အခန်း (၁၁၆-၁၂၀)
Vol. 8 Ch. 116-120
Chapter 116
ခရက်...
ထိုမြင်ကွင်းသည် ညလေညှင်းကင်းခြေမျှား၏မျက်လုံးအိမ်ကို ပေါက်ထွက်သွားစေလုနီးပါးပင်။ သူ၏လည်မျိုအတွင်း၌ ငါးရိုးတစ်ချောင်းနင်နေသည့်အလား ခံစားလိုက်ရကာ သူ၏စိတ် ဗလာဟင်းလင်းဖြစ်သွားသည်။ ပြင်းထန်သော အကြောက်တရားက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာပေ၏။
ဟေးယုကို တူရွင်းတစ်ချက်ဖြင့် ရိုက်သတ်ကာ နတ်ဆိုးဧကရာဇ်ကို မြက်ကြိုးဖြင့် ဖမ်းဆီးချည်နှောင်ခဲ့သူသည် ဤလူသားပင်။ ထိုအတွေးများကြောင့် သူ့ထံတွင် တိုက်ခိုက်ရန်အတွက် မည်သည့်စိတ်ဆန္ဒမျှမရှိတော့ဘဲ သူ၏အသက် ဘေးကင်းရန်အတွက်သာ ထွက်ပြေးလိုခဲ့သည်။
သူ၏မျက်လုံးအကြည့်ကို ရွေ့လျားပြီးနောက် သူ၏ခြေထောက်ငယ်အမြောက်အများ ဒယိမ်းဒယိုင်ဖြစ်သွားကာ ရုတ်တရက် သူက မြေပြင်ပေါ်သို့ ဗိုက်နှင့်ကျသွားသည်။
"အမ်..."
"ညလေညှင်းကင်းခြေမျှား..."
"ညလေညှင်းကင်းခြေမျှား...ဘာဖြစ်တာလဲ"
"ဘာတွေဖြစ်နေတာလဲ"
ညလေညှင်းကင်းခြေမျှား၏ထူးဆန်းသောအပြုအမူသည် လင်းယုန်ဘုရင်နှင့်မြွေဘုရင်တို့၏ စိတ်အာရုံများကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။ သူတို့နှစ်ယောက်သည် အော်ဟစ်လိုက်ကြ၏။ သို့ရာတွင် သူတို့ မည်မျှပင်အော်ဟစ်နေပါစေ ညလေညှင်းကင်းခြေမျှားသည် မြေပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေသည်။
သို့ရာတွင် ယခုချိန်၌ လင်းယုန်ဘုရင်နှင့်မြွေဘုရင်တို့ထံတွင် သူ့အားစိုးရိမ်ပူပန်နေရန် အချိန်မရှိချေ။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ လင်းယုန်တစ်ကောင်နှင့်မြွေတစ်ကောင်အဖြစ်သို့ အလျှင်အမြန်ပြောင်းလဲလိုက်ပြီး သူတို့၏အရွယ်အစားများကြီးမားလာကာ ရီဖုန်းကို တိုက်ခိုက်လိုက်ကြသည်။
သို့ရာတွင် သူတို့သည် ရီဖုန်းနှင့် ကိုက်အနည်းငယ်ကွာဝေးသော နေရာသို့ရောက်ရှိစဥ်တွင် သူတို့၏နှလုံးများ တဒုတ်ဒုတ်ခုန်လာသည်။
သူတို့သည် ဤအဆိပ်ဟုခေါ်ဆိုသောအရာကို အလွန်အမင်း လျှော့တွက်ခဲ့မိကြောင်း သူတို့ သိနားလည်သွားလေပြီ။ အကြောင်းအရင်းမှာ အစောပိုင်းက အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပုံရသော တခြားနတ်ဆိုးသားရဲများသည် ယခုချိန်၌ အလျှင်အမြန်သေဆုံးသွားကာ သူတို့၏အစစ်အမှန်ပုံစံသို့ ပြန်လည်ပြောင်းလဲပြီး မြေပြင်ပေါ်သို့လဲကျသွားသောကြောင့်ပင်။
ထိုအဆိပ်၏သက်ရောက်မှုအောက်တွင် နတ်ဆိုးဘုရင်နှစ်ကောင်၏စွမ်းအားများလည်း အလျှင်အမြန်ယုတ်လျော့လာကာ သူတို့၏ကြီးမားသော အစစ်အမှန်သွင်ပြင်များကို ထိန်းသိမ်းထားနိုင်ရန် မလုံလောက်တော့ချေ။ သူတို့သည် မကြာမီမှာပင် မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားလေ၏။
"ဒါက...."
"ဒီ...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
နတ်ဆိုးဘုရင်နှစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း သူတို့၏ခန္ဓာကိုယ်များ၌ လုံးလုံးလျားလျား စွမ်းအားမဲ့နေလေပြီ။ သူတို့သည် မြေပြင်ပေါ်၌ ဖျော့တော့စွာ လဲလျောင်းနေရုံသာ တတ်နိုင်တော့သည်။
"သောက်ချေး လူသား...ဘယ်လောက်တောင် ရွံရှာစက်ဆုပ်ဖို့ကောင်းလိုက်လဲ"
လင်းယုန်ဘုရင်သည် မြေပြင်ပေါ်၌ လဲလျောင်းကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်၏။
"မြန်မြန်...စစ်ကူခေါ်လိုက်အုံး"
မြွေဘုရင်သည် မြေပြင်ပေါ်၌ ပြင်းထန်စွာတွန့်လိမ်နေကာ ပွတ်တိုက်မှုကြောင့် သူ၏အရေပြားများ လန်ထွက်နေလေပြီ။
လင်းယုန်ဘုရင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဝံ့ချေ။ သူ၏ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးလက်ကျန်ခွန်အားကိုစုစည်းကာ အလင်းတန်းတစ်တန်းကို ဖွဲ့စည်းပြီး အဝေးသို့ပျံသန်းသွားစေသည်။
ထိုအချိန်မှာပင် ရုတ်ရုတ်သဲသဲ အသံများကြောင့် ရီဖုန်း လန့်နိုးလာခဲ့သည်။
သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ပြီး သူ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ သူ အိပ်သည်မှာ အချိန်မကြာသေးသော်လည်း မည်သည်ကြောင့် ပတ်ဝန်းကျင်တွင် အလွန်များပြားသော တောရိုင်းတိရစ္ဆာန်များ ရောက်ရှိနေသနည်း။
"ငါ့ရဲ့ဆေးစွမ်းက တကယ့်ကို အံ့အားသင့်စရာပဲ"
ရီဖုန်းသည် သူ့ကိုယ်သူ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ ဤဆေးမှုန့်သည် မြွေများနှင့်ပိုးမွှားများကိုသာ တွန်းလှန်နိုင်မည်ဟု သူ တွေးထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုအရာသည် မြွေပါများ သင်းခွေချပ်များနှင့် တခြားတောရိုင်းတိရစ္ဆာန်အမြောက်အများကို သတ်ဖြတ်နိုင်ခဲ့လေ၏။
"ဘယ်လောက်တောင် အလေအလွင့်များလိုက်လဲ"
မြေပြင်ပေါ်၌ ပြန့်ကျဲနေသော တောရိုင်းတိရိစ္ဆာန်အသေကောင်များကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်နောင်တရသကဲ့သို့ ခံစားမိသည်။ သို့ရာတွင် မြေပြင်ပေါ်၌ အသက်ငင်နေသော မြွေတစ်ကောင်ကို မြင်တွေ့ချိန်တွင် သူ တောင့်မခံနိုင်တော့ချေ။
သူ၏နုတ်ခမ်းကို လျှာဖြင့်သပ်ကာ သူသည် မြွေကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်၏။
"ခုလတ်တလောအချိန်မှာ ငါ ဘာမှမစားရသေးဘူး...အသားကင်ကလွဲပြီးတော့ ငါ နေ့တိုင်း ဘာမှမစားရင် ကြာလာတာနဲ့ ငါ့ရဲ့ပါးစပ်ထဲမှာအနာတွေ ပေါက်လာလိမ့်မယ်...ငါ ဗိုက်ပြည့်အောင် မြွေသားစွပ်ပြုတ်ချက်ဖို့ မီးမွှေးရမယ်"
ရီဖုန်းက တီးတိုးရေရွတ်လိုက်သည်။ သူသည် ဝါးခြင်းတောင်းငယ်အတွင်းမှ အိုးငယ်တစ်လုံးကိုထုတ်ယူကာ ရေအနည်းငယ်ကို ပွက်ပွက်ဆူအောင်လုပ်ပြီး မြွေကိုအလွှာလိုက်လှီး၍ အိုးအတွင်းသို့ ထည့်လိုက်၏။
"မြွေ...မြွေဘုရင်..."
ကိစ္စတစ်ခုလုံးကို မျက်မြင်တွေ့နေရသော လင်းယုန်ဘုရင်သည် သူ၏မိတ်ဆွေ သေဆုံးသွားသည်ကို ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်နေခဲ့သည်။ ဒေါသများနှင့်ရှက်ရွံခြင်းဟူသော ကြီးမားသည့်လှိုင်းလုံးကြီးများက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။
သူသည် အဆိပ်ပြယ်သွားစေရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စုစည်းကာ ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်လိုက်သည်။
ထိုအချိန်မှာပင် သူ၏မျက်လုံးများကို အမှတ်တမဲ့ စောင်းငဲ့၍ကြည့်လိုက်မိရာ သူ အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ဝိညာဥ်လွင့်သွားလုမတတ်ပင်။
ရေအိုင်နံဘေးရှိ သစ်ခြောက်ပင်၌ မြက်ကြိုးဖြင့် ချည်နှောင်ထားခံရသည်မှာ သူတို့၏ဦးနှောက်များ ခြောက်ခမ်းလုမတတ် ကြိုးစားရှာဖွေခဲ့သော နတ်ဆိုးဧကရာဇ်မှတပါး တခြားမဟုတ်ချေ။
ဟူး...
လင်းယုန်ဘုရင်သည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။
သူ့ရှေ့ရှိလူသားသည် နတ်ဆိုးဧကရာဇ်ကိုဖမ်းဆီးသွားသည့် မုန်းတီးဖွယ်ကောင်းပြီး တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုးရှိသည့် လူသားကျင့်ကြံသူပင်။
သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒသည်လည်း လုံးလုံးလျားလျား လွင့်ပြယ်သွားတော့သည်။ အဆိပ်၏အာနိသင်ကြောင့် သူ၏မျက်ခွံများ တစတစ ပို၍လေးလံလာသည်......
ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီနေရာမှာ လင်းယုန်တစ်ကောင် ရှိနေသေးတာပဲ...ဒီနေ့ညအတွက် ငါ့ရဲ့ညစာက ပိုပြီးကောင်းသွားပြီ"
ဤစကားသည် လင်းယုန်ဘုရင်၏ နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်ကို ပျက်စီးစေပြီး အေးစက်တောင့်တင်းသွားစေသောအရာပင်။
နှစ်ခြိုက်စွာတစ်ရေးအိပ်လိုက်ရသဖြင့် တက်ကြွလန်းဆန်းနေသော ရီဖုန်းသည် မြွေနှင့်လင်းယုန်ကို ပြင်ဆင်ချက်ပြုတ်နေစဥ်တွင် တေးသွားတစ်ပုဒ်ကိုပင် လေချွန်နေခဲ့သည်။ သူ အလုပ်ရှုပ်နေစဥ်တွင် ညလေညှင်းကင်းခြေမျှား၏ခြေထောက်များ လှုပ်စပြုလာပြီးနောက် သူသည် ဤမြင်ကွင်းအတွင်းမှ သုတ်သုတ်ပျာပျာ ထွက်ပြေးသွားလေ၏။
"ကြောက်စရာကြီး...အရမ်းကြောက်ဖို့ကောင်းတာပဲ"
ညလေညှင်းကင်းခြေမျှားသည် ထိုနေရာမှထွက်ပြေးပြီးဖြစ်သည့်တိုင် တုန်လှုပ်ချောက်ချားနေဆဲပင်။
အထူးသဖြင့် သူသည် မြွေဘုရင်နှင့်လင်းယုန်ဘုရင်တို့၏ ဆိုးရွားသောအခြေအနေကို ပြန်အမှတ်ရမိချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။ သူ့ထံ၌ နတ်ဆိုးဧကရာဇ်၏ တခြားရတနာများအကြောင်းကို စဥ်းစားတွေးတောရန်ပင် အချိန်မရှိတော့ချေ။ သူသည် ဤတောတောင်အတွင်းမှထွက်ပြေးလိုစိတ်သာရှိတော့သည်။
သို့ရာတွင် သူ အဝေးသို့မသွားနိုင်သေးမီမှာပင် မြေပြင်တုန်ခါလာပြီး နားအူလုမတတ်အသံကြီးက သူ့နောက်မှထွက်ပေါ်လာကာ အလွန်လျှင်မြန်သောအရှိန်နှင့် ချဥ်းကပ်လာသည်။
ဤသည်မှာ တခြားနတ်ဆိုးဘုရင်ဆယ်ယောက်မှတပါး အခြားမဟုတ်ချေ။ သူတို့သည် လင်းယုန်ဘုရင်နှင့်မြွေဘုရင်တို့၏ အကူအညီတောင်းဆိုမှုကို ရရှိသောကြောင့် နတ်ဆိုးဧကရာဇ်၏ပိုင်နက်နယ်မြေအတွင်းရှိ တခြားနတ်ဆိုးဘုရင်များအားလုံးကိုစုဝေးကာ ဤနေရာသို့ တရကြမ်းပြေးလာခြင်းဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ညလေညှင်းကင်းခြေမျှား၏စိတ်နှလုံးသား တုန်ရီသွားကာ အေးစက်စက်ချွေးများ ယိုစီးကျလာသည်။
အကယ်၍ သူ ထွက်ပြေးလွတ်မြောက်လာစဥ်တွင် မြွေဘုရင်နှင့်လင်းယုန်ဘုရင်တို့ သေဆုံးသွားခဲ့သည်ကို ထိုနတ်ဆိုးဘုရင်များသာ သိရှိသွားပါက သူ့အတွက် ဘေးကပ်ဆိုးများ ဆိုက်ရောက်လာပေမည်။
သူ၏မျက်လုံးကို ဝေ့ဝိုက်၍ကြည့်ကာ...
သူသည် အံ့တင်းတင်းကြိတ်၍ သူ၏ခြေထောက်များအနက်မှနှစ်ချောင်းကို လှုပ်ခတ်လိုက်သည်။
အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူ၏ခြေထောက်များ ထပ်မံ၍တုန်ခါသွားကာ မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ လဲကျသွားတော့သည်။
တခြားနတ်ဆိုးဘုရင်များကိုဦးဆောင်လာသော ကျားသစ်ဘုရင်သည် ယခုချိန်၌ မြေပြင်ပေါ်တွင် ရုန်းကန်၍တွားသွားနေသော ညလေညှင်းကင်းခြေမျှားကို မြင်တွေ့မိလေ၏။ သူတို့သည် ချက်ချင်းပြေးလာကာ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။
"ညလေညှင်းကင်းခြေမျှား....မင်း...မင်း ဘာဖြစ်တာလဲ"
ညလေညှင်းကင်းခြေမျှားသည် သူ၏အမြှီးကိုဝှေ့ယမ်းကာ ကျားသစ်ဘုရင်၏စကားများကို ကြားဖြတ်ပြောဆိုလေသည်။
မြောက်များစွာသော မျက်လုံးအကြည့်များအောက်တွင် သူသည် နောက်ဆုံးလက်ကျန်ခွန်အားကို ဖျစ်ညှစ်၍ အသုံးပြုနေရပုံဖြင့်
"အများ....အများကြီးမမေးနဲ့...သွား....သွားပြီးစစ်ဆေးကြပါ...မြန်မြန်...."
Chapter 117
ညလေညှင်းကင်းခြေမျှား၏စကားများသည် ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးဘုရင်များအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ဘာတွေဖြစ်ခဲ့တာလဲ..အတိအကျပြောစမ်း"
ကျားသစ်ဘုရင်က အလေးအနက်ထား၍ မေးမြန်းသည်။
"ဟူး..."
ညလေညှင်းကင်းခြေမျှားက ညင်သာစွာ သက်ပြင်းတစ်ချက်ရှိုက်ကာ အစောပိုင်းကဖြစ်ပွားခဲ့သည့် ပြင်းထန်သောတိုက်ပွဲကို ပြန်လည်စဥ်းစားတွေးတောနေပုံရသည်။
"ရှေ့ကရေအိုင်ရဲ့ဘေးမှာ လင်းယုန်ဘုရင် မြွေဘုရင်နဲ့ငါက အဲ့ဒီလူသားရဲ့အရိပ်အယောင်ကို ရှာတွေ့ခဲ့တယ်...ငါတို့သုံးယောက် အတူပူးပေါင်းပြီးတော့ သူ့ကို တိုက်ခိုက်ခဲ့တယ်...ရလဒ်အနေနဲ့ လင်းယုန်ဘုရင်နဲ့မြွေဘုရင်တို့ နေရာမှာတင်သေဆုံးသွားပြီးတော့ သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်...ငါက သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်တာကို ငါ သိလိုက်ရတယ်...ဒါကြောင့် သူ ထွက်ပြေးမသွားနိုင်အောင် တားဆီးဖို့အတွက်...ငါ့မှာတခြားရွေးချယ်စရာ မရှိတော့တာကြောင့် ငါ့ရဲ့လက်ကျန်ခွန်အားအနည်းငယ်ကို စုစည်းပြီးတော့ မင်းတို့ကိုအကြောင်းကြားဖို့ ဒီနေရာကိုပြေးလာခဲ့တာပဲ...တန်ကြေးအနေနဲ့ ငါ့ရဲ့ခြေထောက်သုံးချောင်း ဆုံးရှုံးသွားခဲ့တယ်"
ထိုစကားအဆုံးသတ်သွားချိန်တွင် လက်ရှိနေရာတွင်ရှိသော နတ်ဆိုးဘုရင်များအားလုံးသည် ညလေညှင်းကင်းခြေမျှားကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ကြ၏။
ထိုတိုက်ပွဲသည် အလွန်အမင်း ပြင်းထန်ပေလိမ့်မည်။
လင်းယုန်ဘုရင်နှင့်မြေဘုရင်တို့ပင် သေဆုံးသွားခဲ့သည်။ ညလေညှင်းကင်းခြေမျှားသည် ဤနေရာသို့ သတင်းလာပို့ရန်အတွက် တန်ကြေးကြီးကြီး ပေးဆပ်ခဲ့ရလေ၏။
"ညလေညှင်းကင်းခြေမျှား...မင်းလို သစ္စာရှိပြီးတော့ ရဲရင်တဲ့ နတ်ဆိုးသားရဲရှိနေတာ ငါတို့နယ်မြေအတွက် ကံကြမ္မာကောင်းတစ်ခုပဲ"
ကျားသစ်ဘုရင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကောင်းကောင်းအနားယူလိုက်အုံး....ကျန်တဲ့ကိစ္စတွေကို ငါတို့ဆီလွှဲခဲ့တော့...ငါတို့က နတ်ဆိုးဧကရာဇ်ကို ကယ်တင်ပြီးတော့ လင်းယုန်ဘုရင်နဲ့မြွေဘုရင်တို့အတွက် လက်စားချေမယ်"
ကျားသစ်ဘုရင်၏စကားများသည် တခြားနတ်ဆိုးဘုရင်များ၏ တစ်စိတ်တစ်ဝမ်းတည်းထောက်ခံမှုကို ရရှိသွားလေ၏။
"မဟုတ်...မဟုတ်...မဟုတ်ဘူး...ရိုးရိုးသားသား ပြောရရင် ငါ တကယ့်ကို အရှက်ရမိတယ်...နတ်ဆိုးဧကရာဇ် ဖမ်းခံထားရပြီးတော့...လင်းယုန်ဘုရင်နဲ့မြွေဘုရင်တို့ သူရဲကောင်းဆန်ဆန် သေဆုံးသွားတဲ့ချိန်မှာ....ငါက ဘာတစ်ခုကိုမှ ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တဲ့ အစွမ်းအစမရှိခဲ့ဘူး...ငါ...ငါ သေသင့်တယ်"
ညလေညှင်းကင်းခြေမျှားက သူ၏ခေါင်းကိုအောက်သို့ငုံကာ သူ၏မျက်နှာပေါ်၌ အပြစ်မကင်းသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ညလေညှင်းကင်းခြေမျှား...မင်း ဘာလို့ ဒီလိုပြောတာလဲ...လင်းယုန်ဘုရင် မြွေဘုရင်နဲ့မင်းတို့က ငါတို့နယ်မြေအတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီ"
ဝက်ဘုရင်က အလျှင်အမြန် ဖြည့်စွက်ပြောဆိုလိုက်သည်။
"အဲ့ဒီလူက နတ်ဆိုးဧကရာဇ်ကိုတောင် လက်ဗလာနဲ့ အနိုင်ယူနိုင်ခဲ့တာ...မင်းတို့က သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်နိုင်ခဲ့တယ်...ဒါက လုံလောက်တာထက်တောင် ပိုနေပြီ"
"အမှန်ပဲ...ငါတို့က တခြားနယ်မြေတွေအပေါ်မှာ အများကြီးအကြွေးတင်နေပြီ...ဒီအတိုင်းဆိုရင် ငါတို့က တခြားနယ်မြေတွေရဲ့နတ်ဆိုးဧကရာဇ်တွေဆီ အကူအညီတောင်းဖို့ မလိုတော့ဘူး"
"ဒါကြောင့် မင်းတို့သုံးယောက်က ငါတို့နယ်မြေအတွက် အကြီးမားဆုံး အကျိုးဆောင်ခဲ့တဲ့သူတွေပဲ"
"အခုချိန်ကစပြီးတော့ ကျန်တဲ့ကိစ္စတွေကို ငါတို့နဲ့ စိတ်ချလက်ချထားခဲ့တော့"
"အားလုံးပဲ...နားထောင်ကြစမ်း...အဲ့ဒီလူသားက ဒဏ်ရာအပြင်းအထန် ရထားတယ်...နတ်ဆိုးဧကရာဇ်ကိုကယ်တင်ဖို့နဲ့ မြွေဘုရင်နဲ့လင်းယုန်ဘုရင်တို့အတွက် လက်စားချေဖို့....ငါတို့အားလုံး အင်အားကုန်ထုတ်ပြီးတော့ တိုက်ခိုက်ရမယ်"
ထိုအသံစဲသွားစဥ်တွင် နတ်ဆိုးသားရဲများအားလုံး အုံ့ကြွလာကာ သူတို့၏စိတ်ဓာတ်များ ယခင်ထက်ပို၍ မြင့်မားလာသည်။ သူတို့သည် အရှိန်ကုန်မြှင့်၍ ရီဖုန်းထံဦးတည်ကာ ချီတက်ခဲ့ကြလေ၏။
ကျားသစ်ဘုရင်တို့အုပ်စု ထွက်ခွာသွားပြီးနောက် ယခင်က သေလုမျောပါးပုံစံဖြစ်နေသော ညလေညှင်းကင်းခြေမျှားသည် ရုတ်တရက် မကြုံစဖူးအရှိန်နှုန်းဖြင့် ရှေ့သို့တဟုန်ထိုးပြေးထွက်သွားတော့သည်။
မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင်...
သူသည် အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေပြီ။
...
"တိမ်လမ်းကြောင်းပန်းပွင့်က တကယ့်ကို ရှာရမလွယ်တာပဲ"
ရီဖုန်းသည် မြွေသားစွပ်ပြုတ်နှင့်လင်းယုန်သားကင်တို့ကို စားပြီးနောက် တောတောင်များကို ဝေ့ဝိုက်ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏ဗိုက် ပြည့်တင်းအောင်စားပြီးနောက် မိုးကောင်းကင်ယံ မမှောင်သေးသည်ကိုကြည့်ပြီး အနီးရှိတောတောင်များအကြားတွင် ထပ်မံ၍ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် အချိန်ရှိသော်လည်း ကျုံးချင်သည် အချိန်ကြာရှည်စွာ စောင့်ဆိုင်းနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ရီဖုန်းသည် တူရွင်းငယ်လေးကို ကောက်ကိုင်ကာ ခရီးဆက်ရန်အတွက် ပြင်ဆင်လိုက်တော့သည်။
သူသည် ခြေနှစ်လှမ်းခန့်လှမ်းပြီးနောက် သူ၏လက်အတွင်းရှိလိပ်အိုကြီးကို ချိန်ဆကြည့်မိသည်။ သူသည် နောက်သို့ပြန်လှည့်ကာ လိပ်အိုကြီးကို သစ်ပင်တစ်ပင်၌ ချိတ်ဆွဲလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဂျင်ပေါင်းများစွာလေးလံသော လိပ်အိုကြီးကို တစ်ချိန်လုံးသယ်ဆောင်ထားရသည်မှာ သူ့အတွက် ပင်ပန်းစေသောကိစ္စပင်။ သူ မိုးမချုပ်မီ ပြန်ရောက်လာမည်ဖြစ်သဖြင့် ထိုအရာကို သစ်ပင်ပေါ်တွင် ယာယီချိတ်ဆွဲထားသည်မှာ ပြဿနာမရှိသည့်အပြင် မည်သူမျှလည်း ယူဆောင်သွားမည်မဟုတ်ချေ။
...
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
တောအုပ်အတွင်းတွင် နတ်ဘုရားဓားဂိုဏ်းမှမိန်းကလေးရှိနေသည်။ သူမ စောင့်ကြည့်နေစဥ်တွင် နတ်ဆိုးသားရဲများအားလုံးသည် နေရာတစ်နေရာတည်းသို့ ဦးတည်၍သွားနေသည်ကို မြင်တွေ့မိသဖြင့် သူမ အံ့အားသင့်သွားသည်။
ဤဦးတည်ချက်လမ်းကြောင်းသည် အစောပိုင်းက သူမ ထွက်ခွာလာခဲ့သော နေရာအတိအကျပင်။
ထို့ပြင် ယခုလက်ရှိ ရီဖုန်းရှိနေသောနေရာလည်း ဖြစ်ပေ၏။
"နတ်ဆိုးသားရဲတွေက အဲ့ဒီလမ်းကြောင်းကို ဘာလို့အာရုံစိုက်နေကြတာလည်းဆိုတာ ငါ မသိပေမယ့်....ကြည့်ရတာတော့ နင့်ရဲ့ကံကောင်းမှုက ဒီတစ်ကြိမ်မှာ ပျက်စီးသွားတော့မယ့်ပုံပဲ"
မိန်းကလေးက ညင်သာစွာ သက်ပြင်းရှိုက်လိုက်သည်။
သို့ရာတွင် သူမသည် တစ်စုံတစ်ခုပြုလုပ်ရန်အတွက် အစွမ်းအစကင်းမဲ့နေသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းထံတွင် သက်ဆိုင်ရာကံကြမ္မာများရှိနေသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ အစဥ်အမြဲကံကောင်းနေမည်မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးဝိညာဥ်နယ်ပယ်အထက်ရှိ အစွမ်းထက်နတ်ဆိုးသားရဲများအားလုံးသည် ထိုဦးတည်ချက်၌ စုဝေးနေသဖြင့် သူမအား မကြုံစဖူးစိတ်သက်သာရာရသွားသကဲ့သို့ ခံစားရစေသည်။
"ငါ ထွက်မသွားခင်...ဂိုဏ်းကလူတွေ ရောက်လာတဲ့အချိန်ထိစောင့်တာ ပိုကောင်းလိမ့်မယ်"
မိန်းကလေးသည် အချိန်တခဏခန့် စဥ်းစားတွေးတောလိုက်၏။ သူမသည် မူလက ဤနေရာမှထွက်ခွာသွားရန် ရည်ရွယ်ထားသော်လည်း မနေ့က ဤနေရာတွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့်ပတ်သတ်၍ ဂိုဏ်းထံသို့ လျှို့ဝှက်၍အကြောင်းကြားပြီးဖြစ်သည်။ သူမ၏အဆင့်အတန်းကြောင့် နတ်ဘုရားဓားဂိုဏ်းသည် လူများစေလွှတ်ခြင်းမပြုဘဲ နေမည်မဟုတ်ချေ။
ယခုချိန်သည် သူမ ဤတောတောင်အတွင်းမှထွက်ခွာရန် အသင့်တော်ဆုံးအခွင့်အရေးဖြစ်သော်လည်း ဘေးကင်းလုံခြုံစေရန်အတွက် နတ်ဘုရားဓားဂိုဏ်းမှလူများ ရောက်ရှိလာချိန်ထိစောင့်ဆိုင်းရန် သူမ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကျားသစ်ဘုရင်နှင့် တခြားအစွမ်းထက်နတ်ဆိုးသားရဲများသည် နောက်ဆုံး၌ ရေအိုင်၏နံဘေးသို့ ရောက်ရှိသွားလေပြီ။
သို့ရာတွင် ရေအိုင်နံဘေးသို့ ရောက်ရှိပြီးနောက် ပြန့်ကျဲနေသောလင်းယုန်အမွှေးများနှင့် နတ်ဆိုးသားရဲအသေကောင်များမှလွဲ၍ ရီဖုန်း၏အရိပ်အယောင်ကို ရှာမတွေ့ခဲ့ချေ။
"သူ ဘယ်မှာလဲ"
ကျားသစ်ဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တခြားနတ်ဆိုးသားရဲများသည်လည်း သူတို့၏နံဘေးပတ်ဝန်းကျင်များကို ဂရုတစိုက် စူးစမ်းစစ်ဆေးလိုက်ကြ၏။ သူတို့သည် ဤနေရာသို့ တရကြမ်းပြေးလာခဲ့ရသဖြင့် အချည်းနှီးဖြစ်သွားမည်ကို မလိုလားချေ။ ဤသည်မှာ ညလေညှင်းကင်းခြေမျှား၏ခြေသုံးချောင်းရင်းခဲ့ရသော သတင်းကို အကျိုးမဲ့ဖြစ်သွားစေပေမည်။
"အဲ့ဒီနေရာကို ကြည့်လိုက်ကြစမ်း"
သူတို့သည် ရီဖုန်း၏တည်နေရာကို မရှာနိုင်သေးမီမှာပင် ရုတ်တရက် ဝက်ဘုရင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအသံကိုကြားချိန်တွင် နတ်ဆိုးသားရဲများအားလုံး သူတို့၏အကြည့်များကို ရွှေ့ပြောင်းလိုက်ကြ၏။
ရေအိုင်စပ်၏ဘေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်၌ မြက်ကြိုးများဖြင့်ချီ၍ ချိတ်ဆွဲခံထားရသည်မှာ....သူတို့ အပြင်းအထန်ရှာဖွေနေခဲ့သော နတ်ဆိုးဧကရာဇ်မဟုတ်လော....
မြင့်မြတ်သောနတ်ဆိုးဧကရာဇ်အား သစ်ပင်ပေါ်တွင် ဤကဲ့သို့ချိတ်ဆွဲခံထားရသည်ကို မြင်တွေ့စဥ်တွင် နတ်ဆိုးသားရဲများသည် အလွန်ဒေါသထွက်သွားသဖြင့် သူတို့၏မျက်လုံးများကျွတ်ထွက်လုမတတ်ပင်။
"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...နတ်ဆိုးဧကရာဇ်ကို ကယ်တင်ရမယ်"
Chapter 118
"မှောင်စပျိုးလာပြီပဲ"
ရီဖုန်းသည် ပတ်ဝန်းကျင်ရှိသစ်တောများအကြားတွင် လှည့်ပတ်ကြည့်ခဲ့သော်လည်း တိမ်လမ်းကြောင်းပန်းပွင့်၏အရိပ်အယောင်ကိုပင် ရှာမတွေ့ချေ။ မှောင်စပျိုးနေသော မိုးကောင်းကင်ကိုကြည့်ပြီး သူသည် စခန်းချရာနေရာသို့ အမြန်ပြန်ရုံမှတပါး တခြားမရှိတော့ချေ။
"ဘာတွေလဲ..."
သူ၏ယာယီစခန်းသို့ ပြန်ရောက်စဥ်၌ သူ၏ခေါင်းကို မော့ကြည့်လိုက်ရာတွင် သူ ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏ယာယီစခန်းနံဘေးပတ်လည်၌ ကျားသစ်များ တောဝက်များ ဝံပုလွေများနှင့် တခြားတောရိုင်းတိရစ္ဆာန်မျိုးစုံတို့၏အလောင်းများ မြေပြင်အနှံ့ပြန့်ကျဲနေသည်။
"မဖြစ်နိုင်ဘူး"
"ငါက အရမ်းပြင်းထန်တဲ့အဆိပ်ကို မဖော်စပ်နိုင်ဘူးလေ...ငါ လုပ်နိုင်လို့လား...ငါက ပိုးမွှားတွေပြေးမယ့် ဆေးကိုပဲ စမ်းသပ်ခဲ့တာလေ"
ဤတောရိုင်းတိရစ္ဆာန်များ သေဆုံးနေသည့် အခြေအနေကို မြင်ပြီးနောက် ယခင်က သေဆုံးသွားသော မြွေနှင့်သိမ်းငှက်ကို သူ ပြန်လည်အမှတ်ရသွားသည်။ ရီဖုန်းက ဤတောရိုင်းတိရစ္ဆာန်များ၏သေခြင်းသည် သူ ဖြူးထားသော ဆေးမှုန့်များကြောင့်ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။
"ဒါက အပြစ်တစ်ခုပဲ"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏နုတ်ခမ်းများ ရှုံမဲ့သွားလေ၏။ သူသည် သူ၏လက်အတွင်းရှိ ဆေးပုလင်းကို အလျှင်အမြန် လွှင့်ပစ်လိုက်တော့သည်။ သူ့ကိုယ်သူ အဆိပ်သင့်သွားမည်ကို စိုးရိမ်သဖြင့် မြေပြင်ပေါ်ရှိဆေးမှုန့်ဖြူများကို ရေဖြင့်ဆေးကာ သူ ဘေးကင်းလုံခြုံသည်ဟု ခံစားရပြီးမှ သူ၏ယာယီစခန်းသို့ ပြန်လာခဲ့သည်။
"ဒါပေမယ့် ဒီမျှော်လင့်မထားတဲ့ တောတွင်းကစားပွဲရဲ့ဆုလာဘ်က ရှားပါးတဲ့ရိက္ခာတွေပဲ"
ရီဖုန်းသည် တောရိုင်းတိရစ္ဆာန်အမြောက်အများကို မတော်တဆသတ်ဖြတ်မိသဖြင့် အပြစ်ရှိသကဲ့သို့ ခံစားမိသော်လည်း သူတို့၏အသားများကို တွေးတောမိချိန်တွင် သူသည် သွားရည်မကျဘဲမနေနိုင်တော့ချေ။
တစ်ခုနားလည်ထားရမည်မှာ ဤလောကအတွင်းတွင် အရသာရှိသောစားကောင်းသောက်ဖွယ်များ ရရှိနိုင်ရန် လွန်စွာခက်ခဲသည်။
ကျင့်ကြံသူများသည် ဥပမာယူ၍ ကြည့်ကြပါစို့။ သူတို့၏စိတ်များသည် ကျင့်ကြံရာတွင်သာ လုံးလုံးလျားလျား အာရုံစူးစိုက်နေသဖြင့် အစားအစာအပေါ် အာသီသပြင်းပြစွာမရှိတော့ချေ။ တခြားသာမာန်လူတန်းစားများကမူ မည်ကဲ့သို့အသက်မွေးဝမ်းကြောင်း ပြုရမည်ကိုသာ တွေးတောနေကြသည်။ သူတို့သည်လည်း အစားအစာအပေါ် များစွာသုံးဖြုန်းခြင်းမပြုကြချေ။ သူတို့ဗိုက်ပြည့်သွားပါက တင်းတိမ်သွားပြီဖြစ်ကာ အကယ်၍ သူသည် ဝက်ခြေထောက်တစ်ချောင်းကို သူတို့အားပေးလျှင်ပင် တချို့လူများသည် မည်ကဲ့သို့ချက်ပြုတ်ရမည်ကို မသိကြချေ။
ထို့ကြောင့် အစားအစာများသည် ဤလောကအတွင်း၌ လွန်စွာတန်ဖိုးကြီးသည်။ ဤသည်ကြောင့် အမဲသားခေါက်ဆွဲတစ်ပွဲကိုပင် ရွှေပြားတစ်ပြားပေး၍ ဝယ်ယူရခြင်းပင်။
ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူ၏မျက်လုံးအတွင်း၌ ဤတိရစ္ဆာန်များ၏အလောင်းများသည် ဝက်လက်ပေါင်းများ ကျားသစ်သားသုပ် ဝံပုလွေကောင်လုံးကင်စသော ဟင်းလျာများဖြစ်နေလေပြီ။
ဤအတွေးသည် ကောင်းမွန်သော်လည်း ထိုအရာများအားလုံးကို တောင်အောက်သို့သယ်ချသွားရန်မှာမူ ပြဿနာတစ်ရပ်ပင်။
"သောက်ချေးပဲ...ရှေ့မှာရွှေတောင်ကြီးရှိနေတာတောင် ထိုင်ကြည့်နေရသလိုပဲ..."
"ယိ့ပဲကွာ..."
ရီဖုန်းသည် ဆဲဆိုကာ ကျောက်ပြားပေါ်၌ပြန်ထိုင်လိုက်ပြီး ပျင်းရိလာသကဲ့သို့ ခံစားမိလေ၏။ သူသည် တစ်စုံတစ်ခုပြုလုပ်ရန်အတွက် သူ၏သစ်သားဇီသာကို ထုတ်ယူလိုက်၏။
"ဒါလေးနဲ့ အချိန်ခဏတော့ ဖြုန်းနိုင်မှာပါ"
ရီဖုန်း၏လက်သည် ကြိုးများပေါ်သို့ ညင်သာစွာ တီးခတ်လိုက်ပြီးနောက် သာယာနာပျော်ဖွယ် ဇီသာတေးသံက တောတောင်အနှံ့ ပျံ့နှံ့သွားတော့သည်။
ထိုအချိန်အခိုက်အတန့်မှာပင် ရင်းနှီးကျွမ်းဝင်သော စနစ်သတိပေးသံက ရီဖုန်း၏စိတ်အတွင်း၌ မြည်ဟီးလာသည်။
"ဒင်....လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းအတွက် တာဝန်အသစ်တစ်ခု အသက်ဝင်သွားပါပြီ"
"အမ်..."
ရီဖုန်းသည် ရုတ်တရက် မတ်တတ်ထရပ်ကာ သူ၏မျက်လုံးအတွင်း၌ လိုလားတောင့်တမှုများနှင့် ပြည့်နှက်နေသည်။ စနစ်သည် အသိတရားတချို့ဝင်လာကာ သူ့အား ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ကူညီပေးနိုင်မည့်တစ်စုံတစ်ခု သို့မဟုတ် အနည်းဆုံးအနေဖြင့် ဤကွဲပြားခြားနားသောကမ္ဘာလောကအတွင်းတွင် သူ ဆရာကြီးတစ်ယောက်အဖြစ်ရပ်တည်နိုင်မည့် အရာတစ်ခု သူ့အားပေးရန် သူ မျှော်လင့်နေမိသည်။
"တာဝန်အကြောင်းအရာ...ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနဲ့ ပန်းချီပညာရပ်တွေကို နတ်ဘုရားနဲ့ယှဥ်ပြိုင်နိုင်တဲ့အဆင့်ထိရောက်အောင် လေ့ကျင့်ရမယ်
ဆုလာလ်...တောင်တစ်လုံး"
"မင်းအမေ ငါ့ယိုးပဲ"
စနစ်၏အသံကိုကြားပြီးနောက် ရီဖုန်း၏မျှော်လင့်ချက်များ တဖန်ပြန်၍ လွင့်စင်သွားလေပြီ။ သူသည် ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်၏။
ထိုစနစ်သည် ကောင်းမွန်သောတစ်စုံတစ်ခုပေးမည်ဟု သူ တွေးထင်ခဲ့သော်လည်း အဆုံးသတ်၌ သောင်းပြောင်းထွေလာရောစပ်နေပြီး အသုံးမဝင်သော တာဝန်များသက်သက်ပင်။
အကယ်၍ ထိုအရာများသည် အနည်းငယ်အသုံးဝင်လျှင်ပင် သူ ခံသာသည်။ ပန်းပဲထုခြင်းကို ဥပမာအနေဖြင့် ယူကြည့်ကြပါစို့။ ဤလုပ်ငန်းဖြင့် သူ့ကိုယ်သူ ထောက်ပံနိုင်ရန်ပင် လွန်စွာခက်ခဲသည်။ သူ နောက်ဆုံး၌ ချမ်းသာလာခဲ့ခြင်းမှာ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သော သူ၏ခေတ်သစ်အသိပညာဗဟုသုတများကိုမှီခို၍ စာအုပ်များရေးသားကာ ငွေကြေးရှာဖွေခဲ့ခြင်းကြောင့်ပင်။ ဤစနစ်စုတ်နှင့် လုံးလုံးလျားလျား မသက်ဆိုင်ချေ။
သို့ရာတွင် သူ အနည်းငယ်လျော့ပေါ့တွေးကြည့်ပါက အနည်းဆုံးအနေဖြင့် ပန်းပဲထုခြင်းသည် ဤနှစ်များအတွင်း၌ သူ ငတ်သေမသွားအောင် ထိန်းပေးထားနိုင်ခဲ့သည်။
သို့ရာတွင် သောက်ရေးမပါသော ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့် ပန်းချီပညာရပ်များကို အသုံးချရမည့်နေရာအား သူ တစိုးတစိမျှရှာမတွေ့ချေ။
ထိုအရာများသည် သူ၏ကျင့်ကြံခြင်း သို့မဟုတ် တစ်စုံတစ်ခုကို ထောက်ပံ့ပေးနိုင်မည်လော.....
အမှန်အားဖြင့် ထိုအရာထက်ပို၍ ဒေါသထွက်စေဆုံးအရာမှာ တာဝန်ဆုလာဘ်ပင်။
ဤစနစ်သည် သူ့အား ပထမဆုံးတာဝန်အဖြစ်သိုင်းပညာခန်းမအား လည်ပတ်အောင်ပြုလုပ်ခိုင်းခဲ့ချိန်တွင် ဆုလာဘ်သည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ရလာလိမ့်မည်ဟု ပြောဆိုခဲ့သည်အား သူ မမေ့လျော့ချေ။
ထိုအချိန်တုန်းက သူ၏ဘဝသည် အထွတ်အထိပ်သို့ရောက်တော့မည်ဟုသော မျှော်လင့်စောင့်စားမှုမျိုး သူ့ထံတွင် အပြည့်အဝရှိနေသည်။ သိုရာတွင် သူ အမှန်တကယ်ရရှိခဲ့သည်မှာ မည်သည့်ထိုးနှက်ချက်မျိုးဖြစ်သနည်း။
ထိုပြိုင်ဘက်ကင်းဆရာကြီးဟူသည်မှာ ဖုတ်ကောင်ကဲ့သို့ အရိုးစုတစ်စုပင်။
ထိုအရိုးစုကိုကြည့်ရသည်မှာ အတော်အသင့် ကြောက်ရွံဖွယ်ကောင်းသည်ဟု သူ ဝန်ခံသော်လည်း ပြဿနာရှာရုံမှတပါး တခြားအသုံးဝင်သောအရာမရှိချေ။
ထို့ကြောင့် တောင်တစ်လုံးဟု ဆိုသလော...
ဟား...ဟား...ဟား...
ဤစနစ်စုတ်မှ သူ့အား ကောင်းမွန်သောတောင်တစ်လုံး ဆုလာဘ်အဖြစ်ပေးမည်ဟု သူ တစိုးတစိမျှပင် မယုံကြည်ချေ။ ဤသည်ကနောက်ထပ်လိမ်လည်လှည့်စားမှု တစ်ခုဖြစ်မည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် ရီဖုန်းသည် ဤတာဝန်ကို အောင်မြင်အောင်လုပ်ဆောင်ရန် အလွန်ပျင်းရိငြီးငွေ့နေသည်။
ရီဖုန်းသည် ဒေါသထွက်လာဖြင်းကြောင့် သူ၏ဇီသာကို အဝေးသို့ကန်ထုတ်လိုက်၏။ ဤအရာကို ကြည့်လိုက်ရုံဖြင့် သူ အလွန်ဒေါသထွက်မိသည်။
သို့ရာတွင် သူ ကန်ကျောက်၍ပြီးသွားချိန်မှာပင် စနစ်၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"တာဝန်ကျရှုံးခြင်းပြစ်ဒဏ်...သိုင်းပညာခန်းမကို ပြန်သိမ်းယူမှာဖြစ်ပြီးတော့ လက်ခံသူ ဆက်ပြီးပိုင်ဆိုင်ရတော့မှာမဟုတ်ဘူး"
"ယိ့ပဲကွာ"
ရီဖုန်း၏မျက်နှာ ချက်ချင်းဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူသည် ဒေါသများအလွန်ကြီးထွားနေသဖြင့် ပေါက်ကွဲသွားလုမတတ်ပင်။
ဤပညာရပ်များသည် အသုံးမဝင်သော်လည်း သိုင်းပညာခန်းမသည် သူ၏ဘဝခိုလှုံရာလေးဖြစ်သည်။ ယခုချိန်၌ သူ့ထံတွင် ငွေကြေးများရှိနေသဖြင့် တခြားအိမ်တစ်လုံးကို ဝယ်နိုင်သော်လည်း ဤနှစ်များအတွင်းတွင် တည်ဆောက်ထားခဲ့ရသော ခံစားချက်များနှင့်အမှတ်တရများကို ဝယ်ယူ၍မရနိုင်ချေ။
သူ၏ပြင်းထန်သော အသက်ရှုသံအောက်တွင် ရီဖုန်းသည် ဇီသာကိုပြန်၍ကောက်ယူကာ ဒေါသတကြီးဖြင့် 'အရှေ့လေပြည် ပြောင်းလဲခြင်း'တေးသံကို တီးခတ်လိုက်တော့သည်။
*အရှေ့ပိုင်းတွေမှာ ဂီတာလို့ရေးခဲ့တာကို ခေတ်နဲ့လျော်ညီအောင် ဇီသာ ပြောင်းသုံးပါ့မယ်*
Chapter 119
"ပုလွေကို ဘယ်သူက တီးမှုတ်ပြီးတော့ ..အရှေ့လေပြည်ပြောင်းလဲခြင်းသီချင်းကို ဘယ်သူက သရုပ်ဖော်မှာလဲ...."
သီချင်းသီဆိုနေစဥ်တွင် ရီဖုန်းသည် သူ၏ဇီသာကို ညင်သာစွာတီးခတ်နေလေ၏။ ရီဖုန်းသည် အပေါ်ယံ၌ သူ၏အတိတ်ဘဝမှ ဂန္တဝင်သီချင်းများကိုတီးခတ်ကာ သူ၏စိတ်နှလုံးသားအတွင်းရှိ မပြေလည်ခြင်းများကို ဖြေဖျောက်နေပုံရသည်။ သို့ရာတွင် အမှန်အားဖြင့် သူသည် စနစ်၏ညစ်ပတ်သောခိုင်းစေမှုကြောင့် သူ တီးခတ်နေရခြင်းပင်....
"တကယ်လို့ ရမ်ဟိုသာ မမျှော်လင့်တာတစ်ခုခုဖြစ်သွားရင် ဒီကိစ္စအတွက် နင်တို့နတ်ဘုရားဓားဂိုဏ်းကို ငါတို့လီမီသားစုက အလွတ်ပေးမှာမဟုတ်ဘူး"
ဤအချိန်အခိုက်အတန့်တွင် အစွမ်းထက်သောအရှိန်အဝါများနှင့်အတူယှဥ်တွဲ၍ အလင်းတန်းနှစ်တန်းက မူတောင်ပရဝုဏ်အတွင်းသို့ အရှိန်ဖြင့်ပျံသန်းလာသည်။
ထိုစကားကိုကြားချိန်တွင် ရှမိုကျူး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
သူသည် တပည့်များအား မူတောင်အတွင်းသို့ စေလွှတ်လိုက်သည်မှာ သေးငယ်သောတာဝန်တစ်ရပ်ကို ဆောင်ရွက်ရန်ဖြစ်သည်။ သို့ရာတွင် သူ၏တပည့်လီရမ်ဟိုသည် ဤကဲ့သို့ထူးဆန်းသောမတော်တဆကိစ္စတစ်ခုနှင့် ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
တိုက်ဆိုင်မှုတစ်ခုအနေဖြင့် လီရမ်ဟို၏အဒေါ်ဖြစ်သူ လီကျားရှင်းသည် နတ်ဘုရားဓားဂိုဏ်းသို့ အလည်အပတ်လာစဥ်၌ ဤအခြေအနေဖြင့် ပက်ပင်းတိုးမိလေ၏။
လီကျားရှင်းသည် ဤကဲ့သို့ပြောဆိုနေသော်လည်း ရှမိုကျူးသည် အနည်းငယ်မျှပင် စစိတ်ဆိုးဒေါသထွက်ခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ လီမီသားစုသည် နန်ရှားနယ်မြေရှိ ထိပ်သီးမိသားစုကြီးသုံးစုအနက်မှတစ်စုပင်။
"ဒါပေမယ့် ရမ်ဟိုက ဒီတောတောင်တွေထဲမှာ နတ်ဆိုးသားရဲတွေ ထကြွသောင်းကျန်းနေတယ်လို့ ပြောခဲ့တယ်....ဒါပေမယ့် ဒီနေရာကိုလာတဲ့ လမ်းတလျှောက်မှာ နတ်ဆိုးငယ်လေးတချို့ကလွဲပြီးတော့ အားအကောင်းဆုံးက ငါတို့ဖမ်းလာတဲ့ ကင်းခြေမျှားပဲရှိတယ်"
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်းဖြင့် လီကျားရှင်းက ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီကင်းခြေမျှားက တော်တော်လေးရယ်စရာကောင်းတာပဲ...ငါတို့ကိုမြင်နေတာတောင် သေချင်ယောင်ဆောင်နေသေးတယ်...အဲ့ဒီကောင်ကိုသယ်လာရတာ ကံကြမ္မာကောင်းရဖို့ထိုက်တန်တဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးလို့ ယူဆနိုင်တယ်"
"အမှန်ပဲ...ကံကောင်းချင်တော့ ဒီမတော်တဆကိစ္စက ရမ်ဟိုအတွက် ကိစ္စကောင်းတစ်ခုလို့ သတ်မှတ်လို့ရတယ်"
ရှမိုကျူးက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလေ၏။
သူသည် ကင်းခြေမျှားကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိသည်မှာ သိသာထင်ရှားနေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်သောကများဖြင့်သာ ပြည့်နှက်နေသည်။ လီရမ်ဟိုသည် သူ၏တပည့်ဖြစ်ပြီး နတ်ဘုရားဓားဂိုဏ်း၏စီနီယာတပည့်ဖြစ်ရုံသာမက လီမိသားစုဝင်လည်းမဟုတ်ချေ။ ထို့ကြောင့် သူမအား မည်သည့်မတော်တဆကိစ္စမျိုးမျှ အဖြစ်မခံနိုင်ပေ။
"အဲ့ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်မိတယ်"
သူတို့နှစ်ယောက်သည် တောတောင်တဝိုက်ရှိ အခြေအနေကို စူးစမ်းလေ့လာရင်း ရှေ့သို့ဆက်၍ပျံသန်းခဲ့တော့သည်။
"ဟမ်...."
"ဒါက..."
ဤအချိန်အခိုက်အတန့်တွင် ပျံသန်းနေသောလီကျားရှင်းသည် ရုတ်တရက်နှေးကွေးသွားကာ တဖြည်းဖြည်း လေထု၏အလယ်၌ ရပ်တန့်သွားသည်။
ထိုစကားကိုကြားချိန်တွင် ရှမိုကျူးသည်လည်း လှမ်းကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏စိတ်အခြေအနေဖြင့်ပင် သူ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ မနေနိုင်တော့ချေ။
"ဒါက....ဒါက နတ်ဆိုးဝိညာဥ်အဆင့် နတ်ဆိုးသားရဲတစ်ရာကျော်တဲ့ နတ်ဆိုးဘုရင်ဆယ်ကောင်တွေရဲ့ အလောင်းတွေမဟုတ်လား"
"အမှန်ပဲ"
လီကျားရှင်းသည် တည်ကြည်လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်ပြကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤထူးခြားသောဖြစ်ရပ်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ ယခုကဲ့သို့အင်အားမျိုးသာ စုဝေးနေပါက သိုင်းဧကရာဇ်တစ်ယောက်ဖြစ်သော သူမပင်လျှင် ရင်ဆိုင်ရန် အခက်အခဲရှိပေလိမ့်မည်။
ထို့ပြင် နတ်ဆိုးသားထဲများသည် အမြဲတစေ စုဝေးနေကြသဖြင့် ဤလှုပ်ရှားမှုသည် ပျားအုံတစ်အုံကို တုတ်နှင့်ထိုးသောလုပ်ရပ်မျိုး မဟုတ်လော....
လီကျားရှင်းက သူမကိုယ်သူမ ပြန်လည်၍မေးခွန်းထုတ်လိုက်သည်။ သူမထံတွင် ဤကဲ့သို့များပြားသော နတ်ဆိုးဝိညာဥ်များနှင့်နတ်ဆိုးဘုရင်များကို ရင်ဆိုင်နိုင်သည့် အရည်အချင်းမျိုး ရှိနေလျှင်ပင် သူမထံတွင် ထိုသို့လုပ်ဆောင်ဝံ့သောသတ္တိမျိုး မရှိမည်မှာ သေချာပေါက်ပင်။
"ဒီတောတောင်ထဲမှာရှိတဲ့ နတ်ဆိုးဝိညာဥ်အဆင့်သားရဲတွေနဲ့ နတ်ဆိုးဘုရင်တွေအားလုံး ဘယ်ရောက်သွားလဲလို့ ငါ သိချင်နေမိတာ...ခုကြည့်ကြည့်တော့မှ သူတို့အားလုံးက ဒီနေရာမှာ သေနေကြတာများလား"
ရှမိုကျူးသည် အသိစိတ်ပြန်ဝင်လာချိန်တွင် အံ့အားတသင့် ပြောဆိုလိုက်၏။
"ဒီလိုလုပ်ဖို့အရည်အချင်းမျိုး ဘယ့်သူဆီမှာ ရှိနေနိုင်လဲ"
"သူပဲ ဖြစ်ရမယ်"
လီကျားရှင်း၏ ထက်ရှသောအကြည့်သည် အလောင်းများ၏အလယ်တွင်ရှိနေသော ရီဖုန်းထံသို့ ကျရောက်သွားသည်။
"သူလား..."
ရှမိုကျူးက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ဒါပေမယ့် သူ့မှာ ဘာအရှိန်အဝါမှမရှိဘူး...ကြည့်ရတာတော့ သာမာန်သေမျိုးတစ်ယောက်လိုပဲ"
"ဒါက သေချာပြောလို့မရသေးဘူး"
လီကျားရှင်းက သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ဒီလောက်နတ်ဆိုးသားရဲတွေ ဝိုင်းရံခံထားရတဲ့ကြားမှာ....သေမျိုးတစ်ယောက်က မကြောက်ဘဲနဲ့ ဘယ်လိုလုပ်နေနိုင်မှာလဲ...အဲ့ဒီလူက သူ့ရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတဲ့ အထူးကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံထားတဲ့သူဖြစ်ဖို့များတယ်"
"မင်းပြောတာ ဖြစ်နိုင်တယ်"
ရှမိုကျူးက ခေါင်းညိတ်လိုက်သည်။ အကယ်၍ ဤလူသာ သေမျိုးဖြစ်နေပါက ယခုကိစ္စသည် အလွန်ထူးဆန်းအံ့အားသင့်ဖွယ်ကောင်းနေပေလိမ့်မည်။
"ဒီလူကလည်း သိုင်းဧကရာဇ်တစ်ယောက် ဖြစ်နိုင်တယ်....အဲ့ဒီနေရာကို သွားနှုတ်ဆက်ပြီးတော့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မေးကြရအောင်"
လီကျားရှင်းက စကားဆုံးသည်နှင့် ရီဖုန်းထံဦးတည်၍ ပျံသန်းလိုက်၏။
ရှမိုကျူးကလည်း ခေါင်းညိတ်ပြကာ နောက်သို့လိုက်ပါသွားခဲ့သည်။
"ဒင်....လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းရဲ့ဇီသာစွမ်းရည်က နတ်ဘုရားပေါင်းစပ်ခြင်းနယ်ပယ်ကို ရောက်သွားပါပြီ"
စနစ်၏အချက်ပေးသံကိုကြားသည့်တိုင် ရီဖုန်းသည် လှုပ်ရှားခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ရောက်ရှိရန် အလှမ်းကွာဟနေဆဲပင်။
အတိတ်ရှိအတွေ့အကြုံများမှတဆင့် ပညာရပ်နယ်ပယ်များကို စဦးပိုင်းနားလည်ခြင်းနယ်ပယ် အသေးစားအောင်မြင်မှုနယ်ပယ် သန့်စင်သောစွမ်းရည်နယ်ပယ် နတ်ဘုရားပေါင်းစပ်ခြင်းနယ်ပယ် လောကပြိုင်ဘက်ကင်းနယ်ပယ် ရိုးရှင်းမှုသို့ပြန်ရောက်ခြင်းနယ်ပယ် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောနယ်ပယ် အစရှိသဖြင့် ခွဲခြားထားကြောင်း သူ သိရှိထားပြီးလေပြီ။
သူသည် ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့်ပန်းချီပညာရပ်တို့ကို နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောနယ်ပယ်သို့ ရောက်ရှိရန် အနည်းဆုံး လပေါင်းများစွာ အချိန်ယူရပေမည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က ဇီသာကို မကြာခဏ တီးခတ်လေ့ရှိသဖြင့် သီချင်းအနည်းငယ်ပြီးဆုံးသွားချိန်တွင် သူ၏ဇီသာစွမ်းရည်သည် နတ်ဘုရားပေါင်းစပ်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားလေပြီ။ ဤသည်က သူ၏အင်အားစိုက်ထုတ်ရမှုကို အနည်းငယ်သက်သာစေသည်။
"ဆက်ပြီး လေ့ကျင့်တာပေါ့"
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ တခြားလုပ်စရာဆိုလို့ ဘာမှရှိမနေဘူး"
ရီဖုန်းသည် အချိန်တခဏခန့် အနားယူပြီးနောက် သူ၏ဇီသာကို တဖန်ပြန်၍ ကောက်ယူလိုက်၏။ အကြောင်းအရင်းတစ်ချက်မှာ ဤပညာရပ်တွင် တိုးတက်လာမှသာ သူ၏သိုင်းပညာခန်းမကို စနစ်ပြန်သိမ်းယူမည့်ရန်မှ ရှောင်ရှားနိုင်မည်ဖြစ်သောကြောင့်ပင်။ တခြားအကြောင်းအရင်းတစ်ခုမှာ ရီဖုန်းသည် ယခုချိန်၌ အမှန်တကယ်ကို ပျင်းရိနေသောကြောင့်ဖြစ်သည်။
သို့ရာတွင် တေးသံထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ရီဖုန်းထံသို့ဦးတည်၍ အရှိန်ဖြင့်သွားနေသော လီကျားရှင်း၏ခန္ဓာကိုယ်တုန်ရီသွားကာ နေရာမှာပင် ရပ်တန့်လိုက်သည်။
"အဲ့ဒီလူက ဇီသာတီးခတ်နေတာလား"
သူမ၏နောက်ရှိ ရှမိုကျူးသည် ဇဝေဇဝါဖြစ်သွားကာ ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလိုက်၏။
"တိတ်တိတ်နေစမ်း"
သို့ရာတွင် သူသည် လီကျားရှင်း၏အေးစက်စက်အော်ငေါက်သံကို ကြုံတွေ့လိုက်ရသည်။
ရှမိုကျူး၏မျက်နှာ အနည်းငယ်ရှုံမဲ့သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း သိုင်းဧကရာဇ်တစ်ယောက်ဖြစ်သဖြင့် ရိုင်းပျစွာအော်ငေါက်ခြင်းကို သည်းမခံနိုင်ချေ။ သူ ပြန်လည်ချေပရန် ပြင်ဆင်လိုက်စဥ်မှာပင် လီကျားရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏မျက်လုံးကို စုံမှိတ်ထားသည်အား သူ မြင်တွေ့မိလေ၏။
သူ ဇဝေဇဝါဖြစ်နေစဥ်မှာပင် လီကျားရှင်းက ထပ်မံ၍စကားပြောဆိုလေသည်။
"ငါ နင့်ကို အော်ငေါက်တာမဟုတ်ဘူး...ဒီတေးသံကို တိတ်တိတ်လေး နားထောင်ရုံနဲ့...ငါ ဘာလို့ ခုလိုမျိုးလုပ်တယ်ဆိုတာ နင် နားလည်သွားလိမ့်မယ်"
ရှမိူကျူးသည် စိတ်မကြည်မသာဖြစ်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သို့ရာတွင် သူမပြောသည့်အတိုင်း လုပ်ဆောင်ကြည့်လိုက်ချိန်၌ သူ၏အလေးအနက်မထားသောအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။ သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ဒါက...."
Chapter 120
"ဒီဇီသာတေးသံထဲမှာ အစွမ်းထက်တဲ့ သိုင်းပညာစိတ်ဆန္ဒတွေ တကယ်ကြီးကိန်းအောင်းနေတာပါလား"
ထိုစကားများကိုပြောဆိုနေစဥ်တွင် ရှမိုကျုး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံး၌ လီကျားရှင်း မည်သည်ကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်ကို သူ နားလည်သဘောပေါက်သွားလေပြီ။
ယခုချိန်၌ ဤဇီသာတေးသံအတွင်းတွင် သိုင်းပညာစိတ်ဆန္ဒများ ပါဝင်နေသည်ကို သူ သိရှိသွားသဖြင့် လီကျားရှင်း မည်သည့်အရာကိုမျှ ထပ်မံပြောဆိုခြင်းမပြုသည့်တိုင် သူ၏ဆင်ခြင်ဥာဏ်ဖြင့် သူ့ပါးစပ်ကို ပိတ်ထားလိုက်၏။ သူသည် ဇီသာတေးသံအတွင်းရှိ အနုပညာသဘောတရားများကို တိတ်တဆိတ်ခံစားလိုက်သည်။
ဇီသာတေးသံသည် ညင်သာစွာပျံ့လွင့်လာပြီး သူတို့၏နားများအတွင်းသို့ ဝင်ရောက်လာသည်။
ဇီသာအတွင်းရှိ အနုပညာသဘောတရားများသည် ရှမိုကျူးကို အလွန့်အလွန်ဝေးကွာသော အမှတ်တရများထံသို့ ချက်ချင်းပြန်ဆွဲခေါ်သွားခဲ့သည်။
အတိတ်သို့ ပြန်တွေးကြည့်ပါက တစ်နေ့တွင် နတ်ဘုရားဓားဂိုဏ်း၏ထောက်တိုင်ကြီးတစ်ခုဖြစ်လာမည့် ရှမိုကျုးသည် နိမ့်ကျသောဇစ်မြစ်ရှိပြီး ကျင့်ကြံသူတစ်ယောက်ဖြစ်လာရမည်ဟူသော အိမ်မက်သာရှိသည့် လူငယ်တစ်ယောက်ပင်။ သူသည် နှောင့်နှေးကြန့်ကြာမှုများနှင့် ဒဏ်ရာအမြောက်အများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
သို့ရာတွင် သူမဆုတ်မနစ်ကြိုးစားပြီး ယိမ်းယိုင်နေသောအိမ်လေးသို့ ပြန်လာခဲ့သည့်အချိန်တိုင်း ထမင်းပူပူတစ်ပန်းကန်နှင့် စွပ်ပြုတ်ပူပူတစ်ပန်းကန်သည် အစဥ်အမြဲရှိနေလေ၏။ ကြင်နာတတ်သော အမျိုးသမီးအိုကြီးတစ်ယောက်သည် စုတ်ပြဲနေသော သူ၏အဝတ်အစားများကို ဖာထေးပေးကာ သူ၏ဖိနပ်များကို အသစ်စက်စက်ပုံပေါက်သည်အထိ တိုက်ချွတ်ဆေးကြောပေးသည်။
"မိုကျူး...မင်းအကောင်းဆုံးလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်"
ထိုစကားလုံးများသည် သူ၏နားအတွင်း၌ အစဥ်အမြဲ ပဲ့တင်ထပ်နေဆဲပင်။ တဖြည်းဖြည်း ခါးကုန်းသွားသည့်တိုင် ကြင်နာသောအပြုံးနှင့် ညင်သာသောဂရုစိုက်မှုတို့ကိုပေးခဲ့သော သူ၏အမေအို.....
အချိန်များက လျှင်မြန်စွာစီးဆင်းသွားကာ နှစ်ပေါင်းများစွာ ကုန်လွန်သွားလေပြီ။
အမှုမဲ့အမှတ်မဲ့ဖြင့် နှစ်ပေါင်းတစ်ထောင်ကျော် ကုန်ဆုံးသွားခဲ့သည်။ ယခုမှသာ ရှမိုကျူးက ဤအသံသည် ဝေဝါးပျက်ပြယ်သွားခဲ့သည်မှာ အချိန်များစွာကြာညောင်းခဲ့ပြီဖြစ်ကြောင်း သိနားလည်ထားပေ၏။
ဤကြင်နာတတ်သော စကားသံများသည်လည်း သူ၏စိတ်နှလုးသားအတွင်း၌ ထင်ဟပ်မလာသည်မှာ အချိန်အတော်ကြာမြင့်ခဲ့လေပြီ။
တစ်ချိန်က နုပျိုသောလူငယ်တစ်ယောက်သည်လည်း နောက်ဆုံး၌ မျိုးဆက်တစ်ခု၏အရေးပါသူတစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
သို့ရာတွင် သူမကမူ ဤနေရာတွင် မရှိတော့ချေ။
"အမေ..."
ဇီသာတေးသံ ရပ်တန့်သွားသည်ကို သတိမပြုမိဘဲ ရှမိုကျူးသည် သူ၏အတိတ်အမှတ်တရများအတွင်း၌ နစ်မြောနေကာ ရုန်းထွက်မလာနိုင်သေးပေ။ နတ်ဘုရားဓားဂိုဏ်း၏မြင့်မြတ်သော အကြီးအကဲတစ်ယောက်ဖြစ်သည့် ရှမိုကျူး၏မျက်လုံးအတွင်း၌ ယခုချိန်တွင် မျက်ရည်များဖြင့် စိုစွတ်နေသည်။
"ကြည့်ရတာတော့ ငါတို့က အမြင်မှားပြီးတော့ သူ့ကို အထင်မှားခဲ့မိပုံပဲ"
ထိုအချိန်မှာပင် လီကျားရှင်းက နူးညံညင်သာစွာပြောဆိုသည်။
"အဲ့ဒီတစ်ယောက်က သိုင်းဧကရာဇ်တစ်ယောက် မဖြစ်နိုင်ဘူး...သူ့ရဲ့ဇီသာတေးသံထဲက သိုင်းပညာစိတ်ဆန္ဒကို အခြေခံကြည့်ရင် သူက အနည်းဆုံး သိုင်းဘိုးဘေးနယ်ပယ်တည်ရှိမှုကြီးဖြစ်မယ်"
ထိုစကားကိုပြောဆိုနေစဥ်တွင် လီကျားရှင်းသည် သူမ၏ခေါင်းကိုငုံထားကာ သူမ၏မျက်လုံးထောင့်မှမျက်ရည်များကို သုတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ရှမိုကျူးသည် သူမ၏မျက်လုံးများ နီမြန်းနေသည်ကို သတိပြုမိသည်။ ထိုဇီသာတေးသံမှတဆင့် သူမထံတွင် မည်သည့်အမှတ်တရများ ထင်ဟပ်သွားသည်ကို သူ မသိရှိသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ ခံစားနေရပုံရသည်။
"သိုင်းဘိုးဘေးလား....အံ့အားသင့်စရာ မရှိတော့ဘူး"
ရှမိုကျူးက လီကျားရှင်းကို စောင်းငဲ့၍ကြည့်လိုက်သည်။ သိုင်းဘိုးဘေးနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချထားသော လီကျားရှင်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤသို့ပြောဆိုလာခဲ့သည်။ ထို့ကြောင့် ဤလူသည် သိုင်းဧကရာဇ်ထက် ပို၍အဆင့်မြင့်သော သိုင်းဘိုးဘေးတစ်ယောက် ဖြစ်ပေမည်။
"သွားကြစို့...ငါတို့ အရိုအသေသွားပြုကြရမယ်"
လီကျားရှင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏မျက်နှာအမူအယာ ပို၍ပို၍တည်ကြည်လေးနက်သွားသည်။ သူမ၏လေသံသည် သူ့အား သာမာန်ကာလျှံကာနှုတ်ဆက်မည်မှနေ၍ အရိုအသေသွားပြုမည်ဟု ပြောင်းလဲသွားလေ၏။
ရှမိုကျူးက ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ရီဖုန်းရှိနေသောနေရာသို့ ဦးတည်၍ ပျံသန်းခဲ့တော့သည်။
"ဟူး...ဆက်ပြီးလေ့ကျင့်ရအုံးမယ်"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ကာ အနည်းငယ်နာကျင်ကိုက်ခဲနေသော သူ၏လက်ကို လှုပ်ခါလိုက်၏။ ထိုအချိန်မှာပင် သူသည် အသံတစ်သံကို ကြားလိုက်သဖြင့် အလျင်စလို မော့ကြည့်လိုက်ရာ သူ့ထံဦးတည်၍ ပျံသန်းလာသော အလင်းတန်းနှစ်တန်းကို တွေ့မြင်မိသည်။
"ထပ်ပြီးတော့ ကျင့်ကြံသူတွေလား"
ထိုလူများ၏ပျံသန်းလာသောပုံစံကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားကာ သူ၏မျက်လုံးအတွင်း၌ လိုလားတောင့်တမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
အကယ်၍ သူ၏စနစ်စုတ်သာ အနည်းငယ်ပို၍မှီခိုအားထားရပါက သူသည်လည်း ယခုချိန်တွင် ကုန်းမြေပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်မည်မဟုတ်လော.....
သို့ရာတွင် ကျင့်ကြံသူများကို ထပ်မံ၍တွေ့ကြုံရသည့်တိုင် သူ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံရသည့်
ပထမဆုံးအကြိမ်မဟုတ်ချေ။ လော့လန်ရွှယ်အပြင် သူ တောင်ပေါ်၌ဆုံတွေ့ခဲ့ရသော ဓားသမားမိန်းကလေးသည်လည်း ကျင့်ကြံသူဖြစ်ပေ၏။
ရီဖုန်းသည် ထိုလူနှစ်ယောက် သူ့အား မည်သည်ကြောင့်လာရှာသည်ကို သူ ရှင်းရှင်းလင်းလင်းမသိရုံသာရှိသည်။
နောက်ဆုံး၌ ထိုလူနှစ်ယောက်သည် သူ့ရှေ့၌ ဆင်းသက်လာသည်။
ရီဖုန်းသည် သူ၏ဇီသာကိုအောက်သို့ချကာ မတ်တတ်ထရပ်လိုက်၏။
သို့ရာတွင် သူ့အား တစ်စုံတစ်ခုလိုအပ်သဖြင့် လာရှာသည်ဟု သူ ထင်ခဲ့သောလူနှစ်ယောက်သည် သူ့အား ဦးညွှတ်အရိုအသေပြု၍ ရိုသေလေးစားစွာ တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
"လီကျားရှင်း...."
"ရှမိုကျူး...."
"စီနီယာကို အရိုအသေပြုပါတယ်"
သူတို့နှစ်ယောက်သည် ထိုလူငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ကြသည်။ သို့ရာတွင် သူတို့သည် အနီးကပ်ကြည့်သည့်တိုင် ရီဖုန်းထံမှနေ၍ စွမ်းအားလှုပ်ခတ်မှု အနည်းငယ်မျှကိုပင် အာရုံမခံမိသဖြင့် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ လှိုင်းထန်လာသည်။
သူသည် သာမာန်လူတစ်ယောက် ဖြစ်သလော....
ဤသည်မှာ မဖြစ်နိုင်ချေ။ ဇီသာတေးသံအတွင်းရှိ သိုင်းပညာစိတ်ဆန္ဒဖြင့် သူတို့ကို နက်ရှိုင်းစွာဖမ်းစားနိုင်ရန်မှာ သာမာန်လူတစ်ယောက် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
သိုင်းဘိုးဘေးတစ်ယောက်ဟူသည်မှာ သူတို့ အတည်ပြုနိုင်သလောက်နီးပါးပင်။
သို့ရာတွင် ရီဖုန်းက ကျင့်ကြံသူနှစ်ယောက်သည် ပျံသန်းလာပြီးနောက် သူ့အား စီနီယာဟု ခေါ်ဆိုနေသဖြင့် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။ ထို့ကြောင့် သူက ပြောဆိုလိုက်၏။
"မင်းတို့နှစ်ယောက် လူမှားနေပြီ...ငါက ဘာစီနီယာမှမဟုတ်ဘူး...တောတောင်တွေအကြားမှာ ဆေးပင်တွေကို စုဆောင်းနေတဲ့ သေမျိုးတစ်ယောက်ပဲ"
"သေမျိုးတစ်ယောက်လား"
ရီဖုန်း၏စကားကြောင့် လီကျားရှင်းနှင့်ရှမိုကျူးတို့နှစ်ယောက် ကြက်သေသေသွားသည်။
သူတို့ မှားသွားသလော.....
သူတို့ရှေ့ရှိလူငယ်သည် ဇီသာစွမ်းရည်ကိုသာ အဆင့်မြင့်မြင့် တတ်ကျွမ်းထားသော သေမျိုးတစ်ယောက်ဖြစ်နေသလော...
သူတို့နှစ်ယောက် စဥ်းစားတွေးတောနေစဥ်မှာပင် လီကျားရှင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် သူမ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ အလွန်ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသဖြင့် သူမသည် ရှမိုကျူးကို သူမ၏မျက်လုံးဖြင့် အချက်ပြလိုက်၏။
ထိုအခြင်းအရာကိုမြင်တွေ့သော ရှမိုကျူး၏မျက်လုံးအကြည့်သည်လည်း ဝေ့ဝိုက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားတော့သည်။