← Chapters

ဤကမ္ဘာ၏ အဓိကဇာတ်ဆောင်

Vol. 7 Ch. 102

ဤကမ္ဘာ၏ အဓိကဇာတ်ဆောင်

Vol. 7 Ch. 102

ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင်လား.. ဒီလိုဖြစ်ရမယ်.. အဲဒီကလေးကလည်း ငါ့လိုမျိုး ပြန်လည်မွေးဖွားလာတာလား.. ခဏလေး.. ငါက ကူးပြောင်းလာတာ.. ထားလိုက်ပါ ဘာပဲဖြစ်ဖြစ်.. ဒီကလေးကလည်း ထူးခြားတဲ့ တည်ရှိမှုပဲ ဖြစ်ရမယ်..

အင်စလေသည် အိမ်အကူများ၏ အတင်းအဖျင်းမှတဆင့် ဒီဂျာဗူး (ယခင်ကြုံခဲ့ဖူးသော ခံစားမှု) ရလာသည်။ ဤလေဒီဘလဲ ဟူသည်မှာ သည်းသည်းလှုပ် ဖေဖေများအဖွဲ့၏ ချစ်စဖွယ် အဓိကဇာတ်ဆောင် ဖြစ်ပုံရသည်။

လေဒီဘလဲ၏ အတင်းအဖျင်းမှာ ထိုမျှလောက်နှင့် မပြီးသေးချေ။

“ငါပြောမယ်.. အဲဒီမှာ အလုပ်လုပ်တဲ့ အိမ်အကူတွေဆီက ကြားတာတော့ ဆာ အာရီတာက လေဒီဘလဲကို သူ့ရဲ့ သမီးအရင်းလိုမျိုး ဆက်ဆံတာတဲ့..”

အတင်းပြောသည့် အိမ်အကူသည် ပထမအိမ်အကူအား ကူညီကာ ဇာတ်လမ်းဆက်လေသည်။

“ဆာ အာရီတာက သူ့ရဲ့ သားတွေအပေါ်တောင် အဲလောက်ကြီး ကြင်နာတာ မဟုတ်ဘူးတဲ့..”

ကျန်အိမ်အကူများ၏ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။

“အိုး.. နာမည်ကျော် အာရီတာညီအစ်ကို တွေလား.. သူတို့က လေဒီဘလဲကို စောင့်ရှောက်ပေးတာကို ငါမြင်ဖူးတယ်.. အချင်းချင်း အတော်လေး ရင်းနှီးပုံရတယ် သိလား.. သူတို့ထဲက တစ်ယောက်ဆိုရင် လေဒီဘလဲကို ကုန်းပိုးထားသေး..”

“ခဏလေး.. ခဏလေး.. နာမည်ကျော် အရူးညီအစ်ကိုတွေလား.. သူတို့က လေဒီဘလဲကို အရမ်းပဲ ချစ်ကြတယ်ပေါ့.. အံ့ဩစရာကြီး..”

ထိုသတင်းသည် အမှန်တကယ်ကို တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။ အကြောင်းမှာ အာရီတာညီအစ်ကို ၃ ဦးသည် ရူးနှမ်းသော အပြုအမူများကြောင့် နာမည်ကျော်ခြင်း ဖြစ်သည်။

အကြီးဆုံးမှာ ၁၈ နှစ်ဖြစ်ပြီး နာမည်ကျော် အငှားလူသတ်သမား တစ်ဦးဖြစ်ကာ မြေအောက်စီးပွားရေး လုပ်ငန်းများစွာအား ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

အလတ်သည် ၁၃ နှစ်အရွယ် ဖြစ်ပြီး မိသားစုတွင် ဉာဏ်အကောင်ဆုံးသူဟု ခေါ်နိုင်သည်။ မကြာခဏဆိုသလို ဖခင်နှင့်အတူ နယ်မြေလုတိုက်ပွဲများသို့ သွားရောက်လေ့ရှိပြီး အာရီတာတပ်ဖွဲ့၏ ဗျူဟာမှူးလည်းဖြစ်သည်။ သားအလတ်မှာ ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။

အသက် ၁၀ နှစ်သာ ရှိသေးသော အငယ်ဆုံးသားသည် မွန်းစတားထိန်းကျောင်းစွမ်းရည်နှင့် မွန်းစတားစွမ်းအင်ကို စုပ်ယူနိုင်သော အထူးစွမ်းအားကြောင့် နာမည်ကျော်သည်။ ထိုသူသည် သားရဲတစ်ကောင်ကဲ့သို့ ရိုင်းစိုင်းကာ ကြမ်းတမ်းသည်။

ထိုသို့သော ညီအကို ၃ ဦးသည် မွေးစွားညီမလေး ဈေးဝယ်ထွက်ခြင်းအား လိုက်ပါစောင့်ရှောက်ပေးချင် ကြသည့်အပြင် သူမအား ကုန်းပိုးလိုက်သေးသည်။ ရူးလောက်စရာပဲ။

“မှန်တယ်.. မှန်တယ်.. အိမ်အကူတွေ ပြောတာတော့ အဲဒီ ညီအစ်ကိုတွေက လေဒီဘလဲကို ထမင်းကျွေးဖို့အတွက် နေ့တိုင်း တိုက်ခိုက်နေကြတယ်တဲ့.. ဆာ အာရီတာကလည်း လေဒီဘလဲ ညဘက်အိပ်တဲ့အခါ အဖော်ပြုပေးဖို့ အလှည့်ကျ သတ်မှတ်ပေးထားတယ်တဲ့..”

“အုစ်.. နားထောင်ဦး.. အဲဒီ အရူး ၃ ယောက်တင် မကဘူး.. အိမ်အကူတွေပါ ညှို့ငင်ခံထားရတာ.. သူတို့က လေဒီဘလဲကို ခန္ဓာကိုယ်တွေနဲ့ ကာကွယ်ပေးကြတာကို ငါမြင်ဖူးတယ်..”

ပထမ အိမ်အကူသည် ရင်ဘတ်အား လက်ဖြင့်ပုတ်ပြီး အခြားသူများ အံ့အားသင့်သွားစေရန် ကြိုးစားလိုက်သည်။

“တကယ်ကြီးလား..”

“ဟုတ်ပါတယ်ဆို.. ပြီးတော့ ပြီးတော့.. လေဒီဘလဲ အပြင်ထွက်တဲ့ အခါတိုင်း သူမကို စောင့်ရှောက်ဖို့ အာရီတာ မိသားစုက သက်တော်စောင့် ၃၀ ကျော်လောက် ထည့်ပေးတတ်တာ..”

လေဒီဘလဲ၏ ပရိသတ်ဖြစ်ပုံရသော အိမ်အကူသည် ထိုသို့ ဆက်ဆံခံရသည်မှာ သူမဖြစ်သည့်အလား ပျော်ရွှင်နေ၏။

“အိုး.. သူမက အသက် ၁၀ နှစ် မပြည့်သေးတာတောင် အပြင်ထွက်လို့ ရတာလား.. အာရီတာမိသားစုကတော့ သူမကို စိန်ပွင့်လေးလို ဆက်ဆံနေတာပဲ..”

ကျန်အိမ်အကူများသည်လည်း အံ့အားသင့်ရင်း ခေါင်းယမ်းမိတော့သည်။

ဒီကလေးက အံ့ဩစရာကြီး မဟုတ်ဘူးလား..

“လေဒီဘလဲကို စိန်ပွင့်လေးလို ဆက်ဆံကြတာ အသေအချာပဲပေါ့.. သူမက ကံကောင်းခြင်း နတ်ဘုရားမလေးလေ.. သက်တော်စောင့်တွေက လေဒီဘလဲက ချစ်စဖို့ ထက်မြက်ပြီး ကြင်နာတတ်တယ်လို့ တခြားလူတွေကို ပြောပြကြတာ..”

ပထမအိမ်အကူသည် ပါးစပ်ပိတ်နေသော အင်စလေ၏ ပရိသတ်အား ပြုံးရယ်ကာ ကြည့်လိုက်သည်။ သနားစဖွယ် အိမ်အကူလေးသ်ည အင်စလေနှင့် ပတ်သက်၍ ကြွားဝါပြောဆိုရန် မတတ်နိုင်တော့ချေ။

အင်စလေ၏ တစ်ခုတည်းသော အောင်မြင်မှုမှာ အသက် ၃ နှစ်အရွယ်တွင် ညှို့ဓာတ်စွမ်းရည် နိုးထလာခြင်း ဖြစ်သည်။ သို့သော် လေဒီဘလဲ၏ အောင်မြင်မှုမှာမူ ကလေးထက် အဆများစွာ သာလွန်နေ၏။

အတင်းအဖျင်းအား စတင်သော ပထမအိမ်အကူသည် ကျိတ်ရယ်လိုက်ပြီး တခြားမိသားစုမှ ကလေး၏ အကြောင်းအား ဆက်လက်ကြွားဝါနေတော့သည်။

“အင်း.. ပြောကြတာတော့ လေဒီဘလဲက စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်ထားပြီး သူမကို သစ္စာဆိုတဲ့ လက်အောက်ခံတွေလည်း ရှိတယ်တဲ့.. အဲဒါက မမိုက်ဘူးလား..”

“ဝိုး.. အဲဒါက မိုက်တာထက် ပိုသွားပြီ.. သူမက ငါတို့ရဲ့ မိသားစုခေါင်းဆောင်နဲ့ လုံးဝကို ယှဉ်လို့မရတဲ့ အဆင့်ဖြစ်နေပြီ..”

မည်သူမှ စလိုက်သည် မသိသော်ငြား အိမ်အကူများသည် လေဒီဘလဲနှင့် အင်စလေအား စတင်နှိုင်းယှဉ်လာကြသည်။

ထိုအရာသည် ပထမ အိမ်အကူ၏ ဆန္ဒအား ဖြည့်ဆည်းလိုက်သလိုပင်။ သူမသည် ခပ်ထေ့ထေ့ ပြုံးပြီး ပို၍ပြင်းထန်သည် အတင်းအဖျင်းအား စတင်လိုက်သည်။

“လေဒီဘလဲကို ငါတို့ရဲ့ မိသားစုခေါင်းဆောင်နဲ့ မယှဉ်ကြနဲ့.. ငါတို့ မိသားစုခေါင်းဆောင်က အရမ်းပဲ သနားဖို့ကောင်းတယ်..”

ပထမအိမ်အကူသည် ရုတ်တရက် ဝဲတက်လာသည့် မျက်ရည်တုများအား လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။

“ကြည့်လေ.. ငါတို့ မိသားစုခေါင်းဆောင်မှာ အဖေလည်း မရှိဘူး၊ အမေလည်း မရှိဘူး.. ညီအစ်ကို မောင်နှမ ဆိုတာလည်း မရှိဘူး.. သူမမှာလည်း မိဘတွေ မောင်နှမသားချင်းတွေ ရှိမယ်ဆိုရင် အာရီတာ မိသားစုက လေဒီဘလဲကို သည်းသည်းလှုပ် ချစ်သလိုမျိုး အချစ်ခံရမှာ သေချာတယ်..”

ဘလဲအာရီတာအား အတော်လေး သဘောကျပုံရသည့် အိမ်အကူသည် ရုတ်တရက် အင်စလေအား သနားသွားသော်ငြား သူမ၏ စကားလုံးများမှာ ကြင်နာပုံမရှိချေ။ ထိုစကားလုံးများ အင်စလေထံသို့ ရောက်သွားချိန်တွင် ကလေးမှာ နေရာမှာတင် ကြောင်အသွားတော့သည်။

..ဘာဖြစ်တယ်.. ငါ့မှာ မိသားစု မရှိလို့ သနားဖို့ကောင်းတယ် ဟုတ်လား..

အိမ်အကူသည် ထိုမျှနှင့် မပြီးသေးဘဲ ဆက်ပြောသည်။

“ငါတို့ရဲ့ မိသားစုခေါင်းဆောင်က မိသားစုခေါင်းဆောင်ဖြစ်ဖို့ ဖိအားပေးခံရတာလေ.. သူမ ဆန္ဒရှိတာကို လုပ်ခွင့်ရှိတဲ့ လေဒီဘလဲလို မဟုတ်ဘူး.. အဲဒါကြောင့်ပဲ မိသားစုခေါင်းဆောင်က ညှို့ဓာတ်စွမ်းရည် နိုးထလာတာများလား..”

“အာ.. နင်ပြောတာက ငါတို့မိသားစုက ချစ်ခြင်းမေတ္တာကို ရှာဖွေနေတာကြောင့် ညှို့ဓာတ်စွမ်းရည် နိုးထလာတာလို့ ဆိုလိုတာလား..”

နောက်ထပ် အိမ်အကူတစ်ဦးသည် လျှို့ဝှက်ချက်ကြီး တစ်ခုအား သိလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။

“ဟုတ်တယ်.. ဖြစ်နိုင်တယ်.. စွမ်းရည် အသုံးပြုသူတွေက သူတို့ အသည်းအသန် လိုအပ်တဲ့ စွမ်းအားမျိုးကို နိုးထလာတတ်ကြတာတဲ့.. အဲဒါက အမှန်ပဲ ဖြစ်ရမယ်..”

အိမ်အကူများသည်လည်း စွမ်းရည်အသုံးပြုသူများ ဖြစ်ကြသဖြင့် ထိုစကားအား အလျင်အမြန်ပင် ယုံကြည်သွားလေသည်။

“အားး သနားဖိုးကောင်းတဲ့ မိသားစုခေါင်းဆောင်.. သူမက အသက် ၃ နှစ်ပဲ ရှိသေးတာတောင် ချစ်ခြင်းမေတ္တာကို ငတ်မွတ်လွန်းလို့ ညှို့ဓာတ်စွမ်းရည် နိုးထလာခဲ့တာ..”

ထိုစကားမှာ ဆိုးဝါးပုံ မပေါ်သော်ငြား ယင်းအား ပြောသည့်သူ၏ လေသံမှာ လှောင်ပြောင်ချင်သလို ဖြစ်နေသောကြောင့် အင်စလေ သွေးတိုးလာသလို ခံစားရသည်။

ဘာဖြစ်တယ်.. ဘယ်အချိန်ကစပြီး ငါက ညှို့ဓာတ်စွမ်းရည် မနိုးထခင်အထိ သောက်ရမ်းတွေ ဖြစ်နေတဲ့ကောင်မ ဖြစ်သွားတာလဲ.. ငါက မွေးကတည်းက ညှို့ဓာတ်စွမ်းရည်နဲ့ မွေးလာတာနော် ဟုတ်ပြီလား.. အဲဒါက ကလေးတစ်ဦးရဲ့ ဆွဲဆောင်မှုဟဲ့..

အင်စလေသည် ပုန်းနေရာမှထွက်ကာ ထိုသို့ပြောသည့် အိမ်အကူအား ပါးရိုက်မိသော်ငြား ပထမအိမ်အကူ၏ စကားသံ ထွက်လာသည်။

“အာ.. ဟုတ်သားပဲ.. မေ့နေတာ.. လေဒီဘလဲက အာရီတာမိသားစုရဲ့ မြင့်မြတ် အစောင့်အရှောက်ထဲက တစ်ကောင်ကိုလည်း သိမ်းသွင်းနိုင်ခဲ့တယ်တဲ့..”

ထိုစကားသည် အင်စလေအား နေရာမှာတင် အေးခဲသွားစေသည်။ ကလေးသည် မျက်လုံးများ ပြူးကျယ်ကာ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံး တုန်ယင်လာပြီး ပါးစပ်အား လက်ဖြင့် အုပ်လိုက်သည်။

All Chapters