ဘယ်သူက မလိုချင်မှာလဲ
Vol. 7 Ch. 103
အင်စလေ မယုံနိုင်လွန်းသောကြောင့် တုန်လှုပ်ထိတ်လန့်နေမိသည်။ စလိုအန်မိသားစုသာ မဟုတ်ဘဲ မိသားစုကြီး ၇ စုတွင် မြင့်မြတ် အစောင့်အရှောက်များ ရှိနေကြောင်း သူမ မသိခဲ့ချေ။ မည်သည့် အစောင့်အရှောက်မှာ စွမ်းအားကြီးကြောင်း မပြောနိုင်သော်ငြား ထိုမိသားစုများသည် မြင့်မြတ် အစောင့်အရှောက်များ ပိုင်ဆိုင်ကြခြင်းမှာ သံသယဖြစ်ဖွယ် မရှိချေ။
အာရီတာမိသားစုတွင် အစောင့်အရှောက် ၂ ကောင်ရှိပြီး ယင်းတို့အား သိမ်းသွင်းနိုင်သူ မရှိခဲ့ချေ။ သို့သော် ထိုအံ့ဖွယ်ကလေး ရုတ်တရက် ရောက်ရှိလာပြီး သူမသည် အာရီတာမိသားစု၏ သွေးသားရင်း မဟုတ်သည့်တို်ငအောင် အစောင့်အရှောက် တစ်ကောင်အား သိမ်းသွင်းနိုင်ခဲ့သည်။
ထိုသတင်းမှာ အတော်လေး ထိတ်လန့်ဖွယ်ရာပင်။ ယင်းမှာ ကောလဟာလ ဟုတ်၊ မဟုတ် မည်သူမှ မသိကြချေ။ သို့သော် လေဒီဘလဲသည် အံ့ဖွယ်ကိစ္စ အများအပြား ဖန်တီးပြုလုပ်ထားပြီး ဖြစ်သောကြောင့် လူများသည် အလွယ်တကူပင် ယုံကြည်လိုက်ကြသည်။
ထို့ကြောင့် အာရီတာမိသားစု၏ အဆင့်အတန်းမှာ တဟုန်ထိုး မြင့်တက်လာပြီး ဝေါ်လ်တာမိသားစုနှင့် ပခုံးချင်း ယှဉ်နိုင်လုနီးနီး ဖြစ်လာသည်။
မြင့်မြတ် အစောင့်အရှောက် ပိုင်ဆိုင်သည့် အာရီတာ မိသားစုနှင့် မတူသည်မှာ ဝေါ်လ်တာမိသားစုထံတွင် တော်ဝင်နတ်သမီးနှင့် ပဋိညာဉ်ပြုနိုင်သော မိသားစုဝင်တစ်ဦး အမြဲလိုလို ရှိတတ်ပြီး ယင်းမှာ မိသားစု၏ ဓလေ့တစ်ခုလိုပင် ဖြစ်နေသည်။
ဝေါ်လ်တာမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည့် ဖင်းလီဝေါ်လ်တာသည် အသက် ၁၀ နှစ်အရွယ်တွင် အချိန်နတ်သမီးနှင့် ပဋိညာဉ်ပြုခဲ့သည်။ သို့သော် ဤဘဝတွင်မူ အတိတ်ဘဝမှ နတ်သမီးသည် သူနှင့်အတူ လိုက်ပါလာသောကြောင့် ပဋိညာဉ်ပြု သံယောဇဉ်ကြိုးဖွဲ့နှောင်ပြီး ဖြစ်သည်။
ဖင်းလီသည် အခြားမိသားစုများ၏ မြင့်မြတ် အစောင့်အရှောက်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များစွာ သိထားခြင်းမှာ အံ့ဩဖွယ် မလိုတော့ချေ။ အချိန်နတ်သမီးသည် သူ့အား ထိုအကြောင်းများ ပြောပြထားသောကြောင့်ပင် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ လေဒီဘလဲသည် အာရီတာမိသားစု၏ မြင့်မြတ် အစောင့်အရှောက်အား သိသွင်းနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သူမှ မသိနိုင်ချေ။ သို့သော် အင်စလေ ထိုအကြောင်းအား ကြားချိန်တွင် ဒေါသထွက်လာတော့သည်။
တကယ်လား.. ငါမလုပ်နိုင်တာကို လုပ်နိုင်တဲ့သူ ရှိနေပြီပေါ့..
အင်စလေ ရင်ဘတ်ထဲမှ တဖြည်းဖြည်းချင်း တင်းကြပ်ကာ မွန်းကျပ်လာသည်။ စိတ်ထဲ၌ မည်သည့်အရာကိုမှ မတွေးနိုင်တော့ဘဲ နားများလည်း အူလာသည်။
အသည်းအသန် ကြိုးစားတာတောင် ကုတ် - စီ ကို မသိမ်းသွင်းနိုင်ခဲ့ပေမဲ့ ဘယ်ကမှန်း မသိတဲ့ လူတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး သူမ မလုပ်နိုင်တာကို လုပ်နိုင်ခဲ့တယ်တဲ့လား..
အဓိကဇာတ်ဆောင် ဖြစ်နိုင်ချေရှိသူ တစ်ဦး၊ ရည်မှန်းချက်ကြီးသော်ငြား စွမ်းရည်နိမ့်ကျသူ တစ်ဦးအနေနှင့် ထိုသတင်းသည် သူမ၏ မာနအား ထိခိုက်စေသည်။
ဂုဏ်ယူဝံ့ကြွားကာ မာနကြီးသော ကလေးငယ်သည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ သူမ၏ ဘေးရှိ ခရင်မ်ရောင် နံရံအား လက်ဖြင့်ထိကာ ဒေါသတကြီး ကိုက်ဖြတ်မိတော့မလိုပင်။
ဘာကြောင့်လဲ.. ဘာကြောင့်လဲ.. ဘာ့ကြောင့် အဲဒီ ဘယ်သူမှန်းမသိတဲ့ လေဒီဆိုတဲ့ဟာက ငါလိုချင်တဲ့ အရာအားလုံးကို လုပ်နိုင်ပြီး ငါကျ ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ..
လေဒီဘလဲ ရရှိပိုင်ဆိုင်ထားသည့် အရာအားလုံးမှာ သူမ စိတ်ကူးအိပ်မက်ခဲ့ရသော အရာများဖြစ်ကြောင်း အင်စလေ ဝန်ခံပါသည်။
သည်းသည်းလှုပ် ဖေဖေ၊ ကာကွယ်တတ်လွန်းတဲ့ ကိုကိုတွေ၊ ကြင်နာတတ်တဲ့ အိမ်အကူ၊ နွေးထွေးတဲ့ သက်တော်စောင့်တွေနဲ့ သစ္စာရှိ လက်အောက်ခံတွေကို ဘယ်သူက မလိုချင်မှာတဲ့လဲ..
ဘယ်သူက မလိုချင်မှာလဲ..
ဒါပေမဲ့...။ အင်စလေ ဗလာဖြစ်နေသည့် လက်များအား ငုံ့ကြည့်လိုက်သည်။
သူမထံ၌ ဘာမှမရှိချေ။
သည်းသည်းလှုပ်ဖေဖေလား.. ငါ့ဖေဖေက ဘယ်ကမှန်းမသိတဲ့ မိန်းမကြောင့် ငါ့ကို ထားသွားခဲ့တယ်..
ကာကွယ်တတ်လွန်းတဲ့ ကိုကိုတွေလား.. ငါက တစ်ဦးတည်းသော သမီး.. မိသားစုခွဲတွေမှာ ငါ့ထက်ကြီးတဲ့သူ ဒါမှမဟုတ် ရွယ်တူတွေ ရှိပေမဲ့ တစ်ခါမှ မတွေ့ဖူးဘူး.. ဘလဲကို အာရီတာမိသားစုက အစ်ကိုတွေ ကာကွယ်ပေးသလိုမျိုး ဘယ်သူက ငါ့ကို ကာကွယ်ပေးမှာလဲ..
ကြင်နာတတ်တဲ့ အိမ်အကူတွေလား.. အိမ်အကူတွေကတော့ ကြင်နာတတ်ပါတယ်.. ဒါပေမဲ့လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ပြီး ကာကွယ်ပေးတတ်အောင် ကြင်နာတတ်တဲ့သူတွေတော့ မဟုတ်ဘူး.. သူမရဲ့ ညှို့ဓာတ်စွမ်းရည်သာ မရှိဘူးဆိုရင် အဲဒီလူတွေက အထင်သေးကြသေးတယ်..
နွေးထွေးတဲ့ သက်တော်စောင့်တွေလား.. အဲဒီ သက်တော်စောင့်တွေဆိုတာကို မြင်တောင် မမြင်ဖူးဘူး.. သူတို့သာ ရှိမယ်ဆိုရင် အယ်လီယာနာက ထိခိုက်မှာတဲ့လား..
သစ္စာရှိ လက်အောက်ခံတွေ.. အယ်လီယာနာနဲ့ ကျူစယ်လီကလွဲလို့ အားလုံးက စဉ်းလဲတဲ့ မြေခွေးတစ်အုပ်ပဲ.. မိသားစုခွဲ ခေါင်းဆောင်တွေဆိုရင် သူမကို ဆွဲချပြီး ရုပ်သေး မိသားစုခေါင်းဆောင် ဖြစ်လာဖို့ ကြိုးစားနေကြတာ..
နေ့စဉ်ညတိုင်း စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေရသည်။
အလိုလိုက်ခံရဖို့လား.. အဖိုးယိုဖန်ကတောင် ငါ့ကို ပွင့်ပွင့်လင်းလင်း အလိုမလိုက်နိုင်ဘူး.. မွေးနေ့လက်ဆောင် အကြီးကြီး ပေးဖို့ဆို ဝေးသေး..
အင်စလေသည် အယ်လီယာနာအား မေးခဲ့ဖူးသည်။ ဤခန္ဓာကိုယ် ပိုင်ရှင်လေးမှာ သူမ၏ မွေးနေ့အား ကျင်းပခဲ့ဖူးခြင်း မရှိချေ။
သူမသည် မိသားစုခေါင်းဆောင် ရာထူးနှင့် မအပ်စပ်သည့် အခန်းကျဉ်းလေးတွင်သာ နေထိုင်ရသည်။
ညှို့ဓာတ်စွမ်းရည် နိုးထမှုကြောင့် ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြသည်။
ဖခင်ဖြစ်သူ၏ စွန့်ပစ်မှုကြောင့် ရုတ်တရက် မိသားစုခေါင်းဆောင် ဖြစ်လာသည့် ကလေးတစ်ဦးအား အမှန်တကယ် ဂရုစိုက်သူ မရှိချေ။
အင်စလေ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ အိမ်အကူများ၏ အတင်းအဖျင်းများအား ပို၍နားထောင်လေလေ နှလုံးသား နာကျင်ခံစားရလေ ဖြစ်သည်။
သူမသည် အလွန်အမင်း ထူးချွန်နေခြင်း မဟုတ်သော်ငြား အရူးမဟုတ်ပါ။ သူမ၏ ပရိသတ်ဖြစ်သည့် အိမ်အကူ တစ်ဦးမှလွဲ၍ ကျန်လူများသည် သူမအကြောင်း ပြောချိန်တွင် လှောင်ပြောင်ထေ့ငေါ့သည့် လေသံများအား သူမ ခံစားသိနိုင်သည်။
ဒါပေမဲ့ ဘာများလုပ်နိုင်မှာလဲ.. မိသားစု ခေါင်းဆောင်အကြောင်း မကောင်းပြောလို့ အလုပ်ထုတ်ရမှာလား..
ထိုသို့ဆိုလျှင် သူမသည် သဘောထားသေးသိမ်သည့် ကလေးတစ်ဦး ဖြစ်သွားလိမ့်မည်။
အင်စလေသည် စာရင်းကိုင်တစ်ဖွဲ့လုံးအား အလုပ်ထုတ်ခဲ့ပြီး ဖြစ်သည်။ ယင်းသည် ကျန်ရှိနေသေးသော အကျင့်ပျက်ခြစားသူများ၏ မုန်းတီးမှုအား နှိုးဆွထားပြီး ဖြစ်သည်။
သူမ၏ မိသားစုခေါင်းဆောင် ရာထူးသည် စစ်မှန်သော ဩဇာအာဏာ ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် အသုံးမဝင်ချေ။ ကုတ် - စီ အား သိမ်းသွင်းနိုင်ခြင်း မရှိပါက ကာစီနိုသို့ သွားရောက်ပြီး ငွေအမြန်ပေါ်စေရန် လုပ်ဆောင်မည့် အစီအစဉ်အား မေ့ပစ်ရမည် ဖြစ်သည်။
သူမသည် ရုပ်သေး မိသားစုခေါင်းဆောင် ဘဝမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
အင်စလေ မသိလိုက်ခင်မှာပင် ယမနေ့ အဖြစ်အပျက်အား ပြန်တွေးရင်း မျက်ရည်များ စီးကျလာသည်။
သူမ၏ စိတ်ထဲ၌ အိမ်အကူများ၏ စကားများ ပဲ့တင်ထပ်နေသည်။ မမြင်ဖူးသည့်တိုင်အောင် သူမ၏ ခေါင်းထဲတွင် လေဒီဘလဲ၏ ပုံရိပ်များသာ မြင်ယောင်နေမိတော့သည်။
အဲဒီ လေဒီဘလဲ လုပ်နိုင်တာကို ငါက ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ.. ငါက ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင် မဟုတ်လို့လား.. ဒါဆိုရင် ဒီကမ္ဘာက ဝတ္ထုကမ္ဘာ တစ်ခုလား..
အင်စလေမှာ ဖိအားများစွာ သက်ရောက်ခံနေရသောကြောင့် အဓိပ္ပါယ်မရှိသည့် အရာများ စတွေးလာတော့သည်။ သူမလုပ်ရန်ရှိသည့် တာဝန်များမှ သက်ရောက်လာသော ဖိအားများအပြင် မိသားစုခွဲများ၏ အဆက်မပြတ် ခြိမ်းခြောက်မှုများကြောင့် ကလေးခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း ထိခိုက်လာသည်။
သူမ၏ ဝိညာဉ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်နေသည့်တိုင်အောင် ခန္ဓာကိုယ်မှာ ကလေးပေါက်အရွယ်သာ ရှိသေးသည်။ သူမ၏ ဦးနှောက်သည်လည်း ကလေးတစ်ဦး တွေးနိုင်သည့် ပမာဏထက်ကျော်လွန်သော ဝန်ပိုးများအား ကိုင်တွယ်နေရသည်။
လုံလောက်သည့် အနားယူချိန် မရှိသောကြောင့် အင်စလေသည် သူမကိုယ်သူမ ကောင်းမွန်စွာ ပြုမူနိုင်ခြင်း မရှိတော့ဘဲ သာမန်ကလေးတစ်ဦး ဖြစ်လာတော့သည်။
“ဟင့်.. ဟင့်..”
ကလေးသည် အိပ်ခန်း၏ မျက်နှာကြက်အား ကြည့်နေရင်း မျက်ရည်များ စီးကျလာသည်။ ကုတ် - စီ သည် အမြီးနှင့် ဆော့ကစားခြင်းအား ရပ်ကာ ကလေးရှိရာသို့ ခပ်သွက်သွက် လှမ်းလာသော်ငြား အင်စလေ ဂရုမစိုကတောတော့ချေ။
“ဟင့်.. ဟင့်..”
ကလေးသည် တအီအီနှင့် တိတ်တဆိတ် ငိုကြွေးနေလေသည်။ သူမထံ၌ ရှိနေသာ ဖိအားများမှာ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။
အင်စလေ အစစ်အမှန် ငိုကြွေးနေမိတော့သည်။