← Chapters

အခန်း (၁၂၁-၁၂၅)

Vol. 9 Ch. 121-125

အခန်း (၁၂၁-၁၂၅)

Vol. 9 Ch. 121-125

Chapter 121

ရှီး.....

ရှမိုကျီး၏အကြည့်သည် သစ်ပင်ပေါ်တွင်ချိတ်ဆွဲခံထားရသော လိပ်အိုကြီးထံသို့ အခိုင်အမာကျရောက်နေကာ သူ၏သွားကြားမှနေ၍ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။

သစ်ပင်ပေါ်၌ ချိတ်ဆွဲခံထားရသော လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ် ဖြစ်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး ထူးခြားဆန်းပြားသဖြင့် သူ အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။

နတ်ဆိုးဧကရာဇ်...ဤသည်မှာ နတ်ဆိုးဧကရာဇ်ပင်။

သူ ရှမိုကျီး၏ကျင့်ကြံဆင့်နယ်ပယ်နှင့်တူညီသော ခွန်အားရှိသည့် နတ်ဆိုးဧကရာဇ်တစ်ကောင်သည် သစ်ပင်ပေါ်၌ချိတ်ဆွဲခြင်း ခံထားရသလော...

သူသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏နံဘေးရှိ လီကျားရှင်းထံ လှည့်ကြည့်လိုက်၏။

လီကျားရှင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမမျက်လုံးရှေ့ရှိမြင်ကွင်းကို သူမ မယုံကြည်နိုင်တော့သဖြင့် သူမ၏မျက်နှာပေါ်၌ သိသာသော ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်းတို့နှစ်ယောက်က ငါ့ရဲ့လိပ်ကို လိုချင်နေကြတာလား"

ထိုလူနှစ်ယောက်သည် သူ၏လိပ်ကို စူးစိုက်၍ကြည့်နေသည်အား မြင်တွေ့ချိန်၌ ရီဖုန်း၏မျက်နှာ တည်တင်းသွားသည်။ သူ့ရှေ့ရှိလူနှစ်ယောက်သည် ကျင့်ကြံသူများဖြစ်သော်လည်း သူက မောက်မာဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်၏။

"ငါ ဒီလိပ်ကို ပြန်သယ်သွားပြီးတော့...ငါ့တပည့်ရဲ့ကျန်းမာရေးအတွက် ဖြည့်စွက်စာလုပ်ဖို့ စွပ်ပြုတ်ပြုတ်ရမယ်"

ရီဖုန်း၏စကားများသည် ထိုလူနှစ်ယောက်၏စိတ်နှလုံးသားများအတွင်းတွင် ပင်လယ်အတွင်း၌မုန်တိုင်းထန်သည့်အလား လှုပ်ခတ်သွားစေကာ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။

ဤသည်မှာ မိုးခြိမ်းသံတစ်သံအလားပင်။

နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုကြီး...

ဤသည်ကို သူသည် အိမ်ပြန်သွယ်သွားကာ သူ့တပည့်၏ကျန်းမာရေးအတွက် ဖြည့်စွက်စာအဖြစ် စွပ်ပြုတ်လုပ်မည်ဟုဆိုသလော....

လက်ခံနိုင်ဖွယ်မရှိသော ကြောက်မက်ဖွယ်ရာကိစ္စကြီးပင်....

ပြောရမည်ဆိုရင် ဤကဲ့သို့ အလွန်ထူးကဲသည့် ကြောက်မက်ဖွယ်စကားများကြောင့် လီကျားရှင်းနှင့်ရှမိုကျူးတို့သည် အတွေ့အကြုံရင့်ကျက်သူများဖြစ်သည့်တိုင် သူတို့၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန်အတွက် အချိန်အတော်ကြာ ယူလိုက်ရသည်။

ရီဖုန်းသည် သေမျိုးလောကထက် သာလွန်သော စွမ်းအားများ ပိုင်ဆိုင်ထားသူဖြစ်ကြောင်းကို သူတို့နှစ်ယောက် ထပ်မံ၍သံသယမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဧကရာဇ်တစ်ကောင်ကို စွပ်ပြုတ်လုပ်မည်ဟူသော တည်ရှိမှုကြီးတစ်ခုသည် မည်သည့်နည်းဖြင့် သာမာန်သေမျိုးတစ်ယောက် ဖြစ်နိုင်မည်နည်း။

ထို့ကြောင့် သူတို့နှစ်ယောက်သည် အလျှင်အမြန် ရှင်းပြလိုက်ကြ၏။

"စီနီယာ...ကျေးဇူးပြုပြီးတော့ ငါတို့ အပြစ်ပြုမိတာကို ခွင့်လွှတ်ပေးပါ...ငါတို့က နတ်ဆိုးဧကရာဇ်....မဟုတ်ဘူး မင်းရဲ့လိပ်ကို မလိုချင်ပါဘူး"

ထိုစကားကိုကြားချိန်တွင် ရီဖုန်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သို့ရာတွင် ထိုလူနှစ်ယောက်သည် သူ့အား စီနီယာဟု ခေါ်ဆိုသည်ကိုကြားချိန်တွင် သူ၏စိတ်အတွင်းမှကျိတ်၍ ခွန်းတုံ့ပြန်နေမိသည်။ ဤကျင့်ကြံသူငတုံးနှစ်ယောက်သည် သူ့ကဲ့သို့သာမာန်လူတစ်ယောက်ကို မည်သည်ကြောင့်စီနီယာဟု ခေါ်ဆိုနေသနည်း။ ဤသည်မှာ မကြုံစဖူးရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးကြီးပင်။

ထို့ကြောင့် သူက ထပ်မံ၍ ပြောဆိုလိုက်၏။

"မင်းတို့နှစ်ယောက်ကို ငါ ပြောပြီးပြီလေ..ငါက ဘာစီနီယာမှမဟုတ်ဘူး...ငါက သာမာန်သေမျိုးတစ်ယောက်ပဲ"

သူတို့နှစ်ယောက်သည် ဆွံအသွားသော်လည်း မကြာမီမှာပင် နားလည်သဘောပေါက်သွားသည်။

သူတို့ကဲ့သို့ မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်များသို့ ရောက်ရှိသွားချိန်တွင် တချို့မွန်းစတားအိုကြီးများသည် ကျင့်ကြံဆင့်နယ်ပယ်ကိုဖုံးကွယ်၍ သာမာန်သေမျိုးများ၏ဘဝအတွေ့အကြုံများကိုရရှိရန် လောကီသေမျိုးလောကအတွင်းသို့ ပြန်လည်ဝင်ရောက်လာလေ့ရှိကြောင်း သူတို့ သိရှိထားသည်။

သူတို့ရှေ့ရှိလူသည်လည်း ဤကဲ့သို့မွန်းစတားအိုကြီးအနက်မှ တစ်ယောက်ဖြစ်ကြောင်း သူတို့ ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားပေ၏။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏စကားများကို အလျှင်အမြန်ပြောင်းလဲ၍ တညီတညွတ်တည်း ပြောဆိုလိုက်သည်။

"ဆရာကြီး...ကျေးဇူးပြုပြီးတော့ စိတ်မဆိုးပါနဲ့...ငါတို့မှာ တခြားဘာသဘောမှမရှိပါဘူး...ငါတို့ ဒီနေရာက ဖြတ်သွားတဲ့အချိန်မှာ ဆရာကြီးရဲ့ဇီသာတေးသံက ဆွဲဆောင်တာကို ခံလိုက်ရတယ်....ဆရာကြီးရဲ့ဇီသာစွမ်းရည်က အံ့အားသင့်ဖွယ်ကောင်းအောင် စိတ်အာရုံကိုစေ့ဆော်နိုင်ပြီးတော့ သာလွန်ထူးကဲတယ်..သာမာန်လူတွေရဲ့စွမ်းရည်ထက် အများကြီးသာလွန်တယ်...ဒါကြောင့် ငါတို့က ဒီနေရာကို ရောက်လာပြီးတော့ ဆရာကြီးကို အနှောက်အယှက်ပြုမိတာပါ"

"အော်..."

ရီဖုန်းက အနည်းငယ်အံ့အားသင့်သွားကာ မေးမြန်းလေသည်။

"မင်းတို့နှစ်ယောက်ကလည်း ဇီသာတီးခတ်တာကို သဘောကျတာလား"

"ဒီနိမ့်ကျတဲ့သူက နည်းနည်းတော့ တီးခတ်တတ်ပါတယ်...ဒါပေမယ့် ဆရာကြီးနဲ့နှိုင်းယှဥ်ကြည့်ရင် ငါရဲ့အရည်အချင်းက တကယ့်ကိုရှက်စရာပါပဲ"

လီကျားရှင်းသည် အနည်းငယ်တွန့်ဆုတ်နေသော်လည်း အလျှင်အမြန် ပြောဆိုလေ၏။ အမှန်အားဖြင့် သူမသည် ဇီသာပညာရပ်တွင် နက်နဲသောအောင်မြင်မှုကို ရရှိထားပြီး ဇီသာနတ်သမီးဟု နာမည်ကျော်ကြားသည်။

သူမ အစဥ်အမြဲ ဂုဏ်ယူဝံ့ကြွားခဲ့ရသည့် သူမ၏ဇီသာစွမ်းရည်သည် ဤလူ၏ရှေ့တွင် နှိုင်းယှဥ်၍ရမည့်ပုံမရှိချေ။

"ငါက နည်းနည်းပဲသိတာ...နည်းနည်းလေးပဲ သိတာပါ"

ရှမိုကျုးသည်လည်း သူ၏နဖူးကိုပွတ်ကာ အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။ သူသည် ဇီသာနှင့်ပတ်သတ်၍ မည်သည့်အရာကိုမျှ မသိရှိသော်လည်း အခြေအနေအရ သူ အနည်းငယ်သိကျွမ်းနေသကဲ့သို့ ဟန်ဆောင်ရုံသာရှိတော့သည်။

"ငါ သိပြီ"

ရီဖုန်းသည် အပြုံးနှင့်ခေါင်းညိတ်ပြကာ သူ၏စိတ်အတွင်းရှိ သံသယများ ရှင်းလင်းသွားလေပြီ။

အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်သည် အပြေးရောက်လာပြီး သူ့အား အလွန်ရိုသေလေးစားစွာဖြင့် စီနီယာဟုခေါ်ဆိုကြခြင်းမှာ အံ့အားသင့်စရာမရှိတော့ချေ။ ယခုကြည့်ကြည့်တော့မှ သူတို့သည် သူ၏ဇီသာတေးသံမှ ဆွဲဆောင်ခြင်းကို ခံလိုက်ရခြင်းဖြစ်နေသည်။

သူ၏ဇီသာစွမ်းရည်သည် နတ်ဘုရားပေါင်းစပ်ခြင်းနယ်ပယ်တွင်သာရှိနေပြီး နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောနယ်ပယ်သို့ရောက်ရှိရန် အလှမ်းကွာဟသေးသော်လည်း ဤကမ္ဘာလောကအတွင်း၌ သူ့ကို ဆရာကြီးတစ်ယောက်ဟု အကြွင်းမဲ့ယူဆနိုင်ဆဲပင်။

"မင်းတို့နှစ်ယောက်က ငါ့ကို မြှောက်ပင့်ချီးမွမ်းနေတာပဲ...ငါရဲ့ဇီသာတီးခတ်တာက ငါ ပျင်းတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး အပန်းဖြေရုံသက်သက်ပဲ"

ရီဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဆရာကြီးက ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းနေပြီ"

သူတို့နှစ်ယောက်က သံယောင်လိုက်၍ ပြောဆိုသည်။

"ဆရာကြီးရဲ့ဇီသာစွမ်းရည်က တကယ့်ကိုပြိုင်ဘက်ကင်းပဲ....ငါတို့ အရင်က ဒါမျိုးကို တစ်ခါမှမကြားခဲ့ဖူးဘူး...ဒါပေမယ့် ပြောရမယ်ဆိုရင် ဒီဇီသာတေးသံက အရမ်းကြည်လင်ပြတ်သားပြီးတော့ နားဝင်ချိုတယ်"

"ဟား ဟား ဟား...တကယ့်ကို ပြိုင်ဘက်ကင်းတာလား"

ရီဖုန်းက ဝမ်းသာပီတိဖြစ်သွားကာ ရယ်မောလိုက်သည်။

"အမှန်ပါပဲ...ဆရာကြီးက တကယ့်ကို အရည်အချင်းရှိတဲ့လူပါ"

သူတို့နှစ်ယောက်သည် အလျင်စလိုခေါင်းညိတ်လိုက်ကာ သူတို့၏မျက်နှာများပေါ်၌ ကြည်ညိုလေးစားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်းတို့ ကြိုက်နှစ်သက်တယ်ဆိုမှတော့...ငါ မင်းတို့အတွက် နောက်ထပ်တစ်ပုဒ်လောက် ထပ်တီးခတ်ပေးရမလား"

ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

သူတို့နှစ်ယောက်၏မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ ကျေးဇူးတင်သောအကြည့်မျိုးဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အစောပိုင်းက ရီဖုန်း၏ဇီသာတေးသံကို နားထောင်ခြင်းမှရရှိခဲ့သော အကျိုးကျေးဇူးများကို မေ့လျော့ခြင်းမရှိသေးချေ။ သူတို့၏ကျင့်ကြံခြင်းများ မြင့်တက်လာခြင်းမရှိသော်လည်း သူတို့၏စိတ်နေစိတ်ထားများ ယခင်နှင့်အဆများစွာ ကွဲပြားခြားနားသွားခဲ့သည်။

တစ်စုံတစ်ယောက်၏စိတ်နေစိတ်ထားသည် အသုံးဝင်ပုံမရသော်လည်း သူ၏ကျင့်ကြံဆင့်မြှင့်တင်ရာတွင် ခိုအောင်းနေသော အဟန့်အတားများ ထွက်ပေါ်လာစေတတ်သည်။

ထို့ပြင် ယခုချိန်တွင်မူ သူတို့၏စိတ်နေစိတ်ထားကို အဆင့်ချိုးဖျက်နိုင်ခဲ့သဖြင့် နောင်အနာဂတ်၌ သူတို့၏ကျင့်ကြံဆင့်ချိုးဖျက်ချိန်များတွင် အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်သွားပေမည်။

ယခင်က သူတို့သည် ရီဖုန်း၏တေးသွားတစ်ဝက်ခန့်ကိုသာ ကြားခဲ့ရသည်။ ယခုချိန်၌ အကယ်၍ သူတို့သည် တေးသွားအပြည့်အစုံကို နားထောင်ရမည်ဖြစ်သဖြင့် သူတို့ မျှော်လင့်မထားသော အကျိုးအမြတ်များကို ရရှိနိုင်ပေ၏။

သူတို့သည် ကျောက်ပြားများပေါ်၌ တည်ငြိမ်စွာထိုင်လိုက်ကြပြီး သူတို့၏အသက်ရှုနှုန်းကိုထိန်းသိမ်းကာ ရီဖုန်း စတင်တီးခတ်မည့်အချိန်ကို စောင့်ဆိုင်းလိုက်ကြသည်။

Chapter 122

ဇီသာတေးသံသည် နောက်ဆုံး၌ သာယာနာပျော်စွာ ပျံ့လွင့်လာသည်။

ထိုအသံသည် သူတို့၏နားများအတွင်းသို့ ဝင်ရောက်လာချိန်တွင် ကျောက်ပြားပေါ်၌ထိုင်၍ ယဥ်ကျေးစွာပြုမူနေသော သိုင်းဧကရာဇ်နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

ဤတေးသွားသည် အစောပိုင်းက သူတို့ရရှိခဲ့သော ခံစားချက်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။

ယခင်တေးသွားသည် သူတို့အား အတိတ်မှအမှတ်တရများဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကာ ယခုလက်ရှိတေးသွားသည် သူတို့အား အချိန်အကန့်အသတ်ကိုကျော်ဖြတ်၍ အနာဂတ်သို့ တိုက်ရိုက်ရောက်ရှိသွားစေသည်။

တောင်ထိပ်တစ်ခုပေါ်၌...

လီကျားရှင်းသည် သူမ၏ဇီသာကိုတီးခတ်ကာ အောက်ရှိသေမျိုးသက်ရှိများကို ငုံကြည့်၍ လောကကြီးကို ဂီတဖြင့်အုပ်ချုပ်နေခဲ့သည်။

မိုးကောင်းကင်ယံအတွင်း၌....

ရှမိုကျူး၏ဓားရှည်သည် လေထုကိုဖြတ်သန်းကာ ကြယ်များကိုဖျက်ဆီးပြီး စကြာဝဠာကို ခုတ်ပိုင်းလိုက်၏။

သူမသည် လောကကြီးအတွင်း၌ အကောင်းဆုံးတေးသွားကို ရေးစပ်နိုင်ခဲ့သည်။

သူသည် လောကကြီးအတွင်း၌ အစွမ်းထက်ဆုံးဓားကို သွန်းလုပ်နိုင်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် ဘဝ၏အထွတ်အထိပ်အခြေအနေမျိုးသို့ ရောက်ရှိသွားပုံရကာ သူတို့သည် ထိုအရာအတွင်း၌ လုံးလုံးလျားလျား နစ်မြုပ်နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ....

ရီဖုန်း တီးခတ်နေသော ဇီသာတေးသံသည်လည်း ရပ်တန့်သွားလေပြီ။

အချိန်အလွန့်အလွန့်ကြာပြီးချိန်တွင် နောက်ဆုံး၌ သူတို့နှစ်ယောက်သည် ဇီသာတေးသံ၏ဖမ်းစားမှုအောက်မှ ထွက်လာနိုင်ခဲ့သည်။ သူတို့၏မျက်နှာများပေါ်တွင် မပြီးဆုံးသေးသော လေ့လာဆင်ခြင်မှုများနှင့်ပြည့်နှက်နေကာ သူတို့၏မျက်လုံးများအတွင်း၌ ဖုံးကွယ်မထားနိုင်သည့် သိသာထင်ရှားသော အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့သည် ဤတေးသွားမှနေ၍ အကျိုးအမြတ်များစွာ ရရှိသွားသည်မှာ သိသာထင်ရှားလှ၏။

"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

"ဆရာကြီး...ငါတို့ကို ဒီသီချင်းတီးခတ်ပေးခဲ့တဲ့ ဆရာကြီးရဲ့ကြင်နာမှုကို ငါတို့ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး"

သူတို့သည် ဤအတိုင်းဆက်မနေနိုင်တော့သဖြင့် သူတို့၏ရိုသေလေးစားမှုကို ပြသရန်အတွက် အလျှင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။

"ဒါက ရိုးရှင်းတဲ့တေးသွားလေးတစ်ပုဒ်ပါပဲ...မင်းတို့နှစ်ယောက်က အရမ်းယဥ်ကျေးလွန်းနေပြီ"

ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပေါ့ပေါ့ပါးပါး ပြောဆိုသည်။ ဇီသာတီးခတ်ရသည့်တာဝန်သည် လုံးလုံးလျားလျား အချည်းနှီးဖြစ်နေခြင်းမျိုးမဟုတ်ဟု သူ ပထမဆုံးအကြိမ် ခံစားရခြင်းပင်။

ကြည့်လေ...သူ ချက်ချင်းဆိုသလိုပင် အမာခံပရိသတ်နှစ်ယောက် ထပ်၍ရသွားပြီမဟုတ်လော.....

"ဒါက ဆရာကြီးအတွက်တော့ ရိုးရှင်းတဲ့တေးသွားလေးပဲ...ဒါပေမယ့် ကျွန်မတို့အတွက်တော့ ဒါက နတ်ဘုရားကပေးအပ်တဲ့ လက်ဆောင်တစ်ခုပဲ"

လီကျားရှင်းသည် ရိုးသားမှုအပြည့်ရှိသောမျက်နှာနှင့် ရိုသေလေးစားစွာပြောဆိုသည်။ အကြောင်းအရင်းမှာ သူမသည် သိုင်းဘိုးဘေးနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချထားနိုင်ခဲ့သော သိုင်းဧကရာဇ်တစ်ယောက်ပင်။ သို့ရာတွင် သူမ ကျင့်ကြံဆင့်မချိုးဖျက်နိုင်သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေလေပြီ။ ဤတေးသွားကို နားထောင်အပြီးတွင် သူမ၏ကျင့်ကြံဆင့်အတားအဆီးများအားလုံး ကျိုးပျက်သွားခဲ့သည်။

သူမ နေ့နေ့ညည မျှော်လင့်တောင့်တခဲ့ရသော သိုင်းဘိုးဘေးနယ်ပယ်သို့ သူမ တက်လှမ်းနိုင်ခဲ့လေပြီ။

"မိန်းကလေးလီပြောတာ အမှန်ပဲ...ဒါက တကယ့်ကိုပဲ ငါတို့အတွက်တော့ နတ်ဘုရားကပေးအပ်တဲ့ လက်ဆောင်ကြီးပဲ"

ရှမိုကျူး၏မျက်နှာပေါ်တွင် သိသာထင်ရှားသော ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။ ဤတေးသွားအောက်တွင် သူသည် သိုင်းဧကရာဇ်နယ်ပယ် ပဉ္စမအဆင့်မှနေ၍ ဆဋ္ဌမအဆင့်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ မူလက သူ တွေးထင်ထားသည်မှာ သူ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် အနည်းဆုံးနောက်ထပ်နှစ်တစ်ရာကျော် ကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် သူ အားထုတ်ကြိုးပမ်းရမည့် ကိစ္စများ အမြောက်အများ သက်သာသွားလေပြီ။ ဤဘဝတွင် သူ သိုင်းဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် မျှော်လင့်ချက်မျိုး ရရှိလာခဲ့သည်။

"ဆရာကြီး....တကယ်လို့ တစ်ခုခုလိုအပ်တာရှိရင် ငါတို့နှစ်ယောက်ကို ပွင့်ပွင့်လင်းလင်း တောင်းဆိုနိုင်ပါတယ်...ငါတို့ လုပ်ပေးနိုင်တဲ့ ကိစ္စဖြစ်နေသရွေ့ ဓားတောင်ကိုတက်ပြီးတော့ မီးပင်လယ်ကို ကျော်ဖြတ်ရမယ်ဆိုရင်တောင် ငါတို့ လုပ်ပေးပါ့မယ်"

သူတို့နှစ်ယောက်သည် တပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။

"မင်းတို့က အရမ်းယဥ်ကျေးတာပဲ"

ဤစကားများသည် ရီဖုန်းကို အရှက်ရသွားစေသည်။ သူ၏ဇီသာတေးသံကို နားထောင်ရုံမျှဖြင့် သူတို့ ဤမျှထိကျေးဇူးတင်နေရန် လိုအပ်သလော။

ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ဤလောကကြီးတွင် ကျေးဇူးသိတတ်သောကျင့်ကြံသူများ ရှိနေသေးကြောင်း တွေးတောမိသည်။

သူ၏အတိတ်ဘဝတွင် ကျင့်ကြံခြင်းလောကနှင့်ပတ်သတ်သည့် ဇာတ်လမ်းတွဲများနှင့်ဝတ္ထုများအတွင်း၌ ကျင့်ကြံသူများသည် သေမျိုးများအပေါ် အထင်အမြင်သေးပြီး ခွဲခြားဆက်ဆံကြောင်း ဖော်ပြထားချက်များသည် မှားယွင်းနေပုံရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူများသည် အလွန်ကြင်နာတတ်ကာ အထူးသဖြင့် ကျေးဇူးသိတတ်ရာ၌ သာမာန်သေမျိုးများထက်ပင် ပို၍သာလွန်သည်။

သူတို့၏မျက်နှာပေါ်ရှိ ရိုးသားဖြူစင်သော အမူအယာများကိုကြည့်ပြီး ရီဖုန်းသည် အကယ်၍ငြင်းဆန်လိုက်ပါက သူတို့ ခံစားသွားမည်ကို စိုးရိမ်နေခဲ့ပြီး သူ တစ်ခုခုတောင်းဆိုရန်ကိုလည်း ရှက်ရွံနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌ ငွေကြေးပြတ်လပ်နေခြင်းမရှိချေ။ ထို့ကြောင့် အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"တကယ်လို့ မင်းတို့ ငါ့ကို တကယ်ကျေးဇူးတင်တယ်ဆိုရင်...ငါ့ကို ကိစ္စတစ်ခုလောက် ကူညီပေးနိုင်မလား"

"ကျေးဇူးပြုပြီးတော့ ဆက်ပြောပေးပါ ဆရာကြီး"

သူတို့နှစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

"အင်း....ငါ ခုဏက တောရိုင်းတိရစ္ဆာန်တချို့ကို မတော်တဆသတ်ခဲ့မိတယ်...ဒါက အပြစ်နည်းနည်းရှိတယ်ဆိုပေမယ့်....သူတို့တွေက သေပြီးသွားပြီ...သူတို့ရဲ့အလောင်းတွေကို ဒီနေရာမှာထားခဲ့ရင် အလဟဿဖြစ်သွားလိမ့်မယ်...ဘာလို့ သူတို့ကို ပြန်သယ်သွားပြီးတော့ အသားကင်တို့ အသားပေါင်းတို့ လုပ်မစားဘဲနေရမှာလဲ"

ရီဖုန်းသည် သူ၏နှာခေါင်းကိုပွတ်သပ်ကာ ပြုံးဖြဲဖြဲနှင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲအလောင်းများထံ လက်ညှိုးညွှန်ပြလိုက်သည်။

ရီဖုန်း၏စကားကြောင့် သူတို့နှစ်ယောက်လုံး ကြက်သေသေသွားသည်။

ဤဆရာကြီးထံတွင် ကြီးမားသောရည်ရွယ်ချက်ကြီး အမှန်တကယ်ကို ရှိနေလေ၏။

သူသည် နတ်ဆိုးဧကရာဇ်ပိုကူကို စွပ်ပြုတ်လုပ်ရုံမျှဖြင့် မတင်းတိမ်သေးဘဲ တခြားနတ်ဆိုးဘုရင်များနှင့်နတ်ဆိုးသားရဲများကိုလည်း အသားကင်နှင့်အသားပေါင်းများအဖြစ်သို့ ပြောင်းလဲချင်နေခဲ့သည်။

သူတို့၏ခွန်အားဖြင့် နတ်ဆိုးဧကရာဇ်စွပ်ပြုတ်ကို မသောက်နိုင်သော်လည်း နတ်ဆိုးဘုရင်အသားပေါင်းကို ပြုလုပ်နိုင်ရုံမျှရှိသည်။ သို့ရာတွင် သူတို့ စွမ်းဆောင်နိုင်သည့်တိုင် မလုပ်ဝံ့ချေ။ အကြောင်းအရင်းမှာ ဤကိစ္စသည် နတ်ဆိုးသားရဲလောကတစ်ခုလုံး၏ အမျက်ဒေါသကို ခံယူရနိုင်ဖွယ်ရှိနေခြင်းကြောင့်ပင်။

သို့ရာတွင် ထိုအကြောင်းကိုတွေးတောပြီးနောက် ဤဆရာကြီးသည် ကြီးမားသောအရည်အချင်းနှင့်သတ္တိရှိသူတစ်ယောက် ဖြစ်ပေမည်။

"ဒါဆိုရင် စီနီယာ လိုချင်တာက...."

လီကျားရှင်းက မေးမြန်းသည်။

"ငါ ဆိုလိုချင်တာက ဒီနေရာမှ တိရစ္ဆာန်အသေကောင်တွေ အများကြီးရှိနေတယ်...ဒီဟာတွေကို တောင်အောက်ကို သယ်သွားဖို့အတွက် ငါ့မှာ တကယ့်ကိုနည်းလမ်းမရှိဘူး...ဒါကြောင့် မင်းတို့မှာတော့ နည်းလမ်းတစ်ခုခု ရှိနေနိုင်တယ်လေ....ဟုတ်တယ်မလား"

ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။ သူ ဤနေရာ၌ အချိန်များစွာ ဖြုန်းတီးလိုခြင်းမရှိချေ။ ထို့ကြောင့် သူသည် ပျံသန်းနိုင်သော ကျင့်ကြံသူနှစ်ယောက်နှင့် တွေ့ဆုံးပြီးဖြစ်သဖြင့် ဤကဲ့သို့ ကိစ္စငယ်လေးကို သူတို့ကူညီ၍ ဖြေရှင်းပေးသင့်သည်မဟုတ်လော။

ထိုစကားကိုကြားချိန်တွင် လီကျားရှင်း၏မျက်ခွံများ မသိမသာလှုပ်ခတ်သွားသည်။

ဤဆရာကြီး၏စကားများနောက်တွင် အဓိပ္ပါယ်တစ်ခု ရှိနေပုံရသည်။

သူ၏ခွန်အားဖြင့် အကယ်၍ သူသည် ဤနတ်ဆိုးသားရဲအလောင်းများကို ယူဆောင်သွားလိုပါက သူ၏လက်တစ်ဖက်ဝှေ့ယမ်းလိုက်သကဲ့သို့ ရိုးရှင်းသည့်ကိစ္စပင်။ သို့ရာတွင် သူ ဤကဲ့သို့စကားများကို ပြောဆိုလိုက်သောကြောင့်......

သူသည် သိုလှောင်အိတ်ကဲ့သို့ ရတနာတစ်ခုကို အလိုရှိနေသည်မှာ သိသာထင်ရှားလှ၏။

လီကျားရှင်းက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သိုလှောင်အိတ်များသည် ကျင့်ကြံသူများအတွက် ရှိသင့်သောအရာဖြစ်သောကြောင့် ဆရာကြီး၏ခွန်အားဖြင့် သူ့ထံတွင် သိုလှောင်အိတ်တစ်လုံးမှရှိမနေခြင်း သို့မဟုတ် တခြားတစ်လုံးလိုအပ်ခြင်းမှာ မဖြစ်နိုင်ချေ။

တခြားစကားပြောင်းဆိုရလျှင် ဆရာကြီးသည် သိုလှောင်အိတ်ထက် ပို၍အဆင့်မြင့်သော တစ်စုံတစ်ခုကို လိုအပ်နေခြင်းဖြစ်ပေမည်။

ထိုအကြောင်းကိုတွေးတောရင်း လီကျားရှင်း၏မျက်ခွံများ ထပ်မံ၍လှုပ်ခတ်သွားသည်။

သူ အလိုရှိသည်မှာ.......

Chapter 123

ဖြစ်နိုင်သည်မှာ သူသည် သူမထံတွင်ရှိနေသည့် လီမီသားစု၏ ဘိုးဘွားအမွေအနှစ်ဖြစ်သော သိုလှောင်လက်စွပ်ကို မြင်တွေ့သွားသလော....

လီကျားရှင်းသည် ရီဖုန်း၏ပြတ်သားသောမေးခွန်းကို ပြန်လည်မတွေးတောဘဲ မနေနိုင်တော့ချေ။ သူမ နည်းလမ်းတစ်ခုကို သေချာပေါက်ရှာဖွေရပေမည်။

ကိစ္စသည် ဤသို့ဖြစ်လာသောကြောင့် ထိုအချက်သည်သာ ဖြစ်နိုင်ချေမြင့်မားပေ၏။

ထိုအကြောင်းကို တွေးတောရင်း သူမက ရီဖုန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည်။

ရီဖုန်းက သူမကို ခပ်ဖျော့ဖျော့အပြုံးနှင့် ကြည့်နေသည်။

အမှန်အားဖြင့် ဤအမူအယာသည် အရာအားလုံးကို ပြောဆိုနေခြင်းပင်။

ဤဆရာကြီးသည် သူမတွေးထင်ထားသည်ထက်ပို၍ ထိတ်လန့်ကြောက်ရွံဖွယ် ကောင်းပုံရသည်။ သူသည် သူမ၏နောက်ခံကို ထွင်းဖောက်မြင်နိုင်သည့်အပြင် သူမထံတွင် သိုလှောင်လက်စွပ်ရှိနေသည်ကိုလည်း သိရှိထားလေ၏။

ဤသည်မှာ သူသည် သိုင်းဘိုးဘေးတစ်ယောက်မဟုတ်ဘဲ သိုင်းသူတော်စင်တစ်ယောက် ဖြစ်နိုင်သည်ဟု ဆိုလိုနေခြင်းပင်။

လီကျားရှင်းသည် အံ့တင်းတင်းကြိတ်ကာ အချိန်တခဏကြာခန့် ဝေခွဲရခက်နေသည်။

မည်သို့ပင် လီမိသားစု၏သိုလှောင်လက်စွပ်သည် သာမာန်လေဟာနယ်ရတနာတစ်ခုမဟုတ်ချေ။ သာမာန် သိုလှောင်လက်စွပ်များသည် သက်မဲ့အရာများကိုသာ သိမ်းဆည်းနိုင်ပြီး ဤသိုလှောင်လက်စွပ်ကမူ သက်ရှိလူများအပါအဝင် အရာရာတိုင်းကို ထည့်သွင်းနိုင်သည်။

ထပ်မံ၍ဖြည့်စွက်ပြောရလျှင် ဤသိုလှောင်လက်စွပ်သည် သာမာန်သိုလှောင်အိတ်များထက် အဆပေါင်းထောင်သောင်းချီ၍ ကျယ်ပြန့်ကာ အထူးသဖြင့် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ပါဝင်သည်။

အမှန်အားဖြင့် ဤသိုလှောင်လက်စွပ်သည် လေဟာနယ်ရတနာတစ်ခုသက်သက်မဟုတ်ဘဲ သခင်ဖြစ်သူကို ကာကွယ်ပြီးတိုက်ခိုက်ပေးသော လက်နက်တစ်ခုလည်းဖြစ်သည်။ ထိုအရာအား လက်ပေါ်တွင် ဝတ်ဆင်ထားသည်နှင့် သခင်ဖြစ်သူထံတွင် အန္တရာယ်ရှိသည်ဟု ခံစားမိသည်နှင့် အလိုအလျောက် တိုက်ခိုက်ပေလိမ့်မည်။

သို့ရာတွင် သူ့ရှေ့ရှိလူသည် သူ့အား အလွန်ကြီးမားသော အခွင့်အရေးတစ်ခုကို ပေးခဲ့လေ၏။

ထိုအခွင့်အရေးသည် သူမ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်စိတ်နေစိတ်ထားအပေါ် တိုက်ရိုက်သက်ရောက်စေခဲ့သဖြင့် ပြင်ပအရာဝတ္ထုများနှင့် နှိုင်းယှဥ်နိုင်မည်မဟုတ်ချေ။

"မင်းတို့မှာ နည်းလမ်းတစ်ခုမှ မရှိဘူးလား"

ရီဖုန်းက မသိမသာမျက်မှောင်ကြုတ်လိုက်ကာ သူ့ကိုကြည့်ရသည်မှာ အနည်းငယ်စိတ်ပျက်သွားပုံရသည်။ ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့ကိစ္စမျိုးကို လွယ်လင့်တကူ လုပ်ဆောင်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။ သူတို့ထံတွင် အမှန်တကယ် နည်းလမ်းမရှိတော့သောကြောင့် ရီဖုန်း ပြောနိုင်သည်မှာ

"ဒါဆိုရင်လည်း ထားလိုက်တော့"

သို့ရာတွင် ရီဖုန်း၏စကားများသည် လီကျားရှင်း၏နားအတွင်းသို့ ရောက်ရှိချိန်၌ သူမအား လှောင်ပြောင်သရော်နေသည့်အလားပင်။

သူ ပြောဆိုလိုသည်မှာ...

'ငါက မင်းကို အခွင့်အရေးကြီးတစ်ခုပေးခဲ့တယ်....ဒါပေမယ့် မင်းက ပြင်ပအရာဝတ္ထုတစ်ခုကို မစွန့်လွှတ်နိုင်ဘူး...ငါက ဒီကံကြမ္မာရေစက်ကို ချည်နှောင်ချင်ပေမယ့် ဒီလိုဖြစ်လာမှတော့ ထားလိုက်တော့'

ဟု ဖြစ်ပေမည်။

မည်မျှထိ စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကောင်းသနည်း...

ရီဖုန်း လှည့်ထွက်သွားသည်ကိုကြည့်ပြီး လီကျားရှင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားမိလေ၏။ သူမသည် တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ရှုံးနိမ့်သွားပြီး သူမ၏စိတ် ဗလာဟင်းလင်းဖြစ်သွားသည့်အလားပင်။

"ခဏနေပါဦး ဆရာကြီး"

လီကျားရှင်းက အလျင်စလို အော်ခေါ်လိုက်သည်။

"အင်း..."

ရီဖုန်းက နောက်သို့ပြန်လှည့်ကြည့်လေသည်။

လီကျားရှင်းသည် သူမ၏နုတ်ခမ်းကိုကိုက်၍ သိုလှောင်လက်စွပ်ကိုချွတ်ကာ နူးညံညင်သာစွာ ပြောဆိုလိုက်၏။

"ဒါက ဆရာကြီးလိုအပ်နေတဲ့ သိုလှောင်လက်စွပ်ပါ"

"အော်..."

ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးအတွင်း၌ ဝမ်းသာပီတိဖြစ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။ အကယ်၍ သူ၏ခန့်မှန်းချက်သာမှန်ကန်ပါက ဤသည်မှာ သူ၏အတိတ်ဘဝရှိ ရုပ်မြင်သံကြားနှင့်ဝတ္ထုများအတွင်းတွင် ကျင့်ကြံသူများပိုင်ဆိုင်သည့် သိုလှောင်ရတနာတစ်ခုဖြစ်ပေမည်။

"ဆရာကြီး....ကျေးဇူးပြုပြီးတော့ ဒါကိုလက်ခံပေးပါ"

ထိုအရာကိုပေးမည်ဟု ဆုံးဖြတ်ချက်ချပြီးဖြစ်သဖြင့် လီကျားရှင်းသည် ထပ်မံ၍တွေဝေမနေတော့ချေ။ သူမသည် ထိုသိုလှောင်လက်စွပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရိုသေလေးစားစွာဖြင့် လက်ကမ်းပေးလိုက်သည်။

"ကောင်းပြီလေ...ငါ ဒါကို လက်ခံလိုက်မယ်"

ရီဖုန်းက အပြုံးနှင့် လက်ခံလိုက်၏။ ဤအရာသည် သူ့အတွက် အလွန်အရေးကြီးသည်။ ယခုချိန်၌ သူသည် ဤသားရဲအသေကောင်များကို တောင်အောင်သို့ လွယ်လင့်တကူ သယ်သွားနိုင်လေပြီ။ ထို့ကြောင့် သူသည် ဟန်လုပ်၍ ငြင်းဆန်မနေတော့ချေ။ သူ၏အမြင်အရ ကျင့်ကြံသူများအားလုံးတွင် ဤအရာမျိုးတစ်ခုစီရှိနေသည်ဖြစ်ရာ သူတို့အတွက် လွန်စွာအဖိုးတန်သည့်ပစ္စည်း မဟုတ်နိုင်ချေ။

"ဆရာကြီး...ဒါကို ဘယ်လိုအသုံးပြုရတယ်ဆိုတာ ငါ နင့်ကို သင်ပေးပါရစေ"

လီကျားရှင်းက ပြောဆိုသည်။

သို့ရာတွင် သူမ၏အသံ ပျက်ပြယ်မသွားမီမှာပင် ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလေ၏။

"ဘယ်လိုအသုံးပြုရမလဲဆိုတာ ငါ သိတယ်"

"ဆရာကြီးက သိနေတာလား"

လီကျားရှင်းက အံ့အားတသင့် ကြည့်လိုက်သည်။

"ဒါက သွေးနဲ့ချည်နှောင်ပေါင်းစည်းရုံမဟုတ်လား"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ သူသည် အတိတ်ဘဝရှိ ဝတ္ထုအမြောက်အများအတွင်းတွင် ထိုနည်းလမ်းကို သူ ဖတ်ခဲ့ဖူးသည်။

သို့ရာတွင် ရီဖုန်း သာမာန်ကာလျှံကာ ပြောဆိုလိုက်သော စကားများသည် လီကျားရှင်း၏စိတ်နှလုံးသားအတွင်းတွင် အကြီးအကျယ်လှိုင်းထန်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ သိုလှောင်ရတနာအများစုသည် သွေးဖြင့်ချည်နှောင်ပေါင်းစည်းခြင်းကို အသုံးမပြုကြချေ။ ထိုအရာများသည် ပိုင်ရှင်၏စွမ်းအားအမှတ်အသားဖြင့်သာ အခြေခံအားဖြင့် ချည်နှောင်ပေါင်းစည်းကြလေ၏။ သို့ရာတွင် ဤလူသည် အကြည့်တစ်ချက်ဖြင့် သူမလက်စွပ်၏သော့ချက်ကို တွေ့မြင့်နိုင်ခဲ့သလော။

"ဟူး...."

ထို့ကြောင့် သူသည် သူမထံတွင် သိုလှောင်လက်စွပ်ရှိနေသည်ကို သိရုံသာမက ထိုအရာကို မည်ကဲ့သို့အသုံးပြုရမည်ကိုလည်း သူ သိရှိနေသည်။

သူမသည် ရီဖုန်း၏ရည်ရွယ်ချက်ကို အကဲခတ်မမှားခဲ့သဖြင့် သူမ မှန်ကန်ပေ၏။

ထို့နောက် လီကျားရှင်း၏စောင့်ကြည့်မှုအောက်တွင် ရီဖုန်းသည် သွေးဖြင့် တိုက်ရိုက်ချည်နှောင်ပေါင်းစည်းကာ သိုလှောင်လက်စွပ်၏သုံးစွဲမှုနည်းလမ်းများကို ဖွင့်လိုက်သည်။ ရီဖုန်း၏စိတ်နှလုံးသားသည်လည်း ရုတ်တရက် ကြည်လင်သွားသည်။

သို့ရာတွင် ဤသည်မှာ ကြက်သေသေနေသော ရှမိုကျူးကို မယုံကြည်နိုင်ဖြစ်သွားစေသည်။ သူသည် ထိတ်လန့်တုန်လှုပ်နေသောအကြည့်ဖြင့် လီကျားရှင်းကို ကြည့်လိုက်၏။

"ဒါက မင်းတို့ လီမိသားစုရဲ့ဘိုးဘေးအမွေအနှစ်လေ...မင်း ဒီတိုင်း ပေးပစ်လိုက်တာလား"

ရှမိုကျူးက မယုံကြည်နိုင်စွာ မေးမြန်းသည်။

လီကျားရှင်း၏မျက်နှာအမူအယာသည် အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရသော်လည်း သူမက ပြတ်ပြတ်သားသား ပြောဆိုသည်။

"တစ်ခုခု ရောက်လာတဲ့အချိန်ကျရင် နင် အဲ့ဒါကို ပြတ်ပြတ်သားသား ဖမ်းဆုပ်ရမယ်...ဒီတစ်ကြိမ် အလောင်းအစားမှာ ငါ မမှားဖို့ ငါ မျှော်လင့်မိတယ်"

"ဟူး...."

ရှမိုကျူးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"အဲ့ဒီလူက အရမ်းအစွမ်းထက်ပြီးတော့ ငါတို့ကို အခွင့်အရေးကြီး ပေးခဲ့တယ်ဆိုပေမယ့်...သိုလှောင်လက်စွပ်ကို ထုတ်ပေးလိုက်တာကတော့ အရမ်းအဆင်အခြင်မဲ့လွန်းတယ်လို့ ငါထင်တယ်...ဒါက နည်းနည်းတော့ မတန်သလိုပဲ"

လီကျားရှင်း၏မျက်ခွံ လှုပ်ခတ်သွားသည်။

အပေါ်ယံတွင် သူမသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့ပုံရသော်လည်း သူမ၏စိတ်နှလုံးသားသည် ကဆုန်စိုင်းခုန်ပေါက်နေခဲ့သည်။

သူမက မသိမသာခေါင်းဆတ်ပြကာ သူမ၏မျက်နှာအမူအယာ အနည်းငယ် ရှုပ်ထွေးနေသည်။

သို့ရာတွင် သူမ ခေါင်းမော့လိုက်စဥ်တွင် တစ်စုံတစ်ခုသည် သူမ၏အမြင်အာရုံအတွင်း၌ အမှတ်မထင် ထွက်ပေါ်လာသဖြင့် သူမ၏လှပသောမျက်လုံးလေးများ အလိုလိုပြူးကျယ်သွားတော့သည်။

Chapter 124

ဤှအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ခြေထောက်နံဘေးရှိ မြေပြင်ပေါ်၌ သံတူရွင်းငယ်လေးတစ်ခုကို ထိုးစိုက်ထားသည်အား သူမ မြင်တွေ့မိလေ၏။

"ဒီသံတူရွင်းက...."

လီကျားရှင်းသည် သူမ၏စိတ်နှလုံးသားအတွင်းရှိ အံ့အားသင့်မှုကိုချိုးနှိမ်ကာ သူမ၏မျက်လုံးအကြည့်က သံတူရွင်းပေါ်တွင်သာ အခိုင်အမာကျရောက်နေသည်။ ပထမဆုံးအကြည့်တွင် ထိုသံတူရွင်းမှနေ၍ မည်သည့်ထူးခြားမှုကိုမျှ သူမ သတိမပြုမိချေ။ သို့ရာတွင် အနီးကပ်စုံစမ်းစစ်ဆေးပြီးနောက် သူမ၏စိတ်ကိုပင်သက်ရောက်စေနိုင်သော အရှိန်အဝါတစ်ရပ်သည် ထိုအရာမှနေ၍ ထွက်ပေါ်နေကြောင်း သူမ တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့ထက်ပို၍ အထူးခြားဆုံးမှာ သံတူရွင်းပေါ်တွင် မဟာတာအို၏အရိပ်အယောင်များ တဖျတ်ဖျတ်ထင်ဟပ်နေခြင်းပင်။

ဖြစ်နိုင်သည်မှာ ဤရတနာသည် မဟုတ်သေး.....သူတော်စင်အဆင့်ရတနာ ဖြစ်နေသလော....

တစ်ချိန်တည်းမှာပင် သူမ၏နံဘေးတွင်ရှိနေသော ရှမိုကျူးသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

သူ၏ခွန်အားသည် လီကျားရှင်းထက် အနည်းငယ်နိမ့်ပါးသော်လည်း သူသည် နတ်ဘုရားဓားဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် သူ၏အတွေ့အကြုံသည် ပေါ့တန်ခြင်းမရှိချေ။

ဤသံတူရွင်းငယ်သည် သူတော်စင်အဆင့်ပစ္စည်းတစ်ခု ဖြစ်ပုံရကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိသည်။

သို့သော် ထိုအချိန်မှာပင် တခြားအရာဝတ္ထုတစ်ခုက အမှတ်မထင် သူတို့၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ထိုအရာသည် ကျောက်တုံးကြီးနံဘေးရှိ ဝါးခြင်းတောင်းအတွင်းတွင် သာမာန်ကာလျှံကာထည့်ထားသော တံစဥ်တစ်လက်ဖြစ်သည်။ ထိုတံစဥ်၏အစွန်းသည် ဝါးခြင်းတောင်းအတွင်းမှ ထွက်ပေါ်နေသည်ကို သူတို့နှစ်ယောက်လုံး တွေ့မြင်မိလေ၏။

ရှူး...

သူတို့နှစ်ယောက်သည် မသိမသာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့၏မျက်နှာများပေါ်တွင် ပြင်းထန်စွာထိတ်လန့်တုန်လှုပ်နေသော အမူအယာများရှိနေသဖြင့် တစ်ယောက်၏ခံစားချက်ကို တစ်ယောက်က သိရှိနိုင်သည်။ မယုံကြည်နိုင်စွာပင် တူရွင်းငယ်လေးနှင့် တူညီသောအရှိန်အဝါမျိုးရှိသည့် တခြားရတနာတစ်ခုရှိနေသည်။

သူတော်စင်အဆင့်ပစ္စည်းများသည် တစ်စုံတစ်ယောက် သာမာန်ကာလျှံကာ ထုတ်ယူနိုင်သောအရာများ ဖြစ်နေသလော....

သူတို့နှစ်ယောက်သည် အိမ်မက်မက်နေသည့်အလား ခံစားမိလေ၏။

"သူတော်စင်အဆင့်ပစ္စည်းနှစ်ခုကို လွယ်လင့်တကူ ထုတ်ယူနိုင်တဲ့ သိုင်းသူတော်စင်နယ်ပယ်အောက်က ကျင့်ကြံသူတစ်ယောက်ယောက်ကို မင်း တွေ့ဖူးလား"

ရှမိုကျူး၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။

"မတွေ့ဖူးဘူး...ငါ အရင်က ဒါမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

လီကျားရှင်းက တုံ့ပြန်ပြောဆိုကာ သူမ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ ဤကဲ့သို့အဆင့်ရှိသော ရတနာနှစ်ခု မဆိုထားနှင့် ရတနာတစ်ခုပင်လျှင် မိုးကောင်းကင်မှပေးအပ်သော လက်ဆောင်ကြီးဖြစ်ပေမည်။

"ဒါဆို ဖြစ်နိုင်တာက....."

ရှမိုကျူးက မဝံ့မရဲ ပြောဆိုသည်။

သူ၏စကားအဆုံးမသတ်သေးမီမှာပင် လီကျားရှင်းက ချက်ချင်းဆိုသလိုပင် ဆက်လက်ပြောဆိုလေ၏။

"သိုင်းသူတော်စင်အဆင့် ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူလား"

ထိုစကားလုံးများ ကျရောက်လာခြင်းနှင့်အတူ သူတို့၏စိတ်နှလုံးသားများ အနည်းငယ် တုန်ရီသွားသည်။

ကြည့်ရသည်မှာ ရီဖုန်းသည် သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူဖြစ်မည်ဟူသော သူတို့နှစ်ယောက်၏ ယခင်ခန့်မှန်းချက်သည် မှားယွင်းသွားသည့်ပုံပင်။ ဤလူငယ်သည် သူတို့ တွေးတောထားသည်ထက်ပို၍ သန်မာအားကောင်းနေသည်။

ထိုအကြောင်းကိုတွေးတောရင်း လီကျားရှင်းထံတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူမသည် သိုလှောင်လက်စွပ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော သူမ၏ဆုံးဖြတ်ချက်သည် ကံကြမ္မာကောင်းကြီးတစ်ခုဟု ခံစားမိလေ၏။

သူမသည် ယခင်က ရီဖုန်းကဲ့သို့လူတစ်ယောက်ကို ဤကဲ့သို့ရတနာတစ်ခု ပေးလိုက်ခြင်းသည် ဖြုန်းတီးမှုဖြစ်သွားမည်ကို သူမ စိုးရိမ်ပူပန်နေခဲ့မိသည်။ သို့ရာတွင် ယခုလက်ရှိချိန်၌မူ ဤလက်ဆောင်သည် အကြွင်းမဲ့ထိုက်တန်ပုံရသည်။

"မိန်းကလေးလီက ငါ့ကို ဒီလက်စွပ် လက်ဆောင်ပေးမှတော့...ငါ ရီဖုန်းနဲ့ မင်းက မိတ်ဆွေတွေဖြစ်သွားပြီ"

ရီဖုန်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ပြီးနောက် သားရဲအသေကောင်များအားလုံးကို အတွင်းသို့ထည့်လိုက်သည်။ ထို့နောက် သူသည် အပြည့်အဝ စိတ်ကျေနပ်မှုရရှိသွားကာ လီကျားရှင်းကို ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် လီကျားရှင်းသည် သူမ၏စိတ်နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင်ပြုလုပ်ရန် အလွန်ခက်ခဲသွားသည်။

ဤသည်မှာ သူမ ကြားလိုသောအရာ အတိအကျပင်။

ရှမိုကျူးသည် လီကျားရှင်းကို ကြည့်လိုက်၏။ ရီဖုန်းသည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရှိပြီးနောက် သူမ၏သိုလှောင်လက်စွပ်ကို ပေးလိုက်ခြင်းသည် မထိုက်တန်ဟု သူ မပြောဝံ့တော့ချေ။ ဆန့်ကျင့်ဘက်အနေဖြင့် သူ့ထံတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။

အမှန်အားဖြင့် သူ ရှမိုကျူးထံတွင် ထိုကဲ့သို့ထုတ်ပေးရန် ရတနာမျိုးရှိမနေချေ။ ထိုသို့မဟုတ်ပါက သူသည် ဤဆရာကြီးကို လက်ဆောင်အဖြစ် တစ်ခုခုပေးမိမည်မှာ သေချာပေါက်ပင်။

အလွန်အစွမ်းထက်သော တစ်စုံတစ်ယောက်ထံမှ မျက်နှာသာရရှိခြင်းသည် မည်သည့်ပြင်ပအရာဝတ္ထုထက်မဆို ပို၍အဖိုးတန်သည်။

စကားအနည်းငယ်ခန့် ပြောဆိုပြီးနောက် ရှမိုကျူးနှင့်လီကျားရှင်းတို့သည် နှုတ်ဆက်၍ထွက်ခွာခဲ့တော့သည်။

"ကျွတ်...ကျွတ်...လီမိသားစုကို ဂုဏ်ပြုပါတယ်"

လမ်းတလျှောက်၌ ရှမိုကျူး၏စကားများအတွင်းတွင် ရှုသိုးသိုးလေသံမျိုး ရောယှက်နေသည်။ မျှော်လင့်ထားသကဲ့သို့ပင် လီမိသားစု၏ဆုံးဖြတ်ချက်ပြတ်သားခြင်းသည်

သာမာန်လူများယှဥ်ပြိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။ လီမိသားစု အလွန်ထင်ရှားကျော်ကြားသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

သနားစဖွယ်ကောင်းသည်မှာ ကောင်းမွန်သောရတနာတစ်ခုတစ်လေပင် လက်အတွင်း၌မရှိသည့် သူ ရှမိုကျုးပင်။

ထို့ပြင် အကယ်၍ သူ့ထံ၌ ရတနာကောင်းတစ်ခုရှိနေလျှင်ပင် ဆရာကြီးအား လီကျားရှင်းမှ လက်ဆောင်ပေးပြီးဖြစ်သဖြင့် သူ ထပ်မံ၍ပေးလျှင်ပင် တူညီသောအကျိုးကို ခံစားရမည်မဟုတ်ချေ။

လီကျားရှင်းသည် ရှမိုကျူး၏ဂုဏ်ပြုစကားအတွက် အလွန်အမင်း စိတ်ကျေနပ်နေပေ၏။ သူမသည် အစောပိုင်းက သိုလှောင်လက်စွပ်ကိုထုတ်ပေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်ခဲ့မှုအတွက်လည်း သူမကိုယ်သူမ စိတ်ကျေနပ်နေမိသည်။

ဤကဲ့သို့ ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့ပါက ယခုကဲ့သို့ ကြီးမားသောအကျိုးသက်ရောက်မှုကြီး ရှိလာနိုင်သည်ကို မည်သူ သိနိုင်မည်နည်း။

"ကောင်းပြီလေ...မြန်မြန် လူသွားရှာကြစို့"

လီကျားရှင်းက ပြောဆိုသည်။

"ဟုတ်သားပဲ....ငါ လီရမ်ဟိုကိုတောင် မေ့သွားလုနီးပါးပဲ...သူ အန္တရာယ်မရှိလောက်ပါဘူးနော်...ဟုတ်တယ်မလား"

ရှမိုကျူးသည် ရုတ်တရက် သူ၏အဖိုးတန်တပည့်လေး ဘေးကင်းလုံခြုံမှုမရှိသေးသည်ကို ပြန်အမှတ်ရသွားချိန်တွင် သူ၏ခန္ဓာကိုယ်မှ အေးစက်စက်ချွေးများ ထွက်လာသည်။

"အခုချိန်မှာ သူ ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူး"

လီကျားရှင်းက ပြောဆိုသည်။

"ငါ့ရဲ့စူးစမ်းလေ့လာမှုအရ...ဒီတောတောင်ပရဝုဏ်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံး...နတ်ဆိုးဘုရင်တွေအပါအဝင် နတ်ဆိုးသားရဲ ကြီးကြီးငယ်ငယ်မှန်သမျှက ဆရာကြီးရဲ့ တောရိုင်းကစားပွဲမှာ အသုံးချခံလိုက်ရပြီ"

"ဒါက အဓိပ္ပါယ်ရှိတယ်"

ရှမိုကျူးသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်၏။ အနီးရှိတောတောင်များအတွင်းတွင် ရုပ်ခန္ဓာကိုယ်ပုံစံ မပြောင်းလဲနိုင်သေးသော နတ်ဆိုးသားရဲငယ်လေးများမှလွဲ၍ တခြားနတ်ဆိုးသားရဲများ အမှန်တကယ်မကျန်ရှိတော့ချေ။ ထို့ပြင် ထိုနတ်ဆိုးသားရဲငယ်လေးများကို လီရမ်ဟို၏ခွန်အားဖြင့် လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ပေမည်။

တိကျသေချာစွာပင် သူတို့နှစ်ယောက် လိုက်လံရှာဖွေပြီး မကြာမီမှာပင် ရှေ့ရှိချောက်ကမ်းပါးအစွန်း၌ ပလ္လင်ခွေထိုင်နေသော လီရမ်ဟို၏ပုံရိပ်က သူတို့၏မြင်ကွင်းအတွင်း၌ ထွက်ပေါ်လာသည်။

Chapter 125

"ရမ်ဟို..."

သူတို့နှစ်ယောက်သည် အော်ဟစ်လိုက်ကြကာ လီရမ်ဟိုရှိနေသော ချောက်ကမ်းပါးထံဦးတည်၍ အလျှင်အမြန်ပျံသန်းသွားကြသည်။

လီရမ်ဟို၏လှပသောမျက်ခုံးတစ်စုံ အနည်းငယ်မြင့်တက်သွားကာ သူမ၏ချစ်စဖွယ်မျက်နှာလေးပေါ်၌ ဝမ်းသာပီတိဖြစ်သွားသော အရိပ်အယောင်တချို့ ထင်ဟပ်လာသည်။ သူမထံပျံသန်းလာသော လူနှစ်ယောက်ကိုမြင်တွေ့ချိန်တွင် သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်မြင့်တက်သွားလေ၏။

"ဆရာသခင်..."

လီရမ်ဟိုသည် ရှမိုကျူးကို အရင်ဆုံးဦးညွှတ်အရိုအသေပြုပြီးနောက် လီကျားရှင်းကို အလျှင်အမြန်ကြည့်၍ ပြောဆိုသည်။

"ဒေါ်လေး...ဘယ်လိုလုပ်ပြီးတော့ ဒေါ်လေးလည်း ရောက်လာတာလဲ"

"ဟွန့်...ငါ့ရဲ့တူမလေးက အန္တရာယ်နဲ့ကြုံနေရတာလေ...အဒေါ်ဖြစ်တဲ့ ငါက ဘာလို့ ရောက်မလာရမှာလဲ"

လီကျားရှင်းသည် စိတ်တိုသောလေသံဖြင့် ပြောဆိုနေသော်လည်း လီရမ်ဟိုကိုကြည့်နေသော သူမ၏မျက်လုံးအတွင်း၌ ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။

"ဒေါ်လေးကို ကျေးဇူးတင်ပါတယ်"

လီရမ်ဟိုက နူးညံညင်သာစွာ ပြောဆိုသည်။

အချိန်တခဏခန့် နှုတ်ဆက်ကြပြီးနောက် လီကျားရှင်းသည် လီရမ်ဟို၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သောဒဏ်ရာများကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။

"ရမ်ဟို...ဒီတောတောင်ထဲမှာ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ...နင်က ထိပ်သီးကျင့်ကြံသူတစ်ယောက်လေ...တကယ်လို့ နင်တစ်ယောက်တည်းဆိုရင်တောင် နတ်ဆိုးဧကရာဇ်နဲ့မတွေ့သရွေ့ နင့်ကိုယ်နင် ကာကွယ်နိုင်တဲ့ အရည်အချင်းမျိုးရှိသင့်တယ်...ဘယ်လိုလုပ်ပြီးတော့ အကူအညီတောင်းရတဲ့အဆင့်မျိုးထိ နင် ရောက်သွားတာလဲ"

ထိုစကားကိုပြောချိန်တွင် လီရမ်ဟို၏လှပသောမျက်နှာလေးပေါ်ရှိ ပျော်ရွှင်မှုများ ချက်ချင်းမှေးမှိန်သွားကာ ဝမ်းနည်းညှိုးငယ်မှုများက အစားထိုးဝင်ရောက်လာသည်။

အထူးသဖြင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်းမှ အန္တရာယ်နှင့်တွေ့ကြုံခဲ့ရမှုများကို ပြန်အမှတ်ရချိန်တွင် သူမသည် ဓားသွားပေါ်မှ သွေးများကို လျှာဖြင့်လျက်ခဲ့ရသည့်အလားပင်။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် သူမ အမှန်တကယ် ပြန်လည်မတွေးတောချင်တော့သော ထိုမှတ်ဥာဏ်များကို ပြန်အစဖော်၍ သူတို့နှစ်ယောက်ကို ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုံးက နတ်ဘုရားဓားဂိုဏ်းက တပည့်တချို့ကို ကျွန်မက ဦးဆောင်ပြီးတော့ တာဝန်တစ်ခုထမ်းဆောင်ဖို့အတွက် မူတောင်ဆီကိုထွက်လာခဲ့တယ်...လမ်းတလျှောက်လုံးမှာ ကျွန်မတို့အားလုံး သတိကြီးကြီးထားခဲ့တယ်....ကျွန်မတို့က နတ်ဆိုးသားရဲတွေနဲ့ ကြုံတွေ့တဲ့အချိန်တိုင်း သူတို့တွေကို ကွေ့ပတ်သွားပြီးတော့ ရှောင်တိမ်းနိုင်ခဲ့တယ်...ဒါကြောင့် မူတောင်ပေါ်ကိုရောက်တဲ့အထိ ကျွန်မတို့က ဘာအန္တရာယ်ကိုမှ မတွေ့ခဲ့ရဘူး"

"ဒါပေမယ့် တစ်နေ့မှာ...နတ်ဆိုးဘုရင်သုံးကောင်နဲ့ နတ်ဆိုးဝိညာဥ်အဆင့်ဆယ်ကောင်ကျော်က ဘာသတိပေးမှုမှမရှိဘဲနဲ့ ရုတ်တရက်ကြီး ကျွန်မတို့ကို တိုက်ခိုက်ခဲ့တယ်....အဲ့ဒီတိုက်ပွဲမှာ နတ်ဘုရားဓားဂိုဏ်းရဲ့ တခြားတပည့်တွေအားလုံး သေဆုံးသွားခဲ့တယ်...ကျွန်မက နတ်ဆိုးဘုရင်သုံးကောင်ကို ဘယ်လိုမှ မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ကျွန်မရဲ့ဝှက်ဖဲတွေအားလုံးကို အသုံးပြုပြီးတော့ အသက်ဘေးကနေလွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ်"

"ဒါပေမယ့် အဲ့ဒီနတ်ဆိုးဘုရင်တွေက ကျွန်မနောက်ကို မရပ်မနားလိုက်ဖမ်းခဲ့တယ်...သူတို့က ဒီတောတောင်တစ်ခုလုံးကို ပိတ်ဆို့ထားရုံတင်မကဘူး...တခြားနယ်မြေတွေဆီကလည်း စစ်ကူတောင်းထားပုံရတယ်"

ထိုအချက်ကိုပြောဆိုချိန်တွင် လီရမ်ဟို၏လှပသောမျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

နံဘေးမှနားထောင်နေသော လီကျားရှင်းနှင့်ရှမိုကျူးတို့ပင်လျှင် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်ကြ၏။ လီရမ်ဟို၏ရိုးရှင်းသောစကားများမှတဆင့် လမ်းတလျှောက်လုံးတွင် သူမ ကြုံတွေ့ခဲ့ရသည့် ကြီးမားသောဘေးအန္တရာယ်များကို သူတို့နှစ်ယောက်လုံး ရိပ်စားမိသည်။

"ရမ်ဟို...အခု အဆင်ပြေသွားပါပြီ...ဒေါ်လေးလည်း ဒီနေရာကို ရောက်နေပြီလေ"

လီကျားရှင်းသည် လီရမ်ဟို၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူမကို ညင်သာစွာပွေ့ဖက်၍ နူးညံကြင်နာစွာ နှစ်သိမ့်လိုက်သည်။

"အဆင်ပြေသွားပြီ...ဒါက အဆင်ပြေသွားပြီ...ဒါပေမယ့် အဲ့ဒီနတ်ဆိုးသားရဲတွေ ဘာလို့ ရုတ်တရက်ကြီး ထကြွသောင်းကျန်းနေတဲ့အကြောင်းကို နင် သိလား"

"ဒါက လူတစ်ယောက်ရဲ့လက်ချက်ပဲ"

လီရမ်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"လူတစ်ယောက်ရဲ့လက်ချက်လား"

ရှမိုကျူးက အနည်းငယ် အံ့အားသင့်သွားသည်။

"အမှန်ပဲ...ပြီးတော့ အရမ်းကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ"

လီရမ်ဟိုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

"ကျွန်မက နတ်ဆိုးငယ်လေးတစ်ယောက်ကို ဖမ်းဆီးပြီးတော့ သူ့ရဲ့စိတ်ဝိညာဥ်ကို ရှာဖွေခဲ့တယ်....သူ့ရဲ့မှတ်ဥာဏ်တွေကနေပြီးတော့ အဲ့ဒီကြောက်ဖို့ကောင်းတဲ့လူက နတ်ဆိုးဧကရာဇ်ရဲ့လှိုဏ်ဂူထဲကို ကျူးကျော်ဝင်ရောက်သွားပြီးတော့....နတ်ဆိုးဧကရာဇ်ပိုင်ဆိုင်တဲ့ အဖိုးတန်ဆေးပင်ကို ခိုးယူသွားတဲ့အပြင်...နတ်ဆိုးဧကရာဇ်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်...ပြီးတော့ သူက နတ်ဆိုးဧကရာဇ်ကို စွပ်ပြုတ်လုပ်သောက်မယ်လို့လည်း ပြောသွားခဲ့တယ်...နတ်ဆိုးဧကရာဇ်ရဲ့လက်အောက်ငယ်သားတွေက ဒီကိစ္စကြောင့် အရမ်းဒေါသထွက်သွားပြီးတော့ အဲ့ဒီလူသားကိုရှာဖို့အတွက် သတ်မိန့်ထုတ်လိုက်ကြတယ်...ဒါကြောင့် ဒီတောတောင်ထဲမှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံး ထကြွသောင်းကျန်းနေကြတာပဲ"

ထိုစကားကိုကြားချိန်တွင် ရှမိုကျူးနှင့်လီကျားရှင်းတို့၏မျက်နှာအမူအယာများ အနည်းငယ် သက်ဝင်လှုပ်ရှားသွားသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် လီရမ်ဟိုကိုကြည့်ကာ တပြိုင်နက်တည်း မေးမြန်းလိုက်ကြ၏။

"မင်း ပြောတဲ့ နတ်ဆိုးဧကရာဇ်ဆိုတာ...လိပ်တစ်ကောင်များ ဖြစ်နေမလား"

"အမှန်ပဲ...သူ့ရဲ့မူလပုံစံက နှစ်တစ်သောင်းသက်တမ်းရှိတဲ့ လိပ်အိုကြီးတစ်ကောင်ပဲ"

လီရမ်ဟိုသည် ဇဝေဇဝါဖြစ်သွားပြီး သူတို့နှစ်ယောက်ကိုကြည့်ကာ အံ့အားတသင့် မေးမြန်းလိုက်သည်။

"ဒါပေမယ့် ဒေါ်လေးနဲ့ဆရာသခင်က...အဲ့ဒီနတ်ဆိုးဧကရာဇ်က လိပ်တစ်ကောင်ဆိုတာ ဘယ်လိုလုပ်ပြီးတော့ သိနေကြတာလဲ"

"ဘာလို့လဲဆိုတော့ ငါတို့ အဲ့ဒီလိပ်ကို မြင်ခဲ့ရလို့ပဲ"

သူတို့နှစ်ယောက်သည် ခါးသည်းစွာပြုံးလိုက်ကြကာ အခြေအနေကို ချက်ချင်းဆိုသလိုပင် ရိပ်စားမိသွားတော့သည်။

လီရမ်ဟို ပြောဆိုသော ကြောက်မက်ဖွယ်လူတစ်ယောက်ဟူသည်မှာ သူတို့ ဤနေရာသို့အလာလမ်းတွင် တွေ့ခဲ့သည့် ဆရာကြီးဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဧကရာဇ်ကို စွပ်ပြုတ်လုပ်သောက်မည်ဟူသော အလေ့အထကို ထိုဆရာကြီးထံတွင်သာ တွေ့မြင်ဖူးသည်။

ထို့ပြင် နတ်ဆိုးဧကရာဇ်ဟု ခေါ်ဆိုခံရသည်မှာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲခြင်းခံထားရသည်ကို သူတို့မြင်တွေ့ခဲ့ရသည့် လိပ်မဟုတ်လော....

"ဒေါ်လေးတို့က မြင်ပြီးပြီလား"

လီရမ်ဟိုသည် မယုံကြည်နိုင်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်နေပေ၏။

သူတို့နှစ်ယောက်သည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြပြီးနောက် သူတို့ ထပ်မံပြောဆိုလိုက်သော စကားများကြောင့် လီရမ်ဟိုသည် သူမ၏အနီရောင်နုတ်ခမ်းများကို သူမလက်ဖြင့်ဖုံးအုပ်လိုက်မိသည်အထိ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါတို့က အဲ့ဒီလိပ်ကို မြင်ခဲ့ရုံတင်မကဘူး...မင်းပြောတဲ့ ကြောက်ဖို့ကောင်းတဲ့အစွမ်းထက်ကျင့်ကြံသူနဲ့လည်း တွေ့ခဲ့ရတယ်"

All Chapters