အခန်း (၁၂၆-၁၃၀)
Vol. 9 Ch. 126-130
Chapter 126
"ဘယ်လိုတောင်...."
လီရမ်ဟိုက အံ့အားတသင့် မေးမြန်းသည်။
"ဒေါ်လေးတို့က အဲ့ဒီလူကို တကယ်ကြီး တွေ့ခဲ့တာလား"
"သူ ထွက်သွားတာ ကြာနေလောက်ပြီလို့ ကျွန်မ ထင်ခဲ့တာ...ဒါပေမယ့် အခု သူက ဒီတောတောင်တွေထဲမှာ ရှိနေတုန်းပဲကိုး....ဒေါ်လေး ဆရာ ဘယ်လိုနေလဲ...အဲ့ဒီလူက အရမ်းကြောက်ဖို့ကောင်းလား"
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်သည် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့က တပြိုင်နက်တည်း ပြောဆိုသည်။
"မင်း ထင်ထားတာထက် အများကြီးပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်....ဒီတောတောင်ထဲမှာရှိတဲ့ အဆင့်မြင့်နတ်ဆိုးသားရဲတွေ ရုတ်တရက်ကြီး ဘာလို့ပျောက်ကွယ်သွားတာလဲဆိုတာ မင်း သိလား"
"အမ်..."
"အဲ့ဒါက သူ့ကြောင့်ပဲ...သူက ဒီတောတောင်တွေထဲမှာရှိတဲ့ နတ်ဆိုးဝိညာဥ်အဆင့်ရဲ့ အထက်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံးကို မျှားခေါ်ပြီးတော့ သူတို့အားလုံးကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်သုတ်သင်လိုက်တယ်"
လီရမ်ဟို၏မျက်လုံးများ ပြူးကျယ်နေကာ သူမသည် အလွန်ထိတ်လန့်တုန်လှုပ်နေသဖြင့် အချိန်အတော်ကြာသည့်တိုင် စကားမပြောနိုင်ချေ။ ထို့နောက် အချိန်တခဏအကြာတွင် သူမက တီးတိုးရေရွတ်လိုက်သည်။
"ကျွန်မ သိပြီ...ဒါကြောင့် အရင်တုန်းက ဒီတောတောင်တွေထဲမှာ ပြည့်နေတဲ့ နတ်ဆိုးသားရဲတွေအားလုံး နေဝင်ရီတရောအချိန်ကတည်းက ရုတ်တရက်ကြီး အရိပ်အယောင်တောင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားခဲ့တာကိုး....ဒါဆိုရင် ဒါက အဲ့ဒီလူရဲ့လက်ချက်ကြောင့်ပဲပေါ့"
"ပြောရမယ်ဆိုရင်...ငါတို့ ခုဏက အဲ့ဒီလူနဲ့တွေ့တဲ့အချိန်မှာ...သူက ငါနဲ့ နင့်ရဲ့ဆရာကို ကံကြမ္မာကောင်းကြီးတစ်ခု ပေးခဲ့တယ်...ငါက သိုင်းဘိုးဘေးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
လီကျားရှင်းက ပြောဆိုကာ သူမ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုရှိနေသည်။
လီကျားရှင်း၏စကားကြောင့် လီရမ်ဟိုသည် တဖန်ထပ်၍ အံ့အားသင့်တုန်လှုပ်သွားသည်။
ကြည့်ရသည်မှာ ထိုလူသည် သူမ တွေးထင်ထားသည်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပုံပင်။
"ဂုဏ်ယူပါတယ် ဒေါ်လေး...ဂုဏ်ယူပါတယ် ဆရာကြီး"
လီရမ်ဟိုက ရိုသေလေးစားစွာ ပြောဆိုလိုက်သော်လည်း သူမ စကားပြောဆိုနေစဥ်တွင် သူမ၏အသိစိတ်ကင်းလွတ်သွားသည်။
ရုတ်တရက် ပုံရိပ်တစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုဖျော့တော့တော့ပုံရိပ်နှင့် သူမသည် တဒင်္ဂသာတွေ့ဆုံခဲ့ရခြင်းဖြစ်သော်လည်း သူ့ထံမှ အမှတ်တမဲ့ထွက်ပေါ်နေပြီး သဘာဝဆန်သည့် တခြားကမ္ဘာလောကနှင့်သက်ဆိုင်နေသကဲ့သို့ အငွေ့အသက်က သူမ၏စိတ်အတွင်း၌ နက်ရှိုင်းစွာစွဲထင်ကျန်ရစ်ခဲ့သည်။
အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးသားရဲများနှင့် ပြည့်နှက်နေသည့် ဤတောတောင်အတွင်း၌ သူသည် တည်ငြိမ်နေဆဲဖြစ်ပြီး သုတ်သုတ်ပျာပျာ သွားလာမနေခြင်းမှာ သာမာန်သေမျိုးတစ်ယောက်နှင့် များစွာကွဲပြားခြားနားနေသည်။
သူ၏တည်ငြိမ်အေးဆေးမှုကြောင့် သူမ အလွန်အံ့အားသင့်ခဲ့ရပေ၏။
သူသည် ကျားများကိုမကြောက်သော နွားငယ်တစ်ကောင်များ ဖြစ်နေသလော....
သို့ရာတွင် သူမ ဝန်ခံရမည်မှာ သူ၏တည်ငြိမ်မှုသည် သူမ၏ယခင်က ပျာယာခတ်နေသော စိတ်အခြေအနေပေါ်သို့လည်း သက်ရောက်လာခဲ့သည်။ ထို့ကြောင့် သူမသည် ရှေ့ဆက်ကြုံတွေ့ရသော တိုက်ပွဲများနှင့် ရင်ဆိုင်ရချိန်တွင် များစွာပို၍ တည်ငြိမ်သွားနိုင်ခဲ့သည်။
သို့ရာတွင် လူတစ်ယောက်သည် မည်သည်ကြောင့် အစဥ်အမြဲ ကံကောင်းနိုင်မည်နည်း....
ယခုချိန်တွင် ဤတောတောင်တဝိုက်၍ ပြန်လည်၍ တည်ငြိမ်အေးချမ်းသွားပြီဖြစ်ရာ သူ အသက်ရှင်နေသေးသလော ...
"ရမ်ဟို...မြန်မြန်ထပြီး ခရီးဆက်ကြရအောင်"
လီကျားရှင်းက တိုက်တွန်းနှိုးဆော်လိုက်၏။
"ငါတို့ တောင်အောက်ကို ဆင်းတဲ့အချိန်မှာ....အဲ့ဒီစီနီယာ ရှိနေသေးလားဆိုတာ ငါတို့ စစ်ဆေးရမယ်...တကယ်လို့ သူ ရှိနေရင်....နင် သူ့ကို အရိုအသေပြုဖို့ ငါတို့ ခေါ်သွားပေးမယ်"
"ဒါက အမှန်ပဲ...ခုလိုမျိုး အဆင့်မြင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်နဲ့သာ ဆုံတွေ့ရရင်....မင်းအတွက် အများကြီးအကျိုးကျေးဇူး ရှိလာလိမ့်မယ်"
နံဘေးတွင်ရှိနေသော ရှမိုကျူးက အလျင်စလို ထောက်ခံလိုက်သည်။
သူတို့သည် စကားပြောဆိုနေစဥ်တွင် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့၏စိတ်နှလုံးသားများအတွင်းတွင် တူညီသော ရည်မှန်းချက်ပန်းတိုင်ရှိနေသည်မှာ သိသာထင်ရှားလှ၏။
အကယ်၍ သူတို့ တွေ့ဆုံချိန်တွင် ထိုလူသည် ရမ်ဟိုကို နှစ်ခြိုက်သဘောကျသွားပါက သူမအတွက် လမ်းညွှန်မှုတချို့ သို့မဟုတ် လက်ဆောင်များကို ပေးခဲ့ပါက အကောင်းဆုံးရလဒ်ဖြစ်ပေမည်။
"ဒေါ်လေး...ဆရာသခင်....ဒေါ်လေးတို့ဆိုလိုချင်တာကို ကျွန်မ ကောင်းကောင်းသိပါတယ်...ဒါပေမယ့် ကျွန်မက ဒေါ်လေးတို့ပြောတဲ့ စီနီယာကို အနှောက်အယှက် မပေးချင်ဘူး...ပြီးတော့ ကျွန်မမှာ အဲ့ဒီထက် ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စ လုပ်စရာရှိသေးတယ်"
လီရမ်ဟိုသည် သူတို့၏ရည်ရွယ်ချက်ကို သိသိသာသာ တွေ့မြင်နေသော်လည်း ယဥ်ယဥ်ကျေးကျေး ငြင်းဆန်လိုက်၏။
ထိုစကားကိုကြားချိန်တွင် လီကျားရှင်းနှင့်ရှမိုကျူးတို့က ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်ကြသည်။
"တပည့်လေး...စီနီယာနဲ့တွေ့ဖို့ထက် ဘာက ပိုအရေးကြီးလို့လဲ"
ရှမိုကျူးက အလေးအနက်ထားသောအမူအယာဖြင့် မေးမြန်းသည်။
"တကယ်လို့ အဲ့ဒီစီနီယာနဲ့သာတွေ့ခွင့်ရရင် ဘာဖြစ်လာနိုင်လဲဆိုတာ မင်း သိလား....သူ့ဆီကနေ သာမာန်ကာလျှံကာ လမ်းညွှန်ချက်တစ်ခုရတာနဲ့...မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ လမ်းလွဲတာတွေ နည်းပါးသွားနိုင်တယ်ဆိုတာ မင်း သိလား...တကယ်လို့ သူကသာ မင်းကို ပစ္စည်းတချို့ ပေးမယ်ဆိုရင် မင်းရဲ့ ဘဝအတွက် အကျိုးကျေးဇူးတွေအများကြီး ရသွားနိုင်တယ်ဆိုတာ ထည့်ပြောနေစရာတောင် မလိုဘူး"
"ရမ်ဟို...အခုချိန်မှာ အကောင်းဆုံးကိစ္စက...ငါနဲ့နင့်ရဲ့ဆရာနောက်ကိုလိုက်ပြီးတော့ စီနီယာ ဒီတောတောင်တွေကြားမှာ ရှိနေတဲ့အချိန်မှာ အခွင့်ကောင်းမလွန်သွားခင် နင် အရိုအသေပြုရမယ်"
လီကျားရှင်းက နံဘေးဘက်မှနေ၍ ဖျောင်းဖျပြောဆိုလိုက်၏။
"ဒေါ်လေးတို့ရဲ့ ကြင်နာတဲ့ရည်ရွယ်ချက်ကို ကျွန်မ အသိအမှတ်ပြုပါတယ်...ဒေါ်လေးနဲ့ဆရာသခင်...ဒါပေမယ့် ကျွန်မက ဖော်လံဖားတတ်သူမဟုတ်ဘူးဆိုတာ ဒေါ်လေးတို့သိပါတယ်...အခုချိန်မှာ ကျွန်မ သဘောမတူနိုင်တဲ့အတွက် ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးပါ"
လီရမ်ဟိုသည် စကားပြောဆိုနေရင်းဖြင့် စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လိုက်သည်။
"ပြီးတော့ ကျွန်မမှာ တကယ်ကိုပဲ အရေးကြီးလုပ်စရာကိစ္စတစ်ခု ရှိနေတယ်"
"ခေါင်းမာလိုက်တဲ့ ကလေး...ဘာလို့ နင် ဒီလောက်ထိ ခေါင်းမာနေတာလဲ"
လီကျားရှင်းက မျက်မှောင်ကြုတ်ကာ သူမ၏ခေါင်းကို ခါယမ်းလေသည်။
"အနည်းဆုံးတော့ ငါတို့ကို ပြောပြလေ....ဒီကိစ္စထက် အရေးကြီးတာ ဘာများရှိနေသေးလို့လဲ"
"ကျွန်မက လူတစ်ယောက်ကို ရှာရမယ်"
လီရမ်ဟိုက တုံ့ပြန်ပြောဆိုသည်။
"ဘယ့်သူကိုလဲ"
လီကျားရှင်းနှင့်ရှမိုကျူးတို့သည် ဇဝေဇဝါ ဖြစ်သွားကြလေ၏။
"သာမာန်သေမျိုးတစ်ယောက်ပဲ"
လီရမ်ဟိုက သူမ၏နုတ်ခမ်းကို ခပ်ဖွဖွကိုက်၍ ပြောဆိုသည်။
"သေမျိုးတစ်ယောက်လား"
သူတို့နှစ်ယောက်လုံး အနည်းငယ် ကြက်သေသေသွားသည်။
"မင်းက ဘာကိစ္စရှိလို့ အဲ့ဒီသေမျိုးကို ရှာမှာလဲ"
"သူ...."
လီရမ်ဟိုက နုတ်ခမ်းစူကာ တောတောင်များအကြားတွင် သူမနှင့်သေမျိုးတစ်ယောက် ဆုံတွေ့ခဲ့ရသောအကြောင်းကို သူတို့အား အကြမ်းဖျင်း ပြန်လည်ပြောပြလိုက်သည်။
"ဒါကြောင့် ကျွန်မ သူ့ကို ရှာချင်တယ်"
လီရမ်ဟိုက အဆုံးသတ်၌ ပြောဆိုသည်။
"အင်း....နင်က ကြင်နာတတ်တဲ့နှလုံးသားရှိပြီးတော့ ရူးမိူက်တဲ့မိန်းကလေးပဲ"
လီကျားရှင်းက သူမ၏ခေါင်းကိုခါယမ်းကာ အပြစ်ဆိုလေ၏။
"သေမျိုးတစ်ယောက်ရဲ့ သေရေးရှင်ရေးက အရေးမပါဘူးဆိုတာကို အသာထားလိုက်ဦး...တကယ်လို့ ငါတို့က ခြေတစ်လှမ်းနောက်ဆုတ်ပေးမယ်ဆိုရင်တောင် ဒီတောတောင်တွေကြားမှာ သာမာန်သေမျိုးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နိုင်မှာလဲ"
"သူက ကံကောင်းတယ်...."
လီရမ်ဟိုသည် ခေါင်းမာစွာ ငြင်းဆန်နေဆဲပင်။
"ကံကောင်းတာလား..."
"ဟက်...."
လီကျားရှင်း၏မျက်လုံးအတွင်း၌ လှောင်ပြောင်သရော်မှုများ ထင်ဟပ်နေကာ သူမက တူမဖြစ်သူကို သင်ပြလိုက်၏။
"ကံကြမ္မာက လူတစ်ယောက်ကို အမြဲတမ်း မျက်နှာသာမပေးဘူး...သေမျိုးတစ်ယောက်မှာ အသက်ဆယ်သက်ရှိနေရင်တောင် ဒီတောတောင်တွေကြားမှာ အသက်ကိုးသက်လောက်ထွက်နေလောက်ပြီ...နင် သိထားရမှာက နင်ရဲ့လက်ထဲမှာ ခွန်အားရှိနေမှသာ ဒီရေကို တွန်းလှန်နိုင်မယ်ဆိုတာပဲ"
"ဒါပေမယ့် ကျွန်မ သူ့ကို ယုံကြည်တယ်...."
လီရမ်ဟိုသည် သူမ ပြောသည့်စကားအပေါ် သူမကိုယ်တိုင် ယုံကြည်ချက်မရှိသော်လည်း ပြောဆိုလိုက်သည်။
"နင့်ရဲ့ယုံကြည်ချက်က ဘာအသုံးဝင်မှာမလို့လဲ...နင် ပြောတဲ့အတိုင်းဆို နောက်ဆုံးတစ်ကြိမ် နင်တို့ခွဲခွာခဲ့တဲ့အချိန်မှာ နတ်ဆိုးဘုရင်တွေနဲ့ တခြားနတ်ဆိုးသားရဲတွေအများကြီးက သူ့ဆီကို ဦးတည်ပြီးတော့ သွားနေကြတယ်...အဲ့ဒီနတ်ဆိုးသားရဲတွေက သာမာန်သေမျိုးလေးတစ်ယောက်ကို ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်နေတာလား"
လီကျားရှင်းက ပြစ်တင်ဝေဖန်လေသည်။
ထိုစကားကိုကြားချိန်တွင် လီရမ်ဟိုသည် အမူမဲ့အမှတ်မဲ့ဖြင့် သူမ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူမ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေကာ သူမ၏မျက်လုံးအတွင်းရှိ အလင်းရောင် မှိန်ဖျော့သွားသည်။
အမှန်အားဖြင့်...
သူမသည်လည်း ဤဖြစ်နိုင်ချေကို စဥ်းစားထားပြီးဖြစ်သည်။
သို့ရာတွင် သူမသည် မှော်ဆန်သော အလှည့်အပြောင်းတစ်ခုကို မြင်တွေ့ရရန် မျှော်လင့်နေမိဆဲပင်။
"ထင်ယောင်ထင်မှားဖြစ်နေတာကို ရပ်လိုက်တော့...လာခဲ့...စီနီယာကို အရိုအသေပြုရအောင်လို့ ငါတို့နဲ့အတူ အခုချက်ချင်းလိုက်ခဲ့စမ်း"
ဤအခြေအနေသို့အရောက်တွင် ရှမိုကျူးက ပြတ်ပြတ်သားသား ပြောဆိုသည်။
သူ၏နံဘေးရှိ လီကျားရှင်းကလည်း သူမ၏မျက်နှာကို တင်းမာခက်ထန်ထားသည်။
သူတို့၏အမြင်များအရ သေမျိုးတစ်ယောက်၏သေရေးရှင်ရေးသည် စီနီယာနှင့်တွေ့ဆုံရန်ကိစ္စနှင့် နှိုင်းယှဥ်ပါက ဖော်ပြရန်ပင်မထိုက်တန်သည်မှာ သိသာထင်ရှားလှ၏။
သေမျိုးတစ်ယောက်သည် နတ်ဆိုးသားရဲများ၏အစာ ဖြစ်သွားနိုင်ချေများသည့်အချက်ကို ထည့်တွက်ရန်ပင် မလိုတော့ချေ။
Chapter 127
လီရမ်ဟိုသည် အလွန်အမင်း မလိုလားသည့်တိုင် လီကျားရှင်းနှင့်ရှမိုကျူးတို့၏အကျပ်ကိုင်မှုအောက်တွင် သူမထံ၌ ရွေးချယ်စရာမရှိတော့ချေ။ သူမသည် သူတို့နှစ်ယောက်လာခဲ့သော နေရာသို့ဦးတည်၍ လိုက်ပါသွားခဲ့ရတော့သည်။
"ဒီလမ်းကြောင်းက အရင်က သူ ရှိနေခဲ့တဲ့နေရာနဲ့ တူနေသလိုပဲ"
သူတို့သည် တောအုပ်ပေါ်မှ ပျံသန်း၍ဖြတ်ကျော်နေစဥ်၌ လီရမ်ဟို၏မျက်ခုံးများ တွန့်ကွေးသွားသည်။ သူမ၏တောက်ပသောမျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ရင်းနှီးသောပုံရိပ်တစ်ခု၏အရိပ်အယောင်ကို ရှာတွေ့နိုင်ရန် မျှော်လင့်နေမိလေ၏။
သို့ရာတွင် စိမ်းလန်းစိုပြေသောသစ်ပင်ကြီးများအကြားတွင် သူမ ပုံရိပ်တစ်ရိပ်ကိုပင် ရှာမတွေ့ခဲ့ချေ။
သူမ၏မျက်လုံးအတွင်းရှိ မျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်သွားလေပြီ။
ဤသည်မှာ သူမသည် ထိုသေမျိုးအပေါ် ခံစားချက်တစ်ခုခု ရှိနေသောကြောင့်မဟုတ်ချေ။ ထိုသေမျိုးသည် နတ်ဆိုးသားရဲများ ထကြွသောင်းကျန်းနေသော တောတောင်များအကြား၌ ထိခိုက်ဒဏ်ရာမရရှိဘဲ သွားလာနေသည်မှာ သူမကို အလွန်ကြီးမားစွာ ထိတ်လန့်တုန်လှုပ်စေခဲ့သောကြောင့်ပင်။
"ငါတို့ ရောက်ပြီ"
"စီနီယာက ရှေ့မှာရှိနေတုန်းပဲ"
ထိုအချိန်မှာပင် ရှေ့မှသွားနေသော လီကျားရှင်း၏စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာသည်။
သို့ရာတွင် လီရမ်ဟို၏စိတ်သည် ထိုအရာပေါ်တွင် လုံးလုံးလျားလျား ရှိမနေချေ။ သူမသည် သူတို့ဖော်ပြသောနေရာသို့ တစ်ချက်မျှပင် စောင်းငဲ့ကြည့်ခြင်းမပြုဘဲ သူမ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကာ သေမျိုးလူသားကို ရှာဖွေရန် ကြိုးစားနေဆဲပင်။
သူတို့သုံးယောက်သည် မြေပြင်ပေါ်သို့ဆင်းသက်ပြီး ရီဖုန်းထံသို့ လျှောက်လှမ်းသွားလိုက်ကြ၏။
"ရမ်ဟို မှတ်ထားစမ်း...အဲ့ဒီစီနီယာရဲ့ခွန်အားက ပြိုင်ဘက်ကင်းပဲ.. ဒါပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားက ရိုးရှင်းမှုကိုပြန်ရောက်တဲ့နယ်ပယ်ကို ရောက်နေတယ်...သူက သူ့ကိုယ်သူ သေမျိုးတစ်ယောက်လို့ပဲ သုံးနှုန်းတယ်...ဒါကြောင့် ငါတို့က သူ့ကို အပြစ်ပြုလို့မရဘူး"
လီကျားရှင်းက သတိပေးသည်။
သူမ စကားပြောဆိုနေရင်းဖြင့် သူတို့သုံးယောက်သည် ရီဖုန်း၏ရှေ့ မလှမ်းမကမ်းအကွာသို့ ရောက်ရှိသွားတော့သည်။
ရီဖုန်းသည်လည်း ထိုလူသုံးယောက်ကို တွေ့မြင်မိလေ၏။ သူ၏ဇီသာကို ဘေးသို့ချကာ သူတို့ကို ခပ်ဖျော့ဖျော့အပြုံးနှင့် ကြည့်လိုက်သည်။
သို့ရာတွင် လီရမ်ဟိုသည် အာရုံမစိုက်နိုင်သေးချေ။
သူမသည် လက်လျှော့အရှုံးပေးရန် ဆန္ဒမရှိသဖြင့် ပတ်ဝန်းကျင်ကို တစ်ကြိမ်ထပ်မံ၍ကြည့်ပြီးမှ လီကျားရှင်းဖော်ပြသော နေရာသို့ တွန့်ဆုတ်စွာဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။
ရုတ်တရက်....
သူမ၏ခြေလှမ်းများ တုန်ရီသွားသည်။
တစ်ချိန်တည်းမှာပင် သူမ၏အနီရောင်နုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားကာ သူမ၏တောက်ပသောမျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဤမျက်နှာ....
ဤပုံပန်းသွင်ပြင်....
ဤရင်းနှီးကျွမ်းဝင်သော ပုံရိပ်...
"ဒေါ်လေး...ဒါက ဒေါ်လေးတို့ပြောတဲ့ စီနီယာဆိုတာလား"
လီရမ်ဟိုသည် အချိန်အတော်ကြာ ကြက်သေသေသွားပြီးမှ မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"ရမ်ဟို...နင် ဘာတွေပြောနေတာလဲ...မရိုင်းပျစမ်းနဲ့...စီနီယာကို မြန်မြန်နှုတ်ဆက်လိုက်စမ်း"
လီကျားရှင်းက စိုးရိမ်ပူပန်တကြီး ဆူပူကြိမ်းမောင်းလေသည်။
သို့ရာတွင် လီရမ်ဟိုသည် လီကျားရှင်း၏စကားများကို ကြားပုံမရချေ။ သူမမျက်လုံးရှေ့ရှိ မယုံကြည်နိုင်ဖွယ်မြင်ကွင်းကြောင့် သူမ ထိတ်လန်တုန်လှုပ်နေဆဲဖြစ်ပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချေ။
လီကျားရှင်းနှင့်ရှမိုကျူးတို့ ပြောဆိုနေသော စီနီယာဆိုသူသည် တောတောင်များအကြား၌ သူမနှင့်တွေ့ဆုံခဲ့သော သေမျိုးဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိပေ။
သို့ရာတွင်....
သူ့ထံတွင် မည်သည့်ကျင့်ကြံမှုမျှ မရှိသည်မှာ သိသာထင်ရှားနေလေရာ မည်သည်ကြောင့် သူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားရသနည်း....
ဤအချိန်အခိုက်အတန့်တွင် လီရမ်ဟိုသည် အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားမိလေ၏။
လီရမ်ဟို၏အပြုအမူများ ထူးဆန်းနေသည်ကို မြင်တွေ့ချိန်၌ လီကျားရှင်းက မျက်မှောင်ကြုတ်၍မေးမြန်းသည်။
"ရမ်ဟို...နင် ဘာတွေဖြစ်နေတာလဲ"
"ဒေါ်လေး...ဒေါ်လေးတို့ လူများမှားနေတာလား"
နောက်ဆုံး၌ လီရမ်ဟိုသည် သူမ၏နီမြန်းသောနုတ်ခမ်းကိုကိုက်ကာ စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် ပြောဆိုလိုက်သည်။
"သူက ဒေါ်လေးတို့ပြောတဲ့ စီနီယာဆိုတာ တကယ်ပဲလား"
"မင်း ဘာကိုဆိုလိုတာလဲ"
ရှမိုကျုးက လီရမ်ဟိုထံလျှောက်လှမ်းလာကာ မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"သူက ကျွန်မ အရင်က ဒေါ်လေးတို့ကိုပြောခဲ့တဲ့ သေမျိုးပဲ"
လီရမ်ဟိုက မျက်မှောင်ကြုတ်ကာ ရှင်းပြလေ၏။
"ဒါပေမယ့် အခုချိန်မှာ ဒေါ်လေးတို့က သူ့ကို စီနီယာလို့ ခေါ်နေကြတယ်...ဒေါ်လေးတို့ လူမမှားဘူးဆိုတာ သေချာလား"
"ဘာ...."
ထိုစကားကိုကြားချိန်တွင် လီကျားရှင်းနှင့်ရှမိုကျူးတို့နှစ်ယောက်လုံး နေရာမှာပင် ကြက်သေသေသွားသည်။
သူတို့ပြောဆိုနေခဲ့သော စီနီယာသည် လီရမ်ဟို ဖော်ပြခဲ့သော သေမျိုးဖြစ်နေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောမိခြင်းမရှိချေ။
မည်ကဲ့သို့ တိုက်ဆိုင်မှုတစ်ခု ဖြစ်သနည်း ...
သို့ရာတွင် သူတို့သည် ချက်ချင်းအသိပြန်ဝင်သွားကြလေ၏။ ဤရူးသွပ်မိုက်မဲသောမိန်းကလေး လီရမ်ဟိုထံတွင် ဤစီနီယာ၏ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပုံကို သိရှိရန်အတွက် အမြင်မရှိနိုင်ချေ။
"ဟမ့်...နင်က ရူးသွပ်မိုက်မဲတဲ့ မိန်းကလေးပဲ..ဘယ်လိုလုပ်ပြီးတော့ နင် ဒီလောက်ထိ တုံးအနေတာလဲ"
လီကျားရှင်းက အလျှင်အမြန် ဆူပူကြိမ်းမောင်းလေသည်။
"မင်းရဲ့အဒေါ်နဲ့ဆရာက ဘယ်လိုလုပ်ပြီးတော့ လူမှားမှာလဲ....ဒီလိုဖြစ်ရတာ မင်းရဲ့အရည်အချင်းက စီနီယာရဲ့နက်နဲသိမ်မွေ့မှုကို မြင်နိုင်ဖို့အတွက် အရမ်းနိမ့်ကျနေလို့ပဲ"
လီရမ်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ယုံကြည်ရန် ခက်ခဲနေဆဲပင်။ ဤသည်မှာ အလွန်အတွေးခေါင်သည်ဟု သူမ ခံစားမိလေ၏။
သူမသည် ရီဖုန်းနှင့် တစ်ကြိမ်မက ထိတွေ့ဆက်ဆံခဲ့ဖူးသည်။ သူမ မည်သို့ပင်ကြည့်ပါစေ သူသည် သာမာန်သေမျိုးတစ်ယောက်သက်သက်ပင်။ မည်သည်ကြောင့် သူသည် ရုတ်တရက်ဆန်စွာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားရသနည်း။
"တကယ်လို့ နင် မယုံဘူးဆိုရင်...ဟို သစ်ပင်ကိုကြည့်လိုက်စမ်း...ထူးခြားတာတစ်ခုခုကို နင် မြင်လား"
လီကျားရှင်းက အကြည့်တစ်ချက်ဖြင့် သဲလွန်စပေးလေသည်။
လီရမ်ဟိုက ခေါင်းအနည်းငယ်မော့ကာ သစ်ပင်ထံသို့ စောင်းငဲ့၍ကြည့်လိုက်၏။
"လိပ်တစ်ကောင်ပဲလေ...အဲ့ဒါက ဘာမှားနေလို့လဲ"
လီရမ်ဟိုသည် အံ့အားသင့်သွားခြင်းမရှိချေ။ သူမသည် ဤလိပ်ကို ယခင်က ရီဖုန်း အမြဲတစေ သယ်ဆောင်သွားနေသည်ကို မြင်တွေ့ဖူးပြီးဖြစ်သည်။
"တကယ့်ကို တုံးအတဲ့မိန်းကလေးပဲ...ဒီတစ်ကြိမ်မှာ နင် ဘာလို့ ခုလောက်ထိထုံထိုင်းနေတာလဲ"
သူမ၏နံဘေးတွင်ရှိနေသော လီကျားရှင်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"မင်းရဲ့စွမ်းအားတွေကို စုစည်းပြီးတော့ သေချာလေး တစ်ချက်ပြန်ကြည့်စမ်း...အဲ့ဒီလိပ်က ဘာလဲဆိုတာကို...."
လီရမ်ဟိုက မျက်မှောင်ကြုတ်ကာ ဆန္ဒမရှိသော်လည်း သူမ၏စွမ်းအားများကိုစုစည်း၍ အလေးအနက်မထားသောအမူအယာဖြင့် လိပ်ကိုကြည့်လေသည်။
'ကြည့်ရတာ...နည်းနည်းတော့ ပုံမှန်မဟုတ်သလိုပဲ'
သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ပေါ့ပျက်ပျက်အပြုအမူကို ရုတ်သိမ်းကာ အလေးအနက်ထား၍ ထပ်မံကြည့်လိုက်သည်။
ဤအကြည့်နှင့်အတူ သူမသည် နောက်ဆုံး၌ လိပ်၏လျှို့ဝှက်ချက်ကို တွေ့မြင်နိုင်ခဲ့လေပြီ။ သူမသည် နေရာမှာပင် ကြက်သေသေသွားကာ သူမ၏စိတ်ကို လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလားပင်။
Chapter 128
"ဖြစ်နိုင်တာတော့...."
လီရမ်ဟို၏အသံ တုန်ရီနေသည်။
"အမှန်ပဲ...."
လီကျားရှင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"ဒါက အမှန်ပဲ...အဲ့ဒီလိပ်က နင်ပြောနေတဲ့ နတ်ဆိုးဧကရာဇ်ကလွဲပြီးတော့ တခြားဟာမဟုတ်ဘူး"
ထိုအတည်ပြုမှုကို ရရှိပြီးနောက် လီရမ်ဟို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူမသည် ထိုသတင်း၏ရိုက်ခတ်ခံရခြင်းကြောင့် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်ကာ အချိန်အတော်ကြာသည်အထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိချေ။
ယခင်က သူမသည် ထိုလိပ်ကို အထင်အမြင်သေးခဲ့ကာ တစ်ချက်ပင် ထပ်မံကြည့်ရှုခြင်း မပြုခဲ့ချေ။ သို့ရာတွင် ထိုလူငယ် အမြဲတစေသယ်ဆောင်သွားနေသောလိပ်သည် နတ်ဆိုးဧကရာဇ်ပိုကူဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း....
သူမ ပင့်သက်ရှိုက်လိုက်မိသည်။
ထို့ကြောင့် ယခု ကြည့်ကြည့်တော့မှ...
သူသည် တစ်ယောက်တည်းဖြင့် နတ်ဆိုးဧကရာဇ်၏လှိုဏ်ဂူအတွင်းသို့ ပြောင်ပြောင်တင်းတင်း ကျူးကျော်ဝင်ရောက်ကာ နတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးခဲ့သူပင်။
ယခု ကြည့်ကြည့်တော့မှ...
ဤတောတောင်များအကြားတွင် သူ အသက်ရှင်နေနိုင်သော အကြောင်းအရင်းမှာ ကံကြမ္မာကောင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ ထကြွသောင်းကြမ်းနေသော နတ်ဆိုးသားရဲများသည် သူ့အား မည်သို့မျှ ခြိမ်းခြောက်မှုမပြုနိုင်သောကြောင့်ပင်။
ယခုချိန်၌ သူမ ပြန်လည်တွေးတောကြည့်ရာတွင် သူမသည် ဤကိစ္စကို နားလည်သဘောပေါက်သင့်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိသွားလေပြီ။
မည်သို့ပင်ဆိုစေကာမူ သိုင်းဘုရင်တစ်ယောက်ဖြစ်သော သူမသည် အသက်ဘေးမှလွတ်မြောက်ရန် တောတောင်အကြား၌ အဆက်မပြတ်ထွက်ပြေးနေရသည်။ ထို့ကြောင့် သာမာန်သေမျိုးတစ်ယောက်သည် ကံကောင်းမှုကိုမှီခို၍ မည်သည်ကြောင့် အသက်ရှင်နေနိုင်မည်နည်း။
ထို့ပြင် သူ အစဥ်အမြဲထိန်းသိမ်းထားသည့် အထီးကျန်ဆန်ပြီး တသီးတခြားနေတတ်သောပုံစံသည် ဟန်ဆောင်မှုတစ်ခုမဟုတ်သည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် သူမသည် ရီဖုန်းနှင့် စကားစမြည်ပြောဆိုခဲ့သော စကားများကို ပြန်အမှတ်ရချိန်တွင် လီရမ်ဟို၏မျက်နှာမှနေ၍ သူမ၏လည်ပင်းထိတလျှောက်လုံး နီမြန်းသွားတော့သည်။ သူမသည် ကျင်းတစ်ကျင်းရှာ၍ ပုန်းအောင်းနိုင်ရန်ကိုပင် ဆုတောင်းနေမိသည်။
သူမ၏စကားများသည် ရီဖုန်းအတွက် အလွန်ရယ်ရွှင်ဖွယ်ကောင်းပုံရသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ယခင်က မလေးမစားပြောဆိုခဲ့သော စကားများသည် သူ ဒေါသထွက်သွားစေသည်အထိ ရန်စစော်ကားမိပုံမရချေ။ ထိုသို့မဟုတ်ပါက.....
ထိုအကြောင်းများကို ပြန်လည်တွေးတောရင်း သူမ၏စိတ်နှလုံးသားအတွင်း၌ ရှက်ရွံခြင်း ထိတ်လန့်ကြောက်ရွံခြင်းတို့နှင့် ပြည့်နှက်နေတော့သည်။
"ဆရာကြီးကို နှုတ်ဆက်ပါတယ်"
လီကျားရှင်းနှင့်ရှမိုကျူးတို့သည် ရိုသေလေးစားစွာ ပြောဆိုလိုက်ကြ၏။
"မင်းတို့တွေလား"
ရီဖုန်းက ပြုံးပြပြီးနောက် သူ၏အကြည့်သည် လီရမ်ဟိုထံသို့ ရွှေ့ပြောင်းသွားပြီး ရယ်မောလိုက်သည်။
"မင်းလည်း ဒီနေရာကိုရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထိုစကားကိုကြားချိန်တွင် ပုံမှန်အားဖြင့် အေးစက်စက်မျက်နှာပိုင်ရှင်ဖြစ်သော လီရမ်ဟို၏မျက်နှာ ချက်ချင်းနီမြန်းသွားသည်။
ယခုချိန်တွင် သူမသည် ရီဖုန်းနှင့်ထပ်မံ၍ မျက်နှာချင်းဆိုင်ရချိန်၌ သူမ၏ယခင်တည်ငြိမ်အေးဆေးမှုမျိုး ရှိမနေနိုင်တော့သည်မှာ တိကျသေချာပေ၏။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြခြင်း ရိုသေလေးစားခြင်းတို့နှင့် ပြည့်နှက်နေသည်။ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမသည် နောက်ဆုံး၌ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"ဆရာကြီးကို နှုတ်ဆက်ပါတယ်"
သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ကြောင့်ကြခြင်းများနှင့် ပြည့်နှက်နေသည့်တိုင် သူမသည် မသိမသာဖြင့် ရီဖုန်းကို အကဲခတ်ကြည့်လိုက်မိဆဲပင်။
အထီးကျန်ဆန်ခြင်းနှင့်တသီးတခြားဆန်ခြင်း....
သာလွန်ထူးကဲသော အရှိန်အဝါ....
အထူးသဖြင့် ရီဖုန်း၏မျက်နှာပေါ်တွင် အစဥ်အမြဲ ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေကာ အရာအားလုံးသည် သူ၏တွက်ချက်မှုအတွင်း၌ရှိနေသည့်အလားပင်။ အလွန့်အလွန်ကြီးမားသော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် မျက်မှောင်တစ်ချက်ကြုတ်မည်မဟုတ်ချေ။
သူမ ယခင်က သတိမပြုခဲ့မိသည်မှာ မည်မျှထိရယ်ရွှင်ဖွယ်ကောင်းနေသနည်း....
သူမသည် ဤသေမျိုးနှင့် ပြောဆိုဆက်ဆံရသည်မှာ အလွန်စိတ်သက်တောင့်သက်သာဖြစ်သည်ဟုသာ ခံစားခဲ့မိလေ၏။
ထိုမိန်းကလေး သူ့အားနှုတ်ဆက်သည့်နည်းလမ်းနှင့်ပတ်သက်၍ ရီဖုန်းသည် အနည်းငယ်မျှပင် အံ့အားသင့်သွားခြင်းမရှိချေ။
သူတို့၏မျက်နှာအသွင်အပြင်များအရ အကဲဖြတ်ကြည့်ပါက လီကျားရှင်းနှင့်လီရမ်ဟိုတို့သည် အနည်းငယ်ဆင်တူနေလေရာ တစ်နည်းနည်းဖြင့် ဆွေမျိုးတော်စပ်ခြင်း ဖြစ်ပေလိမ့်မည်။ လီကျားရှင်းသည် သူ၏ အနုပညာအရည်အချင်းအတွက် 'ဆရာ'ဟု ရိုသေလေးစားစွာ ခေါ်ဆိုသုံးနှုန်းခဲ့သဖြင့် သူမ၏ဂျူနီယာသည်လည်း လိုက်လျောညီထွေသုံးနှုန်းသည်မှာ သဘာဝကျသောကိစ္စပင်။
"ကြည့်အုံးလေ...ဒီတောတောင်တွေထဲမှာ ဘာအန္တရာယ်မှမရှိဘူးလို့ ငါ မင်းကို ပြောခဲ့တယ်မဟုတ်လား"
ရီဖုန်းက ရယ်မောပြီး ပြောဆိုသည်။
"မင်း ကြည့်အုံး....ငါ အကုန်လုံးအဆင်ပြေနေတာပဲလေ"
သို့ရာတွင် ရီဖုန်း၏စကားများကြောင့် လီရမ်ဟို၏မျက်နှာ တဖန်ထပ်၍နီမြန်းသွားသည်။
ရီဖုန်းသည် ယခင်က သူမ ပြောဆိုခဲ့သည့်စကားများအပေါ် လှောင်ပြောင်သရော်နေသည်မှာ သိသာထင်ရှားလှ၏။ အမှန်အားဖြင့် ရီဖုန်း၏သရုပ်မှန်ကို ခွဲခြားသိမြင်နိုင်ရန် ကျရှုံးခဲ့သော သူမ၏ညံဖျင်းသောအကဲခတ်မှုကိုသာ သူမ ပြင်းပြင်းထန်ထန် အပြစ်တင်ရပေမည်။
အလာပသလ္လာပတချို့ကို ဖလှယ်ပြောဆိုပြီးနောက် ထိုလူသုံးယောက်သည် သူတို့၏လမ်းကို ဆက်သွားမည်ဟု ရီဖုန်းက ယူဆခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ လီကျားရှင်းနှင့်ရှမိုကျူးတို့သည် သူ့အား သွယ်ဝိုက်သောစကားများကို အဆက်မပြတ် ပြောဆိုနေခဲ့လေ၏။ အထူးသဖြင့် သူတို့သည် သူ့ရှေ့၌ လီရမ်ဟိုကို ဆက်တိုက်ဆိုသလိုပင် ချီးမွမ်းပြောဆိုနေကြသည်။
လီရမ်ဟိုသည် ချွင်းချက်မရှိ ပါရမီမြင့်မားသူဖြစ်ကြောင်း ပြောဆိုသည်။
သူမထံတွင် ကြီးမားသော နားလည်သဘောပေါက်နိုင်မှုစွမ်းရည် ရှိနေကြောင်း....
သူမ၏ဆရာသခင်ဖြစ်သော သူသည် သူမ၏ရှေ့အလားအလာကို အလဟဿဖြစ်စေခဲ့ကြောင်း အစရှိသဖြင့်.....
ဤသည်မှာ ရီဖုန်းကို အလွန်စိတ်အနှောက်အယှက် ဖြစ်သွားစေသည်။
လီရမ်ဟိုထံ၌ ပါရမီအရည်အချင်းရှိခြင်းသည် သူနှင့် မည်သို့ပတ်သက်သနည်း။ မည်သည်ကြောင့် သူတို့သည် သူ့ရှေ့တွင် စိတ်အနှောက်အယှက်ဖြစ်စေသည်အထိ ကြွားဝါပြောဆိုနေကြသနည်း ....
ထို့ပြင် တစ်ရက်လုံးခရီးသွားလာပြီးနောက် သူ မောပန်းနွမ်းနယ်နေသဖြင့် သူတို့နှင့်ထပ်မံ၍ အာလာပသလ္လာပပြောလိုခြင်း အမှန်တကယ်ကို မရှိတော့ချေ။
နောက်ထပ်သမ်းဝေမှုတစ်ခုကို ထိန်းချုပ်လိုက်ပြီးနောက် ရီဖုန်းသည် ထပ်မံ၍တောင့်မခံနိုင်တော့ပေ။ နောက်ဆုံး၌ သူ တဲ့တိုးပြောဆိုလိုက်၏။
"အခု မှောင်စတောင်ပျိုးနေပြီ...ခုထိ မင်းတို့သုံးယောက်က ထွက်သွားဖို့ အစီအစဥ်မရှိသေးဘူးလား"
ရီဖုန်း၏ရှေ့၌ လီရမ်ဟိုကို စိတ်အားထက်သန်စွာ မြှောက်ပင့်ချီးမွမ်းနေသော ရှမိုကျူး၏မျက်နှာအမူအယာ ရုတ်တရက် တောင့်တင်းကာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။ သူသည် ထပ်မံ၍ပြောဆိုတော့မည့် စကားများကို အတင်းအကြပ် ပြန်မျိုသိပ်လိုက်တော့သည်။
သူသည် လီကျားရှင်းနှင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့နှစ်ယောက်လုံး၏မျက်လုံးများအတွင်း၌ စိတ်ပျက်ညှိုးငယ်မှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့က ရီဖုန်းသည် လီရမ်ဟိုကို အခွင့်အရေးကောင်းတစ်ခုပေးရန် မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် သူ့ထံ၌ ထိုကဲ့သို့ရည်ရွယ်ချက်မျိုး ရှိပုံမရချေ။ ထိုအစား သူသည် သူတို့ကို ထွက်သွားရန် အရိပ်အကဲပြနေလေ၏။
သူတို့သည် သူ ထွက်ခွာသွားရန် စကားရိပ်သန်းမှုကို မလေးမစား မလုပ်ဝံ့ချေ။ ထို့ကြောင့် သူတို့သည် ရိုသေလေးစားစွာနှုတ်ဆက်၍ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူတို့သည် ခွဲခွာသွားရန် မလိုလားသဖြင့် ရီဖုန်းထံတွင် ရစ်ဝဲကျန်ခဲ့သည့် သူတို့၏အကြည့်များက သူတို့ကို သစ္စာဖောက်နေသည့်အလားပင်။
"တကယ်လို့ စီနီယာကသာ ရမ်ဟိုအတွက် အခွင့်အရေးကောင်းတစ်ခု ပေးမယ်ဆိုရင်...ငါ အရမ်းပျော်မိမှာပဲ"
ရှမိုကျူးသည် တောင်အောက်သို့ ပြန်ဆင်းနေသောလမ်းတွင် ညင်သာစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"အမှန်ပဲ...စိတ်ပျက်ဖို့ ကောင်းလိုက်တာ"
လီကျားရှင်းသည်လည်း ညည်းညူလိုက်ကာ အနည်းငယ်စိတ်ပျက်သွားသကဲ့သို့ ခံစားနေရလေ၏။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုးကို ရှားရှားပါးပါး ဆုံတွေ့ရခြင်းဖြစ်ကာ သူတို့သည် ထိုလူနှင့်ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့သော်လည်း လီရမ်ဟိုအတွက် မည်သည့်အခွင့်အရေးမျှ မရရှိခဲ့ချေ။ ဤသည်မှာ အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပင်။
"ဒေါ်လေး....ဆရာသခင်...ဒီကိစ္စကို ထားလိုက်ပါတော့"
လီရမ်ဟိုသည် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ စိတ်ရှုပ်ထွေးနေသောလေသံဖြင့် ပြောဆိုသည်။
"အစတုန်းက ကျွန်မ စီနီယာကို မလေးစားတဲ့စကားမျိုးတွေ ထပ်ခါတလဲလဲ ပြောခဲ့မိတယ်...သူ ကျွန်မအပေါ် အငြိုးအတေးမထားတာကဘဲ ကောင်းချီးပေးမှုကြီးတစ်ခု ဖြစ်နေပါပြီ"
ထိုသို့ပြောဆိုပြီးနောက် လီရမ်ဟိုက ခေါင်းငုံလိုက်သည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
လီကျားရှင်းနှင့်ရှမိုကျူးတို့သည် ထပ်မံ၍ သက်ပြင်းရှိုက်လိုက်ကြကာ ထပ်မံ၍ပြောဆိုခြင်းမရှိတော့ချေ။ သူတို့၏မျက်နှာများပေါ်တွင် အကန့်အသတ်မရှိသော သုန်မှုန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
သို့သော် ထိုအချိန်မှာပင် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား လီရမ်ဟိုက သူမ၏ခေါင်းကိုမော့၍ ပြောဆိုလိုက်၏။
"မဟုတ်ဘူး....စီနီယာက ကျွန်မကို အခွင့်အရေးကောင်းတစ်ခု ပေးပြီးသွားပြီ"
"ဘာ...."
ထိုစကားကိုကြားချိန်တွင် စိတ်ဓာတ်ကျဆင်းနေသော မျက်နှာအမူအယာများရှိနေသည့် သူတို့နှစ်ယောက်သည် မျှော်လင့်စောင့်စားချက်များ လောင်ကျွမ်းနေသောအကြည့်ဖြင့် လီရမ်ဟိုကို ကြည့်လိုက်ကြသည်။
Chapter 129
"အဲ့ဒါက ဘာလဲ"
သူတို့နှစ်ယောက်သည် တပြိုင်နက်တည်း မေးမြန်းလိုက်ကြကာ သူတို့၏အသံများတွင် အလောသုံးဆယ်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒါက ပိုးမွှားတွေကို မောင်းထုတ်လို့ရတဲ့ ဆေးအိတ်တစ်အိတ်ပဲ"
လီရမ်ဟိုက တုံ့ပြန်ပြောဆိုသည်။
"မြန်မြန်လေး...အဲ့ဒီဟာကို ထုတ်ပေးစမ်း"
သူတို့နှစ်ယောက်သည် ပျာပျာသလဲ ပြောဆိုလိုက်ကြ၏။
သို့ရာတွင် လီရမ်ဟိုသည် တွေဝေတုံ့ဆိုင်းနေကာ အချိန်အတော်ကြာခန့် စဥ်းစားပြီးနောက် သူမက ပျက်ယွင်းနေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။
"အဲ့ဒီအချိန်တုန်းက သူ့ကို သေမျိုးတစ်ယောက်လို့ပဲ ကျွန်မက ထင်ခဲ့မိတယ်...ဒါကြောင့် ကျွန်မက အဲ့ဒီဆေးအိတ်ကို အလေးအနက်မထားခဲ့မိဘူး...အဲ့ဒါက တစ်နေရာရာမှာပျောက်သွားခဲ့တယ်...ဘယ်ချိန်ကတည်းက ပျောက်သွားခဲ့တာလဲဆိုတာတောင် ကျွန်မ မသိတော့ဘူး"
"မင်း ဘာပြောလိုက်တာလဲ"
လီကျားရှင်းနှင့်ရှမိုကျူးထို့သည် သွေးများ သူတို့၏ခေါင်းများထက်သို့ ဆောင့်တက်လာသကဲ့သို့ ခံစားမိသည်။ ထို့နောက် သူတို့၏အရှိန်အဝါများ အပြည့်အဝထွက်ပေါ်လာကာ သူတို့၏မျက်လုံးအကြည့်များက လီရမ်ဟိုထံတွင် စူးစိုက်၍ကျရောက်နေသည်။
တခြားသူများသည် သူတို့၏ဘဝတသက်တာလုံး ကုန်ဆုံးသွားသည့်တိုင် စိတ်ကူးယဥ်နိုင်မည်မဟုတ်သည့် သူတို့ တန်ကြေးကြီးကြီးပေးလျှင်ပင် မရရှိနိုင်သည့် အခွင့်အရေးကောင်းကြီးသည် လီရမ်ဟိုကြောင့် ဆုံးရှုံးသွားမည်ဟု သူတို့နှစ်ယောက်လုံး မျှော်လင့်မထားမိချေ။
"ငါ နင့်ကို မေးမယ်...အဲ့ဒီပစ္စည်းကို နင် ဘယ်နေရာမှာ ပျောက်သွားတာလဲ"
လီကျားရှင်းသည် အလွန်အမင်း ရေးကြီးသုတ်ပျာဖြစ်နေကာ တုန်ရီနေသောလေသံဖြင့် မေးမြန်းသည်။
"ကျွန်မ...ကျွန်မ မသိတော့ဘူး...ကျွန်မ တကယ့်ကို ဘာသဘောနဲ့မှ မဟုတ်ပါဘူး"
လီရမ်ဟိုက ခေါင်းငုံ၍ ပြောဆိုသည်။ ဤလူနှစ်ယောက်၏ဖိအားအရှိန်အဝါအောက်တွင် သူမသည် အလွန်ကြီးမားသော စိတ်ဖိစီးမှုကို ခံစားနေရလေ၏။ သူမအား အစဥ်အမြဲ ချစ်ခင်မြတ်နိုးခဲ့သော လီကျားရှင်းနှင့်ရှမိုကျူးတို့သည် ဤတစ်ကြိမ်တွင် အမှန်တကယ်ဒေါသထွက်နေကြောင်း သူမ သိရှိထားသည်။
"နင် မသိဘူး...နင် တကယ်ကို မသိတော့တာလား...ငါ...."
လီကျားရှင်းသည် လီရမ်ဟိုကို ရိုက်ရန်အတွက် သူမ၏လက်ဝါးကို မြှောက်လိုက်သော်လည်း အဆုံးသတ်၌ သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး သူမ၏မျက်နှာနီမြန်းနေကာ လီရမ်ဟိုကိုကြည့်ပြီး အော်ဟစ်လိုက်၏။
"လီရမ်ဟို...လီရမ်ဟို...မင်းက ငါ့ရဲ့လီမိသားစုဝင် ဖြစ်နေလို့သာပဲ...ဘယ်လိုလုပ်ပြီးတော့ အလုပ်လုပ်တဲ့အချိန်မှာ နားဝေတိမ်တောင် ဖြစ်နေရတာလဲ"
"နင် သိလား....နင့်ရဲ့ဆရာနဲ့ငါက အခွင့်အရေးကောင်းတစ်ခု ရဖို့အတွက် တန်ကြေးအနေနဲ့ လီမိသားစုရဲ့သိုလှောင်လက်စွပ်ကိုတောင် ပေးဆပ်ခဲ့ရတယ်...ဒါပေမယ့် နင်ကတော့ ရထားတဲ့အခွင့်အရေးကိုတောင် လွှင့်ပစ်လိုက်တယ်...နင်က တကယ့်ကို အဲ့ဒီလိုမျိုး လုပ်ခဲ့တာပဲ"
"ဒါက အမှန်ပဲ...ရမ်ဟို...ဒီတစ်ကြိမ်မှာ မင်းရဲ့ဆရာဖြစ်တဲ့ ငါက မင်းကို မဆင်မခြင်ပြောနေတာမဟုတ်ဘူး...မင်း ဘယ်လောက်ထိ ကြီးမားတဲ့အခွင့်အရေးကြီးကို လွှင့်ပစ်ခဲ့မိတယ်ဆိုတာ မင်း သိလား"
ရှမိုကျူးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုကာ ဆူပူကြိမ်းမောင်းလေသည်။
"အဲ့ဒီစီနီယာက အနည်းဆုံး သိုင်းသူတော်စင်နယ်ပယ်မှာ ရှိနေတယ်...အစောပိုင်းက ငါတို့ သူနဲ့ဆုံတွေ့ခဲ့ရတဲ့ အချိန်ခဏလေးအတွင်းမှာ သူတော်စင့်အဆင့် ရတနာနှစ်ခုကို မြင်တွေ့ခဲ့ရတယ်....ဒါကြောင့် သူ မင်းကိုပေးတဲ့ ဆေးအိတ်ကလည်း သူတော်စင်အဆင့်ရတနာ ဖြစ်နိုင်ချေများတယ်.....မင်းက အဲ့ဒီလိုပစ္စည်းတစ်ခုကို အလေးအနက်မထားဘဲနဲ့ လွှင့်ပစ်ခဲ့တယ်...တကယ်လို့ မင်းသာ ငါ့ရဲ့ တစ်ဦးတည်းသောတပည့်မဟုတ်ရင်...ငါ့ရဲ့ဆွေမျိုးတစ်ယောက်ဖြစ်နေရင်တောင် ငါ မင်းကို သတ်ပစ်မိမှာ"
"သူတော်စင် အဆင့်လား"
ရှမိုကျူး၏စကားလုံးများကြောင့် လီရမ်ဟို၏စိတ် ချက်ချင်းဆိုသလိုပင် ဗလာဟင်းလင်းဖြစ်သွားသည်။
သူမ၏အဒေါ်နှင့်ဆရာဖြစ်သူ မည်မျှထိဒေါသထွက်နေသည်ကို သူမ မြင်တွေ့ရသည့်တိုင် ထိုအရာသည် သူတော်စင်အဆင့်ရတနာဟု သူမ မမှန်းဆနိုင်သေးချေ။ မည်သို့ပင် ဆိုစေကာမူ သူတော်စင်အဆင့်ရတနာကို မဆိုထားနှင့် ထို့ထက်အဆင့်နိမ့်သော ရတနာတစ်ခုထွက်ပေါ်လာလျှင်ပင် ပြင်ပလောက၌ သွေးမုန်တိုင်းထန်ကာ အပြင်းအထန်လုယက်ကြပေမည်။
ဤှအချိန်အခိုက်အတန့်တွင် သူမ၏အူများ အစိမ်းရောင်သို့ ပြောင်းလဲသည်အထိ အလွန်နောင်တရနေကာ မျက်ရည်များက အထိန်းအကွပ်မဲ့စွာဖြင့် သူမ၏မျက်နှာပေါ်တွင် ကျဆင်းနေသည်။
"ဒေါ်လေး...ဆရာသခင်...ကျွန်မမှားသွားတယ်ဆိုတာ ကျွန်မ တကယ်ကိုသိပါပြီ...အဲ့ဒီဆေးအိတ်လေးက အရမ်းအရေးကြီးမယ်လို့ ကျွန်မ တကယ်ကိုထင်မထားမိဘူး...ဒါက သေမျိုးတစ်ယောက်သုံးတဲ့ သာမာန်ဆေးအိတ်လေးတစ်လုံးပဲသို့ ကျွန်မ ထင်ထားမိတာ"
လီရမ်ဟိုသည် ငိုယိုပြီးပြောဆိုကာ အလျှင်အမြန် ရှင်းပြလေ၏။
"ဟမ့် လီရမ်ဟို...နင် သိသင့်တာက....အခုဆုံးရှုံးသွားတဲ့ အခွင့်အရေးက....နင်တစ်ယောက်တည်းအတွက်တင်မကဘူး....လီမိသားစုနဲ့နတ်ဘုရားဓားဂိုဏ်းကိုပါ ထိခိုက်နစ်နာစေတယ်ဆိုတာပဲ"
လီကျားရှင်း၏မျက်နှာပေါ်တွင် တင်းမာခက်ထန်မှုများနှင့်ပြည့်နှက်နေကာ သူမက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"တကယ်လို့ ငါတို့မှာသာ ဒီအခွင့်အရေးကောင်းကြီးရှိနေရင်...နင်က လီမိသားစုနဲ့နတ်ဘုရားဓားဂိုဏ်းကို နောက်ထပ်မြင့်မားတဲ့အဆင့်တစ်ခုစီ ဦးဆောင်ပြီး ခေါ်သွားနိုင်လိမ့်မယ်...ဒါပေမယ့်...နင်...နင်က အဲ့ဒီဟာကို လွှင့်ပစ်လိုက်ပြီ"
"နင်...နင်...နင်...."
လီကျားရှင်းသည် အလွန်ဒေါသထွက်နေသောကြောင့် သူမ၏ရင်ဝမှ တင်းကြပ်ပိတ်ဆို့လာမှုကို ခံစားရကာ သူမ ချောင်းတစ်ချက်ဆိုးလိုက်ခြင်းနှင့်အတူ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီရမ်ဟို၏မျက်နှာ ပို၍ဖြူရော်သွားကာ သူမသည် ငိုယိုပြီး အလျင်စလို ပြောဆိုသည်။
"ဒေါ်လေး....အရမ်းဒေါသမထွက်ပါနဲ့...ကျွန်မ အဲ့ဒီ ဆေးအိတ်ကို သွားရှာမှာပါ....ကျွန်မ အဲ့ဒါကို သေချာပေါက် ပြန်ရှာလာခဲ့မယ်"
"နင် သွားရှာမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ...သူတော်စင်အဆင့်ရတနာတွေမှာ ပြီးပြည့်စုံခြင်းနဲ့ မူလပိုင်ရှင်လက်ဝယ်ပြန်ရောက်ခြင်းဆိုတဲ့ စွမ်းအားတွေပါဝင်တယ်...ဒီရတနာတွေမှာ အခြေခံအားဖြင့်တော့ ဘာစွမ်းအားလှုပ်ခတ်မှုမျိုးကိုမှ ထုတ်လွှတ်မထားဘူး...ဂရုတစိုက်စူးစမ်းလေ့လာပြီးမှသာ အဲ့ဒီရတနာတွေရဲ့ နက်နဲသိမ်မွေ့တဲ့အဓိပ္ပါယ်ကို ဖော်ထုတ်နိုင်လိမ့်မယ်...ဒီမူတောင်ပရဝုဏ်အတွင်းမှာ တောတောင်တွေ အများကြီးပဲ...နင် ဘယ်လိုလုပ်ပြီးတော့ ရှာနိုင်မှာလဲ"
လီကျားရှင်းက ဆူပူကြိမ်းမောင်းလေသည်။
"ကျွန်မ...."
လီရမ်ဟိုသည် ခေါင်းငုံထားကာ အဒေါ်ဖြစ်သူ၏စကားကြောင့် အသက်ရှုမွန်းကြပ်နေသည်။ ဤတစ်ကြိမ်တွင် သူမ မည်ကဲ့သို့ပြုလုပ်ရမည်ကို အမှန်တကယ်မသိတော့ချေ။
အကယ်၍ ဤဆေးအိတ်သည် အလွန်အရေးကြီးသည်ကို သူမ ကြိုသိခဲ့ပါက မည်သည်ကြောင့် သူမ ထိုအရာကို သူမ အလွန်ပေါ့ဆစွာထားမည်နည်း။ သူမသည် အဆင်အခြင်မဲ့ပြီး ထိုပစ္စည်း၏တန်ဖိုးကို မသိရှိသဖြင့် သူမကိုယ်သူမသာ အပြစ်တင်ရပေမည်။
"ထားလိုက်တော့...အခုချိန်မှာ ပျောက်သွားတဲ့ဆေးအိတ်ကိုရှာဖို့က ပိုပြီးအရေးကြီးတယ်"
ထိုအချိန်မှာပင် ရှမိုကျူးက မှုန်ကုပ်ကုပ်မျက်နှာအမူအယာနှင့် ပြောဆိုသည်။
"ငါ ပြန်သွားပြီးတော့ တောင်ပေါ်မှာ ဒီဆေးအိတ်ကိုရှာဖို့အတွက် ငါ့ရဲ့နတ်ဘုရားဓားဂိုဏ်းက တပည့်တွေအားလုံးကို စုစည်းလိုက်မယ်"
"ကောင်းတယ်"
လီကျားရှင်းသည် သူမ၏နုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်၏။ သူမသည် လီရမ်ဟိုကို ဆူပူကြိမ်းမောင်းရန်ထက် ဆေးအိတ်ကိုရှာဖွေရန်က ပို၍အရေးကြီးကြောင်း သိရှိထားသည်။ ထို့ကြောင့် သူမက အလျှင်အမြန် ပြောဆိုလိုက်သည်။
"ငါလည်း ပြန်သွားပြီးတော့....ဆေးအိတ်ကိုရှာတဲ့နေရာမှာ ကူညီပေးဖို့ လူတွေလွှတ်ပေးဖို့အတွက် လီမိသားစုကို အကြောင်းကြားမယ်"
"တုံ့ဆိုင်းနေဖို့ အချိန်မရှိဘူး...အခုချက်ချင်း ထွက်ခွာကြစို့...ငါတို့ အဲ့ဒီဆေးအိတ်ကို ရှာတွေ့နိုင်ပါစေလို့ ငါ ဆုတောင်းမိတယ်"
Chapter 130
ထိုကျင့်ကြံသူများကို နှင်ထုတ်ပြီးနောက် ရီဖုန်းသည် အရုဏ်တက်ချိန်အထိ အိပ်စက်ခဲ့သည်။
သူ့တပည့်၏အခြေအနေကို တွေးတောမိချိန်တွင် ရီဖုန်းသည် အချိန်ဆိုင်းမနေဝံ့ဘဲ တောတောင်များအကြား၌ တိမ်လမ်းကြောင်းပန်းပွင့်ကို ဆက်လက်၍ ရှာဖွေလိုက်၏။
မြွေနှင့်လင်းယုန်ဟင်းလျာကို တွဲဖက်၍စားသောက်ပြီးနောက် တောင်ပေါ်စမ်းရေအိုင်အတွင်းရှိ မိုးနှင့်နှင်းစက်များရောနှောနေသော ရေကိုသောက်လိုက်ရာ သူ ရေငတ်ပြေသွားသည်။
အမှုမဲ့အမှတ်မဲ့ဖြင့် နောက်တစ်ဖန်နေဝင်ချိန်သို့ ရောက်ရှိလာလေပြီ။
"အမ်..."
"တိမ်လမ်းကြောင်းပန်းပွင့်ပါလား"
နောက်ဆုံး၌ ရီဖုန်းသည် တောင်ပေါ်စမ်းချောင်းလေးအတွင်းတွင် တိမ်လမ်းကြောင်းပန်းပွင့်၏အရိပ်အယောင်ကို မြင်တွေ့မိတော့သည်။
တိမ်လမ်းကြောင်းပန်းပွင့်ကို ခူးဆွတ်ပြီးနောက် ရီဖုန်းက ဝမ်းသာပီတိဖြစ်စွာ ပြုံးလိုက်သည်။ ဤခရီးတွင် ပေါကြွယ်ဝစွာ ရိတ်သိမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပေ၏။ သူသည် ကျုံးချင်အတွက်လိုအပ်သော ဆေးပင်များအားလုံးကို စုဆောင်းနိုင်ခဲ့ရုံသာမက တောရိုင်းတိရစ္ဆာန်အသေကောင်များကိုလည်း ရရှိခဲ့သည်။
အမှန်အားဖြင့် သူ မမျှော်လင့်ထားသော အကျိုးအမြတ်မှာ သူ၏လက်၌ဝတ်ထားသောလက်စွပ်ပင်။
အတိတ်ဘဝတွင် သူသည် ဤလက်စွပ်အကြောင်းကို ရှန်းရှဝတ္ထုများအတွင်း၌ ဖတ်ရှုခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင် နောက်ဆုံး၌ သူကိုယ်တိုင်အသုံးပြုရန်အတွက် သိုလှောင်လက်စွပ်တစ်ကွင်းကို ရရှိခဲ့လေပြီ။
ပြောရမည်ဆိုလျှင်...
ဤပစ္စည်းသည် အမှန်တကယ်ကို သောက်ကျိုးနည်း စိတ်ကျေနပ်ဖွယ်ကောင်းပေ၏။
သို့ရာတွင် ယခုချိန်၌ မှောင်စပျိုးနေလေပြီ။ သူ၏တပည့်အတွက် သူ အလွန်စိုးရိမ်ပူပန်နေသော်လည်း အမှောင်ထုအတွင်းတွင် ယိုင်တိုင်တိုင်ဖြင့် သွားလာလှုပ်ရှားနေရန်မှာ မသင့်တော်လှချေ။ သူသည် တောရိုင်းတိရစ္ဆာန်များကို ရင်ဆိုင်နိုင်သော်လည်း ချောက်ကမ်းပါးစွန်းတစ်ခုမှပြုတ်ကျပြီး သူ မသေဆုံးလိုပေ။
"ကြည့်ရတာတော့ ငါ ခုည နေဖို့အတွက် နေရာတစ်နေရာကို ရှာရမယ့်ပုံပဲ"
ရီဖုန်းက ညင်သာစွာ သက်ပြင်းရှိုက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယမန်နေ့ညက သူ နေထိုင်ခဲ့သောနေရာကိုလည်း ယခုချိန်၌ သူ ရှာမတွေ့တော့ချေ။
...
စိမ်းလန်းသောတောင်များနှင့် ကြည်လင်သောရေအိုင်များအကြားတွင်....
ရေတံခွန်တစ်ခု စီးဆင်းနေသည်။
ပိုင်ဖျောင်ဖျောင်သည် သူမ၏ဖြူသွယ်သောလက်လေးအတွင်း၌ ခန်းဆောင်နီအိမ်မက်စာအုပ်ကို ကိုင်ထားကာ သူမက မျက်မှောင်ကြုတ်၍ သူမ၏နံဘေးရှိ မြောင်မြောင်ကိုကြည့်ကာ မေးမြန်းလိုက်၏။
"မြောင်မြောင်...ဒီလောက်ထိ ရက်တွေအများကြီး ကြာလာပြီ...ခုထိ ဘာသတင်းမှ မရသေးဘူးလား"
မြောင်မြောင်က တိုးညှင်းသောလေသံနှင့် ပြောဆိုသည်။
"သခင်မလေး....ငါက စုံစမ်းဖို့အတွက် တောင်အောက်ကို လူတွေအများကြီး လွှတ်ခဲ့ပြီးပြီ...ဒါပေမယ့် အဲ့ဒီစာရေးဆရာနဲ့ပတ်သတ်ပြီးတော့ ဘာသတင်းမှမရဘူး....သူနဲ့ဆိုင်တဲ့ သတင်းတွေကို တမင်သက်သက် ပိတ်ထားပုံရတယ်"
ပိုင်ဖျောင်ဖျောင်က မျက်မှောင်ကြုတ်ကာ နူးညံညင်သာစွာ ပြောဆိုလိုက်သည်။
"ဒါဆိုရင်လည်း ဆက်ပြီးစုံစမ်းထားပါ....ခုလတ်တလောရက်တွေမှာ ငါက ခန်းဆောင်နီအိမ်မက်နဲ့ အကြီးမြတ်ဆုံးရတနာစာအုပ်တွေကို ထပ်ဖတ်ပြီးပြီ....ငါက အဲ့ဒီစာအုပ်တွေနဲ့ပတ်သက်ပြီးတော့ နားလည်သဘောပေါက်မှုအသစ်တွေကို ရခဲ့တယ်....ငါက ဒီစာအုပ်တွေကိုရေးခဲ့တဲ့ လူကြီးမင်းနဲ့တွေ့ဖို့ အရမ်းစိတ်အားထက်သန်နေတယ်"
"ဟူး....သခင်မလေး...ငါက အဲ့ဒီစာရေးဆရာကို နင် ထပ်ပြီးသဘောမကျတော့ဘူးလို့ ထင်နေတာ"
မြောင်မြောင်က နုတ်ခမ်းစူ၍ ပြောဆိုသည်။
"မဟုတ်ရင် အဲ့ဒီသေမျိုးရဲ့ကဗျာကို သခင်မလေးက တစ်ချိန်လုံး စိုက်ကြည့်နေမှာမဟုတ်ဘူး"
ပိုင်ဖျောင်ဖျောင်က မြောင်မြောင်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"နင် နားမလည်ပါဘူး...ခန်းဆောင်နီအိမ်မက်ကိုရေးတဲ့ လူကြီးမင်းက ထက်မြက်ပြီးတော့ ရီဖုန်းရဲ့ကဗျာက ထူးခြားတဲ့ဆွဲဆောင်မှုမျိုးရှိတယ်...သူကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ...သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူစားမျိုးတွေမဟုတ်ဘူး"
"တကယ်တော့ ငါက ခန်းဆောင်နီအိမ်မက်ကိုရေးတဲ့ လူကြီးမင်းကို လေးစားကြည်ညိုမိတယ်...ရီဖုန်းကတော့...သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်လို့ ငါ ခံစားမိရုံပဲ"
"အင်း...ကောင်းပါပြီ"
မြောင်မြောင်သည် သူမ၏ခေါင်းငယ်လေးကိုကုတ်ကာ ဆက်လက်၍ပြောဆိုသည်။
"ဒါပေမယ့် ရီဖုန်းက အရင်တစ်ခေါက်လာပြီးတဲ့နောက်မှာ ထပ်ရောက်မလာတော့ဘူး...အရင်တစ်ခေါက်တုန်းက သူ ကင်ကျွေးတဲ့အသားကင်က အရမ်းအရသာရှိတာပဲ"
"တကယ်လို့ သူ လာချင်ရင်တောင်...အခုချိန်မှာ ဒီနေရာကို သူ ရှာမတွေ့မှာ ငါ စိုးရိမ်မိတယ်"
ပိုင်ဖျောင်ဖျောင်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"အမ် ဟုတ်သားပဲ....တကယ်လို့ သခင်မလေးသာမပြောရင် အဲ့ဒီကိစ္စကို ငါ မေ့သွားတော့မလို့ပဲ...တောတောင်တွေထဲက နတ်ဆိုးသားရဲတွေကြောင့် ကသောင်းကနင်းဖြစ်မှာကို ရှောင်ကြဥ်ဖို့အတွက် ငါတို့က ဝင်္ကပါကို အသက်သွင်းပြီးပြီ...အခုချိန်မှာ ဝင်္ကပါ အသက်ဝင်နေတာကြောင့် ရီဖုန်းလို သာမာန်သေမျိုးတစ်ယောက်ကို မပြောနဲ့....သိုင်းဧကရာဇ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်တောင် ဒီနေရာကို ရှာတွေ့နိုင်မှာမဟုတ်ဘူး"
မြောင်မြောင်က စိတ်မကောင်းဖြစ်နေသောလေသံနှင့် ပြောဆိုသည်။
"ကောင်းပြီလေ...အခုချိန်မှာ ဒါတွေပြောနေတာ တော်သင့်ပြီ"
ပိုင်ဖျောင်ဖျောင်သည် စာအုပ်နှစ်အုပ်ကို နံဘေးသို့ချကာ သူမ၏သွယ်လျလျလက်ချောင်းများကို ဇီသာပေါ်သို့ပြန်တင်ပြီး အနည်းငယ်အကြပ်ရိုက်နေပုံရသည်။
"ငါ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ဇီသာဆိုတာ နင် သိတဲ့အတိုင်းပဲ....ပြီးတော့ ငါက ခုလတ်တလောအချိန်မှာ အတားအဆီးတစ်ခုမှာ ပိတ်မိနေတယ်....ငါ အဆင့်ချိုးဖျက်နိုင်ဖို့အတွက် ဇီသာတေးသွားတစ်ခုကို အမြန်ဆုံးရေးဖွဲ့နိုင်ဖို့ လိုအပ်တယ်"
"အရင်တစ်ကြိမ် ရီဖုန်းရေးဖွဲ့ခဲ့တဲ့ကဗျာက ငါ့ကို ဥာဏ်ကွန့်မြူးစရာတွေ အများကြီးပေးခဲ့တယ်...ငါက သူ့ရဲ့ကဗျာကို စာသားအနေနဲ့သုံးပြီးတော့ ဇီသာတေးသွားတစ်ပုဒ်ကို ရေးစပ်ချင်ပေမယ့် တစ်ခုခုလစ်ဟာနေတယ်လို့ ငါ အမြဲတမ်းခံစားနေရတယ်"
"သခင်မလေး...ဒါတွေအားလုံးက ငါ့ရဲ့အသုံးမကျမှုကြောင့်ပါ....ငါက ဇီသာနဲ့ပတ်သတ်ပြီးတော့ ဘာမှမသိဘူး...ဒါကြောင့် ငါ နင်ကို ဘာမှကူညီမပေးနိုင်ဘူး"
မြောင်မြောင်က နုတ်ခမ်းစူ၍ ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။
"မိုက်မဲတဲ့ ကောင်မလေး...ငါ့အတွက် ဘာမှဝမ်းနည်းမနေနဲ့...အချိန်ကျလာရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်....ငါခိုင်းတဲ့ကိစ္စကိုသာ အာရုံစိုက်ပြီးတော့ ခန်းဆောင်နီအိမ်မက်ရေးတဲ့ လူကြီးမင်းအကြောင်းကို ဆက်ပြီးစုံစမ်းထားပါ"
ပိုင်ဖျောင်ဖျောင်သည် မတ်တတ်ထရပ်ကာ မြောင်မြောင်၏ခေါင်းကိုပွတ်သပ်၍ နူးညံညင်သာသောလေသံဖြင့် သူမကို ညွှန်ကြားလိုက်၏။
"ကောင်းပြီလေ....သခင်မလေး...အရမ်းကြီးလည်း စိတ်ညစ်မနေပါနဲ့....ငါ အရင်ဆုံး ထွက်သွားတော့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူမက ထွက်ခွာသွားရန်အတွက် နောက်သို့လှည့်လိုက်သည်။
သို့ရာတွင် သူမ နောက်သို့ပြန်လှည့်လိုက်သည့်အချိန်မှာပင် ခြံဝန်းတံခါးမှနေ၍ တံခါးခေါက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒေါက်...ဒေါက်..."
ထိုအသံသည် အလွန်ညင်သာပေ၏။
သို့ရာတွင် ပိုင်ဖျောင်ဖျောင်နှင့်မြောင်မြောင်တို့၏ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားကာ လျှို့ဝှက်နက်နဲသော ရန်သူတစ်ယောက်ကိုရင်ဆိုင်ရသည့်အလားပင်။
စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ မြောင်မြောင်က သူမ၏ဓားကို ဆွဲထုတ်လိုက်သည်။
သို့ရာတွင် ပိုင်ဖျောင်ဖျောင်သည် ဇီသာ၏နောက်၌ထိုင်နေကာ သူမ၏ဝတ်ရုံရှည်ကြီး လူးလွန့်နေသည်။ သူမ၏သေးသွယ်သော လက်ချောင်းလေးများဖြင့် ဇီသာကြိုးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူမ၏မျက်လုံးအကြည့်သည် သတိကြီးစွာထား၍ ခြံဝန်းတံခါးကို စောင့်ကြည့်နေပေ၏။
တောတောင်အတွင်းရှိ နတ်ဆိုးသားရဲများကြောင့် ကသောင်းကနင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမတို့သည် ဝင်္ကပါကိုအသက်သွင်းထားကြောင်း သူမတို့ သိရှိထားပြီးလေပြီ။ ဤဝင်္ကပါ၏လွှမ်းခြုံထားမှုအောက်တွင် သိုင်းဧကရာဇ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤနေရာကို ရှာတွေ့နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ယခုချိန်၌ ခြံဝန်းတံခါးမှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ ဂရုတစိုက် စဥ်းစားတွေးတောကြည့်ပါက အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
ဆိုလိုသည်မှာ ဤလူသည် ဖြတ်သွားဖြတ်လာ ထိပ်သီးကျင့်ကြံသူတစ်ယောက် သို့မဟုတ် ပြင်ဆင်ထားသော ရန်သူဖြစ်ပေမည်။
"ဒေါက်...ဒေါက်...."
တံခါးခေါက်သံက ထပ်မံ၍ ထွက်ပေါ်လာသည်။
ဤသည်မှာ မိန်းကလေးနှစ်ယောက်၏အာရုံကြောများကို နှိုးဆွလိုက်သည့်အလားပင်။
"သခင်မလေး...ငါတို့ ဘာလုပ်သင့်လဲ"
မြောင်မြောင်၏မျက်နှာပေါ်တွင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေကာ သူမက လေသံနှိမ့်၍မေးမြန်းသည်။
ပိုင်ဖျောင်ဖျောင်၏လှပသောမျက်လုံးလေးများ အရည်လဲ့သွားကာ အချိန်တခဏခန့် တွေဝေစဥ်းစားပြီးနောက် နူးညံညင်သာစွာ ပြောဆိုသည်။
"အဲ့ဒီလူက ဒီနေရာကို ရှာတွေ့သွားမှတော့..သူ့ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်....တံခါးတစ်ချပ်တည်းနဲ့ သူ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး....ငါတို့ ပုန်းရှောင်လို့မရမှတော့ တံခါးဖွင့်ပေးလိုက်ကြစို့"
သူမသည် ထိုသို့ပြောဆိုလိုက်သော်လည်း သူမ၏သေးသွယ်သောလက်ချောင်းလေးများဖြင့် ဇီသာကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။
မြောင်မြောင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူမ၏နုတ်ခမ်းကိုကိုက်ပြီး သူမက တံခါးထံသို့ ဂရုတစိုက်လျှောက်လှမ်းသွားကာ တံခါးမင်းတုံးကိုကိုင်ပြီး ရုတ်တရက် ဆွဲဖွင့်လေသည်။