ်တင်လို့မရဘူး...ငါ မိုးနဲ့မြေကို တိုင်တည်ပြီးတော့ ကျိန်ဆိုတယ်...သူတို့နှစ်ယောက်က ချစ်ခြင်းမေတ္တာကြောင့် ပေါင်းသင်းခဲ့တာပဲ"

ယဲ့ပိုင်က သူ၏လက်တစ်ဖက်ကို အလျှင်အမြန်မြှောက်ကာ ရိုးသားဖြူစင်မှုများ ပြည့်နေသောမျက်နှာနှင့် ပြောဆိုသည်။

"ငါ ဒီကိစ္စနဲ့ပတ်သတ်ပြီး တကယ်ကိုဘာမှမသိဘူး"

"ဆရာ...ကျွန်တော်တို့ပေါင်းသင်းခဲ့ကြတာက တကယ့်ကိုပဲ အချစ်ကြောင့်...."

"ပါးစပ်ပိတ်ထားစမ်း"

လုချင်ရှန်းသည် အလွန်အမင်းဒေါသထွက်နေသောကြောင့် အထိန်းအကွပ်မဲ့စွာ အော်ဟစ်လိုက်သည်။ သူ၏နဖူးပေါ်ရှိ သွေးကြောများပင်လျှင် သိသိသာသာ ထောင်ထနေပေ၏။

ကျူးယွမ်းက ခေါင်းငုံထားကာ စကားမဆိုဝံ့တော့ချေ။

ထိုအခြင်းအရာကိုကြည့်ပြီး ယဲ့ပေက အလျှင်အမြန်ပြောဆိုသည်။

"အာ့ အကိုချင်ရှန်း...ဒါက အရမ်းရုတ်တရက်ဆန်သွားတယ်ဆိုပေမယ့် လက်ထပ်ပွဲတစ်ခုကိုဖျက်ဆီးတာထက် ဘုရားကျောင်းဆယ်ကျောင်းကို ဖြိုဖျက်တာက ပိုပြီးကောင်းတယ်*....ငါတို့ မိသားစုနှစ်စုက သမီးယောက်ဖတွေဖြစ်လာတာ အံ့အားသင့်စရာပဲ"

"မင်းပြောတာမှန်တယ်...ဆရာ...ကျွန်တော်လည်း ဒီလိုပဲခံစားမိတယ်...အရင်က ကျွန်တော်တို့ကြားမှာ အသေးစားပဋိပက္ခတွေရှိခဲ့ပေမယ့် ပေထျန်းဂိုဏ်းက တကယ်ကိုနောင်တရနေခဲ့တာပါ...ဓားတွေကို ထယ်သွားတွေအဖြစ်**ပြောင်းလဲလိုက်တဲ့အပြင် ဆွေမျိုးတော်စပ်သွားတာက ပိုမကောင်းဘူးလား"

ကျူးယွမ်က စကားဖြတ်ကာ...

"ဒါက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး...ချင်ရှန်းဂိုဏ်းက တပည့်တွေနဲ့အကြီးအကဲတွေအများစုကလည်း သူတို့နဲ့ရေစက်ပါတဲ့မိန်းကလေးတွေကို တွေ့သွားကြပြီ"

"မင်းက ဘာသိလို့လဲ"

လုချင်ရှန်က ကျယ်လောင်စွာအော်ဟစ်ကာ ဆိုးဆိုးရွားရွားအကြည့်ဖြင့် ယဲ့ပေကို စူးစိုက်၍ကြည့်လိုက်သည်။

ယခုကြည့်ကြည့်တော့မှ သူ၏ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးသည် ယဲ့ပေ၏အပေါ်ယံရွှေမှုန်ကြဲဟန်ဆောင်မှုများအောက်၌ ကျရှုံးခဲ့ရကာ သူတစ်ယောက်တည်းသာ ခေါင်းမာမာနှင့်တောင့်ခံနိုင်ခဲ့သည်။

ဤယဲ့ပေသည် အမှန်တကယ်ကို အရည်အချင်းတချို့ရှိပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် ဘိုးဘေးတစ်ယောက်ဖြစ်သည့်တိုင် အစွမ်းအစမဲ့နေသည်။ သူသည် ကျူးယွမ်၏ချစ်ခြင်းကို ဖျက်ဆီးနိုင်သော်လည်း တခြားသူများကို မည်သို့ပြုလုပ်ရမည်နည်း။

ယခုချိန်တွင် ချင်ရှန်းဂိုဏ်းရှိလူတိုင်းနီးပါး၏ စိတ်နှလုံးသားများသည် ပေထျန်းဂိုဏ်းထံတွင်သာ တိမ်းညွတ်နေသည်။ အကယ်၍ သူသည် ထိုအရာများကို တမင်ဖျက်ဆီးလိုက်ပါက သူသည် သူတို့အား သိမ်းသွင်းခြင်းမပြုနိုင်ရုံသာမက သူ၏မျက်နှာလည်း ပျက်ရပေမည်။

ထို့ကြောင့် သူသည် စိတ်ပျက်စွာဖြင့်ခေါင်းငုံကာ သက်ပြင်းရှိုက်နေရုံသာ တတ်နိုင်တော့သည်။

ဤပင်လယ်ဓားပြလှေပေါ်သို့ သူ တက်ရောက်ခဲ့ရလေပြီ။

"အဟွတ်...အဟွတ်...အကိုချင်ရှန်း...ကိစ္စတွေက ဒီလိုဖြစ်သွားမှတော့ စိတ်ဓာတ်ကျမနေပါနဲ့...ဖြစ်လာမယ့်ကိစ္စတွေကို ငါတို့ဟန့်တားနိုင်တာမှမဟုတ်တာ...ဘာလို့ ငါတို့က ဒါကိုလက်မခံဘဲနေရမှာလဲ...မင်း ဘယ်လိုထင်လဲ"

ယဲ့ပေက အပြုံးဖြင့် လုချင်ရှန်းထံလျှောက်လှမ်းလာကာ သူ၏မျက်ခုံးကိုပင့်လိုက်၏။ သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မိန်းကလေးနှစ်ယောက်က ချင်ရှန်းဂိုဏ်းချုပ်၏အနီးသို့ ချဥ်းကပ်သွားသည်။

ကောင်းတယ်....

လုချင်ရှန်းသည် ကြိတ်မှိတ်၍လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။

သူသည် ကိစ္စများကို ပြောင်းလဲနိုင်စွမ်းမရှိသဖြင့် သူ တည်ငြိမ်စွာလက်ခံရတော့ပေမည်။ မိန်းကလေးနှစ်ယောက်၏တို့ထိကျီစယ်ခြင်းကြောင့် အာရုံနောက်နေသော လုချင်ရှန်းက ယတိပြတ်ပြောဆိုသည်။

"နောက်ဖြစ်လာမယ့်ကိစ္စတွေကို ငါတို့နောက်မှ ပြောကြတာပေါ့...အခုချိန်မှာ အရင်ဆုံး ငါက တစ်ရက်လောက် တံခါးပိတ်ကျင့်ကြံဖို့လိုအပ်တယ်"

ထို့နောက် သူက မိန်းကလေးနှစ်ယောက်ကိုကြည့်ကာ ပြောဆိုသည်။

"မင်းတို့နှစ်ယောက် ငါ့ကို စောင့်ကြပ်ပေးစမ်း"

ထိုသို့ပြောဆိုပြီးနောက် သူသည် မိန်းကလေးနှစ်ယောက်ကိုခေါ်ဆောင်ကာ အဝေးသို့ပြေးသွားတော့သည်။

.....

သိုင်းပညာခန်းမ၌...

ရီဖုန်းသည် ကျုံးချင်အတွက် ဆေးဖော်စပ်နေရင်းမှ မျက်မှောင်ကြုတ်လိုက်၏။ ကျုံးချင်သည် နိုးလာခဲ့သော်လည်း အချိန်တခဏကြာပြီးနောက် ပြန်လည်၍သတိလစ်မေ့မျောသွားခဲ့သည်။

"ကြည့်ရတာတော့ ငါက ဆေးပင်တွေစုဆောင်းဖို့အတွက် တောင်ပေါ်ကိုပြန်သွားရမယ့်ပုံပဲ"

ရီဖုန်းက ဆေးရည်ကိုခွက်အတွင်းသို့ငှဲ့ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ကျုံးချင်ကို ကုသရန်အတွက် ဆေးခန်းသို့ပို့ဆောင်ရန် သူ စဥ်းစားခဲ့ဖူးသည်။ သို့ရာတွင် သူသည် ဤဆေးပညာနယ်ပယ်၌ စနစ်၏လေ့ကျင့်ပေးခြင်းကို ခံထားရသဖြင့် သူ့ကိုယ်သူ ယုံကြည်မှုပိုရှိသည်။

အခြေအနေအရေးပေါ်ဖြစ်နေသည်ကို ခံစားမိသဖြင့် ရီဖုန်းသည် နှောင့်နှေးမနေဝံ့ချေ။ သူသည် ရထားလုံးတစ်စီးကိုခေါ်ကာ ကျုံးချင်ကို ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းထံပို့ဆောင်ခဲ့သည်။ ထို့နောက် ကျုံးချင်ကို စောင့်ရှောက်ပေးထားရန် သူတို့ထံ၌ အပ်နှံခဲ့သည်။

ထို့နောက် သူ သိုင်းပညာခန်းမသို့ ပြန်ရောက်လာကာ ဝါးခြင်းတောင်းငယ်ကိုလွယ်၍ တောင်ပေါ်သို့ တဖန်ပြန်တက်ရန် ပြင်ဆင်လိုက်တော့သည်။

သို့ရာတွင် မထွက်ခွာမီ သူသည် ထောင့်တစ်နေရာ၌ချိတ်ထားကာ ပင့်ကူမျှင်များဖုံးလွှမ်းနေသည့် သစ်သားဂီတာလေးထံ ကြည့်လိုက်၏။ သူသည် ဆေးပင်များရှားပါးလာခြင်းကြောင့် သူ မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို မသိနိုင်သဖြင့် ထိုဂီတာကိုယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

သူ၏အသံအရည်အသွေးသည် ပျှမ်းမျှပင်။

ရီဖုန်းသည် ဆိုင်စောင့်ရင်း ပျင်းထိငြီးငွေ့လာချိန်မျိုး၌ ထိုဂီတာကို တီးခတ်လေ့ရှိသည်။

အတိတ်တွင် သူသည် ညနေစောင်းအချိန် အိမ်ရှေ့တံခါးရှေ့တွင် မိန်းကလေးများရှိနေစဥ်၌ စုံတွဲသီချင်းများ တီးခတ်လေ့ရှိသဖြင့် အမာခံပရိသတ်အဖြစ် မိန်းကလေးငယ်တချို့ကို ရရှိခဲ့သည်။ သူမတို့သည် အနည်းငယ်ရုပ်ဆိုးသော်လည်း သူ့ထံတွင် အမာခံပရိသတ်များရှိသည်ဟု သူ ပြောဆိုနိုင်ပေ၏။

နောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းကို ကောင်းမွန်စွာပြုလုပ်ရန်အတွက် ရီဖုန်းသည် ထိုဝါသနာကို တဖြည်းဖြည်းစွန့်လွှတ်ခဲ့သည်။

သူ တောင်ပေါ်သို့တက်နေစဥ်တွင် အချိန်များကုန်လွန်ရန် နှေးကွေးနေကာ အထူးသဖြင့် ညအချိန်၌ပင်။ ထို့ကြောင့် သူသည် ဤအရာကိုယူဆောင်သွားခြင်းဖြင့် သူ၏အချိန်များကုန်သွားစေရန် ကူညီပေးနိုင်ပေမည်။

ခရီးသွားလာနေသော နေ့ရက်များသည် အမြဲတစေ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ခက်ခဲကြမ်းတမ်းသည်။ သို့ရာတွင် နှစ်ရက်ကြာပြီးနောက် ရီဖုန်းသည် တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

အမှန်အားဖြင့် ရီဖုန်းသည် ဆေးပင်များရှာဖွေရာ၌ ဦးတည်ရာမဲ့ လှည့်လည်သွားလာနေသည်မဟုတ်ချေ။ သူသည် မည်သည့်ဆေးပင်အမျိုးအစားသည် မည်သည့်နေရာ၌ ပေါက်ရောက်လေ့ရှိသည်ကို သူ၏စိတ်နှလုံးသားအတွင်း၌ ကောင်းစွာသိရှိထားသည်။

"ထျန်ရှင်းဆေးပင်....ဒါကို နေရောင်ခြည်ကြွယ်ဝပြီးတော့ လေဝင်လေထွက်ကောင်းတဲ့ မဟာချောက်နက်ကြီးထဲမှာပဲ ရှာတွေ့နိုင်လိမ့်မယ်"

ရီဖုန်းသည် မြို့အတွင်းမှ သူဝယ်ယူထားခဲ့သော မြေပုံတစ်ခုကိုကိုင်ဆောင်ကာ အစက်အပျောက်များအနက်မှ တည်နေရာတစ်ခုကိုရွေးချယ်၍ ထိုနေရာသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။

*ထန်မင်းဆက်ရဲ့ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ Du Qiuniangရေးသားခဲ့တဲ့ကဗျာပါ..ဘုရားကျောင်းကို တကယ်ရည်ညွှန်းထားတာမျိုးမဟုတ်ဘဲနဲ့ မိသားစုကိုကာကွယ်ဖို့ ချစ်မြတ်နိုးဖို့အရေးကြီးပြီးတော့ အလွယ်တကူမဖျက်ဆီးသင့်တာကို ဆိုလိုပါတယ်*

** လူနှစ်ယောက် ဒါမှမဟုတ် လူနှစ်စုကြားက အငြင်းပွားမှုတွေကိုဖြေရှင်းပြီးတော့ ငြိမ်းချမ်းမှုကိုရရှိခြင်း

Chapter 103

"လူအိုကြီးဝူ...မင်း တောင့်ခံထားပါအုံး"

မိုးဖွဲလေးများအကြားတွင် ချူးရှစ်ခွမ်းနှင့်စွန်းကျူကဲတို့က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်ကြ၏။

လီမော့စီကြောင့် ဤနေရာတွင် ထောင်ချောက်မိနေစဥ်ကတည်းက သူတို့သုံးယောက်သည် ဖရိုဖရဲဖြစ်နေကာ မျက်တွင်းများချောင်ကျနေလေပြီ။ ဝင်္ကပါကြီးကြောင့် သူတို့သုံးယောက်သည် သူတို့၏ခြေထောက်အောက်ရှိ မြေတစ်လက်မပေါ်တွင် နာကျင်စွာ တောင့်ခံထားနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် သူတို့၏ကျင့်ကြံမှုကိုမှီခို၍ အချိန်အတိုင်းအတာတစ်ခုထိ တောင့်ခံထားနိုင်ဆဲပင်။ သို့ရာတွင် ဝူယုံဟုန်၏ကျင့်ကြံဆင့် ဖျက်ဆီးခံလိုက်ရခြင်းကြောင့် သူသည် သာမာန်လူတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။ သူသည် အားပျော့ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်၌ လဲလျောင်းနေရသည်။

ဝူယုံဟုန်၏အသိစိတ် ပို၍ပို၍ဝေဝါးလာသည်ကိုကြည့်ပြီး ချူးရှစ်ခွမ်းနှင့်စွန်းကျုးကဲတို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များအတွင်းတွင် ကျန်ရှိသော စွမ်းအားအနည်းငယ်ကို ဝူယုံဟုန်ထံ လွှဲပြောင်းပေးလိုက်ကြသည်။

"ဘာလဲ...မင်းတို့ကောင်တွေ ဘာလုပ်တာလဲ"

သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများစီးဝင်လာသည်ကို ခံစားမိချိန်တွင် ဝူယုံဟုန်၏အသိစိတ်များ အနည်းငယ်တိုးတက်လာသော်လည်း သူက စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သည်။

"ဒီဝင်္ကပါကြီးက ကျင့်ကြံခြင်းနယ်ပယ်ကို ကန့်သတ်ထားရုံတင်မကဘူး...ကောင်းကင်နဲ့မြေပြင်ကြားမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို မင်းတို့ စုပ်မယူနိုင်အောင်လည်း တားဆီးဟန့်တားထားတယ်...မင်းတို့ကောင်တွေမှာ စွမ်းအားတွေအများကြီး ကျန်တော့တာမဟုတ်ဘူး...ဘာလို့ ငါ့လို အသုံးမဝင်တော့တဲ့လူတစ်ယောက်အပေါ်မှာ အလဟဿဖြစ်ခံနေကြတာလဲ"

ထိုစကားကိုကြားချိန်တွင် ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် ခါးသည်းစွာရယ်မောလိုက်ကြသော်လည်း စွမ်းအားများလွှဲပြောင်းပေးနေခြင်းကို ရပ်တန့်ခြင်းမပြုချေ။

"နောက်ဆုံးတစ်ကြိမ် ကွမ်တုလျှို့ဝှက်နယ်မြေထဲမှာတုန်းက...တကယ်လို့ လူအိုကြီးဝူ မင်းကြောင့်သာမဟုတ်ရင် ငါ ချူးရှစ်ခွမ်း သေနေလောက်ပြီ"

ချူးရှစ်ခွမ်းက ပြောဆိုသည်။

"ညီအကိုတွေကြားမှာ ဒီလိုစကားတွေ ပြောနေစရာလား .. ငါတို့မှာလည်း ရက်တွေအများကြီး မကျန်တော့ပေမယ့်...အဆုံးသတ်ချိန်ရောက်တဲ့အထိ ငါတို့ မင်းကိုစွန့်ပစ်မှာမဟုတ်ဘူး"

"လူအိုကြီးချူးပြောတာ အမှန်ပဲ...ငါတို့က တစ်ယောက်နဲ့တစ်ယောက် ယဥ်ကျေးသိမ်မွေ့နေစရာမလိုတဲ့ ညီအကိုတွေလေ"

စွန်းကျူးကဲကလည်း ပြောဆိုလေ၏။

"ပြန်တွေးကြည့်ရင် ငါတစ်ယောက်တည်းနဲ့ ရန်သူတွေအများကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာ...တကယ်လို့ လူအိုကြီးဝူ မင်းကြောင့်သာမဟုတ်ရင် မင်းသာ အချိန်မီရောက်မလာခဲ့ရင်..ငါ သေပြီးနေတာ အချိန်အတော်ကြာနေလောက်ပြီ"

"မင်း...မင်းတို့ကောင်တွေ...."

ဝူယုံဟုန်၏စိတ်နေစိတ်ထားဖြင့် ဤကဲ့သို့အန္တရာယ်များသောအခြေအနေမျိုးသို့ ရောက်ရှိလာသည့်တိုင် သူ၏မျက်လုံးတွင် မျက်ရည်များစိုစွတ်လာကာ သူ၏မိတ်ဆွေဟောင်းနှစ်ယောက်ကို ကျေးဇူးတင်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

"ဟူး...."

"ငါတို့က သေမှာကို မကြောက်ဘူး...ငါ အခုစိုးရိမ်နေတာက ဆရာကြီးအတွက်ပဲ"

သူ၏စွမ်းအားများကို ဝူယုံဟုန်ထံလွှဲပြောင်းပေးပြီးနောက် စွန်းကျူးကဲက စိုးရိမ်ပူပန်သောလေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်၏မျက်နှာ သုန်မှုန်သွားကာ ကြီးမားသောရှက်ရွံခြင်းများနှင့် ပြည့်နှက်သွားသည်။

"ဒါတွေအားလုံးက ငါ ဆရာကြီးကို သွားပြီးနှောက်ယှက်ခဲ့မိတာကြောင့်ပဲ...တကယ်လို့ ငါသာ လီမော့စီရဲ့အကြောင်းကို အစောကြီးကတည်းက ကြိုသိခဲ့မယ်ဆိုရင် ငါက ဆရာကြီးအတွက် ဒုက္ခတွေအများကြီးကို ယူဆောင်ပေးခဲ့မိမှာမဟုတ်ဘူး...ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပဲ"

"ဘာမှမစိုးရိမ်ပါနဲ့...ဆရာကြီးက မြင့်မြတ်ပြီးတော့ ကံကြမ္မာကောင်းရှိတဲ့လူပါ...ဘယ်လိုလုပ်ပြီးတော့ သူက လီမော့စီလိုလူတစ်ယောက်ကြောင့်နဲ့ ထိခိုက်နာကျင်နိုင်မှာလဲ"

"ငါလည်း ဒီလိုပဲဖြစ်ဖို့မျှော်လင့်တယ်"

သူတို့သုံးယောက်သည် သက်ပြင်းရှိုက်လိုက်ကြသော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်း၌ ပြင်းထန်သောစိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

အကြောင်းအရင်းမှာ သာမာန်အချိန်မျိုးတွင် လီမော့စီသည် ရီဖုန်းအား အန္တရာယ်ပြုမည်ကို သူတို့ မကြောက်ရွံကြချေ။ သို့ရာတွင် ကောင်းကင်ဘုံယင်ဝင်္ကပါကြီး တည်ရှိနေခြင်းကြောင့် အခြေအနေကို ခန့်မှန်း၍မရပေ။

ရုတ်တရက် မိုးစဲသွားလေပြီ။

စွန်းကျူးကဲသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် အံ့အားတသင့် အော်ဟစ်လိုက်၏။

"မြန်မြန်...ကြည့်လိုက်ကြအုံး"

ထိုအသံကိုကြားချိန်တွင် တခြားနှစ်ယောက်ကလည်း သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ကြသည်။

အဝေးရှိ တောင်ခါးပန်းနေရာတွင် လူတစ်ယောက်က သူတို့ထံဦးတည်၍ လျှောက်လှမ်းလာသည်ကို သူတို့ တွေ့မြင်မိလေ၏။

ထိုလူကို မှတ်မိသွားချိန်တွင် သူတို့သုံးယောက်လုံး အလွန်စိတ်လှုပ်ရှားသွားသဖြင့် မတ်တတ်ရပ်၍ခုန်ပေါက်လိုက်လုနီးပါးပင်။

"ဆရာကြီး..."

"ဟား ဟား ဟား...ဒါက ဆရာကြီးပဲ...တကယ့်ကို ဆရာကြီး ဖြစ်နေတာပဲ"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဝူယုံဟုန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူသည် ရူးသွပ်သွားသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ငါ မပြောခဲ့ဘူးလား"

ချူးရှစ်ခွမ်းသည် ဆောက်တည်ရာမရတော့ဘဲ သူ့ပေါင်သူ လက်ဝါးဖြင့်ရိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဆရာကြီးက အရမ်းအစွမ်းထက်တယ်...ဘယ်လိုလုပ်ပြီးတော့ သူက လီမော့စီလိုလူမျိုးကြောင့် ထိခိုက်ဒဏ်ရာရနိုင်မှာလဲ...ဆရာကြီးက လီမော့စီကို ဖြေရှင်းပြီးတာနဲ့ ငါတို့ရဲ့အခြေအနေကို သိသွားပြီးတော့ ငါတို့ကိုလာကယ်တာပဲဖြစ်မယ်"

ဤအချိန်တွင် နှစ်တစ်သောင်းကျော်ကြာ အသက်ရှင်ခဲ့ကြသော လူအိုကြီးသုံးယောက်၏မျက်နှာများပေါ်၌ ပျော်ရွှင်မှု၏မျက်ရည်များ စီးကျနေသည်။

ဤလမ်းကြောင်းသည် ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲကာ မြေပြင်နေရာအနှံ့၌ ရွှံဗွက်များရှိနေသဖြင့် ရီဖုန်းသည် အလွန်လျှင်မြန်စွာ လျှောက်လှမ်းနိုင်ခြင်းမရှိချေ။ အချိန်အတော်ကြာ တရွေ့ရွေ့လျှောက်လှမ်းပြီးနောက် သူသည် နောက်ဆုံး၌ ရှေ့တွင်ရှိနေသော လူရိပ်သုံးရိပ်ကို မြင်တွေ့မိသည်။

"အမ်...ဒါက အကိုဝူတို့လူစု မဟုတ်လား"

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"

ရီဖုန်းသည် အလွန်အံ့အားသင့်သွားလေ၏။ ဤကြီးမားသောတောတောင်အကြား၌ အသိအကျွမ်းများကို ဆုံတွေ့ရသဖြင့် သူ ထိုလူများကို သွားရောက်၍နှုတ်ဆက်ရပေမည်။

ထို့ကြောင့် ရီဖုန်းက သူတို့သုံးယောက်ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလိုက်သည်။

သို့ရာတွင် ရီဖုန်းလာနေသော လမ်းကြောင်းကိုကြည့်ပြီး အဖိုးအိုသုံးယောက်၏မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားသည်။ သူတို့က အလျင်စလို အော်ဟစ်လိုက်ကြ၏။

"ဆရာကြီး...သတိထားပါ...ဒါက ဝင်္ကပါတစ်ခုပဲ...."

"ဆရာကြီး..မင်း အဲ့ဒီလမ်းအတိုင်း တိုက်ရိုက်လာလို့မရဘူး"

သူတို့သုံးယောက်သည် အော်ဟစ်လိုက်သည့်အပြင် ဘေးအန္တရာယ်ကို ရီဖုန်းသတိမပြုမိမည်အား စိုးရိမ်ကြသဖြင့် သူတို့၏လက်များကို ဝှေ့ယမ်းလိုက်ကြသည်။

အမ်....

ဤအကွာအဝေးသည် အနည်းငယ်လှမ်းသဖြင့် သူတို့ အော်နေသံများကို ရီဖုန်းသည် ခပ်သဲ့သဲ့သာကြားနိုင်ပြီး မည်သည့်အရာအား အော်ပြောနေသည်ကို သူ မသိရှိချေ။

"ဒါက ငါ့ကို နှုတ်ဆက်နေတာဖြစ်နိုင်တယ်"

"သူတို့က တကယ့်ကို စိတ်အားထက်သန်နေတာပဲ"

ရီဖုန်းသည် ထိုကဲ့သို့တွေးတောကာ ပြုံးရွှင်နေသောမျက်နှာဖြင့် ထိုလူသုံးယောက်ထံ လျှောက်လှမ်းသွားလိုက်သည်။

"ဒါက ပြီးသွားပြီ"

ထိုမြင်ကွင်းကိုကြည့်ပြီး အဖိုးအိုသုံးယောက်၏မျက်နှာအမူအယာများ အလွန်အမင်း ပျက်ယွင်းသွားသည်။

ဤနေရာတွင် လီမော့စီ ခင်းကျင်းထားသော ဝင်္ကပါများရှိနေရုံသာမက ရှေးဟောင်းတိုက်ပွဲစစ်မြေပြင်နေရာလည်းဖြစ်သဖြင့် သဘာဝမဟာဝင်္ကပါကြီးနှင့် မရေမတွက်နိုင်သော ရှေးဟောင်းဝင်္ကပါများရှိနေသည်။

ဆရာကြီးသည် အလွန်အစွမ်းထက်သော်လည်း ထိုအရာများအတွင်းသို့ မတော်တဆ ကျရောက်သွားပါက သူသည်လည်း ကြီးမားသောအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။

Chapter 104

ဤအချိန်အခိုက်အတန့်တွင် သူတို့သုံးယောက်၏နှလုံးသားများသည် သူတို့၏လည်ချောင်းများအတွင်းမှ ခုန်ထွက်သွားလုမတတ်ပင်။

သို့ရာတွင် ဆရာကြီးသည် သူတို့၏စကားများကို လျစ်လျှူရှုထားသဖြင့် သူတို့သုံးယောက်လုံး ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်။

သို့ရာတွင် ရီဖုန်း၏အပေါ်သို့ ထိုဝင်္ကပါများသည် မည်သည့်သက်ရောက်မှုမျိုးမျှမရှိဟု သူတို့ မျှော်လင့်မထားမိချေ။ ရီဖုန်းသည် တစ်စုံတစ်ခုမျှ ဖြစ်ပျက်ခြင်းမရှိဘဲ သူတို့ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။

ဤမြင်ကွင်းသည် အဖိုးအိုသုံးယောက်ကို ကြက်သေသေသွားစေကာ ရီဖုန်းသည် သူတို့ရှေ့ တစ်ကျန်း*ခန့်အကွာသို့ရောက်ရှိသည့်တိုင် မည်သို့ဖြစ်ပျက်သွားသည်ကို သူတို့ နားမလည်နိုင်ချေ။ သူတို့သည် အချင်းချင်းအကြည့်များဖလှယ်လိုက်ကြကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကြပြီးနောက် သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ယခုကြည့်ကြည့်တော့မှ သူတို့သည် ဆရာကြီးကို လျှော့တွက်ခဲ့မိကြ၏။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

သူတို့သုံးယောက်သည် အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။

"ဒီလောက်ထိ ယဥ်ကျေးနေဖို့ မလိုပါဘူး"

ရီဖုန်းက ရယ်မောလိုက်၏။ ဤဘဝတွင် သူသည် ယခုကဲ့သို့ကိစ္စမျိုးနှင့် နေသားကျနေလေပြီ။ သူသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကြောင့် တခြားလူများထံမှ ရိုသေလေးစားခြင်း အမြောက်အများကို ရရှိကာ တချို့လူများသည် သူ့အား ဆရာရီဟုခေါ်ဆိုကာ တခြားသူများသည် သူ့အား ဆရာကြီးဟုခေါ်ဆိုကြသည်။

"ဆရာကြီး....ငါတို့က ဒီနေရာမှာပိတ်မိနေတာ အချိန်အတော်ကြာနေပြီ"

အဖိုးအိုသုံးယောက်က မျက်ရည်များဝဲနေသောမျက်လုံးများဖြင့် ပြောဆိုသည်။

"ငါတို့ကို လာကယ်ပေးတဲ့အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

ဤနေရာတွင် အချိန်အတော်ကြာ ပိတ်မိနေသည်ဟု ဆိုသလော...

ရီဖုန်းက မျက်မှောင်ကြုတ်ပြီးနောက် သူတို့၏ခြေထောက်အောက်ရှိ ရွှံထူသောမြေပြင်ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်ကိုပင် ထိုနေရာ၌ ရွှံဗွက်အိုင်ကြီးတစ်အိုင်ရှိနေသည်။

သို့ရာတွင် ဤသည်မှာ စိမ့်နွံအိုင်မဟုတ်ဘဲ ရွှံဗွက်အိုင်တစ်အိုင်ပင်။ မည်သည်ကြောင့် သူတို့သည် ဤနေရာတွင် ပိတ်မိနေပြီး ပြင်ပသို့မထွက်နိုင်ကြသနည်း။

ဤလူသုံးယောက်သည် အမှန်တကယ်ကို အနုအယွဆန်လွန်းသည်။

သို့ရာတွင် သူတို့သည် လူအိုကြီးများဖြစ်သည်ကို တွေးတောမိချိန်၌ သူ နားမလည်နိုင်စရာအကြောင်းမရှိတော့ချေ။

ကောင်းပြီလေ...

သူသည် သူတို့နှင့်ဆုံတွေ့မိပြီဖြစ်သောကြောင့် သူ ကူညီပေးရပေမည်။

"လာခဲ့ကြတော့"

ရီဖုန်းက သူ၏လက်ကိုဆန့်တန်းကာ ပြောဆိုလိုက်၏။

ရီဖုန်း၏လှုပ်ရှားမှုကိုကြည့်ပြီး အဖိုးအိုသုံးယောက်သည် ဇဝေဇဝါဖြစ်နေပုံဖြင့် အကြည့်ခြင်းဖလှယ်ကာ ပြောဆိုလိုက်သည်။

"ဆရာကြီး...မင်းက ခုလိုမျိုးအန္တရာယ်များတဲ့မြေပြင်ကို ဂရုမစိုက်ပေမယ့် ငါတို့က ဒီထဲမှာပိတ်မိနေတာ....ငါတို့ ဒီအတိုင်း လမ်းလျှောက်ထွက်လို့ ရပါ့မလား"

ဤသည်ကို ကြည့်ရသည်မှာ....

အနည်းငယ် သတိလက်လွတ်နိုင်သည်မဟုတ်လော....

ဆရာကြီးသည် အနည်းဆုံးအနေဖြင့် ဝင်္ကပါကို အရင်ဆုံးဖျက်ဆီးသင့်သည် မဟုတ်လော....

သို့ရာတွင် ရီဖုန်းသည် သဘောမကျဖြစ်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့သည် ဤရွှံဗွက်အိုင်အစုတ်အပြတ်အတွင်းမှ သူ သူတို့အားထမ်းထုတ်ရန် မျှော်လင့်နေကြသလော။

ဤသက်ကျားအိုကြီးများ နုယွနေသည်မှာ အဆုံးစွန်ဆုံးအဆင့်ထိ ရောက်ရှိနေလေပြီ။

ရီဖုန်း မျက်မှောင်ကြုတ်နေသည်ကိုကြည့်ပြီး အဖိုးအိုသုံးယောက်သည် သူတို့၏သံသယဝင်နေခြင်းကြောင့် ဆရာကြီးသည် စိတ်မကျေမနပ်ဖြစ်နေသည်အား ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားသည်။ သူတို့သည် ထပ်မံ၍ စကားတစ်ခွန်းမဆိုဝံ့တော့ဘဲ ရီဖုန်း၏ဆန့်တန်းထားသောလက်ဝါးကို အလျင်စလိုဖမ်းဆုပ်ကာ မယုံကြည်နိုင်သော်ငြားလည်း တိုးထွက်ကြည့်ရန် ပြင်ဆင်လိုက်ကြ၏။

သို့ရာတွင် မမျှော်လင့်ဘဲ ဝူယုံဟုန်သည် မည့်သည့်အတားအဆီး သို့မဟုတ် မတော်တဆကိစ္စမျှဖြစ်ပွားခြင်းမရှိဘဲ ချောမွေ့စွာ ဆွဲထုတ်ခြင်းခံခဲ့ရသည်။

ထို့နောက် ဝင်္ကပါကြီး၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားသည့်အလား တခြားအဖိုးအိုနှစ်ယောက်သည်လည်း တူညီစွာပင် ဆွဲထုတ်နိုင်ခဲ့သည်။

သို့ရာတွင် သူတို့သည် ရီဖုန်း ဝင်္ကပါကိုချိုးဖျက်ခြင်း သို့မဟုတ် တခြားလှုပ်ရှားမှုတစ်ခုခု ပြုလုပ်သည်ကို သူတို့မမြင်တွေ့ရသည်မှာ သိသာထင်ရှားလှ၏။

သူတို့သုံးယောက်၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ရီဖုန်းအပေါ် သူတို့၏ရိုသေလေးစားမှုများ ပို၍ကြီးထွားလာကာ ယခင်ထက်ပို၍ လက်ခံယုံကြည်ပြီး ကြည်ညိုလေးစားလာသည်။

သူတို့သည် ရီဖုန်းကို ထပ်မံ၍လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း သူတို့ သိနားလည်သွားလေပြီ။

သူကိုယ်တိုင်ပင် ဝင်္ကပါများကို လျစ်လျှူရှုထားနိုင်ရုံသာမက သူ၏နံဘေးပတ်ဝန်းကျင်မှလူများကိုလည်း တိုက်ရိုက်ခုခံနိုင်စွမ်းရှိစေသည်။

ဤကဲ့သို့လုပ်ဆောင်နိုင်ရန် မည်ကဲ့သို့ကျင့်ကြံဆင့်မျိူး လိုအပ်သနည်း...

"ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

အဖိုးအိုသုံးယောက်သည် သူတို့၏ကျေးဇူးတင်မှုကို ရိုသေလေးစားစွာ ဖော်ပြလိုက်ကြ၏။

"ဘာကျေးဇူးတင်စရာ လိုလို့လဲ...ဒါက ရွှံဗွက်အိုင်စုတ်လေးတစ်အိုင်ပဲကို..."

ရီဖုန်းက အမှုမထားသောပုံဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။

ရွှံဗွက်အိုင်စုတ်တစ်အိုင်ဟု ဆိုသလော.....

သူတို့သုံးယောက်လုံး ခါးသည်းစွာ ပြုံးလိုက်သည်။ ဆရာကြီးကဲ့သို့ အဆင့်ရှိသော တစ်စုံတစ်ယောက်ကသာ ဤအန္တရာယ်နယ်မြေကို ရွှံဗွက်အိုင်စုတ်တစ်အိုင်အဖြစ် ရည်ညွှန်းနိုင်ပေမည်။

"အော် ဒါနဲ့...ဆရာကြီး....လူအိုကြီးဝူက ဒဏ်ရာရထားတယ်....မင်း တစ်ချက်ကြည့်ပေးနိုင်မလား....."

ထိုအချိန်မှာပင် ချူးရှစ်ခွမ်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် မျှော်လင့်တကြီးဖြင့် ရီဖုန်းကိုကြည့်ကာ ပြောဆိုသည်။

"လူအိုကြီး ချူး...ရပ်လိုက်တော့....ဆရာကြီးကို ထပ်ပြီးဒုက္ခမပေးနဲ့"

ဝူယုံဟုန်က အလျင်စလို ပြောဆိုလေ၏။

"ပြီးတော့ ငါ့ရဲ့ဒဏ်ရာက ကုသပေးနိုင်တာထက် လွန်နေပြီ...ဆရာကြီးကို ဒုက္ခပေးလည်း အသုံးဝင်မှာမဟုတ်ဘူး"

"အော်...."

ထိုစကားကိုကြားချိန်တွင် ရီဖုန်းက အနည်းငယ်စိတ်ဝင်စားသွားသည်။

"လာခဲ့အုံး...မင်းရဲ့ဒဏ်ရာကို ငါ တစ်ချက်လောက် ကြည့်ပါရစေ"

"ဆရာကြီး...ငါ...ဒါက...."

ဝူယုံဟုန်သည် ရီဖုန်းကို အမှန်တကယ်ကိုပင် ဒုက္ခမပေးလိုချေ။ ထို့ပြင် သူ၏ဒန်တျန်သည် ပျက်စီးသွားသည်ဖြစ်ရာ အင်မော်တယ်များပင်လျှင် ကုသပေးနိုင်ရန် ခက်ခဲပေမည်။

"တစ်ချက်ကြည့်ရုံကတော့ အဆင်ပြေပါတယ်"

ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။

"ကောင်းပြီလေ"

ဝူယုံဟုန်က ပြောဆိုသည်။ ထို့နောက် သူ၏အဝတ်အစားများကိုမတင်ကာ သူ၏ဝမ်းဗိုက်အောက်ပိုင်းကို လှစ်ဟ၍ပြလိုက်၏။

ထိုနေရာတွင် သွေးစို့ရာအပေါက်တစ်ခုရှိနေကာ သူ၏ဒန်တျန်ပျက်စီးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ဒါက တကယ့်ကို နည်းနည်းတော့ပြင်းထန်တာပဲ"

ရီဖုန်းက တစ်ချက်ကြည့်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်၏မျက်နှာညှိုးသွားသည်။ မျှော်လင့်ထားသည့်အတိုင်း ဆရာကြီးပင်လျှင် ပျက်စီးသွားသောဒန်တျန်နှင့်ပတ်သတ်၍ မည်သည့်အရာကိုမျှ မလုပ်ပေးနိုင်ချေ။

သို့သော် သူ ထိုသို့တွေးတောနေစဥ်မှာပင် ရီဖုန်း၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ဒါက နည်းနည်းတော့ ပြင်းထန်ပေမယ့်...မျှော်လင့်ချက်မရှိတာတော့ မဟုတ်ဘူး...မင်းရဲ့ဒဏ်ရာကို ဆေးပင်တချို့သုံးပြီးတော့ ငါ လိမ်းပေးမယ်...ဒါဆိုရင် ဒါက ကောင်းသွားမှာပါ"

Chapter 105

"ဘယ်လို...."

ရီဖုန်း၏စကားများသည် မျက်နှာညှိုးနေသော ဝူယုံဟုန်၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူ၏မျက်နှာတပြင်လုံး၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကာ သူက ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

"ဆရာကြီး....ငါ့ရဲ့ဒဏ်ရာတွေက ကုသလို့ရသေးတယ်လို့ မင်း ဆိုလိုတာလား"

ဝူယုံဟုန်၏တုန်ရီနေသောအသံ ထွက်ပေါ်လာကာ စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

"ရတာပေါ့...ဒါက တော်တော်လေးပြင်းထန်တယ်ဆိုပေမယ့် ကုသလို့မရတဲ့အဆင့်ထိတော့ မရောက်သေးဘူး...ဘာမှမစိုးရိမ်နဲ့...ဒါက ကိစ္စကြီးတစ်ခုမှမဟုတ်တာ..."

ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏စကားများကြောင့် အဖိုးအိုသုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့သည် ကြေမွှသွားသောဒန်တျန်ကို ပြုပြင်ပေးနိုင်သည့် တစ်စုံတစ်ယောက်ရှိကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။ အင်မော်တယ်ကျန်းကုန်းမြေ၌ ပျက်စီးနေသောဒန်တျန်ကို ပြုပြင်ရသည်ထက် လူသေကိုပြန်ရှင်အောင်လုပ်ရသည်က ပို၍လွယ်ကူသည်ဟူသော ဆိုရိုးစကားရှိသည်။

သို့ရာတွင် ဆရာကြီး၏စကားအတွင်း၌ ဤသည်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်ဟု ဆိုသလော....

ဤအချိန်တခဏတွင် အဖိုးအိုသုံးယောက်သည် ရီဖုန်းကို အကြွင်းမဲ့လေးစားကြည်ညိုသွားကာ အထူးသဖြင့် သူ၏တသီးတခြားဆန်ပြီး လွတ်လပ်သောအပြုအမူများပင်။ ဤသည်မှာ သူ့အား သူတို့၏စိတ်နှလုံးသားအောက်ခြေမှနေ၍ ပိုပြီးအံ့အားသင့်တုန်လှုပ်သွားစေလေ၏။

စကားပြောဆိုနေရင်း ရီဖုန်းသည် သူ၏နောက်ကျောတွင်လွယ်ထားသော ဝါးခြင်းတောင်းကိုဖြုတ်ကာ ဆေးပင်တချို့ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူသည် ဆေးပင်များကို ရောနယ်ကာ ဝူယုံဟုန်၏ဗိုက်ပေါ်တွင်ကပ်ပြီး သူ၏ဒဏ်ရာများကို ဖုံးအုပ်လေသည်။

"ကောင်းပြီလေ...ဒါကို မင်းရဲ့လက်နဲ့ကိုင်ထားအုံး"

ထိုကိစ္စကို သာမာန်ကာလျှံကာပြုလုပ်ပြီးနောက် ရီဖုန်းသည် ဝါးခြင်းတောင်းကို ပြန်လွယ်လိုက်သည်။

ဒါက....

ဒါက တကယ့်ကို အလုပ်ဖြစ်မှာလား....

ဝူယုံဟုန်သည် သူ၏ဗိုက်ကိုဖိထားရင်း ကြောင်စီစီစိုက်ကြည့်နေကာ သူ၏စိတ်အတွင်း၌ အနည်းငယ်သံသယဝင်နေသည်။ ဤသည်မှာ သူ ရီဖုန်းကို မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ဤနားမလည်နိုင်သောဆေးပင်များဖြင့် တစ်ချက်ရိုက်သိပ်လိုက်ရုံဖြင့် သူ၏ပျက်စီးနေသောဒန်တျန်ကို အမှန်တကယ် ကုသပေးနိုင်မည်လော။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသဖြင့် သူ အံ့အားသင့်တုန်လှုပ်ကာ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ယခုချိန်တွင် ဆေးပင်များမှနေ၍ ပူနွေးသောအပူစီးကြောင်းတစ်ခုကို ထုတ်လွှတ်ပေးနေသည်။ ထိုအပူစီးကြောင်းသည် သန့်စင်သောစွမ်းအားအဖြစ် ပြောင်းလဲကာ သူ၏ပျက်စီးနေသော ဒန်တျန်သို့ဦးတည်၍ သိပ်သည်းသွားသည်။ အချိန်အခိုက်အတန့်အတွင်းမှာပင် သူ၏ပျက်စီးနေသောဒန်တျန်ကို ပြုပြင်နေသောအရိပ်အယောင်များ ပြသနေသည်။

"ဒါက တကယ်ပြုပြင်ပေးနေတာလား"

အဖိုးအိုနှစ်ယောက်က သံပြိုင်မေးမြန်းလိုက်ကြ၏။

ဝူယုံဟုန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟူး..."

အဖိုးအိုနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။ သူတို့သည် အလွန်အံ့အားသင့်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်၏။

ဤနည်းလမ်းမျိုး....

မကြုံစဖူးပင်....

ဤအချိန်အခိုက်အတန့်တွင် ဝူယုံဟုန်သည် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။ သူ၏အသံ တုန်ရီနေကာ သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဆရာကြီးရဲ့သနားကြင်နာမှုကို...ငါ ဝူယုံဟုန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး"

"ဒါက အသေးအမွှားကိစ္စလေးပဲကို...ဘာမှ စိတ်ထဲထားနေစရာမလိုဘူး...ဘာလို့ ဒီလောက်ထိ ယဥ်ကျေးနေတာလဲ"

ဝူယုံဟုန် မြေပြင်ပေါ်၌ ဒူးထောက်နေသည်ကိုကြည့်ပြီး ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းလိုက်၏။ ဤအဖိုးအိုသည် သူ သေတော့မည်ဟု တွေးတောနေခဲ့သဖြင့် အလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်ပေမည်။

သို့ရာတွင် ဝူယုံဟုန်က မတ်တတ်ထရပ်ရန် ငြင်းဆန်လိုက်သည်။ ကျင့်ကြံသူတစ်ယောက်အတွက် သူ၏ဒန်တျန်ပျက်စီးသွားသည်မှာ သေဆုံးရသည်ထက် ပို၍ခံစားရခက်သည်။ ရီဖုန်း၏လုပ်ဆောင်ချက်များသည် သူ၏အမြင်အရ သူ၏အသက်ကို ကယ်တင်ခဲ့သည်ထက် ပိုနေပေ၏။

"ဆရာကြီး...အရင်ကလည်း မင်းက နတ်ဘုရားထွန်ခြစ်ကို လျှော့စျေးနဲ့ ငါ့ကိုရောင်းပေးခဲ့တယ်...ဒီတစ်ကြိမ်မှာလည်း မင်းက ငါ့အပေါ်မှာ ခုလိုမျိုး ကြီးမားတဲ့သနားကြင်နာမှုကို ပြသခဲ့တယ်...ငါ ဝူယုံဟုန်မှာ မင်းကို ပြန်ပေးဆပ်နိုင်မယ့် နည်းလမ်းမရှိဘူး..ကျေးဇူးပြုပြီးတော့ ငါ့ကို အစေခံတစ်ယောက်အနေနဲ့ လက်ခံပေးပါ"

ဝူယုံဟုန်က တုန်တုန်ရီရီနှင့်ပြောဆိုကာ သူ၏ခေါင်းနှင့် မြေပြင်ကိုတိုက်၍ အရိုအသေပြုလိုက်သည်။

"မင်းက အရမ်းယဥ်ကျေးလွန်းနေပြီ"

ရီဖုန်းသည် ဝူယုံဟုန်ကို ဆွဲထူလေသည်။ သို့ရာတွင် သူ ဆွဲထူပြီးသည်နှင့် ဝူယုံဟုန်က တဖန်ပြန်၍ ဒူးထောက်လိုက်၏။ ဤသည်က ရီဖုန်းကို အလွန်ခံစားရစေသည်။

ဤကွဲပြားခြားနားသောကမ္ဘာအတွင်းရှိ လူများ၏ ကျေးဇူးသိတတ်မှုသည် အလွန်ကောင်းမွန်နေသည်။

ဤသည်မှာ ထွန်ခြစ်တစ်ချောင်းနှင့်ဆေးပင်တချို့သာ ဖြစ်သော်လည်း သူ ယခုမျှထိ ကျေးဇူးတင်ခံနေရသည်။

ဝူယုံဟုန်သည် မြေပြင်ပေါ်၌ ဆက်လက်၍ဒူးထောက်နေကာ မတ်တတ်ထရပ်ရန် ငြင်းဆန်နေသည်ကိုကြည့်ပြီး ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ဒါဆိုရင်လည်း ဒီလိုပဲလုပ်ကြတာပေါ့...ခုချိန်ကနေစပြီးတော့ မင်း ငါ့ကိုကူညီပေးလေ....ငါ့ရဲ့သိုင်းပညာခန်းမနောက်မှာ မြေရိုင်းတစ်ကွက်ရှိတယ်...ငါက ဒါကို ခုတ်ထွင်ရှင်းလင်းပြီးတော့ သီးပင်စားပင်တချို့ကို ပေါ့ပေါ့ပါးပါးစိုက်ဖို့ စီစဥ်ထားတယ်"

"ကျေးဇူးတင်ပါတယ်....ကျေးဇူးတင်ပါတယ် ဆရာကြီး...ငါက မင်းအတွက် သေပေးဖို့တောင် ဆန္ဒရှိပါတယ်"

ဝူယုံဟုန်၏မျက်လုံးအတွင်း၌ ပူနွေးသောမျက်ရည်များ ရစ်ဝဲနေကာ ဤအချိန်ကျမှသာ သူက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်၏။

ချူးရှစ်ခွမ်းသည် ဝူယုံဟုန်အတွက် ဝမ်းသာပျော်ရွှင်နေကာ တစ်ချိန်တည်းမှာပင် သူ့ထံ၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။ ဆရာကြီး၏နောက်သို့လိုက်ပါက နောင်အနာဂတ်တွင် ဝူယုံဟုန်ရရှိမည့် အကျိုးကျေးဇူးများသည် အကန့်အသတ်ရှိမည်မဟုတ်ချေ။

"ကောင်းပြီလေ...ငါ တောင်ပေါ်ကို ဆက်သွားတော့မယ်...မင်းတို့တွေက ပင်ကျင်းမြို့ကို အရင်ပြန်နှင့်ကြတော့"

အချိန်တခဏခန့်ကြာပြီးနောက် ရီဖုန်းသည် သူ၏ဝါးခြင်းတောင်းကိုလွယ်ကာ နက်ရှိုင်းသောတောတောင်များအကြားသို့ ဆက်သွားတော့မည်ဟု ပြောဆိုလိုက်သည်။

"ဆရာကြီး....တောင်ပေါ်ကို ငါတို့က မင်းနဲ့အတူ လိုက်ခဲ့ရမလား"

ဝူယုံဟုန်က ပျာပျာသလဲ ပြောဆိုသည်။

"ဒီလိုဆိုရင် ငါတို့က မင်းအတွက် ပစ္စည်းတွေကူသယ်ပေးပြီးတော့ လမ်းကြည့်ပေးလိုလြည်းရတယ်"

"ဟုတ်တာပေါ့...ဟုတ်တယ်"

ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့ကလည်း မျှော်လင့်တကြီးဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။

သို့ရာတွင် ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

ဤလူအိုကြီးသုံးယောက်သည် ရွှံဗွက်အိုင်အတွင်းမှပင် ပြန်မတက်နိုင်ချေ။ သူတို့သည် သူ့နှင့်အတူ တောင်ပေါ်သို့ လိုက်ချင်နေသလော။

ဤသည်က သူတို့ကို ဒုက္ခပေးခြင်းသက်သက်မဟုတ်လော.....

သူတို့၏အနှောက်အယှက်ပေးမှုကို ရှောင်ရှားရန်အတွက် ရီဖုန်းက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်သည်။

"ဒါကို မေ့လိုက်တော့...မင်းတို့တွေ ပြန်သွားတော့...ငါ့နောက်ကို လိုက်လာမယ်ဆိုရင် မင်းတို့က ဝန်ထုပ်ဝန်ပိုးတစ်ခုသက်သက်ပဲ ဖြစ်လာမှာ"

ထိုစကားကိုကြားချိန်တွင် အဖိုးအိုသုံးယောက်၏မျက်နှာများ နီမြန်းသွားသည်။

ဝူယုံဟုန်၏ကျင့်ကြံဆင့်သည် ယာယီချို့တဲ့နေသော်လည်း ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူများဖြစ်သည်။ သို့ရာတွင် ဆရာကြီး၏ရှေ့တွင် သူတို့ကို ဝန်ထုပ်ဝန်ပိုးများဟုသာ သတ်မှတ်ခြင်းခံရသည်။

အကယ်၍ တခြားတစ်ယောက်သာ ထိုကဲ့သို့ပြောဆိုလာပါက သူတို့သည် ထိုလူအား ပါးဖြတ်ရိုက်ပြီးဖြစ်သည်မှာ သေချာပေါက်ပင်။ သို့ရာတွင် ဤလူ၏ရှေ့၌ သူတို့သည် ရှက်ရွံရုံမှတပါး လုံးလုံးလျားလျား အရှက်ရခြင်းကိုသာ ခံစားမိသည်။

ရီဖုန်းသည် သူတို့ကို ထပ်မံ၍လျစ်လျှုရှုကာ ဝါးခြင်းတောင်းကို သူ၏နောက်ကျောပေါ်တင်၍ အဝေးသို့ တရွေ့ရွေ့လျှောက်လှမ်းသွားတော့သည်။

သူ၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး အဖိုးအိုသုံးယောက်သည် အတွေးများအကြား၌ ယာယီနစ်မြောသွားသည်။

သာလွန်ထူးကဲခြင်း...အနှောင်အဖွဲ့ကင်းမဲ့ခြင်း

ဤလောက၏လေနှင့်မိုးပင်လျှင် သူ၏မျက်လုံးအတွင်းသို့ မဝင်ရောက်နိုင်သည့်အလားပင်။

All Chapters