အခန်း (၁၄၁-၁၄၅)
Vol. 10 Ch. 141-145
Chapter 141
"ကောင်းပြီလေ...ဒီနည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့...နတ်ဆိုးဘုရင်တွေအားလုံးကို အမိန့်ပေးပြီးတော့ နယ်မြေတစ်ခုစီအတွက် ငါတို့ရဲ့ပထမဆုံးတိုက်ပွဲစည်းကို ပြင်ဆင်ကြရမယ်"
နတ်ဆိုးဧကရာဇ်တစ်ယောက်က ပြောဆိုသည်။
"ငါတို့ကတော့ လူသားတွေရဲ့နည်းဗျူဟာကို စောင့်ကြည့်ရမယ်...စစ်သားတွေကိုမဖမ်းခင် ဘုရင်ကို အရင်ဖမ်းရမယ်...ငါတို့အတူပူးပေါင်းပြီးတော့ လူသားသိုင်းဧကရာဇ်တွေကို အရင်ဖမ်းဆီးပြီးမှ တခြားလူသားကျင့်ကြံသူတွေကိစ္စကို ဆက်ပြီးလှုပ်ရှားကြရအောင်...ငါတို့က ပိုက်ကွန်တစ်ခုတည်းနဲ့ သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ရမယ်"
တခြားနတ်ဆိုးဧကရာဇ်တစ်ကောင်က အကြံပေးလေ၏။
"အကြံကောင်းပဲ"
ထိုအသံကျရောက်သွားခြင်းနှင့်အတူ နတ်ဆိုးဧကရာဇ်များသည် အားကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြရာ စွမ်းအားလှုပ်ခတ်မှုများမှတဆင့် လေထုအတွင်း၌ လေပွေများထလာသည်။
ထို့နောက် သူတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အလွန်ကြီးမားသောအရှိန်အဟုန်ဖြင့် တောအုပ်ထံဦးတည်၍ ပျံသန်းသွားတော့သည်။
"မိတ်ဆွေတို့...ရှေ့မလှမ်းမကမ်းအကွာမှာ ငါ လူသားတွေရဲ့အငွေ့အသက်ကို အာရုံခံမိတယ်"
နတ်ဆိုးဧကရာဇ်တစ်ယောက်က ပြောဆိုသည်။
"မင်းပြောတာ အမှန်ပဲ...အစွမ်းထက်တဲ့အရှိန်အဝါနှစ်ခု ရှေ့မှာရှိနေတယ်...လူသားသိုင်းဧကရာဇ်တွေပဲဖြစ်မယ်...ငါတို့ရဲ့ခွန်အားကုန်သုံးပြီး အတူပူးပေါင်းတိုက်ခိုက်ကြရအောင်....ငါတို့ရဲ့ အစောဆုံးနိုင်ပွဲကိုရအောင် ကြိုးစားရမယ်"
"ကောင်းပြီလေ"
"ပြောတာကောင်းတယ်"
အသံများတစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ သူတို့ရှေ့ရှိ အရှိန်အဝါနှစ်ခုသည် သူတို့ထက်အနည်းငယ်ပို၍ အားနည်းသည်ကို အာရုံခံမိချိန်တွင် အနိုင်ရလဒ်သည် သေချာသည့်အလား သူတို့ထံတွင် ယုံကြည်မှုပိုရှိသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးဧကရာဇ်လေးကောင်သည် စွမ်းအားလှုပ်ခတ်မှုများရှိနေသောနေရာထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။
မိုးကောင်းကင်ယံအတွင်း၌ ဆံဖြူအမျိုးသားတစ်ယောက်သည် ဓားရှည်တစ်ချောင်းကိုစီးနင်း၍ အေးစက်စက်မျက်လုံးတစ်စုံဖြင့် အောက်ရှိတောအုပ်ကို စူးစမ်းလေ့လာနေသည်။
ရုတ်တရက် အစွမ်းထက်သောအရှိန်အဝါလေးခုက သူ့ထံတိုးဝင်လာသည်ကို သူ အာရုံခံမိလေ၏။
သူ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
သူ၏အကြည့်သည် ထွင်းဖောက်သွားလုမတတ် အလွန်ထက်ရှသည်။
ဤအကြည့်သည် တရကြမ်းတိုးဝင်လာသော နတ်ဆိုးဧကရာဇ်လေးကောင်ပေါ်သို့ အခိုင်အမာ ကျရောက်သွားသည်။
ထိုအကြည့်ကြောင့် နတ်ဆိုးဧကရာဇ်များ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားကာ သူတို့ထံတွင် ကြက်သီးဖြန်းဖြန်းထဖွယ် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်သွားတော့သည်။
"ငါတို့ အရမ်းအလျင်လိုသွားတယ်...သူက သိုင်းဘိုးဘေးတစ်ယောက်ပဲ...နောက်ဆုတ်ကြတော့"
သူတို့အကြားတွင် အာရုံခံနိုင်မှုအကောင်းဆုံးဖြစ်သော စီးဆင်းနေမင်းနတ်ဆိုးဧကရာဇ်က ဤသည်မှာ သိုင်းဘိုးဘေးတစ်ယောက်ဖြစ်နေသည်ကို သိရှိသွားသဖြင့် တခြားသူများကို သတိပေးလိုက်သည်။ လွန်ခဲ့သော အချိန်တခဏကပင် သူသည် အစောဆုံးနိုင်ပွဲကို ရယူမည်ဟု ယုံကြည်ချက်ရှိနေကာ စိတ်အားတက်ကြွနေခဲ့သည်။ ယခုချိန်၌ သူသည် နောက်ကြောင်းပြန်လှည့်ကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ချန်ကန်းနတ်ဆိုးဧကရာဇ်နှင့် မေ့ဖျောက်ခြင်းမြစ်နတ်ဆိုးဧကရာဇ်တို့၏ ခန္ဓာကိုယ်များတွင် အေးစက်စက်ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။ သူတို့သည်လည်း နောက်ကြောင်းပြန်လှည့်ကာ စီးဆင်းခြင်းနေမင်းနတ်ဆိုးဧကရာဇ်၏နောက်သို့ လိုက်သွားခဲ့လေ၏။
အရှိန်ကြောင့်နာမည်ကျော်ကြားသော မီးတောက်လုယက်ခြင်း နတ်ဆိုးဧကရာဇ်သည် ရှေ့သို့တဟုန်ထိုးသွားနေဆဲဖြစ်ကာ သူ၏မျက်လုံးအကြည့်သည် ဆံဖြူအမျိုးသားထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။ သူသည် စီးဆင်းခြင်းနေမင်းနတ်ဆိုးဧကရာဇ်၏ သတိပေးသံကို မကြားသည့်အပြင် သူ့ရှေ့ရှိလူသားသည် သိုင်းဘိုးဘေးတစ်ယောက်ဖြစ်သည်ကိုလည်း အာရုံမခံမိချေ။
"မိတ်ဆွေတို့...အဲ့ဒီလူသားကိုကြည့်ရတာ နည်းနည်းတော့ သန်မာအားကောင်းပုံပဲ...ဒါပေမယ့် ငါတို့လေးယောက် အတူပေါင်းပြီးတိုက်ခိုက်မယ်ဆိုရင် သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ်"
သူက တခြားသူများကို အော်ပြောလိုက်၏။
"ငါက လျှင်မြန်တယ်...ငါ သူ့ကို ထိပ်တိုက်တိုက်ခိုက်တဲ့အချိန်မှာ မင်းတို့သုံးယောက်က ဘေးကနေပြီးတော့ သူ့ကို အနှောက်အယှက်ပေးရမယ်"
"ဒီတိုက်ခိုက်မှုအတွက် အနိုင်ရလဒ်က ငါတို့အတွက်ပဲ"
"ငါ မီးတောက်လုယက်ခြင်းနတ်ဆိုးဧကရာဇ်က အရင်ဆုံးသွားမယ်"
သူ၏အပေါင်းအဖော်များကို အော်ဟစ်ပြောဆိုပြီးနောက် မီးတောက်လုယက်ခြင်းနတ်ဆိုးဧကရာဇ်သည် သူ၏မျက်လုံးအကြည့်ကို ဆံဖြူအမျိုးသားထံ၌ ချိပ်ပိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားသွားကာ လင်းယုန်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားဖြင့် ဆံဖြူအမျိုးသားထံသို့ တိုးဝင်လိုက်၏။
နောက်ဆုံး၌ ဆံဖြူအမျိုးသား၏အေးစက်စက်မျက်လုံးများ ရွေ့လျားလာသည်။
သူသည် ဓားရှည်ကိုဆွဲထုတ်ကာ ကွေ့ဝိုက်နေခြင်းမရှိဘဲ ရိုးရှင်းစွာ ခုတ်ပိုင်းလိုက်သည်။
"ဘာလဲဟ...."
လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိချိန်တွင် မီးတောက်လုယက်ခြင်းနတ်ဆိုးဧကရာဇ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မိတ်ဆွေတို့...အဲ့ဒီလူသားက ငါ တွေးထင်ထားတာထက်ပိုပြီးတော့ သန်မာအားကောင်းနေတယ်....မြန်မြန်လေး...ဒီဓားချက်ကို ဟန့်တားဖို့အတွက် ငါ့ကိုကူညီပေးကြအုံး"
သူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
သို့ရာတွင် သူ၏အသံကို တုံ့ပြန်လာသည်မှာ တိတ်ဆိတ်ငြိမ်သက်မှုပင်။
သူသည် ခေါင်းယမ်း၍ ကပျာကယာနောက်သို့လှည့်ကြည့်လိုက်ရာ စီးဆင်းခြင်းနေမင်းနတ်ဆိုးဧကရာဇ်နှင့်တခြားသူများ မရှိတော့သည်ကို သူ မြင်တွေ့လိုက်ရသည်။ သူ ထိတ်လန့်ကြောက်ရွံသွားသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဓားချက် ကျရောက်လာလေပြီ။
မီးတောက်လုယက်ခြင်း နတ်ဆိုးဧကရာဇ်....
ဝှစ်.....
ဘုန်း....
ထိုအချိန်တွင် ထွက်ပြေးသွားခဲ့သော စီးဆင်းခြင်းနေမင်းနတ်ဆိုးဧကရာဇ်နှင့် တခြားသူများသည် မိုင်ထောင်ပေါင်းများစွာဝေးကွာသောနေရာသို့ ပျံသန်းသွားပြီးဖြစ်သည့်တိုင် သူတို့သည် ထိတ်လန့်ကြောက်ရွံနေကြဆဲဖြစ်ပြီး ပြင်းထန်စွာဟောဟဲထိုးနေကြ၏။
လူသားများဘက်မှနေ၍ သိုင်းဘိုးဘေးကျင့်ကြံသူတစ်ယောက်ကိုပင် စေလွှတ်လိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူတို့သည် ရန်သူ၏ဆံချည်တစ်မျှင်ကိုပင် မထိရသေးဘဲ နတ်ဆိုးဧကရာဇ်တစ်ကောင်ကို ဆုံးရှုံးလိုက်ရမည်ဟုလည်း သူတို့ တွေးထင်မထားခဲ့ချေ။
"ငါတို့ အခုဘာလုပ်ကြမလဲ"
"တစ်ခုခု စဥ်းစားကြပါအုံး"
"အမှန်ပဲ...သိုင်းဘိုးဘေးတစ်ယောက် ထွက်ပေါ်လာတာက ငါတို့ ကိုင်တွယ်နိုင်တာထက် ကျော်လွန်နေပြီ"
ကြွင်းကျန်သော နတ်ဆိုးဧကရာဇ်သုံးကောင်သည် စိုးရိမ်ပူပန်စွာဖြင့် တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းများကို တိုင်ပင်ဆွေးနွေးလိုက်ကြသည်။ သို့ရာတွင် အစောပိုင်းက သူတို့၏လေလုံးထွားနေမှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
"မိတ်ဆွေတို့....တခြားနည်းလမ်းမရှိတော့ဘူး...ဒါက ငါတို့ကိုင်တွယ်နိုင်တာထက် အများကြီးပိုပြီးတော့ ရှုပ်ထွေးပွေလီနေပြီ"
စီးဆင်းခြင်းနေမင်းနတ်ဆိုးဧကရာဇ်က အလေးအနက်ထား၍ ပြောဆိုသည်။
"ပထမဆုံး ပိုကူ....အခု မီးတောင်လုယက်ခြင်း...ဒီသွေးကြွေးကို ပြေငြိမ်းလို့မရနိုင်ဘူး....မျိုးနွယ်နှစ်ခုကြားကတိုက်ပွဲကို ငါတို့ ရှောင်လွှဲလို့ မရတော့ဘူး....ငါတို့ တောင်ပေါ်ကိုသွားပြီးတော့ သူ့ကို အကြောင်းကြားရမယ်"
"စုန့်ခယ်နတ်ဆိုးဘိုးဘေးလား"
ထိုနာမည်ကိုကြားချိန်တွင် နတ်ဆိုးဧကရာဇ်များ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
သူသည် နန်ရှားနယ်မြေ နတ်ဆိုးသားရဲများအားလုံး၏ အုပ်ချုပ်သူအရှင်ပင်။ သူ့အတွက်မူ သူတို့သည် အရေးမပါလှသော နတ်ဆိုးဧကရာဇ်များသာဖြစ်သည်။
သို့ရာတွင် ကိစ္စများသည် ဤအဆင့်ထိ ရောက်ရှိလာလေပြီ။ ဤတုန်လှုပ်ချောက်ချားဖွယ် တည်ရှိမှုကြီးနှင့် မျက်နှာချင်းဆိုင်ရမည်ဆိုလျှင်ပင် သူတို့ထံ၌ တခြားရွေးချယ်စရာမရှိတော့ပေ။
Chapter 142
လတ်တလောနေ့ရက်များအတွင်းတွင် မိုးဖွဲလေးများ အဆက်မပြတ်ရွာသွန်းနေရာမှ ယနေ့တွင်မူ နောက်ဆုံး၌ ရာသီဥတုကြည်လင်သွားလေပြီ။ ပူနွေးသောနေရောင်ခြည် ဖြာကျလာသဖြင့် အပူချိန်အနည်းငယ်မြင့်တက်သွားသည်။
ပင်ကျင်းမြို့အတွင်းရှိ လူအမြောက်အများသည် ပူနွေးသောနေရောင်ခြည်အောက်တွင် နေပူဆာလှုံနေကြ၏။
သိုင်းပညာခန်းမ၏ဝင်ပေါက်ရှေ့တွင် တီးမှုတ်ကခုန်မှုများနှင့် ပတ်ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။
ဇီသာ ကြိုးနှစ်ချောင်းတပ်တယော* မောင်းသံများနှင့်ဗုံသံများစသဖြင့် ဂီတတူရိယာမျိုးစုံ၏အသံများကို ကြားရနိုင်သည်။ သံစဥ်တစ်မျိုးပြီးတစ်မျိုးဖြင့် ကွဲပြားခြားနားသော တေးသွားများကို သီဆိုတီးမှုတ်နေကြကာ တချို့သည် ဝမ်းသာရွှင်မြူးဖွယ် တချို့သည် ချစ်စိတ်ပြင်းပြဖွယ် တချို့သည် ခံစားချက်များပေါက်ဖွားဖွယ်ရာပင်။
ထိုတေးသီချင်းများနှင့် အတူယှဥ်တွဲ၍ လှေကားထစ်များ၏အောက်တွင် စွဲမက်ဖွယ်ဝတ်စုံများကို ဝတ်ဆင်ထားသော မိန်းကလေးဆယ်ယောက်ကျော်သည် သူမတို့၏သေးသွယ်သောခါးများကို လှုပ်ယမ်း၍ ကွဲပြားခြားနားသောတေးသွားစည်းချက်နှင့်အညီ ကပြကာ လှပစွာလူးလွန့်နေကြသည်။
သိုင်းပညာခန်းမ၏အဝင်ဝတွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏ခြေထောက်များကိုချိတ်ကာ နောက်မှီကုလားထိုင်ပေါ်၌ အေးအေးလူလူ လဲလျောင်းနေသည်။
တေးဂီတသံနှင့်အတူ သူ၏အင်္ကျီလက်များကို သူ၏ခေါင်းထက်၌ စည်းချက်နှင့်အညီ ဝှေ့ယမ်းနေကာ သူ၏ခြေထောက်အနီး၌ ခွေးတစ်ကောင်ရှိနေသည်။ ထိုခွေးသည် သူ၏မျက်လုံးကိုမှေးစင်းကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ပေါင်ကို ဆုပ်နယ်ပေးနေပြီး မျက်နှာလိုမျက်နှာရလုပ်သောအမူအယာဖြင့် သူ၏အမြှီးကို ဝှေ့ယမ်းနေလေ၏။
"အရမ်းအံ့အားသင့်ဖို့ကောင်းတာပဲ"
စိတ်ကျေနပ်နေသောအသံတစ်သံက အနက်ရောင်ဝတ်ရုံ၏အောက်မှ ထွက်ပေါ်လာသည်။ သူသည် နံဘေးရှိအင်တုံတစ်ခုအတွင်းမှ ရွှေပြားလက်တစ်ဆုပ်ကိုဆုပ်ယူကာ ပစ်ပေးလိုက်သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကချေသည်မိန်းကလေးများသည် ပို၍ပြင်းပြင်းထန်ထန် လှုပ်ယမ်းကာ အတင့်ရဲသောမိန်းကလေးတချို့သည် သူမတို့၏ခန္ဓာကိုယ်များကိုတွန့်လိမ်၍ အနက်ရောင်ဝတ်ရုံဝတ်လူထံသို့ လျှောက်လှမ်းသွားလေသည်။ သူမတို့၏နူးညံသောခန္ဓာကိုယ်များဖြင့် မတော်တဆ အနက်ရောင်ဝတ်ရုံဝတ်လူအားပွတ်သပ်ကာ သူ၏ရင်ခွင်အတွင်းသို့ ကျလုမတတ်ပင်။
သူမတို့သည် ဤအနက်ရောင်ဝတ်ရုံ၏အောက်ရှိ ခန္ဓာကိုယ်ကိုထိတွေ့မိချိန်တွင် မည်သည်ကြောင့် အနည်းငယ်တဖျဥ်းဖျဥ်းခံစားနေသည်ကို မသိရှိသော်လည်း သူ့ဘေးရှိ ရွှေပြားများထည့်ထားသော အင်တုံကြီးကြောင့် ထိုကိစ္စကို အရေးမစိုက်တော့ချေ။
"ဟီး ဟီး ဟီး..."
"အရမ်းကောင်းတာပဲ....အရမ်းကို ကြည့်လို့ကောင်းတယ်"
အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ ရယ်မောသံများ ထွက်ပေါ်လာသည်။
သူ၏လက်ကို နောက်တဖန်ဆန့်တန်းကာ အလွန်ရက်ရောစွာဖြင့် နောက်ထပ်ရွှေပြားလက်တစ်ဆုပ်ကိုယူ၍ ပစ်ပေးလိုက်၏။
ထိုအချိန်မှာပင် သူ၏လှုပ်ရှားမှုများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်တရက်တောင့်တင်းသွားသည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားလာကာ ခုန်ထပြီး သူ့ရှေ့ရှိမိန်းကလေးနှစ်ယောက်ကို တွန်းဖယ်လိုက်သည်။ သူသည် နောက်မှီကုလားထိုင်ပေါ်မှ ကျွမ်းထိုးမှောက်ခုံကျကာ တွားသွားပြီး အဝေးသို့ ထွက်ပြေးခဲ့တော့သည်။
သူ၏ခြေထောက်အနီးရှိ ခွေးသည်လည်း ခေါင်းမော့၍ ပတ်ဝန်းကျင်ကိုကြည့်ကာ အခြေအနေကို မြင်တွေ့သည်နှင့် သူ၏ခြေလက်လေးချောင်းဖြင့် သုတ်ခြေတင်ထွက်ပြေးလိုက်သဖြင့် သူ၏အမွှေးများ အဆုံးထိထောင်မတ်နေသည်။
ခွေးသည် လျှင်မြန်စွာ ပြေးသွားနိုင်သော်လည်း အနက်ရောင်ဝတ်ရုံဝတ်လူသည် ခြေလှမ်းနှစ်လှမ်းသာ လှမ်းပြီးချိန်တွင် လက်တစ်ဖက်က သူ့အား ဖမ်းဆုပ်ထားလေ၏။
"အာ့ဘား....အာ့ဘား..."
သူက အလျှင်အမြန် အော်ဟစ်လိုက်သည်။
"ငါက မင်းရဲ့ ဘိုးဘေးခုနစ်ဆက်အထိ 'အာ့ဘား'ဖြစ်အောင် လုပ်ပေးမယ်"
အော်ငေါက်သံတစ်သံနှင့်အတူ လက်သီးတစ်ချက်က အနက်ရောင်ဝတ်ရုံဝတ်လူ၏ခေါင်းထံသို့ တိုးဝင်လာသည်။
"အာ့ဘား....အာ့ဘား....အာ့ဘား...."
ဤလက်သီးချက်သည် အနက်ရောင်ဝတ်ရုံဝတ်လူကို မူးဝေသွားစေကာ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး သူ မြေပြင်ပေါ်၌ တုန်ရီနေတော့သည်။
"မင်းက ဆက်ပြီး'အာ့ဘား'နေတုန်းလား...မင်း ဆက်ပြီး 'အာ့ဘား'နေတုန်းလား"
ဤသည်မှာ တောင်ပေါ်မှဆင်းလာပြီး အပြေးပြန်လာသော ရီဖုန်းပင်။ သူ တံခါးဝသို့ရောက်ရှိစဥ်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ဒေါသထွက်ဖွယ်အကောင်းဆုံးကိစ္စမှာ အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏ရွှေပြားများကို အလွန်အကျွံဖြုန်းတီးနေခြင်းပင်။ သူသည် ရွှေပြားများကို လေထုအတွင်းသို့ ပစ်ပေးနေသည်မှာ ရီဖုန်းတွင် အစဥ်အမြဲရှိခဲ့သည့်ပမာဏထက်ပင် များပြားနေသည်။ ဤသည်က ရီဖုန်း၏ဒေါသကို ပေါက်ကွဲသည့်အဆင့်ထိ ရောက်ရှိသွားစေသည်။
သူသည် ပထမဆုံး အရိုးစု၏ဦးခေါင်းခွံကို လက်သီးဖြင့် ထိုးနှက်လိုက်၏။ ထို့နောက် သူသည် အနက်ရောင်ဝတ်ရုံကိုဖမ်းဆုပ်ကာ ဘောလုံးတစ်လုံးကဲ့သို့လုံးချေပြီး ထောင့်တစ်နေရာသို့ဆွဲယူ၍ ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
"ငါ မင်းကို 'အာ့ဘား'ဖြစ်အောင်လုပ်မယ်...ဒီလောက် မောက်မာရမ်းကားတဲ့ကောင် ငရဲကိုသွားစမ်း"
"ဒီရက်အနည်းငယ်အတွင်းမှာ ငါ အဝေးကိုထွက်သွားတာနဲ့...မင်းက ဒီလောက်ထိ ရိုင်းပျဝံ့တယ်ပေါ့လေ...ဟမ့်..."
"မင်းက ငါ့ရဲ့ရွှေပြားတွေကို ဖြုန်းတီးနေခဲ့တယ်...တကယ်လို့ ဒီနေ့ ငါ မင်းကို သေတဲ့အထိ မရိုက်နှက်နိုင်ရင်....ငါ ဘယ်လောက်ထိ ဒေါသထွက်တယ်ဆိုတာကို မင်း သိမှာမဟုတ်ဘူး"
ရီဖုန်းသည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ အရိုးစု၏ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် ဆောင့်နင်းနေလေ၏။
တံခါးဟရာကြားမှနေ၍ ခွေးလေးအောင်းချင်သည် ရင်တထိတ်ထိတ်နှင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကာ ခြေဆောင့်နင်းချက်တစ်ချက်စီတိုင်း သူ၏မျက်ခွံများကို တဆတ်ဆတ်တုန်ရီသွားစေသည်။
"အကိုကြီး...ဒါက တကယ့်ကိုပဲ ငါ သစ္စာမရှိတာ မဟုတ်ပါဘူး"
"သခင်ရဲ့အရိုက်အနှက်ကို ခံနိုင်တဲ့လူက...ဖြစ်နိုင်တာတော့ ဒီလောကကြီးတခွင်လုံးမှာ မင်းတစ်ယောက်တည်းပဲ ရှိနိုင်တယ်...."
ရီဖုန်းသည် အရိုးစုကို ပြင်းပြင်းထန်ထန်ရိုက်နှက်နေစဥ်တွင် ကချေသည်မိန်းကလေးများသည်လည်း အခြေအနေဆိုးရွားနေခြင်းကို မြင်တွေ့မိသည်။ သူမတို့သည် သွက်လက်ကျွမ်းကျင်စွာဖြင့် မြေပြင်ပေါ်ရှိ ရွှေပြားများကို ကောက်ယူလိုက်သည့်အပြင် မျက်နှာပြောင်တိုက်၍ အင်တုံအတွင်းမှ ရွှေပြားလက်တစ်ဆုပ်ကို ထပ်မံ၍နှိုက်ယူကာ အဝေးသို့အလျှင်အမြန်ထွက်ပြေးသွားကြသဖြင့် အရိပ်အယောင်ပင် မကျန်ရှိတော့ချေ။
"သောက်ချေးပဲ...ငါ့ရဲ့ရွှေပြားတွေ..."
အင်တုံအတွင်းမှရွှေပြားများသည် အခြေခန့်သာကျန်ရှိတော့သည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် ငိုကြွေးမိလုမတတ်ပင်။
ယခုချိန်တွင် သူ့ထံ၌ ငွေကြေးရှိသည်မှာ အမှန်ဖြစ်သော်လည်း ဆင်းရဲ့ချို့တဲ့စွာ သူ နေခဲ့ရသောနေ့ရက်များကို မေ့လျော့သွားပြီဟု ဆိုလိုခြင်းမဟုတ်ချေ။ သူ၏စာအုပ်များ မရောင်းချရသေးမီအချိန်နှင့် သိုင်းပညာခန်းမသို့ မည်သူမျှ ရောက်မလာခဲ့သော နှစ်တစ်နှစ်၌ သူသည် ဆောင်းတွင်းတစ်တွင်းလုံး မုန်လာရွက်နှင့်ထမင်းအရောအနှောကိုသာ စားခဲ့ရကြောင်း အမှတ်ရနေဆဲပင်။ ဤသည်ကြောင့် သူ လနှင့်ချီ၍ ဝမ်းချုပ်ခဲ့ပြီး လိပ်ခေါင်းရောဂါရလုမတတ် ဖြစ်စေခဲ့သည်။
ထိုအကြောင်းကို တွေးတောရင်း ရီဖုန်း၏ဒေါသများ တဖန်ပြန်၍မြင့်တက်လာကာ အရိုးစုကို ဆက်လက်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
"ဒါဆိုရင် မင်းက အဲ့ဒီရီဖုန်းဆိုတဲ့ကောင်လား"
ထိုအချိန်မှာပင် မောက်မာဝံ့ကြွားသောအသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။
ထိုစကားကိုကြားချိန်တွင် အရိုးစုပေါ်သို့ ခြေတစ်ဖက်ဖြင့်ဆောင့်နင်းနေသော ရီဖုန်းက လှည့်ကြည့်လိုက်သည်။ သူ၏နောက်တွင် လုချင်ရှန်းနှင့် ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိလေ၏။
အစောပိုင်းက စကားပြောဆိုလိုက်သောလူသည် သူနှင့်သိကျွမ်းခြင်းမရှိသော လူလတ်ပိုင်းကြီးပင်။
*hrgu...ကြိုးနှစ်ချောင်းတပ်ပြီး ဘို့တံပါသော တရုတ်ရှေးဟောင်းဂီတတူရိယာ...တယောနှင့်ဆင်တူသည်။
Chapter 143
လုရှင်ရှန်းသည် ရီဖုန်း၏ရှေ့အရောက်တွင် သူ၏ခေါင်းကိုငုံထားကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။
"မင်းက ဘယ်သူလဲ"
ထိုလူ၏ဆိုးရွားသောလေသံကြောင့် ရီဖုန်းသည် မျက်မှောင်ကြုတ်ကာ တိုက်ရိုက်မေးမြန်းလိုက်၏။
"ငါက ဘယ်သူလဲတဲ့လား"
လုသရှန်းသည် ခြောက်ကပ်ကပ်ရယ်မောကာ သူ၏ဝတ်စုံရင်ဘတ်ပေါ်ရှိ ဆေးပင်သင်္ကေတကိုလှစ်ဟပြပြီး မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
"မင်း ဒီသင်္ကေတကို မြင်တာနဲ့ နားလည်သဘောပေါက်သင့်တယ်...ငါ့ရဲ့နာမည်က လုသရှန်း..."
ထိုသို့ပြောဆိုပြီးနောက် လုသရှန်းက ခေါင်းမော့ရင်ကော့ကာ ရီဖုန်းကို ကြည့်လိုက်သည်။
ရီဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
လုသရှန်း၏ဝတ်စုံရင်ဘတ်ပေါ်ရှိ အသက်မဝင်လှသော အဖြူရောင်ပန်းပွင့်ပုံကိုကြည့်ပြီး ရီဖုန်း၏နုတ်ခမ်း မဲ့ရွဲ့သွားသည်။
လုသရှန်း....
သူ ဤနာမည်ကို တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် ထိုလူသည် မောက်မာဝံ့ကြွားစွာ ပြုမူနေသည်။ ရီဖုန်းက ထိုလူသည် လုချင်ရှန်းနှင့်အတူ လိုက်ပါလာခြင်းဟုတ်မဟုတ်ကို စူးစမ်းလိုခြင်းမရှိချေ။ ထို့ကြောင့် သူ၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ငါ့ရဲ့မိတ်ဆွေကြီးချင်ရှန်း အထဲကိုဝင်လာပြီးတော့ ထိုင်ပါအုံး...မင်းကတော့...ငါ မင်းကို မသိဘူး...ဒါကြောင့်မလို့ မင်း ထွက်သွားတော့"
ရီဖုန်း၏စကားများသည် ချက်ချင်းဆိုသလိုပင် လုသရှန်းကို ဒေါသထွက်သွားစေသည်။
သူ၏ဝတ်စုံရင်ဘတ်ပေါ်ရှိ သင်္ကေတသည် သူ၏ဆေးပညာရှင်ဟူသော အဆင့်အတန်းကို ညွှန်ပြနေခြင်းပင်။ ထို့ပြင် နန်ရှားနယ်မြေ၌နံပါတ်တစ်ဆေးပညာရှင်ဟူသော သူ၏နာမည်ဂုဏ်သတင်း ရှိနေလေရာ ထိုလူသည် သူ့အား အမှန်တကယ်ကိုပင် မသိရှိသလော။
"ကောင်စုတ်လေး..."
လုသရှန်း၏မျက်နှာအမူအယာ အေးစက်တင်းမာသွားကာ သူက အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ငါ မင်းနဲ့ ငြင်းခုံနေဖို့ အချိန်မရှိဘူး...ငါ မင်းကို မေးမယ်...မင်းဆီမှာ မီးပုလဲရှိနေလား"
"ဘာမီးပုလဲလဲ...ငါ အဲ့ဒီပစ္စည်းနဲ့ပတ်သတ်ပြီးတော့ ဘာမှမသိဘူး"
ရီဖုန်းက စိတ်မရှည်စွာ တုံ့ပြန်ပြောဆိုသည်။
"မင်းက ငါကို ဘူးခံငြင်းပြီးတော့ ကစားဖို့ ကြိုးစားနေတာလား....ဒီလိုဆိုမှတော့ ငါ့ရဲ့အညှာအတာကင်းမဲ့မှုအတွက် ငါ့ကိုအပြစ်မတင်နဲ့"
လုသရှန်း၏မျက်နှာအမူအယာ ရေခဲတမျှ အေးစက်တင်းမာသွားကာ သူက ခြေလှမ်းကျဲကြီးများဖြင့် ရီဖုန်းထံသို့ လျှောက်လှမ်းသွားလေသည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
"ငါက ဘာလုပ်ဖို့ ကြိုးစားရမှာလဲ...တကယ်လို့ မင်းက မီးပုလဲကို ထုတ်မပေးဘူးဆိုရင်...ငါ မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီးတာ့ ဒီသိုင်းပညာခန်းမကို ခြေမွှဖျက်ဆီးပစ်မယ်"
ထိုသို့ပြောဆိုပြီးနောက် လုသရှန်းသည် ဒေါသတကြီးဖြင့် ရီဖုန်းထံဦးတည်၍ တရကြမ်းပြေးဝင်လိုက်သည်။ သူ၏လက်ဝါးကိုလှုပ်ခတ်ကာ ထက်ရှသောလက်သည်းတစ်ခုအသွင်ပြောင်းလဲပြီး ရီဖုန်း၏လည်ပင်းကိုဦးတည်ကာ ဖမ်းဆုပ်လေသည်။
သူ၏တိုက်ခိုက်မှုသည် ရီဖုန်း၏လည်ပင်းပေါ်သို့ ကျရောက်လုဆဲဆဲအချိန်တွင်.....
သူ၏မျက်လုံးထောင့်မှနေ၍ ရင်းနှီးကျွမ်းဝင်သောအရာတစ်ခုကို သူ မြင်တွေ့မိသည်။
'ဒီအနက်ရောင်ဝတ်ရုံက.....'
'အား.....'
သူ ရုတ်တရက် သိရှိသွားသည်မှာ...ဤအနက်ရောင်ဝတ်ရုံသည် သူ၏အပိုင် မဟုတ်လော.....
ဤအနက်ရောင်ဝတ်ရုံသည် ဤနေရာ၌ရှိနေပါက ရီဖုန်း၏ခြေထောက်အောက်၌.....
သူ၏မျက်လုံးအကြည့်ကို အလျှင်အမြန် အောက်သို့ငုံကြည့်လိုက်ရာ အကယ်၍ ပြာဖြစ်သွားလျှင်ပင် သူ မှတ်မိနေမည့် ရင်းနှီးကျွမ်းဝင်သောပုံရိပ်တစ်ခုက အတိအကျရှိနေသည်။
"အိုး ဘုရားရေ..."
လုသရှန်းသည် အံ့အားသင့်တုန်လှုပ်စွာ စူးစိုက်ကြည့်နေမိပြီး မိန်းမောတွေဝေစွာ မသဲမကွဲရေရွတ်လိုက်မိသည်။
ထိတ်လန့်ကြောက်ရွံဖွယ်ခံစားချက်သည် သူ၏ခေါင်းအတွင်းသို့ ချက်ချင်းတိုးဝင်လာကာ သူ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်များ ပျော့ခွေသွားကာ ရှေ့သို့တိုးသွားနေသော သူ၏အရှိန်အဟုန်ကြောင့် ကြမ်းပြင်ပေါ်၌ စွက်ကြောင်းရာကြီးနှစ်ခုနှစ်ခု ကျန်သည်အထိ သူ လျောပါသွားပြီး ရီဖုန်း၏ခြေထောက်နံဘေးတွင် ရပ်တန့်သွားသည်။
"ငါ...ငါ..ငါ...."
ဤအချိန်အခိုက်အတန့်တွင် လုသရှန်း၏သွားများ တဂတ်ဂတ်ရိုက်နေကာ အေးစက်စက်ချွေးများက သူ၏နဖူးပြင်မှ ယိုစီးကျလာသည်။ သူသည် မဝံ့မရဲဖြင့် ရီဖုန်းကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။
"စီနီယာ...မင်း....မင်း နားလည်မှုလွဲနေပြီ...ငါ ခုဏက ရယ်စရာ လုပ်ပြတာပါ...ငါ...ငါ...ငါ ဒီနေရာကိုလာခဲ့တာ မင်းကို တစ်ခုခုလာပေးဖို့အတွက်ပါပဲ"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် တုန်တုန်ရီရီဖြင့် သူ၏သိုလှောင်လက်စွပ်ကိုချွတ်ကာ ရီဖုန်း၏ခြေထောက်ရှေ့၌ ချထားလိုက်သည်။
"ကျေးဇူးပြုပြီးတော့ ဒီအသေးအဖွဲလက်ဆောင်လေးကို လက်ခံပေးပါ"
ထိုလက်စွပ်ကိုချထားပြီးနောက် သူသည် နောက်ကြောင်းပြန်လှည့်ကာ ပြေးထွက်ခဲ့တော့သည်။
သူ၏ပျာယာခတ်နေခြင်းကြောင့် သူ၏ခြေထောက်သည် ကျောက်တုံးလှေကားပေါ်မှချော်ကာ သူ အောက်သို့တလိမ့်ခေါက်ကွေးကျသွားသော်လည်း သူ တုံ့နှေးနေခြင်းမရှိချေ။ သူသည် အလျှင်အမြန်မတ်တတ်ထရပ်ကာ ဆက်လက်၍ထွက်ပြေးခဲ့လေ၏။
သူ ပြေးလွှားနေရင်း သစ်ပင်ပေါ်ရှိ ကြောင်တစ်ကောင်၏ဆီးများက သူ၏မျက်နှာပေါ်သို့ စီးကျလာလေရာ အလွန်ရှက်ရွံဖွယ်ကောင်းသောကိစ္စပင်။
"အားလုံး ယိ့တွေလိုပဲ"
"ငါ ဒီလိုအပြစ်တွေခံနေရအောင် ဘာများလုပ်ခဲ့မိလို့လဲ...ငါ ဒီသောက်ပင်ကျင်းမြို့ကို ထပ်လာဖို့ထက် ပြေးပဲသေလိုက်တော့မယ်"
သူ ပြေးနေစဥ်တွင် သူသည် လုချင်ရှန်း၏စကားကိုနားမထောင်ဘဲ မောက်မာဝံ့ကြွားစွာဖြင့် ဤနေရာသို့လာခဲ့မိသည့်အတွက် သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တများဖြင့် ပြည့်နှက်နေသည်။
ဤသိုင်းပညာခန်းမ၏အရှင်သခင်သည် ဆရာကြီးတစ်ယောက်ဖြစ်နေမည်ဟု သူ မည်သို့ တွေးထင်မိမည်နည်း။ ထိုလူသည် စီနီယာတစ်ယောက်မဟုတ်ဘဲ ထိပ်သီးဆရာကြီးတစ်ယောက်ပင်။
ထိုသို့မဟုတ်ပါက ထိုလူသည် အလွန်အမင်းအစွမ်းထက်သော အနက်ရောင်ဝတ်ရုံဝတ်လူကို မည်သည့်နည်းဖြင့် ဖိနှိပ်ထားကာ ရိုက်နှက်နေနိုင်မည်နည်း။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထိုကိစ္စများအားလုံးကို ဂရုမစိုက်နိုင်တော့ချေ။ သူ့ထံတွင် ထွက်ပြေးလိုစိတ်တစ်ခုတည်းသာရှိနေကာ သိုင်းပညာခန်းမမှထွက်၍ ပင်ကျင်းမြို့မှထွက်သွားကာ နန်ရှားနယ်မြေ၏ပြင်ပထိပင်ထွက်သွားရန်....
"မင်း ဒီနေရာကို ပြန်လာခဲ့စမ်း"
သို့ရာတွင် သူ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးချိန်မှာပင် သူ၏နောက်မှနေ၍ ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။
ဤအသံသည် မှော်မန္တန်တစ်ပုဒ်နှင့်တူညီကာ လုသရှန်းကို ရုပ်ထုတစ်ခုအလား နေရာမှာပင် အေးစက်တောင့်တင်းသွားစေသည်။
Chapter 144
လုသရှန်းသည် ထိုအော်သံကြောင့် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းသွားလုနီးပါးပင်။ အကယ်၍သာ သူ၏ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်လိန်ကျစ်မထားပါက သူ၏ဘောင်းဘီသည် စိုစွတ်နေလောက်လေပြီ။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ဤလုသရှန်းသည် ပထမဆုံးရောက်လာစဥ်၌ မောက်မာဝံ့ကြွားစွာ ရမ်းကားနေခဲ့သည်။ ထို့နောက် ထိုလူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ လက်စွပ်အစုတ်အပြတ်တစ်ကွင်းကို သူ၏ရှေ့၌ ချထားခဲ့လေရာ ထိုလူသည် အရူးတစ်ယောက် ဖြစ်နေသလော။
နောက်ဆုံး၌ လုသရှန်းသည် တုန်တုန်ရီရီဖြင့် သူ၏ခေါင်းကို နောက်သို့ပြန်လှည့်လိုက်၏။ သူ၏မျက်နှာပေါ်ရှိ ချွေးများကိုသုတ်ကာ နှေးကွေးလေးလံသောခြေလှမ်းများနှင့် ရီဖုန်းထံသို့ ပြန်လည်၍ လျှောက်လှမ်းသွားလိုက်သည်။
"ခုဏက မင်း ဘာလုပ်တာလဲ"
ရီဖုန်းက တိုးညှင်းသောလေသံဖြင့် မေးမြန်းသည်။
"ငါ...ငါ...ငါ...ငါ ပစ္စည်းတစ်ခုကိုပို့ပေးဖို့ တကယ်ကြီး ရောက်လာခဲ့တာပါ"
လုသရှန်းသည် ရှိုက်သံရောယှက်နေသော မွန်းကြပ်နေသည့်အသံနှင့် ပြောဆိုသည်။
"တစ်ခုခုကို လာပို့တာလား"
"မင်းအမေကိုယိုးဖို့ လာပို့တာလား"
ရီဖုန်းက အေးစက်စက် ရယ်မောလိုက်၏။ ဤလုသရှန်း၏အပြုအမူများသည် အလွန်ကျိုးကြောင်းမဆီလျော်လှချေ။ သို့ရာတွင် သူ၏ယခင်စိတ်နေစိတ်ထားအရ သူသည် လူကောင်းတစ်ယောက်မဟုတ်ခြင်းမှာ သိသာထင်ရှားသည်။
"ငါ...ငါ..."
လုသရှန်း၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေသည်။ သူ ဤနေရာသို့ ပြဿနာရှာရန် လာခဲ့သည်ဟု မည်သည့်နည်းဖြင့် သူ ဝန်ခံဝံ့မည်နည်း။ သူသည် နေ့တစ်ဝက်တိုင်တိုင် မည်သည့်စကားမျှမပြောဆိုနိုင်ဘဲ မသိမသာဖြင့် သူ၏ပါးစပ်ကိုပိတ်ထားရုံသာ တက်နိုင်တော့သည်။
"ဆရာကြီး...."
ထိုအချိန်မှာပင် လူသုံးယောက်သည် တည်ငြိမ်သောအမူအယာများဖြင့် အတွင်းသို့ဝင်ရောက်လာသည်။ ဤသည်မှာ ဝူယုံဟုန်နှင့်တခြားအဖိုးအိုနှစ်ယောက်ပင်။
"သိုင်းဘိုးဘေးတွေလား...."
နှုတ်ဆိတ်၍မတ်တတ်ရပ်နေသော လုသရှန်းသည် ဝူယုံဟုန်တို့ကို မြင်တွေ့ချိန်တွင် ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သိုင်းဘိုးဘေးနယ်ပယ်ကျင့်ကြံသူများသည် နန်ရှားနယ်မြေတခွင်လုံး၌ ထိပ်သီးအဆင့်တည်ရှိမှုကြီးများပင်။ ထို့ပြင် သိုင်းဘိုးဘေးများသည် ဖီးနစ်ငှက်မွှေးနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးသူများဖြစ်သည်။ များသောအားဖြင့် သူတို့အား မီးအိမ်ထွန်း၍ရှာလျှင်ပင် လွယ်လင့်တကူ ရှာမတွေ့နိုင်ချေ။
သို့ရာတွင် ယခုချိန်၌ ဤသိုင်းပညာခန်းမအတွင်း၌ သိုင်းဘိုးဘေးသုံးယောက် ရုတ်တရက်ကြီး စုဝေးနေလေပြီ။
အလားတူစွာပင် စိတ်လှုပ်ရှားနေသော လုချင်ရှန်းသည် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ၏တည်ငြိမ်အေးဆေးမှု ပျက်ပြားသွားခြင်းမရှိချေ။ ဆရာကြီးနှင့် မကြာခဏ ထိတွေ့ဆက်ဆံရပြီးနောက် သူ ခံနိုင်ရည်ရှိသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သိုင်းဘိုးဘေးသုံးယောက်သည် ဆရာကြီးထံ လာရောက်တွေ့ဆုံသည်မှာ အလွန်အမင်း သမားရိုးကျဆန်သော ကိစ္စတစ်ရပ်ပင်။
မည်သို့ပင်ဆိုစေကာမူ ကြောက်မက်ဖွယ်အနက်ရောင်ဝတ်ရုံဝတ်လူသည် ဆရာကြီး၏ခြေထောက်အောက်၌ ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးဖြစ်သည်။ ထိုလူနှင့်နှိုင်းယှဥ်ပါက ဤသိုင်းဘိုးဘေးသုံးယောက်သည် မည်သည့်အဆင့်မျိုးရှိနေနိုင်မည်နည်း။
သို့ရာတွင် ဝူယုံဟုန်တို့သုံးယောက်သည် လုချင်ရှန်းနှင့်လုသရှန်းတို့ကို တစ်ချက်သာစောင်းငဲ့ကြည့်ကာ ထပ်မံ၍အာရုံမစိုက်တော့ချေ။ သူတို့၏မျက်လုံးများအတွင်း၌ ဤလူနှစ်ယောက်ကို သတိပြုမိရန်မှာ မထိုက်တန်ချေ။
သို့သော် ဤလူသုံးယောက်၏ရောက်ရှိလာမှုသည် လုသရှန်းကို ယာယီစိတ်သက်သာရာ ရသွားစေသည်။ အကြောင်းအရင်းမှာ ရီဖုန်း၏စိတ်အာရုံသည် ထိုလူသုံးယောက်ထံသို့ ရွှေ့ပြောင်းသွားသောကြောင့်ပင်။
"မင်းတို့ သုံးယောက်လား"
ရီဖုန်းက သူတို့ကို ဆီးကြိုနှုတ်ဆက်လိုက်၏။
"မင်းတို့ ဒီနေ့ အချိန်ရလို့ ဒီနေရာကို ရောက်လာကြတာလား"
"ဆရာကြီး....ငါတို့ ရောက်လာတာက...အရင်တစ်ခေါက် ငါတို့တောင်ပေါ်မှာ တွေ့ခဲ့ကြတုန်းက မင်းရဲ့သိုင်းပညာခန်းမနောက်မှာ ခုတ်ထွင်ရှင်းလင်းဖို့လိုအပ်တဲ့ မြေရိုင်းတစ်ကွက်ရှိနေတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား...ဒါကြောင့် ငါတို့ ကူညီပေးခွင့်ရှိမလားလို့ လာပြီးတောင်းဆိုတာပါ"
ဝူယုံဟုန်က ရိုသေလေးစားစွာ ပြောဆိုသည်။
"အမှန်ပဲ...ဒါက အမှန်ပဲ"
ရီဖုန်းက တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားပုံဖြင့် သူ၏နဖူးကို သူ့လက်ဖြင့် ပြန်ရိုက်လိုက်သည်။
"ဒါက အမှန်ပဲ...ငါ အဲ့ဒီမြေရိုင်းကို ပြန်ပြီးခုတ်ထွင်ရှင်းလင်းဖို့ ရည်ရွယ်ထားတယ်"
"ဒီလိုပါ ဆရာကြီး...ငါ့ရဲ့မိတ်ဆွေဟောင်းကြီးနှစ်ယောက်ကလည်း ငါနဲ့အတူ ကူလုပ်ပေးချင်နေတယ်...မင်း ဘယ်လိုသဘောရလဲ"
ဝူယုံဟုန်က ထပ်မံ၍ ပြောဆိုသည်။
သူ ထိုစကားကို ပြောဆိုနေစဥ်တွင် စွန်းကျူးကဲနှင့်ချူးရှစ်ခွမ်းတို့သည် မျှော်လင့်စောင့်စားနေသောအကြည့်မျိုးဖြင့် ရီဖုန်းကို ကြည့်နေလေ၏။
"သူတို့ကလည်း ကူလုပ်ပေးချင်တာလား...ဒါဆိုရင်လည်း ကောင်းပြီလေ"
ရီဖုန်းသည် အချိန်တခဏခန့်စဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထိုလူနှစ်ယောက်၏မျက်လုံးများအတွင်းရှိ မျှော်လင့်တကြီးအရိပ်အယောင်များကို သူ မြင်တွေ့ချိန်တွင် သူတို့သည် စားသောက်ရန်အတွက်ငွေရှာရန် စိတ်အားထက်သန်နေသည်မှာ သိသာထင်ရှားသည်။ လယ်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရသည်မှာ ခက်ခဲပင်ပန်းကြောင်း သူ နားလည်သဘောပေါက်ထားသည်။ ထို့ပြင် သူ၏မြေရိုင်းသည် ကျဥ်းမြောင်းခြင်းမရှိသဖြင့် အဖိုးအိုဝူတစ်ယောက်တည်းလုပ်ကိုင်ပါက အလွန်လက်ဝင်ပေလိမ့်မည်။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...ဆရာကြီးကို ကျေးဇူးတင်ပါတယ်...ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ထိုစကားကိုကြားချိန်တွင် အဖိုးအိုသုံးယောက်၏မျက်နှာများပေါ်တွင် အပြုံးများ ချက်ချင်းဝေဆာသွားတော့သည်။
သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး အောက်ခြေလူတန်းစားများ၏ဘဝသည် အမှန်တကယ်ကို ခက်ခဲကြမ်းတမ်းသည်ဟု တွေးတောကာ ရီဖုန်းသည် သူ၏စိတ်အတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ဤသည်မှာ မြေရိုင်းတစ်ကွက်ကို ခုတ်ထွင်ရှင်းလင်းရုံသက်သက်ဖြစ်သော်လည်း သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ထို့ကြောင့် သူက ဖြည့်စွက်၍ ပြောဆိုလိုက်သည်။
"လုပ်အားခအတွက်တော့ တကယ်လို့ မင်းတို့တစ်ရက်အတွင်းမှာ အလုပ်ပြီးသွားရင်တောင်...ငါက မင်းတို့သုံးယောက်ကို ရွှေပြားတစ်ရာပေးမယ်"
"ပြဿနာမရှိဘူး...ပြဿနာမရှိပါဘူး"
ဝူယုံဟုန်တို့သုံးယောက်သည် ပျာပျာသလဲ ခေါင်းညိတ်လိုက်ကြကာ ရီဖုန်း ပြောဆိုသော ရွှေပြားတစ်ရာကို ငြင်းဆန်ခြင်းလည်းမရှိ စျေးဆစ်ရန်ကြိုးစားခြင်းလည်းမပြုချေ။ မည်သို့ပင်ဆိုစေကာမူ ဤဆရာကြီးသည် သေမျိုးလောကအတွင်းသို့ ကစားရန်ဆင်းသက်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားပြီးလေပြီ။ ထို့ကြောင့် သူတို့အား လုပ်အားခအတွက် ရွှေပြားတစ်ရာပေးသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။
"ကောင်းပြီလေ...တကယ်လို့ ဘာပြဿနာမှမရှိတော့ဘူးဆိုရင်....မင်းတို့ရဲ့ပစ္စည်းကိရိယာတွေ ယူလာကြလား"
ရီဖုန်းက မေးမြန်းသည်။
"အမ်...."
ဝူယုံဟုန်တို့သုံးယောက်သည် ကို့ရိုးကားယားဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မျက်နှာများပေါ်၌ ရှက်ရွံသောအမူအယာများ ထင်ဟပ်လာသည်။
"စိတ်ထဲမထားကြနဲ့...ဒါက အဆင်ပြေပါတယ်...ငါ့ဆီမှာ အဲ့ဒီပစ္စည်းတွေရှိတယ်"
ရီဖုန်းသည် အဖိုးအိုသုံးယောက်ကိုတစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"ဒီနေရာမှာ ခဏလောက် စောင့်နေကြဦး"
ထို့နောက် သူတို့၏စောင့်ဆိုင်းနေသောအကြည့်များအောက်တွင် ရီဖုန်းသည် အတွင်းခန်းအတွင်းသို့ ဝင်သွားလေသည်။ အချိန်တခဏကြာပြီးနောက် သူသည် ထွန်ခြစ်တစ်ချောင်း ပေါက်ပြားတစ်လက်နှင့်ဂေါ်ပြားတစ်ချောင်းကိုကိုင်ကာ ပြန်ထွက်လာခဲ့သည်။
သို့ရာတွင် ဝူယုံဟုန်တို့လူစုအပါအဝင် တုန်ရီနေသော လုသရှန်းတို့သည် ကူကယ်ရာမဲ့ ပင့်သက်ရှိုက်လိုက်ကြကာ ကြက်သေသေသွားလုနီးပါးပင်။
သူသည် အမှန်တကယ်ကိုပင် သူတော်စင်အဆင့် ပစ္စည်းသုံးခုကို ထုတ်ပေးခဲ့သလော....
"မင်းတို့သုံးယောက်အတွက် တစ်ခုစီ"
ရီဖုန်းသည် ထိုအရာသုံးခုကို လက်ကမ်းပေးကာ ပြောဆိုလိုက်၏။
"ပေးတာလား....ဒါတွေက ငါတို့ကို ပေးတာလား"
ဝူယုံဟုန်တို့လူစုသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏အသံများ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ဤအချိန်အခိုက်အတန့်တွင် သူတို့၏လက်များ တုန်ရီနေသည်။
"မဟုတ်ရင် မင်းတို့ ဘယ်လိုအလုပ်လုပ်ကြမှာလဲ"
ရီဖုန်းက သူတို့ကို မျက်လုံးစွေကြည့်ကာ ပြောဆိုသည်။
"အခု ဒါတွေကို အသုံးပြုထားလိုက်အုံး...တကယ်လို့ အဲ့ဒီပစ္စည်းတွေ ပျက်စီးသွားရင်လည်း ငါ့မှာ အများကြီးရှိသေးတယ်"
ရှီး...
"ရှိသေးတာလား...အများကြီး ရှိသေးတာလား"
ထိုစကားသည် ဝူယုံဟုန်တို့လူစုကို သူတို့၏နှလုံးသားများ သူတို့၏ရင်ဘတ်များအတွင်းမှ ခုန်ထွက်သွားလုမတက် ထိတ်လန့်ကြောက်ရွံသွားစေသည်။
ဆရာကြီးထံတွင် အပိုပစ္စည်းအနေဖြင့် သူတော်စင်အဆင့်ပစ္စည်း အမြောက်အများ ရှိနေသေးသလော.....
ထို့ပြင် မြေရိုင်းတစ်ကွက်ကို ခုတ်ထွင်ရှင်းလင်းရန်အတွက်နှင့် သူသည် သူတော်စင်အဆင့်ပစ္စည်းသုံးခုကို အသုံးပြုခဲ့သည်။
ဤကဲ့သို့ ရက်ရောမှုမျိုး...ဟူး....
သို့ရာတွင် လုချင်ရှန်းသည် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။ ထိုအစား သူ့ထံတွင် တောသားလူနုံများကို မြင်တွေ့နေရသည့်အလား အမူအယာမျိုးရှိနေသည်။ သူ၏ခွန်အားသည် ထိုလူသုံးယောက်ထက် နိမ့်ကျသော်လည်း ဆရာကြီး၏လက်အောက်တွင် သူ၏အမြင်ကျယ်လာမှုကို သူတို့ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။ မြေယာခုတ်ထွင်ရှင်းလင်းရန်အတွက် သူတော်စင်အဆင့်ပစ္စည်းများကို အသုံးပြုခြင်းသည် အသေးအဖွဲကိစ္စပင်။ ဆရာကြီး၏မီးဖိုချောင်အတွင်းမှ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သော မီးဖိုချောင်သုံးဓားပင်လျှင် သူတော်စင်အဆင့်ပစ္စည်းမဟုတ်လော.....
Chapter 145
"ကောင်းပြီလေ....ငါ ဒီနေရာမှာ လုပ်စရာကိစ္စတွေ ရှိနေသေးတယ်...မင်းတို့တွေ အနောက်ကိုသွားပြီးတော့ တစ်ချက်ကြည့်ကြည့်ပါလား...မင်းတို့ အလုပ်စတော့မယ်ဆိုမှ ငါ့ကို သတိပေးလေ"
ရီဖုန်းက တည်ငြိမ်စွာ ပြောဆိုသည်။
"ဟုတ်ကဲ့..."
ဝူယုံဟုန်တို့သုံးယောက်သည် ရိုသေလေးစားစွာနှင့်ကျေးဇူးတင်စွာ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။ သူတို့သည် သိုင်းပညာခန်းမ၏အနောက်ဘက်သို့မသွားမီ သူတို့ အချိန်အတော်ကြာ လိုလားတောင့်တခဲ့ရသော အရာများကိုယူဆောင်၍ သူတို့၏ရင်ဘတ်များနှင့်ကပ်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ကြသည်။
ထိုလူသုံးယောက် ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ရီဖုန်း၏အကြည့်က နောက်ဆုံး၌ လုသရှန်းထံသို့ ကျရောက်လာသည်။
သူသည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားလေ၏။
သူသည် အလွန်သည်းခံတတ်သူတစ်ယောက်ဖြစ်သော်လည်း ဤသည်မှာ သူ လူရိုးလူဖြောင့်တစ်ယောက်ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ ဤနေရာအား သိသိသာသာ ပြဿနာလာရှာသူများကိုမူ သူ လွယ်လင့်တကူ အလွတ်ပေးမည်မဟုတ်ချေ။
ရီဖုန်း မျက်မှောင်ကြုတ်ထားသည်ကိုကြည့်ပြီး လုသရှန်းသည် မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်မှ သူ့အားတိုက်ခိုက်သည့်အလား ခံစားမိကာ သူ့အား လုံးလုံးလျားလျား အစွမ်းအစမဲ့သွားစေသည်။
ဤကဲ့သို့ ခံ့ညားထည်ဝါသောအပြုအမူမျိုးသည် သူ၏အမြင်အရ ရီဖုန်း၏ခြေထောက်အောက်ရှိ အနက်ရောင်ဝတ်ရုံဝတ်လူထက်ပင် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ ဤသည်မှာ တိုက်ရိုက်မဟုတ်သော်လည်း ဤကဲ့သို့ခံ့ညားထည်ဝါသောအရှိန်အဝါမျိုးသည် သူ၏ပင်ကိုယ်အသိစိတ်ကို သဘာဝထက်ကျော်လွန်၍ဖိနှိပ်ထားနိုင်ခြင်းနှင့်တူညီသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် မြေပြင်ပေါ်၌ဝပ်တွားကာ သူ၏ကြွက်သားတစ်နေရာကိုပင် မလှုပ်ရှားဝံ့ချေ။
"ပြောစမ်း...မင်း ဒီနေရာကို အတိအကျဘာလာလုပ်တာလဲ"
ရီဖုန်းက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ငါ...ငါ...ငါ...."
လုသရှန်းသည် မျက်နှာအမူအယာပျက်ယွင်းသွားကာ စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများတောက်ပသွားကာ သူက အလျှင်အမြန် ပြောဆိုလိုက်၏။
"ဆရာကြီး...မင်းက ဒီနေရာမှာ မြေရိုင်းတစ်ခုကို ခုတ်ထွင်ရှင်းလင်းချင်တယ်လို့ တခြားလူတွေပြောနေတာကို ငါ ကြားခဲ့တယ်...ဒါကြောင့် ငါက မင်း အလုပ်သမားလိုမလားလို့ ဒီနေရာကိုလာပြီး မေးမြန်းတာပါ"
"ဒါဆို မင်းကလည်း အလုပ်လာရှာတာလား"
ရီဖုန်းက လုသရှန်းကိုကြည့်ကာ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် မေးမြန်းလိုက်သည်။
"အမှန်ပဲ...ငါ ဒီနေရာကို အလုပ်လာရှာတာပါ"
ရီဖုန်းသည် သူ၏စကားများကို အနည်းငယ်ယုံကြည်ပုံရသွားသည်ကိုကြည့်ပြီး လုသရှန်းသည် သူ၏အသက်ကယ်ကောက်ရိုးမျှင်ကို ဖမ်းဆွဲမိသည့်အလား စိတ်အားထက်သန်စွာ ပြောဆိုသည်။
"ငါ တကယ်ပဲ အလုပ်လာရှာတာပါ...မင်း ငါ့ကို ယုံကြည်ပေးပါ....ငါက ရယ်စရာလုပ်ရတာကို သဘောကျတဲ့ လူစားမျိုးပါ....ငါ ခုဏက မင်းကို ရယ်စရာလုပ်လိုက်တာပါ"
လုသရှန်း၏အပြစ်ကင်းစင်ပုံရသော အမူအယာကိုကြည့်ပြီး ရီဖုန်းသည် သူ့အား အနည်းငယ်ပို၍ယုံကြည်သွားသည်။
ဤလူကိုကြည့်ရသည်မှာ အနည်းငယ်ရူးကြောင်ကြောင်နိုင်ပြီး မှီခိုအားထား၍မရပုံပေါ်သော်လည်း သူသည် ယခင်က အိမ်နီးချင်းများထံမှတဆင့် ထိုကိစ္စကို ကြားသိပြီးဖြစ်သည်။ ဤခေတ်ကာလအတွင်းတွင် အောက်ခြေလူတန်းစားများ အသက်ရှင်သန်နိုင်ရန်မှာ လွန်စွာခက်ခဲသည်။ သူတို့ ကြားရသော အလုပ်အတွက် အလျဥ်းသင့်ပါက အခွင့်အရေးတစ်ခုခုရနိုင်ရန် သူတို့ အပြေးရောက်လာကြပေမည်။
ထို့ပြင် ဤှသည်မှာ သူ့ကဲ့သို့အလုပ်ရှင်ကောင်းတစ်ယောက်မှ ခေါ်ယူခြင်းမဟုတ်လော....
သူ ပို၍ဂရုတစိုက်စဥ်းစားကြည့်ချိန်တွင် ဤလူနှင့်သူအကြားတွင် ယခင်ရန်ငြိုးရန်စလည်းရှိမနေချေ။ ထိုလူသည် ဤနေရာသို့ ပြဿနာလာရှာသည်ဟု သူ အမှန်တကယ် ပြောဆိုလျှင်လည်း ဤသည်မှာအဓိပ္ပါယ်မဟုတ်ချေ။
"မင်းက အလုပ်လာလုပ်တယ်ဆိုမှတော့...မြေပြင်ပေါ်မှာ ဒူးထောက်နေတာကို ရပ်လိုက်တော့"
ရီဖုန်းက လုသရှန်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုလိုက်သည်။
"ဒါပေမယ့် နောင်တစ်ချိန်မှာ သံသယဝင်စေမယ့် ပြက်ချော်ချော်ရယ်စရာမျိုးတွေကို ထပ်မလုပ်နဲ့တော့"
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့ပါ"
ရီဖုန်း၏စကားကိုကြားချိန်တွင် လုသရှန်းသည် မြေပြင်ပေါ်မှ မတ်တတ်ထရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် သူ့ပခုံးပေါ်၌ ထမ်းပိုးထားသော ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ အမူအယာမျိုး ထင်ဟပ်နေသည်။
တစ်ချိန်တည်းမှာပင် သူသည် အစောပိုင်းမှ သိုင်းဘိုးဘေးသုံးယောက် ရရှိသွားသော အခွင့်အရေးကောင်းကြီးကို ပြန်အမှတ်ရမိချိန်တွင် သူ၏စိတ်အတွင်း၌ တွက်ချက်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။ သူက အလျှင်အမြန် ပြောဆိုလိုက်၏။
"ဆရာကြီး...ငါလည်း ဟိုလူသုံးယောက်လို အပြေးလာခဲ့တာပါ...ငါ့အတွက်လည်း ပစ္စည်းတစ်ခုခုရနိုင်တယ် မဟုတ်လား"
"ငါ့ဆီမှာ ပစ္စည်းကိရိယာတွေ အများကြီးရှိတယ်...ဒါပေမယ့် မင်း မြင်တဲ့အတိုင်းပဲ...မြေခုတ်ထွင်ရှင်းလင်းဖို့အတွက်က လူရသွားပြီ...တကယ်လို့ မင်း အလုပ်လုပ်ချင်တယ်ဆိုရင် အထူးသီးသန့် အလုပ်တစ်ခုပဲကျန်တော့တယ်...မင်း လုပ်နိုင်မှာ သေချာလား"
ရီဖုန်းက လုသရှန်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"ငါ လုပ်နိုင်တယ်...ငါ လုပ်နိုင်တယ်...ဘယ်အလုပ်ပဲဖြစ်ဖြစ် ငါ လုပ်နိုင်တယ်"
လုသရှန်းက ပျာပျာသလဲ ပြောဆိုလေသည်။ အထူးသဖြင့် ရီဖုန်းသည် သီးသန့်အလုပ်တစ်ခုကို သူ ကြားစဥ်တွင် သူ အလုပ်လုပ်ကိုင်ရန်အတွက် ပို၍ပင်စိတ်အားထက်သန်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်းတွင် ဝမ်းသာပီတိဖြစ်မှုအရိပ်အယောင်များ မြင့်တက်လာသည်။
ဘဝသည် အမှန်တကယ်ကို အစဥ်အမြဲပြောင်းလဲနေပေ၏။ တစ်စုံတစ်ယောက်သည် နောက်ထပ်အချိန်အခိုက်အတန့်တွင် မည်သို့ဖြစ်လာမည်ကို ကြိုမသိနိုင်ချေ။ သူ လုသရှန်းသည် နန်ရှားနယ်မြေ၏နံပါတ်တစ်ဆေးပညာရှင်အဖြစ် ရှင်သန်နေထိုင်နိုင်ခဲ့သည့်အပြင် သူသည် နည်းဗျူဟာပညာရှင်တစ်ယောက်ဖြစ်ရန်လည်း အရည်အချင်းပြည့်မီနေလေပြီ။
ကြည့်လှည့်စမ်းပါ.....
ဤအကျပ်အတည်းကို သူ ဖြေရှင်းနိုင်ခဲ့ရုံသာမက သူသည် ဤလူထံမှ အခွင့်အရေးကောင်းကြီးကိုလည်း ရရှိနိုင်တော့ပေမည်။
သူတော်စင်အဆင့်...ဤသည်မှာ သူတော်စင်အဆင့် ပစ္စည်းတစ်ခုပင်....
သူတော်စင်အဆင့်ရတနာနှင့် နှိုင်းယှဥ်ပါက သူ ဆုံးရှုံးလိုက်ရသော သိုလှောင်လက်စွပ်နှစ်ကွင်းသည် အသေးအဖွဲအရာများပင်။
ထိုအကြောင်းကိုတွေးတောရင်း လုသရှန်းသည် အလွန်စိတ်ကျေနပ်နေကာ သူ၏လိမ္မာပါးနပ်သော အကြံအစည်များအတွက် သူ၏စိတ်အတွင်းမှ ဝမ်းသာအားရဟစ်ကြွေးနေမိသည်။
"ဆရာကြီး...မြန်မြန်ပြောပါ...မင်း ငါ့ကို ဘာလုပ်ခိုင်းမှာလဲ...ငါ အလုပ်စလုပ်ဖို့အတွက် မစောင့်နိုင်တော့ဘူး"
လုသရှန်းက မျှော်လင့်စောင့်စားနေသောလေသံဖြင့် ပြောဆိုသည်။ သူသည် သူတော်စင်အဆင့်ရတနာများဖြင့် ကြုံတွေ့ရချိန်တွင် သူ့ရှေ့ရှိလူနှင့်အနက်ရောင်ဝတ်ရုံဝတ်လူတို့သည် မည်မျှထိ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို သူ လုံးလုံးလျားလျား မေ့လျော့သွားလေပြီ။
"မြေသြဇာတွေကို သယ်ရမယ်...အဆင်ပြေလား"
အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရီဖုန်းက လုသရှန်းကိုကြည့်ကာ မေးမြန်းလိုက်၏။
"မြေသြဇာတွေကို....သယ်ရမှာလား"
ယခင်က စိတ်မရှည်ဖြစ်နေသော လုသရှန်းသည် ထိုစကားကိုကြားချိန်၌ ကြောင်အမ်းအမ်းဖြစ်သွားသည်။