အာဝူးးးး
Vol. 7 Ch. 94
စလိုအန်မိသားစု၏ ပထမမျိုးဆက်သည် ကုတ် - အယ်လ် အား ခေါ်ထုတ်နိုင်ခဲ့သော်ငြား ကြောင်သည် အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူဆက်ဆံခဲ့သည်။ သူမအား ထိန်းချုပ်နိုင်သူ မရှိခဲ့ချေ။
ကုတ် - အယ်လ် သည် အရည်အသွေးမြင့် အစာကို တောင်းဆိုသော်ငြား လူသားများ ပြဿနာကြုံတွေ့ချိန်တွင် ကူညီပေးခြင်း မရှိချေ။ အမြဲလိုလို ပျင်းရိကာ အိပ်စက်ရခြင်းကို ကြိုက်နှစ်သက်သည်။
သူမသည် လူသားများ၏ အိပ်ရာကို ခိုးယူကာ ထိုအိပ်ရာများတွင် အိပ်စက်ရခြင်းအား ကြိုက်နှစ်သက်သည်။ ပိုင်ရှင်ဖြစ်သူ မည်သို့ အိပ်ရမည်ကို လုံးဝ ဂရုမစိုက်ချေ။ သူမသည် အစောင့်အရှောက် များထဲတွင် အမောက်မာဆုံး၊ အန္တရာယ်အရှိဆုံးနှင့် အရက်စက်ဆုံး ဖြစ်သည်။
သို့သော် သူမ၏ ပထမဆုံး ပိုင်ရှင်သည် သူမအား အလွန်အကျူး အလိုလိုက်ခဲ့သောကြောင့် ကြောင်သည် အခြားသူများအပေါ် ဆက်ဆံရာတွင် အတော်လေး ဆိုးသွမ်းသော်လည်း တောင်းဆိုမှုများ ရှိနေဆဲ ဖြစ်လေသည်။
ကုတ် - စီ သည် ကတ်ထူပုံး အောက်ခြေနှင့် ပါးလေးအား ပွတ်တိုက်ရင်း ရယ်နေမိသည်။ သူ၏ အဖော် ၂ ကောင်သာ မြက်ခင်းပြင်မှ ထွက်လာမည်ဆိုလျှင် မည်မျှ ပရမ်းပတာ ဖြစ်နေမည်လဲ ဆိုသည်ကို မြင်ချင်မိသည်။
သူတို့ ထွက်လာနိုင်မည်လား၊ သူ့အား မြက်ခင်းပြင်သို့ ပြန်ပို့ကြမည်လား ဟူသည်ကိုမူ မသိနိုင်ချေ။
အရာအားလုံးမှာ ဤကလေးအပေါ် မူတည်နေသည်။
ကုတ် - စီ ၏ အပြာရောင်မျက်လုံးများဖြင့် အင်စလေအား ချောင်းကြည့်လိုက်သည်။ မည်သည့်ကြောင့်ရယ် မသိသော်ငြား သူ၏ မသိစိတ်သည် ဤကလေးအား ယုံကြည်နိုင်သည်ဟု အဆက်မပြတ် တိုက်တွန်းပြောကြားနေသည်။
သူမသည် မိသားစုအား ကောင်းမွန်သည့် အရာများစွာ ယူဆောင်လာပေးလိမ့်မည်။
နောက်တစ်နေ့ နံနက်ခင်း။
“ဝှါးးး”
အင်စလေ သန်းဝေရင်း နိုးထလာသည်။ နေရောင်ခြည်သည် ကလေးအား နှုတ်ဆက်သည့်အလား ပြတင်းပေါက်မှတဆင့် သူမ၏ ခရမ်းရောင် ဆံပင်များအပေါ် ကျရောက်နေသည်။
အင်စလေ၏ မျက်လုံးများ မှေးကျည်းလိုက်သည်။ နောက်တစ်ဖန် သန်းဝေပြီးနောက် မျက်လုံးများအား လက်ဖြင့်ပွတ်လိုက်သည်။ နံနက်စောစောသာ ရှိနေသေးသည့်တိုင်အောင် နေထွက်နေပြီဖြစ်သည်။ သို့သော် အိမ်အကူများ ရောက်မလာသေးချေ။
ထိုသို့ဖြင့် ကြောင်အား အရင်ဆုံး ကြည့်ရမည်။
ကလေးသည် ပျင်းရိသော ကြောင်ပေါက်လေးကဲ့သို့ အကြောဆန့်ပြီး ကုတ် - စီ အား ကြည့်ရန် အိပ်ရာအစွန်းသို့ တွားသွားလိုက်သည်။
အိပ်ရာအစွန်းသို့ ရောက်သွားချိန်တွင် ကြောင်မွေး အနည်းငယ်မှအပ အခြားမတွေ့ရချေ။ ကုတ် - စီ သည် လျှို့ဝှက်စွာဖြင့် သူမ၏ ပုခတ်မှ ဆင်းသွားခြင်း ဖြစ်မည်။
အင်စလေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ဖြစ်လာသည်။
“ကုတ် - စီ.. ကုတ် - စီ..”
အင်စလေ ကလေးတစ်ဦးလိုပင် မပြောတော့ချေ။ ကုတ် - စီ ပုန်းနေမလားဟု သူမ၏ ပုခတ်အား အပြန်ပြန်အလှန်လှန် ရှာဖွေသော်ငြား အစအနပင် မတွေ့ရချေ။
ကလေးသည် မတွေးတတ်အောင် ဖြစ်နေသောကြောင့် ကတ်ထူပုံးအား ကြည့်ရန် မစဉ်းစားမိချေ။ သူမခေါင်းထဲ၌ အမျိုးမျိုးသော ဇာတ်ကြောင်းများ ပေါ်လာတော့သည်။
“ကုတ် - စီ.. နင် ဘယ်မှာလဲ..”
အင်စလေ အသံမြှင့်ကာ စောင်၊ ခေါင်းအုံးနှင့် အိပ်ရာခင်းကိုပင် လှန်လှောရှာဖွေနေသည်။ သူမ၏ လက်ရှိအခြေအနေမှာ အရူးတစ်ယောက်နှင့် တူနေမှန်း သိသော်ငြား ကုတ် - စီ အား အဆုံးရှုံးမခံနိုင်ပေ။
မနက်စောစော နေပူစာလှုံနေသည့် ကုတ် - စီ မျက်လုံးဖွင့်လိုက်သည်။ ပါးစပ်ဟကာ သန်းလိုက်သဖြင့် သွားစွယ်လေးများ ပေါ်ထွက်လာသည်။
ကြောင်သည် ပျင်းရိစွာဖြင့် ကတ်ထူပုံးမှ ခေါင်းထွက်ကြည့်သည့်အခါ အော်ဟစ်ငိုယိုတော့မည့် ကလေးအား မြင်တွေ့လိုက်ရသည်။ သူမသည် ကြောင်အား ပျောက်သွားသည်ဟု မှတ်ယူကာ သူ၏ နာမည်ကိုပင် အကြိမ်အနည်းငယ်ခန့် အော်ခေါ်နေသေးသည်။
ဟွန့်.. အရူး..
ကုတ် - စီ သည် ကလေးအား အထင်အမြင် သေးချင်သော်ငြား သူမ၏ ကလေးဘာသာစကား မဟုတ်ဘဲ ပုံမှန်အသံထွက်အား ကြားပြီးနောက် အတော်လေး အံ့အားသင့်နေမိသည်။
ဒီကလေးက ပုံမှန်လိုပဲ ပြောတတ်တယ်ပေါ့.. သူစကားပြောရင် အရမ်းပဲ ကလေးဆန်လို့ အရူးလို့ ထင်နေတာ.. သူမအရွယ် ကလေးတွေက အခုလိုမျိုး အမှားအယွင်းမရှိ ပြောနိုင်သင့်ပြီလေ..
ဒါပေမဲ့ သူမက ရုတ်တရက်ကြီး လူကြီးတွေလို ပြောနေပါလား..
သူမ၏ အသံထွက်မှာ အတော်လေး ရှင်းလင်းပြတ်သားသဖြင့် ကုတ် - စီ သည် ကလေးအား သဘောကျသွားမိသည်။ သူမ အသုံးပြုသည့် စကားလုံးများသည် ကလေးတစ်ဦးအတွက် အတော်လေး ရှုပ်ထွေးလေသည်။
မျှော်လင့်ထားသလိုပင် ဤကလေးမှာ သာမန်ကလေး မဟုတ်ချေ။
ကုတ် - စီ သည် ကလေးပေါက်စတစ်ယောက်အား ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သလို ကလေးတစ်ဦးသည် သူ၏ ပိုင်ရှင်ဖြစ်လာသည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
စူးစမ်းလိုစိတ် ပြင်းပြသည့် ကြောင်တစ်ကောင်ဖြစ်သော ကုတ် - စီ အတော်လေး ပျော်ရွှင်သွားလေသည်။ အင်စလေ ငိုလုဆဲဆဲ ဖြစ်လာသည့် အချိန်အထိ အသံမပေးချေ။ ထိုအချိန်မှသာ ခေါင်းထောင်ကာ မြောင်သံပေးလိုက်သည်။
“အာဝူးးးး”
သူ၏ မြောင်သံမှာ ကြောင်၏ မြောင်သံနှင့် မတူဘဲ ဝံပုလွေအူသံနှင့် တူလေသည်။
ထိုကိုးရိုးကားယားနိုင်သော မြောင်သံသည် အင်စလေအား လက်တွေ့အချိန်သို့ ပြန်ဆွဲခေါ်လိုက်နိုင်သည်။ ချက်ချင်းပင် တည်ငြိမ်သွားပြီး အခန်းထောင့်ရှိ ကတ်ထူပုံးအား အလျင်အမြန် ငုံ့ကြည့်လိုက်သည်။
ကြောင်သည် ကတ်ထူပုံးမှ ခေါင်းထွက်ကာ စနောက်ကျီစယ်ဟန်ဖြင့် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချက်မှအပ အခြားမရှိချေ။
ကြောင်သည် ပျင်းရိစွာ ကြည့်လိုက်ပြီးနောက် ကတ်ထူပုံးအတွင်း ခေါင်းပြန်လျှိုသွားသည်။
ဘယ်လိုတောင် ပျင်းတဲ့ကြောင်လဲ..
သို့တိုင်အောင် အင်စလေ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ပုခတ်ပေါ်မှ ခုန်ဆင်းပြီး ကတ်ထူပုံးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“မောနီးးး”
အင်စလေသည် ကြောင်၏ အမွေးပွပွ ခန္ဓာကိုယ်လေးအား လက်ဖြင့်သပ်ကာ နှုတ်ဆက်လိုက်သည်။ အစပိုင်းတွင် ကြောင်အား လက်ဖြင့်ပွတ်ရန် တုံ့ဆိုင်းနေမိခဲ့သော်ငြား ကြောင်သည် ငြင်းဆန်မှုမပြုဘဲ လက်ခံနေသောကြောင့် ကလေးသည် ပို၍ အရှက်မရှိ ဖြစ်လာသည်။
“ဟီးဟီးဟီး”
အင်စလေသည် မျက်နှာပေါ်တွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူမ၏ လက်ချောင်းလေးများအား ကြောင်၏ အမွေးထူထူများထဲ ထိုးထည့်ပြီး ဇိမ်ခံလိုက်သည်။
အမွေးထူထူလေးက နူးညံ့နေရော.. ချစ်ဖို့ကောင်းလိုက်တာ..
ကုတ် - စီ နှင့် ပျော်ရွှင်စွာ ကစားပြီးနောက် အိမ်အကူများ ရောက်လာပြီး သူမ၏ အဝတ်များ လဲပေးကြသည်။ ယနေ့တွင် သူမသည် စစ်ဝတ်စုံနှင့်တူသည့် ခါးတိုရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ စစ်စိမ်းရောင် အင်္ကျီအား အညိုဖျော့ရောင် လည်စည်းနှင့် တွဲဖက်လိုက်ချိန်တွင် ကလေးမှာ အတော်လေး ချစ်စဖွယ် ဖြစ်နေတော့သည်။
ယနေ့ဝတ်ဆင်ထားသော စစ်စိမ်းရောင်ဝတ်စုံမှာ နွေရာသီနှင့် လိုက်ဖက်မှုရှိသည်။ အင်စလေသည် အရောင်တူ ဘောင်းဘိုတိုကို ဝတ်ဆင်လိုက်သည်။
သူမ၏ ဆံပင်အား ဦးခေါင်းထိပ်တွင် ဆံထုံးပုံစံ ထုံးဖွဲ့လိုက်ပြီးနောက် အိမ်အကူများသည် ကလေးအား အစိမ်းရောင် ဘယ်ရီကတ်ဦးထုပ်တစ်ခု ပေးလေသည်။ နီညိုရောင် လည်ထောင်ဖိနပ်ရှည်ကို ဝတ်ဆင်ပြီးနောက် အင်စလေသည် ဖက်ရှင်ရှိုးလျှောက်ရန် အသင့်ဖြစ်နေလေပြီ။ ဘွာတေး.. တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
အဆိုပါ ‘တိုက်ပွဲ’ ဟူသည်မှာ မနက်စာ စားရန် ဖြစ်သည်။
“ပြီးပါပြီ သခင်မလေး.. ဒီဝတ်စုံလေးနဲ့ အရမ်း ချစ်ဖို့ကောင်းတာပဲ..”
အခြားသူများ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြချိန်တွင် အိမ်အကူတစ်ဦးမှ ချီးကျူးစကားပြောသည်။ အင်စလေအား မတူကွဲပြားစွာ ဝတ်ဆင်ပေးရခြင်းမှာ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလေသည်။
ဖက်ရှင်အရုပ်ကဲ့သို့ ဆင်မြန်းခံထားရသော အင်စလေသည် ခါးသီးစွာ ပြုံးလိုက်ပြီးနောက် သူမ၏ အခမဲ့ စီးတော်ယာဉ်ဖြစ်သည့် အယ်လီယာနာပေါ်သို့ တက်လိုက်သည်။
အိမ်အကူများအကြောင်း ပြောကာမှ သူမ စတင်ကူးပြောင်းလာသည့် နေ့တွင် တွေ့ဆုံခဲ့ရသော ကြင်နာတတ်သည့် အိမ်အကူအား မတွေ့ရသည်မှာ ကြာလှပေပြီ။
သူမ ဘယ်ရောက်သွားတာလဲ..