← Chapters

ကံကောင်းစေတဲ့ ကြယ်ပွင့်လေး လေဒီဘလဲ

Vol. 7 Ch. 101

ကံကောင်းစေတဲ့ ကြယ်ပွင့်လေး လေဒီဘလဲ

Vol. 7 Ch. 101

ဒဏ်ရာရနေသော အယ်လီယာနာထံ သတင်းမေးသွားပြီးနောက် သူမအကြောင်း သတင်းဖြန့်သည့် တရားခံနှင့် ပတ်သက်၍ အဖိုးယိုဖန်နှင့် ဆွေးနွေးပြီးနောက် အင်စလေသည် သူမကြားခဲ့သည့် သတင်းအား အမှတ်ရလိုက်သည်။

ထိုနေ့ နေ့လယ်ခင်းတွင် အင်စလေ သူမအိပ်ခန်းရှိရာသို့ ပြန်လာစဉ် အိမ်အကူများ အတင်းပြောနေသည်ကို မတော်တဆ ကြားလိုက်ရသည်။ စူးရှသော အကြားအာရုံကြောင့် အိမ်အကူများ၏ စကားများအား အဝေးမှပင်လျှင် ရှင်းလင်းစွာ ကြားနိုင်သည်။

“ဟေး.. ဟေး.. နားထောင်ဦး.. အာရီတာ မိသားစုက လေဒီဘလဲကို သိကြလား..”

အိမ်အကူငယ်လေး တစ်ဦးသည် တခစ်ခစ် ရယ်မောရင်း သူမ၏ သူငယ်ချင်းများအား မေးလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အိမ်အကူများသည် စင်္ကြံအား လှည်းကျင်းနေကြခြင်းဖြစ်ပြီး အင်စလေသည် စင်္ကြံအား ဖြတ်သွားတော့မည့် အချိန်မှာပင် ရုတ်တရက် ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။

အာရီတာမိသားစုက လေဒီဘလဲ လား..

အင်စလေ မျက်ခုံးပင့်လိုက်သည်။ သူမသည် ‘အိမ်စာ’ လုပ်ထားပြီး အာရီတာမိသားစုသည် ဝေါ်လ်တာမိသားစုအောက် ဒုတိယနေရာ၌ ရှိနေသော လွှမ်းမိုးမှု အရှိဆုံးသော မာဖီးယားမိသားစု ဖြစ်ပြီး မိသားစု ၂ ခုမှာ ကောင်းမွန်သော ဆက်ဆံရေး မရှိချေ။

ဒါပေမဲ့ အာရီတာမိသားစုမှာ သမီးမရှိဘူး မဟုတ်လား.. သား ၃ ယောက်ပဲ ရှိတာလေ.. ဒီ ဘလဲဆိုတာက မိသားစုခွဲက ဖြစ်လိမ့်မယ်..

အင်စလေ မေးစေ့အား လက်ဖြင့်ပွတ်ရင်း အိမ်အကူများ စကားဆက်မပြောမီ အချိန်ထိ များများစားစား တွေးမနေတော့ပေ။

“အိုး.. လေဒီဘလဲဆိုတာက လွန်ခဲ့တဲ့ ၁ နှစ်တုန်းက အာရီတာမိသားစု ခေါင်းဆောင် မွေးစားလိုက်တဲ့ တစ်ယောက်လား..”

“ဟုတ်သားပဲ.. ဟုတ်သားပဲ.. သူမက ဒီနှစ်ဆို ၅ နှစ်ရှိပြီ မဟုတ်လား.. ဘာဖြစ်လို့တဲ့လဲ..”

“အိုက်စ်.. နင်တို့က ကောလဟာလတွေ မသိသေးဘူးလား.. ဟမ့်.. လေဒီဘလဲက အာရီတာမိသားစုရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးလေ..”

စကားစသည့် အိမ်အကူသည် အနည်းငယ် ကြွားဝါဟန်ဖြင့် ပြောလိုက်သဖြင့် အင်စလေအပါအဝင် လူတိုင်း၏ အာရုံစိုက်မှုအား ရရှိသွားသည်။

“ဘာဖြစ်တယ်.. ကံကောင်းစေတဲ့ ကြယ်ပွင့် ဟုတ်လား.. သူမက ငါတို့ရဲ့ မိသားစု ခေါင်းဆောင်လိုမျိုး ချစ်စရာကောင်းလို့လား..”

အင်စလေ၏ ပရိသတ်တစ်ဦးမှ ဖြတ်မေးလိုက်သည်။

“မဟုတ်ဘူး.. မဟုတ်ဘူး.. အင်း.. ဟုတ်တယ်.. သူမက ငါတို့ရဲ့ မိသားစု ခေါင်းဆောင်လိုမျိုး ချစ်စရာကောင်းတယ်.. ဒါပေမဲ့ အဲဒါတင် မကဘူး.. သူမကို အံ့ဖွယ်ကလေးလို့ ခေါ်ကြတယ်လေ..”

“ဘာဖြစ်တယ်.. အံ့ဖွယ်ကလေး ဟုတ်လား.. သူမက ဉာဏ်ကြီးရှင်လား.. ငါတို့ရဲ့ မိသားစုခေါင်းဆောင်က အသက် ၃ နှစ်နဲ့ စွမ်းရည်နိုးထတာနော်..”

အင်စလေ၏ လျှို့ဝှက်ပရိသတ် အဖွဲ့ဝင်မှာ အနည်းငယ် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

အဲဒီ အံ့ဖွယ်ကလေးဆိုတာက ငါတို့ရဲ့ မိသားစုခေါင်းဆောင်ထက် ပိုကောင်းမှာတဲ့လား..

အင်စလေ စွမ်းရည်နိုးထသော သတင်းသည် အိမ်အကူများနှင့် ကျွန်များအကြား ပျံ့နေပြီဖြစ်သည်။ သို့သော် ထိုသတင်းအား လူတိုင်းအားလုံး သဘောမကျချေ။ ကျေးဇူးတင်ဖို့ကောင်းစွာပင် အဆိုပါ အိမ်အကူသည် အင်စလေ၏ စွမ်းရည်အကြောင်း ကြွားဝါပြောဆိုပြီး အင်စလေကိုယ်စား ဂုဏ်ယူနေလေသည်။

သို့သော် အတင်းအဖျင်း စပြောသည့် အိမ်အကူမှာမူ ထိုသို့တွေးဟန် မတူပေ။ သူမသည် လျှာတောက်ကာ နှာမှုတ်လိုက်သည်။

“ဟက်.. ငါတို့ မိသားစု ခေါင်းဆောင်က လေဒီဘလဲထက် တစ်နှစ်လေးစောပြီး စွမ်းရည်နိုးထရုံလေးလေ.. လေဒီဘလဲက မြင့်မြတ်စွမ်းအားနဲ့ ကုသစွမ်းရည်ကို အသက် ၄ နှစ်မှာ နိုးထလာတာလေ..”

ဝိုး..

အိမ်အကူ၏ မျက်လုံးများ ပြူးလာပြီး အင်စလေ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း တောင့်တင်းသွားသည်။ သူမသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ စင်္ကြံအနီးရှိ တိုင်လုံးနောက်တွင် ပုန်းလိုက်သည်။

မြင့်မြတ်စွမ်းအားနဲ့ ကုသစွမ်းရည် နိုးထလာတယ် ဟုတ်လား.. အဲဒါက ရှားပါးတယ်လေ.. ပြီးတော့ သူမက အသက် ၄ နှစ်မှာ စွမ်းရည်နိုးထတာလား..

အင်စလေ မယုံကြည်နိုင် ဖြစ်နေသည်။

မြင့်မြတ်စွမ်းအား ဆိုသည်မှာ အလင်းဒြပ်စင် စွမ်းရည်၏ အမျိုးအစားခွဲတစ်ခု ဖြစ်သည်။ ယင်းသည် လူများအား ထောက်ပံ့ရန်၊ ကာကွယ်ရန်၊ မွန်းစတားများအား သန့်စင်ရန်နှင့် အမှောင်စွမ်းအားရှိ မွန်းစတားများအား တိုက်ခိုက်ရန် အသုံးပြုနိုင်သည်။

ထို့ကြောင့်ပင် မြင့်မြတ်စွမ်းအားသည် အခြားလူများအတွက် အလွန်အဖိုးတန်ခြင်းကာ အလွန်အမင်း ရှားပါးခြင်းလည်း ဖြစ်သည်။ မြင့်မြတ်စွမ်းအား ပိုင်ဆိုင်သည့် စွမ်းရည်အသုံးပြုသူ ၁ ရာခိုင်နှုန်းခန့်ပင် မရှိချေ။

ကုသစွမ်းရည်မှာမူ ပို၍ပင် ရှားပါးလေသည်။ ကုသစွမ်းရည်သည် လူတစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ လူအများအား တစ်ချိန်တည်း ကုသပေးနိုင်သောကြောင့် အခြေခံအားဖြင့် သာလွန်ထူးကဲသော စွမ်းရည်တစ်မျိုးဖြစ်သည်။ နယ်မြေလုတိုက်ပွဲများတွင် ကုသစွမ်းရည်ရှိသူအား လိုချင်ကြလေသည်။

သို့သော် ယခုအချိန်တွင် ၄ နှစ်အရွယ် ကလေးမတစ်ဦးသည် ထိုအလွန်အမင်း ရှားပါးသည့် စွမ်းရည်များ နိုးထလာသည်ဟု အိမ်အကူမှ ပြောလာသည်။ အင်စလေ ရုတ်တရက် မနာလိုဖြစ်လာမိသည်။ ကလေးသည် မျက်နှာတစ်ခုလုံး သုန်မှုန်ကာ နှုတ်ခမ်းအား ကိုက်လိုက်သည်။

ငါလည်း စွမ်းရည်အချို့ နိုးထနေတာပဲလေ.. ဒါပေမဲ့ ညှို့ဓာတ်စွမ်းရည်နဲ့ စူးရှသော အကြားအာရုံက ရှားပါးနေတာ မဟုတ်ဘူး.. ကံကောင်းခြင်း စွမ်းရည်ကပဲ နည်းနည်းလေး ထူးခြားနေတာ..

အင်စလေ မနာလိုမဖြစ်ဘဲ မည်သို့ရှိမည်နည်။ သူမသည် အဓိကဇာတ်ဆောင်ဖြစ်ရန် အလားအလာအရှိဆုံးဖြစ်သည်။ အဓိကဇာတ်ဆောင် ဟူသည်မှာ ထူးခြားရမည်ပင်။

ယခုအခါ အဓိကဇာတ်ဆောင် ဖြစ်နိုင်ခြေများသည့် လက္ခဏာရပ်များရှိသူ တစ်ဦး ပေါ်လာသည်။

ထိုမျှနှင့် မလုံလောက်ဘဲ ထိုအိမ်အကူသည် လေဒီဘလဲနှင့် ပတ်သက်၍ ဆက်လက်ကြွားဝါး ပြောဆိုနေပြီး ယင်းသည် မာဖီးယား မိသားစုများ အကြား၌ လတ်တလော နာမည်ကြီး ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

“သူမက ကံကောင်းစေတဲ့ ကြယ်ပွင့်လေး ဖြစ်လာတာ ဘာလို့လဲဆိုတော့ သူမကို မွေးစားပြီး ရက်ပိုင်းလောက်ကြာတော့ သူမ‌ကြောင့် အာရီတာမိသားစုက ရွှေတွင်းတစ်တွင်း ရှာတွေ့ခဲ့လို့လေ..”

အိစ်..

“တကယ်လား.. သူမက ရွှေရှာဖွေသူလား.. ဘာလား..”

အခြားအိမ်အကူ များသည်လည်း ရုတ်တရက် အံ့အားသင့်သွားကြသည်။

“ငါလည်း မသိဘူး.. ဒါပေမဲ့ သူမက တကယ်ပဲ ကံကောင်းတဲ့ ကလေးပဲ.. အဲဒါက ကောလဟာလသက်သက် မဟုတ်ဘူးနော်.. လူတွေအများကြီးက စမ်းသပ်ပြီးပြီတဲ့..”

သတင်းအား ပထမဆုံး စပြောသည့် အိမ်အကူမှ ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“သူမကို မွေးစားပြီး တစ်ပတ်အကြာမှာပဲ အာရီတာမိသားစုရဲ့ စီးပွားရေးကို ကူညီပေးခဲ့လို့ အရမ်း အဆင်ပြေသွားတယ်တဲ့.. အခုဆို အာရီတာမိသားစုက ဝေါ်လ်တာမိသားစုနီးပါး ချမ်းသာကြွယ်ဝနေပြီ..”

“ဝါးးးး”

“ပြီးတော့ နင်တို့ ဘာသိလို့လဲ.. အာရီတာမိသားစု ခေါင်းဆောင်က ရက်စက်ပြီး အေးစက်တဲ့ လူကြီးတဲ့.. ဒါပေမဲ့ လေဒီဘလဲကိုတော့ အရမ်းပဲ နူးနူးညံ့ညံ့ ဆက်ဆံတယ်တဲ့..”

အတင်းစပြောသည့် အိမ်အကူ အော်ဟစ်ကာ ပြောနေသည်။ သူမသည် တံမြက်စည်းပေါ် မေးတင်ကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။

သူမက ဒီလောက်တောင် စိတ်လှုပ်ရှားနေပုံထောက် သည်းသည်းလှုပ် ဖေဖေတွေနဲ့ ပတ်သက်တဲ့ မန်ဟွတွေ အများကြီး ဖတ်ထားတာပဲ ဖြစ်ရမယ်..

“အိုး.. ငါ ဒါတော့ ကြားဖူးတယ်.. ဆာ အာရီတာက လေဒီဘလဲကို အရမ်းချစ်တာကြောင့် သူမရဲ့ ၅ နှစ်ပြည့် မွေးနေ့အတွက် အရုပ်ဆိုင်တစ်ခု ဝယ်ပေးခဲ့တယ်တဲ့..”

နောက်ထပ် အိမ်အကူတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ သူမသည်လည်း သည်းသည်းလှုပ် ဖေဖေ မန်ဟွ ပရိသတ်တစ်ဦး ဖြစ်ပုံရသည်။

“ခဏလေး.. သူမ နေမကောင်းတုန်းက နိုင်ငံထဲမှာရှိတဲ့ အကောင်းဆုံး ဆရာဝန်တွေကို အာရီတာစံအိမ်ဆီ ပင့်တာဆို..”

အနည်းငယ် အသက်ကြီးသော စတုတ္ထမြောက် အိမ်အကူသည် သူမ၏ မျက်မှန်အား ပင့်တင်ရင်း မေးလိုက်သည်။

“ဟုတ်တယ်.. ဟုတ်တယ်.. စီနီယာပြောတာ မှန်တယ်.. အဲဒီ ရက်စက်တဲ့ ဆာ အာရီတာက လေဒီဘလဲကို မကုသနိုင်ဘူးဆိုရင် ဆရာဝန်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတဲ့..”

ပထမ အိမ်အကူ သက်ပြင်းချလိုက်သည်။ သူမသည် ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ တစ်ခါမှပင် မတွေ့မမြင်ဖူးသည့် လေဒီဘလဲအား စိုးရိမ်ပူပန်နေမိသည်။

ကုသသူများသည် သူတို့ကိုယ်သူတို့ ကုသပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် လေဒီဘလဲသည် သူမအား ကုသပေးရန် အခြားသူများကို လိုအပ်လေသည်။

သို့သော် အင်စလေသည် ထိုအရာအား အာရုံမစိုက်နိုင်ချေ။ သူမ သိလိုသည်မှာ..

ဒီ လေဒီဘလဲ ဆိုတာက သည်းသည်းလှုပ်ချစ်တဲ့ ဖေဖေတွေ မန်ဟွထဲက တစ်ယောက်ယောက်လိုပဲ..

အဲဒီလိုသာဆိုင် သူမကမှ ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင်အစစ်လား..

All Chapters