← Chapters

ပြဿနာရှာခြင်း

Vol. 7 Ch. 95

ပြဿနာရှာခြင်း

Vol. 7 Ch. 95

အင်စလေသည် အခြားသူများအား ထိုအိမ်အကူအကြောင်း မေးခဲ့သော်ငြား မည်သူမှ မသိကြချေ။ သူမ သေဆုံးသွားခြင်း သို့မဟုတ် ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။

အင်စလေသည် သေးငယ်သည့် ပြဿနာများအား ဂရုစိုက်ရန် အချိန်မရှိ‌ချေ။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုအိမ်အကူအားလည်း မသိပေ။

ထိုသို့နှင့် အတွေးများနေခြင်းအား ရပ်လိုက်ကာ အင်စလေသည် ကုတ် - စီ မပါဘဲ ထမင်းစားခန်းသို့ ရောက်လာခဲ့သည်။ ကုတ် - စီ သည် ကတ်ထူပုံးအတွင်းမှ ထွက်သွားလိုစိတ် မရှိချေ။ ထို့ကြောင့် အယ်လီယာနာအား ကြောင်စာထည့်ပေးရန်သာ ပြောလိုက်ရသည်။

ကုတ် - စီ အစာစားနေစဉ် သူမသည်လည်း အရသာရှိသည့် မနက်စာအား ပျော်ရွှင်စွာ စားသောက်နေသင့်သည်။

ဟုတ်ပါ့မလား..

ထမင်းစားခန်းသို့ ရောက်ချိန်အထိ အင်စလေ အတွေးလွန်နေတော့သည်။

များသောအားဖြင့် အဖိုးယိုဖန်သည် သူမအား တွေ့သည်နှင့် ချက်ချင်း မတ်တတ်ရပ်ကာ နှုတ်ဆက်တတ်သည်။ လေထုသည် အမြဲလိုလို တက်ကြွကာ နွေးထွေးနေတတ်သော်ငြား ယနေ့တွင်မူ..

ထမင်းစားခန်းအား ကျောပေးထားသည့် အင်စလေသည်လည်း ထူးဆန်းမှုအား ရုတ်တရက် ခံစားလိုက်ရသည်။ အယ်လီယာနာ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီးနောက် ရှေ့ဆက်မတိုးတော့ချေ။

‘ဘာဖြစ်တာလဲ.. ဘာဖြစ်လို့ အတော်လေး တိတ်ဆိတ်နေရတာလဲ..’

ထမင်းစားခန်းမှာ အမှန်တကယ်ကိုပင် အတော်လေး တိတ်ဆိတ်နေခြင်း ဖြစ်သည်။ လေထုမှာ မွန်းကြပ်ဖွယ်ကောင်းပြီး အင်စလေသည် ထမင်းစားခန်းမှ ထွက်လာသည့် ဖိအားများကိုပင် ခံစားမိသည်။

သူမ၏ အလိုလိုသိစိတ်အရ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသည်။

အင်စလေ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး အယ်လီယာနာ၏ လည်ပင်းအား လွှတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အား ချိန်ညှိပြီးနောက် အဖိုးယိုဖန်အား မြင်ရရန် လှည့်ကြည့်လိုက်သည်။

ထိုင်ခုံများတွင် နေရာယူထားသည့် လူများကိုသာ မြင်လိုက်ရသည်။

ထိုသူများမှာ လေးနက်သည့် အမူအရာများဖြင့် အဖိုးယိုဖန်အား ကြည့်နေကြသည်။ လူအိုကြီးသည် အင်စလေအား နောက်ကျောပေးထားသောကြောင့် သူမ ရောက်လာခြင်းအား မမြင်ပေ။

သို့သော် ဧည့်သည်များသည် အင်စလေနှင့် အယ်လီယာနာအား သတိပြုမိကြဖြင့် ချက်ချင်းဆိုသလို သတိအပြည့် ဖြစ်လာကြသည်။ အချို့သည် ကျောမတ်လာကြပြီး အချို့မှာမူ ကြောက်မက်ဖွယ် အငွေ့အသက်များ ဖော်ထုတ်လိုက်ကြသည်။

အင်စလေသည် သူမ၏ အရေပြားအား ထိုးဆွနေသည့် အေးစက်သော အငွေ့အသက်အား ခံစားမိသဖြင့် တုန်ယင်သွားလေသည်။ အယ်လီယာနာပင်လျှင် နောက်ကျောမှ ချွေးအေးများ စီးကျကာ မလှုပ်နိုင် ဖြစ်လာသည်။

သန်မာအားကောင်းသော တည်ရှိမှုအရ ထိုလူများသည် သာမန် မာဖီးယားများ မဖြစ်နိုင်ပေ။

အင်စလေ သည်းမခံနိုင်တော့ချေ။ မျက်နှာ အမူအရာ ပြောင်းသွားပြီးနောက် အယ်လီယာနာအား မိသားစုခေါင်းဆောင် ထိုင်ခုံရှိရာသို့ ခေါ်သွားပေးရန် တိတ်တဆိတ် ပြောလိုက်သည်။

နှစ်ဦးသား အလေးအနက် ဖြစ်နေသည့် လူများအား ကျော်ဖြတ်သွားပြီးနောက် အင်စလေသည် သူမ၏ စူးရှသော အကြားအာရုံစွမ်းရည်အား အသုံးပြုကာ ခိုးနားထောင်လိုက်သည်။

“မဟာအကြီးအကဲ.. ပင်မ မိသားစုက မြင့်မြတ် အစောင့်အရှောက် တစ်ကောင်ကို ခေါ်ထုတ်လာတယ်လို့ သတင်းကြားပါတယ်..”

အင်စလေ ကောင်းကောင်းသိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှ နူးညံ့ညင်သာစွာ ပြုံးပြီး မေးလိုက်သည်။

ထိုလူမှာ ဦးလေးဒိုဘာ ဖြစ်သည်။ ရည်မှန်းချက် ကြီးလွန်းသော ထိုလူသည် လျှို့ဝှက်ဆန်းကြယ်ဟန် ပြုနေသော်ငြား ဟိုဟိုဒီဒီ ခုန်ပေါက်နေသည့် လူပြက်တစ်ယောက်လိုပင်။

“တကယ်ကိုပဲ.. သတင်းပျံ့တာ မြန်လိုက်တာ.. ဟက်..”

အဖိုးယိုဖန် ခပ်ပြတ်ပြတ် ဖြေလိုက်သည်။ ဦးလေးဒိုဘာ၏ မျက်နှာချိုသွေးသည့် အပြုံးကိုပင် မကြည့်ဘဲ ဝိုင်တစ်ငုံ သောက်လိုက်သည့်တိုင်အောင် အင်စလေ ရောက်လာခြင်းအား သတိမထားမိသေးချေ။

“အစောင့်အရှောက်ကို ခေါ်ထုတ်လာတဲ့သူက ကျုပ်တို့ မိသားစုခေါင်းဆောင်ရဲ့ လက်ရှိအုပ်ထိန်းသူဆိုတာ ဟုတ်ပါသလား..”

နောက်တစ်ဦး မေးသည်။ ထိုလူသည် အသားညိုညိုနှင့် ရွှေအိုရောင်ဆံပင်ရှိသော သက်လတ်ပိုင်းအရွယ်လူ ဖြစ်ပြီး ခြင်္သေ့တစ်ကောင်နှင့် တူသည်။

ဒီလူက လီယွန်နယ် မိသားစု ခေါင်းဆောင်ဖြစ်ရမယ်.. လော်ရန်ရဲ့ အဖေလား..

ပါးပြင်ပေါ်ရှိ ဒဏ်ရာအမာရွတ်မှာ အတော်လေး မျက်စိဖမ်းစားလေသည်။

မိသားစုခွဲများမှ မိသားစုခေါင်းဆောင် ၂ ဦးအား ဆက်တိုက် တွေ့လိုက်ရသဖြင့် ရောက်ရှိလာသည့် ဧည့်သည်များမှာ မိသားစုခွဲများ၏ ခေါင်းဆောင်များ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။

၆ ယောက်လုံး..

အင်စလေ၏ မျက်နှာအမူအရာ လေးနက်လာကြသည်။

ထိုသူနှစ်ဦး ပြောလိုက်သည့် မြင့်မြတ် အစောင့်အရှောက်မှာ ကုတ် - စီ ကို ဆိုလိုသည်။

ဘာလို့လဲ.. သူတို့က ဘာကိစ္စနဲ့ အယ်လီယာနာက ကုတ် - စီ ကို မြက်ခင်းပြင်က ခေါ်လာတာ ဟုတ်၊ မဟုတ် ဘာဖြစ်လို့ မေးနေကြတာလဲ..

အင်စလေ အထင်သေးစွာဖြင့် မျက်လုံးများ မှေးလိုက်သည်။

ဒီလူတွေကတော့.. တစ်ခုခုပဲ..

အင်စလေနှင့် အယ်လီယာနာတို့သည် အဖိုးယိုဖန်၏ ရှေ့မှာပင် ထမင်းစားပွဲရှိ မိသားစုခေါင်းဆောင် နေရာသို့ ရောက်ရှိလာကြသည်။ ထိုအခါမှသာ အဖိုးယိုဖန်သည် အင်စလေအား သတိပြုမိတော့သည်။ သို့သော် ပျော်ရွှင်သွားရမည့် အစား ယင်ကောင် မျိုချမိသလို ရှုံ့မဲ့သွားလေသည်။

အင်.. ဘာလို့ ဒီကို ရောက်လာတာလဲ.. အာ.. ခဏလေး.. မနက်စာ စားချိန် မဟုတ်လား..

အဖိုးယိုဖန် သူ့ကိုယ်သူ အပြစ်ဖို့လိုက်သည်။ လူအိုကြီးသည် ခေါင်းငုံ့ကာ လက်တစ်ခုလုံး ဖြူဖျော့လာသည်အထိ လက်သီးဆုပ်လိုက်သည်။ ထမင်းစားခန်း၌ မြေခွေးတစ်သိုက် ရောက်နေသောကြောင့် အင်စလေအား ထမင်းစားခန်းသို့ ခေါ်မလာရန် သတိပေးဖို့ မေ့သွားခဲ့သည်။

ယခုအခါတွင် အင်စလေသည် ဤကိစ္စနှင့် မလွှဲမရှောင်သာ ပါဝင်ပတ်သက်ရတော့မည် ဖြစ်သည်။

လူကြီး ၆ ဦးမှာ အင်စလေအား လျစ်လျူမရှုနိုင်တော့‌ချေ။ မိသားစုခေါင်းဆောင် နေရာ၌ ထိုင်လိုက်သည်နှင့် သူမအား လျစ်လျူရှုခြင်းသည် မယဉ်ကျေးရာ ကျပေမည်။

“မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်..”

အသက် ၃၀ ဝန်းကျင် လူတစ်ဦးမှ မတ်တတ်ရပ် နှုတ်ဆက်လေသည်။ ကျော့ရှင်းရည်မွန်စွာ ဦးညွှတ် နှုတ်ဆက်ချိန်တွင် မြင်းမြီးဆံပင်ရှည်ကြီး ယိမ်းနွဲ့လှုပ်ရှားသွားလေသည်။

ဒီလူက... ရာအောစ့်မိသားစု ခေါင်းဆောင် ဖြစ်ရမယ်..

အင်စလေသည် မိသားစုခွဲ ခေါင်းဆောင်များအား မှတ်မိသည်။ အနည်းငယ် သုန်မှုန်နေသော်ငြား အံ့ဩဖွယ်ကောင်းလောက်အောင် လူကြီးလူကောင်းဟန်ပန် အပြည့်အဝရှိသည့် လူမှာ ရာအောစ့်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး လျှို့ဝှက်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက်များ စုဆောင်းရာ၌ တာဝန်ရှိသူ ဖြစ်သည်။

“ဟွန်.. မောနီးးး”

အင်စလေ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ ညှို့ဓာတ်နှင့် ကံကောင်းခြင်းစွမ်းရည် ပေါင်းစပ် အသုံးပြုပြီး တောက်ပစွာ ပြုံးပြဖို့လည်း မမေ့ချေ။

နှစ်လိုဖွယ်ကောင်းသည့် အပြုံးကြောင့် ထိုလူများ၏ နှလုံးသားအား ဖမ်းစားလိုက်နိုင်ပြီး ချက်ချင်းပင် သတိများ လျှော့လိုက်ကြသည်။

“အိုး.. ဘောစ့်ကတော့ ကောလဟာလတွေထဲကလို ချစ်ဖို့ကောင်းပါ့ဗျာ..”

နောက်တစ်ဦး အလျင်အမြန် မတ်တတ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်သည်။ ထိုသူ၏ ဆူးချွန်နှင့်တူသော အညိုရောင်ဆံပင်၊ အညိုရောင်အသားအရေနှင့် ထူထဲသော အညိုရောင်မျက်ခုံးမွေးတို့သည် လူမျိုးကွဲနှင့်တူလေသည်။

အနောက်တိုင်းလူများနှင့် တူသည့် သွင်ပြင်လက္ခဏာများရှိသည့် အခြားလူများနှင့် မတူဘဲ ဤလူသည် အီဂျစ် သို့မဟုတ် အာရပ်လူမျိုးနှင့် တူသည်။ သံသယ မရှိစွာပင် ဤလူမှာ လေကြောင်းအင်အားစု၏ တာဝန်ရှိသူ အဲလီမိသားစု ခေါင်းဆောင်ဖြစ်ရမည်။

ထိုလူသည် ခေါင်းပေါင်းပေါင်းခြင်း၊ ဝတ်ရုံရှည်ဝတ်ခြင်း မရှိသည့်တိုင်အောင် အာရပ်အမျိုးသားတစ်ဦးနှင့် တူနေသဖြင့် အင်စလေအား ပို၍ အံ့ဩမိစေသည်။

သူ၏ နဖူးပေါ်ရှိ အနီရောင် လင်းယုန်တက်တူးလေးမှာ ထူးခြားသည်။ အသံသည်လည်း နတ်သမီးအသံကဲ့သို့ နားဝင်ချိုသည်။

အင်စလေ သက်လတ်ပိုင်းအရွယ်လူအား အထင်သေးခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူများ ရောက်လာရသည့် အကြောင်းမှာ ကောင်းမွန်သည့် ရည်ရွယ်ချက် မဟုတ်ပေ။

ထိုအချိန်မှာပင် အစိမ်းရင့်ရောင် ဆံပင်မတိုမရှည်နှင့် လူတစ်ဦး မတ်တတ်ရပ်လိုက်သည်။

“မိသားစုခေါင်းဆောင်.. ကျုပ် ကြားထားတာတော့ မင်းရဲ့ အုပ်ထိန်းသူက မြင့်မြတ် အစောင့်အရှောက် သားရဲကို ခေါ်ထုတ်လာနိုင်တယ်ဆို.. အမှန်ပဲလား.. တကယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်..”

ကျောချမ်းဖွယ်ကောင်းပြီး ပိန်ပိန်ပါးပါးလူသည် သွားအဖြီးသားဖြင့် ရယ်ပြလာပြီး သူ၏ မရေမရာ စကားများသည် အင်စလေအား ရွံရှာစက်ဆုပ်စေသည်။

ချဲလ်မိသားစုခေါင်းဆောင် ပြဿနာ ရှာနေခြင်းပင်။

All Chapters