← Chapters

ကာကွယ်ပေးမယ်

Vol. 7 Ch. 98

ကာကွယ်ပေးမယ်

Vol. 7 Ch. 98

“ငါတို့မှာ မိသားစု ခေါင်းဆောင်အသစ် ရှိနေပြီးသား..”

အဖိုးယိုဖန်၏ လေသံမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး လက်ရှိအချိန်တွင် အာဏာရှင်တစ်ဦးနှင့်ပင် တူလေသည်။ သူ၏ စွမ်းအားသည် မိစ္ဆာစိတ်ဝင်နေသည့် လူများအား ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

အချို့သည် ချွေးအေးများ ထွက်လာပြီး အချို့မှာမူ ပြင်းထန်သော မြေဆွဲအားကြောင့် ခေါင်းငုံ့ထားကြရသည်။

အဖိုးယိုဖန်သည် ဆာ ရန် နှင့် ဆာ အလက်ဇန္ဒြားတို့အပေါ် စွမ်းအား သက်ရောက်မှု မရှိစေရန် ထိန်းချုပ်ထားသောကြောင့် သူတို့ နှစ်ဦးတည်းသာ အဆင်ပြေနေလေသည်။

အဖိုးယိုဖန်သည် ဘာမှ မဖြစ်သကဲ့သို့ တည်ငြိမ်စွာဖြင့် ထိုလူ ၄ ဦးအား တည်ငြိမ်အေးချမ်းသော အပြာရောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဒီတော့ ကန့်ကွက်ချင်တဲ့သူ ရှိသေးလား..”

အဖိုးယိုဖန် လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။ အဖိုးကြီး အခြားသူများအား ဖိအားပေးနေစဉ်မှာပင် ဤကဲ့သို့ အရှက်မဲ့စွာ မေးလာလိမ့်မည်ဟု မည်သူမှ မထင်ထားချေ။

“မ.. မရှိပါဘူး..”

ကောက်ကျစ်စဉ်းလဲသော မြေခွေးတစ်အုပ်သည် ခေါင်းငုံ့ကာ ညည်းညူလိုက်ကြသည်။

သောက်ကျိုးနည်း.. မဟာအကြီးအကဲက သင်္ချိုင်းကုန်း ခြေတစ်ဝက်လှမ်းနေတာတောင် ဒီလောက် သန်မာနေသေးတာလား.. အများဆုံးမှ နှစ်နည်းနည်းလောက်ပဲ ရှင်တော့မှာလေ.. မိသားစုခေါင်းဆောင် အသက် ၁၂ နှစ်လောက်အထိပေါ့.. ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ..

မိသားစုခွဲ ခေါင်းဆောင်များ စိတ်ထဲမှ ညည်းညူလိုက်ကြသည်။ သူတို့သည် အေးအေးလူလူ လက်ဖက်ရည် သောက်နေသော အဖိုးယိုဖန်၏ ဘိုးဘေး ၁၈ ဆက်အား ကျိန်ဆဲနေကြသည်။

“ကန့်ကွက်စရာ မရှိဘူးဆိုရင် ဆွေးနွေးမှု ပြီးဆုံးပြီ.. လူကြီးမင်းတို့ ပြန်နိုင်ပါပြီ..”

အဖိုးယိုဖန် ယဉ်ကျေးစွာဖြင့် တံခါးပေါက်အား ညွှန်ပြလိုက်သည်။ ပြောရမည်ဆိုလျှ် ထိုလူများအား မောင်းထုတ်လိုက်ခြင်းသာ ဖြစ်သည်။

အားကောင်းသော အကြီးအကဲနှင့် ထိပ်တိုက် ရင်မဆိုင်လိုသောကြောင့် မိသားစုခွဲ ခေါင်းဆောင်များသည် အလျင်အမြန် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်သည်။

“နှုတ်ဆက်ပါတယ် မဟာအကြီးအကဲ..”

“နှုတ်ဆက်ပါတယ် မဟာအကြီးအကဲနဲ့ မိသားစုခေါင်းဆောင်..”

“လုပ်စရာလေးရှိတာ အခုမှ သတိရလို့ ခွင့်ပြုပါဦး..”

ပုပ်အက်နေကြသော မိသားစုခွဲ ခေါင်းဆောင်များသည် မျက်နှာအပျက်ပျက် အယွင်းယွင်းနှင့် အလျင်အမြန် ထွက်သွားကြသည်။ ကျန်ရှိသည့် ရိုးသားကာ ကြင်နာတတ်သော မိသားစုခွဲ ခေါင်းဆောင် ၂ ဦးမှာမူ အေးအေးလူလူ လျှောက်လှမ်းလာကြသည်။

လူရှုပ်လူပွေတစ်သိုက် ထမင်းစားခန်းမှ ထွက်သွားသည်နှင့် အသက်ဝင်လှုပ်ရှားနေသော ထမင်းစားခန်းသည် ပြန်လည်တိတ်ဆိတ်သွားလေသည်။ အယ်လီယာနာ၊ အဖိုးယိုဖန်နှင့် အင်စလေတို့သာ မနက်စာစားရန် ကျန်ရှိလေသည်။

“တောင်းပန်ပါတယ်.. သမီးကို မနက်စောစော ဒီလိုမြင်ကွင်းမျိုး မြင်စေခဲ့ပြီ..”

အဖိုးယိုဖန်သည် ခါးသီးစွာ ပြုံးရင်း သူ၏ထိုင်ခုံအား အင်စလေ၏ အထူးခုံအနားသို့ ရွှေ့လိုက်သည်။

အဝေးမှ ကြည့်မည်ဆိုလျှင် အင်စလေ၏ ထိုင်ခုံမှာ သူမ၏ ခန္ဓာကိုယ်ထက် အတော်လေး ကြီးနေသောကြောင့် ရယ်စရာကောင်းလှသည်။ သို့သော် ထိုင်ခုံအရွယ်အစား ချိန်ညှိရန် အစီအစဉ် မရှိချေ။ ထိုခုံမှာ မိသားစုခေါင်းဆောင် နေရာဖြစ်သောကြောင့် အင်စလေသည်လည်း မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက် ယင်းအား လက်ခံရမည်ပင်။

“ဆင်ပြေပါတယ် ဖိုးဖိုး..”

အင်စလေသည် အဖိုးယိုဖန်၏ အရေတွန့်နေသော လက်များအား ဆွဲယူကာ ပြုံးလိုက်သည်။ နွေးထွေးတဲ့ လက်တွေ...။ ကလေးသည် သူမ၏ လက်ဖဝါးလေးနှင့် အဖိုးအို၏ ကြမ်းတမ်းသော လက်များအား ပွတ်သပ်လိုက်သည်။

“ကျေးချူးပါ ဖိုးဖိုး..”

ကလေးသည် အဖိုးအိုအား ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အဖိုးယိုဖန်သာ ရှိမနေလျှင် ထိုလူယုတ်မာ တစ်သိုက်သည် ကုတ် - စီ အား အတင်းအကြပ် ဖိအားပေးကာ ခေါ်ဆောင်သွားပြီး အယ်လီယာနာအား အပြစ်ဖို့ကြလိမ့်မည်။

“ဟင်း.. ကိစ္စ မရှိပါဘူး.. ဒါက ဖိုးဖိုးရဲ့ တာဝန်ပါပဲ..”

အဖိုးယိုဖန် ရယ်မောကာ ပြောလိုက်သဖြင့် ပုလဲကဲ့သို့ ညီညာသောသွားများအား မြင်လိုက်ရသည်။ အဖိုးအိုသည် အင်စလေအား မနက်စာ ဆက်စားရန် လက်ဟန်ပြလိုက်သည်။

ကလေး၊ အဖိုးအိုနှင့် အမျိုးသမီးတို့သည် အချင်းချင်း နီးကပ်စွာ ထိုင်ကြရင်း မနက်စာ စားသောက်နေကြသည်။ မြေခွေးတစ်သိုက် ထွက်သွားပြီးနောက် အယ်လီယာနာသည် အင်စလေ၏ အနောက်ဘက်၌ ရပ်နေရန် မလိုတော့သဖြင့် မနက်စာစားရန် ပြင်လိုက်သည်။

ထမင်းစားခန်းအတွင်းရှိ လေထုမှာ အလျင်အမြန်ပင် နွေးထွေးတက်ကြွလာသည်။ သို့သော် အပြင်ဘက်ရှိ အခြေအနေမှာမူ ထိုသို့မဟုတ်ပေ။

“ဟွမ့်.. မိသားစု ခေါင်းဆောင်ရဲ့ အုပ်ထိန်းသူကပဲ မြင့်မြတ် အစောင့်အရှောက်ကို ထိန်းသိမ်းထားနိုင်မယ် ဆိုမှတော့ ကျုပ်တို့ကလည်း အဲဒီကလေးရဲ့ အုပ်ထိန်းသူကို အစားထိုးလိုက်ရုံပဲပေါ့..”

မိသားစုခွဲ ခေါင်းဆောင်တစ်ဦးမှ ထိုသို့အကြံပေးသည်။ အခြားသော ကောက်ကျစ်သည့် လူ ၃ ဦးသည်လည်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ထိုသူများ၏ မျက်လုံးထဲ၌ စဉ်းလဲသည့် အကြည့်များ ထင်ဟပ်လာသည်။

“အဲဒီ ပညာမတတ်တဲ့ မိန်းမကို အပြစ်ဖို့ပြီး အုပ်ထိန်းသူနေရာက လွှင့်ထွက်သွားအောင် ကြိုးစားကြစို့..”

မိသားစုခွဲ ခေါင်းဆောင် ၄ ဦးသည် အယ်လီယာနာအား ပစ်မှတ်ထားလိုက်ကြသည်။ သူတို့သည် သူမအား ထိုနေရာမှ ထာဝရ ဖြုတ်ချပစ်မည်။ သို့သော် သူမအား လုပ်ကြံသတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ထိုနည်းလမ်းသည် ရိုးရှင်းကာ အန္တရာယ်များလွန်းသည်။

ဒီတော့ တရားနည်းလမ်းကျကျ သွားကြတာပေါ့..

မိသားစုခွဲ ခေါင်းဆောင် ၄ ဦး အယ်လီယာနာအား ရင်ဆိုင်ရန် လျှို့ဝှက် ဆွေးနွေးနေစဉ် အင်စလေသည် မဲမှောင်သော မျက်နှာထားဖြင့် မနက်စာ စားနေလေသည်။

သူမက အရူးလား.. ဘယ်ဟုတ်မှာလဲ.. အဲဒီလူတွေက အနှေးနဲ့အမြန် ပြဿနာရှာဦးမှာ.. သူတို့ရဲ့ ပစ်မှတ်က အယ်လီယာနာ ဖြစ်သွားပြီ.. သူမက ပြဿနာအားလုံးရဲ့ ဗဟိုဖြစ်သွားတာကိုး..

အယ်လီယာနာသည် အားနည်းထိခိုက်လွယ်သည့် သူမအား ကာကွယ်ပေးရန် တာဝန်ရှိသောကြောင့် အပြစ်အားလုံး ခေါင်းခံလိုက်ခြင်း ဖြစ်သည်။

အင်စလေသည် စတီးဇွန်းအား ခပ်တင်းတင်း ဆုပ်ကိုင်ရင်း တည်ငြိမ်သော မျက်နှာရှိသည့် အယ်လီယာနာအား ကြည့်လိုက်သည်။ အသားညိုညို အမျိုးသမီးသည် တိတ်ဆိတ်စွာဖြင့် မနက်စာ စားနေသော်ငြား သူမ၏ စားသောက်ပြုမူပုံမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေသည်။

အဲဒီလူတွေက အယ် ကို သဘောမကျတာ အံ့ဩဖို့ မကောင်းတော့ပါဘူး..

သူမကို စကားကောင်းကောင်း ပြောနိုင်အောင်နဲ့ တခြားအရာတွေ သင်ပေးသင့်လား..

အင်စလေ မျက်လုံးများ မှေးကျဉ်းလိုက်သည်။

သူမ၏ လူများအား အခြားသူများမှ နှိမ့်ချကြည့်မည်ကို မလိုချင်ပါ။

သို့သော် အယ်လီယာနာသည် အားနည်းချက်များ ရှိနေသော်ငြား မိသားစုထဲရှိ အသန်မာဆုံး လူများထဲမှ တစ်ဦးဖြစ်သဖြင့် အင်စလေ၏ အုပ်ထိန်းသူ ဖြစ်လာခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြေခွေးအိုများသည် အယ်လီယာနာအား ထိုအတိုင်း လွှတ်ထားမည် မဟုတ်ပေ။ အထူးသဖြင့် မြင့်မြတ် အစောင့်အရှောက်မှာ သူမထံ၌ ရှိနေချိန် ဖြစ်သည်။ ထိုသူများသည် အမှန်တရားအား မသိသော်ငြား မြင့်မြတ် အစောင့်အရှောက် ကြောင်သဏ္ဌာန်ဖြင့် ရှိနေသေးသရွေ့ အနှေးနှင့်အမြန်ဆိုသလို ငမ်းငမ်းတက် လိုချင်ကြဦးမည် ဖြစ်သည်။

အင်စလေ အတွေးများနေရင်း အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ ဆိုလိုသည်မှာ မြင့်မြတ် အစောင့်အရှောက်နှင့် မြန်မြန်ဆန်ဆန် သံယောဇဉ်ကြိုး နှောင်ဖွဲ့ပြီး သွေးမျိုးဆက်အား နိုးထစေရမည်။ ထိုမှသာ ထိုလူအိုတစ်သိုက်သည် အယ်လီယာနာအား အလွတ်ပေးမည်ပင်။

အင်စလေသည် ထိုနေ့ နံနက်မှာပင် စိတ်ဆုံးဖြတ်လိုက်သည်။ ကလေးသည် မနက်စာ စားပြီးနောက် အယ်လီယာနာအား လက်ဆွဲကာ ထမင်းစားခန်းမှ ထွက်သွားလေသည်။

ထောက်.. ထောက်.. ထောက်..

စင်္ကြံတွင် အိမ်အကူများ မရှိဘဲ တိတ်ဆိတ်နေသည်။ လျှောက်လမ်းတစ်လျှောက် အယ်လီယာနာနှင့် အင်စလေတို့ နှစ်ဦးတည်းသာ ရှိလေသည်။ အင်စလေသည် ရုတ်တရက် အယ်လီယာနာအား မော့ကြည့်ပြီး ကလေးဆန်သော်ငြား လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“အယ်.. ငါ ကာကွယ်ပေးမယ်..”

အယ်လီယာနာ၏ လက်တစ်ခုလုံး တောင့်တင်းသွားသည်။ အမျိုးသမီးသည် ခြေလှမ်းများ တုံ့ဆိုင်းသွားပြီးနောက် သူမ၏ ဒူးခေါင်းလောက်ပင် မမြင့်သည့် ကလေးအား ငုံ့ကြည့်လိုက်သည်။

မိသားစုခေါင်းဆောင်က ငါ့ကို ကာကွယ်ပေးမှာလား..

အယ်လီယာနာ၏ မျက်လုံးထဲ၌ မျက်ရည်စများ ဝေ့သီလာသည်။

“ငါ ကာကွယ်ပေးမယ်.. အယ်..”

အင်စလေ နောက်တစ်ခေါက် ထပ်ပြောသည်။ အမှောင်ထဲတွင် သူမ၏ မျက်လုံးများမှာ စိန်ပွင့်အလား တောက်ပလျက်ရှိသည်။

ငါ့ရဲ့ လူတွေကို ကာကွယ်ပေးမယ်..

All Chapters