ရွှမ်လုံလက်ဝါး နည်းစနစ်
Vol. 10 Ch. 142
ဤကဲ့သို့ လုပ်ဆောင်မှုများသည် လမ်းတစ်လျှောက်တွင် နေရာတိုင်း၌ ရှိနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကျောင်းသားအမြောက်အများသည် ကျန်းရွှမ်ကို မြင်တွေ့ချိန်၌ အထက်တန်းကျောင်းတုန်းက သူတို့၏တိတ်တခိုးအချစ်နှင့် တွေ့လိုက်ရသည့်အလား တုံ့ပြန်လိုက်ကြသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်များမှ စေ့ဆော်မှုများ၏တွန်းအားအောက်တွင် ထူးဆန်းသောအပြုအမူအမျိုးမျိုးကို ပြသကြလေ၏။ အပြင်လူများအတွက် ဤသည်မှာ ထူးဆန်းပုံရသော်လည်း သူတို့အတွက်မူ အဆင်ပြေသယောင်ပင်...
"သခင်လေး.... ဘာလို့ တပည့်နည်းနည်းလောက် ထပ်မခေါ်တာလဲ..."
စွန်းချန်က အပြုံးနှင့် မေးမြန်းသည်။
"ထားလိုက်ပါတော့... ငါ တပည့်တွေခေါ်လိုက်တာနဲ့ သူတို့ရဲ့လုံခြုံရေးကို ငါ သေချာပေါက် တာဝန်ယူရမယ်..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
ခုန်းရှီထံမှ ရရှိသော သတင်းများအရ ကံကြမ္မာခန်းမသည် သူတို့ကဲ့သို့ တက်လှမ်းလာသူများကို မလိုလားပေ။ သူတို့၏အထောက်အထားများ ပေါ်လွင်သွားသည်နှင့် သူ တပည့်များများခေါ်လေလေ ပြဿနာများများ ကြုံတွေ့ရလေလေဖြစ်ပြီး သူတို့ကိုလည်း ဘေးဒုက္ခအတွင်း၌ ဆွဲထည့်မိနိုင်သည်။
နောက်ပိုင်းတွင် ပြဿနာများနှင့် ရင်ဆိုင်ရခြင်းထက် အစကတည်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းက ပို၍ကောင်းပေမည်။
"ဒါလည်း ဟုတ်တာပဲ...."
စွန်းချန်က ခေါင်းညိတ်လိုက်၏။
ရွှမ်လုံခန်းမဆောင်သည် အဖြူရောင်ကျောက်တုံးကျောင်းတော်၏ အရှေ့မြောက်ဘက်ထောင့်တွင် တည်ရှိပြီး ဟွိုက်ယွမ်တောင်တန်းနှင့် နီးကပ်သည်။ သူတို့မရောက်မီမှာပင် လူအများအပြားသည် သုံးယောက်တစ်စု ငါးယောက်တစ်စု စုရုံးနေကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်အား တွေ့မြင်နိုင်သည်။
သူတို့၏ရှေ့တွင် ဆယ်ကျင်းကျော်အမြင့်နှင့် ခုနစ်ကျင်းအကျယ်ရှိသော ဧရာမကျောက်ပြားကြီးတစ်ချပ် တည်ရှိနေသည်။ ထိုကျောက်ပြား၏မျက်နှာပြင်တပြင်လုံး ချောမွေ့နေကာ ရာနှင့်ချီသော ထူးဆန်းသည့်စာလုံးများကို ထွင်းထုထားပြီး မည်သည့်အချိန်မဆို ပျံတက်သွားတော့မည့် နဂါးများအလားပင်။
"သခင်လေး...ဒါက ဆဋ္ဌမမြောက်ကျောင်းအုပ်ကြီး ကျောက်ယွင်ချင်း ထားရစ်ခဲ့တဲ့ မပြည့်စုံတဲ့ 'ရွှမ်လုံလက်ဝါး'နည်းစနစ်ရဲ့ လက်စွဲကျမ်းစာပဲ...သူက ဒါကို အပျက်အစီးနယ်မြေတစ်ခုထဲမှာ ရရှိခဲ့ပြီးတော့ အထဲကအကြောင်းအရာတွေကို အတိအကျ ပုံတူကူးခဲ့တယ်လို့ ဆိုကြတယ်...အဲ့ဒီထဲမှာ အရမ်းနက်ရှိုင်းတဲ့ သိုင်းပညာတစ်ခု ပါဝင်ပြီးတော့ လေ့ကျင့်ပြီးတာနဲ့ လူတစ်ယောက်ရဲ့ခွန်အားကို အကြီးအကျယ် တိုးမြှင့်ပေးနိုင်တယ်"
စွန်းချန်က ရှင်းပြသည်။
"ကံမကောင်းစွာနဲ့ ကျောင်းအုပ်ကြီးရဲ့ မှတ်ဉာဏ်က မပြည့်စုံတာလား ဒါမှမဟုတ် သိုင်းပညာနည်းစနစ်ကိုယ်တိုင်က ပျက်စီးနေတာလားဆိုတာ မရှင်းလင်းဘူး...ရာစုနှစ်တွေအများကြီးအတွင်းမှာ မရေမတွက်နိုင်တဲ့လူတွေက ဒီနေရာကို လာပြီးတော့ လေ့လာသင်ယူခဲ့ကြပေမယ့် ဒါကို လေ့ကျင့်တဲ့နေရာမှာ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး"
"ဒီလိုမျိုး နက်နဲသိမ်မွေ့တဲ့ သိုင်းပညာနည်းစနစ်တစ်ခုကို ပျောက်ကွယ်မသွားအောင် ကာကွယ်ဖို့အတွက် အဖြူရောင်ကျောက်တုံးကျောင်းတော်က ကန့်သတ်ချက်တွေကို ဖယ်ရှားပေးရုံကလွဲပြီးတော့ တခြားရွေးချယ်စရာမရှိခဲ့ဘူး...ဘယ်သူမဆို ဒီနည်းစနစ်ကို နားလည်သဘောပေါက်ပြီးတော့ ဖြည့်စွက်ပြင်ဆင်ပေးနိုင်မယ်ဆိုရင် နောက်ဆက်တွဲရလဒ်တွေနဲ့ ရင်ဆိုင်ရမှာမဟုတ်တဲ့အပြင် ရင်းမြစ်ဒင်္ဂါးနှစ်သန်းကိုလည်း ဆုချီးမြှင့်ခံရမယ်"
စွန်းချန်သည် စကားပြောဆိုနေရင်း နံဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး လူအုပ်စုများကို လက်ညှိုးညွှန်ပြလိုက်သည်။
"ဒီလူတွေအားလုံးက နာမည်ကျော်ကြားဖို့အတွက် ဒီနေရာကို ရောက်နေကြတာပဲ... တချို့ဆို ဒီနည်းစနစ်ကို ဆယ်စုနှစ်တစ်ခုနှစ်ခုလောက် ကြာအောင် လေ့လာနေကြပြီးတော့ သူတို့က အခုထိ ထွက်သွားဖို့ ဆန္ဒမရှိကြသေးဘူး..."
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
ကျန်းရွှမ်နှင့်အနီးဆုံးနေရာတွင် ရှိနေသောလူသည် အသက်ခြောက်ဆယ်ကျော်အရွယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏အဖြူရောင်ဝတ်စုံသည် အနည်းငယ်ဝါကျင့်နေကာ သူ၏ဆံပင်နှင့်မုတ်ဆိတ်မွှေးများ ရှုပ်ပွနေပြီး ရသေ့တစ်ပါးနှင့် အနည်းငယ်တူညီနေသည်။ သူ၏ရှေ့တွင် အလားတူပုံစံရှိသော တခြားလူခြောက်ယောက်ခုနစ်ယောက်ရှိနေပြီး သူတို့သည် ပိန်လှီကာ အာဟာရချို့တဲ့နေပုံရသော်လည်း သူတို့၏စိတ်ဓာတ်မှာမူ အလွန်မြင့်မားနေသည်။
"ငါ အရင်ကတည်းက ပြောခဲ့ပြီးပြီ... ဒါက အဓိပ္ပာယ်ကို နားလည်ဖို့မဟုတ်ဘဲ ပုံစံတွေကို လေ့လာဖို့ပဲ...အဲ့ဒီပုံကို ကြည့်ကြစမ်း...ဒါက ပလ္လင်ခွေထိုင်နေတဲ့ လူတစ်ယောက်နဲ့ မတူဘူးလား....ပြီးတော့ ဟိုတစ်ခုက လက်သီးထိုးတော့မယ့်လက်တစ်ဖက်နဲ့တူတယ်... ငါ သံသယရှိတာက ဒီအရာတွေကို ပေါင်းစပ်လိုက်ရင် ရွှမ်လုံလက်ဝါးနည်းစနစ်ကို ဖော်ထုတ်နိုင်မယ့်နည်းလမ်းကို ကိုယ်စားပြုနေတာပဲ"
"ငါတော့ အဲ့ဒီလိုမထင်ဘူး...အဲ့ဒီပုံက ပလ္လင်ခွေထိုင်နေတဲ့ပုံစံနဲ့ နည်းနည်းဆင်တူပေမယ့် သေချာလေ့လာပြီးတော့ အရင်စာလုံးတွေနဲ့ပေါင်းစပ်လိုက်ရင် အပ်စိုက်မှတ်တစ်ခုရဲ့နာမည်နဲ့ ဆင်တူတယ်... ငါထင်တာတော့ ဒါက အစစ်အမှန်စွမ်းအား စီးဆင်းတဲ့နေရာပဲ"
"မင်းတို့အားလုံး မှားနေတယ်...ဒီစာလုံးတွေက စာသားအချက်အလက်တွေ မဟုတ်ဘူး...ဒါက မရီဒါန်းတွေထဲမှာ စီးဆင်းနေတဲ့ အစစ်အမှန်စွမ်းအားရဲ့ အစီအစဉ်နဲ့ ဦးတည်ရာကို ကိုယ်စားပြုတာပဲ"
ရသေ့များနှင့်တူသော လူအမြောက်အများသည် ခေါင်းမာစွာ ငြင်းခုံနေကြ၏။
သူတို့သာမက စုရုံးနေကြသော တခြားသူများလည်း အလွန်ကွာခြားခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ငြင်းခုံနေကြခြင်း သို့မဟုတ် သူတို့၏မှန်းဆချက်များကို မျှဝေကာ အတူတကွ ဆွေးနွေးနေခြင်းတို့ကို ပြုလုပ်နေသည်။
"ရာစုနှစ်တွေအတွင်းမှာတောင် ဘယ်သူမှ တိုးတက်မှုမရှိခဲ့ဘူးဆိုရင် ဒါက သိုင်းပညာနည်းစနစ် လုံးဝမဟုတ်တာများ ဖြစ်နိုင်မလား..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
လူအမြောက်အများသည် ရာစုနှစ်ပေါင်းများစွာ လေ့လာခဲ့ကြပြီး တိုးတက်မှုလုံးဝမရှိခဲ့လျှင် လက်စွဲကျမ်းစာဟုခေါ်သော အရာသည် မတည်ရှိဘဲ သာမန်စာလုံးများသာ ဖြစ်နေသလော....
ကြည့်ရသည်မှာ အစစ်အမှန်စွမ်းအားအပေါ် သူတို့၏နားလည်သဘောပေါက်မှုမှာမူ များစွာတိုးတက်လာပုံပင်။ သူတို့သည် ရွှမ်လုံလက်ဝါးကို သင်ယူနိုင်ခဲ့ခြင်းမရှိသော်လည်း တခြားသိုင်းပညာများအပေါ် သူတို့၏နားလည်မှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် လူများအားလုံးသည် ဤသိုင်းပညာနည်းစနစ် အမှန်တကယ်ရှိမည်ဟု ယုံကြည်နေကြသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း၌ ကျင့်ကြံသူအမြောက်အများမှ ဤသည်မှာ ပြိုင်ဘက်ကင်းသိုင်းပညာနည်းစနစ်တစ်ခုဖြစ်ကြောင်း စိတ်အားထက်သန်စွာဖြင့် အခိုင်အမာပြောဆိုခဲ့ကြ၏။ ထို့ကြောင့် ဤကဲ့သို့မဟုတ်နိုင်သည့် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်။ လူတစ်ယောက်သည် မှားနိုင်သော်လည်း လူအနည်းငယ်မှ လူသောင်းပေါင်းများစွာ သို့မဟုတ် လူသန်းပေါင်းများစွာထိ ဖြစ်လာသည့်အချိန်၌ မှားယွင်းနိုင်ခြေမှာ မပြောပလောက်တော့ချေ။
ကျန်းရွှမ်းသည် ရှေ့သို့ခြေလှမ်းလှမ်းပြီး ထိုအရာကို လေ့လာရန် ဟန်ပြင်လိုက်စဥ်တွင် ရုတ်တရက် အလျင်စလိုလျှောက်လှမ်းလာသော ခြေလှမ်းသံများကို ကြားလိုက်ရပြီး ကျောင်းအုပ်ကြီးလုမင်ရုန်၏ ရယ်သံက နောက်မှကပ်ပါလာသည်။
"ဟား ဟား ဟား...ဆရာကျန်း...မင်းက ဒီရွှမ်လုံလက်ဝါးကို နားလည်အောင် ကြိုးစားဖို့ ကြံရွယ်နေတာလား..."
ကျန်းရွှမ်သည် သူ၏ထွက်ခွာမှုကို မဖုံးကွယ်ခဲ့သောကြောင့် ထိုသတင်းသည် အလွန်လျင်မြန်စွာဖြင့် လုမင်ရုန်ထံသို့ ရောက်ရှိသွားသည်။
"ဟုတ်ကဲ့...ကျွန်တော်က လာကြည့်ရုံသက်သက်ပါ..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"ကျွန်တော်သာ ဒီသိုင်းပညာကို ဖြည့်စွက်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒါကို ကံကြမ္မာချပ်ပြားတစ်ချပ်နဲ့ လဲလှယ်နိုင်မယ်လို့ မျှော်လင့်မိတယ်..."
သူ ငွေရှာရခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းကင်ကံကြမ္မာစွမ်းအားများကို ရရှိရန်ဖြစ်သောကြောင့် ကျောင်းအုပ်ကြီးထံမှ ငွေတောင်းရန် အကြောင်းမရှိချေ။
"ရတာပေါ့..."
လုမင်ရုန်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
လုမင်ရုန်၏သဘောတူညီချက်ကို ရရှိပြီးနောက် ကျန်းရွှမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ကျောက်ပြားကို မော့ကြည့်လိုက်သည်။ ဤကျောက်ပြားပေါ်၌ ထွင်းထုထားသော စာလုံးများသည် တစ်လုံးလျှင် လူတစ်ရပ်ထက်ပိုမြင့်ပြီး နဂါးတစ်ကောင်၏အရှိန်အဝါမျိုး ရစ်သိုင်းလွှမ်းခြုံနေသည်ပေ၏။ ထိုအရာများသည် စာလုံးများဖြင့် တူသလို မတူသလိုလည်း ဖြစ်နေသည်။
ကျန်းရွှမ်၏ထိုးထွင်းသိမြင်မှုမျက်လုံး အသက်ဝင်လာပြီး ထိုကျောက်ပြားကို ဂရုတစိုက် လေ့လာလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ကျောက်ပြားပေါ်မှ စာလုံးများသည် အသက်ဝင်လာဟန်ရှိပြီး မိုးတိမ်များအတွင်းတွင် ပျံဝဲခုန်ပေါက်နေသော ရွှေနဂါးငယ်လေးများအဖြစ် ပြောင်းလဲသွားသည်။
"ဒါက တကယ့်ကို သိုင်းပညာနည်းစနစ်တစ်ခုပဲ"
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ယခင်က ရာစုနှစ်ပေါင်းများစွာအတွင်း မည်သူမျှ နားလည်သဘောပေါက်ခြင်းမရှိခဲ့ဟု ကြားချိန်တွင် သူတို့ မှားယွင်းနေနိုင်သည်ဟု သူ တွေးထင်မိခဲ့သည်။ ယခုချိန်၌မူ ဤထွင်းထုထားသော စာလုံးများတွင် အားကောင်းသော သိုင်းပညာနည်းစနစ်တစ်ခု ပါဝင်နေမည်ဟု သူ ရာနှုန်းပြည့် သေချာပေါက်ပြောနိုင်လေပြီ။
သူ ရရှိခဲ့သော တိုးတက်မှုသည် အလွန်အထောက်အကူပြုပေ၏။
မကြာမီမှာပင် ကျန်းရွှမ်၏ထိုးထွင်းသိမြင်မှုမျက်လုံးအောက်၌ ဤရွှေနဂါးငယ်လေးများသည် စက်ဝိုင်းပုံစံ လှည့်ပတ်နေကြကာ ကျန်းရွှမ်သည်လည်း တခြားသူများကဲ့သို့ပင် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေသည်။
ဤရွှေနဂါးငယ်လေးများ၏ ဦးတည်ရာနှင့် အစီအစဉ်တွင် ပုံစံမရှိချေ။ တစ်စုံတစ်ယောက်သည် အစစ်အမှန်စွမ်းအားများကို ဤလမ်းကြောင်းအတိုင်း လှည့်ပတ်လျှင် သိုင်းပညာနည်းစနစ်ကို ကျင့်ကြံနိုင်မည် မဟုတ်ရုံသာမက သူ့ကိုယ်သူလည်း ပေါက်ကွဲသွားစေနိုင်သည်...
ဒါဆို ဒီချဉ်းကပ်ပုံက မှားနေတယ်...
ငါက ဒါကို ပြန်စီစဉ်ပြီး ပေါင်းစပ်ကြည့်မယ်....
သူသည် ပုံမှန်အစီအစဉ်အတိုင်း မဖြည့်စွက်နိုင်သောကြောင့် စာလုံးများကို ကျော်ဖတ်ခြင်း နောက်ပြန်ဖတ်ခြင်း စသည်တို့ကို ကြိုးစားကြည့်လိုက်သည်။
မကြာမီမှာပင် သူစဉ်းစားနိုင်သမျှ အကြံဉာဏ်အားလုံးကို ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ချေ။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း အနည်းဆုံးအနေဖြင့် သန်းနှင့်ချီသောကျင့်ကြံသူများသည် ဤသိုင်းပညာနည်းစနစ်ကို လေ့လာခဲ့ကြသော်လည်း မှန်ကန်သော ကောက်ချက်သို့ မရောက်ရှိခဲ့ကြဘဲ မည်သူမျှ မအောင်မြင်ခဲ့ပေ။
ကျန်းရွှမ်၏မျက်လုံးများအတွင်းမှ စိတ်ရှုပ်ထွေးမှုကို မြင်တွေ့ချိန်၌ လုမင်ရုန်သည် ခါးသည်းစွာပြုံးပြီး ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းရွှမ် ဤအရာကို လေ့လာလိုသည်ဟု ပထမဆုံးအကြိမ်ကြားချိန်၌ သူသည် ထူးဆန်းသော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားခဲ့ရလေ၏။ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်းတွင် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ဤကိစ္စကို အောင်မြင်နိုင်ခြေရှိသူ တစ်ဦးဦးရှိလာခဲ့လျှင် ဤသည်မှာ သူ၏ရှေ့မှ ကျန်းရွှမ်သာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် လက်ရှိအခြေအနေကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် ကျင့်ကြံခြင်းနှင့်သင်ကြားခြင်းတို့တွင် အရည်အချင်းရှိသော်လည်း နားလည်နိုင်စွမ်းသည် ထိုမျှလောက် ထူးခြားမည်မဟုတ်ကြောင်း သူ နားလည်သွားသည်။
ဤဘဝတသက်စာတွင် သူသည် ရွှမ်လုံလက်ဝါးနည်းစနစ်ကို အောင်မြင်အောင် လေ့လာဆင်ခြင်နိုင်သူအား တွေ့မြင်ရမည့် မျှော်လင့်ချက်မရှိတော့ဟု တွေးထင်မိသည်။
သူ စဉ်းစားနေစဉ်မှာပင် သူ၏နံဘေးမှ ကျန်းရွှမ်က သူ့ကိုလှည့်ကြည့်ပြီး မေးမြန်းသည်။
"ကျောင်းအုပ်ကြီးလု...လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်းမှာ မရေမတွက်နိုင်တဲ့ ကျင့်သူတွေက ဒီကျောက်ပြားကို လေ့လာခဲ့ကြတယ်....သူတို့ရဲ့ ထိုးထွင်းသိမြင်မှုတွေနဲ့ လမ်းညွှန်ချက်တွေ ပြီးတော့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ နားလည်သဘောပေါက်မှုတွေကို ချန်ထားခဲ့ကြသလား...."
"အင်း....နှစ်စဥ်နှစ်တိုင်းမှာ ငါတို့ကျောင်းတော်က လူတွေအားလုံးရဲ့ထိုးထွင်းသိမြင်မှုတွေကို စုဆောင်းပြီး နောက်မျိုးဆက်တွေအတွက် အကူအညီတချို့ ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ လူတွေကို အထူးသီးသန့်စေလွှတ်ပြီးတော့ ကူးယူမှတ်တမ်းတင်စေခဲ့တယ်... အဲဒါတွေအားလုံး ဟိုဘက်က အခန်းထဲမှာပဲ..."
လုမင်ရုန်က လက်ညှိုးညွှန်ပြသည်။
ကျန်းရွှမ်က လှမ်းကြည့်လိုက်ရာ ကျောက်ပြား၏တစ်ဖက်တွင် အခန်းတံခါးတစ်ချပ် အနည်းငယ်ဟနေသည်ကို တွေ့လိုက်ရသည်။ အဝေးမှကြည့်လျှင်ပင် သူသည် စာအုပ်များဖြင့် ပြည့်နှက်နေသော စာအုပ်စင်များကို အတန်းလိုက် မြင်တွေ့နိုင်ပေ၏။ ထိုအခန်းအတွင်းတွင် ကျင့်ကြံသူများ အုပ်စုလိုက်ထိုင်နေကြကာ တစ်ဦးချင်းသည် စာအုပ်များကို ဆုပ်ကိုင်ပြီး အရူးအမူးလေ့လာနေကြသည်။
ကျန်းရွှမ်သည် အခန်းအတွင်းသို့ ခြေလှမ်းလှမ်းရန် ဟန်ပြင်လိုက်ပြီးနောက် ရပ်တန့်သွားပြီး ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ကျောင်းအုပ်ကြီးလုမင်ရုန်ကို ကြည့်လိုက်သည်။
"ကျောင်းအုပ်ကြီး...ကျွန်တော်ကို ခဏလောက် ကံကြမ္မာချပ်ပြားတစ်ချပ် ခဏလောက် ချေးလို့ရမလား...နောက်ကျရင် ကျွန်တော် ပြန်ပေးပါ့မယ်..."
ဤစာအုပ်များဖြင့် သူသည် မှန်ကန်သော လေ့လာဆင်ခြင်မှုလမ်းကြောင်းကို ရှာဖွေရန် ကောင်းကင်ဘုံစာကြည့်တိုက်ကို အပြည့်အဝ အသုံးချနိုင်သည်။ သူ စုဆောင်းခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်များအားလုံး ကုန်ခမ်းသွားသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ အကယ်၍ သူသည် စာအုပ်တစ်အုပ်ချင်းစီကို အမှန်တကယ် ဖတ်ရမည်ဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပေလိမ့်မည်။
"ချေးတာလား...."
ကျန်းရွှမ် ဤကဲ့သို့ ပြောဆိုလိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် လုမင်ရုန်က အနည်းငယ် အံ့အားသင့်သွားသည်။
"အမှန်ပဲ...ကျွန်တော်သာ ဒီရွှမ်လုံလက်ဝါးနည်းစနစ်ကို နားလည်သဘောပေါက်ပြီးတော့ ဖြည့်စွက်နိုင်ခဲ့မယ်ဆိုရင်... ဆုလာဘ်အဖြစ်ရမယ့် ရင်းမြစ်ဒင်္ဂါးတွေက ကံကြမ္မာချပ်ပြားအတွက် ကုန်ကျစရိတ်ကို ကာမိပါလိမ့်မယ်..တကယ်ကို့ ကျွန်တော် မလုပ်နိုင်ခဲ့ရင်လည်း ဒါကို ပြန်ဆပ်ဖို့ တခြားနည်းလမ်းတစ်ခုကို ရှာပါ့မယ်"
ကျန်းရွှမ်က အလျင်အမြန် ရှင်းပြသည်။
"ဒါ... မင်းက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဆရာတစ်ယောက်လည်း ဖြစ်တော့ ကံကြမ္မာချပ်ပြားတစ်ချပ်ချေးရတာက ဘာပြဿနာမှ မရှိပါဘူး..."
လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
ကျန်းရွှမ်၏သရုပ်မှန်ကို ထည့်မပြောလျှင်ပင် သူ့ကို အဆင့်တက်အောင် ကူညီပေးခဲ့သည့်အတွက် ကံကြမ္မာချပ်ပြားတစ်ချပ်ချေးပေးခြင်း သို့မဟုတ် ပေးလိုက်ခြင်းသည် ကြီးမားသောကိစ္စတစ်ရပ် မဟုတ်ချေ။
လုမင်ရုန်က နောက်သို့ချာခနဲလှည့်ပြီး အဝေးသို့ လျှောက်လှမ်းသွားရာ ကျန်းရွှမ်က နောက်မှ အလျင်အမြန် လိုက်ပါသွားသည်။
"ကျွန်တော်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်..."
မကြာမီမှာပင် သူသည် ကံကြမ္မာချပ်ပြားအသစ်တစ်ချပ်ကို ရရှိခဲ့လေ၏။ ထိုအရာကို တစ်ချက်ကြည့်ပြီးနောက် ကျန်းရွှမ်သည် တိတ်တဆိတ် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏နေအိမ်သို့ ပြန်ရောက်ချိန်၌ သူသည် ကျောင်းအုပ်ကြီးလု ကူညီ၍ခင်းကျင်းပေးခဲ့သော ဝင်္ကပါငယ်လေးကို အသက်သွင်းလိုက်သည်။ ထို့နောက် သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင် စီးကြောင်းများသည် စာကြည့်တိုက်အတွင်းသို့ တိုးဝင်သွားသည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကံကြမ္မာချပ်ပြားသည် ကြေမွှပျက်စီးသွားပြီး စာကြည့်တိုက်အတွင်းတွင် စာအုပ်အသစ်တစ်သောင်းကျော်အဖြစ် ဖွဲ့စည်းသွားသည်။
ရွှမ်လုံခန်းမဆောင်သို့ သူ ပြန်ရောက်ချိန်၌ ကျောင်းအုပ်ကြီးလုနှင့်စွန်းချန်တို့ တိတ်တဆိတ်စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် သူ ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ သက်ပြင်းရှိုက်လိုက်ကြ၏။
"ကျွန်တော် အဲ့ဒီစာအုပ်တွေကို အရင်သွားစစ်ဆေးလိုက်ဦးမယ်..."
ကျန်းရွှမ်သည် ကျောက်ပြားကို ဆက်လက်၍မလေ့လာတော့ဘဲ အခန်းဘက်သို့ လျှောက်လှမ်းသွားသည်။
ထိုအခန်းသည် ကြီးမားပြီး အနည်းဆုံးတစ်ဧကခန့် ကျယ်ဝန်းသည်။ ရာစုနှစ်ပေါင်းများစွာအတွင်းတွင် နှစ်စဉ်စုဆောင်းထားသော လူအများ၏ "ထိုးထွင်းသိမြင်မှုများ" ကို ဤနေရာတွင် စုစည်းထားသည်။
ထိုအရာများကို စာအုပ်စင်ဆယ်စင်ကျော်ပေါ်တွင် စုပုံထားရာ စာအုပ်ပေါင်း သောင်းနှင့်ချီ၍ ရှိနေပေ၏။
ဤစာအုပ်များအနက်မှအများစုသည် လူအများမှ လှန်လှောဖတ်ရှုခြင်းနှင့် အချိန်ကာလကြာမြင့်ခြင်းတို့ကြောင့် ဆိုးရွားစွာ ပျက်စီးနေသည်။ ဤသို့ဖြစ်သည့်အချိန်တိုင်း တစ်စုံတစ်ယောက်မှ ထိုအရာများကို ပြန်လည်၍ကူးရေးသောကြောင့် စာအုပ်အများစုသည် စုတ်ပြဲနေသော်လည်း စာမျက်နှာများ သို့မဟုတ် စာလုံးများ ပျောက်ဆုံးခြင်းမရှိပေ။
ကြမ်းပြင်ပေါ်တွင် ထိုင်၍ စာဖတ်နေကြသော လူများကို လျစ်လျူရှုကာ ကျန်းရွှမ်က စာအုပ်စင်တစ်ခုထံသို့ ချဉ်းကပ်သွားသည်။ သူ၏လက်ချောင်းများဖြင့် ထိုစာအုပ်စင်ကို ညင်သာစွာ ပွတ်ဆွဲလိုက်သည်နှင့် ရွှမ်လုံလက်ဝါးနည်းစနစ်နှင့်ဆိုင်သော စာအုပ်ရာပေါင်းများစွာသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်သွားပေ၏။
'ပေါင်းစပ်...'
အတွေးတစ်ချက်ဖြင့် ထိုစာအုပ်များအတွင်းမှ မှန်ကန်သောအကြောင်းအရာများအားလုံး ပေါင်းစပ်သွားပြီး စာအုပ်တစ်အုပ်တည်းအဖြစ် ဖွဲ့စည်းသွားသည်။
သူ ထိုစာအုပ်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးများ တွန့်ကွေးသွားသည်။
သူ၏ရှေ့မှ စာအုပ်သည် လုံးလုံးလျားလျားဗလာဖြစ်နေကာ စကားလုံးမဲ့ကောင်းကင်ဘုံကျမ်းစာတစ်အုပ်အလားပင်။
တစ်နည်းဆိုရလျှင် မရေမတွက်နိုင်သောလူများ၏ နှစ်ရာပေါင်းများစွာအတွင်းရှိ "ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံများ" သည် အကြွင်းမဲ့မှားယွင်းနေပြီး မှန်ကန်သောစာကြောင်းတစ်ကြောင်းမျှ မပါဝင်ချေ။
ဤအကြောင်းအရာများကို ချန်ထားနိုင်ခဲ့သည်ဟူသောအချက်မှတဆင့် ကျောက်ပြားကို လေ့လာခဲ့ကြသော လူများသည် အဆင့်အတန်းနိမ့်ကျသူများမဟုတ်ဘဲ ကျင့်ကြံဆင့်စွမ်းအား အတော်အသင့်ရှိသူများဖြစ်ကြောင်း ညွှန်ပြနေသည်။ သူတို့အားလုံး မည်သည်ကြောင့် မှားယွင်းနိုင်မည်နည်း....။
ကျန်းရွှမ်သည် နားမလည်နိုင်ဖြစ်နေကာ သူ၏လက်ချောင်းဖြင့် စာအုပ်စင်များကို ဆက်လက်၍ ပွတ်ဆွဲလိုက်သည်။ ထို့နောက် ရာနှင့်ချီသောစာအုပ်များသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ကျရောက်သွားပြီး တောက်ပသောအလင်းရောင်နှင့်အတူ ကောင်းကင်ဘုံကျမ်းစာတစ်အုပ်အဖြစ် နောက်တစ်ကြိမ် ဖွဲ့စည်းသွားသည်။
သို့ရာတွင် ထိုအရာများအားလုံးသည်လည်း မှားယွင်းနေဆဲပင်။
သူသည် စာအုပ်ငါးရာနီးပါးကို အဆက်မပြတ် မှတ်တမ်းတင်ပြီးနောက် ထောင်သောင်းချီသော ကျင့်ကြံသူများထံမှ ထိုးထွင်းသိမြင်မှုများကို စုဆောင်းခဲ့သော်လည်း မှန်ကန်သောအရာဟူ၍ တစ်ခုမျှ ထွက်ပေါ်မလာခဲ့ချေ။
'ဒီရွှမ်လုံလက်ဝါးနည်းစနစ်က... တကယ့်ကို ကျင့်ကြံလို့မရတာများလား...'