← Chapters

ကျွန်တော်က ပါရမီရှင်တစ်ယောက်လား

Vol. 10 Ch. 136

ကျွန်တော်က ပါရမီရှင်တစ်ယောက်လား

Vol. 10 Ch. 136

အကြီးအကဲခန်းမဆောင်အတွင်း၌ စစ်ဆေးအကဲဖြတ်ခြင်းအတွက် တာဝန်ရှိသူမှာ အဖြူရောင်ကျောက်တုံးကျောင်းတော်မှ အကြီးအကဲချန်ကျင်းလင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲချန်သည် သူ၏အရှေ့မှ လူငယ်အား ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ် စိတ်ရှုပ်ထွေးဟန်ကို ဖော်ပြနေသည်။

လွန်ခဲ့သော သုံးရက်ခန့်က ကျောင်းအုပ်ကြီး ကိုယ်တိုင်ခေါ်ယူခဲ့သည့် ဤဆရာသည် သူ၏စွမ်းအင်သိုလှောင်ခြင်းအတွက် သူတို့ထံမှ အစစ်အမှန်စွမ်းအားအမြောက်အမြားကို စုပ်ယူသွားသည်ကို သူကိုယ်တိုင်ပင် မြင်တွေ့ခဲ့ရသည်။ တိုးတက်မှု မည်မျှပင် လျင်မြန်စေကာမူ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ချေ။

လိုအပ်သောအဆင့်သို့ မရောက်ရှိသေးဘဲ စစ်ဆေးမှုကို ဖြေဆိုနိုင်မည်ဟု သူ ထင်နေသလောလော...

ဤသည်မှာ မည်မျှထိ မိုက်မဲသော စိတ်ကူးယဥ်မှုဖြစ်သနည်း.....

သူ၏မကျေနပ်မှုကို ချုပ်တည်းလိုက်ပြီးနောက် အကြီးအကဲချန်က ပြောဆိုသည်။

"အကြီးအကဲတစ်ယောက်ဖြစ်လာဖို့အတွက် စစ်ဆေးမှုဖြေဆိုချင်တယ်ဆိုရင် လိုအပ်ချက်နှစ်ချက်ရှိတယ်..ပထမတစ်ချက်က မင်းရဲ့ကျင့်ကြံမှုဆင့်က ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေရမယ်.... ဒုတိယတစ်ချက်ကတော့ ကျောင်းတော်အတွက် အကျိုးဆောင်ရမှတ် ၅၀၀ ပံ့ပိုးကူညီခဲ့ဖူးရမယ်"

“အကျိုးဆောင်ရမှတ်တွေလား”

ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

အကြီးအကဲချန်က ရှင်းပြသည်။

“ဒါက ကျောင်းတော်အတွက် ပံ့ပိုးကူညီမှုတွေကို ရည်ညွှန်းတာပဲ...အကြီးအကဲတွေဆိုတာ ကျောင်းတော်ရဲ့ သြဇာအာဏာကို ကိုယ်စားပြုတယ်... ဒီအဆင့်အတန်းနဲ့အတူ သူတို့မှာ ကျောင်းတော်အပေါ် စီမံခန့်ခွဲပိုင်ခွင့် အလိုအလျောက် ရှိလာတာကြောင့် အရည်အချင်းပြည့်မီဖို့အတွက် ပံ့ပိုးကူညီမှုတစ်ခုခုတော့ လုပ်ဖူးရမှာပေါ့....မဟုတ်ရင် သတ်မှတ်ထားတဲ့ ကျင့်ကြံဆင့်ကို ရောက်ရုံနဲ့ ဘယ်သူမဆို အကြီးအကဲဖြစ်လာနိုင်ရင် ကျောင်းတော်ကို ဘယ်လိုစီမံခန့်ခွဲတော့မလဲ..”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ “အကျိုးဆောင်ရမှတ်တွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ....”

“ဆရာတွေအတွက် အကျိုးဆောင်ရမှတ်တွေ စုဆောင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်....ကျောင်းတော်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရတဲ့ ကျောင်းသားတွေကို သင်ကြားပေးရင် အကျိုးဆောင်ရမှတ်တွေ ရနိုင်တယ်... စာကြည့်တိုက်ထဲက ပျက်စီးနေတဲ့ ကျင့်ကြံနည်းစနစ်တွေ ဒါမှမဟုတ် ကျမ်းစာတွေကို ပြုပြင်ပေးရင် အကျိုးဆောင်ရမှတ်တွေ ရနိုင်တယ်...ကျောင်းတော်ကို ရင်းမြစ်သားရဲတွေ ယဉ်ပါးအောင် ကူညီပေးတာ ဒါမှမဟုတ် အကျပ်အတည်းတွေကို ဖြေရှင်းပေးတာကလည်း အကျိုးဆောင်ရမှတ်တွေ ရနိုင်တယ်…”

အကြီးအကဲချန်က ဆက်လက်၍ ပြောဆိုသည်။

“ရရှိတဲ့ အကျိုးဆောင်ရမှတ် ပမာဏကတော့ ပံ့ပိုးကူညီမှုပေါ်မူတည်ပြီး ကွာခြားတယ်...ရမှတ်ငါးရာဆိုတာ သိပ်မများပေမဲ့ ရဖို့တော့ သိပ်မလွယ်ကူဘူး...ဒါကြောင့် အဖြူရောင်ကျောက်တုံးကျောင်းတော် တည်ထောင်ခဲ့တာ နှစ်တွေအများကြီး ကြာညောင်းခဲ့ပြီးတော့ ဆရာပေါင်း သုံးထောင်ကျော်ရှိပေမယ့် အကြီးအကဲ ဆယ်ယောက်ကျော်ပဲ ရှိခဲ့တယ်"

ကျန်းရွှမ်က နားလည်သဘောပေါက်သွားပြီး ထပ်မံ၍ မေးမြန်းလိုက်၏။

“အဲ့ဒါတွေကို အမြန်ဆုံးရဖို့ ကျွန်တော် ဘာလုပ်သင့်လဲ...”

“မင်း တကယ်ပဲ အကြီးအကဲဖြစ်ချင်နေတာတော့ မဟုတ်ပါဘူးနော်..."

သူ၏စိတ်အားထက်သန်သော အမူအယာကို မြင်တွေ့ချိန်၌ အကြီးအကဲချန်၏မျက်နှာပေါ်တွင် စိတ်မကျေနပ်ဖြစ်သွားသည့် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

“ငါ မင်းကို အကြံပေးချင်တာက ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို အရင်ရောက်အောင် အာရုံစိုက်လိုက်စမ်းပါ… ဒီအဆင့်ကိုရောက်ဖို့ဆိုရင် မင်းရဲ့ခန္ဓာတွင်းအင်္ဂါတွေက သံမဏိတွေလိုမာကျောနေရမယ်....အသက်ရှူတိုင်းက အရမ်းရှည်ကြာနေပြီးတော့ မင်းက အသက်ကို တစ်နာရီလောက် အောင့်ထားနိုင်ရမယ်… မင်းက အခုမှ ကျင့်ကြံတာကို စလုပ်တုန်းပဲရှိသေးတယ်၊ မျှော်လင့်ချက် သိပ်မကြီးနဲ့အုံး"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

“ကျွန်တော်က ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ရောက်နေပါပြီ...”

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏စွမ်းအားများကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ သူ၏အရေပြားသည် သံမဏိကဲ့သို့ မာကျောနေပြီး သူ၏ခန္ဓာတွင်းအင်္ဂါများမှလည်း ကျားများဟိန်းဟောက်သကဲ့သို့ အသံများ ထွက်ပေါ်နေသည်။

“ဒါက… ကျား-ကျားသစ်မိုးကြိုးဟိန်းသံလား...”

အကြီးအကဲချန်၏မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။

ကျား-ကျားသစ်မိုးကြိုးဟိန်းသံသည် ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများသာ ပြုလုပ်နိုင်သည့် အရာတစ်ခုပင်။ လွန်ခဲ့သော သုံးရက်က သူသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၌သာ ရှိသေးပြီး သုံးရက်အတွင်းမှာပင် ဤအဆင့်သို့ ရောက်ရှိလာခဲ့သည်… ပါရမီရှင်အမျိုးမျိုးကို မြင်တွေ့ဖူးသော်လည်း ဤအရာကိုမူ သူ နားလည်ရန် ခက်ခဲနေပေ၏။

“အခုဆိုရင် ကျွန်တော်က အကြီးအကဲစစ်ဆေးမှုအတွက် အရည်အချင်းပြည့်မီတယ်ဆိုတာ သက်သေပြလို့ရပြီလား"

ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။

“ကောင်းပြီ...မင်းက အရည်အချင်းတော့မီလောက်ပြီ...ဒါပေမဲ့ ငါ စစ်ဆေးအတည်ပြုဖို့တော့ လိုသေးတယ်...”

အကြီးအကဲချန်သည် သူ၏ယခင်မာနကြီးသောလျင်မြန်စွာ မတ်တပ်ထရပ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခွန်အားတိုင်းဝင်္ကပါထံသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက လက်ညှိုးညွှန်ပြလိုက်၏။

“ဒီကိုလာပြီး မင်းရဲ့ခွန်အားကို စမ်းသပ်ကြည့်လိုက်..မင်းရဲ့ခွန်အားက မြင်းကောင်ရေ ၃၀ ကျော်ရင် မင်း ဒီအဆင့်ကို တကယ်ရောက်နေတယ်ဆိုတာ အတည်ပြုနိုင်ပြီ....”

သိုသိုသိပ်သိပ်နေရသည်ကို ငြီးငွေ့လာသော ကျန်းရွှမ်က လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဝုန်း...

ဝင်္ကပါ အနည်းငယ်တုန်ခါသွားပြီး ခြောက်ဆယ်ဟူသော ကိန်းဂဏန်းနှစ်ခု ထွက်ပေါ်လာသည်။

ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်ဖြစ်သော ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် အမြင့်မားဆုံးခွန်အားမှာ မြင်းကောင်ရေခြောက်ဆယ်ပင်။ သူသည် အကြီးအကဲအဆင့် ခွန်အားကို ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်သရွေ့ မည်သည့်သံသယကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။

“ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်မှာတင် မကဘူး... အထွတ်အထိပ်အဆင့်ကိုပါ ရောက်နေတာပါလား…”

အကြီးအကဲချန်သည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီသွားပြီး ကျန်းရွှမ်ကို သံသယမဝင်တော့ချေ။ သူက လျင်မြန်စွာ ပြောဆိုလိုက်သည်။

“ဟိုဘက်က နံရံမှာ အကျိုးဆောင်ရမှတ်ရနိုင်တဲ့ နည်းလမ်းတွေနဲ့ တခြားအတွေ့အကြုံရနိုင်တဲ့ နည်းလမ်းတွေ ရေးထားတယ်..ဆရာကျန်း သွားကြည့်လို့ရတယ်...မေးစရာရှိရင် ငါ့ကို မေးနိုင်ပါတယ်”

ကျန်းရွှမ်၏ခွန်အားသည် သူ၏ခွန်အားထက် သာလွန်နိုင်သည်ကို သိရှိသွားသောကြောင့် အကြီးအကဲချန်သည် ယခင်ကဲ့သို့ မောက်မာထောင်လွှားသော အမူအယာမျိုး မရှိတော့ချေ။

“ကျေးဇူးတင်ပါတယ်...”

ကျန်းရွှမ်သည် စကားများများမဆိုတော့ဘဲ နံရံဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။ အမှန်တကယ်ပင် ထိုနေရာတွင် အကျိုးဆောင်ရမှတ်များ ရရှိနိုင်သည့် နည်းလမ်းများဖြင့် သိပ်သည်းစွာ ပြည့်နှက်နေပြီး တာဝန်နှစ်ဆယ်ကျော် ရှိနေသည်။

ပထမဆုံးတာဝန်မှာ...အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ပထမဆုံးကျောင်းအုပ်ကြီးဖြစ်သူ လုချင်၏ရုပ်ကြွင်းကို ရှာဖွေရန်ပင်။ သူသည် ရင်းမြစ်သားရဲများနှင့် တိုက်ခိုက်ခဲ့ပြီး ဟွိုက်ယွမ်တောင်တန်းများအတွင်းတွင် နက်ရှိုင်းစွာ မြှုပ်နှံခံခဲ့ရသည်။ နှစ်ပေါင်းများစွာအတွင်း ဆရာများနှင့် ကျောင်းသားအမြောက်အများသည် ထိုရုပ်ကြွင်းကို ရှာဖွေပြီး ကျောင်းတော်၏ အနောက်ဘက်တောင်ကုန်းတွင် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရန် ကြိုးပမ်းခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ချေ။ ထိုကိစ္စကို အောင်မြင်ပြီးမြောက်ပါက အကျိုးဆောင်ရမှတ်သုံးထောင် ချီးမြှင့်ပေမည်။

ဒုတိယတစ်ချက်မှာ....အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ပျောက်ဆုံးနေသော ရတနာဖြစ်သည့် တတိယကျောင်းအုပ်ကြီး ပိုင်ဆိုင်ခဲ့သော “ကောင်းကင်ဘုံထက်မှဓား”ကို ရှာဖွေရန်ပင်။ ကံမကောင်းစွာဖြင့် တိုက်ပွဲတစ်ခုအတွင်းတွင် ထိုဓားသည် ပျောက်ဆုံးသွားခဲ့ပေ၏။ ဤဓားကိုရှာဖွေတွေ့ရှိပြီး ပြန်လည်အပ်နှံ့သူအား အကျိုးဆောင်ရမှတ်နှစ်ထောင့်ငါးရာ ချီးမြှင့်ပေမည်။

တတိယတစ်ချက်မှာ...အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ပတ်ဝန်းကျင်ရှိ မြို့ဆယ်မြို့တွင် နံပါတ်တစ်ဖြစ်အောင် ဦးဆောင်ရန်ဖြစ်ပြီး အကျိုးဆောင်ရမှတ်နှစ်ထောင်ဖြင့် ကမ်းလှမ်းထားသည်။

ကျန်းရွှမ်သည် နံရံကို ကြည့်ရှုနေရင်း သူ၏မျက်လုံးအကြည့်သည် ရုတ်တရက် ရပ်တန့်သွားပေ၏။

ဆယ့်ခုနစ်ခုမြောက်တာဝန်....စာကြည့်တိုက်၏ ဝင်္ကပါကို ပြုပြင်ရန်ဖြစ်ပြီး အကျိုးဆောင်ရမှတ်ငါးရာဖြင့် ကမ်းလှမ်းထားသည်။

“ကျွန်တော် ဒါကို ကြိုးစားကြည့်လို့ရမလား...”

ဝင်္ကပါကိုပြုပြင်ခြင်းမှာ ရိုးရှင်းပုံရသည်။ သူသည် အချိန်မဖြုန်းဘဲ ဤကိစ္စကို ဖြေရှင်းရန် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုနိုင်သည်။ အရေးကြီးဆုံးအချက်မှာ စာကြည့်တိုက်သည် သူနှင့်အလွန်ရင်းနှီးနေခြင်းပင်။

“မင်းက ဝင်္ကပါတွေကို ပြင်တတ်လို့လား..”

ကျန်းရွှမ် ဤတာဝန်ကို ရွေးချယ်လိုက်သည့်အတွက် အကြီးအကဲချန်သည် အံ့အားသင့်သွားပြီး စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

ဝင်္ကပါများသည် အလွန်အမင်း ရှုပ်ထွေးလှသည်။ ပါရမီမရှိဘဲနှင့် ရလဒ်ကောင်းများ ရရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ဤပုဂ္ဂိုလ်သည် သားရဲယဉ်ပါးစေခြင်း သင်ကြားခြင်းနှင့် ကျင့်ကြံခြင်းတို့တွင် ထူးချွန်ရုံသာမက ဝင်္ကပါပညာတွင်လည်း ကျွမ်းကျင်နေသလော....။

“ကျွန်တော်က ဝင်္ကပါတွေနဲ့ပတ်သက်တဲ့ စာအုပ်တချို့ ဖတ်ဖူးပါတယ်....အဲ့ဒါကို သွားကြည့်လိုက်မယ်....ကံကောင်းရင် အောင်မြင်သွားနိုင်တာပဲလေ...”

ကျန်းရွှမ်က သာမာန်ကာလျှံကာ ရှင်းပြလိုက်ပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

“စာကြည့်တိုက်ရဲ့ဝင်္ကပါက ဘာတွေလုပ်ဆောင်ပေးတာလဲ...ဘာလို့ပျက်စီးသွားတာလဲ... ပြီးတော့ ဘာလို့မပြင်ကြတာလဲ..."

“စာကြည့်တိုက်ရဲ့ဝင်္ကပါက ရည်ရွယ်ချက်သုံးခုအတွက် ဆောင်ရွက်ပေးတယ်... ပထမတစ်ခုက စာအုပ်တွေကို ပြင်းထန်တဲ့ ရင်းမြစ်စွမ်းအင်တွေရဲ့ တိုက်စားမှုကနေ ကာကွယ်ပေးတယ်... ဒုတိယတစ်ခုက ခွင့်ပြုချက်မရှိတဲ့သူတွေ ဖောက်ထွင်းဝင်ရောက်တာကို တားဆီးတယ်... တတိယတစ်ခုက ပိုးမွှားတွေလို အဖျက်အမှောင့်တွေ စိမ့်ဝင်လာတာကို ကာကွယ်ပေးတယ်....ဘာလို့ ပျက်စီးသွားလဲဆိုတော့…”

ထိုစကားကိုပြောဆိုနေရင်း အကြီးအကဲချန်ကကျန်းရွှမ်အား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“မင်း မသိဘူးလား....”

“ကျွန်တော်က ဘာလို့သိရမှာလဲ.."

ကျန်းရွှမ်သည် စိတ်ရှုပ်ထွေးသွားပေ၏။

“ကျွန်တော်က စာကြည့်တိုက်ကို အကြိမ်အနည်းငယ်ပဲ သွားဖူးတာ...သွားတိုင်းလည်း စာဖတ်နေတာပဲ...ဝင်္ကပါကို အာရုံမစိုက်မိဘူး....”

“စာဖတ်နေတာပဲလား...”

အကြီးအကဲချန်က ခေါင်းခါလိုက်သည်။

“မင်း ပထမဆုံးအကြိမ် စာကြည့်တိုက်ကို ကျင့်ကြံဖို့သွားတုန်းက ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့တယ် ဝင်္ကပါက အဲ့ဒါကို မခံနိုင်တာကြောင့် အဲ့ဒီအချိန်မှာ ပျက်စီးသွားခဲ့တာပဲ…”

“ရင်းမြစ်နဂါးဝါးမြိုခြင်းလား”

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဒါက ဘာကြီးလဲ..."

“မင်း မသိဘူးလား...”

အကြီးအကဲချန်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး သူ စကားလွန်သွားမှန်း သိလိုက်သည်။

“ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ”

ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။

“ရင်းမြစ်နဂါးဝါးမြိုခြင်းဆိုတာ ကျင့်ကြံနေတဲ့အချိန်မှာ ရင်းမြစ်စွမ်းအားတွေကို အရမ်းမြန်မြန်ဆန်ဆန် စုပ်ယူလိုက်တာကြောင့် နဂါးကြီးတစ်ကောင်နဲ့တူတဲ့ ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာတဲ့ သဘာဝလွန်ပုံရိပ်ပဲ....”

သူသည် စကားစပြောမိပြီဖြစ်သောကြောင့် ဆက်လက်ဖုံးကွယ်ထားလျှင်လည်း အဓိပ္ပာယ်မရှိတော့ချေ။ အကြီးအကဲချန်သည် အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ရှင်းပြလိုက်၏။

“အဲ့ဒီနေ့က ငါရယ် ကျောင်းအုပ်ကြီးလုရယ် တခြားအကြီးအကဲ ဆယ်ယောက်ကျော်ရယ်က အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ အပြေးအလွှား လာခဲ့ရတယ်... မဟုတ်ရင် စာကြည့်တိုက်တစ်ခုလုံး မင်းရဲ့စွမ်းအားစုပ်ယူမှုကြောင့် ခန်းခြောက်သွားနိုင်တယ်...”

“ခဏလေး…”

ထိုရှင်းပြချက်ကို ကြားပြီးနောက် ကျန်းရွှမ် နေရာမှာပင် ကြက်သေသေသွားသည်။ ကျောင်းအုပ်ကြီးလုနှင့်တခြားလူများသည် သူ့အပေါ်တွင် မည်သည်ကြောင့် ထူးထူးခြားခြား ခွင့်လွှတ်ပြီး ဖော်ရွေကြင်နာခဲ့ကြသည်ကို ယခုမှပင် သူ နားလည်သွားတော့သည်။

သူသည် သူ့ကိုယ်သူ ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့သည်ဟု အစဥ်အမြဲ တွေးထင်ခဲ့သော်လည်း အစောကြီးကတည်းက ဖော်ထုတ်ခံထားရသည်ကို သူ မသိခဲ့ချေ။

သူ့ကို လုံးလုံးလျားလျား အပြစ်တင်၍လည်း မရပေ။ ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သူသည် ရင်းမြစ်ရေအိုင်ကို ရှာမတွေ့နိုင်ခဲ့ချေ။ သူသည် ရွှမ်ကမ္ဘာကို အစားထိုးသုံးစွဲခြင်းမှာ သူ၏ပါရမီမရှိခြင်းကို ဖော်ပြနေသည်ဟု သူ အစဥ်အမြဲတွေးထင်ခဲ့သည်။ သို့ရာတွင် အမှန်အားဖြင့် သူသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပေ၏။

ထိုသို့ဆိုလျှင် သူ၏ရွှမ်ကမ္ဘာသည် ရင်းမြစ်ရေအိုင်နေရာကို အောင်မြင်စွာ အစားထိုးနိုင်ရုံသာမက ပို၍ပင် အစွမ်းထက်ပုံရသည်။

“ခဏလေး...ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်က ကျွန်တော် လက်ထောက်ဆရာဖြစ်ပြီးမှ ဖြစ်ခဲ့တာလေ...ဒါဆို အဲ့ဒီမတိုင်ခင်ကတည်းက ခင်ဗျားတို့က ကျွန်တော့်ရဲ့ ကျင့်ကြံမှုပါရမီအကြောင်းကို သိနေခဲ့တာလား....”

ကျန်းရွှမ်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

ယခင်က စာကြည့်တိုက်အတွင်း၌ သူသည် ရင်းမြစ်စွမ်းအားများကို အလွန်လျင်မြန်စွာ စုပ်ယူမိသည်ဟု ခံစားခဲ့ရပြီး ထိုအရာကြောင့် သံသယများ ဖြစ်ပေါ်စေနိုင်သည်ဟု တွေးမိခဲ့သည်။ သို့ရာတွင် ထိုမတိုင်မီကမူ သူသည် အမြဲတစေ အလွန်အမင်းဂရုတစိုက် ဖုံးကွယ်ခဲ့လေ၏။

“သိတာပေါ့...မင်းက ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူပြီးတော့ ကောင်းကင်ကံကြမ္မာကိုဆွဲငင်တဲ့ နဂါးကိုးကောင် သဘာဝလွန်ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့တယ်....မင်းကြောင့် ကံကြမ္မာချပ်ပြားတွေက သုံးကြိမ်ဆက်တိုက် ပျက်စီးသွားခဲ့တယ်လေ…”

အကြီးအကဲချန်က ခါးသည်းသော အပြုံးနှင့် ပြောဆိုသည်။

“ဒါက…”

ဤရှင်းပြချက်ကို ကြားပြီးနောက်တွင် ကျန်းရွှမ်သည် အရာအားလုံးကို နားလည်သွားတော့သည်။

သူ၏ သိုသိုသိပ်သိပ်နေထိုင်ခြင်းဟု ခေါ်ဆိုသည့်အရာမှာ သူကိုယ်တိုင် အမှန်တကယ် သိုသိပ်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ တခြားသူတိုင်းက ပူးပေါင်းပါဝင်ပေးနေသောကြောင့်ပင်။

ထိုသို့ဖြစ်နေသဖြင့် သူ မည်သည်ကြောင့် ဆက်၍ ဟန်ဆောင်နေရမည်နည်း...

သူ ဖုံးကွယ်ပြီး ရှောင်တိမ်းနေမည့်အစား ပွင့်ပွင့်လင်းလင်း ပြုမူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူသည် ခမ်းနားထည်ဝါစွာ ပြုမူနေသမျှ ကာလပတ်လုံး တခြားသူများအတွက် ခန့်မှန်းရန် ခက်ခဲသွားပေလိမ့်မည်။

အဆိုးဆုံးအနေဖြင့် သူသည် စွန်းချန် အကြံပေးခဲ့သည့်အတိုင်း လျှို့ဝှက်ဆန်းကြယ်သော ဆရာတစ်ယောက်အပေါ် အပြစ်ပုံချလိုက်ရုံသာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤကိစ္စကို ပါမောက္ခကုန်းမြေတွင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် ပြုလုပ်ရန် သူ ဝန်မလေးတော့ချေ။

ထိုသို့တွေးလိုက်မိချိန်၌ ကျန်းရွှမ်သည် ဆက်လက်၍ဖုံးကွယ်နေရန် ပျင်းရိသွားတော့သည်။ ထိုကြောင့် သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

“သွားကြစို့... ဝင်္ကပါကို သွားကြည့်ပြီး ဘာတွေမှားနေလဲဆိုတာ ကြည့်ကြစို့"

ပထမဆုံးအနေဖြင့် သူသည် ကျောင်းတော်အကြီးအကဲတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး ထို့နောက် သူ၏ကျင့်ကြံမှုကို ကျောက်စိမ်းအရိုးနယ်ပယ်သို့ မြှင့်တင်ရပေမည်။

သူ့ထံတွင် လုံလောက်သော ခွန်အားရှိလာပါက ကံကြမ္မာခန်းမဆောင်က သူ့ကို မည်သို့လုပ်နိုင်မည်နည်း။

စုချောင်၏စကားများမှလည်း သူ တော်တော်များများ သိရှိခဲ့ရသည်။ ဟန်ယွမ်အင်ပါယာတွင် ကံကြမ္မာခန်းမဆောင် ရှိသည်ဆိုလျှင်ပင် ထိုနေရာမှ ထိပ်သီးကျင့်ကြံသူများသည် အလွန်အမင်း အစွမ်းထက်မည် မဟုတ်ချေ။

သူ၏လက်အတွင်းတွင် ကောင်းကင်ဘုံလမ်းကြောင်းစာကြည့်တိုက် ရှိနေသဖြင့် သူသည် ချို့ယွင်းချက်များအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည်။

ငါ သူတို့ကို ဘယ်လိုလှည့်စားလို့ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့...

ယခင်က တခြားသူများက သူ ထူးဆန်းစွာ ပြုမူနေသည်ကို သတိမပြုမိဘဲ သူ သိုသိုသိပ်သိပ် နေနိုင်ခဲ့လျှင် ပြဿနာများစွာကို ရှောင်ရှားနိုင်ခဲ့မည်ဟု သူ တွေးထင်ခဲ့သည်။ ယခုချိန်တွင်မူ မြို့ထဲမှ ထိပ်သီးကျင့်ကြံသူအားလုံးနီးပါး သိရှိနေပြီဖြစ်သောကြောင့် သူ ဆက်လက်ဟန်ဆောင်နေခြင်းမှာ အဓိပ္ပာယ်မရှိတော့ချေ။

သူ သိုသိုသိပ်သိပ် မနေနိုင်လျှင် ထင်ပေါ်ကျော်ကြားအောင် ပြုမူရပေမည်။

All Chapters