အခန်း (၁၆၆-၁၇၀)
Vol. 12 Ch. 166-170
Chapter 166
"မင်းတို့ကောင်တွေ လိုချင်တဲ့ဘယ်အရာကိုမဆို ရွေးလို့ရတယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ ထိုသားရဲများကို လျှပ်စီးဖြစ်စေ မိုးပျံဖြစ်စေ မည်သို့ပင်ခေါ်နေစေကာမူ သူ ဂရုမစိုက်ချေ။ သူ၏အမြင်အရ ထိုသတ္တဝါများသည် တောရိုင်းတိရစ္ဆာန်များဖြစ်နေသရွေ့ ကောင်းမွန်သောဟင်းလျာများပင်။
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစုသည် နာခံရို့ကျိုးစွာ ခေါင်းညိတ်လိုက်ကြကာ စွပ်ပြုတ်လုပ်ရန်အတွက် လင်းယုန်တစ်ကောင်ကိုကောက်ယူပြီး ဝံပုလွေပေါင်သားတချို့ကိုကင်ရန်လည်း စီစဥ်လိုက်ကြ၏။
"ကောင်းပြီလေ...ဒီအတိုင်း ချက်ကြရအောင်"
ရီဖုန်းက လက်ခုပ်လက်ဝါးတီးကာ ပြောဆိုသည်။
"ငါက ဦးဆောင်ပြီးတော့ ချက်မယ်...မင်းတို့ကောင်တွေက အသားတွေကိုပြင်ဆင်တာတို့ ဟင်းရွက်လှီးတာတို့ကို လုပ်ကြတော့"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစုသည် ချက်ချင်းဆိုသလိုပင် သူတို့၏အင်္ကျီလက်များကို လိပ်တင်လိုက်ကြကာ လင်းယုန်နှင့်ဝံပုလွေတို့ကို စတင်၍ပြင်ဆင်လိုက်ကြသည်။
အထူးသဖြင့် ရီဖုန်းသည် သူ၏လက်များဖြင့် ကိုယ်တိုင်လုပ်နေသည်ကိုကြည့်ပြီး သူတို့သည် မည်သည့်စွမ်းအားကိုမျှ ထုတ်ဖော်အသုံးပြုဝံ့ခြင်းမရှိချေ။ သူတို့သည် သူတို့ကိုယ်သူတို့နှိမ့်ချကာ ရီဖုန်းနှင့်အတူ ဘဝ၏အတွေ့အကြုံကို ယူလိုက်ကြ၏။
ထို့နောက် သားရဲများကို ရေပွက်ပွက်ဆူအတွင်းသို့ထည့်၍ အမွှေးနှုတ်နေကြကာ လူတိုင်း ပျော်ရွှင်စွာဖြင့် အလုပ်များနေကြသည်။
"အော်...လူအိုကြီးချင်ရှန်း...မြို့ထဲကိုသွားပြီးတော့ ဆေးပင်တချို့ဝယ်ပေးပါအုံး...ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့လူအိုကြီးတွေရဲ့ လက်တွေခြေထောက်တွေက အိုမင်းနေပြီ....မင်းတို့က ဖြည့်စွက်စာတွေ ကောင်းကောင်းစားမှ မင်းတို့ရဲ့ခန္ဓာကိုယ်တွေအတွက် အားဖြည့်ပေးနိုင်လိမ့်မယ်"
ရီဖုန်းသည် လုချင်ရှန်းအား ရွှေပြားတချို့ကိုထုတ်ပေးကာ ဆေးပင်စာရင်းတစ်ခုကိုလည်းပေးလိုက်သည်။
"ကောင်းပြီလေ"
လုချင်ရှန်းသည် ရွှေပြားများကိုယူကာ ဆေးပင်များဝယ်ရန်အတွက် မြို့တွင်းသို့ အပြေးသွားလိုက်၏။
လူတိုင်း အလုပ်ရှုပ်နေစဥ်တွင် သားရဲအလောင်းပုံကြားမှနေ၍ ကင်းခြေမျှားတစ်ကောင်၏ခေါင်း ပြူထွက်လာသည်။ လင်းယုန်မွှေးများကိုနှုတ်နေသူများ၏ အရှိန်အဝါများကိုကြည့်ပြီး သူသည် ထိတ်လန့်သွားကာ သူ၏ခြေထောက်များပင် ကျိုးလုမတတ်ပင်။
ထို့နောက် သူ၏ခန္ဓာကိုယ်ကို မမြင်နိုင်သောအရွယ်အစားထိကျုံကာ ပုန်းအောင်းရန်အတွက် လှေကားထစ်များ၏အောက်သို့ တိတ်တဆိတ်တွားသွားလိုက်သည်။
မကြာမီမှာပင် လုချင်ရှန်းသည် ဆေးပင်များနှင့်အတူပြန်လာကာ ဝူယုံဟုန်တို့လူစုသည်လည်း လင်းယုန်နှင့်ဝံပုလွေတို့ကို ပြင်ဆင်ပြီးလေပြီ။
ရီဖုန်းသည် သူ၏ကျွမ်းကျင်မှုကို စတင်၍ဟန်ရေးပြလိုက်၏။ ပထမဆုံး သူသည် ဆေးပင်များနှင့် လိပ်စွပ်ပြုတ်ကို နှပ်လိုက်သည်။ ဝံပုလွေခြေထောက်များနှင့်လင်းယုန်စွပ်ပြုတ်တို့ကိုမူ ချက်ပြုတ်နေဆဲပင်။
လိပ်စွပ်ပြုတ် ချက်ပြုတ်ပြီးစီးလုနီးပါးဖြစ်သွားချိန်တွင် ဝူယုံဟုန်တို့လူစု၏မျက်လုံးများ တောက်ပသွားကာ သူတို့က မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။
"အိုး...ဘုရားရေ"
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် စကားပြောဆိုချိန်၌ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလုနီးပါးပင်။
အကြောင်းအရင်းမှာ ထိုလိပ်စွပ်ပြုတ်မှရနံ့ကို ရှုရှိုက်မိရုံသက်သက်ဖြင့် သူတို့၏ခွန်အားများ တိုးတက်လာသည်ကို ခံစားမိလေ၏။
သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကာ စကားမပြောဆိုနိုင်ကြတော့ချေ။
ဤှသည်မှာ မည်ကဲ့သို့မှော်နည်းစနစ်မျိုး ဖြစ်သနည်း...
ဤသည်မှာ ရှေးဟောင်းလိပ်နတ်ဆိုးဧကရာဇ်ဖြစ်သော်လည်း ဤမျှထိ အကျိုးသက်ရောက်မှု ရှိမနေသင့်သည်မဟုတ်လော...
သို့ရာတွင် ဆရာကြီး၏လက်အတွင်း၌ ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုး ရှိသွားခဲ့သလော...
သူတို့သည် သူတို့၏တံတွေးများကို မျိုမချဘဲမနေနိုင်တော့ချေ။
သူတို့၏အသက်ရှုနှုန်းများ လျှင်မြန်လာကာ သူတို့သည် လိပ်စွပ်ပြုတ်၏ရနံ့ကို ပို၍ရှုရှိုက်လိုကြသည်။
"ကောင်းပြီ...ကောင်းပြီလေ...အရမ်းကြီး စိတ်လှုပ်ရှားမနေကြနဲ့"
ထိုအဖိုးအိုများ၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းသည် မျက်လုံးစွေမကြည့်ဘဲ မနေနိုင်တော့ချေ။ သို့ရာတွင် သူသည် ကြင်နာစွာ ပြောဆိုလိုက်၏။
"မင်းတို့ ပန်ကန်လုံးသေးသေးတစ်လုံးစီ ယူလာခဲ့ကြ...ဒါပေမယ့် မင်းတို့တစ်ယောက်စီအတွက် တစ်ဇွန်းစီပဲရမယ်"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစု၏နှလုံးသားများ ပြင်ပသို့ခုန်ထွက်တော့လုမတတ်ပင်။ သူတို့သည် ပန်းကန်လုံးငယ်တစ်လုံးစီကို ပွေ့ဖက်ကာ ရီဖုန်း၏နံဘေး၌ ဝိုင်းရံလိုက်ကြသည်။
ရီဖုန်းသည် ယောက်ချိုတစ်ချောင်းကိုအသုံးပြု၍ သူတို့ကို ပန်းကန်လုံးတစ်လုံးစီ ခပ်ထည့်ပေးလိုက်သည်။ ဤယောက်ချိုဇွန်းပင်လျှင် သူတော်စင်အဆင့်ပစ္စည်းတစ်ခုဖြစ်နေသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
သူတို့၏မေးရိုးများ ပြုတ်ကျသွားလုမတတ်ပင်။
"အိုက်ယား....စိတ်အေးအေးထားကြစမ်းပါ...မင်းတို့ကိုမြင်ရတာ လောကကြီးကိုမမြင်ဘူးတဲ့သူတွေ ကျနေတာပဲ"
အချိန်တခဏကြာ ပြောဆိုဆက်ဆံပြီးနောက် လုချင်ရှန်းသည် သူတို့နှင့် အတော်အသင့် ရင်းနှီးနေလေပြီ။ သူသည် သူတို့၏ပခုံးများကိုပုတ်ကာ တောသားလူနုံများကို မြင်တွေ့လိုက်ရသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစုသည် လုချင်ရှန်း ဤမီးဖိုချောင်သို့ အလည်အပတ်ရောက်လာသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။ ဤသည်မှာ ဆရာကြီးနှင့်လုချင်ရှန်းအကြားရှိ ဆက်ဆံရေးသည် ပေါ့တန်ခြင်းမရှိဟုဆိုလိုခြင်းပင်။
ထို့ကြောင့် လုချင်ရှန်းကိုကြည့်သော သူတို့၏အကြည့်များ ပို၍ရိုသေလေးစားစပြုလာကာ သူတို့က ယဥ်ကျေးသိမ်မွေ့စွာဖြင့် ပြောဆိုလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုချင်ရှန်း"
"ဟား ဟား ဟား...မင်းတို့ကို ကြိုဆိုပါတယ်...နောက်ကျရင် မင်းတို့ ဒါကို နေသားကျသွားလိမ့်မယ်"
လုချင်ရှန်းသည် သူ၏ရင်ဘတ်ကိုပုတ်၍ပြောဆိုကာ အလွန်ဂုဏ်ယူဝင့်ကြွားမိသကဲ့သို့ ခံစားနေရလေ၏။
အကယ်၍ ဝူယုံဟုန်တို့၏ကျင့်ကြံဆင့်သည် သူ့ထက်မြင့်မားနေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ သူသည် ဆရာကြီးနှင့် အရင်သိကျွမ်းထားသူဖြစ်သဖြင့် သူတို့သည် သူ့အား ယဥ်ကျေးသိမ်မွေ့စွာ ဆက်ဆံရပေမည်။
နောက်ဆုံး၌ ရီဖုန်းသည် သူတို့တစ်ယောက်ချင်းစီအတွက် စွပ်ပြုတ်ပန်းကန်ငယ်တစ်လုံးစီ ခပ်ထည့်ပေးပြီးနောက် ကျန်စွပ်ပြုတ်များအားလုံးကို ကျုံးချင်ထံ ယူဆောင်သွားလေ၏။
သူတို့၏လက်အတွင်းရှိ ပန်းကန်လုံးကိုကြည့်ပြီး သူတို့၏အသက်ရှုနှုန်းများ လျှင်မြန်လာသည်။
တံ့တွေးများကိုမျိုချရင်း သူတို့သည် ပန်းကန်လုံးကိုအောက်သို့ပြန်မချဘဲ တစ်ကျိုက်တည်း မော့သောက်လိုက်ကြကာ ဆေးသောက်နေကြသည့်အလား အရသာပင်မခံကြတော့ချေ။
"အိုး....ဘုရားရေ..."
ရုတ်ချည်းဆိုသလိုပင် ဝူယုံဟုန်သည် အော်ဟစ်လိုက်၏။ သူသည် သူ၏ဒန်တျန်ပူနွေးလာကာ သူ၏ကျင့်ကြံခြင်း တည်ငြိမ်စွာမြင့်တက်လာသည်ကို ခံစားမိသည်။ ဤနှုန်းအတိုင်း ဆက်သွားပါက သူသည် ကျင့်ကြံဆင့် ချိုးဖျက်ဝင်ရောက်နိုင်တော့မည်အား သူ စိုးရိမ်မိသည်။
ထိုအော်သံကိုကြားချိန်တွင် ရီဖုန်းထွက်လာသည်။
ဝူယုံဟုန်သည် သူ၏ဗိုက်ကိုဖိနှိပ်ထားကာ သူ၏မျက်နှာပေါ်တွင် မချိမဆံ့ဝေဒနာခံစားနေရသည့်အရိပ်အယောင်ကို မြင်တွေ့မိသဖြင့် ရီဖုန်းက အော်ဟစ်လိုက်သည်။
"မင်း ဘာလို့အော်နေတာလဲ...မင်းက ငါ့ရဲ့တပည့်ကို အနှောက်အယှက်ပေးနေတာလား....တကယ်လို့ မင်း မအောင့်နိုင်တော့ရင်လည်း ဝေးဝေးကိုသွားစမ်း"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန် တုန်ရီသွားကာ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
သူသည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုကာ တံခါးမကြီးမှနေ၍ အလျင်စလို ပြေးထွက်ခဲ့တော့သည်။
ဝူယုံဟုန် ပြေးထွက်သွားပြီးနောက် လုချင်ရှန်းတို့လူစုသည်လည်း ရီဖုန်းကို အလျှင်အမြန် ဦးညွှတ်အရိုအသေပြုကာ သူ့နောက်သို့ တရကြမ်းပြေးလိုက်သွားကြသည်။
"မြန်မြန် မြန်မြန်လေး...ဆရာကြီးကို အကြာကြီးစောင့်ရအောင်မလုပ်နဲ့...မြန်မြန် အဆင့်ချိုးဖျက်ကြစို့"
ဝူယုံဟုန်က ပြောဆိုကာ သူ အဆင့်ချိုးဖျက်တော့မည့် အရိပ်အယောင်များကို ဖိနှိပ်လိုက်၏။
"မြန်မြန်လေး ငါ့ရဲ့ချင်ရှန်းဂိုဏ်းကို သွားရအောင်...ငါ့ရဲ့ဂိုဏ်းမှာ အချိန်ကိုယာယီမြှင့်တင်ပေးနိုင်တဲ့ ဝင်္ကပါတစ်ခုရှိတယ်...အဲ့ဒီနေရာကို မြန်မြန်သွားပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်ကြစို့"
လုချင်ရှန်းက တိုက်တွန်းနှိုးဆော်သည်။
သူတို့လူစုသည် ချင်ရှန်းဂိုဏ်းထံဦးတည်၍ အရှိန်ကုန်သုံးကာ ပျံသန်းခဲ့ကြသည်။
"သူတို့အားလုံး ဗိုက်အောင့်နေပြီးတော့ အမြန်ဆုံးနောက်ဖေးသွားဖို့ လိုနေကြတာလား"
"ဖြစ်နိုင်တာတော့ ငါ့ရဲ့စွပ်ပြုတ်မှာ တစ်ခုခုမှားနေတာများလား"
ထိုလူများအားလုံး၏ မအီမလည်အမူအယာများကိုကြည့်ပြီး ရီဖုန်းသည် ဇဝေဇဝါဖြစ်သွားလေ၏။ သူ၏လက်အတွင်းရှိ လိပ်သားစွပ်ပြုတ်ပန်းကန်ကိုကြည့်ကာ ရုတ်တရက် သူ စားချင်စိတ်ပျောက်ဆုံးသွားပြီး ခွေးစာခွက်အတွင်းသို့ သွန်လိုက်သည်။
အောင်းချင်သည် ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။ သူသည် တရှုပ်ရှုပ်အသံများနှင့်အတူ ထိုစွပ်ပြုတ်ကို အလျှင်အမြန် လျှာဖြင့်လျက်လိုက်၏။
မကြာမီမှာပင် အောင်းချင်သည် တုန်ရီသွားကာ သူ၏ခန္ဓာကိုယ်မှနေ၍ အခိုးအငွေ့များ တလူလူထွက်လာသည်။
"လိပ်စွပ်ပြုတ်က အရမ်းအာဟာရပြည့်ဝနေလို့ သူတို့ တောင့်မခံနိုင်ကြတာများလား"
ခွေးသည်လည်း ဤသို့တုံ့ပြန်မှုမျိုးဖြစ်လာသည်ကိုကြည့်ပြီး ရီဖုန်းက သူ၏လျှာကိုကိုက်လိုက်သည်။ သူသည် အိပ်ယာပေါ်၌ လဲလျောင်းနေသော ကျုံးချင်ကိုကြည့်ကာ မူမမှန်သောကိစ္စတစ်ခုခု ဖြစ်မလာစေရန် သူ မျှော်လင့်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်တိုင် ဤအခြေအနေမျိုး ဖြစ်မလာခဲ့ချေ။ ရီဖုန်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
တစ်နာရီခန့်ကြာပြီးနောက် လုချင်ရှန်းနှင့် တခြားလူများသည် တက်ကြွဖျတ်လတ်မှုများအပြည့်ဖြင့် သိုင်းပညာခန်းမ၏တံခါးမကြီးထံသို့ ပြန်လည်ရောက်ရှိလာသည်။
ဤအချိန်တွင် သူတို့သည် အောင်မြင်စွာအဆင့်ချိုးဖျက်နိုင်ခဲ့ကြသည်။
လုချင်ရှန်းသည် သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်မှနေ၍ သိုင်းဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ဝူယုံဟုန်တို့သုံးယောက်သည်မူ သိုင်းဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်မှနေ၍ သိုင်းအရှင်နယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပေ၏။
ဤကဲ့သို့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခြင်းသည် တိမ်တိုက်များဆီသို့ တန်းတန်းမတ်မတ် ထိုးတက်သွားနိုင်ခြင်းနှင့်တူညီသည်။
ဤသည်မှာ သူတို့၏ဘဝတွင် ယခုကဲ့သို့အဆင့်ချိုးဖျက်မှုမျိုး ရရှိဖူးသည့် ပထမဆုံးအကြိမ်ပင်။ သို့ရာတွင် သူတို့၏ရှေ့ရှိ သိုင်းပညာခန်းမကိုကြည့်သော သူတို့၏မျက်လုံးအကြည့်များတွင် ပို၍ရိုသေလေးစားသော အရိပ်အယောင်များထင်ဟပ်လာသည်။
အကြောင်းအရင်းမှာ ဤအရာများအားလုံးသည် သူတို့ကို ဆရာကြီးမှပေးအပ်ခြင်းဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သောကြောင့်ပင်။
ပင်ကျင်းမြို့၏ပြင်ပ၌ လူသိနည်းသော ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိသည်။ ထိုအရာအတွင်းမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသော အစွမ်းထက်သည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်စုထွက်လာသည်။
ထို့နောက် သူတို့သည် ပင်ကျင်းမြို့ထံဦးတည်၍ ပျံသန်းသွားကြလေ၏။
Chapter 167
ဤအချိန်အခိုက်အတန့်တွင် ဝူယုံဟုန်တို့လူစုသည် ထိုကိစ္စများကို မသိရှိကြချေ။ သူတို့သည် ပျော်ရွှင်စွာဖြင့် သိုင်းပညာခန်းမအတွင်းသို့ဝင်ရောက်ရန် ဟန်ပြင်လိုက်ကြ၏။ တံခါးနှင့်မလှမ်းမကမ်းအကွာတွင် နံရံနှင့်ကပ်၍သွားနေသည့် ဘိုသီဘတ်သီနှင့်အနံဆိုးများထွက်နေသော လူတစ်ယောက်သည် မျှော်လင့်တောင့်တသောအကြည့်ဖြင့် သူတို့အား ငေးစိုက်ကြည့်နေသည်ကို သူတို့ တွေ့မြင်မိသည်။
ဤှလူသည် လုသရှန်းပင်။
သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ယခင်နှင့်နှိုင်းယှဥ်ပါက ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါများရှိနေသည်ကိုကြည့်ပြီး လုသရှန်း၏မျက်လုံးအတွင်း၌ မနာလိုအားကျသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် လုချင်ရှန်း၏အရှိန်အဝါ ယခင်ထက်ပို၍ နက်နဲသိမ်မွေ့သွားသည်ကိုကြည့်ပြီး သူ၏စိတ် ဖရိုဖရဲဖြစ်သွားသည်။
သူတို့သည် စကားအနည်းငယ်ထက်ပို၍ ဖလှယ်ပြောဆိုဖူးခြင်းမရှိသော်လည်း သူ့ကို ဤပုံစံနှင့်မြင်တွေ့ရချိန်တွင် သူတို့သည် သူ့အား သနားသကဲ့သို့ ခံစားနေရဆဲပင်။ ဤလူသည် ဆရာကြီးကို မည်ကဲ့သို့ ပြစ်မှားထားသည်ကို သူတို့ မသိရှိချေ။
ဝူယုံဟုန်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ လုသရှန်း၏ပခုံးကိုပုတ်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်သွားလိုက်၏။
"မင်းမှာ မျှော်လင့်ချက် ရှိပါသေးတယ်"
ချူးရှစ်ခွမ်းသည်လည်း ဖြတ်သန်းသွားစဥ်တွင် သူ့အား စကားတစ်ခွန်းနှင့် နှစ်သိမ့်လိုက်သည်။
"ဒီအတိုင်းဆက်ပြီး ကြိုးစားပါ"
စွန်းကျူးကဲကလည်း သူ့ကို အားပေးစကားပြောဆိုသည်။
လုချင်ရှန်းသည် သူ၏ခေါင်းကိုခါယမ်းကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါ မင်းကို မလာဖို့ပြောခဲ့တယ်...ဒါပေမယ့် မင်းက နားမထောင်ခဲ့ဘူး...ဆရာကြီး ဘာမှမပြောသေးတာကြောင့် မင်းက ချေးဆက်ကျုံးနေသင့်တယ်"
စိတ်အားတက်ကြွနေသော ထိုလူစုကိုကြည့်ပြီး လုသရှန်းသည် အချဥ်ပေါက်လာသကဲ့သို့ ခံစားမိသည်။
ဤနေ့သည် မိုးရွာသောနေ့တစ်နေ့ဖြစ်သည့်တိုင် လုသရှန်းသည် သူ၏မျက်လုံးအတွင်းသို့ သဲများဝင်နေသည့်အလား ခံစားမိလေ၏။
လုချင်ရှန်းတို့လူစု တစ်နာရီခန့်အပြင်သို့ထွက်သွားပြီးနောက် ပြန်လာချိန်တွင် လင်းယုန်သားနှင့်ဝံပုလွေခြေထောက်တို့ အဆင်သင့်ဖြစ်နေလေပြီ။
ဤအချိန်တွင် မိုးရွာသွန်းမှု လုံးလုံးလျားလျား ရပ်တန့်သွားခဲ့သည်။
ရီဖုန်းသည် ခန်းမနောက်ရှိ ခြံဝန်းငယ်လေးအတွင်းတွင် စားပွဲခုံခင်းကျင်းရန် သူတို့အား ညွှန်ကြားလိုက်သည်။
အိုးအတွင်းတွင် လင်းယုန်သားသည် ငရုတ်သီးကြော် မုန်လာဥဖြူ တခြားအရံအသီးအရွက်များနှင့်အတူ ပွက်ပွက်ဆူနေကာ စားချင်စဖွယ်ရနံ့ကို ပေးစွမ်းနိုင်သည်။
ဝံပုလွေခြေထောက်အပြင် ရီဖုန်းသည် ဝိုင်အရက်နှင့်မြည်းရန်အတွက် မြေပဲကြော်နှစ်ပန်းကန်ကိုလည်း ပြင်ဆင်ထားသည်။
စားပွဲပေါ်၌ပြည့်နှက်နေသော ဟင်းလျာများကိုကြည့်ပြီး ဝူယုံဟုန်တို့လူစု၏မျက်လုံးများ တောက်ပသွားကာ စိတ်အားထက်သန်စွာဖြင့် သူတို့၏လက်များကို ပွတ်သပ်လိုက်ကြသည်။ သို့ရာတွင် သူတို့သည် ရီဖုန်း စကားတစ်ခွန်းမျှ မပြောဆိုသေးသဖြင့် သူတို့၏တူများကို ကောက်ကိုင်ဝံ့ခြင်းမရှိချေ။
အိန္ဒြေသမ္ပတ္တိနှင့်ထိုင်နေသော လူအိုကြီးများကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်ပြုံးလိုက်၏။
"ဒီနေရာမှာ ငါတို့အားလုံးက အသိအကျွမ်းတွေပဲ...ငါ့ရဲ့နေရာမှာ ဘာကိန်းကြီးခန်းကြီးမှ လုပ်နေစရာမလိုဘူး..တကယ်လို့ မင်းတို့ ဆက်ပြီးတော့ အိန္ဒြေကြီးတွေနဲ့နေနေမယ်ဆိုရင်...နောက်တစ်ကြိမ်ကျရင် ငါက မင်းတို့ကို ကြိုဆိုမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် လူအိုကြီးများ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
သူတို့အားလုံးသည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ရီဖုန်းအပေါ် သူတို့၏ရိုသေလေးစားမှုများ ကြီးထွားလာသည်။ ဆရာကြီးသည် သူ၏အဆင့်ဖြင့် ဂျူနီယာများရှေ့တွင် မည်သည့်မာန်မာနမျိုးမျှမထားဘဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့သည်။ အကယ်၍ သူတို့သည် ရိုးရှင်းမှုသို့ပြန်လည်ရောက်ရှိနေသောအဆင့်ရှိ ဆရာကြီးတစ်ယောက်နှင့် ပို၍ရင်းနှီးလာပါက သူတို့၏အောင်မြင်မှုများသည် ယခုထက်ပို၍သာလွန်လာမည်မှာ သေချာပေါက်ပင်။
"လာကြ...လာကြ....ဒါက ငါ့ရဲ့ဝိုင်ကောင်းလေးပဲ"
လုချင်ရှန်းသည် အစောပိုင်းက အဆင့်ချိုးဖျက်စဥ်၌ လုချင်ရှန်းသည် ချင်ရှန်းဂိုဏ်း၏သိုလှောင်ခန်းအတွင်းသို့ဝင်ကာ ယူဆောင်လာခဲ့သော ဝိုင်အရက်အိုးငါးအိုးကို စားပွဲပေါ်သို့တင်လိုက်သည်။
"မဆိုးပါဘူး"
ရီဖုန်းသည် အသိအမှတ်ပြုသည့်အနေဖြင့်ကြည့်ကာ ပြုံးလိုက်၏။ ထို့နောက် သူသည် လူအိုကြီးများကို စူးစိုက်ကြည့်ကာ ပြုံးဖြဲဖြဲနှင့်ပြောဆိုလေသည်။
"အရက်သောက်တာတော့ သောက်တာပေါ့..ဒါပေမယ့် မင်းတို့လူအိုကြီးတွေက ငါ့ကိုလှည့်စားဖို့ မကြိုးစားကြနဲ့နော်"
"ငါတို့ မလုပ်ရဲပါဘူး"
သူတို့က ပျာပျာသလဲ ခေါင်းခါယမ်းလိုက်ကြသည်။
ရီဖုန်း၏သတိပေးမှု မရှိလျှင်ပင် သူတို့သည် သူတို့၏ကျင့်ကြံခြင်းအခြေခံဖြင့် သောက်ခြင်းကဲ့သို့ လှည့်စားမှုမျိုးကို အစဆွဲထုတ်ဝံ့သူမရှိချေ။
အကယ်၍ သူတို့ ထိုသို့ပြုလုပ်လိုက်ပါက ဆရာကြီးကို စိတ်မကျေမနပ်ဖြစ်သွားစေရုံသာမက အရက်သောက်ပြိုင်ပွဲတွင် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို အသုံးပြု၍သောက်လျှင်လည်း ယခုလက်ရှိနေရာရှိ လူများအကြားတွင် ရီဖုန်းထက်ပို၍သောက်နိုင်သူရှိမည်မဟုတ်ချေ။
သိုင်းပညာခန်းမ၏ခြံဝန်းအတွင်းရှိ အခြေအနေသည် သက်ဝင်လှုပ်ရှားနေစဥ်တွင် အနီရောင်နေမင်းမျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူနှစ်ဆယ်ကျော်သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာပေ၏။
သူတို့၏အရှိန်အဟုန်ကို ပြင်းထန်သောရေစီးနှင့် ခိုင်းနှိုင်းနိုင်သည်။
"အိုး ဘုရားရေ...ကြည့်လိုက်ကြအုံး"
"အရမ်းများပြားတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲ"
"ဝိုး...အဲ့ဒီလူတွေက ဘယ်သူတွေလဲ....လေပေါ်မှာပျံသန်းနိုင်တာကိုကြည့်ရင် သူတို့က အနိမ့်ဆုံး သိုင်းဝိညာဥ်နယ်ပယ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲ"
သူတို့၏ပုံပန်းသွင်ပြင်များကြောင့် မြေပြင်ပေါ်ရှိ သာမာန်သေမျိုးများနှင့်ကျင့်ကြံသူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သို့ရာတွင် အနီရောင်နေမင်းမျိုးနွယ်စုဝင်များသည် သူတို့အား မြေပြင်ပေါ်ရှိပုရွက်ဆိတ်များဟုသာ ယူဆထားကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ တန်းတန်းမတ်မတ်သွားနေသည်။
"အရှင်ပိုင်ဖုန်း...အောင်းချင်ပေါ်မှာ အရင်ကအသုံးပြုခဲ့တဲ့ ခြေရာခံနည်းစနစ်ကို အခြေခံပြီးကြည့်ရင် သူက အခု သိုင်းပညာခန်းမထဲမှာ ရှိမနေဘူး"
တစ်စုံတစ်ယောက်က အောင်းပိုင်ဖုန်း၏နံဘေးသို့ကပ်၍ သတင်းပို့သည်။
"အောင်းချင်တစ်ယောက်တည်းနဲ့က ဘာမှအရေးမပါဘူး"
အောင်းပိုင်ဖုန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"သူ ခုထိ ထွက်ပြေးနေနိုင်တာက အဲ့ဒီသိုင်းပညာခန်းမရဲ့ကျေးဇူးကြောင့်ပဲ...ဒါကြောင့် ငါတို့က အောင်းချင်ကို မဖမ်းဆီးခင် အဲ့ဒီခန်းမကို အရင်ဆုံးရှင်းပစ်ရမယ်...အဲ့ဒီကျမှဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး"
"ဟုတ်ကဲ့"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။
မကြာမီမှာပင် သေးငယ်သောသိုင်းပညာခန်းမသည် သူတို့၏မျက်လုံးများရှေ့၌ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ခန်းမ၏အထက် လေထုအတွင်းရှိ အပေါ်စီးမှနေ၍ ခန်းမအားကြည့်လိုက်သည်။ ပြတင်းပေါက်များမှတဆင့် သူတို့ ရောက်လာသည်ကို သတိပြုမိပုံမရသော အရက်သောက်စားနေသည့်လူတစ်စုကို သူတို့တွေ့မြင်မိလေ၏။
သို့ရာတွင် အမှန်အားဖြင့် ဤသို့မဟုတ်ချေ။
ဝူယုံဟုန်တို့လူစု၏အကြည့်များသည် ပြောင်းလဲပြီးဖြစ်သည်။
သို့ရာတွင် ရီဖုန်းသည် မည်သည့်ကိစ္စမျှ မဖြစ်ပွားသည့်အလား အပြုံးမပျက်သောက်စားနေသည်ကိုကြည့်ပြီး သူတို့၏စူးရှသောမျက်လုံးများကို တိတ်တဆိတ် တည်ငြိမ်သွားစေကာ သူတို့လျှို့ဝှက်၍စုဆောင်းထားသော စိတ်ဝိညာဥ်စွမ်းအားများကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။
ဆရာကြီး ဤနေရာတွင်ရှိနေသောကြောင့် ယင်ကောင်ငယ်များ ရောက်ရှိလာခြင်းကို သူတို့ မည်သည်ကြောင့် စိုးရိမ်ပူပန်ရမည်နည်း။
မည်သို့ပင်ဆိုစေကာမူ ယခင်နတ်ဆိုးဘိုးဘေးနှစ်ကောင်၏ဖြစ်ရပ်မှနေ၍ သူတို့သည် သင်ခန်းစာရရှိပြီးလေပြီ။
"ဆရာကြီး...ငါတို့ မင်းကို တစ်ခွက်တိုက်ပါရစေ"
ထိုအကြောင်းကိုတွေးတောရင်း သူတို့၏ဝိုင်ခွက်များကိုမြှောက်ကာ ပျော်ရွှင်စွာဖြင့် ရီဖုန်းနှင့်အတူ ဆက်လက်၍သောက်စားလိုက်ကြသည်။
"သူတိုက သတိတောင်မပြုမိကြဘူးလား"
အောင်းပိုင်ဖုန်း၏မျက်လုံးအကြည့်သည် တဖျတ်ဖျတ်တောက်ပသွားပေ၏။
သို့ရာတွင် ရှို့လော်နှင့်ဖူတာအိုတို့၏သတိကြီးစွာထားရမည့်ဖြစ်ရပ်ကို ပြန်အမှတ်ရချိန်တွင် သူသည် အခြေအနေကို လျှော့မတွက်ဝံ့ချေ။ ထိုအစား သူသည် လူတိုင်းထံသို့ အသံပေးပို့လိုက်သည်။
"ကောင်းကင်ဘုံဝံပုလွေဝင်္ကပါကို ဖွဲ့စည်းကြစမ်း...မင်းတို့ကိုယ်မင်းတို့ အဆင်သင့်ပြင်ထားပြီးတော့ ငါ့ရဲ့အမိန့်ကိုရတာနဲ့ တပြိုင်နက်တည်းတိုက်ခိုက်ရမယ်...မင်းတို့က သိုင်းပညာခန်းမမှာရှိတဲ့ အဲ့ဒီလူတွေကို သေစေနိုင်တဲ့ထိုးနှက်ချက်တွေနဲ့ တိုက်ခိုက်ရမယ်"
"ဟုတ်ကဲ့"
ထိုအမိန့်နှင့်အတူ အနီရောင်နေမင်းမျိုးနွယ်စုမှ ထိပ်သီးကျင့်ကြံသူများအားလုံး လူစုခွဲလိုက်ကြ၏။
သူတို့၏ခန္ဓာကိုယ်များကို နတ်ဆိုးစွမ်းအားများ လွှမ်းခြုံနေကာ တချို့သည် ဝင်္ကပါခင်းကျင်းရန် ပြင်ဆင်နေကြပြီး တချို့သည် ရှုပ်ထွေးသောလက်ဟန်သင်္ကေတများကို ဖွဲ့စည်းနေကြကာ တခြားလူများကမူ သူတို့၏အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် တိုက်ခိုက်မှုမျိုးစုံသည် တပေါင်းတည်းဖြစ်သွားလေပြီ။
Chapter 168
ထိုမြင်ကွင်းကိုကြည့်ပြီး အေးစက်စက်အပြုံးတစ်ခုသည် နောက်ဆုံး၌ အောင်းပိုင်ဖုန်း၏အေးစက်စက်မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
ဤကဲ့သို့ အစွမ်းထက်သော စုဖွဲ့ခြင်းမျိုးသည် သိုင်းပညာခန်းမမှ လူအနည်းငယ်မဆိုထားနှင့် အကယ်၍ သိုင်းအရှင်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချထားနိုင်သော လူသားကျင့်ကြံသူများအနက်မှတစ်ယောက် ဖြစ်နေလျှင်ပင် တောင့်ခံနိုင်မည်မဟုတ်ချေ။
ထိုလူများအားလုံး သေကြေပျက်စီးရပေမည်။
သူတို့သည် နတ်ဆိုးဘိုးဘေးရှို့လော်နှင့်နတ်ဆိုးဘိုးဘေးဖူတာအိုတို့အတွက် ယဇ်ကောင်များ ဖြစ်လာပေလိမ့်မည်။
အေးစက်စက်ရယ်မောသံတစ်သံနှင့်အတူ အောင်းပိုင်ဖုန်း၏နဖူးပေါ်ရှိ အနီရောင်နေမင်းအမှတ်အသား တောက်ပလာသည်။ သူသည် မတ်တတ်ရပ်၍ကြည့်နေရန် ရည်ရွယ်မထားဘဲ တခြားသူများနှင့်ပူးပေါင်း၍ လှုပ်ရှားမည်ဖြစ်ကြောင်း ညွှန်ပြနေသည်။
"ပြင်ဆင်ကြစမ်း...."
သူ၏လက်ကိုဝှေ့ယမ်း၍ လူတိုင်းကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်စဥ်တွင်သူ၏အမှတ်အသားမှ ဖျက်ဆီးခြင်းစွမ်းအားများကို ပစ်လွှတ်ရန် အဆင်သင့်ဖြစ်နေလေပြီ။
အောင်းပိုင်ဖုန်း၏အမိန့်ကိုကြားချိန်တွင် အနီရောင်နေမင်းမျိုးနွယ်စုဝင်များ၏ မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူတို့သည် သူတို့၏အသက်ရှုနှုန်းများကို ထိန်းသိမ်းလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့၏လက်များသည် လှုပ်ရှားရန်အတွက် ယားယံနေကာ အချိန်မရွေး တိုက်ခိုက်ရန်အတွက် အဆင့်သင့်ဖြစ်နေလေပြီ။ အောင်းပိုင်ဖုန်း၏နောက်ဆုံးအမိန့် ကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်း၍ သူတို့၏တိုက်ခိုက်မှုများ အတူတကွ ပေါက်ကွဲ၍ထွက်လာပေမည်။
သို့ရာတွင် အောင်းပိုင်ဖုန်းသည် အမိန့်ပေးတော့မည့်အချိန်မှာပင် ရုတ်တရက် မူမမှန်သည့်တစ်စုံတစ်ခုကို သူ အာရုံခံမိလေ၏။
ဤှသည်မှာ...
သိုင်းအရှင်များ ဖြစ်နေသလော...
'တစ်ယောက်...နှစ်ယောက်....သုံးယောက်...သောက်ချေးပဲ....သုံးယောက်တောင်ဟ...'
'ပြီးတော့ ငါနဲ့အဆင့်တူမှာရှိနေတဲ့ သိုင်းဘိုးဘေးတစ်ယောက်လည်း ရှိနေပါလား'
အောင်းပိုင်ဖုန်း၏ပါးစပ် ရုတ်တရက် ကျယ်လောင်စွာ ပွင့်ဟသွားကာ အကယ်၍ သူ မှားယွင်း၍အာရုံခံမိမည်ကို စိုးရိမ်မိသဖြင့် သူ၏မျက်လုံးများပင် ပြူးကျယ်သွားသည်။
နောက်ဆုံး၌ ထိုနေရာ၌ထိုင်၍ စားသောက်နေသူများသည် သိုင်းအရှင်သုံးယောက်နှင့်သိုင်းဘိုးဘေးတစ်ယောက်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ သူသည် နောက်ဆုံးတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို မသိရှိသော်လည်း ဤလူလေးယောက်ဖြင့်ပင် သူ၏မျက်လုံးများ ကျွတ်ထွက်လုနီးပါးဖြစ်သွားစေရန် လုံလောက်သည်။
"တိုက်ခိုက်...တိုက်ခိုက်ကြ....."
"နောက်ဆုတ်ကြစမ်း"
သူ၏ပါးစပ် တုန်ရီနေခြင်းနှင့်အတူ နောက်ဆုံး၌ သူ စကားလုံးတချို့ကို အော်ပြောလိုက်သည်။
ထိုအမိန့်ကိုကြားချိန်တွင် အနီရောင်နေမင်းမျိုးနွယ်စုဝင်များအားလုံး၏ပါးစပ်များ မဲ့ရွဲ့သွားသည်။
နောက်ဆုံး၌ အမိန့်ပေးလိုက်လေပြီ။
ထို့ကြောင့် ကိစ္စသည် ဤသို့ဖြစ်လာသဖြင့် သိုင်းပညာခန်းမသည် သူတို့ အနီရောင်နေမင်းမျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို တောင့်ခံရပေမည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပေ၏။
မယုံကြည်နိုင်သောအကြည့် တစ်ခုပြီးတစ်ခုက အောင်းပိုင်ဖုန်းထံသို့ ပျံ့လွင့်လာသည်။
'နောက်ဆုတ်ရမှာလား'
သူတို့ နားကြားများမှားနေသလောဟု တွေးတောမိသော်လည်း မယုံကြည်နိုင်ဖွယ်ကောင်းစွာပင် အောင်းပိုင်ဖုန်းသည် ရှေ့ဆုံးမှနေ၍ ဆုတ်ခွာသွားကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
သူသည် အဝေးသို့ထွက်ပြေးနေစဥ် အတောအတွင်း အဆက်မပြတ် အော်ဟစ်နေလေ၏။
"မင်းတို့ အဲ့ဒီနေရာမှာ ဘာရပ်လုပ်နေကြတာလဲ...နောက်ဆုတ်ကြစမ်း"
ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင်ရှိနေသူများ၏မျက်လုံးများ မြေပြင်ပေါ်သို့ ကျွတ်ထွက်လုမတတ်ပင်။
ဤဆုတ်ခွာအမိန့်သည် အလွယ်ပြောရပါက အနီရောင်နေမင်းမျိုးနွယ်စုဝင်များအတွက် နှိပ်စက်ညှင်းပန်းမှုတစ်ခုဖြစ်သည်။
သူတို့သည် အရာအားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း မည်သည်ကြောင့် သူတို့အား ဆက်၍မလှုပ်ရှားရန် သူ အမိန့်ပေးခဲ့သနည်း....
သူတို့သည် သူတို့၏အစွမ်းထက်ဆုံးစွမ်းအားများကို စုစည်းပြီးဖြစ်ကာ ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေလေပြီ။ သို့ရာတွင် ယခုချိန်၌ သူတို့အား နောက်ဆုတ်ရန် ပြောဆိုခဲ့ခြင်းကြောင့် စုစည်းထားသောစွမ်းအားများမှတဆင့် တန်ပြန်ဒဏ်ကို ခံစားလိုက်ရသည်။
မိုးကောင်းကင်ယံအတွင်းမှ တစ်ယောက်ပြီးတစ်ယောက်ထံမှ သွေးများအန်ထွက်လာသည်။
သို့ရာတွင် အောင်းပိုင်ဖုန်း၏အမိန့်ကြောင့် သူတို့သည် တုံ့ဆိုင်းမနေဝံ့ဘဲ တန်ပြန်ဒဏ်မှလာသော ဒဏ်ရာများကိုတောင့်ခံကာ အလျင်စလို နောက်ဆုတ်လိုက်ကြသည်။
ရှေ့နှင့်နောက် ဖြစ်စဥ်နှစ်ခုကို ရိုးရှင်းစွာဖော်ပြရပါက အလွန်ဆန့်ကျင်ဘက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ရောက်ရှိလာသော သူတို့၏အရှိန်အဟုန်သည် အလွန်ကြီးကျယ်ခမ်းနားပြီး သူတို့၏ဆုတ်ခွာမှုသည် အလွန်ရှက်ရွံဖွယ်ကောင်းသည်။
နောက်ဆုံး၌ သူတို့သည် ပင်ကျင်းမြို့ပြင်ထိ ဆုတ်ခွာပြီးနောက် ရှေ့ဆုံးမှဦးဆောင်၍ပြေးနေသော အောင်းပိုင်ဖုန်း၏အရှိန် လျော့ကျသွားသည်။ သူ၏ပါးစပ်ဖြင့် အသက်ကိုပြင်းပြင်းရှုရှိုက်ကာ သူ၏မျက်နှာပေါ်တွင် သေခြင်းမှ ပွတ်ကာသီကာ လွတ်မြောက်လာသူတစ်ယောက်၏အမူအယာမျိုးနှင့် ပြည့်နှက်နေသည်။
"အရှင်ပိုင်ဖုန်း...ဘာတွေဖြစ်နေတာလဲ"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် အကြောင်းအရင်းကို မေးမြန်းလိုက်၏။
"ဒါက အမှန်ပဲ...အရှင်ပိုင်ဖုန်း...ငါတို့ အတူပူးပေါင်းပြီးတိုက်ခိုက်ဖို့ သဘောတူထားတာမဟုတ်လား...တကယ့်အရေးကြီးအချိန်အခိုက်အတန့်ကျမှ ငါတို့ကို ဘာလို့ပြန်ဆုတ်ခိုင်းတာလဲ"
"အမှန်ပဲ...ငါတို့အားလုံး တန်ပြန်ဒဏ်တွေ ခံစားခဲ့ရတယ်...ကျေးဇူးပြုပြီးတော့ ငါတို့အားလုံးအတွက် ဖြေရှင်းချက်တစ်ခုကို ပေးပါအုံး"
ပထမဆုံးလူ၏မေးခွန်း နောက်မှနေ၍ တခြားသူများထံမှနေ၍ အောင်းပိုင်ဖုန်းကို မေးမြန်းသောအသံများ ထွက်ပေါ်လာသည်။ သူ၏အဆင့်အတန်းကြောင့် မလွတ်မလပ်ဖြစ်နေ၍သာ သူတို့သည် သူ့ကို ရန်မပြုဝံ့ကြသော်လည်း သူတို့၏လေသံတွင် အပြစ်တင်လိုမှုတချို့ အနည်းနှင့်အများ ပါဝင်နေသည်။
"ဟမ့်..."
"ငါ မလှုပ်ရှားချင်ဘူးလို့ မင်းတို့က ထင်နေကြတာလား"
အောင်းပိုင်ဖုန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ လူတိုင်းကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ဒါပေမယ့် အဲ့ဒီသိုင်းပညာခန်းမမှာရှိနေတဲ့လူတွေရဲ့စွမ်းအားက ငါတို့ တွေးတောထားတာထက် ကျော်လွန်နေတယ်ဆိုတာ မင်းတို့ သိကြလား"
ထိုသို့ပြောဆိုပြီးနောက် အောင်းပိုင်ဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မကျေမချမ်း ပြောဆိုလိုက်၏။
"အဲ့ဒီလူငါးယောက်မှာ...တစ်ယောက်ရဲ့နက်ရှိုင်းမှုကိုတော့ ငါ မခွဲခြားနိုင်ဘူး....တစ်ယောက်က ငါနဲ့အဆင့်တူ သိုင်းဘိုးဘေးတစ်ယောက်ဖြစ်နေပြီးတော့ တခြားလူတွေအားလုံးက သိုင်းအရှင်သုံးယောက်ပဲ"
"ဘာ...."
အောင်းပိုင်ဖုန်း၏စကားကြောင့် လူတိုင်း ကြက်သေသေသွားသည်။ သိုင်းပညာခန်းမမှလူများ ဤမျှထိအလွန်အစွမ်းထက်မည်ဟု သူတို့သည် တစိုးတစ်မျှ တွေးတောထားမိခြင်းမရှိချေ။
သိုင်းအရှင်သုံးယောက် မဆိုထားနှင့် သိုင်းအရှင်တစ်ယောက်တည်းဆိုလျှင်ပင် ကျောချမ်းဖွယ်တည်ရှိမှုကြီးပင်။
"တကယ်လို့ ငါ့ရဲ့အနီရောင်နေမင်းအမှတ်အသားကြောင့် နောက်ဆုံးအချိန်အခိုက်အတန့်မှာ အာရုံခံမိတာကြောင့်သာမဟုတ်ရင်....ဒီနေ့ ငါတို့ ဆိုးဆိုးရွားရွားအဆုံးသတ်ရမှာကို ငါ စိုးရိမ်မိတယ်"
အောင်းပိုင်ဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ ပြောဆိုနေသောလေသံတွင် ထိတ်လန့်ကြောက်ရွံမှုများ ရစ်သိုင်းနေဆဲဖြစ်သည်။
ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ခန္ဓာကိုယ်များမှနေ၍ အေးစက်စက်ချွေးများ ယိုစီးကျလာကာ သူတို့၏မျက်နှာများပေါ်တွင် ပြန်လည်ဆင်ခြင်စဥ်းစားမိသော ထိတ်လန့်ကြောက်ရွံမှုများ ထင်ဟပ်နေသည်။
ထို့ပြင် အောင်းပိုင်ဖုန်းကို ကြည့်နေသော သူတို့၏အကြည့်များတွင် မကျေမနပ်မှုများ ထပ်မံ၍မရှိတော့ဘဲ ကျေးဇူးတင်မှုသာ ရှိနေတော့သည်။ သိုင်းပညာခန်းမ၏အခြေအနေကို အချိန်မီရှာတွေ့ခဲ့သော အောင်းပိုင်ဖုန်းကို သူတို့အားလုံး ကျေးဇူးတင်မိလေ၏။
ထိုသို့မဟုတ်ပါက အကယ်၍ ထိုသိုင်းအရှင်သုံးယောက်သာ လှုပ်ရှားလျှင် သူတို့၏အနီရောင်နေမင်းမျိုးနွယ်စုသည် ယနေ့တွင် ကြေမွှပျက်သုဥ်းသွားပေမည်။
"ဒါဆိုရင် ငါတို့ အခုဘာလုပ်ကြမလဲ"
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က အောင်းပိုင်ဖုန်းကို မေးမြန်းသည်။
အောင်းပိုင်ဖုန်း၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူ၏မျက်နှာပေါ်တွင် မချင့်မရဲအမူအယာထင်ဟပ်နေကာ သူက ပြောဆိုသည်။
"အဲ့ဒီ သိုင်းပညာခန်းမကိုတော့ ငါတို့ ဝေးဝေးကနေရှောင်ရုံပဲရှိတယ်...ဒါပေမယ့် အောင်းချင်က သိုင်းပညာခန်းမမှာ ရှိမနေဘူးလို့ မင်းတို့ ခုဏက ပြောခဲ့တယ်မဟုတ်လား"
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏မျက်လုံးများ တပြိုင်နက်တည်း တောက်ပသွားသည်။
"အရှင် ဆိုလိုတာက...."
"ဒါက အမှန်ပဲ...သိုင်းပညာခန်းမကို ရှောင်ကွင်းပြီးတော့ တခြားဘာကိစ္စမှဖြစ်မလာခင် အောင်းချင်ကို အရင်ဆုံးတိုက်ရိုက်ဖမ်းဆီးရမယ်...အမှိုက်ကောင်အောင်းချင်အတွက်နဲ့ အဲ့ဒီသိုင်းပညာခန်းမက လူတွေက ငါတို့ကို ပြဿနာလာရှာမယ်လို့တော့ ငါ မထင်ဘူး"
Chapter 169
"ဒါက အကြံကောင်းပဲ"
"အောင်းချင်ကို တိုက်ရိုက်ဖမ်းဆီးကြစို့"
"အမှန်ပဲ...ငါတို့က သိုင်းပညာခန်းမကလူတွေရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပေမယ့် ငါတို့က အောင်းချင်ကိုတော့ ကိုင်တွယ်နိုင်မှာပါ"
အားတက်သရောအသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ လူတိုင်းကို မျှော်လင့်ချက်အလင်းရောင် ရရှိသွားစေသည်။
အစောပိုင်းတွင် သိုင်းပညာခန်းမမှ ထိုးနှက်ချက်ကို ခံယူရပြီးနောက် သူတို့၏မချင့်မရဲဖြစ်နေမှုများကို ဖွင့်ထုတ်ရန် နေရာတစ်ခုရရန်အတွက် တရွရွဖြစ်နေသည်။ ယခုချိန်တွင် အောင်းချင်ကို ဖမ်းဆီးမည်ဟုကြားချိန်တွင် သူတို့အားလုံး စိတ်အားထက်သန်နေကြ၏။
"အရှင်ပိုင်ဖုန်း...ပင်ကျင်းမြို့ထဲမှာ ခြေရာခံမှုအရဆိုရင်...အောင်းချင်က မြို့ထဲမှာရှိမနေရုံတင်မကဘူး သူက မြို့နဲ့အရမ်းဝေးတဲ့နေရာမှာရှိနေတယ်...သူက မူတောင်ရဲ့တစ်ဖက်ခြမ်းက တောင်ပေါင်းတစ်သိန်းနယ်မြေမှာရှိနေတယ်"
လက်အောက်ငယ်သားတစ်ယောက်က အောင်းပိုင်ဖုန်းကို ပြောဆိုသည်။
"တောင်ပေါင်းတစ်သိန်းနယ်မြေလား"
အောင်းပိုင်ဖုန်း၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားကာ သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါလည်း အဆင်ပြေပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ သိုင်းပညာခန်းမနဲ့ ပိုပြီးဝေးဝေးမှာ ရှိလေလေ ငါတို့အတွက် ပိုပြီးကောင်းလေလေပဲ"
ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားကြစို့"
သူ၏အမိန့်ကိုရရှိသည်နှင့် အနီရောင်နေမင်းမျိုးနွယ်စု၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တောင်ပေါင်းတစ်သိန်းနယ်မြေသို့ ဦးတည်၍ ချီတက်ခဲ့ကြ၏။ သူတို့သည် သိုင်းပညာခန်းမ၌နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ထံ၌ အကြွင်းမဲ့ ယုံကြည်ချက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ အနီရောင်နေမင်းမျိုးနွယ်စုဝင်များ၏စုဖွဲ့မှုသည် ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားစုကြီးပင်။
ဤစုဖွဲ့မှုနှင့်အတူ သူတို့သည် ကောင်းကျိုးမပေးသောအောင်းချင်ကို မည်သည်ကြောင့် မဖမ်းမိနိုင်ဘဲနေမည်နည်း။
မဖြစ်နိုင်ချေ....
သို့ရာတွင် တောင်ပေါင်းတစ်သိန်းနယ်မြေနှင့် ပင်ကျင်းမြို့ကြားအကွာအဝေးသည် တိုတောင်းခြင်းမရှိပေ။ ထိုနေရာသို့ အပြေးအလွှားသွားလျှင်ပင် အောင်းပိုင်ဖုန်းတို့လူစုအတွက် အချိန်အတော်ကြာမြင့်ပေမည်။
ဤအချိန်တွင် သိုင်းပညာခန်းမ၌ ဝိုင်အရက်များ လွတ်လွတ်လပ်လပ် သောက်စားနေဆဲဖြစ်ကာ သူတို့သည် ရီဝေဝေအချိန်ကောင်းသို့ ရောက်ရှိနေလေပြီ။
အထူးသဖြင့် လုချင်ရှန်းယူလာသော ဝိုင်အရက်သည် သာလွန်ထူးကဲပေ၏။ ထို့ပြင် သူတို့၏ကျင့်ကြံခြင်းကို အသုံးပြု၍မသောက်ဝံ့လေရာ အချိန်တခဏကြာပြီနောက် အခြေအနေကောင်းမွန်နေဆဲဖြစ်သော ရီဖုန်းမှလွဲ၍ တခြားလူအိုကြီးလေးယောက်သည် မူးယစ်ရီဝေနေပြီး သူတို့၏မျက်နှာများ နီမြန်းနေလေပြီ။
အထူးသဖြင့် လုချင်ရှန်းသည် သူ၏လက်ချောင်းများဖြင့် ဝိုင်ခွက်ကိုကိုင်ကာ လှည့်ပတ်ကခုန်နေပြီး သူ ငယ်ရွယ်စဥ်ဘဝမှ စိတ်ကူးယဥ်ဆန်သော စွန့်စားခန်းများအကြောင်းကို ပြန်ပြောင်းပြောပြနေသည်။
"ငါ မင်းတို့ကို ပြောပြမယ်...ငါ ကြွားပြောတာမဟုတ်ဘူး...ဒါပေမယ့် ငါ ငယ်ငယ်တုန်းက အရမ်းချောမောခန့်ညားတယ်...ငါကို ကြိုက်နေတဲ့ကောင်မလေးတွေဆိုတာ တန်းစီနေတာပဲ"
လုချင်ရှန်းက ဂုဏ်ယူဝင့်ကြွားစွာပြောဆိုကာ သူ၏မျက်နှာသည် မူးယစ်မှုကြောင့် နီမြန်းနေပေ၏။
"ဖူး...အခုလက်ရှိ မင်းရဲ့ရုပ်ရည်ကိုကြည့်ရင်...မင်း ငယ်ငယ်တုန်းကလည်း မင်းရဲ့ရုပ်ရည်က အများကြီးကြည့်မကောင်းနိုင်ဘူး...တကယ်လို့ မင်းကိုကြိုက်တဲ့ မိန်းကလေးတွေ ရှိနေရင်တောင် သူတို့က ဆိုးရွားတဲ့အရသာကို ခံစားရမှာပဲ"
ချူးရှစ်ခွမ်းက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။
လုချင်ရှန်းသည် ချူးရှစ်ခွမ်းကို စူးစူးရဲရဲကြည့်ကာ သူ၏နီမြန်းနေသောမျက်နှာ ပို၍နီမြန်းသွားပြီး ပြောဆိုလိုက်၏။
"ငါ တကယ်ပြောနေတာ...ငါက ကြွားဝါပြောတက်တဲ့သူတစ်ယောက်နဲ့ တူနေလို့လား...မင်းတို့ လန့်မသွားကြနဲ့နော်...ငါ မင်းတို့ကို ပြောပြမယ်...တစ်ချိန်တုန်းက ငါ မိန်းကလေးသုံးဆယ့်ခြောက်ယောက်ကို တစ်ချိန်တည်းမှာ ဆက်ဆံခဲ့ဖူးတယ်"
"သုံးဆယ့်ခြောက်ယောက်လား"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ ရီဖုန်းပင်လျှင် အနည်းငယ်အံ့အားသင့်သွားသည်။
ယောက်ျားဆိုသည့်အမျိုးကို သိသည်မဟုတ်လော...
နည်းနည်းအရက်မူးသည်နှင့် ကြွားဝါပြောဆိုတတ်သည်မှာ သာမာန်ဆန်သောကိစ္စပင်။
"ဆက်ပြော...ဆက်ပြောစမ်းပါ....မင်း အဲ့ဒါကို ဘယ်လိုစီမံခဲ့သလဲဆိုတာ ငါတို့ကို ပြောပြစမ်းပါ"
စွန်းကျူးကဲက စိတ်အားထက်သန်စွာ တိုက်တွန်းနှိုးဆွလိုက်သည်။
ထိုအသံကိုကြားချိန်တွင် လူတိုင်း နားစွင့်လိုက်ကြသည်။
"အဟမ်း..."
လူတိုင်း စိတ်ဝင်တစားဖြစ်နေသည်ကိုကြည့်ပြီး လုချင်ရှန်းသည် မာန်တက်နေသောအမူအယာဖြင့် ကြွားဝါပြောဆိုသည်။
သူသည် အရာအားလုံးကို အစမှအဆုံး ခေါင်းမှခြေဖျားအထိ အဝေးမြင်ကွင်းမှအနီးကပ်အထိ အသေးစိတ်ကျကျပြောဆိုကာ သူ မည်မျှထိအပိုဖြည့်စွက်၍ ချဲ့ကားပြောဆိုနေသည်ကို မည်သူမျှမသိနိုင်ချေ။
နာရီဝက်ခန်ကြာမှသာ သူ၏စကားပြောဆိုမှု အဆုံးသတ်သွားခဲ့သည်။
"အင်း...ခင်ဗျား ကျွန်တော်ကို သင်ပေးနိုင်မလား"
ထိုအချိန်မှာပင် အခန်းတံခါးဝမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း လှမ်းကြည့်လိုက်ကြရာ ကျုံးချင်သည် နိုးထလာပြီးနောက် တံခါးဝမှချောင်းကြည့်နေသည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။ သူ ထိုနေရာ၌ ချောင်းနားထောင်သည်မှာ အချိန်မည်မျှကြာမြင့်နေပြီဖြစ်ကြောင်း မည်သူမျှမသိနိုင်ချေ။
သူသည် စကားပြောဆိုနေရင်း သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ သူ၏မျက်လုံးများအတွင်း၌ လုချင်ရှန်းဖော်ပြသော မြင်ကွင်းကို မျှော်လင့်တောင့်တနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ကောင်စုတ်လေး...ဒီကိစ္စတွေကို မင်း မသင်ယူသင့်သေးဘူး...မြန်မြန်သွားပြီးတော့ ပြန်အိပ်နေစမ်း"
ရီဖုန်းသည် ကျုံးချင်ကို ဒေါသတကြီး စူးစိုက်၍ကြည့်လိုက်သည်။ သို့ရာတွင် သူ၏တပည့်လေး နောက်ဆုံး၌ ပြန်လည်နိုးထလာခဲ့သဖြင့် သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ထိုစကားကိုကြားချိန်တွင် ကျုံးချင်သည် သူ၏ခေါင်းကိုအလျင်စလိုငုံကာ သုတ်သုတ်ပျာပျာပြန်ပြေးပြီး ပြန်လှဲချလိုက်၏။
ကျုံးချင် ထွက်ပေါ်လာမှုသည် သူတို့၏စိတ်အားထက်သန်မှုကို လျော့ပါးစေခြင်းမရှိချေ။
လုရှင်ရှန်းပြီးနောက် တခြားလူအိုကြီးများသည်လည်း သူတို့၏ပုံပြင်ဟောင်းများကို ပြန်ပြောင်းပြောပြကြတော့သည်။
လုချင်ရှန်းသည် တစ်ချိန်က မိန်းမပျိုလေးများအပေါ်တွင် သူ၏ကံကြမ္မာကောင်းမွန်ခဲ့ပုံကို ပြောဆိုခဲ့သကဲ့သို့ပင်....
ဝူယုံဟုန်သည်လည်း သူ ငယ်စဥ်က မိန်းကလေးတစ်ယောက်ကြောင့် သေလုမျောပါးရိုက်နှက်ခံရပြီး မိလ္လာတွင်းအတွင်း၌ လဝက်ကြာ ချိတ်ဆွဲခံထားရသည်ကို ပြောဆိုခဲ့သည်။
စွန်းကျူးကဲသည် သူ ငယ်ရွယ်စဥ်တွင် ဘေးအိမ်မှ ရွာကွမ်းတောင်ကိုင်အချောအလှလေး ရေချိုးနေသည်ကို ချောင်းကြည့်ခဲ့သည်အား ပြောပြခဲ့လေ၏။ သူမ၏ဝိုးတဝါးခန္ဓာကိုယ်ကောင်ကြောင်းနှင့် အဝတ်မဲ့နေသောနောက်ကျောပြင်ကြောင့် သူ နိုးကြွနေခဲ့သည်။ မိန်းကလေး နောက်သို့ပြန်လှည့်ကြည့်ချိန်တွင် ဤသည်မှာ ကွမ်းတောင်ကိုင်မိန်းကလေး၏အဖေဖြစ်နေကြောင်း သူ သိနားလည်သွားသဖြင့် တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဤဖြစ်ရပ်ကြောင့် စွန်းကျူးကဲသည် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် မည်သည့်မိန်းကလေးကိုမျှ စိတ်မဝင်စားတော့ချေ။
ချူးရှစ်ခွမ်းကမူ သူသည် စက္ကူအလွတ်တစ်ရွက်ကဲ့သို့ ဖြူစင်သူဖြစ်သဖြင့် ယောက်ျားများကို ပို၍နှစ်သက်သူဖြစ်မည်ဟု လူတိုင်းက သံသယဝင်နေကြကာ သူတို့၏ထိုင်ခုံများကို သူနှင့်ဝေးရာသို့ မသိမသာရွှေ့ပြောင်း၍ ထိုင်ကြကြောင်း ပြောဆိုသည်။
"ဆရာကြီး...မင်းမှာ ငါတို့နဲ့မျှဝေစရာ ပုံပြင်ဟောင်းတစ်ခုတစ်လေ မရှိဘူးလား"
သူတို့အားလုံး ကိုယ်ရည်သွေးပြောဆိုပြီးနောက် လုချင်ရှန်းက သိချင်စိတ်ပြင်းပြစွာဖြင့် ရီဖုန်းကို မေးမြန်းသည်။
တခြားလူများကလည်း စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြ၏။
"ငါလား..."
ရီဖုန်းက အပြုံးနှင့် သူ၏ဝိုင်ခွက်ကို အောက်သို့ချကာ အချိန်တခဏကြာခန့် စဥ်းစားတွေးတောလိုက်သည်။
"တကယ်တော့ ငါ့မှာ ထူးခြားတဲ့ပုံပြင်ဆိုလို့ ဘာမှမရှိဘူး...တကယ်လို့ ငါ တစ်ခုခုကို မဖြစ်မနေပြောရမယ်ဆိုရင်တော့ ငါက တခြားကမ္ဘာကလာတဲ့အကြောင်းပဲ ဖြစ်လိမ့်မယ်"
"တခြားကမ္ဘာကလား"
ထိတ်လန့်တုန်လှုပ်သွားခြင်းကြောင့် သူတို့အားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားကာ မူးယစ်ရီဝေနေသော အရှိန်များပင်လျှင် သူတို့ထံမှ ပျောက်ကွယ်သွားလေပြီ။
Chapter 170
"အင်း..."
ရီဖုန်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အရက်သောက်ရင်း ကိုယ်ရည်သွေးပြောဆိုနေကြခြင်းဖြစ်သဖြင့် တခြားလူများ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူ ဂရုမစိုက်ချေ။
သို့ရာတွင် သူ၏စကားများပြောင့် သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားကာ သူ့အပေါ် သူတို့၏လေးစားကြည်ညိုမှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်အား သူ မသိရှိချေ။
ရီဖုန်းကို သူတို့ သိကျွမ်းခဲ့ရသည့် အချိန်ကာလတလျှောက် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တစိုးတစိမျှ အတည်မပြုနိုင်ခဲ့ချေ။ ရီဖုန်းကိုယ်တိုင်သည်လည်း သူ၏ကျင့်ကြံဆင့်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တစ်ခုတစ်လေကိုမျှ ထုတ်ဖော်ပြောဆိုဖူးခြင်းမရှိပေ။
ထို့ပြင် သူတို့သည် မမေးမြန်းဝံ့သောကြောင့် ရီဖုန်း ထုတ်ဖော်အသုံးပြုသော နည်းလမ်းတချို့ကိုအခြေခံ၍ သူ၏ကျင့်ကြံဆင့်ကို ခန့်မှန်းရုံသာတတ်နိုင်ခဲ့သည်။
ယနေ့တွင်...
ရီဖုန်းသည် နောက်ဆုံး၌ သူ၏ကျင့်ကြံဆင့်နှင့်ပတ်သက်၍ သေးငယ်သောသဲလွန်စတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်လေပြီ။
အင်မော်တယ်...
သံသယဖြစ်ဖွယ်မရှိ အင်မော်တယ်တစ်ယောက်ပင်...
သူတို့သည် ယခင်က ထိုအရာကိုမှန်းဆခဲ့သော်လည်း ခန့်မှန်းချက်သက်သက်သာရှိသည်။ သို့ရာတွင် ဤအချိန်၌ တိကျခိုင်မာသောသက်သေကို သူတို့ ရရှိခဲ့သည်။
အကြောင်းအရင်းမှာ အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ အားအကောင်းဆုံးကျင့်ကြံသူဖြစ်သော သိုင်းအင်ပါယာပင်လျှင် ကမ္ဘာလောကများအကြားတွင် သွားလာနိုင်ခြင်းမရှိကြောင်း သူတို့ သိရှိထားသောကြောင့်ပင်။ အထက်ဘုံများမှလာသော ဒဏ္ဍာရီလာအင်မော်တယ်များသာ ဤကဲ့သို့ မိုးထိမြင့်မားသောစွမ်းဆောင်မှုမျိုးကို အောင်မြင်ပြီးမြောက်နိုင်သည်။
သူတို့သည် ရီဖုန်းကို ပို၍မလေးစားဘဲ မနေနိုင်တော့သည့်အပြင် သူတို့၏စိတ်နှလုံးသားအတွင်း၌ ဂုဏ်ယူဝင့်ကြွားသောခံစားချက်များ ပို၍ကြီးမားလာသည်။
ဤဂုဏ်ကျက်သရေသည် သူတို့ကိုယ်တိုင်အတွက်သာမက နောင်အနာဂတ်တွက် ကုန်းမြေအနှံ့ လှည့်လည်သွားလာမည့် သူတို့၏မျိုးဆက်များအတွက်လည်းဖြစ်သည်။ ထိုမျိုးဆက်များသည် သူတို့၏ခေါင်းကိုမော့ကာ သူတို့၏ဘိုးဘေးများသည် အင်မော်တယ်တစ်ယောက်အတွက် အလုပ်လုပ်ကိုင်ပေးကာ အစားအစာများကို အတူတကွစားသောက်ခဲ့ကြောင်း ပြောဆိုနိုင်ပေမည်။
ဤှသည်မှာ သူတို့၏ဘိုးဘေးများအတွက်လည်း ချီးမွမ်းထောမနာပြုဖွယ်ရာပင်။
"ငါ တခြားကမ္ဘာအကြောင်း ပြောလိုက်တဲ့အချိန်မှာ ဘာလို့ မင်းတို့အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြတာလဲ"
ရီဖုန်းက မျက်စိစွေပြီး သူတို့အားလုံးကို ကြည့်လိုက်၏။
ထိုအခြင်းအရာကိုကြည့်ပြီး သူတို့သည် ရှက်ရွံသွားသဖြင့် သူတို့၏နီမြန်းနေသောမျက်နှာများကို အောက်သို့ငုံလိုက်ကြသည်။
ကမ္ဘာလောကများအကြားကို ဖြတ်သန်းသွားသည်မှာ ဆရာကြီးအတွက် အသေးအမွှားကိစ္စဖြစ်သော်လည်း သူတို့အတွက်မူ အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
"ဆရာကြီး...ကျေးဇူးပြုပြီးတော့ ဆက်ပြောပါအုံး"
"အမှန်ပဲ...အမှန်ပဲ...အဲ့ဒီကမ္ဘာလောကနဲ့ပတ်သတ်ပြီးတော့ မင်း ငါတို့ကို ပြောပြနိုင်မလား"
"အဲ့ဒီကမ္ဘာလောကနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ငါတို့ကို ပြောပြပါလား"
သူတို့သည် မျှော်လင့်တကြီးဖြင့် ရီဖုန်းကိုကြည့်ကာ မေးမြန်းလိုက်သည်။
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ အတိတ်ဘဝအကြောင်းကို ပြန်လည်အမှတ်ရချိန်တွင် သူ၏စိတ်ခံစားချက်များ လှုပ်ခတ်နေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် သူသည် ထိုကိစ္စကို လက်မလွှတ်နိုင်သေးချေ။
အင်း....ကောင်းပြီလေ...
သူသည် သူတို့နားထောင်ရန်အတွက် အဖြစ်အပျက်တစ်ခုကို ပြောပြရပေမည်။ ဤသည်မှာ သူတို့အားလုံး အရက်မူးပြီး ရောက်တက်ရာရာပြောဆိုနေခြင်းမဟုတ်လော။
"အဲ့ဒါက တခြားလူမှုအဖွဲ့အစည်းတစ်ခုပဲ....အဲ့ဒီကမ္ဘာလောကမှာရှိတဲ့လူတွေက အရမ်းဥာဏ်ကောင်းပြီးတော့ အစွမ်းထက်ကြတယ်...တကယ်လို့ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကို ယူဆောင်လာမယ်ဆိုရင် သူတို့က အင်မော်တယ်မြစ်ကုန်းမြေကို အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မယ်...သူတို့က ကုန်းမြေတခွင်လုံးမှာရှိတဲ့ သက်ရှိတွေအားလုံးကို ဆိတ်သုဥ်းသွားစေနိုင်တယ်"
"ဟူး...."
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်နှင့်တခြားသူများ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များရှိနေသည်။
ဤကဲ့သို့သော စွမ်းဆောင်နိုင်စွမ်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
အင်မော်တယ်မြစ်ကုန်းမြေသည် အလွန်ကျယ်ဝန်းပေရာ သက်ရှိများအားလုံး ဆိတ်သုဥ်းသွားစေရန် မဆိုထားနှင့် ကုန်းမြေတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် တစ်စုံတစ်ယောက်ကိုပင် သူတို့ မကြားခဲ့ဖူးချေ။
"အဲ့ဒီကမ္ဘာလောကထဲမှာ မင်းက ဘယ်အဆင့်မှာရှိနေလဲ"
ဝူယုံဟုန်က ဂရုတစိုက် မေးမြန်းလိုက်၏။
"ငါလား..."
ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။
"ငါက သာမာန်လောက်ပဲရှိတာ...တကယ်တော့ ငါက အဲ့ဒီအစစ်အမှန်အစွမ်းထက်သူတွေနဲ့ နှိုင်းယှဥ်ရင် အောက်ခြေအဆင့်မှာပဲရှိတယ်"
"ဘာ...."
"အောက်ခြေအဆင့်လား..."
ရီဖုန်း၏စကားများသည် သူတို့အား မူးမေ့လဲကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဆရာကြီးကဲ့သို့ အစွမ်းထက်သောအင်မော်တယ်တစ်ယောက်သည် ထိုကမ္ဘာလောကအတွင်း၌ သာမာန်မျှသာရှိသည်ဟု ဆိုသလော...
ထိုကမ္ဘာလောကမှလူများ မည်မျှထိသန်မာအားကောင်းနေသနည်း...
ဖြစ်နိုင်သည်မှာ ထိုကမ္ဘာလောကအတွင်းရှိ လူများအားလုံး အင်မော်တယ်များဖြစ်သလော....
ထိုအကြောင်းကိုတွေးတောရင်း သူတို့သည် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြက သူတို့ကိုယ်သူတို့ အရေးမပါသူများဟု ချက်ချင်းခံစားမိလေ၏။ အကယ်၍ သူတို့သာ ထိုကမ္ဘာလောကသို့သွားပါက သူတို့သည် အမှိုက်များဖြစ်နေမည်မဟုတ်လော....
"ဆရာကြီး...အဲ့ဒီကမ္ဘာလောကထဲမှာ မင်းရဲ့တခြားအဖြစ်အပျက်လေးတွေ ရှိသေးလား"
သူ၏သိချင်စိတ်ကို ထိန်းချုပ်မထားနိုင်တော့သဖြင့် လုချင်ရှန်းက မေးမြန်းသည်။
"ရှိတာပေါ့..အဖြစ်အပျက်မျိုးစုံပဲ...ဥပမာအနေနဲ့ပြောရရင် ငါရဲ့မိုက်ရူးရဲဆန်တဲ့ လူငယ်ဘဝမှာတုန်းက...ငါ့ရဲ့ရုပ်ရည်အားကိုးနဲ့ လှေနံအများကြီးကို တပြိုင်နက်တည်း နင်းပြီးတော့...မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့နေရာမှာရှိနေတဲ့ မိန်းကလေးတွေနဲ့ တပြိုင်နက်တည်း စကားစမြည်ပြောခဲ့တယ်"
ရီဖုန်းက သူ့ကိုယ်သူ သိမ်ငယ်နေသောလေသံမျိုးဖြင့် ပြောဆိုသည်။
"မိုင်ထောင်ချီဝေးတဲ့နေရာမှာရှိတဲ့ မိန်းကလေးတွေနဲ့ တစ်ချိန်တည်းမှာ စကားစမြည်ပြောဆိုတာလား"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့လူစု၏မျက်လုံးများ တဖန်ထပ်၍ ပြူးကျယ်သွားသည်။
မိုင်ထောင်နှင့်ချီဝေးကွာသောခရီးသည် သူတို့အတွက် ဝေးကွာခြင်းမရှိသော်လည်း ပင်ကျင်းမြို့တစ်မြို့စာ အကျယ်အဝန်းရှိသဖြင့် သူတို့ သွားလာလိုပါက အချိန်တစ်နာရီခန့်ယူရပေမည်။ သို့ရာတွင် ရီဖုန်းသည် မိုင်ပေါင်းထောင်နှင့်ချီဝေးကွာသောနေရာများမှ မိန်းကလေးများနှင့် တပြိုင်နက်တည်း စကားစမြည်ပြောဆိုခဲ့သလော....
ဤသည်မှာ မည်ကဲ့သို့ စွမ်းဆောင်ရည်မျိုး ဖြစ်သနည်း....
လေဟာနယ်ကို တွန့်ခေါက်လိုက်ခြင်းဖြစ်သလော....
"မိန်းကလေးတွေအများကြီးနဲ့ တစ်ချိန်တည်းမှာ စကားပြောတာလား...ဆရာကြီးရဲ့အရည်အချင်းက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ"
သူတို့သည် လေးစားကြည်ညိုသောအကြည့်ဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
"ဘာထိတ်လန့်တုန်လှုပ်စရာရှိလို့လဲ....အဲ့ဒီကမ္ဘာလောကမှာ ဒါက အခြေခံကျွမ်းကျင်မှုလေးသက်သက်ပဲ"
ရီဖုန်းသည် ထိုလူအိုကြီးများကို မျက်လုံးစွေကြည့်ကာ ဆွံအသွားသည်။ ဤသည်မှာ ဖုန်းတစ်ချက်ခေါ်ရုံ သက်သက်ပင်။
သို့ရာတွင် သူ များစွာမရှင်းပြတော့ချေ။ ထိုသို့မဟုတ်ပါက ဤစကားစမြည်ပြောဆိုခြင်းသည် အဆုံးရှိမည်မဟုတ်ချေ။
သို့ရာတွင် ဝူယုံဟုန်တို့လူစုသည် မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤကဲ့သို့ စွမ်းဆောင်ရည်မျိုးပင်လျှင် အခြေခံကျွမ်းကျင်မှုအဆင့်သာရှိသည်။ ကြည့်ရသည်မှာ ထိုကမ္ဘာလောကအတွင်းရှိ လူများ၏ သာမာန်ကျင့်ကြံခြင်းနယ်ပယ်သည် အင်မော်တယ်ဖြစ်မည်ဟူသော သူတို့၏ခန့်မှန်းချက်သည် သံသယဖြစ်ဖွယ်မရှိ အမှန်ဖြစ်နေပုံပင်။
"ပြောရမယ်ဆိုရင် အတိတ်မှာ ငါက ဆန်ကုန်မြေလေးတစ်ယောက်ပဲ"
ရီဖုန်းသည် ဝိုင်ခွက်ကိုကောက်ကိုင်ကာ သူ့ကိုယ်သူ သိမ်ငယ်သကဲ့သို့ ခံစားမိသဖြင့် ရယ်မောလိုက်၏။ သူ၏မျက်လုံးများအတွင်း၌ ထိုကမ္ဘာလောကကို လွမ်းဆွတ်တမ်းတမှုများနှင့် ပြည့်နှက်နေသည်။ သူ၏အတိတ်ရှိ ထိုရှက်ရွံဖွယ်အဖြစ်အပျက်များကို ပြန်ပြောရသည်မှာ မိုက်ရူးရဲဆန်သော ဆယ့်ရှစ်နှစ်သားအရွယ် လူငယ်တစ်ယောက်၏ ငယ်စဥ်ဘဝကိုချစ်မြတ်နိုးခဲ့ခြင်းလည်းဖြစ်သည်။
အထူးသဖြင့် သူ၏ဖုန်းသို့ မက်ဆေ့ချ်များဝင်လာမည်ကို စူးစိုက်ကြည့်ရင်းဖြင့် ဆိုရှယ်မီဒီယာပေါ်ရှိစာစုများကို စေ့စေ့စပ်စပ်ကြည့်ကာ တခြားလူများ၏ခံစားချက်များကိုမှန်းဆရင်း ညလုံးပေါက်မအိပ်ဘဲနေခဲ့ပြီး စာသင်ခန်းအတွင်းတွင် အိပ်ငိုက်ခဲ့သောနေ့ရက်များ...
သူသည် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ခဲ့သော်လည်း လူငယ်တစ်ယောက်၏အကောင်းဆုံးအချိန်များမဟုတ်ဟု မည်သူပြောဆိုနိုင်မည်နည်း...
"ဆန်ကုန်မြေလေးဆိုတာက..."
ဝူယုံဟုန်တို့လူစုသည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
ရီဖုန်းက သူတို့ကို တစ်ချက်ကြည့်လိုက်၏။ ဤလူအိုကြီးများသည် အမှန်တကယ်ကိုပင် အရာအားလုံးကို သိရှိလိုကြသည်။ ထို့ကြောင့် သူက သရော်တော်တော် ပြောဆိုလိုက်သည်။
"ဒါက ချီးမွမ်းတဲ့နေရာမှာသုံးတဲ့ စကားတစ်ခွန်းပဲ"
"ငါ သိပြီ...ဆရာကြီးက ဆန်ကုန်မြေလေးတစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိဘူး"
ဝူယုံဟုန်တို့လူစုသည် စကားလုံးအသစ်တစ်လုံးကို သင်ယူနိုင်ခဲ့သဖြင့် ထိုအရာကိုအသုံးပြုကာ စိတ်အားထက်သန်စွာဖြင့် ရီဖုန်းကို မြှောက်ပင့်ချီးမွမ်းကြသည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားကာ သူ၏မျက်နှာကြွက်သားများ အထိန်းအကွပ်မဲ့စွာ တွန့်လိမ်သွားသည်။
သူ ပစ်လိုက်သောအရာသည် သူ့ကိုယ်သူ ပြန်ထိမှန်ခြင်းပင်။
ညအချိန်သည် တဖြည်းဖြည်း မှောင်စပျိုးလာလေပြီ။
ဝိုင်အရက်များ ဆက်လက်၍သောက်သုံးနေကာ...
ရောက်တက်ရာရာ ဆက်ပြောနေကြရင်း...
တဖြည်းဖြည်းနှင့်....
တချို့သည် သူတို့၏မူးယစ်ရီဝေမှုကို တောင့်မခံနိုင်တော့ချေ။ ဝူယုံဟုန်နှင့်လုချင်ရှန်းတို့သည် အချိန်တစ်ချိန်အရောက်တွင် စားပွဲအောက်သို့လဲကျသွားကြ၏။ သူတို့သည် စားပွဲခုံခြေထောက်တစ်ချောင်းစီကို ပွေ့ဖက်ကာ ဟောက်နေကြတော့သည်။
စွန်းကျူးကဲနှင့်ချူးရှစ်ခွမ်းတို့သည် ကြမ်းပြင်ပေါ်၌ ခြေကားရားလက်ကားရားလဲကျနေသည်။ စွန်းကျူးကဲသည် ချူးရှစ်ခွမ်း၏ခြေထောက်ကို ပွေ့ဖက်ထားလေ၏။ သူသည် အိပ်ပျော်နေစဥ် ကယောင်ကတမ်းပြောနေကာ ရံဖန်ရံခါ လေလည်နေသည်။
"ဟူး...."
ရီဖုန်းသည် တောက်ပသောလကို မော့ကြည့်ရင်း အနည်းငယ်ထွေတေတေဖြစ်နေသဖြင့် ညင်သာစွာသက်ပြင်းတစ်ချက်ရှိုက်ကာ သူ တစ်ယောက်တည်း ဝိုင်တစ်အိုးကို မော့သောက်လိုက်သည်။
သူသည် ဇီသာကိုကောက်ကိုင်ကာ ခေါင်မိုးပေါ်၌ ထိုင်လိုက်၏။
"တောက်ပတဲ့လမင်းကြီး...မင်း အဲ့ဒီနေရာမှာရှိနေမှတော့ လေနဲ့အတူပါသွားမယ့် ဝိုင်ရနံ့ကိုရှုရှိုက်ပြီး မင်း ငါနဲ့အတူ သောက်ပေးပါအုံး...ငါ့ရဲ့ကမ္ဘာမှာ ခုချိန် ဘယ်ခုနှစ်ကိုရောက်နေပြီလဲဆိုတာ ငါ မသိတော့ဘူး...."
ဇီသာကြိုးများကို ညင်သာစွာ တီးခတ်လိုက်ခြင်းနှင့်အတူ သာယာနာပျော်ဖွယ်တေးသံက ပျံ့လွင့်လာသည်။