အဲဒီမှာ ဘယ်သူလဲ
Vol. 7 Ch. 105
အင်စလေ နောက်တစ်ကြိမ် အော်ဟစ်ကာ ငိုနေသဖြင့် ကုတ် - စီ သည် သူမ၏ ပါးစပ်အား ဖဝါးလေးဖြင့် ရိုက်လုနီးနီး ဖြစ်သွားရသည်။
ကောင်မလေး.. ဘာကိစ္စနဲ့ ငိုရပြန်တာတုန်း.. အဲဒီ အဓိပ္ပါယ်မရှိတာက ဘာတွေတုန်း.. ငါ့ရဲ့ သွေးမျိုးဆက်ကို နိုးထဖို့ နှစ်နည်းနည်းလောက် ကြာရင်လည်း အဆင်ပြေပါတယ်.. မငိုနဲ့နော်..
အင်စလေ စတင်ကူးပြောင်းလာသည့် နေ့ရက်မှစကာ တဖြည်းဖြည်း စုပုံလောသော ဖိအားများ ပေါက်ကွဲသွားခြင်းကြောင့် အငိုမရပ်နိုင်ခြင်း ဖြစ်သည်။ ကလေးသည် စိတ်ခံစားချက်များအား ဖွင့်ထုတ်ရန် လိုအပ်နေပြီး ယခုအချိန်သည် အချိန်ကိုက်လည်း ဖြစ်သည်။
အင်စလေ အငိုမရပ်သည်ကို မြင်ပြီးနောက် ကုတ် - စီ သည် ကလေးအား ဆက်မနှောင့်ယှက်တော့ချေ။ ကလေး၏ ဗိုက်ပေါ်မှ ဆင်းလိုက်ပြီးနောက် အနာဂတ် သခင်မလေး စိတ်တိုင်းကျ ငိုကြွေးသည်ကိုသာ အဖော်ပြုပေးလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကော်လံပါ အဖြူရောင်ရှပ်အင်္ကျီနှင့် ပန်းရောင်ပြေး ဘောင်းဘီရှည်များအား ဝတ်ဆင်ထားသော ချစ်စဖွယ် ကောင်လေးတစ်ဦးသည် သူတို့၏ လျှို့ဝှက်စခန်းတွင် အင်စလေအား စောင့်မျှော်နေလေသည်။
မနက် ၁၀ နာရီ ရှိပြီဖြစ်သော်ငြား ဖင်းလီသည် အင်စလေ၏ အင်္ကျီစလေးကိုပင် အနောက်ဘက်ဥယျာဉ်အနီး၌ မမြင်ရချေ။ အချိန်ကုန်လာသည် နှင့်အမျှ ကောင်လေး မျက်ခုံးများ တွန့်ချိုးလာသည်။
“ကလေးက ဘယ်မှာလဲ.. ငါ့ကို စာကြည့်တိုက်မှာ ထပ်စောင့်နေပြန်တာလား..”
ဖင်းလီ သစ်ကိုင်းပေါ်မှ မတ်တတ်ရပ်လိုက်သည်။ ညင်သာသော လေညင်းတိုက်ခတ်မှုကြောင့် ဖင်းလီ၏ ရွှေအိုရောင်ဆံပင်အား ဝဲလွင့်သွားသည်။ သို့သော် ကလေးသည် ဂရုမစိုက်ချေ။
သူ၏ မျက်လုံးများသည် ဥယျာဉ်တစ်ခုလုံးအား စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူစောင့်နေသည့် ကလေး ရောက်လာရန် ဆန္ဒပြုလိုက်သည်။ သို့သော် ၁၀ မိနစ် ကြာသည့်တိုင်အောင် ကလေး၏ အရိပ်အယောင်ကိုပင် မမြင်ရချေ။
ဖင်းလီ မျက်မှောင်ကြုတ်သွားမိပြန်သည်။
ဟမ်.. အင်စလေ တစ်ခုခုများ ဖြစ်နေတာလား.. ကိစ္စတစ်ခုခု ရှိရင်တော့ ငါ့ကို ပြောသွားသင့်တယ်.. ဒါက သူမပုံစံမျိုး မဟုတ်ဘူး..
ဖင်းလီသည် သူ၏ အဖိုးတန် အချိန်များအား အင်စလေအတွက် ပေးထားခဲ့သည်။ ထိုအကြောင်းအား အင်စလေလည်း သိလေသည်။ ထို့ကြောင့် ကောင်မလေးသည် ဖင်းလီ၏ အချိန်များအား ဖြုန်းတီးခြင်း မပြုဘဲ သူမ၏ အချိန်ဇယားအတိုင်း အရောက်လာလေ့ ရှိသည်။
သို့သော် ယနေ့မှာ ချွင်းချက်တစ်ခု ဖြစ်သည်။ ကလေး ရောက်မလာသည့်အပြင် သူ့အား ကြိုတင်ပြောကြားခြင်းလည်း မရှိပေ။ တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်သည်။
ဖင်းလီ၏ အလိုလိုသိစိတ်မှ ထိုသို့ခံစားနေရသည်။
‘သူမကို သွားရှာသင့်လား.. သူမက အန္တရာယ်ရှိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်..’
ခေတ္တမျှ စဉ်းစားပြီးနောက် ဖင်းလီ၏ လက်ဝါးပေါ်တွင် သေးငယ်သည့် လေဝဲတစ်ခု ပေါ်ထွက်လာသည်။ ဖင်းလီသည် လေဝဲအား တစ်ချက်ကြည့်ပြီးနောက် ဖိကြိတ်လိုက်သဖြင့် လေဝဲ ပြိုကွဲကာ အဘက်ဘက်သို့လေများ ပျံ့နှံ့သွားသည်။
လေစွမ်းအားကို အသုံးပြုကာ ဖင်းလီသည် စံအိမ်တစ်ခုလုံးအား လေထုဖြင့် လွှမ်းခြုံသွားစေပြီး အင်စလေ၏ အသံအား ကြားရရန် ရှာဖွေလိုက်သည်။ လေမှတဆင့် အသံဖြတ်သန်း သွားလာနိုင်သောကြောင့် လေထုသည် ဖင်လီ၏ နားများ ဖြစ်လာသည်။
လေဒြပ်စင်စွမ်းအင်အား ထိုမျှလောက် ထိန်းချုပ်နိုင်ခြင်းသည် ကျွမ်းကျင်သူများအကြားတွင်ပင် အသိအမှတ် ပြုရလောက်သော အရည်အချင်းမျိုး ဖြစ်သည်။ တိကျသော ထိန်းချုပ်နိုင်စွမ်းနှင့် ဖန်တီးမှုတို့ကြောင့် ဖင်းလီသည် အင်စလေ ပိုင်ဆိုင်သော စူးရှသည့် အကြားစွမ်းအင်နှင့် အလားတူ စွမ်းရည်မျိုး ရှိသည်ဟုပင် ပြောရမည် ဖြစ်သည်။
လေမှတဆင့် ဖင်းလီ၏ နားထဲသို့ အသံမျိုးစုံ ရောက်ရှိလာသည်။ ကောင်လေးသည် မျက်လုံးမှိတ်ကာ သစ်ကိုင်းပေါ်တွင် မတ်မတ်ရပ်နေလိုက်သည်။
သူ၏ ထက်မြက်သော အာရုံနှင့် စူးစိုက်နိုင်စွမ်းကြောင် ့အင်စလေ၏ အသံအား လေထဲမှတဆင့် ချက်ချင်း ရွေးထုတ်လိုက်နိုင်သည်။
ချက်ချင်းဆိုသလိုပင် အင်စလေ၏ အသံမှာ သူမ၏ အိပ်ခန်းထဲမှ ရောက်လာကြောင်း ဖင်းလီ ကြားလိုက်ရသည်။ လေသည် အခန်းအတွင်းသို့ ပြတင်းပေါက်မှတဆင့် တိုးဝင်သွားပြီး ကလေး၏ အနေအထားအား မြင်တွေ့လိုက်ရသည်။
အင်စလေ၏ အသံအား ကြားသည်နှင့် ဖင်းလီသည် လေစွမ်းအင်အား အင်စလေရှိရာသို့ စုဝေးလိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။
ကောင်လေး၏ နူးညံ့ကာ ချစ်စဖွယ်ကောင်းသည့် မျက်နှာလေးမှာ လက်ရှိအချိန်တွင် သုန်မှုန်လျက် ရှိသည်။
အင်.. အင် ငိုနေတယ်.. သေသေချာချာ ကြားလိုက်ရတယ်.. သူမက မရပ်မနား အော်ဟစ်ငိုယိုနေတာ.. သူမကို အနိုင်ကျင့်ကြလို့လား.. ပြန်ပေးဆွဲခံရလို့လား..
ဖင်းလီ၏ မျက်လုံးထဲ၌ အန္တရာယ်ရှိသည့် အရိပ်အယောင်များ ပေါ်လာသည်။ ကောင်လေးသည် လေစွမ်းအင်အား ခြေထောက်အောက်တွင် စုဝေးလိုက်ပြီး ချက်ချင်းဆိုသလို လေ၏ သယ်ဆောင်မှုကြောင့် အရှေ့သို့ တဟုန်ထိုး ပြေးသွားလေသည်။
စလိုအန်မိသားစုရှိ မည်သူမှ သတိမပြုမိဘဲ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ဖင်းလီသည် အင်စလေ၏ အိပ်ခန်းအပြင် အနောက်ဘက်ဥယျာဉ်အား မျက်နှာမူထားသည့် ပြတင်းပေါက်အောက်သို့ ရောက်ရှိလာသည်။
ထောက်..
ဖင်းလီ အတွင်းရှိ အခြေအနေအား မြင်ရရန် ပြတင်းပေါက်အား မျက်နှာကပ်ကြည့်လိုက်သည်။ အင်စလေသည် ကန့်လန့်ကာအား မပိတ်ထားသောကြောင့် ကလေးအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဖင်းလီ မြင်လိုက်ရသည်မှာ ကလေးသည် ကြမ်းပြင်ပေါ်တွင် ပက်လက်လေး ရှိနေပြီး အဖြူရောင်ကြောင်တစ်ကောင်သည် သူမ၏ ဝမ်းဗိုက်ပေါ်၌ လှဲကာ အိပ်နေလေသည်။ ကလေးမှာ ငိုကြွေးနေသော်ငြား ထိုကြောင်သည် အနည်းငယ်မျှပင် ခံစားရပုံ မပေါ်ချေ။ ကလေး၏ ဝမ်းဗိုက်ပေါ်တွင် ပျင်းရိစွာဖြင့် ခြေပစ်လက်ပစ် လှဲနေခြင်း ဖြစ်သည်။
ဖင်းလီ ထိုမြင်ကွင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ၏ခြေထောက်မှာ မြက်ခင်းပြင်နှင့် လက်မအနည်းငယ်သာ ကွာတော့သည်။ ကောင်လေးသည် အခန်းတွင်းရှိ ထူးခြားသောမြင်ကွင်းအား မျက်လုံးအပြူးသားနှင့် ကြည့်နေမိသည်။
ဒါ.. ဘာတွေဖြစ်နေတာလဲ.. အဲဒီကြောင်က.. မြင့်မြတ် အစောင့်အရှောက် မဟုတ်ဘူးလား.. သူက ဘာဖြစ်လို့ အင် ငိုနေတာတောင် ဗိုက်ပေါ်မှာ အိပ်နေရတာလဲ.. အဲဒါကြောင့် အင်က အရမ်းပဲ ငိုနေတာလား.. အသက်မရှူနိုင်လို့များလား..
ဖင်းလီ ထိုသို့တွေးမိကာ အသက်မရှူရဲတော့ချေ။ သူ၏ ထင်မြင်ချက်သာ မှန်ကန်ပါက မြင့်မြတ် အစောင့်အရှောက်သည် ဘေဘီအင်အား သတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
ဖင်းလီ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ ကောင်လေးသည် ထိတ်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ မြစိမ်းရောင် မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ ဝင်ရောက်လာပြီး ပြတင်းပေါက်အား ခပ်ကြမ်းကြမ်း ခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်
“အင်.. တံခါးဖွင့်ဦး.. ငါ ကူညီဖို့လာပြီ..”
ဖင်းလီ အင်စလေ ကြားနိုင်ရန် မျှော်လင့်ပြီး အော်ပြောလိုက်သည်။ သို့သော် ကလေးသည် တံခါးခေါက်သံကိုသာ ကြားလိုက်ရသည်။ အင်စလေသည် ထိုအသံအား လျစ်လျူရှုပြီး သည်းထန်စွာ ငိုကြွေးလိုက်သည်။
အချိန်ကြာမြင့်စွာ ငိုနေသောကြောင့် သူမ၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲနေပြီး ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းများ အပြည့် ဖြစ်နေတော့သည်။ နှာရည်များလည်း ပွေပွလျက် ရှိနေသည်။
အင်စလေ၏ သနားစဖွယ် ပုံစံကြောင်း ဖင်းလီ ပို၍ပင် စိုးရိမ်ထိတ်လန့်လာတော့သည်။
ကောင်လေးသည် တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် ပြတင်းပေါက်အား ကြည့်ပြီး ပြတင်းပေါ်အား အထဲမှ ဖွင့်နိုင်ရန် လေစွမ်းအင်သုံးကာ ကြိုးစားလိုက်သည်။ ကျေးဇူးတင်ဖို့ ကောင်းစွာပင် လေစွမ်းအင် ဝင်ရောက်နိုင်သည့် အဟလေးတစ်ခု ရှိနေလေသည်။
ဖင်းလီ လုံလောက်သည့် လေပမာဏ စုဆောင်းပြီးနောက် ပြတင်းပေါက်အား အထဲမှတွန်းဖွင့်လိုက်သဖြင့် ချက်ချင်း ပွင့်သွားလေသည်။
ဘန်း..
ကျယ်လောင်သည့် မြည်သံနှင့်အတူ ပြတင်းပေါက် ပွင့်သွားလေသည်။ ရုတ်တရက် ကျယ်လောင်သည့် အသံသည် အင်စလေနှင့် ကုတ် - စီ အား ကြောင်အသွားစေသည်။ ကုတ် - စီ သည် အင်စလေ၏ ဗိုက်ပေါ်မှ ခုန်ဆင်းပြီးနောက် ပြတင်းပေါက်အား ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။
အဲဒီမှာ ဘယ်သူလဲ.. ငါ ရှိနေတာတောင် ကလေးရဲ့ အခန်းထဲကို ကျူးကျော်ရဲတာ ဘယ်သူလဲ.. အတော်လေး ရဲတင်းနေတယ်ပေါ့..