အခန်း (၁၀၆-၁၁၀)
Vol. 8 Ch. 106-110
Chapter 106
ရီဖုန်းသည် သူ၏ဝါးခြင်းတောင်းငယ်လေးကိုသယ်ကာ ချောက်နက်ကြီးအတွင်းသို့ဆင်းလိုက်၏။
ဝူယုံဟုန်တို့လူစုသည် ရီဖုန်း ညွှန်ကြားခဲ့သည့်အတိုင်း ပင်ကျင်းမြို့ထံသို့ အလျင်စလိုပြန်သွားကြလေပြီ။
"ကောင်းကင်နှလုံးသားလင်ဇီး ပါလား"
နေ့ဝက်ခန့် အလျင်စလိုသွားခဲ့ပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ သူ၏ပစ်မှတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အဝေးရှိ အလွန်မတ်စောက်သော ချောက်ကမ်းပါးပေါ်တွင် ထိုအပင်တစ်ပင်တည်း သီးသန့်ပေါက်နေသည်ကို သူ မြင်တွေ့မိသည်။
ရာသီကုန်ခါနီးတွင်ပွင့်သော ဆောင်းတွင်းမက်မွန်ပွင့်ဖြူများအလား ထိုအပင်သည် အလွန်သိသာထင်ရှားစွာ ပေါက်နေပေ၏။
ရီဖုန်းသည် သူ၏ဝါးခြင်းတောင်းကို အောက်သို့ချ၍ သူ၏ခါးကြား၌ထိုးထားသော တူးရွင်းငယ်လေးကိုထုတ်ယူကာ သူ၏လက်ဖြင့်ကိုင်ပြီး ကောင်းကင်နှလုံးသားလင်ဇီးကို ခူးဆွတ်ရန်အတွက် ချောက်ကမ်းပါးကို တွယ်တက်လိုက်သည်။
မလှမ်းမကမ်းအကွာအဝေး၌...
ကျီးကန်းနက်တစ်ကောင်သည် နွယ်ပင်များဖုံးလွှမ်းနေသော သစ်ပင်အိုကြီးတစ်ပင်ပေါ်၌ နားနေကာ ကြီးမားသောကင်းခြေမျှားတစ်ကောင်က နံဘေးတွင်တွားသွားနေသည်။
ထိုတိရစ္ဆာန်နှစ်ကောင်၏မျက်လုံးများအတွင်း၌ လူသားနှင့်တူညီသော အသိဉာဏ် အရိပ်အယောင်မျိုးရှိနေလေ၏။
"ကောင်းကင်နှလုံးသားလင်ဇီးက ဘယ်လိုအခြေအနေရှိလဲ"
ရုတ်တရက် ကျီးကန်းနက်က လူသားဘာသာစကားနှင့် ပြောဆိုသည်။
"သခင်ဟေးယု....ကောင်းကင်နှလုံးသားလင်ဇီးက ရင်မှည့်နေပြီလို့ ငါ သတင်းပို့ပြီးပြီ...ငါတို့က နတ်ဆိုးဧကရာဇ် လာပြီးခူးဆွတ်မယ့်အချိန်ကို စောင့်နေရုံပဲ"
တစ်ချိန်တည်းမှာပင် ကင်းခြေမျှားကလည်း လူသားဘာသာစကားနှင့် တုံ့ပြန်ပြောဆိုသည်။
"အင်း...နတ်ဆိုးဧကရာဇ်က ဒီနှစ်ရက်အတွင်းမှာ တံခါးပိတ်ကျင့်ကြံနေတယ်....ဒီနှစ်ရက်ပြည့်ပြီးတာနဲ့ သူကိုယ်တိုင်လာပြီးတော့ ကောင်းကင်နှလုံးသားလင်ဇီးကို ရိတ်သိမ်းလိမ့်မယ်"
ကျီးကန်းနက်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒီကောင်းကင်နှလုံးသားလင်ဇီးက နတ်ဆိုးဘုရင်အတွက် အရမ်းအရေးကြီးတယ်...မင်း ဒါကို သေချာစောင့်ကြပ်ပြီးတော့ ဒီနှစ်ရက်အတွင်းမှာ ဘာအမှားအယွင်းမှ ဖြစ်ခွင့်ပြုလို့မရဘူး"
"ဟုတ်ကဲ့ပါ သခင်ဟေးယု"
ကင်းခြေမျှားက ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုလေ၏။
"ကောင်းတယ်"
ထိုအခြင်းအရာကိုကြည့်ပြီး ကျီးကန်းနက်သည် စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်နှလုံးသားလင်ဇီးထံသို့ အမှတ်မထင် စောင်းငဲ့၍ကြည့်လိုက်မိသည်။
"ဂီး...."
သူ ကြည့်လိုက်မိသည်နှင့် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူ၏အမွှေးအတောင်များပင် ကျွတ်ကျသွားလုမတတ်ပင်။ သူတို့နှစ်ယောက် စကားစမြည်ပြောဆိုနေစဥ်မှာပင် လူသားတစ်ယောက်က ကောင်းကင်နှလုံးသားလင်ဇီးရှိနေသောနေရာသို့ တွယ်တက်နေလေပြီ။
"မြန်မြန်လေး...အဲ့ဒီသောက်ချေးလူသားကို ဟန့်တားစမ်း"
ကျီးကန်းနက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအသံကိုကြားချိန်တွင် ကင်းခြေမျှားသည်လည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ထို့နောက် ကင်းခြေမျှားသည် အလွန်အမင်းဒေါသထွက်သွားကာ မရေမတွက်နိုင်သောခြေထောက်များဖြင့် သစ်ပင်၏ပင်စည်ပေါ်၌တွယ်ကပ်ကာ ကောင်းကင်နှလုံးနှလုံး တရကြမ်းပြေးသွားခဲ့သည်။
ကျီးကန်းနက်သည်လည်း နောက်ချန်နေခဲ့ရန် ဆန္ဒမရှိချေ။ ပျံသန်းနိုင်သောသားရဲတစ်ကောင်ဖြစ်သဖြင့် သူသည် ကင်းခြေမျှားထက် ပို၍လျှင်မြန်သည်။ သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ သူ၏ချွန်ထက်သောနှုတ်သီးမှနေ၍ ကြည်လင်သောအေးစိမ့်မှုလှိုင်းများ ထွက်ပေါ်လာကာ လူသားထံသို့ တန်းတန်းမတ်မတ် တိုးဝင်လိုက်၏။
"ကောင်းလိုက်တဲ့ ပစ္စည်းလေး"
ရီဖုန်းသည် သူ့ရှေ့ရှိ ကောင်းကင်နှလုံးသားလင်ဇီးကို စစ်ဆေးပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ သူ ထိုအရာအား ခူးဆွတ်ခါနီးအချိန်မှာပင် သူ့ထံသို့ တိုးဝင်လာသော ကျီးကန်းနက်တစ်ကောင်ကို သတိပြုမိသွားသည်။
ရီဖုန်းသည် သူ၏ခေါင်းကိုတိမ်းစောင်းကာ လွယ်လင့်တကူ ရှောင်တိမ်းလိုက်၏။
"အမ်..."
ကျီးကန်းနက်ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဤလူသားသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သည့်တိုင် သူ၏တိုက်ခိုက်မှုကို အင်အားစိုက်ထုတ်မှုမရှိဘဲ ရှောင်တိမ်းနိုင်ခဲ့သလော။
အထူးသဖြင့် ထိုလူသား၏လက်သည် ကောင်းကင်နှလုံးသားလင်ဇီးထံသို့ ရောက်ရှိတော့မည်ကို မြင်တွေ့ချိန်၌ ကျီးကန်းနက် အလွန်ဒေါသထွက်သွားသည်။ သူ၏တောင်ပံများကို ကျယ်ပြန့်စွာဖြန့်ကျက်ကာ ကြီးမားသောနတ်ဆိုးစွမ်းအားများက ထိုတောင်ပံများ၌ သိပ်သည်းနေသည်။ သူ၏တောင်ပံကို တစ်ချက်ခတ်လိုက်ခြင်းနှင့်အတူ နတ်ဆိုးစွမ်းအားများသည် ရီဖုန်ထံဦးတည်၍ အဟုန်ပြင်းထန်စွာ ရွေ့လျားသွားတော့သည်။
"သောက်ရမ်းအနှောက်အယှက်ပေးတဲ့ ကျီးကန်းစုတ်ပဲ...ထွက်သွားစမ်း"
ရီဖုန်းသည် တဖျတ်ဖျတ်ပျံသန်းနေသော ကျီးကန်းနက်ကြောင့် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်သွားလေ၏။ သူ၏လက်ဝါးကိုဝှေ့ယမ်းကာ ထိုကျီးကန်းကို အဝေးသို့မောင်းထုတ်ရန် ကြိုးပမ်းလိုက်သည်။
"ဘာ.."
ရီဖုန်း၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကြီးမားသောနတ်ဆိုးစွမ်းအားများ လွင့်ပြယ်သွားသည်။ ကျီးကန်းနက်ထံတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပေ၏။
ဤသည်မှာ...
ခက်ခဲကြမ်းတမ်းသော ပြိုင်ဘက်ပင်။
ကျီးကန်းနက်သည် စတင်၍ အလေးအနက်ထားလိုက်သည်။ သို့ရာတွင် ဤလူသားသည် သူတို့၏မျက်လုံးရှေ့တွင် ကောင်းကင်နှလုံးသားလင်ဇီးကိုခူးဆွတ်ရန် ကြိုးပမ်းနေသဖြင့် သူတို့သည် မည်သည့်နည်းနှင့်မျှ သည်းမခံနိုင်ချေ။
သူ၏ခန္ဓာကိုယ် တောက်ပလာပြီး ထက်ရှသောဓားတစ်လက်အဖြစ်သို့ အသွင်ပြောင်းကာ တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအားများဖြင့် ရီဖုန်းထံသို့ တိုးဝင်လိုက်သည်။
"ဒီသောက်ချေးကျီးကန်းက ဘယ်နေရာကနေ ရောက်လာတာလဲ...စိတ်ကုန်စရာပဲ"
ရီဖုန်းသည် ကျီးကန်းနက်ကို မောင်းထုတ်ရသည်မှာ စိတ်ကုန်သွားလေပြီ။ သူသည် သူ၏နောက်ကျောမှ တူရွင်းငယ်တစ်ချောင်းကိုဆွဲထုတ်ကာ ထိုကျီးကန်းနက်ကို လွှဲရိုက်လိုက်၏။
"ဖြောင်း..."
တစ်ရာရာခိုင်နှုန်းတိကျစွာဖြင့် တူရွင်းသည် ကျီးကန်းနက်ကို ထိမှန်သွားကာ ချောက်ကမ်းပါးနံရံနှင့် ရိုက်ခတ်မိသည်အထိ လွင့်ထွက်သွားစေသည်။ ကျီးကန်းနက်၏အမွှေးအတောင်များ ပြုတ်ကျလာကာ သူသည် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိပြီး သေဆုံးသွားလေပြီ။
"အမ်...."
တွားသွားလာသည်မှာ လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီဖြစ်သော ကင်းခြေမျှားသည် ထိုမြင်ကွင်းကိုကြည့်ပြီး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။ သူသည် ထိတ်လန့်ကြောက်ရွံနေခြင်းကြောင့် သူ၏ခြေထောက်များ ကောက်ကွေးသွားကာ ကျောက်တုံးတစ်တုံးကိုပတ်၍ ရစ်ခွေလိုက်ပြီး သူ၏မရေမတွက်နိုင်သောခြေထောက်များဖြင့် သုတ်သုတ်ပျာပျာ ထွက်ပြေးခဲ့တော့သည်။
အထင်ကြီးလေးစားခံရသော သခင်ဟေးယုသည် တူရွင်းတစ်လက်ဖြင့် အမှန်တကယ် ရိုက်သတ်ခံလိုက်ရသလော...
ကင်းခြေမျှားငယ်တစ်ကောင်ဖြစ်သော သူသည် ဤလူသားကို မည်သည့်နည်းနှင့်မျှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
ဤလူသားသည် သာမာန်သေမျိုးတစ်ယောက်မဟုတ်ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ထို့ပြင် လူသားသည် ကောင်းကင်နှလုံးသားလင်ဇီးကို ယူဆောင်သွားလိုခြင်းဖြစ်ရာ သူ နတ်ဆိုးဧကရာဇ်ထံသို့ အလျှင်အမြန် သတင်းပို့ရပေမည်။
မကြာမီမှာပင် ကင်းခြေမျှားသည် တောင်နံရံရှိအက်ကွဲကြောင်းတစ်ခုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။ သူ အလွန်ပျာယာခတ်နေခြင်းကြောင့် သူ၏မရေမတွက်နိုင်သော ခြေထောက်များအနက်မှ နှစ်ချောင်းကျိုးသွားခဲ့သည်။
ကျီးကန်းနက်ကို ရိုက်သတ်ပြီးနောက် ရီဖုန်းသည် သူအလိုရှိနေသော ကောင်းကင်နှလုံးသားလင်ဇီးကို ရရှိခဲ့သဖြင့် ဤခရီး၏ရည်ရွယ်ချက်သုံးပုံတစ်ပုံ အောင်မြင်သွားလေပြီ။
"နောက်တစ်ခုက ရေဝိညာဥ်မြက်ပဲ...ဒါက ရေနဲ့နီးတဲ့နေရာတွေမှာ ရှိနေလိမ့်မယ်"
ရီဖုန်းသည် မြေပုံကိုစစ်ဆေးကာ နောက်ထပ်သူ၏ရည်မှန်းချက်တစ်ခုထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
Chapter 107
မှောင်မိုက်ပြီး မှုံမှိုင်းနေသော ရေအောက်လှိုဏ်ဂူအတွင်း၌...
ကြီးမားသောကင်းခြေမျှားတစ်ကောင်သည် ကျောက်နံရံများတလျှောက် တွားသွားလာပြီး လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာသည်။
လှိုဏ်ဂူ၏အလယ်တွင် ပျင်းရိငြီးငွေ့စွာလဲလျောင်းနေသော လိပ်အိုကြီးတစ်ကောင်ရှိနေသည်။
"နတ်ဆိုးဧကရာဇ်...နတ်ဆိုးဧကရာဇ်...သတင်းဆိုးပါတယ်....."
ကင်းခြေမျှားက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
"လူသားတစ်ယောက် ရောက်လာပြီးတော့ ကောင်းကင်နှလုံးသားလင်ဇီးကို ခိုးယူသွားတော့...ပြီးတော့ သူက သခင်ဟေးယုကိုလည်း တူရွင်းပြားနဲ့ တစစီဖြစ်သွားတဲ့အထိရိုက်သတ်လိုက်တယ်...ကျွန်တော်တောင် မနည်းထွက်ပြေးလာရပြီးတော့ ကျွန်တော်ရဲ့ခြေနှစ်ချောင်း ဆုံးရှုံးသွားခဲ့တယ်...ကျွန်တော်က အမြန်ပြန်ပြေးလာပြီးတော့ နတ်ဆိုးဧကရာဇ်ဆီ သတင်းလာပို့တာပါ"
"မင်း ဘာပြောလိုက်တာလဲ"
ထိုစကားကိုကြားချိန်တွင် ပျင်းရိစွာလဲလျောင်းနေသော လိပ်အိုကြီး ရုတ်တရက်ထလာသည်။ တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်တွင် မြင့်မားသောကြောက်မက်ဖွယ်လှိုင်းလုံးကြီးများ ရုတ်ချည်းကြွတက်လာကာ လေထုအတွင်းသို့ ဆယ်ပေကျော်မြင့်မားသည်အထိ ရေများပန်းထွက်သွားသည်။
"တစ်ယောက်ယောက်က ငါ့ရဲ့ကောင်းကင်နှလုံးသားလင်ဇီးကို ခိုးယူသွားတယ်လို့ မင်း ပြောလိုက်တာလား...အဲ့ဒါ ဘယ်သူလဲ...ဘယ်သူလဲဆိုတာ အတိအကျပြောစမ်း"
"ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး...သူက လူသားတစ်ယောက်ပဲ...အခုချိန်မှာ သူက ကောင်းကင်နှလုံးသားလင်ဇီးပင်နားမှာ ရှိနေသေးတယ်"
ကင်းခြေမျှားက ပျာပျာသလဲ ရှင်းပြလေ၏။
"သွားကြစို့...အဲ့ဒီကောင်ကိုရှာဖို့ ငါ့ကိုခေါ်သွားစမ်း...အဲ့ဒီ လူသားအစုတ်အပြတ်ကို ငါ သေချာပေါက်သတ်ပစ်မယ်"
လိပ်အိုကြီးထံမှ အကန့်အသတ်မရှိသော ဒေါသများထွက်ပေါ်လာကာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ကင်းခြေမျှားကလည်း သူ၏နောက်သို့ အလျှင်အမြန် ပြေးလိုက်သွားသည်။
...
"မြေပုံအရဆိုရင်တော့ ဒီနေရာမှာ ရေအောက်လှိုဏ်ဂူတစ်ဂူ ရှိပုံပဲ...အဲ့ဒီထဲမှာ ရေဝိညာဥ်မြက်တစ်ပင်တစ်လေများ ရှိနေမလားဆိုတာ ငါ သိချင်မိတယ်"
ရီဖုန်းသည် ချောင်းစွယ်တစ်ခုသို့ရောက်ရှိလာကာ ဤနေရာနှင့် မလှမ်းမကမ်းအကွာအဝေးတွင် ရေအောက်လှိုဏ်ဂူတစ်ဂူ ရှိနေပုံရသည်။
ချောင်းစွယ်တလျှောက် ဆန်တက်သွားခဲ့ရာ ရီဖုန်းသည် နောက်ဆုံး၌ လှိုဏ်ဂူဝင်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အတွင်းသို့ဝင်လိုက်သည်။
လှိုဏ်ဂူအတွင်း၌...
ချောက်ချားဖွယ်ကောင်းပြီး အတိတ်နိမိတ်မကောင်းသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။ သူသည် ရှေ့သို့ဆန့်တန်းလိုက်သောလက်ကိုပင် သူ မမြင်နိုင်ဘဲ အရာရာတိုင်း ပိန်းပိတ်သည်အထိ မှောင်မည်းနေသည်။ သူသည် အထက်ရှိလှိုဏ်ဂူနံရံများမှ အောက်သို့တစ်စက်စက်ကျနေသော ရေစက်ငယ်များကိုသာ သူ ခံစားမိပြီး သူ၏ပခုံးများပေါ်သို့ ကျရောက်လာကာ အေးစိမ့်မှုကို သယ်ဆောင်လာသည်။
ရီဖုန်းသည် တုန်ရီသွားပြီး သူ၏ရင်ဘတ်ကြားမှ မီးပုလဲကို ထုတ်ယူလိုက်၏။
မီးပုလဲ ထွက်ပေါ်လာသည်နှင့် လှိုဏ်ဂူတစ်ဂူလုံး လင်းထိန်သွားကာ ရီဖုန်းသည် နွေးထွေးမှုကို ခံစားမိသည်။
"အမ်..."
လှိုဏ်ဂူအတွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီးနောက် ရီဖုန်းသည် စိတ်ဝိညာဥ်မြက်၏အရိပ်အယောင်ကို မြင်တွေ့မိသဖြင့် အံ့အားသင့်သွားသည်။
"ငါ ဒီနေ့ တကယ်ကံကောင်းတာပဲ...ဒါပေမယ့် ဒါက နည်းနည်းတော့မြင့်တယ်...ငါ နည်းနည်းတော့ အင်အားစိုက်ထုတ်ရလိမ့်မယ်"
ရီဖုန်းသည် ခေါင်းညိတ်ကာ သူ၏နောက်ကျောရှိဝါးခြင်းတောင်းကို အောက်သို့ချလိုက်၏။ ထို့နောက် တူရွင်းငယ်လေးကိုကိုင်ကာ စိတ်ဝိညာဥ်မြက်ထံသို့ ဦးတည်၍ အထက်သို့တက်ခဲ့တော့သည်။
...
"လူသားတစ်ယောက်လား"
"ငါ့ကိုပြောစမ်း....အဲ့ဒီလူသား အခုဘယ်မှာလဲ"
ထိုအချိန်တွင် လိပ်အိုကြီးနှင့်ကင်းခြေမျှားတို့သည် ကောင်းကင်နှလုံးသားလင်ဇီးရှိခဲ့သောနေရာသို့ ရောက်ရှိသွားလေပြီ။ ကောင်းကင်နှလုံးသားလင်ဇီးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ချောက်နံရံအတွင်း၌ ကြေမွှပျက်စီးနေသော ဟေးယု၏ကြေမွှပျက်စီးနေသော အလောင်းမှလွဲ၍ တခြားမည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။
"ကျွန်တော်....ကျွန်တော်...နတ်ဆိုးဧကရာဇ်...ကျွန်တော် ထွက်လာတဲ့အချိန်မှာ သူ အဲ့ဒီနေရာမှာ ရှိနေတုန်းပဲ"
ကင်းခြေမျှားက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်၏။
"ဟမ်..."
"သောက်ချေးပဲ...နိမ့်ကျတဲ့လူသားတစ်ယောက်က တကယ့်ကိုပဲ ငါ နတ်ဆိုးဧကရာဇ်ပိုကူရဲ့ခေါင်းပေါ်ကို တက်နင်းဝံ့တာလား"
ဒေါသထွက်နေခြင်းကြောင့် ပိုကူ၏ခန္ဓာကိုယ်ကို အလင်းတန်းတစ်တန်းက ရုတ်ချည်းလွှမ်းခြုံသွားကာ ကျောပေါ်တွင် လိပ်ခွံကြီးတစ်ခုရှိနေသော အဖိုးအိုတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။ သို့ရာတွင် သူ၏မျက်နှာသည် ရုပ်ဆိုးအကျဥ်းတန်နေပြီး သူ၏မျက်နှာသွင်ပြင်များသည် အတူတကွပူးကပ်နေလေရာ သူ့အားတစ်ချက်ကြည့်မိရုံမျှဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံစေသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
"နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက် ဘယ်မှာလဲ"
သူ့ထံမှ နောက်ထပ်အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ ပိုကူ၏နံဘေးပတ်ဝန်းကျင်၌ နတ်ဆိုးလေပြင်းများ ချာလပတ်လည်၍တိုက်ခတ်သွားလေ၏။
ထို့နောက် ကျားသစ်ခေါင်းနှင့်လူတစ်ယောက် လေထုအတွင်းသို့ ခုန်တက်လာသည်။
ထိုကျားသစ်၏နောက်မှနေ၍ မျောက်နတ်ဆိုးဘုရင် ဝက်နတ်ဆိုးဘုရင် ဝံပုလွေနတ်ဆိုးဘုရင် လင်းယုန်နတ်ဆိုးဘုရင်နှင့် တခြားနတ်ဆိုးဘုရင်များအားလုံး အလျင်စလိုပြေးလာကာ ပိုကူ၏ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
"နတ်ဆိုးဧကရာဇ်....ကျွန်တော်တို့ကို ဆင့်ခေါ်တာ ဘာအတွက်လဲဆိုတာ မေးလို့ရမလား"
နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက်လုံး တညီတညွတ်တည်း မေးမြန်းလိုက်ကြ၏။
ပိုကူ၏မျက်နှာအမူအယာ သုန်မှုန်နေကာ သူက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
"လူသားတစ်ယောက်က ဒီတောင်ပေါ်ကို ရောက်လာတယ်...သူက ငါ့ရဲ့ကောင်းကင်နှလုံးသားလင်ဇီးကို ခူးဆွတ်သွားရုံတင်မကဘူး ဟေးယုကိုလည်း သတ်သွားတယ်....အဲ့ဒီလူသားရဲ့အရိပ်အယောင်ကို မင်းတို့လိုက်ရှာပြီးတော့ နာရီဝက်အတွင်းမှာ သူ့ကို ငါ့ရှေ့ကို ခေါ်လာရမယ်..ငါက သူ့ရဲ့အသွေးအသားတွေနဲ့ စားသောက်ပွဲကြီး ကျင်းပမယ်"
"အမိန့်အတိုင်းပါ နတ်ဆိုးဧကရာဇ်"
ထိုအမိန့်ကိုရရှိသည်နှင့် နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက်သည် နတ်ဆိုးလေပြင်းများအဖြစ် အသွင်ပြောင်းကာ အလျှင်အမြန် ထွက်ခွာသွားတော့သည်။
"နတ်ဆိုးဧကရာဇ်....ဒေါသမထွက်ပါနဲ့....ဒါက ကျွန်တော်တို့ရဲ့နယ်မြေပဲ...သူ အဝေးကြီးထိ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"
ကင်းခြေမျှားက အပြုံးနှင့် မျက်နှာလိုမျက်နှာရလုပ်လေသည်။ နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာခြင်းနှင့်အတူ သူသည်လည်း လူခေါင်းကင်းခြေမျှားအဖြစ်သို့ အသွင်ပြောင်းသွားသော်လည်း သူ၏မရေမတွက်နိုင်သော လက်များနှင့်ခြေထောက်များ ကျန်ရှိနေဆဲပင်။ သူက ခခယယပြောဆိုသည်။
"နတ်ဆိုးဧကရာဇ်...ဒီနေရာမှာစောင့်နေတုန်း ကျွန်တော်က အရှင့်ရဲ့ပခုံးတွေကို နှိပ်ပေးပါရစေ"
သူ စကားပြောဆိုနေရင်း သူ၏မြောက်မြားစွာသောလက်များကို ကျွမ်းကျင်စွာပူးပေါင်း၍ ပိုကူ၏ပခုံးကို နှိပ်နယ်ပေးလိုက်သည်။
"ဟမ့်...အသုံးမကျတဲ့ကောင် ...မင်း အသုံးဝင်တာ ဒီတစ်ခုပဲရှိတယ်...မဟုတ်လို့ကတော့ ကောင်းကင်နှလုံးသားလင်ဇီး ပျောက်သွားတဲ့အတွက် ငါ မင်းကို လင်းယုန်ဘုရင်ဆီ ကျွေးပြီးနေလောက်ပြီ"
ပိုကူက အေးစက်စက်လေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
"ဟုတ်ကဲ့...ဟုတ်ကဲ့...အရှင်ပြောတာ အမှန်ပါပဲ"
ကင်းခြေမျှားသည် သူ၏ချွေးများကိုသုတ်ကာ ပို၍ပြင်းထန်စွာ နှိပ်နယ်လိုက်သည်။
အချိန်နာရီဝက် ကြာမြင့်သွားပြီးနောက် နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက်သည် ပိုကူ၏ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ရာတွင် သူတို့အားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းနေကာ သူတို့သည် မြေပြင်ပေါ်၌ဒူးထောက်ပြီး အလျှင်အမြန် သတင်းပို့လိုက်ကြ၏။
"နတ်ဆိုးဧကရာဇ်...ကျွန်တော်တို့က တောတောင်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် အဲ့ဒီလူသားရဲ့အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ဘူး"
"မင်းတို့ ဘာပြောလိုက်တာလဲ"
ပိုကူက ရုတ်တရက် မတ်တတ်ထရပ်ကာ သူ၏ကြီးမားသောအရှိန်အဝါကြောင့် သူ့နောက်ရှိကင်းခြေမျှားကို လွင့်ထွက်သွားစေသည်။ သူ၏မှုန်ကုပ်ကုပ်မျက်လုံးတစ်စုံဖြင့် နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက်ကို စူးစိုက်ကြည့နေသဖြင့် ထိုသားရဲများအားလုံး စကားတစ်ခွန်းမျှ မဆိုဝံ့တော့ချေ။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ရှာဖွေတဲ့နယ်မြေအကျယ်အဝန်းကို ချဲ့ထွင်ရမယ်...အဲ့ဒီလူသားစုတ်ကို ရှာတွေ့မှရမယ်"
ပိုကူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဟုတ်ကဲ့"
နတ်ဆိုးဘုရင်ဆယ့်ရှစ်ယောက်သည် တဖန်ပြန်၍ ပျောက်ကွယ်သွားလေပြီ။
"နတ်ဆိုးဧကရာဇ်...ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ"
ကင်းခြေမျှားသည် ဖြည်းညှင်းစွာ ပြန်လည်တွားသွားလာကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"အဲ့ဒီလူသားစုတ်က ငါ့ရဲ့ကောင်းကင်နှလုံးသားလင်ဇီးကိုတောင် ခိုးယူဝံ့တယ်....ငါက အဲ့ဒီကောင်ကို အဆုံးသတ်ကောင်းနဲ့မကြုံရအောင် သေချာပေါက်လုပ်ပစ်မယ်"
ပိုကူက မှုန်တေတေအမူအယာနှင့် ပြောဆိုသည်။
"ဒါပေမယ့် ငါရဲ့အဆင့်ချိုးဖျက်မှုက နီးကပ်နေပြီ...ရေဝိညာဥ်မြက်မှာ ဘာမတော်တဆကိစ္စမှ ဖြစ်လို့မရဘူး...ငါက လှိုဏ်ဂူကိုအရင်ဆုံးပြန်ပြီးတော့ ရေဝိညာဥ်မြက်ကို စုပ်ယူရမယ်...အဲ့ဒါပြီးတာနဲ့ ငါကိုယ်တိုင် အဲ့ဒီလူသားစုတ်ကို ရင်ဆိုင်မယ်"
Chapter 108
အလင်းတန်းနှစ်တန်း ဖျတ်ခနဲထွက်ပေါ်လာပြီးနောက် နတ်ဆိုးနှစ်ကောင်သည် ရေအောက်လှိုဏ်ဂူ၏ပြင်ပသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ရေဝိညာဥ်မြက်က ရင့်မှည့်နေပြီ....ဘာသက်ရောက်မှုကိုမှ မခံနိုင်တော့ဘူး...မင်းနဲ့ငါက နတ်ဆိုးစွမ်းအားတွေကို ပေါင်းစည်းပြီးတော့ ငါတို့ရဲ့မူလပုံသဏ္ဍာန်တွေကို ပြောင်းလဲပြီးမှ လှိုဏ်ဂူထဲကို ဝင်ရမယ်"
ပိုကူက တည်ကြည်လေးနက်သောအမူအယာဖြင့် ကင်းခြေမျှားကို အမိန့်ပေးလိုက်သည်။
"ငါ ရေဝိညာဥ်မျက်ကို စုပ်ယူနေတဲ့အချိန်မှာ...မင်းက ဘေးကနေပြီးတော့ ငါ့ကိုကာကွယ်ပေးရမယ်...ငါ့ရဲ့တံခါးပိတ်ကျင့်ကြံမှု ပြီးဆုံးသွားရင် ငါတို့နှစ်ယောက် အဲ့ဒီလူသားစုတ်ကို အတူတူသွားရှာကြမယ်...တကယ်လို့ ငါတို့ သူကိုရှာမတွေ့ဘူးဆိုရင် ဒီတောတောင်ထဲမှာ ငါတို့မြင်တွေ့သမျှ လူသားတွေအားလုံးကို သတ်ဖြတ်ပြီးတော့ သူတို့ကို လူသားရုပ်သေးတွေအဖြစ် သန့်စင်မယ်"
"ဟုတ်ကဲ့ပါ အရှင်ပိုကူ"
ကင်းခြေမျှားက ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုသည်။
အလင်းတန်းများ ဖျတ်ခနဲတောက်ပသွားခြင်းနှင့်အတူ နတ်ဆိုးနှစ်ကောင်သည် သူတို့၏မူလပုံသဏ္ဍာန်ဖြစ်သော လိပ်တစ်ကောင်နှင့်ကင်းခြေမျှားတစ်ကောင်အဖြစ်သို့ ပြန်ရောက်သွားကာ တွားသွား၍ ဂူအတွင်းသို့ဝင်ခဲ့ကြသည်။
"ဖြည်းဖြည်းသွားစမ်း...မင်းရဲ့မြင့်မြတ်တဲ့အရှင်က မင်းရဲ့နောက်မှာရှိနေတုန်းပဲ"
တွားသွားနေစဥ်တွင် ပိုကူသည် ကင်းခြေမျှား သူ၏ရှေ့မှကြို၍ အလျှင်အမြန်သွားနေသည်ကို မြင်တွေ့မိသဖြင့် စိတ်မကျေမနပ်ဖြစ်သွားကာ အော်ဟစ်လိုက်၏။
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့ပါ အရှင်ပိုကူ...."
ပိုကူ၏ နှေးကွေးလေးကန်သောအရှိန်ကိုကြည့်ပြီး ကင်းခြေမျှားသည် သူ၏လျှာဖြင့်တောက်တစ်ချက်ခေါက်လိုက်သော်လည်း ထုတ်ဖော်မပြောဆိုဝံ့ချေ။ သူသည် ပိုကူ၏နောက်မှ ဖြည်းညှင်းစွာ တွားသွားလိုက်သည်။
"ရေဝိညာဥ်မြက်ကိုခူးဆွတ်ဖို့ ငါ အချိန်တော်တော် ယူလိုက်ရတာပဲ"
ရီဖုန်းသည် လတ်လတ်ဆတ်ဆတ်နှုတ်ယူထားသော ရေဝိညာဥ်မြက်ကို သူ၏ဝါးခြင်းတောင်းငယ်လေးအတွင်းသို့ ထည့်လိုက်၏။ ထို့နောက် သူ၏မျက်ခုံးမှ ချွေးများကိုသုတ်ကာ သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သွားသောအမူအယာမျိုး ထင်ဟပ်နေသည်။
တစ်ချိန်တည်းမှာပင် နောက်ဆုံး၌ တွားသွား၍ လှိုဏ်ဂူအတွင်းသို့ ရောက်ရှိလာသော ပိုကူနှင့်ကင်းခြေမျှားတို့သည် ထိုမြင်ကွင်းကို မြင်တွေ့သွားသည်။
"အဲ့ဒီနေရာမှာ ဘယ်သူလဲ"
"ဘယ်လိုကောင်စားမျိုးက ငါ့ရဲ့လှိုဏ်ဂူထဲကို ခိုးဝင်လာပြီးတော့ ငါ့ရဲ့ရေဝိညာဥ်မြက်ကို ခိုးယူဝံ့နဲ့အထိ အတင့်ရဲနေတာလဲ"
ပိုကူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားကာ သူသည် နေရာမှာပင်တောင့်တင်းပြီး ကြက်သေသေနေလေ၏။
တစ်ခုသိထားရသည်မှာ ဤနေရာသည် နတ်ဆိုးဧကရာဇ်ဖြစ်သော သူ၏နတ်ဆိုးလှိုဏ်ဂူဖြစ်သဖြင့် နတ်ဆိုးငယ်များသည် အတွင်းသို့ဝင်ရောက်၍ ခိုးယူရန်မဆိုထားနှင့် အနီးအနားသို့ပင် မချဥ်းကပ်ဝံ့ချေ။
ဤမျှထိ အတင့်ရဲသော တစ်စုံတစ်ယောက် ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"နတ်....နတ်ဆိုးဧကရာဇ်....သူက ကောင်းကင်နှလုံးသားလင်ဇီးကို ခိုးယူသွားတဲ့လူသားပဲ"
ကင်းခြေမျှားသည်လည်း တောင့်တင်းသွားကာ သူသည် ပိုကူကို စိုးရိမ်ပူပန်တကြီး အော်ပြောလိုက်သည်။
"ဘာ...."
ပိုကူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်မှနေ၍ အကန့်အသတ်မရှိသောဒေါသများ ထွက်ပေါ်လာသည်။
သူသည် ဤလူသားစုတ်ကို နေရာအနှံ့အပြား၌ ရှာဖွေစေခဲ့သည်။ သို့ရာတွင် ဤလူရမ်းကားသည် သူ၏လှိုဏ်ဂူအတွင်းသို့ ခိုးဝင်ကာ ရင့်မှည့်ခါစဖြစ်သော ရေဝိညာဥ်မြက်ကို ယူဆောင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
ခွင့်မလွှတ်နိုင်ချေ...
လွယ်လင့်တကူ ခွင့်မလွှတ်နိုင်သော ကိစ္စကြီးပင်....
"သေစမ်း"
မိုးထိလုမတတ်မြင့်မားသော ဒေါသများ ပွင့်အံ့ထွက်လာကာ သူ၏ခန္ဓာကိုယ်အတွင်းမှ သိပ်သည်းသောနတ်ဆိုးစွမ်းအားများ အရူးအမူး ထွက်ပေါ်လာပြီး သူသည် ရီဖုန်းကိုတိုက်ခိုက်ရန်အတွက် အသွင်ပြောင်းရန် ပြင်ဆင်လိုက်၏။
သို့ရာတွင် သူ အသွင်ပြောင်းလုဆဲဆဲအချိန်မှာပင် အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။
"အမ်...."
"တော်တော်ကြီးမားတဲ့ လိပ်ကြီးပဲ"
ထိုအသံနှင့်အတူယှဥ်တွဲ၍ ဆောင့်နင်းချလိုက်သော ခြေထောက်တစ်ဖက်က ပိုကူ၏အခွံပေါ်သို့ ကျရောက်လာသည်။
ဤခြေဆောင့်နင်းချက်သည် အသွင်ပြောင်းနေသော ပိုကူ၏စွမ်းအားများကို ရုတ်ချည်းပြန်လည်ရုတ်သိမ်းစေနိုင်ခဲ့သည်။ ဤသည်မှာ တောင်ပေါင်းတစ်သောင်း သူ၏ခေါင်းထက်သို့ ဖိစီးလာသည့်အလားပင်။ မြင့်မြတ်သော နတ်ဆိုးဧကရာဇ်ပိုကူသည် ဤခြေတစ်ဖက်အောက်တွင် တစ်လက်မမျှပင် ရွေ့လျားနိုင်ခြင်းမရှိချေ။
"ဒါက...."
"ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်"
ဆောင့်နင်းခံထားရသောခြေဖဝါးအောက်တွင် ပိုကူ၏မျက်လုံးပြူးကျယ်နေကာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
သို့ရာတွင် ဒေါသနှင့်အရှက်ရမှုသည် ထိတ်လန့်တုန်လှုပ်မှုထက် ပို၍ပြင်းထန်နေသည်။
သူကဲ့သို့ မြင့်မြတ်သောနတ်ဆိုးဧကရာဇ်တစ်ယောက်သည် လူသားစုတ်တစ်ယောက်၏ ခြေထောက်ဖြင့်နင်းခံထားရခြင်းကို မည်သည်ကြောင့် သူ သည်းခံနိုင်မည်နည်း။
"သေစမ်း"
"မင်း သေလိုက်တော့"
ပိုကူသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သံကုန်ဟစ်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသောနတ်ဆိုးစွမ်းအားများကို အရူးအမူးလှည့်ပတ်ကာ အားကုန်ရုန်းကန်၍ ထိုခြေထောက်အောက်မှ လွတ်မြောက်နိုင်ရန် တိုက်ခိုက်လိုက်၏။
"တော်တော်တက်ကြွတဲ့ လိပ်အိုကြီးပါလား...အမ်..."
သူ၏ခြေထောက်အောက်မှ မြင့်တက်လာသော ခွန်အားများကို ခံစားမိသဖြင့် ရီဖုန်းသည်လည်း ဒေါသထွက်သွားသည်။ သူသည် ဝါးခြင်းတောင်းကို သူ၏လက်ဖြင့်ကိုင်လိုက်ကာ လိပ်အိုကြီး၏ခေါင်းကိုချိန်ရွယ်၍ ရိုက်နှက်လိုက်သည်။
ဤရိုက်ချက်သည် ပိုကူအား ကြယ်များကိုမြင်တွေ့သည်အထိ မူးဝေသွားစေသည်။
သူ၏စိတ်နှလုံးသားအတွင်းရှိ မုန်းတီးမှုများသည် ဤရိုက်ချက်ကိုခံရပြီးနောက် ထိတ်လန့်ကြောက်ရွံမှုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
နတ်ဆိုးဧကရာဇ်ဖြစ်သော သူ၏ကြီးကျယ်ခမ်းနားသော နတ်ဆိုးစွမ်းအားများသည် ဤလူသား၏ရှေ့၌ လုံးလုံးလျားလျား အသုံးမဝင်ဖြစ်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ နတ်ဆိုးဧကရာဇ်ဖြစ်ခဲ့သည့် ကာလတလျှောက်လုံး ဤကဲ့သို့ထူးဆန်းပြီး မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
"ဖြစ်နိုင်တာတော့...."
အတွေးတစ်ခုက ရုတ်တရက် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ဖြစ်နိုင်သည်မှာ ဤလူသားသည် သိုင်းသူတော်စင် သို့မဟုတ် သိုင်းအင်ပါယာနယ်ပယ်သို့ ရောက်ရှိနေသော လူသားမျိုးနွယ်၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော....
ထိုသို့မဟုတ်ပါက မည်သည်ကြောင့် ထိုလူသားသည် နတ်ဆိုးဧကရာဇ်ပိုကူဟူသော သူ၏အခွင့်အာဏာကို လျစ်လျှုရှုကာ သူ၏လှိုဏ်ဂူအတွင်းသို့ ပြောင်ပြောင်တင်းတင်းဝင်ရောက်၍ ရေဝိညာဥ်မြက်ကို ခူးဆွတ်မည်နည်း....
ဟူး...
ထိုအကြောင်းကိုတွေးတောမိချိန်တွင် သူ ပင့်သက်မရှိုက်ဘဲ မနေနိုင်တော့ချေ။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက ဤလူသားသည် နတ်ဆိုးမျိုးနွယ်တွင် နတ်ဆိုးသူတော်စင် သို့မဟုတ် နတ်ဆိုးအင်ပါယာနှင့် တူညီသောအဆင့်မျိုးတွင် ရှိနေပေမည်။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် သူ ပိုကူထံ၌ မည်သည့်အခွင့်အရေးမျိုး ရှိနိုင်မည်နည်း.....
သူ မည်သည့်အရာအား ပြုလုပ်သင့်သနည်း....
ပိုကူ၏စိတ် ဖရိုဖရဲဖြစ်သွားသည်။ ဤသည်မှာ သူ နတ်ဆိုးဧကရာဇ် ဖြစ်လာစဥ်မှစ၍ အကြီးမားဆုံး ရင်ဆိုင်ရသည့် အကျပ်အတည်းပင်။
သူ တန်ပြန်တိုက်ခိုက်ရန်ကို ပြင်းပြင်းထန်ထန် တွေးတောနေခဲ့သော်လည်း မည်သည့်အကြံဥာဏ်မျိုးမျှ ထွက်ပေါ်မလာချေ။
ထိုအချိန်မှာပင် ရီဖုန်း၏အကြည့်က နံဘေးရှိကင်းခြေမျှားထံသို့ ကျရောက်သွားသည်။
"ဒီနေရာမှာ ခုလောက်ထိကြီးမားတဲ့ ကင်းခြေမျှားတစ်ကောင်လည်း တကယ်ကြီးရှိနေပါလား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ကင်းခြေမျှားများသည် ရွံရှာဖွယ်ကောင်းလှ၏။
ကင်းခြေမျှားသည် သူ၏စကားကြောင့် ကြောက်ရွံသွားသည်။ ဤလူသား မည်မျှထိ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးလေပြီ။ ပထမဆုံး ဤလူသားသည် ကျီးကန်းနက်ကို တူရွင်းရိုက်ချက်တစ်ချက်ဖြင့် တစစီဖြစ်သွားစေခဲ့ကာ ယခုချိန်တွင် နတ်ဆိုးဧကရာဇ်ကို သူ၏ခြေထောက်ဖြင့် တက်နင်းထားသည်။ ဤကဲ့သို့ ခွန်အားမျိုးရှိသော လူသားကို သူ တိုက်ခိုက်ရန် အနည်းငယ်မျှပင် ရည်ရွယ်မထားချေ။
ထို့ကြောင့် နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ၏ဗိုက်သားကိုလှန်ပြီး မြေပြင်ပေါ်၌ မလှုပ်မယှက်လဲလျောင်းလိုက်သည်။
"သေချင်ယောင်ဆောင်တာလား..."
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုကူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
'ကောင်းလိုက်တဲ့ လုပ်ရပ်...ညလေညှင်းကင်းခြေမျှား..မင်းက ငါ ဒုက္ခတွေ့နေတဲ့အချိန်မှာ ငါ့ကိုလာပြီးကာကွယ်မပေးရုံတင်မကဘူး...မင်းက ငါ့ရှေ့မှာတောင် ပြောင်ပြောင်တင်းတင်း သေချင်ယောင်ဆောင်ဝံ့တယ်...ငါ အရမ်းဒေါသထွက်နေပြီ'
သို့ရာတွင် ဤသည်မှာ ပိုကူကိုလည်း အကြံတစ်ခု ရရှိသွားစေသည်။
အချိန်တခဏခန့် တွေတွေတုံ့ဆိုင်းနေပြီးနောက် သူသည် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချ၍ အံ့ကြိတ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးကိုစုံမှိတ်ကာ အက်ကွဲသံတစ်သံနှင့်အတူ မြေပြင်ပေါ်သို့ မလှုပ်မယှက် ပြိုလဲကျသွားတော့သည်။
မြင့်မြတ်သော နတ်ဆိုးဧကရာဇ်အတွက် သေချင်ယောင်ဆောင်ရသည်မှာ အလွန်အရှက်ရစရာကိစ္စဖြစ်သော်လည်း အကယ်၍ သူသည် ဤလူသား၏ဖမ်းဆီးထားမှုအောက်မှ လွတ်မြောက်ပြီး သူ၏အသက်ကိုထိန်းသိမ်းလိုပါက တခြားရွေးချယ်စရာနည်းလမ်း မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် တခြားသက်သေများလည်း ရှိမနေပေ။
Chapter 109
ရီဖုန်းသည် ကင်းခြေမျှားကို သူ၏တူရွင်းဖြင့် တို့ထိလိုက်သည်။
"ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြီးတဲ့ကင်းခြေမျှားက ရုတ်တရက်ကြီး သေဆုံးသွားတာလဲ"
ရီဖုန်းက ဇဝေဇဝါဖြစ်သွားသည်။ အစပထမ၌ သူသည် ထိုကင်းခြေမျှားကို တူရွင်းဖြင့် ရိုက်သတ်လိုခဲ့သည်။ သို့ရာတွင် ထိုသတ္တဝါသည် ရွံရှာဖွယ်ကောင်းသည်အား သူ တွေးတောမိစဥ်တွင် သူ ကင်းခြေမျှားကို ထပ်မံ၍ မနှောက်ယှက်တော့ချေ။
ထို့နောက် ရီဖုန်းက လိပ်အိုကြီး၏အနီးသို့ လျှောက်လှမ်းသွားလေသည်။
ရီဖုန်း၏ခြေသံကိုကြားချိန်တွင် ပိုကူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သို့ရာတွင် ညလေညှင်းကင်းခြေမျှားသည် သေချင်ယောင်ဆောင်ပြီးနောက် လွတ်မြောက်သွားသည်ကို တွေးတောမိချိန်တွင် သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ဒီလိပ်ကြီးကလည်း သေသွားပြီလား"
ရီဖုန်းသည် ခြေထောက်နှင့်တစ်ချက် ကန်ကြည့်ပြီးနောက် ထိုလိပ်အိုကြီးသည် အက်ကွဲကာ သေဆုံးသွားပြီဟု သူ တွေးထင်မိသည်။
ထိုစကားကိုကြားချိန်တွင် ပိုကူက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ အကယ်၍ သူသည် မလှုပ်မယှက်နေနေပါက မကြာမီမှာပင် လွတ်မြောက်သွားနိုင်ပေမည်။
"ဒီလိပ်အိုကြီးက အရမ်းကောင်းတဲ့အားဆေးပဲ...ငါ ပြန်ရောက်တာနဲ့ ဒါကိုစွပ်ပြုတ်လုပ်လိုက်ရင် ငါ့တပည့်လေးအတွက် အကောင်းဆုံးဖြည့်စွက်စာ ဖြစ်သွားလိမ့်မယ်"
ထိုစကားများသည် ပိုကူ၏စိတ်နှလုံးသားကို မိုးကြိုးဖြင့် ရိုက်ခတ်လိုက်သည့်အလားပင်။
နတ်ဆိုးဧကရာဇ်ဖြစ်သော သူသည် စွပ်ပြုတ်ဘဝသို့ ပြောင်းလဲရတော့မည်လော....
ထိုထိုးနှက်ချက်ကို တောင့်မခံနိုင်တော့သဖြင့် ပိုကူသည် အလွန်ဒေါသထွက်နေဆဲမှာပင် ပြင်းထန်သောရိုက်ချက်တစ်ချက် ကျရောက်လာကာ သူ၏မျက်လုံးများ မှောင်မည်းပြီး သတိလစ်မေ့မျောသွားတော့သည်။
မီးပုလဲမှအလင်းရောင်ကို အသုံးပြု၍ ရီဖုန်းသည် အနီးရှိရေများအတွင်းမှ ရေနွယ်ပင်တချို့ကို ဆွဲယူကာ မြက်ကြိုးအဖြစ်ကျစ်လိုက်၏။ ထို့နောက် သူသည် လိပ်အိုကြီးကို တင်းတင်းကြပ်ကြပ်ချည်နှောင်ကာ သူ၏လက်ဖြင့် ကောက်ယူလိုက်သည်။
လိပ်အိုကြီးကို သူ၏လက်အတွင်း၌ ချိန်ဆကြည့်ပြီးနောက် ရီဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လေသည်။
"ဒီလိပ်အိုကြီးက ဂျင်တော်တော်များများလေးတယ်..ငါ့တပည့်လေး တစ်ယောက်တည်းနဲ့ ဒါကိုကုန်အောင်စားနိုင်မှာမဟုတ်ဘူး...ငါက လုအိုကြီးဝူ...အဖိုးအိုချင်ရှန်းနဲ့ တခြားသူတွေကိုလည်း ဖြည့်စွက်စာအတူစားဖို့ တစ်ရက်လောက်ခေါ်ရမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက သူ၏မြေပုံကို တဖန်ပြန်၍ ထုတ်ကြည့်လိုက်သည်။
"တိမ်လမ်းကြောင်းပန်းပွင့်"
"ဒီဆေးပင်ကို ရှာရတာ လွယ်မှာမဟုတ်ဘူး...ငါက ကံကြမ္မာကိုမှီခိုပြီးတော့ နေရာအနှံ့မှာ ရှာဖွေရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဝါးခြင်းတောင်းကို သူ၏နောက်ကျော၌ပြန်လွယ်ကာ လက်တစ်ဖက်ဖြင့်လိပ်အိုကြီးကိုကိုင်၍ ရေအောက်လှိုဏ်ဂူအတွင်းမှ ပြန်ထွက်ခဲ့တော့သည်။
ရီဖုန်း ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ညလေညှင်းကင်းခြေမျှားသည် တစ်ချက်ပြန်မှောက်ပြီး တွားသွားလိုက်၏။ သူ၏မျက်နှာပေါ်တွင် အကြောက်တရားများ လွှမ်းခြုံနေကာ သူ၏မျက်လုံးများအတွင်း၌ ကြီးမားသောတုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးဧကရာဇ်၏ ဆိုးရွားသောအခြေအနေကို ပြန်လည်အမှတ်ရသွားသဖြင့် သူ ဤနေရာ၌ ဆက်၍မနေဝံ့တော့ချေ။ သူသည် ထိတ်လန့်တကြားဖြင့် လှိုဏ်ဂူအတွင်းမှ တွားသွားထွက်လိုက်ရာ သူ အလျင်လိုနေမှုကြောင့် သူ၏ခြေထောက်နှစ်ချောင်း ထပ်မံ၍ကျိုးပဲ့သွားသည်။ သို့ရာတွင် သူသည် ရပ်တန့်ဝံ့ခြင်းမရှိဘဲ တောင်ပေါ်သို့ တွားသွား၍တက်လိုက်၏။
"မြန်မြန်လာကြအုံး...ငါတို့ ဒုက္ခအကြီးအကျယ်တွေ့နေပြီ"
"အားလုံးပဲ ဒီနေရာကို ထွက်လာခဲ့ကြအုံး...နတ်ဆိုးဧကရာဇ်ပိုကူကို စွပ်ပြုတ်လုပ်ခံရတော့မယ်"
သူသည် သွေးရူးသွေးတန်းအော်ဟစ်ကာ အနီးပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို အကြောင်းကြားလိုက်သည်။
ဤကြီးမားသောဖြစ်ရပ်သည် တောတောင်အတွင်းရှိ နတ်ဆိုးကြီးကြီးငယ်ငယ်ဟူသမျှကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိုသတင်းကိုကြားပြီးနောက် နတ်ဆိုးဘုရင်ဆယ့်ရှစ်ကောင်သည် တရကြမ်းပြေးလာကာ မှောင်မိုက်နေသော လျှိုမြောင်တစ်ခုအတွင်း၌ စုဝေးလိုက်ကြ၏။
"ညလေညှင်းကင်းခြေမျှား...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ တိတိကျကျပြောစမ်း"
လင်းယုန်ဘုရင်သည် စူးရှရှမျက်လုံးတစ်စုံဖြင့် ညလေညှင်းကင်းခြေမျှားကို စူးစိုက်ကြည့်ကာ မေးမြန်းသည်။
"နတ်ဆိုးဘုရင်တို့...မင်းတို့ နည်းလမ်းတစ်ခုကို သေချာစဥ်းစားမှရမယ်...အဲ့ဒီလူသားက အလွယ်ပြောရရင် အရမ်းရက်စက်ကြမ်းတမ်းတယ်"
ညလေညှင်းကင်းခြေမျှားသည် သနားစရာကောင်းလောက်အောင် အော်ဟစ်ငိုယိုကာ ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီလူသားက နတ်ဆိုးဧကရာဇ်ရဲ့လှိုဏ်ဂူထဲကို ကျူးကျော်ဝင်ရောက်လာတယ်...သူက ရေဝိညာဥ်မြက်ကို ဆွဲနှုတ်သွားရုံတင်မကဘူး..မဟာနတ်ဆိုးဘုရင်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်...သူ ပြောတာကတော့ နတ်ဆိုးဧကရာဇ်ကို စွပ်ပြုတ်လုပ်ပစ်မယ်တဲ့...ငါက သူနဲ့ တိုက်ကွက်သုံးရာလောက် တိုက်ခိုက်ခဲ့ပေမယ့် တန်ကြေးအနေနဲ့ ငါ့ရဲ့ခြေနှစ်ချောင်းကို ပေးဆပ်ခဲ့ရတယ်...နတ်ဆိုးဧကရာဇ်ကို ကယ်တင်ဖို့ ငါ့မှာအစွမ်းအစမရှိတာကို ငါ သိတာကြောင့် ရွေးချယ်စရာမရှိတော့တာနဲ့ ငါ ပြန်ပြေးလာပြီးတော့ မင်းတို့ဆီကို အကြောင်းကြားလိုက်တာပဲ"
"ဟမ့်...အဓိပ္ပါယ်မရှိတာတွေကို ကြွားလုံးထုတ်နေပြန်ပြီ"
ကျားသစ်နတ်ဆိုးဘုရင်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ထွက်လာကာ ညလေညှင်းကင်းခြေမျှားကို စူးစိုက်ကြည့်ပြီး လေသံပြင်းပြင်းနှင့် ပြောဆိုသည်။
"နတ်ဆိုးဧကရာဇ်တောင် အဲ့ဒီလူသားရဲ့ဖမ်းဆီးတာကို ခံရမှတော့ မင်းလို ကင်းခြေမျှားလေးတစ်ကောင်က...ဘယ်လိုလုပ်ပြီးတော့ သူနဲ့ တိုက်ကွက်သုံးရာကျော် တိုက်ခိုက်နိုင်မှာလဲ"
ကျားသစ်နတ်ဆိုးဘုရင်၏ မယုံသင်္ကာစကားကိုကြားချိန်တွင် တခြားနတ်ဆိုးဘုရင်များ၏ သံသယအကြည့်များက ညလေညှင်းကင်းခြေမျှားထံသို့ ချက်ချင်းကျရောက်လာသည်။
"ဒါက လုံးဝအမှန်ပဲ"
ညလေညှင်းကင်းခြေမျှားက အလျှင်အမြန် ရှင်းပြလေ၏။
"ငါ သူနဲ့ တိုက်ကွက်သုံးရာကျော် တိုက်ခိုက်နိုင်ခဲ့တဲ့ အကြောင်းအရင်းက.....နတ်ဆိုးဧကရာဇ်နဲ့သူ တိုက်ခိုက်ပြီးတဲ့အချိန်မှာ သူ့ရဲ့ခွန်အားတွေ လျော့ပါးသွားတာကြောင့် သူ့မှာ ခွန်အားမကျန်သလောက်နီးပါးပဲ"
ဤအချက်ကိုပြောဆိုနေချိန်တွင် ညလေညှင်းကင်းခြေမျှား၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် စိုစွတ်နေသည်။ သူ၏မျက်နှာပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူက ပြောဆိုသည်။
"အစကတော့ ငါက နတ်ဆိုးဧကရာဇ်ကို ကယ်တင်နိုင်မယ်လို့ တွေးထင်ခဲ့တာ...ဒါပေမယ့် အဆုံးသတ်ကျတော့ ငါက ခွန်အားအကန့်အသတ်ရှိတဲ့ ကင်းခြေမျှားတစ်ကောင်ပဲ...ဒါက ငါ့ရဲ့အပြစ်ပါ...အရာအားလုံး ငါ့ရဲ့အပြစ်တွေပါ....ငါ တကယ်ကို အသုံးမကျဘူး"
ထိုမြင်ကွင်းကိုကြည့်ပြီး လင်းယုန်နတ်ဆိုးဘုရင်နှင့် တခြားနတ်ဆိုးဘုရင်များအားလုံး စိတ်မကောင်းဖြစ်သွားသည်။
သူတို့သည် ညလေညှင်းကင်းခြေမျှားကို မှားယွင်း၍ပြောဆိုမိကြောင်း သိရှိသွားသဖြင့် ရှေ့သို့အလျှင်အမြန်တိုးလာကာ သူ၏ပခုံးကိုပုတ်၍ နှစ်သိမ့်အားပေးလိုက်သည်။
"ညလေညှင်းကင်းခြေမျှား....ခုဏက ငါတို့စကားတွေ အရမ်းလွန်သွားတယ်...ဒါကို စိတ်ထဲမထားပါနဲ့...မင်း အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ငါတို့အားလုံး သိပါတယ်"
"ဒါက အမှန်ပဲ...မင်း နတ်ဆိုးဧကရာဇ်ကို ကယ်ဖို့အတွက် အင်အားစိုက်ထုတ်ခဲ့တယ်ဆိုတာ ငါတို့အားလုံး မြင်နိုင်ပါတယ်"
ကျားသစ်နတ်ဆိုးဘုရင်က နှစ်သိမ့်စကားပြောဆိုကာ
"မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့ အရင်ဆုံး အာရုံစိုက်သင့်တယ်....နတ်ဆိုးဧကရာဇ်ကို ကယ်တဲ့ကိစ္စကို ငါတို့နဲ့လွှဲထားလိုက်ပါ"
"ဘယ်လို....ငါ ဘယ်လိုလုပ်ပြီးတော့...."
ညလေညှင်းကင်းခြေမျှားသည် သူ၏မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှက်ရွံစွာဖြင့် ပြောဆိုသည်။
"ငါ တတ်နိုင်သလောက် လုပ်ပြီးသွားပြီ...အခုချိန်ကနေစပြီးတော့ ငါ ကောင်းကောင်းအနားယူတော့မယ်"
"မင်း တတ်နိုင်သလောက် အင်အားစိုက်ထုတ်ပြီးပြီပဲ...အခု မင်း ပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်တော့"
မျောက်နတ်ဆိုးဘုရင်က ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တခြားနတ်ဆိုးဘုရင်များကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"ကောင်းပြီလေ....နတ်ဆိုးဘုရင်တို့...ဒါဆိုရင်လည်း ငါ ဒီမှာဆက်မနေတော့ဘူး...အရင်ဆုံး ငါ ပြန်သွားပြီးတော့ ငါ့ရဲ့ဒဏ်ရာတွေကို ရက်နည်းနည်းလောက် ကုသလိုက်အုံးမယ်...ငါ့ရဲ့ဒဏ်ရာတွေ အကုန်ပြန်ကောင်းသွားတဲ့အချိန်ကျရင် မင်းတို့ကို ကူညီပေးပါ့မယ်"
ညလေညှင်းကင်းခြေမျှားသည် စိတ်ခံစားချက်အပြည့်နှင့်ပြောဆိုကာ သူ၏မူလပုံသဏ္ဍာန်သို့ ပြန်လည်ပြောင်းလဲပြီး လျှိုမြောင်အတွင်းမှ ဖြည်းညှင်းစွာ တွားသွား၍ ထွက်ခဲ့တော့သည်။
လျှိုမြောင်အတွင်းမှ တွားသွားထွက်လာပြီးနောက် သူသည် မြေတောင်ပူစာတစ်ခုဆီသို့ ချက်ချင်းပြေးသွားကာ ရတနာများကို တူးထုတ်လိုက်သည်။ ထို့နောက် သူသည် နောက်သို့တစ်ချက်ပြန်လှည့်ကြည့်ခြင်းမပြုဘဲ တောင်တန်း၏ပရဝုဏ်မှ ဝေးရာသို့ အလျှင်အမြန် တွားသွား၍ထွက်ခွာခဲ့တော့သည်။
Chapter 110
"ရောင်းရင်းတို့...နတ်ဆိုးဧကရာဇ် ဖမ်းခံရတာက အရမ်းအရေးကြီးတယ်...ငါတို့အားလုံး အတူပေါင်းစဥ်းစားပြီးတော့ အစီအစဥ်တစ်ခု ဆွဲကြရမယ်"
ကျားသစ်နတ်ဆိုးဘုရင်သည် အလယ်မှနေ၍ မတ်တတ်ထရပ်ကာ ဦးဆောင်ပြီး ပြောဆိုလိုက်သည်။
"ညလေညှင်းကင်းခြေမျှားဆီက ရတဲ့သတင်းအချက်အလက်တွေကို အခြေခံကြည့်ရင်...အဲ့ဒီလူသားရဲ့ခွန်အားက နတ်ဆိုးဧကရာဇ်ထက် ပိုပြီးကြီးမားတယ်...ဒါပေမယ့် အများကြီးကွာဟနေတာတော့ မဖြစ်နိုင်ဘူး"
လင်းယုန်နတ်ဆိုးဘုရင်က စဥ်းစားတွေးတောလိုက်၏။
"မဟုတ်ရင် ညလေညှင်းကင်းခြေမျှားက သူနဲ့တိုက်ကွက်သုံးရာကျော်လောက် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"
"အမှန်ပဲ....လင်းယုန်ဘုရင်ပြောတာ အဓိပ္ပါယ်ရှိတယ်"
မျောက်ဘုရင်က ထောက်ခံပြောဆိုသည်။
"ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင်...အဲ့ဒီလူသားရဲ့ခွန်အားက ငါတို့ကိုင်တွယ်နိုင်တာထက် ကျော်လွန်နေတယ်...ဒါ့ထက် သူက အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီးတော့ နတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးပြီးမှ ဘာလို့ သူ့ကို စွပ်ပြုတ်လုပ်ပစ်ချင်နေတယ်ဆိုတာ ငါ သိချင်မိတယ်...."
တခြားနတ်ဆိုးဘုရင်များသည် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြကာ ထိုလူသား၏ ရည်ရွယ်ချက်ကို သိရှိလိုကြသည်။
အချိန်တစ်ခုကြာသည်အထိ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
နောက်ဆုံး၌ ဝက်ဘုရင်က ရှေ့သို့ထွက်ကာ ပြောဆိုလေ၏။
"နတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးပြီးတော့ စွပ်ပြုတ်လုပ်မယ်လို့ ခြိမ်းခြောက်တာက....သူ ငါတို့ကို ရန်စစော်ကားလိုက်တယ်ဆိုတာ အသိသာကြီးပဲ...လူသားတွေက ငါတို့နတ်ဆိုးတွေကို မုန်းတီးတာ အလေ့အထတစ်ခုလိုဖြစ်နေပြီ...သူ့ရဲ့လှုပ်ရှားမှုတွေက ငါတို့ကို ရန်စစော်ကားနေတာဖြစ်ဖို့များတယ် ဒါမှမဟုတ် ဒီတောင်ပေါ်က နတ်ဆိုးတွေအားလုံးကို စစ်ကြေငြာလိုက်တာတောင် ဖြစ်နိုင်တယ်"
"အမြင်ကောင်းပဲ...ဒါပေမယ့် သူ ဒီနေရာကိုရောက်လာတာ လက်စားလာချေတာလည်း ဖြစ်နိုင်တယ်"
သမင်နတ်ဆိုးဘုရင်က ရုတ်တရက် ကြားဖြတ်ပြောဆိုသည်။
"ငါတို့တွေက တောတောင်တွေကြားမှာ သွားလာနေတဲ့ လူသားတွေကို စားခဲ့ဖူးတယ်...နတ်ဆိုးဧကရာဇ်က နှစ်တွေအများကြီး အသက်ရှင်လာခဲ့တာ...သူက အဲ့ဒီလူသားရဲ့ ဂျူနီယာ ဒါမှမဟုတ် တပည့်တစ်ယောက်ကို စားမိတာလည်းဖြစ်နိုင်တယ်"
"သမင်ဘုရင်ပြောတာ အဓိပ္ပါယ်ရှိတယ်"
မျောက်ဘုရင်က ပြောဆိုလိုက်သည်။
"လူသားတွေက 'မျက်လုံးတစ်လုံးအတွက်တစ်လုံး'ဆိုတဲ့စည်းမျဥ်းကို အမြဲတမ်းလိုက်နာကျင့်သုံးတယ်....ဒါက နတ်ဆိုးဧကရာဇ်ကို စွပ်ပြုတ်ချက်သောက်မယ်ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်နဲ့လည်း သဟဇာတဖြစ်တယ်"
"မင်းတို့ခန့်မှန်းတဲ့ အကြောင်းအရင်းနှစ်ခုက ဖြစ်နိုင်ချေရှိတယ်"
ကျားသစ်ဘုရင်က ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်...ငါတို့ချည်းသက်သက်နဲ့ နတ်ဆိုးဧကရာဇ်ကို ကယ်တင်ဖို့ အရည်အချင်းမရှိဘူး...ဒါကြောင့် ငါတို့က တိကျတဲ့အစီအစဥ်တစ်ခုကို လုပ်ရလိမ့်မယ်"
"သူ့ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်....ငါ့အထင်တော့ ဒီလူသားရဲ့လုပ်ဆောင်ချက်တွေက မူတောင်ရဲ့နတ်ဆိုးတွေအားလုံးကို စစ်ကြေငြာခဲ့တာပဲ"
လင်းယုန်ဘုရင်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"လူသားတွေက ငါတို့နတ်ဆိုးတွေရဲ့ ဘုံရန်သူပဲ...သူ့ရဲ့ရန်စစော်ကားမှုကြောင့် ငါတို့မှာ လုံလောက်တဲ့အကြောင်းပြချက် ရသွားပြီ...ငါတို့က ဒီကိစ္စကို တခြားနယ်မြေတွေမှာရှိတဲ့နတ်ဆိုးဧကရာဇ်တွေဆီ သတင်းပို့ပြီးတော့ အကူအညီတောင်းခံရမယ်"
"ငါ သဘောတူတယ်"
"ငါလည်း သဘောတူတယ်"
"ငါတို့နယ်မြေတွေရဲ့ကြားမှာ တစ်ခါတစ်ရံ ပဋိပက္ခတွေရှိပေမယ့် ဘုံရန်သူနဲ့ဆိုးရွားတဲ့တရားမမျှတမှုကို ရင်ဆိုင်ရမယ့်အချိန်မှာ...တခြားနတ်ဆိုးဧကရာဇ်တွေက သူတို့ကြားမှာရှိတဲ့ သဘောထားကွဲလွဲမှုတွေကို ယာယီဘေးဖယ်ထားမယ်လို့ ငါ ပြောနိုင်တယ်"
တခြားနတ်ဆိုးဘုရင်များသည်လည်း ဤအချိန်အခိုက်အတန့်တွင် ခေါင်းညိတ်လိုက်ကြသည်။
အစီအစဥ်တစ်ခုရရှိပြီးနောက် နတ်ဆိုးဘုရင်ဆယ့်ရှစ်ကောင်သည် အလင်းတန်းများအဖြစ်ပြောင်းလဲကာ ပြေးထွက်ခဲ့ကြတော့သည်။
တစ်ရက်အတွင်းမှာပင် နတ်ဆိုးဘုရင်ဆယ့်ရှစ်ကောင်သည် မူတောင်ရှိ တခြားနယ်မြေများမှ နတ်ဆိုးဧကရာဇ်များကို ဆက်သွယ်လိုက်၏။
တိကျသေချာစွာပင် လူသားဘုံရန်သူနှင့်ရင်ဆိုင်ရချိန်တွင် တခြားနတ်ဆိုးဧကရာဇ်များသည် သူတို့၏သာမာန်ရန်ငြိုးရန်စများကို ဘေးချိတ်ကာ ကူညီခဲ့ကြသည်။
နတ်ဆိုးဧကရာဇ်များထံမှ အမိန့်တစ်ခုနှင့်အတူ မူတောင်ရှိနတ်ဆိုးများအားလုံး အတူတကွပေါင်းစည်းပြီး သတ်မိန့်တစ်ခုကို ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုသတ်မိန့်ထွက်ပေါ်လာသည်နှင့် မူတောင်တစ်တောင်လုံး ကြီးမားသောမြေငလျှင်လှုပ်သည့်အလား တုန်ခါသွားသည်။ မရေမတွက်နိုင်သော သာမာန်တိရစ္ဆာန်များသည် ထိတ်လန့်တကြားဖြစ်သွားကာ သာမာန်အချိန်များတွင် ပုန်းအောင်းနေလေ့ရှိသော နတ်ဆိုးများသည်လည်း တောတောင်များအကြားမှ ထွက်ပေါ်လာသည်။
မူတောင်ပရဝုဏ်အတွင်း၌....
"တိမ်လမ်းကြောင်းပန်းပွင့်က တကယ့်ကို ရှာရခက်တာပါလား"
ရီဖုန်းသည် ဝါးခြင်းတောင်းငယ်ကို နောက်ကျော၌လွယ်ထားပြီး လိပ်အိုကြီးကိုလက်တစ်ဖက်နှင့်ကိုင်ကာ ဆက်လက်၍ လျှောက်လှမ်းနေသည်။
"ပြီးတော့ ကြည့်ရတာ ငါ လမ်းပျောက်နေတဲ့ပုံပဲ"
ရီဖုန်း၏မျက်နှာ သုန်မှုန်သွားကာ ဒေါသတကြီးဖြင့် သူ၏လက်အတွင်းရှိ မြေပုံကိုကြည့်လိုက်၏။ သူသည် ဤတောတောင်အတွင်း၌ လှည့်လည်သွားလာနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူ ထွက်လမ်းရှာမတွေ့ချေ။ ထို့ကြောင့် သူ ကူကယ်ရာမဲ့စွာ ကျိန်ဆဲလိုက်သည်။
"သောက်ချေးပဲ...ကလိမ်ကကျစ်ကုန်သည်...ငါ့ကို မြေပုံတုကြီး ပေးလိုက်တယ်...မင်း သားမွေးရင် ဥပါမလာပါစေနဲ့လို့ ငါ ကျိန်ဆိုတယ်"
"အမ်..."
"ရှေ့မှာ လူတွေရှိနေပုံပဲ"
ရီဖုန်းသည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိတော့ချိန်တွင် ရှေ့ရှိတောင်ခါးပန်း၌ လူအမြောက်အများ စုဝေးနေသည်ကို သူ တွေ့မြင်မိသည်။ သူ၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
"သူတို့က ဘာလုပ်နေကြတာလဲမသိဘူး...ဒါပေမယ့် ဒီနေရာကနေ ထွက်နိုင်မယ့်လမ်းကို သူတို့ သိနိုင်လောက်တယ်"
ရီဖုန်းသည် လိပ်အိုကြီးကိုသယ်ဆောင်၍ ထိုလူများထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်၏။
"ရပ်လိုက်စမ်း....ဘယ်သူလဲ"
သို့ရာတွင် ရီဖုန်း ချဥ်းကပ်သွားသည်နှင့် ဓားကိုင်ထားသော လူငယ်နှစ်ယောက်ရောက်ရှိလာကာ သူ၏လမ်းကိုပိတ်၍ မေးမြန်းသည်။
"ကျင့်ကြံသူတွေလား"
ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် သူ၏စိတ် ပြန်လည်တည်ငြိမ်သွားသည်။ သူက အပြုံးနှင့် ပြောဆိုလိုက်၏။
"မင်္ဂလာပါ....ငါ ဒီနေရာကို ရောက်လာတာ လမ်းမေးချင်လို့ပါ...ဒီတောင်ကနေထွက်နိုင်မယ့်လမ်းကို မင်းတို့သိကြလား"
"မသိဘူး...ထွက်သွားစမ်း"
လူငယ်နှစ်ယောက်က ရိုင်းပျစွာ အော်ဟစ်လိုက်ကြသည်။
"ဒီလိုပြောဖို့ လိုအပ်လို့လား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ငါက လမ်းမေးရုံသက်သက်ပဲလေ"
"သေမျိုးတစ်ယောက်က ပြန်ခံပြောရဲတာလား"
လူငယ်နှစ်ယောက်၏မျက်နှာများပေါ်တွင် ဒေါသများထင်ဟပ်လာကာ သူတို့၏ဓားရှည်များကို ဆွဲထုတ်၍ ရီဖုန်းအားနောက်သို့ဆုတ်ရန် ဖိအားပေးလေသည်။
ဤသည်က ရီဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။ မည်သည်ကြောင့် ကျင့်ကြံသူများအကြားတွင်ပင် ကြီးမားသောကွာဟချက်ကြီးရှိနေသနည်း။ သူ၏အိမ်အနီးရှိ ချင်ရှန်းဂိုဏ်းသည် ဤကျင့်ကြံသူများထက် များစွာပို၍ သမာသမတ်ကျသည်။
"ရပ်လိုက်ကြစမ်း"
ထိုအချိန်မှာပင် သာယာနာပျော်ဖွယ်အသံတစ်သံထွက်ပေါ်လာကာ လူငယ်နှစ်ယောက်ကို ဟန့်တားလိုက်၏။
"မိန်းကလေးလီ...."
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လူငယ်နှစ်ယောက်သည် အလျှင်အမြန်နောက်ဆုတ်လိုက်ကြကာ ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ သူတို့၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ရီဖုန်းက လှမ်းကြည့်လိုက်ရာ အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ယောက်ကို တွေ့မြင်မိသည်။
သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ပြေပြစ်လှပသော သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကို အထင်းသားမြင်နေရသည်။ ။ တောက်ပသောမျက်လုံးတစ်စုံ ဖြူဖွေးသောသွားများနှင့် နက်မှောင်သောဆံနွယ်ရှည်များက သူမ၏ပခုံးများထက်တွင် ဖြာကျနေသည်။ သူမ၏သေးသွယ်သော ကျောက်စိမ်းရောင်လက်များဖြင့် အပြာရောင်ဓားတစ်လက်ကို ညင်သာစွာဆုပ်ကိုင်ထားလေ၏။ သူမ၏တင်းကျပ်စွာစုကြုံထားသော မျက်ခုံးများမှနေ၍ အထီးကျန်ဆန်ခြင်းနှင့်ဂုဏ်သိက္ခာမြင့်မားခြင်းတို့၏ အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။
"ဘာတွေဖြစ်နေတာလဲ"
မိန်းကလေးက အေးစက်စွာ မေးမြန်းသည်။
"မိန်းကလေးလီကို သတင်းပို့ပါတယ်....ဘယ်ကလာမှန်းမသိတဲ့သေမျိုးတစ်ယောက်က ဒီနေရာကိုလာပြီးတော့ အနှောက်အယှက်ပေးနေတယ်...ငါတို့ ခုချက်ချင်း သူ့ကို မောင်းထုတ်လိုက်မယ်"
လူငယ်နှစ်ယောက်က အလျှင်အမြန်ရှင်းပြကာ ရီဖုန်းကို မောင်းထုတ်ရန် ဟန်ပြင်လိုက်ကြသည်။
သို့ရာတွင် မိန်းကလေးသည် သူမ၏လက်ကိုမြှောက်ကာ သူတို့အား ဟန့်တားလိုက်၏။
လူငယ်နှစ်ယောက်သည် ဇဝေဇဝါဖြင့်ကြည့်လိုက်ကြသော်လည်း သူတို့သည် မငြင်းဆန်ဝံ့ချေ။
မိန်းကလေးသည် တောက်ပနေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို ခြေဆုံးခေါင်းဆုံး ကြည့်လေသည်။ သူ၏နောက်ကျောပေါ်၌ ဝါးခြင်းတောင်းလွယ်ထားပြီး သူ၏လက်အတွင်း၌ လိပ်တစ်ကောင်ကိုင်ထားကာ သူ့ထံမှနေ၍ မည်သည့်စွမ်းအားလှုပ်ခတ်မှုမျိုးမျှ ထွက်ပေါ်မနေချေ။ သူသည် သေမျိုးတစ်ယောက်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထို့ကြောင့် သူမ၏သတိထားနေမှုကို လျှော့ချကာ အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"နင် ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
ဤမိန်းကလေးသည် အေးစက်စက်နိုင်သော်လည်း ကျိုးကြောင်းဆီလျော်ပုံပေါက်နေခြင်းကြောင့် ရီဖုန်းက ယဥ်ကျေးသိမ်မွေ့စွာ တုံ့ပြန်ပြောဆိုလိုက်၏။
"မိန်းကလေး...ငါက ဒီတောင်ကနေထွက်နိုင်မယ့်လမ်းကို မေးချင်ရုံသက်သက်ပါ"
"လမ်းမေးချင်တာလား"
မိန်းကလေးသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ အေးစက်စွာပြောဆိုသည်။
"အဆင်အခြင်မဲ့တဲ့အရူး...နင်က ဘယ်လိုသတ္တိမျိုးနဲ့ ဒီတောတောင်တွေထဲကို ကျူးကျော်ပြီးဝင်လာရဲတာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူမသည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။ သို့ရာတွင် သူမ၏သာယာနာပျော်ဖွယ်အသံက ပျံ့လွင့်လာသည်။
"နင်တို့နှစ်ယောက်...သူ့ကို စောင့်ရှောက်ပြီးတော့ တောင်အောက်ကို ပို့ပေးလိုက်ကြစမ်း...သေချာပို့ပေးလိုက်ကြ....မဟုတ်ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"မိန်းကလေးကို ကျေးဇူးတင်ပါတယ်"
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းက ယဥ်ကျေးသိမ်မွေ့စွာဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
သို့ရာတွင် သူမထံ၌ မည်သည့်တုံ့ပြန်မှုမျိုးမျှ ထပ်မံ၍ ထွက်ပေါ်မလာတော့ချေ။ သူမ၏သေးသွယ်သောလက်များဖြင့် သူမ၏အဖြူရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ်ဆုပ်ကိုင်ပြီးနောက် သူမက ပလ္လင်ခွေထိုင်ကာ သူမ၏တောက်ပသောမျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်တော့သည်။
လူငယ်နှစ်ယောက်သည် ရှေ့မှဦးဆောင်၍ ရီဖုန်းကို တောင်အောက်သို့ ခေါ်ဆောင်သွားခဲ့သော်လည်း မကြာမီမှာပင် သူတို့က နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
"ဟေး...ညီအကိုတို့...ဘာဖြစ်လို့လဲ"
ရီဖုန်းက ဇဝေဇဝါဖြင့် ထိုလူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည် ယခုထိ တောင်ပေါ်မှဆင်းနိုင်သည့်လမ်းကို သူ့အား မပြသသေးချေ။
"ဟမ့်...သေမျိုးလေး...ဒီလောက်နဲ့ ကျေနပ်လိုက်တော့...တကယ်လို့ မိန်းကလေးလီရဲ့ မျက်နှာကြောင့်သာမဟုတ်ရင် မင်းလိုနိမ့်ကျတဲ့သေမျိုးတစ်ယောက်ကို ငါတို့က စကားတစ်ခွန်းတောင် ထပ်ပြောမှာမဟုတ်ဘူး...မင်း ဒီတောင်ပေါ်ကနေဆင်းတဲ့လမ်းမှာ သေတာရှင်တာအတွက် ငါတို့ စိုးရိမ်ပူပန်နေစရာ ဘာအကြောင်းမှမရှိဘူး"
လူငယ်တစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။
"အမှန်ပဲ....ဘယ်လိုပဲဖြစ်ဖြစ် သေမျိုးတစ်ယောက်ရဲ့အသက်က တန်ဖိုးမရှိဘူး...တကယ်လို့ မင်း သေသွားရင်တောင် ဘာဝမ်းနည်းနေစရာမှမရှိဘူး"
တခြားလူငယ်တစ်ယောက်ကလည်း သရော်တော်တော်ပြောဆိုကာ ရီဖုန်း သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူတို့ ဂရုမစိုက်မည်မှာ သိသာထင်ရှားသည်။ ထို့နောက် သူတို့သည် အဝေးသို့ လျှင်မြန်စွာ ပျံသန်းသွားတော့သည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ရီဖုန်းသည် သူ၏နှာခေါင်းကိုပွတ်ကာ စိတ်အနှောက်အယှက်ဖြစ်မသွားဘဲ လိပ်အိုကြီးကိုသယ်ဆောင်၍ တောင်ပေါ်မှဆင်းနိုင်မည့်လမ်းကို ဆက်လက်၍ ရှာဖွေလိုက်တော့သည်။
ဤနေရာသည် အလွန်အန္တရာယ်များသည်ဟု ထိုမိန်းကလေး ပြောဆိုလိုက်သည်ကို သူ နားမလည်ချေ။
ရံဖန်ရံခါ တောရိုင်းတိရစ္ဆာန်တချို့ကို တွေ့ရသည်မှလွဲ၍ အရာအားလုံး အဆင်ပြေပုံရသည်။
ကြည့်ရသည်မှာ ကျင့်ကြံသူများသည် စိတ်ထိခိုက်လွယ်ပုံပင်။
"နင်တို့ သူ့ကိုစောင့်ရှောက်ပြီးတော့ တောင်အောက်ကို ပို့လိုက်ပြီလား"
လူငယ်နှစ်ယောက် ပြန်ရောက်သွားချိန်တွင် မိန်းကလေးက သူမ၏မျက်လုံးကိုဖွင့်ကာ အမူအယာကင်းမဲ့စွာဖြင့် မေးမြန်းသည်။
"ကာကွယ်ပေးတာပေါ့...သူ့ကို ကာကွယ်ပြီးတော့ လိုက်ပို့ခဲ့ပြီးပြီ"
လူငယ်နှစ်ယောက်က တုံ့ပြန်ပြောဆိုကာ သူတို့၏ခေါင်းများကို တမင်သက်သက် ငုံထားကြသည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမသည် ကြီးမားသောအန္တရာယ်တစ်ခု ချဥ်းကပ်လာသည်ကို အာရုံခံမိလေ၏။ သူမ မတုံ့ပြန်နိုင်သေးမီမှာပင် ထူထပ်သိပ်သည်းသော နတ်ဆိုးစွမ်းအားများက လေထုအတွင်း၌ ပေါက်ကွဲသွားသည်။
မြေပြင်ပေါ်သို့ ကြီးမားသောအရိပ်တစ်ခု ထိုးဆင်းလာခြင်းနှင့်အတူ ထက်ရှသောခြေသည်းများရှိသည့် ဧရာမလင်းယုန်ထီးကြီးတစ်ကောင် ပျံဝဲလာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအပြည့်နှင့် အော်ဟစ်လိုက်သည်။
"ဒီတောတောင်တွေထဲမှာရှိတဲ့ လူသားတွေအားလုံး....ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်မရှင်စေရဘူး"