← Chapters

အခန်း (၁၇၁-၁၇၅)

Vol. 12 Ch. 171-175

အခန်း (၁၇၁-၁၇၅)

Vol. 12 Ch. 171-175

Chapter 171

ဤအချိန်အခိုက်အတန့်တွင် အနီရောင်နေမင်းမျိုးနွယ်စုမှ အစွမ်းထက်သောကျင့်ကြံသူများသည် ကြီးမားသောအရှိန်အဟုန်ဖြင့် မိုးကောင်းကင်ယံကို ဖြတ်သန်းနေကြသည်။

သူတို့သည် နောက်ဆုံး၌ တောင်ပေါင်းတစ်သိန်းနယ်မြေ၏တောင်ခြေသို့ ရောက်ရှိခဲ့သည်။

"အောင်းချင်က တောင်ပေါင်းတစ်သိန်းနယ်မြေထဲမှာ ရှိနေတုန်းပဲလား"

အောင်းပိုင်ဖုန်းသည် သူ၏ခေါင်းကိုတိမ်းစောင်းကာ လေသံတိုးတိုးဖြင့် မေးမြန်းသည်။

"သူ ရှိနေသေးတယ်"

လက်အောက်ငယ်သားတစ်ယောက်က အလျှင်အမြန် အဖြေပေးလေ၏။

"လမ်းပြစမ်း...ဘာရှုပ်ထွေးမှုမှမဖြစ်အောင် အောင်းချင်ကို တက်နိုင်သမျှအမြန်ဆုံးဖမ်းကြစို့"

အောင်းပိုင်ဖုန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့"

ထို့နောက် လူတစ်စုသည် လမ်းပြနောက်မှလိုက်၍ တောင်ပေါင်းတစ်သိန်းနယ်မြေအတွင်းသို့ ဝင်လာခဲ့တော့သည်။

"ခဏနေကြဦး"

သို့ရာတွင် တောတောင်အတွင်းသို့ အနည်းငယ်ထိုးဖောက်ဝင်ရောက်ပြီးနောက် အောင်းပိုင်ဖုန်းက ရပ်တန့်ရန်အတွက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မင်းတို့ ခံစားမိလား"

သူက မေးမြန်းလိုက်သည်။

သူ၏နောက်ရှိ တခြားသူများသည် ခေါင်းညိတ်ပြလိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အကြောင်းအရင်းမှာ ဤနေရာသို့ရောက်ရှိစဥ်တွင် သူတို့သည် တောတောင်အတွင်းမှ ကြီးမားသောလှုပ်ရှားမှုများကို အာရုံခံမိသည်။ ဤအရှိန်အဝါအောက်တွင် နတ်ဆိုးသားရဲအမြောက်အများသည် မြေပြင်ပေါ်၌ဝပ်နေကာ မလှုပ်ရှားဝံ့ကြချေ။

သူတို့ကဲ့သို့ နတ်ဆိုးဘိုးဘေးနှင့်နတ်ဆိုးဧကရာဇ်များပင်လျှင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားကို ခံစားမိသည်။

"ဒီတောတောင်ထဲမှာ နတ်ဆိုးအရှင်အဆင့်ကို ဘယ်လိုမျိုးမြင့်မြတ်တဲ့တည်ရှိမှုကြီးက ချိုးဖျက်နေတာလဲဆိုတာ ငါ သိချင်မိတယ်"

အောင်းပိုင်ဖုန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ အဝေးရှိ ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဥ်စွမ်းအားများ စုဝေးသောနေရာသို့ ကြည့်လိုက်သည်။

"ငါတို့ ဘာလုပ်သင့်လဲ"

တခြားသူများသည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို တွေဝေတုံ့ဆိုင်းနေသဖြင့် မေးမြန်းလိုက်ကြ၏။

အောင်းပိုင်ဖုန်းသည်လည်း တွေဝေတုံ့ဆိုင်းနေသည်။

သူသည် နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ရောက်ရှိသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကာ နတ်ဆိုးအရှင်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။ ဤခြေတစ်လှမ်းသည် သူ့အတွက် မကျော်လွှားနိုင်သော ချောက်နက်ကြီးတစ်ခုအလားပင်။

အစစ်အမှန်နတ်ဆိုးအရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ မတ်တတ်ရပ်ရန်ပင် အခွင့်အရေးရှိမည်မဟုတ်ချေ။

ထို့ကြောင့် သိုင်းပညာခန်းမအတွင်း၌ သိုင်းအရှင်သုံးယောက်ရှိနေသည်ကို မြင်တွေ့ချိန်တွင် သူ အလျှင်အမြန် ပြေးထွက်ခဲ့ခြင်းဖြစ်သည်။

အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် သူက ပြောဆိုသည်။

"အောင်းချင်ရဲ့အသုံးမကျတဲ့ အရည်အချင်းတွေနဲ့ သူက နတ်ဆိုးဘုရင်တစ်ယောက်ဖြစ်နေရင်တောင် ဒီနတ်ဆိုးအရှင်ရဲ့အဆင့်ချိုးဖျက်နိုင်တဲ့အရှိန်အဝါအောက်မှာ ပြားပြားဝပ်ပြီးတော့ လှုပ်ရှားနိုင်မှာမဟုတ်ဘူး...ကိစ္စက ဒီလိုဖြစ်နေမှတော့ ငါတို့က အဲ့ဒီနတ်ဆိုးအရှင်ရဲ့အဆင့်ချိုးဖျက်တာပြီးတဲ့အချိန်ထိ ခဏစောင့်ပြီးမှ သူ့ကိုရှာကြရအောင်...အဲ့ဒါဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး"

ထိုစကားကိုကြားချိန်တွင် တခြားသူများသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့သည် ဤမြင့်မြတ်သောတည်ရှိမှုကြီး၏အဆင့်ချိုးဖျက်နေစဥ်အတောအတွင်းတွင် မဆင်မခြင်အပြစ်ပြုမိပါက ထိုသူဒေါသထွက်သွားလျှင် သူတို့အတွက် ကောင်းမွန်သောကိစ္စဖြစ်မလာနိုင်သည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် အောင်းပိုင်ဖုန်းတို့လူစုသည် တောတောင်အတွင်း၌ထိုင်စောင့်ကာ ကျင့်ကြံနေလိုက်ကြသည်။

နတ်ဆိုးအရှင်တစ်ယောက်၏ကျင့်ကြံဆင့်ချိုးဖျက်မှုသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ဤညတစ်ညလုံးတလျှောက် တောတောင်ပရဝုဏ်တစ်ခုလုံးကို အစွမ်းထက်သောအရှိန်အဝါလှုပ်ခတ်မှုများက လွှမ်းခြုံထားသည်။ ဤအရှိန်အဝါအောက်တွင် ငှက်များနှင့်တောရိုင်းတိရစ္ဆာန်များ ယောက်ယပ်ခတ်နေကာ နတ်ဆိုးသားရဲသားရဲများသည် မြေပြင်ပေါ်၌ ပြားပြားဝပ်နေကြ၏။

နောက်ဆုံး၌ တစ်ညတာကုန်ဆုံးပြီးနောက် စွမ်းအားလှုပ်ခတ်မှုများ ပျက်ပြယ်သွားလေပြီ။

တောတောင်အတွင်းရှိ မြင့်မြတ်သောတည်ရှိမှုကြီးသည် နတ်ဆိုးအရှင်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပုံရသည်။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ထိုင်၍ ကျင့်ကြံနေသော အောင်းပိုင်ဖုန်းသည် သူ၏မျက်လုံးကို ဆတ်ခနဲဖွင့်ကာ ချက်ချင်းမေးမြန်းလေသည်။

"အောင်းချင် ဒီတောင်ပေါ်မှာ ရှိနေသေးလား"

"သူ ရှိနေသေးတယ်"

လက်အောက်ငယ်သားတစ်ယောက်က အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။

"အချိန်ဆွဲမနေကြနဲ့တော့...ငါတို့ ခုချက်ချင်းထွက်ခွာပြီးတော့ အောင်းချင်ကို ဖမ်းကြရအောင်"

အောင်းပိုင်ဖုန်းက အမိန့်ပေးလိုက်၏။

ထိုစကားကိုကြားချိန်တွင် ထိုလက်အောက်ငယ်သားသည် ရှေ့သို့ဆက်လက်၍ ဦးဆောင်လမ်းပြလိုက်သည်။

ယခင်က အောင်းချင်းချိန်သည် အောင်းချင်၏ခန္ဓာကိုယ်ပေါ်၌ အထူးခြေရာခံအမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။ ဤသည်မှာ အနီရောင်နေမင်းမျိုးနွယ်စု၏ အထူးသီးသန့်နည်းစနစ်တစ်ရပ်ဖြစ်ကာ ထိုလူသည်လည်း သင်ယူထားပေ၏။

ထိုအမှတ်အသားကို ခြေရာခံ၍ သူတို့လူစု၍ တောတောင်များ၏နက်ရှိုင်းသောနေရာထံသို့ ဆက်လက်၍ဝင်ရောက်ခဲ့ကြသည်။

အချိန်နာရီဝက်ခန့်ကြာပြီးနောက် သူတို့သည် တောင်ပေါင်းတစ်သိန်းနယ်မြေ၏နက်ရှိုင်းသောနေရာထံသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ အောင်းပိုင်ဖုန်းသည် စိတ်မရှည်စပြုလာချိန်မှာပင် သူ၏ရှေ့မှလူ ရုတ်တရက်ရပ်တန့်သွားသည်။

"အရှင်ပိုင်ဖုန်း....အဲ့ဒီအမှိုက်ကောင်က ရှေ့ကချိုင့်ဝှမ်းထဲမှာ ရှိနေတယ်"

ထိုစကားကိုကြားချိန်တွင် အောင်းပိုင်ဖုန်း၏မျက်လုံးများ အနည်းငယ် လင်းလက်တောက်ပသွားသည်။

လူနှစ်ဆယ်သည် သရဲတစ္ဆေဆန်သောပုံရိပ်ယောင်များအဖြစ် အသွင်ပြောင်း၍ ရှေ့ရှိချိုင့်ဝှမ်းထံသို့ ဦးတည်၍ အပြေးသွားကြသည်။ တိကျသေချာစွာပင် အောင်းချင်သည် ကောင်းကင်ဝါးမျိုဝံပုလွေအသွင်ကိုယူထားကာ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး မျက်လုံးစုံမှိတ်၍ အနားယူနေသည်။

"အမှိုက်ကောင်က အသုံးမကျတဲ့ပုံနဲ့ နေနေတာပါလား"

အောင်းပိုင်ဖုန်းက အထင်အမြင်သေးစွာဖြင့် သရော်တော်တော်ပြောဆိုသည်။

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။

"လူခွဲပြီးတော့ သူ့ကို ဝိုင်းထားကြစမ်း..သူလွတ်သွားဖို့ ဘာအခွင့်အရေးမှမပေးနဲ့...အဆင်သင့်ဖြစ်တာနဲ့...ငါ့ရဲ့အမိန့်ကိုစောင့်ပြီးတော့ အတူတူတိုက်ခိုက်ပြီး သူ့ကို အရှင်လတ်လတ်ဖမ်းရမယ်"

တခြားသူများသည် ခေါင်းညိတ်လိုက်ကြကာ သူတို့၏ခန္ဓာကိုယ်များကို လျှပ်စီးများအလား ဖျတ်ခနဲလှုပ်ရှားကာ အောင်းချင်ကို ဝိုင်းရံလိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းပိုင်ဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ့ကဲ့သို့ နတ်ဆိုးဘိုးဘေးတစ်ယောက်သည် အမှိုက်ကောင် နတ်ဆိုးဘုရင်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးသည်မှာ သူ၏လက်ဝါးကို လှန်လိုက်သည့်အလား လွယ်ကူသည်။ သို့ရာတွင် နတ်ဆိုးဘိုးဘေး ရှို့လော်နှင့်ဖူတာအိုတို့ သိုင်းပညာခန်းမအတွင်း၌ ကြေလွင့်ခဲ့ရပြီးနောက် သူ၏လှုပ်ရှားမှုများအပေါ် များစွာပို၍ ချင့်ချိန်စဥ်းစားခဲ့သည်။

"အသင့်ပြင်...."

သူ၏အမိန့်ကို အသံဖြင့် ပေးပို့လိုက်၏။

ထိုစကားကိုကြားချိန်တွင် သူတို့အားလုံး၏ခန္ဓာကိုယ်များ တောင့်တင်းသွားကာ တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်လိုက်ကြသည်။

"သွားတော့..."

နောက်ဆုံး၌ အောင်းပိုင်ဖုန်းက ညင်သာစွာ အော်ဟစ်လိုက်သည်။

ထိုအမိန့်သည် တခြားသူများအားလုံးကို စိတ်သက်သာရာရသွားစေသည်။ သိုင်းပညာခန်းမမှ အရိပ်မည်းကြီး၏လွှမ်းခြုံခြင်းကြောင့် ဖြစ်နိုင်ကာ သူတို့သည် အောင်းပိုင်ဖုန်း၏စိတ် ထပ်မံ၍ပြောင်းလဲသွားမည်ကို ထိတ်လန့်ကြောက်ရွံနေကြ၏။

သူ၏အမိန့်အောက်တွင် ပုံရိပ်ယောင်နှစ်ဆယ်ကျော်သည် အလင်းတန်းများအလား ဖျတ်ခနဲလက်သွားကာ အောင်းချင်ထံဦးတည်၍ ခုန်အုပ်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းပိုင်ဖုန်း၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ဤတစ်ကြိမ်တွင် မည်သည့်မတော်တဆကိစ္စရပ်မျိုးမျှ ဖြစ်မလာမည်မှာ သေချာပေါက်ပင်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်နှာအမူအယာ ဆတ်ခနဲတောင့်တင်းသွားသည်။ အကြောင်းအရင်းမှာ အောင်းချင်၏မျက်လုံး ရုတ်တရက် ဖွင့်လိုက်စဥ်တွင် ရွှေရောင်အလင်းတန်းနှစ်တန်း သူ့ထံပျံ့လွင့်လာခြင်းကြောင့်ပင်။

တစ်ချိန်တည်းမှာပင် အောင်းချင်၏ခန္ဓာကိုယ်မှနေ၍ အောင်းပိုင်ဖုန်းပင်လျှင် ထိတ်လန့်တုန်လှုပ်သွားသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

"ဒါက..."

အောင်းပိုင်ဖုန်း၏မျက်စိသူငယ်အိမ်များ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားတော့သည်။

Chapter 172

နတ်ဆိုးအရှင်...

ယခုကြည့်ကြည့်တော့မှ နတ်ဆိုးအရှင် ဖြစ်နေသလော....

အောင်းပိုင်ဖုန်းသည် သူ၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလား ခံစားမိလေ၏။ သူ လုံးလုံးလျားလျား ကြက်သေသေသွားသည်။

မည်သည်ကြောင့် အောင်းချင်သည် ရုတ်တရက်ဆန်စွာ နတ်ဆိုးအရှင်ဖြစ်သွားရသနည်း...

အကယ်၍ အစောပိုင်းက အောင်းချင် ထုတ်လွှတ်လိုက်သောအရှိန်အဝါသည် သူ၏စိတ်ဝိညာဥ်ကို တိုက်ရိုက်လာရောက်ရိုက်ခတ်ခြင်းကြောင့် မဟုတ်သည့်အပြင် သူ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ရခြင်းလည်းမရှိပါက သူ့ရှေ့ရှိအဖြစ်အပျက်များကို သူ ယုံကြည်နိုင်မည်မဟုတ်ချေ။

အမှိုက်ကောင်အောင်းချင်သည် မည်သည်ကြောင့် ရုတ်တရက်ကြီး နတ်ဆိုးအရှင်ဖြစ်သွားသည်ကို သူ နားမလည်နိုင်ဘဲ အလွန်ဇဝေဇဝါဖြစ်နေဆဲပင်။ သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ယခုလက်ရှိအခြေအနေသည် သူ့အားများစွာစဥ်းစားတွေးတောနေရန် ခွင့်မပြုချေ။

"နောက်ဆုတ်ကြစမ်း"

သူသည် အလျင်စလိုဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"အမ်..."

"ထပ်ပြီး နောက်ဆုတ်ရအုံးမှာလား"

အောင်းပိုင်ဖုန်း၏စကားများကို ကြားချိန်တွင် အောင်းချင်ထံတိုးဝင်သွားသည့် နတ်ဆိုးသားရဲများအားလုံး ထပ်မံ၍ ဇဝေဇဝါဖြစ်သွားသည်။

သို့ရာတွင် သူတို့သည်လည်း အောင်းချင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အစွမ်းထက်သည့်အရှိန်အဝါကို ခံစားမိလေ၏။ သူတို့သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ခန္ဓာကိုယ်များမှ အေးစက်စက်ချွေးများ ထွက်လာသည်။

နတ်ဆိုးအရှင်...

ယခုကြည့်ကြည့်တော့မှ နတ်ဆိုးအရှင်ဖြစ်နေသလော...

ဟူး...

မည်သည်ကြောင့် အောင်းချင်သည် ရုတ်တရက်ကြီး နတ်ဆိုးအရှင် ဖြစ်သွားသလော....

သူတို့အား နောက်ဆုတ်ခိုင်းသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

သူတို့သည် ရုတ်တရက် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားသဖြင့် ထိတ်လန့်တုန်လှုပ်နေခြင်းတွင် နစ်မြောမနေဝံ့ဘဲ သူတို့၏ခြေထောက်များကိုမတင်ကာ ထွက်ပြေးခဲ့တော့သည်။

သူတို့၏အရှိန်နှုန်းသည် သူတို့လာရောက်စဥ်ကထက် များစွာပို၍လျှင်မြန်သည်။ သူတို့ကို အောင်းချင်နောက်မှ လိုက်လံဖမ်းဆီးမည်ကို ထိတ်လန့်ကြောက်ရွံသဖြင့် အသည်းအသန် ထွက်ပြေးကြတော့သည်။

သူတို့သည် ယခင်က အောင်းချင်ကို ပို၍အထင်အမြင်သေးခဲ့သည်နှင့်အမျှ ယခုချိန်တွင် သူတို့ ပို၍ထိတ်လန့်ကြောက်ရွံနေရလေပြီ။

သို့ရာတွင် အစောပိုင်းက နိုးထလာသောအောင်းချင်သည် ဤအချိန်အခိုက်အတန့်တွင် သူတို့အား အလွတ်ပေးရန် ရည်ရွယ်မထားချေ။ သူ၏လက်သည်းများကို ညင်သာစွာ တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကြီးမားသောအားလှိုင်းတစ်ရပ်သည် လေတိုးသံများနှင့်အတူ ထွက်ပြေးနေသော အောင်းပိုင်ဖုန်းတို့လူစုထံ တိုးဝင်သွားသည်။

ဟူး.....

ထိုလက်သည်းကြီးကို မြေပြင်အက်ကွဲစေပြီး သစ်ပင်များနှင့်တောင်များ ပြိုလဲစေသည့်အဆင့်ဟု ဖော်ပြနိုင်သည်။

ဤလက်သည်းကြီး၏အောက်တွင် အောင်းပိုင်ဖုန်း၏လက်အောက်ရှိ နတ်ဆိုးဧကရာဇ်အများစု သေဆုံးသွားခဲ့သည်။ နတ်ဆိုးဘိုးဘေးများ၏အခြေအနေသည်လည်း များစွာပို၍ကောင်းမွန်ခြင်းမရှိဘဲ မြေပြင်ပေါ်သို့ပြုတ်ကျကာ ဖွတ်ဖွတ်ကြေသွားပြီး သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။

"သောက်ချေးပဲ...သောက်ချေးပဲ"

ညစ်ပတ်ပေကျံနေသောမျက်နှာနှင့် မြေပြင်ပေါ်မှ တွားသွားထလာသော အောင်းပိုင်ဖုန်း၏မျက်နှာ နီမြန်းသွားကာ ကျယ်လောင်စွာ အော်ဟစ်ကျိန်ဆဲလိုက်၏။

ဤကဲ့သို့ အစွမ်းထက်သော စုဖွဲ့မှုနှင့် ချီတက်လာခဲ့သည့်တိုင် သူတို့သည် သိုင်းပညာခန်းမ၌ အရှက်ကွဲခဲ့ရရုံသာမက အောင်းချင်ထံတွင်လည်း ရှုံးနိမ့်ခဲ့ရလေ၏။

အောင်းချင်သည် အမှိုက်ကောင်တစ်ကောင်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ရုတ်တရက်ကြီး နတ်ဆိုးအရှင်ဖြစ်သွားခဲ့လေရာ ဤကမ္ဘာလောက၏မြေပြင်ကြီး မည်သို့ဖြစ်ပျက်သွားသနည်း...

သို့ရာတွင် သူ အော်ဟစ်ကြုံးဝါး၍ မပြီးသေးမီမှာပင် အောင်းချင်သည် သူ့ကို ရှာတွေ့ပြီးဖြစ်သည်။

အောင်းချင်၏မျက်လုံးအကြည့်ကြောင့် သူ ထိတ်လန့်ကြောက်ရွံကာ တုန်ရီသွားသည်။

သူ မတုံ့ပြန်နိုင်သေးမီမှာပင် အောင်းချင်သည် ရုတ်တရက် သူ၏လက်သည်းများကို ညင်သာစွာမြှောက်လိုက်၏။ ထိုလက်သည်းပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံအတွင်း၌ ကြီးမားကျယ်ပြန့်လာကာ သူ့ထံသို့ တောင်တစ်လုံးအလား ဖိစီးလာသည်။

ဝှီး....

ထိုလက်သည်းပုံရိပ်ယောင်ကြီး၏စွမ်းအားကြောင့် အောင်းပိုင်ဖုန်း သေလုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။ သူ အသည်းအသန်လူးလိမ့်ပြီး ထိုအရာကြီးကို ရှောင်တိမ်းလိုက်၏။

သူ ရှောင်တိမ်းလိုက်သော အချိန်အခိုက်အတန့်တွင် ထိုလက်သည်းပုံရိပ်ယောင်ကြီးသည် နောက်ဆုံး၌ ကျရောက်လာလေပြီ။

ဘုန်း....

ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟီးလာကာ တောအုပ်တစ်ခုလုံးသည် မြေငလျှင်တစ်ခုဖြစ်ပွားသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

အသက်ဘေးမှ ပွတ်သီကပ်သီလွတ်မြောက်လာသော အောင်းပိုင်ဖုန်းသည် သူ့ရှေ့ရှိ ကျင်းနက်ကြီးကိုကြည့်ကာ အသက်ပြင်းပြင်းထန်ထန်ရှုရှိုက်ပြီး သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။

သို့ရာတွင် သူ ဤဘေးကပ်ဆိုးမှ လွတ်မြောက်ခဲ့သော်လည်း သူ၏လူများသည် ကံမကောင်းချေ။ နတ်ဆိုးဘိုးဘေးနှစ်ယောက်သည် ဤလက်သည်းရိုက်ချက်၏အောက်တွင် သေဆုံးသွားခဲ့သည်။

နတ်ဆိုးဘိုးဘေးနှစ်ယောက်ကို ထပ်မံ၍ ဆုံးရှုံးလိုက်ရသဖြင့် အောင်းပိုင်ဖုန်းသည် သူ၏နှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်နေသကဲ့သို့ ခံစားမိလေ၏။

သူတို့အားလုံးသည် သူ၏အနီရောင်နေမင်းမျိုးနွယ်စုအတွက် ထောက်တိုင်ကြီးများပင်။ ရှို့လော်နှင့်ဖူတာအိုတို့ သေဆုံးသွားသည်ကပင် သူ့အား အလွန်အမင်း ထိခိုက်နာကျင်စေလေရာ ဤထိုးနှက်ချက်သည် သူ့အား ရူးသွပ်သွားစေရန် တွန်းအားပေးနေခြင်းပင်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အောင်းချင်သည် သူ့အား ထပ်မံ၍ချိပ်ပိတ်ထားကြောင်း သူ သိရှိနားလည်သွားသည်။

ထို့နောက် လက်သည်းကြီးသည် တဖန်ထပ်၍ ဖြည်းညှင်းစွာ မြောက်တက်လာလေပြီ။

အောင်းပိုင်ဖုန်း၏ခန္ဓာကိုယ်မှ ချွေးစေးများ ယိုစီးကျလာသည်။

ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ယခုချိန်၌ သူ ရှောင်တိမ်းရန် နေရာမရှိတော့ခြင်းပင်။

သူသည် စိတ်ပျက်အားငယ်စွာဖြင့် အံ့တင်းတင်းကြိတ်ပြီး တွန့်ဆုတ်မှုများအပြည့်ဖြင့် စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

ထိုစာလိပ်ထွက်ပေါ်လာချိန်တွင် တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

"အောင်းချင်....ငါ မင်းကို အလွတ်မပေးဘူး"

အောင်းပိုင်ဖုန်း၏မျက်နှာ သုန်မှုန်နေကာ သူက ကျယ်လောင်စွာ အော်ဟစ်၍ကျိန်ဆဲလိုက်၏။ သူ နှစ်ပေါင်းတစ်ထောင်ကျော် ထိန်းသိမ်းထားခဲ့သော ဤစာလိပ်ကို ယခုအသုံးပြုရတော့မည်ဟု တွေးတောမိချိန်တွင် သူ၏နှလုံးသားကို ထိုးဖဲ့လိုက်သည့်အလားပင်။

သူ၏အသံကျရောက်လာသည်နှင့် တစ်ချိန်တည်းမှာပင် စာလိပ်၏တောက်ပမှုသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားကာ အောင်းပိုင်ဖုန်းတို့လူစု ပျောက်ကွယ်သွားတော့သည်။

"ဟမ့်..."

"ငါ ကျင့်ကြံဆင့်ချိုးဖျက်တာ မကြာသေးလို့ ငါ့ရဲ့ကျင့်ကြံဆင့် မတည်ငြိမ်သေးတာကြောင့်သာမဟုတ်ရင် မင်း ဘယ်လိုမှ ငါ့ရဲ့လက်သည်းအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ပျောက်ကွယ်သွားသော လူတစ်စုကိုကြည့်ပြီး အောင်းချင်က သရော်တော်တော် နှာမှုတ်လိုက်သည်။

"ဒါပေမယ့် ငါ့ရဲ့သခင်က ငါ့ကိုတကယ်ချစ်မြတ်နိုးတယ်...သူက ငါသောက်ဖို့ လိပ်စွပ်ပြုတ်တစ်အိုးလုံးကိုတောင် ပေးခဲ့တယ်...အထူးသဖြင့် အောက်ခြေမှာအနည်ထိုင်နေတဲ့ ဆေးအနှစ်သာရတွေပဲ...ဒါက မိုးကောင်းကင်ကိုတောင်ဖီဆန်နိုင်တဲ့ စွမ်းအားမျိုးရှိနေပြီးတော့ ငါ့ကို နတ်ဆိုးဘုရင်အဆင့်ကနေ နတ်ဆိုးအရှင်အဆင့်ကို တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားစေနိုင်တယ်"

"အမှန်ပဲ...."

"သခင်က အောင်းပိုင်ဖုန်းနဲ့ အဲ့ဒီခွေးမသားအိုကြီးတွေ ငါ့ကို လာရင်ဆိုင်မှာကို ကြိုသိပြီးသားဖြစ်မယ်...ဒါကြောင့် သူက ငါ့ကို ဒီအခွင့်အရေးပေးလိုက်တာပဲ"

"သခင်ရဲ့ရက်ရောတဲ့အစီအစဥ်က ငါ့ကိုတကယ် အံ့အားသင့်စေတယ်...အချိန်ကို ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ခဲ့တာကြောင့် ငါ အဆင့်ချိုးဖျက်ပြီးမှ အဲ့ဒီငတုံးကောင်တွေ ရောက်လာခဲ့တယ်"

"သခင်က သူတို့ကို အသုံးပြုပြီးတော့ ငါ့ကို တိုက်ပွဲအတွေ့အကြုံတချို့ ရစေချင်တာပဲဖြစ်မယ်"

ထိုအကြောင်းကိုတွေးတောရင်း အောင်းချင်၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူသည် ယခင်က မျိုးနွယ်အတွင်းမှ မောင်းထုတ်ခြင်းခံထားရသော တည်ရှိမှုတစ်ခုဖြစ်သော်လည်း ယခုချိန်တွင်မူ သူ အောင်းချင်းချိန်ကို သိမ်းပိုက်နိုင်ခဲ့ရုံသာမက မျိုးနွယ်တစ်ခုလုံး မော့ကြည့်ရသော တည်ရှိမှုကြီးတစ်ခု ဖြစ်လာလေပြီ။

ဤအရာများအားလုံးသည် ဆရာကြီးကြောင့်ပင်။

သူ ပို၍သန်မာအားကောင်းလာလေလေ သခင်၏ကျေးဇူးကို သူ ပို၍ခံစားမိလေလေပင်။

Chapter 173

ဟူး....

စာလိပ်မှထွက်ပေါ်လာသော လေပြင်းများ၏ ပို့ဆောင်ခံရခြင်းကြောင့် အောင်းပိုင်ဖုန်းတို့လူစုသည် တောင်ပေါင်းတစ်သိန်းနယ်မြေကို ကျော်လွန်လာခဲ့သည်။

သူတို့အားလုံးသည် တုန်လှုပ်ချောက်ချားနေဆဲဖြစ်ကာ သူတို့၏မျက်နှာအမူအယာများ အနည်းငယ်ပျက်ယွင်းနေသည်။

ယခင်က သူတို့ အထင်အမြင်သေးခဲ့သော အောင်းချင်သည် အောင်းပိုင်ဖုန်းကို သူ နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော ကူးပြောင်းခြင်းစာလိပ်ကို ထုတ်သုံးစေသည်အထိ ဖိအားပေးနိုင်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

အောင်းပိုင်ဖုန်းအတွက် ဤကဲ့သို့ရတနာတစ်ခုသည် သူ၏အသက်ကယ်ရတနာပင်။

သို့ရာတွင် သူသည် ထိုအရာကို အောင်းချင်ကြောင့် အလွန်လွယ်ကူစွာ အသုံးပြုလိုက်ရပေ၏။

ထို့ပြင် ကြီးကျယ်ခမ်းနားသောစုဖွဲ့မှုနှင့် လူနှစ်ဆယ်ကျော် ချီတက်လာခဲ့သော သူတို့အဖွဲ့သည် ယခုချိန်၌ နတ်ဆိုးဘိုးဘေးအနည်းစုသာ ကျန်ရှိတော့ပြီး နတ်ဆိုးဧကရာဇ်တစ်ကောင်တစ်လေမျှ မကျန်ရှိတော့ချေ။

"အား..."

ထိုအကြောင်းကို တွေးတောရင်း အောင်းပိုင်ဖုန်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော ဒေါသများကို ထိန်းချုပ်ဟန့်တားမထားနိုင်တော့ချေ။ သူ၏အော်ဟစ်ကြုံးဝါးသံအောက်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျောက်တုံးကြီးများ ကြေမွှပျက်စီးသွားသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် အရှက်တကွဲဖြင့် မျိုးနွယ်စုသို့ ပြန်လာခဲ့ရသည်။

ကူးပြောင်းရေးဝင်္ကပါကို ဖြတ်သန်းပြီးနောက် သူတို့သည် အနီရောင်နေမင်းမျိုးနွယ်စုသို့ ပြန်လည်ရောက်ရှိလာခဲ့ပေ၏။

အနီရောင်နေမင်းမျိုးနွယ်စု၌ အစောင့်ကျန်ခဲ့သူတချို့နှင့်ဂျူနီယာများသည် ရုတ်ရုတ်သဲသဲအသံများကိုကြားသဖြင့် သူတို့ကိုကြိုဆိုရန် အလျှင်အမြန် ပြေးထွက်လာကြသည်။

သို့ရာတွင် သူတို့သည် အောင်းပိုင်ဖုန်းတို့လူစုကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။

မည်သည်ကြောင့် ဤမျှထိနည်းပါးသူများသာ ကျန်ရှိတော့သနည်း...

ထို့ပြင် မည်သည်ကြောင့် သူတို့တစ်ယောက်ချင်းစီသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရသနည်း....

သို့ရာတွင် ထိုမြင်ကွင်းကို မြင်တွေ့သည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဆိုးဆိုးရွားရွား မတွေးတောမိကြချေ။ မည်သို့ပင်ဆိုစေကာမူ ချီတက်သွားသော အင်အားစုဖွဲ့မှုသည် အထူးသဖြင့် အောင်းပိုင်ဖုန်းကိုယ်တိုင် ဦးဆောင်သွားခြင်းဖြစ်သဖြင့် မတော်တဆကိစ္စတစ်ခုခု ဖြစ်ပွားလာရန်မှာ မဖြစ်နိုင်ချေ။

သူတို့ကိုကြည့်ရသည်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး လူတချို့ပျောက်ဆုံးနေသော်လည်း လူစုခွဲ၍ပြန်လာခြင်းဖြစ်ပေမည်။ တစ်ဖက်ရန်သူများသည်လည်း အားနည်းမှုမရှိနိုင်သည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် လူတိုင်းသည် သူတို့ကို နွေးထွေးလှိုက်လှဲစွာနှင့်စိတ်အားထက်သန်စွာ ကြိုဆိုလိုက်ကြ၏။

"အရှင်ပိုင်ဖုန်းကို နှုတ်ဆက်ပါတယ်....အရှင်ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်မှတော့ အဲ့ဒီသိုင်းပညာခန်းမကို ဖျက်ဆီးပြီးလောက်ပြီ"

နတ်ဆိုးဘုရင်တစ်ယောက်က အလျှင်အမြန် မျက်နှာချိုသွေး၍ ပြောဆိုသည်။

"အမှန်ပဲ...ဒါကအမှန်ပဲ"

"အရှင်ပိုင်ဖုန်းက တကယ့်ကိုထူးချွန်တဲ့သူပဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး တခြားဂျူနီယာများကလည်း သံယောင်လိုက်၍ ပြောဆိုလိုက်ကြသည်။

အောင်းပိုင်ဖုန်းသည် သူ နာကျင်နေသောနေရာအား ပုတ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားမိကာ သူ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသော်လည်း သူသည် သူတို့အား တုံ့ပြန်ပြောဆိုခြင်းမပြုချေ။

သို့ရာတွင် ထိုနတ်ဆိုးဘုရင်သည် အခြေအနေကိုနားလည်သဘောပေါက်ခြင်းမပြုဘဲ ဆက်ဘက်၍ မြှောက်ပင့်ပြောဆိုသည်။

"အဲ့ဒီသိုင်းပညာခန်းမကို ဖျက်ဆီးပြီးမှတော့...အောင်းချင်ကို အရှင်ပိုင်ဖုန်းက ဖမ်းခေါ်လာခဲ့ပြီးပြီမဟုတ်လား"

"မင်း ဒီလောက်ထိ ပေါက်ကရစကားတွေအများကြီးကို ဘယ်နေရာကနေ ထွက်လာတာလဲ"

သူ၏ဒဏ်ရာကို ထပ်မံ၍ပုတ်ခတ်ခံရသဖြင့် အောင်းပိုင်ဖုန်းသည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။ သူသည် မြှောက်ပင့်ဖားယားနေသော ထိုနတ်ဆိုးဘုရင်ကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်ရာ သေသလော ရှင်သလောပင် မသိနိုင်တော့ချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အောင်းပိုင်ဖုန်းတို့လူစု၏သုန်မှုန်နေသော မျက်နှာအမူအယာများမှတဆင့် သူတို့သည် နောက်ဆုံး၌ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့သည်ကို အာရုံခံမိသွားလေ၏။

ကြည့်ရသည်မှာ တစ်စုံတစ်ခု မှားယွင်းနေပုံပင်။

အောင်းပိုင်ဖုန်းသည် ထိုလူများကိုထပ်မံ၍ အရေးမစိုက်တော့ဘဲ ခေါင်းဆောင်နေရာ၌ ဝင်ထိုင်လိုက်သည်။ သူ၏မျက်နှာသည် သုန်မှုန်နေကာ သူသည် အချိန်အတော်ကြာသည့်တိုင် စကားပြောဆိုခြင်းမပြုချေ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ငါ့ကို နတ်ဆိုးအရှင်အဆင့်ချိုးဖျက်ဆေးလုံးပေးစမ်း"

နောက်ဆုံး၌ အောင်ပိုင်ဖုန်းသည် ပို၍ပို၍မလိုလားသကဲ့သို့ ခံစားမိကာ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။

"အရှင် လုပ်ချင်တာက..."

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့ကိုကြည့်လိုက်ကြသည်။

"ဒါက အမှန်ပဲ...ထပ်ပြီးစောင့်ဆိုင်းနေဖို့ အချိန်မရှိတော့ဘူး"

အောင်းပိုင်ဖုန်းက အက်ရှရှလေသံဖြင့် ပြောဆိုသည်။

"အောင်းချင်က ငါတို့ရဲ့ထိန်းချုပ်နိုင်မှုအောက်ကနေ လွတ်ထွက်သွားပြီ...ချင်းချိန်ဆိုတဲ့ ငါတို့ရဲ့မျှော်လင့်ချက်ကလည်း ပျက်စီးသွားပြီ...အခုချိန်မှာ ငါကိုယ်တိုင်လုပ်ဖို့ပဲရှိတယ်"

"ငါက နတ်ဆိုးအရှင်အဆင့်ချိုးဖျက်ခြင်းဆေးလုံးကို သောက်ပြီးရင် နတ်ဆိုးအရှင်တစ်ယောက် တကယ်ဖြစ်မသွားနိုင်ပေမယ့်...ငါက နတ်ဆိုးအရှင်တစ်ဝက်အဆင့်ကိုရောက်သွားပြီးတော့ ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်ကို အနိုင်ယူဖို့လုံလောက်တယ်"

ထိုအသံကိုကြားချိန်တွင် လက်ရှိနေရာတွင် ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"အရှင်ပိုင်ဖုန်း...ငါတို့ အနီရောင်နေမင်းမျိုးနွယ်စုမှာ ဒီနတ်ဆိုးအရှင်အဆင့်ချိုးဖျက်ဆေးလုံးက တစ်လုံးပဲကျန်တော့တယ်ဆိုတာ မင်း သိသားပဲ...တကယ်လို့ ဒါကို မင်းသုံးလိုက်ရင် တစ်လုံးမှမကျန်တော့ဘူး...အနာဂတ်မှာ တကယ်လို့ ထူးချွန်တဲ့ဂျူနီယာမျိုးဆက်သစ်တွေ ထွက်ပေါ်လာမယ်ဆိုရင် သူတို့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မှာမဟုတ်ဘူး"

တခြားနတ်ဆိုးဘိုးဘေးတစ်ယောက်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

တစ်ခုသိထားရမည်မှာ နတ်ဆိုးဘိုးဘေးနှင့်နတ်ဆိုးအရှင်ကြား ကွာဟချက်သည် အရည်အချင်းရှိမျိုးနွယ်စုဝင်များ မကျော်လွှားနိုင်သော အကြွင်းမဲ့ချောက်နက်ကြီးပင်။

ဥပမာအနေဖြင့် ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်နှင့်အောင်းပိုင်ဖုန်းတို့သည် နတ်ဆိုးဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိနေသော်လည်း သူတို့သည် ရှေ့သို့ ခြေတစ်လှမ်းဆက်တိုးနိုင်ခြင်းမရှိချေ။

အမှန်အားဖြင့် ပါရမီအရည်အချင်းများ ကွဲပြားခြားနားခြင်းကြောင့် အကယ်၍ သူတို့ကဲ့သို့လူများသည် နတ်ဆိုးအရှင်ချိုးဖျက်ဆေးလုံးကို သောက်သုံးလျှင်ပင် အများဆုံးအနေဖြင့် နတ်ဆိုးအရှင်တစ်ဝက်အဆင့်ကိုသာ ရောက်ရှိနိုင်သည်။

နတ်ဆိုးအရှင်အဆင့်ချိုးဖျက်ဆေးလုံးကို မူလက အောင်းချင်းချိန်အတွက် ထိန်းသိမ်းထားခြင်းဖြစ်သည်။ သို့ရာတွင် ယခုချိန်၌ အောင်းချင်းချိန်သည် မသန့်စင်တော့သဖြင့် သူမအတွက် ဆက်လက်၍ထိန်းသိမ်းထားရန် မထိုက်တန်တော့ချေ။

"ငါ ဒီကိစ္စကို သေချာစဥ်းစားပြီးပြီ"

အောင်းပိုင်ဖုန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"သူတို့က ငါ့ကို ဒီလိုလုပ်အောင် ဖိအားပေးခဲ့တာပဲ...တကယ်လို့ အောင်းချင်ပြန်လာရင် ငါတို့မှာ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး...ဒါပေမယ့် ငါ ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်ကို ဖြုတ်ချနိုင်တာနဲ့...ငါတို့မှာ အောင်းချင်ကို ရင်ဆိုင်နိုင်တဲ့နည်းလမ်းတွေ ရှိလာလိမ့်မယ်"

အကျိုးနှင့်အပြစ်ကို ချိန်ဆပြီးနောက် လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။

နတ်ဆိုးအရှင်ချိုးဖျက်ဆေးလုံးကို သောက်သုံးပြီးနောက် အောင်းပိုင်ဖုန်းသည် ချက်ချင်းဆိုသလိုပင် တံခါးပိတ်ကျင့်ကြံခဲ့သည်။ ဆေးလုံး၏ကူညီထောက်ပံ့မှုကြောင့် သူသည် နတ်ဆိုးအရှင်တစ်ဝက်အဆင့်နယ်ပယ်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ပထမဆုံးလုပ်သည့်အလုပ်သည် မျိုးနွယ်စုစစ်ပွဲကို စတင်ခဲ့ခြင်းပင်။

အချိန်လဝက်မပြည့်သေးမီမှာပင် ကြီးမားကျယ်ပြန့်သော ကောင်းကင်နတ်ဆိုးဝါးမျိုဝံပုလွေတို့၏နယ်မြေသည် နှစ်ခြမ်းကွဲသွားလေ၏။

ယနေ့တွင် အောင်းပိုင်ဖုန်းသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်နှင့် တိုက်ပွဲဆင်နွှဲခဲ့သည်။

ဧကရာဇ်မင်းသည် တော်ဝင်မျိုးနွယ်ဖြစ်သဖြင့် အရင်းအမြစ်များစွာ ရှိနေသော်လည်း အောင်းပိုင်ဖုန်းသည် နတ်ဆိုးအရှင်တစ်ဝက်အဆင့်တွင် ရှိနေသောကြောင့် ရှုံးနိမ့်ခဲ့ရသည်။ အောင်းပိုင်ဖုန်းထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကိုခံယူပြီးနောက် ဧကရာဇ်မင်းသည် အရှုံးနှင့်ထွက်ပြေးခဲ့ရတော့သည်။

ညအချိန်၌...

ဖြူရော်နေသောမျက်နှာရှိသည့် ကောင်းကင်ဝါးမျိုဧကရာဇ်သည် အသက်အိုမင်းသောအကြီးအကဲတစ်ယောက်နှင့် ထိုင်နေသည်။

"အကြီးအကဲကျင်း....မျိုးနွယ်က အခုချိန်မှာ မျိုးနွယ်စုစစ်ပွဲထဲကို ပါဝင်ပတ်သက်နေရတယ်...အောင်းပိုင်ဖုန်းက ခုချိန်မှာ နတ်ဆိုးအရှင်တစ်ဝက်အဆင့်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပြီ....တကယ်လို့ ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ငါတို့က အနီရောင်နေမင်းမျိုးနွယ်စုရဲ့လက်ထဲမှာ ကျရှုံးသွားရမှာသေချာတယ်"

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်သည် စိုးရိမ်ပူပန်တကြီးဖြင့် ထိုအကြီးအကဲကိုကြည့်ကာ ညင်သာသောလေသံဖြင့် မေးမြန်းလိုက်၏။

"မင်းက နှစ်ရာနဲ့ချီပြီးတော့ တံခါးပိတ်ကျင့်ကြံနေခဲ့တယ်ဆိုပေမယ့်...မင်းရဲ့ ကံကြမ္မာဖတ်တဲ့စွမ်းရည်က အရင်မျိုးဆက်မှာကတည်းက နာမည်ကျော်ကြားတယ်....ဒါကြောင့် ဒီနေ့ မင်းကို အပြင်ထွက်လာဖို့ ငါ တောင်းဆိုခဲ့တာပဲ...မင်း ငါ့အတွက် ကံကြမ္မာဖတ်ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်..တော်ဝင်မျိုးနွယ်ရဲ့အကျပ်အတည်းကို အခုချိန်မှာ ဘယ်လိုနည်းနဲ့ဖြေရှင်းနိုင်မလဲ"

ဟူး...

အကြီးအကဲက ညင်သာစွာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏လက်အတွင်းမှနေ၍ အဆောင်သင်္ကေတတချို့ မြင့်တက်သွားကာ အနည်းငယ်လှုပ်ခတ်သွားပြီးနောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏မျက်လုံးများကို တဖြည်းဖြည်းစုံမှိတ်လိုက်၏။

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်သည် နံဘေးဘက်မှနေ၍ စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည်။

သုံးနာရီတင်းတင်း ကြာမြင့်ပြီးနောက် ထိုအကြီးအကဲက နောက်ဆုံး၌ သူ၏မျက်လုံးများကို တဖန်ပြန်၍ဖွင့်လိုက်သည်။ သူ့ရဲ့နံဘေးပတ်ဝန်းကျင်ရှိ ယခင်ကတည်းကများပြားသော သေခြင်းအငွေ့အသက်များသည် ပို၍ထူထပ်သိပ်သည်းစပြုလာပေ၏။

"အကြီးအကဲကျင်း...မင်း အရမ်းပင်ပန်းသွားခဲ့ပြီ"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် အလျှင်အမြန် ပြောဆိုကာ အကြီးအကဲကို မျှော်လင့်စောင့်စားသောအကြည့်ဖြင့် ကြည့်နေသည်။

"မင်းရဲ့တော်ဝင်သွေးမျိုးဆက်ကို ကယ်တင်နိုင်ဖို့က အခုချိန်မှာ လူတစ်ယောက်ပဲရှိတော့တယ်"

အကြီးအကဲကျင်းက ပင်ပန်းနွမ်းနယ်နေသောလေသံဖြင့် ပြောဆိုသည်။

"ဘယ်သူလဲ"

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်၏မျက်လုံးများ တောက်ပသွားသည်။

"မင်းရဲ့သားပဲ"

အကြီးအကဲကျင်းသည် အတည်ပြု ပြောဆိုလေ၏။

"ငါ့ရဲ့သားလား"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် မယုံကြည်နိုင်ဖြစ်သွားတော့သည်။ သူ၏သားသုံးယောက်အနက်မှ မည်သည့်တစ်ယောက်မျှ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်ပုံမရချေ။

အကယ်၍ အကောင်းဆုံးကို ရွေးချယ်၍ပြောဆိုရပါက....

"ငါ့ရဲ့အကြီးဆုံးသားလား"

အကြီးအကဲကျင်းက ခေါင်းခါယမ်းလိုက်သည်။

"ဒါဆိုရင် ငါ့ရဲ့ဒုတိယသားတော်လား"

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်၏။ အကယ်၍ သူ၏အကြီးဆုံးသားမဟုတ်ပါက ဒုတိယသားသာရှိတော့သည်။ မည်သို့ပင်ဆိုစေကာမူ အကြီးဆုံးသားမှတပါး သူ၏ဒုတိယသားသည် အထူးချွန်ဆုံးပင်။

သို့ရာတွင် အကြီးအကဲကျင်းသည် သူ၏ခေါင်းကိုထပ်မံ၍ ခါယမ်းလိုက်သည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ သူသည် မတ်တတ်ထရပ်ပြီး ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် အကြီးအကဲကျင်းကိုကြည့်ကာ မေးမြန်းလိုက်၏။

"အောင်းချင်လား"

Chapter 174

"အင်း..."

အကြီးအကဲကျင်းက တည်ကြည်လေးနက်သောအမူအယာနှင့် ခေါင်းညိတ်ပြလေသည်။

အကြီးကဲကျင်း၏ အတည်ပြုခြင်းကို ကြားချိန်တွင် ကောင်းကင်းဝါးမြိုဧကရာဇ်သည် ကြက်သေသေသွားလေ၏။

သူ၏အသုံးမကျဆုံးသားသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်မျိုးနွယ်၏ကယ်တင်ရှင် ဖြစ်လာမည်ဟု သူ မယုံကြည်နိုင်ချေ။

သူ မည်သို့ပင်တွေးတောပါစေ ထိုကိစ္စကို လက်ခံယုံကြည်နိုင်ခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် နှစ်ပေါင်းရာနှင့်ချီ၍ တံခါးပိတ်ကျင့်ကြံနေခဲ့သော ဤအကြီးအကဲကျင်းကို သူ ပို၍ကြည့်လေလေ ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်ကို လိမ်လည်လှည့်ဖျားနေသော လူလိမ်တစ်ယောက်ဟု ပို၍မြင်လေလေပင်။ ထို့ကြောင့် သူ အလွန်ဒေါသထွက်သွားသည်။

"တိတ်စမ်း...သက်ကျားအိုကြီး ပေါက်ကရစကားတွေ ထပ်ပြီးမပြောနဲ့တော့"

ကျယ်လောင်သော အော်ငေါက်သံနှင့်အတူ ရိုက်ချက်တစ်ချက်သည် အဖိုးအို၏ခေါင်းပြောင်ပြောင်ပေါ်သို့ ကျရောက်သွားကာ သူ့အား မြေပြင်ပေါ် တလိမ့်ခေါက်ကွေး လဲကျသွားစေသည်။

"ကောင်းကင်ဝါးမျိုဧကရာဇ်...မင်း ဘာလုပ်တာလဲ"

အဖိုးအိုသည် မြေပြင်ပေါ်တွင် တုန်တုန်ရီရီဖြစ်နေကာ ကောင်းကင်ဝါးမျိုဧကရာဇ်ကို ဒေါသတကြီးကြည့်လိုက်၏။

"ငါက ဘာလုပ်ရမှာလဲ...မင်းလိုလူလိမ်အိုကြီးတစ်ယောက်က ငါ့ကိုလှည့်စားခဲ့တာတောင် ငါ ဘာလုပ်တာလဲလို့ မေးတုန်းပဲလား"

ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်သည် အထင်အမြင်သေးစွာဖြင့် အဖိုးအို၏နောက်ကျောပေါ်သို့ ခြေထောက်ဖြင့်တက်နင်းပြီး ပြောဆိုသည်။

"မင်း ငါ့ကို အရူးလုပ်ချင်ရင်လည်း...ဒီထက်ကောင်းတဲ့ ဇာတ်လမ်းမျိုးကို ရှာလာခဲ့ပါလား...ငါ့ရဲ့တတိယသားအောင်းချင်က အမှိုက်ကောင်တစ်ကောင်ဆိုတာ ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်တစ်စုလုံးသိတယ်...ဒါတောင်မှ သူက ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ရဲ့ ကယ်တင်ရှင်ဖြစ်မယ်လို့ မင်းက ပြောထွက်သေးတယ်...ငါက အရူးတစ်ယောက်လို့ မင်း ထင်နေတာလား"

"မင်း...မင်း မယုံဘူးလား"

အဖိုးအိုသည် မြေပြင်ပေါ်၌လဲလျောင်းနေရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ မင်းကို မလိမ်ဘူး"

"ခုထိ ခေါင်းမာနေတုန်းပဲလား"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် အဖိုးအိုကို ထပ်မံ၍ကန်ကျောက်ကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။

"အမှန်ပဲ...ငါ့ရဲ့သားအောင်းချင်က အောင်းချင်းချိန်ကို ဖျက်ဆီးခဲ့ပြီးတော့ အနီရောင်နေမင်းမျိုးနွယ်စုရဲ့ အကြံအစည်တွေကို ဖျက်ဆီးခဲ့တယ်ဆိုပေမယ့်...ခုလက်ရှိအခြေအနေက သူ ဖြေရှင်းနိုင်မယ့် ကိစ္စမျိုးမဟုတ်ဘူး...မင်းမှာ ကံကြမ္မာဖတ်တဲ့စွမ်းရည်မျိုးရှိတယ်လို့ ငါ အစကတော့ တွေးထင်ခဲ့ကာ...ဒါပေမယ့် အခုကျတော့ မင်းက နားဝေတိမ်တောင်ဖြစ်နေတဲ့ လူအိုကြီးတွေနဲ့ ဘာကွဲပြားခြားနားမှု မရှိဘူး...ပြီးတော့ မင်းက လူလိမ်တစ်ယောက်ပဲ"

"မင်း..မင်း...မင်း...တကယ်လို့ မင်း ငါ့ကို မယုံဘူးဆိုရင်...မင်းက တော်ဝင်မျိုးနွယ်ကို ပျက်စီးအောင် လုပ်လိုက်တာပဲ...မင်းက ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ အပြစ်သားဖြစ်သွားလိမ့်မယ်"

အဖိုးအိုသည် ဒေါသတကြီးဖြင့် ကောင်းကင်ဝါးမျိုဧကရာဇ်ကို လက်ညှိုးငေါက်ငေါက်ထားကာ အော်ဟစ်လေသည်။

"ဟမ့်...လူအိုကြီး...တကယ်လို့ ငါသာ မင်းကို တကယ်ကြီးယုံကြည်လိုက်မယ်ဆိုရင်...ငါက ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ကို ထိခိုက်အောင်လုပ်တဲ့သူ ဖြစ်သွားလိမ့်မယ်"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် ထပ်မံ၍ကန်ကျောက်ကာ သူ၏လက်ကိုဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။

"လာကြစမ်း....သူ့ကို အကျဥ်းထောင်ထဲကို ပို့လိုက်ကြစမ်း"

အဖိုးအို၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ကောင်းကင်ဝါးမျိုဧကရာဇ်...တစ်ရက်ကျရင် မင်း ငါ့ဆီကိုပြန်လာပြီးတော့ တောင်းပန်ရလိမ့်မယ်...မင်း ဒီကိစ္စကို နောင်တရစေရမယ်"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် အထင်အမြင်သေးစွာဖြင့် နှာတစ်ချက်မှုတ်ကာ ထိုင်ခုံ၌ပြန်ထိုင်ချလိုက်၏။ သူသည် ယခုလက်ရှိ မျိုးနွယ်စုစစ်ပွဲအတွက် စဥ်းစားတွေးတောကာ ရင်ဆိုင်နိုင်မည့်နည်းဗျူဟာတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် အပတ်တကုတ် ကြိုးပမ်းလိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်ဝါးမျိုဧကရာဇ်၏အကြံပေးရောက်လာကာ ပြောဆိုသည်။

"ဧကရာဇ်...မင်းက အကြီးအကဲကျင်းရဲ့စကားကို မယုံမကြည် မလုပ်သင့်ဘူး...ဒါမှမဟုတ် ငါတို့ တတိယမင်းသားကို အရင်ဆုံး ပြန်ခေါ်ထားကြမလား"

"ဟမ့်...အဲ့ဒီလူအိုကြီးရဲ့စကားတွေက ဘာယုံကြည်စရာ ကောင်းလို့လဲ"

ကောင်းကင်ဝါးမျိုဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အကြံပေးက သက်ပြင်းတစ်ချက်ရှိုက်ကာ ထပ်မံ၍ ပြောဆိုသည်။

"တကယ်လို့ ဧကရာဇ်က အကြီးအကဲကျင်းကို မယုံကြည်ဘူးဆိုရင်တောင်..တတိယမင်းသားကို ပြန်ခေါ်ဖို့ လိုအပ်တယ်လို့ ငါ ထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့ရဲ့အိမ်ပဲလေ...ခုလိုကိစ္စကြီးတစ်ခု ဖြစ်နေမှတော့ သူ့နဲ့မဆိုင်သလိုမျိုး ဘေးထွက်နေလို့မရဘူး"

"ကောင်းပြီ....ကောင်းပြီလေ...ငါ အဲ့ဒီကိစ္စကို မင်းနဲ့ပဲ လွှဲထားလိုက်မယ်"

ကောင်းကင်ဝါးမျိုဧကရာဇ်သည် စိတ်မရှည်စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ အကြံပေးလူအိုကြီးနှင့် ငြင်းခုံလိုခြင်းမရှိတော့ချေ။ သူ၏အတွေးများသည် ယခုလက်ရှိ မျိုးနွယ်စုစစ်ပွဲထံတွင်သာ လုံးလုံးလျားလျား နစ်မြုပ်နေကာ နည်းဗျူဟာတစ်ခုရရှိရန်အတွက် သူ၏ဦးနှောက်များခြောက်ခမ်းလုမတတ် ဖြစ်နေလေပြီ။

ထိုစကားကိုကြားချိန်တွင် အကြံပေးအိုကြီးသည် ခေါင်းညိတ်ပြကာ တရွေ့ရွေ့ ပြန်လည်ထွက်ခွာသွားတော့သည်။

....

သိုင်းပညာခန်းမ၌...

ရီဖုန်းသည် စုတ်တံကိုကိုင်ကာ အလွန်ဂုဏ်ယူဝင့်ကြွားသောအကြည့်ဖြင့် ဆန်စက္ကူပေါ်ရှိ အက္ခရာစာလုံးများကိုကြည့်ကာ သူ၏ခေါင်းကို ညိတ်လိုက်၏။

ယခင်က သူ အစဥ်အမြဲကိုင်ဆောင်ထားခဲ့သော ဇီသာကိုမူ ယခုရက်များတွင် သူ မတီးခတ်ဖြစ်တော့ချေ။

အကြောင်းအရင်းမှာ ဝိုင်အရက်သောက်စားခဲ့သောနေ့ကို ကျော်လွန်ပြီးနောက် သူ၏ဇီသာစွမ်းရည်သည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ဤဝမ်းသာပီတိဖြစ်ဖွယ်ကောင်းသော အံ့အားသင့်ဖွယ်ကိစ္စသည် ရီဖုန်းကို အတွေ့အကြုံတချို့ ရရှိသွားစေသည်။ မတူညီသောသီချင်းပုံစံများကို လေ့ကျင့်ရန်လိုအပ်သည့်အပြင် အနုပညာဆိုင်ရာ စိတ်ကူးစိတ်သန်းများ ရရှိရန်မှာလည်း သူ တိုးတက်လာစေရန်အတွက် သော့ချက်ပင်။

ထို့ကြောင့် ယခုလတ်တလောအချိန်တွင် ရီဖုန်းသည် လက်ရေးလှစာလုံးပညာရပ်ကို လေ့ကျင့်နေခဲ့လေ၏။ သူသည် အခြေခံအားဖြင့် သူ၏အတိတ်ဘဝမှတွေ့မြင်ခဲ့သမျှ မတူညီသောစာလုံးပုံစံအမျိုးမျိုးကို ရေးသားခဲ့သည်။ ဤအတွေ့အကြုံသည် သူ၏တိုးတက်မှုအပေါ်တွင် များစွာပို၍ အကျိုးသက်ရောက်မှုရှိသည်။

သို့ရာတွင် အနုပညာဆိုင်ရာ စိတ်ကူးစိတ်သန်းသည် တဒင်္ဂထွက်ပေါ်လာသော အရာတစ်ခုဖြစ်သဖြင့် ရီဖုန်းထံတွင် ထိုအရာကိုဖမ်းဆုပ်ရန် နည်းလမ်းများစွာမရှိချေ။

သို့သော် ရီဖုန်းသည် အလျင်လိုခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့် ပန်းချီပညာရပ်နယ်ပယ်လေးမျိုးအနက် နှစ်မျိုးတွင် နတ်ဘုရားနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိသွားလေပြီ။ ကြွင်းကျန်သော လက်ရေးလှစာလုံးနှင့်စစ်တုရင်ပညာရပ်တို့သည် သူ ယခင်ကတည်းက မြင့်မားစွာကျွမ်းကျင်တက်မြောက်ထားသော အရာများဖြစ်သဖြင့် လွယ်လင့်တကူ တိုးတက်လာပေမည်။

"ဒင်...စနစ်မှတာဝန်အသစ် ပေးအပ်ပါတယ်"

"ချက်ပြုတ်ခြင်း...ဝိုင်အရက်ချက်လုပ်ခြင်း...လဖက်ရည်ဖျော်စပ်ခြင်းနဲ့ပန်းပုထုခြင်း ပညာရပ်နယ်ပယ်တွေကို နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောနယ်ပယ်ကိုရောက်အောင် ကျင့်ကြံရမယ်"

"တာဝန်ဆုလာဘ်...ရောင်လျှံစက်ဝန်းကိုရရှိမယ်"

"တာဝန်ကျရှုံးခြင်းပြစ်ဒဏ်...သိုင်းပညာခန်းမကို ပြန်သိမ်းယူမယ်"

'ထပ်လာပြန်ပြီလား'

သူ၏ခေါင်းအတွင်းရှိ အသံကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။

ဤအစုတ်အပြတ်စနစ်သည် အမှန်တကယ်ကိုပင် သူ့အားအနားယူခွင့်မပြုဘဲ ဤကြုံရာကျပန်းပညာရပ်များအားလုံးကို နှံ့နှံ့စပ်စပ် သင်ယူစေလိုသည်။

ထို့ပြင် တာဝန်ဆုလာဘ်ဖြစ်သော 'ရောင်လျှံစက်ဝန်း'သည် သူ၏စိတ်အာရုံကို ဖမ်းစားနိုင်ပေ၏။

"ရောင်လျှံစက်ဝန်း ဆိုတာကဘာလဲ"

"အဲ့ဒီအရာမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်လဲ"

ရီဖုန်း ခေါင်းကုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ပထမဆုံးအကြိမ်တွင် ပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူဟူသော အရိုးစုအစုတ်အပြတ်ကို ရရှိခဲ့သဖြင့် သူ စနစ်အပေါ် မနှစ်သက်မှုများ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် သူသည် တောင်တစ်လုံးကဲ့သို့ တစ်စုံတစ်ခုအပေါ်တွင် မည်သည့်မျှော်လင့်ထားခြင်းမျှ မရှိတော့ချေ။

သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ရောင်လျှံစက်ဝန်းဟူသော အသံကိုကြားရသည်မှာ ယခင်နှင့်မတူညီချေ။

ဤသည်မှာ သူ့အတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခုကို ရရှိစေသည်။

"တိုးတက်မှုဖြစ်စဥ်ကို စစ်ဆေးမယ်"

"ချက်ပြုတ်ခြင်း...ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိခြင်းနယ်ပယ်"

"ဝိုင်ချက်လုပ်ခြင်း...သန့်စင်သောစွမ်းရည်နယ်ပယ်"

"လဖက်ရည်ဖျော်စပ်ဖြင်း...စဦးပိုင်းနားလည်ခြင်းနယ်ပယ်"

"ပန်းပုထုခြင်း...မရှိ"

ဤကျွမ်းကျင်တတ်မြောက်မှုအဆင့်များကိုကြည့်ပြီး ရီဖုန်းက ခေါင်းညိတ်လိုက်၏။ မျှော်လင့်ထားသကဲ့သို့ပင် ကျွမ်းကျင်မှုဖြစ်စဥ်သည် ယခင်အတိုင်း တူညီသည်။ သူသည် အတိတ်ဘဝတွင် ထိုအရာများကို ပြုလုပ်ခဲ့သရွေ့ ကျွမ်းကျင်မှုများကိုစုဆောင်းပြီး သက်ဆိုင်ရာနယ်ပယ်များကို တိုက်ရိုက်ရရှိနိုင်သည်။

"ဒါဆိုရင် အခုချိန်ကစပြီးတော့ ငါ နေ့တိုင်းဟင်းချက်ရမယ့်ပုံပဲ"

"ရောင်လျှံစက်ဝန်းဆိုတာ ဘယ်လိုဆုလာဘ်မျိုးလဲဆိုတာ ငါ မသိဘူး...ငါ ဒါကို စောင့်ကြည့်ရမယ်"

Chapter 175

ထိုတာဝန်အသစ်များကို ရရှိပြီးနောက် ဤရက်များအတွင်းတွင် ထိုကိစ္စများကို လိုက်လံဆောင်ရွက်ရင်း လုံးလုံးလျားလျား အလုပ်များနေခဲ့သည်။

လက်ရေးလှစာလုံးကို လေ့ကျင့်ရင်း ရီဖုန်းသည် အသေးစားကိရိယာတချို့ကိုလည်း ထွင်းထုခဲ့လေ၏။ မည်သို့ပင်ဆိုစေကာမူ ပန်းပုထုခြင်းသည် သူ့အတွက် အစိမ်းသက်သက်ပညာရပ်နယ်ပယ်တစ်ခုဖြစ်သဖြင့် သူ့ထံတွင် မည်သည့်ကျွမ်းကျင်မှုမျှမရှိလေရာ သူ၏စွဲလမ်းမှုသဘောအရ သူ့အား စိတ်သက်တောင့်သက်သာ မဖြစ်စေသကဲ့သို့ ခံစားရစေသည်။

အမှန်အားဖြင့် သူသည် ချက်ပြုတ်ခြင်းစွမ်းရည်အတွက်လည်း အလုပ်များနေသည်။

ဤစွမ်းရည်သည် အလွန်အသုံးဝင်သည်ဟု ခံစားမိလေ၏။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း အစားအစာစားသောက်ရသည်ကို ကြိုက်နှစ်သက်သည်။ တာဝန် အသက်ဝင်လာပြီးနောက် ရီဖုန်းသည် သူ ပြုလုပ်လိုက်သော အစားအစာများ ပို၍ကောင်းမွန်လာသည်ကို ခံစားမိလေ၏။

သို့ရာတွင် ပုံစံများကိုမကြာခဏပြောင်းလဲ၍ လုပ်ဆောင်ခြင်းသည် တိုးတက်မှုအား ပို၍လျှင်မြန်စေသည်ကို အမှတ်ရသဖြင့် ရီဖုန်းသည် ချက်ပြုတ်ရာ၌ ထပ်မံ၍အကန့်အသတ်မထားတော့ချေ။ သူသည် သူ၏အတိတ်ဘဝ၌ နာမည်ကျော်ကြားခဲ့သော အစားအစာတချို့ကို ပြန်လည်၍ဖန်တီးလိုခဲ့သည်။

သူ ပထမဆုံးပြုလုပ်လိုသည့် သရေစာသည် လောကတခွင်နာမည်ကျော်ကြားလာမည့် နတ်ဘုရားအဆင့် အသားချောင်းများပင်။

ဤပစ္စည်းသည် သူ၏အတိတ်ဘဝတွင် ရောင်းအားအကောင်းဆုံးလည်း ဖြစ်ခဲ့သည်။ အသားချောင်းတစ်အိတ်ရှိပါက မဖြေရှင်းနိုင်သည့် ကိစ္စဟူ၍မရှိဘဲ နှစ်အိတ်ရှိနေလျှင် မလုပ်ဆောင်နိုင်သောအရာမရှိတော့ဟူသော ဆိုရိုးစကားတစ်ခွန်းပင် ရှိနေခဲ့သည်။

ကူးပြောင်းလာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည့်နောက် ရီဖုန်းသည် သူ ကြိုက်နှစ်သက်ဆုံးအစားအစာကို အနည်းငယ်တမ်းတနေမိသည်။

အမှန်အားဖြင့် ထို့ထက်ပို၍ သူ ကူးပြောင်းမလာမီ အသားချောင်းများ အစပြုသော မွေးရပ်မြေတွင် ကြီးပြင်းလာခြင်းဖြစ်သည်။

တိုက်ဆိုင်မှုတစ်ခုအနေဖြင့် ထိုမြို့ကိုလည်း ပင်ကျင်းမြို့ဟု ခေါ်ဆိုသည်။

ထိုနေရာတွင် ကြီးပြင်းလာသူတစ်ယောက်ဖြစ်သဖြင့် သူသည် အသားချောင်းများအား မည်သို့ပြုလုပ်ရမည်ကို အလွန်ရင်းနှီးကျွမ်းဝင်သည်။

ရီဖုန်းသည် အိုးအတွင်းရှိ အသားချောင်းပထမအသုတ်ကို သူ၏လက်ဖြင့် ကိုင်ကြည့်ပြီးနောက် သူ၏နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

"ခွေးလေး...ဒါကို လာမြည်းကြည့်အုံး"

ရီဖုန်းသည် အသားချောင်းတချို့ကို ဆုပ်ကိုင်ကာ ခွေးထံပစ်ပေးလိုက်သည်။

"ဝု...."

အောင်းချင်သည် အပြေးရောက်လာပြီးနောက် အသားချောင်းများကို အနည်းငယ်ကိုက်ကာ အငမ်းမရမျိုချပြီးနောက် သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။

ထိုအသားချောင်းများ သူ၏ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် မမျှော်လင့်ဘဲ သူ မကြာသေးမီကမှ နတ်ဆိုးအရှင်နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီးနောက် အပြည့်အဝသိပ်သည်းခြင်းမရှိသော သူ၏နယ်ပယ် တည်ငြိမ်သွားလေ၏။

ထိုမျှသာမက ထိုအသားချောင်းများထံတွင် သူ၏ခွန်အားကို ယာယီမြှင့်တင်ပေးနိုင်သော အကျိုးသက်ရောက်မှုမျိုးရှိနေသည်။ ထိုအသားချောင်းအနည်းငယ်ကို စားပြီးနောက် သူသည် နတ်ဆိုးအရှင် အလယ်အလတ်အဆင့်တစ်ယောက်နှင့် အချိန်တခဏကြာခန့် ယှဥ်ပြိုင်နိုင်မည်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

ခွေး၏စိတ်လှုပ်ရှားနေသော မျက်နှာအမူအယာကိုကြည့်ပြီး ရီဖုန်းသည်လည်း နောက်ဆုံးတစ်ခုကို အလျှင်အမြန် မြည်းစမ်းကြည့်လိုက်သည်။

အရမ်းကောင်းတယ်...

အရသာရှိလိုက်တာ...

မွေးရပ်မြေရဲ့အရသာ....

ကောင်းတယ်...

"ဒီနေရာမှာ တစ်ယောက်ယောက်များ ရှိနေလား"

ထိုအချိန်မှာပင် အပြင်မှနေ၍ မေးမြန်းသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ရီဖုန်းသည် သူ၏လက်အတွင်းရှိ အသားချောင်းကို အောက်သို့ချကာ ပြင်ပသို့ လျှောက်လှမ်းထွက်လိုက်သည်။

သူ ပြင်ပသို့ထွက်လိုက်စဥ်တွင် ပတ်ဝန်းကျင်ကို ချောင်းမြောင်းကြည့်နေသော အဝါရောင်သွားများရှိသည့် အဖိုးအိုတစ်ယောက်ကို တွေ့မြင်မိသည်။

"မင်းက ဘယ်သူလဲ"

ရီဖုန်း မေးမြန်းလိုက်သောအချိန်မှာပင် ရုတ်တရက် အောင်းချင်က ပြင်ပသို့ ပြေးထွက်သွားသည်။ သူသည် အဖိုးအိုကို မျက်စပစ်ပြကာ အသံပေးပို့လိုက်၏။

"ဦးလေးယွမ်....မြန်မြန်ထွက်သွားတော့...ဒါက ခင်ဗျား လာရမယ့်နေရာမျိုးမဟုတ်ဘူး...ခဏနေကျရင် ငါ မင်းကို မြို့ပြင်မှာလာရှာမယ်"

ထိုအခြင်းအရာကိုကြည့်ပြီး အဖိုးအိုသည် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားကာ ရီဖုန်းကို ပြောဆိုသည်။

"တောင်းပန်ပါတယ်....ငါ အိမ်မှားသွားလို့ပါ"

ထိုသို့ပြောဆိုပြီးနောက် သူ အလျှင်အမြန် ထွက်ခွာခဲ့တော့သည်။

ရီဖုန်းသည် အဖိုးအိုကို စပ်စပ်စုစုဖြင့် အချိန်တခဏကြာခန့်ကြာပြီးနောက် သိုင်းပညာခန်းမသို့ပြန်ကာ ရေးလက်စဖြစ်သော လက်ရေးလှစာလုံးများကို ဆက်လက်၍လေ့ကျင့်လိုက်၏။

ခွေးသည် အနားသို့ရောက်လာကာ ရီဖုန်း၏ရှေ့တွင် ခေါင်းငုံ၍ နှစ်ကြိမ်ဟောင်လိုက်သည်။

"မင်းဟာမင်း သွားတော့"

ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ သူ၏မျက်လုံးကိုစွေကြည့်လေသည်။ ခွေးသည် ကျင်ကြီးကျင်ငယ် စွန့်လိုခြင်းဖြစ်ပေမည်။ သာမာန်အားဖြင့် ခွေးသည် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းလေ၏။ ဤတစ်ကြိမ်တွင်မှ မည်သည်ကြောင့် သူ့အား လာရောက်၍ခွင့်တောင်းနေသနည်း။

ထိုစကားကိုကြားချိန်တွင် ခွေးသည် သိုင်းပညာခန်းမ၏ပြင်ပသို့ အလျှင်အမြန် ထွက်သွားတော့သည်။

သူ၏သခင်ဖြစ်သူသည် ဦးလေးယွမ်နှင့်သူ့အကြားရှိ ဆက်နွယ်မှုကို သိရှိနေမည်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်ထားသည်။

သို့ရာတွင် သူ၏သခင်သည် ပြင်ပသို့သွားရန် တိုက်ရိုက်ညွှန်ပြခဲ့ခြင်းမရှိသောကြောင့် သူကိုယ်တိုင် လေ့လာဆင်ခြင်ရပေမည်။

မြို့ပြင်၌စောင့်ဆိုင်းနေသော ဦးလေးယွမ်သည် သူ့အားဆီးကြိုနှုတ်ဆက်လေ၏။

"တတိယမင်းသား..."

ထိုစကားကို ပြောဆိုစဥ်တွင် သူ၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"ဦးလေးယွမ်...ခင်ဗျား ဘာလို့ရောက်နေတာလဲ"

အောင်းချင်က နူးညံညင်သာစွာ ပြောဆိုသည်။ သူ့ထံတွင် ဤဦးလေးယွမ်နှင့်ပတ်သတ်၍ ထူးခြားသောခံစားချက်မျိုးရှိသည်။ ဦးလေးယွမ်သည် သူ ငယ်စဥ်ကတည်းက သူ့အား အထင်မသေးခဲ့သည် တစ်ဦးတည်းသောသူဖြစ်ကာ သူနှင့်အမြဲတစေ အနီးကပ်ရှိနေခဲ့သူလည်းဖြစ်သည်။

"မျိုးနွယ်ထဲမှာ တစ်ခုခုဖြစ်နေပြီ"

ဦးလေးယွမ်သည် စိုးရိမ်ပူပန်တကြီးဖြင့် မျိုးနွယ်အတွင်း၌ ဖြစ်ပျက်နေသော ကိစ္စများအားလုံးကို ပြန်ပြောင်း၍ပြောပြလေ၏။

သို့ရာတွင် အောင်းချင်သည် အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်း မရှိချေ။

"တတိယမင်းသား...ဘယ်လိုပဲဖြစ်ဖြစ် ဒါက မင်းရဲ့အိမ်ပဲလေ"

ဦးလေးယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဦးလေးယွမ်...ပြောနေတာ ရပ်လိုက်တော့...အဲ့ဒီနေရာက ကျုပ်ရဲ့အိမ် မဟုတ်တော့ဘူး...သိုင်းပညာခန်းမကသာ ကျုပ်ရဲ့အိမ်ပဲ"

အောင်းချင်က ပြောဆိုလေသည်။

"ဘာအကြောင်းပြချက်ပဲရှိနေနေ....အဲ့ဒီလူအိုကြီးက ကျုပ်ကို မဟုတ်မမှန် စွပ်စွဲပြောဆိုပြီးတော့ မျိုးနွယ်ကနေ နှင်ထုတ်ခဲ့တယ်...ငါ အပြင်မှာ သေသွားလုနီးပါးပဲ...ငါ အဲ့ဒီနေရာကို ထပ်ပြီးတော့ ဘာခံစားချက်မှ မရှိတော့ဘူး"

"မင်း....မင်းသား...မင်း ဘယ်လိုပြောလိုက်တာလဲ...မင်း အောင်းချင်းချိန်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ဧကရာဇ်မင်းရဲ့ မင်းအပေါ်ထားတဲ့အမြင် ပြောင်းလဲသွားခဲ့တယ်"

ဦးလေးယွမ်က နူးညံညင်သာစွာ ပြောဆိုလိုက်၏။

"ပြီးတော့ အဲ့ဒီအစုတ်အပြတ် သိုင်းပညာခန်းမနဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် ဘာကောင်းတာရှိလို့လဲ"

"ပါးစပ်ပိတ်ထားစမ်း"

သို့ရာတွင် ဦးလေးယွမ်၏စကားလုံးများ ထွက်ပေါ်လာလာခြင်းမှာပင် သူနှင့်အနီးကပ်ဆုံးနေရာတွင်ရှိနေသော အောင်းချင်၏အရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားကာ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသည်။

"ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်...သိုင်းပညာခန်းမနဲ့ပတ်သက်ပြီးတော့ မကောင်းတဲ့စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင် ခင်ဗျား သေရမယ်"

အောင်းချင်က အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ နတ်ဆိုးဝံပုလွေတစ်ကောင်၏အရှိန်အဝါသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ပွင့်အံ့ထွက်လာပေ၏။

ဦးလေးယွမ်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူသည် ထောင့်တစ်နေရာသို့ ကပ်လိုက်ပြီး တုန်တုန်ရီရီဖြင့် အောင်းချင်ကို ကြည့်လိုက်သည်။ သူ ပို၍ထိတ်လန့်တုန်လှုပ်သွားသောအချက်မှာ အောင်းချင်၏ကျင့်ကြံဆင့်နယ်ပယ်ပင်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"မင်း...မင်းသား...ငါ မှားသွားပါတယ်...ငါ စကားကို မဆင်မခြင် ပြောမိသွားတယ်...ဒါနဲ့ မင်း...မင်းရဲ့...ကျင့်ကြံဆင့်နယ်ပယ်က....."

ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းချင်သည် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ချိုးနှိမ်ကာ တည်ငြိမ်စွာပြောဆိုလိုက်၏။

"နတ်ဆိုးအရှင်လေးပဲ...ဘာမှ ထွေထွေထူးထူး မဟုတ်ဘူး"

"နတ်ဆိုးအရှင်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဦးလေးယွမ်က ပင့်သက်ရှိုက်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"တတိယမင်းသား...ဒါက အထွေအထူး မဟုတ်ဘူးလား...အင်း...ဒီလိုပြောတာ အရမ်းမောက်မာဝံ့ကြွားရာ မကျဘူးလား"

"ဟား...ဟား...ဟား..."

အောင်းချင်က သရော်တော်တော် ရယ်မောလိုက်သည်။ ရီဖုန်း၏နံဘေးတွင်နေရင်း သူ၏စိတ်အခြေအနေ ကြီးကြီးမားမား ပြောင်းလဲသွားသည်မှာ မည်သည့်အချိန်ကစတင်ခဲ့ကြောင်း သူ အမှန်တကယ် မသိရှိချေ။

အတိတ်တွင် နတ်ဆိုးအရှင်များသည် သူ၏မျက်လုံးအတွင်း၌ မိုးကောင်းကင်ကဲ့သို့ တည်ရှိမှုကြီးများပင်။

သို့ရာတွင် ယခုချိန်၌...

နတ်ဆိုးအရှင်....

သူ ထိုအဆင့်ကို အနည်းငယ်မျှပင် ထည့်မတွက်တော့ချေ။

အကယ်၍ သူသည် အစစ်အမှန်စွမ်းအားအကြောင်းကို ပြောဆိုလိုပါက သူ၏အရှင်သခင်နှင့်အရိုးစုအကိုကြီးတို့ ဖြစ်ပေမည်။

ဦးလေးယွမ်၏မယုံကြည်နိုင်ဖွယ်ဖြစ်နေသော အမူအယာကိုကြည့်ကာ အောင်းချင်သည် ဂုဏ်ယူလေးစားစွာဖြင့် ရီဖုန်းနှင့်အရိုးစုအကိုကြီးတို့၏ တည်ရှိမှုနှင့်ပတ်သက်သောကိစ္စများကို ပြောဆိုလိုက်သည်။ ရီဖုန်းကြောင့် သူသည် ဤမျှအချိန်တိုအတွင်းတွင် နတ်ဆိုးအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့လေ၏။

အောင်းချင်၏စကားများကြောင့် ဦးလေးယွမ်သည် ဆွံ့အသွားသည်အထိ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ တံခါးဝ၌ တွေ့ခဲ့သောလူသားသည် ဤမျှထိအစွမ်းထက်သော တည်ရှိမှုကြီးဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

သူ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားစပြုလာသည်။

"မင်းက တော်ဝင်မျိုးနွယ်ရဲ့ကယ်တင်ရှင်ဖြစ်မယ်လို့ အကြီးအကဲကျင်းပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...တတိယမင်းသား...ကျေးဇူးပြုပြီးတော့ မျိုးနွယ်ဆီကို ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ...မင်း လှုပ်ရှားမှုတစ်ခု လုပ်လိုက်တာနဲ့ အနီရောင်နေမင်းမျိုးနွယ်စု အဆုံးသတ်သွားလိမ့်မယ်"

ဦးလေးယွမ်က မျှော်လင့်တကြီး ပြောဆိုသည်။

"ငါ မပြန်ဘူးလို့ ပြောပြီးပြီ"

အောင်းချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။

"တတိယမင်းသား..."

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက မင်းရဲ့အိမ်ပဲလေ...အဲ့ဒီနေရာမှာ မင်းရဲ့အဖေ ရှိနေတယ်...မင်းရဲ့မိတ်ဆွေတွေ....ပြီးတော့ မင်းရဲ့အမေ...."

ဦးလေးယွမ်က စိုးရိမ်ပူပန်စွာ ပြောဆိုလိုက်၏။

မူလက အစဥ်အမြဲ မပြောင်းလဲခဲ့သော အောင်းချင်၏မျက်နှာအမူအယာသည် သူ၏မိခင်အကြောင်း ဖော်ပြလိုက်ချိန်၌ အနည်းငယ်လှုပ်ခတ်သွားသည်။

"ကျုပ် ပြန်မလိုက်ဘူး...ဒါပေမယ့် ဒီအခက်အခဲကို ခင်ဗျားတို့ဖြတ်ကျော်နိုင်ဖို့အတွက် ကူညီပေးနိုင်မယ့်တစ်စုံတစ်ခုကို သခင်ဆီကနေ ကျုပ် တောင်းပေးမယ်"

ထိုသို့ပြောဆိုပြီးနောက် အောင်းချင်သည် သိုင်းပညာခန်းမသို့ အလျှင်အမြန် ပြန်ပြေးခဲ့တော့သည်။

All Chapters