အခန်း (၁၆၁-၁၆၅)
Vol. 11 Ch. 161-165
Chapter 161
သိုင်းပညာခန်းမ၏နောက်၌...
ရီဖုန်းသည် ခွေးခြေခုံတစ်လုံးပေါ်၌ထိုင်နေကာ အလုပ်လုပ်နေသော ဝူယုံဟုန်တို့လူအိုကြီးသုံးယောက်နှင့် စကားစမြည်ပြောဆိုနေရင်း ပျင်းရိငြီးငွေ့လာသည်။
"ဟတ်ချိုး....ဟတ်ချိုး..."
ထိုအချိန်မှာပင် ရီဖုန်း၏ခြေထောက်အနီး၌ လဲလျောင်းနေသော ခွေးသည် အကြိမ်ပေါင်းများစွာ နှာချေလိုက်၏။
"ခွေးတစ်ကောင် နှာချေလာပြီဆိုရင်...ဒါက မိုးရွာတော့မယ်လို့ ဆိုလိုတာပဲ"
ရီဖုန်းသည် မသိမသာ သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏အတိတ်ဘဝမှ ရှေးဟောင်းဆိုရိုးစကားတစ်ခုကို ရေရွတ်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ထရပ်ပြီး သိုင်းပညာခန်းမအတွင်းသို့သွားကာ ထီးစုတ်ကိုရှာဖွေရန် အမှိုက်အတိုအစများကြား၌ မွှေနှောက်လိုက်၏။
"မင်းတို့သုံးယောက် ဒီထီးကိုယူသွားလိုက်...ဒါ့မှသာ မိုးတကယ်ရွာလာရင် မင်းတို့ ပြင်ဆင်ပြီးသားဖြစ်လိမ့်မယ်"
ရီဖုန်းသည် ထီးကို ဝူယုံဟုန်တို့သုံးယောက်ထံ ပစ်ပေးလေသည်။
"ဆရာကြီး..."
ဝူယုံဟုန်တို့သုံးယောက်သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။
အကယ်၍ သူတို့မှတ်မိသည်မှာ အမှန်ဖြစ်ပါက ဤထီးသည် ယခင်က နင်ရွှမ်းဝူချန်ထားခဲ့သည့် ဧကရာဇ်အဆင့်ရတနာများအနက်မှတစ်ခုဖြစ်ပေမည်။ ထိုအရာသည် ရွှမ်းဝူဂိုဏ်း၏အခြေခံအုတ်မြစ်ရတနာများအနက်မှ တစ်ခုလည်းဖြစ်သည်။
ဆရာကြီးသည် ယခုချိန်တွင် ထိုထီးကို သူတို့အား ပေးကမ်းနေသလော...
"ဆရာကြီး...ဒါက အရမ်းအဖိုးတန်တဲ့ ပစ္စည်းတစ်ခုလေ...ငါတို့ကို ဒီလောက်ထိ လက်လွယ်စပယ်ပေးတာ မသင့်တော်ဘူးထင်တယ်"
ဝူယုံဟုန်က ကိုးရိုးကားရားအမူအယာဖြင့် ပြောဆိုသည်။
"အဖိုးတန်ပစ္စည်းတစ်ခုလား"
ရီဖုန်းသည် မရယ်မောဘဲ မနေနိုင်တော့ချေ။
"ဒီလို စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ပစ္စည်းကို အဖိုးတန်ပစ္စည်းလို့ ဘယ်လိုလုပ်ပြီး ယူဆလို့ရမှာလဲ....ဒါက ကျိုးနေတဲ့ထီးတစ်လက်လေ...မင်းတို့က ငါ့ရဲ့ဝေယျာဝစ္စတွေကို ကူညီပြီးလုပ်ပေးနေမှတော့ မိုးရွာလာရင် ထီးတစ်လက်တော့ ရှိသင့်တယ်...ဒါက ဘာရေးကြီးခွင်ကျယ်လုပ်စရာ ကိစ္စမလို့လဲ"
"ဒါ...ဒါက ကျိုးပဲ့နေတဲ့ထီးတစ်လက်လား"
ဝူယုံဟုန်တို့သုံးယောက်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤသည်မှာ ဧကရာဇ်အဆင့် ရတနာတစ်ခုပင်။ သူတို့တစ်ယောက်ချင်းစီထံတွင် ထိုကဲ့သို့ပစ္စည်းတချို့ရှိနေသော်လည်း သူတို့သည် ထိုအရာများကို သိမ်းဆည်းထားကာ ထုတ်ဖော်အသုံးပြုသည်မှာလွန်စွာရှားပါးသည်။ သို့ရာတွင် ဆရာကြီး၏မျက်လုံးအတွင်း၌ ဤအရာသည် အသုံးမဝင်သောအမှိုက်တစ်စဖြစ်နေသလော။
သို့ရာတွင် သူတို့ တဖန်ပြန်၍စဥ်းစားကြည့်ချိန်တွင် သူတို့ မြေယာခုတ်ထွင်ရှင်းလင်းရာတွင် အသုံးပြုနေသော ပစ္စည်းကိရိယာများသည်ပင် သူတော်စင်အဆင့်ရတနာများဖြစ်သည်။ ဧကရာဇ်အဆင့်ရတနာများသည် ဆရာကြီးအတွက် အသေးအမွှားအရာများသာ ဖြစ်ပေမည်။
ရှေးဟောင်းဆိုရိုးစကား မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိုးကောင်းကင်ယံသည် တဖြည်းဖြည်းမှောင်မည်းလာလေပြီ။
မိုးသည် မကြာခင်ရွာချတော့မည့်ပုံရသည်။
ဆရာကြီးသည် အတွေးတစ်ချက်ဖြင့် မိုးရွာမည်ကို သိရှိနိုင်သဖြင့် ဝူယုံဟုန်သည် မမေးမြန်းဘဲမနေနိုင်တော့ချေ။
"ငါတို့ကို ထီးပေးပြီးတော့...ဆရာကြီးက ဘာကိုသုံးမှာလဲ"
"ငါကလား..."
ရီဖုန်းက ပြုံးလိုက်သည်။ ဤအဖိုးအိုများသည် အလွန်နှစ်လိုဖွယ်ကောင်းပေ၏။
ဤသည်မှာ ကျိုးပဲ့နေသော ထီးတစ်လက်ပင်။ အကယ်၍ သူ ထီးတစ်လက် အမှန်တကယ်လိုအပ်ပါက မည်သည့်နေရာတွင်မဆို အသစ်တစ်လက်ကို လွယ်လင့်တကူ ဝယ်ယူနိုင်သည်။
ထို့ကြောင့် သူသည် အဖိုးအိုသုံးယောက်ကိုကြည့်ကာ အပြုံးနှင့်ပြောဆိုလိုက်သည်။
"ငါ့အတွက် ဘာမှစိတ်မပူပါနဲ့...ငါ ဒါကိုလိုအပ်ရင် ငါ့အတွက် အလိုလိုရှိလာလိမ့်မယ်"
"အလိုလို ရှိလာမှာလား"
အဖိုးအိုသုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ ဆရာကြီး၏စကားများတွင် သူတို့မဖမ်းဆုပ်နိုင်သည့် နက်ရှိုင်းသောအဓိပ္ပါယ်မျိုး ရှိနေသည်ကို သူတို့ ခံစားမိသည်။
သို့ရာတွင် ထိုအဓိပ္ပါယ်ကို သူတို့ သဘောမပေါက်နိုင်သဖြင့် သူတို့သည် ထပ်မံ၍စဥ်းစားတွေးတောခြင်း မပြုတော့ချေ။ သူတို့သည် အနည်းငယ်မဝံ့မရဲဖြင့် ထီးကိုလက်ခံလိုက်သည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
မှောင်မည်းနေသော မိုးကောင်းကင်ယံကိုကြည့်ပြီး ဆောင်းဦးရာသီဖြစ်နေသည့်တိုင် မိုးသည် အာမခံ၍မရကြောင်း သူတို့ သိရှိထားသည်။
ရီဖုန်းသည် အတွင်းသို့ အလျင်စလို ပြန်ဝင်သွားခြင်းမပြုချေ။ ထိုအစား သူ၏ဇီသာစွမ်းရည်အဆင့်ကို မြှင့်တင်နိုင်ရန်အတွက် သူ၏ဇီသာကို ထုတ်ယူလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤအဖိုးအိုသုံးယောက်နှင့် စကားစမြည်ပြောဆိုရင်း ဤနေရာတွင် ဇီသာတီးခတ်ပါက အကယ်၍ သူ ကောင်းမွန်စွာတီးခတ်နိုင်လျှင် ချီးမွမ်းမှုတချို့ကို ခံယူရနိုင်သည်။ ဤသည်မှာ သိုင်းပညာခန်းမအတွင်းရှိ နံရံကြီးကို သူ စိုက်ကြည့်ပြီး တီးခတ်နေသည်ထက် ပို၍ကောင်းမွန်မည်။
သူသည် အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် သူ၏အတိတ်ဘဝရှိ 'နှုတ်ဆက်ပွဲ'ဟူသောသီချင်းကို ဖြည်းညှင်းစွာ တီးခတ်လိုက်သည်။
ရီဖုန်း၏တေးသံ လေထုအတွင်း၌ ပြည့်နှက်သွားသည်နှင့် မြေယာခုတ်ထွင်ရှင်းလင်းနေသော ဝူယုံဟုန်တို့သုံးယောက်၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သူတို့၏စိတ်လှုပ်ရှားနေသောအကြည့်များကို ရီဖုန်း၏တေးသံက ဖမ်းစားနိုင်ခဲ့လေ၏။
"ဆရာကြီးရဲ့တေးသံမှာ...ပြင်းထန်တဲ့ အနုပညာစိတ်ဆန္ဒတွေ ပါဝင်နေတာပါလား"
ဝူယုံဟုန်တို့သုံးယောက်သည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် စူးစိုက်၍ကြည့်နေကြသည်။ သူတို့သည် ဂီတပညာရပ်အကြောင်းကို နားကန်းတစ်လုံးမျှ မသိရှိသည့်တိုင် ထိုတေးသွားအတွင်းမှ နက်နဲသိမ်မွေ့သောအဓိပ္ပါယ်ကို အာရုံခံမိသည်။
တစ်ချိန်တည်းမှာပင် မြေသြဇာများကိုသယ်ဆောင်နေသော လုသရှန်းသည် ဆတ်ခနဲရပ်တန့်သွားကာ ဟပ်ထိုးလဲကျသွားသည်။ သူ၏မျက်နှာသည် မိလ္လာကျင်းအတွင်းသို့ ကျလုဆဲဆဲ ဖြစ်သွားသည်ကိုပင် သူ ဂရုမစိုက်တော့ဘဲ သူ၏အကြည့်သည် ရီဖုန်းထံတွင်သာ အခိုင်အမာကျရောက်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် သူတို့ လုပ်ဆောင်နေသမျှ အရာအားလုံးကို ရပ်တန့်လိုက်ကြသည်။ သူတို့သည် ဂီတတေးသွားကို အနှောက်အယှက်ဖြစ်မည်အား ထိတ်လန့်ကြောက်ရွံကြသဖြင့် အသက်ပင်ပြင်းပြင်းမရှုဝံ့ဘဲ နေရာမှာပင် အတောင့်သား မတ်တတ်ရပ်နေကြသည်။
အချိန်အလွန့်အလွန် ကြာပြီးနောက်...
ဇီသာကြိုးများပေါ်ရှိ ရီဖုန်း၏လက်ချောင်းများ နောက်ဆုံး၌ ရပ်တန့်သွားသည်။
ဝူယုံဟုန်တို့လူစုသည် တေးသံ၏နောက်တွင် နစ်မြောနေဆဲဖြစ်ကာ သူတို့၏မျက်နှာများပေါ်၌ အကြွင်းမဲ့ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထိုတေးသံမှတဆင့် သူတို့၏ စိတ်အခြေအနေ သိုင်းပညာနည်းစနစ်များနှင့် တခြားအရာအားလုံးအပေါ် ကြီးမားသောထိုးထွင်းသိမြင်မှုများ ရရှိခဲ့သည်။
ဆရာကြီးသည် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းပေ၏။
သူတို့တစ်ယောက်ချင်းစီအတွက် သူတော်စင်အဆင့်ရတနာများသာမက သူတို့သည် ဧကရာဇ်အဆင့်ရတနာများ အနုပညာဆိုင်ရာထိုးထွင်းသိမြင်မှုများ အစရှိသဖြင့် အကျိုးကျေးဇူးများကိုလည်း ဆရာကြီးထံမှ ရံဖန်ရံခါရရှိခဲ့သည်။
ဝူယုံဟုန်တို့လူစု၏ဝမ်းမြောက်ဝမ်းသာဖြစ်နေမှုနှင့် နှိုင်းယှဥ်ပါက လုသရှန်းသည် အော်ဟစ်ငိုကြွေးမိလုနီးပါးပင်။
တခြားသူများသည် ဆရာကြီးအတွက် လွယ်ကူသောကိစ္စကိုလုပ်ဆောင်ပေးရုံဖြင့် ဆုလာဘ်မျိုးစုံကို ရရှိကြသည်။ သူသည် ခါးသည်းဆုံး ပင်ပန်းဆုံး ညစ်ပတ်ဆုံးဖြစ်သည့် မိလ္လာသယ်သည့်အလုပ်ကို တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်ခဲ့သော်လည်း မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ချေ။
ယနေ့ထိတိုင်ပင်.....
သူသည် နောက်ဆုံး၌ တလျှောက်လုံး အလုပ်လုပ်ခဲ့ခြင်းဖြင့် သေးငယ်သောဆုလာဘ်တစ်ခုကို ရရှိခဲ့လေပြီ။
သူ ဇွဲလုံလဖြင့် အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ခြင်းကြောင့် အောင်မြင်မှုဆီသို့ ဦးတည်နိုင်ခဲ့သည်။ သူ ငိုကြွေးမိလုမတတ် အလွန်စိတ်လှုပ်ရှားနေပေ၏။
"ဆရာကြီးရဲ့တေးသံက တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖို့ကောင်းတယ်..သီချင်းဆုံးသွားတာတောင် ငါတို့ရဲ့စိတ်နှလုံးသားထဲမှာ တမြေ့မြေ့ခံစားနေရတုန်းပဲ...ဒီသီချင်းထဲကို နစ်မြောမသွားအောင် ငါတို့ကိုယ်ငါတို့ မဟန့်တားနိုင်ခဲ့ဘူး"
"အမှန်ပဲ...ဆရာကြီးတီးခတ်တဲ့သီချင်းသံကို ကြားခွင့်ရတာက ငါတို့အတွက် အကြီးမားဆုံးကောင်းချီးတစ်ခုပဲ"
ဝူယုံဟုန်တို့သုံးယောက်သည် ရီဖုန်းကို ချီးမွမ်းစကားများ ပြောဆိုလိုက်ကြသည်။
"အခု...ငြိမ်ငြိမ်နေကြအုံး"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ကြွားဝါလိုခြင်းမရှိသော်လည်း သူ၏တီးခတ်မှုအပေါ် သူတို့၏အသိအမှတ်ပြုမှုသည် သူ့အား စိတ်ကျေနပ်မှုရရှိစေသည်။
"ဒင်...ဂုဏ်ပြုပါတယ်...မင်းရဲ့ဇီသာစွမ်းရည်က လောကပြိုင်ဘက်ကင်းနယ်ပယ်ကို ရောက်သွားပါပြီ"
ထိုအချိန်မှာပင် စနစ်၏အသံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသဖြင့် ရီဖုန်း အနည်းငယ် ဝမ်းသာပီတိဖြစ်သွားသည်။
သူ စဥ်ဆက်မပြတ်ကြိုးစားအားထုတ်ခဲ့ခြင်းသည် အချည်းနှီးမဖြစ်ခဲ့ချေ။ ရက်ပိုင်းများစွာကြာမြင့်သည်အထိ လေ့ကျင့်ပြီးနောက် သူ နောက်ဆုံး၌ အဆင့်တက်နိုင်ခဲ့လေပြီ။
နောက်ထပ်သီချင်းတချို့ကို တီးခတ်ရမည့်အချိန်ပင်။
ရီဖုန်းသည် နောက်ထပ် မည်သည့်သီချင်းအား တီးခတ်ရမည်ကို စဥ်းစားတွေးတောလိုက်၏
သို့သော် မကြာမီမှာပင် မိုးကောင်းကင်ယံကို ရုတ်တရက် နိမိတ်မကောင်းသည့် အငွေ့အသက်များက ထူထပ်သိပ်သည်းစွာ လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါများရှိသည့် လူရိပ်နှစ်ရိပ်က မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
မကြာမီမှာပင် သူတို့သည် သိုင်းပညာခန်းမ၏အထက်ကောင်းကင်ယံအတွင်း၌ လှည့်ပတ်၍ပျံသန်းနေလေ၏။
Chapter 162
"ဒီနေရာပဲ"
သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် အောက်ရှိ သိုင်းပညာခန်းမကိုငုံကြည့်၍ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အင်း..."
တခြားတစ်ယောက်က ခေါင်းညိတ်လိုက်သည်။
ဤလူနှစ်ယောက်သည် အနီရောင်နေမင်းမျိုးနွယ်စု၏နတ်ဆိုးဘိုးဘေးများဖြစ်သော ဖူတာအိုနှင့်ရှို့လော်တို့ပင်။
"မင်း ဘယ်လိုထင်လဲ"
နတ်ဆိုးဘိုးဘေးဖူတာအိုက မေးမြန်းသည်။
"ကြည့်ရတာတော့ တော်တော်လေး သာမာန်ဆန်တယ်"
နတ်ဆိုးဘိုးဘေးရှို့လော်၏နဖူးပေါ်ရှိ အနီရောင်နေမင်းအမှတ်အသား တဖျတ်ဖျတ်တောက်ပသွားကာ သူသည် ပတ်ဝန်းကျင်ကို အထူးဂရုစိုက်ပြီး လေ့လာဆန်းစစ်လိုက်၏။
ဤနေရာသည် အောင်းချင်းချိန် ကျရှုံးခဲ့ရသည့်နေရာဖြစ်သဖြင့် သူတို့နှစ်ယောက်သည် အခြေအနေကို လျှော့မတွက်ဝံ့သဖြင့် လွယ်လင့်တကူ ကမူးရှုးထိုးတိုးဝင်သွားမည်မဟုတ်ချေ။
"မဟုတ်ဘူး"
နတ်ဆိုးဘိုးဘေးရှို့လော်သည် ထပ်မံ၍ စုံစမ်းစစ်ဆေးပြီးနောက် သူ၏ယခင်အဆိုပြုချက်ကို ပြောင်းလဲလိုက်သည်။
"ဒီသိုင်းပညာခန်းမက တကယ့်ကို ထူးခြားနေတယ်...ချင်းချိန် ဒီနေရာမှာ ကျရှုံးသွားတာ အံ့အားသင့်စရာမရှိတော့ဘူး"
ထိုစကားကိုကြားချိန်တွင် ဖူတာအိုနတ်ဆိုးဘိုးဘေးသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူသည် နတ်ဆိုးဘိုးဘေးရှို့လော်ကြည့်နေသောနေရာသို့ဦးတည်၍ အလျှင်အမြန် တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် ထိုသိုင်းပညာခန်းမ၏နောက်ရှိ မြေရိုင်းပေါ်တွင် သာလွန်ထူးကဲသောအရှိန်အဝါများရှိနေသည်ကို သူ သတိပြုမိသွားသည်။
"လူသားသိုင်းဘိုးဘေးသုံးယောက်နဲ့ သိုင်းဧကရာဇ်တစ်ယောက်လား"
ဖူတာအိုက လေးလံသောအသံဖြင့် မေးမြန်းသည်။
"အမှန်ပဲ...အမှိုက်ကောင်အောင်းချင်လည်း အဲ့ဒီနေရာမှာ ရှိနေတယ်"
ရှို့လော်၏အကြည့်သည် သိုင်းဘိုးဘေးသုံးယောက်ထံတွင်သာ မကြာခဏ ရစ်ဝဲနေသည်။ သူသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသောလူငယ်နှင့် လိပ်ပြာများကိုဖမ်းဆီးနေသည့် ကျပ်မပြည့်ပုံရသော အနက်ရောင်ဝတ်ရုံဝတ်လူကိုမူ လုံးလုံးလျားလျား လျစ်လျှူရှုထားလေ၏။
"အဲ့ဒီသိုင်းဘိုးဘေးတွေနဲ့ သိုင်းဧကရာဇ်က ဘာလုပ်နေကြတာလဲ"
ဖူတာအိုက ထပ်မံ၍မေးမြန်းသည်။
"ငါ မသိဘူး...လူသားတွေက အမြဲတမ်းထူးထူးဆန်းဆန်းကိစ္စတွေကို လုပ်ကြတယ်...ဒါက အရေးမကြီးဘူး...ပိုပြီးအရေးကြီးတာက အခု ငါတို့ ဘာလုပ်သင့်သလဲဆိုတာပဲ"
ရှို့လော်က မျက်မှောင်ကြုတ်၍ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
သူသည် သေမျိုးနှစ်ယောက်နှင့်သိုင်းဧကရာဇ်တစ်ယောက်ကို လျစ်လျှူရှုထားနိုင်သော်လည်း သိုင်းဘိုးဘေးသုံးယောက်ကိုမူ သူ အလေးအနက်ထားရပေမည်။
"သူတို့က သိုင်းဘိုးဘေးသုံးယောက်ဆိုပေမယ့် သူတို့ရဲ့အရှိန်အဝါတွေအရကြည့်ရင် သူတို့သုံးယောက်လုံးက သိုင်းဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်မှာပဲရှိသေးတယ်.....ငါတို့နှစ်ယောက်က နတ်ဆိုးဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီ...ငါတို့ရဲ့ကျင့်ကြံဆင့်အခြေခံက ပိုပြီးမြင့်မားနေတာကို ထည့်မတွက်နဲ့အုံး....တကယ်လို့ နယ်ပယ်တူမှာရှိနေရင်တောင် တိုက်ခိုက်မှုစွမ်းအားမှာ ငါတို့နတ်ဆိုးသားရဲတွေက လူသားတွေထက် အများကြီးသာလွန်တယ်"
ဖူတာအို သေချာစွာ ဝေဖန်သုံးသပ်လိုက်သည်။
"ပြီးတော့ ငါတို့ဆီမှာ သူတော်စင်အဆင့်တစ်ဝက်ရတနာဖြစ်တဲ့ မိုးကောင်းကင်ပိတ်ဆို့ခြင်းထီးလည်းရှိနေတယ်"
"ဒါဆိုရင်..."
"ငါတို့က ဒီနေရာကို ရောက်နေမှတော့...အလဟဿခရီးထွက်လာတာမျိုးတော့ အဖြစ်မခံနိုင်ဘူး...အရင်ဆုံးတိုက်ခိုက်ပြီးတော့ သူတို့ကို လျှပ်စီးမိုးကြိုးရိုက်ချက်နဲ့ သတ်ကြရအောင်"
ဖူတာအိုသည် သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်၏။
ထိုစကားကိုကြားချိန်တွင် ရှို့လော်ကလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထီးနက်ကြီးတစ်လက်ကို ဆင့်ခေါ်လေသည်။ နတ်ဆိုးစွမ်းအားများ တလိမ့်လိမ့်ထလာခြင်းနှင့်အတူ ထီးနက်ကြီးသည် မိုးကောင်းကင်ယံအတွင်းသို့မျောလွင့်သွားကာ တဖြည်းဖြည်းပွင့်သွားသည်။
ထိုထီးနက်ကြီး ပွင့်သွားသော အချိန်အခိုက်အတန့်တွင် တလိပ်လိပ်ထနေသော အနက်ရောင်ချီလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်နေရာတဝိုက်နှင့် သိုင်းပညာခန်းမ၏အထက်ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။
"နေရာကို ချိပ်ပိတ်မယ်"
"ဖိနှိပ်စမ်း..."
ရှို့လော်က ထပ်မံ၍ အော်ဟစ်လိုက်သည်။
သူ၏အသံ ကျရောက်သွားခြင်းနှင့်အတူ ထီးနက်ကြီးသည် လျှင်မြန်စွာ ချာချာလည်သွားလေ၏။ မိုးကောင်းကင်ယံသည် မမြင်နိုင်သောစုပ်ဝဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရကာ ကြည်လင်သောအလင်းတိုင်လုံးအမြောက်အများ အောက်သို့ကျဆင်းလာပြီး သိုင်းပညာခန်းမကိုဗဟိုထား၍ ပတ်ဝန်းကျင်နေရာတဝိုက်ကို အပြည့်အဝ ချိပ်ပိတ်လိုက်သည်။
"ဟမ်..."
မြေယာခုတ်ထွင်ရှင်းလင်းနေသော ဝူယုံဟုန်တို့သုံးယောက်သည် ချက်ချင်းဆိုသလိုပင် သူတို့၏လက်ဝါးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
"ဒါက ဘာလဲ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့ထိတ်လန့်တုန်လှုပ်နေသည်နှင့်အတူ ထီးနက်ကြီးမှထွက်ပေါ်နေသည့် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားများကိုလည်း သတိပြုမိလေ၏။ ဤထီးနက်ကြီးသည် ပတ်ဝန်းကျင်ကို ချိပ်ပိတ်ထားရုံသာမက သူတို့၏ကျင့်ကြံဆင့်များကိုလည်း ဖိနှိပ်ထားသည်။
"ဒါက ဆရာကြီးကို ပြဿနာရှာဖို့လာတဲ့ နတ်ဆိုးဘိုးဘေးနှစ်ကောင်ပဲဖြစ်မယ်...ငါ မင်းတို့ကို သတ်မယ်"
စွန်းကျူးကဲသည် ချက်ချင်းဆိုသလိုပင် ဒေါသူပုန်ထသွားသည်။ ညင်သာစွာအော်ဟစ်လိုက်ခြင်းနှင့်အတူ သူ၏လက်အတွင်းရှိ ပေါက်ပြားကိုမြှောက်၍ မိုးကောင်းကင်ယံအတွင်းရှိ နတ်ဆိုးဘိုးဘေးနှစ်ကောင်ထံ တိုးဝင်သွားရန် ဟန်ပြင်လိုက်သည်။
"ငြိမ်ငြိမ်နေစမ်း"
သို့ရာတွင် ဝူယုံဟုန်သည် စွန်းကျူးကဲ၏ပခုံးကို ဖိနှိပ်ထားလေ၏။
"မင်း ဘာလုပ်တာလဲ"
စွန်းကျူးကဲက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"တကယ်လို့ မင်း ငါနဲ့အတူ မလှုပ်ရှားချင်ဘူးဆိုရင်လည်း အသာနေလေ...ဒါပေမယ့် မင်း ငါ့ကို ဘာလို့ဟန့်တားထားတာလဲ"
ဝူယုံဟုန်သည် တည်ကြည်လေးနက်သောအမူအယာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ ရီဖုန်းကို တစ်ချက်ကြည့်ပြီး တိုးညှင်းသောလေသံဖြင့် သတိပေးလေ၏။
"ဒါက ဆရာကြီးရဲ့ပိုင်နက်နယ်မြေ....အဲ့ဒီဥာဏ်မရှိတဲ့ နတ်ဆိုးသားရဲတွေ ပြဿနာလာရှာတာကို ဆရာကြီးရဲ့အစွမ်းအစနဲ့....သူတို့ရောက်လာတာကို မသိဘဲနေမယ်လို့ မင်း ထင်လား....ဒါပေမယ့် ဆရာကြီးက ခုထိ ဘာလှုပ်ရှားမှုတစ်ခုကိုမှ မလုပ်သေးဘူး...သူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့ ငါတို့က သူ့ရဲ့အမိန့်ကိုမရဘဲနဲ့ ငါတို့သဘောနဲ့ငါတို့ ဘယ်လိုလုပ်ပြီးတော့ လုပ်ဆောင်လို့ရမှာလဲ"
"ဒါက အဆင့်ကျော်သွားရာကျမှာ မဟုတ်ဘူးလား"
ထိုစကားကိုကြားချိန်တွင် စွန်းကျူးကဲသည် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ပတ်ဝန်းကျင်ကို သူ ဝေ့ဝိုက်၍ကြည့်လိုက်စဥ်တွင် ဆရာကြီးသည် သူ၏ဇီသာကို ကြိုးညှိနေဆဲဖြစ်ကာ ဆရာကြီး၏လက်အောက်ငယ်သားဖြစ်သော အနက်ရောင်ဝတ်ရုံဝတ်လူသည်လည်း လိပ်ပြာများကို ဆက်လက်၍ ဖမ်းဆီးနေဆဲပင်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် ဝူယုံဟုန်ကို ကျေးဇူးတင်စွာကြည့်ကာ သူ၏ပေါက်ပြားကို အောက်သို့ ပြန်ချလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် သူ၏ဇီသာကို ကြိုးညှိနေရင်း သူ မည်သည့်သီချင်းကို အာရုံစိုက်၍ လေ့ကျင့်ရမည်ကို စဥ်းစားတွေးတောနေသည်။ သူသည် အထက်မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေသော ပုံရိပ်နှစ်ခုကို လုံးလုံးလျားလျား သတိမပြုမိချေ။
မည်သို့ပင်ဆိုစေကာမူ ဤ'ဇီသာ'နှင့်ပတ်သတ်၍ သူ၏အရည်အချင်းကို မြှင့်တင်နိုင်ရန်အတွက် နည်းစနစ်လိုအပ်သည်။ အကယ်၍ သူသည် တူညီသောပုံစံရှိသည့် သီချင်းများကိုသာ အဆက်မပြတ်တီးခတ်နေပါက သူ၏ကျွမ်းကျင်မှုတိုးတက်လာရန်မှာ လွန်စွာနှေးကွေးသွားပေမည်။ သို့ရာတွင် အကယ်၍ သူသည် မြူးကြွခြင်း ဝမ်းနည်းကြေကွဲခြင်းစသဖြင့် တေးသွားပုံစံအမျိုးမျိုးကို မကြာခဏ ပြောင်းလဲ၍တီးခတ်ပါက သူ တစ်ဝက်ခန့် အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိနိုင်ပေမည်။
ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းရှိ နတ်ဆိုးဘိုးဘေးနှစ်ကောင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ကြည့်ရတာတော့ သိုင်းဘိုးဘေးသုံးယောက်က ငါတို့တွေးထားတာထက်တောင် အားနည်းတဲ့ပုံပဲ...ငါတို့ရဲ့ရည်ရွယ်ချက်က ဒီလောက်ထိ သိသာထင်ရှားနေတာကိုတောင်...သူတို့က ခုထိ မတုံ့ပြန်ရဲကြဘူး"
ရှို့လော်က အထင်အမြင်သေးစွာ ပြောဆိုသည်။
"သူတို့ရဲ့ကျင့်ကြံဆင့်တွေကို မိုးကောင်းကင်ပိတ်ဆို့ခြင်းထီးက တော်တော်များများ ဖိနှိပ်ထားတယ်"
ဖူတာအိုက ပြောဆိုလေ၏။
"ဒီလိုဆိုမှတော့ ငါတို့က အခွင့်ကောင်းကို ထပ်ပြီးမစောင့်သင့်တော့ဘူး"
ရှို့လော်က အေးစက်စက် ပြုံးလေသည်။ သူသည် နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ရန်အတွက် ဖူတာအိုနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
သူတို့သည် လက်စည်းတံဆိပ်များကို လျှင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။
သူတို့၏နဖူးများပေါ်ရှိ အနီရောင်နေမင်းအမှတ်အသားများမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် သိပ်သည်းသောစွမ်းအင်လုံးကြီးတစ်ခုသည် သူတို့တစ်ယောက်ချင်းစီ၏ရှေ့၌ သိပ်သည်းလာပေ၏။
ထိုစွမ်းအင်လုံးများ ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့၏ရုန့်ရင်းကြမ်းတမ်းသောအရှိန်အဝါများ လူးလွန့်နေသဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှ တုန်ခါသံများထွက်ပေါ်လာကာ ပုံပျက်စပြုလာသည်။
တစ်ချိန်တည်းမှာပင် ဝူယုံဟုန်တို့သုံးယောက်သည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါကို ခံစားမိလေ၏။ အေးစက်စက်ချွေးများက သူတို့၏နဖူးပြင်များမှ ယိုစီးကျလာသည်။ အထူးသဖြင့် ထိုစွမ်းအင်လုံးများသည် ကြီးမားသောဗုံးများအလား သူတို့၏ခေါင်းများထက်၌ ရစ်ဝဲနေသည်။
"ဆရာကြီးက ဘာလို့ ခုထိ တည်ငြိမ်နေတာလဲ"
နောက်ဆုံး၌ စွန်းကျူးကဲ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူသည် ချွေးများကိုသုတ်ရင်း တီးတိုးမေးမြန်းလိုက်၏။
"ဒါက အမှန်ပဲ...တကယ်လို့ ဆရာကြီးက လှုပ်ရှားမှုတစ်ခုမလုပ်သေးဘူးဆိုရင်...မကြာခင်မှာ အဲ့ဒီနတ်ဆိုးဘိုးဘေးနှစ်ကောင်က တိုက်ခိုက်တော့မယ်"
ချူးရှစ်ခွမ်း၏အသံတွင်လည်း စိုးရိမ်ကြောင့်ကြမှုများ ရောယှက်နေသည်။
"တည်တည်ငြိမ်ငြိမ် နေကြစမ်း"
ဝူယုံဟုန်က စိတ်ချလက်ချနေရန် ပြောဆိုသည်။
သို့ရာတွင် သူ၏စကားများနှင့်ဆန့်ကျင်ဘက်နိုင်စွာ သူ့နဖူးပြင်မှလည်း ချွေးများယိုစီးကျနေသည်။
ဆရာကြီး၏အမိန့်မရှိဘဲ သူတို့သည် မဆင်မခြင် မလှုပ်ရှားဝံ့ချေ။ ထို့ကြောင့် သူတို့သည် စောင့်ဆိုင်းနေရုံသာ တက်နိုင်တော့သည်။
"သေစမ်း..."
နောက်ထပ်အချိန်အခိုက်အတန့်တွင် အော်သံနှစ်သံက မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။ ရှို့လော်နှင့်ဖူတာအိုတို့သည် သူတို့၏စွမ်းအင်လုံးများကို အောက်သို့ တပြိုင်နက်တည်း တွန်းပို့လိုက်၏။
ထိုတိုက်ခိုက်မှု ရှေ့တိုးလာသည်နှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်လုံးရှိ ဖိအားအရှိန်အဝါ အလွန်အမင်းပြင်းထန်စပြုလာသည်။
စွမ်းအင်လုံးနှစ်လုံး မိုးကောင်းကင်ယံမှ ကျဆင်းလာကာ လေထု၏ခုခံတားဆီးမှုကို ခြေမွှဖျက်ဆီး၍ မြေပြင်ထံဦးတည်ကာ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူယုံဟုန်တို့လူစု၏မျက်လုံးအကြည့်များက ရီဖုန်းထံသို့ အခိုင်အမာ ကျရောက်သွားသည်။
သိသာထင်ရှားစွာဖြင့် ဤအစွမ်းထက်သော တိုက်ခိုက်မှုများအောက်တွင် သူတို့၏တည်ငြိမ်ဆေးဆေးမှုများကို ဆက်၍ထိန်းသိမ်းမထားနိုင်တော့ချေ။
Chapter 163
"ရပြီ"
ရီဖုန်းသည် နောက်ဆုံး၌ သူ၏ပေါင်ကိုရိုက်ပုတ်ကာ စတင်လှုပ်ရှားလိုက်သည်။
'အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်း'
သီချင်းသည် သူ၏ဇီသာအသေးစားဖြင့် တီးခတ်ရန်အတွက် မသင့်တော်သော်လည်း သူ၏ဇီသာစွမ်းရည်ကို တိုးတက်စေသရွေ့ မည်သူကို ဂရုစိုက်နေရမည်နည်း။
ရီဖုန်း စတင်လှုပ်ရှားလာသည်ကိုကြည့်ပြီး ဝူယုံဟုန်တို့လူစုသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သူတို့၏ကဆုန်စိုင်းခုန်ပေါက်နေသော စိတ်နှလုံးသားများ တည်ငြိမ်သွားသည်။
သို့ရာတွင်...
ရီဖုန်းသည် သူ၏စွမ်းအားများကို ထုတ်ဖော်အသုံးပြု၍ ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်ကို အမြစ်ပြတ်သုတ်သင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ရီဖုန်းသည် တိုက်ခိုက်မှုကိုပြုလုပ်ခြင်းမရှိဘဲ သူ၏ထူးဆန်းသော ဂီတတူရိယာကို တဖန်ပြန်၍ကောက်ကိုင်လိုက်သည်ကို သူတို့ မြင်တွေ့မိလေ၏။
"ငါ မင်းတို့ကို နောက်ထပ်သီချင်းတစ်ပုဒ် တီးခတ်ပြမယ်"
ရီဖုန်းက ပေါ့ပေါ့ပါးပါးလေသံနှင့် ပြောဆိုသည်။
ရီဖုန်း၏စကားများသည် စိတ်သက်သာရာရစေသော်လည်း ဝူယုံဟုန်တို့လူစုသည် အနည်းငယ်မျှပင် စိတ်သက်သာရာရမသွားဘဲ သူတို့၏စိတ်နှလုံးသားများ တဖန်ပြန်၍လေးလံသွားသည်။
'ဆရာကြီးက ဘာလို့ အခုထိ တည်ငြိမ်နေတာလဲ'
သူတို့သုံးယောက်လုံး ထိတ်လန့်ကာ တုန်လှုပ်ချောက်ချားနေသည်။
အကြောင်းအရင်းမှာ ဆရာကြီး မည်မျှပင် အမှုမထားစေကာမူ ဤသည်မှာ နတ်ဆိုးဘိုးဘေးနှစ်ကောင်၏တိုက်ခိုက်မှုပင်။ အကယ်၍ ဆရာကြီးသည် အလေးအနက်မထားပါက ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင် သူတို့ကိုတိုက်ခိုက်ရန် ခွင့်ပြုလိုက်သည်နှင့် တူညီသွားသည်မဟုတ်လော....
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ခိုက်မှုသာ အမှန်တကယ်ကျရောက်လာပါက ဆရာကြီးသည် ထိခိုက်နာကျင်မှု ရှိမည်မဟုတ်သည့်တိုင် သူတို့အတွက် ဘေးအန္တရာယ်ကြီးဖြစ်သွားပေမည်။
ဝူယုံဟုန်တို့သုံးယောက်၏ခန္ဓာကိုယ်များမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာကာ သူတို့သည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ ရီဖုန်းကိုမေးမြန်းရန် ဟန်ပြင်လိုက်ကြ၏။
ထန်....
သို့ရာတွင် သူတို့၏စကားသံ ထွက်မသွားသေးမီမှာပင် ရီဖုန်းက ဇီသာကြိုးများကို တီးခတ်နေလေပြီ။ ကြိုးများတုန်ခါနေခြင်းနှင့်အတူ သူ၏အတိတ်ဘဝတွင် နာမည်ကျော်ကြားသောသီချင်းဖြစ်သည့်
'အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်း'
သီချင်းသံက တဖြည်းဖြည်း ပျံ့လွင့်လာသည်။
ရုတ်ချည်းဆိုသလိုပင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ပျံ့နှံ့လာကာ လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဤလေဟာနယ်တစ်ခုလုံးသည် စစ်မြေပြင်တစ်ခုသို့ ရောက်ရှိသွားသည့်အလား လူများအားလုံးကို နေမထိထိုင်သာဖြစ်မှုအား ခံစားရစေသည်။
ကြိုးများလှုပ်ခတ်လာသည်နှင့် တစ်ချိန်တည်းမှာပင် မမြင်နိုင်သောလှိုင်းဂယက်များက မိုးကောင်းကင်ယံအတွင်းသို့ ပျံ့နှံ့သွားလေ၏။
"ဝှစ်...."
ရုတ်ချည်းဆိုသလိုပင် စွမ်းအင်လုံးနှစ်လုံးမှနေ၍ လှိုင်းတစ်လှိုင်းပင် ဖြာထွက်လာခြင်းမရှိဘဲ ထိုအရာသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့သည့်အလား မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပျက်ပြယ်သွားသည်။
"ဟူး...."
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူယုံဟုန်တို့သုံးယောက်သည် အလွန်အမင်းစိတ်လှုပ်ရှားသွားကာ ကျောက်တိုင်ကြီးများအလား နေရာမှာပင် ကြက်သေသေနေတော့သည်။ သူတို့သည် ပင့်သက်ရှိုက်လိုက်ကြကာ သူတို့၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
လုသရှန်းသည် ပို၍ပင်ထိတ်လန့်တုန်လှုပ်နေကာ မိလ္လာကျင်းအတွင်းသို့ ကျသွားလေ၏။ သူသည် သူ့ရှေ့ရှိအံ့ချီးဖွယ်မြင်ကွင်းကို ပြူးကျယ်သောမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်နေကာ သူ၏ဆိုးရွားစုတ်ပြတ်နေသော အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ချေ။
ဤကဲ့သို့ အစွမ်းထက်သော တိုက်ခိုက်မှုမျိုးကို....
အမှန်တကယ်ကိုပင်...
ဂီတသင်္ကေတတစ်ခုဖြင့် လွယ်လင့်တကူ ချေဖျက်သွားနိုင်ခဲ့သလော.....
ဤကဲ့သို့ ပြုလုပ်နိုင်ရန် မည်ကဲ့သို့ ပြိုင်ဘက်ကင်းနည်းလမ်းမျိုး...မည်ကဲ့သို့ မိုးထိမြင့်မားသောကျင့်ကြံဆင့်နယ်ပယ်မျိုး လိုအပ်သနည်း....
ရီဖုန်းသည် အသေးအမွှားကိစ္စတစ်ခုကို ပြုလုပ်ခဲ့သည့်အလား နောက်မှီကုလားထိုင်ပေါ်၌ တဖန်ပြန်၍လဲလျောင်းနေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှို့လော်နှင့်ဖူတာအိုတို့၏ခန္ဓာကိုယ်များမှ အေးစက်စက်ချွေးများ ယိုစီးကျလာကာ ထိတ်လန့်ကြောက်ရွံမှုများက သူတို့၏စိတ်နှလုံးသားများအတွင်း၌ ပျံ့နှံ့သွားသည်။
သူတို့သည် စိုးစဥ်းမျှ မယုံကြည်နိုင်သောအကြည့်ဖြင့် နောက်မှီကုလားထိုင်ပေါ်ရှိလူငယ်ကို ကြည့်လိုက်ကြ၏။
ယခုချိန်မှာသာ ဤသိုင်းပညာခန်းမ၌ အစွမ်းထက်ဆုံးလူသားသည် သူတို့မြင်တွေ့နေရသော သိုင်းဘိုးဘေးသုံးယောက်မဟုတ်ဘဲ နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသည့် သာမာန်အဆန်ဆုံး လူငယ်ဖြစ်နေကြောင်း သူတို့ သိရှိသွားလေပြီ။
ဤကဲ့သို့ပြိုင်ဘက်ကင်းနည်းစနစ်ကြောင့် သူတို့နှစ်ယောက်၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
အကြောင်းအရင်းမှာ သူတို့သည် အဆင့်တူအတွင်း၌ ရှိမနေသောကြောင့်ပင်။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဤနေရာမှ ထွက်ခွာသွားရန်အတွက် ကောင်းကင်ပိတ်ဆို့ခြင်းထီးကို ပြန်ရုတ်သိမ်းရန် ဟန်ပြင်လိုက်ကြသည်။
သို့ရာတွင် နောက်ထပ်ဂီတသင်္ကေတတစ်ခုသည် ရီဖုန်း၏ဇီသာမှ ပျံ့လွင့်လာကာ ရှို့လော်နှင့်ဝူတာအိုတို့ကို လွှမ်းခြုံသွားသည်။
သူတို့နှစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤစွမ်းအားအောက်တွင် သူတို့၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေကာ သူတို့သည် မည်ကဲ့သို့ ခုခံရမည်ကို မတွေးတောနိုင်ကြတော့ချေ။
ရုတ်ချည်းဆိုသလိုပင်.....
မမြင်နိုင်သောအားလှိုင်းတစ်ရပ် ဖြတ်သန်းသွားခြင်းနှင့်အတူ...
အနီရောင်နေမင်းမျိုးနွယ်စု၏ နတ်ဆိုးဘိုးဘေးနှစ်ကောင်သည် ဤနေရာသို့ ရောက်မလာခဲ့သည့်အလား မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပျက်ပြယ်သွားတော့သည်။
မိုးကောင်းကင်ယံအတွင်း၌ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားလေပြီ။
လေထုအတွင်းမှ တဖြည်းဖြည်း အောက်သို့လျှောကျလာသည့် ပိုင်ရှင်မဲ့သွားသော ထီးနက်ကြီးသာ ကျန်ရှိတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
ဝူယုံဟုန်တို့သုံးယောက်သည် ကြက်သေသေနေလေ၏။
ဆရာကြီး၏စွမ်းအားသည် အလွန်နက်နဲသိမ်မွေ့သည်ကို သူတို့သိရှိထားကြသော်လည်း ယခင်က ဤကဲ့သို့ ကွက်ကွက်ကွင်းကွင်း ခံစားခဲ့ရဖူးခြင်းမရှိချေ။
နတ်ဆိုးဘိုးဘေးနှစ်ကောင်...
နန်ရှားနယ်မြေအတွင်း၌ အစဥ်အမြဲမောက်မာရိုင်းစိုင်းနေသော နတ်ဆိုးဘိုးဘေးများကို မည်သူက လွယ်လင့်တကူ သတ်ဖြတ်နိုင်မည်နည်း....
"ဟူး..."
သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပင့်သက်ရှိုက်လိုက်ကြပြီး သူတို့အားလုံး၏မျက်လုံးများအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အံ့အားသင့်စရာ မရှိတော့ချေ။
ဆရာကြီးသည် ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် အလေးအနက်မထားသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
ယခုချိန်၌ ထိုအကြောင်းကို ပြန်လည်တွေးတောမိချိန်တွင် အလွန်စိတ်မရှည်ဖြစ်ခဲ့သည်မှာ သူတို့သာဖြစ်ပေ၏။
နောက်ဆုံး၌....
အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်းသီချင်းကို ရီဖုန်းသည် တီးခတ်၍ပြီးစီးသွားလေပြီ။
သူ၏ဇီသာသည် ဤသီချင်းမျိုးကို တီးခတ်ရန်အတွက် မသင့်တော်သော်လည်း ခြုံငုံကြည့်ပါက သူ၏ခံစားချက်များ မဆိုးလှသဖြင့် ရီဖုန်း အလွန်စိတ်ကျေနပ်သွားသည်။
သူသည် အပြုံးနှင့် ဝူယုံဟုန်တို့သုံးယောက်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
သို့ရာတွင် သူတို့သည် မိန်းမောတွေဝေနေသည့်အလား ကြောင်စီစီဖြင့် မတ်တတ်ရပ်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
ရီဖုန်း၏အကြည့်ကို အာရုံခံမိသဖြင့် ဝူယုံဟုန်တို့သည် အလျှင်အမြန် အသိပြန်ဝင်လာကြကာ စိတ်ပါလက်ပါ ချီးမွမ်းပြောဆိုလိုက်ကြသည်။
"ဆရာကြီးရဲ့ကြီးကျယ်ခမ်းနားမှုကို ငါတို့က အရမ်းရိုသေပြီးတော့ လေးစားကြည်ညိုမိတယ်"
"ဆရာကြီးရဲ့ဒီနေ့အပြုအမူက ငါတို့ကို အများကြီး အမြင်ကျယ်သွားစေခဲ့တယ်"
ထိုချီးမွမ်းစကားများကိုကြားချိန်၌ ရီဖုန်းသည် မပြုံးဘဲမနေနိုင်တော့ချေ။
ဤသည်မှာ သီချင်းလေးတစ်ပုဒ်သာဖြစ်သော်လည်း သူတို့သည် ဤမျှထိ မြှောက်ပင့်ချီးမွမ်းနေကြလေ၏။
သို့ရာတွင် သူ နားလည်သဘောပေါက်နိုင်သည်။ သူ၏ထိပ်သီးဇီသာစွမ်းရည်သည် စနစ်မှတဆင့် ကျင့်ကြံထားသည့်ကိစ္စကို ထည့်မတွက်လျှင်ပင် အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်း သီချင်းသက်သက်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းလှ၏။
ဤသည်မှာ သူ၏မွေးရပ်မြေမှ နှစ်ငါးထောင်ကျော်ကြာ တည်တံ့ခဲ့သော ယဥ်ကျေးမှုရိုးရာအမွေအနှစ်ပင်။
"ဘာကိစ္စကြီးမှ မဟုတ်ပါဘူး...စိတ်အေးအေးထားကြပါ"
ရီဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် အလွန်ဂုဏ်ယူဝင့်ကြွားနေသော်လည်း နှိမ့်ချသည့်အနေဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြကာ ရယ်မောလိုက်၏။
Chapter 164
"ဒါက ကိစ္စကြီးတစ်ရပ်မဟုတ်ဘူးလား"
ဝူယုံဟုန်တို့သုံးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏လျှာများကို ကိုက်လိုက်ကြ၏။
မြို့တစ်မြို့ကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားမျိုးရှိသည့် နတ်ဆိုးဘိုးဘေးနှစ်ကောင်သည် ဆရာကြီးရီအတွက် အသေးအဖွဲသာဖြစ်နေသည်။
ဖြစ်နိုင်သည်မှာ ဆရာကြီးတစ်ယောက်တည်းကသာ ဤကဲ့သို့စကားမျိုးကို ပြောဆိုနိုင်ပေမည်။
ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်နှင့်နှိုင်းယှဥ်ပါက သူတို့၏ခွန်အားသည် များစွာပို၍အားနည်းသည်။ သို့ရာတွင် ယခုချိန်၌ သူတို့သည် ဆရာကြီးနှင့် တန်းတူပြောဆိုဆက်ဆံနိုင်ပြီး သူ့အတွက် အလုပ်လုပ်ကိုင်ပေးနိုင်ခဲ့သည်။ ဤသည်မှာ သူတို့၏အတိတ်ဘဝတွင် စုဆောင်းခဲ့သည့် ကောင်းမှုကုသိုလ်များကြောင့် ကြီးကျယ်ခမ်းနားသော ကောင်းချီးပေးမှုကို ရရှိခြင်းပင်။
ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ လေစတင်တိုက်ခတ်လာသည်။
မိုးပေါက်များသည် တစတစ စတင်၍ကျဆင်းလာပေ၏။
ရီဖုန်းသည် သူ၏လက်ကိုဖြန့်၍ ရှေ့သို့ဆန့်တန်းကာ သူ၏လက်ဝါးအတွင်းရှိ မိုးရေစက်များကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
"မိုး တကယ်ရွာလာပြီပဲ"
ထိုအသံထွက်ပေါ်လာသည်နှင့်အတူ ထီးနက်ကြီးတစ်လက်သည် မိုးကောင်းကင်ယံအတွင်းမှ ကျဆင်းလာကာ ရီဖုန်း၏လက်အတွင်းသို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။
"အမ်..."
"ဒီထီးနက်ကြီးက ဘယ်နေရာကနေ ရောက်လာတာလဲ"
ထိုထီးကိုမြင်တွေ့ချိန်တွင် ရီဖုန်းသည် ဇဝေဇဝါဖြစ်သွားကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
ဤှအရာသည် လေတိုက်ခိုက်မှုကြောင့် လွင့်လာခြင်းဖြစ်မည်ဟု သူ တွေးတောမိသည်။
ရီဖုန်းသည် သူ၏ကံကောင်းမှုကြီးကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ သူသည် အစောပိုင်းက ထီးတစ်လက် လိုအပ်သကဲ့သို့ဖြစ်ခဲ့ကာ လေတိုက်ခတ်ခြင်းနှင့်အတူ သူ့ထံသို့ ထီးတစ်လက် လွင့်လာခဲ့သည်။ ဤသည်မှာ သူ့အား ထီးတစ်လက်ဝယ်ယူရမည့်ဒုက္ခကို သက်သာသွားစေခဲ့သည်။
သူသည် ဝူယုံဟုန်တို့လူစုကို ရွှတ်နောက်နောက်မပြောဘဲ မနေနိုင်တော့ချေ။
"ကြည့်လိုက်အုံး...ထီးတစ်လက်က ဘာမှမဟုတ်ဘူးလို့ ငါ မင်းတို့ကို ပြောခဲ့တယ်မလား...ဒါက ငါ လိုအပ်တဲ့အချိန်မှာ ရောက်လာခဲ့တယ်"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစုသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဆရာကြီး၏အဓိပ္ပါယ်ပြည့်ဝသော စကားလုံးများကို ပြန်ပြောင်းသတိရမိကာ သူတို့သည် နောက်ဆုံး၌ ထိုစကားများ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားသည်။
ကြည့်ရသည်မှာ နတ်ဆိုးဘိုးဘေးနှစ်ယောက် ရောက်မလာမီကတည်းက ဆရာကြီးသည် ရှေ့ဆက်၍ မည်သည့်ကိစ္စများဖြစ်လာမည်ကို သိရှိပြီးဖြစ်ပေမည်။
ဤှသည်မှာ မိုးကောင်းကင်၏လျှို့ဝှက်ချက်များကို ကြိုတင်ခန့်မှန်းနိုင်သော စွမ်းရည်တစ်ခုဖြစ်လေရာ သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"မိုးရွာနေပြီ...သိုင်းပညာခန်းမထဲကိုဝင်ပြီးတော့ ခဏလောက်ထိုင်ကြစို့"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ဟုတ်ကဲ့"
ဝူယုံဟုန်တို့သုံးယောက်သည် အလျှင်အမြန် သဘောတူညီလိုက်ကြ၏။
သူတို့သည် သူတို့၏ထီးများကိုဖွင့်၍ ကိုင်ဆောင်ကာ သိုင်းပညာခန်းမထံဦးတည်၍ လျှောက်လှမ်းခဲ့ကြသည်။
ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးနောက် သူတို့သည် မိလ္လာကျင်းနံဘေးတွင် မတ်တတ်ရပ်နေကာ သူတို့ကို မျှော်လင့်စောင့်စားသောအကြည့်ဖြင့်ကြည့်နေပြီး သူ၏မျက်လုံးအတွင်း၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များရှိနေသော လုသရှန်းကို တွေ့မြင်မိသည်။
"မင်း...."
ရီဖုန်းသည် သူ့အား အတူလိုက်ခဲ့ရန် ဖိတ်ခေါ်တော့မည့်အချိန်မှာပင် သူ၏မစင်များပေကျံနေသော ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ထိုအတွေးကို သူ ပြန်ရုတ်သိမ်းလိုက်၏။
အချိန်တခဏခန့် တွေဝေတုံ့ဆိုင်းပြီးနောက် သူသည် သူ၏အင်္ကျီလက်ကြားမှ ရွှေပြားဆယ်ပြားကိုထုတ်ယူကာ သူ၏နှာခေါင်းကိုပိတ်၍ လုသရှန်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လုသရှန်း၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်း ဒီနေရာမှာပဲနေပြီးတော့ မိုးရေတွေနဲ့ မင်းကိုယ်မင်း ဆေးကြောသန့်စင်လိုက်အုံး"
ရီဖုန်းက အားတောင့်အားနာအမူအယာဖြင့် ပြောဆိုသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ကို ဆန့်တန်းလိုက်၏။
"ဒါက မင်းအတွက် နစ်နာကြေးပဲ"
"နစ်နာကြေးလား"
ထိုစကားကိုကြားချိန်တွင် လုသရှန်းက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏မျှော်လင့်တကြီးအကြည့်အောက်တွင် ရီဖုန်းသည် သူ၏လက်အတွင်းသို့ ရွှေပြားဆယ်ပြားကို ထည့်ပေးလေသည်။
ဘာ....
ထိုရွှေပြားဆယ်ပြားကိုကြည့်ပြီး လုသရှန်းသည် ငိုကြွေးမိတော့လုမတတ်ပင်။ သူ၏မျက်နှာအမူအယာ မျိုးစုံပြောင်းလဲသွားပေ၏။
သူတို့သည် နစ်နာကြေးအကြောင်းကို ပြောဆိုနေသည်မဟုတ်လော။ ဤသည်မှာ မည်သည်ကြောင့် ရွှေပြားဆယ်ပြားသာ ဖြစ်နေသနည်း။
တခြားသူများကို ပေးသောပစ္စည်းများသည် ရတနာများဖြစ်နေခဲ့သော်လည်း သူ့ထံသို့ ရောက်ရှိလာသည်မှာ မည်သည်ကြောင့် သောက်ချေးရွှေပြားဆယ်ပြား ဖြစ်နေသနည်း။
သူ အလွန်ဒေါသထွက်နေစဥ်တွင် ရီဖုန်းသည် သူ၏အတွေးများကို အာရုံခံမိပုံဖြင့် ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ထံတွင် ငွေကြေးများရှိနေသော်လည်း နစ်နာကြေးအဖြစ် ရွှေပြားဆယ်ပြားကိုပေးသည်မှာ အလွန်များပြားသောပမာဏပင်။ ဤလုသရှန်းသည် အမှန်တကယ်ကိုပင် လောဘကြီးကာ ဆင်တစ်ကောင်လုံးကို မျိုချရန် ကြိုးစားနေသလော...
သူ၏လေသံတွင် ညင်သာမှုအနည်းငယ်လျော့ပါးသွားကာ သူက မေးမြန်းလိုက်၏။
"မင်းမှာ ကန့်ကွက်ချင်တာတစ်ခုခု ရှိနေလား"
ဤမေးခွန်းသည်...
လုသရှန်းကို သူ၏ပါးစပ်အတွင်းရှိစကားလုံးများကို ပြန်မျိုသိပ်သွားစေခဲ့သည်။
အစောပိုင်းက ဤလူ၏တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို ပြန်အမှတ်ရမိချိန်တွင် သူ မည်သည့်ကန့်ကွက်မှုမျိုးကိုမျှ မပြုလုပ်ဝံ့ချေ။ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းခြင်းများရှိနေကာ နာခံရို့ကျိုးစွာဖြင့် သူ၏ခေါင်းကိုခါယမ်းပြရုံသာ တတ်နိုင်တော့သည်။
မိုးသည် တဖြည်းဖြည်း ပို၍သည်းထန်လာသည်။
လုသရှန်း၏မျက်နှာပေါ်တွင် ရေစက်များဖြင့် ဖုံးလွှမ်းနေသည်။ ထိုရေစက်များသည် မိုးရေစက်များအားလုံး ဖြစ်နေသလော သို့မဟုတ် သူ၏မျက်ရည်တချို့ ရောယှက်နေသလော ဟူသည်မှာမူ မသေချာချေ။
.....
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်အတွင်း၌.....
အောင်းပိုင်ဖုန်းတို့သည် တည်ကြည်လေးနက်သောမျက်နှာအမူအယာများဖြင့် အနီရောင်နေမင်းမျိုးနွယ်စု၏ပင်မခန်းမအတွင်း၌ ထိုင်နေကာ မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။
ခန်းမအတွင်းရှိ အငွေ့အသက်သည် အလွန်စိတ်ဓာတ်ကျဆင်းဖွယ်ရာပင်။
အောင်းချင်းချိန်သည် သူမ၏ရုပ်ခန္ဓာကိုယ်ကြောင့် အထူးသီးသန့်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံနိုင်ခဲ့ပြီး သူမ၏ကျင့်ကြံဆင့် အလွန်လျှင်မြန်စွာ မြင့်တက်လာခြင်းဖြစ်ပေ၏။ သူမသည် နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ ခြေချနိုင်သည်နှင့် မျိုးနွယ်၏ဧကရီအသစ်ဖြစ်လာမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ယခုချိန်၌ ထိုကိစ္စသည် အောင်းချင်ကြောင့် ပျက်စီးသွားလေပြီ။
ဤှသည်မှာ အောင်းချင်းချိန်ကို သူမ၏ယခင်အားသာချက်များ ဆုံးရှုံးသွားစေသည်နှင့် တူညီပေ၏။ အကယ်၍ လျှို့ဝှက်နယ်မြေကိုဖွင့်နိုင်လျှင်ပင် သူမ နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်မှာ မသေချာတော့ချေ။
အောင်းချင်၏လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဤနှစ်ပေါင်းများစွာအတွင်းတွင် သူတို့၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အလဟဿဖြစ်သွားလေပြီ။
ထို့ပြင် သူတို့သည် ကောင်းကင်ဝါးမျိုဧကရာဇ်ဟူသော နံရံကြီးတစ်ခုနှင့်လည်း ဖီလာဆန့်ကျင်ရိုက်ခတ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် နတ်ဆိုးဘိုးဘေးနှစ်ကောင်ဖြစ်သော ရှို့လော်နှင့်ဖူတာအိုတို့်ထံမှ သတင်းကိုစောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်သည် အောင်းချင်ကိုအောင်မြင်စွာဖမ်းဆီးပြီး ပြန်ခေါ်လာနိုင်ရန် သူတို့အားလုံး မျှော်လင့်နေမိလေ၏။
ထိုမှသာ သူတို့သည် အောင်းချင်ကိုဖိအားပေး၍ အောင်းချင်းချိန်ကို ဗလက္ကာရပြုကျင့်ခဲ့မိကြောင်း မျိုးနွယ်တစ်ခုလုံး၏ရှေ့၌ ဝန်ခံခိုင်းရပေမည်။ လူထု၏ဖိအားဖြင့် တော်ဝင်မျိုးနွယ်အပေါ် ကြီးမားသောသက်ရောက်မှု ရှိသွားစေကာ ကောင်းကင်ဝါးမျိုဧကရာဇ်ကို သူတို့အား ဖြေရှင်းချက်တစ်ခုပေးရန် သို့မဟုတ် ကောင်းကင်ဝါးမျိုဧကရာဇ်နေရာကို တိုက်ရိုက်လက်လွှဲပေးရန် တောင်းဆိုနိုင်ပေလိမ့်မည်။
ဤသည်မှာ ယခုလက်ရှိချိန်တွင် သူတို့အတွက် အကျိုးရရှိနိုင်သည့် ဖြစ်နိုင်ချေရှိသော တန်ပြန်တိုက်ခိုက်မှုနည်းလမ်းပင်။
"အရှင်ပိုင်ဖုန်း ဘာမှမစိုးရိမ်ပါနဲ့...အရှင်ရှို့လော်နဲ့အရှင်ဖူတာအိုတို့ လှုပ်ရှားမှတော့...အမှိုက်ကောင်အောင်းချင်ကို ဖမ်းဖို့ဆိုတာ အရမ်းလွယ်ကူတဲ့ကိစ္စဖြစ်မှာ သေချာပေါက်ပဲ"
ထိုအချိန်မှာပင် အကြီးအကဲတစ်ယောက်က အောင်းပိုင်ဖုန်းကို ပြောဆိုသည်။
အောင်းပိုင်ဖုန်းက မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်လိုက်၏။
သူ ဤကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဘိုးဘေးနှစ်ကောင်၏လှုပ်ရှားမှုအောက်တွင် သိုင်းပညာခန်းမငယ်လေးတစ်ခုမှ အောင်းချင်ကို ဖမ်းဆီးရန်ကိစ္စသည် ကျရှုံးလိမ့်မည်မဟုတ်ချေ။
ထိုအချိန်မှာပင် အစေခံတစ်ယောက်သည် အသည်းအသန်ပြေးဝင်လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အရှင်ပိုင်ဖုန်း...သတင်းဆိုး....ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ"
"ဘာတွေဖြစ်နေတာလဲ"
အောင်းပိုင်ဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူသည်လည်း မကောင်းသောအတိတ်နမိတ်တစ်ခုကို ရရှိသည်။ သူသည် ထိုအစေခံကိုဖမ်းဆုပ်ကာ အသံနက်ကြီးဖြင့် မေးမြန်းလိုက်၏။
တစ်ချိန်တည်းမှာပင် ခန်းမအတွင်း၌ရှိနေသူများအားလုံး၏မျက်လုံးအကြည့်များသည်လည်း သူ့ထံသို့ ကျရောက်လာသည်။
Chapter 165
"သတင်းပို့ပါတယ်...အကြီးအကဲတွေအားလုံးကို သတင်းပို့ပါတယ်...နတ်ဆိုးဘိုးဘေးရှို့လော်နဲ့နတ်ဆိုးဘိုးဘေးဖူတာအိုတို့ရဲ့ ကံကြမ္မာကျောက်ပြားတွေ ကျိုးပဲ့သွားပြီ"
ထိုအစေခံက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။ ထိုသို့ပြောဆိုပြီးနောက် သူသည် တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
ဘာ.....
ထိုစကားတစ်ခွန်းဖြင့်ပင် ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
အောင်းပိုင်ဖုန်းအပါအဝင် တခြားသူများသည် တစ်ချိန်တည်းနီးပါး မတ်တတ်ထရပ်လိုက်ကြသည်။
ထိုအစွမ်းထက်သောတည်ရှိမှုကြီးများ၏ နံဘေးပတ်လည်တွင် ထိတ်လန့်ကြောက်ရွံဖွယ်အရှိန်အဝါများ လှည့်ပတ်နေသောကြောင့် ခန်းမတစ်ခုလုံးအတွင်း၌ ချက်ချင်းဆိုသလိုပင် အလွန်အမင်းဖိအားပြင်းထန်စပြုလာသည်။ မြောက်မြားစွာသောအရာဝတ္ထုများသည် အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲသွားကာ ကျင့်ကြံဆင့်အားနည်းသူတချို့သည် မတ်တတ်ပင် ထမရပ်နိုင်တော့ချေ။
နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ ရောက်ရှိသူတိုင်းသည် မျိုးနွယ်အတွင်း၌ သူတို့၏ကံကြမ္မာကျောက်ပြားများကို ချန်ထားခဲ့ရသည်။ ထို့ကြောင့် မျိုးနွယ်မှနေ၍ ပြင်ပသို့ထွက်ခွာသွားသောမျိုးနွယ်ဝင်များ၏သေရေးရှင်ရေးအခြေအနေကို အချိန်မရွေး သိရှိနိုင်သည်။
ထို့ကြောင့် ကံကြမ္မာကျောက်ပြား ကျိုးပဲ့သွားသည့်အချိန်တွင်.....
ထိုကံကြမ္မာကျောက်ပြား၏အရှင်သခင် သေကြေပျက်စီးသွားပြီဟု ဆိုလိုခြင်းပင်။
"ဘာလို့ ဒီလိုဖြစ်တာလဲ...ဘာလို့ ဒီလိုဖြစ်တာလဲ"
နောက်ဆုံး၌ အောင်းပိုင်ဖုန်းက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူ၏ရှေ့ရှိ အစေခံ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏နှလုံးသွေးများ ယိုစီးကျလုမတတ်ပင်။
တစ်ခုသိထားရမည်မှာ သူ၏အနီရောင်နေမင်းမျိုးနွယ်စုသည် အစွမ်းထက်သော်လည်း နတ်ဆိုးဘိုးဘေးများသည် ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားမျိုးရှိနေသဖြင့် တစ်ယောက်စီတိုင်းသည် မျိုးနွယ်စု၏ထောက်တိုင်ကြီးများဖြစ်သည်။ တစ်ချက်တည်းဖြင့် နတ်ဆိုးဘိုးဘေးနှစ်ကောင်ကို ဆုံးရှုံးလိုက်ရသည်မှာ....
ဤကဲ့သို့ ဆုံးရှုံးမှုမျိုး.....
ယခင်က အောင်းချင်းချိန် ဖြစ်ပျက်ခဲ့သည့်ကိစ္စသည်ပင် မပြောပလောက်တော့ချေ။
"အောင်းချင်...အောင်းချင်....ဒါတွေအားလုံးက အောင်းချင်ကြောင့်ပဲ"
အောင်းပိုင်ဖုန်းက အံ့တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အနီရောင်နေမင်းမျိုးနွယ်စုက နတ်ဆိုးဘိုးဘေးတွေအားလုံး နားထောင်ကြစမ်း...ငါတို့ အခုချက်ချင်း ချီတက်မယ်"
"အောင်းချင်ရဲ့အနားမှာရှိနေတာ ကျားလား နဂါးလားဆိုတာ ငါ သွားကြည့်ချင်တယ်"
"ဟုတ်ကဲ့"
ထိပ်သီးနတ်ဆိုးသားရဲများအားလုံး တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။
ထို့နောက် အောင်းပိုင်ဖုန်း၏ခြေဆောင့်သံတစ်ချက်နှင့်အတူ အစွမ်းထက်နတ်ဆိုးသားရဲနှစ်ဆယ်ကျော်သည် မိုးကောင်းကင်ယံ၌ပျံသန်းသွားသဖြင့် မြေပြင်ပေါ်၌ အရိပ်များထင်ဟပ်လာသည်။
ထိုအစွမ်းထက်နတ်ဆိုးသားရဲနှစ်ဆယ်ကျော်အကြားတွင်...
နတ်ဆိုးဘိုးဘေးခုနစ်ကောင်နှင့်နတ်ဆိုးဧကရာဇ်ဆယ်ကောင်ကျော် ရှိနေသည်။
ဤစုဖွဲ့မှုသည် နန်ရှားနယ်မြေအတွင်းရှိ အင်အားစုများအနက်မှအများစုကို ဖျက်ဆီးနိုင်ရန် လုံလောက်သည်။
သူတို့ဖြတ်သန်းသွားစဥ်တွင် လေဟာနယ်အတွင်း၌ ပြင်းထန်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများနှင့် ပြည့်နှက်နေပေ၏။ အကြွင်းမဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအောက်တွင် သူတို့နှင့် ကျန်းတစ်ရာပတ်ဝန်းကျင်ရှိ ကောင်းကင်ယံအတွင်း၌ ပျံသန်းနေသည့်ငှက်များအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ပင်ကျင်းမြို့....
တဖွဲဖွဲရွာသွန်းနေသောမိုး ရပ်တန့်သွားလေပြီ။
သို့ရာတွင် မိုးရွာပြီးနောက် မြေပြင်ပေါ်တွင် ရွှံဗွက်များကျန်ခဲ့သဖြင့် အလုပ်လုပ်ကိုင်ရန်အတွက် မကောင်းတော့ချေ။
ထို့ကြောင့် ရီဖုန်း ဝူယုံဟုန် ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် သိုင်းပညာခန်းမအတွင်း၌ ရောက်တက်ရာရာ စကားစမြည်ပြောဆိုနေကြသည်။ သူတို့စကားပြောဆိုနေစဥ်တွင် လုသရှန်းသည်လည်း အပြေးရောက်လာပေ၏။
ဤအချိန်တွင်....
သိုင်းပညာခန်းမအတွင်း၌ အလွန်အမင်း သက်ဝင်လှုပ်ရှားနေသည်။
"လူတိုင်း ဒီနေရာကိုရောက်နေမှတော့...ရာသီဥတုကလည်း နည်းနည်းအေးတယ်...ငါတို့ စွပ်ပြုတ်လုပ်စားကြမလား"
ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။
ရီဖုန်း အစားတစ်ခုပြုလုပ်လိုသည်ကိုကြားချိန်တွင် လူတိုင်း ဝမ်းသာပီတိဖြစ်သွားကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဒါပေမယ့် မင်းတို့ကောင်တွေ ငါ့ကို ကူလုပ်ရမယ်...ငါ တစ်ယောက်တည်းနဲ့ ဒါတွေကို သေချာပေါက်မကိုင်တွယ်နိုင်ဘူး"
ရီဖုန်းက ဖြည့်စွက်ပြောဆိုသည်။
"ဆရာကြီး...ငါတို့ဘာလုပ်ရမယ်ဆိုတာကို မင်း အမိန့်ပေးလိုက်ရုံပါပဲ"
သူတို့က ပျာပျာသလဲ ပြောဆိုလိုက်၏။
"ကောင်းပြီလေ...လူအိုကြီးဝူ....မင်းတို့သုံးယောက်က ငါ့ကိုကူညီပြီးတော့ အသားတွေကို ပြင်ဆင်ပေးရမယ်"
ရီဖုန်းက ရယ်မောပြီး ပြောဆိုသည်။ သူ မည်သည့်ဟင်းလျာအား ချက်ပြုတ်ရမည်ကို အနည်းငယ်မဆုံးဖြတ်နိုင်သေးချေ။
သူ သိုးကောင်လုံးကင်လိုသည့်အပြင် လင်းယုန်သားနှပ်ကိုလည်း ပြုလုပ်လိုပေ၏။
သို့ရာတွင် ဝံပုလွေသားစွပ်ပြုတ်ကိုပြုလုပ်သည်က ပို၍ကောင်းမွန်မည့်ပုံရသည်။
ထိုသို့တွေးတောပြီးနောက် သူ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။
သူ၏သိုလှောင်လက်စွပ်ကိုကြည့်ပြီး လူတိုင်းသည် ထိတ်လန့်တုန်လှုပ်ကာအံ့အားသင့်သွားသဖြင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤလက်စွပ်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး သာမာန်လက်စွပ်များနှင့်နှိုင်းယှဥ်၍မရသည်ကို သူတို့အားလုံးသိရှိသည်မှာ သိသာထင်ရှားလှ၏။
"ဟီး ဟီး...တော်တော်လေးကောင်းတဲ့ လက်စွပ်လေးလေ...ဟုတ်တယ်မလား"
ရီဖုန်းက ရယ်မောလိုက်သည်။
လူတိုင်း အလျှင်အမြန် ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏အကြည့်များသည် တောသားလူနုံများကဲ့သို့ဖြစ်နေကြောင်း နားလည်သဘောပေါက်မိသဖြင့် ရီဖုန်း၏နုတ်ခမ်းထောင့် တွန့်ကွေးသွားသည်။ ဤလက်စွပ်သည် သူ့အား ကျင့်ကြံသူများမှ ပေးခဲ့ခြင်းဖြစ်သဖြင့် မည်သို့ပင်ဆိုစေကာမူ သူတို့ကဲ့သို့ သာမာန်သေမျိုးများသည် ဤကဲ့သို့အရာတစ်ခုကို မည်သည်ကြောင့် မြင်တွေ့ဖူးမည်နည်း။
"မင်းတို့ကောင်တွေ ဘာစားချင်တယ်ဆိုတာကို ရွေးကြတော့"
ရီဖုန်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ အတွင်းရှိ သားရဲများအားလုံးကို တစ်ချက်တည်းဖြင့် သွန်ချလိုက်၏။
ကျားသစ်များ လင်းယုန်များ မြွေများ သမင်များစသဖြင့် သားရဲမျိုးစုံနီးပါးရှိနေပြီး ခြံဝန်းတစ်ခုလုံး ပြည့်နှက်လုနီးပါးဖြစ်သွားသည်။
ဤသည်ကြောင့် လူတိုင်း ကြက်သေသေသွားကာ သူတို့၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
"ဒါက လျှပ်စီးလင်းယုန်တစ်ကောင်ပဲ"
"ဒါက မြေအောင်းမြွေမဟုတ်လား"
"ဒါ...ဒါက မိုးပျံဝံပုလွေ..."
သူတို့အားလုံးသည် ရူးသွပ်သွားလုနီးပါး ထိတ်လန့်တုန်လှုပ်နေကြသည်။ အကြောင်းအရင်းမှာ ဤသားရဲများသည် အနိမ့်ဆုံး နတ်ဆိုးဝိညာဥ် သို့မဟုတ် နတ်ဆိုးဘုရင်အဆင့်တွင် ရှိနေခြင်းကြောင့်ပင်။ ရီဖုန်း ပြင်ဆင်မည့်အစားအစာသည် ရိုးရှင်းမည်မဟုတ်ဟု သူတို့ခန့်မှန်းမိသော်လည်း ဤမျှထိမယုံကြည်နိုင်ဖွယ်ရာဖြစ်နေမည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိချေ။
"အော်...ငါ့မှာ လိပ်တစ်ကောင်လည်း ရှိသေးတယ်"
ရီဖုန်းသည် လိပ်အိုကြီးကိုထုတ်ယူကာ ပြောဆိုသည်။
"ဒါပေမယ့် ဒီလိပ်ကတော့....မင်းတို့တွေ စွပ်ပြုတ်တစ်ဇွန်းစီပဲ မြည်းလို့ရမယ်...ငါက ဒါကို ငါ့ရဲ့တပည့်လေး အားဖြည့်ဖို့အတွက်အသုံးပြုဖို့လိုအပ်တယ်"
'နတ်ဆိုးသားရဲဧကရာဇ်လား..."
လိပ်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူတို့အားလုံး ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားကာ လုသရှန်း၏နောက်ကျောမှနေ၍ ချွေးများယိုစီးကျလာသည်။ အနည်းဆုံးအနေဖြင့် ဝူယုံဟုန်တို့သုံးယောက်သည် သိုင်းဘိုးဘေးများဖြစ်သော်လည်း သူသည် သိုင်းဧကရာဇ်နယ်ပယ်ကို ခြေချထားသည်မှာ မကြာသေးသည့် ဂျူနီယာလေးတစ်ယောက်ဖြစ်သည်။ နတ်ဆိုးဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်နေခဲ့ကြောင်း မည်သူမျှမသိနိုင်သည့် လိပ်တစ်ကောင်ကိုကြည့်ပြီး သူ အလွန်အမင်းဝိရောဓိဖြစ်သွားသည်။
သူ့ထက် များစွာသန်မာအားကောင်းသော တစ်စုံတစ်ရာသည် ဤအတိုင်း စားသောက်ခံရတော့မည်လော...
ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးပင်။
အလွန်ရက်ရောပေ၏။
သို့ရာတွင် တဖြည်းဖြည်းနှင့် သူတို့သည် ခံနိုင်ရည်တချို့ကို တည်ဆောက်နိုင်ခဲ့လေပြီ။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဘိုးဘေးများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သော တည်ရှိမှုကြီးသည် သူတို့နှင့်အတူ ချက်ပြုတ်စားသောက်မည်ဖြစ်သဖြင့် နတ်ဆိုးဝိညာဥ်အဆင့်များနှင့်နတ်ဆိုးဘုရင်များကို မည်သည်ကြောင့် သူတို့ အရေးစိုက်နေရမည်နည်း။
ထိုအစား သူတို့သည် စားပွဲသောက်ပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပေ၏။